အမြုံမိခင်များ

“အိမ်ထောင်သည်လား ကလေးမရှိ‌ဘူးလား သူတို့ကို အတုယူရမယ်လေ”

ညစာထမင်းဟင်းပွဲတွေမှာပြီးထိုင်နေတုန်း ကျွန်မသူငယ်ချင်းလင်မယားရဲ့အသိစားဖိုမှူးက ကျွန်မတို့စားပွဲကို နှုတ်လာဆက်ရင်းပြောလိုက်တဲ့စကားတစ်ခွန်းပါပဲ စားဖိုမှူးရဲ့အပြောကို မသိလိုက်မသိဘာသာနားထောင်ရင်း ကျွန်မမျက်နှာချင်းဆိုင်စားပွဲတစ်ဖက်ခြမ်းမှာထိုင်နေတဲ့ နေ့စေ့လစေ့ကိုယ်ဝန်သည်ဇနီးသည်သူငယ်ချင်းကိုသာ မချိပြုံးပြုံးရင်း ကျွန်မလှမ်းကြည့်မိပါတယ် တော်ရုံတန်ရုံ အခုမှတွေ့တဲ့၊ အထူးသဖြင့် နောက်နောင်လည်း ထပ်တွေ့ဖြစ်ချင်မှတွေ့မဲ့လူတွေနဲ့ ကျွန်မအမြင်အတွေးတွေကို အချေအတင်စကားငြင်းခုံပြောဆိုဖို့စိတ်ဆန္ဒကလည်းမရှိတာတစ်ကြောင်း (ငြင်းခုံတာသာအဖတ်တင်ပြီး တကယ်တမ်းပြဿနာတစ်ခုရဲ့အခြေအမြစ်ကို သေသေချာချာဆွေးနွေးဖလှယ်ဖြစ်ကြမှာလည်းမဟုတ်ဘူးဆိုရင်တော့ များသောအားဖြင့် ကျွန်မဘာမှသိပ်ပြောလေ့မရှိပါ မိန်းမတစ်ယောက်အနေနဲ့ ပေါင်းသင်းဆက်ဆံမွေးဖွားကြီးပြင်းလာခဲ့တဲ့သူတစ်‌ယောက်အနေနဲ့လည်း ယောင်္ကျားတွေလို ကိုယ်ထင်တာကို အချိန်မရွေး စဆရကလုပ်ပိုင်ခွင့်ရှိတယ်လို့ စိတ်ကအလိုလိုမခံစားရတာလည်းပါမယ်ထင်ပါတယ် အာကျယ်တဲ့မိန်းမတွေတို့၊ အခုခေတ်မှာ သရော်သလိုလိုပြောကြတဲ့ “ထက်မြက်တဲ့မမကြီး” တို့လိုစကားလုံးအခေါ်အဝေါ်တွေနဲ့ ကိုယ့်အမြင်ကိုထုတ်ဖော်ပြောတတ်တဲ့ မိန်းမ (သို့) မိန်းမလို့ယူဆမြင်ယောင်ခံရတဲ့သူတွေကိုကဲ့ရဲ့နေကြတာတွေရှိနေတုန်းမဟုတ်လား) ကျွန်မသူငယ်ချင်းကလည်း စားဖိုမှူးရဲ့ အလ္လာပသလ္လာပအနေနဲ့ပြောလိုက်တဲ့စကားအပေါ် ကျွန်မမနှစ်မြို့ဘူးဆိုတာရိပ်မိကောင်းရိပ်မိပါတယ် ဒါပေမဲ့ ကျွန်မတို့အားလုံးခပ်ပြုံးပြုံးနဲ့သာ သူ့အပြောကို ဘာမှပြန်မတုံ့ပြန်လိုက်မိပါ

တကယ်တော့ ဒီစားဖိုမှူးပြောလိုက်တဲ့ “ကလေးမယူသေးဘူးလား”/ “ကလေးရှိလား”/ “ကလေးဘယ်တော့ယူမှာလဲ” ဆိုတဲ့ ကလေးမွေး‌မြူခြင်းနဲ့ပတ်သတ်တဲ့စကားတွေဟာ ကျွန်မသက်လတ်ပိုင်းဝင်လာပြီးတောက်လျှောက် ခဏခဏကြားလာရတဲ့စကားတွေပါပဲ ကျွန်မဆောင်းပါးတွေအောက်မှာတောင် တစ်ခါတစ်ခါတွေ့ရတတ်တဲ့ “ယောင်္ကျားရမှသိမယ်” တို့၊ ဖီမီနင့်ဇင်နဲ့ ဂျန်ဒါအကြောင်းပြောတဲ့အခါတိုင်းမှာ ကျွန်မဟာ အလိုအလျောက် ယောင်္ကျားမုန်းသူကြီးလို့အထင်ခံရတာတို့ဟာ ခဏခဏကြုံလာရတဲ့ပြဿနာတွေဖြစ်တယ် အထက်ကပြောသလို ခဏတဖြုတ်သာ‌ကြုံရတဲ့သူတွေရဲ့ ဒီလိုသာမန်ကာလျှံကာစကားတွေကို ပြန်ချေပမနေချင်ပေမဲ့ ဘာကြောင့် ကျွန်မတို့ရဲ့လူ့ဘောင်ထဲမှာ သက်လတ်ပိုင်းရွယ်မိန်းမတစ်ယောက်ကိုမြင်တိုင်း “အိမ်ထောင်သည်လား”၊ “အပျိုကြီးလား”၊ အိမ်ထောင်သည်ဆို “ကလေးရှိလား”၊ “ဘာလို့ ကလေးမယူသေးတာလဲ” အစရှိတဲ့ reproductive labor လို့ခေါ်တဲ့ သားမွေးမြူရေးလုပ်အားတွေနဲ့သာ ချိတ်ဆက်ပြီး မေးခွန်းထုတ်ကြလေ့ရှိတာလဲ၊ အဲ့ဒီ့မေးခွန်းတွေဟာ မေးသင့်မေးထိုက်တဲ့မေးခွန်းတွေလို့လူ‌တွေက ဘာလို့ထင်နေကြတာလဲဆိုတာကို ကျွန်မစဉ်းစားမိလာတယ်

သားမွေးမြူရေးလို့ခေါ်တဲ့ လူသားနောက်ထပ်မျိုးဆက်မွေးမြူရေးအလုပ်ကို ကျွန်မတို့လူ့အဖွဲ့အစည်းမှာ မိန်းမတွေရဲ့”သမိုင်း‌ပေးတာဝန်”လို့သာ ဘာလို့မှတ်ယူလေ့ရှိကြတာလဲ?

သားမွေးမြူရေးအလုပ်ကို တစ်ဖက်မှာတော့ အင်မတန်မှအရေးကြီးတဲ့အလုပ်၊ လူသားမျိုးနွယ်အဓွန့်ရှည်ရေး၊ ရိုးရာဓလေ့ပြန့်ပွားရေးအတွက်လိုအပ်တဲ့အလုပ်တစ်ခုလို့မှတ်ယူကြပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ မိန်းမတစ်ယောက်ဟာ ကလေးတွေပဲတပြွတ်ပြွတ်မွေးနေမယ်ဆိုပြန်ရင်လည်း ဘာကြောင့်ကဲ့ရဲ့စောင်းမြောင်းရှုံ့ချခြင်းကိုခံနေကြရသေးတာလဲ? ဒီရှေ့နောက်မညီမှုက ဘယ်ကပေါက်ဖွားလာတာလဲ?

Evolutionary process လို့ခေါ်တဲ့ ဇီဝဗေဒဆင့်ကဲဖြစ်စဉ်တွေကိုလေ့လာတဲ့သုတေသီတွေအဖို့ သတ္တဝါတွေ၊ လူတွေအပါအဝင် အခြားသက်ရှိအကောင်ပလောင်တွေအကုန်လုံးဟာ ကျွန်မတို့ရဲ့ပင်ကိုဇီဝ‌ဗေဒအရ မျိုးပွားခြင်းအလုပ်ကိုလုပ်ကြတာဟာ သဘာဝပဲလို့ဆိုကြပါတယ် သတ္တဝါတစ်ကောင် ဒီကမ္ဘာကြီးပေါ်မှာ ဆက်လက်တည်ရှိနေဖို့ဆိုတာ သူသေသွားရင်တောင်မှ သူ့မျိုးဆက်တွေကျန်နေရစ်ခဲ့ဖို့ချန်ထားခဲ့ချင်စိတ်ဟာ DNA ထဲက တစ်စိတ်တစ်ပိုင်းလို့တောင်ခေါ်ကြမလားမပြောတတ်ပါဘူး ဒီဆင့်ကဲဖြစ်စဉ်ရှု‌ထောင့်ကနေကြည့်တဲ့မျိုးဆက်ပွားခြင်းသဘောသဘာဝကို ယေဘုယျအားဖြင့်နားလည်ကြည့်လို့ရပေမဲ့ လူသားတွေအတွက် မျိုးဆက်ပွားခြင်းလိုကိစ္စမျိုးကို လူသားမျိုးနွယ် (သို့ မြန်မာလူမျိုးနွယ်၊ ကရင်လူမျိုးနွယ်၊ ချင်းလူမျိုးနွယ်အစရှိတဲ့ မိမိရဲ့လူမျိုးစု) မျိုးဆက်ပွားကျန်နေခဲ့စေချင်တာတစ်ခုတည်းရဲ့လှုံ့ဆော်မှုနဲ့ပဲကြည့်ဖို့ဆိုတာကတော့ ရိုးရာဓလေ့တွေရဲ့ပညတ်ချက်ဘောင်တွေအကြောင်းစိတ်ဝင်စားတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မအလုံးစုံလက်သင့်မခံချင်ပါဘူးလေ လူတွေဟာ သူတို့သားစဉ်မြေးဆက်တွေကျန်နေခဲ့စေချင်တာတစ်ခုတည်းကြောင့် လိင်ဆက်ဆံကြတယ်၊ ကလေးမွေးကြတယ်ဆိုရင် ဘာလို့ မတူညီတဲ့ရိုးရာဓလေ့တွေမှာ ကလေးမွေးမြူခြင်းနဲ့ပတ်သက်ပြီး မတူညီတဲ့ပညတ်ချက်တွေရှိနေသေးတာလဲဆိုတာကို စိတ်ဝင်စားမိတယ် ‌ပြီးတော့ ဆင့်ကဲဖြစ်စဉ်ထဲကလာတဲ့ အကြောက်တရားလို့ပဲဆိုမလား ကိုယ့်မျိုးဆက်တွေမကျန်ခဲ့တော့မှာကို စိုးရိမ်တဲ့အကြောက်တရားနဲ့တာဝန်ကို ဘာလို့ မိန်းမဂျန်ဒါတွေအပေါ်မှာပဲ မတန်တဆပေးအပ်ထားတာလဲဆိုတာကိုလည်း ကျွန်မစိတ်ဝင်စားမိတယ်

ဒါကတော့ သိပ်မကြာသေးခင်ကမှ မိုးသီးဇွန်ရေးတင်လိုက်တဲ့ သူ့ Facebook ပို့စ်တစ်ခုလိုပေါ့ ခုခေတ်လူငယ်တွေက ကလေးတွေလည်း သိပ်မမွေးကြတော့ဘူး၊ မိန်းမတွေကို ဘယ်သူတွေကယူမှာလဲဆိုတဲ့ပို့စ်တစ်ခု ပြန်ရှာမတွေ့တော့ပါဘူး ဖျက်လိုက်တာလား၊ ကျွန်မကိုပဲဘလော့လိုက်သလားမပြောတတ်ပါ ဒီမိုးသီးဇွန်ရဲ့ပို့စ်မှာဆိုရင် ဆင့်ကဲဖြစ်စဉ်သဘောတရားအရ နောက်မြန်မာမျိုးဆက်တွေမရှိတော့မှာကို ကြောက်သလိုလိုရေးထားပေမဲ့ (သူ့အနေနဲ့မြန်မာတွေကိုဆိုလိုတယ်လို့ ကျွန်မယူဆမိပါတယ် ပို့စ်ကိုလည်း မြန်မာလိုရေးထားတာဆိုတော့လေ) တကယ်တမ်းက မျိုးဆက်ပွားရေးတာဝန်ဟာ မိန်းမတွေမှာပဲရှိနေပြီး (သို့) မိန်းမတွေကသာလျှင် မျိုးဆက်ပွားကလေးမွေးရေးလုပ်နိူင်တာကြောင့် ဒီမိန်းမတွေကို မြန်မာယောင်္ကျားတွေက ခပ်ရိုင်းရိုင်းပြောရရင် impregnate ဗိုက်ကြီးအောင်လုပ်ပေးကြရမလိုလို လှုံ့ဆော်ထားတဲ့သဘောတွေပါနေတာကိုတွေ့ရတယ် ဒီတမင်ဖန်ဆင်းထားတဲ့ “ငါတို့နောက်မျိုးဆက်တွေမရှိတော့ဘူး” ဆိုတဲ့အကြောက်တရားဟာ ဘာလို့ ယောင်္ကျားတွေတော်တော်များများမှာရှိနေရတာပါလိမ့်

မိုးသီးဇွန်ပို့စ်ရဲ့ နောက်ကွယ်ကစိတ်ခံစားချက်နဲ့လှုံ့ဆော်ချက်ဟာ ၂၀၁၅ က မျိုးစောင့်ဥပဒေကိုတီထွင်ခဲ့တဲ့ အစွန်းရောက်ဘုန်းကြီးဝီရသူရဲ့ဝါဒနဲ့သိပ်မကွာလှပါဘူး ဝီရသူရဲ့အာဘော်အရဆိုရင် မြန်မာဗုဒ္ဓဘာသာယောင်္ကျားတွေဟာ ဘုန်းကြီးတွေဝတ်ကုန်ကြလို့ မြန်မာဗုဒ္ဓဘာသာမိန်းမတွေဟာ ဗုဒ္ဓဘာသာမဟုတ်တဲ့ယောင်္ကျားတွေကိုယူကြရရှာတယ်လို့ဆိုတယ် အဲ့လိုပဲ မိုးသီးဇွန်လိုမျိုး ယောင်္ကျားတချို့ကတော့ လက်ရှိစစ်အာဏာသိမ်းမှုကိုတော်လှန်ဖို့ ယောင်္ကျားတွေ တောထဲဝင်လက်နက်ကိုင်စစ်တိုက်နေကြရလို့၊ အဲ့လိုနဲ့သေကုန်ကြလို့ မြန်မာမိန်းမတွေခမျာ ယူစရာ၊ လိင်ဆက်ဆံပြီးကလေးမွေးစရာ ယောင်္ကျားတွေမကျန်ဖြစ်နေတယ်လို့ နောင်မျိုးဆက်ကိုအကြောင်းပြပြီး မိန်းမတွေရဲ့လိင်မှုကိစ္စ sex life ကို အကန့်သတ်ဖို့ကြိုးစားတယ်

ဒီနေရာမှာ ဝီရ‌သူရော၊ မိုးသီးဇွန်ရော၊ တခြားသက်လတ်ပိုင်းမိန်းမတစ်ယောက်တွေ့တိုင်း အိမ်ထောင်သည်လား၊ ကလေးမယူသေးဘူးလားမေးတတ်ကြသူတိုင်းအနေနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ကိစ္စတစ်ခုက သားအိမ်နဲ့မွေးလာတဲ့လူတိုင်းရဲ့ လူမှုလုပ်ငန်းစဉ် (social function) ဟာ ကလေးမွေးတာတစ်ခုတည်းပဲမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ မိန်းမတွေကို ဘယ်သူတွေယူကြမှာလဲလို့ မေးခွန်းထုတ်ခဲ့တဲ့မိုးသီးဇွန်အနေနဲ့ လိင်တူချင်းကြိုက်နှစ်သက်တဲ့၊ အိမ်ထောင်ပြုထားကောင်းထားနိူင်တဲ့မိန်းမတွေကို သူ့မျက်စိထဲမမြင်မိဘူး အဲ့လိုပဲ heterosexual လိင်ကွဲချင်းကြိုက်နှစ်သက်ပြီးပေါင်းသင်းနေတဲ့ အိမ်ထောင်တစ်ခုမှာတောင် သားအိမ်ရှိနေတိုင်း၊ မိန်းမတစ်ယောက်ဖြစ်နေတိုင်း သားမွေးနိူင်တာမဟုတ်ဘူးဆိုတာကိုတော့ ဒီယောင်္ကျားကြီးတွေက မေ့ဖျောက်ထားကြတယ်

ပြီးခဲ့တဲ့နှစ်ထဲမှာ ကျွန်မဟာ PCOS လို့ခေါ်တဲ့ polycystic ovarian syndrome ရောဂါရှိနေတာကိုသိခဲ့ရတယ် ဒါကတော့ သားဥအိမ်ကနေ ပုံမှန်လစဉ်ထုတ်လုပ်တဲ့သားဥတွေဟာ သားအိမ်ထဲအထိ မကြွေကျဘဲ သားဥအိမ်မှာပဲတစ်နေတဲ့ပြဿနာပေါ့ သားဥတွေက သားအိမ်ထဲမကြွေတဲ့အတွက် လစဉ်ရာသီလာတာက ပုံမမှန်ဖြစ်တတ်တာရယ်၊ ယောင်္ကျားဟော်မုန်းလို့ခေါ်တဲ့ တက်စရော်စတရုန်း (testosterone) တွေ သာမန်ထက်ပိုများနေတာရယ်ကလွဲရင် PCOS ဟာ မိန်းမတွေအတွက် ကလေးမရခြင်းရဲ့အဓိကပင်မအကြောင်းရင်းဖြစ်တယ်ဆိုတာကို ကျွန်မလေ့လာခဲ့ရတယ် (လူတိုင်းမှာ တက်စရော်စတရုန်း‌ရော၊ ‘မ’ဟော်မုန်းလို့ခေါ်ကြတဲ့ အက်စရိုဂျင် (estrogen) နှစ်မျိုးလုံးတွဲရှိနေတတ်ကြတာပါပဲ အနည်းနဲ့အများသာကွာပါတယ် ဒီလိုဇီဝဗေဒအရရှိနေတဲ့ဟော်မုန်းတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဥပမာ – ရင်သားတို့ကို ဘယ်ဟာကတော့ ဖို၊ ဘယ်ဟာကတော့ မ အစရှိသဖြင့်ဂျန်ဒါပြုလိုက်ကြတာတွေကလည်း သေချာစဉ်းစားကြည့်ရင် မေးခွန်းထုတ်စရာတွေပါပဲ ခန္ဓာကိုယ်ဝဖြိုးလို့ ရင်သားစူနေတဲ့ယောင်္ကျားတွေရဲ့ရင်သားတွေဟာ လိင်စိတ်အမြင်နဲ့ကြည့်ရှုမခံရသလို ဘော်လီဝတ်ဖို့လည်း ဘယ်သူကမှ သူတို့ကိုမတိုက်တွန်းပေမဲ့ ရင်သားမရှိတဲ့ ပါးပါးလျလျမိန်းမတစ်ယောက်ကိုတော့ ဘော်လီမပါဘဲ အိမ်ပြင်မထွက်သင့်ဘူးလို့ဆိုကြတာ ဘာကြောင့်လဲ? အများအလယ်မှာ ကလေးနို့တိုက်မဲ့မိခင်ကိုတောင်မှ သူတို့ရင်သားကို လိင်စိတ်အမြင်နဲ့ကြည့်ခံရမှာစိုးလို့ ပဝါခြုံခိုင်းတာ ဘာသဘောလဲ?)

ကလေးသန္ဓေတည်ဖို့ဆိုတာ သားအိမ်ထဲမှာ သားဥက သုတ်ကောင်နဲ့ပေါင်းစပ်မှသာလျှင်ဖြစ်နိူင်တာကိုး တစ်ချိန်တည်းမှာပဲ PCOS ဟာ ရှားပါးလှတဲ့ရောဂါတစ်ခုမဟုတ်ဘဲ AFAB (assigned female at birth) လို့ခေါ်တဲ့ မွေးကတည်းက ကမ္ဘာ့လူဦး‌ရေထဲက မိန်းမလို့သတ်မှတ်ခံလိုက်ရတဲ့လူ (ဒါက သားအိမ်နဲ့မွေးလာရင်၊ vulva နဲ့မွေးလာရင် တချို့ vulva ပါပေမဲ့ သားအိမ်မပါရင်တောင်မှ မိန်းမလို့သတ်မှတ်ခံလိုက်ရတာကိုဆိုလိုတာပါ) ၁၅ ရာခိုင်နှုန်း (၁၅ မီလီလျံ) မှာဖြစ်နေတဲ့ရောဂါတစ်ခုလို့သိခဲ့ရတယ် တစ်ပြိုင်နက်တည်းမှာပဲ စိတ်ဝင်စားဖို့ကောင်းတာက ဒီလောက်အဖြစ်များတဲ့၊ AFAB တွေတော်တော်များများမှာကြုံနေရတဲ့ PCOS ရောဂါကိုပျောက်အောင်ကုသဖို့ဆေးဆိုတာ ခုထက်ထိမရှိသေးသလို၊ ပျောက်ဆေးရှာဖို့ သုတေသနတွေကိုလည်း အစိုးရတွေက အလုံအလောက်ပိုက်ဆံမပံ့ပိုးပေးကြဘူးဆိုတဲ့အချက်ပါပဲ အောက်မှာ PCOS အကြောင်း လင့်ခ်တွေထည့်ပေးထားပါတယ်

PCOS ဟာ သေစေလောက်အောင် အန္တရာယ်ရှိတဲ့ရောဂါတစ်ခုတော့မဟုတ်ပေမဲ့ diagnose လုပ်ခံလိုက်ရပြီးပြီဆိုရင်လည်း တစ်သက်လုံး ဒီ diagnosis နဲ့ပဲနေသွားရမဲ့ရောဂါတစ်မျိုးပဲ ကလေးယူဖို့စိတ်ဆန္ဒမရှိတဲ့မိန်းမတစ်ယောက်အနေနဲ့ ကျွန်မအတွက်က ဟော်မုန်းအတက်အကျထိန်းဖို့ကလွဲလို့ PCOS ဟာ ကျွန်မရဲ့နေ့စဉ်ဘဝကို ထွေထွေထူးထူးတော့ သိပ်မထိခိုက်လှပါဘူး ဒါပေမဲ့ ဒီနေရာမှာ သက်လတ်ရွယ်မိန်းမတစ်ယောက်ကို အပေါ်ယံမြင်တိုင်း ကလေးမယူသေးဘူးလား၊ ကလေးမရှိဘူးလားမေးတတ်ကြတဲ့သူတွေအဖို့၊ မိုးသီးဇွန်တို့လို မိန်းမတွေကို ဘယ်သူတွေကယူပြီး မျိုးဆက်ပွားပေးမှာလဲဆိုတဲ့အဆိုတွေကို လက်လွယ်စပယ်ပြောတတ်တဲ့သူတွေအဖို့ လူတိုင်းမှာ မျက်စိနဲ့အလွယ်မမြင်ရနေတဲ့အရာတွေရှိ‌နေတယ်ဆိုတာကို မေ့နေကြတာရယ်၊ ဒီလောက်တောင်မှ မိန်းမတွေကလေးမွေးရေး၊ နိူင်ငံတော်ရဲ့နောက်မျိုးဆက်တွေတည်ရှိရေးဟာဆိုရင်ပဲ မိန်းမတွေရဲ့အလုပ်လိုလို (ဟို ဘာလဲ ပုခက်လွှဲသောလက်သည် ကမ္ဘာကိုလွှမ်းနိူင်သည်ဆိုသလိုနဲ့ တစ်ဖက်လှည့်နဲ့ မိန်းမတွေမှာအသုံးဝင်တာဆိုလို့ သူတို့ရဲ့သားအိမ်တွေပဲရှိတယ်လို့ စာတစ်တန်ပေတစ်တန်ပြောဆိုရေးသားနေကြတဲ့ ဖြိုးသီဟတို့လို ခုခေတ်ယောင်္ကျားတက်ကျမ်းပညာရှင်ကြီးများဟာ မိန်းမတွေ ကလေးမရနိူင်ခြင်းရဲ့ကြီးမားလှတဲ့အကြောင်းရင်းတစ်ခုဖြစ်တဲ့ PCOS ရောဂါ‌ပပျောက်ရေးအတွက် ကုထုံးဆေးသုတေသနတွေကိုကျ အားမပေးမထောက်ပံ့မပြောဆိုကြတာလဲဆိုတာ အင်မတန်မှစိတ်ဝင်စားစရာပါပဲ (အောက်မှာ လင့်ခ်ထည့်ပေးထားတဲ့ ဖြိုးသီဟရဲ့ဆောင်းပါးထဲမှာဆိုရင်လည်း “မိခင်”တွေဟာ နိူင်ငံတော်တည်ထောင်ရေးအတွက် နောင်မျိုးဆက်သစ်တွေမွေးမြူရေးအတွက် အရေးပါသူတွေဖြစ်လို့ ပညာတတ်မိခင်တွေလိုတယ်လို့ ဂျင်းကျွေးထားတာကို တွေ့ရပါတယ် တကယ်တမ်း မိခင်တွေသာ ပညာတတ်လာရင် ဒီဂျင်းတွေကိုစားတော့မှာတောင်မဟုတ်ပါ (ဒီနေရာမှာ ကျွန်မဆိုလိုချင်တဲ့ ပညာတတ်ဆိုတာ အတန်းပညာ ဘွဲ့ဒီဂရီမဟုတ်ဘဲ စဉ်းစားတွေးခေါ်နိူင်စွမ်းနဲ့ မေးခွန်းပြန်ထုတ်နိူင်စွမ်းတွေကို ဆိုလိုတာပါ ဖြိုးသီဟကတော့ ဘယ်လိုမျိုးကို ပညာတတ်လို့ဆိုလိုချင်သလဲမသိပါ)

စကားချပ်ခံချင်တာကလည်း အကြောင်းအမျိုးမျိုးကြောင့်ကလေးယူချင်သူတွေက ယူလို့ရပါတယ် ဘယ်သူ့ကိုမှ ကလေးမမွေးရဘူးလို့ ကျွန်မအမိန့်‌ပေးနေတာမဟုတ်ပါဘူး ပတ်ဝန်းကျင်ဖိအားတွေနဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကြောင့်ဆိုတာထက် ဘာကြောင့် ကလေးယူရ/တာလဲဆိုတာ ကိုယ့်ဘာသာကိုယ်သဘောပေါက်ကြရင်ပြီးတာပါပဲ

ကလေးမွေးမြူရေး၊ ပြုစုစောင့်ရှောက်ရေးဟာ မိန်းမတွေရဲ့အလုပ်လို့သာမြင်ယောင်သတ်မှတ်ထားတဲ့ပြဿနာကိုထောက်ပြပြီးတော့ ဒီလို တမင်တကာဖန်ဆင်းထားတဲ့ “ငါတို့နောက်မျိုးဆက်သစ်တွေမရှိတော့ဘူး” ဆိုတဲ့အကြောက်တရားဟာ အရင်းရှင်စနစ်နဲ့လုပ်အားလည်ပတ်ရေးနဲ့အများကြီးချိတ်ဆက်နေတယ်ဆိုတာကိုလည်း ကျွန်မဆင်ခြင်မိတယ် သားမွေးရေးဟာ နဂိုကနဦးမှာ‌တော့ survival instinct လို့ခေါ်တဲ့ကျွန်မတို့လူသားမျိုးနွယ်ဆက်လက်တည်ရှိရေးကနေလှုံ့ဆော်လိုက်လို့လုပ်ကြတဲ့ သဘာဝဖြစ်စဉ်တစ်ခုလို့ယူဆကောင်းယူဆလို့ရပေမဲ့ အခုလိုကမ္ဘာ့အရင်းရှင်ခေတ်မှာ ဘယ်သူကမှ နောက်ထပ်မျိုးဆက်ကျန်ရစ်အောင် ကလေးမွေးကြတာမဟုတ်တော့ပါဘူး တကယ်လို့ အဲ့ဒါကြောင့် ကလေးမွေးကြတာဆိုရင်တောင်မှ အဲ့ဒီအကြောင်းရင်းဟာ ကျွန်မတို့ကို အပေါ်ယံလှည့်စားထားတဲ့အကြောင်းရင်းတစ်ခုသာဖြစ်တယ်

တစ်လောကကျွန်မသတင်းတစ်ခုဖတ်လိုက်ရတယ် ကနေဒါနိူင်ငံလူဦးရေဟာ ကျဆင်းလာနေပြီး ရှေ့လျှောက်မှာ ဒီနှုန်းအတိုင်းဆက်သွားရင် ကနေဒါနိူင်ငံရဲ့အလုပ်သမားအင်အားစု (worker force) ကျဆင်းလာနိူင်ခြေရှိနေတယ်တဲ့ ဒီနေရာမှာ ကျွန်မတို့မြန်မာနိူင်ငံလို အရှေ့တိုင်းနိူင်ငံတွေက အိမ်ထောင်သားမွေးရေးကို ရိုးရာတွေ၊ ဓလေ့တွေ၊ ဘာသာရေးတွေနဲ့ချိတ်ဆက်လေ့ရှိပေမဲ့ atheist ဘာသာမဲ့လို့ ကိုယ့်ကိုယ်ကိုခံယူကြတဲ့အနောက်နိူင်ငံတွေကတော့ သားမွေးမှုကို အလုပ်သမားအင်အားစုနဲ့ တိုက်ရိုက်အချိုးချပြောဆိုကြတယ် (တကယ်တမ်းကတော့ ဘာသာရေးက အဲ့လောက်မဲ့နေတာမဟုတ်ပါဘူး အမေရိကန်ဆိုရင်လည်း မြန်မာနိူင်ငံက ဗုဒ္ဓဘာသာကြီးစိုးမှုနည်းတူ God ဆိုတာကို နေရာတိုင်းမှာတွေ့နေရတာပါပဲ Trump နဲ့ republican တွေရဲ့နိူင်ငံရေးကမ်ပိန်းတွေမှာကိုက God bless America ဆိုတဲ့ဆောင်ပုဒ်ကို နေရာတိုင်းမှာ‌မြင်နေကြားနေရတာဟာ အမေရိကန်သည်လည်း ဘယ်လောက်ပင် နိူင်ငံရေးနဲ့ဘာသာရေးခွဲထားသည်ပြောပြော မြန်မာပြည်နိူင်ငံရေးကို ဗုဒ္ဓဘာသာလွှမ်းမိုးထားသလို ခရစ်ယာန်ဘာသာရေးက အမေရိကန်နိူင်ငံရေးအပေါ် အများကြီးယှက်နွှယ်နေသေးတယ်ဆိုတာပြနေတာပါပဲ)

အဲ့တော့ မေးခွန်းထုတ်စရာ ကျွန်မတို့ရဲ့လူသားဖြစ်တည်မှုဟာ အလုပ်သမားဖြစ်တည်မှုညီမျှခြင်းရဲ့တစ်ဖက်ခြမ်းမှာပဲရှိနေတာလား?

