ပဋိပက္ခတွေနဲ့ကမ္ဘာ

“ဘုရားစင်ရှေ့လာခဲ့ဦး ပြောစရာရှိတယ်”

ငယ်ငယ်က အမေ ဒီစကားပြောပြီဆို အမေ ငါ့ ဘာများဆူတော့မလဲဆိုပြီး ကျွန်မ နှလုံးတွေ၊ ရင်တွေထဲ တဒိတ်ဒိတ်နဲ့ အမြဲလန့်ခဲ့ရတယ် အဲ့လိုခေါ်ခဲ့တိုင်းလည်း တစ်ခုမဟုတ်တစ်ခုနဲ့ ပတ်သတ်ပြီး အမေဆူတာ ကျွန်မ ခံခဲ့ရတာချည်းပဲဆိုတော့လေ စာဖတ်သူတွေရော ကိုယ့်မိသားစုထဲမှာ သဘာထားမတူတာ ဒါမှမဟုတ် အမြင်မတူတာ၊ တစ်ယောက်ယောက်က အမှားလုပ်မိတာ၊ တစ်ဖက်သားအပေါ် ထိခိုက်စေမိတာ အစရှိတဲ့ ပဋိပက္ခတွေရှိတိုင်း ဘယ်လိုဖြေရှင်းပြောဆိုဆွေးနွေးလေ့ရှိကြသလဲ? ဆွေးရောဆွေးနွေးကြသလား? ဒီတိုင်းပဲ ဖျာအောက်ထိုးထည့်ထားပြီး မေ့ပစ်လိုက်ကြသလား? (ကျွန်မအမေက ဗုဒ္ဓဘာသာစွဲဆိုတော့ ဆူရင် ဘုရားကိုသက်သေတည်ပြီး ဆူတာပေါ့လေ ကျွန်မတို့ခမျာ ပိုရှက်ရတာပေါ့)

ဒီအပတ်ထဲ ကျွန်မ ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့စကားဝိုင်းတစ်ဝိုင်းတက်ရောက်ဖြစ်တယ် မြန်မာပြည်ပညာရေးအကြောင်းဆွေးနွေးရင်း ကျွန်မ တွေးမိတာက ပညာရေးစနစ်၊ စာသင်ခန်းတွေအပြင်ကိုပါကျော်လွန်ပြီး ကျွန်မတို့ ရိုးရာဓလေ့ထုံးတမ်းတွေထဲမှာပါ အမြစ်တွယ်နေတဲ့ ပဋိပက္ခတွေကို အချင်းချင်းကျန်းကျန်းမာမာ ဆွေးနွေးညှိနှိုင်းမှုအလေ့အထဟာ နည်းနေသေးတယ်ဆိုတာပဲ ဒါကို ကျွန်မကတော့ ပဋိပက္ခတွေနဲ့ ပတ်သက်လာရင် အလွန်တော်အလွန်တတ်နေလို့ ဆရာမကြီးလုပ်ပြီး ရှင်းပြဖို့ ဒီဆောင်းပါးကို ရေးတာမဟုတ်ပါဘူးဆိုတာ ကြိုတင်စကားခံချင်တယ် ကျွန်မကိုယ်တိုင် ကြီးပြင်းလာရတဲ့ဘဝမှာရော၊ လက်ရှိ မိမိလွတ်မြောက်ရေး (စစ်တပ်မှတင်မက အခြားသော ကျွန်မတို့ ခန္ဓာနဲ့စိတ်ကို ဖိနှိပ်ထားသော စနစ်တွေအကုန်လုံးမှ လွတ်မြောက်ရေး) အတွက်ကြိုးပမ်းကြရာမှာတင် တွေ့ကြုံလာရတဲ့ ပဋိပက္ခတွေရဲ့ အတွေ့အကြုံတွေအပေါ်မှာပါ မူတည်ပြီး ဒီပဋိပက္ခဖြေရှင်းရေး (conflict resolution) ဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်ထိလိုအပ်လာပြီလဲဆိုတာ သုံးသပ်ကြည့်ချင်ပါတယ်

ဒီစိတ်ဆန္ဒကို လှုံ့ဆော်တာကလည်း လွန်ခဲ့တဲ့လက Twitter ပေါ်က iamswimsoul ဆိုတဲ့ အကောင့်ကတင်ခဲ့တဲ့ tweet ကြောင့်လည်း ပါပါတယ် သူက ရေးခဲ့တယ်

“Everyone keeps calling for community but no one wants to learn conflict resolution. So community dissolves at the slightest conflict.”

“လူတိုင်းက ရပ်ရွာပတ်ဝန်းကျင်အစုအဖွဲ့ထောင်ဖို့သာ ပြောနေကြတယ် ဘယ်သူကမှ ပဋိပက္ခဖြေရှင်းရေးကို မလေ့လာမကျင့်သုံးကြဘူး အဲ့ဒီတော့ ပဋိပက္ခလေးနည်းနည်းဖြစ်တာနဲ့တင် ရပ်ရွာပတ်ဝန်းကျင်အစုအဖွဲ့ဆိုတာ ပျောက်ပျက်ရတယ်”

ဒီ tweet ဟာ ကျွန်မအတွက်တော့ တိုတိုလေးနဲ့ တော်တော်ထိပါတယ် ကျွန်မကျင်လည်နေတဲ့ မြန်မာပြည်နဲ့ဆက်စပ်ပတ်သက်နေတဲ့ ပတ်ဝန်းကျင်မှာရော၊ မြန်မာပြည်နဲ့ မဆက်စပ်တဲ့ ပတ်ဝန်းကျင်မှာရော ဒီပြဿနာကို ကျွန်မ မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရဖူးတယ် ပဋိပက္ခတွေကို မဖြေရှင်းချင်ကြလို့၊ တစ်ယောက်ကိုတစ်ယောက် မိမိထင်မြင်ရာ လေဘယ်တွေ ဘောင်တွေထဲခတ်လိုက်ပြီး ကျင်လိုက်ရာက သူတို့ မူရင်းတည်ထောင်ချင်တဲ့ ရပ်ရွာပတ်ဝန်းကျင်ဆိုတာ ပျက်ဆီးသွားကြရတယ် တချို့ကိစ္စတွေက တော်တော်နှမြောစရာပါ အစုအဖွဲ့တစ်ခု စုစည်းကြပြီး (ဒီနေရာမှာ ခေါင်းဆောင်တစ်ဦးတစ်ယောက်က ဦးဆောင်တဲ့အစုအဖွဲ့မဟုတ်ရင်တောင်မှ) ပါဝင်သူအချင်းချင်းကြားက ပဋိပက္ခဖြေရှင်းရေးဆိုတာကို ပဋိပက္ခမဖြစ်ခင်ကတည်းက ဘယ်လိုပြောဆိုဆွေးနွေးကြမလဲဆိုတာ ကြိုတင်စဉ်းစားကြဖို့ အရေးကြီးလာတယ်လို့ ကျွန်မ ထင်တယ်

ပဋိပက္ခဖြေရှင်းရေးအကြောင်းမပြောခင် ရပ်ရွာပတ်ဝန်းကျင် (community) ဆိုတာအပေါ် ကျွန်မလက်ခံတဲ့အမြင်ကို အရင်သုံးသပ်ချင်တယ် community လို့ခေါ်တဲ့ ကျွန်မ ဘာသာပြန်တဲ့ ရပ်ရွာပတ်ဝန်းကျင်ဆိုတဲ့စကားလုံးသဘောတရားဟာ အပေါ်ယံကြည့်လိုက်ရင် ဘာမှမဆန်းသလိုနဲ့ အမှန်တကယ်က ကျွန်မတို့ လူ့အဖွဲ့အစည်းတွေ ထူထောင်တဲ့နေရာမှာ အလွန်အရေးပါလှပါတယ် ရပ်ရွာပတ်ဝန်းကျင်ဆိုတာဟာ စနစ်တကျစုဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခု (ဥပမာ – ရွာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာကြည့်တိုက်) ကို အခြေခံပြီးဖြစ်‌ပေါ်လာတာ ရှိကောင်းရှိနိူင်သလို၊ စနစ်တကျမဟုတ်ပေမဲ့လည်း ရည်ရွယ်ချက်တူရာ၊ ဦးတည်ချက်တူရာ၊ စိတ်ဝင်စားမှုတူရာတွေ ကြုံသလို လာစုဝေးကြတဲ့ ad hoc ရပ်ဝန်းတစ်ခုလည်း ဖြစ်နိူင်တယ်လို့ ကျွန်မတော့ လက်ခံတယ်

အဲ့ဒီမှာမှ community ရဲ့ အဓိကအရေးကြီးတဲ့ အရည်အသွေးတစ်ခုဟာ ခေါင်းဆောင်မဲ့ခြင်းဖြစ်တယ် community တစ်ခုပေါ်ပေါက်လာဖို့ စတင်မတည်ပေးသူဟာ သူ့ကိုယ်သူ အဲ့ဒီ community ရဲ့ ခေါင်းဆောင်အဖြစ်မှတ်ယူထားလို့ မရဘူး ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တရားဟောဆရာ၊ ဘုန်းကြီးကနေ ခေါင်းဆောင်ထားတာမျိုး ဖြစ်ကောင်းဖြစ်နိူင်တယ် ဒါပေမဲ့ တကယ်တမ်းက ကျန်းမာတဲ့ community တစ်ခုမှာ ခေါင်းဆောင်အစား ရပ်ဝန်းလည်ပတ်ဖို့အတွက် လိုအပ်နေတဲ့အရာတွေကို ကူညီဝိုင်းဝန်းပေးသူတွေသာ ပိုလိုအပ်တယ် ဒီ community ထဲပါဝင်သူတွေတိုင်း တန်းတူညီမျှ မိမိအမြင်ကို ဆွေးနွေးချပြနိူင်ခွင့်ရှိပြီး တစ်ဦးတစ်ယောက်ရဲ့ ဆရာကြီးလုပ်မှု‌နောက်ကိုလိုက်ပြီး တည်ထောင်ထားတာကို community လို့ခေါ်လို့မရဘူးလို့ ကျွန်မမြင်တယ် အဲ့ဒါကြောင့်လည်း community နဲ့ organization ဆိုတာ ကွာနေတာပါပဲ community ဆက်လက်လည်ပတ်နေဖို့ တစ်ယောက်တစ်လှည့်စီ မတည်ပေးလို့ ရတယ် ဒါလိုလုပ်ခြင်းဟာ အုပ်ချုပ်သူမဲ့အမူအကျင့်တွေနဲ့ ကိုက်ညီနေတယ်

Community ဆိုတာကို ဒီလိုသဘောပေါက်တယ်ဆိုရင် အဲ့ဒီရပ်ရွာပတ်ဝန်းကျင်တစ်ခုမှာ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကိုလည်း ခေါင်းဆောင်တစ်ယောက်က တာဝန်ယူအဖြေထုတ်ပေးတာထက် community ထဲ ပါဝင်နေသူတိုင်းက မျှမျှတတဝိုင်းဝန်းစဉ်းစားအဖြေရှာပိုင်ခွင့်ရှိရမယ် မဟုတ်လား?

ကျွန်မတို့ ဗမာရိုးရာဓလေ့ထုံးစံအရ အာဏာဩဇာရှိသူတစ်ယောက်ယောက်က တရားစီရင်ပေးတာကို လက်ခံကြရတာ ကြိုက်နှစ်သက်လေ့ရှိကြတယ် ဒီနေရာမှာ mediator လို့ခေါ်တဲ့ ပဋိပက္ခဖြစ်သူနှစ်ဦးကြားက ကြားနေပြီး ပဋိပက္ခဖြေရှင်းပေးဖို့ ကြိုးပမ်းသူနဲ့ ဘယ်ဟာက အမှန်ဆိုပြီး မဟော်သဓာဆန်ဆန် အမိန့်ချပေးတာကတော့ မတူပါဘူး မနုဿဗေဒလိုက်စားသူဆန်ဆန် ကျွန်မကတော့ ပဋိပက္ခကို ရိုးရာဓလေ့နဲ့ ချိတ်ဆက်စဉ်းစားမိတယ် ဒါက ကျွန်မတို့ ဗမာလူ့အဖွဲ့အစည်းမှာ အထက်အောက် ခေါင်းဆောင်က ဖြေရှင်းပေးမှုဟာ အထက်ကပြောခဲ့သလို ရပ်ရွာပတ်ဝန်းကျင်တစ်ခုထဲ ပါဝင်သူတိုင်း မျှမျှတတဝိုင်းဝန်းဖြေရှင်းမှုထက် ပိုအရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသလဲဆိုတာပဲ (ဗမာလူ့အဖွဲ့အစည်းလို့ပြောရတာက ကျွန်မမှာ ဗမာရိုးရာဓလေ့နဲ့ လည်ပတ်တဲ့ အတွေ့အကြုံက ပိုများလို့ပါ ဒါပေမဲ့ ဗမာရိုးရာလို့ပြောတဲ့အခါ ဗမာလူမျိုးတွေကိုပဲ ပြောချင်တာမဟုတ်ဘဲ ဒီဗမာရိုးရာကို ကျင့်သုံးနေသူတိုင်း၊ အဲ့ဒီဓလေ့နဲ့ ကြီးပြင်းလာသူတိုင်းကို ဆိုလိုချင်တာပါ ဥပမာ ကရင်နီလူမျိုး၊ ချင်းလူမျိုးဖြစ်ပေမဲ့ ဗမာရိုးရာနဲ့ ကြီးပြင်းလာသူဖြစ်ကောင်းဖြစ်နိူင်ပါတယ်)

အခုလက်ရှိနိူင်ငံ‌ရေးအခြေအနေမှာတောင်မှ ရပ်ရွာပတ်ဝန်းကျင်တွေ တည်ဆောက်ကြမဲ့အစား ခေါင်းဆောင်သစ်ပေါ်လာဖို့ကို မျှော်နေကြသေးတဲ့သူတွေရှိတယ် နိူင်ငံနဲ့ချီပြီး ပဋိပက္ခအကြောင်းမပြောခင် ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ မိသားစုရိုးရာဓလေ့ကိုပဲ ပြန်စဉ်းစားကြည့်ပါဦး ဒါက ဒီဆောင်းပါးအဖွင့်မှာ ရေးခဲ့သလိုပဲ ကျွန်မကြီးပြင်းလာတဲ့ မိသားစုဓလေ့ဟာ အမှားတစ်ခုခု၊ ပဋိပက္ခတစ်ခုခုရှိပြီဆိုရင် အမေ့ရဲ့ ခေါင်းဆောင်မှုအောက်ကနေ ဖြေရှင်းတာ၊ အမိန့်ပေးတာကို ခံရ‌‌လေ့ရှိတဲ့ ဓလေ့ပဲ (ကျွန်မအဖေနဲ့ အမေဟာ အိမ်ထောင်ကွဲဖြစ်ပြီး ကျွန်မတို့ဟာ အမေနဲ့ပဲ ကြီးပြင်းလာတော့ အမေဟာ အိမ်ထောင်ဦးစီးလို့ ဆိုလို့ရပါတယ် အမေဟာ သန်းခေါင်စာရင်းမှာလည်း အိမ်ထောင်ဦးစီးပါပဲ) အမေ့ရဲ့ မိသားစုအထက် ပြန်ကြည့်ရင်လည်း အမေ့ပြောစကားအရ ကျွန်မတို့ အဖိုးရဲ့ အုပ်ချုပ်မှုအောက်မှာ အမေတို့ မောင်နှမတွေအပါအဝင် အဖွားကပါ လိုက်နာနေထိုင်ခဲ့ရတယ်လို့ သိရတယ်

အဲ့ဒီတော့ မိသားစုရဲ့ခေါင်းဆောင်အမေက ကျွန်မတို့ကို စကားပြောဖို့ခေါ်ပြီးဆိုရင် အဆူခံရတော့မယ်ဆိုတာနဲ့ပဲ တွဲတွေးမိပြီး ကျွန်မတို့ ကြီးပြင်းလာရပါတယ် အခုချိန်ထိပါပဲ ဒီစကားဝိုင်းမှာ ကျွန်မတို့ရဲ့ အမြင်ကို ချပြပိုင်ခွင့်မရှိသလို အမေပြောတဲ့စကား၊ အမေမှန်တယ်ထင်တဲ့ အမြင်ကိုသာ ကျွန်မတို့ နားထောင်ရလိမ့်မယ်ဆိုတာ တွေးသားကျနေတယ် စာသင်ခန်းတွေမှာလည်း ဒီလိုပါပဲ ဆရာ/ဆရာမရဲ့ အမိန့်ချ‌မှတ်ပေးမှု‌အပေါ်ပဲ အခြေခံပြီး အမှန်ဆိုတာကို ခွဲခြားရမယ်လို့ လက်ခံထားကြတယ် အဲ့တော့ ဒီလို မိသားစုဓလေ့တစ်ခုက ပေါက်ဖွားလာကြတဲ့ ကျွန်မတို့အတွက် မိမိတို့ကိုယ်တိုင် တန်းတူညီမျှအမြင်ကို ချပြပိုင်ခွင့်ရှိတဲ့ ပတ်ဝန်းကျင်ဆိုတာကို မြင်ယောင်လေ့ကျင့်တတ်ဖို့ ခက်နေတတ်တယ် တစ်ယောက်ယောက်က ပြောစရာရှိတယ်ဆိုရင်ကိုပဲ အဆူပဲခံရတော့မလား ကြောက်နေတတ်ကြပြီး သူတို့ဘာမှမပြောခင် အရင် မိမိကိုယ်ကို ကာကွယ်ဖို့ ကြိုးစားတတ်ကြတယ် ဒါတွေက ဒီလိုလုပ်တဲ့သူတွေကို အပြစ်တင်ဖို့ထက် ကလေးဘဝထရော်မာရဲ့ နောက်ဆက်တွဲအကြွင်းအကျန်တွေလို့ပဲ ကျွန်မကတော့ ယူဆပါတယ် ကျွန်မကိုယ်တိုင်လည်း ဒီမိသားစုဓလေ့ကို ပြန်သုံးသပ်လာနိူင်အောင် စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေ၊ counselor တွေနဲ့ စကားအကြာကြီးပြောခဲ့ရတယ် ကျောင်းက ဆရာမက မီတင်လာပါခေါ်တိုင်း ဘာများဆူခံရမလဲ ကြောက်တတ်ခဲ့ဖူးတဲ့ ကျွန်မကို ဒီအကြောက်တရား ဘယ်ကလာသလဲ ပြန်‌တွေးတောတတ်အောင် counselor တွေကမေးတော့မှ စဉ်းစားမိလာတာပဲ

အခုလက်ရှိ ကျွန်မအလုပ်အတူတွဲလုပ်ဖူးတဲ့၊ လုပ်ဖို့ကြိုးစားခဲ့ဖူးတဲ့သူတွေမှာလည်း ဒီလို ပဋိပက္ခကို ဖြေရှင်းဖို့ အရည်အသွေးတွေ အလေ့အကျင့်တွေ လိုနေတယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ် လွန်ခဲ့သောနှစ်က ကျွန်မနဲ့အလုပ်တွဲလုပ်ခဲ့တဲ့သူတစ်ယောက်နဲ့ သဘောထားမတူညီမှုတစ်ခုပေါ်ပေါက်ခဲ့တယ် ဒီကိစ္စကို ကျွန်မက အများအရှေ့မှာ ဆူငေါက်သလိုပြောမဲ့အစား သီးသန့်အစည်းအဝေးခေါ်ပြီး စကားပြောဖို့ ၃ ကြိမ်လောက်ကြိုးစားခဲ့တယ် ၃ ကြိမ်လုံးလုံး သူ့ဘက်က ရှောင်ထွက်ခဲ့တယ် ဒါဟာ avoidant ရှောင်ခွာခြင်းနဲ့ ပဋိပက္ခကိုဖြေရှင်းတာမျိုးပေါ့ သဘောမတူဘူး ဒါပေမဲ့ ဒါကို မိမိရဲ့အမြင်ကို ချပြဆွေးနွေးမဲ့အစား သဘောမတူတဲ့သူနဲ့ လုံးဝရှောင်လိုက်တယ် ဒီလိုရှောင်လိုက်ခြင်းကြောင့် ခက်ခဲလှတဲ့စကားတွေ မပြောရတော့ပေမဲ့ ပဋိပက္ခကြီးဟာ မပျောက်ပျက်သွားတဲ့အပြင် ပိုပြီးတော့တောင် အစိုင်အခဲအနေနဲ့ ရှိသွားတယ် အဲ့ဒီလိုရှောင်လိုက်ပြီးသကာလ အချင်းချင်းကြားက လူမှုဆက်ဆံရေးတွေပါ အမ်းသွားကြတယ် စကားပြောကြတဲ့နေရာမှာ ရိုးရိုးသားသား ရင်ထဲကလာတာတွေ မဟုတ်တော့ဘူး သူငါ့ကို ဘယ်လို‌ထင်နေမလဲဆိုတဲ့ အတွေးက ပေါင်းသင်းဆက်ဆံရေး‌တွေအပေါ် ဖုံးသွားတယ် ၃ ကြိမ်ထက်တော့ ကျွန်မလည်း မကြိုးစားနိူင်တော့ ဒီပေါင်းသင်းဆက်ဆံရေးဟာ ပျက်ပြားခဲ့ရတယ်

နောက်ထပ်အတွေ့အကြုံတစ်ခုမှာဆိုရင်လည်း ကျွန်မမိတ်ဆွေရဲ့ အယူအဆတစ်ခုကို ရာခိုင်နှုန်းပြည့် ကျွန်မက သဘောမတူပါဘူးဆိုရာကနေ ပဋိပက္ခက စတယ် သူ့အမြင်ကို ၁၀၀ ရာနှုန်းလက်မခံနိူင်တဲ့အတွက် ကျွန်မဟာ သူ့ရဲ့ မိတ်ဖော်မဟုတ်တော့ဘူးဆိုတဲ့သဘောပေါ့ (ကျွန်မဘဝမှာ ဒီလိုမျိုးပဋိပက္ခကို ဖြေရှင်းဖို့ကြိုးပမ်းသည့်တိုင် ဘလော့လုပ်ခံလိုက်ရတာတွေ၊ ဘေးထုတ်လိုက်တာတွေ အများကြီး အလုပ်ခံရဖူးပါတယ် ဒါတွေဟာ နှမြောစရာတွေပါပဲ) အလုပ်အတူတူလုပ်သူ၊ လွတ်မြောက်ရေးရပ်ဝန်းမှာတော့ တစ်ခရီးတည်းသွားသူပေါ့နော်၊ အဲ့ဒီလိုလူက ငါ့ယုံကြည်ချက်အတိုင်း ထပ်တူမယုံတာဟာ၊ အချင်းချင်း မေးခွန်းပြန်ထုတ်တာဟာ မိတ်ဆွေပေါင်းသင်းဆက်ဆံရေးမရှိသင့်စေတဲ့အကြောင်းရင်းလား? တစ်နည်းပြောရရင် အရာအားလုံးကို အလုံးစုံတူနေမှ လက်တွဲအလုပ်လုပ်ကြမလားဆိုတဲ့ မေးခွန်းပေါ့ ဘယ်နေရာတွေ မတူနေတာကိုတော့ ကျွန်မတို့ ညှိနှိုင်းနားလည်ပေးလို့ရပြီး ဘယ်အရာတွေကတော့ ကျွန်မတို့အတွက် လုံးဝအလျှော့ပေးလို့မရတဲ့ ကိစ္စတွေလဲ? ဥပမာ ဖီမီနင့်ရပ်ဝန်းတစ်ခုမှာ မိန်းမခန္ဓာမရှိသူ၊ လိင်အင်္ဂါပြောင်းထားသူ ဖီမီနင့်အဖွဲ့ဝင်တွေနဲ့ လက်တွဲလုပ်လို့ရနိူင်ပြီး မဟာဖိုဝါဒလက်ကိုင်ထားသူတွေကိုတော့ ညှိနှိုင်းဖို့ မကြိုးစားနိူင်ဘူးလဲဆိုတာမျိုးပေါ့ ကျွန်မတို့ရဲ့ ညှိနှိုင်းရေးလုပ်အားကို ဘယ်နေရာအတွက် အချိန်ပိုသုံးမလဲဆိုတာကလည်း အရေးကြီးတဲ့ ကိစ္စပါပဲ ကျွန်မလုပ်အားကြောင့် တချို့သောနေရာတွေမှာ လက်လွှတ်လိုက်တာတွေလည်း ရှိပါတယ် ဒါပေမဲ့ တစ်သွေးတည်းတစ်သားတည်းကျနေမှ အလုပ်အတူတူလုပ်လို့ရမယ်ဆိုရင် ကျွန်မတို့လည်း ဘယ်လောက်ပဲ လွတ်မြောက်ရေးအတွက်လုပ်နေပါစေ အာဏာရှင်ဆန်နေဦးမှာပဲ

ဒီဆောင်းပါးမှာ ကန်းဆက်ပြည်နယ်တက္ကသိုလ် ရပ်ရွာပတ်ဝန်းကျင်လက်စွဲက ထုတ်ပြန်ထားတဲ့ လူတစ်ဦးတစ်ယောက်ချင်းကြားက ပဋိပက္ခဖြေရှင်းရေးနည်းနာတချို့ကို ကျွန်မ ကောက်နုတ်ဖော်ပြလိုက်ပါတယ် အုပ်စုတွေကြားက ပဋိပက္ခကို‌ဖြေရှင်းဖို့ကတော့ ထပ်ဖြည့်ရမဲ့နည်းနာတွေ ရှိကောင်းရှိပါလိမ့်မယ် ပဋိပက္ခဖြေရှင်းရေးနဲ့ ပတ်သက်ပြီး သေသေချာချာဖတ်ချင်တဲ့သူတွေ အောက်မှာ လင့်ခ်ထည့်ပေးထားပါတယ် ဒီလက်စွဲအရ ပဋိပက္ခဖြေရှင်းရေးကို အဆင့် ၇ ဆင့်အလိုက်လုပ်ဆောင်လို့ ရတယ်လို့ ဆိုပါတယ် အချက်တစ်ချက်ချင်းစီကို ဥပမာနဲ့တကွ လင့်ခ်ထဲမှာ သေသေချာချာ ရှင်းပြထားပါတယ်

1. Understand the conflict ပဋိပက္ခကို နားလည်ခြင်း

အကြမ်းဖျင်းအားဖြင့် ဒီအချက်က ပဋိပက္ခဖြစ်ရခြင်းနောက်က မိမိယုံကြည်ရာဟာ ဘာလဲဆိုတာကို ‌သေသေချာချာ နားလည်အောင်ကြိုးစားခိုင်းတာပါ တချို့က ပဋိပက္ခသာဖြစ်တာပါ ငါ့သူငယ်ချင်းနဲ့ မတည့်လို့ ငါလည်းမခေါ်ဘူးဆိုသလိုမျိုး သူ့ရဲ့ ယုံကြည်ချက်ကြောင့် ပဋိပက္ခဖြစ်တာမျိုးမဟုတ်ဘဲ ဘုမသိဘမသိ ပဋိပက္ခမျိုးလည်း ရှိတတ်ပါတယ်

2. Communicate with the opposition တစ်ဖက်လူနဲ့ ဆက်သွယ်ခြင်း

ဒီလို မိမိယုံကြည်ရာကို သဲကွဲပြီဆိုရင် ပဋိပက္ခရှိနေသူတစ်ဖက်လူကို ဆက်သွယ်ပါ မိမိရဲ့ ယုံကြည်ချက်ကို ပြောပြပြီး သူ့ရဲ့ ယုံကြည်ချက်ကိုလည်း နားထောင်ရပါမယ် မိမိယုံကြည်ချက်ကိုပဲပြောပြီး ကဲ နင်အဖြေထုတ်လို့တော့ ပြောလို့မရပါဘူး အတူတူဝိုင်းပြီး အဖြေရှာရပါမယ်

3. Brainstorm possible resolutions ဖြေနိူင်ချေရှိမဲ့ အဖြေများကို စဉ်းစားခြင်း

နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေမဲ့အဖြေတွေကို ရှာပါ ဒီအဆင့်မှာတော့ လုပ်နိူင်ချေရှိတဲ့ အဖြေတွေကို အရေအတွက်မကန့်သတ်ဘဲ ထွက်ရင် ထွက်လာသလောက်ရှာပါ

4. Choose the best resolution အကောင်းဆုံးအဖြေကို ရွေးချယ်ခြင်း

ပြီးတော့မှ အဲ့ဒီအဖြေတွေအကုန်လုံးထဲက အားလုံးအတွက်ကောင်းမဲ့အဖြေကိုရှာပါ

5. Use a third party mediator ကြားခံဖြေရှင်းပေးသူကို အသုံးပြုခြင်း

အဖြေရှာနေချိန်မှာ ဘယ်သူဘက်မှမလိုက်တဲ့ ကြားနေသူကို အကူအညီတောင်းနိူင်ပါတယ် ဒီလူက နှစ်ဦးလုံးရဲ့ အဖွဲ့သား၊ သူငယ်ချင်းတော့ ဖြစ်နေလို့ မရပါဘူး သူကနေမှ ဖြစ်နိူင်ချေရှိတဲ့ အဖြေတွေကို ဝိုင်းဝန်းစဉ်းစားပေးနိူင်ပါတယ် နှစ်ယောက်လုံးကို ခံစားချက်တွေကို မျှမျှတတနားထောင်ပေးနိူင်ပြီး နှစ်ယောက်လုံးအတွက်လည်း လိုက်နာသင့်တဲ့ အကြမ်းဖျင်းစည်းမျဉ်းစည်းကမ်းတွေကို ကြားနေသူက ကူညီသတ်မှတ်ပေးနိူင်ပါတယ်

6. Explore alternatives တခြားသောနည်းလမ်းများကို ရှာခြင်း

တကယ်လို့ ကောင်းတဲ့အဖြေ ဘယ်လိုမှ ထွက်မလာဘူး၊ ထွက်လာနိူင်ချေမရှိဘူးဆိုရင် တခြားနည်းလမ်းတွေကို စစဉ်းစားပါ ဘယ်အချိန်မှာ ဒီပဋိပက္ခညှိနှိုင်းရေးကနေ သင် ထွက်ခွာမလဲ ဘယ်အချိန်ထိ ကြိုးစားမလဲ အစရှိတဲ့ မေးခွန်းတွေကိုမေးပြီး တခြားနည်းလမ်းတွေကို ရှာပါ

7. Cope with stressful situations and pressure tactics စိတ်ဖိစီးစေတဲ့ အခြေအနေများနဲ့ ဖိအားပေးတဲ့ နည်းလမ်းများကို ကိုင်တွယ်ဖြေရှင်းခြင်း

ပဋိပက္ခဆိုတာ စိတ်ပင်ပန်းစေတဲ့အရာတွေဖြစ်တဲ့အတွက် စိတ်လိုက်မာန်ပါဆုံးဖြတ်ချက်ချမဲ့အစား အချိန်ယူပြီး ဖြည်းဖြည်းချင်းစီစဉ်းစားပြီးမှ လုပ်ပါ မိမိရဲ့ စိတ်ခံစားချက်တွေကို ပြန်ဆင်ခြင်ပြီး ဂရုပြုပါ

ကျွန်မအမြင်မှာတော့ လွတ်မြောက်ရေးဟာ တစ်ဦးတစ်ယောက်တည်းက ဒီကွေ့ဒီတက်နဲ့လှော် ဟိုကွေ့ဟိုတက်နဲ့လှော်နေရုံတော့ မရဘူးလို့ ထင်ပါတယ် ဒီလိုပြောလို့ မြန်မာနိူင်ငံရေးသမားတွေလေသံလို အားလုံးစည်းလုံးကြလို့ မဆိုချင်ဘူး စည်းလုံးဖို့ထက် အလုပ်အတူတူတွဲလုပ်တတ်ကြဖို့ ပိုလိုလာတယ် လူသားအဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ဆိုတာ လူသားတွေနဲ့ အလုပ်လုပ်မှ ရမှာပါပဲ ပေါက်ဖွားရာ၊ ကြီးပြင်းရာမတူညီတဲ့ နောက်ခံတွေကလာကြတဲ့ လူတွေနဲ့၊ လူတွေအတွက် အလုပ်လုပ်ရတိုင်းမှာ ပဋိပက္ခဆိုတာ တစ်နည်းမဟုတ် တစ်နည်းပေါ်လာမှာပါပဲ ပဋိပက္ခမပေါ်စေချင်ရင် လူတွေနဲ့ အလုပ်လုပ်လို့ကို မရပါဘူး အဲ့ဒါကြောင့် မိမိတစ်ကိုယ်ရည်ခေါင်းဆောင်ကြီးဆိုပြီး နာမည်ကြီးဖို့အတွက်မဟုတ်ဘဲ တကယ့်လွတ်မြောက်ရေးအတွက် community တစ်ခုကို ကျွန်မတို့ ထူထောင်ချင်ရင် ပဋိပက္ခ‌ဖြေရှင်းရေးအနုပညာကို ကျွန်မတို့ အချိန်ပေးလေ့ကျင့်ကြဖို့ လိုအပ်လာပါပြီ

ကျွန်မတို့ တကယ်နေထိုင်ချင်တဲ့၊ ပျော်စရာကောင်းတဲ့၊ ကျန်းမာတဲ့ ရပ်ရွာပတ်ဝန်းကျင်ထူထောင်ဖို့ ကျွန်မတို့ကို ဖိနှိပ်ထားတဲ့စနစ်တွေကိုသာ ကျွန်မတို့ မုန်းတီးလို့ ရမယ် လူတွေကိုတော့ ကျွန်မတို့ ချစ်တတ်မှ ရမယ် ကျန်းမာတဲ့ရပ်ရွာပတ်ဝန်းကျင်ထူထောင်ချင်သူတစ်ယောက်အနေနဲ့ လူတွေဟာ ဘယ်လောက်ပဲ ရှုပ်ထွေးဆန်းပြားနေပါစေ လူတွေနဲ့ လူသားဆန်မှုတွေကို တတ်နိူင်‌သလောက် ချစ်တတ်ဖို့ ကျွန်မကိုယ်ကျွန်မ သတိအမြဲပေးနေမိတယ် စနစ်တွေရဲ့ ခြစားမှုတွေကြောင့် အရောင်တွေပြောင်းသွားကြတဲ့သူတွေကိုလည်း သူတို့ကို မုန်းတီးမဲ့အစား သူတို့မှမဟုတ် ဘယ်သူမဆို အခြေအနေပေးရင် အာဏာရူး၊ ဥစ္စာရူး၊ ပါဝါရူးဖြစ်သွားနိူင်တယ်ဆိုတာ သတိမူရင်း ယန္တရားကိုပဲ မုန်းတီးတတ်အောင် ကြိုးစားနေတယ် ဘာလို့လဲဆိုတော့ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေ၊ မိသားစုတွေ၊ ချစ်သူခင်သူတွေနဲ့မှ ဝေမျှလို့မရတဲ့၊ တစ်ဦးတစ်ယောက်တည်းကောင်းစားစေတဲ့ လွတ်မြောက်ခြင်းပျော်ရွှင်မှုဟာ စစ်မှန်တဲ့ပျော်ရွှင်မှု မဟုတ်နေလို့ပဲ

ပုံ – ဓာတ်တိုင်နှစ်တိုင်ကြားက ရှုပ်ယှက်ခတ်နေသော ဓာတ်ကြိုးများ

ကန်းဆက်ပြည်နယ်တက္ကသိုလ်မှ ထုတ်ပြန်သော ပဋိပက္ခဖြေရှင်းရေးလက်စွဲ

အချစ်ဋီကာ

အရင်းရှင်စနစ်ရဲ့ မြှောက်ပင့်ပေးမှုတွေကြောင့် တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတဲ့ Valentine’s Day လို့ ခေါ်တဲ့ ချစ်သူများနေ့ မကြာခင်လာတော့မယ်ဆိုတော့ အချစ်ဋီကာနည်းနည်းဖွင့်ချင်တယ်

အချစ်ကို ကျွန်မတို့ ဘယ်လိုနားလည်ကြသလဲ?

အချစ်လို့ ပြောလိုက်ရင် သမီးရည်းစားအချစ် (၁၅၀၀ အချစ်/ ပူလောင်တဲ့ အချစ်) နဲ့ မိဘ၊ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ အချစ် (၅၂၈ အချစ်/ အေးမြတဲ့အချစ်) ဆိုတဲ့ အပြောအဆိုတွေနဲ့ ကျွန်မတော့ ကြီးပြင်းလာပေမဲ့ အချစ်ဆိုတာရဲ့အ‌နောက်က အဓိပ္ပါယ်အတိမ်အနက်‌တွေနဲ့ ကျွန်မတို့ လူထုတွေကြား လည်ပတ်စီးဆင်းပုံတွေကို အသက်အရွယ်အစိတ်အပိုင်းတစ်‌ခုအနေရောက်မှ သတိထားမိလာတယ်

အချစ်မှ မဟုတ်ပါဘူး ဘယ်သို့သော စိတ်ခံစားချက် (မေတ္တာ၊ အမုန်း၊ ဒေါသ၊ ဂရုဏာ) တွေကို ကျွန်မတို့ လူ့ပတ်ဝန်းကျင်မှာ လူသားတွေရဲ့ စိတ်ခံစားချက်သက်သက်တွေပါ၊ နှလုံးသားထဲက ယိုစီးလာတဲ့၊ ဘယ်သော အခြားအကြောင်းအရာတွေ၊ ကျွန်မတို့ နေထိုင်နေကြတဲ့ လူ့ဘောင်ထဲက စနစ်တွေ၊ တွေးခေါ်ယူဆပုံတွေရဲ့ လွှမ်းမိုးသက်ရောက်ခြင်းမခံရတဲ့ စစ်မှန်တဲ့ လူသားသွင်ပြင်တွေလို့ အခုထိ အများက လက်ခံထားကြတုန်းပဲ ပြောချင်တာက လူတစ်ယောက်က တစ်ယောက်ကို ချစ်တာ၊ အမေတစ်ယောက်က ကလေးလည်းမွေးမိရော ကလေးကို မိခင်စိတ်တဖွားဖွားနဲ့ ချစ်သွားတာ ဒါတွေဟာ ဖြေရှင်းချက်မရှိတဲ့ သူ့အလိုအလျောက်ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေလို့ လက်ခံယူဆကြတာကို ဆိုလိုတာပါ လူဖြူရိုးရာတွေမှာတော့ conditional love (အခြေအနေပေါ် မူတည်ပြီး ချစ်တဲ့အချစ်) နဲ့ unconditional love (ဘာအခြေအနေဖြစ်နေပါစေ ချစ်တဲ့အချစ်) ဆိုပြီး ကျွန်မတို့ မြန်မာပြည်က ၁၅၀၀ နဲ့ ၅၂၈ အချစ်လိုမျိုး ၂ မျိုးခွဲပြောလေ့ရှိကြတယ်

ဒါပေမဲ့ အချစ်နဲ့ စိတ်ခံစားချက်ဟာ တကယ်တမ်း အဲ့ဒီစနစ်တွေ၊ လူ့ဘောင်ရိုးရာတွေနဲ့ မကင်းတဲ့အရာတွေပဲဆိုတာ ဒီနေ့ ကျွန်မ အကျယ်ဖြန့်စဉ်းစားချင်တယ် အထူးသဖြင့် ကမ္ဘာ့အရင်းရှင်ခေတ်နောက်ပိုင်းမှာ နေနေကြတဲ့ ကျွန်မတို့ လူ့အဖွဲ့အစည်းတွေ အခြေအနေတစ်ခုခုအပေါ် မူမတည်နေတဲ့ အချစ်ဆိုတာမျိုး လုံးလုံးမရှိဘူးလို့ ကျွန်မကတော့ ငြင်းခုံချင်တယ်

ဥပမာအနေနဲ့ ကျွန်မ ကျင်လည်ဖြစ်တဲ့ ပြည်ပရောက် မြန်မာပြည်အသိုင်းအဝိုင်း (သို့) မြန်မာမဟုတ်သူတွေနဲ့ ဆက်စပ်ထိတွေ့နေလေ့ရှိတဲ့ မြန်မာပြည်ထဲက ရပ်ဝန်းတွေမှာ ကျွန်မ သတိထားမိလေ့ရှိတဲ့ interracial love လူမျိုးခြားနဲ့ ချစ်ခင်မှုတွေကို စဉ်းစားကြည့်ချင်တယ် ကျွန်မ နိူင်ငံခြားထွက်မယ်ပြင်ဆင်တော့ ဗုဒ္ဓဘာသာကိုင်းရှိုင်းတဲ့၊ ဗမာလည်းဆန်တဲ့ ကျွန်မအမေက ကျွန်မကို စကားတစ်ခွန်းမှာလိုက်တယ် “သမီး တွဲချင်တဲ့သူနဲ့တွဲ လူမည်း ကပ္ပလီနဲ့တော့ မယူလာပါနဲ့” ဆိုတဲ့စကားပေါ့ တော်ကြာ ငါ့မြေးလေးတွေက ဆံပင်ကောက်ကောက်ကလေးတွေ ဖြစ်နေပါဦးမယ်” ဆိုပြီး ကျွန်မကို မှာလိုက်ပါတယ်

(ကပ္ပလီလို့ သုံးနှုန်းတာဟာ အမှန်တကယ်တော့ လူမျိုးရေးခွဲခြားနှိမ်ချဆက်ဆံရာကျပါတယ် လူဖြူတွေ ကျွန်ပြုခဲ့ကြတဲ့ လူမည်းတွေကို n word နဲ့ ခေါ်ဝေါ်သုံးစွဲသလို မြန်မာပြည်မှာ လူမည်းတွေကို ခေါ်ဝေါ်လေ့ရှိတဲ့ စကားတစ်မျိုးပါပဲ ဒီစကားလုံးဟာ နှိမ်ချရာရောက်လို့ အခုခေတ်မှာတော့ မသုံးစွဲသင့်တော့ဘူးလို့ ကျွန်မ မြင်မိတယ် ဒီနေရာမှာ ပြချင်တာက ကျွန်မအမေလည်း မြန်မာပြည်က သာမန်လူအများစုလိုပဲ လူမည်းတွေကို မြင်တဲ့ပုံကို ထောက်ပြချင်တာပါ)

ကျွန်မ အမေရဲ့ အမှာစကားဟာ အခုပြန်စဉ်းစားကြည့်ရင် ကျွန်မတို့ မြန်မာပြည်က လူအများစုစိတ်ထဲ ကိန်းအောင်းနေတဲ့ လူမည်းဆိုရင် ကြောက်ရွံ့တာ၊ မကောင်းဘူးထင်တာ အစရှိတဲ့ သေးငယ်တဲ့ ရန်လိုမှုတွေကနေအစ လူမည်းဆိုရင် ရွံ့တဲ့အထိ ရှိကြတဲ့ လူမည်းမုန်းတီးမှုစိတ်ဓါတ်တွေကို လှစ်ဟာပြနေတယ်

ကျွန်မ တက္ကသိုလ်တက်တုန်းက ဘာသာစကားဗေဒနဲ့ ပတ်သက်တဲ့ စာတမ်းပြုစုဖို့အတွက် နယူးယောက်မြို့မှာ နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာတွေနဲ့ တစ်နှစ်လောက် သူတို့ရဲ့ အမေရိကန်မှာ မွေးပြီး ကြီးပြင်းတဲ့ ကလေးတွေရဲ့ ဘာသာစကားလေ့လာသုံးစွဲမှုတွေအကြောင်း သုတေသနလုပ်တဲ့အခါမှာလည်း မသိမသာနဲ့ ကြားခဲ့တဲ့ စကားတွေက မိဘတွေဟာ အမေရိကန်မှာ မွေးပြီး ကြီးတဲ့သူတို့ကလေးတွေကို လူမည်းတွေ ဒါမှမဟုတ် မက်ဆီကန်တွေ၊ ဂွာတီမာလာလူမျိုးတွေ အစရှိတဲ့ အမေရိကန်နိူင်ငံရေးအပြောအဆိုတွေအရ တောင်ပိုင်းကနေ ကျူးကျော်သူတွေ၊ ဆင်းရဲသားတွေ၊ အလုပ်ကြမ်းလုပ်ရသူအမျိုးအနွယ်တွေနဲ့ လက်မထပ်စေချင်ဘူး၊ မြန်မာအချင်းချင်းယူချင်ယူ ဒါမှမဟုတ်ရင် အဖြူနဲ့သာယူစေချင်တယ်လို့ ကျွန်မကို ပြောပြခဲ့တာတွေ နားထောင်ခဲ့ရတယ်

ဒီလို ကိုယ်ရေးကိုယ်တာလို့ အများယူဆကြတဲ့ လက်ထပ်ရေး၊ သမီးရည်းစားချစ်ကြိုက်ရေးမှာ ဘာလို့ ဒီလို မျက်နှာလိုက်မှုတွေ ရှိနေတာလဲ?

