တဒင်္ဂများ

အမည်မသိရေးသားပြီး မခြင်္သေ့ဘာသာပြန်သည်။ မူရင်းဝတ္ထုတိုကို စနစ်များဖြိုချဖျက်ဆီးခြင်းဆိုင်ရာသိပ္ပံစိတ်ကူးယဥ် (Abolition Science Fiction) ဝတ္ထုတိုပေါင်းချုပ်တွင် ၂၀၂၂ ခုနှစ်၌ပုံနှိပ်ဖြန့်ချိခဲ့သည်။ စနစ်များဖြိုချဖျက်ဆီးခြင်းဆိုင်ရာသိပ္ပံစိတ်ကူးယဥ် ဝတ္ထုတိုပေါင်းချုပ်မူရင်းနှင့် ၄င်းနှင့်ဆက်စပ်သောအခြားအကြောင်းအရာများကို https://abolitionscifi.org/ website တွင် အခမဲ့ဝင်ရောက်ဖတ်ရှုနိူင်သည်။

 

***စာဖတ်သူများသတိပြုရန် – လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းအကြောင်းများပါရှိသည်။

 

မိတ်ဆက် – လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရဖူးတဲ့သူတစ်ယောက်အနေနဲ့ တစ်ခါတစ်လေ (ခဏခဏ) ငါ့ကိုယ်ငါနပန်းပြန်ပြန်လုံးရတဲ့အချက်တစ်ချက်က ငါ့ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကို နာကျင်စေချင်တာပဲ။ တခြားလူတွေကိုယ်စားတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ငါ့လိုမျိုးခံစားနေကြရတဲ့သူတွေအများကြီးရှိလောက်မလား။ တကယ်တော့ ငါတို့အားလုံးဟာ ကလဲ့စားချေလိုစိတ်တွေ၊ လက်တုံ့ပြန်ချင်တဲ့စိတ်တွေနဲ့ကြီးပြင်းလာကြရတာပဲမဟုတ်လား။ ဒါပေမဲ့ စနစ်တွေကိုဖြိုချဖျက်ဆီးဖို့ဆိုရင်တော့ အဲ့ဒီ့စိတ်တွေရဲ့ဆန့်ကျင့်ဘက်ကို ငါတို့လုပ်နိူင်မှဖြစ်မယ်။

 

အဲ့ဒီတော့ ရော့ ဒီမှာ ဆိုက်ဘာကမ္ဘာထဲမှာ ကလဲ့စားပြန်ချေလို့ရတဲ့စက်တစ်လုံး။ နင့်ဘဝထဲက အမှောင်မိုက်ဆုံးအချိန်တွေကို ဆိုက်ဘာကမ္ဘာပေါ်လွှင့်တင်လိုက်ပြီး ထပ်ခါထပ်ခါပြန်နေကြည့်လို့ရမဲ့ ကမ္ဘာအတုတစ်ခု။ ဒီကမ္ဘာတုထဲမှာ နင့်ဘဝထဲကအမှောင်မိုက်ဆုံးအချိန်တွေဆီကို ခဏခဏပြန်အလည်သွားလို့ရမယ်၊ ကြိုက်သလောက် ပြန်သွားကြည့်လို့ရမယ်၊ ရပ်ချင်တဲ့နေရာမှာ ရပ်ကြည့်လို့ရမယ်၊ ပြန်စချင်စလို့ရမယ်၊ ဇာတ်လမ်းကို ပြောင်းကြည့်ချင်ရင်လည်းပြောင်းကြည့်လို့ရမယ်။ နင့်မှာ ထိန်းချုပ်ပိုင်ခွင့်အပြည့်ရှိမယ်။ အဲ့ဒီအချိန်တွေနဲ့ အဲ့ဒီအချိန်တွေထဲမှာရှိနေခဲ့တဲ့သူတွေနဲ့ (မေ့မရမဲ့အတူတူ) ပြန်ပေါင်းသင်းဆက်ဆံကြည့်တဲ့အခါ ဘာတွေများဆက်ဖြစ်လာနိုင်မလဲဆိုတာ အာရုံပေါင်းမျိုးစုံကနေတဆင့်စမ်းသပ်ကြည့်လို့ရမဲ့ ကွင်းပြင်တစ်ခုပေါ့။ ဒီကမ္ဘာတုမှာ ကလဲ့စားချေချင်ရင်လည်းချေလို့ရမယ်၊ တရားမျှတမှုတစ်ခုခုလိုချင်တယ်ဆိုလည်းရမယ်၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးယူမယ်ဆိုလည်းရမယ်။ ဘာအကန့်အသတ်မှမရှိဘူး။ အဲ့ဒီလူတွေကို ငါတို့ကြိုက်တာကို ကြိုက်သလို ထပ်ခါထပ်ခါလုပ်လို့ရတဲ့နေရာတစ်ခု၊ ငါတို့ရဲ့ကလဲ့စားချေချင်စိတ်တွေ၊ အစားထိုးပြန်လိုချင်စိတ်တွေ၊ အပြစ်ပေးချင်စိတ်တွေ၊ စိတ်အာသာဖြေချင်စိတ်တွေ၊ ပြန်ပြီးရွေးချယ်လိုစိတ်တွေကို လိပ်ပြာမလုံဖြစ်စရာမလိုဘဲ ငါတို့ကိုယ်ငါတို့ပြန်လည်ကုစားပေးနိူင်တဲ့စွမ်းအားတစ်ခုကို လက်တွေ့ပုံဖော်လို့ရတဲ့နေရာတစ်ခု။

 

ဒီကမ္ဘာတုထဲ လွှင့်တင်ချင်တာတွေရှိသလား?

 

ထောင်တွေကိုဖျက်သိမ်းပစ်တာမျိုး၊ ဂျန်ဒါဆိုတာကိုဖျက်ဆီးပစ်တာမျိုးလိုမျိုး ကိစ္စကြီးကြီးကျယ်ကျယ်တွေအကြောင်း ငါချရေးကြည့်လို့ရသားပဲ။ ဒါပေမဲ့ မရေးဖြစ်ဘူး။ ထောင်တွေရော ဂျန်ဒါရောကပါ စောက်ရမ်းအရေးမပါတဲ့အရာတွေဆိုတာ အသိသာကြီးပါ။ ဒါပေမဲ့ ပထမအလုပ်ရုံလည်းပြီးရော အမှောင်ထဲမှာ ငါတစ်ယောက်တည်းမျက်စိကြောင်နေမိတယ်။ စာရေးခြင်းနဲ့အရေးခံရခြင်းကြားက ဟိုမရောက်ဒီမရောက်စပ်ကြားနေရာတစ်ခုက ဆည်းဆာရောင်ခြည်တွေသန်းနေတဲ့ဒီတဒင်္ဂတစ်နေရာက မျက်စိရှေ့မှာပြန်ပေါ်လာပြန်တယ်။ ငါ့မှာ ဒီအကြောင်းကိုစာနဲ့ချရေးပြီး ဒီတဒင်္ဂထဲပြန်နေကြည့်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူး။

 

ကမ္ဘာတုက ဒီမှာစတယ်။

 

ဟာ။ နင်နဲ့ငါနဲ့စကားပြောနေကြတာပဲ။ ကောင်းပြီလေ။ ဘာကြောင့်မှန်းမသိ အိစ်တန်ဒါက အီရန်ဘီးလ်ရဲ့ကော်ဖီဆိုင်ထဲမှာ ငါတို့နှစ်ယောက်ရောက်နေကြတာပဲ။ ငါ့ဦးနှောက်ထဲက ဘယ်စေ-ာက်အစိတ်အပိုင်းကနေ ဒါကိုမှတ်မိနေတာလဲမသိဘူး။ လွှင့်တင်မှုလုပ်နေတာကြောင့် ငါ့မှတ်ဉာဏ်တွေထဲကပုံရိပ်တွေကို ကယောင်ကတန်းရောသမမွှေသွားတယ်ထင်ပါ့။ အဲ့တော့လည်း ဒီမှာ ငါတို့နှစ်ယောက်။ နင်နဲ့ငါကြားက အနီနဲ့အဖြူကွက်ကြားပလတ်စတစ်စားပွဲခင်းက စေးကပ်ကပ်နဲ့ အသံတကျွိကျွိမြည်နေတယ်။ ကော်ဖီဆိုင်တစ်ဆိုင်လုံးမှာ လူတွေစကားစမြည်ပြောသံတွေနဲ့ပြည့်နေပြီး ရာရွန်မစ်ချယ်က ငါ့အနောက်မှာ ဟိုလှုပ်ဒီလှုပ်နဲ့ ဘာလုပ်နေတာလဲမသိဘူး။ သူ့ရဲ့ဒေါက်ဖိနပ်မြင့်မြင့်အသံကို ငါကြားနေရတယ်။ ငါ့လက်တွေကို ငါပြန်ငုံ့ကြည့်လိုက်တယ်။ ငါ့ရှေ့က အဖြူညစ်ညစ်ရောင်ကော်ဖီခွက်ဆီက အနွေးဓာတ်က လက်တွေမှာလာဟပ်နေကြတယ်။ သကြားနိုင်ချင်းထည့်ထားတဲ့လက်ဖက်ရည်ပူပူနံ့က လေထဲမှာအပြည့်ပဲ။

 

ငါပြောင်းလဲချင်တဲ့ကိစ္စကြီးကြီးကျယ်ကျယ်တွေအကြောင်း ချရေးလို့ရပေမဲ့ အမှန်တိုင်း‌‌ပြောရရင် နင်နဲ့ထိုင်နေခဲ့တဲ့ဒီစကားဝိုင်းအကြောင်းကို ငါမြင်ယောင်မိရတဲ့အကြောင်းရင်းက မှိန်းခနဲဖြစ်သွားရာကနေ ငါကိုယ်ငါတစ်ကိုယ်ကောင်းဆန်ချင်မိတယ်ဆိုတာကို သတိရမိလို့ပဲ။ အရာအားလုံးကိုပြောင်းလဲသွားစေမဲ့  အင်မတန်မှသေးငယ်လှတဲ့ကိစ္စရပ်တစ်ခုအကြောင်းကို ငါချရေးချင်တယ်။ အဲ့ဒါမှ အရာအားလုံး ပိုကောင်းသွားစေလိမ့်မယ်။

 

ငါရှေ့မှာ နင့်ပုံပေါ်လာလာချင်း ငါ့နှုတ်ကစကားလုံးတွေက အက်စစ်ပူရည်တွေပါးစပ်ကနေဒလဟောသွန်ချလိုက်သလိုမျိုး တားမရဆီးမရထွက်ကျလာကြတာပဲ။

နင့်နဲ့မတွေ့ခဲ့ရရင်အကောင်းသားအဲ့နေ့ညကငါ့အခန်းထဲကိုဝင်လာဖို့နင့်ကိုမဖိတ်ခဲ့ရအကောင်းသားငါခံစားခဲ့ရစေသလိုနာကျင်မှုမျိုးနင့်ကိုခံစားရစေချင်လိုက်တာငါ့လက်ထဲမှာခုနေအနုမြူဗုံးတစ်လုံးသာရှိနေခဲ့ရင်အခုချက်ချင်းနင့်ဦးနှောက်တွေပွင့်ထွက်သွားအောင်ခွဲပလိုက်ချင်လိုက်တာငါ့တစ်ကိုယ်လုံးကအသားစိုင်တွေထဲမှာခံစားနေရတဲ့ကျူးကျော်ခံရမှုမျိုးနဲ့အကြောက်တရားမျိုးကိုနင့်ကိုခံစားရဖူးစေချင်လိုက်တာငါ့ဘဝကိုနင်ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေသလိုနင့်ဘဝကိုလည်းငါဖျက်ဆီးပစ်ချင်လိုက်တာနင့်ကိုစောက်ရမ်းနာကျင်စေလိုက်တာ။ ကလဲ့စားချေချင်စိတ်တွေနဲ့ပြည့်နှက်နေတဲ့နာကျင်မှုမျိုးကို ငါခံစားနေရတယ်။ ဘာလုပ်လို့လုပ်ရမှန်းတောင်မသိဘူး။ ကမ္ဘာတုက ငါ့စိတ်ထဲကခံစားချက်ကိုသတိပြုမိတော့ တုံ့ပြန်ချက်တစ်ခုလုပ်ဖို့နှိုးဆော်တယ်။ လက်နက်တစ်ခုက နင်နဲ့ငါနဲ့ကြားက စားပွဲပေါ်မှာပေါ်လာတယ်။ ငါ့လက်တွေက အဲ့လက်နက်ကိုလှမ်းယူဖို့အားပြုလိုက်တယ်။ လက်နက်က လေးလေးပင်ပင်နဲ့ လက်ထဲမှာကိုင်ရတာ သက်တောင့်သက်တာရှိလိုက်တာ။ ပြီးတော့ ငါချိန်လိုက်တယ်။ ပြီးတော့ နင့်ဦးနှောက်တွေကို ငါပစ်ခွဲပလိုက်တယ်။

 

နင့်တစ်ကိုယ်လုံးအစိတ်စိတ်အမြွှာမြွှာ။

နင်အချိုးပြောင်းသွားတယ်။

 

ငါတို့နှစ်ယောက်သား တိတ်တိတ်ကလေး အကြာကြီးထိုင်နေမိကြတယ်။ ငါ့မှာပြောပြစရာဆိုလို့ နာကျင်တာပဲရှိလို့ ဘာစကားမှပြောနေစရာအကြောင်းမှမရှိတာ။ အဲ့ဒါအပြင် ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နင့်ရဲ့စကားပြောတဲ့စနစ်ကို ငါဖယ်ပစ်ခဲ့တာကိုး။ ဟား ဟား ဖက်ခ်ယူ။

 

လူတွေပြောကြသလိုပေါ့။ ဘာတွေပဲဖြစ်နေဖြစ်နေ ကမ္ဘာတုကတော့ ‌ရှေ့ဆက်ဦးမှာပဲ။ ဒုတိယအဆင့်ထဲ ငါဝင်လိုက်တယ်။ အဲ့ဒီအချိန်ကိုပြန်ကြည့်ရမဲ့အဆင့်ရောက်ပြီလေ။

 

ငါ့ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ဖုံးသွားတယ်။ ငါတို့ကြားက အကျည်းတန်လှတဲ့ပလတ်စတစ်အခင်းပေါ်ကို မိုးပေါ်ကနေ ပုံရိပ်တစ်ခုကျလာတယ်။ မှိတ်တုပ်မှိတ်တုပ်လင်းနေတဲ့ခပ်မှိုင်းမှိုင်းရောင်စုံမီးရောင်တွေအောက်က ပင်ပန်းနွမ်းနယ်နေတဲ့ ဖုံးတချို့ကွယ်တချို့အင်္ကျီစလွှမ်းထားတဲ့ခန္ဓာကိုယ်တစ်ခု။ အသားအရည်က ညစ်နွမ်းနွမ်းနဲ့ ဖြူဖတ်ဖြူရော်။ ခေါင်းတွေရှုပ်နေပြီး ငြင်းဆန်ဖို့မတတ်သာဖြစ်နေတဲ့ခန္ဓာကိုယ်တစ်ခု။ (ဘယ်တုန်းကရော ငြင်းဆန်တတ်ဖို့ အသင်ခံခဲ့ရဖူးလို့လဲ?) အံ့အားသင့်မှုကြောင့် ရုပ်ထုတစ်ထုလိုတောင့်မာနေပြီး စိုစွတ်ထိုင်းမှိုင်းနေတဲ့အခန်းတစ်ခန်းထဲမှာ သော့ခတ်ပိတ်ခံထားရတယ်။ အာရုံထဲမှာ ဘာဆိုဘာမှမရှိဗလာဖြစ်ပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။ ဘာဖြစ်နေတာလဲဆိုတာကို အဲ့ဒီအချိန်မှာ နားမလည်နိူင်ခဲ့ဘူး။ အဲ့အချိန်ကတည်းက ငါ့အနာဂတ်ထဲထိ တောက်လျှောက်ယစ်ပတ်တွယ်ညှိနေလာခဲ့တဲ့ပုံပြင်တစ်ပုဒ်အကြောင်းကို နှစ်တွေအတော်ကြာတော့မှ ရုတ်တရက်မျက်နှာချင်းဆိုင်မိတဲ့အခါမှ သဘောပေါက်နားလည်လာခဲ့တယ်လေ။