လူဖြစ်ဖို့ဆိုတာ အလုပ်လုပ်ဖို့လား? အလုပ်လုပ်ခြင်းသည် လူဖြစ်တာလား?

လူဖြစ်တာဟာ၊ လူမွေးတာဟာ လုပ်အားထုတ်လုပ်ဖို့လို့ ချက်ချင်းမြင်ယောင်လိုက်တာဟာ အရင်းရှင်စနစ်ကနေလာတဲ့အတွေးအခေါ်ယူဆချက်တစ်ခုပဲ ထုတ်လုပ်မှုတစ်ခုခုမှမရှိတော့တဲ့လူသားတစ်ယောက်ဟာ အဲ့ဒီနိူင်ငံ၊ အဲ့ဒီ economy အတွက်အသုံးမဝင်ဘူး၊ statistics ထဲမှာတောင် ထည့်တွက်လို့မရတဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပေပဲလား?

ဆင့်ကဲထပ်မေးခွန်းထုတ်ရရင် မိန်းမဖြစ်ခြင်းသည် သားမွေးရုံသက်သက်လား? မိန်းမသည် သားအိမ်လား? သားအိမ်သည် မိန်းမလား? (Trans မိန်းမတွေကို မိန်းမလို့လက်မခံတဲ့သူတွေကတော့ အင်း လို့ဖြေကြမလားမသိပါဘူး)

ဒီနေရာမှာလည်း ဒီကနေဒါနိူင်ငံလူဦးရေကျဆင်းမှုနဲ့ လုပ်အားလျော့နည်းလာမှုသတင်းရဲ့အောက်ခြေမှာ ကနေဒါတို့၊ အမေရိကန်တို့လို အနောက်နိူင်ငံတွေရဲ့ economy ကို လှည့်ပတ်အောင် လုပ်ပေးနေတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့လုပ်အားဟာလည်း ဖျောက်ဖျက်ခံထားနေရသေးတယ်ဆိုတဲ့အချက်ကိုပါ ဆက်စပ်မြင်လာနိူင်တယ် ကနေဒါလူဦးရေကျဆင်းလာမယ်လို့ဆိုတာဟာ ကနေဒါ”နိူင်ငံတော်”ရဲ့မျက်လုံးထဲမှာ “တရားဝင်နိူင်ငံသား” လို့သာမြင်တဲ့သူတွေကိုသာ ရေတွက်နေလို့ပဲဖြစ်တယ် တကယ်တမ်းက ကနေဒါရဲ့လူနေထူထပ်တဲ့မြို့ကြီးတွေမှာ အောက်ခြေလုပ်အားကိုထုတ်လုပ်နေကြသူတွေဟာ အာရှနဲ့ တောင်အမေရိကတိုက်ကလူညိုတွေသာဖြစ်တယ် ဒီလူညိုတွေရဲ့ သားမွေးမြူမှုလုပ်အားတန်ဖိုးဟာ လူဖြူတွေရဲ့သားမွေးမြူမှုလုပ်အားတန်ဖိုးဟာ ထပ်တူမညီလို့ လူဖြူလူဦးရေကျဆင်းလာမှုကသာလျှင် အင်မတန်စိုးရိမ်စရာသတင်းဖြစ်လာတာလား? မေးခွန်းတွေပဲ ကျွန်မထုတ်လိုက်ပါမယ်

ဒီနေရာမှာ လူမည်းဖီမီနင့်တွေးခေါ်ပညာရှင်နဲ့ပါမောက္ခ Joy James (ဂျွိုင်းဂျိမ်းစ်) ရဲ့ အရင်းရှင်စနစ်သာမက အနောက်ဒီမိုကရေစီလည်ပတ်မှုနဲ့ပါချိတ်ဆက်ပြီး မိန်းမတွေရဲ့သားမွေးမြူမှုနဲ့မိခင်ဖြစ်မှုသီအိုရီနဲ့ပါ ကျွန်မချိတ်ဆက်စဉ်းစားမိတယ် Joy James က ဒါကို captive maternal (ဖမ်းဆီးထိန်းချုပ်ခံထားရသော မိခင်ဖြစ်တည်မှု) လို့ သီအိုရီထုတ်ထားတယ် ၂၀၁၆ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ James ရဲ့ The Womb of Western Theory: Trauma, Time theft, and the Captive Maternal (အနောက်သီအိုရီ၏သားအိမ် – ထရော်မာ၊ အချိန်ခိုးခြင်းနှင့် ဖမ်းဆီးထိန်းချုပ်ခံထားရသောမိခင်ဖြစ်တည်မှု) စာတမ်းထဲမှာ captive maternal ကို James က ဒီလိုအဓိပ္ပါယ်ဖွင့်ထားတယ် (စာတမ်း pdf အောက်မှာထည့်ပေးထားပါတယ်)

“Captive Maternals can be either biological females or those feminized into caretaking and consumption.”

“ဖမ်းဆီးထိန်းချုပ်ခံထားရသော မိခင်ဖြစ်တည်မှုများဆိုသည်မှာ ဇီဝဗေဒအရမိန်းမဖြစ်တည်မှုကို ခေါ်ဆိုခြင်းဖြစ်နိူင်သကဲ့သို့ ပြုစုစောင့်ရှောက်ရေးနှင့် စားသုံးခြင်းလုပ်ငန်းတို့အတွက် ‘မ’ပြုခံလိုက်ရသောသူများကိုလည်း ခေါ်ဆိုခြင်းဖြစ်သည်။”

ဆိုတော့ James ဆိုလိုတဲ့ captive maternal တွေဟာ မိမိမှာ ဇီ‌ဝဗေဒအရ သား‌အိမ်ပါနေလို့ အရင်းရှင်စနစ်လုပ်အားဆက်လက်လည်ပတ်စေရေးအတွက်သော်လည်းကောင်း၊ ရိုးရာဓလေ့အဓွန့်ရေးတည်တံ့ရေးဆိုတဲ့ခေါင်းစဉ်အောက်ကသော်လည်းကောင်း၊ အမျိုးသားရေးခေါင်းစဉ်အောက်ကသော်လည်းကောင်း သူတို့ရဲ့ လူမှုလုပ်ရပ်ကို အိမ်ထောင်သားမွေးခြင်းတစ်ခုတည်းနဲ့ တမင်တကာ ဖမ်းဆီးထိန်းချုပ်ခံလိုက်ရတဲ့မိန်းမတွေအပြင် အခြားသော မာ့စ်ဝါဒီမှာ social reprodutive labor လို့ခေါ်တဲ့ သားအိမ်တော့မရှိဘူး (သို့) ဇီဝဗေဒအရ သားမမွေးပေးပေမဲ့ လူမှုရေးချောမွေ့လည်ပတ်စေရေးအတွက် အဖက်ဖက်ကနေပံ့ပိုးကြတဲ့သူတွေလည်းဖြစ်ကြတယ် ဒီ social reproductive labor ကိုများသောအားဖြင့်လည်း မိန်းမတွေက ဆက်လက်လုပ်ကိုင်ကြရတာများပါတယ် ဒါပေမဲ့ မိန်းမမဟုတ်တဲ့သူတွေလည်း ဒီနေရာမှာ ဒီတာဝန်တွေယူထားရတာတွေလည်းရှိနိူင်ပါတယ်

ဒါမှမဟုတ် အခြားသောမိန်းမတစ်ယောက်၊ လူညို၊ လူမည်းကလေးထိန်း/နို့ထိန်းမိန်းမတစ်ယောက် ကိုလိုနီလူဖြူမိန်းမတစ်ယောက်ရဲ့ကလေးတွေကိုပြုစုပျိုးထောင်ပေးရတာမျိုးပေါ့ ဒီဥပမာတွေက ကိုလိုနီခေတ်ကစခဲ့ပေမဲ့ ခုချိန်ထိ girlboss movement ထွန်းကားလာတဲ့လူဖြူနိူင်ငံတွေနဲ့ အီလစ်လူတန်းစားတွေမှာ ‌ဆက်လက်‌တွေ့မြင်နေရသေးတုန်းပါပဲ လူဖြူမိန်းမတွေက သူတို့ရဲ့ captive maternal ကဏ္ဍဖြစ်တဲ့ သားမွေးမှုကိုလုပ်မယ်၊ ဒါပေမဲ့ မွေးပြီးနောက် ဒီကလေးကို လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးတဲ့ captive maternal တွေကတော့ လူမည်း၊ လူညို (သို့) လက်လုပ်လက်စားလူတန်းစားမိန်းမတွေဖြစ်နေကြမယ်

James ကတော့ captive maternal တွေကို အမေရိကန်ရဲ့ကျွန်ပြုခြင်းသမိုင်းကြောင်းနဲ့ လက်ရှိအမေရိကန်စစ်တပ်စနစ်နဲ့ချိတ်ဆက်ပြီး သီအိုရီထုတ်ထားပါတယ် အမေရိကန်လူမည်းကျွန်ပြုခြင်းစနစ်မှာဆိုရင်ရော captive ဆိုတဲ့ capture ဖမ်းဆီးချုပ်နှောင်ခံရတယ်ဆိုတဲ့စကားလုံးဟာ အင်္လကာသာသာတောင်မဟုတ်ပါဘူး ကျွန်အနေနဲ့ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့လူမည်းမိန်းမတွေရဲ့ အိမ်မှုကိစ္စဗာဟီရတွေတင်သာမက လူဖြူသခင်/သခင်မတွေအတွက် လူမှုပြန်လည်ထုတ်လုပ်ရေးလုပ်အားတွေတင်သာမက ရံဖန်ရံခါ လူဖြူသခင်ရဲ့မုဒိမ်းကျင့်ခြင်းကိုခံရပြီး ကလေးလွယ်မွေးရတဲ့ reproductive လုပ်အားကိုပါအတင်းအဓ္ဓမလုပ်ကိုင်ကြရတဲ့ ရုပ်ဝတ္တုပိုင်းဆိုင်ရာကိုယ်နှိုက်ကိုက ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မိခင်ဖြစ်တည်မှုကို James ကထောက်ပြတာပါပဲ စိတ်ဝင်စားရင်တော့ James ရဲ့စာတမ်းကိုဖတ်ကြည့်ပါ

မိန်းမလို့ယူဆခံရရင်ကိုပဲ မိန်းမတစ်ယောက်ရဲ့လူမှုလုပ်ငန်းစဉ်နဲ့ဖြစ်တည်ရခြင်းအကြောင်းရင်းကို သားမွေးခြင်းတစ်ခုတည်းနဲ့ပဲဖမ်းဆီးချုပ်နှောင်ခံထားရနေသေးတာကို မနှစ်မြို့မိဘူး တကယ်လို့ ကျွန်မက သားအိမ်နဲ့မွေးလာပေမဲ့ ၂၀၂၄ ခုနှစ် အိုလံပစ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့ Imane Khelif (အီမန် ခါလစ်ဖ်) ရဲ့ ဂျန်ဒါဖြစ်တည်မှုကို ဝိုင်းဝန်းဝေဖန်ကြသလိုမျိုး မိန်းမလို့အများက ကျွန်မကိုမမြင်ဘူးဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ? မိန်းမဆိုပေမဲ့၊ တကယ်တမ်းလည်း အကြောင်းအမျိုးမျိုးကြောင့် ကလေးလိုချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိူင်တဲ့၊ မြုံနေတဲ့ (မိန်းမတစ်ယောက်မြုံနေတာဟာ ဘာလို့သူ့ကိုဆဲဆိုရှုံ့ချတဲ့စကားအနေနဲ့ ဥပမာ “အမြုံမ” လို့သုံးရတာလဲ?) အင်မတန်မှသေးငယ်နှုတ်စိတ်လှတဲ့သတ္တဝါတစ်ကောင်ဖြစ်တဲ့ကျွန်မနဲ့ယှဉ်လိုက်ရင် အင်မတန်မှကြီးမားကျယ်ပြန့်နက်ရှိုင်းလှတဲ့စကြဝဠာအဏ္ဏဝါကမ္ဘာလောကကြီးထဲမှာ ကျွန်မ DNA တစ်စိတ်တစ်ပိုင်းပါဝင်နေတဲ့ နောက်ထပ်လူသားတစ်ယောက်ကို ချန်ထားခဲ့ဖို့ဆိုတာ ကျွန်မရဲ့အိမ်မက်တစ်ခုမဟုတ်ပါဘူး အရင်းရှင်စနစ်နဲ့ခေတ်မှာ မိန်းမဆိုတဲ့ပညတ်ချက်နဲ့မွေးဖွားကြီးပြင်းလာခဲ့ရသူတစ်ဦးအနေနဲ့ ကျွန်မဟာလည်း captive maternal တစ်ဦးပါပဲ ကျွန်မသားအိမ်ကနေသာ ‌သားမမွေးခဲ့ရင်သာနေမယ်၊ အခြားသောနည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်မှုလုပ်အားစက်ဝိုင်းထဲမှာ အလိုမတူလည်း ပါဝင်လည်ပတ်နေရတဲ့သူတစ်ယောက်ပါပဲ အချုပ်ထဲမှာမွေးတဲ့ကလေးလို ဒီလိုဖမ်းဆီးချုပ်နှောင်ခံထားရပြီးသားဖြစ်တဲ့မိန်းမတစ်ယောက်အနေနဲ့ ထပ်ခါထပ်ခါ စဉ်ဆက်မျိုးဆက်ဆက်လက်ဖမ်းဆီးချုပ်နှောင်ခြင်းမခံစေချင်လို့ ဘယ်သောအခါကမှသားမွေးချင်စိတ်ဆန္ဒမရှိတဲ့၊ ရိုင်းစိုင်းတဲ့မိန်းမပဲဆိုဆို မိခင်စိတ်လားလားမျှမရှိတဲ့၊ သားမွေးဖို့လည်း ကျွန်မဇီဝဗေဒကိုယ်ခန္ဓာကြီးကိုယ်နှိုက်ကိုက လက်မြှောက်လက်လျှော့လိုက်ပြီဖြစ်တဲ့ ကျွန်မကို လမ်းမှာများ နောက်တစ်ခါကြုံရင် ကလေးဘယ်တော့မွေးမှာလဲ၊ ကလေးမယူသေးဘူးလားလို့များ မမေးလိုက်စမ်းပါနဲ့တော့လေ ‌မတတ်သာလွန်းလွန်းလို့ မေးဖြစ်မယ်ဆိုရင်လည်း “ကျွန်မ အမြုံမကြီးပါ” လို့ပြန်ဖြေရုံကလွဲလို့ ဒီထက်ပိုပြီး ကျွန်မလည်းမစွမ်းသာလှပါဘူးလေ

ပုံ – အခကြေးငွေဖြင့် ကုသိုလ်ဖြစ်လူဝယ်ယူအလွှတ်ခံရရန် စောင့်ဆိုင်းနေကြသော လှောင်အိမ်ထဲမှဇီးကွက်များ

အမေရိကန် National Library of Medicine မှထုတ်ပြန်သော PCOS ဆိုင်ရာသုတေသနဆောင်းပါး
https://www.ncbi.nlm.nih.gov/pmc/articles/PMC7879843/?fbclid=IwY2xjawFEQmdleHRuA2FlbQIxMAABHbd00VFeXRAiCh63H8xKHN2VJ-Udmi9EN4dDVuFsiW8yvl6aXzTqfh_SWQ_aem_3pD-dN4YAaytQIAm-ftnxA#:~:text=Today%2C%201%20in%20every%2010,prevalence%20of%20PCOS%20were%20rare

Center for Disease Control မှထုတ်ပြန်သော PCOS ‌အကြောင်း
https://www.cdc.gov/diabetes/risk-factors/pcos-polycystic-ovary-syndrome.html?fbclid=IwY2xjawFEQmxleHRuA2FlbQIxMAABHSCIsEf2gTQY1M3a1PjzOdCNLxzscJ3gmERg920CA6I51HegXwnDzYn9qA_aem_m5sDIDVcryvIdQZJUfk_Xg#:~:text=About%20PCOS%20and%20diabetes&text=PCOS%20can%20cause%20irregular%20menstruation,many%20as%205%20million%20people

၂၀၂၄ အိုလံပစ် boxing အားကစားသမား Imane Khelif မှ ဂျန်ဒါအကြမ်းဖက်မှုမလုပ်ရန်တောင်းဆိုခြင်းသတင်း
https://www-nbcnews-com.cdn.ampproject.org/v/s/www.nbcnews.com/news/amp/rcna165169?amp_gsa=1&amp_js_v=a9&usqp=mq331AQIUAKwASCAAgM%3D&fbclid=IwY2xjawFEQnBleHRuA2FlbQIxMAABHW6j7vTp976OUlORDtsFm5P_B__rBDWg69xOvlZUwmgGp-1FKfJUxVzbOQ_aem_o1Gu1bx5dCExuNCNWEF-aA#amp_tf=From%20%251%24s&aoh=17253760867152&referrer=https%3A%2F%2Fwww.google.com&ampshare=https%3A%2F%2Fwww.nbcnews.com%2Fnbc-out%2Fout-news%2Folympic-boxer-gender-imane-khelif-algeria-bullying-rcna165169

Joy James ၏ ၂၀၁၆ ခုနှစ်ထုတ် The Womb of Western Theory: Trauma, Time Theft, and Capital Maternal စာတမ်း pdf
https://sites.williams.edu/jjames/files/2019/05/WombofWesternTheory2016.pdf

ဖြိုးသီဟရဲ့ The Voice Weekly တွင် ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သော “မိခင်ဘဝကို ပရော်ဖက်ရှင်နယ်ကျကျ ဖြတ်သန်းပါ” ဆောင်းပါး
https://www.facebook.com/share/p/1JpKZLCfvs8GFGpx/?mibextid=oFDknk

 

ချီအာရာဘိုတက်ချီ၏ “ဝေဖန်သုံးသပ်ချက်တစ်ခုအသွင်ဖီမီနင့်ဇင်” အပေါ်သုံးသပ်ချက်များ

ပြီးခဲ့တဲ့လတွေတောက်လျှောက်မှာ ကျွန်မဘာသာပြန်ဖြစ်ခဲ့တဲ့ ချီအာရာဘိုတက်ချီရဲ့ အန်နာခါဖီမီနင့်ဇင်စာအုပ်ရဲ့မိတ်ဆက်အခန်းဖြစ်တဲ့ “ဝေဖန်သုံးသပ်ချက်တစ်ခုအသွင် ဖီမီနင့်ဇင်” ဆိုတဲ့အပိုင်းကိုအခြေခံပြီး ကျွန်မရဲ့ပြန်လည်စဥ်းစားဆင်ခြင်ချက်တချို့ကို ဒီနေ့ချရေးချင်ပါတယ်

ချီအာရာဘိုတက်ချီရဲ့တခြားစာတွေကိုတော့ ကျွန်မမဖတ်ဖူးပေမဲ့ မင်းမဲ့သဘောတရားတွေနဲ့ပတ်သက်တဲ့စာတွေဖတ်ဖြစ်လာပြီးတဲ့နောက်မှာ ကျွန်မကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့ ဖီမီနင့်ဇင်ကို မင်းမဲ့သဘောတရားကို ဘယ်လိုပြန်ချိတ်ဆက်လို့ရနိူင်မလဲလို့စဥ်းစားလာခဲ့မိတယ် မင်းမဲ့သဘောတရားနဲ့ပတ်သက်ရင် လူသိများကြတဲ့ ဒေးဗစ်ဂရေဘာရဲ့ “မင်းက မင်းမဲ့သမားတစ်ယောက်လား” ဆောင်းပါးကိုဘာသာပြန်တုန်းကလည်း ထည့်သွင်းဆင်ခြင်ခဲ့မိသလို ကျွန်မသတိထားမိသလောက် မင်းမဲ့သဘောတရားတွေအကြောင်းပြောဆိုလုပ်ကိုင်ကြတဲ့ရပ်ဝန်းတွေမှာ ဂျန်ဒါနဲ့ဖီမီနင့်ဇင်အကြောင်းကို ချိတ်ဆက်ပြောဆိုလုပ်ကိုင်နေကြတာတွေနည်းနေသေးတာကို သတိထားခဲ့မိတယ် အဲ့ဒါဘာကြောင့်လဲ? မာ့စ်ဝါဒီနဲ့ လက်ဝဲယိမ်းပါတယ်လို့မိမိကိုယ်ကိုသတ်မှတ်ယူဆကြတဲ့ မြန်မာပြည်ကရပ်ဝန်းတွေကလူတွေရဲ့ပြောဆိုချက်တွေအရဆိုရင်လည်း “ကျွန်တော်တို့က ဂျန်ဒါအကြောင်းတော့ သိပ်မသိပါဘူး” “လူမှုပြန်လည်ထုတ်လုပ်ရေးသီအိုရီကိုတော့ သိပ်မကျွမ်းကျင်ပါဘူး” အစရှိသဖြင့်ကိုယ့်ကိုယ်ကို excuse လုပ်ကြတာတွေကိုလည်း သတိထားမိတယ် အဲ့ဒါဘာကြောင့်လဲ? အဲ့တော့ ဘိုတက်ချီရဲ့စာအုပ်ကိုဖတ်ဖြစ်ရင်း သိချင်မိတာက ဂျန်ဒါတန်းတူညီမျှရေးအကြောင်းပြောကြ၊ လုပ်ကြတာတွေဟာ တခြားသောရာဒီကယ်လွတ်မြောက်ရေးအရွေ့တွေနဲ့ လားလားမျှအစပ်အဟပ်မတည့်ဖြစ်နေတာလားဆိုတဲ့မေးခွန်းပါပဲ

ဒီအဓိကမေးခွန်းရဲ့အဖြေကို ဘိုတက်ချီရဲ့စာအုပ်အဖွင့်ပိုင်းအပြီး ကွက်ကွက်ကွင်းကွင်းသဘောပေါက်ခဲ့တယ် ဒါကတော့ ရာဒီကယ်လွတ်မြောက်ရေးအရွေ့တွေနဲ့ ဂျန်ဒါတို့၊ ဖီမီနင့်ဇင်ဆိုဟာ တကယ်တမ်းကို အတွင်းကျကျကိုဆက်စပ်ပတ်သက်နေတယ်ဆိုတဲ့အချက်ပဲ အခန်းအဖွင့်မှာ ဘိုတက်ချီကရေးခဲ့တယ် အခုအကယ်ဒါးမီးယားရပ်ဝန်းတို့၊ အများပြည်သူရပ်ဝန်းတို့၊ တက်ကြွလှုပ်ရှားသူရပ်ဝန်းတို့တွေမှာ လူကြားဖူးပြီဖြစ်တဲ့ အင်တာဆက်ရှင်နယ်လတီဆိုတဲ့ ဖြစ်တည်မှုဆုံမှတ်များဆုံဆည်းရာအချက်ဆိုတဲ့အကြောင်းကို ကျွန်မတို့ရဲ့လွတ်မြောက်ရေးအ‌ရွေ့တွေမှာ ထည့်သွင်းစဥ်းစားကြမယ်ဆိုရင် လုပ်အားခေါင်းပုံဖြတ်ခံရတဲ့အကြောင်းတွေကိုတိုက်ရိုက်အလုပ်လုပ်ကိုင်နေကြတဲ့မာ့စ်သမားတွေ၊ ခေါင်း‌ဆောင်ဆိုတာတွေ၊ အထက်အောက်စနစ်တွေကိုဖြိုဖျက်ချနေကြတဲ့မင်းမဲ့သမားတွေအနေနဲ့လည်း ဂျန်ဒါတန်းတူညီမျှရေးဆိုတာ ထူးမခြားနားတဲ့သဘောတရားတစ်ရပ်တစ်ခုပဲဆိုတာ ငြင်းစရာမရှိဖြစ်နေတာပါပဲတဲ့ ဘိုတက်ချီထောက်ပြတာကို ကျွန်မလည်း တကယ်တမ်းသဘောတူပေမဲ့ တကယ်တမ်းလက်တွေ့လုပ်ကိုင်နေကြတဲ့နေရာတွေမှာတော့ ဒီအယူအဆကိုအကောင်အထည်ဖော်ကြတာ နည်းနေသေးတယ်ဆိုတာကိုတွေ့ရတယ်

