စာလုံးပေါင်းသတ်ပုံမှန်ဖို့ရယ်

“သူက အင်္ဂလိပ်ရှ် ကောင်းတယ်လေ”

 

ဒါကတော့ ကျွန်မငယ်ငယ်က တခြားကလေးတွေနဲ့ပတ်သက်လာရင် ကြားနေကျ အမေပြောပြောဖူးတဲ့စကားတစ်ခွန်းပေါ့ ကလေးကိုကျောင်းထားရင် အင်္ဂလိပ်ကောင်းစေချင်တယ် ဘာကြောင့်လဲဆိုတာ ပွင့်ပွင့်လင်းလင်းဖွင့်မပြောကြပေမဲ့ လူတိုင်းသိနေကြသလိုပဲ စာလုံးပေါင်းသတ်ပုံအရေးအသားအဖြတ်အတောက်သဒ္ဒါ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်ဟာကမှန်တယ်၊ ဘယ်ဟာကမှားတယ် ဘယ်လိုဆိုရင်ဖြင့် ဖတ်ရတဲ့သူအတွက် အနှောင့်အယှက်ဖြစ်တယ်စသဖြင့်ပြောကြဆိုကြတာတွေ ကြားနေရတာကြာပါပြီ Facebook ပေါ်မှာ ဗွီဒီယိုနဲ့သော်လည်းကောင်း၊ blog နဲ့သော်တစ်ဖုံ အင်္ဂလိပ်စာ (သို့ တခြားသော နာမည်ကြီးလူကြိုက်များတဲ့ ဂျပန်၊ တရုတ်အစရှိတဲ့ ဘာသာစကားတွေ) ‌ကို ဘယ်လိုလေယူလေသိမ်းနဲ့ပြောတတ်အောင်ဆိုပြီး သင်ကြားပို့ချကြတာတွေလည်း တွေ့နေမြင်နေရတာလည်း မဆန်းတော့ပါဘူး ဒီနေ့တော့ ဒီဘာသာစကားဆိုင်ရာအငြင်းအခုံတွေနဲ့ပတ်သက်ပြီး နည်းနည်းအကျယ်ဖြန့်စဉ်းစားချင်တယ်

 

တက္ကသိုလ်တက်တော့ အမှတ်မထင် linguistics လို့ခေါ်တဲ့ ဘာသာစကားဗေဒကို ကျွန်မမေဂျာယူဖြစ်တယ် ဘာသာစကားဗေဒဆိုတာ တော်တော်များများက ဘာသာစကားအများကြီးတတ်တဲ့သူတွေလို ထင်ယောင်ထင်မှားဖြစ်တတ်ကြပေမဲ့ (ဥပမာ – အင်္ဂလိပ်စာကို ဘိုသံပီအောင်ပြောတတ်ခြင်း၊ မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ ရုရှားအစရှိသဖြင့် ဘာသာစကားပေါင်းစုံကို လွယ်လွယ်ကူကူပြောတတ်ခြင်းအစရှိတဲ့ကျွမ်းကျင်မှုရှိသူတွေကို linguist ဘာသာစကားပညာရှင်လို့ ကျွန်မတို့ပတ်ဝန်းကျင်မှာ အပေါ်ယံမှတ်ယူလေ့ရှိကြတယ်) တကယ်တမ်းက ဘာသာစကားဗေဒဟာ ဘာသာစကားပေါင်းမြောက်မြားစွာကို ပြောတတ်ခြင်း၊ အဲ့ဒီဘာသာစကားတွေရဲ့ prescriptive rule လို့ခေါ်တဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာလိုက်နာနိူင်ခြင်းဆိုတာထက် ဘာသာစကားတွေရဲ့ဖြစ်တည်မှု၊ လူမှုပတ်ဝန်းကျင်အပေါ်သက်ရောက်မှုတွေအပေါ်ပြန်လည်စဉ်းစားဆင်ခြင်နိူင်စွမ်း (ဒါကို metalinguistic awareness ဘာသာစကားအပေါ် ဘာသာစကားကိုအသုံးပြုပြီး ပြန်လည်ဆင်ခြင်နိူင်တဲ့အသိလို့ ပြောလို့ရမယ်) တွေကို ပျိုးထောင်ပေးတဲ့ဘာသာရပ်တစ်ခုလို့ ကျွန်မကတော့ သဘောပေါက်မိတယ် ဥပမာ – ဘာသာစကားဗေဒကိုသာ မေဂျာယူခဲ့တာ၊ ကျွန်မ အင်္ဂလိပ်စာအသံထွက်က ILBC ကျောင်းဆင်းတွေလောက်မကောင်းပါဘူး ကောင်းလည်းမကောင်းချင်ပါဘူးလေ

 

ကျွန်မတို့လူသားတွေဟာ အချင်းချင်းပေါင်းသင်းဆက်ဆံဖို့အတွက် ဘာသာစကားဆိုတာကို အသုံးပြုကြတယ် ဘာသာစကားရယ်လို့စနစ်တကျမဖြစ်ခင်မှာ ပေါင်းကူးမှုသင်္ကေတတစ်ခုအနေနဲ့ရှိနေရာကနေ ကိုယ့်ရဲ့ပတ်ဝန်းကျင်အဖွဲ့အစည်းတစ်ခုထဲက လူအများနဲ့ကူးလူးဆက်ဆံကြတာဖြစ်တဲ့အတွက် အများနားလည်လက်ခံသဘောပေါက်တဲ့စည်းစနစ်တွေက‌နေတဆင့် ဘာသာစကားကို တဖြည်းဖြည်းပုံဖော်လာကြတာဖြစ်တယ် ဥပမာ – Burglish လို့ခေါ်တဲ့ ကျွန်မတို့ Internet ပေါ်မှာသုံးလေ့သုံးကြရှိတဲ့ဘာသာစကားခွဲတစ်မျိုး (language variety) တစ်ခုကိုပဲ စဉ်းစားကြည့်ကြရအောင် ဘားဂလစ်ရှ်ကိုနားလည်ဖို့ဆိုတာ အဲ့ဒီစကားကို အသုံးပြုပြီး ပေါင်းသင်းဆက်ဆံကြတဲ့သူအချင်းချင်းကြားထဲ နားလည်‌သဘောပေါက်လက်ခံမှုတစ်ခုရှိနေလို့ပါပဲ “နေကောင်းလား” ကို ကျွန်မတို့ခေတ်မှာ nay kaung lar လို့ရေးလေ့ရှိကြပေမဲ့ ခုနောက်ပိုင်းမှာတော့ ကြားထဲက သရတွေအကုန်လုံးကိုဖြုတ်ပြီး “nay kg lr” လို့ရေးလာကြပါပြီ ဒါကို ဘားဂလစ်ရှ်သုံးတဲ့သူအချင်းချင်းကြားထဲ‌နားလည်သဘောပေါက်သရွေ့ ဒီဘားဂလစ်ရှ်‌အရေးအသားစည်းမျဉ်းစည်းကမ်းဟာ အဆင်ပြေနေဦးမှာပါပဲ (ကျွန်မတို့ခေတ်ကရေးတဲ့ ဘားဂလစ်ရှ်ဟာ ခုခေတ်လူငယ်တွေအတွက် ခေတ်နောက်ကျကောင်းကျနေပေမဲ့ ကျွန်မတို့အမေခေတ်ကသူတွေအတွက်က ထူးဆန်းဆန်းကြယ်တဲ့ဆက်သွယ်ရေးပုံစံတစ်ခုဖြစ်နေဆဲပါပဲ ဆယ်ကျော်သက်အရွယ်က ကျွန်မသူငယ်ချင်းနဲ့ ဘားဂလစ်ရှ်လိုပို့ထားတဲ့မက်ဆေ့တွေ အမေဝင်ဖတ်ကြည့်ပြီး ညည်းတို့ဟာကဘာတွေလဲ ငါတစ်ခုမှနားမလည်ဘူးဆိုပြီးပြောတာ မှတ်မိပါသေးတယ်) ခုတောင်မှ ကျွန်မလိုက်မမှီတဲ့ ဘားဂလစ်ရှ်အသစ်အဆန်းတွေများတောင်ပေါ်နေပြီလားတော့ မပြောတတ်ပါ

 

ဒီနေရာမှာ ဘာသာစကားစည်းမျဉ်းစည်းကမ်းလို့သာ သုံးရတာ တကယ်တော့ ကျွန်မဆိုလိုချင်တာက လူအများ (သို့ လူတစ်အုပ်စု) ကြားမှာ အချင်းချင်းနားလည်တဲ့ သင်္ကေတဝေမျှမှုပုံစံတစ်ခုပါပဲ (ဒီထက်ပိုနက်နဲပြီးပြောရရင် ရိုးရာ‌ဓလေ့ဆိုတာဟာလည်း လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းတစ်ခုထဲက လူတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အော် နင်ကလည်း ဒီအုပ်စုကပါလား၊ ဒီလိုအစားအစာမျိုးစားပါသလားအစရှိသဖြင့် မှတ်မိအောင်ဖွဲ့စည်းတည်ဆောက်ထားတဲ့ အင်မတန်ရှုပ်ထွေးလှတဲ့ သင်္ကေတဝေမျှမှု‌တွေထဲကတစ်ခုပါပဲ) (language as communication) ဘာသာစကားဆိုတာကို ဖတ်စာအုပ်တွေ၊ စာပေစိစစ်ရေးတွေဘာတွေညာတွေက ပညတ်ချက်ထုတ်ထားတဲ့အရာတစ်ခုဆိုတာထက် ကျွန်မတို့အချင်းချင်းကြားမှာ အများသဘောတူလက်ခံနားလည်သဘောပေါက်ထားတဲ့ သင်္ကေတဝေမျှမှု (shared signs) လို့မြင်ယောင်ကြည့်ရင် ဘာလို့ ကျွန်မတို့လူ့အဖွဲ့အစည်းတွေမှာ ဘာသာစကားအသုံးပြုမှုအပေါ်အခြေခံပြီး ခွဲခြားဆက်ဆံတာတွေ၊ ပညတ်ချက်‌ထုတ်တာတွေရှိနေသေးတာလဲဆိုတာကိုပါ စဉ်းစားကြည့်လို့ရလာမယ်လို့ ကျွန်မထင်တယ်

 

ဘာသာစကားဆိုတဲ့သင်္ကေတစနစ်ဟာ အင်မတန်ရှုပ်ထွေးလှတဲ့စနစ်တွေဖြစ်တယ် အသံထွက်တွေပါသလို အရေးအသားစာလုံးပေါင်းသတ်ပုံတွေပါတယ် ဒါပေမဲ့တစ်ပြိုင်နက်တည်းမှာလည်း အဲ့ဒီဘာသာစကားတစ်ခုထဲက သင်္ကေတတွေဟာလည်း အချိန်နဲ့အလိုက်၊ အသုံးပြုသူရဲ့တီထွင်ဆော့ကစားမှုတွေအလိုက် ပြောင်းလဲနေပြန်တယ် ဥပမာ – ကျွန်မတို့မြန်မာစာကိုပဲကြည့်မယ်ဆိုရင် ကျွန်မအမေတို့ခေတ်မှာ မှန်တယ်လို့ယူဆခဲ့တဲ့သတ်ပုံတွေဟာ ကျွန်မတို့ခေတ်မှာ မှားကောင်းမှားနေနိူင်တယ် အမေ ကျွန်မဆီစာရေးပို့တဲ့အခါ “သတိယခြင်းများစွာနဲ့အမေ”ဆိုတဲ့ စာအောက်မှာ လက်မှတ်ထိုးလေ့ရှိတဲ့စကားလုံးလေးကိုပဲကြည့်ကြည့်ရအောင် ကျွန်မ မြန်မာပြည်အစိုးရကျောင်းတက်လာတဲ့တောက်လျှောက်သင်လာရသမျှ “သတိယ” ဟာ ရကောက်နဲ့ပဲ ရ,ရမယ်လို့သင်ခဲ့ရတယ် (သတိရ) ဒါပေမဲ့ အမေတို့ခေတ်မှာတော့ ယပက်လက်နဲ့ ယခဲ့ကြပုံရတယ် ရကောက်နဲ့ပဲရရ၊ ယပက်လက်နဲ့ပဲယယ အဓိကက အမေကနေ ကျွန်မကို သတိရနေတယ်ဆိုတာကို ကျွန်မနားလည်သဘောပေါက်သွားတာပါပဲ ဒါကတော့ သိပ်ပြီးငြင်းခုံလေ့မရှိတဲ့ ဘာသာစကားအပြောင်းအလဲဥပမာတစ်ခုကိုပြောတာပါ ဒီလိုအချိန်နဲ့သော်လည်းကောင်း၊ ခေတ်နဲ့သော်လည်းကောင်းလိုက်ပြီးပြောင်းလဲကြတဲ့ ဘာသာစကားသင်္ကေတတွေထဲမှာ လူအများကြားအငြင်းပွားဖွယ်ဖြစ်စေတဲ့အပြောင်းအလဲတွေလည်းရှိနေပြန်ပါတယ် ဥပမာ – အင်္ဂလိပ်စကားရဲ့ နာမ်စားတွေဖြစ်တဲ့ he, she, they ဆိုတဲ့စကားလုံးတွေကို လူ့အဖွဲ့အစည်းရဲ့ဂျန်ဒါဖြစ်တည်မှုတွေအလိုက် ဘာသာစကားကိုအသုံးချဖွင့်ဆိုချက်တွေကနေတဆင့် ပြောင်းလဲလာတာပါပဲ ဥပမာ – ယောင်္ကျား/မိန်းမဆိုတဲ့ ၂ မျိုးပဲရှိတယ်လို့ပညတ်ချက်ထုတ်ထားတဲ့ ဂျန်ဒါ binarism တွေကို ပုန်ကန်တဲ့အနေနဲ့ တချို့ဟာ သူတို့ကို they နာမ်စားနဲ့သုံးပါဆိုပြီးပြောလာကြပါပြီ ဒါဟာ သဒ္ဒါမှန်မမှန်ဆိုတာကိုသာ လက်ကိုင်ထားတဲ့သူတွေအဖို့ ဘယ်လိုမှလက်မခံနိူင်တဲ့ ဘာသာစကားအမှားကြီးဆိုပြီး ခုချိန်ထိ အငြင်းအခုံတွေဖြစ်နေကြဆဲပါပဲ ဒီဥပမာကို ကြည့်ရင်ပဲ ဘာသာစကားဟာ လူအချင်းချင်းကြားကူးလူးဆက်ဆံပေးရုံသာမက ဘာသာစကားကိုအသုံးပြုပြီး ကျွန်မတို့က မိမိရဲ့ဖြစ်တည်မှုသွင်သဏ္ဍာန်တွေကို ဖော်ပြကြတယ်ဆိုတာပါပဲ (language as identity)

 

ဒီထက်ပိုရှင်းတဲ့‌နောက်ထပ်ဥပမာတစ်ခုပေးရရင် ကိုးရီးယားစကားသင်တာဟာ ကိုးရီးယားမှာအလုပ်သွားလုပ်ကျောင်းသွားတက်မှာမို့ ပေါင်းသင်းဆက်ဆံရေးအတွက်သင်တာဖြစ်သလို ကိုးရီးယားစကားတတ်ခြင်းနောက်မှာကပ်ပါလာတဲ့ ဖြစ်တည်မှုသွင်သဏ္ဍာန် (မိုက်တယ်၊ ခေတ်မီတယ်အစရှိသဖြင့်) တွေကို ဖော်ပြချင်လို့လည်း ဖြစ်ကောင်းဖြစ်နိူင်တယ် ဒီနေရာမှာ ဘာသာစကားဟာ ကနဦးက လူတွေကနေပဲတီထွင်ထားတဲ့ အချင်းချင်းကူးလူးဆက်ဆံဖို့တည်ဆောက်ထားတဲ့ သင်္ကေတဝေမျှမှုတစ်ခုဖြစ်ပေမဲ့ ဘာလို့ လူတွေကိုယ်နှိုက်ကိုယ်တိုင်က အဲ့ဒီ social construct ရဲ့အမိန့်ပေးမှုအောက်မှာပြန်လည်စင်းခံလိုက်ကြသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ကျွန်မတို့မြန်မာစကားမှာလည်း ခုနောက်ပိုင်းမှာ အမျိုးသမီး/မိန်းမလို့ ကိုယ့်ကိုယ်ကိုလက်ခံထားတဲ့သူတွေအဖို့ “ကျမ” ဆိုတဲ့နာမ်စားကို စာလုံးပေါင်းပြောင်းပြီးရေးသားးလာကြတာတွေ တွေ့ရပါတယ် “ကျမ”ဆိုတဲ့အသုံးအနှုန်းနောက်က အကြောင်းရင်းကတော့ မူရင်းစာလုံးပေါင်းဖြစ်တဲ့ “ကျွန်မ”ဆိုတာထဲက “ကျွန်”ဆိုတဲ့စကားလုံးကိုမသုံးချင်အားဖြင့် ပုန်ကန်တယ်လို့ အဓိပ္ပါယ်မှတ်ယူလို့ရတယ် တစ်ပြိုင်နက်တည်းမှာလည်း ကျွန်မစာတွေထဲမှာ “ကျမ”လို့ရေးလေ့ရေးထမရှိတဲ့သူတစ်ယောက်အနေနဲ့ ဘာသာစကားရဲ့ အသုံးဝင်မှုဟာ ကူးလူးဆက်ဆံရုံ၊ မိမိဖြစ်တည်မှုကိုဖော်ပြရုံတင်မကဘဲ ဘာသာစကားနဲ့ ဘာသာစကားကိုအသုံးပြုသူကြားက ပျော်ရွှင်မှုစိတ်ခံစားချက်ကိုပါ ကျွန်မဆက်စဉ်းစားမိတယ် ဒါကတော့ “ကျွန်မ”ဆိုတဲ့စကားလုံးမှာ ပုန်ကန်ချင်စရာစကားလုံး “ကျွန်”ပါနေပေမဲ့ မျက်စိအမြင်အရ “ကျွန်မ” ဟာ “ကျမ” လို့ရေးတာထက်ကျွန်မအတွက်ပို ပဿဒဖြစ်စေလို့ပဲ (ဒါက ကျွန်မရဲ့တစ်ကိုယ်ရည်ကြိုက်နှစ်သက်မှုကိုပြောတာပဲ တခြားဘယ်သူ့ကိုမှ “ကျမ”လို့ရေးတာ မှားတယ်လို့ပြောဖို့ဆန္ဒမရှိပါဘူး ဒီဆောင်းပါးတွေကလွဲပြီး တချို့နေရာတွေမှာ “ကျွန်မ” ဆိုတာထက် “ကိုယ်”ဆိုတဲ့ ဂျန်ဒါ neutral လို့ခံစားရတဲ့နာမ်စားကို ကျွန်မပိုသုံးမိပါတယ်) တစ်ပြိုင်နက်တည်းမှာလည်း ကျွန်မစာတွေမှာ ပုဒ်မ ချရတာ ကျွန်မမကြိုက်ပြန်ဘူး အမျှင်မပြတ်နိူင်တဲ့ အတွေးအခေါ်တွေကို ပုဒ်မနဲ့ စည်းဘောင်ခတ်လိုက်သလိုခံစားရလို့ပါပဲ စာရေးသူတစ်ယောက်အနေနဲ့ သူ့စာတွေကနေတဆင့် သူလိုချင်တဲ့သူ့ရဲ့စာရေးသူအသံ (writer’s voice) ကို ဘာသာစကားအသုံးပြုမှုတွေကနေတည်ဆောက်တာမျိုးပါပဲ (language as aesthetics/ideology)

 

ဒီလို ဘာသာစကားအသုံးပြုသူနဲ့ ဘာသာစကားကြားက နှီးနှောမှုတွေ၊ အသုံးပြုသူရဲ့ကြိုက်နှစ်သက်မှု၊ ဘာသာစကားကိုအသုံးပြုပြီး အယူအဆဖော်ပြချက်တွေဟာ လူတစ်ယောက်နဲ့တစ်ယောက်တူချင်မှတူနေမှာပါပဲ ဘာသာစကားဟာ နောက်ဆုံးမှာတော့ အင်မတန်နက်နဲကောင်းနက်နဲပေမဲ့လည်း နောက်ဆုံးမှာ သင်္ကေတစနစ်တစ်ခုပါပဲ အဲ့ဒီသင်္ကေတကိုအသုံးပြုတဲ့သူရဲ့လုပ်ပိုင်ခွင့်အရ ဘယ်လိုပဲဖြစ်ပါ‌စေ ပြောင်းလဲတီထွင်ခွင့်ရှိသင့်တယ်မဟုတ်ဘူးလား သို့ပေသိ ဒီလိုပြောင်းလဲအသုံးပြုတာတွေ၊ အသုံးမပြုတာတွေဟာ ဘယ်အချိန်မှာ ပြဿနာရှိလာသလဲဆိုတော့ သူတို့ဟာ ဘာသာစကားအသုံးပြုသူတစ်ယောက်ကနေ တခြားတစ်ယောက်ကို အတင်းအဓ္ဓမဖိအားပေး (သို့) သူ့ရဲ့ဘာသာစကားအသုံးပြုပုံကြောင့် ခွဲခြားဆက်ဆံလာတဲ့အခါမှာပါပဲ ဒါကို linguistic prescriptivism (ဘာသာစကားအရ အမိန့်ပေးခြင်း) လို့ခေါ်ဝေါ်ကြတယ် မိမိကိုယ်ကို they လို့ပြောဆိုချင်တဲ့သူကို မရဘူး သဒ္ဒါအရ မင်းကတော့ မိန်းမကြီးပဲ၊ ယောင်္ကျားကြီးပဲ အဲ့ဒီတော့ she/he လို့ပဲသုံးရမယ်လို့ ပညတ်ချက်ထုတ်တာဟာ မိမိဖြစ်တည်မှုအရ အဲ့ဒီသူရဲ့ နာမ်စားရွေးချယ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်တာပါပဲ တစ်ပြိုင်နက်တည်းမှာလည်း ဘာသာစကားရဲ့လစ်ဟင်းနေတဲ့ ဂျန်ဒါ non-binary နဲ့ပတ်သက်တဲ့အ‌သုံးအနှုန်းတွေပေါ်ပေါက်ပြောင်းလဲလာဖို့လှုံ့ဆော်ရာမကျဘဲနဲ့ ရှေးရိုးစွဲစည်းကမ်းနောက်ကိုသာလိုက်ပြီး တခြားလူတစ်ယောက်ရဲ့ဖြစ်တည်မှုဖော်ပြပိုင်ခွင့်ကို ပိတ်ပင်လိုက်သလိုမျိုးပါပဲ အကယ်၍ ကျွန်မဟာ ကျွန်မဘာသာ ကျွန်မလို့ရေးရတာ၊ ဖတ်ရတာအဆင်ပြေနေပေမဲ့ စာရေးသူမိန်းမတွေအကုန်လုံး “ကျမ” လို့ရေးတာဟာ စာလုံးပေါင်းမှားနေတယ် “ကျွန်မ” လို့သာရေးရမယ်လို့ အမိန့်ထုတ်ရင် ဒါကလည်း ကျွန်မက နောက်ထပ်လူတစ်ယောက်ရဲ့လွတ်လပ်စွာဖော်ပြခွင့်ကို ပိတ်ပင်လိုက်ရာရောက်တာပါပဲ

 

တစ်ပြိုင်နက်တည်းမှာပဲ ကျွန်မက “ကျွန်မ”လို့ရေးလို့ ကျွန်မဟာ ကျွန်စိတ်ရှိနေသူကြီးလို့ အပေါ်ယံကောက်ယူလို့မရပြန်ပါဘူး (နောက်ထပ်ဥပမာတစ်ခုအရဆိုရင် “နိူင်ငံ” ဆိုတဲ့အရေးအသားကို ကျွန်မဟာကွန်ပြူတာပေါ်မှာရေးရင် နှချောင်းငင်နဲ့ရေးလေ့ရှိတယ် ဒါဟာ ကျွန်မလက်နဲ့စာရေးတဲ့အခါ အမြဲတမ်းချန်ထားလေ့ရှိတဲ့ နငယ်ရဲ့ နဂိုခြေထောက်ကို ကျွန်မမျက်စိထဲကျင့်သားရနေလို့ဖြစ်တယ် ဒါပေမဲ့ ကွန်ပြူတာနဲ့ရေးတဲ့အခါ “နိုင်ငံ” စာလုံးပေါင်းဟာ နငယ်ရဲ့နဂိုခြေထောက်ကိုအလိုလိုဖျောက်ပြီးသားဖြစ်သွားကိုး ဒါကိုကြည့်ပြီး ကျွန်မဟာ “နိူင်ငံ”ဆိုတဲ့စာလုံးပေါင်းသတ်ပုံအမှန်ကိုမသိတဲ့သူလို့ အပေါ်ယံစွပ်စွဲလို့ရသလား? ကျွန်မအမေ “သတိယ” ကို ယပက်လက်နဲ့ ယခြင်းနောက်က သူ့ရဲ့အသက်တစ်လျှောက်ကျင့်သားရနေတဲ့ ဘာသာစကားအသုံးပြုပုံစံတစ်ခုကိုအပေါ်ယံကြည့်ပြီး ကျွန်မအမေ မြန်မာစာလုံးပေါင်းမတတ်ဘူးလို့ ပြောလို့မရသလိုပေါ့ သတ်ပုံအမှန်အမှားဆိုတာ အချိန်နဲ့အလိုက်ရွေ့လျားပြောင်းလဲနေတာဖြစ်တဲ့အတွက် တစ်ချိန်ချိန်မှာ ဘယ်သူမဆို ကိုယ်မသိလိုက်ခင်မှာတင် စာလုံးပေါင်းအမှားကြီးတွေနဲ့ရေးတဲ့သူဖြစ်ကောင်းဖြစ်သွားနိူင်တယ်)

 

ထို့အတူ ဘာသာစကားသုံးစွဲမှုပေါ်မူတည်ပြီး လူအချင်းချင်း အုပ်စုခွဲခြားဆက်ဆံတာတွေဟာ ပြဿနာ‌တွေပါပဲ ဥပမာ – မြန်မာစကားကို ဒုတိယဘာသာစကားအနေနဲ့လေ့လာခဲ့ကြရတဲ့ လူမျိုးစုဝင်တွေရဲ့ မြန်မာစကားလေသံဝဲတာတွေကို လှောင်ပြောင်တာ၊ အညာမြန်မာဘာစကားခွဲကိုပြောဆိုတဲ့သူတွေကို “တောသား/သူ”ဆိုပြီး ကဲ့ရဲ့တာ၊ စာလုံးပေါင်းသတ်ပုံသေသေချာချာမရေးတတ်တဲ့သူတွေ၊ အသံထွက်မှားနေတဲ့သူတွေ၊ စာအရေးအသားအဖြတ်အတောက်”မမှန်”တာတွေကို ပညာမတတ်တဲ့သူတွေသဖွယ် ‌နှိမ်ချပြောဆိုတာတွေ၊ ယောင်္ကျားတစ်ယောက်စကားပြောပုံနဲ့ မိန်းမတစ်ယောက်စကားပြောပုံကြားခွဲခြားသတ်မှတ်ထားတာတွေဟာ ဘာသာစကားကိုအခြေပြုတဲ့ ခွဲခြားဆက်ဆံရေးတွေ (linguistic discrimination သို့ linguiscism) ပါပဲ ဘာသာစကားသုံးစွဲမှုအပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့လူတန်းစား၊ အဆင့်အတန်း၊ ဂျန်ဒါအစရှိတာကို ဘောင်သွင်းပညတ်ချက်ထုတ်ထားတာတွေရှိကြောင့် ဒီအငြင်းပွားမှုတွေကဆက်လက်ဖြစ်နေတယ်လို့ ကျွန်မတော့မြင်မိတယ်

 

ဘာသာစကားပညာရှင်တွေက ဘာသာစကားနဲ့ပတ်သက်လာရင် အမျိုးမျိုးသီအိုရီ‌‌တွေထုတ်ထားကြပါတယ် Massachusetts Institute of Technology က ပါမောက္ခ နိုရမ်ချောင်စကီ (Noam Chomsky) ရဲ့ Universal Grammar (အပြည်ပြည်ဆိုင်ရာသဒ္ဒါ)ဆိုတဲ့သီအိုရီအရ အကြမ်းဖျင်းပြောရရင် လူရယ်လို့ဖြစ်လာရင် သူ့ရဲ့ဦးနှောက်ထဲမှာ ဘာသာစကားတစ်ခုခုကို သင်ကြားတတ်မြောက်နိူင်စွမ်းရှိတယ်ဆိုတဲ့အမြင်ရယ်၊ US West coast ဘက်က ပညာရှင်တွေရဲ့ မနုဿဗေဒနဲ့ရောယှက်တဲ့ ဘာသာ‌စကားဗေဒရိုးရာအမြင်အရ ဘာသာစကားဆိုတာဟာ ဓလေ့ထုံးတမ်းတွေ၊ မိမိရဲ့ဖြစ်တည်မှုတွေကိုဖော်ပြဖို့၊ အချင်းချင်းပေါင်းသင်းကူးလူးဆက်သွယ်ဖို့အချက်အခြာကျတဲ့ရိုးရာသင်္ကေတတစ်ခုဆိုတဲ့ functionalist အမြင်တွေဟာ ဘာသာစကားဆိုတာကို သီအိုရီထုတ်လေ့လာသူတွေအဖို့ အခုချိန်ထိအချင်းချင်းကြားလွန်ဆွဲနေတုန်းပါပဲ

 

ကျွန်မအတွက်ကတော့ လူတွေဟာ မွေးလာကတည်းက ဘာသာစကားပြောဆိုအသုံးပြုနိူင်စွမ်းတွေ ဦးနှောက်အာရုံကြောတွေထဲမှာ ပါလာတယ်ဆိုရင်တောင်မှ ပေါင်းသင်းဆက်ဆံရေး (communication) အတွက်၊ ကျွန်မတို့ရဲ့ဖြစ်တည်မှုတွေကို ဖော်ပြဖို့ (identity expression) အတွက်၊ ကျွန်မတို့နဲ့ ဘာသာစကားအသုံးပြုမှုပုံစံကြားက တစ်ကိုယ်ရည် ရင်းနှီးကျွမ်းဝင်နှီးနှောနှစ်ခြိုက်မှု (‌aesthetics) တွေ၊ ကျွန်မတို့ရဲ့ အယူအဆ‌အတွေးအခေါ်တွေကို မသိမသာသော်လည်းကောင်း သိသိသာသာသော်လည်းကောင်းဖော်ပြချင်တာတွေ (ideology) ကြောင့်သာ ဘာသာစကားဆိုတာဟာ ကျွန်မတို့လူ့အဖွဲ့အစည်းတွေရဲ့ “လေ” လိုမျိုးပဲ မျက်စိနဲ့သာမမြင်မိကြမယ်၊ နေရာတိုင်းမှာပျံ့နှံ့တည်ရှိနေကြတာပါပဲ ငြင်းခုံ‌မှုတွေရှိလာမှသာ ကျွန်မတို့ အဲ့ဒီ “လေ” ကိုသတိထားမိကြတယ် ဘာသာစကားနဲ့ဘာသာစကားအသုံးပြုမှုတွေရဲ့နောက်မှာ ခွာချဖို့ခက်ခဲတဲ့ ကျွန်မတို့လူအဖွဲ့အစည်းရဲ့ ရိုးရာဓလေ့ဖြစ်တည်မှုပညတ်ချက်တွေကပ်ညှိပါဝင်နေတာ‌ကြောင့် ဘာသာစကားနဲ့ပတ်သက်ပြီး ငြင်းခုံချင်စိတ်တွေ၊ ဘယ်ဟာကတော့အမှန်၊ ဘယ်ဟာကတော့အမှားပြောချင်စိတ်တွေ ဘာသာစကားအနည်းဆုံးတစ်ခုလောက်တတ်တဲ့သူတိုင်း (လူတိုင်းပါပဲ) မှာရှိနေဦးမှာပါပဲ

 

လူတိုင်းဟာ ဘာသာစကားတစ်ခုကို အနည်းဆုံးတတ်ကြပါတယ် (sign language ကလည်း ဘာသာစကားပါပဲ) ဘာသာစကားတတ်ကြလို့လည်း အသက်အရွယ်အတိုင်းအတာတစ်ခုအထိ ရှင်သန်နေထိုင်နေကြပြီးပြီမဟုတ်ပါဘူးလား? အဲ့ဒီကျွန်မတို့စကားပြောတတ်စအရွယ်ကတည်းက အခုချိန်ထိ မိမိကိုယ်ကိုဖော်ပြဖို့၊ အများနဲ့ပေါင်းသင်းဆက်ဆံဖို့အသုံးပြုလာတဲ့ဘာသာစကားကိုပဲ အသုံးပြုပြီး အဲ့ဒီဘာသာစကားရဲ့ကျွန်မတို့အ‌ပေါ်နဲ့ ကျွန်မတို့ပတ်ဝန်းကျင်ကသူတွေအပေါ် သက်ရောက်မှုတွေ၊ ပညတ်ချက်တွေ၊ ပတ်သက်မှုတွေ၊ ရောယှက်မှု၊ အမိန့်ထုတ်လိုမှုတွေကိုသာ ပြန်လည်စဉ်းစားဆင်ခြင်တတ်ဖို့ကသာလျှင် ဘယ်စာလုံးပေါင်းမှန်မမှန်၊ ဘယ်အသံထွက်မှားမမှား၊ ဘယ်လိုအဖြတ်အတောက်နဲ့ရေးမရေးဆိုတဲ့ နောက်ဆုံးမှာ အရည်မရအဖတ်မရငြင်းခုံမှုတွေထက် တကယ်တမ်းဘာသာစကားဆိုတာကိုစိတ်ဝင်စားရင် ပိုပြီးစဉ်းစားဆင်ခြင်သင့်တဲ့အလုပ်တစ်ခုဖြစ်မနေပါဘူးလားရှင်

 

ပုံ – ရန်ကုန်မြို့ထဲလမ်း‌ဘေးမှ ဆိုဒ်တူဂိုက်တူမြေအိုးညိုများထဲ တစ်သီးတစ်သန့်ထည့်စိုက်ထားသော်လည်း အသွင်မတူပုံသဏ္ဍာန်မတူပေါက်ရောက်နေကြသောပန်းနီနီများ

 

Chomsky ရဲ့ Universal Grammar အကြောင်းအကြမ်းဖျင်းမိတ်ဆက်

https://practicalpie.com/chomskys-universal-grammar/?fbclid=IwAR09lTSADomg_BzhRUREt4N1XHjp-e6tL9djlJ3frnYYd13vi0MsFfzVAcc

 

Functional Linguistics အကြောင်းအကြမ်းဖျင်းမိတ်ဆက်

https://multimodalityglossary.wordpress.com/functional-linguistics/?fbclid=IwAR1odBCmtUsCJ_XxSuEQlzFEYEzOoI2C0CdEteNNhUtxGoRg0VgXAHfSmTc

 

NPR မဂ္ဂဇင်းမှရေးသားသော ဂျန်ဒါဖြစ်တည်မှုဆိုင်ရာ အခေါ်အဝေါ်များဆိုင်ရာ လမ်းညွှန်

https://www.npr.org/2021/06/02/996319297/gender-identity-pronouns-expression-guide-lgbtq?fbclid=IwAR18H1fC4g5TqimEPtB2I885prc0kXzs67uyuhaXpofqFh3uR0aQm92n88o

 

လွမ်းဆွတ်တမ်းတဖွယ်သဘာဝ

“မြို့ပြကြောင့်စိတ်ညစ်ညူးလာရင် တောထဲခဏလောက်သွားနေလိုက်ရရင် လန်းဆန်းသွားတာပဲ”

ဒါကတော့ လက်ရှိမြို့ကြီးပြကြီးတစ်နေရာမှာနေထိုင်‌နေတဲ့ ကျွန်မအသိတစ်ယောက်က မြို့ပြဘဝကိုငြီးငွေ့လာကြောင်းပြောရင်း မသိမသာနှိုင်းယှဉ်ပြမိတဲ့ မြို့ပြ vs. ကျေးလက်ဆိုတဲ့ ဒွိဟတစ်ခုပါပဲ (သူပြောခဲ့တဲ့လုံးစေ့ပတ်စေ့တော့မဟုတ်ပါဘူး ကျွန်မမှတ်မိသလောက်ပြန်ပြောင်းရေးထားတာပါ) မြို့ပြမှာနေထိုင်နေတဲ့သူတစ်ယောက်အနေနဲ့ သဘာဝတောတောင်ကို လွမ်းဆွတ်အောက်မေ့တဲ့စိတ်ခံစားချက်တစ်ခုပေါ့ သူပြောတဲ့တောဆိုတာကတော့ မြန်မာပြည်တွင်းထဲက တိုင်းရင်းသားလူမျိုးစုတစ်စုနေထိုင်ရာဒေသတစ်ခုပါ

တကယ်တမ်းက nostalgia လို့ခေါ်တဲ့ လွမ်းဆွတ်ဆွေးမြေ့တမ်းတတဲ့စိတ်ခံစားချက်နဲ့ အိမ်ဝေး၊ မိသားစုဝေးတစ်ယောက်ဖြစ်တဲ့ကျွန်မနဲ့ သိပ်မစိမ်းလှပါဘူး

Nostalgia ကို Merriam Webster အဘိဓာန်မှာဒီလိုအဓိပ္ပါယ်ဖွင့်ထားတယ်

“a wistful or excessively sentimental yearning for return to or of some past period or irrecoverable condition. also : something that evokes nostalgia. 2. : the state of being homesick : homesickness.”

“သေသေချာချာလက်ဆုပ်လက်ကိုင်ပြလို့မရပေမဲ့ အတိတ်နေရာကာလတစ်ခု (သို့) ပြန်ပြောင်းရယူနိူင်ခြေမရှ်ိတော့သော အခြေအနေတစ်ခုဆီသို့ (ပြန်လည်ရောက်ရှိရန်) အလွန်အကျွံ တမ်းတအောက်မေ့လွမ်းဆွတ်ခြင်း။ ထိုတမ်းတအောက်မေ့လွမ်းဆွတ်မှုကိုဖော်ကျူးစေသောတစ်စုံတစ်ရာ။ အိမ်လွမ်း‌သောအခြေအနေတစ်ခု၊ အိမ်လွမ်းခြင်း။”

ပြီးခဲ့တဲ့ဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးခဲ့တဲ့ ဒိုင်ရာစပရာ (diaspora) လို့ခေါ်တဲ့ မိမိမွေးဖွားကြီးပြင်းရာ (သို့) မိမိရဲ့ဘိုးဘွားဘီဘင်တွေရဲ့မွေးဖွားကြီးပြင်းရာနေရာဒေသရဲ့ပြင်ပမှာကြီးပြင်းနေထိုင်ကြတဲ့သူတစ်ယောက်အနေနဲ့ “အိမ်”ဆိုတာကို လွမ်းဆွတ်အောက်မေ့သတိရတဲ့စိတ်ခံစားချက်ဆိုတာနဲ့ ကျွန်မနဲ့သိပ်မစိမ်းလှပါဘူး ဒီနေရာမှာ အိမ်လွမ်းတယ်ဆိုတာဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်ခံစားချက်ဆိုတာထက် ဒိုင်ရာစပရာတစ်ခုရဲ့စိတ်ခံစားချက်ရိုးရာဓလေ့တစ်ခုအနေနဲ့ သုတေသနပြုလေ့လာထားကြတာတွေ အခုချိန်မှာ အများကြီးရှိနေပါပြီ

ကျွန်မတို့မြန်မာလူမှုအသိုင်းအဝိုင်းမှာတော့ စိတ်ခံစားချက်လို့ဆိုရင်ကို လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့၊ ရိုးရာဓလေ့နဲ့လားလားမျှမဆိုင်တဲ့၊ နိူင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိတဲ့ အစိုင်အခဲလူမှုပြဿနာတွေနဲ့ ရေနဲ့ဆီလို့ကွာခြားနေတဲ့ကိစ္စတစ်ခုလို့ တော်တော်များများကမှတ်ယူလေ့ရှိကြတယ် “နိူင်ငံရေးစကားပြောရင် စိတ်ခံစားချက်တွေမလွန်ကဲစေနဲ့”ဆိုပြီး စိတ်ခံစားချက်ရှိတာ/ရှိနေတာကိုဖော်ပြတာ၊ သိသာစေတာဟာ မကောင်းတဲ့အချက်တစ်ချက်သဖွယ် ပြောဆိုပြုမူလေ့ရှိကြတယ် (Freedom Fighter ရဲ့ ဂျူလိုင် ၁၁ ရက်ထုတ် newsletter ထဲကစာသားလိုပေါ့လေ “ခုလက်ရှိမြေပြင်မှာတွေ့နေရတဲ့ တော်လှန်ရေးလှုပ်ရှားမှုအများစုဟာ ခံစားချက်တွေကို ရှေ့တန်းတင်နေကြတာများပါတယ်။ ဒါကြောင့်လည်း အောင်မြင်မှုရတန်သလောက်မရတာလို့ ကောက်ချက်ချရင်ချနိုင်ပါတယ်။ ကျနော်တို့ရဲ့အခုလက်ရှိတော်လှန်ရေး မြန်မြန်အောင်မြင်ဖို့ဆို ခံယူချက်တွေကို ရှေ့တန်းတင်ဖို့အင်မတန်လိုအပ်ပါတယ်။” ဆိုသလိုပေါ့ တော်လှန်ရေးမှာ စိတ်ခံစားချက်တွေဘေးဖယ်ဆိုတာ ခဏခဏကြားလာရတာပဲ)

စိတ်ခံစားချက်ဆိုတာကို အနောက်တိုင်းလူဖြူစိတ်ပညာလိုမျိုး စိတ်ဆိုတာလူတစ်ဦးတစ်ယောက်ချင်းစီရဲ့ကိုယ်တွင်းထဲမှာဖြစ်နေတဲ့ပြဿနာလို့မှတ်ယူတာထက် စိတ်ခံစားချက်တွေဟာလည်း ခန္ဓာကိုယ်ဘောင်ဒရီတွေကိုကျော်လွန်ပြီး အများနဲ့ဆိုင်ရာ၊ ရိုးရာဓလေ့ဖန်တီးသူ/ရိုးရာဓလေ့အပေါ်သက်ရောက်မှုရှိသူဆိုတဲ့ယူဆချက်ကို ပိုမိုသဘောကျတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မအတွက် လွမ်းဆွတ်တမ်းတခြင်းလိုမျိုးစိတ်ခံစားချက်ဟာ လူတစ်ယောက်ကနေပဲခံစားရုံနဲ့ပြီးသွားတာမဟုတ်ဘဲ လူတစ်အုပ်စု၊ ဓလေ့တစ်ခုအပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတာကို စိတ်ဝင်စားမိပါတယ် ဥပမာ – ဘာလို့ ဒိုင်ရာစပရာထဲကသူတွေတော်တော်များများဟာ အိမ်လွမ်းတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ခံစားကြရတာလဲ? (ပြီးခဲ့တဲ့လတွေထဲက အမေရိကန်ရောက် ချင်းတရုတ်အ‌မေရိကန်ဒိုင်ရာစပရာထဲက ကျွန်မရဲ့ကျောင်းသူတစ်ဦးဖြစ်တဲ့ ကတ်သရင်းရဲ့သူ့မိသားစုသူပြန်‌လေ့လာသုံးသပ်ထားတဲ့ ဒိုင်ရာစပရာလွမ်းဆွတ်ခြင်းသုတေသနအရေးအသားတစ်ခုရဲ့လင့်ခ်ကို အောက်မှာထည့်ပေးထားပါတယ်)

နောက်ပြီးတော့ စိတ်ခံစားချက်တွေကို ဘာလို့ မိန်းမဖြစ်တည်မှု/မိန်းမဆန်မှုနဲ့ ချိတ်ဆက်စဉ်းစားလေ့ရှိတာလဲဆိုတာကိုလည်း ကျွန်မစိတ်ဝင်စားမိတယ် ဥပမာ – အထက်ကရေးခဲ့သလို နိူင်ငံရေးမှာ စိတ်ခံစားချက်တွေမရောထွေးစေနဲ့ဆိုတဲ့အဆိုရဲ့နောက်ကွယ်မှာ နိူင်ငံရေး/နိူင်ငံရေးသမားဆိုတဲ့ပြယုဂ်မှာ ဖိုဆန်ခြင်းတွေဘယ်လောက်နှစ်မြှုပ်ပါဝင်နေသလဲဆိုတာ လှစ်ဟာပြနေတယ် မနုဿဗေဒသမားတစ်ယောက်အနေနဲ့ ကျွန်မဟာ လူတွေကိုစိတ်ဝင်စားတယ် လူတွေရဲ့လုပ်ရပ်တွေကိုစိတ်ဝင်စားတယ် ဘာလို့ အဲ့လုပ်ရပ်တွေကိုလုပ်လိုက်တာလဲ၊ မလုပ်တာလဲဆိုတာစိတ်ဝင်စားတယ် အဲ့တော့ လူဖြစ်ခြင်းရဲ့အဓိကအချက်တစ်ချက်ဖြစ်တဲ့ ခံစားခြင်းဆိုတာကို ဘေး‌ဖယ်ထားဆိုတာ ကျွန်မအတွက်ဘယ်လိုမှ အဓိပ္ပါယ်မရှိတဲ့တောင်းဆိုချက်ကြီးတစ်ခုဖြစ်နေတယ် ဓမ္မဓိဌာန်ကျကျစဉ်းစားဆုံးဖြတ်ရမယ်ဆိုတဲ့နိူင်ငံရေးဆိုတာတောင်မှ သေသေချာချာစဉ်းစားကြည့်ရင် စိတ်ခံစားချက်တွေ အနည်းနဲ့အများရှိနေတာပဲမဟုတ်ဘူးလား? ထုတ်ဖော်ပြမလား၊ မပြဘူးလားသာကွာသွားပါတယ် (ဒီနေရာမှာ နိူင်ငံရေးသမားတစ်ယောက်အနေနဲ့ စိတ်ခံစားချက်တွေကို သိုဝှက်ထားရင်ကို ကျွန်မတို့ကပိုအားပေးတယ်၊ ယုံကြည်ကြတယ် အဲ့ဒါဘာလို့လဲ? စိတ်ခံစားချက်မရှိတာနဲ့ လူတစ်ယောက်ရဲ့ယုံကြည်စိတ်ချရမှုအတိုင်းအတာကမြင့်တက်သွားတာလား?)

ဒါက စိတ်ခံစားချက်တွေနဲ့ပတ်သက်လာရင် ကျွန်မခံစားမိတာကို အရင်ပြောပြတာပါ ဒီနေ့ဆောင်းပါးမှာ တကယ်တမ်းသုံးသပ်ချင်တာက အထက်ကပြောခဲ့သလို (ဒိုင်ရာစပရာအိမ်လွမ်းခြင်းလိုမျိုး) ရိုးရာဓလေ့လူအုပ်စုတစ်ခုအလိုက် လွမ်းဆွတ်တမ်းတမှုအမျိုးမျိုးရှိတဲ့ကြားကမှ အခုကျွန်မတို့ မော်ဒန်ခေတ်မှာ ကျွန်မခဏခဏကြားလာရတဲ့ တောတောင်သဘာဝကိုလွမ်းဆွတ်အောက်မေ့ခြင်းဆိုတဲ့ လူထုစိတ်ခံစားချက်တစ်မျိုးအကြောင်းနဲ့ အဲ့ဒီ့လူထုစိတ်ခံစားချက်ကတော့ ဘယ်လောက်တောင်ကျွန်မတို့ရဲ့‌အမှုန်အမွှားနိူင်ငံ‌ရေးတွေနဲ့ရောထွေးဆက်စပ်နေသလဲဆိုတာပါပဲ တောတောင်သဘာဝကိုလွမ်းဆွတ်အောက်မေ့ခြင်းဆိုတာ စက်မှုတော်လှန်ရေးပြီး ကမ္ဘာတစ်ဝှမ်းမှာမြို့ပြဓလေ့ထွန်းကားလာပြီးနောက် လူတွေဟာမြို့ပေါ်နေလူတန်းစားဖြစ်လာရာကနေ အခုတစ်ခါ တောတောင်သဘာဝပတ်ဝန်းကျင်ပျောက်ဆုံးမှု (သို့) သဘာဝပတ်ဝန်းကျင်နဲ့ဝေးကွာလာရာက သဘာဝပတ်ဝန်းကျင်ကိုပြန်‌လည်အောက်မေ့တမ်းတမှုခံစားချက်ကိုဆိုလိုတာပါ

ဒီနေရာမှာ nostalgia ကို တချို့ပညာရှင်တွေ (အထူးသဖြင့် နိူင်ငံရေးသိပ္ပံသမားတွေနဲ့ စိတ်ပညာရှင်တွေက) အန္တရာယ်ရှိကောင်းရှိနိူင်တဲ့စိတ်ခံစားချက်လို့ ယူ‌ဆလေ့ရှိပေမဲ့ ကျွန်မအတွက်က nostalgia ဟာ ကျွန်မတို့လူမှုအသိုင်းအဝိုင်းထဲက စကားနဲ့ထုတ်ဖော်ပြောလေ့မရှိတဲ့အခြေအနေအဖြစ်အပျက်တွေကို လှစ်ဟာပြတယ်လို့ ခံစားမိတယ် ကျွန်မကိုယ်တိုင်လည်း အိမ်ဝေးသူတစ်ယောက်အနေနဲ့ မိုးရွာတိုင်း၊ မြေသင်းနံ့လေးရှူမိတိုင်း မြန်မာပြည်ကိုလွမ်းမိတာဟာ ကျွန်မကို စိတ်မနှံ့တဲ့လူတစ်ယောက်အနေနဲ့သတ်မှတ်ရလောက်တဲ့အထိ ပြဿနာရှိတယ်လို့တော့မထင်မိပါဘူး တခြားသော လူမှုသိပ္ပံပညာရှင်တွေကတော့ လွမ်းဆွတ်တမ်းတခြင်းဆိုတာ တကယ်တော့ အတိတ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အခြေအနေတစ်ခုကို ပြန်လည်သတိရတာမျိုးမဟုတ်ဘဲ တကယ်မဖြစ်ပျက်ခဲ့တဲ့အခြေအနေတစ်ခုကို စိတ်ကအောက်မေ့လွမ်းဆွတ်တယ်လို့ဆိုပြန်ပါတယ် ဆိုလိုချင်တာက မိုးရွာတိုင်း ကျွန်မစိတ်ကမြန်မာပြည်ကိုသတိရတယ်ဆိုပါစို့ ဒါပေမဲ့မြန်မာပြည်ရဲ့ ဘယ်နေရာ၊ ကျွန်မဘဝရဲ့ဘယ်အခိုက်အတန့်ကို အတိအကျသတိရတယ်ဆိုတာ သေသေချာချာထောက်ပြလို့မရသလိုမျိုးပေါ့ အဲ့ဒါကြောင့်လည်း အဘိဓာန်မှာ “လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့”အချက်ကိုထည့်သွင်းဖော်ပြထားရတာပဲ အကြမ်းဖျင်းဆိုရရင် လွမ်းဆွတ်အောက်မေ့တာဟာ မမ်မိုရီအတိအကျတစ်ခုကို သတိရတာနဲ့မတူဘူးဆိုတာပဲ

Nostalgia ကို ကျွန်မတို့ ဒီလိုအကြမ်းဖျင်းနားလည်ကြည့်ရင် အပေါ်က ကျွန်မဆွေးနွေးချင်တဲ့ မြို့ပြနေလူတန်းစားရဲ့တောတောင်သဘာဝကိုပြန်လည်အောက်မေ့ခြင်းဆိုတာကို ကျွန်မတို့ဘယ်လိုနားလည်ကြည့်လို့ရမလဲ?