 

အို ဟုတ်သားပဲ။ ငါ့ပုံပြင်က ကလဲ့စားချေချင်စိတ်တွေနဲ့ပြည့်နေတဲ့နာကျင်မှုတစ်ခု။

 

ဒါပေမဲ့လည်း။

 

ဒါပေမဲ့လည်း။

 

မျက်တောင်တစ်ချက်ခတ်လိုက်တယ်။ ငါတို့ကြားမှာ မှိတ်တုပ်မှိတ်တုပ်နဲ့ပေါ်လာတဲ့ အေးစက်မာတောင့်နေတဲ့ နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို အားယူကြည့်လိုက်မိတယ်။ ဒီခန္ဓာကိုယ်ကလည်း နာကျင်နေပြီး ပွေ့ပိုက်ဖြေသိမ့်မှုတစ်ခုခံစားရဖို့လိုနေတယ်ဆိုတာ ငါသိလိုက်တယ်။ ဟင့်အင်း – ငါကဖြေသိမ့်ပေးမှာတော့မဟုတ်ဘူး၊ အဲ့ဒါဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး၊ ဘယ်တုန်းကမှ နင့်ကိုဖြေသိမ့်ပေးချင်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ တခြားလူတစ်ယောက်ယောက်ကတော့ နင့်ကိုပွေ့ပိုက်ကြင်နာပေးချင်ပေးမှာပေါ့။ ပါတီတစ်ခုမှာကြားခဲ့ရတာက ငါ့အပြင်နင်ဒီလိုလုပ်ခဲ့တဲ့တခြားလူတွေရှိသေးတယ်ဆို။ ဒီခန္ဓာကိုယ်နှစ်ခုလုံးက နာကျင်နေကြတယ်ဆိုတာ ငါသိပါတယ်။ ငါ့ခန္ဓာကိုယ်အပေါ်နင်လုပ်ခဲ့တဲ့နာကျင်မှုက အခုတော့ ဘာမှအရေးမကြီးတော့ဘူးထင်ပါတယ်။ ငါ့ကိုယ်ငါ ကုစားဖို့လိုတယ်။ နင့်ကိုယ်နင်လည်း ကုစားဖို့လိုတယ်။ ငါတို့နှစ်ယောက်လုံး နာကျင်နေတာတွေရပ်လိုက်သင့်ပြီ။

 

ဒါပေမဲ့လည်း။

 

ဒါပေမဲ့လည်း။

 

ငါ့တစ်ကိုယ်လုံးက ဒေါသတွေနဲ့တုန်ယင်နေတာပဲ – ပါတီတစ်ခုမှာကြားခဲ့ရတာက ငါ့အပြင်တခြားလူတွေကိုလည်း နင်ဒီလိုလုပ်ခဲ့တာဆို – နင့်ခေါင်းကို ငါခွဲပလိုက်ချင်တုန်းပဲဆိုတာ ငါသိတယ် (ဒါကိုတော့ ငါမညာချင်ပါဘူး) အဲ့ဒီတော့ ငါထပ်လုပ်မိပြန်တယ်။

 

နင့်တစ်ကိုယ်လုံးအစိတ်စိတ်အမြွှာမြွှာ။

စိတ်အားရသွားတယ်လို့ ငါ့ကိုယ်ငါမခံစားရဘူး။ စိတ်ထဲမှာလည်းပေါ့မသွားဘူး။ ငါ့မှာအပြစ်ရှိသလိုတောင် ခံစားရတယ်။

 

နင့်ပုံရိပ်တုပြန်ရုပ်လုံးပေါ်လာတဲ့အချိန် အောက်ကိုငုံ့ကြည့်မိတယ်။ ငါ့လက်နက်ကတော့ အငွေ့ပြန်သွားပြီ။ လက်နက်အစား ငါ့လက်ခုပ်ထဲမှာ အစေ့သေးသေးလေးတွေအပြည့်ပဲ။ ကြီးထွားဖို့အချိန်အများကြီးလိုသေးပေမဲ့ ကုစားဖို့အတွက်ဖြစ်နိူင်ချေလေးတွေဖြစ်တဲ့ ငါ့ကိုယ်တွင်းထဲကဒီအစေ့လေးတွေကို ပြုစုပျိုးထောင်ပေါင်းသင်ဖို့ အများကြီးကြိုးစားခဲ့ရတယ်ဆိုတာကို ငါသိတယ် ဆိုတာ အမှတ်ရလိုက်မိတယ်။ ဒီအစေ့လေးတွေကြီးထွားလာတာကိုစောင့်ဖို့ ငါတစ်ဘဝလုံးကြာချင်လည်းကြာမှာပေါ့။ တချို့ကတော့ သေဆုံးသွားပြီး တချို့ကတော့ ဆက်လက်ရှင်သန်ချင်ရှင်သန်ကြမှာပေါ့။ တစ်စေ့နှစ်စေ့လောက်ကတော့ ကောင်းကောင်းကြီးဖွံ့ဖြိုးချင်ဖွံ့ဖြိုးမှာပဲ။ ဒီလိုနာကျင်မှုမျိုးက အနှစ်သာရတွေဆုပ်ယူခံလိုက်ရတဲ့သစ်သီးစေ့လေးတွေလို ဒီအစေ့လေးတွေကိုရှုံ့တွသွေ့ခြောက်သွားစေလိမ့်မယ်ဆိုတာ ငါသိနေတယ်။

 

ပြင်ပကမ္ဘာမှာ နင်နဲ့ငါနဲ့ဘယ်တော့မှဆုံစရာအကြောင်းမရှိဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါ့ရဲ့အစေ့လေးတွေကို အချိန်နဲ့နေရာတွေထဲမှာပြန့်ကျဲနေတဲ့ကြယ်လေးတွေလိုပဲ ငါမြင်ယောင်မိတယ်။ ငါတို့နှစ်ယောက်လုံးက သူတို့ကိုမြင်နေရတယ်။ ဒါပေမဲ့ သူတို့က ငါတို့နှစ်ယောက်ကို ဘယ်တော့မှချိတ်ဆက်ပေးမှာတော့မဟုတ်ဘူး၊ ဟင့်အင်း။ ငါတို့က အဓိပ္ပါယ်ရှိလှတဲ့ပေါင်းသင်းဆက်ဆံရေးမျိုးနဲ့ချိတ်ဆက်ထားတာမှမဟုတ်တာ။ လူတစ်ယောက်ကနေ နောက်တစ်ယောက်ကို နာကျင်အောင်လုပ်လေ့ရှိတဲ့၊ ဘဝလမ်းကြောင်းတစ်ခုကိုပြောင်းလဲစေတဲ့၊ အရေပြားတွေကိုအခွံချွတ်ချလိုက်ချင်လောက်အောင် ထိုးဆွစူးနစ်စေတဲ့ချွန်ထက်လှတဲ့အပိုင်းစတွေလိုမျိုး အနာဂတ်ကံကြမ္မာကိုကွဲကြေသွားစေရုံမက အစိတ်စိတ်အမြွှာမြွှာကွဲအက်သွားစေတဲ့ ထောင်သောင်းမကသောရက်ရက်စက်စက်အချိန်တွေထဲက တစ်ခုတည်းသော ဒီတဒင်္ဂအချိန်တစ်ခုကသာလျှင် ငါတို့နှစ်ယောက်ကို လျော့တိလျော့ရဲပတ်နှောင်ထားတာပဲ။ ကံကြမ္မာအသစ်တွေဆိုတာ သွေးနဲ့ရင်းရတာမျိုးကိုး။

 

တတိယအဆင့် –

အစေ့တွေကို လေထဲပစ်မြောက်လိုက်တယ်။ ငါတို့ပေါ်ကအမှောင်ထုထဲမှာ အရောင်တစ်လက်လက်နဲ့ အစေ့လေးတွေကဝဲပျံသွားကြတယ်။ အခုတော့ သူတို့က တကယ် ကြယ်လေးတွေနဲ့တူလိုက်တာ။

 

ငါ နင့်ကိုခွင့်မလွှတ်ဘူး။ ငါ့ကမ္ဘာတုက နင့်ကိုခွင့်လွှတ်ဖို့လုပ်ထားတာမဟုတ်ဘူး။

 

ဒါပေမဲ့ ဒီကြယ်လေးတွေကို ငါ့ရဲ့အနာဂတ်၊ အသက်ရှင်သန်ဖို့အတွက် ငါ့ရဲ့ရွေးချယ်မှုအနေနဲ့ နင်အမြဲအောက်မေ့စေရမယ်။

 

ပြီးတော့ ဒီကြယ်လေးတွေကို နင်နဲ့ပတ်သက်ပြီးဖြစ်ခဲ့တာတွေရဲ့သင်္ကေတတစ်ခုအနေနဲ့‌အောက်မေ့ဖို့။

 

နင် ဘာပဲလုပ်ခဲ့လုပ်ခဲ့

နင်လုပ်ခဲ့တာ ဘယ်လိုပဲဖြစ်နေပါစေ

နင်လုပ်ခဲ့တာကြောင့်

နင်လည်းပဲ အသက်ဆက်ရှင်သန်ဖို့လိုတယ်ဆိုတာ ငါသိတာမို့လို့။

 

ဒီစားပွဲကနေ ငါထွက်သွားလိုက်နိုင်ပါပြီ။

ဒီကမ္ဘာတုကနေ ငါထွက်သွားလိုက်နိုင်ပါပြီ။

ဒါက ငါ့ရဲ့ပထမအကြိမ်မှမဟုတ်တာ၊ ငါပြန်လာဦးမှာပါ။

ဒါပေမဲ့ ဒီနေရာက ငါ့ရဲ့ပြီးပြည့်စုံလွန်းသောကမ္ဘာတစ်ခု – ငါ့ရဲ့လွတ်မြောက်ရာဘုံတစ်ခုပါပဲ။

 

ပြီး။

 

ပုံ – ဝိုးတိုးဝါးတာညမီးပွင့်များ

ဆပ်ပြာ၊ ‌ရေချိုးခန်းလိုက်ကာနှင့် ကြမ်းတိုက်ခြင်း

တာဘစ်သာလီရန် (Tabitha Lean) မူရင်းရေးသားပြီး မခြင်္သေ့ဘာသာပြန်သည်။ မူရင်းဝတ္ထုတိုကို Haymarket စာပေမှ စနစ်များကိုဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်ဇင်များ – စည်းရုံးရေး၊ ရှင်သန်ရေးနှင့် ပြောင်းလဲခြင်းဆိုင်ရာအလေ့အကျင့် (Abolition Feminisms: Organizing, Survival, and Transformative Practice) ပေါင်းချုပ်ပထမတွဲတွင် ၂၀၂၂ ခုနှစ်၌ထုတ်ပြန်ခဲ့သည်။

တာဘစ်သာလီရန်ကို ၄င်း၏ဘိုးဘွားဘီဘင်များက ဘူဒန်းမင်ဂန် (Budhin Mingaan) အမည်နှင့်ခေါ်ဝေါ်သိရှိသည်။ သူသည် လက်ရှိ သြစတေးလျဟုခေါ်သော ဂွန်ဒစ်ဂျာမာရာ (Gunditjamara) အင်ဒီးဂျနင့်လူမျိုးများ၏ First Nations (ပထမနိူင်ငံသား)မိန်းမတစ်ယောက်ဖြစ်သည်။ ၄င်းသည် ထိုနယ်မြေပေါ်တွင် ထောင်တွင်းနှစ်နှစ်တာနှင့် အိမ်အကျယ်ချုပ်နှစ်နှစ်တာမျှ အကျဥ်းချခံခဲ့ရသူလည်းဖြစ်သည်။ လက်ရှိတွင်တော့တာဘစ်သာသည် လေဟာပြင်အကျဥ်းထောင် (open air prison) ဟုခေါ်ဆို၍ရနိူင်သော ထောင်ပြင်ပတွင်ဆက်လက်စောင့်ကြည့်ခံနေရသောအကျဥ်းသားတစ်ဦးဖြစ်သည်။

မှတ်ချက် – မူရင်းစာရေးသူ ရေးသားထားသောအင်္ဂလိပ်စာပိုဒ်အဖြတ်အ‌တောက်များကို မြန်မာဘာသာပြန်တွင်အတတ်နိူင်ဆုံးထိန်းသိမ်းထားသည်။

 

စာဖတ်သူများသတိပြုရန် – လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် မုဒိန်းကျင့်ခံရမှုအကြောင်းပါရှိသည်။ ဆဲရေးတိုင်းထွာ‌သောစကားလုံးများပါရှိသည်။

 
 

ရှုရတဲ့လေက စိုစွတ်ထိုင်းမှိုင်းလေးပင်လှသည်။ ရေနွေးငွေ့တွေက စိုစွတ်နေတဲ့ရေချိုးခန်းမျက်နှာကျက်နားမှာ အလိပ်လိုက်အလိပ်လိုက်ဝဲပျံတက်နေကြသည်။ ရေဒဏ်ကြောင့် ပေါက်ပြဲကွဲအက်နေကြတဲ့ နံရံကဆေးသားတွေက အရေပြားအောက်ကသွေးစိမ်းရှင်ရှင်နီရဲနေတဲ့အသားစတွေကိုလှစ်ပြနေတဲ့ စစ်ပွဲဒဏ်ရာတွေလိုမျိုး။ ခေါင်းပေါ်က ဖ‌လော့ရန်ဆန့်မီးလုံးက အင်စတီးကျူးရှင်းရဲ့ ငြီးစော်နံ့နေတဲ့ နံရံမီးခိုးရောင်တွေပေါ်မှာ တိုးလိုက်ဆန့်လိုက်အရိပ်တွေပေါ်အောင် လင်းတစ်ချက်မှောင်တစ်ချက် အားကြိုးမာန်တက်လင်းပေးနေသည်။

 

ဒီနေရာတစ်ခုလုံးမှာ ထူးထူးခြားခြားစိတ်ဝင်စားစရာ ဘာတစ်ခုမှမရှိ။ တစ်ပြိုင်နက်တည်းမှာပဲ နှစ်ပေါင်းထောင်ချီသိမ်းဆည်းထားတဲ့ အကြမ်းဖက်မှုတွေ၊ နာကျင်ခံစားရမှုတွေနဲ့ ဖိနှိပ်မှုတွေကို ဒီအဆောက်အအုံရဲ့ဗိသုကာထဲမှာတွေ့နေရပြန်သည်။ ဒီနေရာမှာ အသက်ရှုရတာကျပ်သည်။ နေရာတကာပျံ့နေပြီဖြစ်တဲ့ဖားဥနက်နက်တွေရဲ့ထိုင်းမှိုင်းစိုစွတ်တဲ့ရနံ့က နှာဝကနေအတင်းတိုးဝင်လာပြီး အဆုတ်ကနေတဆင့် လက်ညှိုးနဲ့ထိုးမွှေပြောင်းပြန်လှန်နေကြသလို ကိုယ်တွင်းအင်္ဂါတွေထဲထိ ကျူးကျော်စိမ့်ဝင်နေကြသည်။ ဒီထဲမှာတော့ အမြဲတမ်းပိတ်ဆို့နေလေ့ရှိတဲ့‌ရေပိုက်တွေရဲ့ မသတီစရာပုပ်စော်ကြောင့် ဝင်သက်ထွက်သက်ကို ပါးစပ်ကနေသာဖွဖွရှုတတ်လာသည်။