ဥပမာအနေနဲ့ မနေ့တစ်နေ့က Freedom Fighter ကလုပ်တဲ့ CSO/CPO တွေအကြောင်းဆွေးနွေးကြတဲ့စကားဝိုင်းမှာဆွေးနွေးခဲ့ကြတာတွေကို ခေါင်းထဲပူပူနွေးနွေးရှိနေလို့ပြန်ဆင်ခြင်ကြည့်ချင်တယ် စကားဝိုင်းအတွက် FF ကဦးဆောင်ဆွေးနွေးပေးဖို့ဖိတ်ထားတဲ့ ငြိမ်းစေနဲ့ စိုင်းကြည်ဇင်စိုးတို့နှစ်ယောက်က သူတို့ကျင်လည်ရာ CSO လောကရဲ့ကမောက်ကမာဖြစ်နေပုံတွေ၊ လုပ်ရပ်တွေက ခေတ်သစ်ကိုလိုနီပုံစံဆန်နေပုံတွေအကြောင်းကို ကျွန်မတို့ကိုပြန်ပြောင်းပြောပြခဲ့ကြတယ် သူတို့ရဲ့အဓိကအာ‌ဘော်ဖြစ်တဲ့ CSO တွေသည် စစ်တပ်ကိုဆန့်ကျင့်ပြီးအလုပ်လုပ်နေကြရတာဖြစ်သော်လည်း အနောက်တိုင်းနိူင်ငံတွေရဲ့ငွေကြေးထောက်ပံ့ပေးမှုတွေကိုရယူပြီးလုပ်ကိုင်နေကြတာဖြစ်တဲ့အပြင် အလှူရှင်တွေလိုချင်၊ကြားချင်တဲ့စကားလုံးဝေါဟာရတွေကို မြန်မာပြည်ရဲ့ဒေသန္တာရနဲ့မကိုက်ညီဘဲတင်သွင်းလာကြတဲ့ပြဿနာရှိကြတယ်ဆိုတာကို ကျွန်မအကြမ်းဖျင်းတော့နားလည်လက်ခံပါတယ် ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက CSO တွေရဲ့ဒီပြဿနာကို ဥပမာအနေနဲ့ပေးတဲ့နေရာမှာ သူတို့နှစ်ယောက်လုံးက ဂျန်ဒါဆိုတဲ့ဝေါဟာရကို ဥပမာအနေနဲ့သုံးသွားကြတယ် (ဒါကိုကျွန်မထောက်ပြတော့ FF က ကိုရဲထက်က ဂျန်ဒါဟာ အထိအရှလွယ်တဲ့စကားလုံးမို့သုံးသွားကြတာလည်းဖြစ်နိူင်တယ်လို့ ပြန်ဆွေးနွေးခဲ့ပါတယ် အထိအရှဘာကြောင့်လွယ်ရတာလဲဆိုတာကလည်း စဥ်းတော့စဥ်းစားစရာပါပဲလေ)

စိုင်းကြည်ဇင်စိုးပေးသွားတဲ့ဥပမာအရဆိုရင်တော့ ကျေးလက်ဒေသရွာတစ်ရွာမှာ CSO တစ်ဖွဲ့က မနက်စောစောအလုပ်ရုံပေးတဲ့နေရာမှာ မိန်းမတွေသာတက်ရောက်ခဲ့တာကိုကြည့်ပြီး CSO အလုပ်သမားတွေက ယောင်္ကျားတွေက ဒီအလုပ်ရုံကိုစိတ်မဝင်စားဘူးဆိုပြီး တစ်ဖက်သတ်ကောက်ချက်ချခဲ့တဲ့ပြဿနာမျိုးဖြစ်ခဲ့တာကိုပြောပြခဲ့ပါတယ် ဒီနေရာမှာ သူက ဒီကောက်ချက်ချချက်ဟာ ယောင်္ကျားတွေဟာ ညနက်ချိန်ထိအလုပ်လုပ်ရတာဖြစ်တဲ့အတွက် မနက်စော‌စောမထနိူင်တာကို ဒီ CSO တွေက ထည့်သွင်းမစဥ်းစားခဲ့ဘူးလို့ဆိုပါတယ် စိုင်းကြည်ဇင်စိုး‌ပေးတဲ့ဒီဥပမာက စိတ်ဝင်စားစရာပါပဲ ဒါက CSO တွေဘက်က ဒီလိုကောက်ချက်ချမှုလစ်ဟင်းသွားတာဟာ တကယ်တမ်းတော့ ဂျန်ဒါပြဿနာလား ဒါမှမဟုတ် CSO သို့မဟုတ် မည်သူမဆို သုတေသနစစ်တမ်းဆိုတာကို အပေါယံလောက်သာလုပ်တဲ့အခါတိုင်းမှာရှိနေတတ်တဲ့ပြဿနာလားဆိုတာတော့ ပြန်မေးစရာရှိလာပါတယ် ပြီးတော့ ယောင်္ကျားတွေအိပ်ချိန်ဖြစ်နေလို့ မလာတာကို ယောင်္ကျားတွေကတော့ ဒါတွေကိုစိတ်မဝင်စားဘူးလို့တစ်ဖက်သတ်စွပ်စွဲလို့မရသလို မိန်းမတွေအလုပ်ရုံလာတက်တိုင်း မိန်းမတွေကတော့ အလုပ်ရုံကိုစိတ်ဝင်စားတယ်လို့ တစ်ဖက်သတ်ပြောလို့လည်းမရပြန်ပါဘူး (FF အဖွဲ့သားတွေကို ကျွန်မပြန်မေးခွန်းထုတ်ခဲ့သလိုပဲ ဘာလို့ အခုနောက်ပိုင်းမှာ FF စကားဝိုင်းတွေမှာ ဝင်ရောက်ဆွေးနွေးတာ ယောင်္ကျားတွေသာများနေတာလဲဆိုတဲ့မေးခွန်းလိုပါပဲ ဒါကို manel လို့ဝေဖန်ချင်တာမဟုတ်ပေမဲ့ နိူင်ငံရေးအကြောင်းတွေပြောကြဆိုကြ လေကန်ကြတဲ့နေရာမှာ cishet ယောင်္ကျားတွေကသာလျှင် ဒါမျိုးတွေကို ပိုမိုစိတ်ဝင်စားအချိန်ပေးကြရခြင်းအကြောင်းရင်းနောက်ကွယ်ကအချက်တွေဟာ ကျွန်မတို့အတွက်စဥ်းစားစရာတွေဖြစ်မလာဘူးလား ဒါတွေကိုမပြောကြ၊ စာမရေးကြတဲ့မိန်းမတွေ၊ queer တွေမရှိပေမဲ့ သူတို့တွေရဲ့အသံတွေဟာ အနောက်ကိုရောက်နေတုန်းပဲဆိုတာက ဘာကြောင့်လဲ?) ဒါတွေဟာ ဒေသန္တာရဂျန်ဒါပြဿနာဆိုတာထက် ပေါ့လျော့တဲ့သုတေသနလုပ်ထုံးနဲ့ကောက်ချက်ချမှုတစ်ခုလို့သာ ကျွန်မကတော့သဘောပေါက်မိတယ် နောက်ပြီးတော့ သူတို့ထပ်ဆွေးနွေးခဲ့တာက အနောက်တိုင်းကနေတင်ပို့လာတဲ့ဝေါဟာရတွေဖြစ်တဲ့ဂျန်ဒါတို့၊ ဖီမီနင့်ဇင်တို့ဟာ မြန်မာပြည်ဒေသန္တာရဂျန်ဒါဖြစ်တည်မှုတွေဖြစ်တဲ့ နတ်ကတော်တွေ၊ third gender တွေကိုတော့ထည့်သွင်းမစဥ်းစားဘူးလို့ပြောပါတယ် ဒါကလည်း အပေါ်ယံစဥ်းစားကြည့်ရင်တော့ ဟုတ်သလိုလိုပါပဲ ဒါပေမဲ့ ဒီအချက်ကိုထောက်ပြသွားကြတဲ့သူတွေကိုယ်နှိုက်က မြန်မာပြည်ရဲ့နတ်ကတော်လောက ဒါမှမဟုတ် နတ်ကတော်တွေအကြောင်းကို ရင်းနှီးကျွမ်းဝင်နေကြသူများလားဆိုတာတော့ ကျွန်မမသဲကွဲမိပါဘူး နောက်ပြီး Third gender တွေရှိတယ်လို့ပြောတဲ့နေရာမှာလည်း “third gender” ဆိုတဲ့အင်္ဂလိပ်စကားလုံးအတိုင်းကိုပဲပြန်လည်သုံးစွဲထောက်ပြသွားတာကလည်း သူတို့ထောက်ပြချင်တဲ့ကနဦးအာဘော်ကြီးနဲ့ ရှေ့နောက်မညီသလိုပါပဲ

ဆိုတော့ ဒီဥပမာကနေတဆင့် ဘိုတက်ချီရဲ့စာအုပ်အဖွင့်ကိုချိတ်ဆက်ပြီးဆင်ခြင်ချင်တာက လွတ်မြောက်‌ရေးလုပ်ငန်းစဥ်တွေ၊ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်တဲ့နေရာတွေ၊ အစုအဖွဲ့တွေလိုနေရာတွေမှာတောင်မှ တစ်ခုခုဆို ဂျန်ဒါဆိုတဲ့သဘောတရားဟာ အနောက်တိုင်းအင်ပို့တစ်ခုသာဖြစ်တယ်၊ ဖီမီနင့်ဇင်ဟာ လွတ်မြောက်ရေးနဲ့တိုက်ရိုက်အချိုးမကျဘူး၊ သိစရာမလို(သေး)ဘူးလို့မှတ်ယူနေကြသေးတာလဲဆိုတဲ့ကွာဟချက်ကို ကျွန်မသုံးသပ်မိတယ် ဒါဟာ လွတ်မြောက်ရေးရပ်ဝန်းတွေထဲမှာ အမြစ်တွယ်နေဆဲဖြစ်တဲ့ဖိုဆန်မှုကို လှစ်ဟာပြလိုက်သလိုပါပဲ (စိတ်ဝင်စားစရာက ဂျန်ဒါတို့၊ ဖီမီနင့်ဇင်တို့ကို အင်္ဂလိပ်စာလုံးတွေဆီကငှားရမ်းဝင်ရောက်လာလို့ အနောက်တိုင်းအင်ပို့လို့အလွယ်တကူစွပ်စွဲကြပေမဲ့ မာ့စ်ဝါဒီတို့၊ ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့လိုအခြားသော လစ်ဘရယ်အင်္ဂလိပ်စာလုံးတွေကိုကျတော့ အနောက်တိုင်းအင်ပို့လို့ချက်ချင်းမှတ်ယူလေ့မရှိကြတာ ဘာကြောင့်လဲ? ဖီမီနင့်ဇင်မြင်တိုင်း ပေါ်ပြူလစ်ဖီမီနင့်ဇင်လောက်ကိုသာ ရင်းနှီးကျွမ်းဝင်ဖူးတာမို့ ဖီမီနင့်ဇင်တိုင်းဟာ ယောင်္ကျားတွေကိုဖိနှိပ်ဖို့ကြိုးစားနေကြတယ်လို့ တစ်ဖက်သတ်မှတ်ယူနေကြလို့မရပါဘူး ဒီနေရာမှာ ထစ်ခနဲရှိ အင်္ဂလိပ်စာလုံးမြင်တိုင်း အနောက်တိုင်းအင်ပို့လို့မှတ်ယူစွပ်စွဲတာကျကတော့ အဲ့လိုစွပ်စွဲသူတွေကိုယ်နှိုက်က ကိုလိုနီစနစ်ကိုချွတ်ချသလိုလိုထင်ကောင်းထင်နိူင်ပေမဲ့ ဒါကကိုလိုနီစနစ်ကိုချွတ်ချရာမရောက်ပါဘူး အင်္ဂလိပ်စာလုံးတိုင်းက လူဖြူတွေဆီကလာတာမဟုတ်နေပါဘူး)

ဘိုတက်ချီကတော့ ဒီလိုဂျန်ဒါနဲ့ဖီမီနင့်ဇင်ဟာမင်းမဲ့သဘောတရားတို့၊ မာ့စ်သဘောတရားတို့နဲ့တိုက်ရိုက်မပတ်သတ်ဘူးလို့အမှတ်မှားနေတဲ့ကိစ္စကို မင်းမဲ့သဘောတရားသမိုင်းနဲ့ပါချီပြီး ဒီအဖွင့်ထဲမှာ အထုပ်ဖြေပြခဲ့တယ် ဒီနေရာမှာ ဘိုတက်ချီသေချာရှင်းပြခဲ့တဲ့ “’မ’မျိုးတုံးသတ်ဖြတ်ခြင်း” နဲ့ “’မိန်းမ’မျိုးတုံးသတ်ဖြတ်ခြင်း” ဆိုတဲ့အချက်နှစ်ချက်ဟာ ထင်သာမြင်သာရှိလှတယ် မိန်းမမျိုးတုံးသတ်ဖြတ်ခြင်းဟာ မိန်းမဆိုရင်မုန်းတီးလို့ နိူင်ငံတော်ကအစလိုင်စင်ပေးသတ်ဖြတ်တာတွေရှိသလို ‘မ’မျိုးတုံးသတ်ဖြတ်ခြင်းမျိုးကျတော့ မိန်းမဖြစ်နေမှမဟုတ်၊ ‘မ’သဘောတရားရှိနေတဲ့အရာတွေကို သတ်ဖြတ်သုတ်သင်တာမျိုးကိုဆိုလိုတာပဲ မိန်းမနဲ့ ‘မ’သဘောတရားကို ပေါ်ပြူလာဖီမီနင့်ဇင်တွေကတော့ တစ်သားတည်းလို့သာသတ်မှတ်ကြပေမဲ့ တကယ်တမ်း မိန်းမဖြစ်တိုင်း ‘မ’သဘောတရားရှိမနေနိူင်သလို ‘မ’သဘောတရားရှိတိုင်းလည်း မိန်းမဖြစ်မနေဘူးဆိုတာ ကျွန်မတို့ကိုပိုမိုသဘောပေါက်လာစေမိတယ် အဲ့တော့ ပြန်ပြီတော့တောင် စဥ်းစားရမှာက ဖီမီနင့်ဇင်အကြောင်းလုပ်ကိုင်နေကြတဲ့သူတိုင်း၊ အဖွဲ့တိုင်းဟာ ‘မ’သဘောတရားတွေကို လက်သင့်ခံကျင်းပနေကြသလား? ဒါမှမဟုတ် ၄င်းတို့ကိုယ်နှိုက်က ‘မ’သဘောတရားကို သူတို့ရဲ့လုပ်နည်းလုပ်ဟန်တွေထဲမှာ ပြန်လည်သုတ်သင်နေကြသလားဆိုတဲ့မေးခွန်းတွေပဲ

အထက်အောက်ဆန့်ကျင့်မှုတွေအတွက်လုပ်ရပ်နေကြတဲ့အန်နာခစ်ရပ်ဝန်းတွေမှာရော ဖို/မဆိုတဲ့ရှိနေပြီးသားဖြစ်တဲ့ အထက်အောက်ဆက်ဆံမှုတွေကိုရော ပြန်လည်နှိမ်နင်းနေကြသလား?

ဖီမီနင့်ဇင်ခေါင်းစဥ်အောက်ကနေအလုပ်လုပ်နေကြတဲ့အဖွဲ့တွေမှာရော ခေါင်းဆောင်မမကြီးတို့၊ နောက်လိုက်ညီမလေးတို့နဲ့ အထက်အောက်စနစ်တွေပြန်သုံးနေကြတုန်းပဲလား?

မင်းမဲ့သဘောတရားတွေဟာ ကျွန်မတို့မြန်မာပြည်အတွက်အလုပ်ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာကို ကျွန်မစဥ်းစားနေခဲ့မိတာ အချိန်ကာလတစ်ခုတော့ရှိပါပြီ လောလောဆယ်တော့ မြန်မာ အထူးသဖြင့် ဗမာရိုးရာတွေရဲ့ထုံးစံအရ အသက်အရွယ်အရသော်လည်းကောင်း၊ ဘွဲ့ဒီဂရီအရသော်လည်းကောင်း၊ ဝါအရသော်လည်းကောင်း လူတွေကို အထက်အောက်စနစ်တွေနဲ့ပြန်လည်ခေါ်ဝေါ်ဆက်ဆံနေကြရတဲ့ဓလေ့ရှိနေ‌သေးသရွေ့ မြန်မာပြည်မှာမင်းမဲ့အလုပ်အကိုင်တွေ ရှေ့မတိုးနိူင်ဘူးလို့ကျွန်မတော့ စိတ်ပျက်လက်ပျက်နဲ့ပဲမြင်မိတယ် ဒါကတော့ ဒေသန္တာရထဲမှာကိုရှိနေတဲ့ပြဿနာတစ်ခုကိုး ကျွန်မကိုဆိုရင်လည်း တစ်ခုခုဆို ဆရာမတပ်ခေါ်တာ၊ ဘွဲ့ဒီဂရီတစ်ခုခုကြောင့် ပိုသိနေတယ်၊ ပိုတတ်နေတယ်ထင်တာ ဒါမှမဟုတ် သူတို့ဟာ “မြေပြင်နဲ့ထိတွေ့နေလို့ပိုသိတာ၊ ပိုတတ်တာ” ဒါတွေဟာ လွတ်မြောက်ရေးရပ်ဝန်းတွေထဲမှာကိုက ပြန်လည်မွေးမြူထားတဲ့ မင်းမဲ့သဘောတရားနဲ့ဆန့်ကျင့်ဘက်ဖြစ်နေတဲ့အထက်အောက်စနစ်တွေပဲဖြစ်တယ် ဒါပေမဲ့ ဒီလိုမျိုးတွေကို ဒေသံန္တာရရိုးရာတွေမို့လို့ လက်သင့်ခံရမယ်ဆိုပြီးဆန့်ကျင့်ဖို့ခက်နေကြသေးတာကြောင့် မင်းမဲ့သဘောတရားတွေဟာ သီအိုရီလောက်မှာတင်ရပ်ပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ခက်နေကြသေးတယ်လို့ ကျွန်မတော့မြင်မိတယ် (ဘိုတက်ချီရေးခဲ့တဲ့အထဲက တစ်ကမ္ဘာလုံးနဲ့ပတ်သက်နေသည်ဟုယူဆသောသဘောတရား (universalism) နဲ့ အသေးစိတ်များကိုဦးစား‌ပေးသောသဘောတရား (particularism) ဆိုတဲ့အချက်ကိုလည်း ဒီကိစ္စနဲ့ချိတ်ဆက်စဥ်းစားကြည့်လို့ရနိူင်မယ်ထင်ပါတယ်)

ဘိုတက်ချီကလည်း ဒီအချက်ကို သူ့စာအုပ်အဖွင့်အခန်းမှာထည့်သွင်းထောက်ပြခဲ့တယ် “မင်းမဲ့သဘောတရားဆိုတာ အထက်က “စီစဥ်ပေးသူ” မရှိဘဲ အစီအစဥ်တကျ ဖြစ်နေခြင်းကိုရှာဖွေတာဖြစ်တယ်။ အမိန့်ပေးခြင်းတွေကနေမဆင်းသက်တဲ့ သူ့အလိုလိုပေါ်ပေါက်တည်ရှိနေတဲ့ ကူးလူးဆက်သွယ်ရေးကို ဆိုလိုတာဖြစ်တယ်။ မင်းမဲ့အယူအဆကို ဖရိုဖရဲကစဥ့်ကလျားဖြစ်ခြင်းနဲ့သာ အပေါ်ယံမှတ်ယူကြတဲ့သူတွေကတော့ (လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာနိုင်စေတဲ့)အမူအကျင့်ပုံစံတချို့တည်ရှိနေတဲ့ “အစီအစဥ်”ဆိုတာကို (လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာနိုင် စေရုံသာမက အများလိုချင်နှစ်ခြိုက်တဲ့လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်ဖို့ဆိုရင်) “အမိန့်”ပေးမှရတဲ့“အစီအစဥ်”ဆိုတာနဲ့ရောထွေးလိုက်ကြတယ်။” လို့ ဘိုတက်ချီရေးခဲ့တယ်

“ဆရာ”တွေ၊ “ဆရာမ”တွေမှမရှိတော့ရင်ပဲ ကျွန်မတို့ကမ္ဘာကြီးက ဇောက်ထိုးမိုးမျှော်ဖြစ်တော့မလိုလိုပေါ့ အမှန်တကယ်က ဦးဆောင်သူတွေမရှိဘဲနဲ့ရော နေသာထိုင်သာဖြစ်တဲ့ကမ္ဘာတစ်ခုကို ကျွန်မတို့တည်ဆောက်လို့ဖြစ်နိူင်မလား? စကားဝိုင်းတွေတိုင်းလိုလိုမှာ ကျွန်မကြားခဲ့ရဖူးတဲ့စကားတစ်ခွန်းလိုပေါ့ “ကျွန်တော်/မတို့အတွက် ခေါင်းဆောင်ကောင်းတွေလိုနေတာ ခေါင်းဆောင်ကောင်းမရှိလို့ ဒီလိုဖြစ်ကြရတာ” ဒါစကားဟာ ကျွန်မတို့တစ်ယောက်ချင်းစီရဲ့စဥ်းစားတွေးခေါ်နိူင်စွမ်းအားနဲ့လုပ်နိူင်စွမ်းအားတွေကို လှောင်ပြောင်သရော်လိုက်သလိုပါပဲ မသိရင်ကျွန်မတို့အားလုံးဟာ ငတုံး/ငအတွေလိုပါပဲ ကျွန်မတို့အားလုံးဟာ ဘာဆိုဘာမှမသိတဲ့ ငတုံး/ငအတွေပဲလား? လူတစ်ယောက်ဟာ အရာအားလုံးကို မသိနေနိူင်ဘူးဆိုတာတော့ အမှန်ပဲ ဒါပေမဲ့ ကျွန်မတို့တစ်ယောက်ချင်းစီမှာ ကိုယ်စိတ်ဝင်စားတဲ့၊ ပိုလုပ်တတ်နေတဲ့၊ ပိုသိနေတဲ့အကြောင်းအရာတွေရှိနေကြတယ် ဒါတွေကို အချင်းချင်းကြားဖလှယ်ပြီးဝေမျှကြမယ်ဆိုရင်ရော ကျွန်မတို့အလုပ်မဖြစ်နိူင်ဘူးလား? ဒီမေးခွန်းတွေဟာ အပေါ်ယံကြည့်ရင် စိတ်ကူးယှဥ်နေတယ်လို့ထင်ကောင်းထင်ရနိူင်ပေမဲ့ တကယ်တမ်းကပိုလို့တောင်လက်တွေ့ကျနေသေးတယ်

ဘိုတက်ချီနောက်ထပ်ထောက်ပြခဲ့တဲ့အချက်ကတော့ လူတန်းစားနဲ့ဂျန်ဒါနဲ့ကြားကဆက်စပ်နေမှုတွေပါပဲ အထက်က စိုင်းကြည်ဇင်စိုးတို့ဝေဖန်ခဲ့သလို ဂျန်ဒါတစ်ခုတည်းကိုကွက်ကြည့်ရင်တော့ ယောင်္ကျားတွေက ဘာလုပ်တယ်၊ မိန်းမတွေက ဘာဖြစ်တယ်နဲ့ပဲပြီးသွားမှာ‌ပေါ့လေ ဒါပေမဲ့ သူပေးခဲ့တဲ့ဥပမာကိုပြန်ကြည့်မယ်ဆိုရင်တောင် ညနက်အောင်အလုပ်လုပ်ရတဲ့ယောင်္ကျားဆိုတာမှာတောင် မနက်နေမြင့်အောင်အိပ်လို့ရတယ်ဆိုတဲ့အခွင့်ထူးခံစားမှုတစ်ခုရှိနေသေးတယ် အိမ်အလုပ်လုပ်ရတဲ့မိန်းမတစ်ယောက်မှာ “အလုပ်နားချိန်”ဆိုတာ တစ်သီးတစ်သန့်ရှိလို့လား?

ဘိုတက်ချီရဲ့စာထဲမှာလည်း မိန်းမတွေလုပ်ရတဲ့အိမ်မှုဗာဟီရဆိုတာကို အလုပ်လို့မထင်ကြ၊ မမြင်ကြရာကနေ ဒီလိုလူတန်းစားနဲ့ဂျန်ဒါကြားကချိတ်ဆက်နေတဲ့မညီမျှမှုတွေထွက်လာတာပဲလို့ရှင်းပြထားတယ် ဟိုတစ်လောက ဖြိုးသီဟတင်လိုက်တဲ့ပို့စ်ထဲကလိုပေါ့ မိခင်ဘဝကို‌ရွေးချယ်တဲ့မိန်းမတွေကလည်း မြင့်မြတ်ပါတယ်ဆိုလားဘာလား ဒါကလည်း အိမ်မှုအလုပ်ကိစ္စကို အရောင်ဝါဝါတောက်တောက်ပပလုပ်ပြီး မိန်းမတွေဆီကိုပြန်ရောင်းစားဖို့ကြိုးစားတာပဲလေ (ဖြိုးသီဟရဲ့ဒီလိုစာတွေကိုဖတ်ပြီး သူကို ယောင်္ကျားဖီမီနင့်ကြီးလို့ထင်နေကြသူတော့ရှိမလားမပြောတတ်ပါဘူး) လူဖြူဖီမီနင့်အရွေ့ကာလနောက်ပိုင်းမှာ ပိုမိုအင်အားကောင်းလာတဲ့ female empowerment အ‌ရွေ့တွေအရ မိန်းမတွေဟာ အိမ်အလုပ်တွေမလုပ်တော့ဘူး၊ အပြင်အလုပ်လုပ်တယ်၊ ဝင်ငွေရှာတယ် အင်မတန်ထက်မြက်တဲ့မိန်းမတွေပေါ့လေ (မြန်မာပြည်က ဖီမီနင့်ဇင်ကိုမုန်းတီးတဲ့ယောင်္ကျားတွေကလည်း အဲ့ဒါကြောင့် ဖီမီနင့်တွေကို ထက်မြက်တဲ့မိန်းမတွေလို့ရွဲ့ခေါ်ကြတယ်မလား)

တကယ်တမ်းက အပြင်အလုပ်ထွက်လုပ်တဲ့မိန်းမတွေရဲ့အိမ်တွေထဲမှာ အိမ်အလုပ်ကိုလစာယူလာလုပ်ပေးနေကြတဲ့ လူညို၊ လူမည်းမိန်းမတွေကိုကျတော့ရော ဘာလို့ ထက်မြက်တဲ့မိန်းမတွေလို့မခေါ်ကြတာလဲ? သူတို့လည်း အပြင်အလုပ်လုပ်ကြတာပဲလေ ဖြစ်ချင်တော့ သူတို့အိမ်ပြင်အလုပ်က အိမ်အလုပ်ဖြစ်နေတာကိုး ဒီလိုဖီမီနင့်ဇင်မျိုးကို ဖောင်ဆွာဘာရပ်ချ်ကတော့ civilizational feminism (ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဖီမီနင့်ဇင်) လို့ခေါ်တယ် ဒါကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ မိန်းမတွေကမှာရှေ့တန်းမှာပါလာကြတာမျိုးပေါ့ ဒါပေမဲ့လည်း အဲ့လို့ပါလာလို့ အိမ်မှုကိစ္စတွေက သူ့အလိုလိုပြီးသွားကြတာမှမဟုတ်တာ

ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက အခုလက်ရှိအရင်းရှင်စနစ်ခေတ်နှောင်းမှာတော့ လူချမ်းသာ အထူးသဖြင့် လူဖြူမိန်းမတွေကိုယ်နှိုက်ကိုက trad wife (traditional wife) လို့ခေါ်တဲ့ ရိုးရာဓလေ့ထုံးစံအရပြုကျင့်တဲ့အိမ်ထောင်သည်ဇနီးမယားဆိုတဲ့ trend တစ်ခုကိုပြန်တီထွင်လာကြပြန်တာပဲ ဒါက ဖြိုးသီဟရဲ့အာဘော်လိုမျိုးပေါ့ ပုခက်လွှဲတဲ့လက်တွေလည်း ကမ္ဘာကိုလွှမ်းတယ်ဆိုသလို အိမ်မှုကိစ္စလုပ်တာကလည်း မိန်းမတွေအတွက်ကောင်းတဲ့အလုပ်တစ်ခုပါပဲဆိုပြီး ပြန်အချဥ်ထည့်တာပေါ့လေ တကယ်တမ်းက trad wife movement ကိုလုပ်လာကြတဲ့ ဆိုရှယ်မီဒီယာပေါ်ကမိန်းမတွေကိုကြည့်မယ်ဆိုရင်ကိုပဲ သူတို့ကိုယ်နှိုက်ကိုက ပိုက်ဆံကျိကျိတက်ချမ်းသာနေတဲ့မိန်းမတွေ၊ လူလတ်တန်းစားမိန်းမတွေသာဖြစ်နေတာကိုပဲတွေ့ရလိမ့်မယ် အိမ်မှုဗာဟီရကို အရသာခံစိတ်ကူးယဥ်ဖို့အချိန်တောင်မရှိတဲ့၊ အိမ်အလုပ်ရော အပြင်အလုပ်ပါလုပ်နေကြရတဲ့မိန်းမတွေအတွက်က trad wife ဆိုတာဂျိုနဲ့လားလို့တောင် ပြန်မေးယူရမယ်