အချစ်ဟာ အချစ်သက်သက်ပဲဆိုတဲ့ ဟောပြောချက်တွေဟာ ဟုတ်ရောဟုတ်လို့လား?

မြန်မာပြည်မှာမှမဟုတ်ဘဲ အာရှတိုက်သားတော်တော်များများမှာလည်း ဒီလူမည်းမုန်းတီးရေးဟာ အခုအချိန်ထိ ရှိနေဆဲပဲဖြစ်တယ် လူမည်းဆိုရင် ပြစ်မှုကျူးလွန်သူလို့ အလိုလိုနေရင်း ထင်တာဟာ ကျွန်မတို့ ကမ္ဘာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားတဲ့ white supremacy လို့ခေါ်တဲ့ လူဖြူကြီးစိုးရေး သဘောတရားတွေကနေ စတာပါပဲ လူဖြူတွေဟာ ကိုလိုနီနယ်ချဲ့ခေတ် ပြီးသွားသည့်တိုင်အောင် နယ်ချဲ့ခေတ်ကတည်းက သူတို့ ဟောပြောခဲ့ကြတဲ့ “ဒီရိုးရာတွေက ခေတ်နောက်ပြန်ဆွဲနေလို့ ငါတို့က မော်ဒန်ဆန်အောင် လာပြုကျင့်ပေးရတာပါ” ဆိုတဲ့ မှိုင်းလုံးတွေတိုက်ပြီး အာဖရိကတိုက်၊ တောင်အမေရိကတိုက်၊ အာရှတိုက်တွေက ရိုးရာဓလေ့တွေကို ကျူးကျော်ခဲ့ကြရာကနေ အခုချိန်ထိ ကျန်ရှိနေသေးတဲ့ အကြွင်းအကျန်တွေသာ ဖြစ်တယ်

လက်ရှိ ကျွန်မ ကျင်လည်ရာ Burma Studies လို့ခေါ်တဲ့ မြန်မာပြည်အကြောင်းလေ့လာကြတဲ့ အကယ်ဒါးမီးယားနေရာတစ်ခုကို ကျွန်မပြန်သုံးသပ်ချင်တယ် ၂၀၁၆ ခုနှစ်က မြန်မာပြည်နဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုတက်ဖြစ်ရင်း အဲ့တုန်းက မြန်မာပြည် အင်းလေးကန်ခရီးသွားလှည့်လည်ရေးတွေအကြောင်း သုတေသနလုပ်နေတဲ့ ပြင်သစ်လူမျိုး ပါရဂူတန်းကျောင်းသားတစ်ယောက်နဲ့ ထမင်းစားဝိုင်းမှာ တစ်ဝိုင်းတည်း ထိုင်ဖြစ်ခဲ့တယ် ညစာစားပွဲဆိုတော့ ကျွန်မ မြန်မာပြည်က အမေချုပ်ပို့ပေးထားတဲ့ ထမီနဲ့ လက်ရှည်ဇာသားအင်္ကျီကို ဝတ်ထားခဲ့တယ် အလ္လာပသလ္လာပပြောရင်း သူက ကျွန်မကို ပြောတယ် “မြန်မာပြည်က မိန်းမတွေရဲ့ ဝတ်စားဆင်ယင်မှုကို သူသဘောကျမိတယ် ပြင်သစ်မိန်းမတွေလို ဖော်လှော်ထားတာမျိုးမဟုတ်ဘူး ဒီလို ဇာသားကို လက်ရှည်ချုပ်ဝတ်ထားသော အသားကို မြင်ရပေမဲ့လည်း အကုန်သေချာမမြင်ရဘူး စမ်းတဝါးဝါးနဲ့ ပိုပြီး စိတ်ဝင်စားစရာဖြစ်နေတယ်” လို့ ကျွန်မကို ပြောခဲ့တယ် အဲ့တုန်းက ကျွန်မ အံ့အားသင့်လွန်းလို့ ဘာ‌ပြန်ပြောရမှန်း ရုတ်တရက်မသိခဲ့ဘူး ဒါပေမဲ့ ဒီစကားဟာ လူဖြူတွေရဲ့ ဟိုးအရင်ခေတ်ကတည်းက ရှိနေတဲ့ လူဖြူမဟုတ်သော လူညို၊ လူမည်းမိန်းမတွေအပေါ် ထားရှိတဲ့၊ မြင်ယောင်တဲ့ စိတ်ဝင်စားစရာ အရာဝတ္တု object တစ်ခုလို တပ်မက်လာရာကနေ စတယ်လို့ ကျွန်မ အခုတော့ သဘောပေါက်လာတယ် တဏှာနဲ့ တပ်မက်တာတွေ၊ ကိုယ်နဲ့မတူလို့ စိတ်ဝင်စားမိတာတွေကို အချစ်လို့ အလွယ်တကူ ခေါင်းစဉ်တပ်လိုက်ကြတယ်

နောက် Burma Studies ထဲက လူဖြူကျောင်းသားကျောင်းသူတွေ ဆုံတိုင်း သူတို့ကတော့ ဘယ်လို မြန်မာနဲ့ တွဲနေတာ၊ အဲ့သလို တွဲလိုက်ခြင်းအားဖြင့် သူတို့ရဲ့ သုတေသနအတွက်သော်လည်းကောင်း၊ မြန်မာစကား လေ့လာသင်ယူရာမှာသော်လည်းကောင်း ပိုအထောက်အကူဖြစ်သွားတယ်ဆိုတာကို ရယ်စရာသဖွယ် ပြောဆိုလေ့ရှိကြတာကို ကျွန်မ ထပ်ခါ ထပ်ခါကြားရတယ် “မြန်မာစကား သေချာတတ်ချင်လား မြန်မာနဲ့ တွဲလေ” “အဲ့‌တစ်ယောက်က မြန်မာစကားမွှတ်မှာပေါ့ သူ့အရင်ကောင်မလေးတွေအကုန်လုံးက မြန်မာပဲလေ” ဆိုတဲ့ စကားတွေဟာ သေချာစဉ်းစားကြည့်ရင် ချစ်လို့ဆိုပြီး တွဲကြရာကနေလာတာလား? အဲ့ဒီအချစ်လို့ ခေါင်းစဉ်တပ်ထားတဲ့အောက်ကနေ တခြားသော လိုဘပြည့်မှု‌‌တွေအတွက်လား စဉ်းစားစရာဖြစ်လာတယ် နောက်ပြီး ဗမာမိန်းမ/ယောင်္ကျားကို ယူထားခြင်းအားဖြင့် သူတို့ဟာလည်း တစ်စိတ်တစ်ပိုင်း ဗမာဖြစ်သွားပြီး ဗမာ့ကိစ္စတွေကို ကျွန်မတို့လို ကိုယ်တွေ့မရင်ဆိုင်ခဲ့ရသည့်တိုင် စကားတွေ ကိုယ်စားလှယ်လုပ်ပြီး ပြောလို့ရတယ်ဆိုတဲ့ legitimacy တွေကို သုံးလာကြတယ် လွန်ခဲ့သော ၃ နှစ်လောက်က ကျွန်မတို့ တက္ကသိုလ်မှာ အမေရိကန်က မက်ဆီကို ရွှေ့ပြောင်းအခြေချသူတွေရဲ့ အခက်အခဲတွေအကြောင်းပြောကြတဲ့ စကားဝိုင်းတစ်ဝိုင်းမှာ လူဖြူမိန်းမတစ်ယောက်က သူဟာ မက်ဆီကန်ယောင်္ကျားတစ်ယောက်ကို လက်ထပ်ထားတာမို့ဆိုပြီး မက်ဆီကန်အခက်အခဲတွေကို panel မှာ နေရာဝင်ယူပြီး ပြောဆိုခဲ့ရတာတွေ နားထောင်ခဲ့ရဖူးတယ် (ဒီနေရာမှာ တကယ်တမ်း ဖိနှိပ်ခံရသူတွေရဲ့အသံတွေကို အကျယ်ဖြန့်စေချင်တယ်ဆိုရင် သူတို့အစား မိုက်ကရိုဖုန်းတက်ယူမဲ့အစား သူတို့ကိုသာ မိုက်ကရိုဖုန်းကမ်းလိုက်သင့်တယ်လို့ ကျွန်မကတော့ ယူဆတယ် တကယ်တမ်းက ကူညီပါတယ်ဆိုပြီး နေရာတွေ၊ သယံဇာတတွေကို ဝင်ယူသွားကြဝာာ၊ အဲ့ဒါနဲ့ အသက်မွေးဝမ်းကြောင်းပြုသွားကြတာက များနေတယ်)

ကျွန်မ ပါရဂူတန်းပထမနှစ်က ခင်ခဲ့တဲ့ တိဘက်အကြောင်းလေ့လာတဲ့ အမေရိကန်လူဖြူမိန်းမတစ်ယောက်ဆိုရင်လည်း အိန္နိယကို သွားရင်းနဲ့ တိဘက်ယောင်္ကျားတစ်ယောက်ကို ၃ လလောက်တွဲပြီး လက်ထပ်ယူလာခဲ့တယ် အမေရိကန်ပြန်ရောက်တော့ စာတမ်းရေးနေရင်း တိဘက် အမ်မဒိုဘာသာစကားအကြောင်း စာတမ်းရေးတိုင်း သူ့ယောင်္ကျားကို ဒီစာလုံးပြောပြပါဦး၊ ဟိုစာလုံးပြောပြပါဦး အစရှိသဖြင့် သုတေသန subject တစ်ခုသဖွယ် ဆက်ဆံဝာာကို ကျွန်မ‌ တွေ့ခဲ့ရတယ် သုတေသနခေါင်းစဉ်အောက်ကနေ သူတို့စိတ်ဝင်စားတဲ့ subject ကို ပေါင်းသင်းနေထိုင်လိုက်ခြင်းအားဖြင့် တခြားသူတွေ မသိနိူင်တဲ့၊ ဒီထူးဆန်းလှတဲ့ သတ္တဝါကို စမ်းသပ်ခန်းထဲထည့်ယူလာသလို အနီးကပ်လေ့လာခွင့်ရတယ်ဆိုတဲ့ သဘောပါပဲ

(နောက်တစ်ချက် ဒီနေရာမှာ စာကြွင်းအနေနဲ့ ပြောချင်တာက လူဖြူတွေ ဒီလိုမျိုး လူမည်း၊ လူညိုတွေနဲ့ ချစ်ကြိုက်တဲ့နေရာမှာလည်း များသောအားဖြင့် native ဆန်ပါတယ်ဆိုတဲ့သူတွေကို မြို့ကြီးပြကြီးက မော်ဒန်သူတွေထက် ပိုသဘောကျတယ်ဆိုတဲ့ အချက်ပဲ ကျွန်မတို့ ကြားလေ့ရှိတဲ့ အသားညိုတာကို မြို့ကြီးပြကြီးကသူတွေက မကြိုက်ကြပေမဲ့ ဘိုတွေက ညိုတာလေးမှ ကြိုက်တာဆိုတဲ့ စကားလုံးအရ အဖြူတွေဟာ ထူးဆန်းလှတဲ့ သတ္တဝါဆိုတဲ့ အမြင်အရ သူတို့ ချစ်ခင်ပေါင်းသင်းပါမယ်ဆိုတဲ့သူဟာလည်း native ပိုဆန်လေလေ ပိုကြိုက်လေဆိုတဲ့ သဘာဝဟာ ချစ်ခင်ပေါင်းသင်းရေးတွေမှာ လူတစ်ယောက်ကို လူတစ်ယောက်က သူ့ရဲ့ အတွေးအခေါ်၊ အယူအဆ၊ သူ့ရဲ့ လူသားဆန်မှုကို ချစ်ခင်လို့ ပေါင်းသင်းတာမျိုးမဟုတ်ဘဲ သူတို့ လိုချင်တဲ့ exoticize (အထူးအဆန်းသတ္တဝါသဖွယ်) လုပ်ထားတဲ့ စည်းဘောင်ထဲဝင်တဲ့သူမျိုးကိုသာ တွဲချင်ကြောင်းဆန္ဒတွေကို လှစ်ဟာပြနေပြန်တယ် ဒီလူဖြူနဲ့ ‌ချစ်ကြိုက်ရေးမှာ တွေ့ရတဲ့ သူတို့နဲ့ တွဲမဲ့ native တစ်ယောက်ဟာ သူတို့တွေနဲ့ ရင်ဘောင်တန်းပြီး စဉ်းစားဆင်ခြင်မှုတွေ လုပ်လို့ မရဘူး အဲ့လိုလုပ်နိူင်ရင်လည်း စိတ်မဝင်စားဘူးဆိုတဲ့ ပါဝါရွေ့လျားမှုတွေဟာ heteronormative ပေါင်းသင်းဆက်ဆံရေးတွေမှာ တွေ့ရလေ့ရှိတဲ့ မိန်းမဆိုတာ အိမ်အလုပ်၊ မီးဖိုချောင်အလုပ်သာ လုပ်ရုံပဲ၊ ယောင်္ကျားက အိမ်ထောင်ဦးစီးဆိုတဲ့ အယူအဆတွေနဲ့ သွားပြီး မျဉ်းပြိုင်ကျနေပြန်တယ်

အဲ့ဒီလို ပေါင်းသင်းဆက်ဆံမှုမျိုးကို အကြောင်းအမျိုးမျိုးကြောင့် လိုက်စားရတဲ့ လူဖြူမဟုတ်သူတွေရဲ့ အကြောင်းရင်းတွေကိုလည်း တစ်ဘက်ကတော့ စာနာကြည့်လို့ ရပါတယ် ဥပမာ – လွန်ခဲ့သော ၅ နှစ်က ကျွန်မ ကမ္ဘောဒီးယားက စားသောက်ဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့တဲ့၊ အလုပ်လုပ်နေတဲ့ ခမာလူမျိုး တစ်ခုလပ်ကလေးအမေတစ်ယောက်က ကျွန်မကို ပြောပြတယ် သူ လက်ရှိ ကနေဒါက လူဖြူအဘိုးကြီးတစ်ယောက်နဲ့ တွဲနေတယ် အဘိုးကြီးက ပိုက်ဆံပုံမှန်ပို့ပေးတယ် တစ်နေ့နေ့ ကနေဒါခေါ်ချင်လည်း ခေါ်မယ်ပေါ့ သူဒီလိုတွဲနေတာ သူ့သမီးလေးရှေ့ရေးအတွက်ဖြစ်တယ်ဆိုတာ ကျွန်မကို ပြောပြတယ် အဲ့တော့ အချစ်ဆိုတာ ဟိုဘက်ရော ဒီဘက်ရော ဘက်ပေါင်းစုံက အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အတွက်ကိုယ် ကိုယ်လိုချင်တာနဲ့ အဆင်ပြေနေသေးလို့ အတူရှိနေကြတာမျိုးကို ဆိုလိုသလား ကျွန်မ စဉ်းစားမိတယ် လူဖြူကြီးစိုးရေးဝါဒရှိ‌နေသေးသရွေ့ အဲ့ဒီအပေါ်ကို လိုက်ပြီး ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်း လိုက်စားကြတဲ့သူတွေလည်း ရှိနေဦးမှာပဲလေ)

ကျွန်မ ကောက်ချက်ချတာကတော့ အချစ်တွေမှာ မကင်းတဲ့ ပါဝါရွေ့လျားမှုတွေကို ဘယ်လောက်ထိ ထည့်စဉ်းစားကြမလဲဆိုတဲ့ မေးခွန်းပဲ လူဖြူနဲ့မှ မဟုတ်ဘဲ အချစ်ဆက်ဆံရေးတိုင်းမှာ ပါဝါရွေ့လျားမှုတွေ ရှိနေတယ် heteronormative (ယောင်္ကျား မိန်းမ) ချစ်ကြိုက်ရေးတွေမှာလည်း လူမျိုးချင်း၊ ဘာသာချင်းတူနေရင်တောင်မှ ဖိုသဘောတရား၊ လူတန်းစားအနိမ့်အမြင့်၊ အသက်အရွယ် အစရှိတဲ့ ပါဝါရွေ့လျားမှုတွေ ရှိနေသေးတာပဲ လူမျိုးခြားနဲ့ ချစ်ကြိုက်ခြင်းနောက်က ပါဝါရွေ့လျားမှုတွေသာမက ၂၀၁၅ ခုနှစ်က မြန်မာပြည်က မဘသဘုန်းကြီးတွေ တင်သွင်းတဲ့ မျိုးစောင့်ဥပဒေလိုမျိုးပဲ တစ်ကိုယ်ရေး ပုဂ္ဂိုလ်ရေးကိစ္စလို့ သတ်မှတ်ထားကြတဲ့ အိပ်ခန်းထဲကအိမ်ထောင်ရေးဟာ နိူင်ငံတော် လူမျိုးမျိုးဆက်ပွားရေးနဲ့ တိုက်ရိုက်ဆက်စပ်ပတ်သက်နေပြန်တာကို မျက်ဝါးထင်ထင် တွေ့ရတယ်

အဲ့တော့ သေချာစဉ်းစားကြည့်ရင် ချစ်တယ်လို့ ဆိုတာဟာ အချစ်သက်သက်ပဲလား အချစ်ရဲ့အ‌နောက်မှာ၊ အရှေ့မှာ၊ အချစ်အလယ်ခေါင်တည့်တည့်ကြီးထဲမှာ တခြားဘာတွေ ပါနေသေးလဲ? ဒါကို ချစ်လို့ပါလို့ ခေါင်းစဉ်တပ်လိုက်ပြီး ဒီ ပါဝါကစားမှုတွေကို ကျွန်မတို့ မျက်စိအောက်ကနေ ဘယ်လို ဖျောက်ဖျက်ပစ်လိုက်ကြသလဲ?

ကျွန်မအမြင်အရတော့ ဘယ်နေရာမှာမှ ဖြူစင်ပါတယ်ဆိုတဲ့၊ ရိုးသားပါတယ်ဆိုတဲ့ အချစ်ဆိုတာ ရှိမနေဘူး စိတ်ခံစားချက်တွေတိုင်းဟာ လူ့အပေါင်းအသင်းအဖွဲ့အစည်းတွေရဲ့ လှုံ့ဆော်မှုတွေကနေ တန်ပြန်ထင်ဟပ်နေတဲ့အရာတွေလို့ ယူဆတဲ့သူတစ်ယောက်အနေနဲ့ အချစ်စစ်အချစ်မှန်ပါလို့ ကြားရင်ကို အော်ဟစ်ပြီး ရယ်ချင်မိတယ် ၅၂၈ လို့ပြောကြတဲ့ မိဘ သားသမီးချစ်ခင်ရေးတွေမှာရော ငါမိဘမို့လို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အချစ်တွေဟာ ဘယ်လိုအကြမ်းဖက်မှုတွေ ဖြစ်သွားသလဲ? လူ့ဘောင်စနစ်တွေရဲ့ ဖိနှိပ်မှုတွေအရ မိဘမဖြစ်ချင်လည်း ဖြစ်လိုက်ရတဲ့ သူတွေအဖို့ ဝမ်းနဲ့ လွယ်မွေးထားလို့ အလိုအလျောက်ချစ်ရမယ်ဆိုတဲ့ အဆိုတွေကြားထဲမှာ နစ်မွန်းသွားကြရတာ၊ လူအချင်းချင်း မိသားစုခေါင်းစဉ်အောက်ကနေ ညှင်းပန်းနှိပ်စက်မှုတွေ ဖြစ်တာတွေကိုရော ကျွန်မတို့ အချစ်ရဲ့သဘာဝ‌တွေလို့ပဲ သတ်မှတ်ကြမလား?

ကျွန်မရဲ့အချစ်ဋီကာကိုတော့ လူမည်းပညာရှင် စာရေးသူ ဘယ်လ်ဟွတ်ခ်ရဲ့ ၁၉၉၉ ခုနှစ်ထုတ် “အချစ်အကြောင်းအစုံအလင်” ဆိုတဲ့ စာအုပ်ထဲက စာသားတစ်ချို့နဲ့ အဆုံးသတ်ချင်တယ်

“Understanding knowledge as an essential element of love is vital because we are bombarded daily with messages that tell us love is about mystery, about that which cannot be known. We see movies in which people are represented as being in love who never talk with one another, who fall into bed without ever discussing their bodies, their sexual needs, their likes and dislikes. Indeed, the message is received from the mass media is that knowledge makes love less compelling; that it is ignorance that gives love its erotic and transgressive edge. These messages are brought to us by profiteering producers who have no clue about the art of loving, who substitute their mystified visions because they do not really know how to genuinely portray loving interaction.”

“အချစ်ရဲ့ အဓိကမပါမဖြစ်အရာတစ်ခုဟာ သိမှုဆိုတာဆိုတာကို သဘောပေါက်ဖို့ အရမ်းအရေးကြီးတယ် ဘာလို့လဲဆိုတော့ နေ့တိုင်း ငါတို့ကို အချစ်ဆိုတာ ဆန်းကြယ်တယ်၊ သေချာသိလို့မရတဲ့အရာတစ်ခုလို့ ပြောနေကြတဲ့စကားတွေနဲ့ပဲ ကြုံနေရလို့ပဲ ရုပ်ရှင်တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက်ချစ်ပါတယ်ဆိုတဲ့သူတွေက အချင်းချင်း စကားတောင် သေချာမပြောကြတာကို ငါတို့ တွေ့ရတယ် ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ ကိုယ့်လိင်ဆက်ဆံမှုအတွက် ဘာတွေလိုအပ်လဲ၊ ဘာကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲဆိုတာတောင် မဆွေးနွေးကြဘဲ အတူတူအိပ်လိုက်ကြတာတွေ တွေ့ရတယ် ဒီလို မီဒီယာတွေကနေ ထဲထဲဝင်ဝင်သိမှုတွေဟာ အချစ်ဆိုတာကို ပိုပြီး စိတ်ဝင်စားစရာမကောင်းတော့အောင် လုပ်ပေးတယ်ဆိုတဲ့ မက်ဆေ့တွေကို ပေးနေတယ် လျစ်လျှူရှုမှုတွေဟာ အချစ်ကို သူ့ရဲ့ ဆန်းကြယ်တဲ့ တန်ခိုးတွေ၊ အီရောတစ်လို့ ခေါ်တဲ့ စိတ်ကို လှုံ့ဆော်ထကြွမှုပေးတဲ့ တန်ခိုးတွေ ရှိနေအောင် လုပ်ထားပေးတယ် တကယ်တော့ ဒီမက်ဆေ့တွေဟာ ချစ်တတ်ခြင်းအနုပညာကို လားလားမျှမသိတဲ့၊ အမြတ်ထုတ်ဖို့သာကြံနေတဲ့သူတွေက တီထွင်လိုက်တဲ့ အချစ်ရဲ့ ဆန်းကြယ်မှုသာ ဖြစ်တယ် ဘာလို့လဲဆိုတော့ အချစ်ဆိုတာ၊ ချစ်ခြင်းနဲ့ ဆက်ဆံတဲ့ ပေါင်းသင်းမှုတွေဟာ ဘယ်လိုလဲဆိုတာ သူတို့ကိုယ်တိုင် ဘယ်လို စစ်စစ်မှန်မှန် ပြသရမလဲဆိုတာ မသိကြလို့ပဲ”

ဘယ်လ်ဟွတ်ခ် ဆိုလိုချင်တာကတော့ ကျွန်မအထက်ကပြောခဲ့သလိုပဲ အချစ်ဆိုတာကို ကျွန်မတို့ လူ့အဖွဲ့အစည်းတွေထဲမှာ ဆန်းကြယ်တယ်၊ လက်ဆုပ်လက်ကိုင်ပြလို့မရဘူးလို့ ယူဆကျင့်ကြံရာနောက်က မြေမြှုပ်ခံထားရတဲ့ တကယ်တမ်းရှိနေတဲ့ ချစ်ခြင်းနဲ့ ပတ်သက်တဲ့၊ ချစ်ခြင်းကို အခြေခံတဲ့ ပေါင်းသင်းဆက်ဆံရေးတွေရဲ့ အရေးကြီးမှုတွေကို ထောက်ပြသွားတာပါပဲ တကယ်တမ်း အချင်းချင်းကြားက ကြင်နာမှုတွေ ဖြစ်ပေါ်လာဖို့ လိုအပ်နေတဲ့ အချင်းချင်းသိမှုတွေကို ကျွန်မတို့ လက်လွတ်စပယ် ချောင်ထိုးထားလိုက်ကြတာတွေကို ထောက်ပြထားတယ် သမီးရည်းစားပဲ၊ မိဘပဲ၊ ကလေးပဲလို့ဆိုပြီး ချစ်တဲ့သူတွေနဲ့ ပိုမိုရင်းနှီးကြရမဲ့အစား အချစ်ခေါင်းစဉ်အောက်မှာ အလှမ်းတွေဝေးနေကြသေးတာကို ဟွတ်ခ်က ထောက်ပြသွားတယ် စနစ်တွေ၊ နိူင်ငံရေးတွေ၊ အရင်းရှင်စနစ်တွေ၊ ဖိုဝါဒတွေ၊ လူတန်းစားပြဿနာတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ လုံးလုံးမှ မဆိုင်ဘဲ ဒီတိုင်း ချစ်ချင်လို့ ချစ်ဝာာဆိုတဲ့ အယူအဆတွေနောက်က ဘာလို့ ချစ်တာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ အခန်းထဲမှာ အလုံးလိုက် အကောင်လိုက်ရှိနေတဲ့ ဆင်တစ်ကောင်လိုပဲ လက်နဲ့ ထိတွေ့နေပေမဲ့ မျက်စိတွေက မမြင်ချင်ယောင်ဆောင်ထားကြတဲ့ အချစ်ရဲ့ သဘောတရားတွေကို ကျွန်မကတော့ ခဏတာဖြစ်ဖြစ် ပိတ်ကားလှစ်ပြီး တစ်လုံးတစ်ခဲတည်း ရှုစားကြည့်ချင်တယ် ချစ်တယ်ဆိုတဲ့ စကားလုံး‌နောက်က ဘယ်လိုချစ်တာလဲဆိုတဲ့‌မေးခွန်းကို အသက်ရှင်နေသေးသရွေ့ အဖြေထုတ်ရုံသက်သက်သာမဟုတ်ဘဲ နှစ်ရှည်လများစီးမျောခံစားသက်ဝင်တတ်တဲ့ ချစ်သူမျိုး ကျွန်မ ဖြစ်ချင်တယ်

ပုံ – တိုက်ခန်းတစ်ခန်းတွင် သူငယ်ချင်းများ ထမင်းလက်ဆုံစားရန် အတူတကွပြင်ဆင်လှီးချွတ်ချက်ပြုတ်နေကြစဉ်

ဘယ်လ်ဟွတ်ခ်ရဲ့ “အချစ်အကြောင်းအစုံအလင်” All About Love စာအုပ် အစအဆုံး pdf

တပ်ဖျက်သိမ်းရေး – အဘောလစ်အဆိုလား?

လွန်ခဲ့တဲ့ ရက်ပိုင်းထဲမှာ သီဟဝင့်အောင်နဲ့ ထက်မင်းလွင်တို့ ရေးသားထားတဲ့ “ဘာလက်နက်ကိုင်စစ်တပ်မှ မရှိတဲ့ မြန်မာပြည်ကို မျှော်ရည်မှန်းချိန် တန်ပြီ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ် (မူရင်းကိုတော့ Review of Democracy blog မှာ အင်္ဂလိပ်လို ထုတ်ပြန်ခဲ့ပြီး သီဟဝင့်အောင်ရဲ့ Medium blog ကနေ မြန်မာလိုပြန်ထားတာရှိတဲ့အတွက် မြန်မာပြန်ကိုပဲ ကျွန်မ အဓိကထားသုံးသပ်သွားပါမယ်)

ပထမဆုံး မြန်မာပြည် နိူင်ငံရေးအသိုင်းအဝိုင်းထဲမှာ Abolition ဆိုပြီး ပိုင်ပိုင်နိူင်နိူင် သုံးထားတာ၊ စစ်အစိုးရကိုသာမက လက်နက်ကိုင်စစ်တပ်ပေါင်းစုံကို abolish လုပ်ရမယ်ဆိုပြီး တိတိလင်းလင်းဆိုထားတဲ့ စာရေးသူနှစ်ယောက်ရဲ့ အာဘော်ကို abolitionist တစ်ယောက်အနေနဲ့ ကျွန်မ သဘောကျမိတယ်ဆိုတာ စကားချပ်ခံချင်တယ် နိူင်ငံရေးနဲ့ပတ်သက်လာရင် ဝင်ရိုးစွန်းနှစ်ခြမ်း (စစ်တပ်ထောက်ခံသူနဲ့ NUG/PDF ထောက်ခံသူ) ကြားမှာပဲ တစ်ခုခုကို ရွေးချယ်ကြရတဲ့၊ ရွေးချယ်နေကြတဲ့ခေတ်မှာ ဒီလိုမျိုး တပ်ဆိုရင် ဘယ်တပ်ကိုမဆို ဖြုတ်ချရမယ်လို့ ဆိုတာဟာ တော်ရုံတန်ရုံအများကြိုက်တဲ့စကားမဟုတ်ဘူးဆိုတာ ကျွန်မ သိနေတဲ့အတွက် စာရေးသူနှစ်ယောက် ပေါ်ပေါ်ထင်ထင် ချရေးထားတာကို abolitionist သဘောတရားတွေကို လက်ခံကျင့်သုံးချင်တဲ့သူတစ်ယောက်အနေနဲ့ သဘောကျတယ်လို့ အရင်ဆိုပါရစေ

ဒီလို စကားပလ္လင်ခံပြီးတော့ ကျွန်မ စာရေးသူနှစ်ယောက်ရဲ့ ဆောင်းပါးကို သေချာသုံးသပ်ကြည့်ချင်ပါတယ် အသေးစိတ်အာဘော်တွေကို မသုံးသပ်ခင် ယေဘုယျအနေနဲ့ abolition ကို မြန်မာမှုပြန်ထားပုံကို ကျွန်မ အရင် စဉ်းစားကြည့်ချင်တယ် သီဟဝင့်အောင်ရဲ့ မြန်မာပြန်မှာတော့ abolition ကို “ဖျက်သိမ်းရေး” (စစ်တပ်ဖျက်သိမ်းရေး)လို့ သုံးထားတာ တွေ့ရပါတယ် ဒါက ကျွန်မအတွက် စိတ်ဝင်စားစရာပါပဲ abolition ကို ကျွန်မအရင်ရေးခဲ့တဲ့ စာတွေအရသော်လည်းကောင်း၊ ပြီးခဲ့တဲ့လတွေထဲက abolition အကြောင်းဖတ်ခဲ့ကြတဲ့ စာတွေထဲမှာရော၊ စီမုန်းမာဂ်စာလင်းရဲ့ ဆောင်းပါးကို ဘာသာပြန်ထားတာမှာရော “စနစ်များကို ဖြိုချဖျက်ဆီးခြင်း” လို့ ကျွန်မ ဘာသာပြန်ခဲ့ပါတယ် ဒါကတော့ ကျွန်မအမြင်အရ abolition ဟာ စစ်တပ်ဆိုတဲ့ အဆောက်အအုံတစ်ခု၊ infrastructure တစ်ခုကိုပဲ ဖျက်ဆီးဖို့ ဆိုလိုတာမဟုတ်ဘဲ စစ်တပ်နဲ့တကွ တခြားသော ချိတ်ဆက်နေတဲ့၊ အချင်းချင်း ထောက်ပံ့ပေးနေတဲ့ ထောင်၊ ရဲအစရှိတဲ့ စနစ်တွေကနေမှတဆင့် လူမှုရေးနဲ့ ရိုးရာဓလေ့စနစ်တွေ ဖြစ်တဲ့ မဟာဖိုဝါဒ၊ အထက်အောက်ဝါဒ အစရှိတာတွေကိုပါ ဖြိုချခြင်းကို ဆိုလိုတယ်လို့ ကျွန်မ ယူဆလို့ပါပဲ သို့ပေသိ ထားပါတော့ အင်္ဂလိပ်စာလုံးတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့ သီအိုရီအတွေးအခေါ် concept တွေကို မြန်မာမှုပြုတဲ့အခါ စံစကားလုံးပြုဖို့ကတော့ ခက်နေသေးတာပါပဲ (စံလည်း ပြုစရာလိုချင်မှ လိုပါမယ် ဥပမာ – ဖီမီနင့်ဇင်ကိုပဲ ကြည့်ပါ ဖမ်မန်နင့်လို့ သုံးတဲ့သူရှိသလို အမျိုးသမီးဝါဒလို့ သုံးကြတဲ့သူတွေလည်း အခုထိရှိနေသေးတုန်းပါပဲ) အဓိက စကားအခေါ်အဝေါ်တွေကို စံပြုတာထက် ဒီလို အင်္ဂလိပ်ဝေါဟာရ concept တွေကို မြန်မာမှုပြုတဲ့အခါ ဘယ်လိုအဓိပ္ပါယ်တွေကို သုံးတဲ့သူက ဖော်ကျူးချင်တာလဲဆိုတာက ပိုစိတ်ဝင်စားစရာပါ

(အင်္ဂလိပ်စာလုံးလို့ ပြောလို့ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူတွေက ဒီကိုလိုနှိုက်ဇေးရှင်းတို့၊ ဖီမီနင့်ဇင်တို့၊ အခု အဘောလစ်ရှင်းနစ်ဇင်တို့တွေ အကုန်လုံးဟာ အနောက်နိူင်ငံတင်သွင်းကုန်တွေပဲဆိုပြီး ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြီး ပုတ်ခတ်ကောင်း ပုတ်ခတ်ကြပါဦးမယ် အနောက်လို့ပြောတိုင်းလည်း လူဖြူအနောက်ကိုပဲ ဘိုးတော်ခေါ်နေတာ မဟုတ်ကြောင်း၊ အနောက်သည်လည်း အရှေ့လိုမျိုးပဲ တစ်ပြေးညီ ခေတ်မီတိုး‌တက်နေတာမဟုတ်ကြောင်း သတ်သတ် ရေးချင်ပါသေးတယ် အနောက်တင်သွင်းဆိုပြီး xenophobic လို့ ခေါ်တဲ့ အပြင်မုန်းတဲ့စိတ်ဓါတ်တွေကို အမျိုးသားရေးစိတ်ဓါတ်နဲ့ ရောသမမွှေထားတဲ့ ဝေဖန်ချက်တွေကတော့ ကျွန်မအတွက် ခြေခြေမြစ်မြစ်ရှိမနေဘူးဆိုတာ စကားချပ်ခံပါရစေ)

အဲ့ဒီတော့ ပြန်ကောက်ရရင် စာရေးသူနှစ်ယောက်အနေနဲ့ အဘောလစ်ရှင်းကို ဆိုလိုတဲ့နေရာမှာ ဘယ်လိုအဘောလစ်ရှင်းမျိုးကို ဆိုလိုချင်တာလဲဆိုတာ ကျွန်မ စာဖတ်ရင်း မသဲမကွဲဖြစ်မိတယ် စစ်တပ်ကိုဖျက်သိမ်းရမယ်ဆိုတဲ့ အဘောလစ်ရှင်းအယူအဆကို လက်ခံသလို လက်နက်ကိုင်တပ်၊ ဖက်ဒရယ်တပ်တွေအကုန်လုံးကို ဖျက်သိမ်းရမယ်ဆိုတာကိုလည်း အဘောလစ်ရှင်းနစ်အမြင်နဲ့ ကျွန်မ လက်ခံနိူင်ပါတယ် ဒါပေမဲ့ ဘယ်လိုမျိူးပုံစံနဲ့ ဒီတပ်တွေကို ဖျက်သိမ်းစေချင်သလဲ၊ ဖျက်သိမ်းကြမလဲဆိုတဲ့နေရာမှာတော့ ကျွန်မ နားလည်မှု လစ်ဟင်းသွားတယ်

စစ်တပ်ကို ဖျက်သိမ်းရမယ်ဆိုတဲ့နေရာမှာ စာရေးသူနှစ်ယောက်က ဒီလိုမျိုး ရေးထားပါတယ်

“ယနေ့ကာလ တော်လှန်ရေးနဲ့ ဦးဆောင်နေအဖွဲ့အစည်းတွေက စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် မျှော်မှန်းထားကြောင်း အကြိမ်ကြိမ် ကြေညာပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ စစ်တပ်ရဲ့ လွှမ်းမိုးစွက်ဖက်မှုကို အဆုံးသတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ရန်မှာ လူမျိုးအုပ်စု-သွေးသားတော်စပ်မှုအပေါ်အခြေခံတဲ့ အမျိုးသားရေးဝါဒနဲ့ ဒီဝါဒကနေ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို ဖျက်သိမ်းပစ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်ရှိမြန်မာစစ်တပ်/ဗမာစစ်တပ်ကို အခု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လို့ခေါ်တဲ့ တပ်ဖွဲ့တွေ၊ ဒါမှမဟုတ် အနာဂတ်မှာ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO တွေ ပေါင်းစည်းပြီး ဖွဲ့စည်းမယ်ဆိုတဲ့ ဖက်ဒရယ်အာမီနဲ့ အစားထိုး ပြောင်းလဲပစ်လိုက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီနေ့ မြန်မာပြည်လို့ ခေါ်တဲ့ ဒေသမှာ အမျိုးသားစစ်တပ်၊ ဘာစစ်တပ်၊ ဘာလက်နက်ကိုင်တပ်ဖွဲ့မှ မထားတော့ဘဲ လက်နက်ကိုင်တပ်အားလုံး ဖျက်သိမ်းပစ်ဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။”