 

မျက်လုံးနှစ်လုံးကိုတင်းတင်းပိတ် ခေါင်းကိုအပေါ်နည်းနည်းမော့ ငါရပ်လိုက်သည်။ (လရောင်စိုစွတ်နေတဲ့မိုးရေတွေ မျက်နှာပြင်ပေါ်လာစင်တဲ့ခံစားချက်ကို ငါအရမ်းကြိုက်တာပဲ။ အော် အဲ့လိုနေ့ရက်များရယ်။) ရှားပါးလှတဲ့ အခိုက်အတန့်တစ်ခုပဲ။ ဒီထဲမှာ လုံခြုံစိတ်ချရတဲ့နေရာ၊ စဥ်းစားတွေးတောလို့ရတဲ့နေရာဆိုတာ တစ်နေရာမှမရှိ။ အကုန်လုံး အများနဲ့မျှသုံးရတာတွေချည်းပဲလေ။ ဘုံဘိုင်ခေါင်းအပေါက်ဝတွေမှာ ‌ဂျီးတက်နေတဲ့ရေဂျိုးတွေက ဒေါသအမျက်ထွက်လောက်ချင်စရာ။ ဖိအားနည်းနည်းနဲ့ ဘုံဘိုင်ကရေပူက ဆန့်ငင်ဆန့်ငင်နဲ့‌မစို့တပို့သာသာသာထွက်လာတတ်သည်။ ဒါပေမဲ့ ဒီထဲမှာတော့ ချွေးပေါက်တွေကနေတဆင့်ကိုယ်တွင်းအင်္ဂါတွေထဲထိ တစိမ့်စိမ့်စီးဝင်လာတတ်တဲ့ အညစ်အကြေးတွေကို ခေတ္တခဏဖြစ်ဖြစ်ဆေးကြောခွင့်ရတဲ့ဘယ်အရာကိုမဆို ကျေးဇူးတင်တတ်ရသည်။ ဝန်းထဲက ကောင်မလေးတသိုက်ရဲ့အသံတွေ ငါကြားနေရသည်။ ဘတ်စကပ်ဘောကို ဆ,ဆပြီးပုတ်နေသံက အာရုံကြောတွေထဲထိ စိတ်အနှောင့်အယှက်ဖြစ်ချင်စရာပင်။ ဒါပေမဲ့လည်း ဘာဆိုဘာမှတသမတ်တည်းမရှိတတ်တဲ့ဒီနေရာမှာ ရှိတာနဲ့ပဲကျေနပ်တင်းတိမ်တတ်ရသည်။ တခြားကောင်မလေးတွေကိုလား၊ ဝန်ထမ်းတွေကိုလား၊ တစ်ကမ္ဘာလုံးကိုလား၊ ဒါမှမဟုတ် အဲ့ဒီသုံးခုလုံးကိုလားမသိ၊ တစ်စုံတစ်ယောက် အားရပါးရဆဲရေးသံကို ငါကြားလိုက်ရသည်။ ဒီနေရာက မကျေနပ်ချက်တောင်ကုန်းတွေအပေါ်မှာ တည်ဆောက်ထားတာလေ။ ဒီထဲကမိန်းမတွေက ပြစ်ဒဏ်နဲ့နာကျင်မှုသံသရာထဲမှာသာ လုံးပန်းနေကြတာမဟုတ်လား။ လွမ်းဆွေးဖွယ် စိတ်ဒဏ်ရာတွေထဲမှာပဲ လုံးပန်းပန်းနေကြတာကြောင့် သူတို့အတွက် နေသားကျနေတဲ့နေရာကနေလွတ်မြောက်ဖို့ဆိုတာ ဖြစ်နိူင်ဖို့ဝေလာဝေး၊ ကြောက်စရာတောင်ကောင်းနေသေးသည်။

 

ဒီနေရာက မှန်တွေအကုန်လုံးက ဝေဝါးကုန်ပြီဖြစ်သည်။ ရေငွေ့တွေက မှန်မျက်နှာပြင်တွေပေါ်ကိုတလိမ့်လိမ့်ကွေ့ကောက်စီးဆင်းလာပြီး မိန်းမတွေအမှတ်အသားပြုထားတဲ့ အပေါစားမယ်လ်မင်းခုံတန်းတစ်တန်းရဲ့ အစွန်းပဲ့တွေနားမှာ သွားအိုင်ဖွဲ့နေကြသည်။ ရေချိုးခန်းတံခါးက အဆုံးထိပိတ်လို့မရ။ (ဒါပေါ့။ ဒီချီးတွင်းထဲမှာ ဘာဆိုဘာမှကောင်းကောင်းအလုပ်မလုပ်။) ရေနွေးငွေ့တွေက အက်နေတဲ့တံခါးကနေတဆင့် ‌ကော်ရေဒါထဲကို စိမ့်ထွက်နေသည်။ ဒီနေရာက တိတ်ဆိတ်နိူင်သလောက် တိတ်ဆိတ်နေပြန်သည်။ စီးဆင်းကျလာတဲ့ရေသံနဲ့အတူ ခေါင်းထဲပေါ်လာတဲ့သံစဥ်တစ်ခုကို ငါညည်းမိသည်။ ရေကျသံရယ်၊ ငါ့ညည်းသံရယ်၊ ကျိုးပဲ့နေတဲ့တွယ်အပ်တွေနဲ့မလုံ့တလုံချိတ်ထားတဲ့ရေချိုးခန်းလိုက်ကာအပြဲရဲ့ လှုပ်လိုက်တိုင်းတွန့်ခေါက်သွားတဲ့အသံရယ်က တေးသံတစ်ခုလို စည်းချက်ညီနေသည်။ ဒီရေချိုးခန်းလိုက်ကာရဲ့အခြေအနေက ဒီနေရာရဲ့ဘာဆိုဘာမှအလုပ်မဖြစ်တာကို သက်သေသာဓကပြနေသလိုပင်။

 

ငါတည်ဆောက်ထားတဲ့ဘုံဗိမ္မာန်လေးက ချက်ချင်းဆိုသလို ကြက်ပျောက်ငှက်ပျောက်ပျောက်သွားသည်။ အပ်နဲ့ထိုးလိုက်လို့ ပေါက်ကွဲထွက်သွားတဲ့ လက်ထဲကလေအပြည့်ရှိနေတဲ့ပူဖောင်းတစ်လုံးကြောင့် ကလေးတစ်ယောက်ဟီးခနဲမငိုချခင်လေးလိုပင် ဖြစ်ပျက်ပုံကမြန်ဆန်လှသည်။ သေသေချာချာလေ့ကျင့်ထားတဲ့အမူအကျင့်တစ်ခုတည်းနဲ့တင် ငါ့နောက်ကျောကို နံရံမှာဖိနှိပ်သလိုကပ်ထားပြီးသားဖြစ်သွားသည်။ ငါ့

 

တစ်

 

ပုခုံးတွေက ချောကျိနေတဲ့နံရံမျက်နှာပြင်မှာပွတ်တိုက်ခံလိုက်ရတာကြောင့် နာကျင်မှုနဲ့တွန့်သွားသည်။ သေစမ်း။ ငါ ဘယ်တော့မှသန့်စင်တော့မှာမဟုတ်ဘူး။ ငါ့နောက်ကျောမှာ မြစ်ငယ်လေးတွေလိုသွေးစီးကြောင်းတွေ တစိမ့်စိမ့်စီးဆင်းလာသည်။ ကြမ်းပြင်ပေါ်ကို တစ်ပေါက်ပြီးတစ်ပေါက်ကျလာတဲ့အနီစက်တွေကို ရေတွေကအလျင်တလိုစုပ်ယူလိုက်ကြသည်။ စောက်အလုပ်မဖြစ်တဲ့ကြွေပြားအကျိုးတွေ။ ထောပတ်ကိုဓားနဲ့လှီးလိုက်သလို စိမ့်ပြီးတက်လာတဲ့နာကျင်မှုကြောင့် ငါလန့်ပြီးတစ်ချက်အော်လိုက်မိသည်။ ရေတွေက ငါ့…ငါတို့…အပေါ်မိုးရွာသလိုတဝေါဝေါစီးကျနေသည်။ ရေ‌ငွေ့လေးတွေက ငါ့လည်ပင်းရဲ့အရေကြောင်းတွေနားမှာဝေ့နေပြီး လိမ့်ကျလာတဲ့ရေစက်တွေက မျက်ခုံးကနေတဆင့်မျက်တောင်ထောင့်နားမှာ ခဏတာလာသီးနေကြသည်။ ‌ရေစီးကြောင်းတွေက ငါ့ရင်သားတွေကိုအဆီးအတားမဲ့အားနဲ့မာန်နဲ့ကျနေတဲ့ကျောက်ရေတံခွန်သဖွယ်အသွင်ပြောင်းလိုက်ကြသည်။

ပိုင်စိုးပိုင်နင်းအပြုခံထားရတဲ့ငါ့နှုတ်ခမ်းတွေကြောင့် အသက်ရှုမဝဖြစ်လာသည်။ ယစ်မူးစရာရေပူတွေကြောင့် ခန္ဓာကိုယ်က ငါ့ကိုသစ္စာဖောက်လိုက်သည်။ ဟိုးအစွန်းဆုံးအထိ တစ်ကိုယ်လုံးပူရှိန်းရှိန်းဖြစ်သွားသည်။ ငါတို့နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်က ရွှဲစိုနေသည်။ ဆံပင်တွေက ရေတွေနဲ့နှစ်နေပြီး သူ့ရဲ့စိုရွှဲနေတဲ့အင်္ကျီတွေက ငါ့ရဲ့ကိုယ်တုံးလုံးခန္ဓာကိုယ်မှာလာပွတ်တိုက်နေသည်။ ငါ့လက်ကို မြှောက်လိုက်သည်။ ဒါပေမဲ့ လျင်မြန်လှတဲ့ လှုပ်ရှားမှုတစ်ချက်တည်းနဲ့တင် ငါ့လက်တွေက နံရံကြွေပြားမှာကပ်ပြီးချုပ်နှောင်ခံလိုက်ရသည်။ သူ့ပါးစပ်တွေက ငါ့ရဲ့လုံးတီးခန္ဓာကိုယ်အနိမ့်အမြင့်နေရာအနှံ့ ပရမ်းပတာရွေ့လျားသွားတာကိုခံစားလိုက်ရသည်။ ဒီအတိုင်းသာဆက်ရပ်နေလိုက်ရင်၊ ဘာတုံ့ပြန်မှုမှမပြရင်၊ သူ့ဆီဝပ်မစင်းရင် ဒါမှမဟုတ် အသက်တောင်မရှုရင် သူရပ်လိုက်မယ်လို့ထင်တာမှားတယ်ဆိုတာ ချက်ချင်းသိလိုက်ရသည်။ ငါက စောက်ရေးမပါတဲ့ အဝစားဘူဖေးကြီးကို။ ဆိုတော့ မျက်စိကိုမှိတ်၊ အသက်ရှုအောင့်ထားပြီး တစ် နှစ် သုံး လေးကနေစပြီး အမြင့်ဆုံးနံပါတ်ထိ ရေနိူင်သလောက်ငါ့ခေါင်းထဲမှာရေပြီး ဒီအတိုင်းရပ်နေလိုက်သည်။ နံပါတ် ၃၂၈ မှာ အရာအားလုံးပြီးဆုံးသွားသည်။ စိတ်သက်သာရာရမှုက လှိုင်းလုံးကြီးတစ်လုံးလို ငါ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသည်။ ဒါပေမဲ့ လှိုင်းလုံးကို ကမ်းခြေထိတငြိမ့်ငြိမ့်စီးရမဲ့အစား ဒူးထောက်ပြီး အားရပါးရငါငိုချမိသည်။ မျက်နှာတစ်ပြင်လုံးကအရေပြားတွေတွန့်လိမ့်ကောက်ကွေးတတ်လာတဲ့အထိ ငိုတဲ့ရှိုက်ကြီးတငင်ငိုကျွေးမှုမျိုး။ နာကြည်းမှုက စောက်ရမ်းအကျည်းတန်သည်။

 

ညိုညစ်ညစ်ဆပ်ပြာတုံးကို ငါ့ဒူးခေါင်းကို ရေချိုးခန်းထောင့်မှာကုန်းပွတ်ရင်း ငန်ကျွတ်ကျွတ်မျက်ရည်တွေက ဘုံဘိုင်ခေါင်းကရေစက်တွေနဲ့ရောပြီး ငါ့အပေါ်မိုးရွာသလိုရွာချသည်။ သူတို့ရဲ့ခွန်အားက ငါ့ကိုတစ်စစီချိုးဖဲ့နေကြသလိုပင်။ အဲ့အချိန်မှာပဲ အော်သံတစ်ချက်ကြားလိုက်ရသည်။ အော်သံကအသွေးထဲအသားထဲထိစိမ့်ပြီးကျောချမ်းစရာကောင်းလှသည်။ တစ်ခါတည်းနဲ့ရပ်မသွားဘဲ အော်သံကဆက်တိုက်ထပ်ခါထပ်ခါကျော့နေသည်။ မျက်ခုံးတွေကိုတွန့်လိုက်ရင်း အခန်းဟိုဘက်ခြမ်းထိ ငါ ဒူးထောက်ပြီးတွားလျားသွားလိုက်သည်။ ခုံတန်းကိုအားပြုပြီးအနိူင်နိူင်မတ်တတ်ရပ်လိုက်ရင်း ငါ့ကိုယ်ငါမှန်ထဲမှာတွေ့လိုက်သည်။ ငါပဲ။ အော်နေတာ ငါပဲ။ လက်တွေက ထိတ်လန့်ကြောက်မက်စရာ၊ နာကျင်စရာတွေအကုန်လုံးကိုယူပစ်လိုက်နိူင်သယောင် ပါးစပ်ကိုလက်တွေနဲ့ဖုံးလိုက်ပြီး အော်သံကိုဖုံးဖိဖို့ကြိုးစားသည်။ မျက်ခုံးကပဲ့ရာကနေ သွေးတွေစီးကျလာတာကိုကြည့်ရင်း ပြာနှမ်းနှမ်းငါ့မျက်လုံးတွေကပြူးထွက်လာကြသည်။ စိတ်ဓါတ်ကျမှုက တစ်ခါငါငှားဝတ်ဖူးတဲ့ဆောင်းရာသီကုတ်အင်္ကျီပွပွကြီးလိုမျိုး တစ်ကိုယ်လုံးအပေါ်ဖိစီးလာတာကို တခြားလူတစ်ယောက်ရဲ့မျက်လုံးနဲ့ကြည့်သလိုငါမြင်နေရသည်။ ဘယ်တုန်းကနေ ဘယ်လို ဒီနေရာကိုငါရောက်လာတာလဲ။ ငါမမှတ်မိဘူး။ မှတ်မိဖို့စဥ်းစားကြည့်ရခြင်းရဲ့နာကျင်မှုကို အသွေးထဲအသားထဲထိခံစားရသည်။ အသည်းထဲကနေစပြီး ငါ့ဝိညာဉ်ဟိုးအတွင်းလှိုဏ်ခေါင်းတွေထဲထိနာသည်။ ကုန်ခါနီးသွားတိုက်ဆေးလို ငါ့ရဲ့အမှတ်သညာကို ဟိုးအတွင်းထဲကနေဖျစ်ညှစ်ထုတ်နေရသလိုပါပဲ။ ငါ့စိတ်မော်ကွန်းတွေပေါ်ချိတ်ပိတ်ထားတဲ့တိတ်တွေကိုဆွဲခွာပစ်သလို အမှတ်ရမှုတစ်ခုချင်းစီနဲ့ ငါနပန်းလုံးရပြန်သည်။ ဘေစင်ဘောင်ကိုတင်းတင်းဆုပ်ရင်း ငါ့လက်ခေါက်တွေက တင်းမာမှုကြောင့်ဖွေးဆွတ်လာသည်။ ကြွေဘေစင်ထဲ ပျစ်နှစ်နေတဲ့သွေးခဲတွေ ဖြည်းဖြည်းချင်းစီကျလာကြသည်။