ဘိုတက်ချီရဲ့ဆောင်းပါးထဲကနေ ကျွန်မစိတ်ထဲမတင်မကျဖြစ်မိတာတစ်ခုကတော့ ဖြစ်တည်မှုလေဘယ်တွေကနေကျော်လွန်ပြီးတော့တည်ဆောက်သင့်တဲ့ဖီမီနင့်ဇင်ဆိုတဲ့အချက်ပါပဲ အထက်အောက်စနစ်တွေကိုဖျက်ချတဲ့အခါ ကျွန်မတို့ခန္ဓာကိုယ်တွေကိုပါပညတ်ချက်ထုတ်ထားတဲ့လေဘယ်တွေကိုပါဖျက်ချရမယ်ဆိုတဲ့အဆိုကို ယေဘုယျအားဖြင့် လက်သင့်ခံပေမဲ့ အဲ့ဒီလိုမျိုး လေဘယ်တွေမရှိတော့တဲ့အချိန်နေရာဟာ ဘယ်လိုမျိုးများဖြစ်မလဲဆိုတာ ကျွန်မအတွက်မသဲမကွဲဖြစ်မိတယ်

ဘိုတက်ချီရေးတာကတော့ “လူတစ်ဦးက မိမိကိုယ်ကို လက်တင်အမေရိကန် (သို့) တရုတ်အန်နာခါဖီမီနင့်လို့ ခေါ်ဝေါ်လို့ရပေမဲ့ အဲ့ဒီလေဘယ်တွေကို လှေကားတစ်ခုလိုပြန်သုံးပြီး  အဲ့ဒီလေဘယ်တွေကနေတဆင့်သာစဥ်းစားတွေးခေါ်တတ်ခြင်းကို ဖြိုချတတ်ရမယ်လို့ ငါတို့ယုံကြည်တယ်။ အန်နာခါဖီမီနင့်ရိုးရာရဲ့ရှင်သန်မှုဟာ နိူင်ငံတော်နယ်နိမိတ်တွေ၊ နည်းလမ်းတကျဖြစ်နေတဲ့ အမျိုးသားရေးဝါဒတွေ၊ ကမ္ဘာ့မြောက်ပိုင်းက ရာဒီကယ်သီအိုရီတွေထဲမှာတောင် ဆက်လက်ရှင်သန်နေဆဲဖြစ်တဲ့ ဥရောပစံပြုဘက်လိုက်မှုတွေကိုပါ ကျော်လွန်နိူင်မနိူင်ဆိုတာအပေါ်မှာ အများကြီးမူတည်နေတယ်။ ထင်သာမြင်သာဖြစ်စေတဲ့ဥပမာကတော့ (post-structuralist ဖီမီနင့်ဇင်ဖြစ်စေ၊ ရာဒီကယ်ဖီမီနင့်ဇင်ဖြစ်စေ၊ ဒါမှမဟုတ် ဆိုရှယ်လစ်ဖီမီနင့်ဇင်ဖြစ်စေ) အနောက်ပညာရှင်ရပ်ဝန်းမှာလည်ပတ်နေတဲ့ ဖီမီနင့်ကိရိယာတချို့ဟာ နိူင်ငံအနည်းငယ်ကနေသာထွက်ပေါ်လာတဲ့သီအိုရီတွေအပေါ်မှာသာ အခြေခံထားတဲ့ဖီမီနင့်ဇင်တွေဖြစ်နေတာပဲ။”

ဒီအချက်ဟာ ပြည်ပရောက်မြန်မာလူငယ်တွေနဲ့စကားပြောဖြစ်တိုင်း ကျွန်မလည်းဆွေးနွေးမိတဲ့အချက်တစ်ခုပဲ ဒါက ပြည်ပရောက်နေကြတဲ့မြန်မာတွေအဖို့ လူမျိုးစုနောက်ခံဖြစ်တည်မှုတွေအရစုစည်းရုန်းကန်လှုပ်ရှားဖို့ကြိုးစားတာတွေမှာ လိုအပ်ချက်တွေရှိနေသေးတုန်းပဲဆိုတာကိုစဥ်းစားမိကြတာပေါ့လေ ဥပမာ – အမေရိကန်ရောက်မြန်မာဒိုင်ရာစပရာကိုပဲကြည့်မယ်ဆိုရင် အင်မတန်ကျယ်ပြန့်တယ် နိူင်ငံရေးခိုလှုံခွင့်နဲ့လာကြတဲ့သူတွေရှိသလို မိဘပိုက်ဆံရှိလို့ကျောင်းတက်ဖို့လာကြတဲ့သူတွေရှိတယ် အမေရိကန်မှာမွေးပြီး မိခင်ဘာသာစကားတွေမပြောတတ်ကြတော့တဲ့မြန်မာတွေရှိမယ် ဒါပေမဲ့ ဒါကို အမေရိကန်‌ရောက်မြန်မာများဆိုတဲ့ခေါင်းစဥ်အောက်ကနေ အတင်းအဓ္ဓမသွတ်သွင်းပြီး အလုပ်အတူတူလုပ်ဖို့ကြိုးစားကြတဲ့အခါမှာ အဆင်မပြေတာတွေဖြစ်လာတာတွေတွေ့ရတယ် ဥပမာ – အမေရိကန်စစ်တပ်မှာအလုပ်လုပ်ခဲ့တဲ့ မီမီဝင်းဘတ်လို အမေရိကန်အင်ပိုင်ယာစနစ်နဲ့စစ်တပ်စနစ်ကိုအားပေးထောက်ခံတဲ့သူတစ်ယောက်ကို အော် သူလည်းမြန်မာပြည်အရေးအလုပ်လုပ်နေတာပါပဲဆိုပြီး လက်တွဲအလုပ်လုပ်ဖို့ခက်တယ် စစ်စနစ်ကိုတော်လှန်တဲ့နေရာမှာ မြန်မာပြည်က စစ်အာဏာရှင်မှမဟုတ်ဘူး၊ အမေရိကန်စစ်တပ်စနစ်ကိုပါတော်လှန်ကြမယ်ဆိုရင် မြန်မာမိန်းမတစ်ယောက် စစ်ဗိုလ်မှူးဖြစ်နေတာကို ကျွန်မတို့က ဖီမီနင့်ကြီးဆိုပြီး သရေတမျှားမျှားကျကြိုက်နှစ်သက်နေစရာအကြောင်းမှမရှိတာ အဲ့ဒီလိုဖီမီနင့်ဇင်မျိုးက အထက်က civilizational feminism အသွင်တစ်မျိုးသာဖြစ်တယ် အဲ့တော့ သူလည်းမြန်မာဖြစ်နေလို ငါလည်းမြန်မာဖြစ်နေလို့ဆိုပြီး ဖြစ်တည်မှုလေဘယ်ဘောင်တွေထဲကနေသာ အလုပ်လုပ်ကြမယ်ဆိုရင် အမျိုးသားရေးဆန်ဆန်တွေသာပြန်ဖြစ်သွားမယ်လို့ ဘိုတက်ချီကသတိပေးထားတယ်

ကျွန်မအတွက် မတင်မကျဖြစ်မိတာက ဒါဆို ကျွန်မတို့ရဲ့ဖြစ်တည်မှုတွေကိုအခြေခံပြီး ပိုမိုကျယ်ပြန့်တဲ့လက်တွဲလုပ်ဆောင်မှုတွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတဲ့မေးခွန်းကို စဥ်းစားမိလို့ပဲ ဒီအလုပ်ကခက်နေတယ် အထူးသဖြင့် မြန်မာပြည်ရပ်ဝန်းထဲက မာ့စ်ဖီမီနင့်/ ဆိုရှယ်လစ်ဖီမီနင့်ဇင်ခေါင်းစဥ်အောက်ကနေ အလုပ်လုပ်နေကြသူတွေကိုယ်နှိုက်ကိုက ပြည်တွင်းထဲကသူတွေက ပြည်ပရောက်မြန်မာတွေထက် ပိုပြီး on the ground ဖြစ်တယ်ဆိုတဲ့ သိမှုအထက်အောက်စနစ်မျိုးကို ပြန်လည်လက်ကိုင်ထားကျင့်သုံးနေကြဆဲဖြစ်တယ်ဆိုတာကို ကျွန်မသတိထားလာမိတယ် ပြည်တွင်း/ပြည်ပနယ်နိမိတ်အရပြန်လည်ခွဲခြားလိုက်ရုံတင်မက မိခင်ဘာသာစကားမပြောတတ်တဲ့ ဒုတိယမျိုးဆက်တွေဆိုရင်လည်း ဘာသာစကားအရ ပြန်လည်ဘောင်ခတ်လိုက်တာတွေ၊ linguistic hierarchy ဘာသာစကားအရအထက်အောက်ပြန်ခွဲခြားတာတွေကိုလုပ်နေတာဟာ ဘိုတက်ချီဆိုလိုချင်တဲ့ မင်းမဲ့သဘောတရားနဲ့ပြောင်းပြန်ဖြစ်နေပြန်တယ် နောက်တစ်ခုက မာ့စ်ဝါဒီတို့၊ မင်းမဲ့သဘောတရားတို့ကိုကျင့်သုံးတယ်ဆိုတဲ့လူဖြူတွေကိုကျတော့ သူတို့ရဲ့ဝါဒီတွေကြောင့်ပဲ သူတို့ရဲ့လူဖြူဖြစ်တည်မှုတွေကိုရော ကျွန်မတို့က မျက်ကွယ်ပြုလိုက်သင့်သလားဆိုတဲ့မေးခွန်းပဲ ကျွန်မအတွက် ဒီအချက်နဲ့ပတ်သက်ပြီး ဘိုတက်ချီရဲ့အာဘော်ကနေဆက်အကျယ်ဖြန့်မိတာက ဖြစ်တည်မှုဘောင်တွေကိုကျော်လွန်လုပ်ကိုင်ဖို့ ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုတွေကြောင့်ရှိနေတဲ့ အခွင့်ထူးခံစားမှုတွေကို ဆင်ခြင်နိူင်ဖို့လည်းလိုတယ်ဆိုတဲ့အချက်ပဲ

ဘိုတက်ချီရဲ့အဆိုထဲမှာ ကျွန်မအတွက်သဘောအကျမိဆုံးအာ‌ဘော်ကတော့ “ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ “အသွင်မတူကွဲပြား”တဲ့လူတွေကိုပဲ ထမင်းစားပွဲကိုဖိတ်တာမျိုးမဟုတ်ဘူး။ ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ ထမင်းစားပွဲအစီအစဥ်တွေအကုန်လုံးကို ပြောင်းလဲပစ်ခြင်းမျိုးကိုဆိုလိုတာ။” ဆိုတဲ့အချက်ပါပဲ လက်ရှိမှာက လွတ်မြောက်ရေးလုပ်ငန်းတွေမှာပါ လူမျိုးစုပေါင်းစုံကိုဖိတ်ခေါ်တာ၊ ဂျန်ဒါစုံစုံလင်လင်ပါစေတာ အစရှိတဲ့စုံလင်ကွဲပြားရေးမူဝါဒကို ဦးစားပေးပြောဆိုလာကြတာတွေတွေ့လာနေရပြီမဟုတ်ပါလား ဒါပေမဲ့ စုံလင်သွားတိုင်း ကောင်းသွားသလားဆိုတဲ့မေးခွန်းကိုတော့ သိပ်မမေးကြသေးတာကိုတွေ့ရတယ် (တစ်ဆင့်ပြီးမှတစ်ဆင့်၊ မိန်းမတွေအရင်ပါအောင်လုပ် ပြီးမှကျန်တာတွေဆက်ပြောလို့တော့ ကျွန်မကိုပြန်ပြောမလားတော့ မပြောတတ်ပါဘူး) အဲ့ဒါကြောင့်လည်း manel ပွဲဖြစ်တုန်းကလည်း ဒီအချက်ကို ကျွန်မထောက်ပြခဲ့တာပဲ မိန်းမတွေပါတိုင်း၊ ဂျန်ဒါတွေစုံလင်သွားတိုင်း စကားဝိုင်းကပိုကောင်းသွားသလား? ဒါမှမဟုတ် ဖြစ်တည်မှုလေဘယ်တွေအစုံအပြင် သူတို့တွေရဲ့နိူင်ငံရေးနဲ့လွတ်မြောက်ရေးအယူအဆက ကျွန်မတို့နဲ့ပိုသင့်မြတ်တာက ပိုကောင်းမလား? ဒီလိုပြောလို့လည်း တချို့က ဒါဆို မီဆိုမိန်းမတွေ၊ စစ်သေနာပတိမိန်းမတွေကိုလည်း အိုင်ဒီယာစုံလင်အောင်ဖိတ်မယ်ဖြစ်သွားကြတယ် ဒါကလည်း တစ်လွဲကြီးပဲ

ကျွန်မအတွက်ကတော့ ဘိုတက်ချီရေးခဲ့သလို ထမင်းစားဝိုင်းကြီးကိုမြေလှန်ပစ်ချင်တာပါပဲ အခုလက်ရှိတော်လှန်ရေးခေါင်းစဥ်အောက်ကနေ လုပ်နေကြတဲ့ပညာရေးရပ်ဝန်းတွေကိုပဲ ဥပမာကြည့်ရင် လွတ်မြောက်‌ရေးအတွက် နိူင်ငံရေးပညာရေးပေးတာထက် နောက်ဆုံးမှာ အနောက်တိုင်းက စီးပွားရေးဆန်ဆန်လည်ပတ်တဲ့ ခရစ်ဒစ်စနစ်၊ ဒီပလိုမာပေးရေးစနစ်နဲ့ပဲပြန်သွားတဲ့စနစ်တွေဖြစ်သွားကြတာဟာ ဒီထမင်းစားပွဲဟောင်းကြီးမှာပဲ ကျွန်မတို့ အင်္ကျီအသစ်ဝတ်ပြီးပြန်ဝင်ထိုင်လိုက်ကြသလိုပါပဲ

ဘိုတက်ချီရဲ့စာအုပ်အဖွင့်ထဲက အခြားသောဆက်လက်ဆွေးနွေးသုံးသပ်ချင်တဲ့အချက်တွေအများကြီးရှိပေမဲ့ စာလည်းရှည်နေပြီမို့ ဒီနေရာမှာပဲ ကျွန်မရဲ့သုံးသပ်ချက်ကိုရပ်လိုက်ပါမယ် ဘိုတက်ချီရဲ့ဝေဖန်ထောက်ပြမှုတွေအပြင် သူပြန်လည်ထုတ်လုပ်အကြံဉာဏ်ပေးသွားတဲ့ ပလူရယ်ဗာစီတီတို့၊ သူ့စာအုပ်တစ်အုပ်လုံးမှာ အခြေခံရေးသားထားတဲ့ “ဝေဖန်ပိုင်းခြားရေးဆိုင်ရာကိုလိုနီသဘောတရား” တို့ကလည်း သေချာဖြန့်ကျက်စဥ်းစားစရာပါပဲ ဒါတွေကို စာဖတ်သူတွေ ကိုယ်စိတ်ဝင်စားရင်စိတ်ဝင်စားသလောက် ကိုယ်တွေ့လုပ်ကိုင်နေမှုတွေနဲ့ဆက်စပ်စဥ်းစားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဘိုတက်ချီရဲ့စာအုပ်အဖွင့်ဘာသာပြန်ထဲက သူ့ရဲ့အာဘော်တွေထဲက ဘယ်အချက်တွေကို သဘောကျမိပြီး ဘယ်အချက်တွေကိုတော့ မတင်မကျဖြစ်မိကြသလဲ ကျွန်မလည်းစိတ်ဝင်စားမိပါတယ် အဓိကကတော့ ဘိုတက်ချီကိုယ်တိုင်ထည့်သွင်းထောက်ပြခဲ့တဲ့ “သီအိုရီထုတ်ခြင်းအမှုမှာ ကိုလိုနီသဘောတရားတွေစိမ့်ဝင်နေတဲ့တွေးခေါ်မှုတွေနဲ့ မသိမသာခံစားချက်တွေရဲ့လွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာကို မထောက်ပြဘဲ ဝေဖန်ပိုင်းခြားရေးသီအိုရီတစ်ခုခုကို တင်ပြတာဟာ ရှေ့နောက်မညီတဲ့သရုပ်ဆောင်မှုတွေသာဖြစ်တယ်။ ပညာရှင်က ဝေဖန်ချက်တစ်ခုကို အဆိုတင်သွင်းတဲ့နေရာမှာ အဲ့ဒီပညာရှင်ရဲ့ကိုယ်ပိုင်သီအိုရီထုတ်မှုတွေအပေါ်မှာ မသိမသာသက်ရောက်နေတဲ့ လူမျိုးရေးဆိုင်ရာစီစဥ်မှု (ဒါကို ဘယ်သူကမှရှောင်ရှားနိူင်ပါဘူး) တွေကို စနစ်တကျမျက်ကွယ်ပြုထားတာကို ရှေ့နောက်မညီတဲ့ သရုပ်ဆောင်မှုလို့ခေါ်ရမှာပဲ။ ဒီအကြောင်းရင်းကြောင့်လည်း ကိုလိုနီစနစ်ကနေချွတ်ချခြင်းဆိုတာ တစ်ပြိုင်နက်တည်း အကုန်လုံးကိုလုပ်လို့ရမှာမဟုတ်ဘဲ အချိန်ကာလအတိုင်းအတာတစ်ခုယူပြီး လွှမ်းမိုးမှုအလွှာအသီးသီးကို စိတ်ရှည်လက်ရှည်နဲ့ပြန်အထုပ်ဖြေတတ်တဲ့ “ကိုလိုနီစနစ်ကိုချွတ်ချခြင်းစိတ်ဓါတ်” ရှိကြရမှာဖြစ်တယ်။” ဆိုသလို ကျွန်မတို့ရဲ့လွတ်မြောက်ရေးဟာ အခုရေတွင်းတူး အခုရေကြည်သောက်လို့ရမှာမဟုတ်တဲ့အတွက် စိတ်ရှည်လက်ရှည်နဲ့ ကိုယ်သိတာကို မသိတဲ့သူနဲ့၊ ကိုယ်မသိတာကို သိတဲ့သူဆီက အထက်အောက်စနစ်တွေဖယ်ခွာပြီးလေ့လာလုပ်ကိုင်သွားကြရမှာသာဖြစ်တယ်လို့သာ နှလုံးသွင်းနိဂုံးချုပ်လိုက်ရပါတော့တယ်

 

ပုံ – ကားလမ်းဘေးဘုရားပန်းဆိုင်တစ်ဆိုင်ထဲထိုင်နေကြသောပန်းသည်အမျိုးသမီးများ

 

ချီအာရာဘိုတက်ချီရဲ့ “မိတ်ဆက် – ဝေဖန်သုံးသပ်ချက်တစ်ခုအသွင်ဖီမီနင့်ဇင်” စာအုပ်အဖွင့်အခန်းဘာသာပြန်

အပိုင်း ၁ – https://machinthe.noblogs.org/post/2024/01/12/%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%80%e1%80%ba-%e1%80%9d%e1%80%b1%e1%80%96%e1%80%94%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%95%e1%80%ba%e1%80%81%e1%80%bb/

အပိုင်း ၂ – https://machinthe.noblogs.org/post/2024/02/15/131/

အပိုင်း ၃ – https://machinthe.noblogs.org/post/2024/04/01/%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%80%e1%80%ba-%e1%80%9d%e1%80%b1%e1%80%96%e1%80%94%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%95%e1%80%ba%e1%80%81%e1%80%bb-%e1%81%83/

အပိုင်း ၄ – https://machinthe.noblogs.org/post/2024/05/29/%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%80%e1%80%ba-%e1%80%9d%e1%80%b1%e1%80%96%e1%80%94%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%95%e1%80%ba%e1%80%81%e1%80%bb-2/

 

ကျွန်မ‌‌ရေးသားခဲ့သော “ယောင်္ကျားဖီမီနင့်” ဆောင်းပါး

https://machinthe.noblogs.org/post/2024/04/14/%e1%80%9a%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b9%e1%80%80%e1%80%bb%e1%80%ac%e1%80%b8%e1%80%96%e1%80%ae%e1%80%99%e1%80%ae%e1%80%94%e1%80%84%e1%80%b7%e1%80%ba/

 

ကျွန်မရေးသားခဲ့သော “ထိုင်ခုံတစ်ခုံစာ” ဆောင်းပါး

https://machinthe.noblogs.org/post/2023/10/06/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%af%e1%80%b6%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%af%e1%80%b6%e1%80%85%e1%80%ac/

 

ဖောင်ဆွာဘာရပ်ချ် (Françoise Vergès) ကို သူ့ရဲ့ A Decolonial Feminism (ကိုလိုနီစနစ်ကိုချွတ်ချခြင်းဆိုင်ရာဖီမီနင့်ဇင်) အကြောင်းမေးထားသော အင်တာဗျူးဆောင်းပါး

https://gal-dem.com/francoise-verges-on-why-intersectional-feminism-falls-short/

သကာရည်နှင့်သရပီ

“သူရေးတာတွေက နည်းနည်း negative ဖြစ်တယ်လို့ခံစားရတယ်”

ဒါက လွန်ခဲ့သောတစ်နှစ်လောက်က ကျွန်မရဲ့စာတွေနဲ့ပတ်သက်ပြီးဝေဖန်တုံ့ပြန်ထားတဲ့ကော့မန့်တစ်ခုပါ အဲ့ဒီကော့မန့်ကိုဖတ်ပြီး ကျွန်မအနေနဲ့ စာရေးခြင်းအမှု (အထူးသဖြင့် စနစ်တကျဖြစ်ပျက်နေတဲ့ခွဲခြားဆက်ဆံမှုတွေ၊ စနစ်တွေအကြောင်းရေးကြတဲ့အခါ) တွေမှာ စာရေးသူတွေ၊ content creator တွေ၊ အင်ဖလူရန်ဆာတွေ၊ မိမိကိုယ်ကို ဆရာကြီးတွေ ဆရာမကြီးတွေလိုခံယူထားသူတွေအနေနဲ့ စာဖတ်သူအပေါ်ဘယ်လိုစိတ်ခံစားချက်တွေရရှိအောင်ရည်ရွယ်ပြီးရေးကြသလဲဆိုတဲ့အကြောင်းကို မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုထွန်းကားလာတဲ့ သရပီ (therapy) culture နဲ့ ဒီနေ့ချိတ်ဆက်ပြီး စဉ်းစားချင်တယ်

ကျွန်မစာ‌တွေနဲ့ပတ်သက်ပြီး အပေါ်က ကော့မန့်ကိုပေးခဲ့တဲ့သူရဲ့စိတ်ခံစားချက်ကို ကျွန်မအထူးနားလည်ပါတယ် ကျွန်မဆောင်းပါးတော်တော်များများကလည်း ဝေဖန်ဆင်‌ခြင်ရေးရှုထောင့်ကရေးလေ့ရှိတာမို့ ကျွန်မစာတွေကဖတ်လိုက်ရင် ဝေဖန်လေကန်နေတာပဲလို့ စာဖတ်သူတွေအနေနဲ့ ခံစားရကောင်းခံစားကြရမှာပါပဲ စနစ်တွေရဲ့မတရားမှုတွေကို တွေ့သိခံစားလာရပြီးတဲ့နောက် ကျွန်မအနေနဲ့ ချီးပုံကြီးကို သကာရည်လောင်းပြီး မစားရဝခမန်းသူများတွေကို ကျွေးရမှာကတော့ လက်တွန့်တဲ့အလုပ်တစ်ခုလိုဖြစ်လာတာပါပဲ အဲ့ဒါကြောင့်လည်း ကျွန်မစာတွေက စာဖတ်သူတွေကို ဘယ်လိုတိုးတက်စေရေး၊ စိတ်ခွန်အားပေးသနားရေးအစရှိတဲ့ “တက်ကျမ်း”တွေရဲ့အာဘော်တွေထက် ပတ်ဝန်းကျင်မှာ စိမ့်ဝင်နေတဲ့ စနစ်တွေရဲ့ ကျွန်မတို့တစ်ယောက်ချင်းစီအပေါ်၊ အစုအဖွဲ့အလိုက်အပေါ်သက်ရောက်နေတာကို မိမိကိုယ်ကိုဆင်ခြင်ဖို့အတွက်၊ ဆင်ခြင်ရင်းနဲ့ရေးမိတာပါပဲ မည်သူတစ်‌ဦးတစ်ယောက်ကိုမှ ကျွန်မစာတွေကို (ကိုယ်မဖတ်ချင်ဘဲ) ဖတ်ကြရမယ်လို့ အတင်းတိုက်တွန်းဖို့ ရည်ရွယ်ချက်လည်းမရှိပါဘူး (ဒါတောင်မှ လွန်ခဲ့သော ၂ နှစ်လောက်က “နူးညံ့ပျော့ပြောင်းခြင်းရဲ့ခွန်အား” ဆောင်းပါးရေးဖြစ်တော့ ကျွန်မဆိုလိုချင်တာနဲ့ ဖတ်ဖြစ်တဲ့သူတွေထင်သွားကြတာတွေ တလွဲကြီးဖြစ်နေမလားလို့ ခုထိစဉ်းစားနေမိတုန်းပဲ)

သို့ပေသိ ဒီနေရာမှာ ကျွန်မဆက်ဆင်ခြင်မိတာက ကျွန်မကပဲ လောကကြီးကို negative မျက်လုံးနဲ့ကြည့်တတ်လို့ ကျွန်မစာတွေဟာ negative ဖြစ်နေတာလား? ဒါမှမဟုတ် တဖြည်းဖြည်းဆုတ်ယုတ်နေတဲ့၊ ကျွန်မတို့လို သာမန်လူတန်းစားအဖို့ မျှော်လင့်ချက်ဆိုတာ တံလျှပ်လိုသာကျန်ရှိနေတော့‌တဲ့ခေတ်ရဲ့ သရုပ်မှန်တွေကို အများစုက (အထူးသဖြင့် အုပ်ချုပ်သူလူတန်းစား၊ အာဏာရှင်၊ သူဌေးတွေက ကျွန်မတို့ကို မသိစေချင်တာတွေ၊ မစဉ်းစားစေချင်တာတွေ၊ မေးခွန်းမထုတ်စေချင်တာတွေကို) စာလုံးနဲ့ချရေးမိလို့ ကျွန်မစာတွေက negative ဖြစ်နေတာလား? ဒီမေးခွန်းတွေကိုတော့ စိတ်ဝင်စားမိတယ်

သရပီ (မြန်မာလိုတော့ စိတ်ကုထုံးလို့ဆိုရမလားမသိပါဘူး) တွေရဲ့အရေးပါအရာရောက်မှုကို သရပီရယူဖူးတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မကိုယ်တိုင်လည်း အသိအမှတ်ပြုတယ်ဆိုတာ အရင်စကားခံချင်ပါတယ် ဥပမာ – ကျွန်မအတွက် မိသားစုမျိုးရိုးစဉ်ဆက်အလျောက်ခံစားလာရတဲ့ ထရော်မာတွေဖြစ်တဲ့ ဂျန်ဒါအရဖိနှိပ်မှုတွေ (မိသားစု‌ထဲမှာ မိန်းမတွေရဲ့ပညတ်ခံထားပြီးသားဖြစ်တဲ့အခန်းကဏ္ဍတွေအကြောင်း)၊ လိင်အခြေပြုဖိနှိပ်မှုတွေကနေတဆင့် ချိတ်ဆက်နေတဲ့အခြားသောဖိနှိပ်မှုအသွင်များကို သရပီလုပ်ရင်းကနေ စကားလုံးနဲ့ဖွင့်ဟပြောဆိုရင်း သဘောပေါက်လာရတာပဲ

ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း သရပီရဲ့အကျိုးဟာ တစ်ပိုင်းတစ်စမှာပဲ ရပ်တန့်သွားတယ်ဆိုတာ သရပီယူရင်း ၂ နှစ်လောက်ရှိတဲ့အခါမှာ ကျွန်မသဘောပေါက်လာခဲ့တယ်

အရင်ဆုံး မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာတဲ့သူတစ်ယောက်အနေနဲ့ သရပီဆိုတာ ကျွန်မအတွက် အင်မတန်စိမ်းတဲ့၊ အနောက်တိုင်းဆန်တဲ့အပြုအမူတစ်ခုလို့သာမှတ်ယူခဲ့တယ် အနောက်နိူင်ငံမှာကျောင်းတက်ဖြစ်တော့ တက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေအတွက် အနည်းဆုံး တစ်ပတ်တစ်ခါ သရပီယူလို့ရတဲ့ counselor တွေထားပေးထားတယ်ဆိုတာသိပေမဲ့ မြန်မာပီပီ ကျွန်မဂရုမမူမိခဲ့ဘူး

သရပီကို အရင်ဆုံးရောက်လာခဲ့တာကတော့ လွန်ခဲ့တဲ့ ၇ နှစ်လောက်မှာ ကျွန်မရဲ့အရင်ပါတနာရဲ့ ကျွန်မအပေါ် (ခန္ဓာကိုယ်အရ)အိမ်တွင်းအကြမ်းဖက်မှုကိုကျူးလွန်ခဲ့ရာကနေက စတယ်လို့ဆိုရမှာပဲ အရင်ပါတနာနဲ့ကျွန်မနဲ့ပေါင်းသင်းဆက်ဆံခဲ့ဝာာ စုစုပေါင်း ၆ နှစ်လောက်ကြာခဲ့ပေမဲ့ စစတွဲချင်း ၁ နှစ်ကနေစပြီး ကျွန်မအပေါ် ကိုယ်ထိလက်ရောက်အကြမ်းဖက်တာတွေရှိလာခဲ့တယ် ဒါပေမဲ့ ဗမာထုံးတမ်းအရ မိမိရဲ့ပါတနာဟာ မိမိအပေါ်နိူင်ထက်စီးနင်းကျင့်တာ (အထူးသဖြင့်ကိုယ်ထိလက်ရောက်အကြမ်းဖက်တယ်ဆိုတာ) အင်မတန်ရှက်စရာ၊ ကိုယ့်အိမ်ကအရှုပ် အများအလယ်ထုတ်မပြနဲ့လို့သင်ကြားခံခဲ့ရတဲ့သူပီပီ ဘယ်သူ့ကိုမှ ကျွန်မမပြောပြခဲ့ဘူး ဘာမှမဖြစ်သလိုပဲဟန်ဆောင်နေခဲ့တယ် အဲ့လိုနေရင်းနဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဟာ အင်မတန်ဆိုးဝါးတဲ့အတွက် မြို့ကရဲတွေဘာတွေပါ ဝင်ပါခဲ့တဲ့အထိဖြစ်ခဲ့တယ်

(ဒီနေရာမှာ အခုလက်ရှိ အဘောလစ်ရှင်းသဘောတရားတွေနဲ့ ထိန်းချုပ်ချုပ်နှောင်မှုကိုအားပေးတဲ့ဖီမီနင့်ဇင်အကြောင်းတွေကို ဖတ်ရှုလေ့လာဖြစ်လာတဲ့တောက်လျောက် ဒီလို ရဲတွေပါဝင်ပါလာခဲ့ရတဲ့ကျွန်မရဲ့အိမ်တွင်းအကြမ်းဖက်ခံခဲ့ရမှုအခြေအနေကို အခုချိန်ထိ ကျွန်မပြန်စဉ်းစားသုံးသပ်မိနေတုန်းပဲ ဒီနေရာမှာ ကျွန်မက ကျွန်မပါတနာကို တရားမစွဲခဲ့ပေမဲ့ ကျွန်မအဲ့တုန်းကနေခဲ့တဲ့ပြည်နယ်ရဲ့ဥပဒေအရ အိမ်တွင်းအကြမ်းဖက်မှုရီပို့တင်တာနဲ့တစ်ပြိုင်နက် ရဲဟာ အစွပ်စွဲခံရတဲ့သူကို ချက်ချင်းအချုပ်ထဲသွင်းတယ်ဆိုတဲ့ ထိန်းချုပ်ချုပ်နှောင်မှုလောဂျစ် (carceral logic) ဟာ အင်မတန်ကြီးစိုးတယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ် ဒီအကြောင်းကတော့ နောက်မှသေသေချာချာရေးပါဦးမယ်)

အဲ့အချိန်မှာ တက္ကသိုလ်ရဲ့မူဝါဒအရ အိမ်တွင်းအကြမ်းဖက်မှုတစ်ခုခုကို ရီပို့လုပ်တာနဲ့တစ်ပြိုင်နက် သူတို့ “victim” လို့သတ်မှတ်တဲ့သူ ကျွန်မကို သရပီမယူမနေရဆိုပြီးယူခိုင်းရာကနေ ကျွန်မနဲ့သရပီနဲ့ စတင်ရင်းနှီးကျွမ်းဝင်တယ်လို့ဆိုရမယ် ဒီလိုနဲ့ သရပစ် (therapist) နဲ့စကားတွေပြောရင်းပြောရင်း ကျွန်မတွေ့ကြုံခဲ့ရတဲ့ intimate partner violence လို့ခေါ်တဲ့ မိမိနဲ့ရင်းနှီးကျွမ်းဝင်သူပါတနာကနေကျူးလွန်တဲ့အကြမ်းဖက်မှုဟာ တကယ်တမ်းတော့ ကျွန်မရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝကနေ မိမိမသိလိုက်ဘဲ လက်ဆင့်ကမ်းရယူလာတဲ့ မျိုးရိုးစဉ်ဆက်ထရော်မာတွေနဲ့ အများကြီးချိတ်ဆက်နေတယ်ဆိုတာကို တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ် ပါတနာနဲ့ဖြစ်တဲ့ကိစ္စတွေဟာ ကျွန်မနဲ့ကျွန်မအမေကြားထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ အများကြီးဆင်တူယိုးမှားဖြစ်နေတယ်ဆိုတာတွေကို သဘောပေါက်လာခဲ့တယ်

ဒါပေမဲ့ ၂ နှစ်လောက်ကြာတဲ့အခါ ကျွန်မသရပီယူတာရပ်ပစ်လိုက်တယ် အခုလက်ရှိမှာလည်း ကျွန်မ သရပီမယူဖြစ်တော့ဘူး Talk therapy လို့ခေါ်တဲ့ စကားပြောခြင်းနဲ့ကုသတဲ့သရပီဟာ အထက်ကကျွန်မလိုမျိုး မြန်မာပြည်မှာမွေးဖွားကြီးပြင်းလာပြီး စိတ်ဒဏ်ရာဆိုတာကို အချိန်ယူစကားထဲအရေးတဝင်ထည့်မပြောဖူးခဲ့တဲ့သူတစ်ယောက်အနေနဲ့ တစ်ခုနဲ့တစ်ခုဆက်စပ်ပတ်သက်နေတဲ့ဖြစ်စဉ်တွေကို ကွင်းဆက်တွေမိအောင် ကူညီပေးတဲ့နေရာမှာ အများကြီးအထောက်အကူပြုပေမဲ့ အဲ့လိုကွင်းဆက်တွေလည်းမိပြီးရော ရှေ့ဆက်ဖို့အတွက် ဘာဆက်လုပ်မှာလဲ၊ မျိုးရိုးစဉ်ဆက်အရချိတ်ဆက်နေတဲ့ ဂျန်ဒါဖြစ်စဉ်တွေ၊ တစ်ကိုယ်ရည်တစ်ကာယထက်‌ကျော်လွန်ပြီး ကမ္ဘာတစ်ဝန်းမှာဖြစ်နေတဲ့ မိသားစုထရော်မာတွေဆိုတာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေတွေကို ခုခေတ်မော်ဒန်သရပီတွေက အဖြေမထုတ်ပေးဘူး၊ ထုတ်ပေးဖို့လည်းစိတ်မဝင်စားဘူးဆိုတာ ကျွန်မသဘောပေါက်လာမိတယ် သရပစ်ရဲ့အကူအညီမလိုဘဲ ဒီလိုစနစ်တကျဖြစ်နေတဲ့ပြဿနာတွေကို ကိုယ်ကိုယ်တိုင်စဉ်းစားလာတတ်ပြီ (သို့) အတူတကွစဉ်းစားလာကြဖို့အစုအဝေးတွေရှိလာပြီဆိုရင် ခေတ်သစ်မော်ဒန်သရပီဆိုတာ မလိုတော့ဘူးလို့ကျွန်မထင်တယ်

၂၀၀၈ ခုနှစ်က လူမှုဗေဒဂျာနယ်ထဲမှာထုတ်ပြန်ခဲ့တဲ့ ကိတ်တီရိုက် (Katie Wright) ရေးခဲ့တဲ့ သရပီဓလေ့အပေါ်သီအိုရီထုတ်ခြင်း (Theorizing Therapeutic Culture)သုတေသနဆောင်းပါးထဲမှာတော့ အနောက်နိူင်ငံတွေမှာ ၂၀ ရာစုဝန်းကျင်မှာထွန်းကားလာတဲ့သရပီဓလေ့တွေ၊ သရပစ်နဲ့စကားပြောတာတွေ အစရှိတဲ့ရိုးရာတွေကိုချိတ်ဆက်စဉ်းစားလို့ရတယ်ဆိုတာတွေ့ရတယ် တစ်ဖက်မှာ သရပီရိုးရာထွန်းကားလာခြင်းဟာ တစ်ကိုယ်ရည်တစ်ကာယ (the self) ကိုပိုမိုဦးစားပေးလာစေတယ်၊ victim culture လို့ခေါ်တဲ့ “ငါဟာ ခံရတဲ့သူပါ”ဆိုတဲ့မိမိကိုယ်ကိုမြင်တဲ့အ‌မြင်တွေ‌ပြောင်းလဲလာစေတယ်၊ ရိုးရာဓလေ့တွေကိုပြောင်းလဲလာစေတဲ့အန္တရာယ်ရှိတယ်ဆိုပြီး ၁၉၆၀ ခုနှစ်တွေကတည်းက အတွေးအခေါ်ပညာရှင်တွေက ဝေဖန်ခဲ့ကြတယ်လို့ ရိုက်ကရှင်းပြထားတယ် ရိုက်ကိုယ်တိုင်ကတော့ သရပစ်ရိုးရာကို လုံးဝဥဿုံမကောင်းဘူးလို့တော့ အာဘော်မထုတ်ထားပါဘူး စိတ်ဝင်စားရင်စာတမ်းအစအဆုံးကို အောက်ကလင့်ခ်ကနေဝင်ဖတ်ပါ

ရိုက်ရေးခဲ့သလို အတွေးအခေါ်ပညာရှင်တွေရဲ့ ဟိုးလွန်ခဲ့တဲ့ကာလတွေ၊‌ မော်ဒန်သရပီဆိုတာ စပေါ်ချိန်ကတည်းက သရပီရိုးရာအပေါ် စိတ်မတင်မကျဖြစ်နေကြသလို ကျွန်မကိုယ်တိုင်လည်း အခုလက်ရှိမြန်မာပြည်စစ်အာဏာသိမ်းပြီးနောက် အင်မတန်ထွန်းကားလာတဲ့ မြန်မာပြည်ရဲ့ သရပီရိုးရာနဲ့မတင်မကျဖြစ်လာလို့ ချိတ်ဆက်ပြီးစဉ်းစားကြည့်ချင်တယ်

စစ်အာဏာသိမ်းပြီးနောက်မှာ လူတိုင်းစိတ်ရောခန္ဓာပိုပြီး‌တော့တောင် ပင်ပန်းလာကြရတယ်ဆိုတာ ကျွန်မစာနဲ့ထည့်ရေးနေစရာတောင်မလိုပါဘူး လူအများစုက အဲ့လိုခံစားလာရတဲ့အချိန်မှာ ဘာကောင်ဆယ်လင်းတို့၊ ညာကောင်ဆယ်လင်းတို့ မှိုလိုပေါက်လာခဲ့တာ ကျွန်မသတိထားမိတယ် ဥပမာ – သာမန်လူတန်းစားကြားရေပန်းစားတာတော့ ဒေါက်တာဖြိုးသီဟတို့လို တက်ကျမ်းဆန်ဆန်စာတွေ၊ မိမိကိုယ်ကို ဘယ်လိုကောင်းအောင်နေမလဲ၊ ဘယ်လိုစိတ်ချမ်းသာအောင်နေမလဲ၊ အများနဲ့ဘယ်လိုသင့်မြတ်အောင်နေမလဲအစရှိတဲ့စာတွေ ဆိုရှယ်မီဒီယာပေါ်မှာ ရှဲလာ၊ ရေးလာကြတဲ့အင်ဖလူရန်ဆာတွေရဲ့ပို့စ်တွေဟာ တော်တော်ရေပန်းစားလာတယ်ဆိုတာကို ကျွန်မသတိထားလာမိတယ်

အထူးသဖြင့် ဖြိုးသီဟရဲ့ “ဗုဒ္ဓအလိုကျ minimalism” ဆိုတဲ့စာအုပ်နဲ့ဆောင်းပါးစီးရီးတွေဟာ ဗုဒ္ဓဘာသာဆိုတာကို နိူင်ငံတရားဝင်ဘာသာရေးတစ်ခုအနေနဲ့ကျင့်သုံးကြတဲ့သူတွေအဖို့ စစ်အာဏာရှင်ခေတ်စနစ်ရဲ့ထွက်ပေါက်တစ်ခုလိုတောင်ဖြစ်လာတယ် ဖြိုးသီဟရဲ့ minimalism စာတွေထဲက ဆိုရှယ်မီဒီယာလျှော့သုံးဖို့၊ အိမ်မှာပစ္စည်းတွေအများကြီးမထားဖို့အစရှိတဲ့အာဘော်တွေဟာ အမေရိကန်က minimalism ဆိုတာကို စတီထွင်ခဲ့တဲ့ လူဖြူယောင်္ကျား ၂ ယောက်ဖြစ်တဲ့ ဂျာရှုဝါဖီးလ်ဒ်မစ်လ်ဘန်း (Joshua Fields Millburn) နဲ့ ရိုင်ရန်နီကိုဒါမူးစ် (Ryan Nicodemus) တို့ရဲ့အာဘော်တွေကို မြန်မာမှုပြုလိုက်တာပါပဲ (ဒီနေရာမှာ အာတ်လောကက minimalism နဲ့ ဘဝနေထိုင်ရေးကျင့်ဝတ်လောကက minimalism ကတော့မတူပါဘူး အာတ်လောကက visual minimalism ကို ဘဝနေထိုင်ရေးကျင့်ဝတ်နည်းနာအနေနဲ့ အသွင်ပြောင်းမိတ်ဆက်လိုက်တယ်လို့ ကျွန်မတော့အကြမ်းဖျင်းနားလည်မိတယ်)

ဆိုတော့ minimalism ရဲ့မူရင်းပေါ်ပေါက်လာပုံရိုးရာရေခံမြေခံကိုပဲပြန်ကြည့်ရင် အရင်းရှင်စနစ်ထွန်းကားရာ အနောက်နိူင်ငံတွေမှာ အဆမတန်ကြီးမားလာတဲ့ consumer culture လို့ခေါ်တဲ့ စားသုံးသူရိုးရာကို တန်ပြန်တိုက်ခိုက်ဖို့ကြိုးစားရာကနေပေါ်ပေါက်လာတဲ့သီအိုရီသဘောတရားတစ်ခုလို့စဉ်းစားကြည့်လို့ရတယ် အရင်းရှင်စနစ်ကြီးမားလာတာနဲ့တစ်ပြိုင်နက် စားသုံးသူရိုးရာကလည်းထွန်းကားလာတယ် စိတ်ဖိစီးသလား retail therapy (ရှောပင်းထွက်ရင်း စိတ်အပန်းဖြေမယ်) လုပ်မယ်၊ skincare လေးလုပ်မယ်၊ အရင်းရှင်စနစ်ရဲ့မြန်ဆန်လာတဲ့လည်ပတ်မှုတွေကြောင့် နဂိုအကြာကြီးခံမဲ့ကစ္စည်းတွေဟာ ၁ နှစ် ၂ နှစ်လောက်ပဲခံမယ် အဲ့တော့ ထပ်ခါထပ်ခါစားသုံးရင်းနဲ့ပဲ ဘီးပေါ်ကကြွက်တစ်ကောင်လို လည်ပတ်နေကြရတယ် အစရှိတဲ့ အနာကြီးရှိနေတာကို ဆေးမထည့်ဘဲ နောက်ထပ်အနာတစ်ခုနဲ့ပဲပြန်ဖြေတဲ့စနစ်ပေါ့

ဒါပေမဲ့ ဒီစားသုံးသူရိုးရာကိုတန်ပြန်တိုက်ခိုက်ဖို့ပေါ်လာတဲ့ minimalism ဟာလည်းနောက်ဆုံးမှာ အရင်းရှင်စနစ်ရဲ့သားကောင်ပဲပြန်ဖြစ်သွားတယ်ဆိုတာ အနောက်နိူင်ငံတွေမှာ ကျွန်မတို့တွေ့လာရပြီးသားဖြစ်တယ် (အောက်မှာ The New Yorker ကဆောင်းပါးတစ်ပုဒ်ထည့်ပေးထားပါတယ်) minimalism ကိုစပြီး ဘရန်းတစ်ခုလိုတည်ထောင်ခဲ့တဲ့သူတွေဟာ လူဖြူယောင်္ကျား ၂ ယောက်ပီပီ minimalism ဆိုတာကို ဘဝနေထိုင်ရေးကျင့်ဝတ်နည်းနာဆိုတာထက် အရင်းရှင်စနစ်ထဲက ဘရန်းတစ်ခုလိုပဲပြန်လည်တီထွင်ပြီး ၎င်းတို့ကိုယ်တိုင် အဲ့ဘရန်းကနေတဆင့် ပိုက်ဆံပြန်ရှာတဲ့ (ပြီးတော့အင်မတန်ချမ်းသာသွားတဲ့) အရင်းရှင်ကြီးတွေပဲပြန်ဖြစ်သွားကြတယ် (သူတို့ရဲ့ ပိုက်ဆံတွေကို ဘာလို့ မရှိတဲ့သူတွေဆီဝေမျှပေးပြီး minimalist မလုပ်ကြလဲစဉ်းစားစရာပါပဲ)

ဖြိုးသီဟရဲ့ “ဗုဒ္ဓအလိုကျ minimalism” မှာတော့ ဒီလူဖြူယောင်္ကျား ၂ ယောက်ရဲ့အာဘော်တွေကိုသေချာပေါ်ပေါ်ထင်ထင်မကိုးကားထားပေမဲ့ ဒီလိုအနောက်နိူင်ငံက အရင်းရှင်စနစ်ဝါးမြိုခံထားရပြီးသားဖြစ်တဲ့၊ အပေါ်ယံကြည့်ရင် ဟုတ်သယောင်ယောင်ဖြစ်နေတဲ့ဝါဒတစ်ခုကို မြန်မာလူထုရဲ့ခံတွင်းနဲ့တွေ့အောင် ပြုပြင်ပြင်ဆင်ပြီး သူ့ရဲ့ဘရန်းကို သူလည်းတည်ဆောက်တယ်လို့ ကျွန်မတော့သုံးသပ်ရတယ် အဲ့စာအုပ်နဲ့အတူ အခကြေးငွေကောက်ပြီးသင်တန်းတွေတောင်ဖွင့်လိုက်ပါသေးတယ် ထားပါတော့ ဒီဆောင်းပါးက သူ့ကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုတာထက် အနောက်နိူင်ငံမှာတော့ အရင်းရှင်စနစ်၊ မြန်မာပြည်မှာတော့ စစ်အာဏာရှင်စနစ်တွေရဲ့ပြဿနာတွေကို ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ သွယ်ဝိုက်သောနည်းနဲ့ ဒဏ်ရာကို ဆေးမထည့်ဘဲပတ်တီးစီးဖို့ကြံစည်ကြတဲ့အလုပ်တွေဆိုတာကို စနစ်တကျထောက်ပြရတာပါပဲ

တကယ်တမ်း အိမ်တိုင်းအိမ်တိုင်းမှာပစ္စည်းပစ္စယတွေပုံနေတတ်တယ်၊ ပလတ်စတစ်အိတ်တွေဆိုရင် သုံးပြီးပြန်သိမ်းထားတတ်တယ်၊ ဘူးအခွံတွေဆို ပြန်သုံးတတ်တယ်/ပြန်သုံးဖို့သိမ်းထားတတ်တယ်ဆိုတဲ့ (မြန်မာမှမဟုတ်) အရှေ့တောင်အာရှနဲ့ ကမ္ဘာ့တောင်ပိုင်းကရိုးရာတွေဟာ minimalism ရဲ့မျက်လုံးနဲ့ကြည့်ရင်တော့ အင်မတန်ရှုပ်ပွနေတဲ့အိမ်ကြီးလို့ထင်ရပေမဲ့ တစ်ကမ္ဘာလုံးမှာ အခု အဖြူတွေပဲဦးဆောင်လာတဲ့ Reuse, repurpose, recycle ဆိုတဲ့သဘာဝပတ်ဝန်းကျင်အရွေ့တွေရဲ့ credit အပေးခြင်းမခံရတဲ့ကနဦးအလေ့အထတွေပဲဖြစ်မနေဘူးလား?

အော်ဂန်းနစ်အစားအသောက်ကို ပိုက်ဆံရှိတဲ့သူတွေသာစားနိူင်သလို Minimalism လုပ်နိူင်တဲ့သူတွေက ဘာလို့ သူဌေးတွေဖြစ်နေကြတာလဲ?

ဘာပစ္စည်းမှမကျန်တော့ဘဲ တစ်ကိုယ်ရည်တစ်ကာယရွှေ့ပြောင်းနေထိုင်နေရတဲ့ အိမ်ခြေယာမဲ့သူတွေကိုကျ ဘာလို့ minimalist တွေလို့မခေါ်တာလဲ?

Minimalism ဆိုပြီး အိမ်မှာရှိသမျှလွှင့်ပစ်ပြီး ကိုယ့်အိမ်မှာမရှိတော့တဲ့ “အမှိုက်” တွေက ကမ္ဘာ့တောင်ပိုင်းကပင်လယ်တွေ၊ မြေ‌ပြင်တွေမှာ တောင်လိုပုံနေတာကျ ဒီ minimalism တရားဟောကြတဲ့ယောင်္ကျားပုဂ္ဂိုလ်ဆရာကြီးတွေက ဘာလို့ထည့်မပြောကြတာလဲ?

ဖြိုးသီဟတို့၊ လင်းသိုက်ညွန့်တို့၊ ဖြိုးဖြိုးအောင်တို့လို တက်ကျမ်းစကားတွေ၊ “တိုးတက်ရာတိုးတက်ကြောင်း” ပြောကြဟောကြတဲ့သူတွေဟာ တကယ်တမ်းလူထုရဲ့ ဘာလို့စိတ်ပင်ပန်းနေကြရတာလဲ၊ ဘာလို့စိတ်ထွက်ပေါက်ရှာနေကြရတာလဲ၊ ဘာလို့ (သူဌေး‌တွေနည်းတူ) မတိုးတက်ကြရတာလဲဆိုတဲ့မေးခွန်းတွေရဲ့အဓိကအဖြေကို ကျွန်မတို့မျက်စိရှေ့လေးမှာတင်ဖျောက်ထားကြတယ် အဲ့လိုဖျောက်ထားပြီး ဆင်းရဲတဲ့၊ သာမန်အောက်ခြေလူတန်းစားကို မင်းလည်း အိမ်ကပလတ်စတစ်တွေရှင်းထုတ်ပလိုက်၊ ဆိုရှယ်မီဒီယာတွေလျှော့သုံးလိုက်၊ ညနေညစာမစားဘဲ ဥပုသ်စောင့်လိုက်အစရှိတဲ့အောက်ခြေနဲ့လွတ်နေတဲ့စကားကြီးတွေပြောပြီး သူတို့ကိုယ်နှိုက်‌ကတော့ ချမ်းသာကြွယ်ဝမှုဆိုတာကို အဆမတန်စုဆောင်းနေကြတယ်

တက်ကျမ်းတွေနဲ့နည်းတူ အခုမြန်မာပြည်မှာထွန်းကားလာတဲ့ သရပီရိုးရာကိုကြည့်မယ်ဆိုရင်လည်း တရားမှတ်ခြင်း၊ resilience (ခုခံအား)ပိုကောင်းလာအောင်လေ့ကျင့်ခြင်းအစရှိတဲ့စကားတွေဟာ ကျွန်မတို့တွေ ဘာကြောင့် တရားမှတ်ဖို့လိုနေတာလဲ၊ ဘာကြောင့် ခုခံအားကောင်းရမှာလဲ၊ ကျွန်မတို့ ခုခံအားကောင်းရမဲ့အစား ကျွန်မတို့အပေါ်လာတိုက်ခိုက်နေတဲ့၊ ဖိနှိပ်နေတဲ့စနစ်တွေကို ပပျောက်အောင်ကြိုးစားကြရမှာမဟုတ်ဘူးလားဆိုတဲ့မေးခွန်းတွေဆီ လူတွေမရောက်နိူင်အောင် ကြားထဲမှာ ကန့်လန့်ကန့်လန့်ခံထားသလိုဖြစ်လာကြတာကိုတွေ့ရတယ်

ဥပမာတစ်ခုအနေနဲ့ လွန်ခဲ့သောရက်ပိုင်းကလေးကတင်တွေ့လိုက်ရတဲ့ Citta Consultancy Facebook page မှာ ကြေငြာထားတဲ့ပို့စ်တစ်ခုကိုထောက်ပြချင်တယ် (ဒီနေရာမှာ မြန်မာပြည်က သရပီစင်တာတော်တော်များများကလည်း စိတ္တဆိုတဲ့ စိတ်နဲ့ပတ်သက်တဲ့နာမည်ကိုပေးကြတာတွေ့ရတယ် ‌စိတ္တသုခဆိုတဲ့နောက်ထပ်သရပီစင်တာတစ်ခုရှိပါတယ် ဦးဆောင်သူတွေမတူပါဘူး Citta Consultancy ကတည်ထောင်သူကတော့ အမေရိကန်အခြေစိုက်မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး စိတ္တသုခတည်‌ထောင်သူကတော့ မြန်မာပြည်ရန်ကုန်အခြေစိုက်ယောင်္ကျားတစ်ဦးဖြစ်ပါတယ် ဒီနေရာမှာ ကိတ်တီရိုက်စာထဲကလို့ စိတ်မချမ်းသာမှုတွေဟာ လူမှုပတ်ဝန်းကျင်နဲ့ချိတ်ဆက်နေတယ်ဆိုတာထက် တစ်ကိုယ်ရည်တစ်ကာယသဘောပေါက်တဲ့စိတ် (the self) ဆိုတာကိုသာ မော်ဒန်သရပီဟာ မသိမသာ pathologize လုပ်အဖြေရှာဖို့ရည်ရွယ်ထားကြတာကို ချိတ်ဆက်စဉ်းစားကြည့်လို့ရတယ်)

စိတ္တရဲ့ပို့စ်ဟာ career counselling လို့ခေါ်တဲ့အသက်မွေးဝမ်းကျောင်းပြုခြင်းကို အဓိကထားပြီး သရပီပေးတဲ့သဘောပေါ့လေ ဒါကတော့ မြန်မာပြည်အပြင် အခြားနိူင်ငံတွေမှာလည်း ရှိနေတဲ့မော်ဒန်သရပီတစ်ခုပါပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်၊ မိမိရဲ့ career ဆိုတာဘာမှန်းမသိဝိုးတိုးဝါးတားဖြစ်နေတဲ့အချိန်မှာ သရပစ်တွေနဲ့စကားပြောပြီး တိုင်ပင်ဆွေးနွေးရတဲ့သဘောပေါ့ အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုလိုပါပဲ

ဒါပေမဲ့ အရင်းရှင်စနစ်အောက်မှာနေနေကြတဲ့ကျွန်မတို့အဖို့ career ဆိုတာရှိရောရှိသေးရဲ့လား?