အထက်က ကျွန်မမိတ်ဆွေပြောခဲ့သလို သဘာဝတောတောင်ကို လွမ်းဆွတ်အောက်မေ့ဖို့ဆိုတာ မြို့ပြ‌မှာနေထိုင်ရတာ မွန်းကျပ်တယ်၊ မလွတ်လပ်ဘူး၊ လူတွေဟာ ကောက်ကျစ်တယ်၊ ကားပိတ်တယ်၊ လေထုကမသန့်ရှင်းဘူး၊ နေထိုင်စရိတ်ဈေးကြီးတယ်၊ ဘဝက မြန်မြန်ဆန်ဆန်လည်ပတ်နေတယ်၊ တစ်ဖက်မှာတော့ သဘာဝလေဟာ လတ်ဆတ်တယ်၊ တောတောင်ဘဝဟာ နှေးကွေးတယ်၊ စားဖို့သောက်ဖို့ဆိုတာ သဘာဝတောတောင်က လွယ်လင့်တကူထောက်ပံ့ပေးတယ်အစရှိတဲ့ မြို့ပြနဲ့သဘာဝကိုဆန့်ကျင့်ဘက်ပြုမှသာလျှင် ခံစားလို့ရနိူင်တဲ့ တမ်းတအောက်မေ့ခြင်းတစ်မျိုးမဟုတ်ဘူးလား? ရှင်းအောင်ပြောရရင် မြို့ပြဆိုတာကို သဘာဝရဲ့ဆန့်ကျင့်ဘက်လို့မြင်မှသာ မြို့ပြမှာနေထိုင်နေတဲ့ ကျွန်မတို့က သဘာဝကိုလွမ်းဆွတ်လို့ရနိူင်မယ်လေ (ဒါကတော့ ကျေးလက်မှာမွေးဖွားကြီးပြင်းတဲ့သူမဟုတ်ရင်ပေါ့ ကျေးလက်မှာမွေးဖွားပြီး လက်ရှိမြို့ပြမှာပြောင်းရွှေ့နေထိုင်နေသူဆိုရင် ဒီလွမ်းဆွတ်မှုက ဒိုင်ရာစပရာလွမ်းဆွတ်မှုတစ်မျိုးလည်းဖြစ်‌ကောင်းဖြစ်နိူင်ပါတယ်) တစ်ချိန်တည်းမှာလည်း ကျေးလက်တောရွာကသူတွေအဖို့ကျတော့ (အကုန်လုံးတော့မဆိုလိုပါဘူး) ဘာလို့ မြို့ပြကိုတမ်းတအောက်မေ့ကြရတာလဲ?

အဖြူအမည်းဒွိဟတွေကိုမနှစ်မြို့တဲ့ဖီမီနင့်တစ်ယောက်အနေနဲ့ ကျွန်မအတွက်က ဒီ မြို့ပြ vs. သဘာဝဆိုတဲ့ dichotomy ကိုလည်း သိပ်မနှစ်မြို့လှပြန်ပါဘူး ဘာလို့လဲဆိုတော့ သဘာဝကိုတမ်းတလွမ်းဆွတ်ခြင်းရဲ့နောက်မှာ ကျွန်မတို့ တိတိလင်းလင်းဖွင့်မပြောနေတဲ့ လူတန်းစားမညီမျှမှုတွေ၊ သဘာဝကိုလွန်‌လွန်ကျူးကျူး တန်ဆာပလာပြုမှု (fetishization) တွေရှိနေလို့ပဲ

ပထမအချက်ဖြစ်တဲ့ လူတန်းစားမညီမျှမှုအနေနဲ့ လက်ရှိမြို့ပြမှာနေထိုင်နေတဲ့ ကျွန်မမိတ်ဆွေလိုလူမျိုးတွေကသာလျှင် သဘာဝတောတောင်ကို လွမ်းဆွတ်တတ်လေ့ရှိကြတာမဟုတ်ဘူးလား? တစ်စုံတစ်ခုကို လွမ်းဆွတ်ဖို့ဆိုတာ အဲ့ဒီ့တစ်စုံတစ်ခုနဲ့အရင်ဆုံးဝေးကွာနေဖို့လိုအပ်တယ်လေ အဲ့ဒီ့တော့ သဘာဝကိုလွမ်းဆွတ်ဖို့ဆိုရင် သဘာဝနဲ့ကင်းကွာနေရမယ်မဟုတ်ဘူးလား? တကယ်တမ်းတောတောင်ကျေးလက်ဒေသမှာနေနေကြတဲ့သူတွေအဖို့ သဘာဝဟာ အရောင်တလက်လက်တောက်နေတဲ့တမ်းတမက်မောဖွယ်ရာဟုတ်ရဲ့လား? ဒီအဖြေကို လက်ရှိကျေးလက်ဒေသမှာနေထိုင်ကြီးပြင်းတဲ့သူတစ်ယောက်မဟုတ်တဲ့အတွက် ကျွန်မအတိအကျအဖြေမပေးနိူင်ပါဘူး ဒါပေမဲ့ မိမိနေထိုင်ရာနေရာဒေသအလိုက် စားဝတ်နေရေးအတွက် နိစ္စဒူဝကျင်လည်နေရတဲ့သူတစ်ယောက်အဖို့ အဲ့ဒီနေ့စဉ်ဘဝဟာ romanticize လုပ်စရာရှိသေးရဲ့လား? လူ့သဘောသဘာဝအရ ဟိုဘက်ခြံကမြက်ကပိုစိမ်းနေတတ်တာပဲလား? (အဲ့ဒါကြောင့်လည်း အခုဆိုရင် Romanticize your life (မိမိဘဝကိုမိမိစိတ်ကူးယဉ်ပါ) ဆိုပြီး influencers တွေစလိုက်တဲ့ social media trend တစ်ခုပေါ်လာတာပဲမဟုတ်ဘူးလား?) ကျွန်မပြောချင်တာက ကျေးလက်ဒေသတောတောင်ဆိုတာ ခဏတာသွားရောက်လည်ပတ်သူတွေအတွက်သာ ပျော်မွေ့စရာကောင်းတဲ့နေရာတစ်ခုဖြစ်နေနိူင်တယ်ဆိုတဲ့အချက်ပါပဲ

ဒီအချက်ကို ခရီးသွားခြင်းနဲ့ အကျယ်တဝင့်နှိုင်းယှဉ်စဉ်းစားကြည့်နိူင်တယ် ဥပမာ – ကျွန်မတို့ နေရာတစ်နေရာကို ခရီးလည်ပတ်သွားလာတယ်ဆိုရင် အဲ့ဒီနေရာမှာနေထိုင်တဲ့သူတွေရဲ့နေ့စဉ်ဘဝဆိုတာ ကျွန်မတို့အတွက်အသစ်အဆန်းဖြစ်နေနိူင်တယ် ကျွန်မတို့ကိုချုပ်နှောင်ထားတဲ့ နေ့စဉ်တာဝန်ဝတ္တရားတွေကနေ ခရီးဟာခဏလွတ်လပ်ခွင့်ပေးတယ် အဲ့ဒီ့တော့ စိတ်ကပျော်မွေ့တယ် တကယ်တမ်းအဲ့ဒီမြို့၊ ဒေသမှာသာအခြေချနေထိုင်မယ်ဆိုရင် ပျော်မွေ့တယ်ဆိုတဲ့ စိတ်ခံစားချက်ကပြောင်းလဲသွားမှာပါပဲ ထို့အတူပဲ မြို့ပြမှာနေထိုင်တဲ့သူတစ်ယောက်အနေနဲ့ ကားကျပ်တာ၊ ဘတ်စ်ကားစီးရတာ၊ အိမ်လခဈေးကြီးတာတွေဟာ မွန်းကျပ်တဲ့အချက်တွေဖြစ်ပေမဲ့ ကျေးလက်မှာနေတဲ့သူတွေအဖို့ လယ်ထွန်တာ၊ သားကောင်လိုက်တာ၊ ရေခပ်တာ၊ ထင်းခွေတာဟာ သူ့နေရာဒေသအလိုက်သူမွန်းကျပ်စရာဖြစ်ကောင်း‌ဖြစ်နေနိူင်တာပဲ

မေးစရာက ကျေးလက်ဟာငြိမ်းချမ်းတယ်၊ ရိုးရှင်းတယ်ဆိုရင် ဘာကြောင့် ကျေးလက်ကလူတွေက မြို့ပြကိုမှ ပြောင်းပြန်အောက်မေ့တမ်းတရတာလဲ?

မြို့ပြကလူတွေက ကျေးလက်ကိုအောက်မေ့တမ်းတနေချိန်မှာ ကျေးလက်ကလူတွေက မြို့ပြဟာ သူတို့ဘဝတိုးတက်ဖို့ အခွင့်အလမ်းပေးနိူင်မယ်လို့ ဘာလို့ထင်ကြသလဲ?

ကျေးလက်ကလူတွေက တုံးလို့၊ မြို့ပြရဲ့မွန်းကျပ်မှုဒဏ်ကိုနားမလည်သေးလို့လို့တော့ ကျွန်မတို့ တစ်ဖက်သတ်ဆိုလို့မရပါဘူး အဲ့တော့ ကျွန်မထောက်ပြချင်တာက မော်ဒန်လူသားတွေအနေနဲ့ အထူးသဖြင့်ကျေးလက်ဒေသမှာ မွေးဖွားကြီးပြင်းတဲ့သူလည်းမဟုတ်ဘဲနဲ့ သ‌ဘာဝတောတောင်ကျေးလက်ဆိုတာကို ကျွန်မမိတ်ဆွေပြောသလို စိတ်ငြီးငွေ့လာရင် အပန်းသွားဖြေစရာနေရာတစ်ခုလို့သတ်မှတ်ခြင်းရဲ့နောက်က လူတန်းစားမညီမျှမှု၊ မိမိမှာမရှိတာကိုအတင်းကာ‌ရောချီးမြှောက်မှုတွေကနေအခြေခံလာတဲ့ လွမ်းဆွတ်တမ်းတမှုတစ်ခုပဲဆိုတာပါပဲ ကျေးလက်တောတောင်ကိုလွမ်းဆွတ်တမ်းတမှုဟာ မြို့ပြမှာနေထိုင်နိူင်ခြင်းဆိုတဲ့မော်ဒန်ခေတ်ကာလရဲ့အခွင့်ထူးခံစားခွင့်တစ်ခုကနေမွေးဖွားလာတဲ့ခံစားချက်လို့ ကျွန်မကတော့မြင်မိတယ် ဥပမာ – လူဖြူတွေအနေနဲ့သူတို့နိူင်ငံတွေရဲ့မော်ဒန်ဘဝကိုစိတ်ကုန်လို့ မြန်မာပြည်လို၊ အင်ဒိုနီးရှားလို၊ ဗီယက်နမ်လို၊ မက်ဆီကိုလို၊ ချီလီလို “သဘာဝနဲ့ပိုနီးစပ်တယ်”ဆိုတဲ့ကမ္ဘာ့တောင်ပိုင်းက‌နိူင်ငံတွေဆီ သူတို့ရဲ့အလွယ်တကူနိူင်ငံကူး‌ပြောင်းနိူင်ခြင်း၊ လူဖြူသဘောတရားအစရှိတဲ့ အခွင့်ထူးခံစားမှုတွေကိုမှပြန်လည်မသုံးသပ်ဘဲ သဘာဝနဲ့နီးစပ်ချင်လို့ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ရွှေ့ပြောင်းနေထိုင်ကြသလိုမျိုးပါပဲ

ဒီအချက်နဲ့ပဲဆက်စပ်နေတာကတော့ သဘာဝကိုလွမ်းဆွတ်အောက်မေ့မှုတွေထဲမှာ “သဘာဝ”ဆိုတာကို လွန်လွန်ကဲကဲတန်ဆာပလာပြုမှုတွေရှိနေတဲ့အချက်ပါပဲ ဒါကတော့ သဘာဝဆိုတာကို ကျွန်မတို့နေထိုင်ရာအနီးအနားမှာရရှိတွေ့ရှိခံစားနိူင်တဲ့အရာတစ်ခုမဟုတ်၊ အဝေးတစ်နေရာကအရာတစ်ခုလို့မြင်ယောင်ဖို့ဆိုတာ ကျွန်မတို့ မြို့ပြမှာနေထိုင်နေကြသူတွေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကို သဘာဝမဟုတ်ဘူးလို့ ကနဦးယူဆမှသာလျှင်ရမယ်ဆိုတဲ့အချက်ပဲ

သဘာဝကို ကျွန်မတို့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ?

သဘာဝဟာ အပင်တွေလား? အကောင်ပလောင်တွေလား? သဘာဝမှာ တိုက်တွေ၊ ကားတွေမပါဘူးပေါ့? သဘာဝမှာ ဘာတွေပါလဲ?

သဘာဝဟာ ဘာလဲ?

လူမှုသိပ္ပံပညာရှင်စကားဝိုင်းတွေမှာ‌တော့ ecological nostalgia လို့ခေါ်တဲ့ သဘာဝဂေဟစနစ်ကိုလွမ်းဆွတ်တမ်းတမှုဟာ “သဘာဝ”နဲ့ကင်းကွာနေတဲ့သူတွေအဖို့ မိမိပတ်ဝန်းကျင်ကို သဘာဝလို့မမြင်ဘဲ မိမိနေထိုင်ရာကနေထွက်ပြေးလိုမှု (escapism)ကနေအစပြုတယ်လို့ဆိုကြတယ် ဒါဟာ အထက်က nostalgia ကိုအဓိပ္ပါယ်ဖွင့်ဆိုပုံနဲ့ခပ်ဆင်ဆင်ပဲ တကယ်တမ်းလက်ဆုပ်လက်ကိုင်ပြလို့မရတဲ့အရာတစ်ခုကို အောက်မေ့တမ်းတခြင်းပေါ့လေ အဲ့အတိုင်းပဲ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ သဘာဝကို မြို့ပြနေကျွန်မတို့ကအောက်မေ့ကြတာပေါ့လေ (ကျွန်မအတွက်ကတော့ nostalgia ကိုထွက်ပြေးလိုမှုလို့ပဲ ရိုးရိုးရှင်းရှင်းတော့ အဓိပ္ပါယ်မဖွင့်ချင်ပါဘူး မြို့ပြနေလူတန်းစားဟာ တောတောင်ဆိုတာကိုတန်ဆာပလာပြုလွမ်းဆွတ်လာခြင်းရဲ့နောက်ကတွန်းအားတွေကိုလည်း စိတ်ဝင်စားမိပါသေးတယ်)

အမေရိကမြောက်ပိုင်းမှာတော့ သဘာဝကိုလွမ်းဆွတ်ကြတဲ့သူတွေဟာ သဘာဝတင်မကဘဲ primitive culture လို့သူတို့ခေါ်ကြတဲ့ ကမ္ဘာကနဦးလူသားနေထိုင်မှုရိုးရာဓလေ့‌အချိန်ကာလတစ်ခုဆီပြန်ပြောင်းအောက်မေ့နေထိုင်ချင်ကြတဲ့သူ လူဖြူတွေများတယ် သူတို့ဟာသူတို့ကိုယ်သူတို့ primitivists လို့ခေါ်ကြပြီး ဟိုးကမ္ဘာတည်စက လူသားတွေလိုမျိုးဘဝနေထိုင်မှုမျိုးကို နေ့စဉ်နေထိုင်ကြတယ်၊ မြို့ပြကိုစွန့်ခွာပြီး တောခိုတယ်၊ သားကောင်လိုက်တယ်၊ ငါးဖမ်းတယ်၊ အိမ်ကိုယ့်ဘာသာဆောက်တယ်၊ မီးကိုယ့်ဘာသာမွှေးတယ် အစရှိသဖြင့်ပေါ့ ဒီနေရာမှာ အထက်အချက်နဲ့ပြန်ချိတ်ဆက်ရရင် ဘာလို့ primitivists တော်တော်များများဟာ လူဖြူတွေပဲဖြစ်နေရတာလဲ? ကမ္ဘာတစ်ဝှမ်းမှာ ခေတ်နောက်ပြန်ဆွဲနေပါတယ်ဆိုတဲ့လူ့အသိုင်းအဝိုင်းတွေကို အတင်းအဓ္ဓမဝင်ရောက်ကျူးကျော်ဖျက်ဆီးပြီးနောက် အခုလူဖြူတွေကသာ တစ်ဖန် “သဘာဝ”ဆိုတာကို ပြန်လည်အောက်မေ့ကြပြန်တယ် ဒီလိုသဘာဝကိုရှေ့တန်းတင်ပြီးဖက်ဆစ်ဆန်ဆန်ပြုကျင့်တဲ့အရွေ့တွေ၊ အယူအဆတွေကို အီကိုဖက်ဆစ်စနစ် (ecofascism) လို့ခေါ်ဝေါ်သုံးသပ်ကြပါတယ် ဒီလို သဘာဝပျက်သုဉ်းလာမှုကိုရှေ့တန်းတင်ပြီး လူဖြူတွေကကမ္ဘာကြီးပူနွေးလာပြီး သားကောင်တွေမျိုးတုန်းလာပြီအစရှိသဖြင့် ကမ္ဘာကြီးကျန်းမာစဉ်ကာလတစ်ခုကို ပြန်လည်လွမ်းဆွတ်ကြပြန်တယ် တစ်ခါတစ်လေလွမ်းဆွတ်ရုံတင်မက သဘာဝအတွက်လို့ခေါင်းစဉ်တပ်ပြီးဖက်ဆစ်စနစ်ကိုကျင့်သုံးလာကြတာတွေရှိလာပါပြီ ဒါပေမဲ့သူတို့ကသာလျှင် (သူတို့ရဲ့ဘိုးဘွားဘီဘင်တွေကသာလျှင်) ကမ္ဘာကိုဖျက်ဆီးခဲ့သူများမဟုတ်ဘူးလား?

ဖီမီနင့်မနုဿဗေဒပညာရှင်တွေအဖို့ သဘာဝဟာ မ,ပြုခြင်းကိုခံခဲ့ရပြန်တယ်တဲ့ ဒါကတော့ သဘာဝဆိုတာကို အထူးသဖြင့်ကိုလိုနီခေတ်မှာ မ,သဘောတရားတစ်ခုအနေနဲ့မြင်ယောင်ပြုကျင့်ခြင်းခံခဲ့ရတယ် သဘာဝကို မ,သဘောတရားလို့ယူဆတာဟာ သဘာဝဟာ ထိန်းချုပ်ဖို့ခက်ခဲတယ်၊ သဘာဝမှာ မျက်စိနဲ့မမြင်နိူင်တဲ့အားအင်တွေရှိနေတယ်၊ အဲ့ဒီ့သဘာဝရဲ့အရင်းအမြစ်တွေကို လူသားတွေအနေနဲ့ထိန်းချုပ်ဖို့ကြိုးပမ်းရမယ်၊ ထိန်းချုပ်ရမယ်လို့ယူဆတဲ့သဘောတရားပဲ ဘာလို့ မ,သဘောတရားလို့ဆိုရလဲဆိုရင် ဂျန်ဒါအလိုက် femininity လို့ခေါ်တဲ့မ,သဘောတရားတွေဟာ လူသားမျိုးနွယ်စုတွေရဲ့အမြင်မှာ အင်အားကြီးသလို ကစဉ့်ကလျားဖြစ်တယ်လို့ထင်ကြလို့ပဲ မိန်းမတွေရဲ့နောက်ထပ်မျိုးဆက်ပွားရေးကိုပြုလုပ်နိူင်တဲ့ ဇီဝပါဝါဟာ အင်အားကြီးတယ်၊ အဲ့ဒါကြောင့် ထိန်းချုပ်ဖို့လိုအပ်တယ်လို့ ဝီရသူတို့လိုနိူင်ငံရေးသမားတွေကလက်ခံကြသလို သဘာဝဟာ မထိန်းချုပ်တတ်ရင် အန္တရာယ်ပေးနိူင်တယ်လို့ မော်ဒန်သမားတွေကလက်ခံခဲ့ကြတယ် အဲ့ဒါကြောင့်လည်း သဘာဝ‌နဲ့ပတ်သတ်လာရင် မ,သဘောတရားကိုညွှန်းဆိုတဲ့စကားလုံးတွေ၊ နာမ်စားတွေနဲ့ခေါ်ဝေါ်သမုတ်ကြတယ် ဥပမာ – ဘာလို့သဘာဝဘေးအန္တရာယ်တိုင်းရဲ့နာမည်ဟာ မ,နာမည်တွေဖြစ်နေရတာလဲ? မ,သဘောတရားကိုယ်နှိုက်ကိုက ရမ်းကားတတ်လို့လား? မ,ဖျက်ရင်ပြည်ပျက်တယ်ပေါ့လေ (ဒီလို သဘာဝနဲ့ မ,သဘောတရားချိတ်ဆက်မှုတွေကို ဖီမီနင့်ဇင်ရဲ့အခွဲတစ်ခုဖြစ်တဲ့ အီကိုဖီမီနင့်ဇင့် (ecofeminism) နဲ့ပတ်သက်တဲ့စာတွေမှာဆက်လေ့လာနိူင်ပါတယ်)

တစ်ချိန်တည်းမှာလည်း သဘာဝရဲ့အခြားတစ်ဖက်မှာတော့ culture လို့ခေါ်တဲ့ ကျွန်မတို့က “ယဉ်ကျေးမှု” လို့ဘာသာပြန်ကြတဲ့ ဖို,သဘောတရားရှိနေတယ် သဘာဝဟာ ခန့်မှန်းရခက်၊ ကစဉ့်ကလျားကမှူးရှူးထိုးရှိသလောက် ယဉ်ကျေးမှုဟာ သိမ်မွေ့တယ်၊ ဓမ္မဓိဌာန်ကျတယ်အစရှိတဲ့ ဒွိဟရဲ့တစ်ဖက်ခြမ်းက ဖို,သဘောတရားပေါ့ ဒီဂျန်ဒါသဘောတရားတွေဟာ ကမ္ဘာကနဦးတည်ဆောက်ပုံတွေနဲ့ ကိုလိုနီကျူးကျော်မှုတွေရဲ့အရင်းခံ‌အကြောင်းတရားတွေအနေနဲ့ကျွန်မတို့တွေ့မြင်နိူင်တယ် ကိုလိုနီတွေရဲ့နယ်ချဲ့ရခြင်းအကြောင်းရင်းတော်တော်များများဟာ သူတို့ကျူးကျော်တဲ့လူစုတစ်စုဟာ ရိုင်းစိုင်းတယ်၊ ခန့်မှန်းရခက်တယ်၊ ကစဉ့်ကလျားဖြစ်နေတယ်ဆိုတဲ့ (တကယ်တမ်းတော့အခြေအမြစ်မရှိတဲ့) အကြောင်းရင်းခံတွေကစတာပဲလေ အဲ့လို မ,သဘောတရားတွေလွှမ်းခြုံနေလို့ အဲ့ဒီ့လူနေမှုပတ်ဝန်းကျင်တွေကို civilized ဖြစ်အောင်နယ်ချဲ့ရပါတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ဥရောပလူဖြူတွေ နယ်မြေပေါင်းဘယ်လောက်ကိုကျူးကျော်ခဲ့ကြသလဲဆိုတာ လက်ဆယ်ချောင်းနဲ့တောင်ရေဖို့မလောက်ပါဘူး (သဘာဝက “မ”၊ ယဉ်ကျေးမှုက “ဖို” ဆိုတာ ကျွန်မရဲ့အာဘော်မဟုတ်ပါ ဒီအရွေ့တွေကြားက ငြင်းခုံမှုအယူအဆအမြင်ကိုပြန်ပြောင်းရေးသားပြတာသာဖြစ်ပါတယ်)

မ,သဘောတရားနဲ့ သဘာဝကိုပြန်ချိတ်ဆက်ရရင် တစ်ချိန်က ထိန်းချုပ်ဖို့ခက်ခဲတဲ့၊ ဒါပေမဲ့လည်း အရင်းအမြစ်သယံဇာတတွေနဲ့ပြည့်နေတဲ့သဘာဝဆိုတာကို အခုချိန်မှာ ecological nostalgia တစ်ခုအနေနဲ့လူသားတွေပြန်ပြီးရင်းနှီးကျွမ်းဝင်ဖို့ကြိုးစားတာ၊ ချီးမြှောက်တာဟာလည်း အဖြူအမည်းနှစ်မျိုးသာရှိတဲ့ဖိုဆန်မှုတွေရဲ့ သဘာဝကိုအဓိပ္ပါယ်ပုံရိပ်တစ်ခုတည်း (ရိုင်းစိုင်းတဲ့၊ ကစဉ့်ကလျားဖြစ်တဲ့ပုံရိပ်)နဲ့သာဘောင်ခတ်ထားခဲ့ခြင်းရဲ့နောက်ဆက်တွဲပြဿနာလို့ ကျွန်မကတော့မြင်မိတယ် သဘာဝဟာ တကယ်တမ်းတော့ ဘယ်သောအခါကမှမရိုင်းစိုင်းခဲ့သလို ကစဉ့်ကလျားလည်းမဖြစ်ခဲ့ဘူး လူသားတွေရဲ့အမြင်မှာ ကစဉ့်ကလျားလို့ထင်နေခဲ့တာတွေဟာ တကယ်တမ်းတော့ သဘာဝရဲ့ ကျွန်မတို့နားမလည်နိူင်ခဲ့တဲ့နိယာမအလိုက်လည်ပတ်နေခဲ့တာတွေသာဖြစ်တယ်လေ မြို့ပြ‌တွေထွန်းကားလာတာနဲ့အမျှ သဘာဝကိုထိန်းချုပ်နိူင်ပြီလို့ထင်နေခဲ့ကြတာ‌တွေဟာ တကယ်တမ်းတော့မှားနေတယ်ဆိုတာကျွန်မတို့မြင်လာနိူင်တယ် သဘာဝကို အပြင်ထုတ်ထားတယ်ဆိုတဲ့မြို့ပြတွေမှာတောင် သဘာဝဟာ ဆက်လက်တည်ရှိနေဆဲပဲဆိုတာ သဘာဝကိုတောထဲရောက်မှပဲမြင်တတ်တဲ့သူတွေကို ကျွန်မပြောပြချင်တယ်

အနှစ်ချုပ်ရရင် ecological nostalgia လို့ခေါ်တဲ့သဘာဝတောတောင်ကိုပြန်လည်ဆွေးမြေ့တမ်းတခြင်းဆိုတာဟာ ကျွန်မအတွက်တော့ ဖိုဆန်တဲ့စိတ်ခံစားချက် (သို့) ဖိုသဘောတရားကနေအခြေခံပေါက်ဖွားလာတဲ့အခြေအနေတစ်ခုလို့ကောက်ချက်ချမိတယ် တစ်စတစ်စပျက်ဆီးယိုယွင်းလာတဲ့ကမ္ဘာမြေကြီးအတွက် တစ်ချိန်ကသူ့ရဲ့အရင်းအမြစ်သယံဇာတတွေကို ကျွန်မတို့လူသားတွေအဖို့ ကျွန်မတို့ရဲ့သက်တမ်းမှာကိုယ်တွေ့မကြုံခဲ့ရရင်တောင်မှ ပြန်လည်အောက်မေ့ကြတာမဆန်းပါဘူး သို့ပေသိ အဲ့ဒီဆွေးမြေ့မှုတွေမှာ သဘာဝ vs. မော်ဒန်၊ မြို့ပြ vs. ကျေးလက်ဆိုတဲ့ ဖို/မဒွိဟတွေနစ်မြှုပ်ပါဝင်နေဆဲပဲဆိုတာ ကျွန်မတို့လျစ်လျှူရှူထားလို့မရပြန်ဘူး အဲ့ဒီလိုဒွိဟတွေဖန်တီးလိုက်ခြင်းအားဖြင့်လည်း တကယ်တမ်းကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်က (မြို့ပြဖြစ်နေရင်တောင်မှ) သဘာဝသဘောတရားတွေကို လျစ်လျှူရှူလိုက်ကြတယ် အဲ့ဒီဒွိဟတွေကြောင့် ကွန်ကရစ်မိလ္လာပိုက်တွေအပေါ်ရစ်ပတ်ပေါက်ဖွားနေတဲ့ပင်ရိုင်းတွေဟာ သဘာဝမဟုတ်တော့ဘူး ပြိုပျက်လုလုတိုက်အိုတိုက်ဟောင်းတွေရဲ့နံရံတွေပေါ်က သစ်ရွက်အနွှယ်တွေကို သဘာဝလို့မမြင်တော့ဘူး အဲ့လိုမမြင်တော့လို့ တကယ်တမ်းကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်ကို ကမ္ဘာကြီးပြန်လည်ကျန်းမာအောင် ပြုပြင်ပြောင်းလဲပေးလို့ရတဲ့နေရာတွေလို့မမြင်တော့ဘဲ လူသူအရောက်အပေါက်နည်းတဲ့တောကြီးမျက်မည်းကသာလျှင် သဘာဝအစစ်အမှန်ဆိုပြီး သဘာဝကို အထက်အောက်အနိမ့်အမြင့်တွေခွဲလိုက်ကြတယ် တစ်ပြိုင်နက်တည်းမှာလည်း အဲ့ဒီလို သဘာဝကို ဖိုဆန်ဆန်၊ ခေတ်သစ်ကိုလိုနီဆန်ဆန်ပြုကျင့်မြင်ယောင်လိုက်တာကြောင့် အရင်းရှင်စနစ်အောက်မှာ၊ ကိုလိုနီသမိုင်းကြောင်းအောက်မှာ အခွင့်ထူးရပြီးသားဖြစ်တဲ့လူတန်းစားတစ်စုကသာလျှင် “အဲ့ဒီသဘာဝအစစ်အမှန်”ဆိုတာကို အနီးကပ်ခံစားနေထိုင်ခွင့်ရှိတယ်ဆိုတဲ့၊ လူဖြူတွေက ကမ္ဘာ့တောင်ပိုင်းဒေသတွေကိုပြောင်းရွှေ့နေထိုင်ကျက်စားတဲ့၊ ကျွန်မမိတ်ဆွေလို ကျေးလက်ကို တန်ဆာပလာသရေတမျှားမျှားကျမှသာလျှင် သဘာဝကိုဂရုစိုက်တဲ့လူတစ်‌ယောက်သဖွယ် မိမိကိုယ်ကိုပြန်လည်အမွှန်းတင်တဲ့ သဘာဝပတ်ဝန်းကျင်အခြေပြုလူတန်းစားခွဲခြားမှုတစ်ခုပေါ်ပေါက်လာပြန်တယ်

ကျွန်မဟာ မြို့ပြမှာမွေး၊ မြို့ပြမှာကြီးတဲ့သူတစ်ယောက်ပါ လက်ရှိလည်း မြို့ပြလို့‌ခေါ်လို့ရတဲ့နေရာမှာနေထိုင်ပါတယ် သဘာဝကိုကျွန်မမချစ်ဘူးလားဆိုတော့ ချစ်တာပေါ့ ကျွန်မမိတ်ဆွေလိုပဲ တောတောင်တွေဆီသွားလည်ရရင် ကျွန်မစိတ်လန်းဆန်းတယ် ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း လူတွေသူတွေနဲ့ဝေးတဲ့နေရာဒေသတွေမှာကျွန်မ လုံးဝဥဿုံမပျော်ပြန်ဘူး ကျွန်မအတွက်တော့ လူတွေနဲ့‌တောတောင်သဘာဝဆိုတာ အတူယှဉ်တွဲတည်ရှိနေရမဲ့ symbiotic ပေါင်းသင်းဆက်ဆံရေးတစ်ခုပဲ လူတွေ၊ အကောင်ပလောင်တွေမရှိဘဲ သဘာဝဟာ သဘာဝဖြစ်နေနိူင်မလား? လူဆိုတာဟာ သဘာဝရဲ့ကြီးမားနက်ရှိုင်းလှတဲ့ဖြစ်တည်မှုထဲကတစ်ခုပဲလေ လူသားတွေဟာ သဘာဝကိုဖျက်ဆီးနိူင်စွမ်းရှိသလို သဘာဝကိုတည်ဆောက်နိူင်စွမ်းရှိတယ်လို့ ကျွန်မယုံကြည်တယ် ကျွန်မအတွက်က သဘာဝတောတောင်ကိုတကယ်မြတ်နိုးတယ်ဆိုရင် ကျွန်မတို့လက်ရှိနေထိုင်ရာတွေကိုစွန့်ပြီး တောရိပ်တောင်ရိပ်ခိုမှ သဘာဝကိုပြန်လည်ပြုစုနိူင်မယ်လို့ကျွန်မမထင်ဘူး တကယ်တမ်းက ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်ကို ပိုပြီးတောင်ပြုစု‌ဖေးမရမယ်မဟုတ်ဘူးလား? သဘာဝကိုချစ်တယ်ဆိုရင် ကျွန်မတို့နေ့စဉ်နေထိုင်ရာ၊ ကျင်လည်ရာနေရာတွေက သဘာဝရဲ့ယိုယွင်းလာမှုတွေကိုလည်း ကျွန်မတို့ဖေးမတတ်ရမယ်မဟုတ်ဘူးလား? တောထဲကသဘာဝကိုပဲ ချစ်တတ်ပြီး မြို့ပြုခံထားရတဲ့သဘာဝကိုရော ကျွန်မတို့မချစ်တတ်ကြတော့ဘူးလား? အလိုလိုနေရင်း ဆွေးတတ်လေ့ရှိသူတစ်ယောက်အနေနဲ့လည်း ကျွန်မတို့အသက်မမှီခဲ့တဲ့ မော်ဒန်ဘဝရဲ့မွန်းကျပ်မှုဆိုတာတွေမတိုင်ခင်က ဘဝနေထိုင်မှုတစ်နေရာတစ်ချိန်ချိန်ကို ပြန်လည်တသလွမ်းဆွေးမှုတွေထဲက ဖိုဆန်မှုတွေ၊ ကိုလိုနီပြုကျင့်မှုတွေ၊ ထွက်ပြေးလိုမှု (escapism) တွေကိုလှီးထုတ်ပြီး ကျွန်မနေထိုင်ရာမြို့ပြပတ်ဝန်းကျင်တစ်နေရာထဲကသဘာဝဆိုတာကို မြင်တတ်သူ၊ သဘာဝရဲ့ပျက်သုဉ်းလာမှုတွေကို မျက်ဝါးထင်ထင်လက်ခံပြုစုတတ်သူ၊ နှီးနှောတတ်သူတစ်ဦးသာ ကျွန်မဖြစ်ချင်ပါတယ်

ပုံ – မြို့လယ်ကောင်ဈေးကြီးတစ်နေရာမှ ဟောင်းနွမ်းစပြုလာသော မိုးဒဏ်လေဒဏ်ခံ ကွန်ကရစ်အဆောက်အအုံတစ်ခု

Jason Frederick Lambacher ၂၀၁၇ ခုနှစ် အနောက်ပိုင်းနိူင်ငံရေးသိပ္ပံအစည်းအဝေးတွင် တင်ပြခဲ့သော “သဘာဝပတ်ဝန်းကျင်ဆိုင်ရာလွမ်းဆွတ်တမ်းတခြင်းနိူင်ငံရေး” စာတမ်း pdf

University of Alberta မှထုတ်ပြန်သော “မိန်းမအသွင်တင်စားခံရသော သဘာဝ” weblink

Sami Brisson ရေးသားသော “Women’s Connectedness to Nature: An Ecofeminist Exploration” ဂုဏ်ထူးတန်းစာတမ်း pdf

Colgate တက္ကသိုလ်မဂ္ဂဇင်း၌ ၂၀၂၃ ခုနှစ်တွင်ထုတ်ပြန်‌သော Michael Blanding ရေးသားသော “Environmentalism Can Be Co-Opted By the Far Right with Eco-Fascism”

ကတ်သရင်း‌အောင်နဲ့သူ့မိသားစုရေးသားသော “လွမ်းဆွတ်တမ်းတခြင်း – ဒိုင်ရာစပရာမှပြန်လည်မြင်ယောင်တမ်းတသော အိမ်” ဆောင်းပါး

မိမိကိုယ်ကိုပိုင်စိုးမှုဒိုင်ရာစပရာ

ဧပြီလက ကျွန်မဘာသာပြန်ခဲ့တဲ့ အန်ဒရီယာအက်လာကရန် (Andrea Alakran) ရဲ့ “မိမိကိုယ်ကိုပိုင်စိုးမှုနှင့်မင်းမဲ့သဘောတရားများဆိုင်ရာမှတ်စုများ” အက်ဆေးထဲကအာဘော်တွေကို ကျွန်မပြန်သုံးသပ်ဆွေးနွေးကြည့်ချင်တယ်

အက်လာကရန်ရဲ့စာတွေကို ကျွန်မကနဦးသတိထားမိတာက အမေရိကန်နိူင်ငံ တက်ဆက်ပြည်နယ်မှာအခြေစိုက်တက်ကြွလှုပ်ရှားတဲ့ လူမုန်းများကဖေး (Haters Cafe) ဆိုတဲ့မင်းမဲ့သဘောတရားများဆိုင်ရာစာတမ်းတွေ၊ အက်ဆေးတွေကိုအခမဲ့ရေးသားဖြန့်ဝေလေ့ရှိတဲ့ ရာဒီကယ်အစုအဝေးတစ်ခုဆီကပဲဖြစ်ပါတယ် ကျွန်မဘာသာပြန်ဖြစ်ခဲ့တာကလည်း အက်လာကရန်ရဲ့အက်ဆေးတိုတွေထဲက ကျွန်မပထမဆုံးဖတ်ဖြစ်ခဲ့တဲ့အက်ဆေးတစ်ပုဒ်ပါပဲ သူ့ရဲ့အရေးအသားအတွေးအခေါ်တွေဟာ ပြည်ပရောက် အိမ်ဝေး ဒိုင်ရာစပရာလို့ခေါ်တဲ့ရွှေ့ပြောင်းအခြေချနေထိုင်သူရပ်ဝန်းထဲက (အထူးသဖြင့် အက်လာကရန်လို အရှေ့တောင်အာရှ (ဖိလစ်ပိုင်) ကနေ အမေရိကန်နိူင်ငံကို ပြောင်းရွှေ့အခြေချနေထိုင်တဲ့) လူတစ်ယောက်ဖြစ်တဲ့ကျွန်မအတွက် စဉ်းစားစရာတွေ၊ သဘောတူလက်ခံစရာတွေရှိနေတာကြောင့် အက်လာကရန်ရဲ့တခြားစာတွေကိုလည်း ကျွန်မရှာဖွေဖတ်ကြည့်ခဲ့ပါတယ် အက်လာကရန်ဟာ အကယ်ဒါးမီယားပညာရှင်ရပ်ဝန်းကသူတစ်ယောက်မဟုတ်ပါဘူး သူ့ရဲ့ ဒီ‌အက်ဆေးထဲမှာရေးထားသလိုပဲ သူဟာရပ်ရွာပတ်ဝန်းကျင်လှုံ့ဆော်ဆော်ဩသူတစ်ယောက်သာဖြစ်တယ် အဲ့ဒီအတွေ့အကြုံ‌‌တွေအပေါ်အခြေခံပြီး သူ့အမြင်နဲ့ခံယူချက်တွေကိုရေးချထားတာဖြစ်တယ်ဆိုတာကို ကျွန်မတွေ့ရတယ် သူ့ရဲ့စာတွေဟာ ဖတ်ရတာလွယ်ကူရိုးရှင်းပေမဲ့ တွေးစရာတွေအများကြီးပေးလို့ကျွန်မကတော့ သဘောကျမိတယ် လောလောဆယ် ကျွန်မရှာရသလောက်တော့ အက်လာကရန်ရေးထားတဲ့အက်ဆေးတိုတွေက သိပ်မများလှပါဘူး စိတ်ဝင်စားရင် ကိုယ်တိုင်ဝင်ဖတ်ကြည့်ကြဖို့ အောက်မှာ မင်းမဲ့‌စာကြည့်တိုက်ကစုဆောင်းထားတဲ့အက်လာကရန်ရဲ့ဆောင်းပါးများလင့်ခ်ကိုထည့်ပေးထားပါတယ်

အက်လာကရန်ရဲ့ဒီဆက်အေးထဲမှာ ကျွန်မအတွက်တစ်ကိုယ်ရည်စိတ်ဝင်စားစရာကောင်းလှတဲ့စဉ်းစားချက် ၂ ချက်ရှိပါတယ် ပထမအချက်က အက်ဆေးရဲ့ခေါင်းစဉ်အတိုင်းပဲ “မိမိကိုယ်ကိုပိုင်စိုးမှု” (အင်္ဂလိပ်လိုဆိုရင် autonomy) လို့ခေါ်တဲ့အဓိပ္ပါယ်အကြောင်းတရားရယ်နဲ့ ဒုတိယတစ်ချက်က အထက်ကပြောခဲ့သလိုပဲ ဒိုင်ရာစပရာ (Diaspora) လို့ခေါ်တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူရပ်ဝန်းဆိုတာပါပဲ ဒီသုံးသပ်ချက်အက်ဆေးထဲမှာလည်း ဒီ ၂ ချက်ကို အဓိကထားပြီး ကျွန်မသုံးသပ်သွားပါတယ်

ပထမဆုံး မိမိကိုယ်ကိုပိုင်စိုးမှုလို့ဆိုလိုက်ရင် အပေါ်ယံတစ်ကိုယ်ရည်တစ်ကာယမိမိကိုယ်ကိုအုပ်စိုးပိုင်ခွင့်၊ လုပ်ပိုင်ခွင့်လို့နားလည်လို့ရသလို ရာဒီကယ်အသိုင်းအဝိုင်းမှာတော့ autonomy ဆိုတာဟာ သီအိုရီနည်းနာကျင့်ကြံမှုတစ်ခုသဘောကိုပါသက်ရောက်တယ်ဆိုတာ ကျွန်မသဘောပေါက်ရတယ် ကျွန်မအတွက် autonomist (မိမိကိုယ်ကိုပိုင်စိုးရေးသမား) စာပေတွေအယူအဆတွေက လက်ရှိမှာအသစ်အဆန်းဖြစ်နေတုန်းပါပဲ ဒါပေမဲ့ မိမိကိုယ်ကိုပိုင်စိုးရေးဆိုတာ ဘာများလဲလို့ရှည်ရှည်ဝေးဝေးစဉ်းစားစရာမလိုဘဲ autonomist အတွေးအခေါ်အယူအဆဆိုတာဟာ မင်းမဲ့သဘောတရားပါပဲလို့ အက်လာကရန်ကဆိုထားတယ် အဲ့တော့ ကိုယ့်ကိုယ်ကို မင်းမဲ့သမားလို့လက်ခံတဲ့သူတစ်ယောက် (သို့) မင်းမဲ့သဘောတရားတွေကိုကျင့်သုံးချင်တဲ့သူတစ်ယောက်သာဆိုရင် မိမိကိုယ်ကိုပိုင်စိုးရေးဆိုတာ စိမ်းလှတဲ့သဘောတရားတစ်ခုတော့မဟုတ်ပါဘူး မင်းမဲ့သဘောတရားက မိမိရဲ့ဖြစ်တည်မှု၊ ဆုံးဖြတ်ချက်ချပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို အထက်က အာဏာရှင်၊ အစိုးရ၊ ရဲ၊ ပုလိပ်၊ အစရှိတဲ့ အာဏာကိုစုစည်းကိုင်ထားတဲ့လူတစ်စုဆီကနေဖယ်ခွာချင်တာဆိုရင် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ မိမိကိုယ်ပိုင်ရပ်တည်ခွင့်ကိုပြန်လည်ဦးစားပေးဖို့လိုလာတာပဲမဟုတ်ပါလား? အဲ့ဒီမှာမှ အက်လာကရန်က ဘာကြောင့် မင်းမဲ့သဘောတရားလို့မသုံးရတာက အန်နာခစ်လို့ပြောလိုက်ရင်ကို လူတွေကဖျက်လိုဖျက်ဆီးတွေလို့ထင်တတ်လို့လို့ထောက်ပြထားပါတယ် ဒါကလည်းအမှန်ပါပဲ မိမိကိုယ်ကိုပိုင်စိုးရေးနဲ့ မင်းမဲ့သဘောတရား ၂ ခုလုံးမှာ အာဏာချုပ်ကိုင်သူဆိုတာကို ဖြုတ်ချချင်တဲ့သဘောတရားတွေပါပေမဲ့ မိမိကိုယ်ကိုပိုင်စိုးခြင်းလို့ပြောလိုက်တာနဲ့ ဖျက်လိုဖျက်ဆီးလို့ သာမန်လူကမထင်တော့ဘူး ဘယ်သူမဆို မိမိကိုယ်ကိုပိုင်စိုးချင်ကြတာပဲမဟုတ်ဘူးလား? (ဒါကတော့ ကျွန်မရဲ့ကောက်ချက်ချမှုတစ်ခုသာဖြစ်ချင်ဖြစ်နေနိူင်ပါတယ် တချို့အတွက်ကတော့ အုပ်ချုပ်သူရှိမှသာကောင်းမယ်၊ အစိုးရတစ်မျိုးမျိုးရှိနေမှကောင်းမယ်၊ ငါတို့ကိုကာကွယ်မဲ့စစ်တပ်တစ်မျိုးမျိုးရှိနေမှကောင်းမယ်၊ ခေါင်းဆောင်တစ်ယောက်ယောက်လမ်းပြနေမှကောင်းမယ်လို့ထင်တဲ့သူတွေလည်း ရှိနေနိူင်ပါသေးတယ်လေ)

ကျွန်မအတွက်ကတော့ ကျွန်မကိုယ်ကျွန်မ၊ ကျွန်မဘဝဖြစ်တည်မှုအပေါ်ကျွန်မပိုင်စိုးခွင့်ရှိရတာ ဘာများမကောင်းစရာရှိလို့လဲလို့ထင်မိတယ်

သိုးအုပ်တွေလို လမ်းပြခေါင်းဆောင်တစ်ယောက်‌နောက်ကို မေးခွန်းမထုတ်ပဲ တကောက်ကောက် ကျွန်မမလိုက်ချင်ဘူး လူသန်းပေါင်းချီရှိတဲ့နိူင်ငံတစ်နိူင်ငံဆိုတာမျိုး၊ လူတစ်အုပ်စုဆိုတာမျိုးကို လက်တစ်ဆုပ်စာလူနည်းစုတစ်စုကနေပဲ အဲ့ဒီလူထုကြီးဖြစ်ချင်တာကို ကိုယ်စားလှယ်ပြုပေးလို့တကယ်ရနိူင်ရဲ့လားလို့ ကျွန်မမသဲမကွဲဖြစ်မိတယ် ကျွန်မတို့မြန်မာပြည်လိုနေရာမှာဆိုရင်တော့ အာဏာရှင်စနစ်ကြီးထွားခဲ့ချိန်မှာ နိူင်ငံသားတွေ (နိူင်ငံသားလို့ လက်ခံခြင်းမရရှိခဲ့တဲ့သူတွေ)ရဲ့ဆန္ဒဆိုတာကို ထည့်စဉ်းစားဖို့နေနေသာသာ အာဏာရှင်အစိုးရကသာ သူဖြစ်ချင်တာ၊ ဖြစ်သင့်တာကိုပဲလုပ်ဆောင်ခဲ့တယ် အာဏာရှင်အစိုးရကနေ ဒီမိုကရေစီအစိုးရစနစ်မှာတော့ ရွေးကောက်ပွဲဆိုတာကနေ ပြည်သူ့ဆန္ဒဆိုတာကို မဲတွေကနေတဆင့်လှမ်းမေးပြီး အများသဘောကို အစိုးရကနေကိုယ်စားလှယ်ပြုဖို့ကြိုးစားခဲ့တယ်

ဒါပေမဲ့ ဒီနေရာမှာ မိမိကိုယ်ကိုပိုင်စိုးရေးသမားတွေအတွက်ကတော့ ရွေးကောက်ပွဲကိုအခြေခံတဲ့ဒီမိုကရေစီအစိုးရတွေဟာလည်း လူထုဆိုတာရဲ့စိတ်ဆန္ဒကို လုံးဝဥဿုံကိုယ်စားလှယ်မပြုပေးနိူင်ဘူးလို့ယူဆကြတယ် ဒါကတော့ ကျွန်မတို့သာမန်လူတန်းစားက ရွေးကောက်ပွဲမဲတွေ ဘယ်လောက်ပေးပေး နောက်ဆုံးမှာ နိူင်ငံရေးလည်ပတ်မှုတွေဟာ နိူင်ငံရေးကို အသက်မွေးဝမ်းကြောင်းလိုလုပ်ကိုင်စားသောက်တဲ့သူတွေရဲ့ခြယ်လှယ်မှု၊ သူတို့သာလျှင် ရှုပ်ယှက်ခတ်နေတဲ့နိူင်ငံရေးစနစ်တွေကို နားလည်တတ်လေ့ရှိတာတွေကြောင့် တကယ်တမ်းသာမန်လူတန်းစားရဲ့ဖြစ်တည်မှု၊ ဖြစ်ချင်မှုတွေကို ဘယ်သောအခါမှ ဘယ်သူကမှ ကိုယ်စားလှယ်ပြုပေးနိူင်မှာမဟုတ်ဘူးလို့ ကျွန်မကတော့ မြင်မိတယ် စဉ်းစားကြည့်လေ ကျွန်မတို့နဲ့အရမ်းခင်မင်တဲ့မိတ်ဆွေတစ်ယောက်၊ ကျွန်မတို့အကြောင်း ခရေစေ့တွင်းကျသိနေတဲ့မိမိရဲ့ချစ်သူမိဘတစ်ယောက်ကတောင်မှ ကျွန်မတို့နေရာမှာ ကျွန်မတို့ဘာဖြစ်ချင်လဲဆိုတာ သူတို့က အကြံဉာဏ်သာပေးလို့ရမယ်၊ ဝင်စဉ်းစားဆုံးဖြတ်ပေးလို့ရလား? ဒါဆို ဘာလို့ ကျွန်မတို့ရဲ့တစ်ကိုယ်ရည်နေ့စဉ်ဖြတ်သန်းမှုဆိုတာကို လားလားမျှမသိတဲ့၊ မတွေ့ကြုံဖူးတဲ့ နိူင်ငံရေးသမားတစ်ယောက်ရဲ့လက်ထဲမှာ ကျွန်မတို့ ပုံအပ်ထားကြရတာလဲ? ပုံအပ်ဖို့အဆင့်သင့်ဖြစ်နေကြရတာလဲ?