ဒီအာဘော်ဟာ ကျွန်မအတွက် စိတ်ဝင်စားစရာကောင်းပါတယ် ဘာလို့လဲဆိုတော့ စာရေးသူတွေအနေနဲ့ တပ်ဆိုတဲ့အယူအဆအမူအကျင့်ကို ဖျက်သိမ်းဖို့ဆိုတဲ့နေရာမှာ “လူမျိုးအုပ်စု-သွေးသားတော်စပ်မှုအပေါ်အခြေခံတဲ့ အမျိုးသားရေးဝါဒနဲ့ ဒီဝါဒကနေ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး” ကို ဖျက်သိမ်းပစ်ရမယ်လို့ ဆိုထားပါတယ် ဒီအဆိုကို ကျွန်မ အနုစိတ်ပြီး စဉ်းစားကြည့်ချင်တယ် တစ်လောက ကျွန်မ ဘာသာပြန်ခဲ့တဲ့ မာဂ်စာလင်းရဲ့ ဆောင်းပါးအောက်မှာ ရေးခဲ့တဲ့ မှတ်ချက်တွေထဲကလိုပဲ ကျွန်မတို့ကို ဖိနှိပ်ထားတဲ့ စနစ်တွေကို ဖြိုချဖျက်ဆီးဖို့ဆိုတာ ကျွန်မတို့ ခန္ဓာနဲ့စိတ်တွေဟာ ဖိနှိပ်ခံထားရပါတယ်ဆိုတာကို မိမိကိုယ်ကို သတိမူမိရာကနေ စရမယ်ဆိုတာကို ပြန်သတိရမိတယ် အဲ့ဒီလိုဆိုရင် လူမျိုးစုစစ်တပ်‌တွေကို ဖျက်သိမ်းဖို့ဆိုတာ အဲ့ဒီ လူမျိုးစုဖြစ်တည်မှု၊ လူမျိုး‌စုတွေအပေါ်အခြေခံထားတဲ့ နိူင်ငံရေးဝါဒတွေ (ရိုးရာဓလေ့ထုံးစံတွေပါ အပါအဝင်)ဟာ အဲ့ဒီလူမျိုးစုတွေကို ပြန်ပြီး ဖိနှိပ်ထားတယ်ဆိုတဲ့ ပထမအချက်ကို အရင် သဘောပေါက်ရမယ်လို့ ကျွန်မ တွေးမိတယ်

ဒါဟာ တစ်နည်းပြောရရင် identity politics တွေကို ဆိုလိုတာပါပဲ ကချင်၊ ကရင်၊ မွတ်စလင်၊ မိန်းမအစရှိတဲ့ ဖြစ်တည်မှုတွေကို အခြေခံပြီး စစ်တပ်စနစ်ကို ကျင့်သုံးလာရင် အဲ့ဒီစစ်တပ်စနစ်ကို ဖျက်သိမ်းဖို့ဆိုတာ အဲ့ဒီဖြစ်တည်မှုတွေကိုပါ ခဝါချဖျက်သိမ်းဖို့ လိုလာတာပါပဲ ဖြစ်တည်မှုလေဘယ်တွေကို အရင်မဖျက်သိမ်းဘဲ အဲ့ဒီနောက်က ပေါ်ပေါက်လာတဲ့ တပ်စနစ်၊ ထောင်စနစ်၊ ရဲစနစ်ဆိုတာကို ဖျက်သိမ်းဖို့က ကျွန်မအမြင်မှာ ခက်ပါတယ် စာရေးသူနှစ်ယောက်အနေနဲ့ရော အဲ့ဒီအချက်ကို စဉ်းစားမိကြသလား ကျွန်မ စိတ်ဝင်စားမိတယ် စဉ်းစားမိရင် မိမိရဲ့ ဖြစ်တည်မှုလေဘယ်တွေကို ဘယ်လိုဖျက်သိမ်းဖို့ စဉ်းစားမိသလဲဆိုတာ ကျွန်မ သိချင်မိတယ် ဒါက ဝေဖန်တယ်ဆိုတာထက် စဉ်းစားတွေးခေါ်မှုပိုင်းဆိုင်ရာ နှီးနှောကြည့်ချင်တာပါပဲ

ဘာလို့လဲဆိုတော့ ဖြစ်တည်မှုတွေကို အခြေခံပြီး ရုန်းကန်ကြမှုတွေ၊ အခွဲခြားခံရမှုတွေဟာ တော်‌ရုံတန်ရုံအကုန်လုံး မေ့ပျောက်လိုက်ကြဖို့ မလွယ်ပါဘူး ဘယ်လောက်ပဲ မိန်းမဖြစ်တည်မှုကို မေ့ပျောက်ပြီး ယောင်္ကျား၊ မိန်းမ တန်းတူသဖွယ်နေကြပါလားလို့ ပြောရတာလွယ်ပေမဲ့ ဂျန်ဒါတန်းတူအခွင့်အရေးရှိပါတယ်ဆိုတဲ့ နေရာတွေမှာတောင် ဂျန်ဒါအခြေပြု ဖိနှိပ်မှုတွေ ရှိနေသေးသလို လူမျိုးစုစစ်တပ်တွေလည်း ဗမာစစ်တပ်က ဖိနှိပ်တိုက်ခိုက်နေသေးသရွေ့ တပ်ကို ဖျက်သိမ်းပြီး နေကြပါလား ပြောရတာ ခက်ပါတယ် ဒီလိုပြောလို့ ကျွန်မက တပ်စနစ်ကို လူမျိုးစုတွေမို့လို့ အားပေး‌အားမြှောက်ပြုနေတာမဟုတ်ပါဘူး လူမျိုးစုတပ်တွေထဲမှာကိုက ဖြိုချရမဲ့၊ ပြဿနာတွေရှိနေတဲ့ အထက်အောက်စနစ်တွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရှိနေသေးဆဲဆိုတာ သိပါတယ် ဒါပေမဲ့ ဒီနေရာမှာ ကျွန်မထောက်ပြချင်တာက စာရေးသူနှစ်ယောက်ရဲ့ တပ်စနစ်ကို ဖျက်သိမ်းဆိုတဲ့ အာဘော်ဟာ သွားနိူင်ရင် သွားသင့်သလောက်နဲ့ စာဖတ်သူတွေအတွက် လစ်ဟင်းသွားတယ်ဆိုတာပါပဲ အဘောလစ်ရှင်းနစ်အမူအကျင့်ကို လက်ခံကျင့်သုံးချင်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်မအတွက်ကတော့ စိတ်ကူးယဉ်ပုံဖော်မှုဟာ အဖြေပါပဲ ဒါကို ကမ္ဘာတစ်ဝှမ်းက အဘောလစ်ရှင်းနစ်သမားတွေကလည်း ထပ်ခါတလဲလဲ ရေးထားကြပါတယ် အထက်က ပြောသလို မိမိကိုယ်ကိုယ်ရဲ့ ဖြစ်တည်မှုကို ဖြိုချဖျက်ဆီးဖို့ဆိုတာ မိမိဟာ လက်ရှိဖြစ်နေတာထက် ဘာရော ဖြစ်နိူင်ဦးမလဲဆိုတာကို မြင်ယောင်တတ်ဖို့ အခွင့်အရေး၊ စိတ်ခန္ဓာ သယံဇာတတွေ လိုတယ် ဒီအလေ့အကျင့်ဟာလည်း အခုရေတွင်းတူး အခုရေကြည်သောက်လို့ရတဲ့ အလေ့အကျင့် မဟုတ်တော့ ခက်တယ် နောက်ပြီး စိတ်ကူးယဉ်ပါဆိုတဲ့ စကားဟာ ကျွန်မအတွေ့အကြုံအရ ဖိုဆန်တဲ့ (ဒီနေရာမှာ ယောင်္ကျားဖြစ်နေမှ ဖိုဆန်တာ မဟုတ်ပါဘူး) နိူင်ငံ‌ရေးသမား၊ ပညာရှင်တွေအတွက် အင်မတန်မှ ပြောရခက်တဲ့ စကားလုံးတစ်လုံးပဲ စာရေးသူနှစ်ယောက်ရော စိတ်ကူးယဉ်ပုံဖော်ပါလို့ ပြောရတာ ခက်နေကြသ/မလား ကျွန်မ စိတ်ဝင်စားမိတယ် (ဆောင်းပါးထဲမှာတော့ ဖက်ဒရယ်အာမီကြီး ထောင်လိုက်မဟဲ့လို့ စိတ်ကူးယဉ်ကြတာတွေကိုတော့ ဝေဖန်ထားတာ ဖတ်ရပါတယ်)

(စိတ်ဝင်စားစရာက စာ‌ရေးသူနှစ်ယောက်က အဘောလစ်ရှင်းအကြောင်း ရေးသွားပေမဲ့ ဘယ်အဘောလစ်ရှင်း စာရေးသူတွေရဲ့ အတွေးအခေါ် အရေးအသားတွေကိုမှ မကိုးကားထားတာပါပဲ blog စာလုံးရေအကန့်အသတ်ကြောင့်ပဲလားတော့ မပြောတတ်ပါ ဒါပေမဲ့ အဲ့ဒီလို အဘောလစ်ရှင်းနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ အန်ဂျလာဒေးဗစ်တို့၊ မာရီယန် ကာဗာတို့၊ ဒင်းစပိတ်တို့ရဲ့ စာတွေ၊ အတွေးအခေါ်ကို မကိုးကားထားတော့ အဘောလစ်ရှင်းနဲ့ စိမ်းတဲ့သူတွေအတွက် ဒီအာဘော်ဟာ “utopic” ဖြစ်တယ်လို့ အဲ့ဒီဆောင်းပါးကို တုံ့ပြန်ချက်တွေမှာ အလွယ်တကူပုတ်ခတ်တာတွေကို ကျွန်မ ‌တွေ့ရတယ် အဘောလစ်ရှင်းသဘောတရားတွေဟာ မရင်းနှီးသူတွေအတွက် Utopic ဆန်တယ်လို့ ဝေဖန်ခံရတာ ပြဿနာတစ်ခုပါပဲ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အောက်မှာ ညွှန်းစာတွေ ထည့်ထားပေးပါတယ်)

နောက်တစ်ချက်က စာရေးသူနှစ်ယောက် တိတိလင်းလင်း ဝေဖန်ထားတဲ့ EAO တွေရဲ့ “ကျဉ်းမြောင်းတဲ့ လူမျိုးအပေါ်အခြေခံတဲ့ အမျိုးသားရေးဝါဒ” ဟာ လွတ်မြောက်ရေးအတွက် အသုံးမဝင်ဘူးဆိုတဲ့ အာဘော်ပါပဲ ဒါကိုလည်း ယေဘုယျအားဖြင့် ကျွန်မ လက်ခံပါတယ် လူမျိုး‌စုအခြေပြု အမျိုးသားရေးအမြင်လို့ ခေါ်တဲ့ ethnonationalism ဟာ အမျိုးသားရေးဝါဒလိုမျိုးပဲ ဝေဖန်သုံးသပ်သင့်တဲ့အရာတစ်ခုပဲ ဗြိတိသျှကိုလိုနီခေတ်နောက်မှာ ထကြွလာတဲ့ ဝံသာနုစိတ်ဓါတ်တွေဟာ အခုကာလ‌တွေထိအောင် ရှင်သန်နေကြဆဲဖြစ်တဲ့အတွက် ဗမာလူမျိုးကြီးဝါဒအောက်မှာ ပုန်ကန်ထကြွရာကနေ ဖြစ်တည်လာတဲ့ လူမျိုးစုအမျိုးသားရေးစိတ်ဓါတ်တွေဟာ ပြင်းထန်နေတာ ထူးတဲ့ကိစ္စတော့ မဟုတ်ပါဘူး ဗမာလို ကြီးပြင်းလာတဲ့လူတစ်ယောက်အနေနဲ့ ဗမာမဟုတ်တဲ့ လူမျိုးစုတွေကို သူတို့ရဲ့ အမျိုးသားရေးစိတ်ဓါတ်တွေကို လျှော့ချလို့ ပြောရမှာတော့ ဗြိတိသျှလူဖြူတစ်ယောက်က ဝံသာနုဗမာတစ်ယောက်ကို ဖျင်ကြမ်းအင်္ကျီတွေ ဘာလို့ ဝတ်နေသေးတာလဲ ပြောသလိုမျိုးဖြစ်တဲ့အတွက် ကျွန်မတော့ နည်းနည်း လက်ရွံ့မိတယ် ဒီနေရာမှာ လူဖြူယောင်္ကျားတစ်ယောက်လို ပိရိမစ်ရဲ့ ထိပ်ဆုံးမှာ မရှိနေတဲ့၊ ဖိနှိပ်မှုတွေကို အလွှာလိုက် ပုံသဏ္ဍာန်မတူပေမဲ့လည်း ခံစားနေကြရတဲ့ လူအုပ်စုတွေအချင်းချင်း တစ်စုက နောက်တစ်စုကို ဆရာကြီး သဘာကြီးလိုမျိုးပုံစံနဲ့ ပြောတာမျိုးမဟုတ်ဘဲ ဘယ်လို အတူတကွ လက်တွဲပြီး လွတ်မြောက်ဖို့ ကြိုးစားကြမလဲ? စနစ်တွေကို ဖြိုချဖျက်ဆီးဖို့ရာ အတူတကွ လက်တွဲမှုတွေ လိုအပ်နေတာ အမှန်ပဲ

နောက်ဆုံးအချက်အနေနဲ့ ဒီဆောင်းပါးထဲက အာဘော်တွေထဲမှာ ကျွန်မ သဘောမတူဆုံးတစ်ချက်က ဆောင်းပါးနောက်ဆုံးအချက်ပါပဲ

“မြန်မာပြည်သူတွေ ရင်ဆိုင်ရတဲ့ နံပါတ်တစ် အမျိုးသားလုံခြုံရေး အန္တရာယ်ဟာ ပြည်ပရန် မဟုတ်ဘဲ ပြည်တွင်းက ‘အမျိုးသားစစ်တပ်’ ပဲဆိုတာကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းလိုမျိုး ပြည်ပရန် ကြုံရတဲ့အခါမှာ လက်နက်ထောက်ပံ့ခြင်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံတကာက ကူညီကြတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်လိုမျိုး (ဆီးရီးယားနှင့် အာဖဂန်နစ္စတန်လိုမျိုး) မှာ ယုတ်မာရိုင်းစိုင်းတဲ့ နိုင်ငံစစ်တပ်က ကိုယ့်ပြည်သူကို အကြမ်းဖက်တဲ့ အခါမှာတော့ နိုင်ငံတကာက ‘ပြည်တွင်းရေး’ ဆိုပြီး ဘာမှမကူညီကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။”

စာရေးသူနှစ်ယောက်က အရေးကြီးလှတဲ့၊ စနစ်များကို ဖြိုချဖျက်ဆီးခြင်းအကြောင်းပြောတိုင်း လူတွေ မေးခွန်းထုတ်လေ့ရှိတဲ့ ” နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးက အမျိုးသားစစ်တပ်မရှိရင် ဘယ်လိုလုပ်မလဲ။” ဆိုတဲ့ မေးခွန်းကို ဖြေထားတဲ့ အဖြေဟာ လိုအပ်ချက်တွေရှိနေသေးတဲ့အပြင် စာရေးသူနှစ်ယောက်ကိုယ်တိုင် မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း လက်ကိုင်ထားဆဲဖြစ်တဲ့ အဘောလစ်ရှင်းသဘောတရားတွေနဲ့ ဆန့်ကျင့်နေတဲ့ နယ်နိမိတ်၊ နိူင်ငံအချုပ်အခြာအာဏာဆိုတဲ့သဘောတရားတွေကို လှစ်ဟာပြလိုက်တယ်လို့ ကျွန်မ မြင်မိတယ်

စာရေးသူနှစ်ယောက်ရေးထားတဲ့ မြန်မာပြည်ရဲ့ အဓိကရန်သူဟာ ပြည်တွင်းရန်ဖြစ်တယ်လို့ဆိုတဲ့ အာဘော်ကို ကျွန်မ လက်မခံပါဘူး (ပြည်တွင်းဆိုတာ ဘာကို ဆိုလိုလဲဆိုတာတောင် ပြန်စဉ်းစားကြည့်ရပါဦးမယ်) အမှန်တကယ် စနစ်တွေကို ဖြိုချသူသာဆိုရင် ကျွန်မတို့အပေါ် ဖိနှိပ်ထားတဲ့ စနစ်တွေဟာ ပြည်တွင်းမှာပဲ ပေါက်ဖွားပြီး ပြည်တွင်းမှာပဲ လည်ပတ်နေတာတော့ မဟုတ်ဘူးဆိုတာ သဘောပေါက်ကောင်း သဘောပေါက်မိမှာပါ မြန်မာပြည်မှာ ဖွားပေမဲ့ ပြည်ပမှာကြီးတဲ့၊ ရွှေ့ပြောင်းအခြေချ‌သူတွေအပေါ် ဆက်လက်သက်ရောက်နေဆဲဖြစ်တဲ့ long-distance nationalism နဲ့ diaspora politics တွေကို အဘောလစ်ရှင်းသဘောတရားနဲ့ စဉ်းစားလို့ မရနိူင်ဘူးလား? Diaspora ကနေ EAO တွေ PDF တွေကို ထောက်ပံ့ပေးနေတဲ့ ငွေကြေးနဲ့ တခြားသောအရာတွေကိုရော ကျွန်မတို့ ဘယ်လိုသုံးသပ်ကြမလဲ? တိုတောင်းလှတယ်လို့ ကျွန်မ မြင်တဲ့ ဒီတစ်ပိုဒ်‌တည်းသော အဖြေဟာ ဒီမေးခွန်းရဲ့ အတိမ်အနက်ကို မကာမိပါဘူး စနစ်များကို ဖြိုချဖျက်ဆီးကြဟေ့ဆိုရင် မြန်မာပြည်က စစ်တပ်၊ ဘုရင်စစ်တပ်စနစ်၊ လူမျိုးစုစစ်တပ်တွေသာမက ပြည်ပက စစ်တပ်စနစ်ပေါင်းစုံကိုပါ ဖြိုချရမှာပါ ပြည်တွင်း/ပြည်ပဆိုတဲ့ နယ်နိမိတ်ကို အခြေခံထားတဲ့ တရားစီရင်မှုမျိုးဟာ အသုံးမဝင်ဘူး အဲ့တော့ “နိူင်ငံရဲ့ အမျိုးသားလုံခြုံရေး” ဆိုတာ အဘောလစ်ရှင်းနစ် အယူအဆအရ နိူင်ငံဆိုတာ ရှိမနေတော့တာဖြစ်တဲ့အတွက် အမျိုးသားလုံခြုံရေးဆိုတာ ရှိကိုမနေတော့ပါဘူး တကယ်လို့ တရားစီရင်ရေးကို ပြောကြမယ်ဆိုရင်လည်း အဘောလစ်ရှင်းသမားတွေ ပြောနေကြတဲ့ transformative justice ပြောင်းလဲစေတဲ့ တရားမျှတမှု‌ဆိုတာကို ရပ်ရွာပတ်ဝန်းကျင်တစ်ခုစီလိုက် ဘယ်လိုကျင့်သုံးကြမလဲ ကျွန်မတို့ ဆွေးနွေးလို့ ရပါတယ်

သီဟဝင့်အောင်နဲ့ ထက်မင်းလွင်ရဲ့ ဆောင်းပါးဟာ ကျွန်မအတွက် သဘောတူတာတွေရော၊ ဘဝင်မကျမိတာတွေရော ပါ‌ပြီး စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားတွေကို ဖတ်ရှုလေ့လာသူ၊ ကျင့်သုံးချင်သူတစ်ဦးအနေနဲ့ မြန်မာပြည်အခြေအနေအလိုက် အ‌တွေးတွေ အများကြီး ပေးသွားလို့ ဖတ်ရတာတော့ အားရပါးရရှိပါတယ် abolish the military hashtag တစ်ခုဟာ အာဏာသိမ်းကာလမှာ လူတိုင်းလိုလို သုံးလာကြတဲ့ hashtag တစ်ခုပါ ဒါပေမဲ့ အခု မြန်မာပြည်နိူင်ငံရေးအရ abolish လို့ ပြောတိုင်း အပေါ်ယံ ဖျက်သိမ်းဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောချင်တာလား၊ အမေရိကန်ရဲ့ လူမည်းကျွန်စနစ်ကို ဖြိုချဖျက်ဆီးရာကနေ အခြေစိုက်ပေါ်ပေါက်လာတဲ့ အဘောလစ်ရှင်းလှုပ်ရှားမှုတွေရဲ့ သမိုင်းကြောင်းနဲ့ အခုလက်ရှိ စစ်အာဏာရှင်စနစ်မဟုတ်တဲ့ နိူင်ငံတွေမှာကအစ ရဲအသုံးပြု၊ ထောင်ချပိတ်ပင်ဖမ်းဆီးတဲ့ carceral politics လို့ ခေါ်တဲ့ လူမျိုးရေးနဲ့ လူတန်းစားပြဿနာတွေကိုပါ ချဲ့ထွင်မွေးဖွားပေးနေတဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းသဘောတရားတွေကိုပါ ဝေဖန်ပုန်ကန်နေတဲ့ အဘောလစ်ရှင်းသဘောတရားတွေကို ဆိုတာလားကတော့ အချိန်ကပဲ ကျွန်မတို့ကို ပြောပြသွားပါလိမ့်မယ်

ထုံးစံအတိုင်း‌ အောက်မှာ သက်ဆိုင်ရာ စာညွှန်းတွေ ထည့်ပေးထားပါတယ် စနစ်များကို ဖြိုချဖျက်ဆီးခြင်းအကြောင်း ဆောင်းပါးတွေကတော့ ပြီးခဲ့တဲ့လက Abolitionism စာဖတ်ဝိုင်းမှာ ဖတ်ခဲ့ကြတဲ့ ဆောင်းပါးတွေပါပဲ

ပုံကတော့ အီဂျစ်ရဲ့ ၂၀၁၂ ခုနှစ် အမျိုးသား‌ရဲနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ ACAB (All Cops Are Bastards ရဲမှန်သမျှဟာ ခွေးကောင်တွေဖြစ်တယ်) ဆိုတဲ့ စလိုဂန်ကို Radical Graffiti Instagram မှ ကူးယူဖော်ပြပါတယ်

သီဟဝင့်အောင်နဲ့ ထက်မင်းလွင်ရဲ့ မူရင်းဆောင်းပါးအင်္ဂလိပ်

https://revdem.ceu.edu/2023/01/31/its-time-to-imagine-a-future-for-burma-without-armed-forces/?fbclid=IwAR1ssVs-CZbo25-Q8rvxft5R26AUE-_2_SgKmR2PNSGGLXxjL7qZ5GMqHBI

မြန်မာ (ဘာသာပြန်ကိုတော့ စာရေးသူနှစ်ယောက်လုံး ပြန်ထားသလား သီဟဝင့်အောင်တစ်ယောက်ပဲ ပြန်ထားသလားတော့ မပြောတတ်ပါ) https://thihawintaung.medium.com/%E1%80%98%E1%80%AC%E1%80%9C%E1%80%80%E1%80%BA%E1%80%94%E1%80%80%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%BE-%E1%80%99%E1%80%9B%E1%80%BE%E1%80%AD%E1%80%90%E1%80%B2%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%9B%E1%80%8A%E1%80%BA%E1%80%99%E1%80%BE%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AD%E1%80%94%E1%80%BA-%E1%80%90%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%AE-90b5abed6b28

အဘောလစ်ရှင်းတက်ကြွလှုပ်ရှားသူနဲ့ စာရေးသူ ဝါလီဒါအီမာရှစ်ရှာ (Walidah Imarisha) ရေးတဲ့ To Build a Future Without Police and Prisons, We Have to Imagine It First (ရဲနဲ့ ထောင်မရှိတဲ့ ကမ္ဘာကို တည်ဆောက်ရန် ငါတို့ စိတ်ကူးယဉ်ဖို့ အရင်လိုတယ်) ဆောင်းပါး

https://onezero.medium.com/black-lives-matter-is-science-fiction-how-envisioning-a-better-future-makes-it-possible-5e14d35154e3

ဒန်ဘာဂါ (Dan Gerger)၊ မာရီယန်ကာဗာ (Mariame Kaba) နဲ့ ဒေးဗစ်စတိုင်း (David Stein) တို့ ရေးတဲ့ What Abolitionists Do (စနစ်များကို ဖြိုချဖျက်ဆီးသူတွေ လုပ်တဲ့အလုပ်) ဆောင်းပါး

https://jacobin.com/2017/08/prison-abolition-reform-mass-incarceration?fbclid=IwAR3mPXeyNf4CIr7RmjvKZAN2nP1Qk95GU_BFx9KDyf0lQ1iL7EjK61Wp5Co

မာရီယန်ကာဗာ (Mariame Kaba) ရေးတဲ့ So You’re Thinking About Becoming an Abolitionist (မင်းက စနစ်များကို ဖြိုချဖျက်ဆီးသူဖြစ်ဖို့ စဉ်းစားနေတယ်ဆိုရင်) ဆောင်းပါး

https://level.medium.com/so-youre-thinking-about-becoming-an-abolitionist-a436f8e31894

Tenggaran International မှာ ပြီးခဲ့တဲ့လက မြန်မာဘာသာနဲ့ ထုတ်ပြန်ခဲ့တဲ့ ကျွန်မရဲ့ Abolitionism အပေါ် သုံးသပ်ခြင်း ဆောင်းပါး

Abolitionism အပေါ် သုံးသပ်ခြင်း

ရာဒီကယ်ဆိုသည်မှာ

ရာဒီကယ် (radical) ဆိုတဲ့ စကားလုံးဟာ မြန်မာပြည်ရဲ့ တော်လှန်ရေးဝေါဟာရတွေထဲကို အင်္ဂလိပ်စကားက‌နေ တိုက်ရိုက်ငှားရမ်းထားတဲ့ စကားလုံးတစ်လုံးအနေနဲ့ ဝင်ရောက်လာတာကို ကျွန်မ သတိထားမိတယ် ဒါပေမဲ့ ရာဒီကယ်ဆိုတဲ့ စကားလုံးအဓိပ္ပါယ်သက်သက် (lexical meaning) နဲ့ သူရဲ့ ဆိုလိုချင်တဲ့ သဘောသဘာဝ (conceptual meaning) တွေကို ကျွန်မတို့ ဘယ်လို နားလည်သဘောပေါက်ကြည့်လို့ ရမလဲ? အဲ့ဒီလို ဖြာထွက်နေတဲ့ အဓိပ္ပါယ်တွေကို ကျွန်မတို့ မြန်မာမှုပြုလို့ ရနိူင်မလား (သုံးစွဲတဲ့သူတွေက ပြုရော ပြုကြသလား)?

တိုက်ရိုက်ငှားရမ်းထားတဲ့ စကားလုံး (borrowed words) တွေရဲ့ ထုံးစံအတိုင်း ဘာသာစကားရိုးရာဓလေ့တစ်ခုက စကားလုံးတစ်လုံးဟာ နောက်ဘာသာစကားရိုးရာဓလ့တစ်ခုကို ပြောင်းရွှေ့သွားပြီးတဲ့အခါ သူရဲ့ မူရင်းအဓိပ္ပါယ်ဟာလည်း သူ့ကို လက်ခံလိုက်တဲ့ ရိုးရာဓလေ့နဲ့ သုံးစွဲသူတွေရဲ့ အမူအကျင့်တွေအပေါ်မှာ မူတည်ပြီး အဓိပ္ပါယ်နဲ့ သုံးစွဲပုံအသွင်သဏ္ဍာန်ပြောင်းလဲသွားတတ်ပြန်တယ်

ဥပမာ – တခြားသော အင်္ဂလိပ်စကားက ငှားရမ်းလိုက်တဲ့ စကားလုံးတွေကို ကြည့်ပါ ကျွန်မတို့ အမေလက်ထက်ကနေ အခုချိန်ထိသုံးစွဲနေကြတဲ့ အင်္ဂလိပ်စကားက‌ ငှားရမ်းထားတဲ့ စမတ် (smart) ဆိုတဲ့ ဥပမာကို ဒီနေရာမှာပြချင်တယ် smart ဟာ မူရင်း ဘာသာစကားမှာ‌တော့ ဉာဏ်ရည်ထက်ခြင်း၊ ဉာဏ်ရည်သွက်ခြင်း အစရှိသဖြင့် လူတစ်ယောက်ရဲ့ စဉ်းစားမှုပိုင်းဆိုင်ရာ အရည်အသွေးတစ်ခုကို ဖော်ပြတဲ့ အဓိပ္ပါယ်ပေါက်ပေမဲ့ ကျွန်မ အမေတို့လို့ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ကြီးပြင်းလာတဲ့ လူတန်းစားကတော့ smart ကို “စမတ်ကျတယ်” ဆိုတဲ့ အသုံးအနှုန်းနဲ့ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံပန်းသွင်ပြင်ကို ညွှန်းတဲ့နေရာမှာ သုံးလေ့ရှိတာ တွေ့ရတယ် “ဒီကောင်မလေးက စမတ်ကျကျ ဝတ်တတ်စားတတ်တယ်” “ဒီနေ့ နင် စမတ်တယ်ကျနေပါလား” အစရှိသဖြင့် သုံးစွဲတာတွေ ကျွန်မ တွေ့ရတယ်

ဒီနေရာမှာ မူရင်းအဓိပ္ပါယ်ကနေ မြန်မာမှုပြုလိုက်လို့ စကားလုံးရဲ့ အဓိပ္ပါယ်ဟာ ပျောက်ပျက်သွားတယ်လို့ ရှေးရိုးစွဲဆန်ဆန် ကျွန်မ အလွယ်တကူ မသုံးသပ်ချင်ဘူး ဘာသာစကားတိုင်းဟာ အချိန်နဲ့အညီ လူတွေသုံးစွဲသမျှ ပြောင်းလဲလှုပ်ရှားနေတယ်လို့ ကျွန်မ လက်ခံတယ် ဘယ်သူကမှ ၂၀၂၃ မှာ ၁၈၉၀ ခုနှစ်ကလို လေယူလေသိမ်း၊ အသုံးအနှုန်းတွေနဲ့ စကားမပြောကြတော့ဘူး စကားလုံးတွေ၊ ဘာသာစကားဝေါဟာရတွေရဲ့ ပြောင်းလဲမှုတွေရဲ့ အကြောင်းရင်းနောက်ခံတွေကတော့ အမျိုးမျိုးရှိမှာပါပဲ ဒီလို ဟိုးအရင်က လေယူလေသိမ်းကို တမ်းတဆွေးမြေ့တဲ့ လူထုစိတ်ခံစားချက်ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ် ဘာကြောင့် လူတွေက (ကျွန်မအပါအဝင်) အတိတ်ကို အထူးသဖြင့် ကိုလိုနီခေတ်ကာလတစ်ခုကို ရံဖန်ရံခါ တမ်းတ‌ဆွေးမြေ့လေ့ရှိကြတာလဲ? ထားပါတော့ ဒီမေးခွန်းနောက်ကို လိုက်ရင် ကျွန်မ ဒီနေ့ရေးချင်တဲ့စာနဲ့ နည်းနည်းတော့ ချော်သွားမယ်

ဆိုတော့ ဒီလို စကားလုံးတွေရဲ့ ပြောင်းလဲတတ်တဲ့ သဘောတရားကို သတိမူမိပြီး ရာဒီကယ်ဆိုတဲ့ စကားလုံးကို ကျွန်မတို့ လက်ရှိ ‌ကမ္ဘာတစ်ဝှမ်းက နိူင်ငံရေးတက်ကြွလှုပ်ရှားသူရပ်ဝန်းမှာရော၊ မြန်မာပြည် တော်လှန်ရေးရပ်ဝန်းမှာရော ဘယ်လို အဓိပ္ပါယ်နဲ့ သုံးစွဲနေကြသလဲ ကျွန်မ သုံးသပ်ကြည့်ချင်တယ်

ရာဒီကယ်ဆိုတဲ့ စကားလုံးဟာ မူရင်းမှာ ၁၄ ရာစုနှစ် လက်တင်ဘာသာစကားလုံး “radix/radic” ကနေ ဆင်းသက်လာတာ ဖြစ်ပြီး အခုလက်ရှိ သေသွားပြီဖြစ်တဲ့ လက်တင်စကားကနေ အခြားသော အင်ဒိုဥရောပဘာသာစကားပေါင်းများစွာဆီကို ပုံသဏ္ဍာန် အဓိပ္ပါယ်အမျိုးမျိုးနဲ့ ငှားရမ်းမွေးစားခံလိုက်ရတယ် မူရင်းလက်တင်အဓိပ္ပါယ်မှာတော့ ရာဒီကယ်ဟာ “အမြစ်” လို့ အဓိပ္ပါယ်ရတယ် သစ်ပင်တစ်ပင်ရဲ့ အမြစ်ကို ဆိုလိုတာမျိုးပေါ့ အခုအချိန်ထိလည်း ရုက္ခဗေဒမှာ ရာဒစ်/ရာဒီကယ်ကို အပင်တွေရဲ့ အမြစ်ကို ညွှန်းဆိုတဲ့နေရာမှာ သုံးစွဲနေကြဆဲဖြစ်တယ် ဒါကတော့ ဘာသာရပ်ဆိုင်ရာသုံးစွဲမှု (jargon) တစ်ခုပေါ့

ဒီ လက်တင်အဓိပ္ပါယ်နဲ့ ရုက္ခဗေဒရဲ့ အသုံးအနှုန်းပေါ်မှာ မူတည်ပြီး သင်္ချာဘာသာရပ်မှာလည်း ရာဒီကယ်ဆိုတာကို နံပါတ်တစ်ခုရဲ့ အခြေကို ညွှန်းဆိုတဲ့နေရာမှာ သုံးကြတယ် ဥပမာ – ၆၀ ဟာ ၃ ကို အခါ ၂၀ ပွားထားတဲ့ နံပါတ်တစ်ခုဖြစ်ပြီး ၃ ဟာ ၆၀ ရဲ့ ရာဒီကယ်လို့ မှတ်ယူလို့ ရတယ်

အဲ့ဒီကနေမှ ရာဒီကယ်ဆိုတဲ့ အသုံးအနှုန်းကို ဂီတမှာလည်း တွေ့ရပြန်တယ် သံစဉ်တစ်ခုရဲ့ အခြေကို ညွှန်းတာဖြစ်တယ် ကျွန်မဟာ ဂီတဆိုရင် ဘာတူရိယာမှ မတီးမှုတ်တတ်တဲ့သူဆိုတော့ ဒါကိုတော့ ဥပမာ မပေးတတ်တာ တောင်းပန်ပါတယ် ဂီတသမားတွေ သံစဉ်တစ်ခုရဲ့ အခြေဆိုတာ ဘယ်လိုမျိုးလဲ သိရင် ပြောကြပါဦး

အဲ့ကနေမှ ကျွန်မ စိတ်ဝင်စားတဲ့ ဘာသာစကားဗေဒ (linguistics) မှာလည်း ရာဒီကယ်ကို စာလုံးတစ်လုံးရဲ့ အခြေကို ညွှန်းတဲ့နေရာမှာ သုံးတယ်ဆိုတာကို တွေ့ရတယ် အင်္ဂလိပ်စကားကို ဥပမာပြရရင် constitution ဆိုတဲ့ စကားလုံးရဲ့ ရာဒီကယ်ကို con- လို့ မှတ်ယူလို့ ရတယ် constitution ကို ထပ်ခွဲလို့ မရတော့တဲ့ နောက်ဆုံးအဓိပ္ပါယ်အရှိဆုံး အသေးဆုံး စကားလုံး (ဘာသာစကားဗေဒမှာ‌တော့ ဒါကို morpheme မော်ဖိန်း လို့လည်း ခေါ်ဝေါ်ကြတယ်)ထိ ခွဲကြည့်ရရင် constitution ကနေ constitute (ကြိယာ) နဲ့ -tion (နာမ်ပြုလုပ်တဲ့ နောက်ဆက်တွဲ စကားလုံးစု suffix) ရှိမယ် အဲ့ကနေမှ ကျွန်မတို့ constitute ကို con- နဲ့ -stitute ဆိုပြီး ထပ်ခွဲကြည့်လို့ ရဦးမယ် တချို့သော ဘာသာစကားဗေဒ‌ပညာရှင်တွေက‌တော့ constitute ဟာ ‌ထပ်ခွဲလို့ မရတော့တဲ့ ရာဒီကယ်အခြေစကားလုံးလို့ အာဘော်ထုတ်ကောင်း ထုတ်‌နိူင်ပေမဲ့ ကျွန်မက con- ကို နောက်ဆုံးအခြေလို့ ယူဆတယ် ဒါကတော့ con- ဟာ လက်တင်ဘာသာစကားက ဆင်းသက်လာတဲ့ ဘာသာစကားတိုင်းမှာ တွေ့ရလေ့ရှိတဲ့ “နှင့်အတူ” လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးစု တစ်ခုဖြစ်လို့ပါပဲ စပိန်စကားမှာဆိုရင် con ဟာ “နဲ့” ဆိုတဲ့အဓိပ္ပါယ်နဲ့ သီးသန့်စကားလုံးအနေနဲ့ တည်ရှိတယ် (conmigo – ငါနဲ့အတူ၊ contigo – မင်းနဲ့အတူ) ဒီ constitute “ဖွဲ့စည်းသည်” ဆိုတဲ့စကားလုံးမှာလည်း con- ရဲ့ “နှင့်အတူ” သို့မဟုတ် “အတူတကွ” ဆိုတဲ့ အဓိပ္ပါယ်ဟာ ဆက်လက်ရှိနတုန်းပဲ အဲ့ဒါကြောင့် con- ဟာ constitute ရဲ့ နောက်ထပ် ထပ်ခွဲလို့ မရတော့တဲ့၊ အဓိပ္ပါယ်အရှိနေဆုံး ရာဒီကယ်အခြေစကားစု တစ်ခု ဖြစ်တယ်

မြန်မာစကားလုံးတွေမှာရော အခြေရာဒီကယ်စကားစုတွေ ဘယ်လို ရှိနေကြသလဲ? မြန်မာစကားဟာ အင်ဒိုဥရောပဘာသာစကားတွေလို စကားစုတွေကို အစိတ်စိတ်အမွှာမွှာခွဲခြမ်းပြီးမှ အသစ်ထွင်တာ မဟုတ်တော့ ရာဒီကယ်တွေ ပိုပြီးတော့တောင် များနိူင်တယ် ဥပမာ – “စကား” ဆိုတဲ့ စကားလုံးကိုပဲ ကြည့်ပါ စ + ကား မှာ “စ” ရော၊ “ကား” ရောဟာ ရာဒီကယ် ဖြစ်နေတယ် အဲ့ဒါကြောင့်လည်း တချို့က စကားက စလိုက်တာနဲ့ ကားသွားတတ်တယ်ဆိုပြီး ရာဒီကယ်၂ ခုလုံးရဲ့ အဓိပ္ပါယ်ကို ဆော့ကစားပြီး ပြောလေ့ရှိကြတယ် မဟုတ်လား

အဲ့တော့ ရာဒီကယ်ဆိုတဲ့ စကားလုံးရဲ့ နေရာအမျိုးမျိုးမှာ သုံးစွဲပုံတွေကို ကောက်ချက်ချကြည့်ရရင် သူ့ရဲ့ မူရင်း လက်တင် အဓိပ္ပါယ်ဖြစ်တဲ့ အမြစ်၊ အခြေဆိုတာနဲ့ ဆက်စပ်နှီးနွှယ်နေဆဲပဲဆိုတာ ကျွန်မတို့ တွေ့နိူင်တယ် ဆေးပညာမှာတော့ ရာဒီကယ်ကို လုံးဝဥဿုံကုသပျောက်ကင်းစေမဲ့ ကုထုံးကို ဆိုလိုတယ်လို့တွေ့ရတယ် ဆိုတော့ ရာဒီကယ်ရဲ့ ဒီနေရာအမျိုးမျိုးက လက်ရှိ သုံးစွဲပုံရော၊ သူ့ရဲ့ မူရင်းဆင်းသက်လာတဲ့ ဝေါဟာရအဓိပ္ပါယ်အပေါ်မှာကိုရော ကောက်ချက်ချကြည့်ရရင် ရာဒီကယ်ဟာ အခြေအမြစ်၊ မူရင်း၊ လုံးဝဥဿုံ၊ချက်ကျလက်ကျ အစရှိတဲ့ အဓိပ္ပါယ်တွေ ရှိတယ်

အခု ရာဒီကယ်ဆိုတာရဲ့ တွင်ကျယ်လာတဲ့ တော်လှန်ရေး၊ တက်ကြွလှုပ်ရှားရေးအသုံးအနှုန်းကို သူ့ရဲ့ တခြားသော အဓိပ္ပါယ်တွေနဲ့ ယှဉ်ပြီး စဉ်းစားကြည့်လို့ ရနိူင်မလား?

ရာဒီကယ်နိူင်ငံရေးဆိုတာ ဘယ်လို နိူင်ငံရေးမျိုးလဲ?

ရာဒီကယ် တော်လှန်ရေးဆိုတာ ဘယ်လိုတော်လှန်ရေးမျိုးလဲ?

ရာဒီကယ် ဖီမီနင့်ဇင်ဟာ တခြားသော ဖီမီနင့်ဇင်တွေနဲ့ ဘယ်လိုကွာခြားနေသလဲ?