 

ငါ့ကိုယ်ငါအတင်းစဥ်းစားကြည့်ခိုင်းသည်။ အတင်းအဓ္ဓမဒူးထောက်ဝပ်စင်းခံခဲ့ရတာတွေကို ပြန်တွေးကြည့်မိသည်။ အားလုံးက ငါ့ကို တစ်ပတ်လောက်ကြာနေတဲ့စားတော်ပွဲတစ်ခုလို ဝိုင်းဝန်းစားသောက်ကြတာကိုသွားတွေးမိသည်။ ငါ့ခန္ဓာကိုယ်ရဲ့ လုံးတီးချွတ်ခံမှုတွေကို ငါတွေးမိသည်။ ပုပ်ပွပြဲရိနေတဲ့ အသေကောင်ခန္ဓာ။ ဘာမျှော်လင့်ချက်၊ ဘာအနာဂတ်မှမရှိတော့တဲ့ အခွံဗလာ။ ဟိန်းဟောက်ဖို့နေနေသာသာ ပြန်လည်တိုက်ခိုက်ဖို့တောင် ဘာအားအင်မှမကျန်တော့တဲ့ငါ။ တိုက်ပွဲမှာမောပန်းကျန်ရစ်သူ ငါ။ ငါမောလှပြီ။ ငါ စောက်ရမ်းမောပန်းလှပြီ။ စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့ဝမ်းနည်းမှု၊ ယူကြုံးမရဖြစ်မှုနဲ့ ချွေးပေါက်တစ်ပေါက်ချင်းစီကနေယိုစီးကျနေတဲ့မောပန်းနွမ်းနယ်မှုက ငါ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသည်။

 

ဒီနေရာမှာ တစ်ညပြီးတစ်ည ငါအစော်ကားခံရသည်။ ငါ့ကိုဒူးထောက်ဝပ်စင်းသွားစေတာက မြေခွေးတစ်ကောင်သာသာပဲဆိုတာက ငါ့ကိုယ်ငါပြန်အံ့အားသင့်ရလောက်စေပြန်သည်။ ဒါပေမဲ့ ရိုးရိုးသားသားဝန်ခံရရင် ဒီနေရာကိုမရောက်ခင်ကတည်းက ဒါတွေကစခဲ့တာပဲ။ ရက်ရက်စက်စက်အကြမ်းဖက်မှု၊ ကြမ်းကြုတ်ယုတ်မာမှုတွေက ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို ငါ့နောက်ကိုတစ်ကောက်ကောက်လိုက်နေခဲ့တာပဲ။ လမ်းကို သူများထက် စိတ်ပူပူပန်ပန်နဲ့ ငါလျှောက်တတ်လာသည်။ အအိပ်ကို သူများထက် ပိုဆတ်တတ်လာသည်။ ငါ့ခန္ဓာကိုယ်ထဲက မော်လီကျူးတွေကအစပြောင်းလဲလာသည်။ ဒါပေမဲ့ မကြာခဏခံရလို့ ဘာမှအံ့သြစရာမရှိတော့တဲ့ဒီရိုက်ချက်တွေကို ငါသည်းညည်းမခံနိူင်တော့ဘူး။ ငြိမ်းချမ်းမှုကို ငါလိုချင်သည်။ ဘာလို့လဲဆိုတော့ သေခြင်းတရားထက် တမြေ့မြေ့လှိုက်စားတဲ့ရောဂါကိုရွေးချယ်ထားပြီးသူတစ်ယောက်အနေနဲ့တောင် လက်ရှိအဖြစ်အပျက်တွေထက် တခြားဘာမဆိုကပိုကောင်းနိူင်နေသေးသည်။

 

နှစ်

 

ဘေးခန်းကအိမ်သာရေဆွဲချပြီး လည်ချောင်းရှင်းသံတစ်ချက်ကြားလိုက်သည်။ ခေါင်းလောင်းသံက ကောင်မလေးတွေကို အထဲပြန်ဝင်လာဖို့ဆော်သြလိုက်သည်။ တန်းစီဖို့အချိန်ရောက်ပြီ။ လူရေခံဖို့အချိန်ရောက်ပြီ။ ခေါင်းကိုဝပ်စင်းပြီး မှုခင်းဖြစ်ရာကိုတစ်ချက်ငဲ့ကြည့်လိုက်သည်။ ဝမ်းနည်းမှုလှိုင်းလုံးကြီးကို ငါ့ခန္ဓာပေါ်ခဏတာလွှမ်းမိုးခွင့်ပေးပြီး ဒီနေ့ဟာငါ့ကိုနှစ်မြှုပ်မဲ့နေ့မဟုတ်သေးဘူးလို့ ဆုတောင်းလိုက်သည်။ ဒါတွေအကုန်လုံး မနက်ဖြန်မှာပြန်စဦးမယ်ဆိုတာ ငါကောင်းကောင်းကြီးသိနေပြီးသားမဟုတ်လား။ ဘာလို့လဲဆိုတော့ ငါက နံပါတ်တစ်ခုပဲလေ။ သေးငယ်လှတဲ့ နံပါတ်ခြောက်လုံး။ နာကျင်မှုဆိုတာကိုမသိတတ်တဲ့နံပါတ်တွေ။ အဲ့နံပါတ်တွေမှာ အခွင့်အရေးဆိုတာမရှိဘူး။ အဲ့နံပါတ်တွေမှာ သိက္ခာဆိုတာမရှိဘူး။

 

နံပါတ်တွေ…ဒီအထဲမှာတော့ ငါတို့အားလုံးဟာနံပါတ်တွေပဲလေ။

 

ပြီး။

 

ပုံ – စနစ်များကိုဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်ဇင်များ – စည်းရုံးရေး၊ ရှင်သန်ရေးနှင့် ပြောင်းလဲခြင်းဆိုင်ရာအလေ့အကျင့် (Abolition Feminisms: Organizing, Survival, and Transformative Practice) ပေါင်းချုပ်ပထမတွဲစာအုပ်မျက်နှာဖုံးအတွက် အိုင်လင်းဟီမာနစ် (Eileen Jimenez) ဆွဲသောပန်းချီကားပိုစတာ (www.eileenjimenez.com)။ စာအုပ်မျက်နှာဖုံးဒီဇိုင်းကို အမန်ဒါပရီဖီ (Amanda Priebe) ပြုလုပ်သည်။

မမ်မိုရီ

သူ့ပိုင်ရှင် မိန်းကလေးက အမြဲတမ်း ပလတ်စတစ်အခွံနဲ့ ကာထားပေးပြီးသားမို့လို့ ဖုန်းကလေးအတွက်ကတော့ တော်သေးသည်။ တစ်ခါ တစ်ခါ အိတ်ထောင်ထဲက ထိုးထွက်နေတဲ့အခါမျိုးတော့ ဖုန်းကလေး မိုးရေ နည်းနည်းစိုတတ်တာပေါ့။ ဒါပေမဲ့ ရပါတယ်။ မိန်းကလေးက အမြဲတမ်း သူ့ကို ဂရုတစိုက်ရှိလှသည်။ ပလတ်စတစ်အခွံတောင်မှ တစ်လကြား တစ်ခါ လဲလှည့်ပေးလေ့ရှိသည်။ အခွံလေးပေါ်မှာတော့ ရောင်စုံခြယ် စတစ်ကာမျိုးစုံနဲ့ တန်ဆာဆင်ပေးထားပြန်တော့ ဖုန်းကလေးသည် တော်တော် အချစ်ခံရမှန်း အသိသာသည်။ သူကလည်း မိန်းကလေးဘဝအတွက် မရှိမဖြစ် အရေးပါတာကိုး။ အထူးသဖြင့် မိန်းကလေးချစ်သူနဲ့ မိန်းကလေးကြားမှာတော့ ဖုန်းကလေး မပါမဖြစ်။

 

“ကိုကို နိုးပြီလား နိုးရင် ပြောနော်”

 

ဖုန်းကလေးသည် မိန်းကလေးအပါးမှာ မနက်အိပ်ရာနိုးရင်နိုးချင်း မိန်းကလေးချစ်သူဆီ မှတ်စာပို့ရန် အမြဲတမ်း အဆင့်သင့်ရှိနေတတ်သည်။ မိန်းကလေးက ဒီမှတ်စာကို နေ့စဥ် မပျက်မကွက် ပို့နေကျ။

 

“ကိုကို နိုးပါပြီ အခု သင်တန်းဆင်းရတော့မှာမို့ ညနေ အလုပ်အားတော့မှ စကားပြောကြမယ်နော်”

 

မိန်းကလေးချစ်သူ စာပြန်လေ့ရှိသည်။ သမီးရည်းစားသက်တမ်း ၁ နှစ်ကြာမှာ မိန်းကလေးချစ်သူက ရုရှားကို စစ်ပညာတော်သင်နဲ့ ထွက်ရလေသည်။ အဲ့ဒီအခါတုန်းက မိန်းကလေးခမျာ တအိအိနဲ့ ငိုတာ ဖုန်းကလေး ခုထိ သတိရသေးသည်။ အဲ့နောက်ပိုင်းကစပြီး မိန်းကလေးနဲ့ သူ့ချစ်သူကြားမှာ ကူးလူးဆက်သွယ်မှုမှာ ဖုန်းကလေး ပိုပြီး အထင်ကရ ဖြစ်လာသည်။ အခုဆို မိန်းကလေးချစ်သူ နိူင်ငံခြားမှာ ၂ နှစ်လောက်ရှိနေပြီ ဖြစ်လေသည်။ နောက်နှစ်ထဲတော့ သင်တန်းပြီးမယ် ကိုကို ပြန်လာတော့မယ်လို့ မိန်းကလေးချစ်သူ ပြောတာ တစ်ခါ ဖုန်းကလေး ကြားဖြတ်နားထောင်ဖူးသည်။

 

အချိန်ကွာခြားတာတစ်ကြောင်း၊ သင်တန်းဆင်းရတာတစ်ကြောင်းကြောင့် မိန်းကလေးချစ်သူက မြန်မာစံတော်ချိန် မနက်ပိုင်းဆို မအားတတ်ဘူးဆိုတာ ဖုန်းကလေးလည်း သိသည်။ ရန်ကုန်မြို့ညနေ နေဝင်ချိန် ၈ နာရီ ၉ နာရီလောက်ဆိုရင်တော့ ဖုန်းကလေးတစ်ကိုယ်လုံး ပူကျစ်လာတဲ့အထိ မိန်းကလေးနဲ့ သူ့ချစ်သူတို့ စကား‌ပြောကြသည်။ တစ်ခါတစ်လေတော့ မိန်းကလေး ဖုန်းကလေးကို အိပ်ရာပေါ် ပစ်ထားပြီး ကွန်ပြူတာနဲ့ ‌ပြောကြသည်။ အဲ့လိုအခါမျိုးကျ ဖုန်းကလေးအတွက် ပျင်းဖို့ကောင်းသည်။ အရေးမပါဘူးလို့ ဖုန်းကလေး သူ့ကိုယ်သူ ထင်သည်။

 

တစ်ခေါက်ကဆို မိန်းကလေး သူ့ချစ်သူနဲ့ စိတ်ကောက်တာ ဖုန်းကလေးခမျာ ကြားထဲက နေမထိ ထိုင်မသာတွေ ဖြစ်ရသည်။ မိန်းကလေးချစ်သူက တဂွမ်ဂွမ် ဖုန်းခေါ်သည်။ မိန်းကလေးက လုံးဝ ဖုန်းကလေးကို မကိုင်။ မိန်းကလေးချစ်သူ ဘယ်လောက်ခေါ်သလဲ ဘာမှတ်စုတွေများ ပို့သလဲ သိရအောင်လို့တော့ ကောက်တော့ကြည့်သည်။ လူသားတွေရဲ့ အချစ်က ရှုပ်ထွေးဆန်းပြားလွန်းလှလေသည်။ ဒါပေမဲ့ ခဏနေ သူတို့ (ဖုန်းကလေးကြောင့်ပဲ) ပြန်အဆင်ပြေသွားမယ်ဆိုတာ သိနေကျဆိုတော့လည်း အားအင်ဘယ်လောက်ကုန်ကုန် ကြားထဲကနေ သူ့ ဖန်သားပြင်ကို သူ့ပိုင်ရှင် မိန်းကလေးအတွက် အဆင့်သင့် လင်းပေးရင် ပျော်ရသည်။

 

*

 

မိန်းကလေးနဲ့ သူ့ချစ်သူသည် တက္ကသိုလ်ကျောင်းသားဘဝမှာ တွေ့ကြတာဆိုပေမဲ့ တက္ကသိုလ်နယ်မြေပေါ်မှာ တွေ့ကြတာတော့ မဟုတ်ပေ။

 

ဆယ်တန်းပြီးတော့ မိန်းကလေး မီတဲ့အမှတ်က ဆေးဘက်ဆိုင်ရာ။ ရန်ကုန်မြို့အပြင်နားက ဆေးဘက်ဆိုင်ရာတက္ကသိုလ်က မိန်းကလေးလူဦးရေ ပိုများသည်။ လူတစ်ဖက်သားကို ပြုစုစောင့်ရှောက်ပေးတဲ့ ဆေးပညာနဲ့ ပတ်သက်တဲ့ နာ့စ်တို့၊ ဆေးဘက်ဆိုင်ရာကလို ဓါတ်ခွဲ ဓါတ်မှန်ရိုက်တာတို့ ဆီးစစ် သွေးစစ်တာတို့လို ဘာသာရပ်တွေမှာ အလိုလိုနေရင်း မိန်းကလေးလူဦးရေ များတယ်ဆိုတာ မိန်းမဆိုတာ ပင်ကိုသဘာဝကိုက ယုယကြင်နာတတ်လို့ ဒီလိုအလုပ်မျိုးတွေနဲ့ ကိုက်တယ်လို့ လူတွေက ဆိုကြသည်။ ဖုန်းကလေးတို့အတန်းအစားမှာ အန်းဒရွိန်းနဲ့ အက်ပဲလ် ကွာသလိုမျိုး ယောင်္ကျား မိန်းမ ကွာခြားတယ်လို့ ပြောချင်ကြတာလား မသိ။ ဒါဆို ဘာလို့ ဆရာဝန်ဖြစ်ဖို့အတွက် တက်ရတဲ့ ဆေးကျောင်းကျတော့ ‌ယောင်္ကျားလေးရော မိန်းကလေးရော လူဦးရေ မတိမ်းတယိမ်း ရှိရတာလဲ ဖုန်းကလေး အံ့အားသင့်ရပြန်သည်။

 