ဒီနေရာမှာ အက်လာကရန်ကတော့ ထည့်မရေးထားပေမဲ့ မိမိကိုယ်ကိုပိုင်စိုးရေးနဲ့ နီရိုလစ်ဘရယ်သဘောတရား (neoliberalism) ကို ကျွန်မနည်းနည်းအကျဉ်းချုံးဆွေးနွေးကြည့်ချင်တယ် မိမိကိုယ်ကိုပိုင်စိုးရေးဆိုလို့ တချို့ကထင်မယ် အခုကာလမှာ ဘယ်သူမဆို အတိုင်းအဆအကန့်အသတ်မရှိကြီးပွားချမ်းသာလာအောင်ကြိုးစားခွင့်ရှိနေတာ မိမိကိုယ်ကိုပိုင်စိုးရေးပဲမဟုတ်ဘူးလားလို့မေးကြမယ် အက်လာကရန်ရေးတဲ့ မိမိကိုယ်ကိုပိုင်စိုးရေးနဲ့ ကျွန်မနားလည်သဘောပေါက်တဲ့ မိမိကိုယ်ကိုပိုင်စိုးရေးဆိုတာ အရင်းရှင်စနစ်ကနေ ကျွန်မတို့အာရုံတွေမှောက်မှားအောင် ချပေးလိုက်တဲ့ နီရိုလစ်ဘရယ်စနစ်လို့ခေါ်တဲ့ မိမိကိုယ်ကိုလွတ်လပ်သယောင်ထင်ရတဲ့သဘောတရားကိုဆိုလိုတာမဟုတ်ပါဘူး အရင်းရှင်စနစ်ထဲက နီရိုလစ်ဘရယ်သဘောတရားတွေက “နင်သာကြိုးစားရင် ဘာမဆိုဖြစ်နိူင်တယ် သိလား? နင်ဆရာဝန်ကြီးဖြစ်ချင်သလား မီလျံနာသူဌေးကြီးဖြစ်ချင်သလား? ဖြစ်နိူင်တယ်လေ”လို့ ကျွန်မတို့ကိုပြောတယ် ဒါပေမဲ့တကယ်တမ်းက အရင်းရှင်စနစ်ရဲ့အထက်အောက်လူတန်းစားခွဲခြားမှု၊ လူမျိုးရေးအနိမ့်အမြင့်သတ်မှတ်ထားမှု၊ ဂျန်ဒါခွဲခြားမှုတွေရဲ့သက်ရောက်မှုတွေကိုတော့ လားလားမျှထည့်မပြောထားဘူး ကြိုးစားက ဘုရားတောင်ဖြစ်နိူင်တယ်ပြောပြီး ယောင်္ကျားလိင်အင်္ဂါပါသူတွေပဲ ဘုရားဖြစ်နိူင်တယ်ဆိုတာ ထည့်မပြောထားဘူး Donald Trump တို့၊ Elon Musk တို့လိုကမ္ဘာကျော်သူဌေး‌ကြီးတွေကို လက်ညှိုးညွှန်ပြပြီး သူတို့လို ကျွန်မတို့လည်းကျိကျိတက်ချမ်းသာလာနိူင်တယ်လို့ မက်လုံးတွေပေးပေမဲ့ ကျွန်မတို့ဟာ သူတို့လို လူဖြူယောင်္ကျားတွေမဟုတ်နေဘူး၊ ကျောထောက်နောက်ခံပိုက်ဆံငွေထုတ်ပေးမဲ့သူဌေးမိဘတွေမရှိနေဘူးဆိုတာ ဘယ်သူမှသေချာမပြောပြထားကြဘူး အဲ့ဒီဖြစ်တည်မှုတွေအလိုက် အောင်မြင်မှုဆိုတာ ဘောင်ခတ်ထားပြီးသားဆိုတာ ဘယ်တက်ကျမ်းရေးဆရာကမှ ထည့်မရေးထားကြဘူး

နီရိုလစ်ဘရယ်သဘောတရားဟာ အရင်းရှင်စနစ်ထဲက ဈေးကွက်လည်ပတ်မှုကို အများအတွက်သက်တောင့်သက်သာဖြစ်စေတဲ့ဈေးကွက်ဆိုတာထက် အပြိုင်အဆိုင်ကိုဦးစားပေးတဲ့ဈေးကွက်အဖြစ်ပြောင်းလဲလိုက်တာပဲ မြင်သာအောင်ဥပမာပေးရရင် အာလူးဈေးကွက်တစ်ကွက်ရှိတယ်ဆိုပါစို့ အဲ့ဒီဈေးကွက်ကို ကနဦးတော့ ဈေးထိန်းကနေ အာလူးတစ်လုံးကို ၅ ကျပ်ထက်ပိုပြီးရောင်းလို့မရဘူးလို့သတ်မှတ်ထားရာကနေ ကဲ နင့်ရဲ့အာလူးအလုံးထွားမှု၊ အရည်အသွေးပေါ်မူတည်ပြီး အာလူးတစ်လုံးကို ကြိုက်သလိုဈေးတင်ရောင်းဆိုပြီး free market အနေနဲ့ ဖွင့်ချပေးလိုက်တယ် အဲ့ဒီအခါ အာလူးစိုက်ကွင်းပိုရှိသူ၊ ကိုယ့်အာလူးကိုယ်အလုံးထွားအောင် မြေဩဇာသယံဇာတွေပိုထည့်ပေးနိူင်တဲ့သူ၊ အလုပ်သမားများများခေါ်၊ နည်းနည်းပေးပြီးများများအမြတ်တင်ပြန်ရောင်းနိူင်တဲ့သူ၊ အာလူးလုံးရေများများထွက်အောင်ပိုလုပ်နိူင်တဲ့သူကအမြတ်ပိုရပြီး တစ်နိူင်တစ်ပိုင်လေး မိမိအိမ်နောက်ဖေးအာလူးစိုက်ရောင်းတဲ့သူတွေဟာ ဒီဈေးကွက်မှာ ဘယ်လိုမှမပြိုင်ဆိုင်နိူင်ဘဲနောက်ဆုံးမှာ အင်အားကြီးသူတွေသာ ကြီးစိုးတဲ့အာလူးဈေးကွက်ကြီးဖြစ်သွားပါတော့တယ် တစ်ချိန်တည်းမှာလည်း သယံဇာတတွေပိုရှိသူ၊ အလုပ်သမားများများခေါ် နည်းနည်းပဲပေး ခေါင်းပုံဖြတ်ပြီ အာလူးဈေးကွက်မှာကြီးထွားလာတဲ့သူတွေကို တစ်ဈေးလုံးက အားကျကြပြီး သယံဇာတမရှိသူ၊ တစ်နိူင်တစ်ပိုင်လေးလုပ်စားသူ အရင်းပြုတ်သွားတဲ့အာလူးဈေးသည်ကိုတော့ “နင်က ဘာလို့သူလိုမကြိုးစားနိူင်ရတာလဲ? အသုံးမကျဘူးလား?” အစရှိသဖြင့်အပြစ်ဖို့ကြတယ် ဒီနီရိုလစ်ဘရယ်သဘောတရားရဲ့အခြေခံအနှစ်သာရ‌တွေဟာ သေချာစဉ်းစားကြည့်ရင် ရယ်စရာကောင်းမနေဘူးလား?

ဒါဟာ နီရိုလစ်ဘရယ်သဘောတရားရဲ့ တံလျှပ်တွေပဲ ဒီလိုဝါဒတွေကိုတရားဟောကြတဲ့ Facebook ပေါ်က “စာရေးသူ”ဆိုတာတွေဟာလည်း မိမိကိုယ်ကိုတော့ တိုးတက်ရာတိုးတက်ကြောင်းစာရေးသူတွေ၊ motivational speaker တွေလို့ သတ်မှတ်ကောင်းသတ်မှတ်ပေမဲ့ ကျွန်မအမြင်မှာ‌တော့ တကယ်တမ်းက အရင်းရှင်စနစ်ရဲ့မှိုင်းလုံးအောက်မှာ မိုးမမြင်လေမမြင် တံလျှပ်ကိုရေထင်နေကြတဲ့မနူးမနပ်သမင်ငယ်များသာဖြစ်ကြတယ်

အဲ့တော့ အက်လာကရန်ရေးခဲ့တဲ့ မိမိကိုယ်ကိုပိုင်စိုးမှုဆိုတာ နီရိုလစ်ဘရယ်သဘောတရားကဟောပြောထားတဲ့ “ကြိုးစားကဘုရားတောင်ဖြစ်”ဆိုတာမျိုးနဲ့မတူဘူး မိမိကိုယ်ကိုပိုင်စိုးရေးမှာ အာလူးကိုဈေးနှုန်းအပြိုင်အဆိုင်တင်ရောင်းဖို့နေနေသာသာ ဈေးထိန်းဆိုတာမရှိတော့ဘူး၊ ဈေးကွက်ဆိုတာ မရှိတော့ဘူး ဘယ်သူကမှ မိမိစိတ်မပါဘဲ အာလူးရောင်းနေစရာမလိုဘူး တစ်နေ့စာစားဝတ်နေရေးပြေလည်ဖို့ မိမိစိတ်မပါဘဲ အရင်းရှင်စနစ်ကြောင့် မိမိကိုယ်ကိုသာမက မိမိလုပ်အားကိုပါရောင်းချစရာမရှိတော့ဘူးလို့ ကျွန်မကတော့မြင်မိတယ် ဒါဟာ မိမိကိုယ်ကိုပိုင်စိုးရေးရဲ့အစွန်းဆုံးထိဖြစ်နိူင်‌ချေကိုမြင်မိတာပါပဲ

ဒီနေရာမှာ မိမိကိုယ်ကိုပိုင်စိုးရေးကို တစ်ခါတစ်လေ လစ်ဘစ်တယ်ရီးရန်းသဘောတရား‌ (libertarian) တွေနဲ့လည်း ရံဖန်ရံခါချိတ်ဆက်တွေ့ရလေ့ရှိပြန်တယ် လစ်ဘစ်တေးရီးရန်းသဘောတရားဆိုတာကတော့ စာလုံးအတိုင်းပဲ liberty လွတ်လပ်ရေးဆိုတဲ့စကားလုံးကနေလာတာဖြစ်ပြီး မိမိကိုယ်ကိုလွတ်လပ်စွာဆုံးဖြတ်ချက်ချနေထိုင်ခြင်းသဘောတရားလို့အကြမ်းဖျင်းမှတ်ယူလို့ရကောင်းရနိူင်တယ် လစ်ဘစ်တေးရီးရန်းသဘောတရားတွေဟာ မိမိကိုယ်ကိုပိုင်စိုးရေးလိုပဲ မင်းမဲ့သဘောတရားတွေနဲ့ချိတ်ဆက်နေတာပါပဲ တစ်ချိန်တည်းမှာပဲ အမေရိကန်လိုနိူင်ငံမှာတော့ လစ်ဘစ်တေးရီးရန်းသမားတွေလို့ဆိုလိုက်ရင် တော်တော်များများဟာ conservative ရှေးရှိးစွဲသမားတွေကိုဆိုလိုတာများတတ်ပါတယ် သူတို့ဟာ များသောအားဖြင့် တောင်သူလယ်သမားတွေဖြစ်တတ်ပြီး အမေရိကန်အစိုးရဆီကနေ လွတ်လပ်ချင်ကြတယ်၊ အခွန်မဆောင်ချင်ဘူး၊ ပြဿနာဖြစ်ရင်လည်း ရဲမခေါ်ဘူး၊ ကိုယ်တိုင်သေနတ်နဲ့ပစ်မယ်ဆိုတဲ့သူမျိုးတွေပေါ့ ဥပမာ – ကျွန်မနေခဲ့ဖူးတဲ့ တက်ဆက်လိုပြည်နယ်မှာဆိုရင် လူဖြူလယ်လုပ်လစ်ဘစ်တေးရီးရန်းတွေများတယ် သူတို့ရဲ့အိမ်တံခါးဝမှာ “We don’t call the police” ဆိုပြီး တံဆိပ်ကပ်ထား‌လေ့ရှိကြတယ် ဒါက ရဲ၊ ထောင်စနစ်ကိုဆန့်ကျင်တယ်ဆိုတာထက် ကွန်ဆာဗေးတစ်ဆန်ဆန် သူတို့အိမ်ယာကိုကျူးကျော်လာမယ်ဆိုရင် ရဲခေါ်မနေတော့ဘူး၊ အိမ်ထဲကနေ သူတို့ရဲ့ကိုယ်ပိုင်သေနတ်နဲ့ပစ်ထည့်ပလိုက်မယ်ဆိုတာကိုဆိုလိုတာပဲ သူတို့ဟာ များသောအားဖြင့် လူဖြူတွေဖြစ်တယ်၊ ကိုယ်တိုင်လည်း လယ်ယာထွန်စိုက်စားတတ်တယ်၊ သားကောင်လိုက်တတ်တယ်၊ ကမ္ဘာသာပျက်မယ်ဆိုရင် သူတို့တွေဟာ မိမိကိုယ်ကိုအသက်ရှင်သန်အောင်နေတတ်တဲ့ survivalist ဖြစ်တယ်ဆိုတာတွေကြောင့် အစိုးရရဲ့စီမံခန့်ခွဲမှုတွေမလိုဘူးလို့လက်ခံထားကြတယ် ဒါဟာအပေါ်ယံကြည့်ရင် မိမိကိုယ်ကိုပိုင်စိုးမှုပါပဲ

ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း သူတို့ဟာ သူတို့ကိုယ်သူတို့ပိုင်စိုးဖို့အတွက်နေထိုင်ကျင်လည်စားသောက်နေတဲ့နယ်မြေဆိုတာဟာ အမေရိကတိုက်ရဲ့အင်ဒီးဂျနင့်တွေရဲ့နယ်မြေတွေဖြစ်တယ်ဆိုတာကို မျက်ကွယ်ပြုထားကြတယ် လူဖြူတွေဖြစ်နေတာကြောင့်လည်း လူမည်းတွေ၊ မက်ဆီကန်တွေဆိုရင်ကိုပဲ ကျူးကျော်သူတွေလို့ အလိုလိုမြင်ကြတယ် အဲ့လိုမြင်ပြီး ‌သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်မှုတွေလည်းရှိခဲ့တယ် အကျဉ်းချုံးပြောရရင် လစ်‌ဘစ်တေးရီးရန်းသဘောတရားတွေဟာ မင်းမဲ့သဘောတရားတွေနဲ့ဆင်တူတယ်ဆိုပေမဲ့ တချို့နေရာတွေမှာ ဒီဥပမာလိုမျိုး လူဖြူကြီးစိုးရေး (white supremacy) နဲ့လစ်ဘစ်တေးရီးရန်းသဘောတရားတွေရောစပ်လိုက်သလို ကျင့်သုံးပုံတွေကွဲနေပြန်တယ် ဒီလိုဥပမာတွေကြောင့်လည်း အက်လာကရန်ရေးခဲ့သလို မင်းမဲ့သဘောတရားလို့ပြောရင်ကို လူတွေက ဒီလိုကွန်ဆာဗေးတစ်လစ်ဘစ်တေးရီးရန်းသမားတွေ၊ ပန့်ခ်တွေကိုမြင်ယောင်ပြီး “အမလေး မင်းမဲ့သမားကြီး” ဆိုပြီးကြောက်လန့်သွားတတ်ကြတယ်မဟုတ်လား?

ကျွန်မလိုချင်တဲ့ မိမိကိုယ်ကိုပိုင်စိုးရေးကတော့ ရှင်းပါတယ် ကျွန်မဘဝကိုကျွန်မကိုယ့်ဘာသာခြယ်လှယ်ချင်တယ် ဒါပေမဲ့အဲ့လိုခြယ်လှယ်ရင်းနဲ့ တခြားတစ်ပါးကိုပါ ပုတ်ခတ်ဒဏ်ရာရစေမဲ့ ကွန်ဆာဗေးတစ်လစ်ဘစ်တေးရီးရန်းသမားတစ်ယောက်တော့လည်းမဖြစ်ချင်ဘူး လူမှုပတ်ဝန်းကျင်တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက်သဟဇာတဖြစ်တဲ့ပေါင်းသင်းဆက်ဆံရေးမျိုးနဲ့၊ တစ်ယောက်ကိုတစ်ယောက်အကြောင်းအမျိုးမျိုးကြောင့် (အာဏာကြောင့်၊ ပါဝါကြောင့်၊ ဩဇာကြောင့်၊ ပိုက်ဆံကြောင့်) ကြောက်လန့်နေရတဲ့ပေါင်းသင်းဆက်ဆံရေးမျိုးတွေကင်းမဲ့တဲ့၊ ကျွန်မဘဝကို ကျွန်မကြိုက်သလိုထုဆစ်ပိုင်ခွင့်ရှိတဲ့၊ အဲ့သလိုထုဆစ်ရင်း ကျွန်မပတ်ဝန်းကျင်အနီးအနား (ကြီးကျယ်ခမ်းနားစရာမလိုပါဘူး) ကလူတွေကိုလည်း စိတ်အာရုံအရသော်လည်းကောင်း၊ ရုပ်ဝတ္တုအရသော်လည်းကောင်း အကျိုးပြုစေမဲ့ (အကျိုးမပြုရင်တောင် ဒဏ်ရာမရစေတဲ့)၊ မိမိကိုယ်ကိုပိုင်စိုးမှုကိုအခြေခံတဲ့ပေါင်းသင်းဆက်ဆံရေးမျိုးကိုအခြေခံတဲ့နေထိုင်မှုရပ်ဝန်းတစ်ခုလိုချင်တယ်

ဒီအချက်ကနေတဆင့် အက်လာကရန်ရဲ့အက်ဆေးထဲကကျွန်မဒုတိယဆွေးနွေးချင်တဲ့ ဒိုင်ရာစပရာဆိုတဲ့အချက်ဘက်ကို လှည့်ချင်ပါတယ် ဒိုင်ရာစပရာဆိုတာကို ကျွန်မရဲ့ဘာသာပြန်ထဲမှာ အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ခဲ့တယ်

Diaspora – မိမိမွေးဖွားကြီးပြင်းရာနိူင်ငံပြင်ပတွင် နေထိုင်တည်ရှိရွေ့လျားနေသောလူအုပ်စုများ။ ဥပမာ – အမေရိကန်နိူင်ငံတွင်အခြေချနေထိုင်နေသော မြန်မာဒိုင်ရာစပရာ၊ ထိုင်းနိူင်ငံတွင်အခြေချနေထိုင်နေသော ရှမ်းဒိုင်ရာစပရာ။

ဒီနေရာမှာ အက်လာကရန်ထောက်ပြသလိုမျိုးပဲ သူဟာ ငယ်စဉ်ကလေးဘဝကနေ ဖိလစ်ပိုင်နိူင်ငံပြင်ပကိုရွှေ့ပြောင်း‌နေထိုင်ခဲ့သူဖြစ်တဲ့အတွက် ဖိလစ်ပိုင်အမျိုးသားရေးနဲ့ပတ်သက်လာရင် ဖိလစ်ပိုင်နိူင်ငံတွင်းကသူတွေက “နင်က ပြည်ပမှာပဲ ဘာသိလို့လဲ?” လို့ဝေဖန်တိုက်ခိုက်တာတွေခံခဲ့ရသလိုပဲ ကျွန်မကိုယ်တိုင် အက်လာကရန်လိုကလေးဘဝကနေမဟုတ်ဘဲ အသက် ၂၀ ပတ်ဝန်းကျင်မှာမှ ပြည်ပကိုထွက်ခွာခဲ့တဲ့သူတစ်ယောက်အနေနဲ့ အက်လာကရန့်ကို ဖိလစ်ပိုင်နိူင်ငံတွင်းကသူတွေကတိုက်ခိုက်သလို ကျွန်မလည်းခံခဲ့ရတာပါပဲ လက်ရှိလည်းခံနေရတာပါပဲ ကျွန်မရဲ့လက်ရှိသုတေသနဟာလည်း ပြည်ပရောက်မြန်မာ (diasporic Burmese) တွေနဲ့ပတ်သက်နေတာဖြစ်တဲ့အတွက် ဒီပြည်တွင်း/ပြည်ပပြဿနာဟာစိတ်ဝင်စားဖို့ကောင်းပါတယ်

ပြည်ပရောက်လို့ပြောလိုက်ရင်ကို ကျွန်မတို့လို ကမ္ဘာ့တောင်ပိုင်းနိူင်ငံတွေကသူတွေအဖို့ ပြည်တွင်းထက်စာရင် ပိုမိုကောင်းစားသွားပြီ၊ ပိုမိုတိုးတက်သွားပြီလို့ထင်လေ့ရှိကြတယ် လက်ရှိ Facebook ပေါ်မှာလည်း နိူင်ငံတကာရောက်မြန်မာတွေကလည်း သူတို့ရဲ့ပြည်ပရောက် အရောင်တလက်လက်ဘဝတွေကို ဘလော့အနေနဲ့ရေးပြကြတာတွေရှိလာကြတာကြောင့် နိူင်ငံခြားဆိုရင်ကိုပဲအထင်ကြီးကြတာမဆန်းပါဘူး ဒီနေရာမှာ အထင်ကြီးမှုဟာ အဆင့်အမျိုးမျိုးကွဲသွားပါသေးတယ် အမေရိကားဆိုရင် ထိပ်ဆုံးမှာဖြစ်ပြီး ထိုင်းလောက်တော့ နိူင်ငံခြားမဟုတ်ဘူးလို့ဆိုတာတွေ ကျွန်မကိုယ်တိုင်ကြားခဲ့ရဖူးပါတယ် နိူင်ငံခြားရောက်မြန်မာတွေဟာ လက်ရှိစစ်တပ်လက်အောက်နေထိုင်နေကြတဲ့မြန်မာတွေထက်စာရင် ပိုမိုအေးချမ်းသာယာသွားတယ်ဆိုတာ ကျွန်မရဲ့သုတေသနကနေတဆင့်လည်း အတိုင်းအတာတစ်ခုလောက်တော့ လက်ခံနိူင်ပါတယ် သို့ပေသိ ဒိုင်ရာစပရာကိုဦးစားပေးလေ့လာကြတဲ့သုတေသနတွေရဲ့ကောက်ချက်ချချက်တွေအရ ဒိုင်ရာစပရာဆိုတာကို သူ့ရဲ့မိခင်နိူင်ငံရဲ့ extension တစ်ခုအနေနဲ့ပဲ မှတ်ယူလို့မရဘဲ ဒိုင်ရာစပရာကိုအသွင်သဏ္ဍာန်သီးသန့်ဖြစ်နေတဲ့ ရိုးရာဓလေ့ဖြစ်တည်မှုသီးသန့်တစ်ခုအနေနဲ့မှတ်ယူရမယ်ဆိုတာပါပဲ

ဥပမာ – ၁၈၄၆ က‌နေ ၁၈၄၈ထိဖြစ်ပွားခဲ့တဲ့ အမေရိကန်-မက်ဆီကိုစစ်ပွဲ‌နောက် အမေရိကန်ရဲ့ အခုလက်ရှိတောင်ပိုင်းပြည်နယ်တချို့ (Colorado, New Mexico, Arizona, Texas အစရှိသဖြင့်) နဲ့ အနောက်ဘက်ပြည်နယ် (California, Nevada အစရှိသဖြင့်) တွေဟာ မက်ဆီကိုပိုင်နယ်မြေတွေကနေ အမေရိကန်နယ်မြေတွေဖြစ်သွားပါတယ် လက်ရှိမှာ အဲ့ဒီ့အခုအမေရိကန်ပိုင်ပြည်နယ်ဖြစ်သွားတဲ့ပြည်နယ်တွေမှာ မက်ဆီကန်လူမျိုးတွေအများကြီးကျန်ရှိခဲ့ပါတယ် အဲ့ဒါကြောင့်လည်း အရင်သမ္မတ Trump ရဲ့အ‌မေရိကန်မက်ဆီကိုကြားနယ်နိမိတ်ခြံစည်းရိုးခတ်ရေးမူဝါဒဟာ သမိုင်းကြောင်းကိုသာသိရင် လှောင်ပြောင်စရာပါပဲ “We didn’t cross the border; the border crossed us” (ငါတို့က နယ်မြေကျူးကျော်တာမဟုတ်ဘူး၊ နယ်မြေက ငါတို့ကိုကျူးကျော်တာ) ဆိုတဲ့ slogan ဟာ အမေရိကန်-မက်ဆီကိုနိူင်ငံရေးမှာ နာမည်ကြီးလှပါတယ် ဒီနေရာမှာ ကျွန်မထောက်ပြချင်တာက နယ်နိမိတ်တွေသတ်မှတ်ထားမှသာလျှင် ဘယ်သူက ပြည်တွင်း၊ ဘယ်သူကပြည်ပဆိုတာကို သတ်မှတ်လို့ရတယ်ဆိုတာပါပဲ ‌တက်ဆက်မှာနေထိုင်ခဲ့ကြတဲ့ မက်ဆီကန်တွေဟာ လက်ရှ်ိမှာတော့ ပြည်ပရောက်မက်ဆီကန်တွေဖြစ်ပေမဲ့ သူတို့ရဲ့ဘိုးဘွားဘီဘင်တစ်လျှောက် ဒီနယ်မြေမှာနေခဲ့ကြပြီး လက်ရှိမှာလည်း သူတို့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ စပိန်ဘာသာစကားကိုလည်း ပြောဆိုနေကြတုန်းပါပဲ (ဒါကတော့ မက်ဆီကိုလို့ခေါ်တွင်ရာအင်ဒီးဂျနင့်နယ်မြေကို စပိန်တွေရဲ့ကိုလိုနီပြုကျင့်ရာကနေရလာတဲ့အကြွင်းအကျန်ပြဿနာပေါ့လေ) ဒါပေမဲ့ နိူင်ငံ (nation-state) ဆိုတဲ့နိူင်ငံရေးတွေကြောင့် လူသားတွေဟာ ပြည်တွင်း၊ ပြည်ပဆိုပြီး ခွဲခြားခံလိုက်ရတယ် ဒါကတော့ ဒိုင်ရာစပရာဥပမာတစ်ခုပေါ့

နောက်ထပ်ဥပမာတစ်ခုဆိုရင် အမေရိကန်မှာ လက်ရှ်ိနေထိုင်နေကြတဲ့ လူမည်းဒိုင်ရာစပရာပါ ဒီလူမည်းတွေဟာ သူတို့ရဲ့ဘိုးဘွားဘီဘင်လက်ထက်မှာ လူဖြူတွေရဲ့ကျွန်စနစ်ကျင့်သုံးမှုအရ သူတို့ရဲ့အလိုဆန္ဒမပါဘဲ ကြံပင်စိုက်ခင်းတွေမှာအသုံးပြုဖို့ ကျွန်အနေနဲ့ပြုကျင့်ဖို့အမေရိကတိုက်ကို အတင်းအဓ္ဓမခေါ်ဆောင်လာတာကိုခံခဲ့ရတယ် အဲ့ဒီမှာမှ သူတို့ရဲ့မိသားစုဆိုတာကနေ ခွဲယူခေါ်ဆောင်လာတာဖြစ်တဲ့အတွက်အခုအချိန်မှာ လူမည်းတော်တော်များများဟာ သူတို့ရဲ့ မိခင်နိူင်ငံဟာ အာဖရိကတိုက်က ဘယ်နိူင်ငံမှန်းတောင်အတိအကျသိဖို့ခဲယဉ်းနေတဲ့အပြင် သူတို့ရဲ့ဆွေမျိုးဘိုးဘွားဘီဘင်ဆိုတာကိုပါအစပြန်ဖော်ဖို့ခက်ခဲတဲ့အထိ‌လောက်ကို လူဖြူတွေရဲ့အကြမ်းဖက်မှုကိုခံခဲ့ရတယ် အဲ့ဒါကြောင့် အမေရိကန်က လူမည်းဒိုင်ရာစပရာဟာ တခြားဒိုင်ရာစပရာတွေလို မိခင်နိူင်ငံနဲ့ယှဉ်တွဲခေါ်ယူလေ့မရှိဘဲ African American diaspora အာဖရိကန်အမေရိကန်ဒိုင်ရာစပရာဆိုပြီး မိခင်နိူင်ငံကိုအခြေပြုမဲ့အစား သူတို့ရဲ့တူညီလှတဲ့ကျွန်ပြုခံခဲ့ရမှုသမိုင်း‌ကြောင်း‌အပေါ်ကိုအခြေခံပြီး ဒိုင်ရာစပရာတစ်ခုဖြစ်လာပါတယ် (ဒီနေရာမှာ ကျွန်ပြုခံရတဲ့သမိုင်းကြောင်းကနေအမေရိကတိုက်ကိုရောက်လာတဲ့ အာဖရိကန်ဒိုင်ရာစပရာနဲ့ အာဖရိကန်နိူင်ငံတစ်နိူင်ငံကနေ ဥပမာ – ဆူဒန် ကနေ အမေရိကန်ကို နိူင်ငံရေးခိုလှုံခွင့်နဲ့ဝင်ရောက်လာတဲ့ ဆူဒန်အမေရိကန်ဒိုင်ရာစပရာကလည်း ဖြစ်တည်မှု၊ ဖြတ်သန်းမှုတွေမတူညီပြန်ပါဘူးဆိုတာ စကားချပ်ခံချင်တယ်)

ဒီဒိုင်ရာစပရာဥပမာအမျိုးမျိုးကိုကြည့်ပြီး ကျွန်မတို့ ပြည်ပရောက်မြန်မာဒိုင်ရာစပရာဆိုတာဟာလည်း အမျိုးမျိုးအဖုံဖုံကွဲပြားခြားနားနေနိူင်တာကို အကြမ်းဖျင်းနားလည်လို့ရကောင်းရနိူင်ပါတယ် အမေရိကန်နဲ့မက်ဆီကိုလို့ နယ်နိမိတ်ပြဿနာတွေကြောင့် “ပြည်ပရောက်” ဖြစ်သွားတဲ့ မြန်မာ-အိန္ဒိယနယ်စပ်က ချင်းဒိုင်ရာစပရာ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒိုင်ရာစပရာ၊ မြန်မာ-ထိုင်းနယ်စပ်က ကရင်ဒိုင်ရာစပရာလား? အမေရိကန်နိူင်ငံလို ကမ္ဘာတစ်ဘက်ခြမ်းကို ဒုက္ခသည်အနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားဒုက္ဒသည်စခန်းကနေတဆင့်ရောက်လာတဲ့ မြန်မာအမေရိကန်ဒိုင်ရာစပရာလား? မိဘပိုက်ဆံတတ်နိူင်လို့အမေရိကားပို့‌ကျောင်းတက်ရာကနေရောက်လာတဲ့ လူကုံထံမြန်မာအမေရိကန်ဒိုင်ရာစပရာလား? လယ်ကွက်ရင်းပြီးရောက်လာတဲ့မြန်မာအမေရိကန်ဒိုင်ရာစပရာလား? (ဒါကတော့ ဟာသပါ) ဒီမေးခွန်းတွေကိုသာ သေချာစဉ်းစားကြည့်ရင် ဒိုင်ရာစပရာဆိုတဲ့သဘောတရားကိုယ်နှိုက်ကိုက ကျယ့်ပြန့်လှတဲ့ရိုးရာဓလေ့သဘောတရားတစ်ခုဖြစ်လာတယ်ဆိုတာကို ကျွန်မတို့မြင်နိူင်ပါတယ်

ကျွန်မရဲ့ကိုယ်တွေ့အတွေ့အကြုံတွေအရလည်း မြန်မာအမေရိကန်ဒိုင်ရာစပရာလို့ဆိုလိုက်တာနဲ့ အားလုံးဟာ တစ်သွေးတည်းတစ်သားတည်းဖြစ်တည်နေတာမျိုးမဟုတ်ပြန်ပါဘူး ဥပမာ – ဒုက္ခသည်စခန်းကနေတဆင့်ရောက်လာကြတဲ့မြန်မာတော်တော်များများဟာ များသောအားဖြင့် ‌အမေရိကန်ရဲ့အရင်းရှင်စီးပွားရေးလည်ပတ်အောင် မတည်ပေးတဲ့ သားသတ်ရုံ၊ ပေါင်မုန့်စက်ရုံ၊ Walmart လို့အရင်းရှင်ကုန်စုံဆိုင်ကြီးတွေအစရှိတဲ့အောက်ခြေလုပ်သားဘဝမှာတင်ကျင်လည်သွားကြတာများပါတယ် ဒီအလုပ်တွေဟာ ပိုက်ဆံဝင်ငွေများကောင်းများပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း ခန္ဓာကိုယ်ပင်ပန်းလှတဲ့အလုပ်တွေပါပဲ တစ်ကမ္ဘာလုံးက လူတန်းစားပြဿနာနဲ့ယှဉ်ကြည့်ရင် သူတို့တွေဟာ မြန်မာနိူင်ငံကစက်ရုံအလုပ်သမားတွေထက် လစာသာပိုများချင်များမယ်၊ အောက်ခြေလူတန်းစားမှာပဲရှိနေပါသေးတယ် (ကျွန်မတွေ့ကြုံဖူးတဲ့ သားသတ်ရုံအလုပ်လုပ်ကြတဲ့မြန်မာတော်တော်‌များများရဲ့အိမ်မက်ဟာ တစ်ချိန်ချိန်မှာ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေးနေချင်ကြတာပါပဲ အမေရိကန်မှာအောက်ခြေအလုပ်သမားအနေနဲ့စုမိဆောင်းမိတာဟာ ကမ္ဘာတောင်ပိုင်းနိူင်ငံတွေမှာ သူဌေးလို/သက်တောင့်သက်တာနေလို့ရနိူင်တယ်ဆိုတဲ့သဘောပေါ့) ဒီ‌အောက်ခြေအလုပ်လုပ်ရတဲ့ မြန်မာအမေရိကန်ဒိုင်ရာစပရာဟာ အရင်သမ္မတဟောင်း အိုဘားမားရဲ့စားဖိုမှူးရဲ့အိမ်ထောင်ဖက် မြန်မာသွေးတစ်ဝက်နှောတဲ့ နာမည်ကြီးသတင်းကြေငြာသူ အဲလက်စ်ဝက်ဂနာ (Alex Wagner) တို့လို၊ တက္ကသိုလ်ပါမောက္ခ ကရင်‌သွေးနှောအမေရိကန်တတိယမျိုးဆက် Miss Burma စာအုပ်ကိုရေးသားတဲ့ ဒေါက်တာ ရှာမိန်းခရက် (Charmaine Craig) အစရှိသူတို့ရဲ့မြန်မာအ‌မေရိကန်ဒိုင်ရာစပရာနဲ့ တစ်နိူင်ငံတည်းနေနေတာတောင်မှ ထိတွေ့ဆက်ဆံမှုမရှိနေပြန်ပါဘူး (တစ်ခုပဲရှိတာပေါ့လေ သားသတ်ရုံကမြန်မာတွေလက်နဲ့ခုတ်ထစ်ထုပ်ပိုးပေးလိုက်တဲ့ အမဲသား၊ ဝက်သား၊ ကြက်သားတွေတို့ သူတို့တွေကုန်စုံဆိုင်ကနေဝယ်ယူစားသောက်ကောင်းစားသောက်ကြပါလိမ့်မယ်)

ဒီလိုကွဲပြားခြားနားတဲ့ဒိုင်ရာစပရာအသွင်အပြင်တွေအပြင် ဒိုင်ရာစပရာမျိုးဆက်တွေဟာလည်း သူ့အသွင်သဏ္ဍာန်သူရှိကောင်းရှိနေနိူင်ပါတယ် အက်လာကရန့်အက်ဆေးမှာ ကျွန်မဘာသာပြန်ခဲ့သလိုပဲ ဒိုင်ရာစပရာပထမမျိုးဆက်၊ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်အစရှိသဖြင့် သူတို့ရဲ့ဘဝဖြတ်သန်းမှုနဲ့ရိုးရာ‌တွေဟာလည်း ပြောင်းလဲသွားတတ်ကြပါတယ် မြန်မာနိူင်ငံကသူတွေအဖို့ အပြင်ပန်းကနေ မြန်မာဖ‌အေမြန်မာမအေကမွေးပြီး မြန်မာလိုလည်းမပြောတတ်တော့ဘူး အစရှိသဖြင့် ဝေဖန်ကဲ့ရဲ့တာလွယ်ပါတယ် ဒါပေမဲ့ ဒိုင်ရာစပရာတွေရဲ့ hybrid စပ်ကြားဖြစ်လာတဲ့ဖြစ်တည်မှုတွေဟာ ရိုးရာဓလေ့တစ်ခုထက်ပိုတဲ့နေရာမှာကြီးပြင်းလာရတဲ့သူတွေသာ သဘောပေါက်ပါလိမ့်မယ် (ဒီနေရာမှာ စပ်ကြားဆိုတာ မြန်မာသွေးနှောတာကိုပြောတာမဟုတ်ပါ ရိုးရာဓလေ့အရ စပ်ကြားဖြစ်တည်မှုကိုဆိုလိုတာပါ မြန်မာအမေအဖေကမွေးပေမဲ့လည်း မွေးဖွားကြီးပြင်းရာက ဂျပန်ဆိုရင် သူဟာစပ်ကြားဖြစ်တည်မှုရှိနေတာပါပဲ အက်လာကရန့်စာထဲမှာတော့ မာဂျင်လို့ကျွန်မတို့တွေ့ရပါတယ် ဟိုဘက်လည်းမရောက်ဒီဘက်လည်းမရောက်ဖြစ်သွားကြတဲ့ ဒိုင်ရာစပရာဖြစ်တည်မှုကိုဆိုလိုတာပေါ့) ပြည်တွင်းကဥပမာနဲ့ပြရရင် ဗမာစကားဟာကြီးစိုးတဲ့ဘာသာစကားဖြစ်တဲ့အတွက် ဗမာမဟုတ်တဲ့လူမျိုးစုတွေဟာ hybrid identity တွေနဲ့မာဂျင်‌နေရာတွေမှာ ကြီးပြင်းလာရသလိုပဲ ပြည်ပရောက်မြန်မာ၊ ပြည်ပမှာမွေးတဲ့မြန်မာတွေဟာလည်း သူတို့ရောက်ရှိနေတဲ့နေရာဒေသက နေ့စဉ်ကြုံတွေ့ရတဲ့ရိုးရာဓလေ့တွေရဲ့လွှမ်းမိုးမှုကိုလည်း ခံကြရတာပါပဲ အဲ့ဒီမှာမှ မြန်မာဆိုတာ၊ ကရင်ဆိုတာ၊ ချင်းဆိုတာဟာ အမေရိကန်လိုနိူင်ငံမှာဆိုရင် လူနည်းစုသာဖြစ်တဲ့အတွက် အင်အားကြီးမားတဲ့ရိုးရာဓလေ့ရဲ့ လွှမ်းမိုးမှုကို (အထူးသဖြင့် ဒုတိယမျိုးဆက်တွေအနေနဲ့) ပိုပြီးခံရကောင်းခံရနိူင်ပါတယ်

ဒိုင်ရာစပရာတွေအမျိုးမျိုးကြားကကွဲပြားခြားနားမှုတွေကို သေချာနားမလည်ဘဲ တစ်ခုခုဆို “ပြည်ပရောက်မြန်မာတွေ”ဆိုပြီး ဝါးလုံးရှည်နဲ့သိမ်းကြုံးရမ်းတာကို မနှစ်မြို့မိသလို တစ်ပြိုင်နက်တည်းမှာလည်း ပြည်ပ (အထူးသဖြင့် အနောက်လူဖြူနိူင်ငံ) ရောက်သွားတဲ့မြန်မာတွေရဲ့ မိမိကိုယ်ကိုအထင်ကြီးသွေးနားထင်ရောက်မှုကိုလည်း ကျွန်မအံ့အားသင့်မိရပြန်ပါတယ် လူဖြူနိူင်ငံရောက်တာနဲ့ အဲ့ဒီလူဖြူနိူင်ငံမှာဖြစ်ပျက်နေတဲ့ ဖိနှိပ်မှုပြဿနာတွေ၊ လူတန်းစားပြဿနာတွေကိုစိတ်မဝင်စား‌ဘဲ ငါဟာ ဒုက္ခကကျော်မြောက်သူ၊ နိဗ္ဗာန်ဘုံရောက်နေသူသဖွယ် ဉာဏ်တော်စူးရှလာကြတာတွေကြောင့် (သို့) မြန်မာပြည်ပြန်ပြီး ဆရာကြီးလုပ်မှုတွေကြောင့်လည်း ဒီပြည်တွင်း/ပြည်ပပြဿနာတွေဆက်လက်ရှိနေဆဲလို့ကျွန်မကတော့ မြင်မိတယ်

ဖိလစ်ပိုင်မှာမွေး၊ အမေရိကန်မှာကြီးသူဖြစ်တဲ့ အက်လာကရန်ကြုံတွေ့ရတဲ့ ပြည်တွင်း/ပြည်ပစမန်ခုတ်မှုတွေဟာလည်း ကျွန်မရဲ့ဒိုင်ရာစပရာအတွေ့အကြုံတွေနဲ့ဆင်တူနေပြန်ပါတယ် အက်လာကရန်မှမဟုတ် ကျွန်မရဲ့နီပေါလူမျိုး၊ မက်ဆီကန်လူမျိုး၊ လူမည်းမိတ်ဆွေအပေါင်းအသင်းတွေဟာလည်း ဒီပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ကြုံတွေ့နေရဆဲဆိုတာကို သိရပြီးနောက် ဒိုင်ရာစပရာဖြစ်တည်မှုဆိုတာကို မိမိကိုယ်ကိုပိုင်စိုးရေးနဲ့ ဘယ်လိုများချိတ်ဆက်စဉ်းစားလို့ရနိူင်မလဲကျွန်မတွေးမိတယ်

မိမိကိုယ်ကိုပိုင်စိုးရေးဟာ ကျွန်မရဲ့တစ်ကိုယ်ရည်ပြင်ပကနေ ကျွန်မကိုချုပ်ကိုင်ခြယ်လှယ်ဖို့ကြိုးစားတာတွေကို ပုန်ကန်တာဆိုရင် ပြည်ပရောက်မြန်မာတစ်ယောက်အနေနဲ့ ကျွန်မရဲ့ဖြစ်တည်မှုဟာ မြန်မာစစ်စစ်ပဲ (ဒါမှမဟုတ်) မြန်မာမပြည့်ဝဘူးလို့ သူများတွေရဲ့ခြယ်လှယ်မှုကို ကျွန်မပုန်ကန်တတ်ရပါမယ်မဟုတ်လား? အက်လာကရန်ရေးခဲ့သလိုပဲ ဘယ်မြန်မာကမှ (ပြည်တွင်းမြန်မာသော်လည်းကောင်း၊ ပြည်ပမြန်မာသော်လည်းကောင်းက) ကျွန်မရဲ့မြန်မာဖြစ်တည်မှု၊ hybrid စပ်ကြားဖြစ်တည်မှုဟာ ပြည်တွင်းမြန်မာတွေအတွက် မလုံလောက်ဘူး၊ ပြည်ပမြန်မာတွေအတွက် မလုံလောက်ဘူးလို့ ဘယ်သူကမှစိုးမိုးခြယ်လှယ်စရာအကြောင်းမရှိတော့ပါဘူး ကျွန်မရဲ့လွတ်မြောက်ရေးအတွေးအခေါ်အယူအဆဆိုတာဟာလည်း မြန်မာပြည်ဆိုတာတစ်ခုတည်းအတွက်မဟုတ်တော့ဘဲ ဖိနှိပ်မှုစနစ်အောက်က ဘယ်သူမဆိုအတွက် အထူးသဖြင့် ကျွန်မရဲ့စပ်ကြားဖြစ်တည်မှုအလိုက်ဖြစ်ရမယ်မဟုတ်ပါလား? မြန်မာလူမျိုးတွေရဲ့ဖိနှိပ်မှုကိုပဲတိုက်ခိုက်နေမယ်ဆိုရင် ကျွန်မဟာ ကျွန်မလက်ရှိနေထိုင်နေတဲ့နေရာဒေသနဲ့အောက်ခြေလွတ်နေတဲ့လူတစ်ယောက်သာဖြစ်ပါလိမ့်မယ် ဖိနှိပ်မှုတွေဟာ (ဘယ်လောက်ပဲ ဘလော့ဂါတွေအမွှန်းတင်ရေးရေး) အမေရိကန်မှာလည်းရှိနေဆဲပဲဆိုတာသဘောပေါက်လာပြီးတဲ့နောက် ကျွန်မရဲ့ဘဝနေနည်းဒဿနဆိုတာဟာ မြန်မာလူမျိုး၊ မြန်မာနိူင်ငံဆိုတဲ့မျိုးချစ်စိတ်ကြီးပေါ်မှာပဲ မူမတည်‌ချင်တော့ဘူး ကျွန်မနဲ့ခံယူချက်ချင်းတူသူတွေဟာ ဒိုင်ရာစပရာမြန်မာတွေဖြစ်ကောင်းဖြစ်နိူင်သလို ပြည်တွင်းကမြန်မာတွေလည်းဖြစ်နိူင်တယ် ပါလက်စတိုင်းလူမျိုးတွေလည်း ဖြစ်ကောင်းဖြစ်နိူင်တယ် ကပ်ရှမီးလူမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိူင်တယ် လူမည်းတွေလည်းဖြစ်ကောင်းဖြစ်နိူင်တယ် မိန်းမတွေလည်းဖြစ်ကောင်းဖြစ်နိူင်သလို ခံယူချက်တူသရွေ့ ယောင်္ကျားတွေလည်းဖြစ်ကောင်းဖြစ်နိူင်တယ်

ခံယူချက်မတူဘဲ ကိုလိုနီစနစ်ရဲ့အမွေအနှစ်တစ်ခုဖြစ်တဲ့ နိူင်ငံရေးနယ်နိမိတ်ပညတ်ချက်တစ်ခုတည်းပေါ်အခြေခံပြီးတိုက်ခိုက်ရတာဟာ ကျွန်မရဲ့မိမိကိုယ်ကိုပိုင်စိုးခြင်းမှဟုတ်ရဲ့လား ပြန်မေးခွန်းထုတ်လာမိတယ် ဒီလိုနဲ့ မိမိကိုယ်ကိုပိုင်စိုးဖို့အတွက်ဆို ကျွန်မတို့ခန္ဓာကိုယ်အပေါ် အလိုမတူဘဲကပ်ချိတ်ထားတဲ့တံဆိပ်တွေကို အရင်ဆုံးခွာချပြီး မိမိကိုယ်ကိုဘာလဲဆိုတာ နဖူးတွေ့ဒူးတွေ့မေးမြန်းစစ်ဆေးရမယ်ဆိုတာ ကျွန်မသဘောပေါက်လာမိ‌တော့တယ်

ပုံ – ကုန်တင်ရထားတစ်စီး သဲကန္တာရမြက်ခြောက်များကြား မောင်းနှင်သွားခိုက် ပလတ်စတစ်အစုတ်အပြဲတစ်စ သံဆူးကြိုးတွင်လာရောက်ကပ်ညှိဝဲပျံနေစဉ်

Haters Cafe Blog

မင်းမဲ့စာကြည့်တိုက်မှစု‌ဆောင်းထားသော အက်လာကရန်ရေးသားခဲ့သော ဆောင်းပါးများ

ကျွန်မဘာသာပြန်ထားသော အက်လာကရန်ရဲ့ “မိမိကိုယ်ကိုပိုင်စိုးမှုနှင့် မင်းမဲ့သဘောတရားမှတ်စုများ” ဆောင်းပါး

မိမိကိုယ်ကိုပိုင်စိုးမှုနှင့် မင်းမဲ့သဘောတရားများဆိုင်ရာမှတ်စုများ

လုပ်ခြင်းဖြစ်ခြင်း

“ကြီးလာရင် ဘာဖြစ်ချင်လဲ? ဆရာဝန်ကြီးလား? အင်ဂျင်နီယာကြီးလား?”