စတဲ့ မေးခွန်းတွေကို ကျွန်မ ဖြေကြည့်လို့ ရလာနိူင်တယ် မြန်မာပြည်က နိူင်ငံရေးလုပ်သူတွေနဲ့ စကားပြောဖြစ်တိုင်း ရာဒီကယ်ဖြစ်ခြင်းဟာ အန္တရာယ်ရှိနေတဲ့ အစွန်းရောက် တစ်ဖက်ကမ်းဝါဒီကို ဆိုလိုတယ်ဆိုတဲ့ အဓိပ္ပါယ်အသုံးအနှုန်းနဲ့ သုံးကြတာ ကျွန်မတွေ့ရတယ် ၂၀၂၁ ခုနှစ်တုန်းက မြန်မာပြည်က podcast လုပ်သူတစ်ဦးနဲ့ စကားပြောတုန်းက ရာဒီကယ်သမားတွေဟာ အစွန်းရောက်နေတယ်၊ ဘယ်အရာမဆို အစွန်းရောက်တာ မကောင်းဘူးဆိုတဲ့ ချေပချက်ကို ကျွန်မ ကြားခဲ့ရတယ်

တကယ်တော့ နိူင်ငံရေးရပ်ဝန်းမှာလည်း ရာဒီကယ်ဟာ အထက်က ကျွန်မထောက်ပြသွားတဲ့ နယ်ပယ်တွေမှာလိုပဲ သူရဲ့ မူရင်းအဓိပ္ပါယ်ဖြစ်တဲ့ အမြစ်ဆိုတာကိုသာ ဆိုလိုခြင်းဖြစ်တယ်ဆိုတာ ရာဒီကယ် နိူင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ လူမည်း တွေးခေါ်ပညာရှင် အန်ဂျလာဒေးဗစ်က ၁၉၉၀ ခုနှစ်က ထုတ်ခဲ့တဲ့ “မိန်းမများ၊ ရိုးရာဓလေ့နှင့် နိူင်ငံရေး” (Women, Culture, and Politics) ဆိုတဲ့ သူ့ရဲ့ ဆောင်းပါးနဲ့ မိန့်ခွန်းတွေကို ပေါင်းချုပ်ထုတ်ဝေတဲ့ စာအုပ်ထဲက “ငါတို့ အားလုံး ထကြွစေ – အာဖရိုအမေရိကန်မိန်းမများကို ခွန်အားပေးခြင်းအပေါ် ရာဒီကယ်မြင်များ” (Let Us All Rise Together: Radical Perspectives on Empowerment for Afro-American Women) မိန့်ခွန်းထဲမှာ ပါခဲ့တဲ့ “ရာဒီကယ်ဆိုသည်မှာ အမြစ်ဖြတ်ခြင်း ဖြစ်သည်” (Radical simply means grasping things by the roots) ဆိုတဲ့ သူ့ရဲ့ နာမည်အကြီးဆုံးစကားထဲမှာပါ ကျွန်မတို့ တွေ့ရတယ်

အဲ့ဒီတော့ တော်လှန်ရေး/နိူင်ငံရေးအသုံးအနှုန်းမှာတော့ ရာဒီကယ်ဖြစ်ခြင်းဟာ အစွန်းရောက်တာလား၊ အမြစ်ကို ကိုင်တာလားဆိုတာ မေးစရာဖြစ်လာတယ် ဒီနေရာမှာ မြန်မာပြည်ကလူတချို့အတွက် ရာဒီကယ်ဖြစ်တယ်ဆိုတာ အစွန်းရောက်တယ်လို့ ထင်နေကြတာဟာ ခြေခြေမြစ်မြစ်မရှိတာတော့လည်း မဟုတ်ပါဘူး မြန်မာပြည်ရဲ့ ရိုးရာဓလေ့တွေထဲ စိမ့်ဝင်နေတဲ့ ဗုဒ္ဓဘာသာအသုံးချ မှိုင်းတိုက်မှုတွေအရ ဘယ်အရာမဆို အစွန်းရောက်နေတာ မကောင်းဘူး မဇ္ဇိုမပဋိပဋာကျင့်ကြံရမယ်၊ ဘုရားတောင်မှ အစွန်းရောက် အစားမစားဘဲ ကျင့်တာ ဘုရားမဖြစ်ဘူး၊ အလယ်အလတ်လမ်းစဉ်နဲ့ ကျင့်မှ ဘုရားဖြစ်တယ်ဆိုတဲ့ ပုံပြင်တွေကြောင့်လည်း ကျွန်မတို့ဟာ အစွန်းရောက်ဆိုတဲ့ စကားလုံးကို ကြောက်လန့်နေကြတယ် ဒါပေမဲ့ တကယ်တမ်းက ရာဒီကယ်သ‌ဘောတရားဟာ အစွန်းရောက် တဇောက်ထိုးပြုမူရမယ်လို့ ပြောနေတာ မဟုတ်သလို တကယ်လို့ ရာဒီကယ်ဖြစ်ခြင်းဟာ ကျွန်မတို့ကို ဖိနှိပ်ထားတဲ့ စနစ်တွေကို အစွန်းရောက်တိုက်ဖျက်ရမယ်ဆိုရင်တောင်မှ စနစ်တွေ ပြိုကျသွားမှာကို ကျွန်မတို့ ဘာလို့ ကြောက်လန့်နေကြရဦးမှာလဲ?

ရာဒီကယ်နိူင်ငံရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတဲ့ ပြင်သစ်တော်လှန်ရေးလို ဥရောပက လက်ဝဲလှုပ်ရှားမှုတွေ၊ ဆိုရှယ်ဒီမိုကရက်လှုပ်ရှားမှုခေတ်တွေကတည်းက ရာဒီကယ်ဟာ အစွန်းရောက်တယ်ဆိုပြီး တခြားတစ်ဖက်က နိူင်ငံရေးသမားတွေက ခေါ်ဝေါ်ခဲ့တာတွေ အခုချိန်ထိ ရှိပါတယ် လက်ဝဲလှုပ်ရှားမှုတွေနဲ့ ပြောင်းပြန်နေတဲ့ နိူင်ငံရေးလှုပ်ရှားမှုတွေမှာလည်း သူတို့ကိုယ်သူတို့ ရာဒီကယ်ဖြစ်တယ်လို့ ခံယူထားမှုတွေလည်း ရှိပါတယ် ဥပမာ – အမေရိကန်မှာဆိုရင် ‌သမ္မတဟောင်း ရော်နယ်ရေဂန်နဲ့ ဗြိတိန်မှာဆို အရင် ဝန်ကြီးဟောင်း မာဂရက်သက်ချာတို့ကို ကလက်စစ်ကယ် ရာဒီကယ်သမား (classical radicalists) တွေလို ခေါ်ဝေါ်ယူဆတာတွေ ရှိပါတယ် Classical Radicalism ကတော့ ကျွန်မအမြင်မှာ အန်ဂျလာဒေးဗစ်ပြောခဲ့တဲ့ အမြစ်ဖြတ်တဲ့ ရာဒီကယ်နိူင်ငံရေးသဘောတရားနဲ့တော့ မတူပါဘူး သူက ရွေးကောက်ပွဲဆိုင်ရာ နိူင်ငံရေးကို ပြောင်းလဲခြင်းနဲ့ သက်ဆိုင်ပြီး အခုနောက်ပိုင်း ခေါ်ဝေါ်လာတဲ့ ရာဒီကယ်နိူင်ငံရေးကတော့ လူမှုပတ်ဝန်းကျင်တစ်ခုမှာ ရှိနေတဲ့ ပြဿနာတွေကို ဖာထေးမဲ့အစား အမြစ်ကနေ မြေလှန်တော်လှန်ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လှုပ်ရှားကြတယ် အဲ့ဒီအတွေးအခေါ်အရ ရွေးကောက်ပွဲနိူင်ငံရေးတွေဟာလည်း လူမှုပတ်ဝန်းကျင်က ပြဿနာတွေကို အမြစ်ဖြတ်မသုတ်သင်နိူင်ဘူးလို့ လက်ခံနိူင်ကောင်း လက်ခံလို့ ရတယ် ရာဒီကယ်ဖြစ်ခြင်းကို အစွန်းရောက်ဆိုပြီး ကြောက်မက်ဖွယ်အသွင်ပြောင်း ‌ခြိမ်းခြောက်တာဟာ status quo လို့ခေါ်တဲ့ ရှိရင်းစွဲစနစ်တွေရဲ့ မျက်နှာသာပေးမှုကို ရရှိထားတဲ့သူတွေက တီထွင်ထားတဲ့ အတုအယောင်စကားတစ်ခုသာ ဖြစ်တယ် စနစ်တွေကို အမြစ်ကနေသာ သုတ်သင်လိုက်ရင် သူတို့သာယာနေတဲ့ အရာတွေအကုန်လုံး၊ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေ ပျောက်ပျက်သွားမှာ ကြိုသိနေလို့ အစွန်းရောက်တာ မကောင်းဘူးလို့ ကျွန်မတို့ကို တစ္ဆေခြောက်ကြတယ်

မြန်မာနိူင်ငံမှာလည်း လက်ရှိ စစ်တပ်ကို ဆန့်ကျင့်ကြတဲ့သူတွေကြားထဲမှာ‌တောင် မိမိကိုယ်ကို ရာဒီကယ်လို့ ခေါ်ဝေါ်ရမှာ လက်တွန့်နေကြသေးတဲ့သူတွေ ရှိတယ် ဖိနှိပ်မှုစနစ်တွေကို ပုံပန်းသဏ္ဍာန်ပြောင်းပြီး ပြန်လည် ဖိတ်ခေါ်ချင်တဲ့သူတွေ ရှိနေသေးတယ် မြန်မာပြည်က စစ်တပ်ကို ရှုံ့ချပြီး ‌အနောက်နိူင်ငံက စစ်တပ်တွေ၊ တခြားသော လက်နက်ကိုင် စစ်စနစ်တွေကို အာသာပြင်းပြင်း တမ်းတနေတဲ့သူတွေ ရှိနေသေးတယ် ကျွန်မ အမြင်မှာ‌တော့ ဒီလှုပ်ရှားမှုတွေဟာ ဘယ်လောက်ပင် ရာဒီကယ် အမည်တပ်ထားပါစေ၊ တကယ်တမ်း အမြစ်ကို ခုတ်မိနေရဲ့လား တွေးမိတယ်

အပေါ်က ကျွန်မရဲ့ မေးခွန်းတွေကို ကျွန်မ ပြန်ဖြေကြည့်ရရင်

ရာဒီကယ် နိူင်ငံရေးဆိုတာ မူဝါဒပြောင်းလဲရုံသက်သက် တော်လှန်နေတဲ့ နိူင်ငံရေးမဟုတ်ဘဲ ပြဿနာတွေရဲ့ အမြစ်ကို တူးဆွသုတ်သင်တဲ့ နိူင်ငံရေးမျိုးကို ဆိုလိုတာ ဖြစ်တယ် ဒီလိုအမြစ်ဖြတ်ရင်း စနစ်တွေအရ အစိုင်အခဲဖြစ်နေတဲ့ လွှတ်တော်၊ ဒီမိုကရေစီ (မူရင်း ဒီမိုကရေစီအမူအကျင့်တွေကို ဆိုလိုတာ မဟုတ်ဘဲ အခုချိန်မှာ အမေရိကန်ရဲ့ ရိုးရာဓလေ့အခြပြု စိုးမိုးတဲ့ နိူင်ငံရေးဝါဒ အစိုင်အခဲစကားလုံးတစ်လုံး ဖြစ်လာတဲ့ ဒီမိုကရေစီကို ဆိုလိုတာပါ)၊ အစိုးရဝါဒအစရှိတာတွေကိုပါ ဖြုတ်ချလိုက်မျိုး ဖြစ်ကောင်း ဖြစ်နိူင်တယ်

ရာဒီကယ်တော်လှန်ရေးဆိုတာ ကျွန်မတို့ လွတ်မြောက်ရေးအတွက် တော်လှန်မှုတွေဟာ ဖိနှိပ်မှုစနစ်တွေရဲ့ အခြေအမြစ်ကို လက်ဆုပ်လက်ကိုင် တော်လှန်တာမျိုးကို ဆိုလိုတယ် တော်လှန်ရေးခေါင်းစဉ်တပ်ပြီး အထက်အောက်ဝါဒ၊ ကြီးနိူင်ငယ်ညှင်းဝါဒ၊ မဟာဖိုဝါဒ၊ စစ်သွေးရူးဝါဒ၊ ထောင်ဝါဒ၊ ရဲဝါဒအစရှိတာတွေကို ပြန်မွေးမြူလို့ မရဘူး အဲ့လို မွေးမြူနေသေးရင် ဒါဟာ ရာဒီကယ်တော်လှန်ရေး မဟုတ်ဘူး

ရာဒီကယ် ဖီမီနင့်ဇင်ဆိုတာ လိင်အင်္ဂါပေါ်မှာပဲ အခြေပြုပြီး တည်ရှိနေတဲ့ ဖိနှိပ်မှုတွေကို ဝေဖန်သုံးသပ်တိုက်ခိုက်ရုံတင်မကဘူး ကျွန်မတို့ ခန္ဓာတွေကို လိင်လေဘယ်တွေနဲ့သာ ပြုကျင့်ထားတဲ့ စနစ်‌ကိုပါ အမြစ်သုတ်သင်ခြင်းကို ဆိုလိုတယ် ယောင်္ကျား/မိန်းမ၊ သဘာဝ/သိပ္ပံ၊ နိူင်ငံတွင်း/နိူင်ငံပြင်ပ၊ သားအိမ်ရှိသူ/သားအိမ်မရှိသူ အစရှိတဲ့ ကျွန်မတို့ ပတ်ဝန်းကျင်က binary (နှစ်မျိုးပဲ ရှိတယ်လို့ ထင်ယောင်ထင်မှားပြုထားတဲ့) စနစ်နဲ့ အတွေးအခေါ်မှန်သမျှကို ပုန်ကန်ဖီဆန်တာဟာ ရာဒီကယ်ဖီမီနင့် ဖြစ်ခြင်းဖြစ်တယ်

ကျွန်မတို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူမှုရေး၊ နိူင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ရိုးရာဓလေ့ ပြဿနာတွေဟာ reform အသွင်ပြောင်း ဟိုဖာဒီထေးလုပ်လိုက်ရုံ၊ မျက်နှာဖုံးပြောင်းလိုက်ရုံနဲ့ အဆင်ပြေသွားမယ်လို့ မထင်တဲ့အတွက်ကြောင့် ကျွန်မ ရာဒီကယ် ဖြစ်တယ် ကျွန်မတို့ရဲ့ ဖြစ်တည်မှုတွေအပေါ် အလွှာလိုက် ဖိနှိပ်ထားတဲ့စ‌နစ်တွေကို မူဝါဒတွေသာ ပြောင်းလဲပြီး၊ ကမ္ဘာ့အရင်းရှင်စနစ်က ငွေကြေးထောက်ပံ့ထားတဲ့ non profit ကမ္ဘာတစ်ခုတည်ဆောက်ပြီး မျောက်ပြဆန်တောင်းစားတဲ့ မျက်နှာဖုံးအသစ်တစ်ခုသာ တပ်ပေးရုံနဲ့ လွတ်မြောက်သွားမယ် မထင်တဲ့အတွက် ကျွန်မ ရာဒီကယ်သဘောတရားနဲ့ ကျင့်ကြံမှုတွေကို ယုံကြည်တယ် ကျွန်မတို့ကို နိစ္စဒူဝ စိတ်ထောင်းကိုယ်‌ကျေ ဖြစ်စေချင်တဲ့ ဖိနှိပ်မှု စနစ်ပေါင်းစုံ၊ သူတို့ကို လက်ကိုင်ကျင့်သုံးသူတွေရဲ့ ထိုးနှက်ချက်တွေကို ဆန့်ကျင့်တဲ့အနေနဲ့ ကျွန်မ ရာဒီကယ်ပျော်ရွှင်မှုတွေကို ရှာဖွေတယ်၊ တတ်နိူင်သလောက် ကျင့်သုံးတယ် ကုန်ကုန်ပြောရရင် ဖိနှိပ်မှုတွေရဲ့ အပေါ်ယံပြဿနာတွေကိုပဲ ပလာစတာကပ်ကြမဲ့အစား မြေလှန်ပြီး အမြစ်ကိုဆွဲကိုင်နှုတ်ပစ်လိုက်ချင်တဲ့အတွက် အစွန်းရောက်လို့ ဆိုချင်ဆို ကျွန်မ ရာဒီကယ်ဖြစ်တယ်

ပုံ – မကြာမီ ခေါင်းကို ကတ်ကြေးနဲ့ ညှပ်ခံရတော့မဲ့ ငါးနုသန်းအသေတစ်ကောင်

အန်ဂျလာဒေးဗစ် (Angela Davis) ရဲ့ “မိန်းမများ၊ ရိုးရာဓလေ့နှင့် နိူင်ငံရေး” စာအုပ်

https://archive.org/details/womenculturepoli00davi_0/page/n9/mode/2up

တစ်လမ်းသွား

“တက်ကြွလှုပ်ရှားသူတွေဟာ အကယ်ဒါးမစ်တွေကို မုန်းလေ့ရှိတယ် ဒါပေမဲ့ အကယ်ဒါးမစ်တွေကို သူတို့ရဲ့ တက်ကြွလှုပ်ရှားမှုအကျိုးတွေအတွက် အသုံးချသင့်တယ်”

တစ်ခါက ကျွန်မ မိတ်‌‌ဆွေတချို့နဲ့ အာလ္လာပသလ္လာပ ပြောနေတုန်း ကိုယ့်ကိုယ်ကို အကယ်ဒါးမစ်လို့ ခံယူထားတဲ့ အသိတစ်ယောက်က ကျွန်မကို (လုံးစေ့ပတ်ကျမဟုတ်ပေမဲ့) ပြောခဲ့တဲ့ ဒီစကားကို သွားသတိရမိတယ်

မြန်မာပြည်ပညာရှင်ရပ်ဝန်းဟာ ကျွန်မ တစ်ခါက ရေးခဲ့ဖူးသလိုပဲ ပုံသဏ္ဍာန်ဖမ်းရခက်ပါတယ် ကျွန်မအတွက်က ပညာရှင်ဆိုတာ ကျွန်မတို့ ပတ်ဝန်းကျင်က လူမှုရေး၊ နိူင်ငံရေး၊ စီးပွားရေး အစရှိတဲ့ အရေးတွေကို လေးလေးနက်နက် စဉ်းစားရတာ စိတ်ဝင်စားတဲ့သူ၊ ဆင်ခြင်ချင်တဲ့သူမျိုးလို့ ထင်တယ် ပညာရှင် ဖြစ်မဖြစ်မှာ ပါရဂူဘွဲ့တွေ၊ မာစတာဘွဲ့တွေရှိနေတာနဲ့ ပညာရှင် အလိုအလျောက်ဖြစ်မသွားဘူး ပါရဂူဘွဲ့ရှိနေပေမဲ့လည်း ဒီလို စဉ်းစားဆင်ခြင်ရတာကို မကြိုက်နှစ်သက်တဲ့သူတွေ၊ စနစ်တွေကို ပြန်အားပေးအားမြောက်ပြုနေတဲ့သူတွေကို ကျွန်မကတော့ ပညာရှင်လို့လည်း မမြင်ဘူး ပြည်ပမှာတော့ ပညာရှင်ဆိုတာဟာ သက်ဆိုင်ရာနယ်ပယ်တစ်ခုခုမှာ ရယူနိူင်တဲ့ အစွန်းဆုံး ဒီဂရီရှိနေရင် အဲ့ဒီလူကို အဲ့ဒီနယ်ပယ်ဆိုင်ရာ ပညာရှင်အဖြစ် မြင်ယောင်လက်ခံကြတယ် ကျွန်မတို့ မြန်မာနိူင်ငံလို ဖြောင့်ဖြောင့်ဖြူးဖြူး ခန့်မှန်းလို့မရတဲ့ ပညာရေးစနစ်အောက်မှာ ကြီးပြင်းလာတဲ့သူတွေအဖို့တော့ ဘာဘာသာကို လေ့လာထားလို့ ဘာပညာရှင်ပါလို့ တန်းပြီး တွဲမှတ်ယူဖို့က ခက်ခဲတဲ့အတွက် မြန်မာပြည်ပညာရှင်ရပ်ဝန်းဟာ ပုံသဏ္ဍာန်ဖမ်းရခက်တယ်လို့ ကျွန်မ ယူဆရခြင်းဖြစ်ပါတယ်

တစ်ချိန်တည်းမှာလည်း ဒီလို ဖြောင့်ဖြူးမနေတဲ့ ပညာရေးစနစ်‌ထဲကနေ ကောင်းတာတစ်ခုကတော့ မိမိရဲ့ စဉ်းစားဆင်ခြင်မှုတွေကို တစ်ဖက်တစ်လမ်းကနေ ဘောင်မခတ်ခံရတာမျိုးများလား ကျွန် ဝေဝါးမိတယ် ဒီနေရာမှာ ကျွန်မ ဆိုလိုရင်း မသဲကွဲမှာစိုးလို့ သေချာ ရှင်းပြပါရစေ

မြန်မာပြည်က အသက်မွေးဝမ်းကြောင်းပြုမှုဟာ အားလုံးသိကြတဲ့အတိုင်း ဆယ်တန်းအောင်အမှတ်ကနေ လူတိုင်းကို ပိုင်းဖြတ်ပေးလိုက်တယ် ဆယ်တန်းအမှတ်ဟာ ကျွန်မတို့ ဘဝတစ်ခုလုံး ဒီအသက်မွေးဝမ်းကြောင်းလုပ်သင့်တယ်လို့ အမိန့်ထုတ်လိုက်တယ် ဒီနေရာမှာလည်း ဒီအခြေအနေကို ဆိုရှယ်လစ်ခေတ်က အရိပ်အသက်တွေကြောင့်လို့ အာဘော်ထုတ်ကြည့်လို့လည်း ရကောင်းရနိူင်တယ် နိူင်ငံတစ်နိူင်ငံတည်ထောင်ဖို့အတွက် လုပ်သားတွေ မွေးမြူတဲ့နေရာမှာ ဘယ်လုပ်သားဟာ ဘယ်လိုစွမ်းရည်တွေရှိနေလို့ ဘယ်‌လိုနေရာကနေ နိူင်ငံထူထောင်ရေးကို ပါဝင်ရမယ်ဆိုတဲ့ သဘောပေါ့ လူတစ်ယောက်ချင်းစီဟာ လုပ်သားအနေနဲ့သာ မြင်ယောင်ခံရတာဖြစ်တဲ့အတွက် သူ တကယ် ဘာဖြစ်ချင်တာလဲဆိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒဟာ ဒီနေရာမှာ အများအကျိုးအတွက်စာရင် သိပ်အရေးမပါဘူး လူတွေအချင်းချင်းကြားက မတူညီတဲ့ စွမ်းရည်တွေကို နိူင်ငံတော်က သင့်တော်သလို စီမံလိုက်တယ်

အဲ့ဒီတော့ ဒီလို တင်းကြပ်လှတဲ့ စနစ်တကျစီမံခန့်ခွဲထားတဲ့ နိူင်ငံတော်ရဲ့ လူသားအရင်းအမြစ် အခွဲအစိတ်အောက်မှာ ဘောင်မဝင်တဲ့သူတွေအတွက် မိမိလုပ်ချင်ရာ၊ လုပ်နိူင်ရာကို တခြားသောနည်းလမ်းလည်း မရှိတဲ့အတွက် ဗြောက်သောက်အလုပ်‌တွေ၊ မိမိစိတ်ဝင်စားရာတွေ လုပ်ကိုင်လာကြရတယ် ဥပမာ ကျောင်းတုန်းက ကျွန်မသူငယ်ချင်းတော်တော်များများဟာ ဆေးကျောင်းဝင်ကြတဲ့သူ‌တွေချည်းပါပဲ ပကာသနလည်း ရှိတော့ ဆရာဝန်ဖြစ်ချင်ချင်၊ မချင်ချင် ဆေးကျောင်းဝင်ချင်ကြတာချည်းပါပဲ ဒါပေမဲ့ တော်တော်များများဟာ ဆေးကျောင်းဆင်းပြီးတဲ့အခါ ဆရာဝန်အလုပ်ကို ဝါသနာမပါလို့ တခြားအလုပ်တွေဆီ လိုင်းပြောင်းသွားကြတာ တွေ့ဖူးတယ် တချို့ဆို ကျောင်းတစ်ဝက်တစ်ပျက်နဲ့တင် ရပ်တန့်သွားကြပြီး စီးပွားရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်သွားကြတယ်

(ဒီနေရာမှာ ဆင့်ကဲစဉ်းစားလို့ရတာက နိူင်ငံတော်က လူတစ်ဦးချင်းစီရဲ့ ဗီဇအရည်အသွေးကို ဆယ်တန်းအမှတ်ကိုကြည့်ပြီး ဆုံးဖြတ်ပေမဲ့ အမှန်တကယ်က လူတစ်ယောက်ရဲ့ ဗီဇဆိုတာဟာ မွေးရာပါပဲ မဟုတ်ဘဲ ၎င်းရဲ့ ပတ်ဝန်းကျင်က ထောက်ပံ့ပေးထားတဲ့၊ မထားတဲ့၊ မိဘရဲ့ မိတ်ဆွေအဆက်အသွယ်အစရှိတဲ့ အခြားသော မွေးရာပါမဟုတ်တဲ့ ပတ်ဝန်းကျင်အခြေပြုအကြောင်းရင်းတွေကလည်း အဓိကကျပါဝင်နေတယ် ဆိုတာပဲ ဆယ်တန်းမှာ ကျူရှင်ကောင်းကောင်း ထားနိူင်၊ မထားနိူင်က ဆေးကျောင်းအမှတ်မှီမမှီနဲ့ ဘာ်လောက်အချိုးကျနေမလဲ? ပြောချင်တာက ဘယ်သူကမှ မွေးရာပါ ဆရာဝန်ဗီဇနဲ့ မွေးမလာသလို ဘယ်သူကမှလည်း မွေးရာပါ လူသတ်သမားအနေနဲ့ မွေးလာတာ မဟုတ်ဘူးဆိုတာပဲ တစ်ချိန်တည်းမှာလည်း စနစ်တကျမဟုတ်တဲ့ စာရေးတာတို့၊ အနုပညာတို့လို လမ်းကြောင်းထဲ ဝင်ဖို့ဆိုတာလည်း nepotism လို့ခေါ်တဲ့ မိဘဆွေမျိုး အချိတ်အဆက် ကျောထောက်နောက်ခံ‌တွေ အများကြီး ပါနေပြန်တယ် ကျွန်မ ဆယ်တန်းက‌တည်းက စာရေးရတာ ဝါသနာပါပေမဲ့ အိမ်က စာပေလောကနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့အတွက် ဘယ်ကနေ ဘယ်လို စာတွေ စရေးရမလဲ မသိခဲ့ဘူး အဲ့ခေတ်က Facebook ခေတ်လည်း မဟုတ်သေးတာလည်း ပါမလားတော့ မပြောတတ်)

ဆယ်တန်း‌‌ကျောင်းသား ကျောင်းသူ လူငယ်တွေနဲ့ စကားပြောဖြစ်လို့ သူတို့က ဘာအသက်မွေးဝမ်းကြောင်းလုပ်သင့်သလဲ မေးရင် ကျွန်မကတော့ ဝါသနာပါတာပဲလုပ်လို့ အမြဲပြောလေ့ရှိခဲ့တယ် ဒါပေမဲ့ အခုနောက်ပိုင်း ဒီ ကျွန်မရဲ့ အဖြေကိုလည်း ကျွန်မ ပြန်ပြီး ဆင်ခြင်မိလာတယ်

ဒီနေရာမှာ မြန်မာနိူင်ငံကလို နိူင်ငံတော်က အမိန့်ချပေးတာမဟုတ်တဲ့ အနောက်နိူင်ငံတွေ လွတ်လပ်တဲ့ ပညာရေးဆိုတာနဲ့ နှိုင်းယှဉ်ချိန်ဆကြည့်ချင်တယ် အနောက်နိူင်ငံတွေမှာ အသက်မွေးဝမ်းကြောင်းအတွက် တက္ကသိုလ်ဘွဲ့ဟာ အရေးအပါဆုံး မှတ်တိုင်တစ်ခုပါပဲ အရင်းရှင်စနစ်ကြီးထွားလာတဲ့နောက် ဘွဲ့ဒီဂရီတွေဟာ အသက်မွေးဝမ်းကြောင်းတစ်ခုသက်သက်သာ မဟုတ်တော့ဘဲ status symbol ဂုဏ်ပကာသနရဲ့ လေဘယ်တွေ ဖြစ်လာတယ် မိမိအထူးပြုထားတဲ့ မေဂျာတွေ၊ မိုင်နာတွေကနေတဆင့် မိမိဟာ ဘာကောင်ပါ၊ ညာကောင်ပါ စသဖြင့် ဘရန်း brand ထုတ်တဲ့ ကြားခံနယ်တွေ ဖြစ်လာတယ် ပညာရေးကို မိမိစိတ်ဝင်စားလို့ သင်ကြားကြတာထက် ဈေးကွက်စီးပွားရေးမှာ အသုံးဝင်သလား၊ ဝင်ဆန့်သလားဆိုတာကို မိဘတွေရော ကျောင်းသားကျောင်းသူတွေကိုယ်တိုင်ပါ စဉ်းစားလာကြရတယ် ဒီဂရီတွေတင်မကဘူး ကျောင်းတွေရဲ့ နာမည်တွေနောက်ကနေတဆင့် ဒီဂုဏ်ပုဒ်တွေဟာ အရင်းရှင်စနစ်အတောအ‌တွင်းမှာ ဝင်ဆန့်စေတဲ့ ကိရိယာတွေ ဖြစ်လာတယ်

အဲ့ဒီတော့ တစ်ဖက်စွန်းက ကျွန်မတို့ မြန်မာနိူင်ငံမှာလို အစိုးရက သတ်မှတ်ပေးတဲ့ အသက်မွေးဝမ်းကြောင်းနောက်က ပညာရေးနဲ့ အနောက်နိူင်ငံတွေက free market သဖွယ်ဖြစ်လာတဲ့ ကိုယ်ကျိုးအတွက် ကြိုက်သလိုယူ၊ သုံး၊ ပြိုင်ဆိုင်ကြတဲ့ ပညာရေးနှစ်မျိုးလုံးဟာ ကျွန်မတို့ လူသားတွေ စဉ်းစားဆင်ခြင်နိူင်စွမ်း၊ စဉ်းစားဆင်ခြင်လိုစွမ်းတွေကို နေရာ ဘယ်လိုမပေးတော့ဘူးလည်းဆိုတာကို ထောက်ပြချင်တယ် လူတစ်ယောက်ကို ကုန်ပစ္စည်းသာသာ ဘရန်းတစ်ခုလိုသာ မြင်ကြတဲ့ ခေတ်မှာ အဲ့ဒီလူဟာ သူ့ဘရန်းသူ ဘာမှန်းမသိရင်၊ ဘရန်းမရှိရင် ငပေါကြီးလို့ အများက မြင်လာကြတယ်

အထက်က ပညာရှင်ဆိုတာ ဘယ်လိုလူလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မ အသိပြောခဲ့တဲ့ စကားဟာ ကျွန်မစိတ်ကို ကသိကအောက် ဖြစ်စေခဲ့တယ် အကယ်ဒါးမီးယားလို့ ခေါ်တဲ့ ပညာရှင်ရပ်ဝန်းမှာ ကျင်လည်လာတာ ၁၀ စုနှစ်တစ်စုလောက်ကြာလှပြီးသကာလ ပညာရှင်ရပ်ဝန်းဟာလည်း အရင်းရှင်စနစ်ရဲ့ ထုတ်ကုန်တစ်ခုလို့ ကျွန်မ သဘောပေါက်လာတယ် အဲ့ဒီလို သဘောပေါက်လာမိတဲ့အတွက် ကျွန်မကိုယ် ကျွန်မ အကယ်ဒါးမစ်ဆိုတဲ့ လေဘယ်ကို ပြောင်ပြောင်ထင်ထင် ခံယူချင်စိတ် မရှိတော့ဘူး လူတစ်ယောက်ချင်းစီဟာ ဘာလို့ တစ်လမ်းသွား လေဘယ်တစ်ခုအောက်မှာပဲ ရှင်သန်ခွင့်ရှိရတာလဲ ကျွန်မ မချင့်မရဲ ဖြစ်မိတယ်

ဟုတ်ပါတယ် ကျွန်မ စိတ်ဝင်စားတဲ့ လူတွေနဲ့ ပတ်သက်တာတွေကို စဉ်းစားရတာ ကြိုက်တယ် အဲ့ဒီအကြောင်းတွေကို အများနဲ့ ပြောဆိုရတာ ကြိုက်တယ် အပြန်အလှန်မေးခွန်းတွေထုတ်ပြီး နှီးနှောဖလှယ်ကြရတဲ့ စာသင်ခန်းတွေလို ရပ်ဝန်းတွေမှာ မွေ့လျော်မိတယ် ကျွန်မ တွေးမိတာတွေကို စာနဲ့ ချရေးရတာ ကြိုက်တယ်

ဒါပေမဲ့ ကျွန်မ ကြိုက်နှစ်သက်မိတဲ့အရာတွေဟာ အကယ်ဒါးမစ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ များသောအားဖြင့် (ဒီနေရာမှာ အလုံးစုံမဟုတ်ဘဲ) သွားညီနေပေမဲ့ ကျွန်မကိုယ်ကျွန်မ အကယ်ဒါးမစ်ဆိုတဲ့ လေဘယ်မှာတင် ကိုယ့်ကိုယ်ကို ဘောင်ခတ်လိုက်မိမှာကိုတော့ စိုးရွံ့မိတယ် တစ်နည်းပြောရရင် ကျွန်မ ကြိုက်တဲ့အလုပ်တွေဟာ အကယ်ဒါးမစ်တစ်ယောက်ရဲ့ အလုပ်တာဝန်ဖော်ပြချက်တွေနဲ့ သွားပြီး တိုက်ဆိုင်နေတာပဲ ရှိတယ် အဲ့ဒီဖော်ပြချက်တွေကနေ ကျော်လွန်တဲ့ နှစ်သက်မှုတွေ ကျွန်မမှာ ရှိနေသေးတယ် အကယ်ဒါးမစ်တစ်ယောက်ရဲ့ အလုပ်တာဝန်နဲ့ မညီနေတဲ့ ကျွန်မရဲ့ နှစ်သက်မှုတွေ၊ စိတ်ဝင်စားမှုတွေကို အကယ်ဒါးမစ်မို့လို့ဆိုပြီး ကျွန်မကိုယ်ကနေ ကျွန်မ လှီးမထုတ်ပစ်လိုက်ချင်ဘူး သူများကနေ ကျွန်မကို အကယ်ဒါးမစ်တစ်ယောက်က အကယ်ဒါးမစ်နေရာမှာပဲနေလို့ စည်းတားလိုက်တာမျိုးလည်း မလိုချင်ဘူး ကျွန်မ လွတ်လပ်ချင်တယ်

ကျွန်မအသိပြောတဲ့ အကယ်ဒါးမစ်တွေကို မုန်းတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အကယ်ဒါးမစ်တွေကို မုန်းမဲ့အစား အသုံးချသင့်တယ်ဆိုတဲ့ စကားကို ကျွန်မ ဘဝင်မကျမိတာလည်း အဲ့ဒါကြောင့်ပဲ ဖြစ်မယ် ဒီစကားရဲ့ နောက်ကွယ်မှာ အကယ်ဒါးမစ်တွေဟာ ပိုသိ၊ ပိုတတ်တဲ့သူတွေလို မသိမသာ ယူဆတဲ့ အတွေးအခေါ်တွေ ပါနေတယ် အဲ့ဒီစကားရဲ့ နောက်မှာ ကျွန်မအသိရဲ့ သူ့ကိုယ်သူ အကယ်ဒါးမစ်ဆိုတဲ့ လေဘယ်အောက်မှာ ခဝါချလိုက်တဲ့ ဝန်ခံခြင်းတွေ ပါနေတယ် တစ်ချိန်တည်းမှာပဲ အကယ်ဒါးမစ်တစ်ယောက်ဟာလည်း တက်ကြွလှုပ်ရှားသူ မဖြစ်နိူင်ဘူး၊ တက်ကြွလှုပ်ရှားသူတစ်ယောက်ဟာလည်း အကယ်ဒါးမစ်တစ်ယောက်လို မစဉ်းစား မတွေးခေါ်နိူင်ဘူးဆိုတဲ့ ယူဆချက်တွေ နစ်မြှုပ်ပါဝင်နေတယ်

ကျွန်မအတွက်က မြန်မာပြည်က မဖြောင့်ဖြူးတဲ့ ပညာရေးနောက်က ရနိူင်တဲ့ ကောင်းကျိုးဆိုတာ အရင်းရှင်အနောက်နိူင်ငံတွေက မိမိကိုယ်ကို တပ်ကြတဲ့ လေဘယ်တွေသာ ထုတ်လုပ်ပေးလိုက်တဲ့ လွတ်လပ်ပါတယ်လို့ ထင်ယောင်ထင်မှားပြထားတဲ့ ပညာရေးထက် သာလွန်တဲ့ ရွေ့လျားနိူင်မှု (fluidity)၊ မြင်ယောင်မှု (imagination) တွေကို လမ်းစပေးတာမျိုးပဲ ဖြစ်တယ် (လူတိုင်းက ဒီလမ်းစနောက်ကို လိုက်နိူင်ချင်မှတော့ လိုက်နိူင်မယ်ပေါ့လေ) ဆေးကျောင်းဆင်းပေမဲ့ စာရေးဆရာဖြစ်ချင်ဖြစ်မယ် ကျောင်းဆရာမဘဝကနေ ကဗျာတွေ ရေးချင်လည်း ရေးမယ် နိူင်ငံတော်ရဲ့ ချုပ်နှောင်မှုဟာ တည်ရှိနေပြီးသားအခြေအနေတစ်ခုအနေနဲ့ အများက လက်ခံထားတာမို့ လူတစ်ယောက်က အသက်မွေးဝမ်းကြောင်းတစ်ခုကနေ နောက်တစ်ခုပြောင်းချင်လည်း သူဟာ သူရွေးချယ်ခဲ့တဲ့ လမ်းကြောင်းကို မျက်ကွယ်ပြုလိုက်တယ်လို့ ယူဆလေ့သိပ်မရှိကြဘူး စနစ်အောက်နေ ဒီအသက်မွေးဝမ်းကြောင်းလုပ်ချင်ရင် ဒီဒီဂရီတော့ ရမှ ဖြစ်မယ်လို့ အတိအကျ သင်ယူလာရတာမျိုး မဟုတ်တဲ့အတွက် ကိုယ် ဘာဖြစ်ချင်လဲဆိုတာ ကိုယ်တွေးနိူင်ရင် တွေးနိူင်သလောက် ကျယ်ပြန့်နိူင်တယ် (တွေးနိူင်ဖို့ ပညာရေးကတော့ လိုတာပေါ့လေ ဒါပေမဲ့ ဒီစစ်မှန်တဲ့ ပညာရေးဟာ တက္ကသိုလ်နံရံတွေကြား၊ ကျောင်းအုတ်တံတိုင်းတွေနောက်မှာ‌ တွေ့ရခဲတယ်)

ဒါပေမဲ့ ကမ္ဘာတစ်ဝန်းမှာ ကြီးထွားလာတဲ့ အရင်းရှင်စနစ်ရဲ့ လှုံဆော်မှုတွေကြောင့် လူတွေဟာ သူဟာ ဘာပါ၊ ညာပါ အစရှိတဲ့ လေဘယ်တွေအောက်ကနေပဲ မိမိကိုယ်ကိုရဲ့ စွမ်းအားတွေကို မြင်တတ်တော့တယ် resume တွေ CV တွေနဲ့ ကျွန်မတို့ရဲ့ profile တွေကို ဂိမ်းတစ်ခုထဲက ဇာတ်ကောင်သဖွယ် မွမ်းမံလာကြရတယ် မိမိကိုယ်ကို ‌အကယ်ဒါးမစ်ပါဆိုရင် အကယ်ဒါးမစ်ဆိုတာ ဒါမျိုးတွေပဲ လုပ်ရမယ်ဆိုတဲ့ စည်းတွေ ဘောင်တွေထဲကနေပဲ အလုပ်လုပ်တတ်တော့တယ် အဲ့ဒီဘောင်တွေကနေ ကျော်လာရင် ထိတ်လန့်တကြားဖြစ်ကြတယ် တစ်ချိန်တည်းမှာလည်း မိမိကိုယ်တင်မကဘူး သူများကိုပါ သူတို့တပ်ထားတဲ့ (သို့) သူတို့ရဲ့ ခန့်မှန်းလေဘယ်တွေနဲ့ပဲ မြင်ယောင်ကြည့်ကြတယ် ဒီလူဟာ စာသင်တယ်၊ စာဖတ်တယ် ဒါဆို အကယ်ဒါးမစ်ပဲ၊ ပညာရှင်ပဲလို့ မျက်စိစုံမှိတ် ယုံစားလိုက်ကြတယ် (ယုံစားရင်း ကိုးကွယ်တာရှိသလို ကျွန်မအသိပြောသလို မုန်းတီးတာမျိုးလည်း ရှိနိူင်တယ်) အဲ့ဒီလိုနဲ့ ကျွန်မတို့ဟာ ဘယ်နတ်ဘုရားကမှ ပြဌာန်းထားတာ မဟုတ်ဘဲ ကျွန်မတို့ လူအချင်းချင်းကြားမှာ ပြန်ပိတ်နှောင်တဲ့ မျက်စိနဲ့ မမြင်ရတဲ့ လှောင်ချိုင့်တွေ ခေါင်းမှာစွပ်ပြီး ကျင်လည်နေကြတဲ့သူတွေ ဖြစ်လာတယ်

ကျွန်မအမြင်အရတော့ လူရဲ့ စိတ်ဆန္ဒဟာ နက်နဲတယ်၊ အချိန်နဲ့အမျှပြောင်းလဲနေတယ် ကျွန်မတို့ ပြုစုပေးရင် ပြုစုပေးသလောက် ကျွန်မတို့ရဲ့ စိတ်ဝင်စားမှုတွေဟာ အသက်ရှင်နေဆဲကာလတစ်လျှောက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အသွင်သဏ္ဍာန် ခဏ ခဏ (သို့) အချိန်အတိုင်းအတာတစ်ခုအတွင်းပြောင်းလဲသွားနိူင်တယ် အဲ့ဒီလို အရှိန်အဝါ‌တွေ ရှိနေတဲ့ လူသားတွေရဲ့ စိတ်ဆန္ဒနဲ့ စွမ်းအားတွေကို ကျွန်မတို့ ဘာလို့ လေဘယ်ဘောင်တစ်ခုတည်းမှာပဲ ခတ်ရတာ ကြိုက်ကြရတာလဲ ကျွန်မ တစ်ခါတစ်ခါ နားမလည်ဘူး အသက်‌လေးပုံတစ်ပုံမှာ ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို အသက်သေသည်အထိ စိတ်ထိပ်တုံးခတ်သလို တစ်စိုက်မတ်မတ်လုပ်ရမယ်ဆိုတာ လူတိုင်းအတွက် တကယ် သင့်တော်ရဲ့လား? အသက် ၂၀ ကျော် ၂၅ ကာလကနေ စိတ်ဝင်စားခဲ့တဲ့ အရာတွေဟာ ကျွန်မတို့ သက်တမ်းစေ့နေဖြစ်ကြမဲ့အထိ ကျွန်မတို့ စိတ်ကို ဖမ်းစားထားဖို့ ကတိကဝတ်ပြုနိူင်ရဲ့လား?