လူသားတွေရဲ့ ဘဝဖြစ်တည်မှုက ဖုန်းကလေးတို့လို မဟုတ်ပေ။ ဖုန်းကလေးတို့ဖြစ်တည်ချက်ကတော့ ရှင်းသည်။ ဖုန်းကလေးကို လူအချင်းချင်း ဆက်သွယ်ဖို့ အများဆုံး ဝယ်တဲ့လူလည်း ရှိသလို ဂိမ်းဆော့ဖို့ ဝယ်တဲ့လူ ဓါတ်ပုံရိုက်ဖို့ ပုံလှလှထွက်စေတဲ့ ကင်မရာကောင်းကောင်းပါမပါ စိစစ်ပြီး ဝယ်တဲ့လူလည်း ရှိသည်။ နောက်မှသာ ဖုန်းကလေးလို ပိုင်ရှင်ကို အတွယ်အတာပိုလာတာ၊ ပိုင်ရှင်ဖြစ်ချင်တာကို အလိုလိုနေရင်း သတိမူမိလာတာကတော့ တစ်မျိုးပေါ့လေ။ ဘယ်လိုကြောင့်ပဲ ဝယ်ဝယ် လူတွေကြား အချင်းချင်း ပေါင်းကူးဆက်ဆံပေးရမယ်ဆိုတာတော့ ဖုန်းကလေးရဲ့ ပင်မအလုပ်တစ်ခုလို့ ဖုန်းကလေး ထင်သည်။ ကိစ္စများမြောင် လူတို့ဘောင်ဆိုသလို လူတွေရဲ့ ဖြစ်တည်ချက်ကတော့ မွေးလာရာကနေ သေတဲ့အထိ ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာ ခန့်မှန်းရခက်သည်။ ပွေလီလှပေသည်။

 

ဖုန်းကလေးပိုင်ရှင် မိန်းကလေးကိုယ်တိုင်လည်း တကယ်တမ်း ဘာဖြစ်ချင်သလဲဆိုတာလည်း ဖုန်းကလေးမသိပါ။ သူ အမှတ်မီတဲ့ကျောင်းသာ ဘွဲ့တစ်လုံးရဖို့ တက်ရမယ်ဆိုတာ အလိုလို ဖွင့်မပြောဘဲ မိန်းကလေး ခံယူထားတယ် ထင်သည်။ အဲ့လိုဆိုပြန်တော့လည်း ဖုန်းကလေးနဲ့ မိန်းကလေး နေ့စဥ် လက်ပွန်းတတီးနေပေမဲ့ မိန်းကလေး ဘာတွေတွေးနေပြန်သလဲ ခန့်မှန်းရခက်နေပြန်သည်။

 

ဖုန်းကလေးပိုင်ရှင်တက်တဲ့ ဆေးဘက်ဆိုင်ရာတက္ကသိုလ်က မိန်းကလေးများတယ်ဆိုပြီး စစ်ပညာတက္ကသိုလ်ဘက်က ကျောင်းသားတွေ အပိုးအပမ်းလာကြသည်။ စစ်ပညာတက္ကသိုလ်ကျတော့ မိန်းကလေးတို့ကျောင်းနဲ့ ပြောင်းပြန်။ ယောင်္ကျားလေးတွေသာ ဝင်ခွင့်လက်ခံသည်။ အဲ့တော့လည်း တက္ကသိုလ်ပရိဝဏ်ချင်း ဝေးပေမဲ့ ကျောင်းနှစ်ကျောင်းကြား အောင်သွယ်တော်တွေများတာ မဆန်းပေ။ မိန်းကလေးချစ်သူနဲ့ မိန်းကလေးကလည်း ကြားထဲက အောင်သွယ်တော်သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ တွေ့ရခြင်း ဖြစ်လေသည်။ ဒါတောင်မှ အောင်သွယ်တော်က အစပိုင်းပဲပါသည်။ မိန်းကလေးဆီက ဖုန်းနံပါတ်ရပြီးနောက် သူတို့နှစ်ယောက် စကားပြောတာ ဖုန်းကလေးသာ အသိဆုံးဖြစ်လာသည်။ အမှန်တိုင်းပြောရရင် ဖုန်းကလေးသာ မိန်းကလေးနဲ့ သူ့ချစ်သူကြားက အောင်သွယ်တော် အစစ်လေ။

 

*

 

ပထမဆုံးတွဲတဲ့ ရည်းစားဆိုတော့ မိန်းကလေးက အတွယ်အတာပိုသည်။ မိန်းကလေးချစ်သူက တက္ကသိုလ်ကျောင်းသား‌‌တောင်မှ ရိုးရိုး မေဂျာတန်းက မဟုတ်။ တစ်ချိန်ချိန်မှာ ဂုဏ်သရေရှိ စစ်ဗိုလ်တစ်ယောက်ဖြစ်လာနိူင်တဲ့သူဆိုတော့ မိန်းကလေးမိဘတွေဘက်ကလည်း ကြည်ဖြူမယ်လို့ မိန်းကလေးထင်သည်။ မိန်းကလေးမေမေလည်း မိန်းကလေးမှာ ချစ်သူရှိတာ ရိပ်မိပေမဲ့ မတွဲနဲ့ မတားတာ ဒါကြောင့် ဖြစ်ပေမည်။ လူငယ်ဆိုတော့လည်း တက္ကသိုလ်တက်နေချိန်တွေမှာ တခြားကိစ္စတွေထက် အချစ်သဘောသဘာဝကိုသာ ဦးစားပေး ရင်ခုန်ချင်ကြသည်။ သူတို့ အတန်းပြေးပြီး ကန်တော်ကြီးစောင်းမှာ အနမ်းချင်းဖလှယ်ချင် ဖလှယ်ကြမည်။ ညနေစောင်းရင် တရုတ်တန်းအလယ်ကောင်က ကန့်လန့်ကာတွေ အပြည့်ကာထားလို့ မှောင်နေတဲ့ အအေးခန်းစားသောက်ဆိုင်လေးမှာ ဆူရှီ ဝင်စားချင် စားကြမည်။

 
“အရမ်းချစ်တယ် ကိုကို”
 
“ကိုကိုလည်း အရမ်းချစ်တယ်”
 

မြေနီကုန်းမှာ တစ်ခါတစ်လေ မိုးခိုရင်း ရခိုင်မုန့်တီဝင်စားကာ ချစ်တမ်းချင်း ညည်းတဲ့အခါလည်း ညည်းကြသည်။ ထီးလေးကွယ်ပြီး လူမမြင်အောင် အနမ်းမိုးသဲတာတော့ ဖုန်းကလေးက မျက်နှာပူပူနဲ့ ကြည့်ရသည်။ တစ်ခါတစ်လေ သူတို့ နမ်းတာကို ဖုန်းကလေးကို တမင်မှတ်တမ်းတင်ခိုင်းတာမျိုးလည်း ရှိတတ်သည်။ ဖုန်းကလေးရဲ့ မမ်မိုရီထဲမှာက မိန်းကလေးနဲ့ သူ့ချစ်သူရဲ့ အချစ်မှတ်တမ်းတွေချည်းသာ ဖြစ်လေသည်။

 

“ကိုကိုတို့ ဘွဲ့ရပြီးရင် နှစ်ဖက်မိဘ အသိပေးပြီး လက်ထပ်ဖို့ စီစဥ်ရတာပေါ့”

 

ဖုန်းကလေးလာတဲ့ အနောက်နိူင်ငံတွေကလို ခုမြင် ခုတွဲ ခုချစ် ခုပြတ်တာမျိုး မဟုတ်တော့ ဖုန်းကလေးက သူတို့ အချစ်ကို ပို လေးစားသည်။ သူတို့အချစ်ကိုယ်စား ဖုန်းကလေးက သူ့မိတ်ဆွေတွေကို ကြွားဝါဂုဏ်ယူရသည်။

 

တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်တွဲကြတဲ့ ချစ်သူတွေဆိုတာ အနောက်နိူင်ငံတွေမှာ ရှားတယ်လို့ ဖုန်းကလေးနဲ့ တစ်ဘတ်ချ်တည်းဆင်းတဲ့ မိတ်ဆွေတွေက တစ်ခါတစ်လေ အယ်လ်ဂိုရင်သမ်တွေကနေ ဆုံရင် ပြောပြကြသည်။ သူတို့ပိုင်ရှင်တွေဆို သူတို့ကို ဂရုလည်း သိပ်မစိုက်ကြ၊ ဒီတစ်လုံးပျက်ရင် နောက်တစ်လုံးပြောင်းမယ်ဆိုတဲ့ စိတ်နဲ့ ဆက်ဆံကြသတဲ့။ အဲ့တော့ သူတို့တွေ သမီးရည်းစားဆက်ဆံရေးကိုလည်း ရေလဲသုံးကြတယ်ဆိုတာ မဆန်းတော့ပေ။

 

ဖုန်းကလေးပိုင်ရှင် မိန်းကလေးနဲ့ သူ့ချစ်သူကတော့ သူတို့အချစ်ရေးအနာဂတ်ကို ရေရှည်စီမံကိန်းချထားပြီးပြီ ဖြစ်လေသည်။ မိန်းကလေးချစ်သူ ကျောင်းပြီးရင် ရုရှားကို ပညာတော်သင် ၃ နှစ်သွားရမည်။ အဲ့အတောအတွင်းမှာ မိန်းကလေးကလည်း အလုပ်လုပ်ရင်း ပိုက်ဆံစုကာ မိန်းကလေးချစ်သူပြန်အလာကို စောင့်မည်။ မိန်းကလေးချစ်သူ ပညာတော်သင်ပြီး ပြန်လာရင် နိူင်ငံတော်ကလည်း စစ်ဗိုလ်တစ်ယောက်အနေနဲ့ ရာထူးအလုပ်အကိုင် အဆင့်သင့် အာမခံထားပြီးသားဆိုတော့ ကြင်စဦး ဇနီးမောင်နှံအတွက် ဘဝအသစ်တစ်ခု ထူထောင်ဖို့ အားလုံး ပြည့်စုံပေလိမ့်မည်။

 

ဒါပေမဲ့ သူတို့စီမံကိန်းထဲမှာ ဒီနှစ်ထဲ စစ်အစိုးရ အာဏာသိမ်းမယ်ဆိုတာတော့ မပါခဲ့ဘူးလေ။

 

*

 

အဲ့ဒီနေ့က တစ်ကယ်ကို မှတ်မှတ်ရရ။ မိန်းကလေးမနိုးခင်မှာတင် ဖုန်းကလေးဆီ တဂွမ်ဂွမ် မှတ်စာတွေဝင်သည်။ နိူင်ငံရေးနဲ့ ပတ်သက်ပြီး မိန်းကလေးထက်ပို နှံ့စပ်ကြတဲ့ မိန်းကလေးသူငယ်ချင်းတချို့က မနက် အာရုဏ်မတက်ခင် အာဏာသိမ်းသွားတာကို မိန်းကလေးထက် စောသိကြသည်။ မိန်းကလေးကို ဖေ့ဘုတ်လင့်တွေ လှမ်းပို့ကြသည်။

 

မိန်းကလေးနိုးလာတော့ သူ့ကိုကိုဆီတောင် မှတ်စာချက်ချင်း ပုံမှန်လို မပို့နိူင်။ ဒလဟောဝင်လာတဲ့ သတင်းတွေ ဖတ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း ချက်ချင်းမသိ။

 

“ကိုကိုရေ မြန်မာပြည်က သတင်းတွေ ကြားပြီးပြီလား”

 

“အင်း ကိုကို ဖေ့ဘုတ်ပေါ်မှာ တွေ့တယ်”

 

“ကိုကိုရယ် ဒါဆို ဘာတွေဖြစ်လာမှာလဲ မသိဘူး ဒုက္ခပဲနော်”

 

“သိပ် စိတ်မပူပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ”

 

မနက်စာစားရင်း မိန်းကလေးနဲ့ သူ့ကိုကို မှတ်စာ အပြန်အလှန်ပို့ဖြစ်ကြသည်။ မိန်းကလေးအမေကလည်း သူတို့ခေတ်ကလို စစ်တပ်အုပ်ချုပ်ရေးကြီးအောက် ပြန်မရောက်ပါစေနဲ့လို့ တဖျစ်တောက်တောက် မြည်တွန်နေလေသည်။

 

အဲ့ဒီနေ့က ဖုန်းကလေး အား ခဏ ခဏ ကုန်လေသည်။

 

*

 

ဖုန်းကလေးရဲ့ ခုနောက်ပိုင်းအလုပ် အသစ်ကတော့ မှတ်တမ်းတင်ဓါတ်ပုံ။ အရင်က မိန်းကလေး သူ့သူငယ်ချင်းတွေနဲ့ အပြင်သွား မုန့်စား ဘာညာလောက်သာ မှတ်တမ်းတင်ရပေမဲ့ အခုတော့ ဖုန်းကလေး မှတ်တမ်းမှာ ရန်ကုန်မြို့တခွင် ဆန္ဒပြမှုပုံရိပ်တွေ နေရာယူများလာသည်။ မိန်းကလေးတို့ တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေကလည်း စစ်တပ်ကို ဆန္ဒပြဖို့ ကျောင်းမတက်ပဲ

CDM (civil disobedience movement) မှာ သပိတ်မှောက် ပါဝင်လာကြသည်။

 

လှည်းတန်းဘက်မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်တော့ မိန်းကလေးလည်း သူ့သူငယ်ချင်းတစ်အုပ်နဲ့ ပါသွားသည်။ အရင်က နိူင်ငံရေးဆိုတာ ဖေ့ဘုတ်ပေါ်မှာ ရေးတဲ့ ရယ်စရာ ဟာသတွေလောက်၊ တစ်ခုခုဆို အမေစု ပြောသမျှ လုပ်သမျှ အကောင်းထင်ခဲ့တဲ့ မိန်းကလေး အခုတော့ နိူင်ငံရေးကို ရိပ်ပါးစွန်းချည်လောက် သဘောပေါက်လာသည်။ ဖုန်းကလေးထဲကနေတဆင့် နယ်စပ်ဘက်တွေမှာ စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို ပုံတွေကနေ မျက်ဝါးထင်ထင် တွေ့လာရသည်။ တစ်ခါတစ်လေ အဲ့ပုံတွေကြည့်ရင်း မိန်းကလေး မျက်ရည်တွေကျတာ ဖုန်းကလေးတွေ့လေသည်။

 

မိန်းကလေးခမျာ အသည်းပဲ ငယ်လှချည်လားလို့ ဖုန်းကလေးတွေးမိပေမဲ့ အရင်က နုနယ်လှတဲ့ သူ့ပိုင်ရှင် မိန်းကလေးကို ဒီလို ‌ဒေါသောနဲ့ တွေ့ရတာ ဖုန်းကလေးအတွက် တစ်မျိုး ဆန်းနေပြန်သည်။ လူတွေက ဖုန်းကလေးတို့ မဟုတ်။ သူတို့ သက်တမ်းတလျှောက် ပြောင်းလဲနိူင်သည်။ ပြောင်းလဲလို့လည်း ရသည်။

 

မိန်းကလေး ဒီလိုစာတွေ ပုံတွေ အဖတ်များလာလေလေ ညဥ်အရ ဖုန်းကလေးကလည်း အဲ့ဒီသတင်းတွေနဲ့ ပတ်သက်တဲ့သတင်းတွေ ထပ်ထပ် အကြံပေးမိပြန်သည်။ အဲ့တော့လည်း မိန်းကလေး သူတို့ ဗမာလူမျိုးတွေ အရင်က ရိုဟင်ဂျာတွေအပေါ် ဘယ်လိုဖိနှိပ်ညှင်းပန်းခဲ့သလဲဆိုတာတွေ ဖတ်မိလာသည်။ ဗမာလူမျိုးကြီးဝါဒတွေအကြောင်း၊ ‌‌ယောင်္ကျား မိန်းမ ခွဲခြားဆက်ဆံရေးတွေအကြောင်း၊ ဗုဒ္ဓဘာသာကို နိူင်ငံရေးအရ ဘယ်လို အသုံးချသလဲဆိုတာတွေအကြောင်း ဖတ်မိလာသည်။

 

အာဏာစစသိမ်းချင်းက ဆန္ဒပြပွဲတွေမှာ “အမေစုကျန်းမာပါစေ” လို့ အရင်က အာခေါင်ခြစ် အော်ခဲ့သလောက် အခုတော့ မိန်းကလေး အော်တဲ့ သံချပ်တွေ ပြောင်းသွားသည်။