ဒီမေးခွန်းက ကျွန်မတို့လူ့အဖွဲ့အစည်းတိုင်းမှာ စကားတောင်သေချာပီအောင် မပြောတတ်သေးတဲ့ကလေးတွေကို လူကြီးတွေကမေးလေ့ရှိတဲ့မေးခွန်းတစ်ခုပဲ ကလေးက ရိပ်ဖမ်းသံဖမ်းလေး ဆရာဝန်ဖြစ်ချင်ပုံရရင်၊ ဒါမှမဟုတ်လည်း ပလတ်စတစ်အရုပ်နားကြပ်လေးဝယ်ပေးပြီး “သမီးလေးက ဆရာဝန်မကြီးဖြစ်ချင်တာမလား” အစရှိသဖြင့် ကလေးကို ကိုယ်လိုရာဆွဲပြီး အတင်းကာရော အသက်မွေးဝမ်းကျောင်းအလုပ်လေဘယ်တွေနဲ့ တံဆိပ်ကပ်လိုက်ကြပြန်တယ်

ဒီနေရာမှာ သေချာစဉ်းစားကြည့်ရင် ဒီ‌မေးခွန်းတွေရဲ့နောက်မှာ ပြဿနာကနှစ်မျိုးရှိနိူင်ပါတယ် ပထမက မိဘနဲ့ကလေးဆိုတဲ့မိသားစုတည်ဆောက်ပုံရင်းနှီးဆက်ဆံမှုတွေကြားကနေ ငယ်ရွယ်နုနယ်သေးတဲ့လူသားတစ်ယောက်ကို မိဘလို့ခေါ်တဲ့လူကြီးနှစ်ယောက်ကနေ သူတို့မွေးထုတ်ပျိုးထောင်နေတဲ့လူသားတစ်ယောက်ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒဆိုတာထက် သူတို့ဖြစ်စေချင်တာတွေ မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း ဆွဲယူပြီးအတင်းပုံသွင်းတဲ့ပြဿနာပေါ့ (ဆွေမျိုးတွေ အဖိုးအဖွားတွေပါပေါင်းရင် နှစ်ယောက်ထက်ပိုနိူင်ပါတယ်)

ဒါကို တချို့ကတော့ ကျွန်မတို့မြန်မာပြည်ရဲ့ မိဘစကားနားထောင်ရမယ်ဆိုတဲ့၊ “မိဘမျက်နှာ အိုးမည်းမသုတ်ရဘူး” တို့ဆိုတဲ့ရိုးရာဓလေ့တွေကြောင့် ကျွန်မတို့မြန်မာအသိုင်းအဝိုင်းမှာပဲဖြစ်နေတဲ့ပြဿနာလို့ မှတ်ယူကောင်းမှတ်ယူကြပါလိမ့်မယ် ဒါပေမဲ့ ဗြိတိသျှအဘောလစ်ရှင်းနစ်ဖီမီနင့်စာရေးဆရာမ ဆိုဖီလူးဝစ် (Sophie Lewis) ကတော့ သူ့ရဲ့ ၂၀၂၂ ခုနှစ်မှာထုတ်တဲ့ “မိသားစုကို ဖြိုချဖျက်ဆီး – ဂရုစိုက်မှုနဲ့လွတ်မြောက်ရေးအတွက် ကြေငြာချက် (“Abolish the Family: A Manifesto for Care and Liberation”) ဆိုတဲ့စာအုပ်ထဲမှာတော့ မိသားစုဆိုတဲ့သဘောတရားကိုယ်နှိုက်ကိုက ဘယ်ရိုးရာဓလေ့မှာမဆို အင်မတန်အဆိပ်အတောက်ပြင်းတဲ့သဘောတရားပဲဆိုပြီး ထောက်ပြထားပါတယ် လူးဝစ်ဆိုလိုချင်တာကို ကျွန်မသဘောပေါက်ရသလောက်ရတော့ မိသားစုဆိုတဲ့ခေါင်းစဉ် (မနုဿဗေဒမှာဆိုရင်တော့ kin လို့ခေါ်တဲ့ အမျိုးအနွယ်ပေါ့) အောက်ကနေ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဖြစ်တည်မှု၊ လွတ်မြောက်မှုနဲ့ ဂရုစိုက်မှုတွေကိုပျိုးထောင်ရမဲ့အစား များသောအားဖြင့် မိသားစုခေါင်းစဉ်အောက်နေ ပြန်လည်မွန်းကျပ်အောင်ဖိနှိပ်ထားတယ်ဆိုတဲ့ အဆိုပြုချက်ပဲ

ဒါကို သေချာတွေးကြည့်ရင် ကျွန်မလက်ခံတယ် အရင်ဆုံး အဖေရယ်၊ အမေရယ်၊ ကလေးလေးရယ်ဆိုတဲ့ လူ့မှုအသိုင်းအဝိုင်းကကျွေးထားတဲ့ heteronormative (ကျား/မစံနှုန်းပြု) ဘဝနေထိုင်မှုဂျင်းကြီးအောက်ကနေပဲ တစ်စစီပြန်ခွဲခြမ်းစိတ်ဖြာပြီး စဉ်းစားကြည့်ရင်ကိုပဲ အဖေနဲ့ အမေဆိုတဲ့ မိသားစုဆိုတာဖြစ်တည်လာဖို့အခြေခံအကျဆုံးလူနှစ်ဦးကြားထဲက စံနှုန်းပြုထားတဲ့ အဖေဟာအိမ်ထောင်ဦးစီး၊ အလုပ်လုပ်သူ၊ ပိုက်ဆံရှာသူ၊ အမေဟာ အိမ်ထောင်ရှင်မ၊ ထမင်းဟင်းချက်ကလေးမွေးပြုစုသူဆိုတဲ့ပညတ်ချက်လေဘယ်တွေကိုယ်နှိုက်ကိုက အဆိပ်အတောက်ပြင်းနေတာပဲမဟုတ်ပါဘူးလား? (အခုခေတ်မှာတော့ အိမ်ထောင်တစ်ခုထဲက ဂျန်ဒါ‌တာဝန်တွေကပြောင်းလဲလာပါပြီလို့ဆိုလို့ရကောင်းရပေမဲ့လည်း အနည်းနဲ့အများ ဒီဂျန်ဒါပညတ်ချက်တွေက progressive ဖြစ်ပါတယ်ဆိုတဲ့စုံတွဲတွေဆီမှာတောင် အမြစ်တွယ်ကျန်နေသေးတာပါပဲ)

ဒါက ယောင်္ကျားနဲ့မိန်းမဆိုတဲ့ မိသားစုဖြစ်ဖို့အခြေခံထားတဲ့လူနှစ်ဦးကြားက ပညတ်ချက်ပါ အဲ့ဒီမှာမှ သားသမီးဆိုတဲ့ကလေးဆိုတာကိုပါ ဒီအခြေအနေထဲထပ်ထည့်စဉ်းစားကြည့်ရင် မိသားစုဆိုတာ ကျွန်မတို့မွေး‌ဖွားကြီးပြင်းလာစဉ်ကတည်းက ကျွန်မတို့အခုချိန်ထိသိနေတဲ့အသိတွေ၊ အမူအထတွေ၊ အလေ့အကျင့်တွေကိုအနီးအနားကနေ တစ်စတစ်စချင်းစီ socialize (နှီးနှော)လာပေးခဲ့တဲ့လူတစ်စုအနေနဲ့ သူတို့ရဲ့လွှမ်းမိုးမှုဟာ ကျွန်မတို့အပေါ်မှာတော်တော်ကြီးမားပါတယ် လူမျိုးတစ်မျိုး နိူင်ငံတစ်နိူင်ငံအလျောက် သူ့ရဲ့ရိုးရာဓလေ့ရှိသလို မိသားစုတစ်စုချင်းစီရဲ့ရိုးရာဓလေ့ (family culture) ကလည်း ကျွန်မတို့အပေါ်သက်ရောက်မှုအားကြီးပြန်ပါတယ် ဥပမာ – ကြက်သားဆီပြန်ဟင်းချက်ကြတာချင်းအတူတူ အိမ်ကအမေချက်တဲ့ကြက်သားဟင်းဟာ အဒေါ်ချက်တာနဲ့အရသာမတူနေသလိုပေါ့ ကျွန်မငယ်ငယ်ကဆို အိမ်မှာ အမေက မနက်ကတည်းက တစ်နေလုံးစာ ထမင်းဟင်းအပြီးချက်ထား‌လေ့ရှိတော့ ကျွန်မသူငယ်ချင်းတချို့ရဲ့အိမ်မှာဆို သူတို့အမေက ထမင်းတစ်ခါစားခါနီးမှ အသစ်တစ်ခါချက်တတ်တာမျိုးကြားရတဲ့အခါ ကျွန်မအတွက်အထူးအဆန်းဖြစ်ခဲ့တာမျိုး ဒီလို မိသားစုတစ်စုနဲ့တစ်စုမတူတဲ့ ထမင်းဘယ်လိုချက်တာ၊ ဘယ်အချိန်အိပ်ရာထကြတာ၊ ဘယ်အချိန်ရေချိုးလေ့ရှိတာ အစရှိတဲ့အမူအကျင့်တွေဟာ မိသားစုရိုးရာဓလေ့တွေပဲ

ဒီနေရာမှာ လူးဝစ်ရဲ့အာဘော်နောက်ကိုလိုက်ပြီးသုံးသပ်ကြည့်ရရင် ကျွန်မတို့တစ်ယောက်ချင်းစီရဲ့မိသားစုရိုးရာဓလေ့တွေဟာ ကျွန်မတို့ ကျွန်မတို့ဆိုတဲ့ identity (ဖြစ်တည်မှု)ဖြစ်အောင်ပုံဖော်ပေးလိုက်တဲ့ကိရိယာတွေဖြစ်ပေမဲ့လည်း တစ်ပြိုင်နက်တည်းမှာ သူတို့ဟာ ကျွန်မတို့ကို အဲ့ဒီ identity တွေထဲမှာပဲ ပြန်ပြီးအကျဉ်းချထားလေ့ရှိပြန်တယ် မိသားစုကနှာခေါင်းရှုံ့ရတဲ့အလုပ်မျိုးကိုလုပ်ဖို့၊ မိသားစုက မနှစ်မြို့တဲ့ ဘဝနေထိုင်မှုတစ်ခုကို လိုက်စားဖို့၊ မိသားစုကမကြိုက်တဲ့ချစ်သူရည်းစားမျိုးကိုတွဲဖို့ဆိုတာ အနည်းနဲ့အများ ဒီမိသားစုကပုံဖော်ထားတဲ့ identity ကိုပြန်တွန်းလှန်မှရတာမျိုးပါပဲ အဲ့ဒီအခါ ပဋိပက္ခတွေဖြစ်လာတတ်ပြီး ကိုယ်နဲ့သွေးသားတော်စပ်ပါတယ်ဆိုတဲ့လူတစ်စုဆီကနေ ကဲ့ရဲ့ခြင်းတွေခံလာရတဲ့အခါ စိတ်ပိုင်း‌ဆိုင်ရာသောကတွေရောက်တတ်လာပြန်ပါတယ် ဒါကြောင့် လူးဝစ်က မိသားစုဆိုတာ အပေါ်ယံတော့ကျွန်မတို့တွေအတွက် ကောင်းမလိုလိုနဲ့ လူတွေကိုချုပ်နှောင်ထားတဲ့ အဆိပ်အတောက်ပြင်းတဲ့သဘောတရားတစ်ခုလို့ထောက်ပြထားတာပါပဲ (ဒီနေရာမှာ ကျန်းမာတဲ့မိသားစုပေါင်းသင်းဆက်ဆံရေးတွေရှိကောင်းရှိပေမဲ့လည်း လုံးဝဥဿုံခြောက်ပြစ်ကင်းသဲလဲစင်နေတဲ့မိသားစုဆက်ဆံရေးဆိုတာ စနစ်တကျကြည့်ရရင်ရှိမနေပါဘူး တစ်ခုမဟုတ်ရင်တစ်ခုမဟုတ်တော့ မိသားစုဆိုတာ စားရမှာလည်း သဲတရှပ်ရှပ် ပစ်ရမှာလည်းအဆီတဝင်းဝင်းကြီးဖြစ်နေတတ်ပါတယ်)

အထူးသဖြင့် အရင်းရှင်စနစ်အောက်က ကုမ္မဏီတွေကနေ အလုပ်ကို မိသားစုလိုပဲမှတ်ယူပါ (we are like family) အစရှိတဲ့ မိသားစုဆိုတာကောင်းပါတယ်ဆိုတဲ့သဘောတရားကို ပုံပမာပြုပြောဆိုလာတဲ့အခါမျိုး‌မှာ တကယ်တမ်း အလုပ်ရှင်နဲ့အလုပ်သမားကြားက အဆိပ်အတောက်ပြင်းတဲ့၊ မညီမျှတဲ့ပေါင်းသင်းဆက်ဆံရေးကို မိသားစုတံဆိပ်ကပ်ပြီးညာရွှီးလိုက်သလိုပါပဲ (အမှန်တကယ်က သူတို့ကကောင်းတဲ့သဘောတရားကိုညွှန်းဆိုချင်ပေမဲ့ အလုပ်ရှင်ကို အဖေ၊အ‌မေလိုသာဆက်ဆံရမယ်ဆိုရင် အလုပ်သမားအတွက် အလုပ်ဟာ အရမ်းကိုစိတ်ပင်ပန်းရမဲ့ အခြေအနေကြီးတစ်ခုဖြစ်နေမှာပဲမဟုတ်ဘူးလား?) မိသားစုဆိုတာ လူတွေကို ကြိုးပြန်တုပ်ထားတဲ့ အဆိပ်အတောက်ပြင်းတဲ့သဘောတရားလို့နားလည်ထားရင်တော့ ဒီလို slogan တွေကြားရတဲ့အခါ အလုပ်ဆိုတာလည်း အဆိပ်အတောက်ပဲဆိုတာ ကျွန်မတို့ကွက်ကွက်ကွင်းကွင်းမြင်သွားနိူင်ပါတယ်

ပထမပြဿနာကိုထောက်ပြရင်း မိသားစုသဘောတရားတွေဆီ ကျွန်မအတွေးဖြန့်မိပေမဲ့ ဒီနေ့တကယ်တမ်းရေးချင်တဲ့အကြောင်းအရာက ဆောင်းပါးအဖွင့်ရဲ့မေးခွန်းတွေနောက်က ဒုတိယပြဿနာပါ ဒါကတော့ ကျွန်မတို့ရဲ့ လူသားဖြစ်တည်မှုအပေါ် အမြဲတစေ ဘာအလုပ်လုပ်နေသလဲနဲ့သာချိန်ထိုးတိုင်းဆခံထားရတဲ့ပြဿနာပေါ့ လူတစ်ယောက်ဘာလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာ သူနဲ့စကားပြောဆိုပေါင်းသင်းဆက်ဆံကြည့်မဲ့အစား သူဘာအလုပ်လုပ်နေတာလဲဆိုတဲ့မေးခွန်းရဲ့အဖြေပေါ်မူတည်ပြီး သူဘယ်သူပါဆိုပြီး ကောက်ချက်ချတတ်တဲ့ပြဿနာပေါ့ ဒါကလည်း ပထမပြဿနာဖြစ်တဲ့ ငယ်စဉ်တောင်ကျေးကတည်းက မိဘတွေရဲ့ကလေးတွေကို ဘာဖြစ်ချင်တာလဲဆိုပြီး (ကလေးတကယ်လုပ်ချင်တဲ့အလုပ်က သူတို့မကြိုက်တာတာဆိုရင်လည်း ကဲ့ရဲ့ဆုံးမတာခံရပါသေးတယ် ဥပမာ – ကျောင်းမတက်ရင် အမှိုက်ကောက်ရမယ်ဆိုပြီး အမှိုက်ကောက်တဲ့အလုပ်ဟာ နိမ့်ပါးသယောင်ခေါင်းထဲမသိမသာရိုက်သွင်း) socialize လုပ်မှုတွေကြောင့်လည်းဖြစ်နိူင်သလို အဆအင်မတန်ကြီးထွားလာတဲ့ ဓနရှင်စနစ်ကြောင့်လို့လည်း ကျွန်မကတော့ ကောက်ချက်ချချင်တယ်

(တကယ်တမ်းက လူကြီးတွေက ဘာ”ဖြစ်”ချင်တာလဲလို့သာမေးတာပါ သူတို့လိုချင်တဲ့အဖြေ‌တွေက “သမီးပျော်ချင်တယ်၊ သားစိတ်ကျေနပ်တဲ့ဘဝတစ်ခုနေချင်တယ်” စတဲ့ “ဖြစ်”ချင်တယ်တိုတဲ့အဖြေတွေထက် “ဆရာဝန်ကြီး”၊ “အင်ဂျင်နီယာကြီး” အစရှိတဲ့အ”လုပ်”လေဘယ်တွေပဲမဟုတ်ပါလား? “ဖြစ်”ချင်တာနဲ့ “လုပ်”ချင်တာကြားက မတူညီမှုတွေကို ကျွန်မတို့တွေ ဘယ်လောက်သတိထားမိကြလဲ?)

အရင်းရှင်စနစ်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့လုပ်အားနဲ့သာအဖြေထုတ်လေ့ရှိတယ် ကိုယ်ကာယနဲ့လုပ်တဲ့သူဆို တစ်နေ့ ဘယ်နှနာရီအလုပ်လုပ်နိူင်သလဲပေါ့ အရင်းရှင်စနစ်အစောပိုင်းကာလတွေတော့ ကာယအလုပ်သမားတွေကသာ ဒီလိုမျိုးလုပ်အားအရင်းဖြတ်ခံရပြီး ဉာဏသမား (တွေးခေါ်မှုအပေါ်အခြေခံပြီးအလုပ်လုပ်တဲ့သူတွေ) ကတော့ ဒီလိုမျိုးခေါင်းပုံမဖြတ်ခံရဘူး၊ ကြိုက်တဲ့အချိန်ကြိုက်သလို လွတ်လပ်စွာစဉ်းစားတီထွင်ဖန်တီးနိူင်တယ်လို့ဆိုလို့ရပေမဲ့ အခုကာလမှာတော့ ဘယ်သူမဆို အရင်းရှင်စနစ်ရဲ့ခေါင်းပုံဖြတ်မှုအောက်၊ လူ့အသက်ရဲ့တန်ဖိုးကိုလုပ်အားနဲ့သာ ကြည့်တတ်ပုံမျိုးအောက်‌ကနေမလွတ်တော့ဘူးလို့ ကျွန်မကတော့ ငြင်းချက်ထုတ်ချင်တယ်

ဥပမာပေးရရင် ပြီးခဲ့တဲ့နှစ်ထဲမှာ ကျွန်မစာအခမဲ့လုပ်အားပေးသင်ပေးခဲ့တဲ့ တော်လှန်ရေးခေါင်းစဉ်တပ် online တက္ကသိုလ်တစ်ခုနဲ့လမ်းခွဲခဲ့ရတဲ့အကြောင်းကိုပြန်ပြောပြချင်တယ် တော်လှန်ရေးအတွက်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ကျောင်းစီမံခန့်ခွဲရေးဆိုင်ရာကို မိမိကိုယ်ကိုလစာပေးလုပ်ကိုင်နေကြတဲ့ ကျောင်းသမ္မတ၊ ကျောင်း provost လို့ခေါ်တဲ့လူတွေက တစ်နေ့တော့ ကျွန်မအပါအဝင်တခြားသော လုပ်အားပေးစာသင်ပေးခဲ့ကြတဲ့ ဆရာဆရာမတွေကိုပြောပါတယ် တော်လှန်ရေးတက္ကသိုလ်ကြီး အဓွန့်ရှည်အောင်၊ ဘယ်သူမဆိုအချိန်မရွေး online ကနေ အတန်းလက်ချာတွေကိုကြည့်ပြီးလေ့လာလို့ရအောင် လုပ်အားပေးဆရာဆရာမတွေအနေနဲ့ ကျောင်းသားကျောင်းသူတွေနဲ့ စာသင်ခန်းထဲမှာတိုက်ရိုက်စာသင်မဲ့အစား သင်ခန်းစာတွေကို recording သွင်းပေးပါဆိုပြီး ခွင့်တောင်းလာပါတယ် လက်ရှိမှာအခမဲ့‌သင်နေပေမဲ့ အဲ့ဒီလက်ချာ recording တွေအတွက် တစ်တန်းဘယ်လောက်ဆိုပြီး ဆရာဆရာမတို့ကျေနပ်လောက်မဲ့ဈေးနှုန်းပေးပြီး ဒါမှမဟုတ် ၆ လအတောအတွင်း recording ဘယ်လောက်ပေးမယ်၊ အခကြေးငွေဘယ်လောက်ဆိုပြီး စာချုပ်လက်မှတ်ထိုးစေချင်ပါတယ်ဆိုပြီး ပြောလာပါတယ်

ဒီတောင်းဆိုချက်ကို ကျွန်မကတော့ကြားကြားချင်းလုံးဝကို မလုပ်နိူင်ပါဘူးဆိုပြီးကန့်ကွက်ခဲ့ပါတယ် တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေ လိုရင်ယူ ပိုရင်လှူဆိုတဲ့ mutual aid သဘောတရားအရ ကျွန်မတို့ နည်းနည်းလေးပိုသိတယ်ဆိုတဲ့ဘာသာရပ်တွေကို စစ်တပ်တက္ကသိုလ်တွေကိုသပိတ်မှောက်နေတဲ့၊ နိူင်ငံခြားကျောင်းထွက်မတက်နိူင်တဲ့ကျောင်းသားကျောင်းသူတွေကို အခမဲ့သင်တယ်ဆိုတာ ကျွန်မအတွက်တော့ ဆရာမကြီးနာမည်ခံချင်လို့မဟုတ်သလို ကျွန်မရဲ့စာသင်တဲ့လုပ်အားကိုရောင်းစားဖို့လည်းမဟုတ်ပါဘူး ဒီတောင်းဆိုချက်နောက်ကနေ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတာက မည်သို့ပင် တော်လှန်ရေးခေါင်းစဉ်တပ်ထားပါစေ တချို့သောလုပ်ရပ်တွေဟာ အရင်းရှင်စနစ်ရဲ့အသွင်သဏ္ဍာန်တွေကိုသာ ပြန်လည်မွေးမြူနေဆဲဆိုတဲ့အချက်ပါပဲ အထူးသဖြင့် ကျွန်မသင်တဲ့ မနုဿဗေဒလိုမျိုး ဘာသာရပ်ဆိုတာ အပြန်အလှန်ပြောဆိုဆွေးနွေးမှပိုမိုခရီးရောက်တတ်တဲ့ဘာသာရပ်ဖြစ်တဲ့အတွက် ဆရာမနဲ့တိုက်ရိုက်ပြောဆိုဆွေးနွေးလို့မရဘဲ recording ကိုသာပိုက်ဆံပေးဝယ်ကြည့်ပြီး လေ့လာရတယ်ဆိုတာ စာသင်ကြားမှုကို ဟင်းရွက်ကန်စွန်းရွက်ကုန်ပစ္စည်းရောင်းသလိုရောင်းလို့ ဘယ်လိုမှမဖြစ်နိူင်ပါဘူး (ဒါကတော့ ကျွန်မရဲ့စာသင်ကြားမှုပုံစံကြောင့်လည်းဖြစ်နိူင်ပါတယ် အရင်းရှင်စနစ်အောက်ကနေလုပ်စားနေတဲ့၊ ပညာရေးကို ကုန်ပစ္စည်းသဖွယ်ရောင်းစားနေတဲ့ကျောင်းတွေကလည်း ကမ္ဘာအနှံ့မှာပါပဲ ဒါဟာ ဈေးကွက်စီးပွားရေးကြီးတစ်ခုကိုဖြစ်နေတာပါပဲ)

ဒီနေရာမှာ ဒီ”တော်လှန်ရေး” တက္ကသိုလ်ဟာ ဆရာဆရာမတွေဆီကနေ သင်ခန်းစာတွေကို နေ့စားအလုပ်သမားငှားသလိုပုတ်ပြတ်ဝယ်ပြီး တစ်ဖက်မှာလည်း ကျောင်းသားကျောင်းသူတွေကို တော်လှန်ရေးအတွက်ဆိုပြီး တစ်တန်းဘယ်လောက်ဆိုပြီး ငွေကြေးနဲ့ပြန်ရောင်းစား‌နေတဲ့ကြားခံစီးပွားရေးပလက်ဖောင်းတစ်ခုသာသာပါပဲဆိုတာသိလိုက်ရပြီးနောက် ကျွန်မအဲ့ဒီကျောင်းမှာ လုပ်အားပေးပြီး စာဆက်မသင်ဖြစ်တော့ပါဘူး ကျွန်မထွက်လာပြီးတဲ့နောက်တော့ ဒီစနစ်ကို သူတို့အ‌ကောင်အထည်ဖော်ကျင့်သုံးလိုက်ပြီလားတော့ အတိအကျမသိပါဘူး

ဒီဥပမာကနေထောက်ပြချင်တာက စာသင်တယ်ဆိုတဲ့ ဉာဏနဲ့လုပ်ရတဲ့အလုပ်မျိုးမှာတောင် လုပ်အားကိုသာအခြေခံပြီး (ဘယ်နှတန်းသင်နိူင်မလဲ၊ ကျောင်းသားဘယ်‌နှယောက်သင်နိူင်မလဲအစရှိသဖြင့်) ကျွန်မတို့ရဲ့လူဖြစ်တည်မှုဟာ တန်ဖိုးဖြတ်ခံလိုက်ရတယ်ဆိုတာပါပဲ ဒီနေရာမှာ ကျွန်မကပညာရေးလောကကိုသာ သိကျွမ်းတဲ့သူမို့လို့ ဒီဥပမာကိုပေးရတာပါ နယ်ပယ်အသီးသီးမှာ လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ (ဥပမာ – သူအိုးပိုင်အိမ်ပိုင်ဝယ်နိူင်သလား၊ ကားဝယ်စီးနိူင်သလား၊ ရွှေငွေစုနိူင်သလား ဒါတွေအကုန်လုံးဟာ) သူလုပ်တဲ့အလုပ်နဲ့ ရတဲ့လစာနဲ့သာတန်ဖိုးဖြတ်ခံလိုက်ရတာတယ်ဆိုတာပါပဲ စဉ်းစားတီထွင်မှုပေါ်အခြေခံတဲ့ အနုပညာလို၊ အာတ်လိုနယ်ပယ်မှာတောင် ပန်းချီကားတစ်ချပ်ဈေးဘယ်လောက်ပေးဝယ်ရတဲ့ပန်းချီဆရာကမှ ပိုတန်ဖိုးရှိနေရတာလဲ?

အနောက်နိူင်ငံတွေမှာသုံးလေ့ရှိတာက လူတစ်ယောက်ရဲ့ net worth (အသားတင်တန်ဖိုး) ပေါ့ ငယ်ငယ်က ဒီစကားလုံးစစကြားရခါစက ကျွန်မနားထဲ ကိုးလိုးကန့်လန့်ကြီးဖြစ်ခဲ့တယ် ဘယ်နှယ့် လူတစ်ယောက်မှာ ရွှေတုံးတစ်တုံးကို အလေးချိန်ခွင်ပေါ်တင်ကြည့်သလို အသားတင်တန်ဖိုးဆိုတာ ဘယ်လိုရှိရတာလဲပေါ့ အခုတော့ လူတစ်ယောက်ရဲ့ အသားတင်တန်ဖိုးဆိုတာ သူ့ရဲ့အကျင့်စာရိတ္တ၊ နီတိ၊ တာဝန်ဝတ္တရား၊ သူစိတ်ဝင်စားရာဆိုတာထက် သူပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေရဲ့တန်ဖိုးတွေကို ဆိုလိုတာကိုသဘောပေါက်လာတဲ့အခါ အင်မတန်ကိုအော်ဂလီဆန်စရာပါပဲ

အခုလက်ရှိတော်လှန်ရေးအပြောအဆိုတွေမှာတောင် အလုပ်ဘယ်လောက်ပေါက်မြောက်မှ ဒီလူဟာ တော်လှန်ရေးသူရဲကောင်းပီပြင်မယ်ဆိုတဲ့စကားမျိုးတွေ‌ကြား‌လာနေရပါပြီ ဟိုတလောကတွေ့လိုက်ရတဲ့ “တစ်ရက်မှမနားခဲ့” ဆိုတဲ့ဂရပ်ဖစ်ဒီဇိုင်းပုံထဲကပေးချင်တဲ့မက်ဆေ့လိုမျိုးပေါ့နော် ကျွန်မတို့တွေဟာ တော်လှန်ရေးခေါင်းစဉ်အောက်ကနေ မနားမနေစက်ရုပ်များသဖွယ် နေ့နေ့ညညလုပ်ကိုင်နေကြရမဲ့ တော်လှန်ရေးလုပ်သားများဖြစ်ကြရမယ်ဆိုတဲ့သဘောပေါ့လေ ဒီနေရာမှာ စစ်အာဏာသိမ်းတာကို ဖုတ်လေတဲ့ငပိမရှိသယောင် မျက်ကွယ်ပြုထားတဲ့သူတွေကို စကားထဲထည့်မပြောတော့ပါဘူး ဒါပေမဲ့တော်လှန်ရေးအတွက်ဆိုပြီးလုပ်နေပြောနေကြတဲ့လုပ်ရပ်တွေ၊ စကားတွေမှာကအစ အရင်းရှင်ဆန်လာတာတွေကို ဆင်ခြင်မိတာပါ

တော်လှန်ရေးဟာ ဘယ်လိုလုပ်အရင်းရှင်ဆန်မလဲ ပြန်မေးကောင်းမေးနိူင်ပါတယ် တော်လှန်ရေးဟာ မြန်မာပြည်က မအလဆိုတဲ့ ပြယုဂ်တစ်ခုတည်းကိုပဲ‌ကွက်တိုက်နေတဲ့တော်လှန်ရေးဆိုရင်တော့ အရင်းရှင်လည်းဆန်နိူင်သလို မဟာဖိုဝါဒလည်းကြီးစိုးနေနိူင်ပါတယ်လို့ ကျွန်မကတော့ ပြန်ဖြေချင်တယ် ဘာပစ္စည်းဥစ္စာမှမရှိတဲ့လူတစ်ယောက်ဟာ တန်ဖိုးမဲ့လူတစ်ယောက်၊ စိတ်ပိုင်းဆိုင်ရာအရ၊ ခန္ဓာပိုင်းဆိုင်ရာအရ ဘာလုပ်အားမှမ‌ပေးနိူင်တဲ့လူတစ်ယောက်ဟာ ကျွန်မတို့လူမှုအသိုင်းအဝိုင်းကခေါ်တဲ့ အုတ်ကြားမြက်ပေါက်ဆိုတဲ့လူစားမျိုးလား?

အုတ်ကြားမြက်ပေါက်ဆိုရင်ရော ဘာဖြစ်လို့လဲ? (ဒီနေရာမှာ ကိုးရီးယား thriller ရုပ်ရှင် Parasite (ကပ်ပါးကောင်) ကိုတောင် ကျွန်မသွားတွေးမိပါတယ် လူတန်းစားကွာဟမှုကြားထဲက အဆမတန်ချမ်းသာနေတဲ့သူဌေးမိသားစုကို ဘဝမှာဆုံးရှုံးနေတဲ့မိသားစုက မျှော့တစ်ကောင်သွေးစုပ်သလို ကပ်ပါးကပ်နေတာ တကယ်တော့ဘာမှားလဲ? သူဌေးတွေကသာ ဆင်းရဲသားလက်လုပ်လက်စားလူတန်းစားကို ခေါင်းပြန်မထောင်နိူင်အောင်နင်းရင်းနင်းရင်း သူတို့တစ်မိသားစုတည်းတောင် စားလို့မကုန်လောက်အောင် ချမ်းသာပြီးရင်းချမ်းသာနေတာမဟုတ်ဘူးလား?

 

လူ့အဖွဲ့အစည်းတစ်ခုမှာ လက်တစ်ဆုပ်စာ လူတစ်စုကသာလျှင် အဆမတန်ချမ်းသာနေသင့်ရဲ့လား?) ဘယ်ကနေဘယ်လို လူသား‌တစ်ယောက်ချင်းစီရဲ့တန်ဖိုးဆိုတာကို သူ့ရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာ၊ ငွေကြေး၊ အလုပ်နဲ့တန်ဖိုးဖြတ်လိုက်တဲ့အဆင့်ကို ကျွန်မတို့လူ့အသိုင်းအဝိုင်းကြီးက ဘယ်တုန်းကရောက်ရှိသွားရတာလဲ?

အသက်အရွယ်အလယ်အလတ်ပိုင်းရောက်လာတဲ့လူတစ်ယောက်အနေနဲ့ ကျွန်မဒီလူ့တန်ဖိုးကို လုပ်အားနဲ့သာသတ်မှတ်တဲ့အဖြစ်ကြီးကိုသဘောပေါက်လာတဲ့အခါ ငယ်ငယ်က လူကြီးတွေက‌ မသိမသာကျွန်မခေါင်းထဲကိုရိုက်သွင်းခဲ့တဲ့ ဆရာဝန်မှ ဂုဏ်ရှိမယ်၊ အင်ဂျင်နီယာကြီးဆို ပိုက်ဆံချမ်းသာမယ်အစရှိတဲ့လိမ်လုံးတွေကို ပြန်တွေးမိလာတယ် ကျွန်မတို့ကလေးတွေကို ကြီးလာရင် ဘာကြီးဖြစ်ချင်တာလဲ၊ ညာကြီးဖြစ်ချင်တာလဲမေးပြီး ဘာလို့ သူတို့ရဲ့ခေါင်းထဲကို သူတို့ရဲ့အသက်ရှင်သန်မှုဟာ သူတို့ဘာအလုပ်လုပ်တယ်ဆိုတာနဲ့တိုက်ရိုက်ပတ်သက်နေတယ်လို့ မသိမသာမက်ဆေ့တွေပေးကြရတာလဲ? ကလေးတွေက ဘာမှမဖြစ်ချင်တဲ့သူတွေဆိုရင် ဘာဖြစ်လဲ? သူတို့ကို ငပျင်းလေးတွေလို့ ကျွန်မတို့မှတ်ယူကြမှာမို့လို့လား? ဒါမှမဟုတ် လူတစ်ယောက်ဟာ ဘဝသက်တမ်းတစ်လျှောက်မှာ တစ်ခုထက်ပိုတဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းတွေ လျှောက်လုပ်ကြည့်လို့မရဘူးလား? အဲ့လိုဆိုရင် သူတို့ကို စိတ်ဂဏမငြိမ်တဲ့သူတွေလို့ ကျွန်မတို့မှတ်ယူကြမလို့လား? မှတ်ယူကြတာလား?

မွေးဖွားလာချိန်ကနေ အသက်သေဆုံးတဲ့အထိ ငွေရှာဖို့၊ ဂုဏ်ရှိအောင်နေဖို့ဆိုတဲ့ ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့ လူ့တန်ဖိုးသိက္ခာ‌ဆိုတာနောက်လိုက်ရင်း ကျွန်မတို့အပေါ်ကျွန်မတို့ပြန်ထားရှိသင့်တဲ့ အသားတင်ချိန်ခွင်တင်မထိုးအပ်တဲ့ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုတွေသာရှိပြီး ရွေ့လျားရုန်းကန်မှုတွေမပါတဲ့ ရိုးရိုးရှင်းရှင်းလေးပဲဖြစ်တည်ပိုင်ခွင့်တွေ ဘယ်ရောက်သွားပြီလဲ? ဒါတွေကမှ လူဖြစ်ရခြင်းအနှစ်သာရတွေမဟုတ်ဘူးလား? မိသားစုရဲ့အဆိပ်အတောက်ပြင်းထန်မှုကို ကျွန်မကြီးပြင်းလာတဲ့မိသားစုကနေပဲ ကျွန်မနားလည်သဘောပေါက်ပါတယ် ကျွန်မတစ်သက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖို့အစီအစဉ်စိတ်ကူးစိတ်ဆန္ဒမရှိတဲ့သူတစ်ယောက်အနေနဲ့လည်း မိသားစုရဲ့အဆိပ်အတောက်ဆိုတာက မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကိုဆက်လက်လက်ဆင့်ကမ်းသယ်ယူသွားနိူင်တယ်ဆိုတာကို သဘောပေါက်ဆင်ခြင်မိတဲ့အတွက်လည်း ကျွန်မမွေးမဲ့ကလေးဆိုတာတွေကို ကျွန်မကြီးပြင်းလာတဲ့အဆိပ်အတောက်တွေ လက်ဆင့်ကမ်းစရာအကြောင်းမရှိတဲ့အတွက် တစ်ကိုယ်ရည်တော့စိတ်သက်သာရာရမိပါတယ်

တစ်ပြိုင်နက်တည်းမှာလည်း ကျွန်မရဲ့လူ့တန်ဖိုးဆိုတာကို မိန်းမဖြစ်တည်မှု (မဖိတ်ခေါ်ဘဲရောက်ရှိလာတဲ့ မိန်းမဆန်မဆန်အကဲဖြတ်မှုတွေ)၊ မိခင်ဖြစ်တည်မှု (ကလေးမယူသေးဘူးလားဆိုတဲ့မေးခွန်းတွေ)၊ ကျွန်မလက်ရှိလုပ်ကိုင်တဲ့အလုပ်(ဆရာမ ဆရာမဆိုပြီး ချဉ်းကပ်လာတာတွေ၊ သူက အကယ်ဒါးမစ်ပါပဲလေဆိုပြီး ဝါးလုံးရှည်နဲ့သိမ်းဝေဖန်လာတာတွေ) နဲ့သာ အပေါ်ယံရှပ်ချိန်ခွင်ထိုးဆက်ဆံကြလေ့ရှိတဲ့ ပေါ့ရွှတ်ရွှတ်လူသားဆက်ဆံရေး‌ကြီးတွေနဲ့ ‌နိစ္စဒူဝလည်ပတ်နေရတဲ့ဘဝကြီးကို ဆန့်ကျင့်ဘက်ပြုရင်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်မအပါအဝင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ကိုယ်စိတ်ဝင်စားရာ၊ ကိုယ့်အာရုံကိုနိုးဆွရာနဲ့သာလျှင် မိမိကိုယ်မိမိဖြစ်တည်ရတဲ့သူ၊ ဒီစနစ်တွေရဲ့ပညတ်ချက်အကျဉ်းထောင်ထဲကနေ လွတ်မြောက်ရသူတွေဖြစ်ရပါစေလို၏လို့သာ မျှော်မှန်းတမ်းတမိရပါတော့တယ်လေ

ပုံ – လေအဝှေ့‌တွင် ကတ္တရာလမ်းမပေါ်ပြိုက်ခနဲကြွေကျလာသော ငုဝါဝတ်ဆံများ

ဆိုဖီလူးဝစ်ရဲ့ “မိသားစုကိုဖြိုချဖျက်ဆီး” စာအုပ် pdf

https://archive.org/download/tfsr-20230102-AbolishTheFamily/family-abolition-zine.pdf

Reddit တွင်စတင်ခဲ့သော anti work (အလုပ်ဆိုတာဆန့်ကျင့်ရေး) အရွေ့

https://www.reddit.com/r/antiwork/

Anti work movement စတင်ရာအကြောင်း

https://www.bbc.com/worklife/article/20220126-the-rise-of-the-anti-work-movement

Chang Liu ရေးတဲ့ Parasite ရုပ်ရှင်အခြေပြု လူမှုမညီမျှမှုများသုံးသပ်ချက်စာတမ်း

https://www.atlantis-press.com/proceedings/iclahd-20/125949420

မှိုပွင့်များ

အဆုံးသတ်မှမရှိရင် အစတွေဟာ အဓိပ္ပါယ်ရှိပါ့ဦးမလား?

 

ပျက်သုဉ်းခြင်းရဲ့ကတိကဝတ်မှမရှိရင် တည်ရှိခြင်းတွေဟာ ဘာကိုသ‌င်္ကေတပြုနေဦးမလဲ?

 

သေဆုံးခြင်းမှမရှိရင် ရှင်သန်ခြင်းတွေကို ကျွန်မတို့ တန်ဖိုးထားကြဦးမလား?

 

တဝုန်းဝုန်းနဲ့ အသက်နဲ့အိုးစာကွဲရလောက်အောင်ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးသံလေသံတွေ ပယ်ပျောက်သွားတဲ့အချိန် ကျွန်မ အိမ်နောက်ဖေးကို ခဏထွက်လာခဲ့မိတယ် ခြံထောင့်ကသစ်ပင်ကြီးဟာ မုန်တိုင်းအတောအတွင်း မြေကြီးကနေအမြစ်ဆွဲနှုတ်ကျွတ်ထွက်ရလောက်အောင် ယမ်းခါနေခဲ့တဲ့သူမဟုတ်သယောင် တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မကိုငုံ့ကြည့်နေတယ် သစ်ရွယ်ငယ်တွေမှာ ခိုသီးနေတဲ့မိုးရေစက်တွေကသာလျှင် သက်သေအဖြစ် မော်ကြည့်မိတဲ့ကျွန်မမျက်နှာပေါ်ခုန်ချလာကြတယ် ဒါပေမဲ့လည်း သူတို့တွေဟာ မုန်တိုင်းရဲ့မိုးစက်ဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရအောင် ခဏနေ ပျောက်ပျက်သွားကြပါဦးမယ်

 

ဘယ်နေရာမှာ မုန်တိုင်းခိုနေခဲ့မှန်းမသိရတဲ့ငှက်ငယ်ကလေးတွေကလည်း အစာပြန်ရှာထွက်ဖို့ တတီတီတတာတာမြည်တွန်နေကြပြန်တယ် သူတို့ရဲ့‌ ရေစိုကောင်းစိုနေမယ်ဖြစ်တဲ့ အမွေးအတောင်တွေဟာလည်း ခဏနေခြောက်သွေ့သွားကြဦးမယ်ဖြစ်တယ် လွန်ခဲ့သောနာရီပိုင်းလေးတင်ကမှ ကမ္ဘာပျက်နေပုံသဖွယ် ဩကာသလောကကြီးဟာ သူမဟုတ်သလို ငြိမ်သက်တည်ရှိနေပြန်တယ် မုန်တိုင်းရဲ့အရိပ်အယောင်ဆိုလို့ ဖိနပ်မစီးထားတဲ့ကျွန်မရဲ့ခြေဖဝါးအောက်က စိုစွတ်နေတဲ့ မြေသားရယ်၊ စာလုံးတွေနဲ့ရေးသားဖော်ပြခြင်းမပြနိူင်တဲ့၊ ပြလည်းမပြဝံ့တဲ့ မြေသားနံ့သင်းသင်း‌တွေရယ်နဲ့ လှုပ်ရှားခြင်းမရှိတဲ့ခြေဖမိုးရပ်နေရာ မြေကြီးပတ်ဝန်းကျင်ကနေ ရွစိရွစိနဲ့တွန့်လိမ်ကောက်ကွေးတက်လာကြတဲ့ တီကောင်လေးတွေသာရှိတယ်

 

မုန်တိုင်းဟာ သူတို့တွေအတွက်တော့ ကမ္ဘာပျက်ရာမဟုတ်၊ ကမ္ဘာပြုရာအခြေအနေတစ်ခုသာဖြစ်တယ်

 

အခုတလော ကျွန်မ အသက်ရှင်ခြင်းသဘောတရားရဲ့အဓိပ္ပါယ်နောက်က ပြီးဆုံးခြင်းအနားသတ်တွေအကြောင်းတွေးနေမိတယ် မွေးဖွားခြင်းနောက်က ဖြစ်တည်လာတဲ့ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုတွေနဲ့ ဒွန်တွဲနေတဲ့မတည်မြဲမှုတွေ၊ အဆုံးသတ်မှုတွေ၊ ပျက်သုဉ်းခြင်းတွေအကြောင်းပေါ့ လူ့ဘောင်လောကကြီးထဲက အဖြူအမည်းဒွိဟတွေကို ကျွန်မမနှစ်သက်လှပေမဲ့ အဖြူဆိုတာကိုအဓိပ္ပါယ်ပြုဖို့ ဘာလို့အမည်းဆိုတာတွေ အမြဲလိုအပ်နေရတာလဲ ကျွန်မမချင့်မရဲဖြစ်မိတယ်

 

မိန်းမဆိုတာဖြစ်ဖို့ မိန်းမမဟုတ်သူဆိုတဲ့ အခြားတစ်ဖက်ကအမည်းရောင်

 

လူဆင်းရဲလို့သတ်မှတ်ဖို့ လူ့ချမ်းသာစာရင်းဝင်ဆိုတဲ့ အခြားတစ်ဖက်က ပညတ်ချက်အမည်းရောင်

 

ရှင်သန်ခြင်းဆိုတာရဲ့ အခြားတစ်ဖက်ခြမ်းက သေဆုံးခြင်းအမည်းရောင်

 

ဒါပေမဲ့ အဆုံးသတ်တစ်ခြမ်းဆိုတာမှမရှိရင် ကျွန်မတို့ဘဝတွေကို ကျွန်မတို့ ဘယ်လောက်များတန်ဖိုးထားကြဦးမလဲ? သိပ္ပံရုပ်ရှင်ကားတွေထဲမှာတွေ့ရလေ့ရှိတဲ့ တမင်တကာဆွဲဆန့်ပြုပြင်ပုံဖော်ထားတဲ့အဆုံးသတ်မရှိတဲ့ဘဝ‌တွေဟာ ကျွန်မအတွက်တော့ ပျင်းရိစရာ‌ကောင်းလှသဖွယ် တန်ဖိုးမဲ့နေသလိုပဲ

 

တစ်ပြိုင်နက်တည်းမှာလည်း မွေးဖွားလာချိန်ကနေ ‌ဘယ်တော့အဆုံးသတ်မယ်မှန်းမသိတဲ့အဆုံးသတ်မှုဝင်ရိုးစွန်းနှစ်ခုကြားက မျက်စိတစ်မှိတ်စာအတောအတွင်း လူသားတွေရဲ့ နုနယ်လှတဲ့အသက်ရှင်သန်မှု၊ အချိန်မရွေး တစ်စုံတစ်ခုကြောင့်ချက်ချင်းလက်ငင်းဝဇီ‌ချုပ်ငြိမ်းသွားနိူင်ပေမဲ့လည်း အဲ့ဒီလိုကြိုတင်မမြင်ရတဲ့ကံအပေါ် နေ့စဉ်လောင်းကစားရင်း နေထိုင်လုံးပမ်းရှာဖွေကျင့်ကြံနေကြတဲ့ပျော်ရွှင်မှုတွေ၊ ကြေကွဲမှုတွေ၊ မျှော်လင့်ချက်‌တွေ၊ တည်ဆောက်မှုတွေကိုလည်း အံ့အားသင့်မိရပြန်တယ်

 

အင်္ဂလိပ်လို precarious၊ မြန်မာလို‌တော့ အတိအကျအလုံးအခဲဘာသာမပြန်တတ်တဲ့စကားလုံးတစ်လုံးရဲ့သ‌ဘောတရားကို ကျွန်မတွေးနေမိတယ် သူ့အဓိပ္ပါယ်ကို Google မှာတော့ ဒီလိုဖွင့်ဆိုထားတယ်

 

pre·car·i·ous (‌adjective)

– not securely held or in position; – dangerously likely to fall or collapse.

– dependent on chance; uncertain.

 

မတည်မငြိမ် ကြိုတင်ခန့်မှန်းလို့မရတဲ့မသေချာမရေရာတဲ့သဘောတရားတစ်ခုပေါ့ ဒီနေရာမှာ လူမှုဗေဒသီအိုရီတွေမှာတော့ precarity (precarious ရဲ့ နာမ်) သဘောတရားကို ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းအရင်းရှင်စနစ်ကြီးထွားလာချိန် ကမ္ဘာတစ်ဝှမ်းလုံးကလူတွေရဲ့ သေချာမှုမရှိတော့တဲ့အလုပ်အကိုင်အခြေပြုအသက်ရှင်ရုန်းကန်ရမှုတွေအပေါ်အခြေခံပြီး သုံးသပ်လာကြတယ် ဒုတိယကမ္ဘာစစ်ပြီးကာစကာလမှာမွေးဖွားခဲ့ကြတဲ့ မျိုးဆက်တွေလို ကျောင်းတက်၊ ဘွဲ့ရ၊ အိမ်ထောင်ပြု၊ အိမ်ဝယ်၊ ကလေးမွေး၊ အချိန်တန် ပင်စင်စားအငြိမ်းစားယူ အစရှိတဲ့ပုံသေကားချပ် လူလတ်တန်းစားအားလုံးလိုလိုနေထိုင်နိူင်တဲ့ အသက်ရှင်ခြင်း template တစ်ခုဟာ ကျွန်မတို့ generation တွေနဲ့ ရှေ့အနာဂတ် generation တွေအတွက် အသေအချာရှိမနေတော့ဘူးဆိုတာကို precarity ကို အရင်းရှင်စနစ်ရဲ့ဘေးထွက်ဆိုးကျိုးသီအိုရီသဘောတရားတစ်ခုအနေနဲ့ ပြောဆိုထောက်ပြလာကြတယ် အခုကာလမှာ ယာယီအလုပ်တွေသာ တွင်တွင်ကျယ်လာတဲ့အပြင် မိမိရှင်သန်ရေးအတွက် မိမိကိုယ်ကိုသာအားကိုးရေးနီရိုလစ်ဘရယ်ဂျင်းတွေကြောင့် ကျန်းမာရေး၊ လူမှုရေးထောက်ပံ့မှုတွေမရှိတော့တဲ့ Freelance industry တွေ၊ gig economy (gig အပေါ်မူတည်ပြီးဝင်ငွေရှာရသောအလုပ်များ ဒါကတော့ နယ်ပယ်အစုံမှာရှိနေပါတယ် ပရောဂျက်တစ်ခုဘယ်လောက်ဆိုတဲ့ consulting industry တွေ၊ ပန်းချီကားတစ်ကားဘယ်‌လောက်ဆိုတဲ့ အနုပညာ industry တွေသာမက ပညာရေး/စာသင်ကြားရေးနယ်ပယ်တွေမှာပါ အတန်းတစ်တန်းသင် ဘယ်လောက်နှုန်းဆိုတာမျိုးနဲ့ ပုတ်ပြတ်ငှားကြတဲ့ gig economy ပေါ့)

 

ဒီခေတ်ကာလကြီးမှာ လူချမ်းသာလူတန်းစား၊ ငွေကုံထံမိသားစုကနေပေါက်ဖွားလာတဲ့သူမဟုတ်ရင် လူဦးရေအများစုဟာ ပုတ်ပြတ်လူတန်းစားတွေသာဖြစ်လာနေတော့တယ် ဘယ်အချိန်မှာ အလုပ်ကဖြုတ်ခံရမှန်းမသိ၊ လစာဟာ လုပ်အားကိုပြန်လည်ထုတ်လုပ်ပေးဖို့ ကာယစွမ်းအင်ဖြည့်ဆည်းဖို့သာသာ အစားအသောက်ရယ်၊ နေစရာအိမ်ငှားခရယ်သာ ကာမိကြတာမို့ ရုတ်တရက်အလုပ်သာပြုတ်ရင် ဘယ်သူမဆိုအိမ်ခြေယာမဲ့ဖြစ်သွားနိူင်တဲ့ precarious အခြေအနေမျိုးကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ဘဝ လို့ခေါ်နေကြရတယ် မဟုတ်ပါလား

 

(မနုဿဗေဒပညာရှင်တချို့ကတော့ တချို့အာရှ၊ တောင်အမေရိက၊ အာဖရိက (လူဖြူမဟုတ်တဲ့) culture တွေရဲ့ မိသားစုကိုအဓိကထားတဲ့ဓလေ့တွေကြောင့် individualistic အရမ်းဆန်တဲ့အနောက်လူဖြူနိူင်ငံတွေမှာလိုမျိုး အလုပ်ပြုတ်ရင်တောင်မှ မိဘ၊ မောင်နှမ၊ မိသားစုကပြန်လည်ထောက်ပံ့ထားတာမျိုးတွေလည်း ရှိကောင်းရှိတယ်ဆိုတဲ့ဥပမာမျိုး‌တွေတော့ ထောက်ပြထားကြပါတယ် individualism ကိုအားပေးအားမြှောက်ပြုလာကြတဲ့ခေတ်ကြီးမှာ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနား၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီစတဲ့ ဆိုစကားတွေလို collective အများဝိုင်းဝန်းမှုတွေမပါဘဲ လူတစ်ယောက်အသက်ရှင်သန်ဖို့ဆိုတာ မလွယ်ဘူးဆိုတာကို မီးမောင်းထိုးပြနေသလိုပါပဲ)

 

လူနေမှုစီးပွားရေးတွေကြောင့် ရှိ‌နေတဲ့ ဒီမသေချာမရေရာမှုတွေအပြင် အသက်တစ်ချောင်းဆိုတာရှိလာပြီးရင်ကို ဆက်လက်တည်မြဲဖို့ အချိန်မရွေးမသေချာမရေရာနေတယ်ဆိုတာကိုလည်း ကျွန်မနှလုံးသွင်းမိပြန်တယ် အချိန်မရွေး လမ်းထောင့်ကမုန့်ဆိုင်လေးမှာ မုန့်သွားဝယ်တုန်း ကားအတိုက်ခံရနိူင်သလို မမျှော်လင့်ထားတဲ့အချိန် ရဲအမေးအမြန်းအစစ်အဆေးခံရပြီး လည်ပင်းညှစ်ချုပ်နှောင်ထားရာက‌နေ အသက်ထွက်သွားနိူင်တာပဲ ကျောင်းစာသင်ခန်းထဲမှာထိုင်နေတုန်း၊ ရှော့ပင်းထွက်နေတုန်း စိတ်ရောဂါသည် လူသတ်သမားတစ်ယောက် ရုတ်တရက်သေနတ်နဲ့ဝင်ပစ်တာခံရလို့ သေသွားနိူင်တာပဲ (ဒါတွေကတော့ အမေရိကန်နိူင်ငံမှာ လက်ရှိဖြစ်နေတဲ့ဥပမာတွေပါပဲ ဘယ်နေရာကြည့်ကြည့် အကြမ်းဖက်မှုပေါင်းစုံနဲ့ ဘဝဟာ အချိန်မရွေးပျက်သုဉ်းသွားနိူင်တဲ့ ဖက်နဲ့ထုပ်ထားရတဲ့ နုနုနယ်နယ်ဖြစ်တည်မှုတစ်ခုပဲမဟုတ်နေဘူးလား) ဒါအပြင် လူသားတွေရဲ့ဖျက်ဆီးမှုတွေကြောင့် နောက်လူသားမျိုးဆက်ဘယ်လောက်ထိသာခံတော့မယ်မှန်းမသိတဲ့ တဖြည်းဖြည်းပျက်သုဉ်းလာတဲ့ကမ္ဘာကြီးရဲ့သယံဇာတတွေ၊ အရင်းအမြစ်တွေနဲ့ ကမ္ဘာကြီးကို မှီခိုနေထိုင်အသက်ရှင်နေရတဲ့ ကျွန်မတို့လိုသက်ရှိသတ္တဝါတွေ၊ အပင်တွေ၊ အကောင်တွေရဲ့ မသေချာမရေရာမှုတွေဟာ ကျွန်မမျက်စိထဲ ကွက်ကွက်ကွင်းကွင်းထင်လာတယ်

 

အဲ့ဒီတော့ ရှင်သန်နေထိုင်ခြင်းဆိုတာကို အဲ့ဒီရှင်သန်ခြင်းတည်ရှိနေအောင်ပံ့ပိုးပေးထားတဲ့မရေရာမသေချာမှုတွေနဲ့ခွဲပြီးကြည့်လို့မရတော့သလိုပဲ မွေးဖွားလာကတည်းက ကျွန်မတို့က မရေရာမသေချာတဲ့နေရာတစ်ခုကိုဝင်ရောက်လာကြတာပဲမဟုတ်ဘူးလား?

 

ဒါပေမဲ့လည်း ဒီမရေရာမသေချာမှုတွေကြားထဲအသက်ရှင်နေကြတဲ့လူသားတစ်ယောက်အနေနဲ့လည်း တစ်ချိန်ချိန်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် အပြီးသတ်မယ်ဆိုတာသိရက်နဲ့လည်း ရှင်သန်နေချိန်မှာ အဆုံးသတ်ဆိုတာတွေမရှိသလို သိရက်နဲ့မသိချင်ဟန်ဆောင်ပြီး ကိုယ်ယုံကြည်ရာကို လုပ်ကိုင်နေကြရင်း တဒင်္ဂပျော်ရွှင်မှုတွေကို ဖွေရှာလုံးပမ်းနေကြတဲ့ ကျွန်မအပါအဝင်လူသားတွေရဲ့ စိတ်ဝိညာဉ်ကို ကျွန်မအောက်မေ့ဆင်ခြင်မိပြန်တယ်

 

မိုးမှမရွာရင် မြေရနံ့သင်းပါ့ဦးမလားလေ

 

ပင်လယ်သောင်ခုံမှာ ဘာလို့သဲအိမ်တွေဆောက်နေကြသေးတာလဲလေ

 

တစ်ပြိုင်နက်တည်းမှာလည်း တဒင်္ဂပျော်ရွှင်မှုတွေဟာ တဒင်္ဂဆိုတဲ့အရည်အသွေးမှမရှိရင် သူတို့ကို ကျွန်မတို့ တန်ဖိုးထားပါ့ဦးမလားလည်း တွေးမိပြန်တယ် ထာဝရပျော်ရွှင်ခြင်းတွေ၊ ထာဝရနုပျိုခြင်းတွေ၊ ထာဝရရှင်သန်ခြင်းတွေ…ထာဝရဖြစ်တည်ခြင်းတွေဟာ တဒင်္ဂတွေထက် ကျွန်မတို့ကိုစိတ်အင်အားပိုမိုပြည့်ဝစေမလား? ကျွန်မမသိဘူး တဒင်္ဂတွေကို ခါးသီးလို့ မသေချာမရေရာမှုတွေကြားကနေ ‌ခေတ္တထာဝရတွေကို ကိုယ်တတ်နိူင်သလောက် ဖန်တီးနေထိုင်နေကြတယ်၊ နေထိုင်ဖို့ကြိုးစားနေကြတယ်ဆိုတာတော့ ကျွန်မခန္ဓာနဲ့ရင်းပြီး နက်နက်ရှိုင်းရှိုင်းသိကျွမ်းမိပြန်တယ်

 

လျှာသွားပေါ်ကပျားရည်တစ်စက်လိုမျိုး ဘဝရဲ့ချိုမြိန်ခြင်းတွေဟာ လည်မျိုထဲမကျခင်ထိသာ ချိုမြိန်နေတတ်တာမို့လို့ ထပ်ခါထပ်ခါကျွန်မတို့စွဲနေကြတာများပဲလား?