ကိုယ်ကိုယ်တိုင်က မသိမသာ စည်းတားလိုက်မိတဲ့လှောင်ချိုင့် (သို့) အများက ကျွန်မအပေါ်မှာ မြင်ယောင်လိုက်တဲ့ လှောင်ချိုင့်တွေကြားထဲမှာ ကျွန်မကိုယ် ကျွန်မ ပြန်အံ့ဩစေလောက်တဲ့ စူးစမ်းလိုမှုအသစ်တွေ၊ အချိန်တွေ အသက်တွေ အလေ့အထတွေကို ကျော်လွန်ပြီး ကျွန်မကိုယ် ကျွန်မအဖန်တလဲလဲ ပြန်လည် တီထွင်နိူင်မှုတွေ ကင်းမဲ့တဲ့ဘဝကြီးနဲ့ အသက်ရှင်နေတဲ့ ကာလတစ်ခု ကုန်ဆုံးသွားရမှာကို ကျွန်မ သိပ်ကြောက်မိတယ်

ပုံ – မှောင်မိုက်‌နေသော ဘုရားလှိုဏ်ဂူထဲက လှမ်းတွေ့ရတဲ့ နောက်ကျောပေးထားတဲ့ အလင်းထဲကမိန်းမတစ်ယောက်

ခရစ်စမတ်နဲ့ ကယ်တင်ခြင်း

ခရစ်စမတ်အားလပ်ရက်ဟာ ခရစ်ယာန်ဘာသာဝင်တွေ များတဲ့ အနောက်နိူင်ငံတွေမှာသာတင်မက ကျွန်မတို့ မြန်မာနိူင်ငံလို ဗုဒ္ဓဘာသာကြီးစိုးပါတယ်ဆိုတဲ့ နိူင်ငံတွေမှာတောင် အကျယ်တဝင့်ကျင်းပလေ့ရှိတဲ့ အားလပ်ရက်ပွဲတော်တစ်ခုပဲ သီချင်းတွေ၊ ရုပ်ရှင်တွေ အစရှိသဖြင့်နဲ့ ခရစ်စမတ်ဟာ ဘာသာရေးပွဲတော်ကို အခြေပြုပြီး ရိုးရာဓလေ့ကို အသုံးချပြီး ကြီးစိုးလာတဲ့ ကမ္ဘာ့အင်ပယ်ရီရယ်သဘောတရားတစ်ခု (imperialism) လို့ ကျွန်မ သုံးသပ်တယ် ဒီနှစ် ခရစ်စမတ်ပွဲတော်ကာလမှာ ကျွန်မ ‌အတွေးပွားမိတာက ခရစ်ယာန် ဘာသာဝင် မြန်မာ ဘုရားကျောင်းတွေ တက်ဖြစ်ရာကနေ သတိထားမိတဲ့ အပြောအဆို အလေ့အထတစ်ခုကနေ ဆင့်ပွားမိတဲ့ ကယ်တင်ရှင်ဆိုတဲ့ အယူအဆအကြောင်းပါပဲ

(Imperialism ကို ကိုလိုနီခေတ်လွန် (post-coloniality) နဲ့ ပတ်သက်ပြီး အများကြီး ဆင်ခြင်စရာတွေ ရှိနေသေးပေမဲ့ ဒီဆောင်းပါးမှာတော့ မဆီမဆိုင်ဖြစ်သွားမှာစိုးလို့ နောက်မှ သတ်သတ်ရေးမယ် စိတ်ကူးပါတယ်)

ကျွန်မမိသားစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပေမဲ့ ဆယ်တန်းအောင်ပြီးကတည်းက ကျွန်မ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ မစိမ်းခဲ့ဘူး ကိုလိုနီခေတ်စပ်ကူးမတ်ကူးကာလကို မှီခဲ့တဲ့သူတွေအတွက်ကတော့ ကတ်သလစ်ကျောင်းတက်ခဲ့ဖူးတဲ့ အတွေ့အကြုံဟာ တချို့လူကြီးတွေအတွက် ဆန်းချင်မှ ဆန်းပေမဲ့ အရင်စစ်တပ်လက်ထက်မှာ ကြီးလာတဲ့ ကျွန်မအနေနဲ့က စာသင်ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ ဘာသာရေးစည်းတားမှုတွေကို မသိမသာလိုလိုနဲ့ ကိုယ်တွေ့ တွေ့ကြုံခဲ့ရတယ် ရန်ကုန်က ‌စာသင်ကျောင်းတွေဟာ မြန်မာမှုပြုလိုက်ပေမဲ့လည်း စိန့်ဖလိုးတို့ စိန့်ဩဂုတ်စတင်းတို့ စိန့်ဂျွန်းတို့ အစရှိတဲ့ သူတို့ရဲ့ ခရစ်ယာန်နတ်နာမည်တွေနဲ့ ပါးစပ်ပြောမှာ တွင်ကျယ်နေတုန်းပဲ ထားပါတော့ ကျွန်မ ဒီနေ့ရေးချင်တာက မြန်မာပြည်ရဲ့ နိစ္စဒူဝမှာ ခရစ်ယာန်အငွေ့အသက်တွေ ဘယ်လောက်စိမ့်ဝင်နေလဲ ဆိုတာထက် ခရစ်ယာန်ဘာသာအသုံးအနှုန်းတွေထဲက လူသားတိုင်းဟာ အပြစ်ရှိသူတွေဖြစ်တဲ့အတွက် ထိုအပြစ်ကနေ ဆေးကြောရန် သခင်ယေရှူက ကယ်တင်မည်ဆိုတဲ့ အဟောအပြောတွေနဲ့ ချိတ်ဆက်ပြီး ကယ်တင်ရှင်ဆိုတာ ဘယ်လိုလူမျိုးလဲ၊ ဘယ်သူတွေက ကယ်တင်ထိုက်တာလဲဆိုတာ နည်းနည်း အတွေးပွားချင်တယ်

White savior complex လို့ခေါ်တဲ့ လူဖြူကယ်တင်ရှင်အယူအဆအကျင့်အကြံဆိုတဲ့ အယူအဆနဲ့ ကျွန်မ စ ရင်းနှီးလာတာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖြစ်မယ် ထင်ပါတယ် လူဖြူကယ်တင်ရှင်လို့ ‌ဆိုလိုက်တာနဲ့ အာဖရိကတိုက်က နိူင်ငံတွေ၊ မြန်မာနိူင်ငံအပါအဝင် ကမ္ဘာ့မြောက်ပိုင်းက နိူင်ငံတွေ ဖြစ်တဲ့ ပါကစ်စတန်၊ အိန္ဒိယ၊ အီရန်၊ မက်ဆီကို၊ ဂွာတီမာလာ အစရှိတဲ့ ဆင်းရဲမွဲတေတယ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ နိူင်ငံတွေကို ကမ္ဘာ့တောင်ပိုင်းနိူင်ငံတွေ များသောအားဖြင့် လူဖြူနိူင်ငံတွေက စိတ်ရင်းကောင်းလှပါတယ်ဆိုတဲ့၊ အများကို ကူညီချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာတဲ့ လူဖြူလုပ်အားပေးများက အခမဲ့ သွားရောက်ကူညီရာကနေ လူတန်းစား မညီမျှမှုတွေကို ပြန်လည်အသက်မွေးတဲ့ ဥပမာတွေနဲ့ တွဲပြီး ကျွန်မ သဘောပေါက်ခဲ့ပါတယ် ဒီအခေါ်အဝေါ်ဟာ သိပ်မကြာခင်ကာလတွေက ပေါ်ပေါက်လာတယ်ဆိုပေမဲ့ ကိုလိုနီခေတ်နဲ့လည်း ပြန်ချိတ်ဆက်စဉ်းစားကြည့်လို့ ရတယ် တောတောင်တွေ အပင်တွေ အကောင်တွေကို ယုံကြည်ကိုးကွယ်တဲ့ အရိုင်းအစိုင်းလို့ သတ်မှတ်ခံထားရတဲ့ သူ‌တွေကို ကယ်တင်ဖို့ရာဆိုပြီး လူဖြူတွေက ကျူးကျော်ခဲ့ကြတယ် မဟုတ်လား အခုခေတ်မှာတောင် ခရစ်ယာန်သာသနာပြုတွေကို တောရွာတွေဆီ လွှတ်နေတုန်းပဲ ဗုဒ္ဓဘာသာလည်း အတူတူပါပဲ တောင်တန်းသာသနာပြုဘုန်းကြီးတွေရဲ့ သာသနာပြုမှုတွေဟာ ကယ်တင်ရှင်အယူအဆတွေ ဘယ်လောက်ပါမလဲ?

ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ဥပမာပေးရရင် အမေရိကန်က တက္ကသိုလ်ကျောင်းသူအရွယ် လူဖြူမိန်းမတစ်ယောက်ကနေ သူ့ရဲ့ တက္ကသိုလ်က ချိတ်ဆက်ပေးထားတဲ့ ကမ္ဘာ့လုပ်အားပေးအစီအစဉ်တစ်ခုကနေတဆင့် အူဂန်းဒါးနိူင်ငံက မူလတန်းအရွယ်ကလေးတွေကို အင်္ဂလိပ်စာသင်ရန် ၃ လ ကနေ ၆ လကာလအပိုင်းအခြားတစ်ခုအနေနဲ့ အူဂန်းဒါးမှာ လုပ်အားသွားပေးတယ် ဆိုပါတော့ အပေါ်ယံကြည့်ရင်တော့ ကလေးသူငယ်တွေကို စာသွားသင်တာ ဘာမကောင်းတာများ ရှိသလဲပေါ့လေ လိုအပ်နေသူကို ကူညီရမယ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေသာမက ဘယ်ဘာသာကမဆို ဆုံးမထားတဲ့ အယူအဆတစ်ခုလို့တောင် ပြောလို့ ရပါတယ် ဒါပေမဲ့ လူဖြူကယ်တင်ရှင်အယူအဆအနေက စဉ်းစားကြည့်ရင် ဒီလူဖြူမိန်းမဟာ သူ့ပိုက်ဆံသူသုံး လစာတစ်ပြားမှ မရဘဲ အနေအစားဆင်းရဲခံပြီး လုပ်အားသွားပေးတာဟာ သူ့ရဲ့ စိတ်နဲ့ သူ့ကြီးပြင်းရာ အမေရိကန် လူဖြူရပ်ကွက်အတွင်းမှာတော့ ချီးကျူးစရာကောင်းလှပါပေလိမ့်မယ် (သူဟာ ခရစ်ယာန်ဆိုရင် သူ့ရဲ့ ကောင်းမြတ်တဲ့ ခရစ်ယာန်ဖြစ်ခြင်းဆိုတဲ့ မာနကို အာသာဖြေရာရောက်ကောင်းရောက်ပါတယ်) သို့ပေသိ သူ့ရဲ့ ၃ လကနေ ၆ လအတောအတွင်း လုပ်အား‌ပေးကာလမှာ တွေ့ထိ ဆက်ဆံခဲ့တဲ့ ကလေးတွေအတွက် အင်္ဂလိပ်စာတတ်သွားပြီဆိုရင်တောင်မှ သူတို့ရဲ့ “ဆင်းရဲမှု” (ဒီနေရာမှာ ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ သူ့အတိုင်း ရှိနေတာမဟုတ်ဘဲ တစ်ခြားတစ်ခုခုနဲ့ ယှဉ်ပြီးမှ ရလာတဲ့ ရလဒ်အဖြေတစ်ခုဆိုတာကို ထောက်ပြချင်လို့ ကျွန်မ အပွင့်အပိတ်နဲ့ တပ်ပြောချင်ပါတယ်)ကို တခြားဘာများ စနစ်တကျ ပြောင်းလဲသွားစေသလဲဆိုတာပါပဲ

လူအများစုကတော့ ဒီဥပမာကို ဖတ်ပြီး အင်္ဂလိပ်စာ နည်းနည်းပါးပါးတတ်တာ နည်းလား ပြောကောင်းပြောနိူင်ပါတယ် ဟုတ်ပါတယ် တစ်ကမ္ဘာလုံးပြောဆိုနေတဲ့ အင်္ဂလိပ်စာတတ်တော့ ကောင်းတာပေါ့ ဒါပေမဲ့ ကျွန်မ နည်းနည်းလေး ဆက်ပြီး ဒီဥပမာကို အခြေခံပြီး ဆက်တူးဆွချင်ပါတယ်

အူဂန်းဒါးတစ်နိူင်ငံလုံးမှာ ရှိနေတဲ့ ကလေးတွေထောင်သောင်းချီကြားက ဘယ်ကလေးအုပ်စုသည် အင်္ဂလိပ်စာတတ်သင့်သည်လို့ ဘယ်သူက ဆုံးဖြတ်ချက်ချလိုက်တာလဲ? ဒီလိုအနောက်ရဲ့ ရိုးရာဓလေ့ ဘာသာစကားတွေကို သွတ်သွင်းရာကနေ သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်း ဘာသာစကားတွေဟာ လူဖြူတွေရဲ့ ရိုးရာဓလေ့တွေနဲ့ ယှဉ်ရင် တန်ဖိုးမရှိဘူးလို့ သွယ်ဝိုက်သောနည်းနဲ့ ဘယ်လို ထောက်ပြလိုက်ကြသလဲ?

လူဖြူနိူင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဆင်းရဲမွဲတေပါတယ်လို့ သတ်မှတ်ခံထားရတဲ့ နိူင်ငံပေါင်း မြောက်မြားစွာရှိသည့်ကြားမှ ဘာကြောင့် တချို့သောနိူင်ငံတွေသည် လုပ်အားပေးတွေအတွက် လုပ်အားပေးလို့လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲတွေ လိုက်စားလို့လည်းကောင်းတဲ့ လုံခြုံစိတ်ချရတဲ့ နိူင်ငံတွေအဖြစ် ယူဆခံရပြီး တချို့ နိူင်ငံ/လူမျိုးတွေ (များသောအားဖြင့် အရှေ့အလယ်ပိုင်းဒေသက နိူင်ငံများ) ကတော့ ကယ်တင်စရာကို မလို၊ ကယ်တင်လို့လည်း မရနိူင်လို့ ယူဆခံထားရသလဲ?

အင်္ဂလိပ်စာတတ်ပြီးသွားသည့်တိုင် အဲ့ဒီကလေးတွေအတွက် က‌မ္ဘာ့တောင်ပိုင်း လူဖြူနိူင်ငံတွေက သူတို့နဲ့ရွယ်တူ ကလေးတွေနဲ့တန်းတူ အခွင့်အရေးတွေ ဒီကလေးတွေ ရကြပါမည်လား?

လုပ်အားပေး လူဖြူကျောင်းသူမိန်းမအတွက်တော့ အဲ့ဒီလုပ်အားပေးအတွေ့အကြုံသည် သူအလုပ်လျှောက်သည့်အခါ ကမ္ဘာ့အတွေ့အကြုံတစ်ခု၊ အရင်းရှင်ခေတ်က လူမှုအရင်းအမြစ်တစ်ခု (social capital) အနေနဲ့ အသုံးဝင်ကောင်းဝင်သွားပေမဲ့လည်း သူ့ရဲ့ အဲ့ဒီလို အတွေ့အကြုံရသွားအောင် အဓိက ပါဝင်နေတဲ့ ကလေးတွေရဲ့ ဘဝသည် အသုံးချသက်သက်သာ ဖြစ်နေသလား?

ဒီမေးခွန်းတွေက လူသားတစ်ယောက်က နောက်ထပ်လူသားတစ်ယောက်ကို ကူညီပါတယ်ဆိုတဲ့ အပြောအဆိုတွေရဲ့ အပေါ်ယံမျက်နှာဖုံးတွေကို ဆက်တူးကြည့်ပြီးမှ စဉ်းစားလို့ ရတဲ့ မေးခွန်းတွေပဲ

လူဖြူကယ်တင်ရှင်အယူအဆဟာ လူတစ်ယောက် သို့မဟုတ် လူသားဆန်တယ်ဆိုတဲ့ အတွေးအခေါ်ဒဿနတစ်ခု (ဘာသာရေးအဆုံးအမတွေအပါအဝင်)က ပေါက်ဖွားလာတဲ့ အယူအဆဖြစ်ပေမဲ့ တစ်ချိန်တည်းမှာလည်း ကျွန်မ အပေါ်က ထောက်ပြခဲ့တဲ့ မေးခွန်းတွေဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကူညီဖေးမလိုစိတ်တွေကို‌ ကျော်လွန်ပြီး စက်ရုံထုတ် ကုန်ပစ္စည်းတစ်ခုသဖွယ် အသွင်ပြောင်းလာတဲ့ လူဖြူကယ်တင်ရှင် အယူအဆတစ်ခုကို ဆက်စဉ်းစားစေတယ် ဒါကို ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေက white savior industrial complex စက်ရုံထုတ် လူဖြူကယ်တင်ရှင် အယူအဆလို့ ခေါ်ဝေါ်သုံးသပ်ကြတယ်

စက်ရုံထုတ် လူဖြူကယ်တင်ရှင်အယူအဆဆိုတာကို အပေါ်က ဥပမာနဲ့ ပြန်ချိတ်ဆက်ရရင် ဒီ လူဖြူတက္ကသိုလ်ကျောင်းသူ မိန်းမတစ်ယောက် အူဂန်းဒါးကို လုပ်အားပေးသွားဖို့ဆိုတာ တစ်ကိုယ်တည်း သူတစ်ယောက်တည်း ငုတ်တုတ်ထိုင်ရာကနေ စိတ်ကူးပေါက်လို့ လုပ်တာ မဟုတ်ဘဲ သူ ဒီလို သွားဖြစ်အောင် ကြားထဲကနေ စီစဉ်ပေးတဲ့ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍကို ဆိုလိုတာပဲ အင်စတီကျူးရှင်းဆိုတဲ့ အထဲမှာ သူ ယုံကြည်ကိုးကွယ်ရာ ဘာသာရေး (ကျွန်မ တွေ့ကြုံရသလောက် ကမ္ဘာ့မြောက်ပိုင်းနိူင်ငံတွေကို လုပ်အားပေးသွားသူတွေဟာ လူဖြူခရစ်ယာန်ဘာသာဝင်တွေ များပါတယ်)၊ သူတို့ရဲ့ ခရီးဖြောင့်ဖြူးအောင်၊ သူတို့ လုပ်အားပေးရမဲ့ အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးတဲ့ ကြားထဲက အစုအဖွဲ့တွေ (များသောအားဖြင့် NGO တွေ၊ INGO တွေပေါ့)၊ အဲ့ဒီလို နိူင်ငံတစ်နိူင်ငံနဲ့ တစ်နိူင်ငံကြား ကူးလူရအောင် လွယ်ကူ‌အောင် လုပ်ထားပေးတဲ့ နိူင်ငံခြားရေးမူဝါဒတွေ အကုန်လုံးကို ဆိုလိုတာပဲ

အဲ့တော့ သေချာ အနုစိတ် ဆင်ခြင်ကြည့်ရင် လူတစ်ယောက်ကနေ နောက်ထပ် လူတစ်ယောက်ကို ကူညီပါတယ်၊ ကယ်တင်ပါတယ်ဆိုတဲ့ အပေါ်ယံ ဖေးမမှုတွေနောက်မှာ ရှိနေတဲ့ လူဖြူကြီးစိုးရေး သဘောတရားတွေ (ဒါက ဘာလို့ လူဖြူတွေကသာ လုပ်အားပေးသွားသူတွေ များသောအားဖြင့် ဖြစ်နေတာလဲ? သူတို့နိူင်ငံတွေမှာ ကယ်တင်စရာလူတွေ မရှိတော့လို့လား?)၊ အရင်းရှင်စနစ်နဲ့ စီးပွားရေးလည်ပတ်မှုတွေ၊ အိန္ဒိယ ဒဿနပညာရှင် ဂီရာထရစ် စပီးဘတ် (Giyatri Spivak) ခေါ်ခဲ့တဲ့ ဒီ “ကယ်တင်ရေး မစ်ရှင်” (rescuing mission) တွေနောက်က မျက်စိနဲ့ အပေါ်ယံမမြင်နိူင်တဲ့ ယန္တရားလည်ပတ်မှုတွေကို ကျွန်မတို့ ဆင်ခြင်မိပြီး ကယ်တင်ပါတယ်ဆိုတာနောက်က ညစ်ပတ်တဲ့ စိတ်အပုပ်အအဲ့တွေကို တွေ့လာရတယ်

စပီးဘတ်ကတော့ “ကယ်တင်ရှင် မစ်ရှင်” ဆိုတာကို ကမ္ဘာ့ စက်ရုံထုတ် အကူအညီပေးရေးအကျင့်အကြံ (global aid industrial complex) နဲ့ ချိတ်ပြီ သုံးသပ်ခဲ့တယ် အမေရိကန်မှာ အရှေ့တောင်အာရှက နိူင်ငံရေးခိုလှုံခွင့်ခံယူ‌သူတွေအကြောင်း လေ့လာတဲ့ လူမှုပညာရှင် ရန်လီ အတ်စပရတူကတော့ “ကယ်တင်ရှင် မစ်ရှင်” ဆိုတဲ့ အသုံးအနှုန်းကို အမေရိကန်ရဲ့ ခေတ်သစ်ကိုလိုနီသဘောတရားဖြစ်တဲ့ အင်ပိုင်ယာစနစ်နဲ့ ချိတ်ဆက်တယ် အမေရိကန်ရဲ့ စစ်ရေးကုန်ကျမှုတွေကို သုံးသပ်ပြီး ဘယ်နိူင်ငံအတွက်ကိုတော့ အမေရိကန်က ဝင်ပြီး စစ်တိုက်ပေးပြီး ကူညီကယ်တင်သင့်တယ်လို့ ထင်သလဲဆိုတာပေါ့ ကျွန်မတို့ မြန်မာနိူင်ငံကလူတွေအတွက်တော့ အသိသာကြီး ဖြစ်ကောင်းဖြစ်မှာပါ လက်ရှိ အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကုန်အကျခံ ကူညီနေပေမဲ့ မြန်မာနိူင်ငံလို နိူင်ငံမျိုးအတွက်ကိုတော့ စကားထဲတောင် ထည့်မပြောတော့ပါဘူး ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ အမေရိကန်နဲ့ ဗီယက်နမ်စစ်ပွဲတုန်းကလိုမျိုးပဲ ဗီယက်နမ်တို့၊ မြန်မာနိူင်ငံတို့ကလို နိူင်ငံရေးခိုလှုံခွင့်လိုအပ်သူများကို (အရေအတွက် ကန့်သတ်ထားသော်လည်း) လက်ခံခြင်းအားဖြင့် အမေရိကန်ဟာ ကယ်တင်ရှင်ပါဆိုတဲ့ သဏ္ဍာန်ကို ယူထားတုန်းပဲ ဒီဥပမာကို ကြည့်ခြင်းဖြင့် ကယ်တင်ရှင် မစ်ရှင်တွေဟာ လှိုက်စားနေတဲ့ ပြဿနာကို တကယ်ကူညီမဲ့အစား အပေါ်ယံသာ မျက်နှာပေါင်ဒါပုတ်နေတယ်ဆိုတာ သိသာလာတယ်

ဒီနေရာမှာ လူဖြူကယ်တင်ရှင်အယူအဆဟာ သူ့နာမည်မှာ ပါတဲ့အတိုင်း လူဖြူသဘောတရားတွေနဲ့ ချိတ်ဆက်နေတယ်ဆိုပေမဲ့ လူဖြူမဟုတ်သူတွေကိုယ်တိုင်ကိုက အဲ့ဒီအယူအဆကို ဘယ်လို ပြန်လည်ထောက်ပံ့ပေးနေသလဲဆိုတာရယ်၊ အကူအညီယူသူတွေကလည်း တဖြည်းဖြည်းနဲ့ ဒီအပေါ်ယံအထောက်အပံ့တွေအပေါ်မှာပဲ သာယာတတ်လာတာရယ်ကိုပါ ကျွန်မ ဆက်စဉ်းစားမိတယ်

မြန်မာနိူင်ငံက စစ်တပ်အာဏာလုယူပြီးကာလမှာ နိူင်ငံရေးအန္တရာယ်ရှိသူ သူငယ်ချင်းတွေနဲ့ ကျွန်မ စကားပြောခဲ့တယ် ပြည်ပ ထွက်မယ်၊ မထွက်ဘူးဆိုတာရဲ့ မေးခွန်းနောက်က ဒွိဟတွေနဲ့ ဒွန်တွဲပြီး အဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ မြန်မာပြည်ကသူတွေမှာ‌တောင် ဘယ်သူဟာ ကယ်တင်ထိုက်တယ်၊ ဘယ်သူဟာ ကယ်မတင်ထိုက်ဘူးဆိုတဲ့ အယူအဆတွေ နစ်မြှုပ်နေဆဲဆိုတာ ကျွန်မ အဲ့မှာ သဘောပေါက်လိုက်တယ် ကျွန်မအနေနဲ့ နိူင်ငံရေးခိုလှုံခွင့်ခံမယ်၊ မခံဘူးဆိုသည်မှာ လူတစ်ဦးတစ်ယောက်ကနေ မိမိကိုယ်ကို မိမိဘဝအတွက် ဘယ်လိုဖြစ်သင့်တယ်ဆိုတာ အသိဆုံးပဲ ဖြစ်တယ်လို့ ယူဆတယ် ဒီနေရာမှာ ပွဲလန့်တုန်း ဖျာခင်းသူတွေလည်း ရှိကောင်းရှိမှာပဲ

ဒါပေမဲ့ သူများတွေ ဘာကြောင့် ဘယ်လို နိူင်ငံရေးခိုလှုံသလဲဆိုတာထက် မိမိ ဘာကြောင့် အဲ့ဒီဆုံးဖြတ်ချက်ကို ချရသလဲဆိုတာက ပိုအရေးကြီးတယ်လို့ ထင်တယ် ကျွန်မနဲ့ အဲ့တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူရော အမေရိကန်မှာ နိူင်ငံရေးခိုလှုံချင်စိတ်ရှိသလား ကျွန်မ မေးခဲ့တယ် ဒါဟာ သူ့ကို ဝေဖန်ဖို့ မေးခဲ့တာ မဟုတ်ပါဘူး ခိုလှုံချင်တယ်ဆိုရင် ဘယ်ကနေစပြီး ဘယ်လို စလုပ်ရမလဲဆိုတာကို ကူညီ စုံစမ်းပေးဖို့အတွက်ပါပဲ ဒါပေမဲ့ နိူင်ငံရေးခိုလှုံတာနဲ့ ပတ်သက်ပြီး သူဟာ ဆတ်ဆတ်ထိမခံဖြစ်ခဲ့တယ် ကျွန်မ သူငယ်ချင်းဟာ သူသည် နိူင်ငံရေးခိုလှုံခွင့်ယူသင့်လောက်အောင် အန္တရာယ်ရှိနေတဲ့သူမဟုတ်ဘူးလို့ ကျွန်မကို ပြန်ပြောခဲ့တယ် သူဟာ ဆက်ပြီး ပြောတယ် အမေရိကန်ရောက် ချင်းတွေကိုပဲ ကြည့် နိူင်ငံရေးခိုလှုံခွင့်ယူပြီး ခရစ်ယာန်ဘုန်းကြီးပဲ လုပ်တယ် မြန်မာပြည်အရေးအတွက် ဘာမှ မလုပ်တော့ဘူး အဲ့ဒီလိုလူတွေဟာ နိူင်ငံရေးခိုလှုံခွင့်မခံသင့်ဘူးလို့ ဆက်ပြောတယ် ဒီအဆိုကို ကျွန်မ သဘောမတူခဲ့ဘူး ဒီနေရာမှာ အဝေးရောက် အမျိုးသားရေးစိတ်ဓါတ်‌တွေ အကြောင်းကို ဆင့်ပွား စဉ်းစားလို့ ရပါတယ်

နိူင်ငံရေးလုပ်သူတွေ၊ စစ်တပ်ကို ပုန်ကန်သူတွေကြားမှာ‌တောင် ဘယ်သူဟာ ဘယ်လို ကာကွယ်ခွင့် ခံသင့်တယ်၊ ဘယ်သူကတော့ မခံသင့်ဘူးဆိုတဲ့ မိမိကိုယ်ကို စည်းတားမှု (self-policing) နဲ့ သူများကို စည်းတားမှု (policing others)တာတွေဟာ လူဖြူသဘောတရားတွေကနေ စီမံပေးလိုက်တဲ့ လူ့တန်ဖိုးကို အနိမ့်အမြင့်ဖြတ်လိုက်ရာက ပေါ်လာတဲ့ စိတ်ဆန္ဒ အမူအကျင့်တွေလို့ ကျွန်မမြင်တယ် ဟုတ်ပါတယ် ဒီနေရာမှာတော့ စစ်တပ်မိသားစုအသိုင်းအဝိုင်းတွေနဲ့ ခရိုနီတွေသာ နိူင်ငံရေး ခိုလှုံခွင့်ယူမယ်ဆို သူတို့ဟာ ယူထိုက်၊ မယူထိုက်စဉ်းစားစရာ ဖြစ်လာတယ် (အမှန်တိုင်းပြောရရင် အဲ့ဒီသူတွေဟာ နိူင်ငံရေးခိုလှုံခွင့်ယူစရာ မလိုလောက်အောင် ငွေကြေးချမ်းသာနေတာမို့ အမေရိကန်လို နိူင်ငံမှာ ပြည်သူ‌ကို ဂုတ်သွေးစုပ်ထားတဲ့ ပိုက်ဆံတွေနဲ့ အေးအေးလူလူနေနိူင်ပါတယ်) ဒါပေမဲ့ နိူင်ငံရေးခိုလှုံခွင့် လျှောက်ကြတဲ့ လူတွေအချင်းချင်းကြားမှာ ဘယ်သူကတော့ ထိုက်သင့်တယ်၊ မထိုက်သင့်ဘူး၊ နိူင်ငံခြားထွက်ပြီး မြန်မာပြည်ကိစ္စဆက်လုပ်တယ်၊ မလုပ်ဘူးနောက်က အမျိုးသားရေးစိတ်ဓါတ်တွေရဲ့ အဓွန့်ရှည်ရေး၊ မရှည်‌ရေး ဆိုတာကို ကျွန်မတို့ ဘယ်လို ဆုံးဖြတ်ကြမလဲ? ဆုံးဖြတ်လို့ ရရော ရရဲ့လား?

ဒီ “ထိုက်တယ်၊ မထိုက်ဘူး” ဆိုတာဟာလည်း လူဖြူကြီးစိုးရေးသဘောတရားနေ ပေါက်ဖွားလာပြီး ကျွန်မ သူငယ်ချင်းလို လူဖြူမဟုတ်တဲ့သူတွေဆီကိုပါ ကူးစက်သွားတဲ့ ဗိုင်းရပ်စ်တစ်ခုပဲ လူဖြူသခင်တွေက ဒီလူမည်း၊ လူညိုကတော့ ဒီဆုတံဆိပ် (ဒီနေရာမှာတော့ နိူင်ငံရေးခိုလှုံခွင့်) နဲ့ထိုက်ပြီး ဒီလူမည်း၊ လူညိုကတော့ မထိုက်တန်ဘူးလို့ ဆုံးဖြတ်တာက စတာပဲလို့ ကျွန်မ မြင်တယ် အမေရိကန်ကို ရွှေ့ပြောင်းအခြေချတဲ့သူတိုင်းဟာ ဒီအပြောအဆိုတွေနဲ့ ယှဉ်ပါးနေတယ် ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ဖူးတာအရ အမေရိကန်ဟာ ကျန်းမာရေးမကောင်းသူ၊ အသက်ကြီးအငြိမ်းစားယူခါနီးအစရှိတဲ့ သူတို့နိူင်ငံက ပြန်ထောက်ပံ့ရမယ်လို့ ထင်တဲ့ ရွှေ့ပြောင်းအခြေချသူတွေကို တော်ရုံတန်ရုံ ဗီဇာမပေးတာ အသိသာကြီးပဲ ‌မြောက်အမေရိကတိုက်ကနေ ခရီးသွားဗီဇာနဲ့ အလည်လာ‌တဲ့သူတွေကို အစိုးရမသိဘဲ အမေရိကန်မှာ အခြေချလိုက်မှာစိုးလို့ လူဝင်မှုကြီးကြပ်ရေးမှာ ရစ်တာတွေကို ကျွန်မမျက်ဝါးထင်ထင် တွေ့ကြုံဖူးတယ်

တစ်ချိန်တည်းမှာပဲ လူဖြူသဘောတရားရဲ့ အနိမ့်အမြင့် အဆုံးအဖြတ်ပေးမှုတွေကို ပြန်လည်မွေးမြူရင်း အဲ့ဒီစကားတွေကို သာယာလာတတ်‌တာတွေကိုလည်း တွေ့ရတယ် အမေရိကန်ကို ခဏရှောင်တိမ်းလာတဲ့ ကျွန်မ မိတ်ဆွေတစ်‌ယောက်နဲ့ စကားပြောဖြစ်တဲ့အခါမှာလည်း သူက လူမည်းတွေ၊ လက်တီနိုတွေနဲ့ စကားပြောပြီး သူတို့ရဲ့အမေရိကန်မှာ ရုန်းကန်ရမှုကို နားထောင်ရမှာထက် လူဖြူတွေနဲ့ မြန်မာပြည်အကြောင်းပြောရတာ ပိုပြီး အဆင်ပြေတယ်လို့ သူက သူ့ကိုယ်သူ သုံးသပ်ခဲ့တယ် လူဖြူတွေဟာ ရုန်းကန်ရမှု၊ ဖိနှိပ်ခံရမှုတွေ ကိုယ်တွေထက်စာရင် နည်းတော့ ကိုယ်ပြောတာကိုပဲ သူတို့ နားထောင်ရတယ်၊ လူမည်းတွေ၊ လူညိုတွေကတော့ ကိုယ်တွေ မြန်မာပြည်မှာ ဘာဖြစ်နေလဲပြောရင် သူတို့တွေဆီက ပြဿနာတွေအကြောင်းပြန်ပြောပြပြီး မြန်မာပြည်က ပြဿနာတွေဟာ စင်ရဲ့ အလယ်ခေါင်မှာ ရှိမနေတော့ဘူးပေါ့ ဒါကလည်း စိတ်ဝင်စားစရာပဲ ကျွန်မအတွက်တော့ ကျွန်မရဲ့ အတွေ့အကြုံတွေပဲ အလယ်မှာ ထင်ပေါ်နေတာထက် တခြား‌သော ကိုယ်တွေနဲ့ ဆင်တူယိုးမှားအတွေ့အကြုံတွေရှိတဲ့သူတွေအကြောင်း နားထောင်ရတာလည်း သဘောကျမိတယ် ဟယ် နင်လည်း အဲ့လိုမျိုးလား၊ ငါတို့လည်း ဒီလိုမျိုး ကြုံရတယ် အစရှိသဖြင့် ဆင်တူရာ အတွေ့အကြုံတွေကို အခြေခံပြီး ကိုယ့်အသံပဲ ကိုယ်ပြန်ကြားနေရတဲ့ ပဲ့တင်သံထပ်နေတဲ့ အခေါင်းပေါက်တွေ တည်ဆောက်မဲ့အစား မိတ်ဆွေဖွဲ့လို့ရသလို ရပ်ဝန်းတွေ တည်ဆောက်လို့ ရတယ် စနစ်ရဲ့ ဖိနှိပ်မှုတွေဟာ ကျွန်မတို့ လူမျိုးတစ်စု၊ နိူင်ငံတစ်နိူင်ငံတည်းမှာပဲ ရှိနေတာ မဟုတ်ဘူးဆိုဝာာ သိသာလာစေတယ် ကျွန်မတို့ရဲ့ သားကောင်စိတ်ဓါတ်တွေကို မြေလှန်စေပြီး ခွန်အားပြန်ပြည့်စေတယ် ကျွန်မရဲ့ ကိုယ်တွေ့တွေကို လားလားမှ မခံစားနိူင်တဲ့၊ နားမလည်နိူင်တဲ့၊ ဒါမှမဟုတ်လည်း Oh I am so sorry you went through this လောက်သာ ပြန်ပြောပြီး ဘာလုပ်ရမှန်းမသိတဲ့ လူဖြူတွေထက်စာရင် အဲ့ဒီ မျဉ်းပြိုင်ရပ်ဝန်းတွေက ပိုပြီး ရင်းနှီးဖို့ ကောင်းတယ် ထင်တယ်

ဆိုတော့ ဒီလို လူဖြူအင်ပိုင်ယာ အရင်းရှင်စနစ်ကနေ ဆုံးဖြတ်ပေးလိုက်တဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာကို ဘာလို့ ကျွန်မတို့လို အဖိနှိပ်ခံတွေကပါ ပြန်ကျင့်သုံးချင်ကြရတာလဲ? အမေရိကန်လိုနိူင်ငံဟာ ဘာသာရေးနဲ့ နိူင်ငံရေးကို ရောယှက်ထားတာ မရှိပါတဲ့ ဆက်ကူလာနိူင်ငံ (secular state) လို့ဆိုပေမဲ့ ခရစ်ယာန်ကောင်းတစ်ယောက်ဟာ ကူညီမှုလိုအပ်နေတဲ့သူတွေကို ယေရှူလိုမျိုး ကူညီတယ်၊ ပေါင်မုန့်တစ်ဖဲ့ကျွေးမယ်၊ ကိုယ့်အသက်ကို ကိုယ်စွန့်လွှတ်ပြီးတော့တောင် အများကို ကယ်တင်မယ်ဆိုတဲ့ ဘာသာရေးဓလေ့အယူအဆတွေဟာ အမေရိကန်ရဲ့ နိူင်ငံရေး မူဝါဒတွေနဲ့ လူဖြူကြီးစိုးရေးသဘောတရား (white supremacy)တွေမှာ ဘယ်လောက်ထိ စိမ့်ဝင်နေသလဲ ကျွန်မ ဆက်စပ်စဉ်းစားမိတယ် ငိုတတ်တဲ့ကလေး နို့စို့ရဆိုတဲ့ လောဂျစ်ကို လက်ကိုင်ထားရာကနေ ဖိနှိပ်သူတွေ ကျွေးရာကိုပဲစားပြီး ငိုပဲ ငိုတတ်တော့တဲ့ ကလေးတွေ နေရာမှာပဲ ရပ်သွားကြတဲ့ သာဓကတွေ မျက်စိရှေ့မှာ အများကြီးပါပဲလားလို့ ဆင်ခြင်မိတယ်

ဒီလိုဆိုလို့ ကျွန်မ ခရစ်ယာန်ဘာသာဝင်တွေကို ပုတ်ခတ်စော်ကားချင်တာ မဟုတ်ပါဘူး လိုအပ်နေသူကို ကူညီရမယ်ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓဘာသာမှာပါ စိမ့်ဝင်နေတဲ့ အယူအဆပဲ ဒါပေမဲ့ ကူညီရင်းနဲ့၊ ကယ်တင်ရင်းနဲ့ ဘယ်သူတွေကိုတော့ ကူညီထိုက်တယ်၊ ဘယ်သူတွေကတော့ တန်ကို မတန်ဘူး အစရှိတဲ့ လူသားတန်ဖိုးဖြတ်မှုတွေအကြောင်းရယ်၊ ကူညီရင်းနဲ့ အကူညီခံတွေကို ပိုမိုခွန်အားပြည့်စေမဲ့အစား အကူအညီ‌‌အပေါ်မှာပဲ မှီခိုတတ်တော့တဲ့သူတွေအဖြစ် အသွင်ပြောင်းလိုက်မှုတွေအကြောင်းရယ်ကို ကျွန်မ ဒီနှစ် ခရစ်စမတ်ကာလမှာ အတွေးပွားမိတယ်