 
“ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”
 
“ဒို့ပြည်သူတွေ ညီရဲ့လား‌‌ဟေ့”
 
“ညီတယ်ဟေ့ ညီတယ်ဟေ့”
 

မိန်းကလေး ပြောင်းလဲလာသည်ဆိုတာကို ဖုန်းကလေးက လက်ပွန်းတတီးနေသူဆိုတော့ တစ်နေ့ တစ်‌နေ့ တစိမ့်စိမ့် သိရပေမဲ့ မိန်းကလေးချစ်သူအတွက်ကတော့ ရုတ်တရက်ကြီး ဖြစ်ချင်ဖြစ်နေနိူင်လေသည်။

 

“ကိုကို ဟိုနေ့က ဖုန်းခေါ်တာ ဘာလို့ မကိုင်တာလဲ”

 

“ကျောင်းက သူငယ်ချင်းတွေနဲ့ ဆန္ဒပြပွဲတစ်ခုလုပ်ဖို့ အစည်းအဝေးရောက်နေလို့ ကိုကို ဆောရီးနော် ဖုန်းကိုတောင် မကြည့်မိဘူး”

 

ဟုတ်သည်။ အဲ့နေ့က မိန်းကလေး အလုပ်များသည်။ ဖုန်းကလေးက အရင်ကလို မိန်းကလေးအကြိုက်ပို့ထားတဲ့ ဖေ့ဘုတ် နိုတီတွေတောင် မကြည့်ဘူးလေ။ သူ့ကိုကို ဖုန်းခေါ်တာတွေလည်း လွတ်သွားသည်။

 

“ဒီလို ညနေစောင်းကြီးတွေ အပြင်တွေ လျှောက်သွားနေတာပေါ့ အဝေးက ကိုယ့်ချစ်သူ ဖုန်းတောင် အချိန်ပေး‌ပြောရလောက်အောင် မအားတော့ဘူးပေါ့”

 

“ကိုကို့ကို တမင် မပြောချင်လို့ ဖုန်းမကိုင်တာ မဟုတ်ပါဘူး ဒီမှာလည်း ကိုကို သိတဲ့အတိုင်း နိူင်ငံရေးက မငြိမ်မသက်ဖြစ်နေတာ လူငယ်တွေရဲ့ အနာဂတ်တွေအတွက် လူငယ်တွေပဲ လုပ်ရမှာလေ ကိုကို ကိုကို့ကိုတောင် ဒီမှာ အတူတူ တိုက်ပွဲဝင်စေချင်တာ ရှိစေချင်တာ”

 

“နေပါဦး ခုတော့ ကိုကို့ချစ်သူ ဇနီးလောင်းက နိူင်ငံရေးသမားပေါက်စဖြစ်နေပြီလား”

 

မိန်းကလေး အားရပါးရ စမယ့်စကားက သူ့ကိုကို ခနိုးခနဲ့ မေးတဲ့စကားကြောင့် ပြတ်သွားလေသည်။ စကားကို ပက်ခနဲ ပြန်ပြောနေကျ မဟုတ်တော့ ရုတ်တရက် မိန်းကလေး ဘာပြန်ပြောရမှန်းမသိ။ သူ့ကိုကိုက သူ့ကို အား‌ပေးလိမ့်မယ်လို့ မိန်းကလေး ထင်ထားခဲ့တာမလား။ မိန်းကလေး နှုတ်ဆွံ့နေချိန် သူ့ကိုကိုက ဆက်ပြောလေသည်။

 
"ကိုကို့အလုပ်ဆိုတာလည်း စစ်တပ်နဲ့ မပတ်သက်မနေရဆိုတာ မေ့နေပြီလား ကိုကို အခုလို ပညာတော်သင်ထွက်နိူင်တာလည်း စစ်တပ်ရဲ့ 
ထောက်ပံ့မှုတွေကြောင့်ပဲလေ အခု ဒီလိုတွေကြောင့်လည်း ကိုကို မြန်မာပြည်ကို ထင်ထားတာထက် စောပြန်လာဖြစ်တော့မယ် ကိုကို သင်နေတဲ့ ပညာတွေက
နယ်စပ်မှာ မငြိမ်မသက်ဖြစ်နေတာတွေကို တုံ့ပြန်ဖို့အတွက် သင့်တော်တော့ အထက်လူကြီးတွေက ကိုကို့ကို လိုအပ်နေပြီလေ ဒါကလည်း အဆိုးက 
အကောင်းပဲပေါ့ ကိုကိုတို့ လက်ထပ်ဖို့အတွက် ပြင်ဆင်နေတာတွေ ကိုကို ပြန်လာရင် သေသေချာချာ နှစ်ယောက်တူတူ ပြင်ဆင်လို့ ရတာပေါ့ 
ဒါတွေကို ပြောပြချင်နေတာ ကိုကိုတို့ အိမ်ထောင်ရေးအတွက် ဘာမှ ပူစရာလည်း မရှိတော့ဘူး ကိုကို့ လစာကလည်း လင်မယား နှစ်ယောက်စာတော့ 
အေးအေးဆေးဆေး လောက်ငရုံမက ပိုတောင် ပိုလျှံဦးမယ်လေ ကိုကိုအနေကလည်း မင်းကို ကျောင်းသပိတ်မှောက်တာ ဒီလောက်ရပ်သင့်နေပြီထင်တယ် 
ဗိုလ်ကတော်တစ်ယောက်က ဘွဲ့တစ်လုံးတောင် မရှိဘူးဆိုတာတော့ မဟုတ်သေးဘူးလေ နောက်မှသာ အလုပ်မလုပ်ဘဲ ကိုကို့လစာ သက်တောင့်သက်တာ 
ထိုင်စားစမ်းပါ အခု ဆန္ဒပြတာတွေက တော်ရုံတန်ရုံလောက်ဆို တော်သင့်ပြီပေါ့ အစကတော့ စိတ်ပြေလက်ပျောက်ဆိုတော့ ကိုကိုလည်း သိပ်မတားခဲ့ဘူးလေ 
ကိုကို ခွင့်ပြုပေးထားခဲ့တယ် အခုတော့  ကိုကိုတို့နှစ်ယောက် ဘဝရှေ့‌ရေးအတွက် ကိုကို လက်နဲ့ရေးထားတာကို ခြေနဲ့ဖျက်သလို ဖြစ်နေမှာ စိုးတယ်"
 

"ကိုကို့ခွင့်ပြုချက်ရမှ လုပ်ရမယ်လို့ ဆိုလိုတာလား စစ်တပ်ရဲ့ ဖိနှိပ်မှု‌အောက်မှာ အခုလို ခံနေရတာ ကိုကိုမို့လို့ အဆိုးထဲက အကောင်းရှာနိူင်တယ်နော် 
ကိုကို့ကို လူငယ်တစ်ယောက်ဆိုတော့  နားလည်မယ်ထင်ထားတာ ကိုကို့စစ်တပ်ကို ဒီလောက်ခင်တွယ်နေရင် ရှေ့‌ရေးဆိုတာ တိုင်ပင်လို့ မ‌ရဘူး 
အံ့သြလွန်းလို့ ဒီထက်ပိုပြီး ပြောစရာ စကားမရှိတော့ဘူး"

ရင်တွေခုန်လာလွန်းလို့ ပြောချင်တာတွေ အဆီအငေါ်မတည့်ပြောပြီး သူ့ချစ်သူ စကားပြန်ပြောချိန်မရခင် မိန်းကလေးကို ဖုန်းကိုပိတ်ချလိုက်သည်။ ပြီးတော့ မိန်းကလေး ငိုသည်။

အဲ့ဒီ‌နေ့က ဖုန်းပြောပြီးကတည်းက မိန်းကလေးချစ်သူ သူ့ကို ဖုန်းပြန်မခေါ်ပေ။ မိန်းကလေးကလည်း တင်းပြီး ဖုန်းပြန်မခေါ်။ အရင်က စကားများ ရန်ဖြစ်တယ်ဆိုတာ ဘာမဆိုသလောက်လေးတွေကြောင့်သာဆိုတော့ ဒီလို နိူင်ငံရေးနဲ့ ချီပြီးဖြစ်တဲ့စကား ဘယ်လောက်ထိများသင့်သလဲဆိုတာ မိန်းကလေးမသိ။ ဖုန်းကလေးကလည်း သူတို့နှစ်‌ယောက်အချစ်ဆိုတာ အရင်က အနောက်တိုင်းအချစ်တွေနဲ့မတူလို့ မွှန်းဆိုခဲ့ဖူးတော့ အခုတော့ ဒါ ဘယ်လိုအချစ်မျိုးလည်းဆိုတာ အဆန်းတကြယ်ဖြစ်ရပြန်သည်။

တကယ် တကယ် လူတွေဟာ တကယ်ကို နားလည်ရခက်လှပေသည်။

*

ညညဆို မဝင်တော့တဲ့ ဖုန်းခေါ်သံတွေကို လျစ်လျုရှူဖို့အတွက် မိန်းကလေးတစ်ယောက် ဆေးဘက်ဆိုင်ရာတက္ကသိုလ်ကျောင်းသားကျောင်းသူများ ကိုယ်စားပြုအနေနဲ့ စစ်တပ်ဆန္ဒပြပွဲတွေကို အချိန်ပြည့်အားစိုက်လာသည်။ ဖုန်းကလေးထဲမှာ အရင်က မရှိဖူးတဲ့ တယ်လီဂရမ်တို့ စစ်ဂနယ်တို့တွေရောက်လာသည်။ အရင်ကလို မိန်းကလေးပို့တဲ့မှတ်စာတွေ ဖုန်းကလေး ကြားဝင်ဖတ်ကြည့်လို့မရတော့။ ဒီလောက် ရင်းနှီးခဲ့တဲ့ဖုန်းကလေးမှာတောင် မိန်းကလေးက လျှို့ဝှက်စရာတွေ ရှိနေပြီလား။ ဖုန်းကလေး အံအားသင့်ရသည်။

ဒါပေမဲ့ တစ်ခါတစ်လေ လူချင်းပြောကြတဲ့ စကားတွေကနေတဆင့် မိန်းကလေး ဘာတွေလုပ်နေလဲ ဖုန်းကလေး ရိပ်ပါးစောင်းချည် ကြားရသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ချိတ်ဆက်ဖြစ်ပြီး ဆန္ဒပြပွဲအပြင် ရေရှည်တိုက်ရမဲ့ နွေဦးတော်လှန်ရေးအတွက် သတင်းစာစောင်ဖျံ့တာ လိုအပ်နေတဲ့သူတွေ ဆေးကုပေးတာ စတဲ့ တခြားကိစ္စတွေပါ မိန်းကလေးက ပိုလုပ်ဖြစ်လာသည်။ သူ့ချစ်သူအကြောင်းသိတဲ့ သူငယ်ချင်းတွေက မေးလာတဲ့အခါ မိန်းကလေး အံကြိတ်ပြီး တင်းတင်းဖြေသည်။

"စစ်တပ်ကို အားပေးအား‌မြှောက်လုပ်တဲ့လူတွေတင် မကဘူး မတင်မကျဆက်ဆံတဲ့လူတွေနဲ့ပါ အပေါင်းအသင်း မလုပ်နိူင်ဘူးလေ ခုလို စောစောစီးစီး 
အကြောင်းသိရတော့ ပိုတောင် ကံကောင်းသွားသေးတာ သူ့ပုံတွေနဲ့ သူ့အကြောင်းသာ social shaming ထဲ ပါမလာပါစေနဲ့ ဆုတောင်းပါတယ်"

“အေး ငါတို့ ဂရုထဲ တင်လိုက်ရမလား ဟား ဟား ဟား”

အတည်တကျ ၃ နှစ်လောက် တွဲလာခဲ့တဲ့ ချစ်သူကို အခုလို ဘာကြောင့် လှောင်ပြောင်ရယ်မောတာလဲ ဖုန်းကလေး နားမလည်။ ဖုန်းကလေးလို့ စက်ပစ္စည်းတစ်ခုတောင်မှ သူ့ပိုင်ရှင် မိန်းကလေးအပေါ် သံယောဇဥ်တွယ်တတ်သေးတာပဲ။ မိန်းကလေးတို့ အချစ်ကို အားကျခဲ့ရတဲ့ ဖုန်းကလေး မှားပြီလား။

*

 

တစ်ညနေ မိန်းကလေးတစ်ယောက် နိူင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ထမီအလံထူချီတက်ပွဲအတွက် ထမီစတွေကို ဝါးလုံးမှာ ချည် ပြင်ဆင်နေချိန် ဖုန်းဝင်လာသည်။ မိန်းကလေးချစ်သူရဲ့ မြန်မာပြည် ဖုန်းနံပါတ်။ သူ မြန်မာပြည်ထဲ ပြန်ရောက်နေပြီ ဖြစ်မှာပေါ့။ အရင်လို ချစ်သူတွေ ချစ်စကားဆိုတာ နားထောင်ရတော့မယ်ဆိုပြီး ဖုန်းကလေးက ကြားထဲက မြူးသွားသည်။ အရင် ရန်ဖြစ်ခဲ့ပြီး ပြန်ခေါ်ရင် မိန်းကလေးနဲ့ သူ့ချစ်သူ ချစ်စကားဆိုတာ နားထောင်ရတာ ဖုန်းကလေး ကြိုက်သည်။ နှစ်ယောက်သား ရှက်သလိုလိုနဲ့ တစ်ယောက်ကို တစ်ယောက်အလျှော့ပေးကြတဲ့ ခံစားချက် လေထဲ လှိုင်းစီးသလိုနေမှာပဲ။

 

တတီတီ မြည်နေတဲ့ ringtone မရပ်မချင်း မိန်းကလေးက ဖုန်းကလေးရဲ့ ဖန်သားပြင်ကိုသာ စောင့်ကြည့်နေသည်။ ဘာလို့ ဖုန်း ချက်ချင်း မကိုင်တာလဲ မိန်းကလေးရေ။

 

ဖုန်းမြည်သံ ရပ်သွားသည်။ ခဏနေတော့ အသံမှတ်စာဝင်လာသည်။ မိန်းကလေး ချက်ချင်း ဖွင့်နားထောင်လိုက်သည်။

 

“ကိုကိုတို့ နှစ်ယောက်ရဲ့ အချစ်ရေးကို လေးစားတယ် တန်ဖိုးထားတယ်ဆိုရင် ကိုကို့ကို အကြောင်းပြန်ပါ ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ လုပ်ခဲ့ လုပ်ခဲ့ ကိုကို တာဝန်ယူနိူင်ပါတယ် ခွင့်လွှတ်ပါတယ်”

 

အို ချစ်သူက တောင်းပန်နေပြီပဲ။ မိန်းကလေး‌ရေ ဖုန်းပြန်ခေါ်လိုက်မှာလားဟင်။ မိန်းကလေးဆီက ဘာသံမှ ထွက်မလာ။ အသံမှတ်စာကို ပြန်ဖတ်မလား သိမ်းမလား မေးနေတဲ့အထိ မိန်းကလေးက ဖုန်းကလေးကိုကိုင်ထားဆဲ။ မိန်းကလေး ပါးပြင်နားကပ်နေတဲ့ ဖုန်းကလေးကို မျက်ရည်စတွေ လာစိုလေသည်။ မိန်းကလေး ဘာလို့ ငိုနေရတာလဲ။ သူ့ချစ်သူက ပြန်ခေါ်နေပြီပဲလေ။

 