 

စပ်ဖျင်းမှုတွေကို သည်းညည်းခံနိူင်ကြတာဟာလည်း မကြာခင် အစပ်လျော့သွားမယ်ဆိုတဲ့ ခမ်းနားလှတဲ့ဘဝရဲ့တဒင်္ဂအရည်အသွေးတွေရဲ့ကတိပြုချက်ကို ကျွန်မတို့ယုံကြည်ချက်ရှိနေကြလို့လား?

 

တကယ်တမ်းတော့ ကျွန်မတို့ရဲ့ရှင်သန်မှုတွေဟာ တောမီးလောင်ပြီးနောက်ပျက်ဆီးဆွေးမြေ့သွားကြတဲ့ တုံးလုံးလှဲသစ်ပင်တွေရဲ့ပင်စည်တွေမှာ အုံလိုက်ကျင်းလိုက်ပေါက်လာကြတဲ့မှိုတွေလိုပါပဲ

 

ပျက်သုဉ်းခြင်းဟာ ကျွန်မတို့ရဲ့ရှင်သန်ခြင်းဝမ်းစာ

 

တဒင်္ဂဖြစ်တည်မှုပဲဆိုတာကိုယ်နှိုက်ကိုက ဘဝရဲ့မပျက်ပြယ်တဲ့ထာဝရသစ္စာ

 

ထာဝရဆိုတာကို ကျွန်မတို့အမြဲတ‌စေမျှော်ကိုးတမ်းတတတ်ဖို့ တဒင်္ဂဆိုတာတွေက မရှိမဖြစ်လိုအပ်‌နေတဲ့တစ်ဖက်ခြမ်းကအမည်းရောင်တွေပဲဆိုတာ ဆင်ခြင်မိရင်း လွန်ခဲ့သောအပတ်ထဲရေးဖြစ်ခဲ့တဲ့ ခေါင်းစဉ်မဲ့စာတိုကဗျာတိုလေးတစ်ပုဒ်ကိုပြန်လည်ဝေမျှရင်း အမျှင်မပြတ်သေးတဲ့အတွေးတွေကို ဒီနေရာမှာ ခေတ္တခဏရပ်တန့်ခွင့်ပြုပါဦးတော့လေ

.

.

.

ငါဟာ သေဖို့အဆင့်သင့်ဖြစ်နေတဲ့သူတစ်ယောက်

 

သေမင်းဟာ ပင်လယ်ရဲ့လှိုင်းလုံးတွေလိုပဲ

မျက်နှာချင်းဆိုင်ရဖို့

သည်းထိတ်ရင်ဖိုစရာကောင်းလှပေမဲ့လည်း

တစ်ပြိုင်နက်တည်း သူ့ရဲ့အပွေ့အဖက်ကို တောင်းတမိနေပြန်တယ်

 

အရိပ်အမြွက်မပြတတ်ဘဲ

ရုတ်တရက်ဇောက်မတ်ကျသွားတဲ့

သဲမျက်နှာပြင်ကုန်းမို့‌တွေထက်

အသေအချာတိုင်းထွာ စာကပ်ထားတဲ့ ရေကန်ရဲ့အတိမ်အနက်တွေကို ငါပိုကြောက်တယ်

 

ရေမကူးတတ်တဲ့ငါ

ပြင်းပြတဲ့အပုတ်အခတ်မှာ

စိတ်လျှော့လက်လျှော့အနားယူရမယ်ဆိုတာ

ဗေဒင်ဆရာ နားချစရာမလိုအောင်

ကြိုသိနေတယ်

 

ဆပ်ပြာပူဖောင်းတွေကို ပါးစပ်ကမှုတ်ထုတ်ရင်း

အလမ္မာယ်လှိုင်းခေါ်ရာ

အုန်းလက်တံတွေ ကမ်းငင့်သလို

‌မြွေတစ်ကောင်ငါ

အညို့မိနေတယ်

 

ပူဖောင်းဟာ မျက်စိတစ်မှိတ်စာလေး

ရေလှိုင်းဟာ တစ်ဖွာရာလေး

ဘဝဟာ လက်တစ်ဖျောက်စာလေး

ဒါပေမဲ့

ရှင်သန်ခြင်းမှာ သစ္စာရှိဖို့ဆို

ငါ သေဆုံးဖို့လိုအပ်တယ်

မေ ၃၀ ၂၀၂၃

ကာရေဘီယန်သမုဒ္ဒရာစံတော်ချိန် ည ၉:၃၁

 

ပုံ – သမုဒ္ဒရာ၌နေဝင်ခိုက်

 

လိင်/ဂျန်ဒါအခြေပြုအကြမ်းဖက်မှုနဲ့ အဘောလစ်ရှင်းနစ်ဖီမီနင့်ဇင်

လိင်/ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆိုတဲ့စကားလုံးဟာ အခုလက်ရှိအချိန်မှာ (ကံမကောင်းထောက်မစွာနဲ့ပဲ) လူတိုင်းအတွက်နားယဉ်လာတဲ့စကားလုံးတစ်လုံးဖြစ်လာနေတယ် အကြမ်းဖက်မှုလို့ဆိုလိုက်တာနဲ့ ဒီကိစ္စကို ပြစ်မှုတစ်ခုလို့ကျွန်မတို့လူ့အဖွဲ့အစည်း (မြန်မာပြည်ပြင်ပမှာရော) တွေမှာ ချက်ချင်းမြင်ယောင်တတ်လေ့ရှိကြတယ် ကျွန်မတို့လူ့အဖွဲ့အစည်းနေရာရပ်တိုင်းမှာလိုလို (တော်လှန်ရေး၊ ပညာရှင်ရပ်ဝန်းလိုနေရာတွေမှာတောင်) ကြုံတွေ့လာရတဲ့လိင်အကြမ်းဖက်မှု (sex violence) နဲ့ ဂျန်ဒါအကြမ်းဖက်မှု (gender violence) ကိစ္စတွေကို ကျွန်မ စနစ်များကိုဖြိုချဖျက်ဆီးခြင်းသဘောတရားဆိုင်ရာ ဖီမီနင့်(abolitionist feminism) ရှုထောင့်ကနေ သုံးသပ်ကြည့်ချင်တယ်

ဒီဆောင်းပါးထဲမှာ လိင်/ဂျန်ဒါအကြမ်းဖက်မှုနဲ့မုဒိမ်းကျင့်ခံရမှုအကြောင်းတွေပါလို့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတွေ့ကြုံခံစားဖူးသူစာဖတ်သူတချို့ကိုစိတ်မချမ်းမြေ့စရာဖြစ်ကောင်းဖြစ်နိူင်ပါတယ်လို့ စကားချပ်ခံချင်ပါတယ်

စနစ်များကိုဖြိုချဖျက်ဆီးခြင်းသဘောတရား/အဘောလစ်ရှင်းနင့်ဇင် (abolitionism) နဲ့ပတ်သက်ပြီး ကျွန်မ‌ဆောင်းပါးတချို့ရေးဖူးပါတယ် ဒီဆောင်းပါးမှာတော့ အဘောလစ်ရှင်းသဘောတရားရဲ့အကြမ်းဖျင်းအဓိပ္ပါယ်ကို နည်းနည်းပြန်ပြီးခြေရာကောက်ချင်တယ် အဘောလစ်ရှင်းနင့်ဇင် (သို့) စနစ်များကိုဖြိုချဖျက်ဆီးခြင်းဆိုတာဟာ လူသားမျိုးနွယ်အတန်းအစားတစ်စုစုကို ကုန်ပစ္စည်းသဖွယ်ပြုမူကျင့်ကြံပြီး အပြစ်ပေးခြင်း၊ အကျဉ်းချခြင်း၊ ချုပ်နှောင်ခြင်းအစရှိတဲ့ ဥပဒေနဲ့တရားရေးရာလို့ ကျွန်မတို့ခေါင်းစဉ်တပ်ထားတဲ့စည်းစနစ်တွေနဲ့ ထိန်းချုပ်ချုပ်နှောင်တဲ့သဘောတရား၊ အလုပ်အကိုင်၊ စိတ်ဆန္ဒ (policing) တွေကိုဖျက်ချတယ်လို့ ကျွန်မနားလည်သဘောပေါက်တယ် ဒီသဘောတရားနဲ့ပတ်သက်ပြီးကြွေးကြော်လှုပ်ရှားခဲ့သူတွေဟာ လူမည်းကျွန်စနစ်ကိုချွတ်ချဖို့လှုံ့ဆော်ရာကနေ အဘောလစ်ရှင်းနင့်အရွေ့တွေကို စခဲ့ကြတယ်လို့ ကျွန်မလေ့လာရတယ် အဲ့ဒီ့နောက်မှာမှ အဘောလစ်ရှင်းနင့်ဖီမီနင့်အရွေ့တွေမှာ မိန်းမလိင်အင်္ဂါရှိသူ၊ စံနှုန်းဘောင်တွေထဲဝင်မနေတဲ့ဂျန်ဒါဖော်ပြမှုရှိသူတွေကို ကုန်ပစ္စည်းသဖွယ်ပြုမူကျင့်ကြံချုပ်နှောင်တာတွေကိုပါ ဝေဖန်သုံးသပ်လာကြတယ် အဘောလစ်ရှင်းနင့်ဇင်ရဲ့သဘောတရားကတော့ လူသားတစ်ယောက်မှာရှိတဲ့ သူ့ရဲ့မိမိကိုယ်ကိုပိုင်စိုးခွင့် (autonomy) ဆိုတာကို နိူင်ငံတော် (State)၊ အာဏာရှင် (ဒီနေရာမှာ စစ်အာဏာရှင်မှမဟုတ်ပါဘူးနော်) ဆိုသူတွေက ဥပဒေစည်းမျဉ်းစည်းကမ်း‌ဆိုတာတွေနဲ့သော်လည်းကောင်း၊ ရိုးရာဓလေ့တွေနဲ့သော်လည်းကောင်း စီမံခန့်ခွဲခြယ်လှယ်ဆုံးဖြတ်ခြင်းတွေကို ဆန့်ကျင့်တာပါပဲ အဲ့ဒါကြောင့် အဘောလစ်ရှင်းသဘောတရားတွေဟာ ကျွန်မအတွက် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးအော်နေကြတဲ့ ကမ္ဘာ NGO ဆန်တဲ့တက်ကြွလှုပ်ရှားသူတွေပြောနေတဲ့ ဂျန်ဒါတန်းတူညီမျှရေးတွေထက်တောင် လူသားပိုဆန်နေပါသေးတယ်

အဲ့ဒါကြောင့် အဘောလစ်ရှင်းသဘောတရားဟာ လူတွေကိုချုပ်နှောင်ဖို့သာတီထွင်ဖန်တီးထားတဲ့ (ကိုလိုနီစနစ်ရဲ့ယန္တရားတွေလည်းဖြစ်တဲ့) ထောင်၊ ရဲအစရှိတဲ့စနစ်တွေကို ဖျက်ချလိုက်ဖို့ စိတ်ဝင်စားတယ် လူ့ဘောင်ထဲမှာဖြစ်ပျက်နေတဲ့၊ ကျွန်မတို့က “ပြစ်မှု” လို့ခေါ်တဲ့ကိစ္စတွေကို ထောင်၊ ရဲစနစ်နဲ့ ပြစ်ဒဏ်ဆိုတာမပါဘဲ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို ပိုမိုနေရာပေးစဉ်းစားစေတယ်

ဒီနေရာမှာ အိမ်တွင်းအကြမ်းဖက်မှု (domestic violence)၊ မုဒိမ်းကျင့်ခြင်း (rape) အစရှိတဲ့လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေနဲ့ပတ်သက်လာတဲ့အခါ “ကျူးလွန်သူ”လူတစ်ယောက်ကို ထိန်းချုပ်ချုပ်နှောင်မှုတွေမပါဘဲ ဘယ်လိုဆက်ဆံကြမလဲဆိုတာ အခုထိအရှိန်ကောင်းနေတဲ့ဆွေးနွေးချက်တစ်ခုဖြစ်လာတယ် ဒီနေရာမှာ ကျူးလွန်သူဆိုတာကို ကျွန်မ မျက်တောင်အပွင့်အပိတ်နဲ့ရေးရတာက ကျွန်မတို့လူ့ဘောင်မှာ ကိစ္စတစ်ခုကို ပြစ်မှုလို့သတ်မှတ်လိုက်တာနဲ့ ကျူးလွန်သူ vs. ကျူးလွန်ခံရသူ ဆိုတဲ့ ဒွိဟနှစ်ခုကို မသိမသာတီထွင်လိုက်ပြီး ကျူးလွန်ခံရသူဟာ စကားလုံးထဲမှာပါတဲ့ “ခံ” ဆိုတဲ့သဘောတရားအတိုင်းပဲ သူ့ရဲ့ မိမိကိုယ်ကိုလုပ်ပိုင်ခွင့် (agency) ကို မျှတသော၊ ‌အပြောင်းအလဲဖြစ်စေသောတရားစီရင်ရေးမှာ ဖျောက်ဖျက်ပစ်ထားတာကို ထောက်ပြချင်လို့ပါပဲ လူတစ်ယောက်ချင်းစီရဲ့ မိမိကိုယ်ကိုပိုင်စိုးခွင့်ကိုသာ ကျွန်မတို့အရေးထားကြမယ်ဆိုရင် ကျူးလွန်ခံရသူဟာ “ခံရသူ” သတ်သတ်ပဲလား? သူ့ရဲ့စိတ်ဆန္ဒကရော ဘယ်လိုများရှိနိူင်မလဲ? စတဲ့မေးခွန်းတွေကို “ပြစ်မှု”ဆိုတဲ့ခေါင်းစဉ်အောက်ကနေ နိူင်ငံတော် (သို့) အုပ်စုခေါင်းဆောင်တစ်စုစုကကိုယ်စားလှယ်ပြုစီရင်တာဟာ တကယ်ရောမျှတမတ ပြန်မေးစရာရှိလာတယ်

တကယ်တမ်းက လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အဘောလစ်ရှင်းသဘောတရားတွေကိုစဉ်းစားကြည့်ရတာ ကျွန်မတို့အတွက် အပေါ်ယံသာနားလည်ဖို့ကြိုးစားကြတဲ့သူတွေဆီကနေ အပုပ်ချခံရဖို့အန္တရာယ်တွေလည်း အများကြီးရှိပါတယ် ဒါကတော့ “ဘာလဲ? မုဒိမ်းကောင်ကိုလွှတ်ပေးချင်လို့လား?” “သားသမီးချင်း ကိုယ်ချင်းမစာဘူးလား?” “မုဒိမ်းကောင်ကို သေဒဏ်ပေးသင့်ပေးရမှာပဲ” အစရှိတဲ့ ပြစ်ဒဏ်ကိုသာ သွေးဆာနေတဲ့လူထုအတွက် ကျူးလွန်သူကိုချမှတ်ဖို့ တော်သင့်တဲ့ပြစ်ဒဏ်၊ ဘယ်သူက တာဝန်ယူပေးမှာလဲအစရှိတဲ့မေးခွန်းတွေနောက်ကို‌လိုက်ရင်း တကယ်တမ်း အဘောလစ်ရှင်းသဘောတရားကလည်း ပြောဆိုနေတဲ့ ကျူးလွန်ခံရသူဆိုတာကို ကုစားပေးရေး၊ လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေနဲ့ ကျူးလွန်သူကိုယ်တိုင်ခံစားရကောင်းခံစားနေရတဲ့စနစ်ရဲ့အမြစ်ပြဿနာကိုစူးစမ်းပြီး နှိမ်နင်းတဲ့ရာဒီကယ်အလုပ်တွေဘက်မှာ လစ်ဟင်းနေကြတာတွေကို ခဏခဏတွေ့ဖူးနေတာကြောင့် ဒီကိစ္စတွေကို ကျွန်မတဖြည်းဖြည်းနဲ့ အဘောလစ်ရှင်းသဘောတရားကနေ ပိုစဉ်းစားကြည့်ချင်လာတယ် ဒေါသမထွက်ဘူးလားဆိုတော့ ကျွန်မလည်း လူပဲ ခံပြင်းတာပေါ့လေ ဒါပေမဲ့ ကျွန်မရဲ့ခံပြင်းချက်က အခုလောင်အခုငြိမ်း ကောက်ရိုးမီးလိုမျိုးတော့မဟုတ်ပါဘူး

အဘောလစ်ရှင်းဖီမီနင့်သဘောတရားဟာထောင်/ရဲစနစ်ကိုအသုံးချ ထိန်းချုပ်ချုပ်နှောင်အပြစ်ပေးတာတွေကို မနှစ်မြို့ဘူး၊ ဆန့်ကျင့်တယ် သူ့ရဲ့ဟိုဘက်တစ်ခြမ်းမှာ Carceral feminism လို့ခေါ်တဲ့ ထိန်းချုပ်ချုပ်နှောင်မှုတွေကိုအားပေးတဲ့ဖီမီနင့်ဇင်တစ်မျိုးကလည်းရှိနေပြန်တယ် (carceral ဆိုတာကတော့ incarcerate ထိန်းချုပ်ချုပ်နှောင်သည်ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာပါ)

၂၀၁၈ ခုနှစ်မှာ Vox မဂ္ဂဇင်းမှာထုတ်ပြန်ခဲ့တဲ့ “#metoo အရွေ့တွေကလည်း ကာဆယ်ရယ်ဖီမီနင့်ဇင်ကိုရှောင်ရှားသင့်သည်” ဆိုတဲ့ဆောင်းပါးထဲမှာတော့ ကာဆယ်ရယ်ဖီမီနင့်ဇင်ကို ဒီလိုအဓိပ္ပါယ်ဖွင့်ထားပါတယ်

“Carceral feminism” refers to a reliance on policing, prosecution, and imprisonment to resolve gendered or sexual violence.

ထောင်/ရဲစနစ်ကိုအားပေးသောဖီမီနင့်ဇင်ဆိုသည်မှာ ရဲ/ဥပဒေအသုံးချထိန်းချုပ်ခြင်း၊ အပြစ်ပေးခြင်းနှင့် ထောင်ချခြင်းတို့ကိုအသုံးပြုပြီး လိင်အခြေပြု၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကိုဖြေရှင်းခြင်းကို ဆိုလိုသည်။

ကာဆယ်ရယ်ဖီမီနင့်ဇင်ဆိုတဲ့စကားလုံးကို ၂၀၀၇ ခုနှစ်မှာ ဘားနက်ကောလိပ်မှ အမျိုးသမီး‌ရေးရာဆိုင်ရာနှင့် လူမှုဗေဒပါမောက္ခ အယ်လီးဇဘတ်ဘားစတိန်း (Elizabeth Bernstein) က သူ့ရဲ့ “ဖြိုချဖျက်ဆီးခြင်းသဘောတရားအသစ်၏ လိင်ပိုင်းဆိုင်ရာနိူင်ငံရေး” (The Sexual Politics of the ‘New Abolitionism.’”) စာတမ်းထဲမှာအရင်ဆုံးရေးသားဖော်ပြခဲ့တယ် ဘားစတိန်းရဲ့အဓိကအာဘော်ကတော့ ထိန်းချုပ်ချုပ်နှောင်မှုတွေကိုအားပေးတဲ့၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ထောင်/ရဲစနစ်ကိုအသုံးချဖြေရှင်းဖို့ကြိုးစားတဲ့ဖီမီနင့်ဇင်ဟာ ကမ္ဘာ့အရင်းရှင်နှောင်းပိုင်ကာလကြီးထွားလာတဲ့ နီရိုလစ်ဘရယ်သဘောတရားတွေကြောင့်လို့ဆိုထားတယ် ဒါကတော့ နီရိုလစ်ဘရယ်သဘောအရ ပြဿနာတစ်ရပ်ကို (လိင်အခြေပြုအကြမ်းမှုတွေလိုမျိုးကိုတောင်) မည်သူမဆိုလွတ်လပ်စွာစီမံခန့်ခွဲပြီး ပုဂ္ဂလိဂပြုနိူင်သည်ဆိုတဲ့သဘောတရားအရ လိင်အကြမ်းဖက်မှုတွေဟာလည်း နိူင်ငံတော်ရဲ့တရားရေးစီရင်မှုယန္တရားအောက်မှာ အရင်းရှင်းဆန်ဆန်လည်ပတ်နေတဲ့ တရားသူကြီး၊ ရှေ့နေ၊ ရှေ့ပတ်စာရေး၊ ထောင်အစရှိတဲ့စနစ်နဲ့သာ ဖြေရှင်းဖို့ကြိုးစားတာကိုဆိုလိုတာပါ ဘားစတိန်းက ထောင်/ရဲစနစ်ကိုအားပေးသောဖီမီနင့်ဇင်ဟာ လိင်/ဂျန်ဒါပိုင်းဆိုင်ရာအကြမ်းဖက်မှုရဲ့အခြေခံပြဿနာဖြစ်တဲ့ စီးပွားရေးအခြေအနေ‌တွေကို ဖြေရှင်းရန်မစွမ်းဆောင်နိူင်ဘူးလို့ဆိုခဲ့တယ် နီရိုလစ်ဘရယ်သဘောတရားစနစ်က “အရင်က စီးပွားရေးမျှတမှုနှင့် လွတ်မြောက်ရေးအတွက်ရုန်းကန်ရမှုများအပေါ် ဦးတည်လှုပ်ရှားခဲ့သောဖီမီနင့်အရွေ့‌တွေကို ထောင်/ရဲစနစ်အသုံးပြုဖီမီနင့်ဇင့်အဖြစ်အသွင်ပြောင်းလိုက်သည်” ဟု ဘားစတိန်းက ရေးခဲ့တယ်

အရင်းရှင်ဆန်ဆန်လည်ပတ်တဲ့တရားစီရင်ရေးယန္တရားဆိုတာဟာ တရားစီရင်ရေးလို့ခေါင်းစဉ်တပ်ထားပေမဲ့ စီးပွားရေးဆန်ဆန်သာလည်ပတ်နေကြတဲ့တရားရေးတွေကိုဆိုလိုတာဖြစ်တယ် ဥပမာ မုဒိမ်းမှုတစ်ခုဖြစ်ပွားရင် တရားလိုရော၊ တရားခံဟာ အတော်ဆုံး၊ အကောင်းဆုံး‌ဆိုတဲ့ရှေ့နေကိုလွတ်လပ်စွာငှားပိုင်ခွင့်ရှိတယ် အဲ့ဒီရှေ့နေကလည်း မိမိကြိုက်နှစ်သက်သလောက် ဈေးခေါ်ပြီး ဒီအမှုကိုလိုက်ခွင့်ရှိတယ် ပိုက်ဆံသုံးနိူင်ရင်သုံးနိူင်သလောက် ကျူးလွန်သူဟာ အပြစ်ပေးခံရချင်မှလည်းရမယ် အပြစ်ကိုလည်းလျှော့ပေါ့တဲ့ပြစ်ဒဏ်ဆိုတာမျိုး ရှေ့နေပါးနပ်ရင်နပ်သလောက်လျှောက်လွှဲချက်ဝင်နိူင်တယ် အကယ်၍ ‌ပြစ်မှုမြောက်တယ်လို့ဆုံးဖြတ်ပြီး ကျူးလွန်သူဟာ ထောင်ကျသွားရင်တောင်မှ ထောင်ရဲ့အလုပ်ကြမ်းဆိုသည်မှာ နိူင်ငံတော်အတွက်လုပ်အားပြန်ထုတ်လုပ်ပေးခြင်းသာဖြစ်တယ် ဥပမာ – ထောင်သားတွေရဲ့အလုပ်ကြမ်းဟာ နိူင်ငံတော်တည်ဆောက်ရေးမှာ ဈေးပေါတဲ့လုပ်အားတစ်ခုပါပဲ အမေရိကန်လိုနိူင်ငံမှာဆိုရင် ထောင်သားတွေရဲ့လုပ်အားကို ပြင်ပပုဂ္ဂလိဂကုမ္မဏီတွေကိုဈေးပေါပေါနဲ့ ပြန်ရောင်းစားတာတွေရှိနေတယ် ထောင်ဒဏ်ချခြင်းမှာလည်း လူမျိုးရေးနဲ့ဂျန်ဒါခွဲခြားမှုတွေပါ ပြန်ရှိနေပြန်တယ်

ဘာလို့ထောင်ကျသူ‌တော်တော်များများဟာ လူမည်းတွေဖြစ်နေတာလဲ?

ဘာလို့ဆင်းရဲသူလူတန်းစားကသူတွေများနေတာလဲ?

လူမည်းတွေရဲ့ဗီဇကိုက ပိုခိုးဆိုးသောင်းကျန်းတတ်လို့လား?

ဆင်းရဲသူတွေက သူခိုးဓားပြ‌စိတ်တွေရှိနေကြလို့လား?

ဒီမေးခွန်းတွေနောက်လိုက်ရင် တကယ်တမ်း ကျွန်မတို့ကမ္ဘာတစ်ဝှမ်းမှာလက်ရှိကျင့်သုံးနေကြတဲ့တရားစီရင်ရေးဆိုတာကြီးဟာ ခြစားလောက်တက်နေတဲ့ အခွံကြီးသာဖြစ်တယ်ဆိုတာကို တွေ့နိူင်တယ်

ဒီနေရာမှာ ကျွန်မတို့မြန်မာပြည်အခြေအနေအတွက် အရင်းရှင်ဆန်ဆန်လည်ပတ်တဲ့တရားစီရင်ရေးဆိုတာ ဘယ်လိုပါလိမ့်၊ ငါတို့နိူင်ငံမှာတော့ မရှိဘူးလို့ ပြန်ချေပကောင်းချေပနိူင်ပါလိမ့်မယ် ဒါပေမဲ့အာဏာရှင်ယန္တရားအောက်မှာလည်ပတ်နေတဲ့တရားစီရင်ရေးဆိုတာ ဘယ်သူတွေကိုအပြစ်ပိုပေးလေ့ရှိလဲဆိုတာ ကျွန်မတို့အားလုံးသိထားပြီးသားမဟုတ်ဘူးလား?

နိူင်ငံရေးအကျဉ်းသားတွေကို မတရားမမျှတစွာချုပ်နှောင်ထားတဲ့ဒီအကျဉ်းထောင်၊ ရဲ၊ တပ်စနစ်ကြီးကိုမကြိုက်ဘူးဆိုရင် တခြားသောရာဇဝတ်ပြစ်မှုတွေအောက်ကနေ လူတွေထိန်းချုပ်ချုပ်နှောင်ထားတဲ့တရားစီရင်ရေးကြီးအပေါ် ကျွန်မတို့က အော် တခြားပြစ်မှုတွေစီရင်တာကတော့ မျှတပါရဲ့လို့ မျှော်လင့်ချက်ဘာလို့ဆက်ရှိနေကြသေးလဲ?

နိူင်ငံရေးအကျဉ်းသားတွေကျ မြင့်မြတ်တဲ့ထောင်သားတွေလို့မြင်ပြီး တခြားထောင်သားတွေကတော့ တကယ့်ကိုဒုစရိုက်ကျူးလွန်ထားကြသူတွေလား?

အကျဉ်းသားဖြစ်တည်ခြင်းမှာ အထက်အောက်စနစ်တွေရှိသေးလား?

ထားပါတော့ အပေါ်ကမုဒိမ်းမှုကျူးလွန်သူကိုပြစ်ဒဏ်ပေးတာနဲ့ပြန်ဆက်ရရင် အမှုကိုစီရင်တဲ့အချိန်တောက်လျှောက်နဲ့ ပြစ်ဒဏ်ချမှတ်လိုက်တဲ့အချိန်အထိမှာ ကျူးလွန်ခံရသူက ဘယ်နေရာမှာရှိနေမလဲ? သူ့ရဲ့ မုဒိမ်းမှုနောက်ကကျန်ရှိခဲ့တဲ့ပြန်လည်ကုစားမှုတွေကိုရော စကားထဲတောင်ထည့်မပြောကြတော့ဘူးလား? သူကိုယ်တိုင်ကရော သူ့အပေါ်ကျူးလွန်သူကို ထောင်ကျစေချင်သလား?

မုဒိမ်းမှုတွေမှာ များသောအားဖြင့် ကျူးလွန်သူနှင့် ကျူးလွန်ခံရသူလို့ နာမည်တပ်တာထက် နိူင်ငံတော် (‌တော်လှန်ရေးအစိုးရလည်းပါပါတယ်) က ကျူးလွန်ခံရသူအစားဝင်ရောက်နေရာယူပြီး (သို့) ကျူးလွန်ခံရသူကို နာမည်တုတပ်ပြီး တရားမျှတမှုကိုရှာလေ့ရှိတာကို ကျွန်မသတိထားမိတယ် ဒါကတော့ လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေဟာ ကျူးလွန်ခံရာသူအဖို့ အရှက်ရစရာကိစ္စတွေမို့လို့ နာမည်မဖော်တာလည်း ဖြစ်နိူင်သလို နိူင်ငံတော်ဟာ (အထူးသဖြင့် ကျူးလွန်ခံရသူဟာ မိန်းမဆိုရင်) ဖခင်ဖိုဝါဒဆန်ဆန်ဝင်ရောက်ကာကွယ်ပေးတာမျိုးလည်း ဖြစ်နိူင်ပါတယ်

ဒီလို လိင်အကြမ်းဖက်မှုတွေနဲ့ပတ်သက်လာရင် ဖခင်ဖိုဝါဒဆန်ဆန် ကြားလူတွေ၊ နိူင်ငံတော်တွေ၊ ခေါင်းဆောင်တွေ၊ တော်လှန်ရေးအစိုးရကဝင်ရောက်ပြုမူကြတာဟာလည်း ကျွန်မအတွက်စိတ်ဝင်စားဖို့ကောင်းပါတယ် လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးခံနေရတဲ့သူတစ်ယောက်က ကိုယ့်ကိုလာရင်ဖွင့်ထားတယ် ဒါပေမဲ့သူကလူသိရှင်ကြားမတိုင်ချင်ဘူး၊ ‌ဖွင့်မပြောချင်တဲ့အခါ ကျွန်မတို့က သူတို့ကိုယ်စား သူတို့ရင်ဆိုင်နေရတာတွေကို လူသိရှင်ကြားထုတ်ဖော်ပြောသင့်သလား?

ဒါကတော့ ကျွန်မကိုယ်တိုင်သိပ်မကြာလေးခင်ကမှ တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုပဲ ဒီနေရာမှာ ကျွန်မက ကျွန်မစိတ်ကသိကအောက်ဖြစ်စေတဲ့ လိင်အခြေပြုအနှောင့်အယှက်တစ်ခုကို ကျွန်မနဲ့ခင်မင်ရင်းနှီးလှတဲ့မိတ်ဆွေမိန်းမဖီမီနင့်တစ်ယောက်ကိုပြောပြထားတယ် သူကလည်း ကြားထဲကခံပြင်းတယ် ဒါပေမဲ့ကျွန်မအနေနဲ့ ကိုယ်ထိလက်ရောက်လည်းမဟုတ်သေးတဲ့အပြင် အခြားသောအကြောင်းကြောင်းကြောင့် ဒီလူကိုထိပ်တိုက်မပြောချင်သေးဘူးလို့ ကျွန်မမိတ်ဆွေကိုပြောထားတယ် ဒါပေမဲ့ သိပ်မကြာပါဘူး ကျွန်မကိုလည်းအကြောင်းမကြားဘဲ ကျွန်မမိတ်ဆွေဟာ အဲ့ဒီလူကို ကိုယ်တွေ့ ကျွန်မနာမည်ကြီးကိုပါတပ်ပြီး သွားရန်‌တွေ့ပါတယ် အဲ့ဒီမှာ ဒီလူကလည်း ကျွန်မကိုပြန်လာမေးပါတယ် အဲ့ဒီမှာ ကျွန်မအတွက် ဒါကိုဆွေးနွေးဖို့၊ ပြောဆိုဖို့ စိတ်အင်အား၊ ခန္ဓာအင်အားမရှိသေးခင်မှာပဲ ဒီကိစ္စကိုပြောဆိုဆွေးနွေးလိုက်ရပါတယ် အဲ့ဒါကို ကျွန်မမိတ်ဆွေကိုပြန်သွားပြောတဲ့အခါ သူကကျွန်မကိုပြန်ဒေါသထွက်ပါတယ် ဒါကို သူ့မှာပြောပိုင်ခွင့်ရှိတယ်၊ ဒီလိုအနှောင့်အယှက်ပေးနေတာတွေ သူထိုင်မကြည့်နိူင်ဘူးဆိုပြီး ကျွန်မကိုအမျက်ချောင်းချောင်းပြန်ချေပခဲ့တယ် ဒီဥပမာကိုကြည့်ရင် ဖီမီနင့်ဇင်ဆိုတာဟာ အာကျယ်အာကျယ် ကာယကံရှင်မသိစေချင်တာတွေလည်း ကြားကဝင်ပြောတဲ့သဘောတရားလားလို့တောင် မျက်စိလည်စရာဖြစ်လာတယ်

ကျွန်မအတွက်ကတော့ ဖီမီနင့်ဇင်ဆိုသည်မှာ ကိုယ့်ရဲ့စာရိတ္တကောင်းမကောင်းအာသာဖြေရုံလုပ်တဲ့အလုပ်တစ်ခုမဟုတ်သလို မိမိပတ်ဝန်းကျင်၊ အထူးသဖြင့် လိင်အကြမ်းဖက်မှု၊ အနှောင့်အယှက်ကို အဓိကရင်ဆိုင်နေရသူရဲ့ မိမိကိုယ်ကိုပိုင်စိုးခွင့်တွေကို ကြားကနေ ကယ်တင်ရှင်ဆန်ဆန်ဝင်ရောက်ပြောဆိုဆန္ဒပြတဲ့သဘောတရားလည်းမဟုတ်ဘူး ကျွန်မကိုယ်တိုင်ကလည်း ဒါမျိုးကို မရင်ဆိုင်မပြောရဲတဲ့သူတစ်ယောက်မဟုတ်ပါဘူးလေ ဒီနေရာမှာ ကလေးသူငယ်ဆိုရင်လည်း သူနဲ့သူ့မိသားစုရဲ့ မိမိကိုယ်ကိုပိုင်စိုးခွင့်ကိုလည်း ကျွန်မတို့ထည့်သွင်းစဉ်းစားရမယ်လို့ ကျွန်မကတော့ ထင်တယ် ဖီမီနင့်မို့လို့နှုတ်ပိတ်မနေနိူင်ဘူးဆိုရင် အာကျယ်အာကျယ်ပြောပြီးရင် ဒီပြဿနာတွေရဲ့အမြစ်ကိုရော ဘယ်လိုဖြတ်မှာလဲစဉ်းစားထားပြီးပြီလား၊ လုပ်နေပြီလား ကျွန်မကတော့ပြန်မေးချင်တယ် ဒီလိုမျိုးကြားထဲကနေကိုယ်စားဝင်ရန်တွေ့ခြင်းဟာ ခံနေရသူအတွက် တစ်ခါတစ်လေပိုတောင်အန္တရာယ်များနိူင်သေးတယ် ကျွန်မအတွက်က ဒီလိုဘာမှမပြင်မဆင်ဘဲ ဝင်ရန်တွေ့တာဟာ ဖိုဆန်တယ်၊ ကယ်တင်ရှင်ဆန်နေတယ် ကျူးလွန်ခံနေရသူရဲ့လုံခြုံရေး၊ ပြန်လည်ကုစားရေး၊ မိမိကိုယ်ကိုဆုံးဖြတ်ပိုင်ခွင့်ရှိရေး၊ မဆုံးဖြတ်နိူင်ဘူးဆိုရင်လည်း ကြားကနေဝင်ဆုံးဖြတ်ပေးတာထက် ဆုံးဖြတ်လာနိူင်အောင်လိုအပ်တာတွေပံ့ပိုးကူညီပေးရေးတွေလုပ်ဆောင်ခြင်းဟာ ဖီမီနင့်ပိုဆန်တယ်

ဒါနဲ့အထက်က ကာဆယ်ရယ်ဖီမီနင့်ဇင်နဲ့ပြန်ချိတ်ရရင် လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေနဲ့ပတ်သက်လာရင်လည်း တက်ကြွလှုပ်ရှားနိုးဆော်ကြသူတွေဟာ များသောအားဖြင့် ကျူးလွန်သူရသင့်တဲ့ပြစ်ဒဏ်ဆိုတာမှာတင်ရစ်သီရစ်သီလည်နေပြီး တကယ်တမ်း လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေဆက်လက်တည်ရှိနေအောင် ကျွန်မတို့လူ့အဖွဲ့အစည်းက ဘာတွေကို ဘယ်လိုဆက်လက်ပံ့ပိုးပေးနေသလဲဆိုတာကိုတော့ မေးခွန်းမထုတ်ကြတော့ဘူးဆိုတာကို ကျွန်မသွားတွေ့မိတယ် အကယ်ဒါးမီးယားပညာရှင်ရပ်ဝန်းမှာလည်း မှိုလိုပေါက်နေတဲ့လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေကို “ရှုံ့ချပါသည်” လက်မှတ်ကလေးတွေထိုးပြီး တကယ်တမ်း အဲ့ဒီကျုးလွန်သူကို စာဆက်မသင်ခိုင်းတာ၊ ဆရာ/ကျောင်းသား/သူကြားက မညီမျှနေတဲ့ပါဝါကစားမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ လိင်အကြမ်းဖက်မှုတွေရဲ့ဇစ်မြစ်ကိုမလိုက်ကြတော့တာတွေ တွေ့ရတယ်

ဒီနေရာမှာ အဘောလစ်ရှင်းဖီမီနင့်တစ်ယောက်လည်းဖြစ်၊ လိင်အလုပ်သမားတစ်ယောက်လည်းဖြစ်၊ ဂျာနယ်လစ်တစ်ယောက်လည်းဖြစ်တဲ့ UK အခြေစိုက် လစ်ဒီရာကာရာဒေါနာ (Lydia Cardonna) ရဲ့ “ငါ့ရဲ့မုဒိမ်းကောင်ကို ငါထောင်မကျစေချင်ဘူး” ဆိုတဲ့ဆောင်းပါးကို ကျွန်မပြန်ကိုးကားချင်တယ် ကာဒေါနာ‌ဟာ သူ‌တွေ့ကြုံခဲ့ရတဲ့ မုဒိမ်းပြုကျင့်မှုတွေအပေါ်မှာပဲအခြေခံပြီး ဒီဆောင်းပါးကိုရေးခဲ့တယ် သူဟာ သူ့ကိုမုဒိမ်းကျင့်တဲ့သူနှစ်ယောက်လုံးရဲ့နာမည်တွေ၊ နေရပ်လိပ်စာ‌တွေ၊ မျက်နှာတွေဟာ သူ့အလုပ်လုပ်တဲ့ brothel ရဲ့ CCTV ကင်မရာမှာ မှတ်တမ်းရှိနေပေမဲ့လည်း သူတို့ကိုရဲမတိုင်ခဲ့ဘူးတဲ့ ရဲတိုင်လို့ အဲ့ဒီ့သူတွေကိုထောင်ချလိုက်ရင် ကာဒေါနာအနေနဲ့စိတ်သက်သာရာရကောင်းရနိူင်ပါတယ် ဒါပေမဲ့ သူတို့ထောင်ကျသွားလည်း ကာဒေါနာရဲ့မုဒိမ်းကျင့်ခံလိုက်ရတာဟာ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ သူခံစားရတယ်တဲ့ နောက်တစ်ချက်က သူဟာ လိင်အလုပ်သမားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုမုဒိမ်းကျင့်ပါတယ်ဆိုတာကို တရားစီရင်ရေးယန္တရားတွေက လက်ခံမယ်ဆိုတာကို သူ့မှာသံသယရှိနေတာပါပဲ ဒီအချက်ကလည်း အရေးကြီးပါတယ် ကျွန်မတို့က လိင်အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဒေါသတွေထွက်ကြတဲ့နေရာမှာ (သို့) ပြစ်မှုတစ်ခုခုကျူးလွန်ခံရသူအတွက်ရပ်တည်ကြတဲ့နေရာမှာ ဘယ်သူကတော့ဖြင့် အကာအကွယ်ခံရသင့်တယ်၊ ဘယ်သူကတော့ဖြင့် သံသယဝင်စရာ victim လို့သတ်မှတ်နေကြသေးသလဲ? အပေါ်မှာရေးခဲ့သလို ကျူးလွန်ခံရသူတွေမှာရော သူတို့ရဲ့အပေါ်ယံမြင်ရတဲ့အနေအထားကနေ ဘယ်သူကတော့ ကျူးလွန်ခံရသူအစစ်၊ ဘယ်သူကတော့ အလိမ်အစရှိသဖြင့် ပြန်ဘောင်ခတ်နေကြသေးသလဲ? ဒီမေးခွန်းတွေရဲ့အဖြေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းတွေထဲက ဟုတ်လှပါပြီထင်နေကြတဲ့ တရားစီရင်ရေးရဲ့ တရားမမျှတမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်စေတယ်

ကာဒေါနာကလည်း ဒါကိုထောက်ပြထားတယ်

“We’re supposed to believe the line that prisons remove our rapists from society, preventing further sexual violence. This seems incompatible with the fact that prisons themselves are hotbeds of sexual exploitation, sexual assault and rape. All we really seem to be doing is shifting the incidences of sexual violence onto people we deem to be ‘acceptable’ victims. As someone actually committed to ending the sexual violence, this is not what I would consider a solution.”

“‘ထောင်တွေက မုဒိမ်းကောင်တွေကို လူ့ဘောင်အပြင်ဘက်ထုတ်လိုက်ပြီး နောက်ထပ်လိင်အကြမ်းဖက်မှုတွေကို မဖြစ်စေတော့ဘူး” ဆိုတဲ့စကားကို ငါတို့ကိုယုံခိုင်းထားတယ် ဒါပေမဲ့ ဒါဆိုဘာလို့ ထောင်တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊ မုဒိမ်းမှုတွေ ဆက်လက်ပေါက်ဖွားနေတဲ့နေရာတစ်ခုဖြစ်နေသေးတာလဲ? တကယ်တမ်းငါတို့လုပ်လိုက်တာက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို “ခံထိုက်တဲ့သားကောင်” တွေဆီလွှဲပြောင်းပေးလိုက်တာပဲမဟုတ်ဘူးလား? လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုရပ်ဆိုင်းစေချင်တဲ့သူတစ်ယောက်အနေနဲ့ ထောင်ဟာ ငါ့အတွက်တော့အဖြေတစ်ခုမဟုတ်ဘူး”

ထောင်ချခြင်း၊ အပြစ်ဒဏ်ပေးခြင်းဟာ ကာဒေါနာအတွက်အဖြေတစ်ခုမဟုတ်ဘူး သူလိုချင်တဲ့အဖြေဟာ မုဒိမ်းမှုကျူးလွန်သူတွေကို ထောင်ဆိုတဲ့ လူမမြင်သူမမြင်နေရာတစ်နေရာမှာထားလိုက်ပြီး မုဒိမ်းမှုတွေဆက်လက်ရှိနေဆဲ၊ မုဒိမ်းကျင့်ခံလိုက်ရသူတွေရဲ့နာကျင်မှုတွေ၊ ပြန်လည်ကုစားမှုတွေကိုမေ့လျော့နေတဲ့လူ့အသိုင်းအဝိုင်းကြီးတစ်ခုမှာ မနေချင်ဘူးလို့ ကာဒေါနာကဆိုထားတယ်

“So what does justice look like? To me, it looks like ownership of our actions. I want my rapists to admit what they have done. I don’t want them to hide or deny their deeds. I want my community to believe me, and show a commitment to preventing sexual violence and supporting survivors. I want to actually be listened to when it comes to defining what help I need and what action should be taken. Most of all, I want my rapists to be supported in the process of unlearning the entitlement and violence that caused them to hurt me. I want them to understand and own their actions and dedicate themselves to preventing further harm. I want to see consequences that seek to address harm and attempt to make a meaningful improvement to the lives of survivors. Letting someone else decide that I am not a liar and arbitrarily decide how long to lock my rapists away for doesn’t sound like justice to me.”

“ဒါဆို တရားမှုက ဘာလဲ? ငါ့အတွက်ကတော့ တရားတယ်ဆိုတာ ငါတို့ရဲ့လုပ်ရပ်တွေအတွက် ငါတို့ကိုယ်တိုင်တာဝန်ယူခြင်းပဲ ငါ့ကိုမုဒိမ်းကျင့်ခဲ့သူတွေကို သူတို့လုပ်ရပ်ကိုသူတို့ဝန်ခံစေချင်တယ် သူတို့ဘာလုပ်ခဲ့လဲဆိုတာ ဖုံးမထားစေချင်ဘူး မငြင်းစေချင်ဘူး ငါ့ရပ်ရွာပတ်ဝန်းကျင်က ငါ့ကိုယုံစေချင်တယ် လိင်အကြမ်းဖက်မှုတွေပပျောက်ဖို့ ကတိပြုစေချင်ပြီး လွတ်မြောက်လာသူတွေကိုဝိုင်းဝန်းဖေးမပေးစေလိုတယ် ငါ ဘာအကူအညီလိုတာလဲ၊ ဘာလုပ်ချင်တာလဲဆိုတာကို သေချာနားထောင်စေချင်တယ် နောက်ဆုံးမှာ ငါ့ကို မုဒိမ်းကျင့်သူတွေကို သူတို့ငါ့ကိုနာကျင်စေအောင်လှုံ့ဆော်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးနေမှုတွေ၊ အကြမ်းဖက်မှုတွေအကြောင်းကို ပြန်လေ့လာစေချင်တယ် သူတို့လုပ်ရပ်တွေကို သူတို့တာဝန်ယူလာပြီး နောက်ထပ်ဒီလိုမျိုးအန္တရာယ်တွေထပ်မလုပ်အောင်ကာကွယ်စေချင်တယ် လွတ်မြောက်လာသူတွေ‌တွေ့ကြုံခဲ့ရတဲ့အန္တရာယ်တွေကို တားဆီးဖို့နဲ့ သူတို့ရဲ့ ဘဝ‌တွေအတွက် ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေ‌ဖြစ်လာဖို့ အလုပ်တွေဆက်လုပ်စေချင်တယ် ငါ ညာနေတာမဟုတ်ပါဘူးဆိုတာနဲ့ ငါ့ကိုမုဒိမ်းကျင့်သူတွေကို ဘယ်လောက်ကြာကြာထောင်ချလိုက်ဆိုတာကို တခြားလူတစ်ယောက်ကို အဆုံးအဖြတ်ပေးခိုင်းတာက ငါ့အတွက်အဖြေမဟုတ်ဘူး”

ဒါကတော့ ကာဒေါနာရဲ့ကိုယ်ပိုင်အ‌တွေ့အကြုံတွေကနေ ဆင်ခြင်ထားတဲ့ လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့မေးခွန်းနောက်က အဘောလစ်ရှင်းဖီမီနင့်ဇင်တစ်ခုလို့ကျွန်မမြင်တယ် ကျွန်မအတွက်လည်း ထောင်/ရဲစနစ်တွေကို (နိူင်ငံရေးအကျဉ်းချခြင်းအပြင်ကိုပါကျော်လွန်ပြီး) လားလားမျှသဘောမကျသူတစ်ယောက်အနေနဲ့ ပြစ်မှုကျူးလွန်သူကို ထောင်ချလိုက်ရုံ၊ အပြစ်ပေးလိုက်ရုံနဲ့၊ ခံရသူအဖို့၊ လွတ်မြောက်သူအဖို့ တကယ်တမ်းကုစားမှုတွေဖြစ်မလာတာ‌တွေကြောင့် ကာဆယ်ရယ်ဖီမီနင့်ဇင်၊ ကယ်တင်ရှင်ဖီမီနင့်ဇင်ကို သဘောမကျမိဘူး ကျူးလွန်သူဆိုတာထက် ကျူးလွန်ခံလိုက်ရသူနဲ့ သူဘာဖြစ်ချင်တာလဲ၊ ဘယ်လိုပြန်လည်ရှင်သန်ထမြောက်မလဲဆိုတာကိုပဲ ကျွန်မစိတ်ဝင်စားမိတယ် တစ်ပြိုင်နက်တည်းမှာလည်း ကျူးလွန်သူကိုရော အမြစ်တွယ်နေတဲ့စနစ်တွေအောက်က ကျူးလွန်မှုတွေကို ဘာကြောင့်လုပ်တာလဲဆိုတာကို သူတို့ကိုယ်တိုင်ပြန်မြင်လာအောင် ထောင်စနစ်ကလွဲလို့၊ ချုပ်နှောင်ခြင်းကလွဲလို့ ဘယ်လိုကုစားကြမလဲ? ကုစားလို့ရနိူင်လား?

ကျွန်မတို့ လူ့အဖွဲ့အစည်းဟာ ဒဏ်ပေးရတာကိုကြိုက်တယ် တစ်ခုခုဆို ဒဏ်ခတ်ချင်တယ် အခုမြန်မာပြည်တော်လှန်ရေးရပ်ဝန်းမှာဖြစ်နေတဲ့ လိင်အကြမ်းဖက်မှုတွေမှာလည်း ဘယ်လိုပြစ်ဒဏ်ကိုပေးမှာလဲဆိုတာကိုသာ စိတ်ဝင်တစားဆွေးနွေးနေကြတာကို တွေ့ရတယ် ဒါပေမဲ့ သင့်တော်တဲ့ပြစ်ဒဏ်ဆိုတာဘာလဲ? အဲ့ဒီပြစ်ဒဏ်ကို ဘယ်သူကဆုံးဖြတ်ပေးမှာလဲ? ဒဏ်ပေးတာက အပြစ်ကိုကျေသွားစေရောလား?

ပြစ်ဒဏ်ပေးခြင်းကိုကျော်လွန်ပြီး ကုစားခြင်းကိုဦးစားပေးကြမယ်ဆိုရင် ကျွန်မတို့လူ့အဖွဲ့အစည်းတွေက ဘယ်လိုများလည်ပတ်ရွေ့လျားနိူင်လာမလဲ?

ကျူးလွန်ခံလိုက်ရလို့ နာကျင်နေတဲ့သူတွေနဲ့ နာကျင်နေလို့ ကျူး‌လွန်သူတွေကို ဘယ်လိုကုစားကြမလဲ?

ဘာလို့ထောင်တွေဒီလောက်ချနေပေမဲ့လည်း၊ “လူမိုက်”ဆိုတာတွေကို ဖမ်းဆီးချုပ်နှောင်နေပေမဲ့လည်း လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေ နေရာအနှံ့၊ အသက်အရွယ်မျိုးစုံ၊ လူတန်းစားပေါင်းစုံ၊ ရပ်ဝန်းပေါင်းစုံမှာ ဆက်ဖြစ်နေရတာလဲ? (“လူမိုက်” ဆိုတာဘယ်လိုလူမျိုးလဲ? လူတစ်ယောက်က တစ်ခါမိုက်ဖူးရင် တစ်သက်လုံးမိုက်ရောလား?)