ပုံ – ထိုင်းနိူင်ငံတစ်နေရာမှ မြန်မာရွှေ့ပြောင်းအခြေချသူများရဲ့ ဘုရားကျောင်းတစ်‌ကျောင်းသို့ တနင်္ဂနွေဘုရားကျောင်းတက်‌ရောက်စဉ် ယေရှုအားချီးမြောက်တဲ့ gospel သီချင်းများဆိုဆဲအမှတ်တရ

အမေရိကန် လူမည်းစာရေးဆရာ တယ်ဂျူးကိုးလ် (Teju Cole) ရေးတဲ့ စက်ရုံထုတ် လူဖြူကယ်တင်ရှင်အယူအဆ ဆောင်းပါး

အမေရိကန် အီဂျစ် ဖီမီနင့်မနုဿဗေဒပညာရှင် လိုင်လာ အာဘူလပ်ဂေါ့ (Lila Abu-Lughod) ရေးတဲ့ မွတ်စလင်မိန်းမများကို ကယ်တင်ဖို့ လိုသလား စာအုပ်

စာတံတိုင်း

ပြီးခဲ့တဲ့ အပတ်ထဲမှာ နိူင်ဂျီးရီးယန်းလူမျိုး တွေးခေါ်ပညာရှင် Georgetown တက္ကသိုလ် ပါမောက္ခ အိုလိုဖာမီ တိုက်ဝူး (Olúfẹ́mi Táíwò) ရဲ့ စာရေးတာနဲ့ ပတ်သက်တဲ့ tweet တစ်ခုကို ဖတ်ပြီး တွေးမိတာကို စာချရေးကြည့်ချင်တယ်

(Twitter ဟာ မီလျံနာသူဌေးအီလွန်မက်စ် ဝယ်တာခံရပြီးနောက် အရင်းရှင်စနစ်ကို ရှုံ့ချသူတွေအတွက် လက်ရှိမှာ ဆက်သုံးသင့်၊ မသုံးသင့်ဝိရောဓိဖြစ်နေတဲ့ လူမှုကွန်ယက်တစ်ခုပါပဲ ကျွန်မအတွက်တော့ လူသိနည်းတဲ့၊ ဖုံးကွယ်ခံထားရတဲ့ တွေးခေါ်ပညာရှင်တွေရဲ့ အယူအဆ အမြင်တွေကို ချက်ချင်းလက်ငင်း ထိတွေ့စေတာမို့ အမြဲ မသုံးနေပေမဲ့ တစ်ခါတစ်လေ ဝင်ကြည့်ဖြစ်တယ်)

အိုလိုဖာမီ တိုက်ဝူးက စာရေးသူတစ်ယောက်အနေနဲ့ သူဟာ တဖြည်းဖြည်းနဲ့ အာခံတဲ့ ပုံစံရေးတာ‌၊ တွေးတာတွေကို လျှော့ချချင်တယ်၊ စာကြောင်းတွေကို တံတိုင်းသဖွယ် အခုအခံအနေနဲ့ တည်ဆောက်ရတာ တန်ဖိုးရှိတဲ့ ခွန်အားစိုက်မှုနဲ့ အချိန်တွေကို အလဟဿဖြစ်စေတယ်ဆိုပြီး သူ့ရဲ့ ပထမ tweet ကို စထားတယ် တိုက်ဝူး ဆက်ရေးတာကို ကျွန်မ အကြမ်းဖျင်း ခြုံငုံရရင် စာဖတ်သူဘက်က တန်ပြန်တုံ့ပြန်လာမဲ့အပေါ် ကြိုတင်ပြင်ဆင်ခုခံပြီး ရေးတဲ့ စာတွေဟာ တန်ဖိုးရှိတဲ့ စာမျက်နှာတွေ၊ စာလုံးတွေကို ဖြုန်းတီးသလို ဖြစ်တယ်လို့ ကောက်ချက်ချမိတယ် (အောက်မှာ မူရင်း tweet ရဲ့ လင့်ခ်ကို ထည့်ပေးထားပါတယ်)

တိုက်ဝူးရဲ့ စာရေးတာနဲ့ ပတ်သက်တဲ့ ဒီအာဘော်ဟာ ကျွန်မ လက်ရှိ တွေးနေမိတဲ့ စာရေးခြင်းကျင့်ဝတ်ကို ထပ်တွေးစေတယ် စာရေးသက်တမ်းကြာလာတာနဲ့ အမျှ ကျွန်မရေးခဲ့တဲ့ ဘာသာစကားအလျောက် (အင်္ဂလိပ်လိုရော မြန်မာလိုရော)၊ စာအမျိုးအစားအလျောက် (အကယ်ဒါးမစ်ဆန်ဆန်ရေးတဲ့စာတွေ၊ သာမန်လူထုအတွက် ရေးတဲ့စာ၊ ဆောင်းပါး၊ ကဗျာ၊ ဝတ္တုတို) အစရှိတဲ့ စာအမျိုးအစားပုံပန်းသဏ္ဍာန်ပေါ်လိုက်ပြီး ဘယ်စာကို ဘယ်နေရာမှာ ဘာကြောင့် ရေးလိုက်တာလဲ၊ ဘယ်သူတွေကို ဦးတည်ပြီး ရေးတာလဲဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ဘာသာ ပြန် ဆင်ခြင်လာမိတယ်

တိုက်ဝူးကတော့ သူ့ tweet တွေရဲ့ နောက်ဆုံးမှာ စာဖတ်သူက စာရေးသူအပေါ်မှာ ရှိနေတဲ့ အမြင်တွေ၊ မကြိုက်နှစ်သက်တာတွေကို စိန်ခေါ်နိူင်တဲ့ စာသားဆိုတာကို ဘယ်လိုမျိုး ရေးကြမလဲလို့ မေးခွန်းထုတ်ထားတယ်

ကျွန်မ ကိုယ့်ဘာသာ ဒိုင်ယာရီ‌ထဲမှာ ရေးတဲ့စာမျိုး မဟုတ်ဘဲ အများကို ချပြတဲ့စာတွေ စရေးခါစက စာတွေကို ပြန်ဖတ်ကြည့်ရင် တိုက်ဝူးပြောတဲ့ ခုခံတဲ့ သဘောတရားတွေ အများကြီး ပါနေတယ်လို့ ကိုယ့်ကိုယ်ကို သတိထားမိတယ် ဒါက ကျွန်မရေးတဲ့ စာတွေကို ဖတ်မဲ့သူတွေကို ကြိုတင်မြင်ယောင်ပြီး သူတို့ရဲ့ တုံ့ပြန်ချက်တွေကို ကြိုတင်ချေပတာ ဒါမှမဟုတ် သူတို့ကို ပြောချင်တာတွေကို ခုခံပြီး ရေးတာမျိုးပေါ့ ဒါပေမဲ့ အခု စာရေးတာ တဖြည်းဖြည်းအရှိန်ရလာလေလေ အဲ့ဒီလို ခုခံစာတွေက ကျွန်မအတွက် နည်းနည်း ပျင်းစရာကောင်းလာတယ် ကိုယ်ကိုယ်တိုင် ရေးရမှာ ပျင်းလာသလို တခြား ခုခံစာတွေကို ဖတ်ရတာလည်း ပျင်းလာတယ်

စာရေးတဲ့သူတိုင်း (ဒါမှမဟုတ် တခြားသော မိမိကိုယ်ကို ဖော်ပြတဲ့ နည်းလမ်းကို သုံးကြတဲ့သူတိုင်း) အတွက်က စာရေးတယ်ဆိုကတည်းက ကျွန်မတို့ဟာ စာဖတ်သူနဲ့ ကူးလူးဆက်သွယ်ချင်လို့လို့ ဆိုလိုရတယ် ကျွန်မတို့ တွေးနေမိတဲ့ အတွေးတွေ၊ ကိစ္စရပ်တစ်ခုပေါ်ကို သုံးသပ်ချင်တာတွေကို တခြားသူတွေနဲ့ ဝေမျှချင်လို့လို့ ဆိုလိုရတယ် ဒါဆို အဲ့ဒီလို ဝေမျှချက်တွေကို ခုခံတဲ့ လေသံတွေမပါဘဲနဲ့ရော ရေးလို့ ရနိူင်မလား ကျွန်မ တွေးမိတယ် တခြားသူတွေနဲ့ ကူးလူးဖို့ ရေးရင်း စာရေးသူအတွက်ကိုရော စာရေးလို့ ရနိူင်မလား?

ဘာကြောင့် ကျွန်မတို့စာတွေထဲမှာ အနည်းနဲ့ အများ ခုခံမှုတွေ ပါနေရသလဲ?

ဒီမေးခွန်းရဲ့ အဖြေကို ကြိုးစားဖြေကြည့်ရရင် နဂိုက ဖုံးဖိခံထားရတဲ့သူတွေရဲ့ စာအရေးအသားတွေမှာ ခုခံမှုတွေ ပိုပါနေတတ်တယ်လို့ ကျွန်မ ထင်တယ် ဖိနှိပ်မှုတွေအောက်မှာ ဖိအားပေးခံထားရတဲ့သူတွေအဖို့ အဲ့ဒီဖိအားတွေကို တန်ပြန်သုံးသပ်တိုက်ခိုက်ချင်တာ မဆန်းပါဘူး ဒါကိုလည်း အပြစ်ပြောနေတာတော့ မဟုတ်ပါဘူး စဉ်းစားကြည့်တာပါ ကျွန်မတောင် မခြင်္သေ့နာမည်နဲ့ စာတွေ စရေးလာတာ အဲ့အချိန်တုန်းက သေချာမတွေးခဲ့မိပေမဲ့ ကိုယ့်ကိုယ်ကိုအတွက် စရေးလာမိတာပဲ

တိုက်ဝူးရဲ့ tweet ကို ပြန်စာရေးထားကြတဲ့ တခြားသော ပညာရှင်တွေ ထောက်ပြထားတာကတော့ ပညာရှင်ရပ်ဝန်းအတွက် ရေးတဲ့ စာအရေးအသားတွေဟာ အမြဲလိုလို စာဖတ်ပရိတ်သတ်ကို စဉ်းစားပြီး ရေးရတယ်ဆိုတဲ့ အဆိုပဲ ဒါကို အကယ်ဒါးမီးယား အပြင်က လူတွေက ရယ်ကောင်းရယ်နိူင်တယ် ဒါပေမဲ့ ကျွန်မကိုယ်တိုင် အကယ်ဒါးမီးယားစာတွေကို ဘယ်လိုရေးမလဲဆိုတာ လေ့ကျင့်ခံထားရတဲ့သူတစ်ယောက်အနေနဲ့ ဒီအချက်ကို ထောက်ခံတယ်

ဥပမာ – အကယ်ဒါးမစ် ဂျာနယ်တစ်စောင်မှာ စာတစ်ပုဒ် ထုတ်ဖို့ဆိုတာ ၁ နှစ်လောက်ကြာပါတယ် ပထမဆုံးအယ်ဒီတာကနေ သူ့စားပွဲဆီရောက်လာတဲ့စာကို အဲ့ဒီစာနဲ့ သက်ဆိုင်တဲ့ နယ်ပယ်က ပညာရှင် ၃ ယောက်ဆီကို peer review ဆိုပြီး ပို့တယ် အဲ့ဒီ reviewer တွေကနေ ၆ လကနေ ၁ နှစ်လောက် အချိန်ယူပြီး စာရေးသူရဲ့ အာဘော်တွေဟာ လက်ရှိ အဲ့ဒီဘာသာရပ်ရဲ့ အာဘော်တွေ၊ သီအိုရီတွေနဲ့ ဆက်စပ်နေ မနေ၊ အဓိပ္ပါယ်ရှိနေ မရှိနေကို ဆန်းစစ်တယ် ပြီးရင် သူတို့ ပေးချင်တဲ့ recommendation တွေ ပေးပြီး အဲ့ဒီစာကို ဂျာနယ်မှာ ထုတ်ပြန်သင့် မသင့်ကို အယ်ဒီတာကို အကြောင်းပြန်တယ် များသောအားဖြင့် အကယ်ဒါးမစ်စာတွေဟာ လာပို့တဲ့အတိုင်း ထုတ်ပြန်ခွင့်ရတာ နည်းပါတယ် အနည်းနဲ့အများ ပြန်လည်ပြင်ဆင်ခိုင်းတာချည်းပါပဲ

ဒီ အကယ်ဒါးမစ် စာထုတ်ပြန်တဲ့ အစီအစဉ်ဟာ အပေါ်ယံကြည့်ရင်တော့ ဖြစ်ကတတ်ဆန်းရေး ဖြစ်ကတတ်ဆန်း ထုတ်ပြန်နေတာတွေထက် ပိုကောင်းတယ်လို့ မြင်လို့ရသလို တစ်ချိန်တည်းမှာပဲ ပြဿနာတွေ ရှိနေပြန်တယ် ဘယ်လို ပြဿနာတွေလည်းဆိုတော့ gatekeeping လို့ ခေါ်တဲ့ ဂိတ်တံခါးစောင့်ခြင်း ပြဿနာပဲ ဒါကတော့ စာရေးသူတစ်ယောက်ရဲ့ စာတစ်ပုဒ် ထုတ်ပြန်ခွင့်ရ မရဆိုတာ reviewer တွေရဲ့ လက်ထဲမှာ ရှိနေသလို အဲ့ဒီ reviewer ဆိုတာ ဘယ်သူတွေလဲဆိုတာ စာရေးသူဟာ သိခွင့် မရှိပေမဲ့ စာရေးသူ ဘယ်သူလဲဆိုတာတော့ reviewer တွေက သိနေတယ် နောက်ပြီး အကယ်ဒါးမီးယားရဲ့ ဓလေ့အရ စီနီယာကျနေတဲ့ ပညာရှင်ဆိုတာ လူဖြူတွေသာ များတာ ဖြစ်တဲ့အတွက် လူဖြူသဘောတရားကို ဝေဖန်ထောက်ပြသုံးသပ်ထားတဲ့ စာတွေဟာ တော်ရုံတန်ရုံ ထုတ်ပြန်ခွင့် မရသလို ရှုံ့ချခံရတယ် ဒါကတော့ ကျွန်မရဲ့ ကိုယ်တွေ့တစ်ခုပါ ဆိုတော့ အကယ်ဒါးမီးယားရဲ့ စာပေထုတ်ပြန်ရေးစနစ်ဟာ ပညာထုတ်လုပ်ရေးအတွက် ဟုတ်သလိုလိုနဲ့ လူဖြူသဘောတရားရဲ့ အောက်မှာ လည်ပတ်နေတဲ့ စနစ်တစ်ခုပဲ ဖြစ်နေပြန်တယ် အဲ့တော့ စာရေးသူတွေအနေနဲ့ လူဖြူစနစ်တွေကို ကျော်လွန်တဲ့၊ လူဖြူစနစ်က သတ်မှတ်ထားတဲ့ ကောင်းပါတယ် မှန်ပါတယ် (ဥပမာ – သုတေသနစာဆိုရင် ကိုးကားထားတာတွေကို ဒီလိုရေးရမယ်၊ အဖြတ်အတောက်က ဒီလို ဖြစ်ရမယ်ဆိုတဲ့ ဇစ်မြစ်ချက်ကျလက်ကျ မရှိတဲ့ စာရေးသားပုံစနစ်တွေ) ဆိုတဲ့ ပုံစံတွေနဲ့ မကိုက်နေရင်း အဲ့ဒီ ရပ်ဝန်းမှာ ဝင်မဆန့်အောင် ပိတ်ထားပြီး ဂိတ်တံခါးစောင့်တယ် ( ဒီနေရာမှာ ဒီစည်းကမ်းတွေကို ဇစ်မြစ်မရှိလို့ ဆိုရတာက ဒီစည်းကမ်းတွေက အစုအဖွဲ့တစ်ခု၊ လူတစ်အုပ်စုက ဒါမျိုးဆို မှန်တယ်ဆိုပြီး သတ်မှတ်ရာက စလာတာကို ထောက်ပြချင်လို့ပဲ ဥပမာ သတ်ပုံကျမ်းဆိုပြီး စိစစ်တဲ့အဖွဲ့တွေကနေ ပြဌာန်းထားတဲ့ သတ်ပုံတွေကမှ အမှန်လို့ ဆိုကြပေမဲ့ အဲ့ဒီသတ်ပုံတွေကလည်း နှစ်နဲ့အလိုက် ပြောင်းလဲလာကြတာပဲ)

(ကျွန်မ မြန်မာပြည်နဲ့ ပတ်သက်တဲ့ကျောင်းတစ်ခုမှာ စာ‌သင်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မြန်မာကျောင်းသားကျောင်းသူတွေကို MLA (Modern Language Association) တို့၊ APA (American Psychological Association) တို့က ထုတ်ပြန်ထားတဲ့ ကိုးကားနည်းစနစ်တွေ လိုမျိုး မြန်မာပြည်သီးသန့် ကိုးကားနည်းစနစ်တစ်ခု တင်သွင်းသင်ကြားချင်တယ်ဆိုပြီး ပြောတာကို ကျွန်မ စိတ်ထဲ ဘဝင်မကျဖြစ်မိတာကို သတိရမိတယ် ကျွန်မအတွက်က စာရေးသူတွေရဲ့ ဘာကို ဆိုလိုချင်တာလဲဆိုတဲ့ အာဘော်ကို စာကို ဘယ်လိုရေးရမလဲဆိုတာထက် ပိုစိတ်ဝင်စားမိတယ် ကိုးကားနည်းတွေနဲ့ စနစ်တကျ လှလှပပရေးတတ်လာအောင် သင်မဲ့အစား ကိုယ်ပိုင်အတွေးအခေါ်တွေကို ချရေးလာတတ်အောင် သင်တာကို စာသင်သူတစ်ယောက်အနေနဲ့ ပိုစိတ်ဝင်စားတယ်)

အကယ်ဒါးမစ်မဟုတ်တဲ့ ရသစာပေထုတ်ပြန်တာတွေကို ကြည့်မယ်ဆိုရင်လည်း အလားတူပါပဲ အယ်ဒီတာကနေ ဘယ်နေရာကိုတော့ ပြုပြင်ရေးသင့်တယ် ဘယ်နေရာက လစ်ဟင်းနေတယ်ဆိုတာကို ရသစာရေးသူကို ထောက်ပြကြတယ် ဒီနေရာမှာလည်း စာရေးသူအတွက် အထောက်အကူ ဖြစ်နိူင်သလို ဂိတ်တံခါးပြန်စောင့်တာမျိုး ဖြစ်နိူင်တယ်

ဥပမာ – ရသစာရေးသူရဲ့ ဝတ္တုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ မိန်းမတစ်ယောက်အကြောင်းရေးထားတာဆိုရင် အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး အယ်ဒီတာက ဘယ်လောက် အထိအတွေ့ရှိသလဲ၊ ဘယ်လောက် လိုအပ်နေတာတွေကို အပြုသဘောဘက်ကနေ ထောက်ပြနိူင်သလဲဆိုတာ အရေးကြီးတယ် စာရေးသူနဲ့ စာနောက်က အတိမ်အနက်ကို မသိတဲ့ အယ်ဒီတာဟာ စာရေးသူအတွက် အထောက်အကူ မဖြစ်တဲ့အပြင် အနှောင့်အယှက်တောင် ပိုဖြစ်နေနိူင်သေးတယ်

ကျွန်မ ဆိုလိုချင်တာက စာရေးတာဟာ အနည်းနဲ့အများ စာဖတ်သူကို ဦးတည်ပြီး ရေးကြရတာပဲ (အယ်ဒီတာသော်လည်းကောင်း၊ reviewer သော်လည်းကောင်း အစရှိတဲ့ ဂိတ်တံခါးစောင့်သူတွေအကြိုက်ကိုသော်လည်းကောင်း၊ နောက်ဆုံးမှာတော့ စာဖတ်သူအများရဲ့ အမြင်ပေါ့) ဒါပေမဲ့ စာဖတ်သူကို စိတ်ထဲထားပြီး ရေးကြတာချင်းအတူတူ စာဖတ်သူကို ဒိုင်ယာလော့ခ်တစ်ခုအနေနဲ့ ရေးကြမလား ဒါမှမဟုတ် စာဖတ်သူကနေ မိမိရေးထားတာကို ဝေဖန်မှာကို ကြိုတင်မြင်ယောင်ပြီး ခုခံရေးမလားဆိုတာပဲ

ခုခံပြီး ရေးတဲ့စာတွေအား တစ်နည်းအားဖြင့် စာဖတ်သူဟာ စာရေးသူကို အထင်ကြီးလာအောင် သို့မဟုတ် စာရေးသူရဲ့ အာဘော်ကို လက်ခံလာအောင် ရေးတာမျိုးပဲ တစ်ခါတစ်လေမှာ အဲ့ဒီလို စာမျိုးက စာရေးသူအတွက် စစ်မှန်ရဲ့လား ကျွန်မ တွေးမိတယ် ပြောချင်တာက အများ ကိုယ့်ကို ဘယ်လိုမြင်မလဲ၊ မြင်စေချင်တဲ့ ပုံစံအတိုင်း ရေးတာဟာ စာရေးသူနဲ့ စာကြားက ရင်းနှီးမှုကို သတ်လိုက်သလိုပဲ

စာရေးသူအတွက် ကိုယ့်ကိုယ်ကို ရေးတဲ့စာဆိုတာ စာရေးသူအတွက်ကို ဆင့်ကဲစဉ်းစားစေတဲ့ စာအရေးအသားမျိုးပဲ ကျွန်မရေးတဲ့စာတွေက ကျွန်မကိုယ်နဲ့ ကျွန်မ ဘယ်လို ပြန်နှီးနှောစေလဲ?

အဲ့ဒီလို နှီးနှောအောင် စာရေးသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ပြန်ကတိကဝတ်ပြုမလဲ?

ကျွန်မ အထက်က ရေးထားသလို လူတန်းစား၊ လူမျိုးရေး၊ ဂျန်ဒါ အစရှိတဲ့ လူမှုဖြစ်တည်မှု ပွိုင့်တွေတစ်နေရာမှာ ဖိနှိပ်မှုကို တွေ့ကြုံခံစားခဲ့ရသူတွေအတွက် တန်ပြန်ခုခံတဲ့စာတွေကို ရေးတာ မဆန်းဘူး ရေးလည်း ရေးသင့်တယ် ဒါပေမဲ့ ဒီ ဖိနှိပ်မှုအောက်က စာရေးသူတွေဟာ အမြဲတမ်း ခုခံစာတွေကိုပဲ ရေးကြမယ်ဆိုရင် ကျွန်မတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ဘယ်လို ဖြစ်နေမလဲ?

ဒီမေးခွန်းဟာ ဒီနှစ်ထဲမှာ ကျွန်မ ကိုယ်ကိုယ်ကို အမေးမိဆုံး မေးခွန်းတစ်ခုပဲ ကျွန်မကို တိုက်ခိုက်လာတဲ့၊ ဖိနှိပ်ထားတဲ့ အကြောင်းအရာတွေကိုပဲ တန်ပြန်ခုခံရေးရင်း ကျွန်မရဲ့ ဖိနှိပ်မှုတွေထက် ကျော်လွန်တဲ့ စဉ်းစားတွေးခေါ်မှုတွေ ရပ်တန့်သွားမှာကို စိုးမိတယ် အကယ်ဒါးမစ်ရပ်ဝန်းအတွက် ကျွန်မရေးတဲ့စာတွေဟာ စာဖတ်ပရိတ်သတ်တစ်မျိုး(အထူးသဖြင့် အနောက်တိုင်း လူဖြူပရိတ်သတ်)ကို ဦးတည်ရေးရတာ ဖြစ်တဲ့အတွက် ကျွန်မကိုယ် ကျွန်မ ပိုရင်းနှီးတယ်လို့ မခံစားရဘူး ဒီလိုတွေးလို့ တန်ပြန်ခုခံတဲ့ စာတွေဟာ အသုံးမဝင်တော့ဘူးလို့လည်း ကျွန်မ မဆိုချင်ဘူး ခုခံစာတွေဟာ တချို့နေရာတွေမှာ အသုံးကျနေဆဲပဲ ဖြစ်တယ်

ဒါပေမဲ့ အဓိက မေးခွန်းက ခုခံစာတွေကို ရေးရင်းတစ်ပြိုင်နက် ကျွန်မတို့ရဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှု‌တွေကို ရှေ့ဆက်ကြမလဲ ဆိုတာပဲ

အခုတလောမှာတော့ relational လို့ခေါ်တဲ့ အမြဲတစေ အကြောင်းအရာတစ်ခု‌ကို ဆက်စပ်ပတ်သက်တုံ့ပြန်နေရတဲ့ စာအရေးအသားမျိုးကို ကျွန်မ ရေးရမှာ စဉ်းစားတွေးခေါ်မှုအရ ပျင်းလာတယ် ဒီနေရာမှာ တုံ့ပြန်တယ်ဆိုတဲ့ စကားလုံးက အဓိကပါ စာရေးတဲ့သူတွေအတွက် ပြင်ပက စိတ်အာရုံကို လှုံ့ဆော်တာမရှိဘဲ အလိုလိုနေရင်း စာချရေးတာ ရှားပါတယ် အခု ဒီစာကိုတောင်မှ တိုက်ဝူးရဲ့ tweet က ကျွန်မကို လှုံ့ဆော်လို့ ရေးမိတာပဲ ဒါပေမဲ့ လှုံ့ဆော်တာနဲ့ တုံ့ပြန်တာနဲ့ကို ကျွန်မတော့ ခွဲခြားဆင်ခြင်မိတယ်

အကြောင်းအရာ၊ စာ၊ တစ်စုံတစ်ခုက စာရေးသူကို နောက်ထပ်အကြောင်းအရာ၊ စာ၊ တစ်စုံတစ်ခုကို ဆင့်ကဲတွေးစေအောင် လှုံ့ဆော်‌တာဟာ ကောင်းတာပဲ စာသင်ခန်းထဲမှာတောင် ကျောင်းသားကျောင်းသူတွေကို ဘယ်ဟာက အမှန် ဘယ်ဟာက အမှားလို့ ကြက်တူရွေး နှုတ်တိုက်တာထက် သူတို့ဘာသာ ဆက်တွေးနိူင်အောင် စာသင်ခန်းက လှုံ့ဆော်စေချင်တာ ကျွန်မ အဓိက ရည်မှန်းချက်ပဲ တကယ်ဖြစ်တာ မဖြစ်တာ တစ်ပိုင်းပေါ့ တစ်ခါတစ်လေ တချို့ ကျောင်းသားကျောင်းသူတွေက ဆရာ ဆရာမက ဘယ်ဟာ အမှန်လို့ ပြောလိုက်တာကို ကြားချင်တာမျိုးလည်း ရှိတယ် ဒါပေမဲ့ လှုံ့ဆော်မှုတစ်ခုနောက်ကနေ အမြဲတစေ အခုအခံ ချေပချက်နဲ့ ပြန်လိုက်နေရတာ ပင်ပန်းတယ်လို့ ကျွန်မ ထင်မိတယ်

ဒီနေရာမှာလည်း လူဖြူယောင်္ကျားစာရေးဆရာတွေအတွက်တော့ ဘယ်သောအခါမှ သူတို့ရဲ့ စာအရေးအသားအာဘော်တွေကို ခုခံနေစရာ ဘာကြောင့်မလိုဘဲ ကျွန်မတို့လို mainstream စာအရေးအသားကနေ လွဲချော်နေကောင်း လွဲချော်နေတဲ့ လူဖြူမဟုတ်သူ စာရေးသူများကတော့ ဘာကြောင့် ကျွန်မတို့ရေးတဲ့စာတွေ၊ အာဘော်တွေကို အမြဲလိုလို ခုခံနေကြရသလဲ စဉ်းစားစရာ ဖြစ်လာတယ်

ကျွန်မတို့ စာတွေအပေါ် ဂိတ်တံခါးစောင့်ပြီး ဝေဖန်သုံးသပ်တာတွေဟာ တစ်ခါတစ်လေမှာ ကျွန်မတို့ရဲ့ စဉ်းစားတွေးခေါ်နိူင်စွမ်းတွေကို မျက်လှည့်ပြထားတယ် အဲ့ဒီ ဝေဖန်ချက်တွေကို လိုက်လံ ခုခံ ဖြည့်ဆည်းရင်း ကျွန်မတို့ရဲ့ မူရင်းပြောချင်တဲ့ အသံတွေ တိုးတိုးသွားတယ် တိုးပြီးနောက် ကျွန်မတို့ကိုယ်တိုင် ဘာပြောချင်တာလဲ မေ့သွားတယ် ဝေဖန်ချက်တွေနောက်ကို တကောက်ကောက်လိုက်ရင်း စာရေးသူတစ်ယောက်ရဲ့ ကျင့်ဝတ်ဖြစ်တဲ့၊ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ စာဖတ်သူနဲ့ ဒိုင်ယာလော့ခ် တည်ဆောက်ခြင်းဟာ ခဏ ဘေးချိတ်ခံလိုက်ရတယ် ဒီနေရာမှာ ဘယ်သူက ဝေဖန်တာလဲဆိုတာဟာလည်း စဉ်းစားသင့်တဲ့ အချက်တစ်ခုပဲ ဝေဖန်ချက်အနောက် ဘယ်လောက်ထိ လိုက်ပြီး ဘယ်လောက်ဆိုရင်တော့ ရပ်လိုက်မလဲ စာရေးသူတစ်ယောက် စဉ်းစားလာသင့်တယ်

ကျွန်မအတွက်တော့ ဖိနှိပ်မှုတွေကြားက ကလောင်နဲ့‌သော်လည်းကောင်း၊ စုတ်တံနဲ့သော်လည်းကောင်း၊ တခြားသော ကိရိယာ တန်ဆာပလာတွေနဲ့သော်လည်းကောင်း မိမိကိုယ်ကို ဖော်ပြကြသူတွေဟာ ဝေဖန်ချက်ကိုတွေ ခုခံတာတွေထဲမှာ ကျွန်မတို့ ဖော်ပြချင်တာတွေ ပျောက်ကွယ်မသွားအောင် ထိန်းထားမှသာလျှင် ဖိနှိပ်မှုတွေ၊ ဝေဖန်မှုတွေအပေါ်မှာပဲ တုံ့ပြန်နေတဲ့ အပေါ်ယံစဉ်းစားတွေးခေါ်မှုတွေကနေ ကျော်လွန်ပြီး ကျွန်မတို့ စိတ်ကို တကယ် အစာကျွေးတဲ့ စဉ်းစားဆင်ခြင်မှုတွေကို ဖိနှိပ်သူတွေနဲ့ ပြိုင်တူ သူတို့စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတဲ့ ကမ္ဘာအသစ်တစ်ခု တည်ဆောက်နိူင်မယ်လို့ ကျွန်မ ထင်မိတယ်

ပုံ – ဘုရားတစ်ဆူရှေ့က ဆီမီးတိုင်တိုလေးများ

အိုလိုဖာမီတိုက်ဝူး (Olufemi Taiwo) ရဲ့ tweet

Abolitionism အပေါ် သုံးသပ်ခြင်း

“ဒီကာလမှာ အားလုံးက ပြန်လည်ထူထောင်ဖို့ ပြောနေကြတဲ့အချိန် စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုတော့ ဘာများလဲ စိတ်ဝင်စားလို့ ကျွန်တော် လာတာပါ”

ဒါကတော့ နိုဝင်ဘာလတောက်လျှောက် လုပ်ခဲ့တဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားအကြောင်း စာဖတ်ဆွေးနွေးဝိုင်းကို လာတက်ရောက်ခဲ့တဲ့သူတစ်ယောက်က ပြောခဲ့တာပါ သူမေးလည်း မေးချင်စရာပါပဲ Abolitionism (သို့မဟုတ်) စနစ်များကို ဖြိုချဖျက်ဆီးခြင်းလို့ ကျွန်မ ဘာသာပြန်ထားတဲ့ သီအိုရီနည်းလမ်းတက်ကြွလှုပ်ရှားမှုကျင့်ဝတ်သဘောတရားဟာ အပေါ်ယံကြည့်ရင် နားမလည်နိူင်စရာတွေ အများကြီး ရှိနေတယ် ကျွန်မကိုယ်တိုင်လည်း လေ့လာနေဆဲမို့လို့ စာဖတ်ဝိုင်းတွေကို တက်ရောက်လာကြတဲ့သူတွေနဲ့ အတူတူ ဆွေးနွေးပြီး အမြင်တွေ ဖလှယ်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်

Abolish (ဖြိုချဖျက်ဆီး) ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်စကားကနေ ဗမာစကားကို တိုက်ရိုက်ကူးယူပြီး သုံးလာတာကို ပထမဆုံး ကျွန်မ သတိထားမိတာကတော့ စစ်တပ် အာဏာသိမ်းပြီးပြီးချင်းကာလတွေမှာပါပဲ ပြည်သူအများက hashtag တွေနဲ့ Abolish the Military ဆိုပြီး သုံးလာကြတာကို သတိထားခဲ့မိတယ် အဲ့ဒီ့မတိုင်ခင်ကတော့ Abolish ဆိုတာကို အမေရိကန်က ရဲတွေရဲ့ လူမည်းနဲ့ လူဖြူမဟုတ်သူများကို မတရားဖမ်းဆီး သတ်ဖြတ်မှုတွေကို ဆန့်ကျင့်တဲ့ တက်ကြွလှုပ်ရှားမှုတွေမှာ ကျွန်မ သတိထားမိခဲ့တယ် ဒါနဲ့ စိတ်ဝင်စားလို့ Abolish လို့ ပြောကြတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ စာတွေကို လိုက်ဖတ်ကြည့်တဲ့အခါ Abolitionism ဟာ ရဲ၊ စစ်တပ် အစရှိတဲ့ ထိန်းချုပ်မှု၊ ဖမ်းဆီးမှုတွေကို လက်ကိုင်ထားတဲ့ စနစ်ကို ဖြိုချဖို့ ဦးတည်တယ်ဆိုတာ သဘောပေါက်လာတယ် အမေရိကန်နိူင်ငံ ၁၉၆၀/၇၀ ကာလတွေက လူဖြူ လူမည်း လူမျိုးရေးခွဲခြားမှုတွေကို တော်လှန်ရင်း လူမျိုးရေးခွဲခြားမှုဆိုတာ ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ လက်ချင်းယှက်ထားတယ်ဆိုတာကို ထောက်ပြရာကနေ ပေါ်ပေါက်လာတဲ့

 

တက်ကြွလှုပ်ရှားမှုအယူအဆတစ်ခု ဖြစ်တယ်လို့ ကျွန်မ သဘောပေါက်မိတယ် အဲ့ဒီ့ မတိုင်ခင် လူမည်းတွေ ကျွန်ဘဝက မလွတ်မြောက်သေးချိန်မှာတော့ Abolitionist (စနစ်များကို ဖြိုချဖျက်ဆီးသူ) လို့ ကိုယ့်ကိုယ်ကို ခေါ်ဝေါ်ကြသူတွေက အမေရိကန်နဲ့ အခြားသော လူဖြူသဘောတရားကြီးစိုးတဲ့ နိူင်ငံတွေမှာ ကျင့်သုံးတဲ့ ကျွန်စနစ်ကို တွန်းလှန်တဲ့ သဘောတရားနဲ့ သူတို့ကိုယ်သူတို့ စနစ်များကို ဖြိုချဖျက်ဆီးသူလို့ ခေါ်ခဲ့ကြတယ် အဲ့ဒီတော့ အကြမ်းအားဖြင့် စနစ်များကို ဖြိုချဖျက်ဆီးခြင်းလို့ ဆိုရင် လူတစ်ဦးတစ်ယောက်ကို ဘယ်လိုနည်းနဲ့မဆို (ကျွန်စနစ်သော်လည်းကောင်း၊ မော်ဒန်ထောင်စနစ်သော်လည်းကောင်း) ဖမ်းဆီးချုပ်နှောင်မှုတွေကို ဖြိုချဖျက်ဆီးခြင်းလို့ သဘောပေါက်ကြည့်လို့ ရတယ်

ဒါဆို ဒီလို လူမည်း ကျွန်ပြုခြင်းခေတ်ကနေ ဆင်းသက်လာတဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းကျင့်ဝတ်ကို ကျွန်မတို့လို မြန်မာနိူင်ငံက လူတွေအတွက် ဘာလို့ အရေးတယူလုပ်ဖို့ လိုနေဦးမလဲ?

ကျွန်မ လက်ရှိ ဘာသာပြန်နေတဲ့ ဖိလစ်ပိုင်နိူင်ငံ အခြေစိုက် Abolisyon ဆိုတဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုင်ရာ အဖွဲ့သား စီမုန်း မာဂ်စာလင်းရဲ့ အာဘော်ကနေ ဖြန့်ကျက်စဉ်းစားရရင် စနစ်များကို ဖြိုချဖျက်ဆီးခြင်းဟာ ကျွန်မတို့ မြန်မာနိူင်ငံလို “တတိယနိူင်ငံ” လို့ ခေါ်ဝေါ်ခြင်းခံရတဲ့ နိူင်ငံတွေမှာ ကွက်ကြားကွက်ကြားထွန်းကားခဲ့တဲ့၊ ထွန်းကားဆဲဖြစ်တဲ့ ဖိနှိပ်မှုတွေကို တော်လှန်ထောက်ပြတဲ့ ကွန်မြူနစ်ဝါဒနဲ့ တိုက်ရိုက် ချိတ်ဆက်ပတ်သက်နေတယ် ရဲနဲ့ ထောင်စနစ်တွေကို အသုံးချပြီး ဖိနှိပ်ခံ အောက်အလုပ်သမားလူတန်းစားဆိုတာကို အရင်းရှင်စနစ်က ပြန်မွေးမြူနေတယ်

(ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ဥရောပ အောက်ခြေလူတန်းစားတွေကနေ အရင်းရှင်စနစ်ကို စတင်ပြောဆို သုံးသပ်ခဲ့တဲ့ မာ့စ်ဝါဒဟာ တစ်ကမ္ဘာလုံးက အရင်းရှင်စနစ်ဆန့်ကျင့်သူတွေအတွက် အခုချိန်ထိ အသုံးဝင်နေပြီး လူမည်းကျွန်ပြုပြီး အောက်ခြေလူတန်းစားပြုလုပ်တဲ့ အရင်းရှင်စနစ်ကို ဝေဖန်တဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားကိုတော့ တော်တော်များများက ကျင့်သုံးဖို့ ဘာကြောင့်လက်တွန့်နေကြသေးတာလဲ ဆိုတဲ့ အချက်ပဲ အရင်းရှင်စနစ်က တော်လှန်တဲ့ နေရာမှာတောင် လူမည်းမုန်းတီးရေး (anti blackness) နဲ့ လူဖြူကြီးစိုးရေး (white supremacy) ဟာ ကျွန်မတို့ရဲ့ တော်လှန်ရေးအတွေးအခေါ်တွေမှာ ဘယ်လောက်ထိ စိမ့်ဝင်နေ‌သေးသလဲ? လူမည်းတော်လှန်ရေး ကျင့်ဝတ်တွေဟာလူဖြူ တော်လှန်ရေးကျင့်ဝတ်တွေနဲ့စာရင် ဘာကြောင့် အကြမ်းဖက်မှုဆန်တယ် စိတ်ခံစားချက်ဆန်တယ်လို့ များသောအားဖြင့် မှတ်ယူခံနေရသေးသလဲ?)