အထူးသဖြင့် မြန်မာပြည်လို စစ်အာဏာရှင်စနစ်အောက်မှာ ကျောင်းတောင်တက်သင့်မတက်သင့် ဝိဝါဒမကွဲပြားတဲ့အချိန်မှာ ကျွန်မတို့က ဘယ် career လုပ်ကြမှာလဲဆိုတဲ့မေးခွန်းက‌ tone deaf (ခေတ်ကာလနဲ့မစပ်ဟပ်တာကြီး) ဖြစ်မနေဘူးလား?

ဒီနေရာမှာ စိတ္တတစ်ခုတည်းမှမဟုတ်ပါဘူး မော်ဒန်သရပီရဲ့ အရင်းရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို မျက်နှာလွှဲခဲပစ်လုပ်ပြီး တကယ့်အောက်ခြေအမြစ်ကို ဆွဲမကိုင်မိကြတာ၊ ဆွဲကိုင်ဖို့မကြိုးစားကြတော့တာတွေကို ထောက်ပြရတာပါပဲ သရပီယူတယ်ဆိုတာ အထက်ကရေးခဲ့သလို တကယ်နာကျင်နေတဲ့သူတွေ၊ နာကျင်နေတဲ့လူတန်းစားတစ်ရပ်ဆိုတာကို ပေါ်ပေါက်လာအောင်လုပ်ပေးလိုက်တဲ့စနစ်ကို တန်ပြန်တိုက်ခိုက်ရာကျကြောင်းကျ‌နိူင်တဲ့အခွင့်အလမ်းတွေရှိပါရက်နဲ့ အဲ့ဒီ့သရပီကိုယ်တိုင်ကိုက စနစ်ကိုဝါးမျိုမှုကို ပြန်လည်လက်ခံမွေးမြူလိုက်တာဟာ မချိတင်ကဲဖြစ်စရာပါပဲ

ဒီနေရာမှာ ကျွန်မက talk therapy ကိုပဲဦးစားပေးပြီး ဝေဖန်သွားတာပါ ဆေးနဲ့ပါတိုက်ကျွေးတဲ့သရပီမျိုးကလည်း သေသေချာချာထပ်စဉ်းစားစရာတွေပေါ်လာပါတယ် ဒုတိယကမ္ဘာစစ်တုန်းက စစ်ပန်းလာတဲ့အမေရိကန်စစ်သားတွေကို စစ်ဆက်တိုက်နိူင်‌အောင် တမင်ကျွေးတဲ့ Blue 88 ဆေးတွေလို လူ့ဘောင်ထဲမဝင်ဘူး၊ ဘေးထွက်နေတယ်ဆိုတဲ့သူတွေ၊ စိတ်ဓာတ်ကျနေတဲ့သူတွေကို anti-depressant (စိတ်မကျရေး) ဆေးတွေတိုက်ပြီး အလုပ်ဆက်လုပ်ခိုင်းတာ၊ ဒီအရင်းရှင်ကမ္ဘာကြီးထဲမှာ ဆက်လက်လည်ပတ်ခိုင်းတာဟာ တကယ်တမ်း “ကုထုံး” လို့တောင် နာမည်တပ်လို့ရသေးရဲ့လား?

(စိတ္တရဲ့ အဲ့ကြော်ငြာနောက်ဆုံးမှာ “ကိုယ့်ရဲ့ personal branding ကို Citta Consultancy နဲ့ အတူတူတည်ဆောက်လိုက်ပါ” ဆိုပြီးတော့တောင် ထည့်သွင်းရေးသားထားပါသေးတယ် သရပီယူတယ်ဆိုတာလည်း နောက်ဆုံးမှာ ကိုယ်ပိုင်ဘရန်းတည်ဆောက်ဖို့ပဲဖြစ်သွားရတာတော့ အင်မတန်နှမြောစရာကောင်းလှပါတယ် ဒီနေရာမှာ အရင်းရှင်စနစ်မှာ လူတိုင်းတစ်ယောက်ချင်းစီဟာလည်း မိမိရဲ့ လူသားဖြစ်တည်မှု (humanity) ဆိုတာထက် ကုန်ပစ္စည်းတစ်ခုလို့ အမြတ်ဘယ်လောက်ရသလဲ၊ ထုတ်လုပ်နိူင်စွမ်းဘယ်လောက်ရှိသလဲ၊ တစ်ပတ် ဘယ်နှာရီအလုပ်လုပ်နိူင်သလဲအစရှိတဲ့ ဘရန်းတွေအသွင်ပြောင်းလဲလာရတာဟာ ရင်နာစရာပါပဲ)

အနှစ်ချုပ်ပြီးပြောရရင် သရပီဟာ မကောင်းဘူးလို့ဆိုတာထက် သရပီဟာ ဖိနှိပ်မှုသိန်းသန်းကုဋေကြောင့် အဆမတန်ကြီးထွားလာတဲ့ လူမှုရေးပြဿနာတွေကို တစ်ကိုယ်ရည်တစ်ကာယပြဿနာလို့ အသွင်ကူးပြောင်းပေးလိုက်ကြတယ် အဲ့လိုကူးပြောင်းလိုက်တဲ့အခါ ကျွန်မတို့စိတ်ဖိစီးတာ၊ သောကရောက်နေတာတွေဟာ စနစ်ရဲ့မတရားမှုတွေဆိုတာထက် ငါတုံးလို့/ငါညံ့လို့ဆိုပြီးဖြစ်လာတယ် သရပီကြောင့် ကျွန်မကိုယ်တိုင် ကျွန်မမိသားစုထဲကလက်ဆင့်ကမ်းထရော်မာတွေကို သဘောပေါက်လာခဲ့ရပေမဲ့ သရပီဟာ တကယ်တမ်း ကျွန်မတို့အားလုံးအစစ်အမှန်လွတ်မြောက်ဖို့ဆို အကန့်အသတ်တွေရှိနေတယ် (တစ်ခါတစ်လေ ကျွန်မတို့ကိုဖိနှိပ်နေတဲ့စနစ်ကိုတောင်ပြန်လည်အားပေးနေသေးတယ်)ဆိုတာ ကျွန်မဆင်ခြင်မိတယ်

အခုတလော လူတိုင်းပြောကြလေ့ရှိတဲ့ အကြည်ဓာတ် အကြည်ဓာတ်ဆိုတာ ကျွန်မတို့အားလုံးခံစားချင်ကြတာပဲမဟုတ်လား? ဘယ်သူက ဘဝမှာ အမှောင်ဓာတ်ကြီးနဲ့နေချင်ပါ့မလဲ ဒါပေမဲ့ ကျွန်မတို့လိုချင်တဲ့ အကြည်ဓာတ်ဆိုတာ မှန်ပေါ်မှာသုတ်ထားတဲ့ပြဒါးရည်လို ကြည့်လိုက်ရင်ကြည်ပေမဲ့ ဟိုးဘက်တစ်ခြမ်းကို ဖောက်ထွက်လို့မရတဲ့အကြည်ဓာတ်မျိုးလား? ဒါမှမဟုတ် လုံးဝဥဿုံ စစ်မှန်တဲ့လွတ်မြောက်ရေးပန်းတိုင်ကိုပြတ်ပြတ်သားသားမြင်လာစေတဲ့ အကြည်ဓာတ်မျိုးလား? ဒါကိုတော့ အမှုန်အမွှားတွေ ကြားထဲပက်ဖြန်းပြီး ကျွန်မတို့အာရုံတွေဝေဝါးအောင် တမင်လမ်းကြောင်းလွှဲနေကြတဲ့စကားတွေ၊ စာတွေကိုကျော်ဖြတ်ပြီးတော့ ပြက်ပြက်ထင်ထင်မြင်အောင်ကြည့်ကြရမှာပဲဖြစ်တယ်

အဲ့ဒီ့တော့ ဟုတ်ပါတယ် ကျွန်မရေးတဲ့စာတွေဟာ negative တွေများတယ် အီးတုံးကို သကာရည်လောင်းပြီး ကျွန်မကိုယ်ကျွန်မမကျွေးချင်သလို ဘယ်သူ့ကိုမှလည်း မစားစေချင်ဘူး အီးတုံးကြီးဟာ ပုပ်ဟောင်နံ့စော်နေတဲ့အီးတုံးကြီးပါပဲလို့ တစ်တစ်ခွခွရေးမိသူအဖို့ သတင်းဆိုးလာပို့တဲ့စာတမန်လို သတင်းဆိုးအပေါ်ဒေါသထွက်ရမဲ့အစား စာလာပို့သူကို သတ်ချင်တယ်ဆိုလည်း ကျွန်မအသေခံရုံကလွဲလို့ တခြားဘာမှမလုပ်တတ်တော့ပါဘူးလေ

ပုံ – အိုးခွက်ဘူးဝါယာကြိုးများပလုံစီနေသော တိုက်ခန်းမီးဖိုချောင်ထဲတွင် တံမြက်စည်းလှဲနေသောမိန်းမတစ်ယောက်

ကိတ်တီရိုက် (Katie Wright) ရေးသားသော သရပီဓလေ့အပေါ်သီအိုရီထုတ်ခြင်း (Theorizing Therapeutic Culture) ဆောင်းပါး

https://www.academia.edu/2034383/Theorizing_Therapeutic_Culture_Past_Influences_Future_Directions?fbclid=IwZXh0bgNhZW0CMTAAAR0DNdspJGSSRH8b2Pn8c0KeJzwdyQI8gdoqD97GIyNKeQMcU-8wVk-OLJY_aem_AXRiLy0YyRy93JjkulDmcKBEPqdK850prXoah6zoP2REso3n8g1uUNouL0N0RjRJqI_7nV5sVOWrQOTGkyKodGa_

ဂျီရာတိုလန်တီးနို (Jia Tolentino) ရေးသော The Pitfalls and the Potential of the New Minimalism ဆောင်းပါး

https://www.newyorker.com/magazine/2020/02/03/the-pitfalls-and-the-potential-of-the-new-minimalism?fbclid=IwZXh0bgNhZW0CMTAAAR2ZsN_Mb3mR674rVIxFfJq4Tfo7AJAWlHQaDVagz6NzfCyB_yfD1x2VaxY_aem_AXTwlYln99w6mL-SH68Cpybi9d-ksp5yQmMJL01602k6NgJiB0tk8JWF3BzGyCvOTW3i-_Ax01vSnFKYP51wRbHB

ဒုတိယကမ္ဘာစစ်က စစ်ပန်းနေတဲ့အမေရိကန်စစ်သား‌တွေကို ဆေးတိုက်ပြီး ရှေ့တန်းပြန်ပို့တဲ့အကြောင်းပါရှိတဲ့ ဟူးကိုးလ် (Hugh Cole) ရေးသော The Ardennes: Battle of the Bugle စာအုပ်

https://web.archive.org/web/20081113094810/http://www.history.army.mil/books/wwii/7-8/7-8_CONT.HTM

Gay Men & Blog ရေးသော Therapists Need to Be Capitalism-Informed Just as We Are Trauma-Informed ဆောင်းပါး

https://gaymenandblog.medium.com/therapists-need-to-be-capitalism-informed-just-as-we-are-trauma-informed-d87f7db215d2

ဇီနိုဘီယားမိုရယ်လ် (Zenobia Morrill) ရေးသော Does Psychotherapy Reproduce or Disrupt Neoliberal Capitalism? ဆောင်းပါး

https://www.madinamerica.com/2018/11/psychotherapy-reproduce-disrupt-neoliberal-capitalism/?fbclid=IwZXh0bgNhZW0CMTAAAR14hJAPM2GAE-A4T-FvUZVNO9aC4Ivoo_Cbkg8Vb2fyj2sxTNRk1RB_8XE_aem_AXQi0hxcIq0wAMd_E_kKTW_sGf1ywNg3wmkzsmWcawHx5G2OXUyxEl0Hni4LHuq0Lbt5oP7eOmS1Nicy1T1IS2TR

The MIT Reader Press တွင်ထုတ်ပြန်သော A Brief History of Consumer Culture ဆောင်းပါး

https://thereader.mitpress.mit.edu/a-brief-history-of-consumer-culture/?fbclid=IwZXh0bgNhZW0CMTAAAR2yum4W6k9aDKOEKJjftbcGy938p6PpmTIQ8MFFZ3omrRMS9cPhBDLLkJA_aem_AXTnSusyUhZPn6QVJTulJHK1LotZsKWv5vmuA5TcpMLE9_oGxT4tSQklRvyMK2kYcmwmxdUOytRYEb_wFoIEsGWd


Citta Consultancy ရဲ့ career counselling အကြောင်းကြော်ငြာစာပို့စ်
https://m.facebook.com/story.php?story_fbid=833840572102859&id=100064307727273&mibextid=Nif5oz

 

ယောင်္ကျားဖီမီနင့်

 

“ယောင်္ကျားတွေရော ဖီမီနင့်ဖြစ်နိူင်သလား?”

ဒီမေးခွန်းက မနေ့ကပြုလုပ်ခဲ့တဲ့ တော်လှန်ရေးဆိုင်ရာရေးသားချက်များခေါင်းစဉ်အောက်ကနေ သူပုန်တို့ရေးခဲ့တဲ့ “တော်လှန်ရေးထဲကဖမ်မနစ်စကားဝိုင်း”ဆိုတဲ့ဆောင်းပါးကို အခြေခံဆွေးနွေးရင်းကနေ ပေါ်လာတဲ့မေးခွန်းတစ်ခုပါပဲ သူပုန်တို့ရဲ့မူရင်းစကားဝိုင်းဟာ ဆောင်းပါးအရ ၂၀၂၁ ခုနှစ်အောက်တိုဘာလမှာ ဖီမီနင့်ဇင်ကိုစိတ်ဝင်စားသူသူငယ်ချင်းတွေစုပေါင်းပြီးလုပ်ခဲ့တဲ့စကားဝိုင်းတစ်ခုလို့သိရပါတယ် အဲ့ဒီစကားဝိုင်းရဲ့ပထမမေးခွန်းဖြစ်တဲ့ “မိမိကိုယ်ကိုဖမ်မနစ်လို့ခံယူသလား ဘာကြောင့်ခံယူသလဲ” ဆိုတဲ့မေးခွန်းအပေါ်မှာအခြေခံပြီး ကျွန်မတို့ရဲ့စာဖတ်ဝိုင်းမှာလည်း အဲ့ဒီမေးခွန်းကိုထပ်ပြီးတူးဆွခဲ့ကြတယ် အဲ့ဒီမှာ ကျွန်မအတွက် စာဖတ်သူတွေပြော‌သွားတာတွေကိုနားထောင်ပြီးစိတ်ဝင်စားမိတာက ယောင်္ကျားလေး (သို့) မွေးရာပါကတည်းက ယောင်္ကျားလို့သမုတ်ခံပြီးကြီးပြင်းလာတဲ့သူတွေအနေနဲ့ သူတို့ကိုယ်သူတို့ ဖီမီနင့်လို့ခေါ်ရမှာ ရှက်နေကြတယ်၊ လက်ရွံ့နေကြတယ်၊ မိမိကိုယ်ကို ဖီမီနင့်လို့‌ခေါ်လိုက်ရင် သူတို့ကျင်လည်ရာကနေ ဘေးဖယ်ခံလိုက်ရမှာတွေရှိနေတယ်ဆိုတဲ့အဆိုပါပဲ အဲ့ဒါ‌ဘာကြောင့်များဖြစ်နိူင်မလဲဆိုတာ ကျွန်မဒီနေ့သုံးသပ်ကြည့်ချင်တယ်

ပထမဆုံး ဖီမီနင့်ဇင်ဆိုတဲ့စကားလုံးကို ၁၈၇၃ ခုနှစ်မှာ အလုံးစုံးသာယာဝပြောသော (utopian)သဘောတရားတွေနဲ့ဆိုရှယ်လစ်လမ်းစဉ်ကိုလိုက်စားတဲ့ ပြင်သစ်တွေးခေါ်ပညာရှင်ယောင်္ကျား ချားလ်စ်ဖူရီရေ (Charles Fourier) ကနေစပြီးတီထွင်ခဲ့တယ်လို့ ကျွန်မလေ့လာရတယ် ဖူရီရေရဲ့ ကနဦးဖီမီနင့်ဇင်ကို အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ “feminine qualities and character” (မ,ဆန်သောအရည်အသွေးနှင့်အကျင့်စရိုက်များရှိသော) လို့သဘောရခဲ့တယ် နောက်ပိုင်းမှာ အနောက်နဲ့ဥရောပနိူင်ငံတွေမှာ ယောင်္ကျားတွေနည်းတူမိန်းမတွေပါ မဲပေးခွင့်ရရှိရေး၊ ပစ္စည်းဥစ္စာတန်းတူပိုင်ဆိုင်နိူင်ခွင့်တွေအတွက်လှုပ်ရှားခဲ့ကြတဲ့ (လူဖြူမိန်းမတွေဦးဆောင်တဲ့) Suffrage အရွေ့တွေမှာ ဖီမီနင့်ဇင်ဟာ ပင်မမဏ္ဍိုင်အနေနဲ့ပေါ်ပေါက်လာခဲ့တယ် ဒါကို ခုခေတ်မှာ‌တော့ ဖီမီနင့်ဇင်ရဲ့ ပထမလှိုင်းလို့မှတ်ယူကြတာပေါ့ (ဒီနေရာမှာ သတိမူသင့်တာကလည်း ဒီဖီမီနင့်လှိုင်းတွေဟာ လူဖြူမိန်းမတွေရဲ့အရွေ့တွေနဲ့ အနောက်တိုင်းက ဖီမီနင့်အရွေ့တွေကိုသာ ထည့်သွင်းစဉ်းစားလေ့ရှိတဲ့ ‌အနောက်ဥရောပစံပြုဖီမီနင့်ဇင်တိုင်းတာချက်တွေသာဖြစ်တယ်ဆိုတာပါပဲ)

ဒါပေမဲ့ ကျွန်မလက်ရှိစိမ်ပြေနပြေအချိန်ယူပြီးဖတ်ဖြစ်နေတဲ့ ဆိုဖီလူးဝစ်စ်ရဲ့ ၂၀၂၂ ခုနှစ်ကထုတ်ဝေခဲ့တဲ့ Abolish the Family: A Manifesto for Care and Liberation (မိသားစုကိုဖြိုချဖျက်စီး – ဂရုစိုက်ခြင်းနှင့်လွတ်မြောက်ရေးအတွက်ကြေငြာချက်) ဆိုတဲ့စာအုပ်ထဲမှာတော့ ဖူရီရေရဲ့အဆိုပြုချက်အရ မူရင်းဖီမီနင့်ဇင်ဟာ ဆိုရှယ်လစ်သဘောတရားတွေနဲ့အများကြီးချိတ်ဆက်နေပြီး ယောင်္ကျားမိန်းမတန်းတူမှုဆိုတာထက် ဆိုရှယ်လစ်သဘောတရားအရ လူမှုရေးပြန်လည်ထုတ်လုပ်မှု (social reproduction) (ဒါတွေကတော့ ထမင်းဟင်းချက်တာ၊ သားမွေးတာ၊ ကလေးပြုစုပျိုးထောင်တာအစရှိတဲ့ လူသားမျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်လည်ပတ်လာဖို့လုပ်ကြရတဲ့လုပ်အားဖြစ်စဉ်တွေ) လုပ်စဉ်တွေမှာ မိန်းမသော်လည်း၊ ယောင်္ကျားသော်လည်းကောင်းလုပ်ကြ၊ ဒါမှမဟုတ် တန်းတူညီတူတာဝန်ခွဲဝေပေးတယ်ဆိုတာထက် ဆိုရှယ်လစ်နိူင်ငံတော်ဟာ အဲ့ဒီလူမှုပြန်လည်ထုတ်လုပ်မှုတွေကို ပုဂ္ဂုလိဂမိသားစုဆိုတာရဲ့လက်ထဲမှာပဲပုံပေးလိုက်တာမျိုးမလုပ်ဘဲ နိူင်ငံတော်ကပါ အလုံးစုံကူညီပံ့ပိုးသွားဖို့ကိုအဆိုပြုခဲ့တယ်လို့ လူးဝစ်စ်ကထောက်ပြထားတယ်

ကွက်ကွက်ကွင်းကွင်းသေချာမြင်အောင် ဥပမာပေးရရင် လက်ရှိ ကျွန်မတို့အရင်းရှင်စနစ်‌လက်အောက်မှာ သားမွေးခြင်း၊ ပြီးရင် မွေးလာတဲ့ကလေးကို လူဖြစ်လာအောင်ပြုစုပျိုးထောင်ခြင်းအလုပ်ဟာ အဖေနဲ့အမေ (တစ်ခါတစ်လေ အဖိုးအဖွား) အစရှိတဲ့ မိသားစုဆိုတာကနေပဲ တာဝန်ခံလုပ်ကြရတယ်၊ ကိုယ်ဝန်သည်ဘဝကအစ ကလေးမွေးဖွားတဲ့အချိန်၊ ကလေးကို သူ့ဘာသာသူရပ်တည်နိူင်လာတဲ့အချိန်အထိပြုစုပျိုးထောင်ပေးတဲ့အလုပ်ဟာ အဲ့ကလေးရဲ့အဖေ၊ အမေ၊ သွေးသားတော်စပ်တဲ့ဆွေမျိုး‌ဆိုတာတွေရဲ့တာဝန်သာဖြစ်တယ်လို့ ကမ္ဘာ့တစ်ဝန်းကမော်ဒန်လူ့အဖွဲ့အစည်းတွေကလက်ခံထားကြတယ်မလား? ဒါပေမဲ့ ဖူရီရေရဲ့အမြင်အရတော့ ကလေးဆိုတာသည် သူ့ကို ဇီဝဗေဒအရမျိုးပွားကူးဆက်ပေးလိုက်တဲ့သူ၊ ‌သူနဲ့ သွေးသားတော်စပ်တဲ့သူတွေတင်သာမက အခြားသောသူတွေ (ဆိုရှယ်လစ်သဘောတရားအရတော့ နိူင်ငံတော်ကပါ) ပါဝင်ပြုစုပျိုးထောင်ပေးရမှာဖြစ်ပြီး တစ်သီးပုဂ္ဂလမိသားစုမော်ဒယ်ဆိုတာကို ကျော်လွန်ပြီး လူမှုပြန်လည်ထုတ်လုပ်ရေးကိုလုပ်ကြရမယ်လို့ဆိုထားခဲ့တယ် ဖူရီရေဟာ အလုံးစုံသာယာဝပြောခြင်းသဘောတရားတွေကိုစိတ်ကူးယဉ်ပုံဖော်ရတာကြိုက်တဲ့သူပီပီ သူ့ရဲ့ပုံဖော်ချက်တွေထဲမှာတော့ ပုဂ္ဂုလိဂမိသားစုဆိုတာကိုဖြိုချဖျက်ဆီးတဲ့အခါ ထည့်သွင်းစဉ်းစားခဲ့တာတွေထဲမှာ polyamory လို့ခေါ်တဲ့ လူတစ်ယောက်ထက်ပိုပြီးချစ်ကြိုက်သက်ဝင်မှု၊ လိင်ဆက်ဆံခြင်းကို ရှုံ့ချမဲ့အစား ပေါ်ပေါ်ထင်ထင်အားပေးတဲ့ sex positivity တွေပါခဲ့တယ် တစ်ပြိုင်နက်တည်းမှာလည်း ဖူရီရေဟာ လူဖြူဥရောပယောင်္ကျားတစ်ယောက်ပီပီ သူ့ရဲ့ အရင်းရှင်စနစ်တီထွင်ထားတဲ့မိသားစုကိုဖြိုချဖျက်ဆီးဆိုတဲ့အာဘော်တွေမှာလည်း လူမျိုးရေးခွဲခြားဆက်ဆံရေးနဲ့ ကိုလိုနီသဘောတရားတွေ စိမ့်ဝင်နေသေးတုန်းပဲဆိုတာကို လူးဝစ်စ်ကသတိပေးထားပြန်ပါသေးတယ် (ဒီမိသားစုဖြိုချဖျက်ဆီးခြင်းဆိုင်ရာအကြောင်း (family abolition) များကတော့ ကျွန်မလက်ရှိစိတ်ဝင်စားတဲ့အချက်တစ်ခုဖြစ်လို့ နောက်မှသီးသန့်ဆောင်းပါးရေးပါဦးမယ် အောက်မှာ လူးဝစ်စ်နဲ့တခြားသူတွေရေးခဲ့တဲ့စာတချို့ထည့်ပေးထားပါတယ်)

ထားပါတော့ အဲ့တော့ ဖီမီနင့်ဇင်နဲ့ပြန်ချိတ်ဆက်ရရင် ဖူရီရေရဲ့ကနဦးစကားလုံးတီထွင်မှုကိုပဲပြန်ကြည့်ကြမယ်ဆိုရင် အခုလက်ရှိအရင်းရှင်စနစ်အောက်မှာ ဖိနှိပ်ခံထားရတဲ့ မိန်းမဆိုတဲ့ဂျန်ဒါကို ဖိနှိပ်သူလို့ယူဆတဲ့ ယောင်္ကျားဆိုတဲ့ဂျန်ဒါနဲ့တန်းတူညီမျှတည်ရှိရေး၊ လုပ်ပိုင်ခွင့်ရှိရေးဆိုတာထက် မ,သဘောတရားများကိုသာ ဆိုလိုခဲ့ခြင်းဖြစ်တယ်လို့ ကျွန်မတို့သဘောပေါက်လို့ရတယ်

ဒါပေမဲ့လည်း ဖူရီရေရဲ့စိတ်ကူးယဉ်ပုံဖော်ချက်ဟာ အကောင်အထည်မပေါ်ခဲ့ဘဲ အရင်းရှင်စနစ်ကြီးထွားလာတာနဲ့အမျှ အထက်ကရေးခဲ့သလို မိသားစုဆိုတာဟာ အရင်းရှင်စနစ်ရဲ့ပဓာနအကျဆုံးထုတ်ကုန်ယူနစ်တစ်ခုဖြစ်လာခဲ့တယ် ဒါက အလုပ်သမားလူတန်းစားတွေဘာတွေမပြောခင်မှာပဲ မိသားစုဆိုတာကိုအရင်းရှင်ကုမ္မဏီတစ်ခုအနေနဲ့မြင်ယောင်ကြည့်ကြမယ်ဆိုရင် (တကယ်တမ်းက မိသားစုဆိုတာ အရင်းရှင်ကုမ္မဏီတစ်ခု၊ ဒါမှမဟုတ် အရင်းရှင်စနစ်ကို လည်ပတ်နေနိူင်အောင် ထောက်ပံ့ပေးဖို့လုပ်အားမွေးမြူပေးနေရတဲ့ အခြေခံအကျဆုံးလုပ်သားမွေးမြူမှုတစ်ခုပါပဲ) မိသားစုထဲကဂျန်ဒါဖြစ်တည်မှုတွေဟာ လူတန်းစားဖြစ်တည်မှုတန်းတူအသွင်ပေါက်နေတယ်ဆိုတာကို တွေ့ရမယ် မိသားစုလည်ပတ်ဖို့အတွက် အိမ်ထောင်ဦးစီးယောင်္ကျားကပိုက်ဆံရှာမယ်၊ အဲ့ဒီပိုက်ဆံကို မိန်းမဖြစ်သူက စုစည်းမယ်၊ လိုအပ်သလိုခွဲခြမ်းစိတ်ဖြာစီမံခန့်ခွဲမယ်၊ အဲ့ဒီမိသားစုကုမ္မဏီကြီးအဓွန့်ရှည်တည့်တံ့အောင် ပြန်လည်အလုပ်အကျွေးပြုမဲ့ နောက်အလုပ်သမားသစ်တွေဖြစ်တဲ့ကလေးတွေကိုမွေးမြူမယ် ပြီးရင် အဲ့ကလေးတွေက အဲ့ဒီယောင်္ကျားနဲ့အဲ့ဒီမိန်းမအလုပ်မလုပ်နိူင်တော့တဲ့တစ်ချိန်မှာ သူတို့ကိုပြန်လည်စောင့်ရှောက်ကြမယ်လို့ သူတို့မျှော်လင့်တယ်၊ ပြန်လည်လည်းစောင့်ရှောက်ကြရတယ် ဒီနေရာမှာ ဒီမိသားစုကုမ္မဏီရဲ့လည်ပတ်မှု currency မှာ ရုပ်ဝတ္တုပစ္စည်းတွေဖြစ်တဲ့ပိုက်ဆံငွေကြေးအပြင် ဒြပ်မဲ့လုပ်အားတွေဖြစ်တဲ့ ကျေးဇူးခံကျေးဇူးစား၊ မိဘမေတ္တာ၊ အချစ်အစရှိတဲ့စိတ်ခံစားချက်လုပ်အားတွေကပါ ဒီမိသားစုကုမ္မဏီကိုချုပ်နှောင်ထားပြီးသားဖြစ်တယ်