မိန်းကလေး ဖုန်းကလေးကို မျက်နှာကခွာပြီး သူ့ချစ်သူ ဖုန်းနံပါတ်ကို ညာဘက်အပေါ်နားက settings ကနေတဆင့် block ဆိုတာကို ရွေးလိုက်သည်။ နေပါဦး မိန်းကလေးရေ။ block ဆိုတာ ဒီဖုန်းနံပါတ်နဲ့ အဆက်အသွယ်လုံးဝ လုပ်လို့ မရတော့ဘူးဆိုတာ မသိဘူးလား။ ဘာလို့ မိန်းကလေးချစ်သူ ဖုန်းနံပါတ်ကို block လုပ်ရတာလဲ။ ဒီလို block လုပ်တော့ ဖုန်းကလေးက ဘယ်လို အောင်သွယ်လုပ်ပေးလို့ ရတော့မှာလဲ။ မေးခွန်းတွေနဲ့ တွေဝေနေဆဲမှာ မိန်းကလေးက သူ့ချစ်သူနဲ့ အရင်ကပြောခဲ့တဲ့ စကားတွေ အသံဖိုင်တွေ ရုပ်ဖိုင်တွေ ပို့ခဲ့တဲ့ မှတ်စာတွေအကုန်လုံးကို တစ်ခုပြီးတစ်ခု ဖျက်ပစ်လိုက်သည်။

 

ပြီးတော့ ဖုန်းကလေးမှာ ပေကျံနေတဲ့ မျက်ရည်စတွေ သုတ်ပေးပြီး ကုတင်ပေါ် ပစ်တင်လိုက်ကာ မိန်းကလေးက ထမီစတွေ ဝါးလုံးမှာ ဆက်ချည်နေလေသည်။

 

ဖုန်းကလေးကတော့ သူ့ပိုင်ရှင်မိန်းကလေးရဲ့ အချစ်ကို နားမလည်တော့။ လူတွေရဲ့ အချစ်ကို ဖုန်းကလေးက နားလည်လွန်းလှပြီထင်နေတာ အမှားကြီး မှားပြန်သည်။ နောက်တစ်ခါ ဖုန်းကလေး software update မလုပ်ခင် မိန်းကလေးဖျက်လိုက်တဲ့ သူ့ချစ်သူနဲ့ ပတ်သက်တဲ့မှတ်စာတွေ ပုံတွေတော့ ဖုန်းကလေးရဲ့ အတွင်း မမ်မိုရီထဲမှာ ကျန်ဦးမည်။ ဒီ မမ်မိုရီတွေ ပျောက်မသွားခင် နောက်တစ်ခေါက် သူ့မိတ်ဆွေတွေနဲ့ အယ်လ်ဂိုရင်သမ်တွေမှာဆုံရင် ပြန်ပြောပြရဦးမည်။

လူသားတွေရဲ့အချစ်ကို ဖုန်းကလေးတော့ မည်သို့မည်ပုံ နားလည်ရမယ်မှန်း လုံးဝမသိတော့ပါဘူးဆိုတာ။

Continue reading “မမ်မိုရီ”

ပစ်တိုင်းထောင်

အုံးခနဲ ထလာတဲ့ အခိုးအငွေ့တွေကြား ပစ်တိုင်းထောင် တပတ်လည်သွားသည်။ စပ်ဖျင်းဖျင်း မျက်လုံးတွေကြားကနေ
အပေါင်းအပါတွေကို တစ်ချက် ရှာမိသည်။ ဘာမှ သေချာ မမြင်ရ။ သိပ်မကြာခင်လေးမှာတင် သေနတ်သံတွေ
ဆူညံသွားသည်။

ပစ်တိုင်းထောင်နဲ့ အမေကြီး နှစ်ယောက်တည်းနေတဲ့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်က တိုက်ခန်း ၄ လွှာက အိမ်ခန်းလေးဟာ ပုံမှန်ဆို တိတ်တိတ်ဆိတ်ဆိတ် ရှိလှသည်။ မနက်ဆို ၃ နာရီ လောက် ထတတ်တဲ့ အမေကြီးရဲ့ ဘုရားစာရွတ်သံကြားကနေ ပစ်တိုင်းထောင် ပေပေတေတေ နှိုးတဝက် ပျော်တဝက် ကပ် အိပ်တတ်သည်။ တရားထိုင်ပြီး အာရုဏ်တက်ချိန်လောက်ဆိုရင် အမေကြီး စျေးသွားပြီ ဖြစ်သည်။ ပစ်တိုင်းထောင်က အိမ်ထဲက အိမ်ပြင် ထွက်တတ်တဲ့သူ မဟုတ်။ များသောအားဖြင့် အမေကြီးကလည်း ပေးမထွက်။

သစ်သားနဲ့ လုပ်ထားတဲ့ ဧည့်ခန်းက နှစ်ယောက်ထိုင် ဆက်တီဘေးထောင့်နားက ပြတင်းပေါက်ကနေ မနက်ဆို လမ်းထဲက အလျှိုလျှို ထွက်လာကြတဲ့ လူတွေကို ထိုင်ကြည့်ရတာက ပစ်တိုင်း‌ထောင်ရဲ့ နေ့စဥ်အလုပ်တစ်ခု။ ပစ်တိုင်းထောင်တို့ အိမ်က လမ်းထောင့်မှာဆိုတော့ လမ်းအသွယ်ထဲက မနက်ဆို ကိုယ်စီ ကိုယ်စီ ထွက်လာတဲ့လူတွေကို တိုက်ပေါ်ကနေ အစုံမြင်ရသည်။ ရပ်ကွက်ထဲက လူငယ်ကောင်မလေးတွေ မျက်နှာသနပ်ခါးအဖွေးသားနဲ့ ထမင်းဘူးတွေ ကိုယ်စီ ကိုင်ကာ အလုပ်သွားဖို့ လမ်းထိပ်က ဘတ်စ်ကားဂိတ်ကို ထွက်ကြသည်။ အမေကြီးတို့နဲ့ အသက်အရွယ် မတိမ်းမယိမ်း အန်တီကြီးတချို့ကတော့ စျေးမကွဲခင် စျေးခြင်းတောင်းဆွဲကာ သုတ်သုတ် သုတ်သုတ်သွားကြသည်။ သူတို့က အိမ်က အမေကြီးလိုမဟုတ်။ အိပ်ရာထနောက်ကျသည်။ စျေးကွဲရင် အသားငါးကလည်း မလတ်တော့၊ အသီးအနှံကလည်း သူများအကျန်တွေသာရတတ်တယ်လို့ အမေကြီး ခဏ ခဏ ‌ပြောတတ်သည်။

၇ နာရီလောက် အမေကြီး စျေးကပြန်လာချိန်လောက်ဆိုရင်တော့ လမ်းထောင့်က ကွမ်းယာဆိုင်လေးက အကျအန ဆိုင်ဖွင့်ပြီးပြီ ဖြစ်သည်။ မနက်တိုင်း စျေးဝယ်လေ့ရှိပေမဲ့ အမေကြီး စျေးခြင်း‌တောင်းကြီးက အမြဲတမ်း ရာသီပေါ် တွေနဲ့ ပြည့်လျှံနေတတ်သည်။ စျေးခြင်းတောင်း ဘယ်လောက်လေးလေး အမေကြီးက ပစ်တိုင်းထောင်ကို ကူသယ်ခိုင်းလေ့မရှိ။ ၄ လွှာက တိုက်ခန်းကို သူ့ ဘာသာသူ ခြေကျင်တက်သည်။

စျေးက ပြန်လာပြီး ချက်ချင်း မီးဖိုဝင်တာ မနက် ၁၀ နာရီလောက်မှ အမေကြီး ချက်တာပြုတ်တာ ပြီးသည်။ အိမ်နေလူဦးရေ ဒီလောက်မများပေမဲ့ အမေကြီးက အနည်းဆုံးတော့ တစ်နေ့ကို ဟင်းခွက် ၃ ခွက်လောက်ချက်သည်။ အသားဟင်းဆီပြန်တစ်ခွက်၊ ရာသီပေါ် အသီးအရွက်‌ကြော်တစ်ခွက်နဲ့ ဟင်းချိုတစ်ခွက်တော့ အမြဲပါသည်။ တစ်လတစ်ခါလောက် ငပိကြော်ကြော်တဲ့ အခါများတော့ တိုက်ခန်းက ပြင်ထောင်သစ်သားနဲ့သာ အခန်းကန့်ထားတဲ့ နောက်ဖေးမီးဖိုချောင်ကနေ ဧည့်ခန်းအထိ တစ်အိမ်လုံး အနံ့မှိုင်းတိုက်ခံရသည်။ ဒါပေမဲ့ ပစ်တိုင်းထောင်လည်း အမေကြီး ငပိကြော်ကို ကြိုက်သည်။ နိူင်ငံခြားရောက်သွားတဲ့ အမေကြီးရဲ့ တူတစ်ယောက်ကတော့ မြန်မာမတွေ ငပိနံ့ နံ့လွန်းသည် ဆိုသည်။

မီးဖိုထဲ တစ်မနက်လုံး ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ပြီးရင်တော့ အမေကြီး ရေချိုးသည်။ ‌ရေချိုးရင်းနဲ့ ကိုယ်ပေါ်က အဝတ်တွေ တစ်ခါတည်း ချွတ်လျှော်သည်။ မိုးရာသီကလွဲလို့ ကျန်တဲ့ အချိန်တွေတော့ ရန်ကုန်မှာ ပူတဲ့နေနဲ့ နေ့လည်လောက် နောက်ဖေးမှာ လှန်းတဲ့ အဝတ်တွေ ချက်ချင်းခြောက်တာများသည်။ အိမ်မှာ အဝတ်လျှော်စက်ရှိပေမဲ့ မီတာခကုန်မှာစိုးလို့ ပစ်တိုင်းထောင်တို့အိမ်မှာ အင်္ကျီတွေ လက်နဲ့ပဲ လျှော်တာများသည်။

“ဂလောက် ဂလောက်”

ချက်တာပြုတ်တာ ပြီးခါနီးလောက်ဆို ခေါင်းလောင်းဆွဲသံ ကြားရတတ်သည်။ တိုက်အောက်ကနေ လှမ်းဆွဲလို့ မြည်တဲ့ ခေါင်းလောင်း တစ်ခါတစ်လေ အသံက ကြားရတစ်ချက် မကြားရတစ်ချက်။ ကလင် ကလင်လို့ မြည်ရမဲ့အစား ခေါင်းလောင်းက ဝရံတာက အုတ်နံရံနဲ့ တိုက်ပြီး ဂလောက် ဂလောက်လို့ မြည်တတ်သည်။ မီးဖိုချောင်ထဲရောက်နေရင်ဖြင့် အမေကြီး ခေါင်းလောင်းဆွဲသံ မကြားတတ်။ ပစ်တိုင်းထောင်ကသာ ဧည့်ခန်းမှာဆိုတော့ ကြားရသည်။

၁၁ နာရီလောက် နေမမြင့်ခင်ဆိုရင်တော့ ဟိုဘက်လမ်းက အမေကြီး သူငယ်ချင်း အန်တီကြီး အိမ်လာလှည့်တတ်သည်။ နေ့လည်စာ စား‌သောက်ပြီးမှ အေးအေးဆေးဆေး သူပြန်သည်။ အဲ့ဒါ‌ကြောင့်လည်း အမေကြီး တစ်နေ့ တစ်နေ့ ဟင်းတွေ အများကြီး ချက်တာကိုး။ လာမယ် ကြိုမပြောထားတဲ့ သူတွေကို ကျွေးဖို့ မွေးဖို့ ဖြစ်လေသည်။ နေ့လည်စာစားရင်း စကားတွေဖောင်ဖွဲ့ကြတာ ကုန်စျေးနှုန်းကအစ နိူင်ငံရေးအထိပါလေသည်။ အတင်းအဖျင်းလေးလည်း တစ်ခါတစ်လေ စွက်တတ်သည်။ ပစ်တိုင်းထောင်ကတော့ သူတို့ စကား‌ပြောတာ ဘေးကနေ ငုတ်တုတ်ထိုင်နားထောင်ရတာ အမေကြီးရဲ့ ည ၇ နာရီ ကိုးရီးယားဇာတ်လမ်းတွဲတွေထက် ပို သဘောကျသည်။ ဒရာမာ ပိုများသလား မသိ။

နေ့လည် ၁ နာရီလောက် သူပြန်ရင်တော့ အမေကြီး ဧည့်ခန်းထဲမှာ ဖျာခင်းပြီး တရေးတမော မှိန်းတတ်သည်။ နေပြင်းတာကြောင့် ပစ်တိုင်းထောင်တို့ လမ်းလေးလည်း လူရှင်းသွားသည်။ အကုန်လုံး အလုပ်သွားတဲ့လူတွေကသွား အမေကြီးလို ရုံးအလုပ်မလုပ်တဲ့လူတွေက အိမ်ထဲ ပြန်နားနဲ့ သူဌေးရပ်ကွက်လိုလို ဘာလိုလို ဆိတ်ငြိမ် လှသည်။ ပစ်တိုင်းထောင်တော့ သူဌေးရပ်ကွက်ရောက်ဖူးလို့တော့ မဟုတ်။ အမေကြီးတို့ စကားပြောရင် ကြားကြားနေရတတ်တဲ့ ဆိတ်ငြိမ်ရပ်ကွက်ဆိုတာကို မြင်ယောင်ကြည့်ခြင်း ဖြစ်သည်။ ညနေ အလုပ်ဆင်းချိန်လောက်ကျမှ လမ်းကလေး ပြန်စည်ကားလာလိမ့်မည်။

ညနေစောင်းဆိုရင်တော့ ပစ်တိုင်းထောင်ခမျာ လမ်းထောင့်မှာ ဟိုဘက်လမ်းကနေ လာဖွင့်တတ်တဲ့ ရခိုင်မုန့်တီ အရမ်းစားကြည့်ချင်သည်။ ၁၁ နှစ် ၁၂ နှစ်အရွယ် သားအမြွှာလေး နှစ်ယောက်က မုန့်စားတဲ့သူတွေ ထိုင်ဖို့ ပလတ်စတစ် ခုံပုလေးတွေ အရင်လာချသည်။ ခဏနေရင် သူတို့အမေ အငွေ့တထောင်းထောင်းထနေတဲ့ မုန့်တီဟင်းရည်အိုးကြီးသယ်ပြီး လမ်းထောင့်က ကွမ်းယာဆိုင်လေးဘေးမှာ နေရာလာချသည်။ လေဝေ့လာရင်တော့ ပစ်တိုင်းထောင်ထိုင်တဲ့ ဧည့်ခန်းထိ မုန့်တီနံ့က လာမွှေးသည်။

ဗမာလူမျိုးတွေသာ အနေများတဲ့ ပစ်တိုင်းထောင်တို့ ရပ်ကွက်ထဲ ရခိုင်မုန့်တီတော့ တော်တော်ကြိုက်ကြသည်။ ပစ်တိုင်းထောင်က ဗိုက်သိပ်မဆာတတ်ပေမဲ့ တိုက်ပေါ်က လှမ်းကြည့်ရင်း သရေတမျှားမျှားကျမိသည်။ ညနေ ၄ နာရီလောက်ကနေ ဆိုင်စခင်းတာကနေ မမှောင်ခင် ဟင်းရည်အိုးကြီး မကုန်တဲ့နေ့ မရှိပေ။ အမေကြီးကတော့ ဗိုက်အောင့်တတ်လို့ လမ်းဘေးစာ ဝယ်မစားဘူးလို့ ပြောသည်။