မာဂ်စာလင်းကတော့ ကွန်မြူနစ်မှန်ရင်၊ လူတန်းစား ဖိနှိပ်မှုတွေကို ရှုံ့ချတာ မှန်ရင် စနစ်များကို ဖြိုချဖျက်ဆီးမှုတွေကိုလည်း တစ်ပြိုင်နက်တည်း လုပ်ရမယ်လို့ ရေးထားတယ် လူတန်းစား ဖိနှိပ်မှုကို ပုန်ကန်ပေမဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေကို လက်ကိုင်ထားခဲ့လို့ မအောင်မြင်ခဲ့တဲ့ ကွန်မြူနစ်သာဓကတွေကိုလည်း မာဂ်စာလင်းက သူ့စာထဲမှာ ထောက်ပြထားတယ်

ဖမ်းဆီးချုပ်နှောင်မှုတွေကို ပုန်ကန်လို့ ဆိုတာက ကျွန်မတို့ မြန်မာနိူင်ငံ နိူင်ငံရေး အခြေအနေအရ အပေါ်ယံကြည့်ရင် သဘောမတူစရာ ဘာမှ မရှိလောက်ပါဘူး မြန်မာပြည်ရဲ့ ထောင်တွေဟာ ကိုလိုနီခေတ်မှာ (လူမည်းတွေကို ကျွန်ပြုသလို) ကိုလိုနီပြုခံရသူတွေကို ကျွန်ပြုရန်အတွက် အသုံးပြုခဲ့တဲ့ ဒါမှမဟုတ် ကိုလိုနီသခင်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ တည်ဆောက်ခဲ့တဲ့ ယန္တရားတွေပဲ ဖြစ်တယ် (မာဂ်စာလင်းကတော့ ထောင်စနစ်‌ဆိုတာ ဘယ်တုန်းကမှ အင်ဒီးဂျနင့်အလေ့အကျင့် မဟုတ်ခဲ့ဘူး ကိုလိုနီစနစ်နဲ့အတူ ဖိလစ်ပိုင်တို့လို နိူင်ငံတွေကို ရောက်လာခဲ့တယ်လို့ ဆိုတယ် ကျွန်မတို့ မြန်မာနိူင်ငံရဲ့ ထောင်စနစ် ပေါ်ပေါက်လာပုံအကြောင်းကိုလည်း အကြမ်းဖျင်းရေးထားတဲ့ သတင်းစာဆောင်းပါးတစ်ပုဒ် အောက်မှာ ထည့်ထားပေးပါတယ်)

ကိုလိုနီခေတ်ပြီးသွားပြီးတော့လည်း ထောင်စနစ်ကို စစ်တပ်အာဏာရှင်က ဆက်အသုံးပြုပြီး လူထုကို ဖိနှိပ်ခဲ့တယ် လက်ရှိမှာလည်း ဖိနှိပ်နေဆဲ ဖြစ်တယ် အဲ့တော့ စနစ်များကို ဖြိုချဖျက်ဆီးဆိုတာရဲ့ နောက်က၊ Abolish the military ဆိုတာရဲ့ အပေါ်ယံ အဓိပ္ပါယ်နောက်က မြန်မာပြည်ရဲ့ ထောင်စနစ်၊ စစ်တပ်စနစ်ကို ဖျက်ချလို့ ပြောမှာကို အများက လက်သင့်ခံမယ်လို့ ကျွန်မ မြင်မိတယ်

သို့ပေသိ အဲ့ဒီလို စစ်တပ်ကို ဖျက်ချချင်တဲ့သူတွေကြားမှာတောင် abolitionism ဆိုတာကို ထဲထဲဝင်ဝင် ဆွေးနွေးကြည့်ကြရင် ဖမ်းဆီးချုပ်နှောင်မှုစနစ်တွေဖြစ်တဲ့ ထောင်၊ ရဲနဲ့ စစ်တပ်ဆိုတာတွေကို လုံးဝ မဖြိုချချင်ဘဲ ပြန်လက်ကိုင်ထားချင်သေးတဲ့သူတွေလည်း ရှိသေးတယ်ဆိုတာ ကျွန်မ သတိထားမိတယ် ဒါကတော့ ကိုယ်တွေကို ဖိနှိပ်နေတဲ့ စစ်တပ်စနစ်၊ ထောင်စနစ်ကိုပဲ ဖြုတ်ချချင်တယ် ဒါပေမဲ့ သူတို့ ပြုတ်ကျသွားရင် အဲ့ဒီ စနစ်တွေကို ပြန်သုံးကြမယ်ဆိုတဲ့ အယူအဆပဲ မာဂ်စာလင်းကလည်း ဒါကို ခေါင်းဆောင်ကောင်းသာ ရှိရင် ဒီစနစ်တွေဟာ ကောင်းသွားမယ်လို့ ထင်ရာကနေ လာတဲ့ အတွေး‌အခေါ်တွေလို့ သုံးသပ်ထားတယ် အမှန်ပဲ တော်လှန်ရေးအကြောင်း ဆွေးနွေးကြတဲ့ စကားဝိုင်းတွေမှာ ခေါင်းဆောင်ကောင်း မရှိလို့ ကျွန်တော်တို့ဟာ ဒီလိုအခြေအနေရောက်နေတာလို့ ပြောကြတဲ့ အာဘော်ဟာ ထပ်ခါထပ်ခါ အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားဟောင်းကြီးလို ကျွန်မ ခဏ ခဏ ကြားနေရတယ်

ခေါင်းဆောင်ကောင်းတိုင်း စနစ်ကောင်းသလား?

တကယ်တမ်း စနစ်တွေကို ဖြိုချဖျက်ဆီးချင်တယ်ဆိုရင် ကျွန်မတို့အပေါ် လက်ရှိ ဖိနှိပ်နေတဲ့ ဆိုးဝါးလှတဲ့ စနစ်တွေကို ဖျက်ချရုံတင်မကဘူး တခြားသော ထိန်းချုပ်ချုပ်နှောင်မှုစနစ်ယန္တရားတွေကိုပါ ဖျက်ချမှ ရမယ် အဲ့ဒီလို ပြောတဲ့အခါ ရာဒီကယ်ဖြစ်ပါတယ်ဆိုတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးသမားတွေတောင် နည်းနည်း တုန်လှုပ်သွားကြတယ် ကျွန်မလည်း abolitionism အကြောင်းကို သိပ်မသိသေးခင်က ဘယ်လိုမျိုးများ နေထိုင်ကြမလဲ၊ ပြစ်မှုကျူးလွန်တဲ့သူတွေကို ဒါဆို ဘယ်လို လုပ်မှာလဲ၊ လူအစုလိုက် အပြုံလိုက် သတ်တဲ့သူတွေကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ကြမလား၊ မုဒိန်းကျင့်တဲ့သူက အမှုကနေ ဒီတိုင်း လွတ်မလား အစရှိသဖြင့် တွေဝေခဲ့ဖူးတယ်

ဒါပေမဲ့ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေက စဉ်းစားပြီး နည်းလမ်းတွေ ပေးထားခဲ့ပြီးပါပြီ အဓိက တရားစီရင်ရေး နည်းလမ်းကတော့ transformative justice လို့ ခေါ်တဲ့ အပြောင်းအလဲကို တကယ်ဖြစ်စေတဲ့ တရားစီရင်မှုမျိုးကို ထောင်စနစ်၊ ဖမ်းဆီးချုပ်နှောင်ခြင်းစနစ်တွေထက် abolitionist တွေက ပို အားပေးတာကို တွေ့ရတယ် စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေ ထောက်ပြတာက တကယ်တမ်းက လက်ရှိ ကျွန်မတို့ ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေတဲ့ တရားစီရင်ရေးတွေဟာ ပြန်လည်ပြုပြင်ပျိုးထောင်ရေးထက် နှိပ်ကွပ်ရေး၊ အပြစ်ပေးရေး၊ ချုပ်နှောင်ရေးတို့အပေါ်မှာသာ အခြေခံထားတယ်ဆိုတာပဲ လူတစ်ယောက်က အမှားတစ်ခု ကျူးလွန်တယ်ဆိုရင် ဘာကြောင့် ဒီအမှားကို လုပ်မိတာလဲ၊ နောက်ထပ် ဘာကြောင့် မလုပ်သင့်ဘူးလဲ ဆိုတာတွေကို သူ့ကို ပြောပြမယ့်အစား ကျွန်မတို့ လူ့အသိုင်းအဝိုင်းတွေက အပြစ်တင် ကဲ့ရဲ့ဖို့ကို အားပိုသာကြတယ် ဒီလူဟာ ဒီလိုမျိုး အမှားမျိုး ထပ်လုပ်ဖြစ်ဦးမလား၊ လုပ်မယ်ဆို ဘာကြောင့်လဲဆိုတာတွေထက် အဲ့ဒီအမှားနဲ့ တန်တဲ့ အပြစ် ရသလား၊ မရဘူးလားကို စိတ်ပိုဝင်စားကြတယ်

(ဒီနေရာမှာ မနုဿဗေဒသမားတစ်ယောက်အနေနဲ့ အမှားဆိုတာကို ကျွန်မတို့ ရိုးရာဓလေ့ တစ်ခုချင်းစီက အဓိပ္ပါယ်ဖွင့်ရာမှာ ကွဲလွဲပုံတွေကို ဆက်စဉ်းစားကြည့်လို့ ရတယ် ကလေးမုဒိန်းကျင့်တဲ့ ပြစ်မှုကို ကြည့်မယ်ဆိုရင်တောင် ဘာလို့ ဥရောပနိူင်ငံတွေမှာ လူကြီးဖြစ်ခြင်းအသက်ဟာ ၁၈ ဖြစ်ပြီး အမေရိကန်မှာတော့ ၂၁ လဲ? ကျွန်မတို့ မြန်မာနိူင်ငံမှာတော့ ၁၄ ဖြစ်သလဲ? ထိုက်သင့်တယ်ဆိုတဲ့အပြစ်ဟာလည်း ရိုးရာဓလေ့အရ အမျိုးမျိုး ကွဲနေတာ ဘာကြောင့်လဲ? ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ အမေရိကန်မှာ တချို့ပြည်နယ်တွေက သေဒဏ်ကို abolish လုပ်လိုက်ပေမဲ့ တချို့ပြည်နယ်တွေမှာ သေဒဏ်တွေ ပေးနေသေးတာ ဘာကြောင့်လဲ? သေဒဏ်နဲ့ ထိုက်တန်တဲ့ အပြစ်ဆိုတာ တစ်ကမ္ဘာလုံး သဘောတူညီထားကြသလား? အစရှိတဲ့ မေးခွန်းတွေဟာ မနုဿဗေဒဆန်တဲ့ မေးခွန်းတွေပဲ)

မာဂ်စာလင်းရော တခြားသော abolitionist တွေ ထောက်ပြထားတဲ့ နောက်တစ်ချက်က တရားစီရင်ခြင်းဟာ အပေါ်ယံကြည့်ရင် “တရား” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျွန်မတို့ လူ့အသိုင်းအဝိုင်းကို ထိန်းကျောင်းထားပေးတယ်လို့ ‌ဆိုပေမဲ့ တကယ်တမ်းက ပိုက်ဆံရှိရင် ရှိသလောက်၊ ဂုဏ်ရှိရင် ရှိသလောက် တရားဟာ အရေခြုံတရားဖြစ်နေတယ် ဆိုတာပဲ ဥပမာ – လူတစ်ယောက်ဟာ ပြစ်မှုတစ်ခု ကျူးလွန်တယ်ဆိုပြီး သူကျူးလွန်တဲ့ ပြစ်မှုအရ စွဲချက်တင်ခံထားရတယ်ဆိုရင်တောင်မှ သူ့မှာ ကျောထောက်နောက်ခံရှိရင် ရှိသလောက် နာမည်ကြီး ရှေ့နေတွေငှား၊ ‌ရှေ့ပတ်စာရေးတွေ လာဘ်ပေးနဲ့ တရားခွင်ကနေ ကွင်းလုံးကျွတ်နိူင်တယ် ဒါက ကျွန်မတို့ မြန်မာနိူင်ငံလို တရားကျင့်ဝတ် ခြစားနေတဲ့ နိူင်ငံမှာပဲ ဖြစ်နေတဲ့ ပြဿနာတော့ မဟုတ်ဘူး အမေကျော် ဒွေးတော်လွမ်းကြတဲ့ အနောက်လူဖြူနိူင်ငံတွေရဲ့ တရားစီရင်ရေးတွေမှာပါ ဖြစ်နေတဲ့ ပြဿနာပဲ

ဥပမာ – မနှစ်က ဟိုးလေးကျော်ကျော် ဖြစ်သွားတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကုန်ကူးတဲ့ အမှုကို ကျုးလွန်ခဲ့တဲ့ မီလျံနာ သူဌေးကြီး ဂျပ်ဖရီအက်ပ်စတိန်း အမှုကို ကြည့်ရင် သူနဲ့ ဆက်ဆံခဲ့တဲ့ သူတွေထဲမှာ ဒေါ်နယ်တရန့်တို့လို၊ ဘေလ်ကလင်တန်တို့လို နာမည်ကြီး သူဌေးတွေ၊ နိူင်ငံရေးသမားတွေ၊ ဗြိတိသျှ ဘုရင်မရဲ့ သားတော်တို့လို တော်ဝင်မျိုးဆက်တွေပါ ပါခဲ့တယ် ဒါပေမဲ့ အက်ပ်စတိန်းက အမှုခွင် မဝင်ခင်မှာပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တဲ့ အတွက် ဒီလို ကမ္ဘာ တစ်ရာခိုင်နှုန်းတွေဟာ ဒီ လိင်ကုန်ကူးမှုမှာ ဘယ်လောက်ထိ ပါဝင်နေခဲ့သလဲ ကျွန်မတို့ ဘယ်တော့မှ သိတော့မှာ မဟုတ်ဘူး သူတို့တွေအတွက် ထိုက်သင့်တယ်ဆိုတဲ့ ပြစ်ဒဏ်လည်း ရတော့မှာ မဟုတ်ဘူး ဒီလိုမျိုး လူတန်းစားကြောင့်သော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ဂျန်ဒါအရသော်လည်းကောင်း ဖုံးဖိခံလိုက်ရတဲ့၊ ကျွန်မတို့ မသိလိုက်တဲ့၊ တရားမမျှတတဲ့ တရားစီရင်‌မှုတွေ ဘယ်လောက်တောင် ရှိနေဦးမလဲ?

ဒီလိုမျိုး ကနဦးပေါ်ပေါက်လာတဲ့ ရည်ရွယ်ချက်ကိုက‌ရော၊ လက်ရှိ ခြစားနေတဲ့ အခြေအနေတွေအရရော အဓိပ္ပါယ်မရှိဘဲ ဖိနှိပ်ခံရသူတွေကို ပိုဖိနှိပ်ဖို့အတွက်သာ အသုံးပြုနေကြသေးတဲ့ တရားရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ ထိန်းချုပ်ချုပ်နှောင်မှုစနစ်တွေကို ဖျက်ချဖို့အတွက် abolitionist တွေက လှုံ့ဆော်ကြတယ်

ဒါပေမဲ့ ခက်တာက ဒီစနစ်တွေထဲမှာ ကျင်လည်လာတဲ့ ကျွန်မတို့အတွက် ဒီစနစ်ကို ဖျက်ချပြီးရင် ဘယ်လို နေထိုင်ရမလဲဆိုတာ မြင်ယောင်ကြည့်ရမှာ ခက်နေတယ် ဒါကိုလည်း မြင်ယောင်ရမှာ မဝံ့မရဲဖြစ်နေတဲ့သူတွေကို အပြစ်ဖို့လို့ မရပါဘူး တစ်သက်လုံး ကျွန်မတို့ ဒါပဲ သိလာတာဆိုတော့လေ စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေကတော့ abolitionism ဟာ ထိန်းချုပ်ချုပ်နှောင်မှုစနစ်တွေကို ဖြိုချရုံသာမကဘဲ မိမိဖြစ်ချင်တဲ့ ဘဝအသစ်တွေကိုလည်း တစ်ပြိုင်နက် စိတ်ကူးယဉ် အကောင်အထည်ဖော်ရမယ်လို့ ဆိုထားတယ် ကိုယ်ဟာ ဂျန်ဒါ ဖိနှိပ်မှုတွေကို မကြိုက်ဘူးဆိုရင် ဂျန်ဒါအရ ဖိနှိပ်တာတွေကို တော်လှန်ရင်း တစ်ပြိုင်နက်တည်း မိမိကိုယ်တိုင်ကိုက ဂျန်ဒါအခြေပြုပြီး သူများကို ပြန် မဖိနှိပ်မိအောင် ဘယ်လို သတိထားနေထိုင်မလဲ ဆိုတာကို အမြဲတစေ စိတ်ကူးယဉ်ရမယ် မာဂ်စာလင်းကတော့ မအောင်မြင်ခဲ့တဲ့ ကွန်မြူနစ်လုပ်ရပ်တွေဟာ သူတို့ကို ဖိနှိပ်ခဲ့တဲ့ စနစ်တွေကို ပြန်ကျင့်သုံးခဲ့လို့လို့ ဆိုထားတယ် အဲ့လိုဆိုရင် ကျွန်မတို့ တကယ်ဖြစ်ချင်နေတဲ့ အနာဂတ်အသစ်တွေ တကယ်ဖြစ်လာဖို့ ကျွန်မတို့ကိုယ်ကိုယ်တိုင်ကရော ဘယ်လောက်ထိ စဉ်းစားထားသလဲ၊ ပုံဖော်နေသလဲ၊ ကျွန်မတို့ မကြိုက်ပါဘူးဆိုတဲ့ စနစ်တွေဆီက မကောင်းတာတွေကိုရော ဘယ်လောက်ထိ ပြန်သုံးနေသေးသလဲ အစရှိတဲ့ မိမိကိုယ်ကို ဆန်းစစ်မှုတွေ လုပ်ရမယ်လို့ ကျွန်မ ထင်မိတယ်

ကျွန်မ အမြင်မှာ‌တော့ ကိုယ်မကြိုက်တာ၊ ကိုယ့်ကို ဖိနှိပ်ထားတဲ့ စနစ်တွေကို တိုက်ရိုက်တန်ပြန်တိုက်ခိုက်ရတာက မိမိကိုယ်ကို ငါကရော ဘာမကောင်းတာတွေ လုပ်နေသေးသလဲ၊ ငါ မကြိုက်ဘူးဆိုတာတွေကို ငါမသိခင်မှာပဲ ပြန်ကျင့်သုံးနေသေးသလဲဆိုတဲ့ မိမိကိုယ်ကို မေးခွန်းပြန်ထုတ်တာတွေထက်စာရင် ပိုလွယ်ပါတယ် လူတွေဟာ ကိုယ်မှားနေတာကို ထောက်ပြခံရတာ သိပ်မကြိုက်တတ်ကြဘူး ဒါဆို တခြားလူက ထောက်မပြခင် ကိုယ့်ကိုယ်ကို ပြန် ထောက်ပြရမယ် (ဒါကတော့ ဖိနှိပ်မှုဆိုတာအပေါ် နိုးကြားလာပြီးတဲ့သူတွေအတွက်ပေါ့လေ နိုးကြားလာအောင် လုပ်ရမှာတော့ တစ်ပိုင်းပေါ့ ဒါပေမဲ့ တစ်ခါတစ်လေမှာ ဖိနှိပ်မှုဆိုတာတွေကို တန်ပြန်တိုက်မခိုက်နေတဲ့သူတွေမှာ သူတို့လိုချင်တဲ့ ကမ္ဘာအသစ်ကို စိတ်ကူးယဉ်ထားတာတွေက နိုးကြားနေတဲ့သူတွေထက် ပိုလှပနေပြန်တယ်)

စိတ်ကူးယဉ်ပါဆိုလို့လည်း ဖိုဝါဒဆန်တဲ့ တော်လှန်ရေးသမားတွေက အမေလေး အဘလေး တကြတယ် စိတ်ကူးယဉ်ခြင်းဟာ နိူင်ငံရေးနဲ့ လားလားမျှ မဆိုင်ဆိုပြီး တီကောင် ဆားပက် ဖြစ်ကြတယ် abolitionist တွေအတွက်က စိတ်ကူးယဉ်ခြင်းဟာ မဖြစ်နိူင်တာတွေကို အရသာခံနေတာကို ဆိုလိုတာ မဟုတ်ဘဲ လက်ရှိ ကျွန်မတို့ ဖျက်ချချင်တဲ့ စနစ်တွေသာ မရှိ‌တော့ရင် ဘယ်လို ဘဝမျိုးကို နေချင်တာလဲဆိုတာ စဉ်းစားခိုင်းတာသာ ဖြစ်တယ် အဲ့ဒီဘဝဟာ အလုံးစုံပြည့်စုံနေတဲ့ ကမ္ဘာဖြစ်ချင်မှ ဖြစ်မယ် ရုန်းကန်မှုတွေ ဆက်ရှ်ိနေချင် ရှိနေမယ် အဓိက မေးခွန်းက ဘယ်လို ရုန်းကန်မှုတွေကတော့ ဆက်ရှိနေပြီး ဘယ်လို ရုန်းကန်မှုတွေကတော့ အဲ့ဒီကမ္ဘာမှာ ပျောက်ကွယ်သွားပြီလဲ ဆိုတာပဲ အဲ့ဒီမေးခွန်းရဲ့ အဖြေဟာ တစ်ယောက်ချင်းစီရဲ့ စိတ်ကူးယဉ်မှုပေါ်လိုက်ပြီး ပြောင်းလဲသွားနိူင်တယ် အဲ့ဒီမတူညီမှုတွေကနေ ကျွန်မတို့ အတူတကွနေထိုင်လို့ ရတဲ့ အနာဂတ်သစ်ဆိုတာကို တကယ် လက်တွေ့အကောင်အထည်ဖော်ကြည့်လို့ ရလာနိူင်တယ် စိတ်ကူးယဉ်ရမှာ ကြောက်နေသေးသရွေ့ အနာဂတ်ဆိုတာကို ကျွန်မတို့ ဘယ်လို အကောင်အထည်ဖော်ကြမလဲ? စိတ်ကူးမယဉ်ကြည့်ဘဲ လုပ်နေကျအတိုင်း ဆက်လုပ်ကြမယ်ဆိုရင် ဒုံရင်းကနေ ဒုံရင်းပဲ ပြန်ဖြစ်နေကြမယ် မဟုတ်ဘူးလား?

အမှန်တိုင်းပြောရရင် စနစ်များကို ဖြိုချဖျက်ဆီးတယ်ဆိုတာ ဖိနှိပ်မှုအစိုင်အခဲတွေကို ဟိုတစ်ဖဲ့ ဒီတစ်ဖဲ့ ထုပေါက်ပြီး ဟိုကွေ့ကျ ဟိုတက်နဲ့လှော် ဒီကွေ့ကျ ဒီတက်နဲ့လှော်နေတာထက်စာရင် သူတို့တွေသာ ပြိုကျသွားပြီးရင် ဘာကျန်ခဲ့မှာလဲဆိုတာကို နဖူးတွေ့ ဒူးတွေ့ စဉ်းစားအကောင်အထည်ဖော်ခိုင်းလို့ စနစ်တွေကို ဖြိုချဖျက်ဆီးခြင်းသဘောတရားဟာ ကျွန်မအတွက်တော့ ပြန်လည်ထူထောင်တည်ဆောက်‌ရေးအတွက် ပိုပြီးတော့တောင် လက်တွေ့ကျနေပါသေးတယ်

စာကြွင်း – စာဖတ်ဝိုင်းတွေကို တက်ရောက်ချင်ရင်တော့ Telegram channel ကို join ထားပေး‌ပါ ဒီဇင်ဘာလအတွက် စာဖတ်ဝိုင်း theme ကတော့ Abolitionist feminism (စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်အယူအဆ) ပဲ ဖြစ်ပါတယ်

Telegram link –

ပုံ – အပ်ချည်ကြိုးဖြူများနဲ့ သေသေချာချာ စီကုံးထားသော ရွှေပန်း၊ ငွေပန်း၊ စံပယ်ပန်း၊ ညမွှေးပန်းများကို ဈေးဗန်းထဲတွင် တွေ့ရစဉ်

စနစ်များကို ဖြိုချဖျက်ဆီးသူ ဝါလီဒါ အီမာရှာ ရေးသားတဲ့ “ရဲနဲ့ ထောင်တွေ မရှိတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ သင် အရင် စိတ်ကူးယဉ်ဖို့ လိုတယ်” ဆောင်းပါး

https://onezero.medium.com/black-lives-matter-is-science-fiction-how-envisioning-a-better-future-makes-it-possible-5e14d35154e3

သက်သက်ဝင်းတင်နဲ့ အီရန်ဘရောင်း ရေးသားတဲ့ “ကိုလိုနီ ဘားမားရဲ့ ထောင် – ကိုလိုနီခေတ်မတိုင်ခင်က အမွေအနှစ်လား?” သတင်းစာဆောင်းပါး

https://www.iias.asia/sites/default/files/2020-11/IIAS_NL39_05.pdf

ဒန် ဘာဂါ၊ မာရီယန် ကာဘာနဲ့ ဒေးဗစ် စတိုင်း ရေးသားတဲ့ “စနစ်များကို ဖြိုချဖျက်ဆီးသူတွေ လုပ်တဲ့ အလုပ်” ဆောင်းပါး

https://jacobin.com/2017/08/prison-abolition-reform-mass-incarceration?fbclid=IwAR3PajlOjSaXvYtQ6WwWmZYeOR89GM0b8a1QtbfPlWGwMJ0ExdwBE_kf8uA

လစ်ဒီယာ ကာယာဒေါနာ ရေးတဲ့ “ငါ့ကို မုဒိန်းကျင့်တဲ့သူကို ထောင်မကျစေချင်ဘူး” ဆောင်းပါး (content warning အနေနဲ့ မုဒိန်းကျင့်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ဒီဆောင်းပါးထဲ ပါပါတယ်)

https://lydiacaradonna.medium.com/i-dont-want-my-rapists-to-go-to-prison-2247614a2bb3

အမေရိကန်နိူင်ငံမှ လူမည်းကျွန်ပြုခြင်းစနစ်ကို ဖြိုချဖျက်ဆီးသော ၁၈၀၀ ပြည့်နှစ်များမှ abolitionist movement သမိုင်းကြောင်း

https://philadelphiaencyclopedia.org/essays/abolitionism/?fbclid=IwAR34W20obkRB_gcNuu9JRp5Znqr1MWtJpWUUVnp7nz7Pbbeq8EzxzZqveKE

ကျွန်မ ဘာသာပြန်ထားသော စီမုန်း မာဂ်စာလင်းရဲ့ “ချုပ်နှောင်မှုများကို ဆန့်ကျင့်၍ စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့!” ဆောင်းပါး

ချုပ်နှောင်မှုများကိုဆန့်ကျင့်၍ စနစ်များကိုဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့!

သွေးစွန်းနေသော ကျေးဇူးများ

အခုလက်ရှိကာလမှာ ကိုလိုနီစနစ်တွေကို ချွတ်ချတယ် သို့မဟုတ် ဒီကိုလိုနိုက်ဇေးရှင်းအကြောင်း ဆွေးနွေးကြတိုင်း အခြေချကိုလိုနီစနစ်အကြောင်းကို ထည့်မပြောလို့ မရဘူးဆိုတာ ဒီကနေ့ အမေရိကန်နဲ့ ကနေဒါမှာ အကျယ်တဝင့် ကျင်းပကြတဲ့ Thanksgiving ကျေးဇူးတင်ခြင်း အားလပ်ရက်နဲ့ ဆက်စပ်ပြီး စဉ်းစားမိတယ်

ပညာရှင်ရပ်ဝန်းကနေ ကိုလိုနီစနစ်ကို ချွတ်ချဆိုတဲ့ အင်ဒီးဂျနင့်လှုပ်ရှားမှုတွေကို “ဒီဘာသာရပ်၊ ဟိုဘာသာရပ် လေ့လာမှု‌တွေက ကိုလိုနီစနစ်တွေကို ချွတ်ချ” ဆိုပြီး တကယ့် အင်ဒီးဂျနင့်လူမျိုးတွေ ပြောနေတဲ့ Land Back နယ်မြေပြန်ပေးဆိုတဲ့ ကိုလိုနီစနစ်ချွတ်ချမှုအစစ်တွေကို ဝါးမြိုလိုက်ကြတယ် (အမှန်တိုင်း ပြောရရင် ပညာရှင်ရပ်ဝန်းက တကယ် လုပ်တတ်တာဆိုလို့ တကယ့်လူမှုအပြောင်းအလဲရွေ့လျားမှုတွေကို အနာပေါ်ကပ်တဲ့ ပလာစတာသာသာ သာ ဝါးမြို အသွင်ပြောင်းလဲတာပဲ ဖြစ်တယ် အဲ့ဒီ့ထက် ပိုပြီး နေ့စဉ်ဘဝမှာ စိမ့်ဝင်နေတဲ့ စန‌စ်တွေကို ဖြိုချဖျက်ဆီးတာ၊ မေးခွန်းပြန်ထုတ်တာတွေကို လုပ်တတ်တဲ့ ပညာရှင်ဟာ ရှားပါတယ်) ကိုလိုနီစနစ်ကို ချွတ်ချလို့ ဆိုတာတွေမှာ တကယ်တော့ အတိတ်က နယ်မြေကျူးကျော်ခဲ့တဲ့ ကိုလိုနီစနစ်တွေကို ဆိုလိုတာတင်မကဘဲ လက်ရှိတည်ရှိနေဆဲဖြစ်တဲ့ အခြေချကိုလိုနီစနစ်တွေကိုပါ ချွတ်ချရမယ်ဆိုတာပဲ

ကျေးဇူးတင်ခြင်း အားလပ်ရက်ဘက်ကို ပြန်ဆက်ရရင် ဒီအားလပ်ရက်ဟာ အမေရိကန်နဲ့ ကနေဒါမှာ နိူင်ငံတော်အားလပ်ရက်အဖြစ် ‌နှစ်စဉ် နိုဝင်ဘာလနောက်ဆုံးပတ် ကြာသပတေးနေ့တိုင်း လုပ်လေ့ရှိတဲ့ အားလပ်ရက်တစ်ခုဖြစ်တယ် (ကနေဒါမှာတော့ အောက်တိုဘာလဆန်းမှာ ကျင်းပလေ့ရှိတယ်) ဥရောပတိုက်က လူဖြူတွေဟာ အခု အမေရိကန်နဲ့ ကနေဒါဆိုပြီး ဖြစ်လာတဲ့ မြောက်အမေရိကတိုက်ကို စူးစမ်းလေ့လာဖို့ ရောက်ရှိလာပြီး ဒီ‌မြောက်အမေရိကတိုက်မှာ နေထိုင်ကျက်စားနေတဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရာကနေ အဲ့ဒီ လူမျိုးစုတွေက ခရီးပန်းလာတဲ့ သူတို့ကို “ငြိမ်းချမ်းစွာ” ကြိုဆိုကျွေးမွေးခဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ကြက်ဆင်တွေဖုတ်၊ အစားအသောက်အသီးအနှံအလျှံအပယ်နဲ့ ပြန်လည် ကျေးဇူးတင်ကြောင်း ပြသခဲ့တာကို ကျင်းပတဲ့ အားလပ်ရက်ဖြစ်တယ်လို့ နိူင်ငံတော်အစိုးရက ကျောင်းတွေမှာ သင်ကြားတယ် သာမန်လူတန်းစားကို ပုံပြင်‌တွေ ပြောတယ်

ဒါပေမဲ့ မြောက်အမေရိကတိုက်တခွင်မှာ လက်ရှိ အသက်ရှင်ကျန်နေဆဲဖြစ်တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေကတော့ ဒီပုံပြင်ကို ဝါဒဖြန့် မှိုင်းတိုက် အတုအယောင်ပုံပြင်ပါလို့ ထောက်ပြခဲ့တယ် တကယ်တမ်းက ဥရောပက လူဖြူနယ်ချဲ့တွေဟာ မြောက်အမေရိကတိုက်ကို နယ်မြေကျူးကျော်ဖို့ ရောက်လာရာက အင်ဒီးဂျနင့်လူမျိုးတွေနဲ့ တွေ့တဲ့အခါ သူတို့ရဲ့ tribal soverignties လူမျိုးစု အချုပ်အခြာအာဏာကို လေးစားရမဲ့အစား နယ်မြေရယူဖို့အတွက် အစုလိုက်အပြုံလိုက် မျိုးတုံး သတ်ဖြတ်ခဲ့တယ် စစ်ဆင်ခဲ့တယ် အင်ဒီးဂျနင့်မိန်းမတွေကို အဓ္ဓမမုဒိန်းကျင့်ခဲ့တယ် စစ်ပွဲပြီးလို့ အသက်ရှင်ကျန်နေခဲ့တဲ့ အင်ဒီးဂျနင့်လူမျိုးပေါင်းစုံကို reservation လို့ခေါ်တဲ့ သူတို့ရဲ့ နဂိုကျင်လည်ရာ နယ်မြေတွေနဲ့ လားလားမျှ မဆိုင်တဲ့နေရာတွေမှာ သို့မဟုတ် သူတို့အရင်နေထိုင်ရာနေရာထဲက အကွက်အကွင်းအသေးစားတစ်ခုကိုသာ နယ်မြေအစုအကွက်တွေ သတ်မှတ်ပြီး သူတို့ကို အဲ့ဒီနေရာတွေမှာပဲ နေဖို့ ကန့်သတ်ခဲ့တယ် အဲ့ဒီလို ကန့်သတ်ပြီးနောက် လူဖြူဥရောပသားတွေဟာ မြောက်အမေရိကတိုက်ကို အသုတ်လိုက် အသုတ်လိုက် ရွှေ့ပြောင်းအခြေချဖို့ ရောက်လာခဲ့ကြတယ်

အမေရိကန်နိူင်ငံရေးပြောစကားမှာ ခဏ ခဏကြားလေ့ရှိတာက အမေရိကန်သည် ရွှေ့ပြောင်းအခြေချသူများနဲ့ တည်ဆောက်ထားတဲ့ နိူင်ငံဖြစ်သည် (America is a country of immigrants) ဆိုတဲ့ စကားပါပဲ ဒါပေမဲ့ အမေရိကန်နိူင်ငံရယ်ဆိုပြီး ဖြစ်ပေါ်လာဖို့အတွက် ကနဦး ရွှေ့ပြောင်းအခြေချသူတွေရဲ့ လက်မှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ သွေးတွေ စွန်းနေတယ်ဆိုတာကိုတော့ အမေရိကန်နိူင်ငံရေးပြောစကားတွေနဲ့ အမေရိကန် ဖယ်ဒရယ်နိူင်ငံရေးတည်ဆောက်ပုံတွေကို သရေတမျှားမျှားနဲ့ အားကျကြလေ့ရှိတဲ့ (ကျွန်မတို့ မြန်မာနိူင်ငံက အပါအဝင်) နိူင်ငံရေးသမားတွေရဲ့ ပြောစကားတွေထဲမှာ ပါလေ့မရှိပါဘူး ဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်း မသိတာပေပဲလား သိရက်နဲ့ မသိချင်ယောင်ဆောင်ထားတာလား သိပေမဲ့လည်း မော်ဒန်နိူင်ငံတော်တည်ဆောက်ဖို့ လူတွေ အစုလိုက်အပြုံလိုက် သေသင့်ရင် သေရမှာပဲဆိုတဲ့ အယူအဆတွေကြောင့်လားတော့ အဲ့ဒီလူတွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်

ဒီလို အင်ဒီးဂျနင့်လူမျိုးစုတွေကို အတင်းအအဓ္ဓမ လူမျိုးတုံးသတ်ဖြတ်ပြီးမှ တည်ထောင်ထားတဲ့ အမေရိကန်နိူင်ငံရဲ့ သမိုင်းကြောင်းအစစ်ကို လိမ်ညာပြီး အတုအယောင်ပုံပြင်တွေနဲ့ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ကျေးဇူးတင်ခြင်း အားလပ်ရက်ကို ကိုလိုနီစနစ်ကို ချွတ်ချခြင်း လှုပ်ရှားမှုတွေကို လှုံ့ဆော်ခဲ့တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေက လက်ရှိမှာ ပြင်းပြင်းထန်ထန် ရှုံ့ချနေဆဲ ဖြစ်တယ် ကနဦး ရွှေ့ပြောင်းအခြေချသူတွေ မဟုတ်ပေမဲ့လည်း နောက်မှ ရောက်ရှိလာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေ၊ နိူင်ငံရေးခိုလှုံသူတွေ အနေနဲ့လည်း အမေရိကန်နိူင်ငံ၊ ကနေဒါနိူင်ငံဆိုပြီး ရှိနေတဲ့ နယ်မြေတွေမှာ နေထိုင်ရင်း အင်ဒီးဂျနင့်လူမျိုးတွေရဲ့ “နယ်မြေပြန်ပေး” (Land Back Movement)အတွက် ဘယ်လို ပါဝင်နေသလဲဆိုတာ အမြဲတစေ စဉ်းစားစရာ ဖြစ်လာတယ်

(အမေရိကန်မှာ နိူင်ငံရေး ခိုလှုံမှု refugee တွေအကြောင်း လေ့လာတဲ့ ဗီယက်နမ် အမေရိကန် လူမှုသိပ္ပံ ပါမောက္ခ ရန်လီ အက်စပရတူကတော့ အမေရိကန်နိူင်ငံဟာ နိူင်ငံရေးခိုလှုံသူတွေကို အမေရိကန်နိူင်ငံရဲ့ တချို့သော နယ်မြေတွေမှာ (အထူးသဖြင့် အမေရိကန်အလယ်က ပြည်နယ်တွေမှာ) နေရာချပေးခြင်းဖြင့် တစ်ဘက်မှာ နိူင်ငံရေး ခိုလှုံသူတွေအတွက် ကယ်တင်ရှင်အသွင်ကို ယူပြီး တစ်ဘက်မှာ‌လည်း တစ်ပြိုင်နက်တည်း နေထိုင်အသက်ရှင်နေဆဲဖြစ်တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေရဲ့ တည်ရှိမှုကို ဖျောက်ဖျက်လိုက်တယ်လို့ ဆိုတယ် အက်စပရတူကိုယ်တိုင်ဟာ အမေရိကန်-ဗီယက်နမ်စစ်ပွဲအပြီးမှာ အမေရိကန်ကို နိူင်ငံရေးခိုလှုံသူအနေနဲ့ ကလေးဘဝကနေ ရောက်ရှိလာခဲ့တာပဲ ဖြစ်တယ်) ဒီလို အမေရိကန်နဲ့ ကနေဒါတို့ရဲ့ သွေးစွန်းနေတဲ့ ကနဦးသမိုင်းကြောင်းကို မျက်ကွယ်ပြုပြီး ရွှေ့ပြောင်းအခြေချသူတွေရဲ့ အထင်ကြီးစိတ်တွေဟာ လက်ရှိ ဖြစ်နေတဲ့ မိခင်တိုင်းပြည်နေသူတွေနဲ့ ဒိုင်ရာစပရာ diaspora လို့ ခေါ်တဲ့ မိခင်တိုင်းပြည်အပြင် (အထူးသဖြင့် ဒီလို အနောက်နိူင်ငံ “အင်အားကြီး လူအထင်ကြီး” နိူင်ငံတွေ) မှာ နေကြတဲ့သူတွေရဲ့ကြားက ပဋိပက္ခ‌အချင်းပွားမှု၊ ဒိုင်ရာစပရာရဲ့ ကယ်တင်ရှင်အသွင် ယူမှုတွေရဲ့ အကြောင်းရင်းခံတွေလို့ ကျွန်မ သုံးသပ်မိတယ် ဒီအကြောင်းကို နောက်မှ သေချာရေးပါဦးမယ်

“အခြေချကိုလိုနီစနစ်ဆိုတာ အခုမှ ကြားဖူးတာပဲ” ကျွန်မအတန်းထဲက ကျောင်းသားတစ်ယောက်က တစ်ခါပြောဖူးတယ် အခုမှ ခေါင်းစဉ်တပ် ကြားဖူးလို့ ဒီကိစ္စဟာ အရင်ကတည်းက ရှိမနေတာတော့ မဟုတ်ပါဘူး ကျွန်မတို့ မြန်မာနိူင်ငံလို နယ်ချဲ့ကျူးကျော်မှု ခံခဲ့ရတဲ့သူတွေအတွက် ကိုလိုနီစနစ်‌ဆိုတာကို ကောင်းကောင်းသိကြတယ် ဒါပေမဲ့ ဗြိတိသျှတွေ ကျွန်မတို့ကို လွတ်လပ်ရေးပေးပြီးနောက် ကိုလိုနီစနစ်၊ ကိုလိုနီခေတ်ဟာ ပြီးဆုံးသွားပြီလို့ အပေါ်ယံမှတ်ယူလိုက်ကြတယ် အမှန်က ခေတ်ဟာ ပြီးဆုံးချင် ပြီးဆုံးသွားပေမဲ့ စနစ်ဟာ ဆက်တည်ရှိနေတယ် ကျွန်မတို့ မျက်စိနဲ့ အတိအလင်း မမြင်ရနေတဲ့ အခြေချကိုလိုနီစနစ်တွေကတော့ ဘယ်လို ဘယ်ပုံရှိနေနိူင်ဦးမလဲ? ခေါင်းစဉ်တပ်ခေါ်ဝေါ်လိုက်ခြင်းအားဖြင့် အပေါ်ယံ သာမန်ကာလျှံကာ ကျော်ကြည့်နေကြတဲ့ ကိစ္စရပ်တစ်ခုကို တိတိလင်းလင်း ဆွေးနွေးလို့ ရလာတယ်

ကိုလိုနီစနစ်ဟာ အင်ပိုင်ယာသခင်က နယ်မြေ လူမျိုးစုတစ်စုဆီကနေ သယံဇာတအရင်းအမြစ်တွေကို ဂုတ်သွေးစုပ်ယူပြီး သူတို့ရဲ့ နိူင်ငံတွေဆီ ပြန်သယ်သွားတာမျိုး ဖြစ်တယ် ဥပမာ – အရှေ့တောင်အာရှကို ဗြိတိသျှ၊ စပိန်၊ ဒတ်ခ်ျ အစရှိတဲ့ ကိုလိုနီနယ်ချဲ့တွေဟာ ဟင်းခတ်မှုန့်အမွှေးနံ့သာတွေ၊ သစ်သား ကျွန်းတောတွေ အစရှိတဲ့ သယံဇာတတွေ ကြိုင်ကြိုင်လှိုင်လှိုင်ထွက်ရှိတဲ့ နေရာတစ်ခုအနေနဲ့ ရှာဖွေတွေ့ရှိပြီး အဲ့ဒီသယံဇာတတွေကို သူတို့နိူင်ငံတွေဆီ ပြန်တင်သွင်းဖို့ အနုနည်းနဲ့သော်လည်းကောင်း၊ အကြမ်းနည်းနဲ့သော်လည်းကောင်း နယ်ချဲ့ခဲ့ကြတာမျိုးပဲ