ဒီနေရာမှာ ဒီလိုအရင်းရှင်စနစ်ရဲ့ပဓာနအကျဆုံးယူနစ်အသွင်နဲ့လည်ပတ်တဲ့မိသားစုဆိုတာ ကိုလိုနီစနစ်တွေနဲ့လည်း အများကြီးချိတ်ဆက်နေသေးတယ် ကိုလိုနီကျွန်မပြုခံရခင်ကာလတွေမှာ အင်ဒီးဂျနင့်အစုအဖွဲ့တွေမှာ မိသားစုဆိုတာကို ဒီလိုမျိုးပုဂ္ဂုလိဂဆန်ဆန်မလည်ပတ်ခဲ့ကြဘူး တစ်လင်တစ်မယားစနစ်တို့ဘာတို့ဆိုတာရှိချင်မှရှိခဲ့မယ် ကလေးတစ်ယောက်မွေးရင် တစ်ရွာလုံးကဝိုင်းဝန်းပြုစုပျိုးထောင်လေ့ရှိကြတယ် လူတစ်ယောက်ကနေ လိင်ကွဲချင်းပေါင်းသင်းတာရှိသလို လိင်တူချင်းလည်းပေါင်းသင်းနေကြတာမျိုးတွေရှိကောင်းရှိနိူင်တယ် ဒါတွေနဲ့ပတ်သက်ပြီးလေ့လာထားတဲ့မနုဿဗေဒသုတေသနတွေလည်းရှိပါတယ် ဘယ်ဟာကပိုကောင်းတယ်၊ မကောင်းဘူးဆိုတာထက် ကျွန်မတို့ကျင်လည်ရာပတ်ဝန်းကျင်မှာ လက်ရှိအများလက်ခံကျင့်သုံးနေကြတဲ့ မော်ဒန် cishet နျူးကလီးယား (ယောင်္ကျား၊ မိန်းမ၊ ကလေးသာပါတဲ့) မိသားစုဆိုတာကို ဘာကြောင့် ဘယ်တုန်းကလက်ခံလိုက်ကြတာလဲဆိုဝာာကို ပြန်လည်မေးခွန်းထုတ်ကြရမှာသာဖြစ်တယ်

စကားချပ်ခံချင်တာက ဒီနျူးကလီးယားမိသားစုမော်ဒယ်ကိုဝေဖန်လို့ ကျွန်မက အားလုံး polyamory ပေါင်းသင်းဆက်ဆံမှုတွေရှာကြ၊ ယောင်္ကျားတစ်ယောက်‌ကနေ မိန်းမတွေအများကြီးယူကြ၊ မိန်းမတစ်ယောက်ကနေ ယောင်္ကျားတွေအများကြီးယူကြလို့ဆိုနေတာမဟုတ်ပါဘူး ခုခေတ်ကြီးမှာတော့ ဒီလိုနျူးကလီးယားမိသားစုကိုပြန်ပုန်ကန်မှုတွေမှာလည်း ဖိုဝါဒကြီးစိုးမှုတွေပြန်လည်စိမ့်ဝင်နေနိူင်သေးတာပဲ ဥပမာကြည့်ကြမယ်ဆိုရင် အခြေခံမော်မန်ဘာသာရေး‌ (Fundamentalist Mormonism) အလေ့အထတွေရဲ့ အသက်မပြည့်သေးတဲ့မိန်းကလေးတွေကို ယောင်္ကျားအိုကြီးကနေ ဘုရားသခင်တောင်းဆိုချက်အရဆိုတဲ့ခေါင်းစဉ်အောက်ကနေ တစ်‌ယောက်ထက်ပိုပြီး လက်ထပ်ယူခြင်းမျိုးပေါ့ (Fundamentalist Mormonism နဲ့ သာမန် Mormonism ကတော့မတူပါဘူး)

၁၉ ရာစုကာလတွေကထွက်ပေါ်ခဲ့တဲ့ မင်းမဲ့အယူအဆတွေမှာ ဖီမီနင့်ဇင်ဆိုတဲ့စကားလုံးဟာ တကယ်တမ်းလူတိုင်းဖိနှိပ်မှုတွေအောက်ကနေလွတ်မြောက်ရေးအတွက် အသုံးမဝင်တော့ဘူးလို့ဆိုလာကြတယ် (ကျွန်မလက်ရှိဘာသာပြန်နေတဲ့ ချီအာရာဘိုတက်ချီရဲ့ အန်နာခါဖီမီနင့်ဇင်မိတ်ဆက်ဆောင်းပါးကိုကြည့်ပါ) မင်း/အုပ်ချုပ်သူဆိုတာကိုသာ တကယ်တမ်းဆန့်ကျင်ကြမယ်ဆိုရင် ဖိုဝါဒကြီးစိုးမှုကိုပါတစ်ပြိုင်နက်တည်းပုန်ကန်ပြီးသားဖြစ်တဲ့အတွက် မိန်းမတွေရဲ့လွတ်မြောက်ရေးကိုဦးစားပေးလွတ်မြောက်ရေးကိုမျှော်ကိုးတဲ့ဖီမီနင့်အရွေ့ဆိုတာ မင်းမဲ့ဝါဒရဲ့အနှစ်သာရတစ်ခုသာဖြစ်မနေဘူးလားလို့ မင်းမဲ့သမားတွေ (အထူးသဖြင့် မိန်းမမင်းမဲ့သမားတွေကိုယ်နှိုက်)က‌မေးခွန်းထုတ်ခဲ့ကြတယ်

ဒီအဆိုကိုကြည့်ရမယ်ဆိုရင်လည်း ကျွန်မဒီဆောင်းပါးရေးဖို့လှုံ့ဆော်ခဲ့တဲ့မေးခွန်းရဲ့အဖြေကိုဆန်းစစ်‌ရာရောက်မလားလို့တွေးမိတယ် ဒါကတော့ ဖီမီနင့်လို့ မိမိကိုယ်ကိုခေါ်ရမှာကိုကြောက်ခြင်း၊ ရှက်ခြင်းခံစားနေရတဲ့သူ‌‌တွေအတွက် (ဒီနေရာမှာ ယောင်္ကျားတွေမှမဟုတ်ပါဘူး တချို့မိန်းမတွေ၊ တခြားဂျန်ဒါရှိသူတွေ၊ အထက်ကပြောခဲ့သလိုမင်းမဲ့သမားတချို့တွေလည်း ကိုယ့်ကိုယ်ကိုဖီမီနင့်လို့ခေါ်ရမှာလက်ရွံ့နေတာတွေရှိကောင်းရှိနိူင်ပါတယ်) သူတို့ရဲ့‌ကြောက်ခြင်း၊ ရှက်ခြင်းဟာ ဖီမီနင့်ဇင်ကိုနားလည်လက်ခံသဘောပေါက်မှုအမျိုးမျိုးကွဲပြားရာကနေ မြစ်ဖျားခံတယ်လို့ ကျွန်မမြင်မိတယ်

ကျွန်မသတိထားမိသလောက် ဖီမီနင့်ဇင်အပေါ်အမျိုးမျိုးနားလည်လက်ခံသဘောပေါက်ထားချက်တွေကို မျက်‌တောင်အဖွင့်အပိတ်တပ်ပြီးချရေးကြည့်ပါမယ် မျက်တောင်အဖွင့်အပိတ်တပ်ရတာက ဒီအဆိုတွေ၊ ယူဆချက်တွေက လုံးဝဥဿုံမှန်နေတယ်လို့ မသတ်မှတ်စေချင်လို့ပဲဖြစ်တယ်

၁) “ဖီမီနင့်ဇင်သည် မိန်းမတွေအပေါ်ဖိနှိပ်ခံထားရမှုတွေအတွက်ကြိုးပမ်းလှုပ်ရှားမှုတစ်ခုဖြစ်သည်”

၂) “မိန်းမခန္ဓာနှင့်မွေးလာသောသူများသည် ၎င်းတို့၏မိန်းမခန္ဓာဖြစ်တည်မှုကြောင့် မိန်းမတွေ၏ဖိနှိပ်ခံရမှုကို ခန္ဓာနှင့်ရင်းပြီးနားလည်သည် ထိုအခါ မိန်းမခန္ဓာမရှိသောသူများ၊ မိန်းမခန္ဓာနှင့်မွေးဖွားမကြီးပြင်းလာသောသူများသည် မိန်းမတွေ၏ဖိနှိပ်မှုဆိုတာကို အလုံးစုံနားလည်နိူင်ရန်ခက်ခဲနေသည်”

၃) “ဖီမီနင့်ဇင်သည် မိန်းမ/ယောင်္ကျားတန်းတူညီမျှရရှိရေးကိုဦးတည်ထားသောလုပ်ရပ်တစ်ခုဖြစ်သည်”

၄) “ဖီမီနင့်အရှေ့မှာ ‘ယောင်္ကျား’ (သို့) ‘ကွီးယား’ (သို့) ‘လူမည်း’ (သို့) ‘လူဖြူ’ အစရှိသောနာမဝိသေသနလေဘယ်များတပ်၍ရသည်/တပ်နေစရာမလိုပါ”

တခြားဖီမီနင့်ဇင်ကိုသဘောပေါက်ပုံတွေ၊ ကျင့်သုံး‌ပုံတွေလည်းအမျိုးမျိုးရှိကောင်းရှိနိူင်ပါတယ် ဒီအချက်တွေကတော့ မနေ့ကစာဖတ်ဝိုင်းမှာသတိပြုမိတာတွေကိုအခြေခံပြီးကောက်နုတ်ချက်ထုတ်ထားတာပါ

ဒီလိုအမျိုးမျိုးကွဲပြားခြားနားနေတဲ့ ဖီမီနင့်ဇင်ဆိုတာဘာလဲ၊ ဖီမီနင့်ဆိုတာဘယ်လိုလူမျိုးလဲဆိုတဲ့မေးခွန်းတွေထဲက အဓိကအောက်ခြေအချက်ဟာ ဖီမီနင့်ဇင်ကို လုပ်ရပ် (action) vs. ဖြစ်တည်မှု (identity) လို့ခွဲခြားသတ်မှတ်ရာကနေ စလာတယ်လို့ ကျွန်မသုံးသပ်ချင်တယ်

ပထမအချက်က ဖီမီနင့်ဇင်ဆိုတာကို မိန်းမတွေရဲ့လွတ်မြောက်ရေးအတွက်သာလှုပ်ရှားကြိုးပမ်းမှုလို့ယူဆမယ်ဆိုရင် ဖီမီနင့်ဇင်ဟာ လူတစ်ယောက်ရဲ့ခန္ဓာဖြစ်တည်မှုနဲ့အများကြီးချိတ်ဆက်သွားပါတယ် ပူစီ/စော-က်ဖုတ်အစရှိတဲ့ မိန်းမဇီဝခန္ဓာကိုယ်လို့သတ်မှတ်ထားတဲ့အရာတွေမပါဘဲ မွေးဖွားကြီးပြင်းလာတဲ့သူတွေအနေနဲ့ မိန်းမတစ်ယောက်အနေနဲ့ရင်ဆိုင်ရတဲ့ဖိနှိပ်မှု၊ ရုန်းကန်ရမှုတွေကို ခန္ဓာနဲ့ရင်းပြီးမသိနိူင်ဘူး၊ အဲ့လိုမသိနိူင်တဲ့အတွက်လည်း ဖီမီနင့်ဇင်ကို ဘေးကနေသာပံ့ပိုးပေးလို့ရမယ်၊ တကယ်တမ်းထဲထဲဝင်ဝင်တော့သဘောပေါက်မှာမဟုတ်ဘူးဆိုတဲ့အဆိုပါ

ဒီအဆိုကို ကျွန်မကတော့ အလုံးစုံလက်မခံချင်ဘူး မိန်းမခန္ဓာနဲ့မွေးဖွားကြီးပြင်းလာတဲ့သူတွေအဖို့ မိန်းမဖြစ်တည်မှုကနေ သူတို့ရဲ့ရုန်းကန်မှု၊ ဖိနှိပ်ခံရမှုတွေကို ခန္ဓာကနေတဆင့်သိကြတယ်ဆိုတာမှန်ပါတယ် သို့ပေသိ တစ်ပြိုင်နက်တည်းမှာပဲလည်း “စော-က်ဖုတ်” တို့၊ “ဂွေး-စိ”တို့ အစရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာလည်း ခြေထောက် ၄ ခုပါတဲ့ စတုရန်းပုံရှိတဲ့သစ်ပြားတစ်ချပ်ကို “စားပွဲ”လို့ လူ့အဖွဲ့အစည်းကနေသမုတ်လိုက်သလိုပဲ မိန်းမအင်္ဂါတို့၊ ယောင်္ကျားအင်္ဂါတို့ဆိုပြီးသတ်မှတ်လိုက်ရာက စတာပဲဖြစ်တဲ့အတွက် တကယ်တမ်းမိန်းမဖြစ်တည်မှုအ‌ပေါ်အခြေခံတဲ့ဖိနှိပ်မှုတွေ ပပျောက်ဖို့ဆိုတာ အဲ့ဒီ “မိန်းမ” လို့သမုတ်ခံထားရခြင်းတွေကိုပါ ချေမှုန်းကြရမယ်လို့ကျွန်မကတော့ ယုံကြည်တယ် ဖိနှိပ်ခြင်းအခြေခံပထမအဆင့်ဟာ လေဘယ်တပ်ခြင်း (identification) ပါပဲ ပြီးရင် လေဘယ်အလျောက်ခွဲခြားတာ (discrimination) ပေါ့နော်

နောက်ပြီးတော့ မိန်းမလွတ်မြောက်ရေးကို သူ့၏ ပူစီပါရေးမပါရေးနဲ့သာချိတ်စဉ်းစားမယ်ဆိုရင် အဲ့ဒီခန္ဓာကိုယ်နိူင်ငံရေးတွေရဲ့ပြင်ပကိုရောက်နေတဲ့ လိင်အင်္ဂါနှစ်မျိုးနဲ့မွေးလာတဲ့ intersex လူတွေ၊ လိင်ပြောင်းလိင်လွဲလုပ်လိုက်တဲ့ trans တွေကို မသိမသာနဲ့ ဒုတိယ၊ တတိယအစရှိသဖြင့်အဆင့်တွေပြန်ခွဲလိုက်မှာကို ကျွန်မတော့ သိပ်မနှစ်မြို့လှဘူး မိန်းမဖြစ်တည်မှုရှိနေတိုင်းလည်း မိန်းမတွေရဲ့ဖိနှိပ်မှုကို အလိုအလျောက်နားလည်သဘောပေါက်သွားတတ်တာမဟုတ်ဘူးဆိုတာကိုလည်း စာဖတ်သူတချို့ကထောက်ပြခဲ့ကြတယ် ခန္ဓာကနေရင်းတဲ့ဖိနှိပ်မှုဆိုတာကို စကားနဲ့ဖွင့်ပြော၊ ဝေဖန်ဆင်ခြင်နိူင်ဖို့အလုပ်ဆိုတာ အဲ့ဒီခန္ဓာရှိတဲ့လူတိုင်းမလုပ်တတ်ပြန်ဘူး ဒီနေရာမှာ embodiment က အရေးမပါဘူးဆိုတာထက် embodiment တစ်ခုတည်းအပေါ်မှာပဲ ပုံအပ်ထားရင် တကယ်တမ်းလွတ်မြောက်ရေးအရွေ့တွေ၊ အလုပ်အကိုင်တွေက သူ့အလိုလိုဖြစ်လာတတ်တာမျိုးမဟုတ်ဘူးဆိုတာကို ထောက်ပြတာပါ (“ရာဒီကယ်ဖီမီနင့်ဇင်”၊ “လစ်ဘရယ်ဖီမီနင့်ဇင်”၊ “ဆိုရှယ်လစ်ဖီမီနင့်ဇင်”၊ “ထိန်းချုပ်ချုပ်နှောင်မှုတွေကိုအားပေးတဲ့ဖီမီနင့်ဇင်” အစရှိတဲ ဖီမီနင့်ဇင်လေဘယ်အမျိုးမျိုးတွေကိုတော့ လေဘယ်တွေပြန်ခွဲပြီး ခွဲခြားမှုအသစ်တွေပဲထပ်ပေါ်လာတာဖြစ်တဲ့အတွက် အထူးတလည်ထည့်မဆွေးနွေးတော့ပါဘူး)

ဒုတိယအချက်က ဒါဆို ဖီမီနင့်ဇင်ကို လုပ်ရပ်အနေနဲ့စဉ်းစားကြည့်ကြမယ်ဆိုတဲ့အဆိုပေါ့ ဒါကတော့ ယောင်္ကျားပဲဖြစ်နေပါစေ၊ မိန်းမပဲဖြစ်နေပါစေ၊ ကွီးယားပဲဖြစ်နေပါစေ ဘယ်သူမဆို ဖီမီနင့်ကျင့်ဝတ်ကိုကျင့်သုံးနေတဲ့သူဆိုရင် သူ့ကို ဖီမီနင့်လို့ခေါ်ဝေါ်မှတ်ယူလို့ရမယ်ဆိုပြီးတွေးတာပေါ့ ဒါက‌လည်း အတိုင်းအတာတစ်ခုအထိ အဓိပ္ပါယ်ရှိတယ်လို့ကျွန်မထင်တယ် ဖီမီနင့်ကျင့်ဝတ်ဆိုတာသည် မိန်းမတွေလွတ်မြောက်ရေးသာမက ဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့မိန်းမတွေ၊ အဲ့ဒီမိန်းမတွေရဲ့ဖိနှိပ်ခံနေရမှုတွေက အထက်က မဟာဖိုဝါဒကိုမသိမသာမြုံထားတဲ့ အရင်းရှင်စနစ်ရဲ့နျူးကလီးယားမိသားစုပုံစံ‌ဂျင်းဆိုတာကိုသာ သဘောပေါက်ရင် အဲ့ဒီမိန်းမတွေရဲ့လွတ်မြောက်ရေးဆိုတာဟာ သူတို့နဲ့အတူ နျူးကလီးယားမိသားစုစနစ်ထဲမှာ လူတန်းစားအရဖိနှိပ်ခံနေရတဲ့ ယောင်္ကျားတွေ၊ အဲ့ဒီနျူးကလီးယားမိသားစုစနစ်ထဲ လားလားမျှတောင် ဘောင်မဝင်တဲ့ကွီးယားတွေရဲ့လွတ်မြောက်ရေးတွေနဲ့ပါ တစ်ပါတည်းချိတ်ဆက်နေတယ်ဆိုတာကို ကျွန်မတို့ ထင်သာမြင်သာရှိလာနိူင်တယ်

အထက်က ကျွန်မဆောင်းပါးအစမှာမေးခဲ့တဲ့မေးခွန်းဟာ လက်ရှိ ဖီမီနင့်ဇင်ကို (မြန်မာပြည်မှာမဟုတ် တစ်ကမ္ဘာလုံးမှာပါ) မိန်းမဖြစ်တည်မှုနဲ့သာ တွဲမြင်ရာကနေ စလာတဲ့ပြဿနာလို့ ကျွန်မကတော့ထင်တယ် ဟုတ်တာပေါ့

ဖီမီနင့်ဇင်ဟာ မိန်းမဖိနှိပ်ခံရမှုတွေအတွက်သာကြိုးပမ်းတဲ့လုပ်ရပ်၊ မိန်းမအနေနဲ့မွေးဖွားကြီးပြင်းလာသူတွေသာ ပိုနားလည်တဲ့ကိစ္စလို့ယူဆကြမယ်ဆိုရင် မိမိကိုယ်ကို မိန်းမလို့မခံယူ‌သူတွေက ဘာများအရေးတယူလုပ်ပြောနေစရာလိုသေးဦးမလဲ?

ယောင်္ကျားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယောင်္ကျားဖီမီနင့်လို့သာခေါ်ပြီး တကယ်တမ်းဖီမီနင့်အ‌ရွေ့တွေမှာ ဘေးလူအနေနဲ့သာ လက်ပိုက်ကြည့်နေကြတာပဲ မဟုတ်ဘူးလား?

ဖီမီနင့်ဇင်ဟာ မိန်းမတွေလွတ်မြောက်ရေးသာဖြစ်လို့ မိန်းမတွေသာ လုပ်ကြ၊ ပြောကြဆိုပြီး ယောင်္ကျားတွေ၊ မိန်းမမဟုတ်သူတွေက မိန်းမတွေကိုပဲ နေရာပိုပေးသယောင်ယောင်၊ ခ,ယရသယောင်ယောင်နဲ့ ဘေးထွက်နေကြတာပဲမဟုတ်ဘူးလား?

အဲ့ဒါကြောင့်လည်း ၂၀၁၄ ခုနှစ်မှာ နယူးယောက်မြို့က The New School မှာ လုပ်ခဲ့တဲ့စကားဝိုင်းမှာ လူမည်းဖီမီနင့်စာရေးသူ ဘယ်လ်ဟွတ်ခ် (bell hooks) က “People can start out in feminism and end up in patriarchy.” (“ဖီမီနင့်ဇင်ကိုအ‌ခြေပြုစအလုပ်လုပ်လာတဲ့သူတွေတောင် မဟာဖိုဝါဒကြီးစိုးမှုရဲ့သားကောင်တွေအနေနဲ့အဆုံးသတ်သွားတတ်တယ်”)၊ ပြီးတော့ “Patriarchy has no gender” (“မဟာဖိုဝါဒမှာ ဂျန်ဒါမရှိဘူး”) ဆိုပြီး သတိပေးခဲ့တာပဲ

ကျွန်မအနေနဲ့ကတော့ ဖီမီနင့်ဇင်ဆိုတာကို အပေါ်ယံလေဘယ်သတ်မှတ်ချက်တွေကနေသာမစဉ်းစားဘဲ၊ “မိန်းမဆိုတာ မီးဖိုချောင်ဝင်ရတယ်/ကလေးမွေးရတယ် အစရှိတဲ့၊ ဟုတ်လည်းဟုတ်နေပေမဲ့ တကယ်တမ်း အဲ့ဒါတွေရဲ့အမြစ်ကိုမလှန်မိတဲ့အပေါ်ယံဖိနှိပ်မှုတွေကိုသာ အားမလိုအားမရဖြစ်မှုတွေကနေ ကျော်လွန်ပြီး မိန်းမတွေ မီးဖိုချောင်ဝင်၊ ကလေးမွေးလုပ်ပြီးပါဝင်နေရတဲ့ မော်ဒန်နျူးကလီးယားမိသားစုပုံစံဆိုတာရဲ့ မိန်းမတွေတင်သာမက အခြားသော ဂျန်ဒါ၊ လူမျိုးအစရှိတဲ့ဖြစ်တည်မှုပေါင်းစုံအပေါ်ကိုပါသက်ရောက်နေတဲ့ ဖိနှိပ်မှုအခြေအမြစ်ကို သေသေချာချာကိုင်ဆုပ်မိဖို့အရေးကြီးတဲ့ “ဖြစ်တည်မှုလုပ်ရပ်” (actionable embodiment သို့ embodied action) လို့သဘောပေါက်မိတယ် (ဖြစ်တည်မှုဆိုတာကလည်း လုပ်ရပ်အပေါ်မှာမူတည်ပြီး ပြောင်းလဲနေတတ်တာပဲမဟုတ်ဘူးလား?) တစ်ခါရေးခဲ့ဖူးသလို ကျွန်မအတွက် ဖီမီနင့်ဇင်ဆိုတာ နှစ်မျိုးပဲရှိသယောင်သတ်မှတ်ထားတဲ့အရာကိစ္စ (binarism) တွေကို ဝေဖန်ဆန်းစစ်တာဖြစ်တဲ့အတွက် ခန္ဓာဖြစ်တည်မှု vs. လုပ်ရပ်ဆိုပြီး ဒွိဟနှစ်ခုတည်းကနေပဲ ဖီမီနင့်ဇင်ကိုချဥ်းကပ်လို့မရဘူးလို့မြင်တယ်

တကယ်တမ်းက မိန်းမတွေရဲ့ဖိနှိပ်ခံရမှုတွေဟာ ယောင်္ကျားတက်ကြွလှုပ်ရှားသူတွေ၊ မိမိကိုယ်ကို ရာဒီကယ်မကျရင်‌တောင်မှ ခေတ်ရှေ့ပြေးတယ်လို့မှတ်ယူတဲ့ မြန်မာပြည်က ယောင်္ကျားပညာရှင်ဒဿနိကတွေ အင်မတန်မှကြိုက်နှစ်သက်စွာ ကြွေးကြော်ကြတဲ့ မာ့စ်ဝါဒီတို့၊ အရင်းရှင်စနစ်ချေမှုန်းရေးတို့၊ စနစ်တွေ‌ကိုဖြိုချဖျက်ဆီးရေးတို့၊ ကိုလိုနီစနစ်နဲ့အင်ပိုင်ယာစနစ်ကိုဆန့်ကျင့်ပုန်ကန်ရေး၊ မင်းမဲ့သဘောတရားတို့အစရှိတဲ့ လွတ်မြောက်ရေးနိယာမမျိုးစုံနဲ့ချိတ်ဆက်နေတာပါပဲ အဲ့ဒီလမ်းစဉ်စကားလုံးလုပ်ရပ်တွေရဲ့နောက်မှာ၊ ရှေ့မှာ “ဖီမီနင့်” ဆိုပြီး နာမဝိသေသနတွေတပ်နေစရာမလိုပါဘူး ဖီမီနင့်အရွေ့တွေမှာ ပါဝင်ကူညီပေးတဲ့ယောင်္ကျားတို့ဘာတို့ မိမိကိုယ်ကိုသမုတ်နေစရာမလိုပါဘူး ဖီမီနင့်ဖြစ်တည်မှုလုပ်ရပ်တွေကို နေထိုင်ကျင့်သုံးနေတဲ့သူတွေအဖို့လည်း နိူင်ငံတကာဂရန့်တွေရရေးမရေရေး၊ အင်တာနေရှင်နယ် ဖီမီနင့်တက်ကြွလှုပ်ရှားမှုကြီးဦးဆောင်ရေးမဆောင်ရေး၊ လူသိထင်ရှားလူကြိုက်များရေးတွေထက် ကိုယ့်ကိုယ်ကို ဖီမီနင့်လို့မှတ်ယူကြမှာတွေထက် ကိုယ့်ရဲ့ခံယူချက်လုပ်ဆောင်ရပ်တွေအပေါ်မှာအ‌ခြေခံပြီး ဘာကိုဘာကြောင့်လုပ်‌ကိုင်နေတာလဲဆိုတာကိုသာ ရှင်းရှင်းလင်းလင်းဖြစ်နေကြဖို့ကသာလျှင် တကယ်တမ်းအဓိကကျတဲ့အရာတစ်ရပ်မဟုတ်လား? တကယ်တမ်းသာ အဲ့ဒီ့လွတ်မြောက်ရေးလမ်းစဉ်တွေကို လိုက်စားနေတယ်၊ လိုက်စားချင်တယ်ဆိုရင် ဖီမီနင့်အနှစ်သာရတွေက စိမ့်ဝင်နေပြီးသားပဲဖြစ်တဲ့အတွက် ကျွန်မအတွက်က အဲ့ဒီ့အလုပ်တွေကို လုပ်ကိုင်နေတဲ့သူတွေဟာ တကယ်သာ သူတို့ရဲ့လမ်းကြောင်းနဲ့ခံယူချက်သာမှန်ကန်ကြတယ်ဆိုရင် သူတို့မသိလိုက်ခင်မှာတင်ပဲ၊ သူတို့ဘယ်လောက်ပင် ရှက်နေကြောက်နေ၊ တီကောင်ဆားပက်သလိုတွန့်လိမ်နေကြတဲ့ကြားမှာတင်ပဲ ဖီမီနင့်ကြီးတွေဖြစ်နေကြဦးမှာပါပဲလေ


ကျေးဇူးတင်လွှာ – ဒီဆောင်းပါးရေးဖြစ်ရန် စိတ်ကူးများလှုံ့ဆော်ပေးသော “တော်လှန်ရေးနှင့်ဂျန်ဒါ” စာဖတ်ဝိုင်းတက်ရောက်‌ဆွေးနွေးခဲ့ကြသူများ၊ စာဖတ်ဝိုင်းတွင်အခြေပြုဆွေးနွေးခဲ့ကြသော “တော်လှန်ရေးထဲက ဖမ်မနစ်စကားဝိုင်း”ကို‌ရေးသားထုတ်ပြန်ခဲ့သောသူပုန်တို့ကို ကျေးဇူးအထူးတင်ပါတယ်


ပုံ – ထုံးဖြူသုတ်ထားသော ဘုရားတစ်ဆူ၏မုခ်ဝတစ်ခု၌ ခဲဖြင့်ရေးခြစ်ထားသော “မိတ်ဆွေအား ‘လူ’ ဟုသတ်မှတ်ထားပါသည်” ဟူသောစာတန်း


ဆိုဖီလူးဝစ်စ် (Sophie Lewis) ၏ “Abolish the Family” စာအုပ်အကြောင်းအင်တာဗျူး
https://archive.org/…/tfsr…/family-abolition.pdf

ကွီးယားနှင့်ထရန်စ်အဘောလစ်ရှင်းနင့်သမား မမ်အီးအိုဘရိုင်ရန် (ME. O’Brien) ရေးသော “To Abolish the Family: The Working Class Family and Gender Liberation in a Capitalist Development” စာအုပ် pdf
https://endnotes.org.uk/articles/to-abolish-the-family.pdf

လိုင်ဇာဖယ်သာစတုန်း (Liza Featherstone) ရေးသော “At the Dawn of Capitalism, Charles Fourier Imagined a Socialist-Feminist Utopia” ဆောင်းပါး
https://jacobin.com/…/socialist-feminist-utopia-charles…

ဂျက်စီကွန်း (Jesse Cohn) ရေးသော “Anarchism and Gender” ဆောင်းပါး
https://theanarchistlibrary.org/…/jesse-cohn-anarchism…

ဟွီးရင်းလူ (Huiying Liu) ရေးသော “Feminism: An Organic or an Extremist Position? On Tien Yee As Represented by He Zhen” ဆောင်းပါး
https://muse.jhu.edu/pub/4/article/49672/pdf

၂၀၁၄ ခုနှစ် The New School တွင် ပြုလုပ်ခဲ့သော ဘယ်လ်ဟွတ်ခ် (bell hooks) ၏ဆွေးနွေးဝိုင်းဗွီဒီယို
https://blogs.newschool.edu/…/bellhooksteachingtotr…/….