အလုပ်ကပြန်လာတဲ့ ကောင်မလေးတွေလည်း အစုလိုက် မုန့်တီ ညနေစာ အဆာပြေ ဝင်စားကြသည်။ ကာလသားတွေကလည်း သူတို့ သဘောကျနေတဲ့ ကောင်မလေးတွေကို မထိခလုတ် ထိခလုတ် နှုတ်ဆက်ချင်တော့ ကွမ်းယာဆိုင်ဘေး ကွပ်ပျစ်ကနေ လူစုပြီး မျက်စပစ်ကြသည်။ ပစ်တိုင်းထောင်တော့ ဧည့်ခန်းပြတင်းပေါက်ကနေ ကြည့်ရင်း ကလိကလိနဲ့ ပျော်သည်။ တစ်ခါတစ်ခါ လူပျို အပျိုတွေ အိစိကလိလုပ်ကြတာ ဘယ်လိုနေသလဲ ပစ်တိုင်းထောင် သိချင်မိသည်။

မှောင်လာရင်တော့ လမ်းထောင့်က ကွပ်ပျစ်ပေါ်ကနေ လေးဖြူသီချင်းတွေ ထိုင်ဆိုလေ့ရှိကြတဲ့ ကာလသားတသိုက်ကလွဲလို့ လမ်းပေါ် လူသိပ်မရှိတော့။ အမေကြီးလည်း ထုံးစံအတိုင်း တီဗီဖွင့်ပြီး ကိုးရီးယားကား ထိုင်စောင့်ရင်း မနက်က စျေးထဲက ငှားလာတဲ့ မဂ္ဂဇင်းထိုင်ဖတ်သည်။ ပစ်တိုင်းထောင်တော့ ကိုးရီးယားကားတွေ မုန်းသည်။ တစ်ခါလာလည်း သွေးကင်ဆာနဲ့ သေတာ၊ မောင်နှမချင်း ချစ်တာနဲ့ လုံးချာလိုက်နေသည်လို့ ထင်သည်။ အမေကြီး ကိုးရီးယားကား စွဲစွဲမြဲမြဲကြည့်တတ်တာ တစ်ယောက်တည်း အထီးများကျန်နေလို့လား ပစ်တိုင်းထောင်တွေးမိသည်။ အမေကြီးနဲ့ ပစ်တိုင်းထောင်က တစ်ယောက်နဲ့ တစ်ယောက် စကားသိပ်ပြောလေ့‌ပြောထမှ မရှိတာ။ ကိုးရီးယားကားပြီးချိန် အမေကြီး ဘုရားစင်‌ရှေ့ထိုင်ရင်တော့ ပစ်တိုင်းထောင် အတွေးတွေ အမျှင်ယှက်လေ့ရှိသည်။

အမေကြီးတို့စားတဲ့ ထမင်းလုံးတွေ ဘယ်က လာတာလဲ။
ပစ်တိုင်းထောင် ထိုင်နေကျနေရာ ဧည့်ခန်းဆက်တီဘေးကနေ လှမ်းကြည့်ရင် မြင်ရတတ်တဲ့ လမ်းပေါ်က ဗွက်အိုင်တွေ 
ဘယ်လောက်များ အောက်ခြေ နက်သလဲ။
ညည လူတွေ ဘာအိမ်မက်တွေများ မက်ကြသလဲ။

**********

အခုတလော အမေကြီး သူငယ်ချင်းလည်း အိမ်လာမလည်တော့။ ရခိုင်မုန့်တီနံ့လည်း မရတာ တော်တော် ကြာလေပြီ။ အိမ်အောက်ကနေ ခေါင်းလောင်းဆွဲသံကြားရင် အမေကြီး လန့်နေတတ်သည်။ ကာလသားတွေကတော့ လမ်းပေါ်ရှိသေးသည်။ အရင်ကဆို ညည သီချင်းဆိုတတ်တဲ့ ကာလသားတွေကို ဆူညံလို့ဆိုပြီး အပြစ်တင်တတ်တဲ့ အမေကြီးကတောင် မနက် ည သူတို့တွေပဲ ပစ်တိုင်းထောင်တို့ လမ်းကလေးကို ကာကွယ်ပေးနေတာလို့ မြည်တမ်းလာသည်။ ဟိုတစ်နေ့က အမေကြီး ဖုန်းပြောနေသံကြားသည်။ အိမ်မှာ ယောင်္ကျားသားမရှိတော့ အမေကြီးက တစ်ည ၁၅၀၀ နဲ့ ကင်းစောင့်ခပေးရတယ်တဲ့။ ပစ်တိုင်းထောင်ကတော့ နဂိုကတည်းက ကိုယ့်ကိုယ်ကို သိပ် ထထမြောက်မြောက် ဘာမှ လုပ်တတ်သူမဟုတ်ဆိုတော့ အမေကြီး ယောက်ယှက်ခတ်နေတာကိုပဲ ထိုင်ကြည့်ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ။

ဒီနေ့တော့ အမေကြီး ပစ်တိုင်းထောင်ကို စကားသေချာ ထိုင်ပြောသည်။ ပစ်တိုင်းထောင် အိမ်ထဲက အိမ်ပြင်ထွက်သင့်နေပြီတဲ့။ တော်လှန်ရေးအတွက် လမ်းထဲက ကောင်မလေးတသိုက်တောင် နေ့တိုင်း အလုပ်မသွားဘဲ အနီစတွေ ခေါင်းပတ်ပြီး လမ်းပေါ် ဆန္ဒပြနေကြပြီတဲ့။ အဲ့ဒါကြောင့် သူတို့ မျက်နှာပေါ် သနပ်ခါးမတွေ့ရတော့တာကိုး။ ပစ်တိုင်းထောင် တွေးမိသည်။

အမေကြီးက တစ်နေ့ တစ်နေ့ ဖုန်းတဂွမ်ဂွမ်နဲ့ အလုပ်များနေသည်။ သူ ၁၉၈၈ ခုနှစ်တုန်းက ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအကြောင်း အခုမှ ပစ်တိုင်းထောင်ကို ပြန်ပြောပြသည်။ အဲ့တုန်းက အမေကြီး ပစ်တိုင်းထောင်ကို မရသေး။ နုနုငယ်ငယ် ကျောင်းဆရာမအရွယ်မှာ အင်းစိန်ဘက်မှာ လမ်း‌ပေါ်ထွက်လို့ အိမ်မပြန်ရဲဘဲ တိန်းရှောင်ခဲ့ရသတဲ့။

အမေကြီးကလည်း ပစ်တိုင်းထောင်ကို လမ်းပေါ်ထွက်သာထွက်ခိုင်းနေသည်။ ဒီနေ့တော့ သတင်းတွေကြားရသည်။ စမ်းချောင်းဘက်မှာ အပစ်အခတ်တွေဖြစ်သည်ဆိုပဲ။ လူငယ်တွေ တော်တော်ခံရသည်။ အဖမ်းလည်းခံရသည်။ အပစ်အခတ်လည်းခံရသည်။ အခုဆို သေတာတွေတောင် ပစ်တိုင်းထောင် လက်ချိုးမရေနိူင်တော့။

လူတွေ သေပြီးတဲ့နောက် ဘယ်ရောက်သွားကြသလဲ။ ပစ်တိုင်းထောင် အတွေးရှည်မိပြန်သည်။ 

**********

အဲ့နေ့က သာမန်နေ့တွေလို ဘာမှ မထူးသလိုပင်။ အမေကြီး မနေ့ညက ဆုံးဖြတ်ချက်ချလိုက်သည်။ ပစ်တိုင်းထောင်ကို ဒီကနေ့ လမ်းပေါ်ခေါ်သွားမည်တဲ့။ ပစ်တိုင်းထောင်ကတော့ ရင်တခုန်ခုန်။ ဆန္ဒပြတယ်ဆိုတာ ဘာလဲ ပစ်တိုင်းထောင်မသိ။ ပစ်တိုင်းထောင်က အတွေးတွေနဲ့ နေတတ်တဲ့သူ၊ ဆန္ဒဆိုတာ ထုတ်ဖော်ပြောလေ့ရှိတဲ့သူမဟုတ်။ ထုတ်ဖော်ပြောချင်တိုင်းပြောလို့ရတဲ့ လူတန်းစားလည်း မဟုတ်ပေ။ ကြောက်မိသလိုလိုရှိပေမဲ့ မလုပ်ဖူးတာ လုပ်ရမှာမို့ အားရသလိုလိုခံစားရသည်။

ပစ်တိုင်းထောင်တို့ ရပ်ကွက်နဲ့ အနီးအနားက ကျောင်းသားဆန္ဒပြပွဲတွေ စုရုံးလေ့ရှိတဲ့ လှည်းတန်းကို အမေကြီး ခေါ်သွားသည်။ အင်္ကျီအနီ ဘောင်းဘီအနီ အထက်အောက်ဆင်တူဝတ်ထားတဲ့ ပစ်တိုင်းထောင်တစ်ယောက် ဆန္ဒပြကြမဲ့နေရာရောက်တော့ ကိုယ်နဲ့ဆင်တူလှတဲ့ အပေါင်းအပါတွေကို အံ့မခန်းတွေ့ရသည်။ အရင်က တစ်ခါမှ မတွေ့ဖူး မသိဖူးပေမဲ့ အခုလို အရေးရယ်အကြောင်းရယ် ကိုယ်နဲ့ စိတ်တူမဟုတ်ရင်တောင်မှ ကိုယ်တူတွေတွေ့ရတာ အားရစရာတော့ ကောင်းလှသည်။

အမေကြီးကတော့ ဆန္ဒပြတဲ့လမ်းနားက သူ့မိတ်ဆွေတစ်ယောက်အိမ်မှာ ပစ်တိုင်းထောင်ကို စောင့်နေမယ်တဲ့။ အိုကြီး အိုမအရွယ်ရောက်မှ အမေကြီးကို လမ်းပေါ် ဆန္ဒတကားကား ထွက်မပြစေချင်။ ဒီတစ်ခါတော့ ပစ်တိုင်းထောင်တို့ တိုက်ရမယ့်အလှည့်မဟုတ်လား။

အမေကြီး ပစ်တိုင်းထောင်ကို နေရာချပြီးနောက် သိပ်မကြာခင်လေးတင်မှာတင် သူတို့ရောက်လာကြသည်။ ပစ်တိုင်းထောင်တို့က အစုလိုက် အင်အားတော့များသည်။ ဒါပေမဲ့ ဘာလက်နက်မှ မပါ။ သူတို့ဘက်နေ လူစုခွဲရန် မျက်ရည်ဗုံးတွေ စပစ်သည်။

**********

အုံးခနဲ ထလာတဲ့ အခိုးအငွေ့တွေကြား ပစ်တိုင်းထောင် တပတ်လည်သွားသည်။ စပ်ဖျင်းဖျင်း မျက်လုံးတွေကြားကနေ အပေါင်းအပါတွေကို တစ်ချက် ရှာမိသည်။ ဘာမှ သေချာ မမြင်ရ။ သိပ်မကြာခင်လေးမှာတင် သေနတ်သံတွေ ဆူညံသွားသည်။

ပစ်တိုင်းထောင် ဘာမှလည်း မကြားရတော့။ ဘာမှလည်း မမြင်ရတော့။ ခံစားမိတာတစ်ခုက ပစ်တိုင်းထောင် ဝမ်းဗိုက်တစ်နေရာမှာ တစ်ဆို့ဆို့ဖြစ်သွားသည်။ ကျည်ဆံမှန်ပြီ ထင်သည်။ မျက်လုံးကို အားယူပြီး ဖွင့်ကြည့်မိသည်။ ပစ်တိုင်းထောင် ဒီတစ်ချီတော့ ပြန်မထောင်နိူင်တော့ပြီလား။

ဟောင်းလောင်းပွင့်နေတဲ့ ပစ်တိုင်းထောင်ဗိုက်ကို ငုံ့ကြည့်ရင် ကိုယ့်မျက်လုံးကို ကိုယ်မယုံနိူင်။ ကျည်ဆံကြောင့် ဖွာဖရကျဲသွားတဲ့ စက္ကူစတွေကလွဲလို့ ပစ်တိုင်းထောင် ဗိုက်ထဲမှာ အူလည်းမရှိ၊ သွေးလည်း မရှိ။ တီဗွီမှာ လာနေကျ ကျန်းမာရေးစကားဝိုင်းတွေကို နားထောင်နေကျ ပစ်တိုင်းထောင် လူ့ခန္ဓာကိုယ်ထဲမှာ ဘာအင်္ဂါတွေရှိလည်းဆိုတာ သိသည်။ ဒါဆို ဘာလို့ ပစ်တိုင်းထောင်မှာ အသည်းလည်း မရှိ၊ နှလုံးလည်း မတွေ့၊ အူလည်း မရှိရတာလဲ။ ခေါင်းအစ ခြေအဆုံး ပစ်တိုင်းထောင် ခန္ဓာကိုယ်ကို တည်ဆောက်ထားတဲ့ အမာခံ စက္ကူစ‌ဂေါက်ဂတ်တွေကသာ ပစ်တိုင်းထောင်ကို လှောင်သလိုလို ပြောင်သလိုလို ပြန်ကြည့်နေကြသည်။

အပေါင်းအပါတွေကို လှမ်းကြည့်မိတော့ သူတို့လည်း ကိုယ်စီ ကိုယ်စီ အတုံးအရုန်းလဲနေကြသည်။ သေနတ်ပစ်သူများကတော့ အားရလို့ထင်သည်။ ပြန်လှည့်သွားကြသည်။ လမ်းကလေးသည် လေထဲမှာ ဝဲနေသည့် စက္ကူစ အကြွင်းအကျန်များမှအပ ရုတ်တရက် ငြိမ်သက်သွားသည်။

ပစ်တိုင်းထောင်တစ်ယောက် ဟောင်းလောင်းပွင့်နေတဲ့ ဝမ်းဗိုက် တစ်နေရာကနေ တစစ်စစ်အောင့်လာသည်။ ရုပ်ဝတ္တုရယ်လို့ မည်မည်ရရ ပြစရာမရှိတဲ့ နှလုံးသားက နာကျင်လာသည်။

အမေကြီးရော ပစ်တိုင်းထောင်ကို သတိရမလား။ သိသိရက်နဲ့ ပစ်တိုင်းထောင်ကို အရုပ်တစ်ရုပ်သာဆိုပြီး စတေးခဲ့တာလား။
 
ပစ်တိုင်းထောင်မှာ နှလုံးသားရှိတာ အမေကြီး မသိရက်ရော့လား။ 

ပစ်တိုင်းထောင်တို့ လမ်းထဲက ကာလသားတွေ ကာလသမီးတွေ မနက်စျေးဝယ်ထွက်တဲ့ အိမ်ရှင်မတွေ ရခိုင်မုန့်တီသည်ကြီးနဲ့ 
သူ့သားအမြွှာလေးတွေ အမေကြီး ဧည့်ခန်းအိမ်ပြတင်းဝမှာ အရင်က အမြဲရှိတတ်တဲ့ ပစ်တိုင်းထောင်ကို သတိရကြမလား။

မေးခွန်းတွေလုံးချာလည်နဲ့ ပစ်တိုင်းထောင် အသက်ရှူမဝတော့။ ချစ်စဖွယ် ဆေးနက်နက်များခြယ်ထားတဲ့ မျက်တောင့်ကော့ရှည်ရှည်များနဲ့ ပစ်တိုင်းထောင် မျက်လုံးများ ငြိုးစင်းလာသည်။ မဆိုသာ ခပ်ကွေးကွေးလေး ဆေးရေးထားတဲ့ နှုတ်ခမ်းများလည်း မပြုံးနိူင်တော့။ စက္ကူစနဲ့လုပ်တဲ့ အရုပ်ပေမဲ့ နှလုံးသားရှိသူ ဒီဘဝမှာ လာဖြစ်ရတာ တန်ပါတယ်လေလို့ တွေးမိရင်း နွေဦးလေအဝှေ့မှာ ပစ်တိုင်းထောင် ဝိဥာဥ်ချုပ်ငြိမ်းသွားလေတော့သည်။

Continue reading “ပစ်တိုင်းထောင်”