အခြေချကိုလိုနီစနစ် (Settler Colonialism) ကတော့ အဲ့ဒီ သယံဇာတနဲ့ အရင်းအမြစ်တွေကို သူတို့နိူင်ငံတွေဆီ ပြန်သယ်ယူသွားမဲ့အစား အဲ့ဒီ‌နယ်မြေမှာ အပြီးအခြေချနေထိုင်လိုက်တာမျိုးပဲ ဥပမာ – ဗြိတိန်က အခွန်မတရားပေးဆောင်ရမှုတွေကို ပုန်ကန်တဲ့အနေနဲ့ ဗြိတိသျှတွေဟာ အင်ဒီးဂျနင့်လူမျိုးစုတွေ နေထိုင်တဲ့ မြောက်အမေရိကတိုက်ကို နယ်မြေသစ်ရှာဖွေပြီး အခြေချဖို့ ရောက်လာတာမျိုးပဲ (ဒီနေရာမှာ ကိုယ်ဟာ ဖိနှိပ်ခံခဲ့ရလို့ သူများကို ပြန်ဖိနှိပ်မယ်ဆိုတဲ့ အမြုံစိတ်တွေ ဘယ်လောက်ပါနေမလဲ ကျွန်မ တွေးမိတယ်)

အမေရိကန်နဲ့ ကနေဒါဟာ အခြေချကိုလိုနီစနစ်ကို ဥပမာပေးရာမှာ ကွက်ကွက်ကွင်းကွင်း မြင်ရတဲ့ ဥပမာတစ်ခုဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ အင်ဒီးဂျနင့်ပညာရှင်တွေကိုယ်တိုင်က အာဖရိကတိုက်၊ ဥရောပတိုက်၊ ဩစလေးလျတိုက် (အထူးသဖြင့် လူဖြူတွေ အခြေချနေထိုင်နေတဲ့ တောင်အာဖရိကနိူင်ငံ၊ နယူးဇီလန်နိူင်ငံ၊ ဩစတေးလျနိူင်ငံ) တွေနဲ့ အာရှတိုက်က အခြေချကိုလိုနီစနစ်တွေကိုလည်း စတင်ဝေဖန်ထောက်ပြလာကြပြီ ဖြစ်တယ် ဥပမာ – အစ္စရေးနိူင်ငံဆိုတာဟာ ပါလက်စတိုင်းလူမျိုးတွေရဲ့ နယ်မြေတွေကို ကန့်သတ်နယ်ချဲ့ပြီး အခြေချတည်ဆောက်ထားတဲ့ ကိုလိုနီအခြေချစနစ်တစ်ခု ဖြစ်တယ် မွတ်စလင်လူမျိုးစုအများ‌နေထိုင်တဲ့ ကပ်ရှမီး‌ဒေသကို အိန္ဒိယနိူင်ငံက အခြေချကိုလိုနီပြုထားတယ်ဆိုတာကို ထောက်ပြလာကြတယ် (အသေးစိတ်တွေ ဆက်ဖတ်ချင်ရင် အောက်မှာ လင့်ခ်တွေ ထည့်ပေးထားပါတယ်)

အဲ့တော့ အခြေချကိုလိုနီစနစ်ဆိုတာ အခုခေတ်မှာ သယံဇာတအရင်းအမြစ်တွေကို အမြတ်ထုတ်ဖို့တင်မကဘဲ နိူင်ငံတော်ဆိုတဲ့ မော်ဒန်အစုအစည်းတစ်ခု ဖြစ်တည်ဖို့အတွက် အတင်းကာရော အားကြီးသူက အားနည်းသူ လူနည်းစုကို ဖိနှိပ်ကျုးကျော်နယ်ချဲ့ ခြေကုပ်ယူထားတာကို ဆိုလိုတာပဲလို့ ကျွန်မတို့ သဘော‌ပေါက်ကြည့်လို့ ရတယ်

ပါလက်စတိုင်းလူမျိုး သုတေသနပညာရှင် အဘတ်ဒူလာ မိုးဆွက်ရဲ့ “အခြေချကိုလိုနီစနစ် – လူသားဆန်မှုကနေ ချွတ်ချခြင်းနဲ့ အခွံခွာခြင်း” ဆိုတဲ့ ဆောင်းပါးထဲက အခြေချကိုလိုနီစနစ်ရဲ့ အဓိက သတိပြုသင့်တဲ့ အချက် ၃ ချက်ကို ပြန်မျှဝေချင်တယ်

၁) အခြေချကိုလိုနီစနစ်ဟာ တစ်ခါတည်းသာ ဖြစ်တဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ တည်ဆောက်ပုံစနစ်တစ်ခု ဖြစ်တယ်

ဒါကတော့ အခြေချကိုလိုနီစနစ်အဓွန့်ရှည်ဖို့ဆိုတာ စစ်ပွဲတစ်ပွဲတိုက်လိုက်ရုံ၊ လူတစ်အုပ်စုက ရွှေ့ပြောင်းအခြေချလိုက်ရုံနဲ့ ပေါ်ပေါက်လာတာ မဟုတ်လဲ အင်ဒီးဂျနင့်လူမျိုးစုတွေ နေထိုင်ရာ နေရာကို ထပ်တလဲလဲ ကျူးကျော်ရာကနေ သူတို့ရဲ့ နယ်မြေတွေကို သိမ်းပိုက်အခြေချ နေရာယူလိုက်တာမျိုးပဲ ဖြစ်တယ်

၂) အခြေချကိုလိုနီစနစ်မှာ လူတွေကို မျိုးတုံးခြင်း ပါဝင်တယ်

ဒါ‌ကတော့ ကျူးကျော်နယ်ချဲ့ခံရတဲ့သူတွေကို ကျွန်ပြုခိုင်းစေမဲ့အစား (ဒါကတော့ ကိုလိုနီစနစ်က ကျင့်သုံးလေ့ရှိတဲ့ စနစ်တစ်ခုဖြစ်တယ်) တဖြည်းဖြည်းနဲ့ မုဒိန်းကျင့်ခြင်းဖြင့်သော်လည်းကောင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း တစ်စစ ကျူပင်ခုတ် ကျူငုတ်ပါမကျန် သုတ်သင် ရှင်းလင်းပြီး အခြေချခြင်း ဖြစ်တယ် ဒီနေရာမှာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ သုတ်သင်ခြင်းသာမက စိတ်ပိုင်းဆိုင်ရာ သုတ်သင်ခြင်းတွေပါ ပါတယ် ဥပမာ – ကနေဒါနိူင်ငံမှာ အင်ဒီးဂျနင့်ကလေးတွေကို ဘော်ဒါဆောင်ပို့ပြီး အင်ဒီးဂျနင့်ဓလေ့ထုံးတမ်း ဘာသာစကား အမူအကျင့်တွေကို ဖျောက်ဖျက်ပြီး လူဖြူဓလေ့တွေ သွတ်သွင်းတာမျိုးတွေပဲ

၃) အခြေချကိုလိုနီစနစ်ဟာ အင်ဒီးဂျနင့်လူမျိုးစုတွေကို ကြောက်စရာသဖွယ် အသွင်ပြောင်းလိုက်တယ်

ကျွန်မတို့ ငယ်ငယ်တုန်းက ကြားလေ့ရှိတဲ့ လူရိုင်းဆိုတာ ဘာလဲ? ဘယ်သူတွေကို ခေါ်တာလဲ? ဘာလို့ အနောက်လူဖြူတွေရဲ့ အမူအကျင့်တွေကသာ လူယဉ်ကျေးအပြုအမူတွေကို အမည်တပ်ခံရတာလဲ? အင်ဒီးဂျနင့်လူမျိုးတွေနဲ့ သူတို့တွေရဲ့ ရိုးရာဓလေ့တွေကို ရိုင်းစိုင်းတယ်လို့ သတ်မှတ်လိုက်ခြင်းအားဖြင့် အခြေချကိုလိုနီသမားတွေအတွက် သူတို့ရဲ့ အခြေချကျုးကျော်မှုတွေကို တရားပါတယ်လို့ လိမ်ညာလိုက်ကြတယ် ဒီလူတွေဟာ ဘာမှ မသိ ရိုင်းစိုင်းနေတဲ့အတွက် သူတို့ကို ပြုပြင်ပြောင်းလဲ မော်ဒန်ဆန်ဖို့အတွက် အခြေချကိုလိုနီသမားတွေက လုပ်ပေးမှသာလျှင်ရမယ်လို့ ညာလိုက်ကြတယ်

ဒီအချက်တွေကို ကြည့်ပြီး ကိုလိုနီစနစ်နောက်ပိုင်း ကျွန်မတို့ မြန်မာနိူင်ငံကိုရော ဘယ်နေရာမှာ ဘယ်လို အခြေချကိုလိုနီစနစ်ကို ကျင့်သုံးနေသလဲ စဉ်းစားစရာ ဖြစ်လာတယ် လက်ရှိဖြစ်နေတဲ့ လူမျိုးစု ပဋိပက္ခတွေဟာ ဗြိတိသျှတွေရဲ့ နယ်ချဲ့ကျူးကျော်မှု အမွေအနှစ်တွေလို့ ဆိုလိုရကောင်းရပေမဲ့ တချို့နေရာတွေမှာတော့ မော်ဒန်မြန်မာနိူင်ငံတော်ကတော့ အခြေချကိုလိုနီစနစ်ကို ပြန်ကျင့်သုံးနေသေးသလဲ? ကချင်ပြည်နယ် မြစ်ကြီးနားမှာ စစ်တပ်ကို အသုံးချပြီး စစ်သားနဲ့ မိသားစုတွေကို ရွှေ့ပြောင်းနေရာချပြီး အာဏာကို ထိန်းသိမ်းထားတွေက အိန္ဒိယနိူင်ငံရဲ့ ကပ်ရှမီးကို လက်နက်ကိုင် ထိန်းချုပ်တဲ့ အခြေချကိုလိုနီစနစ်နဲ့ ဘာကွာသလဲ? ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ ရခိုင်တွေကြား နယ်မြေအကြောင်းပြ သွေးထိုး သွေးခွဲတာတွေကရော အစ္စရေးနိူင်ငံရဲ့ ပါလက်စတိုင်းလူမျိုးတွေကို အစီအစဉ်လိုက် ခွဲခြားပြီး နိူင်ငံသားခံစားခွင့်ပေးတာတွေနဲ့ ဘာကွာနေသလဲ? ကော့သူးလေဆိုပြီး ကရင်လူမျိုး‌တွေရဲ့ မိခင်နယ်မြေကို မြန်မာနိူင်ငံတော်ကနေ ဖယ်ခွာဖို့ တောင်းဆို လှုပ်ရှားနေတာတွေကရော အမေရိကန်နဲ့ ကနေဒါက အင်ဒီးဂျနင့်လူမျိုးစုတွေရဲ့ နယ်မြေပြန်ပေးဆိုတဲ့ အရွေ့တွေနဲ့ ဘယ်နေရာမှာ ဆင်တူနေမလဲ?

အတ်ဘဒူလာမိုးဆွက်က သူ့ဆောင်းပါးထဲမှာ ရေးခဲ့တယ်

“Settler-colonialism does not happen in a vacuum. It is interlinked with other oppressive structures and processes. It uses the same weapons wielded by genocidal autocrats, the same technology used by a surveillance state. It is a paradigm that requires the consent of the powerful and the support of the insecure. The effects of settler-colonialism in Palestine are felt in Ferguson. The effects of settler-colonialism in Kashmir will be felt far beyond its extremities.”

“အခြေချကိုလိုနီစနစ်ဟာ တသီးပုဂ္ဂလ ပေါ်ပေါက်လာတာ မဟုတ်ဘူး သူဟာ တခြားသော ဖိနှိပ်မှု စနစ်တွေ၊ ဖြစ်စဉ်တွေနဲ့ ချိတ်ဆက်နေတယ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သူ အော်တိုခရပ် အာဏာရှင်တွေနဲ့ အမြဲတစေ‌ စောင့်ကြည့်နေတဲ့ နိူင်ငံရဲ့ လက်ထဲက အာဏာနည်းပညာတွေကို အားကိုးနေတယ် အခြေချကိုလိုနီစနစ်ဟာ သူ့ရဲ့ အင်အားပိုမိုကြီးမားဖို့ အင်အားကြီးသူတွေရဲ့ သဘောတူညီမှုကို လက်ခံပြီး အားနည်းသူတွေရဲ့ မလုံခြုံမှုတွေကနေတဆင့် ပေါ်ပေါက်လာတဲ့ လက်သင့်ခံမှုတွေကို လိုအပ်နေတယ် ပါလက်စတိုင်းက အခြေချကိုလိုနီစနစ်‌ရဲ့ သက်ရောက်မှုတွေကို [အမေရိကန်က ရဲတွေရဲ့ မတရားသတ်ဖြတ်မှုကို ခံခဲ့ရတဲ့ လူမည်း] ဖာဂူဆန်ကိစ္စမှာ တွေ့ရနိူင်သလို ကပ်ရှမီးရဲ့ အခြေချကိုလိုနီစနစ်ကို သူရဲ့ နယ်မြေစွန်းတစ်ဘက်ခြမ်းတွေမှာပါ ခံစားရနိူင်တယ်”

အတ်ဘဒူလာ မိုးဆွက်ရဲ့ အာဘော်ဟာ လက်ရှိ မော်ဒန်နိူင်ငံတွေပေါ်မှာ အခြေတည်ထားတဲ့ အခြေချကိုလိုနီစနစ်ကို မေးခွန်းထုတ်လာစေတယ် အထက်က ရေးခဲ့သလို အမေရိကန်လို၊ ကနေဒါလို၊ ဩစတေးလျနိူင်ငံလို အခြေချကိုလိုနီနိူင်ငံတွေရဲ့ နိူင်ငံရေးခိုလှုံခွင့်၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ ဘဝတွေဟာ ထပ်တလဲလဲ တည်ရှိနေတဲ့ အခြေချကိုလိုနီစနစ်ကို ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ ဖိနှိပ်ခံတွေရဲ့ စိတ်မလုံခြုံမှုကနေ လက်သင့်ခံနေသေးသရွေ့ ပြန်အားမွေးပေးနေတယ်ဆိုတာ သိသာလာတယ်

ဒီနှစ် ကျေးဇူးတင်ခြင်း အားလပ်ရက်ကို ဘုမသိ ဘမသိ ကျင်းပနေကြတဲ့ ရွှေ့ပြောင်းအခြေချ မြန်မာတွေ အပါအဝင် လူဖြူအမေရိကန်တွေရဲ့ မျက်နှာတွေ၊ အမေကျော် ဒွေးတော်လွမ်းပြီး တစ်ချိန်က ဖိနှိပ်ခံတွေဖြစ်ခဲ့သူ‌တွေက တစ်ဖန် ဖိနှိပ်မှုစနစ်တွေကို ပြန်မြုံအားကိုးကျင့်သုံးချင်ကြတဲ့သူတွေရဲ့ အရှက်မရှိမျက်နှာ‌တွေကို တင်္ဒဂ လှောင်ပြောင်ရယ်မောရင်း ကိုလိုနီစနစ်ကို ချွတ်ချလို့ ဆိုတာဟာ အရင်အတိတ်က နယ်ချဲ့ကျုးကျော်မှုတစ်ခုကို ဦးတည်တန်ပြန်နေတာထက် လက်ရှိတည်ရှိနေဆဲ ဖြစ်တဲ့ အခြေချကိုလိုနီစနစ်တွေကိုပါ ဆိုလိုတယ်ဆိုတာကို ကျွန်မ တစ်သက်စာ အောက်မေ့ဆင်ခြင်မိတယ်

ပုံ – မြောက်အမေရိကတိုက်မှ ကျေးဇူးတင်ခြင်း အားလပ်ရက်ပုံပြင်ကို ချေပထားသော ပုံကို အင်ဒီးဂျနင့်လူမျိုးစုတစ်စု ဖြစ်တဲ့ လက်ကိုတာ လူမျိုးစုရဲ့ လက်ကိုတာလူမျိူးများ၏ ဥပဒေပရောဂျက် Instagram မှ ကူးယူဖော်ပြပါတယ်

အိန္ဒိယနိူင်ငံရဲ့ ကပ်ရှမီးဒေသက အခြေချကိုလိုနီစနစ်‌အကြောင်း

Let’s Talk Palestine Instagram Account က ရေးသားတဲ့ ပါလက်စတိုင်း အပါထိုင်း (လူမျိုးရေး ခွဲခြားမှု) အကြောင်းမိတ်ဆက်

အတ်ဘဒူလာမိုးဆွက်ရဲ့ “အခြေချကိုလိုနီစနစ် – လူသားဆန်မှုကနေ ချွတ်ချခြင်းနဲ့ အခွံခွာခြင်း” ဆောင်းပါး

 

 

လူပြိန်းကြိုက်

လူပြိန်းကြိုက်ဆိုတဲ့ စကားလုံးဟာ ကျွန်မစိတ်ကို ကသိကအောက်ဖြစ်နေစေခဲ့တာ ကြာပါပြီ လူမှုကွန်ယက်‌တွေပေါ်မှာ အလွယ်တကူ သုံးကြ‌တဲ့ အရပ်သုံး/ဗန်းစကားတစ်ခုအနေနဲ့သာမက တော်လှန်ရေးသမားတွေ၊ အတွေးအခေါ်ပညာရှင်တွေ စုကြတဲ့ ရပ်ဝန်းတွေ၊ နေရာတွေမှာ တစ်ခါတစ်ခါ စကားပြောကြရင်း မသိမသာ (ဒါမှမဟုတ် သိသိသာသာ) ထွက်ထွက်ကျလာတဲ့ စကားစုတစ်ခုအနေနဲ့ ကျွန်မ သတိထားလာမိတယ်

ခဏ ခဏကြားလာရတော့ လူပြိန်းဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာလဲဆိုတာ တွေးမိတယ် ပိန်းနေတဲ့ လူတွေ ဖတ်တဲ့ စာ၊ စကားတွေက ဘယ်လိုမျိုးလဲ တွေးမိတယ် စိတ်ဝင်စားမိတာက လူပြိုန်းကြိုက်လို့ ပြောလိုက်တာနဲ့ နားထောင်နေတဲ့၊ ကြားလိုက်တဲ့ လူတိုင်းဟာ ဒီစကားလုံးကို လက်သင့်ခံလိုက်ကြတယ်ဆိုတာပဲ ဘာကြောင့်လဲ?

အဲ့ဒါကြောင့် လွန်ခဲ့သောအပတ်တွေထဲမှာ ကျွန်မ စာသင်ခန်းထဲမှာ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေနဲ့ ဆွေးနွေးဖြစ်ခဲ့တယ် ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ကတော့ ဘာသာစကားကို အွန်လိုင်းပေါ်မှာ သုံးပုံ သုံးနည်းတွေအကြောင်းပါ လူပြိန်းကြိုက်ဆိုတာကလည်း Facebook ဟာ မြန်မာပြည်ရဲ့ အင်တာနက်ပမာ ဖြစ်မလာခင်ကတည်းက ရှိခဲ့တဲ့ စကားစုတစ်ခု ဖြစ်ကောင်းဖြစ်ပေမဲ့ အခုလက်ရှိမှာတော့ Facebook ပေါ်က အရေးအသားတချို့ကို ဝေဖန်တဲ့နေရာမှာ သုံးတယ်ဆိုတာ ပို သတိထားမိလာတယ် လူပြိန်းကြိုက်အပြင် တစ်ရာဖိုး သုံးပုဒ်တို့လိုမျိုး စကားလုံး အသစ်တွေနဲ့ “အရည်မရ အဖတ်မရ” ဆိုတဲ့ စာအရေးအသားတွေကို ညွှန်းဆိုလာကြတယ်

ဒီနေရာမှာ ကျွန်မ စကားချပ်ခံချင်တာက လူပြိန်းကြိုက်လို့ လူတွေ ပြောလေ့ရှိတဲ့၊ တစ်ရာဖိုး သုံးပုဒ်လို့ လူတွေ ခေါ်လေ့ရှိတဲ့ စာတွေ စာရေးသူတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မဲ့အစား ကျွန်မ စိတ်ဝင်စားမိတာက ဘယ်လို စာအရေးအသားမျိုးကို စာဖတ်သူက လူပြိန်းကြိုက်လို့ မှတ်ယူလေ့ရှိသလဲ၊ အဲ့လို စာတွေ ဖတ်ခြင်း၊ ကြိုက်နှစ်သက်ခြင်းဟာ အဲ့ဒီ စာဖတ်သူကို လူပြိန်းလို့ ဘယ်လိုအသွင်ပြောင်းလိုက်သလဲ (တစ်ဆက်တည်းမှာပဲ ဘယ်လိုစာတွေ ဖတ်တဲ့သူကိုတော့ လူတော် ‌လူထက် လူနက်နဲလို့ မှတ်ယူလိုက်သလဲ) ဆိုတဲ့ မေးခွန်းတွေပဲ

အတန်းထဲက ဆွေးနွေးချက်မှာ လူအများကြိုက်တယ်ဆိုရင် အဲ့ဒီစာဟာ လူပြိန်းကြိုက် ဖြစ်ကောင်းဖြစ်နိူင်တယ်ဆိုတဲ့ အချက်ကို ကျောင်းသားတစ်‌ယောက်က ထောက်ပြခဲ့တယ် ဟိုတလောကလည်း ကျွန်မ မိတ်ဆွေတစ်ယောက်က သူရဲ့ တွေးခေါ်ယူဆချက်တွေဟာ တော်လှန်ရေးနောက်ပိုင်းမှာ လူအများနဲ့ တူလာတော့ ကိုယ့်ကိုယ်ကို ဟုတ်ရော ဟုတ်သေးရဲ့လား ပြန်မေးခွန်းထုတ်မိတယ်ဆိုပြီး ရေးထားတာကို ဖတ်ခဲ့ရတယ် ဒီအချက်တွေနဲ့ လူပြိန်းကြိုက်ဆိုတာကို ကောက်ချက်ချရရင် လူပြိုန်းကြိုက်စာပေဆိုတာ အများကြိုက်တဲ့ စာပေကို ဆိုလိုတာလို့ ကျွန်မ နားလည်ကြည့်လို့ရတယ် ဒါဆို ဘာလို့ အများကြိုက်လာရင် မကောင်းတော့တာလဲ? အများက လူပြိန်းတွေ ဖြစ်နေလို့လား?

ဒီနေရာမှာ စဉ်းစားတွေးခေါ်ချင်သူတွေ/စဉ်းစားတွေးခေါ်တတ်သူတွေအနေနဲ့ group think လို့ ခေါ်တဲ့ အုပ်စုလိုက်တွေးခေါ်ခြင်း ဒါမှမဟုတ် populist လို့ ခေါ်တဲ့ လူအများကြိုက် ဖြစ်အောင် ပြောဆို သုံးနှုန်းတဲ့ စကားလုံးဝေါဟာရ၊ အပြောအဆို၊ အယူအဆတွေကို ဝေဖန်သုံးသပ်ချင်လို့လို့ မှတ်ယူလို့ ရသလို အဲ့ဒီလို အများကြိုက်ဆိုတာတွေကို ဝေဖန်ရင်းနဲ့ စာဖတ်သူအသိုင်းအဝိုင်းကြားမှာ အထက်အောက်စနစ်တွေ ဘယ်လို ပြန်ထုတ်လုပ်မိနေသလဲဆိုတာကို ကျွန်မ မေးခွန်းထုတ်ချင်တယ် ရှင်းအောင် ပြောရရင် လူပြိန်းကြိုက်ဆိုတဲ့ စကားလုံးဟာ အဲ့ဒီ အများကြိုက်စာပေတွေထဲက အပေါစားဆန်နေတဲ့ အတွေးအခေါ်တွေကို ဝေဖန်နေသလား? ဒါမှမဟုတ် အဲ့ဒီလို စာပေမျိုးကို ဖတ်တဲ့၊ ကြိုက်တဲ့၊ နားလည်လွယ်တဲ့ စာပေမျိုးကိုပဲ ဖတ်တတ်တဲ့ လူတန်းစားတစ်မျိုးကို လူပြိန်း ဆိုပြီး ပြန်ခွဲခြားလိုက်သလား?

လူပြိန်းကြိုက်နဲ့ ပတ်သက်ပြီး တောင်အမေရိကတိုက်ရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ တယ်လီနိုဗယ်လာ (telenovela) လို့ခေါ်တဲ့ မယ်လိုဒရာမာ melodrama (ဒါမှမဟုတ်) soap opera ဇာတ်လမ်းတွဲတွေအကြောင်းကို ကျွန်မ ဆက်စပ်စဉ်းစားမိတယ် (ဒရာမာလို့ ခေါ်မဲ့အစား မယ်လိုဒရာမာကတော့ စိတ်ခံစားချက်တွေကို သိသိသာသာ ချဲ့ကားဦးစားပေးထားတဲ့ ဒရာမာမျိုးကို ဆိုလိုတာပါ) ဘရားဇီး၊ မက်ဆီကို၊ အာဂျင်တီးနား အစရှိတဲ့ တောင်အမေရိကနိူင်ငံတွေမှာ melodrama လို့ ခေါ်တဲ့ ဖော်မြူလာဆန်ဆန် ချစ်ကွဲညား ဇာတ်လမ်းတွဲတွေဟာ အဲ့ဒီ့နိူင်ငံတွေရဲ့ မီဒီယာ ရိုးရာဓလေ့တစ်ခု ဘယ်လို ဖြစ်လာသလဲဆိုတာ မီဒီယာတွေကို လေ့လာတဲ့ မနုဿဗေဒပညာရှင်တွေက စိတ်ဝင်စားခဲ့တယ် အဲ့ဒီလို soap opera တွေဟာ တစ်ခါလာလည်း ချစ်ကွဲညား၊ ဆင်းရဲသူ ဇာတ်လိုက်သရုပ်ဆောင်က သူဌေးသားနဲ့ ကြိုက်၊ သူဌေးသားမိဘတွေက ဆန့်ကျင့်၊ နောက်ဆုံးမှာ ကွဲရင်ကွဲ မကွဲရင် ညား အစရှိသဖြင့် ဇာတ်လမ်းတွေဟာ သံတူကြောင်းကွဲ ဖော်မြူလာတွေ များတယ် တချို့သော ကိုးရီးယား ဒရာမာတွေနဲ့ ခပ်ဆင်ဆင်ပေါ့ soap opera တွေထဲက သရုပ်ဆောင်ချက်တွေဟာလည်း သရုပ်ဆောင် တော်တယ်ဆိုတာထက် လိုတာထက် ပိုချဲ့ကားထားတဲ့ သရုပ်ဆောင်ချက်တွေ ဖြစ်နေတယ် ဒါကို အချိန်ကုန်ခံ ကြည့်တဲ့သူတွေက ဘယ်သူတွေလည်းဆိုတာ မနုဿဗေဒပညာရှင်တွေက ဆန်းစစ်ကြည့်လိုက်တော့ အိမ်ထောင်သည် လက်လုပ်လက်စား အမျိုးသမီးတွေ ဖြစ်နေတာကို သွားတွေ့ရတယ် သူတို့ဟာ အိမ်အလုပ်တွေ လုပ်ရင်း soap opera ကြီးကို ဖွင့်ထားပြီး နားထောင်လေ့ရှိတယ် နက်နဲတဲ့၊ အနုပညာဆန်တဲ့ ရုပ်ရှင်တစ်ကားကို သေချာ အာရုံစိုက်ပြီး အဖြေထုတ်ဖို့ ကြည့်ကြတဲ့အစား ဒီ အိမ်ထောင်ရှင်မတွေက အလုပ်တစ်ဖက်ကနေ သူတို့ အာရုံကို ဖျော်ဖြေလို ဖျော်ဖြေငြား ဒီ soap opera တွေကို ကြည့်ကြတယ်ဆိုတာ သွားတွေ့ရတယ် အဲ့ဒီတော့ အဲ့ဒီလို ဘာမှ အကျိုးမယ်မယ်ရရ မရှိတဲ့ soap opera တွေကို အချိန်ကုန်ခံကြည့်ကြတဲ့သူတွေကို ငတုံးတွေ၊ ငအတွေလို့ အပေါ်ယံ အဖြေထုတ်လိုက်မဲ့အစား ဘာလို့ အိမ်ထောင်သည် လက်လုပ်လက်စား မိန်းမတွေဟာ ဒီလို ရုပ်ရှင်မျိုးတွေကို ကြည့်ကြသလဲ? အဲ့ဒီလို ကြည့်ဖြစ်အောင် လူမှုအနေအထားတစ်ခုက သူတို့ကို ဘယ်လို တွန်းအားတွေ ပေးနေသလဲဆိုတာကို ထောက်ပြခဲ့ကြတယ် မျက်စိနဲ့ မမြင်ရအောင် လုပ်ထားတဲ့ အလုပ်တွေ၊ တန်ဖိုးတစ်ခုမပေးထားတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတဲ့ လူတန်းစားတစ်ခု ဖြစ်တဲ့ အိမ်ထောင်သည် လက်လုပ်လက်စားမိန်းမတွေမှာ နက်နက်နဲနဲ စဉ်းစားတွေးခေါ်တာတွေ လုပ်ဖို့ အခွင့်အရေးရှိသလား? အဲ့လို လုပ်ဖို့ရော သူတို့မှာ ပြင်ဆင်မှုတွေ လုပ်ဖို့ အခြေအနေရှိခဲ့ရဲ့လား? အချိန်ရော ရှိသလား?

အားလုံးသိတဲ့အတိုင်းပဲ ကျွန်မလည်း အရင်က ရေးဖူးသလိုပဲ စဉ်းစားတွေးခေါ်မှုဆိုတာဟာ ဖိုဝါဒနဲ့ အများကြီး ချိတ်ဆက်နေတယ် စဉ်းစားတွေးခေါ်ဖို့ အားလပ်ချိန်ဆိုတာ လိုအပ်တယ် စဉ်းစားတွေးခေါ်လာတတ်အောင် ‌တိုက်တွန်းထောက်ပံ့ပေးတဲ့ နေရာတွေ၊ ရပ်ဝန်းတွေ လိုအပ်တယ် အဲ့ဒီလိုမျိုးတွေဟာ လူမှုဘောင်‌တွေထဲမှာ ဂျန်ဒါအရသော်လည်းကောင်း၊ လူတန်းစားအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ဘယ်သူတွေမှာ ပိုအခွင့်အရေးရှိနေသလဲ? မြန်မာပြည်မှာဆို လေထန်ကုန်းလို နေရာမျိုးမှာ ဘယ်သူတွေကျက်စားလေ့ ပိုရှိသလဲ? လက်ဖက်ရည်ဆိုင်တွေမှာ မနက်ဆို သတင်းစာ အေးအေးဆေးဆေး ထိုင်ဖတ်ခွင့်ရှိတာ ဘယ်သူ‌တွေလဲ? ဒီ‌အောက်ခြေက မေးခွန်းတွေကို မမေးဘဲ ဒီလိုလူတွေကတော့ လူပြိန်းတွေပါ ငတုံးတွေပါလို့ ပြောတာ ဟုတ်ရောဟုတ်ရဲ့လား? လူပြိန်းကြိုက်လို့ ပြောနေကြတဲ့ အသုံးအနှုန်းမှာ ဘယ်သူတွေကို ရည်မှန်းပြောဆိုချင်သလဲဆိုတာ ကျွန်မ အတိအကျပြောလို့ မရပေမဲ့ ဘာသာစကား/စာပေလေ့လာမှုအရ လူပြိန်းကြိုက်စာပေရဲ့ အသွင်အပြင်တွေကို လက်ဆုပ်လက်ကိုင်ပြဖို့ ခက်နေတယ် (ဒီနေရာမှာ lingusitic အသွင်အပြင်တွေကို ဆိုလိုတာပါ ဥပမာ – လူပြိန်းကြိုက်စာပေမှာ သုံးလေ့ သုံးထရှိတဲ့ စာလုံးတွေက ဘာတွေလဲ ဘယ်လို ကာရန်တွေ ပါလဲ ဘယ်လို အင်္လကာတွေ ပါသလဲ အစရှိသဖြင့်ပေါ့) လူပြိန်းကြိုက်စာပေတွေမှာရော စိတ်ခံစားချက်တွေကို melodrama လိုမျိုး ဘယ်လိုချဲ့ကား ဦးစားပေးထားသလဲ? ဒါပေမဲ့ လူပြိန်းကြိုက်လို့ပြောလိုက်ဝာာနဲ့ ကျွန်မတို့က အဲ့ဒီစာကို ကြိုက်တဲ့လူတွေကို တစ်မျိုးတစ်ဖုံ မြင်ယောင်ခံစားလိုက်ကြတယ် သူတို့နဲ့ မတူ တမူထူးချင်ကြတယ် ငါဟာ နက်နက်နဲနဲတွေကို နားလည်တဲ့သူ၊ စဉ်းစားတဲ့သူလို့ ကိုယ့်ကိုယ်ကို မြင်ချင်ကြတယ်၊ မြင်မိကြတယ် နက်နက်နဲနဲ တွေးခေါ်တတ်တာ ကောင်းပါတယ် ဒါပေမဲ့ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်မှုဟာ သူတစ်ပါးကို မကောင်းပြုပြီးမှ ရလာတဲ့ ဂုဏ်ပုဒ်တစ်ခုဆိုလို့ရှိရင် ဒီလူဟာ တကယ်ရော စဉ်းစားတွေး‌ခေါ်တတ်ရဲ့လား? သူတစ်ပါးနဲ့ အမြဲတမ်း ဆက်စပ်ပြီးမှ ရလာတဲ့ နာမဝိသေသနတစ်ခုလား? ကျွန်မအတွက်တော့ စဉ်းစားစရာ ဖြစ်လာတယ်

ကျွန်မအတွက်ကတော့ ဖော်မြူလာတွေကလည်း ကျွန်မတို့ စိတ်နဲ့ ခန္ဓာကို သက်တောင့်သက်သာပြုစေတဲ့ အရာတွေ ဖြစ်တယ် ကိုယ်သိပြီးသား၊ ရင်းနှီးကျွမ်းဝင်ပြီးသားဟာ အစိမ်းသက်သက်ထက် ပိုပြီး သက်တောင့်သက်သာရှိစေတယ် တောင်အမေရိကက အိမ်ထောင်ရှင်မတွေ soap opera ကြည့်ရခြင်းဟာ ဇာတ်လမ်းအသစ်တစ်ခုကို သိဖို့ထက် သူတို့ သိပြီးသား ရုပ်ရှင်ဇာတ်ကွက်တစ်ခုကို ပုံစံအမျိုးမျိုး သရုပ်ဆောင်အမျိုးမျိုးနဲ့ ကြည့်ချင်ကြလို့ပဲ ဖြစ်တယ် အပြင်ပန်းက ကိုယ်ထိန်းချုပ်လို့ မရတဲ့ အခြေအနေတွေကို မလွှဲရှောင်သာနိူင်တဲ့ အချိန်မှာ ကိုယ်စိတ်ချရတဲ့၊ ယုံကြည်ရတဲ့၊ ကိုယ့်စိတ်တွေကို လွှတ်ချလိုက်လို့ ရတဲ့ နေရာတစ်ခုကို ပြန်လာရတာ ကျွန်မတို့ စိတ်ကို သက်သာရာရစေတယ် ကျွန်မတောင်မှ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်တဲ့အခါ သိပြီးသား ရင်းနှီးပြီးသား ဇာတ်ကွက်တစ်ခုကိုပဲ ပြန်ကြည့်ချင်မိတယ် အသစ်တွေ စဉ်းစားရမှာတွေကို မကြည့်ချင်ဘူး အမြဲတမ်း စက္ကန့်နဲ့အမျှ စဉ်းစားနေပါတယ် ပြောတာဟာ ဖိုသဘောဆန်တဲ့ ကြွေးကြော်မှုအတုတွေပဲ ဒီလို “အရည်မရ အဖတ်မရ”တွေကို ကြည့်မိတာ၊ ကြိုက်မိတာကို ရှက်တာတွေကလည်း ဖိုသဘောတရားတွေပဲ (ကျွန်မအတွက်ကတော့ အရည်မရ အဖတ်မရတွေက လူမှုပေါင်းသင်းဆက်ဆံမှုတွေကြားထဲမှာ လွယ်လင့်တကူ ရွေ့လျားလှုပ်ရှားလို့ရအောင် လုပ်ပေးထားတဲ့ ချောဆီတွေပဲ ဖြစ်တယ် ရုပ်ဝတ္တုအစိုင်အခဲတွေသာ ရှိတဲ့ လောကကြီးက အဓိပ္ပါယ်ရော ရှိဦးမလား ကျွန်မ မရေမရာ ဖြစ်မိတယ်) ဒီလို သက်တောင့်သက်သာ တစ်ခုမှာ ခဏတာဖြစ်ဖြစ် ကိန်းအောင်းချင်တာဟာ လူ့သဘောသဘာဝပဲ ဒါကြောင့်လည်း ကျွန်မတို့ဟာ ကိုယ်သိပြီးသားတွေက ခွာထွက်ဖို့ ခက်ခဲနေတတ်ကြတယ် စနစ်တွေကို ဖြိုချဖျက်ဆီးတာကို အားပေးတဲ့သူတစ်ယောက်အနေနဲ့ အဲ့ဒီလို အရည်မရအဖတ်မရတွေကို ဖြိုချမယ်လို့ ဆိုလို့ရှိရင်တောင်မှ တစ်ချိန်တည်းမှာလည်း လူတစ်ယောက် (သို့) တစ်အုပ်စုချင်းစီမှာ ရှိနေနိူင်တဲ့ စနစ်‌တွေရဲ့ ဖိနှိပ်မှုတွေကနေ တင်္ဒဂ ထွက်ပြေးစရာ သက်တောင့်သက်သာပြုမှုတွေကို ဖီမီနင့်ဆန်ဆန် ကျွန်မ စာနာကြည့်ချင်မိတယ်

လူတိုင်းဟာ စဉ်းစားတွေးခေါ်နိူင်တဲ့ အရည်အသွေးတွေ ရှိတယ်ဆိုတာ ကျွန်မ ယုံပါတယ် ဒါပေမဲ့ စဉ်းစားတွေးခေါ်သူတိုင်းမှာလည်း သူတို့အတွက် သက်တောင့်သက်သာဖြစ်စေတဲ့ ဖော်မြူလာဆန်တဲ့ လုပ်ရပ်တွေ၊ အမူအကျင့်တွေရှိနေတုန်းပဲဆိုတာ ကျွန်မ နားလည်မိတယ် စဉ်းစားတွေးခေါ်ဖို့ အခြေအနေက လူတိုင်းအတွက် ရှိမနေဘူးဆိုတာလည်း ကျွန်မ သဘောပေါက်မိတယ် ဒါတွေကို နွားချည်တိုင်မှာ ချည်ခံထားရတဲ့ နွားလိုမျိုး ချုပ်နှောင်မှုတွေထဲ ရုန်းမထွက်နိူင်တဲ့လူလို့ ယူဆလို့ ယူ‌ဆကောင်းရပေမဲ့ ရုန်းကန်နေရင်းနဲ့၊ ဖိနှိပ်ခံရင်းနဲ့ စိတ်နဲ့ကိုယ်ကို တတ်နိူင်သလောက် ကုစားနေကြတဲ့ (ကျွန်မအပါအဝင်) လူတွေကို လူပြိန်းတွေလို့ အကန့်သတ်လိုက်မဲ့အစား သူတို့ရဲ့ ကုစား‌ချက်နောက်ကွယ်က တွန်းအားတွေ ပေးနေတဲ့ ထိန်းချုပ်မှု၊ ဖိနှိပ်မှုစနစ်တွေကိုသာ ဝေဖန်ပုတ်ခတ်ကြမလား စဉ်းစားကြည့်စေချင်မိတယ်

ပုံ – နေရောင်မလုံ့တလုံ ကျိုးတိုးကျဲတဲသစ်ရိပ်အောက်က မြေလမ်းသွယ်လေးတစ်ခု

Melodrama Research Consortium

https://melodramaresearchconsortium.org/?fbclid=IwAR10sn0XyyE9-57vUO1XjyY9V7Q0hI8HgtNSXEhMaBI96IRyaMdnuWk4nso (melodrama နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ ဘာသာရပ်ပေါင်းစုံက စာတမ်းများကို ဒီ website မှာ ဝင်ရောက် ဖတ်ရှုနိူင်ပါတယ်)

မနုဿဗေဒပညာရှင် ဖေးဂင်းစဘတ်ဂ် (Faye Ginsburg)၊ လိုင်လာအာဘူလပ်ဂေါ့ (Lila Abu-Lughod) နဲ့ ဘရိုင်ယန်လာကင် (Brian Larkin) တို့ တည်းဖြတ်သော “မီဒီယာ ကမ္ဘာ” (Media World) စာတမ်းပေါင်းချုပ် (ဒီစာအုပ်ထဲမှာ ညွှန်းချင်တာက အီဂျစ်လူမျိုး အမေရိကန် မနုဿဗေဒပညာရှင် လိုင်လာ အာဘူလပ်ဂေါ့ ရေးခဲ့တဲ့ “Egyptian Melodrama – The Technology of the Modern Subject?” “အီဂျစ်က melodrama – မော်ဒန်တွေရဲ့ နည်းပညာတစ်ခုလား”ဆိုတဲ့ ပေပါပဲ ဖြစ်ပါတယ်)

https://monoskop.org/images/9/95/Ginsburg_Abu-Lughod_Larkin_Media_Worlds_Anthropology_on_New_Terrain.pdf