လက်တွေ့မကျဘူးပဲဆိုဆို ကျွန်မတော့ ဒီမေးခွန်း‌တွေကို တရားရေးသမားတွေ၊ လိင်/ဂျန်ဒါအကြမ်းဖက်မှုနှိမ်နင်းရေးလှုပ်ရှားသူတွေ၊ တက်ကြွသူတွေ၊ လုပ်ကိုင်သူတွေ၊ တော်လှန်ရေးခေါင်းစဉ်တပ်အလုပ်လုပ်သူတွေနဲ့တကွအားလုံးကို မေးကြည့်စမ်းချင်မိတယ်

ပုံ – ကတ်ကြေးနှင့်ဘောပင်များဇောက်ထိုးပြောင်းပြန်စိုက်ထည့်ထားသော မြေခွက်ပေါ်က ဆေးအဖြူရောင်ခြယ် “သမာဓိ” စကားလုံး

လစ်ဒီရာကာဒေါနာရဲ့ “ငါ့ကိုမုဒိမ်းကျင့်သူကိုထောင်မကျစေချင်ဘူး” ဆောင်းပါးအစအဆုံး

လိင်/ဂျန်ဒါအကြမ်းဖက်မှုဆိုင်ရာ ပြောင်းလဲစေသောတရားစီရင်ရေးနဲ့ပတ်သက်သောဆောင်းပါးများစွာပါဝင်တဲ့ “မုဒိန်းကျင့်သူတွေကျတော့ရော?” (What About the Rapists?) ဇိုင်း pdf

အယ်လီဇဘတ်ဘားစတိန်းရဲ့ “The Sexual Politics of New Abolitionism” ဆောင်းပါး

Vox မဂ္ဂဇင်းတွင် ၂၀၁၈ကဖော်ပြခဲ့တဲ့ “#metoo အ‌ရွေ့ကလည်း ကာဆယ်ရယ်ဖီမီနင့်ဇင်ကို ရှောင်ရှားရမည်” ဆိုတဲ့ဆောင်းပါး

https://www-vox-com.cdn.ampproject.org/v/s/www.vox.com/platform/amp/the-big-idea/2018/2/1/16952744/me-too-larry-nassar-judge-aquilina-feminism?amp_gsa=1&amp_js_v=a9&usqp=mq331AQIUAKwASCAAgM%3D&fbclid=IwAR1D-JeJ-ZBwZTRBZ3NRvpQ3zfMsslJulDrr0dAPCTVxkmWVgp2wOxJlkvg#amp_tf=From%20%251%24s&aoh=16836961478812&csi=1&referrer=https%3A%2F%2Fwww.google.com&ampshare=https%3A%2F%2Fwww.vox.com%2Fplatform%2Famp%2Fthe-big-idea%2F2018%2F2%2F1%2F16952744%2Fme-too-larry-nassar-judge-aquilina-feminism%3Ffbclid%3DIwAR1D-JeJ-ZBwZTRBZ3NRvpQ3zfMsslJulDrr0dAPCTVxkmWVgp2wOxJlkvg%23amp_tf%3DFrom%2520%25251%2524s%26aoh%3D16836961478812%26csi%3D1%26referrer%3Dhttps%253A%252F%252Fwww.google.com%26ampshare%3Dhttps%253A%252F%252Fwww.vox.com%252Fthe-big-idea%252F2018%252F2%252F1%252F16952744%252Fme-too-larry-nassar-judge-aquilina-feminism

ကျွန်မအရင်ကရေးခဲ့ဖူးသော “Abolitionism အပေါ်သုံးသပ်ခြင်း” ဆောင်းပါး

 

စီမုန်းမာဂ်စာလင်းမူရင်း‌ရေးသားပြီး ကျွန်မဘာသာပြန်ထားသော “ချုပ်နှောင်မှုများကိုကျော်လွန်၍ စနစ်များကိုဖြိုချဖျက်ဆီးသောကွန်မြူနစ်ဝါဒီသို့” ဆောင်းပါး

ချုပ်နှောင်မှုများကိုဆန့်ကျင့်၍ စနစ်များကိုဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့!

ဂဏာန်းစိတ်သောက

မိတ်ဆွေတစ်ယောက်နဲ့ ရောက်တတ်ရာရာစကားပြောရင်း ဘာလို့ မြန်မာပြည်ရဲ့တက်ကြွလှုပ်ရှားသူ၊ အာတ်‌လောက၊ စဉ်းစားတွေးခေါ်သူ၊ ဖီမီနင့်အသိုင်းအဝိုင်းအစရှိတဲ့ရပ်ဝန်းတွေမှာ ပုဂ္ဂိုလ်ရေးတင်းမာမှုတွေ အရမ်းများရတာလဲဆိုတာကို ပြောမိတွေးမိဖြစ်ခဲ့တယ်

ကျွန်မမိတ်ဆွေဟာလည်း သူ့ကိုယ်သူဖီမီနင့်လို့ခံယူထားတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် မြန်မာပြည်က အာတ် (သို့) အနုပညာလောကမှာလည်း ကျင်လည်လုပ်ကိုင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်တော့ သူ့ကိုယ်တွေ့တွေမှာလည်း အလုပ်အတူတူတွဲလုပ်လို့မရတော့လောက်အောင် အချင်းချင်းကြားမှာ ပုဂ္ဂိုလ်ရေးတင်းမာမှုတွေရှိနေတယ်ဆိုတာ ကျွန်မကိုပြောပြခဲ့တယ် ကျွန်မကျင်လည်ဖူးတဲ့ စဉ်းစားတွေးခေါ်မှုတွေထုတ်လုပ်ရာရပ်ဝန်းတွေမှာလည်း ဒီတစ်ယောက်နဲ့ ဒီတစ်ယောက်က မခေါ်ဘူး၊ မတည့်ဘူး၊ အလုပ်အတူတူလုပ်လို့မရဘူးအစရှိတာတွေကြားခဲ့ရတာ ခဏခဏပဲ (အထူးသဖြင့် မြန်မာပြည်မှာက စဉ်းစားတွေးခေါ်မှုရပ်ဝန်းလို့ပြောလိုက်ရင်ကို နိူင်ငံရေးနဲ့ အနည်းနဲ့အများချိတ်ဆက်နေတာပါပဲ နီရိုလစ်ဘရယ်ဆန်ဆန် အလုပ်ကြိုးစားပါတို့၊ ဘယ်လိုနေပါ၊ ဘယ်ဝါနေပါလို့ရေးကြတဲ့စာတွေကိုတော့ စဉ်းစားတွေးခေါ်မှုရပ်ဝန်းလို့ ကျွန်မမမြင်မိဘူး) ဒီမိတ်ဆွေနဲ့မှမဟုတ် တခြားသောမိတ်ဆွေတွေနဲ့ စကားပြောကြတဲ့အခါ ဒါမှမဟုတ် ကြားရ‌တဲ့သတင်းတွေကနေတဆင့် ဒီရပ်ဝန်းမှာ ဘာကြောင့်တင်းမာမှုတွေ များရတာလဲဆိုတာ ကျွန်မလည်း စိတ်ဝင်စားလာမိတယ်

မြန်မာနိူင်ငံရဲ့နိူင်ငံရေးသမိုင်းကြောင်းအရ စဉ်းစားတွေးခေါ်မှုတွေ၊ အဲ့ဒီ့စဉ်းစားတွေးခေါ်မှုတွေအပေါ်အခြေခံတဲ့ ယုံကြည်ချက်တစ်ခုနဲ့လှုပ်ရှားကြတဲ့ တက်ကြွလှုပ်ရှားမှုလုပ်ရပ်တွေဟာ တခြားနိူင်ငံတွေ (အထူးသဖြင့် လူဖြူနိူင်ငံတွေ)မှာလိုမျိုး စနစ်တကျလေ့လာသင်ယူထားလို့ ပေါ်ပေါက်နေတာမဟုတ်ဘူးဆိုတဲ့ကနဦးအချက်ကို ကျွန်မအရင်ဆင်ခြင်မိတယ် ဆိုလိုတာက ဥပမာ အမေရိကန်နိူင်ငံက အလုပ်သမားရေးကိစ္စ‌တွေကို တစ်နိူင်တစ်ပိုင် တက်ကြွလှုပ်ရှားကြသူတွေ၊ ဆော်ဩသူတွေဟာ တစ်နည်းတစ်ဖုံနဲ့ အလုပ်သမားရေးဖိနှိပ်မှုဆိုတာကို လေ့လာထားဖူးသူတွေဖြစ်လေ့ရှိကြတယ် (လူတိုင်းတော့ မဟုတ်ပါဘူး) ဒီဖိနှိပ်မှုတွေကို စာနဲ့ချရေးထားတာတွေကို ကမ္ဘာ့ဘာသာစကားအင်ပိုင်ယာစနစ် (global linguistic imperialism) အရ သူတို့ဟာ အင်္ဂလိပ်စာ/စကားက သူတို့ရဲ့မိခင်ဘာသာစကားဖြစ်နေတော့ လွယ်လင့်တကူဖတ်ရှုပြောဆိုလို့ရကြတယ် (ဘာသာစကားအင်ပိုင်ယာစနစ်ဆိုတာက ဘာသာစကားဆိုတဲ့ ရိုးရာဓလေ့အသွင်ပုံစံတစ်ခုအခြေပြုကြီးထွားစိုးမိုးလာတဲ့ လွှမ်းမိုးမှုစနစ်တစ်မျိုးကိုပြောတာပါ အင်္ဂလိပ်စကားရဲ့ ဘာသာစကားအင်ပိုင်ယာစနစ်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံနေပြီး တစ်ချိန်တည်းမှာလည်း လူဖြူကြီးစိုးရေးသဘောတရား (white supremacy) နဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ် ဒါကတော့ အင်္ဂလိပ်စကားသင်ရင်တောင် ဘာလို့ အမေရိကန်အသံထွက်၊ ဗြိတိသျှအသံထွက်ကိုသာ ပိုမိုကြိုက်နှစ်သက်ကြပြီး အင်္ဂလိပ်စကားကို မိခင်ဘာသာစကားတစ်ခုအနေနဲ့ ပြောဆိုကြတဲ့ စင်္ကာပူအင်္ဂလိပ်စကား၊ အိန္ဒိယအင်္ဂလိပ်စကားတွေကို ဘာလို့ သင်တန်းလုပ်ပြီးတောင် မသင်ဘူးလဲ? အင်္ဂလိပ်စကားအချင်းချင်း ဘာလို့ သူတို့က တန်ဖိုးမရှိတာလဲ? မရှိဘူးလို့ ယူဆခံရတာလဲ?)

ဒါပေမဲ့ မြန်မာနိူင်ငံလို ကိုလိုနီခေတ်နောက်ပိုင်းကတည်းက အဖက်ဖက်မှာ ဖိနှိပ်မှုတွေကို တွေ့ကြုံခဲ့ရတဲ့နိူင်ငံတစ်နိူင်ငံကလူတွေအဖို့ စာဖတ်ဖို့၊ ကျောင်းတက်ဖို့၊ ကျောင်းတက်ဖြစ်ရင်တောင် ကျောင်းမှာသင်တဲ့စာက ကိုယ်ကိုစဉ်းစားတွေးခေါ်‌စိတ်တွေလှုံ့ဆော်လာဖို့ဆိုတာ အင်မတန်မှ ရှားပါးလှတဲ့အခွင့်အရေးကြီးတစ်ခုမဟုတ်ပါလား? အဲ့ဒီ့တော့ အလုပ်သမားအရေးနဲ့ပဲ ပြန်ချိတ်ဆက်ရရင် ဂျာမန်စကားကနေ အင်္ဂလိပ်စကားကိုဘာသာပြန်ထားတဲ့ ကားလ်မာ့စ်ရဲ့ ကွန်မြူနစ်ထုတ်ပြန်ချက် (Communist Manifesto) ဆိုတာလိုမျိုးကို ဖတ်ရုံတင်မက ပြန်လည်ရှင်းပြပြောဆိုဆွေးနွေးနိူင်ဖို့ဆိုတာ လူတန်းစားတစ်ရပ်ကနေပဲလုပ်နိူင်တဲ့အလုပ်ဖြစ်လာတယ် (စိတ်ဝင်စားစရာက အလုပ်လုပ်သူတိုင်း ဓနရှင်စနစ်အောက်ကဖိနှိပ်မှုကိုတန်ပြန်တော်လှန်အောင် ရေးခဲ့တဲ့ မာ့စ်ဝါဒီကိုပဲ လက်ပြန်ကိုင်ပြီး စာဖတ်နိူင်သူ/ရှင်းပြနိူင်သူလူတန်းစားတစ်ရပ်ဆိုတာပေါ်ပေါက်လာတာပဲ ဒါကို မာ့စ် ကြိုမမြင်ခဲ့ဘူး ထင်ပါ့ ဒီ‌နေရာမှာ စာမဖတ်ရဘူးလို့ဆိုလိုချင်တာထက် စာဖတ်(နိူင်)သူလူတန်းစားဆိုပြီး လူတန်းစားအသစ်တစ်ရပ်ပေါ်ပေါက်လာတာကို ပြန်သုံးသပ်တာပါ အမှန်က လူတိုင်းစာဖတ်နှီးနှောစဉ်းစားတွေးခေါ်နိူင်မှုတွေလုပ်နိူင်ဖို့ ထောက်ပံ့ပေးကြရမှာမဟုတ်ဘူးလား? ဒါပေမဲ့ အခုတော့ ငါကပိုသိဆိုတဲ့ ဆရာ/မကြီးလူတန်းစားတစ်ရပ်ပြန်တီထွင်လိုက်ကြတယ်) ဒီနေရာမှာ မာ့စ်ဝါဒီကို ခေါင်းထဲအရင်ဆုံးပေါ်လာလို့သာ ဥပမာပေးရတာပဲ တခြားသောစာတွေ၊ သီအိုရီတွေမှာလည်း ဒီနည်း၎င်းပါပဲ ဥပမာ – ဖီမီနင့်ဇင်လည်း ဒီလိုပါပဲ

ဆိုတော့ မြန်မာပြည်က ဒီလိုစဉ်းစားတွေးခေါ်မှုရပ်ဝန်းတွေထဲကလူတွေအနေနဲ့လည်း ဘယ်သူကတော့ဖြစ် မာ့စ်ဝါဒီကို နားအလည်သဘောအပေါက်ဆုံး၊ ဘယ်သူကတော့ဖြစ် ဂျူးဒစ်ဘတ်တလာ (Judith Butler)၊ စီမုန်းဒီဘူဘွား (Simone de Beauvoir) ကိုအဖတ်ထားဆုံးလူအဖြစ် ပညာရှင်စဉ်းစားတွေးခေါ်မှုတွေအပေါ် ပြန်လည်ကိုယ်စားလှယ်ပြုဝေမျှပေးသူတွေအနေနဲ့ လူနည်းစုလူတန်းစားတစ်ရပ်ပေါ်ပေါက်လာတယ် အာတ်မှာဆိုရင်လည်း ဘယ်သူကတော့ ခေတ်ပြိုင်ပန်းချီဆိုတဲ့သဘောတရားကို နားအလည်ဆုံး၊ ဘယ်သူကတော့ ကဗျာဆိုတာဘယ်လိုဆိုတာအသိဆုံး အစရှိသလို ဒီလူတန်းစားတွေဟာ တခြားနိူင်ငံတွေမှာ သာမန်လူလောက်ကပါမိမိကိုယ်တိုင် တိုက်ရိုက်လေ့လာချင်ရင်လေ့လာနိူင်သလောက်ကိစ္စတွေမှာ အဲ့လိုမ‌လေ့လာနိူင်တဲ့မြန်မာပြည်ကလူတွေအတွက် ကိုယ်စားလှယ်ပြုပေးရင်း သူတို့က ဆရာတစ်ဆူမင်းတစ်လူတွေပြန်ဖြစ်လာကြတယ် (ဒီလိုရေးသားတယ်၊ ပြောဆိုတယ်ဆိုရင်ပဲ ဆရာ/ဆရာမကြီး‌အခေါ်ခံလာရတယ် အဲ့လိုအခေါ်ခံရမှုအပေါ်သာယာလာကြတယ် ကျွန်မရဲ့စာဖတ်ဝိုင်းကိုတက်ရောက်သူတိုင်းကို ကျွန်မပြောပါတယ် ကျွန်မကို ဆရာမလို့ခေါ်စရာမလိုပါဘူးဆိုတာ ကျွန်မရဲ့စာသင်ခန်းပြင်ပမှာ ဘယ်သူကမှ ကျွန်မကို ဆရာမလို့ခေါင်းစီးတပ်စရာကိုမလိုတာပါ အထက်အောက်စနစ်တွေကို မကြိုက်တဲ့သူတစ်ယောက်အနေနဲ့ ဆရာ/မနဲ့တပည့်ဆိုတဲ့ အထက်အောက်တွေကိုပါ ကျွန်မ သိပ်မနှစ်မြို့လှဘူး အခုနောက်ပိုင်း မိတ်ဆွေတချို့ဆီကနေ ကြားကြားလာရတဲ့ “ကလေးတွေ”ဆိုတဲ့ ကိုယ်ထက်ငယ်သူတွေကို ခေါ်ဝေါ်တဲ့စကားလုံးအသုံးအနှုန်းကိုလည်း ကျွန်မမကြိုက်ဘူး အထူးသဖြင့် မူကြိုကလေးအရွယ်တွေကို စာသင်တဲ့သူမဟုတ်တဲ့အတွက်ကြောင့် ကျွန်မစာအသင်ခံနေရရင်တောင်မှ သူတို့ဟာ ကလေးမဟုတ်ပါဘူး)

ဒီလို ဆရာတစ်ဆူမင်းတစ်လူဖြစ်လာတဲ့အခါ ဟိုတစ်ခါ ကျွန်မဘာသာပြန်ထားတဲ့ ဒေးဗစ်ဂရေဘာရဲ့ “မင်းကမင်းမဲ့သမားတစ်ယောက်လား” ဆောင်းပါးထဲကလို ဘယ်သူမဆိုအာဏာရလာရင် အဲ့ဒီ့အာဏာကိုယစ်မူးလာတတ်ကြတယ်ဆိုသလို စစ်အာဏာရှင်လိုမျိုးဘက်ကမဟုတ်ပေမဲ့လည်း ဒီလူတွေဟာ ပညာအာဏာကို ယစ်မူးလာပြီး အချင်းချင်း မင်းကတော့ ဘယ်လောက်ပဲသိတယ်၊ ငါကဘယ်လောက်ပိုသိတယ် အစရှိသဖြင့် ပုဂ္ဂိုလ်ရေးအရတင်းမာမှုတွေဖြစ်လာတာပါပဲ

(ကျွန်မကိုလည်း ဒီလိုမျိုးဝေဖန်ထားတာတွေ ကြုံတွေ့ရပါတယ် ဥပမာ ကျွန်မတ‌လောကရေးသားဆွေးနွေးထားတဲ့ ဂျူးဒစ်ဘတ်တလာရဲ့ performativity သီအိုရီသဘောတရားဟာ တလွဲကြီးဆိုပြီးပေါ့ ကျွန်မအတွက်က သီအိုရီဟာ ကျွန်မတို့နေ့စဉ်ဘဝထဲက မျက်စိနဲ့ကွက်ကွက်ကွင်းကွင်းမမြင်နိူင်တဲ့တချို့ကိစ္စတွေကို ချက်နဲ့လက်နဲ့မြင်စေတယ် ဒါကို သီအိုရီရဲ့အမိန့်ပေးမှုအောက်ကနေ သီအိုရီက ဒါပြောတာ၊ မင်းနားလည်တာမှားနေတယ် ဘာညာဆိုတာထက် ကိုယ့်ဖြစ်တည်မှုနဲ့ ဒီသီအိုရီကိုတန်းပြန်ညှိပြီး ဆင်ခြင်စိစစ်ရတာက ပိုအဓိပ္ပါယ်ရှိတယ်လို့မြင်တယ် မဟုတ်ရင် ကျွန်မတို့က သီအိုရီထောင်ထဲက အကျဉ်းသားတွေသာဖြစ်သွားလိမ့်မယ် ကျွန်မအတွက်က ဘတ်တလာသီအိုရီ “အမှန်”ဆိုတာကို နားလည်တာထက် ကျွန်မပြောဆိုဆွေးနွေးချင်တဲ့၊ ဆင်ခြင်ချင်တဲ့ကိစ္စတစ်ရပ်ကို ဘတ်တလာပြောခဲ့တဲ့သီအိုရီကိုအထောက်အကူပြုပြီး ပိုမြင်သာလာအောင်လုပ်လို့ရမရကိုပဲ ပိုစိတ်ဝင်စားတယ် ကျွန်မနားလည်မိတဲ့ ဘတ်တလာရဲ့သီအိုရီဟာ နောက်တစ်ယောက်သဘောပေါက်မိတာနဲ့ အံဝင်ခွင်ကျထပ်တူကျချင်မှကျမယ် သီအိုရီကိုကြက်တူရွေးနှုတ်တိုက်သင်မထားရင်ပေါ့လေ သီအိုရီကဒါပြောထားတာဆိုတာထက် ကိုယ့်ဖြစ်တည်မှုအပေါ်အခြေခံပြီး အဲ့ဒီသီအိုရီကိုပြန်လည်ဝေဖန်ပိုင်းခြားနိူင်ရမယ်မဟုတ်လား? “အမှန်”ဆိုတာကိုလည်း မျက်တောင်အဖွင့်အပိတ်နဲ့ရေးရတာက အမှန်တရားဆိုတာ လူ့ပတ်ဝန်းကျင်ဖြစ်တည်မှုတွေပေါ် လိုက်ပြီး တစ်ခုထက်ပိုပြီးရှိနေနိူင်တယ်ဆိုတာကို တစေ့တစောင်းထောက်ပြချင်လို့ပဲ)

ဒီတင်းမာမှုပြဿနာတွေကို ဒီလိုပညာတတ်စာဖတ်နိူင်သူလူတန်းစားတစ်ရပ်ရဲ့ အာဏာယစ်မူးလာမှု‌၊ ဆရာ/မကြီးဖြစ်တည်မှုအပေါ်သာယာလာမှုကြောင့်လို့အပြင် နောက်ထပ်ဘာကိုသုံးသပ်မိသလဲဆိုတော့ စနစ်ပေါင်းစုံအောက်မှာဖိနှိပ်ခံရသူတွေအနေနဲ့ တော်လှန်ပုန်ကန်နေတဲ့လုပ်ရပ်တွေမှာပါ ခြင်္သေ့နှစ်ကောင်တစ်ဂူတည်းမအောင်းဆိုတဲ့စိတ်ဓါတ်တွေပေါ်ပေါက်လာတာပါပဲ ဒါကတော့ စဉ်းစားတွေးခေါ်မှုတွေနဲ့သော်လည်းကောင်း၊ အာတ်ရပ်ဝန်းမှာသော်လည်းကောင်း၊ တက်ကြွလှုပ်ရှားမှုရပ်ဝန်းမှာသော်လည်းကောင်း မြန်မာပြည်ကဆိုတဲ့သူတွေရရှိတဲ့အခွင့်အလမ်းတွေဟာ အင်မတန်နည်းပါးပါတယ် အဲ့ဒီလိုနည်းပါးတော့ သောက်လို့မကုန်တဲ့ ပင်လယ်ဆားငံရည်အစား လမ်းပေါ်က ဗွက်အိုင်ပမဏလောက်သာရှိတဲ့ အခွင့်အလမ်းပံ့ပိုးမှုတွေကို တစ်ယောက်၊ တစ်စု၊ တစ်ဖွဲ့ကသာလျှင်ရနိူင်မယ်လို့မြင်တဲ့စိတ်ဓါတ်တွေကြောင့်လို့လည်း ကျွန်မမြင်မိတယ် ဒါဟာ ဖိနှိပ်ခံသူတွေရဲ့ဖိနှိပ်မှုအောက်ကနေပေါက်ဖွားလာတဲ့စိတ်တစ်မျိုးပဲ

ဒီသဘောတရားကို ကာရေဘီယန် (Carribean) ကျွန်းစုတွေမှာနေထိုင်တဲ့ ဘာဘေးဒိုး (Barbados) ကျွန်းသား‌ကျွန်းသူတွေရဲ့အရင်းရှင်စနစ်ရိုက်ပုတ်မှုကြောင့် လူလတ်တန်းစား (middle class) တည်ဆောက်မှုတွေနောက်က နီရိုလစ်ဘရယ်ဆန်လာတဲ့ခံစားချက်တွေအကြောင်းလေ့လာခဲ့တဲ့ မနုဿဗေဒပညာရှင် ကာလာဖရီးမန်း (Carla Freeman) က ဘာဘေးဒါးယန်းအယူအဆတစ်ခုဖြစ်တဲ့ “ဂဏာန်းစိတ်သောက” (crab antics) ဆိုပြီး အဓိပ္ပါယ်ဖွင့်ရေးသားခဲ့တယ် ဖရီးမန်းရဲ့ ၂၀၂၀ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ Feeling Neoliberal (နီရိုလစ်ဘရယ်ခံစားချက်) ဆိုတဲ့စာတမ်းထဲမှာ crab antics ဆိုတာကို ဒီလိုရှင်းပြထားတယ်

“Crab antics” are well-known to Barbadians and people throughout the West Indies. The expression denotes the familiar human dynamic akin to crabs in a barrel, all frantically trying to climb up and out toward freedom but in so doing yanking down the one just above. For decades this paradigm, made famous by Peter Wilson’s classic ethnography with the same title (1973), provided a regional gatekeeping concept in which the poles of colonial culture and economy stand in tension with those of an oppositional, postcolonial, creolized, New World culture.”

“ဂဏာန်းစိတ်သောကဆိုတာကို ဘာဘေးဒိုးကျွန်းသားကျွန်းသူတွေနဲ့ အင်ဒီးအနောက်ပိုင်းဒေသတောက်လျှောက်ကသူတွေအကုန်လုံးက ကောင်းကောင်းသိနားလည်ပြီးသားပါ။ ဂဏာန်းစိတ်သောကရဲ့သဘောတရားကတော့ စည်ပိုင်းထဲက ဂဏာန်းတွေလိုပဲ၊ ကိုယ်စည်ပိုင်းအပြင်ရောက်ဖို့ တစ်ကောင်နဲ့တစ်ကောင် ရုန်းရင်းဆန်ခတ်ကျော်ခွတက်ရင်း အပေါ်နည်းနည်းရောက်နေပြီးသားအကောင်ကို နောက်တစ်ကောင်က ဆွဲချတက်နင်းသလိုမျိုး လူအချင်းချင်းပြန်ဆက်ဆံ‌လေ့ရှိကြတဲ့ပုံစံပေါ့။ ၁၉၇၃ ခုနှစ်က ပီတာဝယ်လ်ဆင် (Peter Wilson) “ဂဏာန်းစိတ်သောက” ဆိုတဲ့ခေါင်းစဉ်နဲ့ရေးခဲ့တဲ့ အတ်သနိုဂရပ်ဖီလိုထဲကလိုပဲ ကိုလိုနီခေတ်နောက်ပိုင်း ရိုးရာနှစ်ခုရောယှက်နေတဲ့ ကမ္ဘာသစ်ရဲ့ ကိုလိုနီရိုးရာတွေ၊ စီးပွားရေးစနစ်တွေကို ဆန့်ကျင်မှုတွေမှာ အသုံးပြုတဲ့ ဒေသန္တာရဂိတ်တံခါးစောင့်သဘောတရားတစ်ခုပဲ။”

ဖရီးမန်းရဲ့သုတေသနမှာပါဝင်ခဲ့ကြတဲ့ ဘားဘေးဒိုးကျွန်းက မိန်းမတွေဟာလည်း middle class လို့ခေါ်တဲ့လူလတ်တန်းစားနေရာကိုရရှိရေးအတွက် တစ်ယောက်နဲ့တစ်ယောက် ဂဏာန်းစိတ်သောကတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက်ပြန်လည်ဖိနှိပ်ကျော်ခွနေကြတယ်၊ ဂိတ်တံခါးစောင့်နေကြတယ်၊ အဲ့လိုကျော်ခွမှ သူတို့လိုချင်တဲ့ လူလတ်တန်းစားဘဝကိုရောက်ရှိမယ်လို့ ထင်နေကြတယ်လို့ ဖရီးမန်းက အာဘော်ထုတ်ခဲ့တယ်

အဲ့ဒီ့တော့ ကာရေဘီးယန်းကျွန်းစု‌တွေနဲ့ ပထဝီဝင်အရ အရှေ့အနောက်ဝေးကွာလှတဲ့၊ ဒါပေမဲ့ ဗြိတိသျှကိုလိုနီကျွန်ပြုမှုသမိုင်းကြောင်းချင်းတူနေတဲ့ ကျွန်မတို့ မြန်မာပြည်မှာရော လွတ်မြောက်ဖို့ကြိုးစားရင်း “ဂဏာန်းစိတ်သောက”တွေနဲ့ ဘယ်လိုများအချင်းချင်းပြန်ကျော်ခွအကန့်တွေသတ်၊ ဂိတ်တံခါးတွေစောင့်နေကြသေးသလဲ?

ဖရီးမန်းရဲ့အာဘော်မှာတော့ ဒီပြဿနာဟာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက် ပြောင်းလဲလာတဲ့စီးပွားရေးစနစ်၊ လူတန်းစားကိစ္စတွေကြောင့် ကြီးမားလာတဲ့ နီရိုလစ်ဘရယ်စနစ်ကြောင့် ဒီလို ဂဏာန်းစိတ်သောကခံစားချက်တွေကို ဘာဘေးဒိုးမိန်းမတွေကို ခံစားလာစေတယ်လို့ဆိုထားတယ် အဲ့ဒီတော့ ဗြိတိသျှလက်အောက်ကိုလိုနီပြုကျင့်ခံခဲ့ရတဲ့ ကျွန်မတို့မြန်မာနိူင်ငံမှာရော၊ အရင်းရှင်စနစ်ကြီးထွားလာမှုအောက်မှာ အခုဆိုရင် “ကိုယ့်အားကိုယ်ကိုးရင် သူဌေးတောင်ဖြစ်တယ်” “ကြိုးစားက ဘုရားဖြစ်မယ်” မြန်မာပြည်နီရိုလစ်ဘရယ်ပိုင်အိုးနီးယားကြီးလို့တောင်ခေါ်လို့ရနိူင်တဲ့ လင်းသိုက်ညွန့်တို့လိုလူမျိုး (အခုခေတ်မှာနာမည်ကြီးတာက‌တော့ ဒေါက်တာဘယ်သူလားပေါ့နော်) ရဲ့ “See you at the top” တို့လို နီရိုလစ်ဘရယ်ဂျင်းအ‌ရေးအသားတွေကြီးထွားလာတဲ့‌ခေတ်မှာရော ကျွန်မတို့မြန်မာပြည်ထဲက ပညာတတ်စာဖတ်သူလူတန်းစား၊ နိုးကြားသူလူတန်းစားတစ်ရပ်ဆိုတာပေါ်ပေါက်လာဖို့၊ အဲ့နေရာရရှိဖို့ ဘယ်လို ဂဏာန်းစိတ်သောကတွေနဲ့ အချင်းချင်း ရုန်းရင်းဆန်ခတ်ကျော်ခွနေကြသလဲ စဉ်းစားစရာဖြစ်လာတယ် ဒါဟာသေချာတွေးကြည့်ရင် နိုးကြားသူဆိုတာနဲ့ လူတန်းစားဆိုတာဟာ ‌ဘယ်လိုမှမအပ်စပ်တဲ့ဇောက်ထိုးစကားလုံးနှစ်လုံးကို ‌အရှေ့အနောက်ပူးတွဲရေးထားသလိုပဲ

ကျွန်မအတွက်ကတော့ ဒီလိုအကန့်သတ်မှုတွေဟာ စည်ပိုင်းထဲပိတ်လှောင်ခံထားရတာချင်းအတူတူ သူတစ်ပါးနိမ့်ပါးမှ သူတို့အထက်ရောက်မယ်ထင်နေတဲ့ ဂဏာန်းတွေလိုပဲ ပုန်ကန်နေတဲ့၊ တော်လှန်နေတဲ့လူတွေအချင်းချင်းကြား လက်တွဲတည်ဆောက်မှုတွေကို ဖျက်ဆီးတယ်လို့ထင်တယ် ကျွန်မမိတ်ဆွေက ကျွန်မကိုပြောပြတယ် အာတ်ပညာသင်ကြတဲ့အသိုင်းအဝိုင်းတစ်ခုမှာ တက်သစ်စ တော်လည်းတော်တဲ့ အာတ်တစ် ၂ ယောက်လောက်ရှိပြီဆိုရင် သူတို့အချင်းချင်းပေါင်းလိုက်ရင် ပိုတော်သွားမှာမို့လို့ သူတို့ ၂ ယောက်ကိုရန်တိုက်ပေးတာတွေတောင်ရှိတယ်ဆိုတာပဲ ဒါတွေဟာ ကျွန်မအတွက်တော့ အင်မတန်ရွံစရာကောင်းလှပါတယ်

လွန်ခဲ့သောနှစ်တွေထဲမှာ ကျွန်မလက်တွဲအလုပ်လုပ်လို့ရမယ်ထင်တဲ့ မြန်မာပြည်ကဖီမီနင့်ရပ်ဝန်းတစ်ခုကသူတွေဆီကနေ ကြားလူတဆင့်ခံနဲ့ပြန်ကြားရတဲ့ စကားတစ်ခွန်းလိုပေါ့ “ကျွန်မရဲ့သုတေသနဟာ ဖီမီနင့်ဇင်အကြောင်းလုပ်မှာမို့လို့ သူတို့ကိုလာစကားပြောချင်တာလား” ဆိုတဲ့မေးခွန်းပေါ့ ကျွန်မရဲ့ပါရဂူဘွဲ့သုတေသနဟာ ဖီမီနင့်လှုပ်ရှားမှုတွေအကြောင်းမဟုတ်သလို မြန်မာပြည်က ဖီမီနင့်တွေအကြောင်းလည်းမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်လည်း မိမိဖြစ်တည်မှုအရနားလည်သဘောပေါက်တဲ့ဖီမီနင့်ဇင်ကိုကျင့်သုံးနေသူတစ်ဦးအ‌နေနဲ့ မိတ်ဆွေဖွဲ့ချင်ရုံသက်သက်ပါပဲ သို့ပေသိ စကားတောင်လူချင်းမပြောရသေးဘဲ ကျွန်မကတော့ဖြင့် ဒီယုန်မြင်လို့ ဒီချုံထွင်တာ (သူတို့ကို သုတေသနလုပ်ချင်လို့) ဆိုပြီး မြန်မာပြည်မှာမွေးဖွားကြီးပြင်းကြသူအချင်းချင်း၊ လွတ်မြောက်ရေးဒဿနလမ်းစဉ်တူသူအချင်းချင်း၊ ယုတ်အစွဆုံး ဖီမီနင့်အချင်းချင်း စကားတွေပြော နှီးနှောဖလှယ်ကြမဲ့အစား ဒီလို ဂဏာန်းစိတ်သောကတွေနဲ့ ဘာလို့ ဦးစွာဝေဖန်ကဲ့ရဲ့အပြစ်ဖို့ကြသလဲဆိုတာ အခုထက်ထိ ကျွန်မ နားမလည်နိူင်သေးပါဘူး (စိတ်ဝင်စားစရာက မြန်မာပြည်မှာ မွေးဖွားကြီးပြင်းမြန်မာလိုရေးပြောတဲ့သူ၊ ဒါပေမဲ့ ပြည်ပတစ်နေရာရောက်နေသူတွေကိုသာ “ပြည်ပရောက်နေလို့” ဆိုပြီး အကန့်ပြန်သတ်ကြတာပါ၊ မြန်မာလိုမပီကလာပီကလာလောက်သာတတ်တဲ့၊ မြန်မာပြည်မှာ လပိုင်းမျှသာနေထိုင်ဖူးတဲ့ လူဖြူပညာရှင်တွေကိုတော့ သူတို့ရဲ့သု‌တေသနကျင့်ဝတ်ကောင်းမကောင်းတောင်မစိစစ်ဘဲ တံခါးမရှိဓားမရှိ စာတမ်းအတူတူရေးသားဖို့၊ ဟောပြောဆွေးနွေးဖို့လက်ခံကြိုဆိုကြတာပါပဲ ဒါကလည်း လူဖြူကြီးစိုးရေးဟာ တော်လှန်ရေးရပ်ဝန်းတွေမှာတောင် ‌အားကောင်းနေဆဲဆိုတာ မီးမောင်းထိုးပြလိုက်သလိုပါပဲ အဲ့ဒါကြောင့် ကျွန်မအတွက်တော့ ဖီမီနင့်ဇင်ဟာ content (ကိစ္စရပ်) တစ်ခုသာမဟုတ်ပါဘူ method (နည်းလမ်း) လည်းဖြစ်ပါတယ် ဖီမီနင့်ဇင်အကြောင်းပြောပြီး တကယ်တမ်းအလုပ်လုပ်ကြတဲ့အခါ ဖီမီနင့်ဆန်ဆန်ပြုမူကြသလား?)

လူတန်းစားမတူညီမျှမှု၊ အထက်အောက်ဖိနှိပ်စနစ်တွေကိုတော်လှန်နေကြသူတွေကြားထဲမှာပါ နောက်ထပ်အသစ်အဆန်းဖြစ်တဲ့လူတန်းစားအသစ်တစ်ရပ် (တက်ကြွလှုပ်ရှားသူ၊ စာဖတ်နိူင်သူ၊ “လူပြိန်း”တွေထက်ပိုသိသူ၊ အာတ်တစ်အစရှိတဲ့ ငွေကြေးအရအခွင့်ထူးမခံစားရပေမဲ့ ‌စဉ်းစားတွေးခေါ်မှုအရ အခွင့်ထူးခံစားမှုရှိသူလူတန်းစားတစ်ရပ်)၊ အထက်အောက်/ဘေးအလယ်ဘောင်အကန့်အသတ်တွေ ပြန်လည်တည်ဆောက်နေသေးသရွေ့ ကျွန်မတို့ ဝိဉာဉ် ဒီဘဝချုပ်ငြိမ်းသွားသည့်တိုင် ဒီတော်လှန်ရေးဟာ ဘာကိုတော်လှန်နေသလဲ၊ ဒီလွတ်မြောက်ရေးဟာ ဘယ်သူ့လွတ်မြောက်ရေးလဲဆိုတာ ပြာမှုန်တွေဖုံးလို့မမြင်သာတဲ့ရှုခင်းသဖွယ် ကျွန်မတို့မျက်စိထဲမှာဝေဝေဝါးဝါးသာဖြစ်နေဦး‌တော့မှာပါပဲမဟုတ်ပါလား

ပုံ – ပွက်ပွက်ဆူဆီပူဒယ်အိုးထဲမှာ အကြော်ခံနေရသော ဘူးသီးကြော်များ

ကာလာဖရီးမန်း (Carla Freeman) ရဲ့ နီရိုလစ်ဘရယ်ခံစားချက်စာတမ်း pdf

လိပ်ပြာမလုံ guilty သူ

လိပ်ပြာမလုံမှုတွေကြားထဲက ပျော်ရွှင်မှုဆိုတာ ဘယ်လိုမျိုးများ တည်ရှိရွေ့လျားနေနိူင်မလဲ?

သင်္ကြန်မတိုင်ခင် လူမှုကွန်ယက်တွေပေါ်မှာ တော်တော်ပျံ့နှံ့သွားတဲ့ ကန့်ဘလူမှာ စစ်တပ်ရဲ့ရက်စက်တဲ့သတ်ဖြတ်မှု‌ပုံရိပ်တွေနောက်မှာ ပြန်လည်တကြော့ပြန်လာတဲ့ ကျွန်မတို့လိုအသက်ရှင်ကျန်ရစ်ခဲ့သူတွေရဲ့ လိပ်ပြာမလုံမှုတွေကြားက ပျော်ရွှင်မှုတွေအကြောင်း ကျွန်မစဉ်းစားချင်တယ် (ဒီနေရာမှာ စစ်တပ်ဟာ ကန့်ဘလူမှမဟုတ်၊ နိူင်ငံတွင်းကနေရာပေါင်းစုံမှာ အနုနည်းနဲ့ရောအကြမ်းနည်းနဲ့ပါ သတ်ဖြတ်နေတဲ့သတင်းတွေရှိပါလျက်နဲ့ ကန့်ဘလူ ပဇီကြီးရွာရဲ့သတင်းဟာ နိူင်ငံရေးကိုစိတ်မဝင်စားပါဘူးဆိုတဲ့သာမန်လူထုကြားထဲမှာ‌တောင် ဘာကြောင့် တော်တော်ပေါ်ပေါ်ထင်ထင် ပျံ့နှံ့သွားရလဲဆိုတာကိုလည်း ကျွန်မစိတ်ဝင်စားမိတယ် မမြင်ဝံ့သာဓါတ်ပုံတွေကြောင့်ပဲလား? အဲ့ဒီလို ကွက်ကွက်ကွင်းကွင်းရိုက်ထား၊ ပြထားတဲ့ရက်စက်မှုတွေဟာ လူသတိပိုထားခံရတာ ဘာကြောင့်လဲ? ဒါမှမဟုတ် ရက်စက်မှုတွေဟာ မနှစ်မြို့လောက်စရာ၊ အော့အန်စရာကောင်းလောက်အောင် မျက်စိနဲ့မြင်ရမှ လူတွေက ဂရုစိုက်တတ်လို့လား? မေးခွန်းတွေပဲရှိပါတယ်လေ)

ဒီကန့်ဘလူရဲ့သတင်းဟာ ပုံမှန်ဆို လူတွေ ပျော်ရွှင်စွာကျင်းပကြတဲ့၊ အနားယူကြတဲ့ သင်္ကြန်ကာလမတိုင်ခင်မှာဖြစ်သွားတာဆိုတော့လည်း အသက်ရှင်ကျန်ရစ်ခဲ့သူကျွန်မတို့အတွက် ဘာဆက်လုပ်မှာလဲ၊ ပျော်ကြမှာလား၊ ပါးကြမှာလားဆိုတဲ့ မေးခွန်းဟာ မေးလည်းမေးသင့်ပါတယ်လေ ဒါကိုလည်း Yangon Revolutionary Force ရဲ့ “လူတွေ သေနေတာ ဘာလို့ကနေတာလဲ” ဆိုတဲ့ banner ရန်ကုန်မှာလိုက်ချိတ်တဲ့လုပ်ရပ်ထဲမှာလည်း အသက်ရှင်ကျန်ရစ်သူတွေရဲ့လိပ်ပြာမလုံမှုကို မရှိရင်တောင် ပေါ်လာအောင်၊ ရှိနေရင်တောင် မပျောက်သွားအောင် တူးဆွတဲ့သဘောတရားတွေ အများကြီးတွေ့ရပါတယ် Guilt လို့ခေါ်တဲ့ လိပ်ပြာမလုံမှုဟာ ကျွန်မအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့လူ့ခံစားချက်တစ်ခုပဲ မြန်မာစကားမှာ guilt ဆိုတာကို လိပ်ပြာမလုံခြင်းလို့ အလွယ်ပြန်ရပေမဲ့ တကယ်တမ်းက guilt ဆိုတဲ့စကားလုံးသဘောတရားဟာ အနောက်ဘာသာရေးခရစ်ယာန်အယူအဆ(အထူးသဖြင့် ကတ်သလစ်ဘာသာရေးအယူအဆ)တွေနဲ့ ပိုချိတ်ဆက်ပါတယ် (ကျွန်မ ခရစ်ယာန်ဘာသာကိုးကွယ်သူမဟုတ်ပေမဲ့) နားလည်ရသလောက် လူတစ်ယောက်ဟာ မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်တယ်လို့ ခံစားရပြီးနောက် ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တစ်ခုပေါ့ တရားရေးရာတွေမှာလည်း ပြစ်မှုကျူးလွန်တယ်လို့ သတ်မှတ်ရင် ဒီလူဟာ guilty ဖြစ်တယ်လို့ခေါ်ဝေါ်သုံးစွဲတာကလည်း ဒါကြောင့်ပါပဲ (ခရစ်ယာန်ဘာသာနဲ့ ကြီးပြင်းလာသူတွေက ကျွန်မထက်ပိုထဲထဲဝင်ဝင်သိနိူင်ပါတယ်)

အဲ့ဒီတော့ စစ်တပ်ရဲ့လူသတ်ဖြတ်မှုတွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေမှာ ခံစားရလေ့ရှိတဲ့ survivor guilt ဆိုတာဟာ အသက်ရှင်ခြင်းအားဖြင့် ကျွန်မတို့ဟာ သေဆုံးသွားသူတွေအပေါ် ပြစ်မှုတစ်ခုကျူးလွန်လိုက်ရာရောက်သွားတယ်လို့ မှတ်ယူကြည့်လို့ရပါတယ် မြန်မာ/ဗမာဓလေ့မှာ‌တော့ guilt ဆိုတာထက် ကျွန်မအမြင်မှာ‌တော့ အရှက်တရား/ဟီရိဩတပ္ပတရားဟာ ပိုပြီးတော့ cultural value/religious value ရှိနေပါတယ် ဒါကတော့ ကျွန်မတို့ လူရယ်လို့ဖြစ်လာပြီးကတည်းက လူမှန်းသိတတ်စအရွယ်ကတည်းကနေ အရှက်အကြောက်တရားရှိရမယ်ဆိုတာကို ပတ်ဝန်းကျင်ကလူကြီးတွေ၊ မိဘတွေ၊ ဆရာဆရာမတွေရဲ့ သွန်သင်မှုကို ကျွန်မတို့နာခံခဲ့ရတယ်မဟုတ်လား? (ဒီနေရာမှာ ဘယ်ဂျန်ဒါတွေကဆို ပိုပြီးအရှက်တရားရှိရမယ်လို့ အသင်ခံခဲ့ရသလဲ ဆက်စဉ်းစားကြည့်လို့ရပါတယ်)

အရှက်တရားဆိုတာကို လိပ်ပြာမလုံခြင်းလို့ အလွယ်ဘာသာပြန်ကြတဲ့ guilt နဲ့ချိတ်ဆက်စဉ်းစားကြည့်ရင် ဒီစိတ်ခံစားချက်နှစ်မျိုးလုံးဟာ ထပ်တူမကျနေပေမဲ့ သူတို့နှစ်မျိုးလုံးဟာ individual feeling (တစ်ဦးတစ်ယောက်တည်းက ခံစားရတဲ့ ခံစားချက်)ဆိုတာထက် social feeling (လူ့အသိုင်းအဝိုင်းကြားက ခံစားချက်)လို့ ကျွန်မကောက်ချက်ချမိတယ် ဒါက လူတစ်ယောက်ရှက်တတ်ဖို့၊ လိပ်ပြာမလုံတတ်ဖို့၊ ဘယ်ကိစ္စနဲ့ပတ်သက်လာရင် ရှက်တတ်ဖို့၊ ဘယ်ကိစ္စနဲ့ပတ်သက်လာရင် လိပ်ပြာမလုံတတ်ဖို့ဆိုတာ ကျွန်မတို့ပါဝင်ကျင်လည်နေတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုကနေပဲ ပညတ်ချက်ထုတ်တာကို ဆိုလိုတာပါ စစ်တပ်ကသတ်ဖြတ်လိုက်လို့ သေသွားကြတဲ့လူတွေအပေါ်မှာ အသက်ရှင်ကျန်ရစ်နေတဲ့လူတစ်ယောက်က လိပ်ပြာမလုံတတ်ဖို့ဆိုတာ အဲ့ဒီလူဟာ ဒီကိစ္စဟာ လိပ်ပြာမလုံစရာပါလားဆိုတာကို socialize ပေါင်းသင်းကူးလူးဆက်ဆံထားပြီးတဲ့သူတစ်ယောက်ဖြစ်မှသာ ဒီစိတ်ခံစားချက်ကို ခံစားတတ်ပါလိမ့်မယ် ဥပမာ – အမေရိကန်နိူင်ငံက ရဲတွေက လူမည်းတွေကိုမတရားညှင်းပန်းသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ မြန်မာလူမျိုးတွေ ဘာကြောင့်လိပ်ပြာမလုံမဖြစ်ဘဲ ကန့်ဘလူ ပဇီကြီးရွာကလူတွေ ဗုံးကြဲအသတ်ခံလိုက်ရတဲ့နေရာမှာ ကျွန်မတို့ လိပ်ပြာမလုံဖြစ်ကြရသလဲ?

အဲ့ဒီ့တော့ လူတစ်ယောက်ကို လိပ်ပြာမလုံလုံအောင် တူးဆွကြတဲ့လုပ်ရပ်ဟာ တစ်ပြိုင်နက်တည်းမှာ ဘယ်သူတွေဟာ ကျွန်မတို့ယုံကြည်ရာ၊ ကျင်လည်ရာရပ်ဝန်းကလူတွေ (တစ်နည်းအားဖြင့် ကျွန်မတို့နဲ့ တစ်အုပ်စုတည်းဖြစ်တဲ့လူတွေ)ဆိုတာကို ဆန်းစစ်ဖို့အတွက် မသိမသာလုပ်ဆောင်လိုက်တဲ့ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းတဲ့လုပ်ရပ်လို့ ကျွန်မထင်တယ် လိပ်ပြာမလုံခြင်းကြောင့် ဒီလူတစ်ယောက်ဟာ morality စာရိတ္တကောင်းသူတစ်ယောက်ဖြစ်သွားပြီး လိပ်ပြာလုံလုံနဲ့ သင်္ကြန်မှာကဲနေသူတွေဟာ စာရိတ္တမရှိသူတွေလို့ သတ်မှတ်လို့ရသွားတယ် (ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာကလည်း ဗမာဓလေ့အရ လိပ်ပြာလုံတယ်ဆိုတာ ကောင်းတယ်၊ ကိုယ့်လိပ်ပြာကိုယ်လုံရင်‌ကောင်းတယ်လို့ မှတ်ယူလေ့ရှိပေမဲ့ ဒီကာလမှာတော့ လိပ်ပြာမလုံခြင်းဟာလည်း ကောင်းမွန်တဲ့စာရိတ္တအရည်အသွေးသင်္ကေတတစ်ခုအနေနဲ့ နေရာယူလာတာပါပဲ) ဒီနေရာမှာ ဒီလို ingroup/outgroup ခွဲခြားဆန်းစစ်တဲ့အလုပ်ဟာ မနုဿဗေဒရှုထောင့်အရတော့ ဘယ်လူ့အဖွဲ့အစည်းမဆို၊ လူအုပ်စုမဆို နည်း‌တွေသာမတူရှိမယ်

 

ဟိုးရှေးရှေးကတည်းကလုပ်လာကြတဲ့ကိစ္စတစ်ခုပဲလို့ ကျွန်မကတော့မြင်လို့ ဘယ်လိုမှအထွေအထူးတော့ မလုပ်ကြနဲ့၊ လုပ်ကြလို့တော့ အဆိုမတင်သွင်းချင်ပါဘူး (လွန်ခဲ့တော့ ၄ နှစ်လောက်က ပီရူးနိူင်ငံမှာ ဆဲရေးထိုင်းထွာခြင်းကိုအသုံးပြုပြီး ဘယ်သူကတော့ ငါတို့အဖွဲ့က၊ ဘယ်သူကတော့ ငါတို့အဖွဲ့အပြင်ကဆိုပြီး သတ်မှတ်ခွဲခြားတဲ့အကြောင်း ပီရူးပါရဂူတန်းကျောင်းသားတစ်ယောက် သုတေသနလုပ်ခဲ့တာကို အစည်းအဝေးတစ်ခုမှာ နားထောင်ရတာကို မှတ်မိပါသေးတယ် ဆဲရေးတဲ့စကားလုံးတွေဟာလည်း အဲ့ဒါကြောင့် ကျွန်မအတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်)

“လိပ်ပြာလုံပါစေ” ဆိုပြီး ပြောကြတဲ့စကားလုံးတွေနောက်က ပျော်ရွှင်မှုဆိုတာကို ဆက်ပြီး ကျွန်မစဉ်းစားချင်တယ် ပျော်ရွှင်မှုအကြောင်းသုတေသနလုပ်ကြတဲ့ မနုဿဗေဒပညာရှင်တွေကတော့ ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ဆိုတာဟာ အမြဲတစေအစိုင်အခဲတစ်ခုအနေနဲ့ရှိနေတဲ့ ခံစားချက်မဟုတ်ဘဲ အမြဲရွေ့လျားပြောင်းလဲနေတဲ့ စိတ်ခံစားချက်တစ်ခုလို့ဆိုကြတယ် မနုဿဗေဒပညာရှင် ဂျေဆန်သွတ်ပ် (Jason Thoop) ၂၀၁၅ ခုနှစ်မှာရေးခဲ့တဲ့ “Ambivalent Happiness and Virtuous Suffering” (မတင်မကျပျော်ရွှင်မှုနှင့် သိက္ခာရှိသောဒုက္ခ) ဆိုတဲ့စာတမ်းမှာ သူက ပါကစ်စတန်ဗြိတိသျှဖီမီနင့်တွေးခေါ်ပညာရှင် ဆာရာအာမက် (Sara Ahmed) ထောက်ပြခဲ့တဲ့ happiness လို့ခေါ်တဲ့ ပျော်ရွှင်မှုဆိုတဲ့စကားလုံးဟာ အင်္ဂလိပ်စကားရဲ့စကားလုံးသမိုင်းအရတော့ Norse စကားလုံးဟောင်း hap ဆိုတဲ့စကားလုံးက ဆင်းသက်လာမှုပေါ်အခြေခံပြီး ပျော်ရွှင်မှုအဓိပ္ပါယ်ဆိုတာဟာ ခေတ္တခဏအကြောင်းတိုက်ဆိုင်လို့ခံစားရတဲ့၊ အမြဲတစေ လက်ထဲကနေ လွတ်လွတ်ထွက်သွားတတ်တဲ့ စိတ်ခံစားချက်ဆိုပြီး သီအိုရီထုတ်ထားပါတယ် ဒါကတော့ hap ရဲ့လက်ရှိအဓိပ္ပါယ်ဖြစ်တဲ့ “luck, fortune” ဆိုတာအပေါ်အခြေခံပြီး သီအိုရီထုတ်တာပေါ့နော် မြန်မာလိုဆိုရင်တော့ “ကံ” ပေါ့ အဲ့တော့ “လှံထမ်းလာတာသာမြင်ရ၊ ကံထမ်းလာတာမမြင်ရ”ဆိုသလို ကံအကြောင်းတိုက်ဆိုင်တဲ့အခါမှာ ကျွန်မတို့ဟာ ပျော်ကြရတယ်၊ ကံအကြောင်းမတိုက်ဆိုင်တဲ့အခါမှာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းရတယ်ဆိုတဲ့သဘောပေါ့ ပျော်ရွှင်မှုဟာ အမြဲတစေကျွန်မတို့နဲ့ မနေဘဲ ခဏရောက်လာ‌လိုက်၊ ပြန်ထွက်သွားလိုက်ပေါ့ ဒီအဓိပ္ပါယ်နဲ့ ပျော်ရွှင်မှုကို မြန်မာလိုလည်း နားလည်သဘောပေါက်လက်ခံကြည့်လို့ရတယ်လို့ ကျွန်မမြင်တယ် အမှန်တကယ် ကျွန်မအတွက်ကတော့ ပျော်ရွှင်မှုမှမဟုတ်ပါဘူး၊ စိတ်ခံစားချက်တိုင်းက ခဏတာသာကိန်းအောင်းတတ်တဲ့သဘောတရားတွေချည်းပါပဲ အဲ့ဒီမှာမှ ခဏခဏ ဆွေးဆွေးမြည့်မြည့်အောင်းလာပြီဆိုရင် (ဥပမာ – စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်းတို့လို ခံစားချက်တွေဟာ အကြာကြီးကိန်းအောင်းလာရင်) စိတ်ရောဂါလို့ ကျွန်မတို့ လူ့အဖွဲ့အစည်းက သတ်မှတ်တတ်ကြတယ်မဟုတ်လား?

(စိတ်ခံစားချက်တွေအကြောင်းပြောရင် စိတ်ပညာရှင်တွေရဲ့ သုတေသနတွေကို ကျွန်မမကိုးကားချင်ပါဘူး စိတ်ပညာရှင်တွေရဲ့ စိတ်ခံစားချက်တွေကို ချဉ်းကပ်ပုံတွေဟာ မကောင်းဘူးဆိုတာထက် မနုဿဗေဒရှုထောင့်က စိတ်ခံစားချက်တွေကို ချဉ်းကပ်ပုံတွေနဲ့ ဘာသာရပ်အရကွဲသွားပါတယ် များသောအားဖြင့် အနောက်တိုင်းစိတ်ပညာနည်းလမ်းတွေဟာ စိတ်ခံစားချက်တွေကို တစ်သီးပုဂ္ဂလခံစားကြရတဲ့ အစိုင်အခဲစိတ်ခံစားချက်တွေလို့ မြင်ယောင်လက်ခံလေ့ရှိပြီး မနုဿနဲ့ ဖီမီနင့် affect သီအိုရီလို့ခေါ်တဲ့ interdisciplinary (ဘာသာရပ်စည်းဘောင်ကျော်လွန်တဲ့) သီအိုရီတွေမှာ‌တော့ စိတ်ခံစားချက်တွေကို လူတစ်ဦးတစ်ယောက်က ခံစားရတယ်ဆိုတာထက် စနစ်တွေ၊ အဲ့ဒီလူကျင်လည်ရာ လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်၊ ဓလေ့တွေနဲ့ ချိတ်ဆက်ပြီးစဉ်းစားလေ့ရှိတာကို ကျွန်မကတော့ ပိုသဘောကျမိတယ်)

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာဟာ ဒီလိုအမြဲတစေရွေ့လျားနေပြီး လက်နဲ့ထိထိမိမိဆုပ်ကိုင်ထားဖို့ ခက်ခဲလှတဲ့ ပျော်ရွှင်မှုကိုရှာဖွေရေးဆိုတာဟာ ကျွန်မတို့လူတွေရဲ့ (ရိုးရာဓလေ့တွေကိုကျော်လွန်ပြီးတော့တောင်) အဓိက mission ကြီးတစ်ခုဖြစ်လာတဲ့အချက်ပါပဲ အမေရိကန်ရဲ့ နိူင်ငံပဋိညာဉ်မှာတောင် “The Pursuit of Happiness” (ပျော်ရွှင်မှုကို လိုက်စားခွင့်) ဟာ အမေရိကန်နိူင်ငံသားတစ်ယောက်ဖြစ်တည်မှုရဲ့ ရပိုင်ခွင့်ဆိုပြီး ထည့်ရေးထားပါသေးတယ် (တကယ်တမ်း အမေရိကန်နိူင်ငံသားတွေ အမြဲပျော်ရွှင်နေကြသလားဆိုတာကတော့ မေးခွန်းထုတ်စရာကြီးပါပဲ)

ကျွန်မတို့လက်ရှိမြန်မာပြည်နိူင်ငံရေးအခြေအနေအရတော့ ပျော်ရွှင်မှုကိုလိုက်စားခြင်း/လိုက်မစားခြင်းဟာလည်း နိူင်ငံရေးတွေနဲ့ သိသိသာသာချိတ်ဆက်လာပါပြီ ဟိုတလောက ဇဏ်ခီရေးတဲ့ပို့စ်ထဲကလိုပေါ့နော် ပျော်ပျော်နေကြပါ၊ ‌ပျော်အောင်နေကြပါလို့ရေးကြတဲ့စာ‌တွေ တွေ့လာရသလို ပျော်နေကြတဲ့သူတွေဟာလည်း အရှက်တစ်ပြားသားမှမရှိနေတဲ့သူတွေ၊ သေသွားတဲ့သူတွေကို နည်းနည်းလေးမှ အားမနာတဲ့သူတွေ၊ လိပ်ပြာမလုံတဲ့လူတွေဆိုတဲ့ တစ်ဖက်ကအဆိုတွေကိုလည်း ကြားလာရပါတယ် အမြဲတစေလွတ်လွတ်ထွက်သွားတတ်လို့ အသက်ရှင်ကျန်ရစ်သူရဲ့ လိပ်ပြာမလုံမှုဆိုတာကို အနာကျက်သွားလို့ မနာတော့တဲ့ ဒဏ်ရာတစ်ခုလို အမာရွတ်မြင်နေရုံနဲ့တင်သာမက ဆက်လက်‌ပြီး သွေးစိမ်းရှင်ရှင်ထွက် နာကျင်အမှတ်ရနေအောင် ပြန်ပြန်တူးဆွနေကြသူတွေ၊ တူးဆွကြရမယ်ဆိုတာတွေကိုလည်း ကျွန်မနားနဲ့ ဆတ်ဆတ်ကြားနေရပါတယ်လေ (ဒီနေရာမှာ အားနာခြင်းဟာလည်း ဗမာဓလေ့ထဲက စိတ်ခံစားချက်တစ်ခုလို့ ကျွန်မကတော့ ဆိုချင်တယ် လူဖြူဓလေ့တွေမှာ အားနာတယ်ဆိုတာကို အင်္ဂလိပ်လို ဘာသာတောင်ပြန်လို့မရပါဘူး တစ်ယောက်ကိုတစ်ယောက် အားနာရမယ်ဆိုတာဟာလည်း လူအချင်းချင်းကြားမှာရှိနေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေပေါ်အခြေပြုပြီး လူတစ်ယောက် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတဲ့ လူမှုရေးဇာတ်ညွှန်း (social script) တွေထဲက စိတ်ခံစားချက်တစ်ခုပါပဲ ဒီလိုပြောလို့ အားနာတာကောင်းတယ်၊ မကောင်းဘူးပြောချင်တာတော့ မဟုတ်ပါဘူး)

ဆိုတော့ ကျွန်မအတွက်က စိတ်ခံစားချက်တွေဟာ အမြဲတစေပြောင်းလဲရွေ့လျားနေတဲ့အရာတွေ၊ လေထဲမှာ မျက်စိနဲ့မြင်လို့မရပေမဲ့ နှလုံးသားနဲ့ နက်နက်နဲနဲခံစားလိုက်ကြရတဲ့အရာတွေသာ ဖြစ်နေတယ် အဲ့ဒီအတွက်ကြောင့် ဘယ်အခြေအနေမှာ ဘယ်လိုခံစားရမယ်၊ ဘယ်လိုမခံစားဘူးလားဆိုတာ ကျွန်မတို့ကြိုက်သလောက် အမိန့်ပေးထောက်ပြလို့သာရချင်ရမယ်၊ ဝင်ခံစားမွေးမြူပေးလို့မရဘူး အနာကို အမြဲတူးဆွနေပေမဲ့ အနာဟာ တစ်ချိန်ချိန်မှာ သွေးတိတ်သွားဦးမှာဖြစ်တဲ့အတွက် ကုတ်ဖဲ့တူးဆွမှုသံသရာမှာ လည်ပတ်နေကြရတာပါပဲ

ကုတ်ဖဲ့တူးဆွမှပဲ ကျွန်မတို့ အမှတ်ရကြမှာလား?

အမာရွတ်တွေဟာ မလုံလောက်တဲ့ဒဏ်ရာတွေလား?

မနာကျင်တော့ပေမဲ့ လက်နဲ့ပွတ်သပ်လိုက်တိုင်း ဖုထွတ်ကျန်နေရစ်ခဲ့တဲ့ အမာရွတ်အသားမာတွေကရော ကျွန်မတို့ကို ဘာခံစားချက်တွေ ပေးနေဦးမလဲ?

ခံစားမှုတွေဟာ အမှတ်သညာတွေထက် တန်ဖိုးပိုရှိနေသလား?

စနစ်ပေါင်းစုံရဲ့ ဖိနှိပ်မှုအောက်မှာ အမြဲတစေ စိတ်ခွန်အားကျအောင်၊ စိတ်ဆင်းရဲအောင် ‌ထုထောင်းခံထားရတဲ့ လူမည်းတွေအတွက် ပျော်အောင်နေတယ်ဆိုတာဟာ နိူင်ငံရေးအရ စနစ်တွေကို ငြင်းဆိုအာခံမှုတစ်ခုပဲလို့ အခုနောက်ပိုင်း လူမည်းဖီမီနင့်ပညာရှင်တွေက ဆိုလာကြပါပြီ ကျွန်မတို့ မြန်မာပြည်အခြေအနေအရရော ရက်ရက်စက်စက်သေကြေသွားကြတဲ့လူတွေကြားမှာ ဘယ်တိုင်းပြည်နေရာမှာ နေ‌နေပါစေ အသက်ရှင်ကျန်ရစ်ခဲ့ကြသူတွေအဖို့ကရော ပျော်ရွှင်ခြင်းကို ပြုစုပျိုးထောင်ခြင်းက လူမည်းပညာရှင်တွေပြောသလို နိူင်ငံရေးဆန်နေသလား? ဒါမှမဟုတ် ပျော်ရွှင်ခြင်းကို ငြင်းဆိုခြင်းက နိူင်ငံရေးပိုဆန်နေမလား? (လူမည်းပညာရှင်တွေပြောတဲ့ ပျော်ရွှင်ခြင်းဆိုတာ အရင်းရှင်စနစ်ကကျွေးထားတဲ့ စားသုံးသူဓလေ့အောက်က ပျော်ရွှင်မှုအတုအယောင်တွေကို ဆိုလိုတာတော့ မဟုတ်ပါဘူး သူတို့ပြောချင်တာက ဘယ်လောက်ပင် ခဏပဲခံပါ‌စေ တကယ့်ကို တစ်ကိုယ်ရည်အတွက်မဟုတ်ဘဲ မိမိပတ်ဝန်းကျင်နဲ့အတူ လှိုက်လှိုက်လှဲလှဲရှိတဲ့ပျော်ရွှင်မှုမျိုးကို ဆိုလိုတာပါ)

ကျွန်မ ဒီမေးခွန်းတွေရဲ့အဖြေကို ဂဃနဏမသိဘူး

ကျွန်မသိတာတစ်ခုကတော့ ဝမ်းနည်းယူကြုံးမရဖြစ်နေချိန်မှာ မိမိသူငယ်ချင်းမိတ်ဆွေတွေနဲ့ ခဏတာစကားပြောလိုက်ရလို့ ရသွားတဲ့ စိတ်သက်သာရာရမှုတွေ၊ ငိုရလွန်းလို့ ပါးပြင်ကအကြောအချင်တွေညောင်းလာလွန်းရာက ခဏတာပြုံးလိုက်မိတဲ့ မျက်ရည်တွေကြားက အပြုံးတွေ၊ ခန္ဓာကိုယ်လုံခြုံရာတစ်နေရာမှာ အေးအေးဆေးဆေး စာဖတ်နေတုန်း ဆိုရှယ်မီဒီယာပေါ်မှာတွေ့လိုက်ရတဲ့ မရှုမလှအသတ်ခံလိုက်ကြရတဲ့သူတွေရဲ့ ကိုယ်လက်အပိုင်းအစပုံတွေ၊ စနစ်တွေရဲ့ဖိနှိပ်မှုတွေအောက်ကလူတွေရဲ့ သတင်းတွေကြောင့် ညစ်ညူးသွားရတဲ့ စိတ်တွေ၊ ချစ်သူခင်သူတစ်ယောက်နဲ့တွေ့ဖို့အသွားလမ်းမှာ မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ လမ်းဘေးက အိမ်ယာမရှိကြသူတွေကို တွေ့လိုက်ရလို့ မလုံဖြစ်သွားတဲ့ စိတ်တွေ၊ တစ်ပြိုင်နက်တည်း သူတို့က သူတို့ရဲ့ချစ်ခင်ရသူခွေးလေးတစ်ကောင်နဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ ယုယပွေ့ဖက်ပြီး ပြုံးရယ်နေတာကို တွေ့လိုက်ရပြန်တဲ့အခါ မတင်မကျကြီးခံစားလိုက်ရတဲ့ အနွေးဓာတ်တွေ၊ ဘယ်လောက်ပင် ပျော်အောင်နေပါပြောကြပေမဲ့လည်း အမြဲတမ်းမပျော်နေကြတဲ့စိတ်တွေ၊ ဘယ်လောက်ပင် ပျော်ရွှင်မှုကို ငြင်းဆိုနေပေမဲ့ အတင်းကာရော ကိုယ့်ခန္ဓာကိုရိုက်ခတ်လာတဲ့ အကြည်ဓာတ်ကလေးတွေ…

ဒီလို ဖြတ်ခနဲ ဖြတ်ခနဲ လက်နဲ့ဆုပ်ကိုင်၊ ကင်မရာနဲ့ ရိုက်ကူးအကျဉ်းချလို့မရတဲ့ စိတ်ခံစားချက်တွေကို သတိထားဂရုပြုမိရင်းနဲ့ပဲ ဒီလိုရွေ့လျားနေတတ်တဲ့ စိတ်ခံစားချက်တွေကို အကျဉ်းချချင်ကြတဲ့၊ ချဖို့ကြိုးစားကြတဲ့ ကျွန်မအပါအဝင် လူတွေရဲ့လူသားဆန်တဲ့ ဖြစ်တည်မှုတွေကိုလည်း တစ်ပြိုင်နက်တည်း အံ့ဩမှင်သက်မိရပြန်ပါတယ်လေ

ပုံ – ကနုတ်ပန်းပေါက်များကြားက အလင်းတစ်ပွင့်

ဂျေဆင်သွတ်ပ် (Jason Thoop) ရဲ့ “မတင်မကျပျော်ရွှင်မှုနှင့် သိက္ခာရှိသော ဒုက္ခ” ဆောင်းပါး

https://www.haujournal.org/index.php/hau/article/view/hau5.3.004?fbclid=IwAR1G1cdiO5zXPcPqwUJ9PbJdzQdaScoaIvm2ghzVX-ReuVPgAbjjhzgMLt0

ရှန်တီဂျိုးဆက် (Shantel Joseph) Vogue UK မှာ ရေးတဲ့ “လူမည်းပျော်ရွှင်မှုဆိုတာ ဘာလဲ? လူမည်းပျော်ရွှင်မှုဆိုတာ အခုချိန်မှာ ဘာလို့ပိုအရေးကြီးလာလဲ?” ဆောင်းပါး

https://www.vogue.co.uk/arts-and-lifestyle/article/what-is-black-joy?fbclid=IwAR3Bb564gWwDpij-q_TjR0n2K2yVn9lt4r6AOnfKOGsQWLn0LFj_8qLNe14

အယ်လိန်းနီကိုး (Elaine Nichols) ရေးတဲ့ “လူမည်းပျော်ရွှင်မှု – အာခံမှု၊ တောင့်ခံမှုနှင့် ပြန်လည်ရယူမှု” ဆောင်းပါး

https://nmaahc.si.edu/explore/stories/black-joy-resistance-resilience-and-reclamation?fbclid=IwAR2A6Eun0c5x2bNju2sy3nS7RxO2mPk9xOv57wvWvT9eU9MTs-HR_6NntLc

ဂရေဘာရဲ့ “မင်းက မင်းမဲ့သမားတစ်ယောက်လား?” ဆောင်းပါးသုံးသပ်ချက်

မတ်လဆန်းက ကျွန်မ ဘာသာပြန်ခဲ့တဲ့ မနုဿဗေဒပညာရှင် ဒေးဗစ်ဂရေဘာရဲ့ “မင်းက မင်းမဲ့သမားတစ်ယောက်လား? မင်းအဖြေက မင်းကိုယ်မင်းတောင် အံ့အားသင့်သွားစေမယ်” ဆောင်းပါးနဲ့ ပတ်သက်ပြီး တွေးမိတဲ့ မှတ်ချက်တွေကို အခုပြန်ချရေးချင်ပါတယ်

အရင်ဆုံး စကားချပ်ခံချင်တာက ဂရေဘာရဲ့စာတွေကို ဒီဆောင်းပါးဘာသာမပြန်ခင်အထိ ကျွန်မသေချာမဖတ်ဖူးခဲ့ပါဘူး ဒါပေမဲ့ အမေရိကန်မနုဿဗေဒနဲ့ မာ့စ်ဝါဒီတွေကြားမှာ သူ့နာမည်ဟာ ဟိုးလေးတကျော်ကျော်ရှိခဲ့တယ်ဆိုတာ သတိထားခဲ့မိတယ် အထူးသဖြင့် မနုဿဗေဒ‌ပါရဂူတန်းတက်နေကြတဲ့ ရာဒီကယ်ကျတယ်ဆိုတဲ့ လူဖြူအသိုင်းအဝိုင်းတွေကြားမှာ ဂရေဘာရဲ့စာတွေဟာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တယ် အကယ်ဒါးမီးယားရပ်ဝန်းတစ်နေရာမှာတောင် တည်ရှိနေဆဲဖြစ်တဲ့ လူတန်းစားမညီမျှမှုတွေကို ဂရေဘာဟာ အကယ်ဒါးမစ်ဖြစ်နေပေမဲ့လည်း ရေရေလည်လည် ပက်ပက်စက်စက်ထောက်ပြဝေဖန်ပြောဆိုတယ်လို့ ကြားခဲ့ရတယ် Yale တက္ကသိုလ်မှာ စာသင်ရင်း tenure မပေးတဲ့အတွက် UK က Goldsmiths College ကို ပြောင်းစာသင်ခဲ့တယ်ဆိုတာကို အကယ်ဒါးမီးယားရဲ့ tenure အထိကရုံးတွေနဲ့ပတ်သက်ပြီး ကြားခဲ့တယ် ဂရေဘာကိုယ်တိုင်ကလည်း လူဖြူဖြစ်နေပေမဲ့ ဆင်းရဲချို့‌တဲ့တဲ့ဂျူးလူမျိုးမိသားစုကနေ ပေါက်ဖွားလာခဲ့တဲ့အတွက် လူတန်းစားပြဿနာနဲ့ မင်းမဲ့သဘောတရားတွေကို စာနဲ့ရေး၊ ဟောပြောပွဲတွေမှာပြော၊ စာသင်ခန်းတွေမှာ ပို့ချပြီး ထောက်ပြခဲ့တယ်လို့ ကိုယ်တိုင် ဂရေဘာနဲ့ လူချင်းမတွေ့ခဲ့ဖူးသည့်တိုင် ကြားခဲ့ရပါတယ်

(စိတ်ဝင်စားစရာကောင်းတာက ဂရေဘာကွယ်လွန်ပြီး သူ့ပထမဇနီးဟောင်း အကယ်ဒါးမစ်ပညာရှင်လည်း ဖြစ်တဲ့ အယ်ရစ်ကာ လာဂယ်လီစ် (Erica Lagalisse) ရဲ့The Elvis of Anthropology ဆိုတဲ့ ဂရေဘာကို မနုဿဗေဒရဲ့ အယ်လ်ဗစ်ပရက်စလေဆိုပြီးနှိုင်းယှဉ်ရေးထားတဲ့ဆောင်းပါးက “a woman like David is not considered a “mad professor” or “package deal” but a “flaky psychobitch”, and a person of colour with his temperament might easily be murdered by police.” (ဒေးဗစ်နေရာမှာ မိန်းမတစ်ယောက်သာဆိုရင် “လန်ထွက်နေတဲ့ ပါမောက္ခ” (သို့) “အကုန်ပြည့်စုံတဲ့သူ” လို့ ခေါ်ဝေါ်မှတ်ယူခံရမှာထက် “စောက်ရူးရူးနေတဲ့ခွေးမ” လို့သာအခေါ်ခံလိမ့်မယ် လူဖြူမဟုတ်တဲ့လူတစ်ယောက်သာဆိုလို့ရှိရင် ဒေးဗစ်လိုစိတ်သ‌ဘောထားနဲ့သာဆိုရင် ရဲအသတ်ခံရတာကြာလှပေါ့) ဆိုပြီး ဖီမီနင့်ရှုထောင့်၊ လူမျိုးရေးရှုထောင့်ကနေ ဂရေဘာနဲ့ သူ့အယူအဆတွေကို ဝေဖန်သွားတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ် ဒီဝေဖန်ချက်ကလည်း စဉ်းစားစရာပါပဲ (လာဂယ်လိစ်ရဲ့ဆောင်းပါးကို ကျွန်မကို ပြန်ဝေမျှပေးတဲ့ မိတ်ဆွေ S ကိုလည်း ကျေးဇူးတင်ပါတယ်)

အဲ့ဒီတော့ ကျွန်မနဲ့ တစ်ခရီးတည်းသွားသူ၊ အရင်က သူ့ဆောင်းပါးတစ်ပုဒ်ကိုလည်း ကျွန်မ ဘာသာပြန်ဖူးတဲ့ ဖိလစ်ပိုင်က မိတ်ဆွေ စီမုန်းမာဂ်စာလင်းက သူ့ရဲ့ ဒီမင်းမဲ့သဘောတရားအကြောင်းမိတ်ဆက် ဆောင်းပါးကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့တဲ့အခါ ဂရေဘာရဲ့အရေးအသားတစ်ခုကို အမြည်းအစမ်းခံစားရမယ်လို့ ယူဆတဲ့အတွက် ဘာသာပြန်ခဲ့တယ်

အရင်ဆုံး ဆောင်းပါးထဲက ဂရေဘာရဲ့ အာဘော်တွေကို ပြန်မဆင်ခြင်ခင် အန်နာခစ်ဇင် (‌anachism) ဆိုတဲ့စကားလုံးသဘောတရားကို ကျွန်မက မင်းမဲ့သဘောတရားလို့ ဘာသာပြန်ခဲ့ပေမဲ့ စာဖတ်သူတစ်ဦးထောက်ပြခဲ့တဲ့ ဗဟိုအုပ်ချုပ်မှုကင်းမဲ့မှုသဘောတရားဆိုတာကိုလည်း ဆက်စပ်စဉ်းစားချင်ပါတယ် မိုနာခီ (monarchy) ဘုရင်ပဒေဿရာဇ်ခေတ်မှာတော့ လူတွေကို ဘုရင်တစ်ပါးက သက်ဦးဆံပိုင်ဘုရင်စနစ်ကိုအသုံးပြုပြီး အုပ်ချုပ်တာကို အန်နာခစ်သဘောတရားတွေက ဝေဖန်ခဲ့တာ၊ လက်ရှိလည်း ဝေဖန်နေဆဲဖြစ်တာ (ဥပမာ ဘုရင်မင်းစနစ်ကျင့်သုံးဆဲနိူင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘူတန်၊ ဗြိတိသျှ) ဖြစ်တဲ့အပြင် မော်ဒန် state ပုံစံတွေအရ လည်ပတ်နေကြတဲ့၊ (ဒီမိုကရေစီ၊ ဖက်ဆစ်၊ စစ်အာဏာရှင်အစရှိသဖြင့်)ဘယ်လိုနိူင်ငံရေးယန္တရား‌တွေကို အသုံးပြုအုပ်ချုပ်နေကြတဲ့ ကျွန်မတို့ မြန်မာနိူင်ငံလို နိူင်ငံတွေအကုန်လုံးက အုပ်ချုပ်သူ/အုပ်ချုပ်ခံလူတန်းစားနှစ်ရပ်ဆိုတဲ့ dichotomy တွေကို ဝေဖန်ပုန်ကန်တော်လှန်တဲ့ သဘောတရားတစ်ရပ်ဖြစ်တယ်လို့ ကျွန်မပြန်သုံးသပ်မိတယ် အန်နာခစ်သဘောတရားဟာ အစိုင်အခဲဖြစ်နေတဲ့ ဘုရင်မင်းစနစ်တင်သာမက၊ ဘုရင်ခေတ်မရှိတော့ပေမဲ့ ဘုရင်သဖွယ် အာဏာကို တစ်ဦးတစ်ယောက်၊ လူတန်းစားတစ်ရပ်ရဲ့လက်ထဲမှာ လက်ကိုင်ထားပြီး အုပ်ချုပ်တာတွေအကုန်လုံးကို ဝေဖန်တယ်လို့ ကျွန်မ ယူဆမိတဲ့အတွက် အန်နာခစ်သဘောတရားကို မင်းမဲ့သဘောတရားပဲဆိုဆို၊ ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးသဘောတရားပဲဆိုဆို အနက်အဓိပ္ပါယ်က တူတူပဲလို့ ကျွန်မ ထင်ပါတယ် ဒီနေရာမှာ ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးလို့ဆိုလိုက်ရင်တော့ အာဏာရှင်တွေ၊ ဘုရင်တွေ၊ မင်းတွေ၊ သမ္မတတွေကို ပုန်ကန်နေကြတဲ့သူတွေ၊ အစုအဖွဲ့တွေ၊ NGO‌ တွေကိုယ်နှိုက်ကိုက ဘယ်လို ဗဟိုအုပ်ချုပ်သူစနစ်ကို ပြန်လက်ကိုင်ထားသလဲဆိုတာတော့ ကွက်ကွက်ကွင်းကွင်း ပိုမြင်မိကောင်းမြင်မိနိူင်ပါတယ်

အခု အန်နာခစ်ဇင်ကို ဘာသာပြန်တာနဲ့ ပတ်သက်ပြီး စဉ်းစားမိပြီးတော့ ဆောင်းပါးထဲက အချက်တွေဘက်ကို ပြန်လှည့်ရရင် ဂရေဘာဟာ မင်းမဲ့ဝါဒီလိုကြားလိုက်ရင် လူတွေက ကစဉ့်ကလျားဖရိုဖရဲဖြစ်ရတာ ကြိုက်တဲ့သူတွေရဲ့ဝါဒီလို အများက ထင်ကြတယ်ဆိုပြီး ဆောင်းပါးကို စထားပါတယ် ဒီအချက်ကို ကျွန်မ အကျယ်ဖွင့်ပြီး သေသေချာချာစဉ်းစားချင်တယ် ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းမှာ ကျွန်မကိုယ်တိုင်လည်း စဉ်းစားတွေးခေါ်မှုရပ်ဝန်းတွေမှာကြားလာရတာက အားလုံးအတူတူတွဲလုပ်ကြဖို့ လိုလာပြီ၊ တော်လှန်ရေးကို ဒီလိုလုပ်တာတော့ မှားနေပြီ၊ ဒီဖီမီနင့်ဇင်ကြီးကတော့ လွဲနေပြီ အစရှိတဲ့ အတွေးအခေါ်အယူအဆ လုပ်ကိုင်ပုံအသွင်သဏ္ဍာန်တွေကြားထဲ မှားတယ်၊ မှန်တယ် အတွင်းကျိတ်သော်လည်းကောင်း၊ အများရှေ့မှာသော်လည်းကောင်း ငြင်းခုံကြတာတွေကို ပိုသတိထားမိလာတယ် ကျွန်မကိုလည်း ဒီလို ဒီလို ဖီမီနင့်ဇင်တွေကတော့ မှားနေလို့ ပြောပေးပါဦး ဒါမှမဟုတ် ကျွန်မပြောနေ၊ ရေးနေတာတွေကလည်း မှားနေတယ် အစရှိသဖြင့် ထိန်းချုပ်ပုံစံသွင်းဖို့ ကြိုးပမ်းမှုတွေနဲ့ လာချဉ်းကပ်ကြတာတွေ ရှိလာတယ် မနုဿဗေဒသမားတစ်ယောက်အနေနဲ့ ကျွန်မအတွက်က ဒီလို မှန်တယ်၊ မှားတယ် ထိန်းချုပ်ချင်စိတ်တွေ ဘယ်ကပေါ်လာတာလဲဆိုတာကိုပဲ ပိုစိတ်ဝင်စားမိတယ်

ဒီလိုပြောလို့ ကျွန်မကိုယ်တိုင် ထိန်းချုင်ချင်စိတ်တွေ မရှိခဲ့ဘူးလားလို့တော့လည်း မဟုတ်ပါဘူး ငယ်စဉ်ကလေးဘဝမှာ ကိုယ့်ခြေကိုယ့်လက်လုပ်ပိုင်ခွင့်မရှိဘဲ ကိုယ်စိတ်ဝင်စားရာကို တစ်ယောက်ယောက်၊ တစ်စုံတစ်ခုက ထိန်းကွပ်ထားခဲ့မှုနဲ့ ကြီးပြင်းလာခဲ့တဲ့ကျွန်မမှာလည်း ထိန်းချုပ်ချင်စိတ်တွေ ပြင်းပြခဲ့တယ်၊ ထိန်းချုပ်ချင်စိတ်တွေ အနည်းအကျဉ်းလည်း ရှိနေတုန်းပဲ ဒါပေမဲ့ အခုနောက်ပိုင်း၊ အထူးသဖြင့် ဂရေဘာ့စာကိုဖတ်ပြီး ပြန်စဉ်းစားလာမိတာက ဘာကြောင့် ကျွန်မတို့က ဒီလိုထိန်းချုပ်ချင်စိတ်တွေရှိနေရတာလဲဆိုတာပဲ ကျွန်မတစ်ကိုယ်ရည်အတွက်ကတော့ ငယ်စဉ်က ကျန်ရှိနေခဲ့တဲ့၊ ထိကျွမ်းပတ်သက်ခဲ့ရတဲ့ သမိုင်းကြောင်းတွေ၊ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကနေ ကျွန်မကို ဒီလိုထိန်းချုပ်ချင်စိတ်တွေပေါက်ဖွားလာစေတယ်လို့ ထင်တယ် ဘုရင်မင်း၊ အစိုးရတွေထိ ပြေးကြည့်စရာတောင်မလိုပါဘူး ငယ်ငယ်ကတည်းက “ဒီအမေသာ မရှိရင် ညည်းတို့ ကြပ်ကြပ်ဒုက္ခရောက်မယ်” “မအေသေမှ သိမယ်” ဆိုတဲ့ ကျွန်မတို့အမေရဲ့ ထိန်းချုပ်မှုတေးကြီးအောက်က ကြီးလာသူတစ်ယောက်အနေနဲ့ ထိန်းချုပ်သူမှ မရှိရင် မနေတတ်ဆိုသလို ဖြစ်နေကြတာမလား? ကိုယ့်ကို ဂျန်ဒါအရသော်လည်းကောင်း၊ ဖြစ်တည်မှုတစ်ခုခုအရသော်လည်းကောင်း (အသံအကျယ်ကြီး မရယ်နဲ့လေ၊ အင်္ကျီဆို ဒီလိုဝတ်ရမယ်၊ ညဆို ဒီအချိန်အိမ်ပြန်ရမယ်၊ ဆံပင်ဆိုတာ စည်းထားရမယ် ချထားရင် သရဲကပ်တတ်တယ် အစရှိသဖြင့်) ခန္ဓာနဲ့စိတ်ကို အမြဲထိန်းချုပ်ခံခဲ့ရတော့ ကိုယ်ကနေ မိမိကိုယ်ကို (သို့) တခြားတစ်ပါးကို ပြန်ထိန်းချုပ်ချင်စိတ်တွေ ပြန်ပေါ်လာတယ်လို့ ထင်တယ် ထိန်းချုပ်မှုတွေနဲ့ပဲ ကြီးပြင်းလာကြတဲ့လူတွေကြားမှာ ထိန်းချုပ်မှုဟာ culture ရိုးရာဓလေ့တစ်ခုဖြစ်လာတယ် တောင်းမှာအကွပ်ဆိုသလို ထိန်းချုပ်မှုမှမရှိရင် အားလုံးဟာ ဖရိုဖရဲ ဗြဲလန်းရမ်းကြီးကို ဖြစ်လို့ပေါ့ ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင်၊ ဂရေဘာဆောင်းပါးအစက ထောက်ပြထားတာနဲ့ ချိတ်ဆက်ရရင် လူတိုင်းဟာ ထိန်းချုပ်မှုမှမရှိရင် မနေတတ်ကြတော့ဘူးဆိုတာ ဟုတ်ရောဟုတ်ရဲ့လား မေးခွန်းပြန်ထုတ်စရာဖြစ်လာတယ်

မင်းမဲ့သဘောတရားလို့ပြောလိုက်ရင် စကားလုံးအကြီးကြီးနဲ့ တံတားအောက်မှာ ကစဉ့်ကလျား ပန့်ခ်သီချင်းတွေ၊ မျက်လုံးမှာ အိုင်းလိုင်နာတွေ ပေပေရေရေဆိုးထားတဲ့သူတွေ၊ ဆံပင်တွေစုတ်ဖွားနဲ့ လူ့ပတ်ဝန်းကျင်ဘောင်အပြင်ရောက်နေတဲ့သူတွေကိုပဲ မျက်စိထဲ ပြေးမြင်ယောင်မိကြလေ့ရှိတယ် ဒါပေမဲ့ ဂရေဘာပြောပုံအရတော့ မင်းမဲ့သဘောတရားဟာ ထိန်းချုပ်မှုတွေအကုန်ကို လွှတ်ချတာထက် စနစ်အရ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လူထုတစ်စုကို ထိန်းကျောင်းတာကို ဆန့်ကျင့်တာလို့ ကျွန်မ မြင်မိတယ် အဲ့ဒီ့တော့ သာမန်လူတွေကရော တစ်ကိုယ်ရည် မိမိကိုယ်ကိုသာ ပြန်ထိန်းကျောင်းတတ်ရင် ထိန်းချုပ်မှုစနစ်ဆိုတာ လိုကိုမလိုတော့ဘူးဆိုတဲ့သဘောပေါ့

ဒီနေရာမှာ ဂရေဘာရဲ့ နံပါတ်တစ်အချက် (ဘတ်စ်ကားမှတ်တိုင်မှာ ရဲတွေက စောင့်မကြည့်နေရင်တောင်မှ သူများကို တံတောင်ဆစ်နဲ့ တွန်းတိုက်ပြီး ဘတ်စ်ကားပေါ် အလုအယက်ကျော်တက်မဲ့အစား မင်းက မင်းအလှည့်ကို မင်းစောင့်လေ့ရှိတဲ့သူလား?) ကို ဘာသာပြန်ရင်း ကျွန်မ တစ်ချက်သွားတွေးမိတာက ကျွန်မတို့ မြန်မာပြည်ကလူတချို့ကတော့ ဒါကို တန်ပြန်ငြင်းဆိုကောင်းငြင်းဆိုနိူင်တယ်ဆိုတာပဲ ဒါကတော့ မြန်မာပြည်ကလူတွေဟာ တခြားနိူင်ငံတွေမှာလိုမဟုတ်ဘူး နိူင်ငံကြီးသားမပီသဘူး၊ စည်းကမ်းမရှိဘူး၊ အမှိုက်တွေလည်း လမ်းပေါ်အလျဉ်းသင့်သလိုပစ်တာပဲ အစရှိတဲ့တန်ပြန်အာဘော်တွေနဲ့ ဂရေဘာပြောနေတဲ့ မိမိကိုယ်ကို ပြန်လည်ထိန်းကျောင်းမှုဆိုတာ မြန်မာပြည်က သာမန်လူတန်းစားဆိုတာမှာ မရှိဘူးလို့ ငြင်းချက်ထုတ်ကောင်းထုတ်နိူင်တယ်ဆိုတဲ့အချက်ပဲ

ဒီအချက်ဟာ မနုဿဗေဒပညာရှင်တစ်ယောက်ဖြစ်ပေမဲ့လည်း ဂရေဘာ့ဘက်က လစ်ဟင်းသွားတယ်လို့ ကျွန်မမြင်တယ် ဒါကတော့ မနုဿဗေဒရဲ့ အားသာချက်တစ်ခုဟာ အခြေအနေအရပ်ရပ်တွေကို စုတ်တံအကြီးကြီးနဲ့ရေးခြစ်တာထက် ကိစ္စတစ်ခုခုမှာ ဒေသန္တရအခြေအနေကိုပါ ထည့်သွင်းစဉ်းစားခြင်းပဲ ဂရေဘာပြောတဲ့ မိမိကိုယ်ကိုထိန်းကျောင်းနိူင်မှုဟာ မြန်မာပြည်လိုနိူင်ငံကလူတွေမှာ မရှိဘူးလို့ ကျွန်မတို့ ခဏ ခဏကြားနေရတဲ့စကားတွေကို ပြန်လည်ချေပဖို့ဆိုရင် မြန်မာပြည်ရဲ့ နိူင်ငံရေးသမိုင်းကြောင်း၊ အင်ဒီးဂျနင့်အမူအကျင့်တွေအရ မိမိကိုယ်ကိုထိန်းကျောင်းမှုတွေကို ဆက်စပ်စဉ်းစားရမယ်လို့ ကျွန်မထင်တယ် ဒါကတော့ ဂရေဘာပြောတဲ့ ဘတ်စ်ကားပေါ်တိုးဝှေ့မတက်ဘူးဆိုတဲ့ မိမိကိုယ်ကိုထိန်းကျောင်းမှုဟာ မြန်မာပြည်လိုအခြေအနေက မိမိကိုယ်ကိုထိန်းကျောင်းမှုနဲ့ ထပ်တူမကျနေနိူင်ဘူး ရန်ကုန်က ဘတ်စ်ကားတွေစီးဖူးသူတိုင်း သိကြပါတယ် ဘတ်စ်ကားကို တိုးမှမတက်ရင် အိမ်ပြန်ရောက်ချင်မှရောက်တော့မှာကိုး ဆိုတော့ ဘတ်စ်ကားပေါ်တိုးဝှေ့တက်တိုင်း အုပ်ချုပ်သူကင်းမဲ့သဘောတရားတွေကို ဆန့်ကျင့်သူဖြစ်သွားရောလား? ကျွန်မအမြင်အရတော့ မဟုတ်ပါဘူး ဘယ်အခြေအနေ‌တွေက ဖန်တီးထားတာကြောင့်၊ ဘယ်ဒေသကြောင့် ဘတ်စ်ကားပေါ်တိုးတက်ရတာလဲဆိုတာကိုပါ ပြန်စဉ်းစားရပါမယ် ဘတ်စ်ကားပေါ် တိုးဝှေ့တက်ပြီး ကားပေါ်မှာ အချင်းချင်း ပြန်ညှာတာတာ၊ ဖေးမတာတွေကရော မင်းမဲ့သဘောမရောက်နိူင်ဘူးလား? ဂရေဘာရဲ့ ဒီဥပမာက ကျွန်မအတွက်တော့ အဲကွန်းလေးတဖြူးဖြူးနဲ့ အချိန်ပုံမှန်လာတဲ့ ဘတ်စ်ကားတွေ မရှိတဲ့နေရာတွေကို ထည့်သွင်းမစဉ်းစားထားဘဲ လူဖြူသဘောတရားကနေပဲ ညှစ်ထုတ်ယူထားတဲ့ ဥပမာတစ်ခုလို ကျွန်မမြင်မိတယ် ကျွန်မတို့ မြန်မာပြည်လိုနေရာတစ်ခု (မြန်မာပြည်‌ထဲက နေရာ‌ပေါင်းမြောက်မြားစွာအတွက် ပိုပြီး ထင်သာမြင်သာရှိမဲ့ တခြားသော အန်နာခစ်ဆန်ဆန်ဥပမာတွေက ဘာတွေများဖြစ်မလဲ?)

နောက်တစ်ချက်က ဂရေဘာရဲ့ မိမိကိုယ်ကိုထိန်းကျောင်းမှုဟာ အနောက်လူဖြူရိုးရာဓလေ့ကလာတဲ့ တစ်ကိုယ်ရည်တစ်ကာယဖြစ်တည်မှုနဲ့ အများကြီးဆက်စပ်နေတယ်လို့ ကျွန်မမြင်မိတယ် ဒါကတော့ လူတိုင်းသာ မိမိတစ်ကိုယ်ရည်ကို ထိန်းကွပ်လိုက်ရင် ဘယ်အထက်ကမှ လာပြီးထိန်းချုပ်နေစရာမလိုတော့ဘူးဆိုတဲ့ အမြင်ပေါ့ ဂရေဘာ့ရဲ့ ဒုတိယနဲ့ တတိယဥပမာမှာတော့ အများနဲ့ဆက်စပ်နေတာတွေကို ထောက်ပြထားပါတယ် ဒါပေမဲ့ အများဆိုတာနဲ့ ချိတ်ဆက်ဖို့ မိမိကိုယ်ကို တစ်ကိုယ်ရည်ပြန်လည်ထိန်းကွပ်ရမယ်ဆိုတဲ့ အယူအဆကလည်း မသိမသာပါဝင်နေတုန်းပဲ တစ်နေ့က ကျွန်မ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင် လူဖြူရိုးရာဓလေ့တွေထဲက parenting အကြောင်းရောက်မိတယ် အဲ့မှာ သူထောက်ပြတာက လူဖြူဓလေ့မှာ ကလေးတစ်ယောက်ကို ငယ်ငယ်ကတည်းက တစ်ကိုယ်ရည်တစ်ကာယစိတ်ဓါတ်‌ (individuality) ကို ဘယ်လို socialize လုပ်ထားသလဲဆိုတာပေါ့ ကလေးတစ်ယောက်ကို ထမင်းစားတယ်ဆိုရင်တောင် ဒါက မင်းပန်းကန်၊ ဒါကသူ့ပန်းကန် မနှိုက်ရဘူးနော် အစရှိသဖြင့် တစ်ကိုယ်ရည်တစ်ကာယဘောင်ကို မိဘကနေ ငယ်ငယ်‌လေးကတည်းကနေ သင်ကြားပေးလိုက်တယ်ဆိုတာပဲ စိတ်ဝင်စားဖို့ကောင်းပါတယ် အဲ့ဒါကြောင့်လည်း အနောက်လူဖြူနိူင်ငံတွေမှာ individuality ဟာ ထွန်းကားတယ် ဒါကို ကြိုက်နှစ်သက်လို့ ပြုကျင့်ဖို့ကြိုးစားကြတဲ့ မြန်မာတွေလည်း ကျွန်မတွေ့ဖူးတယ် အင်တာနေရှင်နယ်ကျောင်းတွေမှာ သင်ကြတယ် ပြောချင်တာက ဂရေဘာဆိုလိုချင်တဲ့ မင်းမဲ့သဘောတရားဟာ တစ်ကိုယ်ရည်တစ်ကာယစိတ်ဓါ‌တ်တွေနဲ့ ဘယ်လောက်ထိအောင်များ ယှက်နွှယ်နေဦးမလဲပေါ့ ကျွန်မအတွက်တော့ မင်းမဲ့သဘောတရားဟာ တစ်ကိုယ်ရည်တစ်ကာယဖြစ်မှ လေ့ကျင့်လို့ရတယ်လို့တော့ မထင်မိဘူး မြန်မာပြည်က အင်ဒီးဂျနင့်အမူအကျင့်တွေအရ အတူနေအတူထိုင် အတူစား အင်္ကျီတစ်ထည်တည်းအတူဝတ်အစရှိတာတွေမှာရော မင်းမဲ့သဘောတရားတွေရှိမနေနိူင်ဘူးလား? တချို့ကတော့ ဒီလို လည်ပင်းဖက်ပေါင်းတာတွေဟာ ပဲ့တင်သံအခန်းလိုပဲ ပြန်ဖြစ်ပြီး အဆိပ်အတောက်တွေဖြစ်စေတယ်လို့ ဆိုပါတယ် ဒါကိုလည်း ကျွန်မလက်ခံတယ် ဒီအုပ်စုနဲ့ပေါင်းပြီး ဒီအုပ်စုထဲက လူအချင်းချင်းပဲ ပြန်မြှောက်ပေး၊ လက်ခုပ်တီးပေါ့ ဒါကတော့ မင်းမဲ့သဘောတရားမဟုတ်ဘူး ကျွန်မပြောချင်တာလည်း အဲ့ဒီလိုမျိုးမဟုတ်ဘူး မင်းမဲ့သဘောတရားကို ကျင့်သုံးဖို့ဆိုတာ လူတိုင်းဟာ လွတ်လပ်စွာ မိမိအမြင်ကို ချပြနိူင်ခွင့်ရှိပြီး တစ်ဘက်ကလည်း နားထောင်ခွင့်ရှိရမယ်ဆိုတာပဲ

ဒါကို ဂရေဘာရဲ့ ဒုတိယဥပမာ (မင်းပါဝင်တဲ့ အစုအဖွဲ့တစ်ခုခု၊ ရပ်ရွာပရဟိတအဖွဲ့တစ်ခုခု ဒါမှမဟုတ် အားကစားအဖွဲ့တစ်ခုခုဟာ ခေါင်းဆောင်တစ်ယောက်ကနေပဲ အဖွဲ့အစည်းတစ်ခုနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ရှိတာမျိုးမဟုတ်ဘဲ အများသဘောတူညီချက်နဲ့ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ အဖွဲ့တွေမျိုးလား?)မှာ တွေ့နိူင်တယ် ကျွန်မတို့ မြန်မာပြည်အစုအဖွဲ့ရပ်ဝန်းတွေမှာတော့ အင်ဒီးဂျနင့်လို့အကြောင်းပြပြီး ကိုယ့်အစုအဖွဲ့အတွင်းပဲ ကိုယ့်ဟာကိုယ်လှိုဏ်ခေါင်းသံတွေ ပဲ့တင်ထပ်နေတာဟာ မင်းမဲ့သဘောတရားတော့ မဟုတ်ဘူး လက်ရှိတော်လှန်ရေးခေါင်းစဉ်အောက်မှာ အလုပ်လုပ်နေတဲ့၊ ဂျန်ဒါတန်းတူညီမျှမှုနဲ့အလုပ်လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းတွေကများ ဒီလို အုပ်ချုပ်သူ/အုပ်ချုပ်ခံ၊ ဆုံးဖြတ်ချက်ချသူ/လိုက်နာသူ structure တွေနဲ့ မလည်ပတ်နေဘူးလဲ ကျွန်မ သိချင်စမ်းမိတယ် တကယ်လို့ ဒါတွေမရှိရင် မဖြစ်လို့ ထင်တယ်ဆိုရင် ဘာကြောင့်လဲ? ကျွန်မ တစ်ခါစာသင်ဖူးတဲ့ alternative တက္ကသိုလ်ကြီးလိုပေါ့ ဌာန head မှမရှိရင် အလုပ်မဖြစ်ပါဘူးဆိုလို့ လမ်းခွဲခဲ့တယ် ဌာနမှာ head က ဘာလို့အရေးပါနေတာလဲ? Head မရှိရင် ဘာဖြစ်လဲ? Head ပဲရှိနေရင် ကိုယ်မှမရှိရင်ရော? ဒီမေးခွန်းတွေဟာ တော်လှန်ရေးခေါင်းစဉ်အောက်က အလုပ်လုပ်သူတွေ ပြန်စဉ်းစားစရာလို့ ထင်တယ်

ဂရေဘာရဲ့ အာဘော်တွေဟာ အပေါ်ယံမင်းမဲ့သဘောတရားကို သဘောကျကျင့်သုံးချင်သူတွေအတွက် လွယ်လွယ်ကူကူမျက်စိထဲမြင်ကောင်းမြင်လို့ရတဲ့ အချက်တွေဖြစ်ပေမဲ့ တစ်ချိန်တည်းမှာလည်း ကျွန်မစဉ်းစားမိတာ မင်းမဲ့သဘောတရားတွေဟာ အနောက်ထုတ်ဝါဒအနေနဲ့ ဘယ်လောက်များ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေပြီလဲဆိုတာပဲ ဒါကတော့ အရှင်းပြောရရင် နယ်နိမိတ်တွေကို ကျော်လွန်ပြီးတည်ဆောက်ကြတဲ့ လက်တွဲလုပ်ကိုင်မှုတွေမှာ မင်းလည်း မင်းမဲ့သမား၊ ငါလည်းမင်းမဲ့သမား မင်းနဲ့ငါနဲ့ သဘောတရားတူတူပဲဆိုတာမျိုးတွေကို ရှေ့တန်းတင်လာပြီး တခြားသော ဖြစ်တည်မှုဆုံမှတ်တွေကို ထည့်မစဉ်းစားတော့သလိုမျိုးပဲ အထူးသဖြင့် ကျွန်မတွေ့ဖူးရသလောက် လူဖြူယောင်္ကျားတွေဟာ မင်းမဲ့သဘောတရားကို ကြိုက်နှစ်သက်ကြတယ်၊ ကျင့်သုံးချင်ကြတယ် သူတို့ဟာ လူချမ်းသာအသိုင်းအဝိုင်းကလာတာမဟုတ်ဘဲ ဂရေဘာလိုမျိုး လက်လုပ်တန်းစားကလာတယ်ဆိုရင်ကိုပဲ ပိုပြီး အန်နာခီဆန်ချင်ကြတယ်၊ မာ့စ်ဆန်တယ် ဒါပေမဲ့ တစ်ပြိုင်နက်တည်း သူတို့ရဲ့ အန်နာခီဆန်မှု၊ အပြုအကျင့်တွေဟာ ကမ္ဘာ့တောင်ပိုင်းဒေသက အန်နာခီသဘောတရားတွေနဲ့ ထပ်တူမကျနေနိူင်ဘူးဆိုတာကို မေ့သွားတတ်ကြတယ် မင်းလည်း လက်လုပ်တန်းစား၊ ငါလည်း လက်လုပ်တန်းစားပြောရင်း သူ့ရဲ့ လူဖြူသဘောတရား၊ ဂျန်ဒါအစရှိတဲ့ အခြားသော လှုပ်ရှားနေတဲ့ ဖိနှိပ်မှုသဘောတရားတွေကို မေ့ဖျောက်ပစ်လိုက်ကြတယ်

ပြီးခဲ့တဲ့နှစ်က ထိုင်းမှာလုပ်သွားတဲ့ မြန်မာပြည်က ကျေးလက်အမျိုးသမီးတွေအတွက် ရန်ပုံကောက်ပွဲဆိုတဲ့ပွဲက လူဖြူမတစ်ယောက်က စင်ပေါ်တက်ပြီး သူဟာ မိန်းမတစ်ယောက်အနေနဲ့ ဗီယက်နမ်မှာ တစ်ယောက်တည်း ကျောပိုးလွယ်ခရီးထွက်တုန်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကြုံခဲ့ရတယ် တက်ပြောသလိုပေါ့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ တကယ်မဖြစ်ခဲ့ဘူးလို့ လှောင်ပြောင်ပြီး ပြောချင်တာမဟုတ်ဘူး ကိုယ့်ကျောပိုးအိတ်ကိုယ်လွယ်ပြီး တစ်ယောက်တည်း အရှေ့တောင်အာရှတစ်ခွင် ခရီးလှည့်လည်သွားနိူင်တဲ့ လူဖြူမိန်းမတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကို ကမ္ဘာ့တောင်ပိုင်းက ကျေးလက်‌ဒေသက အင်္ဂလိပ်စကားတောင် မပြောတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တန်းညှိလို့မရလို့ပဲ ဂျန်ဒါအပြင် အခြားသောဖြစ်တည်မှုဆုံမှတ်တွေကိုပါ ထည့်စဉ်းစားရမယ် အဲ့လိုပဲ လူဖြူယောင်္ကျားတွေ ကြိုက်နှစ်သက်တဲ့ မင်းမဲ့သဘောတရားတွေဟာ အခြားသောဒေသက၊ လူဖြူမဟုတ်သောသူတွေရဲ့၊ ယောင်္ကျားမဟုတ်သောသူတွေရဲ့ မင်းမဲ့သဘောတရားတွေနဲ့ တူတူပဲလို့ တန်းညှိလိုက်လို့မရဘူး ကျွန်မထင်တယ် ကျွန်မအတွက်က ဒါကြောင့် မင်းမဲ့သဘောတရားဟာ ပဒေသရာဇ်ဘုရင်နဲ့ အစိုးရအုပ်ချုပ်မှုစနစ်‌တွေကိုသာမက နီရိုကိုလိုနီစနစ်၊ အရင်းရှင်စနစ်၊ လူမျိုးရေးအခြေပြုထိန်းချုပ်မှု၊ ဂျန်ဒါအခြေပြုထိန်းချုပ်မှုအစရှိတဲ့ ခေတ်သစ်ထိန်းချုပ်မှုပုံစံတွေအကုန်ကိုပါ ပြန်စဉ်းစားရမယ် ထင်တယ် ဒါကို ဂရေဘာရဲ့ နောက်ဆုံးဥပမာ (လူတွေဟာ သဘာဝအရ အတွင်းထဲက ခြစားနေတဲ့ မကောင်းဆိုးဝါးတွေလို့ မင်း ထင်သလား? ဒါမှမဟုတ် တချို့လူတွေ (မိန်းမတွေ၊ လူဖြူမဟုတ်တဲ့သူတွေ၊ ပညာမတတ်တဲ့၊ ပိုက်ဆံမချမ်းသာတဲ့ သာမန်လူတွေ)ဟာ သူတို့ထက် ပိုတော် ပိုသိတဲ့သူတွေရဲ့ အအုပ်ချုပ်ကို ခံသင့်တဲ့ ပိုမိုနိမ့်ကျတဲ့သူတွေလို့ မင်း ထင်သလား?) မှာလည်း သေချာမြင်နိူင်ပါတယ်

ဒီနေရာမှာ ကျွန်မအတွက်ကတော့ parallel တစ်ပြိုင်နက်လုပ်ဆောင်မှုတွေကို ပြန်‌မြေတောင်မြှောက်ရမယ်၊ အဲ့လို တစ်ပြိုင်နက်လုပ်ဆောင်မှုတွေနဲ့လည်း သက်တောင့်သက်တာနေတတ်ရမယ်လို့ ထင်တယ် ဒါက ကိစ္စရပ်တစ်ရပ်နဲ့ပတ်သက်ပြီး အလုပ်လုပ်ကြသူတိုင်း တစ်ပုံစံတည်းလုပ်စရာမလိုသလို၊ တစ်အာဘော်တည်းလည်း ဖြစ်နေစရာမလိုဘူးလို့ ထင်တယ် (ကမ္ဘာ့ပေါ်ကလူတွေအကုန် အတူတူပဲတွေးပြီး အတူတူလုပ်ကြမယ်ဆိုရင် ကျွန်မတို့က စက်ရုပ်တွေနဲ့ ဘာကွာသေးသလဲ?) အဲ့ဒါကြောင့် ကျွန်မ ကျောင်းသားကျောင်းသူတွေကို ပြောဖြစ်တာကတော့ မြန်မာပြည်နဲ့ပတ်သက်ပြီး စာရေးတာ၊ သုတေသနလုပ်တာတွေ များများစုံစုံလင်လင်ရှိလာတာ ကောင်းတယ် သူတို့တွေကို လုပ်ဖို့လည်း အားပေးတယ် တစ်ဦးတစ်ယောက် (သို့) လူနည်းစုကနေပဲ မြန်မာပြည်ဖွား မြန်မာပြည်သုတေသနလုပ်သူ၊ တက်ကြွသူတွေဖြစ်နေကြသေးရင် ဒီလူတွေကပဲ မြန်မာပြည်ကိုယ်စားလှယ် တုံကင်အမှတ်အသားတွေ ဖြစ်သွားတတ်လို့လေ (လူညိုတွေထဲမှာလည်း problematic လူညိုတွေရှိနေသေးတုန်းပဲ) တစ်ပြိုင်နက်တည်းလုပ်လို့ ရတယ်ပြောလို့ သူတစ်လူငါတစ်မင်း ဆရာများသားသေမျိုးကိုလည်း မဆိုလိုပါဘူး တစ်ပြိုင်နက်တည်း လုပ်ဆောင်တဲ့နေရာမှာ လက်တွဲလုပ်လို့ရတာတွေ ရှိကောင်းရှိနိူင်တယ် သဘောမကျတာတွေ ပါကောင်းပါနိူင်တယ် အရေးကြီးတာက သဘောမကျတာရှိလို့ သူက သူ့ဘာသာ ဒီရပ်ကွက်မှာ ဆရာကြီးလုပ်၊ ငါက ငါ့ရပ်ကွက်မှာ ဆရာကြီးလုပ်ဆိုတာထက် ကြားထဲမှာ စကားပြောဆိုမှု၊ အင်နဲ့အားနဲ့မဟုတ်တဲ့ညှိနှိုင်းမှုလည်းပါတဲ့ တစ်ပြိုင်နက်လုပ်ဆောင်မှုကို ဆိုလိုတာပါ

ကစဉ့်ကလျားဖရိုဖရဲဖြစ်မှာကို ကြောက်လန့်လို့ တစ်ပြိုင်နက်လုပ်ဆောင်မှုတွေအကုန်ကို ဖရိုဖရဲတန်းထဲ ထည့်လိုက်တာကတော့ ထိန်းချုပ်လိုစိတ်တွေကပဲ ပြန်လာတယ်လို့ ကျွန်မမြင်တယ်

အကျဉ်းချုံးရရင် ဂရေဘာထောက်ပြတဲ့ မင်းမဲ့သဘောတရားဟာ အာဏာနဲ့ အဓိကဆက်စပ်နေတယ် အာဏာသာရရင် ဘယ်သူမဆို အကျင့်ပျက်ခြစားသွားနိူင်တယ်လို့ ဂရေဘာကဆိုထားတယ် အဲ့တော့ အာဏာကို ဘာလို့လူတွေကြိုက်တာလဲ? လူတချို့က အာဏာကိုလိုချင်ပြီး တချို့ကလည်း အာဏာကို လိုလိုချင်ချင် အပ်နှင်းချင်ရတာလဲ?

ဘာလို့ ငါအသိကြီး၊ အတတ်ကြီးလုပ်ချင်ကြတာလဲ?

တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို အာဏာအုပ်ချုပ်ခွင့်၊ ထိန်းချုပ်ခွင့်ပေးလိုက်ခြင်းအားဖြင့် မိမိကိုယ်ကိုနဲ့ မိမိပတ်ဝန်းကျင်က လုပ်ရပ်တွေမှာ တာဝန်ယူစရာ၊ ခေါင်းခဲစရာအလုပ်တစ်ခုလျော့သွားလို့လား? အထက်ကရေးခဲ့သလို ငါ့ဖီမီနင့်ဇင်က အမှန်၊ သူ့ဖီမီနင့်ဇင်က အမှား အစရှိတဲ့ ထိန်းချုပ်ချင်စိတ်တွေ ဘယ်ကလာတာလဲ? (တချို့ ဖီမီနင့်ဇင်တွေက လွဲနေတယ်ဆိုရင်တောင် ကိုယ့်ဖီမီနင့်ဇင် ကိုယ်ဆက်မကျင့်သုံးဘဲ၊ သူများကို လမ်းပြလိုချင်စိတ် ဘာကြောင့်ရှိတာလဲ?)

အမှန်တရားစစ်စစ်ဆိုတာ ဘာလဲ? (မနုဿဗေဒမှာတော့ ကျွန်မနားလည်ရသလောက် အမှန်တရားဆိုတာ တစ်ခုတည်းသောပရမ္မတသဘောဆိုတာထက် အမှန်တရားတွေအများကြီးရှိတယ်ဆိုတာပဲ ကိုယ်က လူတန်းစားပြဿနာတွေအကြောင်း သိမှုတွေရလာလို့ တခြားလူတွေက false consciousness နဲ့နေနေကြတယ်လို့ ဘာလို့ထင်ကြရတာလဲ? ဒီနေရာမှာ သိမှုမရှိတာနဲ့ သိမှုအမှားလိုပြောတာကတော့ ကွာပါတယ် ကျွန်မအမြင်မှာက သိမှုမရှိနေတာက ပြဿနာဖြစ်ပြီး သိမှုအမှားဆိုတာက ပြန်ဆန်းစစ်ရမဲ့အချက်တစ်ခုလို့ ထင်တယ်)

ဒီလို ဂရေဘာရဲ့ဆောင်းပါးထဲ စာကြောင်းတွေကို ဘာသာပြန်ရုံတင်မက သူတို့အပြင်ကိုပါ ကျော်ဖတ်ရင်း ဒီမေးခွန်းတွေက ကျွန်မကို ဆက်လက်ပြီး သူ့ရဲ့အာဘော်တွေကိုရော၊ မိမိကိုယ်ကိုပါ ပြန်သုံးသပ်စေရုံသာမက တွေးတောနေဆဲပါပဲလေ မင်းမဲ့သဘောတရားတွေဟာ သီးသန့်တည်ရှိနေတဲ့ ဝါဒီတစ်ခုမဟုတ်ဘဲ အဘောလစ်ရှင်းလိုမျိုး စနစ်‌တွေကို ဖြိုချဖျက်ဆီးခြင်းတွေနဲ့လည်း ဘယ်လောက်ထိ ဆက်စပ်ပတ်သက်နေမလဲ၊ ဖီမီနင့်အမူအကျင့်တွေနဲ့ရော ဘယ်လောက်ထိ ပလဲနံပသင့်နေမလဲ၊ လူဖြူသဘောတရား၊ မဟာဖိုဝါဒတွေရော မင်းမဲ့သဘောတရားကို ကျင့်သုံးတယ်ဆိုတဲ့ရပ်ဝန်းမှာ ပြန်လည်ထွန်းကားနေသေးသလဲဆိုတာ ဂရေဘာ့ဆောင်းပါးကိုဖတ်ရင်း ကျွန်မ‌တော့ ပိုပြီး စိတ်ဝင်စားလာမိပါတယ်လေ

ပုံ – Rebel Riot Band ရဲ့ logo ကို ငှားရမ်းအသုံးပြုထားပါတယ် logo သင်္ကေတအဓိပ္ပါယ်တွေကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိူင်ပါတယ် Rebel Riot Band ရဲ့ logo အကြောင်းအနက်ဖွင့်ခြင်း

https://m.facebook.com/story.php?story_fbid=4283202528363593&id=158831214134099&mibextid=Nif5oz

အယ်ရစ်ကာလာဂယ်လိစ် (Erica Lagalisse) ရဲ့ ဂရေဘာအကြောင်းဆောင်းပါး

https://thesociologicalreview.org/collections/guest-essays/the-elvis-of-anthropology/?fbclid=IwAR0U03FZJG7jmY_wQt2K0hZbbON5kydjNeKjjViuh6PQfmDHVzqARHuuMRs

မောင်မှန်ရေးသားသုံးသပ်တဲ့ အန်နာခစ်သဘောတရားများ

https://www.facebook.com/groups/milliondots/permalink/741765863320269/?mibextid=Nif5oz

ဉာဏ်ဝါသုံးသပ်တဲ့ အန်နာခစ်သဘောတရားများ

https://m.facebook.com/photo.php?fbid=1074061182620338&id=100000494005580&set=a.104617516231381&mibextid=Nif5oz

ကယန်းဒေသလက်ဝဲလူငယ်များရေးသားတဲ့ မင်းမဲ့သဘောတရားအကြောင်းဆောင်းပါး

https://m.facebook.com/story.php?story_fbid=253411556596664&id=100479078556580&mibextid=Nif5oz

အောင်နိူင်စိုး စုစည်းထားသော မင်းမဲ့သဘောတရားနဲ့ပတ်သက်သော မြန်မာလို‌ရေးနဲ့ ဘာသာပြန်ဆောင်းပါးများ

https://m.facebook.com/story.php?story_fbid=464685648900539&id=100060773230524&mibextid=Nif5oz

ပွဲဝင်ဆန့်တဲ့မိန်းမတစ်ယောက်ဖြစ်ဖို့ရယ်

သိပ်မကြာသေးခင်ကမှ ကျင်းပပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ရန်ပုံငွေပွဲတွေနဲ့ ဟိုးလေးတကျော်ကျော်ပြီးဆုံးသွားတဲ့ မတ်လ ၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်းကို အသွင်သဏ္ဍာန်တွေ၊ အတွေးအခေါ်အယူအဆတွေနဲ့ အမူအထတွေကွဲပြားခြားနားနေတဲ့ ဖီမီနင့်သဘောတရားတွေနဲ့ ဆက်စပ်ပြီးကျွန်မ ပြန်လှန်သုံးသပ်ကြည့်ချင်တယ်

IWD (အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို International Women’s Day ရဲ့အတိုကောက် IWD လို့ ဒီနေရာကစပြီးသုံးသွားပါမယ်) website မှာ IWD ပေါ်ပေါက်လာပုံရဲ့ သမိုင်းကြောင်းမှာ IWD ဟာ ၁၉၀၈ ခုနှစ်‌မှာ အမေရိကန်နိူင်ငံ နယူးယောက်မြို့မှာ အထည်ချုပ်စက်ရုံအလုပ်သမအမျိုးသမီး တစ်သောင်းခွဲဟာ အလုပ်ချိန်လျှော့ချရေးနဲ့ လစာတိုးမြှင့်ပေးရေး၊ မဲပေးခွင့်ရှိရေးအစရှိတဲ့အခွင့်အရေးတွေကို လမ်းမတွေပေါ် တောင်းဆိုဆန္ဒပြချီတက်ရာကနေ စတင်ပေါ်ပေါက်ခဲ့တယ်လို့ဆိုထားတယ် ၁၉၀၉ ခုနှစ်မှာတော့ အမေရိကန်ရဲ့ ဆိုရှယ်လစ်ပါတီကနေ ဒီလိုအလုပ်သမားလူတန်းစားအမျိုးသမီးတွေရဲ့ နိူင်ငံရေးပါဝင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကို ပထမဆုံး IWD အဖြစ် ကျင်းပခဲ့တယ်လို့ UN ကဆိုပါတယ် ၁၉၁၀ မှာ‌တော့ ကိုပေဟေဂန်မှာပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမများအစည်းအဝေးမှာ IWD ကိုနှစ်စဉ်ရက်သတ်မှတ်ပြီး ကျင်းပဖို့ သဘောတူညီခဲ့ကြပြီး ၁၉၁၁ ကနေစပြီး ဥရောပနိူင်ငံတွေမှာ စတင်ကျင်းပခဲ့တယ်လို့ သိရတယ် IWD ကျင်းပပွဲတွေမှာ အမျိုးသမီးတွေရဲ့ အလုပ်သမားဖြစ်တည်မှု၊ မဲပေးပိုင်ခွင့်နဲ့ အထူးသဖြင့် ရုရှားက အမျိုးသမီးတွေရဲ့ စစ်ဆန့်ကျင့်မှုဆန္ဒပြပွဲတွေကို ဦးစားပေးကျင်းပခဲ့ကြတယ် IWD ရဲ့ ဒီအကြမ်းဖျင်းသမိုင်းကြောင်းကို လေ့လာကြည့်ရင် အမျိုးသမီးများနေ့ဆိုတာဟာ ဆိုရှယ်လစ်ပါတီ‌တွေထဲက အမျိုးသမီးများရဲ့ တန်းတူညီမျှလစာရရှိရေး၊ နိူင်ငံရေးပါဝင်မှုတွေအတွက်ဆိုတာ မြင်သာကောင်းမြင်သာနိူင်ပါတယ် ဒါပေမဲ့ အခု IWD ကိုနှစ်စဉ် မြန်မာနိူင်ငံအပါအဝင် နိူင်ငံတကာမှာကျင်းပလာကြတဲ့တောက်လျှောက် ဒီမူရင်း IWD စတင်ပေါ်ပေါက်လာခဲ့တဲ့အကြောင်းရင်းနဲ့သမိုင်းကြောင်းဟာ ဘယ်လောက်ထိ လက်ရှိဖွံ့ထွားနေတဲ့ ကမ္ဘာ့အရင်းရှင်ရဲ့ရေစီးကြောင်းထဲမျောပါသွားပြီလဲ ကျွန်မအောက်မေ့မိတယ် (နဂိုကတည်းက ဖိနှိပ်ခံလူတန်းစားတွေအတွက် တစ်နှစ်မှာ တစ်ခါသာ မစို့တပို့ကျင်းပတဲ့ရက်တွေ၊ လတွေ၊ ပွဲတွေဟာ တကယ်တမ်း ကင်းမဲ့နေတဲ့တန်းတူညီမျှမှုတွေအတွက် တစ်ခဏတာ representation politics အရ ကိုယ်စားလှယ်ပြုမီးမောင်းထိုးပြလိုက်ရင်သာ ပြလိုက်မယ် ဘာဆိုဘာမှ‌ အောက်ခြေကနေမြေလှန်ပြီး မပြောင်းလဲပေးဘူးလို့ ခံစားရလို့ သိပ်တော့ စိတ်အားမထက်သန်လှပါဘူး)

ငြိမ်းချမ်းရေးခေါင်းစဉ်အောက်ကနေ အမျိုးသမီးတွေအပါအဝင် အလုပ်သမားလူတန်းစားတစ်ရပ်လုံးကို ဖိနှိပ်နေဆဲဖြစ်တဲ့ NGO နိူင်ငံရေးဟာလည်း IWD လိုမျိုး မူရင်းက ဂျန်ဒါအရသာမက လူတန်းစားပြဿနာကိုပါ မီးမောင်းထိုးပြခဲ့တဲ့လှုပ်ရှားမှုတွေကို ဝါးမျိုလိုက်ပြီလဲ ကျွန်မတွေးမိတယ် ဒီနေရာမှာ UN ဆိုတဲ့ အင်စတီးကျူးရှင်းကို လက်ရှိ “underdeveloped”/”developing” လို့ သူတို့ခေါ်နေတဲ့ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျွန်မတို့ မြန်မာပြည်လို ကမ္ဘာ့မြောက်ပိုင်းက နိူင်ငံတွေဆီ ပညာရေးဆိုင်ရာ၊ ဂျန်ဒါဆိုင်ရာ အစရှိသဖြင့် development projects တွေလုပ်ဖို့ စေလွှတ်ထားတဲ့ NGO အလုပ်သမားများရဲ့ လုပ်ငန်းစဉ်တွေအရ ကျွန်မတို့ဟာ UN ကို ကောင်းမွန်တဲ့ အင်စတီးကျူးရှင်းတစ်ခုလို့ ထင်ကောင်းထင်ကြမယ်

ဒါပေမဲ့တစ်ချိန်တည်းမှာလည်း ဒီဖွံ့ဖြိုးတိုးတက်ရေးပရောဂျက်တွေဟာ ကိုလိုနီဆန်နေဆဲဖြစ်တဲ့ အမြင်တွေနဲ့လက်ခံထားတဲ့ ဖွံ့ဖြိုးရေးအယူအဆတွေကို သွတ်သွင်းဖို့ UN ကနေတဆင့် ကြိုးစားတာတွေ ရှိနေပြန်တယ် ဥပမာ – ကျန်းမာရေးဖွံ့ဖြိုးရေးပရောဂျက်တစ်ခုဟာ ကျေးလက်ဒေသတစ်ခုကိုရောက်လာပြီးရင် အဲ့ဒီဒေသရဲ့ မူရင်းရိုးရာဓလေ့တွေအကုန်လုံးဟာ ခေတ်နောက်ကျနေတဲ့၊ ခေတ်နောက်ပြန်ဆွဲနေတဲ့အလုပ်တွေလို့ လူတွေခေါင်းထဲရိုက်သွင်းလိုက်ပြီး အနောက်လူဖြူနိူင်ငံတွေရဲ့ ကျန်းမာရေးစံနှုန်းတွေကသာလျှင် ပိုမိုကောင်းမွန်တယ်လို့ ဝါဒဖြန့်လိုက်တယ် ဒါကတော့ အရင်ကိုလိုနီခေတ်တွေတုန်းက တောင်အမေရိကတိုက်ကို ကျူးကျော်ခဲ့ကြတဲ့ ဥရောပလူဖြူတွေဟာ သူတို့နဲ့အတူ ငှက်ဖျား၊ တုပ်ကွေးတို့လိုရောဂါပိုးမွှားတွေကို တောင်အမေရိကတိုက်က အင်ဒီးဂျနင့်လူမျိုးစုတွေကို သယ်ယူလာတာကြောင့် အင်ဒီးဂျနင့်လူမျိုးစုတွေ အစုလိုက်အပြုံလိုက်သေခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်တွေနဲ့ ပြန်ချိတ်ဆက်လို့ရတယ် အခု ကိုဗစ်ကပ်ကာလမှာတောင် အမေရိကန်နဲ့ ကနေဒါလိုနိူင်ငံက လူဖြူတွေဟာ ဒီရောဂါပိုးဟာ တရုတ်လိုအာရှသားတွေက သယ်လာတာဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေကြောင့် နယူးယောက်လိုမြို့ကြီးတွေမှာ‌တောင် လူဖြူကြီးစိုးရေးသမားတွေဟာ တရုတ်ဟုတ်ဟုတ် မဟုတ်ဟုတ် အာရှပုံပေါက်သူတွေကို သတ်ဖြတ်တာ၊ ရထားလမ်းထဲတွန်းချတာ အစရှိတဲ့ လူမျိုးရေးအ‌ခြေပြုသတ်ဖြတ်မှုတွေ ပြီးခဲ့တဲ့နှစ်ထဲမှာတင် ဖြစ်ခဲ့တယ်

ဒါပေမဲ့ ဒီ development sector မှာတော့ ဒီလိုသမိုင်းကြောင်းတွေအကြောင်း တိတိလင်းလင်း မပြောကြပါဘူး အကယ်၍ အနောက်လူဖြူနိူင်ငံထုတ် ဆေးဝါးတွေဟာ တချို့သောရောဂါတွေကို ပျောက်ကင်းစေနိူင်တယ်ဆိုရင်တောင်မှ ဒေသန္တာရကျန်းမာရေးစောင့်ရှောက်တဲ့အလေ့အထတွေကတော့ ဘယ်လောက်ထိ တန်ဖိုးရှိနေနိူင်ဦးမလဲ? ဒါတွေကို အနောက်လူဖြူတွေကရော ဘယ်လောက်ထိ ပြန်လည်လေ့လာစရာတွေရှိနေဦးမလဲ? ဒီမေးခွန်း‌တွေကို မေးကြမဲ့အစား UN လို ကမ္ဘာ့ NGO လုပ်ငန်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ခေါင်းစဉ်အောက်ကနေ ခေတ်သစ်ကိုလိုနီစနစ်ကို မသိလိုက်မသိဘာသာ ကျင့်သုံးနေကြတယ် တစ်ဆက်တည်းမှာလည်း လိုကယ်က အလုပ်သမားတွေကို လစာနှစ်ပဲတစ်ပြားပေးပြီး အထက်က ပရောဂျက်မန်နေဂျာဆိုသူ၊ ဒေသန္တာရရိုးရာတွေအကြောင်း လားလားမျှနားမလည်တဲ့ အဖြူတွေကသာ လစာကို ဒေါ်လာထောင်နဲ့ချီယူပြီး ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေကြတယ် ဒီပြဿနာကို ပညာရှင်နဲ့သုံးသပ်ဝေဖန်သူတွေက non profit စက်ရုံထုတ်ပြဿနာ (non profit industrial complex) ဆိုပြီး ဝေဖန်ထောက်ပြလာကြပါပြီ ကျွန်မ ဘာကြောင့် ချော်တော်ငေါ့ပြီး non profit industrial complex အကြောင်းပြောရသလဲဆိုတော့ အခုတလော ကျွန်မတို့မြန်မာနိူင်ငံမှာ IWD ဒါမှမဟုတ် ဂျန်ဒါအခြေပြုဖိနှိပ်မှုတွေအ‌ကြောင်းပြောလာကြတိုင်း IWD ရဲ့ အထက်ကပေါ်ပေါက်လာတဲ့ အလုပ်သမားဖြစ်တည်မှုနဲ့ ဂျန်ဒါချိတ်ဆက်မှုကို ထောက်ပြကြမဲ့အစား NGO တွေက သွတ်သွင်းထားတဲ့ လေသံတွေအတိုင်း “တစ်ကမ္ဘာလုံးမှာ လူဦးရေ ဘယ်နှသန်းရှိရာက တစ်ဝက်သည် မိန်းမများဖြစ်သည်”ဆိုတဲ့ စကားလုံးကိုသာ ထပ်ခါထပ်ခါလက်ကိုင်ပြုပြောဆိုနေကြတာတွေကို တွေ့လာရလို့ပဲ ဖြစ်ပါတယ် တစ်ခါမဟုတ် နှစ်ခါ သုံးခါကြားလာရတဲ့အခါ ဒီမိန်းမလူဦးရေတစ်ဝက်ဆိုတဲ့စကားကို ကျွန်မ စိတ်ဝင်စားလာတယ် တကယ်တစ်ဝက်မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ် sex အရ ကျွန်မတို့ လူ့ဘောင်မှာ ယောင်္ကျားနဲ့ မိန်းမ ၂ မျိုးပဲရှိတယ်လို့ သတ်မှတ်ထားတဲ့အခါ statistics အရ၊ ဖြစ်နိူင်ချေအရက ကလေးတစ်ယောက်မွေးရင် ယောင်္ကျားလေးဟုတ်ရင်ဟုတ်၊ မဟုတ်ရင် မိန်းကလေးဆိုတဲ့အယူအဆအရဆိုရင် ကမ္ဘာ့လူဦးရေ ဘယ်လောက်ပင်တိုးလာပါစေ probability အရ မိန်းမလူဦးရေဟာ ထက်ဝက်ဖြစ်နေဦးမှာပါပဲ

ဒါပေမဲ့ ဒီနေရာမှာ မိန်းမဆိုတဲ့ဝေါဟာရနောက်က ရုပ်ဝတ္တုဆိုင်ရာဖြစ်တည်မှုကို ကျွန်မအနက်ဖွင့်စဉ်းစားချင်တယ် ပြင်သစ်အတွေးအခေါ်ပညာရှင် စမုန်းဒီဘူဘွား (Simone de Beauvoir)ရဲ့ အာဘော်အရဆိုရင်တော့ မိန်းမဖြစ်တည်မှုဆိုတာ သူ့ရဲ့ ဇီဝဗေဒဖြစ်တည်မှုထက် (ဇီဝဗေဒဖြစ်တည်မှုတွေ ကွဲပြားနေသော်လည်း) မိန်းမတစ်ယောက်ဟာ မိန်းမဖြစ်လာတာဟာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကြောင့်လို့ နားလည်ရတယ် (One does not born a woman, but made a woman) ဒါကတော့ မိန်းမရယ်ဆိုပြီး ဖြစ်တည်မှု၊ မိန်းမတစ်ယောက်ဆိုရင် ဆံပင်ရှည်ထားတယ်၊ ထမင်းဟင်းချက်ရမယ်၊ ထမီဝတ်တယ်၊ ရင်သားကို အမြဲဖုံးထားတယ် အစရှိတဲ့ မိန်းမဆိုတဲ့ ပညတ်ချက်နောက်က တွဲပါလာတဲ့အလေ့အထတွေဟာ သူ့ရဲ့ မွေးရာပါလိင်အင်္ဂါကအမိန့်ပေးလိုက်လို့ ပြုကျင့်ရတာမျိုးမဟုတ်ဘဲ သူကြီးပြင်းရာ ရိုးရာဓလေ့ထုံးစံလူ့အသိုင်းအဝိုင်းက သတ်မှတ်လိုက်လို့သာဖြစ်တယ်ဆိုတဲ့သဘောပေါ့

ဒီမိန်းမဖြစ်တည်မှုကို ဇီဝဗေဒနဲ့ခွဲတွေးတာက ကျင့်သားမရရင်တော့ မျက်စိထဲမြင်မိချင်မှမြင်မိမယ် အဲ့လို ခွဲမတွေးနိူင်လို့လည်း အခုချိန်ထိ လိင်အင်္ဂါပြောင်းလဲမှုတွေ၊ အပေါ်ယံအပြင်ပန်းအရ ဂျန်ဒါပညတ်ချက်အသွင်တစ်ခုကို ကျင့်သုံးပေမဲ့ ဇီဝဗေဒအရသတ်မှတ်ထားတဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ ကင်းကွာနေတဲ့သူ၊ အဲ့ဒီထက် ပိုမိုကျယ်ပြန့်တဲ့သူတွေကို လူ့အသိုင်းအဝိုင်းတွေက ဘေးရောက်နေသူတွေလို့ မြင်နေကြတာပဲ (ဒါကိုလည်း ကိုလိုနီသဘောတရားတွေနဲ့ ချိတ်ဆက်စဉ်းစားလို့ရတယ် အာဂျင်တီးနီးယန်းလူမျိုး အတွေးအခေါ်ပညာရှင် မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ Coloniality of Gender ဆောင်းပါးကထဲက သုံးသပ်ချက်အရ ဒီလို binary ဆန်နေတဲ့ ဂျန်ဒါဖြစ်တည်မှုသ‌ဘောတရားတွေကို ကိုလိုနီနယ်ချဲ့တွေက မြောက်အမေရိကတိုက်ကို ကိုလိုနီပြုရင်း သယ်ဆောင်လာတယ်လို့ ဆိုတယ် ကျွန်မတို့ မြန်မာနိူင်ငံအပါအဝင် အာရှက ကမ္ဘာ့မြောက်ပိုင်းဒေသတွေကိုရော ကိုလိုနီစနစ်က ဒီလို binary ဂျန်ဒါအယူအဆတွေ ဘယ်လိုသွတ်သွင်းခဲ့သလဲ? အင်ဒီးဂျနင့်အတွေးအခေါ်တွေအရ ဂျန်ဒါကို ဘယ်လိုမျိုးလက်ခံစဥ်းစားကြသလဲ? စာဖတ်သူဆက်စဉ်းစားလို့ ရနိူင်ပါတယ်) ဒါပေမဲ့ ဘူဘွားရဲ့ အာဘော်ကိုတောင်မှ အခုနောက်ပိုင်းမှာ တခြားသောဖီမီနင့်ပညာရှင်တွေက ပြန်ပြီးစိန်ခေါ်လာကြပါပြီ ဂျန်ဒါဟာ ဇီဝဗေဒဖြစ်တဲ့ ခန္ဓာနဲ့ ထပ်တူမကျပေမဲ့ လူ့အသိုင်းအဝိုင်းက ပညတ်ချက်ထုတ်လိုက်တဲ့ ဇီဝဗေဒနဲ့ရောထွေးနေတဲ့ ဂျန်ဒါဖြစ်တည်မှုတွေကို ခန္ဓာကိုယ်တွေအပေါ်ပြန်ကပ်ညှိပြီး ဖိနှိပ်မှုတွေဆက်လက်ဖြစ်နေစေတယ် ဒါကတော့ သူ့ရဲ့မွေးဖွားရာ ဇီဝဗေဒနဲ့ထပ်တူကျစွာ မိန်းမလို့ မိမိကိုယ်မိမိခံယူထားတဲ့ လူတစ်ယောက်မှာတောင် သူ့ရဲ့ ခန္ဓာဟာ ဘယ်လောက်ထိ မိန်းမဆန်နေသလဲ၊ မဆန်နေသလဲအပေါ်ကိုအခြေခံပြီး ဖိနှိပ်မှုတွေ ဆက်ရှိနေတာကို ဆိုလိုတာပါ

ဥပ‌မာပေးရရင် မြန်မာပြည်ကတက်ကြွလှုပ်ရှားသူယောင်္ကျားတစ်သိုက်နဲ့ ရောက်တတ်ရာရာစကားပြောမိတုန်း သူတို့တွေရဲ့ သမီးရည်းစား dating life အကြောင်းရောက်သွားပါတယ် အဲ့ဒီမှာတစ်ယောက်က သူ့မှာ ရည်းစားမရှိတာ၊ ရှာရတာခက်နေတာက သူကျင်လည်တဲ့ တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းထဲက straight မိန်းမတွေဟာ ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင်မနေကြတာကြောင့် သူစိတ်ဝင်စားစရာ၊ ရင်ခုန်စရာမရှိတော့ဘူးလို့ ကျွန်မကို ပြောပြခဲ့တယ် အကယ်၍ သူကျင်လည်ရာ တက်ကြွလှုပ်ရှားသူရပ်ဝန်းထဲက မိန်းမတွေဟာ ဇီဝဗေဒဖြစ်တည်မှုနဲ့ သူတို့ရဲ့ ဂျန်ဒါဖြစ်တည်မှုထပ်တူကျနေတဲ့သူတွေလို့ဆိုရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်ပြုပြင်ပြင်ဆင်မှုဟာ သူတို့ရဲ့မိန်းမဖြစ်တည်မှုကို ဘယ်လောက်ထိပညတ်ချက်ပြန်ထုတ်ထားသေးလဲ ကျွန်မတို့ ကွက်ကွက်ကွင်းကွင်းမြင်နိူင်ပါတယ် ၎င်းရဲ့လိင်စိတ်တိမ်းညွှတ်မှုဟာ လိင်တူသူချင်းမဟုတ်နေရင်တောင်မှ သူရဲ့ဝတ်စားဆင်ယင်ပုံ (သို့) ဖီမီနင့်ပညာရှင် ဂျူးဒစ်ဘတ်တလာ (Judith Butler) ရဲ့ performativity ပြသဖျော်ဖြေမှု သီအိုရီအရ သူရဲ့ ဂျန်ဒါကိုပြသ‌ဖျော်ဖြေမှုဟာ စံနှုန်းနဲ့ကင်းကွာနေတယ်ဆိုရင် သူဟာ heteronormativity (လိင်ပိုင်းဆိုင်ရာစံနှုန်းဘောင်) တွေထဲဝင်နေရင်တောင်မှ ဆက်လက်ဖိနှိပ်ခံနေရဆဲပဲ ဖြစ်တယ် ဒါကို ကိုလိုနီသဘောတရားနဲ့ ပြန်ချိတ်ဆက်ရင် လူမည်းမိန်းမတွေရဲ့ ခန္ဓာကိုယ်တွေဟာ ညစ်ပတ်တယ် (သို့) လိင်စိတ်မတရားထကြွစေတယ်ဆိုတဲ့ လူဖြူအမြင်အောက်ကသာ ထွင်းထုထားတဲ့ ဝင်ရိုးစွန်းနှစ်စွန်းကြားမှာသာ ပြေးနေတယ်လို့ လူမည်းဖီမီနင့်ပညာရှင်တွေက ဂျန်ဒါကို လူမျိုးရေး၊ လူဖြူကြီးစိုးရေးသဘောတွေနဲ့ ချိတ်ဆက်ပြီး သုံးသပ်ထားပြန်ပါတယ်

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ဗမာစကားမှာ ကျွန်မစဉ်းစားရမိသလောက် sex နဲ့ gender ကိုခွဲခြားပြောဆိုတဲ့စကားလုံးသီးသန့်မရှိဘူးဆိုတာပါပဲ ဗမာစကားမှာ ဇီဝဗေဒလိင်အင်္ဂါကိုလည်း လိင်လို့သုံးသလို ဂျန်ဒါဖြစ်တည်မှုကို ဂျန်ဒါဆိုပြီး အင်္ဂလိပ်စကားက ငှားရမ်းသုံးရင်သုံး၊ မသုံးရင် gender-based violence လိုစကားလုံးမျိုးကို လိင်အခြေပြုအကြမ်းဖက်ရေးလို့သုံးကြတယ် ထုံးစံအတိုင်းဘာသာစကားလုံးတွေကို စိတ်ဝင်စားတဲ့ကျွန်မ လိင်ဆိုတဲ့စကားလုံးပေါ်ပေါက်လာပုံကို လေ့လာကြည့်တဲ့အခါ Sanskrit “linga” ကနေတဆင့် ပါလီကို “lingam” ဆိုတဲ့စကားလုံးကနေမှ ဗမာစကားအပါအဝင်၊ ခမာ၊ ထိုင်း၊ အိန္ဒိယစကားတစ်မျိုးဖြစ်တဲ့ ကာနာဒါတို့ဆီ ရောက်ရှိလာတယ်လို့ ကျွန်မလေ့လာရတယ် မူရင်း Sanskrit မှာတော့ linga ဟာ ကျွန်မတို့လက်ရှိနားလည်ကြတဲ့ လိင်ဆိုတဲ့ဝေါဟာရရဲ့အဓိပ္ပါယ်သာမက sign (သင်္ကေတ)၊ mark (အမှတ်အသား)၊ proof/evidence (သက်သေအထောက်အထား) လို့ ကျွန်မအကြမ်းဖျင်းလေ့လာရတယ် (ကျွန်မ ပါလီနဲ့ Sanskrit အထူးပြုလေ့လာသူမဟုတ်တော့ ထပ်မံဖြည့်စွက်စရာတွေရှိကောင်း‌ရှိနေနိူင်ပါတယ်) အဲ့ဒီတော့ လိင်ဆိုတာကို ကျွန်မတို့က ဇီဝဗေဒအရ ယောင်္ကျားလိင်တံ၊ မိန်းမယောနိတင်သာမက သင်္ကေတအမှတ်အသားတစ်ခုလို့ မှတ်ယူမယ်ဆိုရင် လိင်ဟာ Sanskrit နဲ့ ပါလီအဓိပ္ပါယ်ကနေတဆင့် ဇီဝဗေဒဖြစ်တည်ချက်သာမက performativity သီအိုရီအရ လူတစ်ယောက်က အဝတ်အစားနဲ့သော်လည်းကောင်း၊ အပြောအဆိုဟန်ပန်နဲ့သော်လည်းကောင်း၊ နေပုံထိုင်ပုံနဲ့သော်လည်းကောင်း ပြုမူကျင့်ကြံပြသဖျော်ဖြေတဲ့သင်္တေတအမှတ်အသားတစ်ခုလို့ စဉ်းစားကြည့်လို့ ရလာနိူင်မယ် အဲ့လိုစဉ်းစားရင် ဒီသင်္ကေတဟာ တစ်နေ့ကနေတစ်နေ့ အဲ့ဒီကြားခံနယ်တွေပေါ်အလိုက် ပြောင်းလဲသွားနိူင်တယ်လို့ စဉ်းစားလို့ ရလာမယ်

အထက်က ဂျန်ဒါပြသဖျော်ဖြေမှုနဲ့ ပြန်ဆက်ရရင် Frankfurt ကျောင်းဆင်း ရိုးရာဓလေ့သုံးသပ်သူပညာရှင် ဝေါလ်တာဘန်ရမင်း (Walter Benjamin) ရဲ့ aesthetic theory နဲ့ ချိတ်ဆက်လို့လည်းရတယ် ဘန်ရမင်းပြောတာတော့ လှပမှု၊ မျက်စိပဒေသာဖြစ်မှုတွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်တဲ့ ဥပမာ – ယင်ကောင်တစ်ကောင်ကို သတ်ဖြတ်လိုက်ဖို့ ဝန်မလေးပေမဲ့ ယုန်တစ်ကောင်ကိုတော့ သူ့ရဲ့ချစ်စရာကောင်းမှု၊ သိမ့်မွေ့မှုအစရှိတဲ့ aesthetic တန်ဖိုးတွေကြောင့် သတ်ဖြတ်မှုကို လက်ရွံနေကောင်းနေကြသလိုမျိုးပေါ့ ရွံ့စရာကောင်းတယ်လို့ မှတ်ယူထားခံရတဲ့ ပျော်တော်ဆက်လူမည်းမိန်းမတစ်ယောက်ရဲ့ ခန္ဓာနဲ့ ဂျန်ဒါဖြစ်တည်မှုဟာ တော်ဝင်တဲ့ ဗိုင်းကောင်း‌ကျောက်ဖိမိန်းမတစ်ယောက်ရဲ့ ခန္ဓာနဲ့ ဂျန်ဒါဖြစ်တည်မှုထက် တန်ဖိုးနည်းတယ်လို့ လူတွေခံယူကြသလိုပေါ့ ဒီဥပမာမှာကိုပဲ ဂျန်ဒါဖြစ်တည်မှုဟာ လူတန်းစားဖြစ်တည်မှုနဲ့ လုံးဝဥဿုံဖယ်သွေနေလို့မရဘူးဆိုတာကိုပါ သတိထားမိနိူင်တယ် (လူဆင်းရဲ မိန်းမပျက် vs. လူချမ်းသာ သူဌေးသမီး)

ကျွန်မ လိင်နဲ့ဂျန်ဒါအကြောင်းကို စကားကြောရှည်ပြီးတော့ အခု IWD ကျင်းပပွဲတွေဘက်ပြန်လှည့်ချင်ပါတယ် ဒါကတော့ တစ်ကမ္ဘာလုံးမှာ တစ်ဝက်လို့ပြောကြတဲ့ မိန်းမလူဦးရေထဲက မိန်းမတစ်ယောက်ချင်းစီရဲ့ ဂျန်ဒါဖြစ်တည်မှုကို NGO စစ်တမ်းကောက်သူတွေက ဘယ်လိုကောက်လိုက်ကြသလဲ? စစ်တမ်းတွေမှာ ကျယ်ပြန့်တဲ့ တစ်နေ့တစ်ခါပြောင်းလဲနေနိူင်တဲ့ လိင်သဘောတရားတွေကို ဖော်ပြနိူင်မဲ့အစား လူတစ်ယောက်ဟာ တစ်ဘဝလုံးမှာ လိင်တစ်မျိုးသာရှိတယ်ဆိုတဲ့အယူအဆတွေ ရှိနေသလို စစ်တမ်းဖြည့်တဲ့သူတွေအနေနဲ့လည်း ဇီဝဗေဒကိုအခြေပြုတဲ့လိင်ကိုသာ အပေါ်ယံဖြည့်လိုက်တာဖြစ်နိူင်တယ် ဒီလို လိင်ပညတ်ချက်ကို အပေါ်ယံသာယူပြီး ကျင်းပတဲ့အခါ မိန်းမလို့ခံယူသူတွေကြားထဲက တခြားသော ဖြစ်တည်မှုတွေအကုန်လုံးကို တန်းညှိလိုက်သလိုဖြစ်သွားတယ် မျိုးတုံးသတ်ဖြတ်ရေးအားပေးတဲ့ မိန်းမတွေကိုလည်း IWD မှာ မိန်းမမို့လို့ ကျင်းပမယ်၊ လူမျိုးရေးဖိနှိပ်တဲ့ ပိုက်ဆံရှိအီလစ်မိန်းမတွေကိုလည်း မိန်းမမို့လို့ ကျင်းပမယ်၊ အမျိုးသားရေးဝါဒဇောင်းပေးတဲ့ တစ်ဇောက်ထိုးမိန်းမတွေကိုလည်း မိန်းမမို့လို့ ကျင်းပမယ်တွေဖြစ်ကုန်တယ်

အဲ့ဒီတော့ ဒီတစ်ကမ္ဘာလုံးရဲ့တစ်ဝက်မို့လို့ မိန်းမတွေကို ကျင်းပရမယ်ဆိုတဲ့အဆိုဟာ ‌IWD ရဲ့ဂျန်ဒါတင်သာမက လူတန်းစားပြဿနာနဲ့ပါ ချိတ်ဆက်နေတဲ့ မူရင်းသမိုင်းကြောင်းနဲ့ လွဲချော်နေတဲ့အတွက် အလုပ်သမားအောက်ခြေလူတန်းစားမိန်းမများ၊ ဇီဝဗေဒအရ မိန်းမဖြစ်နေသူများ၊ လူ့ဘောင်ပညတ်ချက်အရ မိန်းမဖြစ်နေသူများ၊ မွေးရာပါ မိန်းမဟု မသတ်မှတ်ခံရသော်လည်း လက်ရှိမိန်းမတစ်ယောက်အဖြစ် ဘဝကိုကျင်လည်နေသူများ၊ မွေးရာပါမိန်းမပညတ်ချက်အရ မွေးဖွားလာပေမဲ့ မိန်းမလိင်စိတ်ဟု မသတ်မှတ်ထားသော လိင်စိတ်ရှိသူများ၊ ရွက်ကြမ်းရေကျိုမို့လို့ ကျင်းပပွဲအလယ် ပွဲမတင့်သော မိန်းမများ၊ လက်နက်ကိုင်အကြမ်းဖက်မှုတွေ၊ မဟာဖိုဝါဒနဲ့ စစ်ပွဲတွေကြား အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သော ကမ္ဘာတစ်ဝှမ်းက အင်ဒီးဂျနင့်မိန်းမများနဲ့ trans မိန်းမများအားလုံးအတွက် မိန်းမလိင်ဆိုတဲ့ ပညတ်ချက်ဘောင်တွေထဲ လုံးဝဥဿုံဝင်မနေတဲ့ ဒါမှမဟုတ် ခြေတစ်ခြမ်းကိုယ်တစ်ဖက်သာဝင်နေတဲ့၊ binary စနစ်ကို ထောက်မခံတဲ့ မိန်းမတစ်ယောက်အနေနဲ့ ခိုးလုခုလုကသိကအောက်စိတ်ပြင်းပြစွာနဲ့ ပွဲသံ‌တွေ တိတ်ဆိတ်သွားကောင်းသွားပေမဲ့လည်း၊ အားရပါးရရောင်းချလိုက်ကြတဲ့ ပူစီပုံဆွဲထားတဲ့စာရွက်လေးတွေ အမှိုက်ပုံးထဲရောက်သွားလောက်ချိန်ရှိပေမဲ့လည်း ဒီစာကို ကျွန်မရေးလိုက်ရပါတယ်လေ

ပုံ – မှန်ရှေ့တွင် သနပ်ခါးလိမ်းပေါင်ဒါရိုက်နေသော မိန်းမတစ်ယောက်

IWD website မှာဖော်ပြထားတဲ့ သမိုင်းကြောင်း

https://www.internationalwomensday.com/Activity/15586/The-history-of-IWD?fbclid=IwAR392UdN_rHCMOotkTVc4Ti1dJn9LNlgaz_uAkS3IfV0rt9Njz9SGPq1NuA

Human Rights Watch က ထုတ်ပြန်တဲ့ ကမ္ဘာ့တစ်ဝှမ်းပျံ့နှံ့လာတဲ့ အာရှမုန်းတီးမှုအခြေပြု လူမျိုးရေးခွဲခြားမှု (anti-Asian racism) အကြောင်းစာတမ်း

https://www.hrw.org/news/2020/05/12/covid-19-fueling-anti-asian-racism-and-xenophobia-worldwide?fbclid=IwAR0Pa9i9BjOqZ7FmqanbMFLNXFDzxsBJF7deFNv-z3xfJ5l6Z7lfVYq7U6k

Teen Vogue မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ Non profit industrial complex အကြောင်းမိတ်ဆက်ဆောင်းပါး

https://www.teenvogue.com/story/non-profit-industrial-complex-what-is?fbclid=IwAR2TcZ1bYKAEnfqIjmrpv1moiWYZTpLESxCytAdc8dxGD9KWwxgPfIF6hkk

ဥရောပလူဖြူများက ၁၅ ရာစုမှာ တောင်အမေရိကတိုက်ကို ကျူးကျော်ရင်း ရောဂါများသယ်လာပုံအကြောင်း

https://www.science.org/content/article/european-diseases-left-genetic-mark-native-americans?fbclid=IwAR1kyCXVSnxnJh16j5Vr0ISiIc27p9GfmaXkGtswFNW-MfTe_4l81grB9U4

မာရီယာလူဂွန်းနဲရဲ့ Coloniality of Gender ဆောင်းပါး pdf

https://globalstudies.trinity.duke.edu/sites/globalstudies.trinity.duke.edu/files/file-attachments/v2d2_Lugones.pdf

စီမုန်းဒီဘူဘွားရဲ့ The Second Sex စာအုပ်အစအဆုံး pdf https://newuniversityinexileconsortium.org/wp-content/uploads/2021/07/Simone-de-Beauvoir-The-Second-Sex-Jonathan-Cape-1956.pdf

ဂျူးဒစ်ဘတ်တလာရဲ့ “Performative Acts and Gender Constitution” ဆောင်းပါး pdf https://www.amherst.edu/system/files/media/1650/butler_performative_acts.pdf

အလက်ဇန်းဒါးဂယ်လီရဲ့ “Contexts of the Aesthetic in Walter Benjamin” ဆောင်းပါး

https://www.researchgate.net/publication/236817012_Contexts_of_the_Aesthetic_in_Walter_Benjamin?fbclid=IwAR392UdN_rHCMOotkTVc4Ti1dJn9LNlgaz_uAkS3IfV0rt9Njz9SGPq1NuA

အမေရိကန်နိူင်ငံမှ အင်ဒီးဂျနင့်မိန်းမများ ပျောက်ဆုံးမှုအကြောင်း

https://www.bia.gov/service/mmu/missing-and-murdered-indigenous-people-crisis?fbclid=IwAR0FP-VEMW85k_MG5YIyv4PA6Of7ycYbSt6WWYDHsZLRhGYG3O34cUhJdC0