၂၀၂၃ ခုနှစ်တွင် လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ်တွင် ထုတ်ပြန်ခဲ့သော သူပုန်တို့ရဲ့ “တော်လှန်ရေးထဲ ဖမ်မနစ်စကားဝိုင်း” ဆောင်းပါး
https://ijbs.online/…/%e1%80%90%e1%80%b1%e1%80%ac%e1…/

ကျွန်မလက်ရှိဘာသာပြန်နေသော အန်နာခါဖီမီနင့်ဇင်စာအုပ် မိတ်ဆက်အပိုင်း
https://machinthe.noblogs.org/…/%e1%80%99%e1%80%ad%e1…/

၂၀၂၂ ခုနှစ်တွင် ရေးခဲ့သော “ကျွန်မရဲ့ဖီမီနင့်ဇင်” ဆောင်းပါး
https://machinthe.noblogs.org/post/2022/05/30/%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%99%e1%80%9b%e1%80%b2%e1%80%b7%e1%80%96%e1%80%ae%e1%80%99%e1%80%ae%e1%80%94%e1%80%84%e1%80%b7%e1%80%ba%e1%80%87%e1%80%84%e1%80%ba/

ငြမ်းဖျက်ဖို့ကြံ

မနေ့က စာဖတ်သူတစ်ဦးဝေမျှလာတာကြောင့် လက်ရှိမှာဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ မြန်မာဇာတ်သဘင်အစည်းအရုံးကနေ ဒီဇိုင်နာမစုစုမြတ်ရဲ့သဘင်ခေါင်းပေါင်းနဲ့မင်းသားအဆင်အယင်ကို အမျိုးသမီးမော်ဒယ်အတွက်ချုပ်လုပ်ထားတဲ့ဖက်ရှင်ဒီဇိုင်းအပေါ် ကန့်ကွက်မှုသတင်းအကြောင်းသိခဲ့ရပါတယ် ကျွန်မဟာ အနုပညာသည်တစ်ဦးမဟုတ်တဲ့အပြင် အနုပညာဇာတ်သဘင်လောကအကြောင်းတွေဘာတွေလည်း နှံ့နှံ့စပ်စပ်လေ့လာသိရှိတဲ့သူမဟုတ်ပါဘူး ဒီသတင်းအကြောင်း ဆက်စပ်ရှာဖွေဖတ်မိရင်းကနေ ဇာတ်သဘင်အစည်းအရုံးရဲ့ကန့်ကွက်မှုအပေါ်မှာ အမြင်အမျိုးမျိုးကွဲကြတာကို သတိထားမိပါတယ် တချို့ကတော့ “ဇာတ်သဘင်အစည်းအရုံးရဲ့ကန့်ကွက်မှုဟာ အင်မတန်ဖိုဆန်တယ်” လို့ ထောက်ပြကြတယ် တချို့ကတော့ “ရိုးရာဓလေ့ထုံးစံဆိုတာ မပယ်ဖျက်ကောင်းဘူး ခေါင်းပေါင်းဆိုတာ အန်မတန်အဓိပ္ပါယ်ရှိတဲ့ဝတ်စားဆင်ယင်မှုတစ်ခုဖြစ်တယ်” လို့ချေပကြတယ် တချို့ကတော့ “ဇာတ်သဘင်လောကဆိုတာ ဖိုဝါဒကြီးပြီးသားမို့ သူတို့ကို ဒီလို လစ်ဘရယ်တန်ဖိုးတွေဖြစ်တဲ့ ကျား/မတန်းတူညီမျှမှုတွေအတွက် ဘက်ပြိုင်ပြောနေတာ ဘာမှခရီးမရောက်ဘူး” လို့ဆိုကြတယ် ဒီလိုအမြင်တွေအမျိုးမျိုးရှိကြ‌တဲ့နေရာမှာ ကျွန်မသုံးသပ်မိတာ၊ ခံစားမိတာလေးတွေပေါ်လာတာကို ချရေးကြည့်ချင်တယ်

ကျွန်မအဖို့တော့ အထက်ကရေးခဲ့သလို ဇာတ်သဘင်လောကအကြောင်းနဲ့ ‌ဇာတ်သဘင်လောကမှာ မကျင်လည်ဖူးတဲ့သူတစ်ယောက်အနေနဲ့၊ ခေါင်းပေါင်းဆိုတာရဲ့ အင်မတန်ထုံးတမ်းစဉ်လာရှည်လျားမှုဆိုတာကို မသိနားမလည်တဲ့သူတစ်ယောက်အနေနဲ့ ဒီဇိုင်နာရဲ့ တီထွင်ကြံဆမှုအပေါ်မှာ သဘင်သည်လောကအရ မှားသည်၊ မှန်သည် မဆိုတတ်ပါဘူး တစ်ဘက်ကတော့ ဇာတ်သဘင်လောကဟာ ဖိုဝါဒီကြီးစိုးတဲ့လောကလို့ဆိုကြတဲ့အဆိုတွေကိုတော့ ကိုယ်တွေ့အမြင်တွေအရလက်သင့်ခံလို့ရတာတွေရှိပါတယ် ဥပမာ – အငြိမ့်ပွဲတစ်ပွဲကြည့်တိုင်း (လူကိုယ်တိုင် မကြည့်ဖြစ်ရင်တောင် အခွေကနေတဆင့် ကြည့်မိတိုင်း) အငြိမ့်မင်းသမီးတစ်ယောက်ရဲ့မိန်းမဖြစ်တည်မှုဟာ ထိကပါးရိကပါးပြောဆိုဆက်ဆံခံရခြင်းကနေမကင်းကွာဘူးဆိုတာ သိသာပါတယ် လူရွှင်တော်တိုင်းရဲ့ အငြိမ့်မင်းသမီးအပေါ် ပြက်လုံးထုတ်တာ၊ ဆက်ဆံတာ၊ ထိကိုင်တာတွေဟာ မြန်မာ (အထူးသဖြင့် ဗမာ) “ရိုးရာ”အရ ‘မ’ဖြစ်တည်မှု (femininity) ကို ပရိတ်သတ်ကို လေ့လာသင်ကြားပေါင်းကူးဆက်ဆံပေးနေသလိုပါပဲ ဒါကတော့ မိန်းကလေးဆိုတာ ရှက်တတ်တယ်၊ ရွံ့တတ်တယ်၊ ချစ်ချင်ပေမဲ့ မူတယ် အစရှိသဖြင့်ပေါ့ အငြိမ့်မင်းသမီးဟာ ဘယ်သောအခါမှ လူရွင်တော်တွေရဲ့ စနောက်ပြောင်မှုတွေအပေါ် ဒေါသထွက်တာ၊ ရန်လိုတာမရှိတာကို ပရိတ်သတ်ကတွေ့ရတယ် အငြိမ့်မင်းသမီးဟာ အမြဲတမ်း လူရွှင်တော်တွေအပေါ် “အကိုတို့ရေ” ဆိုပြီး မူချင်မူမယ် ဒါပေမဲ့နောက်ဆုံးမှာ ချစ်ခင်ကြင်နာစွာ ပြောဆိုဆက်ဆံတာတွေကိုပဲ ကျွန်မတို့တွေ့မြင်ကြရတယ် နောက် ပရိတ်သတ်ထဲကနေ မင်းသမီးကို ပိုးစာ၊ပမ်းစာပေးလိုတာ စကားပြောလိုတာတွေကိုလည်း ကိုယ်မကြိုက်သည်ရှိတောင် အနည်းနဲ့အများလက်ခံပြောဆိုရတယ်ဆိုတာတွေကို ကြားဖူးခဲ့ပါတယ် (သဘင်သည်ဆိုတာ ဟိုးအရင်ခေတ်မှာ ပြည်ကြီးတန်ဆာလို့တောင် သမုတ်ခံခဲ့ရတာကိုး) ထားပါတော့ ဒီနေ့ ကျွန်မရေးချင်တဲ့စာက လူရွှင်တော်နဲ့ အငြိမ့်မင်းသမီးကြားက ဂျန်ဒါအ‌သွားအလာတွေအကြောင်းတော့မဟုတ်ပါဘူး

ဒါပေမဲ့ ဇာတ်သဘင်လောကဆိုတာလည်း လူ့အဖွဲ့အစည်းကြီးထဲမှာရှိနေတဲ့ ဓလေ့တစ်ခုဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းထဲက ဂျန်ဒါအပေါ်ယူဆပုံ၊ မြင်ယောင်ပုံ၊ ဆက်ဆံပုံတွေဟာ ‌ဇာတ်သဘင်လောကမှမဟုတ် အခြားခြားသောလောကတွေမှာပါ ပြန်လည်ထင်ဟပ်နေမှာပါပဲ အဲ့လိုပဲ (life imitates art ဘဝက အနုပညာကို ပြန်အတုခိုးတယ်ဆိုသလို) အနုပညာတွေဖြစ်တဲ့ ဇာတ်သဘင်လောကကနေလည်း လူ့အဖွဲ့အစည်းထဲကိုပြန်ပြီး လွှမ်းမိုးနိူင်တဲ့ ဂျန်ဒါနဲ့အခြားသော လူမှုကျင့်ကြံပုံတွေလည်း ရှိနေတာပါပဲ

လက်ရှိဖြစ်နေတဲ့ မင်းသားအဝတ်အစား မိန်းမမော်ဒယ်ဝတ်လို့မရဘူးဆိုတဲ့အငြင်းအခုံထဲက ကျွန်မစိတ်ဝင်စားမိတဲ့ အဓိကအချက်ကတော့ သင်္ကေတတွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ ဘယ်လောက်ထိ အရေးပါအရာရောက်သလဲဆိုတဲ့မေးခွန်းပါပဲ

သင်္ကေတဆိုတာဟာ တစ်ခါကျွန်မ ဘာသာစကားအကြောင်းရေးဖူးတဲ့ဆောင်းပါးထဲမှာ အကျယ်ချဲ့ထားသလို လူအစုအဖွဲ့ဆိုတာဖြစ်တည်လာဖို့အတွက် အချင်းချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အထောက်အကူပြုပေးတဲ့အရာတွေကို ဆိုလိုပါတယ် ဥပမာအကျဆုံးသင်္ကေတကတော့ ဘာသာစကားပေါ့နော် ဘယ်လိုစာလုံးတွေကိုသုံးမယ်၊ ဘယ်လိုသဒ္ဒါနဲ့ပြောမယ်၊ ဘယ်လိုလေသံနဲ့ပြောရင်ဖြင့် ဘာအဓိပ္ပါယ်ပေါက်မယ် အစရှိသဖြင့် လူတစ်ဦးထက်ပိုပြီး ဆက်ဆံကြတဲ့နေရာမှာ ကြားခံအနေနဲ့အသုံးပြုကြတဲ့ သင်္ကေတနည်းစနစ်တစ်ခုပါပဲ ရိုးရာဓလေ့လို့ခေါ်ကြတဲ့ culture ဆိုတာဟာလည်း တကယ်တမ်းစဉ်းစားကြည့်ရင် အဲ့ဒီ့ရိုးရာဓလေ့ဆိုတာနဲ့ အနည်းနဲ့အများချိတ်ဆက်ကျင့်သုံးနေတဲ့ လူတစ်စုရဲ့သင်္ကေတပဲမဟုတ်ပါလား ဥပမာ – ဗမာ့ရိုးရာဆိုတာ ဗမာတွေလိုက်စားတဲ့အရာ အစရှိသဖြင့်ပေါ့

ဒါပေမဲ့ ရိုးရာဆိုတာဟာ လူတစ်စုကလိုက်နာကျင့်သုံးတယ်လို့ဆိုပေမဲ့ ရိုးရာဟာ စည်းနဲ့ဘောင်နဲ့အတည်တကျတည်ရှိနေတာတော့မဟုတ်ဘူး ရိုးရာမှာ ဖွာဖရာကြဲနေတဲ့အနားသတ်တွေရှိနေတယ် ဗမာဘာသာစကားနဲ့ပြန်ချိတ်ဆက်ရင်ကိုပဲ ဗမာစကားရဲ့သဒ္ဒါအမှန်ဆိုတာ ဒါပါလို့ ထုတ်ထားတဲ့စည်းဘောင်တွေနဲ့အညီ မပြောဆိုမဆက်ဆံတဲ့ ရိုးရာအနားသတ်ကသူတွေရှိနေသေးတယ်

ဒါနဲ့တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့သောအပတ်ထဲကမှ ကျွန်မနဲ့အပြင်မှာ လူချင်းမတွေ့ဖူးတဲ့ ဗမာယောင်္ကျားတစ်ယောက်ဆီ စာဖတ်ဝိုင်းကိစ္စနဲ့စာလှမ်းပို့တဲ့အကြောင်းကို ပြန်ပြောပြချင်တယ် ကျွန်မက သူ့ကို လူချင်းလည်းမသိ၊ မြန်မာလိုလည်း တစ်ခါမှ စကားမပြောဖူးတဲ့အတွက် မြန်မာလိုလှမ်းပို့တဲ့စာမှာ သူ့နာမည်အပြည့်အစုံကို ခေါင်းစီးတပ်ပြီးပို့ခဲ့တယ် သူ့က ဒီလို “ဗမာ့ထုံးစံ ကို တွေ၊ ဦးတွေမတပ်ဘဲ” သူ့နာမည်ကြီးပဲ တိုက်ရိုက်ခေါ်တာ သူသဘောမကျကြောင်း စာပြန်တယ် ကျွန်မကလည်း ကျွန်မအနေနဲ့ လူချင်းမသိဘဲ သူတို့ရဲ့ ဂျန်ဒါဖြစ်တည်မှုဘာလဲမသိဘဲ ဂျန်ဒါနာမ်စားတွေဖြစ်တဲ့ ကို တွေ၊ မ တွေ၊ ဦး‌ တွေ၊ ဒေါ်‌ တွေတပ်မခေါ်ချင်တာမို့ မခေါ်ခဲ့ကြောင်းရှင်းပြပြီး အခုလို သူ ကို တပ်ခေါ်စေချင်တာသိသွားတဲ့အတွက် ကိုဘယ်သူပါလို့ နောက်ကြုံရင်ခေါ်မယ်လို့ စာပြန်ခဲ့တယ် ဆိုတော့ ဒီဥပမာကိုကြည့်ရင်ပဲ ကို/ဦး/ဒေါ်/မ တပ်ခေါ်တာတွေဟာ ဗမာ့ရိုးရာဆိုတာ သူရောကျွန်မရောသိပေမဲ့ ကျွန်မဟာ အဲ့ဒီဂျန်ဒါနာမ်စားတပ်ခေါ်ခြင်းဓလေ့ရဲ့ အနားသတ်တစ်နေရာကိုရောက်နေတဲ့သူလိုဖြစ်နေတယ် ဗမာရိုးရာမှာတော့ အဲ့လိုတွေတပ်မခေါ်ရင် ရိုင်းတယ်လို့မှတ်ယူကြတာကိုး ဒါပေမဲ့ ကျွန်မအတွက် အဲ့ဒီနာမ်စားတွေဟာ ဂျန်ဒါအရ ကသိကအောက်ဖြစ်စေပြီး အထက်အောက်စနစ်တွေကိုပါ ပြန်လည်တီထွင်ပေးနေတယ်လို့ ခံစားရတယ် တစ်ယောက်ယောက်ကို ကိုဘယ်သူလို့ခေါ်ရင်ပဲ သူသည် ခေါ်ဝေါ်သူထက် အသက်ကြီး၊ ဝါကြီးသယောင်ဖြစ်သွားတယ် တစ်ယောက်ယောက်ကို ဆရာဘယ်သူ၊ ဆရာမဘယ်သူတပ်ခေါ်ရင်ပဲ အဲ့လူဟာ ကိုယ့်ထက်ပိုသိသယောင်ဖြစ်သွားတယ် (ဒီနေရာမှာလည်း ဒီနာမဝိသေသနတွေအကြောင်း ကျွန်မဟာသိပြီးသားဖြစ်ပေမဲ့ ဒီယောင်္ကျားဟာ ကျွန်မကမသိသယောင် သေချာပြန်လည်ရှင်းပြခဲ့ပါသေးတယ် ဒါကတော့ ဗမာ့နည်းဗမာဟန် mansplaining ပေါ့လေ) အဲ့ဒါကြောင့် တချို့ ကျွန်မကို ဆရာမမခြင်္သေ့လို့ခေါ်တာတွေကို ကျွန်မကို ဆရာမလို့မခေါ်ပါနဲ့လို့ ထပ်ခါထပ်ခါပြန်ပြောခဲ့တာပဲ ဒီလိုတပ်ခေါ်တာတွေဟာ ဗမာရိုးရာ “ယဉ်ကျေးမှု” လို့ဆိုကြပေမဲ့ အထက်အောက်စနစ်တွေကို မနှစ်မြို့တဲ့သူ၊ ဂျန်ဒါရွေ့လျားပြောင်းလဲနေသူတစ်ဦးအနေနဲ့ ကျွန်မအတွက် မွန်းကျပ်လွန်းလှတယ် (ယဉ်ကျေးမှုဆိုတာ တကယ်တမ်းယဉ်ကျေးကြတယ်ဆိုတာထက် ရှိပြီးသားစံနှုန်းတွေကိုပဲ နာမ်စားပြုခေါ်ဝေါ်နေကြတာဖြစ်မနေဘူးလား?)

ရိုးရာဟာ အထဲထဲမှာလည်း အစိတ်အမြွှာမြွှာကွဲနေပြန်သေးတယ် ဥပမာ – ဇာတ်သဘင်ဟာ ဗမာ့ရိုးရာလို့ဆိုပေမဲ့ ရန်ကုန်လို ကောစမိုပိုလီတန်မြို့မှာတော့ ဇာတ်သဘင်ဆိုတာကို ရိုးရာဓလေ့ထုံးစံတစ်ခုလို့ ကြည့်ကြတာမျိုးမရှိဘူး မန္တလေးတို့၊ အညာတို့မှာလို ဇာတ်ပွဲဆိုတာကို ဘုရားပွဲတော်ကျင်းပချိန် ကွင်းပြင်မှာ ဖျာခင်းပြီး ကြည့်ကြတာမဟုတ်ဘဲ ရန်ကုန်မှာတော့ အမျိုးသားဇာတ်ရုံမှာ အအေးခန်းထဲထိုင်ပြီး ကြည့်ကြတာမျိုးပေါ့ အဲ့တော့ ဇာတ်သဘင်လိုမျိုးကို ရိုးရာလို့ဆိုရင်တောင် အဲ့ဒီဇာတ်သဘင်ကို တင်ဆက်ပုံ၊ ပရိတ်သတ်ကြည့်ရှုပုံအစရှိတာတွေဟာ ဗမာ့လူ့ပတ်ဝန်းကျင်ထဲမှာတင်ကို အမျိုးမျိုး မျိုးကွဲတွေရှိနေပြန်တယ်

ဆိုတော့ အထက်က သင်္ကေတဆိုတာနဲ့ပြန်ဆက်ရရင် ဒီသင်္ကေတစနစ်တွေဟာ ကျွန်မတို့ကို အချင်းချင်းပေါင်းသင်းဆက်ဆံရတာ လွယ်ကူအောင် ကျွန်မတို့ကပဲတီထွင်ခဲ့ပေမဲ့ သူတို့တွေဟာ ခေတ်နဲ့အညီပြောင်းလဲနေပြန်တယ်ဆိုတာကို တွေ့ရတယ် ဥပမာ – အင်္ကျီအဝတ်အစားနဲ့လူ့အဆင်အယင်‌တွေကိုပဲကြည့်မယ်ဆိုရင် ကိုလိုနီခေတ်မတိုင်ခင် ဗမာယောင်္ကျားဆိုတာ ယောင်ကြီးဗွေရှိမှ ယောင်္ကျားပီသတယ်လို့သတ်မှတ်တဲ့ခေတ်ကနေ ကိုလိုနီခေတ်နောက်ပိုင်းမှာ ဘိုကေဟာ ယောင်္ကျားပီသမှုရဲ့နောက်ထပ်စံနှုန်းအသစ်တစ်ခုထပ်ဖြစ်လာတယ် အခုခေတ်မှာ ယောင်္ကျားဆံပင်ရှည်ထားတာဟာ ယောင်္ကျားပီသတယ်ဆိုတာထက် လမ်းသရဲလိုလို၊ ဘာလိုလိုမှတ်ယူခံရတယ်မလား? အဲ့လိုပဲ အတောင်နှစ်ဆယ်ပုဆိုးဝတ်တဲ့ခေတ်ကနေ ခုခေတ်ယောင်္ကျားပုဆိုးတွေဟာ မိန်းမထမီနဲ့ဆိုဒ်တူဂိုက်တူဖြစ်လာကြတယ် (ရှေးဗမာခေတ်မှာအတောင်နှစ်ဆယ်ဝတ်ရင် ယောင်္ကျား၊ သုံးတောင်ဝတ်ရင် မိန်းမဆိုပြီး ခွဲခြားထားတယ်လို့ မောင်ခင်မင် (ဓနုဖြူ)ရေးတာဖတ်ခဲ့ဖူးတယ် ဒီအတိုင်းဆို အခုခေတ်မှာ‌ ဗမာယောင်္ကျားတွေ ဂျင်းဘောင်းဘီပဲဝတ်ကြတော့ သူတို့ယောင်္ကျားမဟုတ်တော့ဘူးလား မေးစရာရှိလာတယ်) ဆိုလိုတာက သင်္ကေတတွေနဲ့ အဲ့ဒီ့သင်္ကေတကိုသဘောပေါက်နားလည်ပုံ၊ အဓိပ္ပါယ်ဖွင့်ပုံတွေက အချိန်ကာလတစ်ခုအတွင်းမှာ ပြောင်းလဲလာတာတွေကို ထောက်ပြချင်ဝာာပါပဲ

ဒီနေရာမှာ သင်္ကေတတွေဟာ လူလုပ်‌တွေပဲဖြစ်လို့ သူတို့ရဲ့ ပြောင်းလဲခြင်းဟာလွန်ဆန်လို့ရတဲ့အရာတော့မဟုတ်ပါဘူး ဒါပေမဲ့ သင်္ကေတတွေရဲ့ပြောင်းလဲမှုတွေဟာ မသိမသာမဟုတ်ဘဲ ချက်ချင်းလက်ငင်း ဗြုန်းခနဲဖြစ်တဲ့အခါမှာသာ အခုလိုတင်းမာမှုတွေ၊ အငြင်းပွားမှုတွေဖြစ်လာတယ်လို့ ကျွန်မမြင်မိတယ် ပြီးတော့ သူတို့ကိုပြောင်းလဲစေတဲ့တွန်းအားတွေ၊ တီထွင်မှုအသစ်တွေနောက်မှာ ကပ်ညှိနေတဲ့ပါဝါအာဏာအသွားအလာတွေကြောင့် ဒီလိုတင်းမာမှုတွေ၊ အငြင်းပွားမှုတွေရှိလာတယ်လို့လည်း ကျွန်မကတော့ သုံးသပ်မိတယ်

ဥပမာ – ၂၀၁၄ ခုနှစ်က ဗြိတိသျှဓါတ်ပုံဆရာ တင်မ်ဝေါကာ (Tim Walker) ‌မြန်မာပြည်မှာ W Magazine အတွက်လာရိုက်ခဲ့တဲ့ ဖက်ရှင်ဓါတ်ပုံတချို့ကိုမှတ်မိကြမယ်လို့ ကျွန်မထင်တယ် (အောက်မှာ W Magazine ရဲ့လင့်ခ်ထည့်ပေးထားပါတယ်) ဝေါကာရဲ့ဓါတ်ပုံတွေဟာ ဖက်ရှင်ကိုဒီတိုင်းရိုက်ရုံတင်မက အသစ်အဆန်းတီထွင်ပြီးရိုက်တယ်လို့ဆိုရမယ် မော်ဒယ်ဝတ်ထားတဲ့အဝတ်အစားတွေဟာ အနောက်နိူင်ငံက နာမည်ကြီး ဈေးကြီး ဘရန်းတွေဖြစ်တဲ့ Givenchy အစရှိတဲ့ ဘရန်းအဝတ်အစားတွေဖြစ်ပေမဲ့ သူတို့ရဲ့အရောင်အသွေး၊ အဆင်အပြင်တွေဟာ ဗမာ့ရိုးရာအင်္ကျီအဝတ်အစား (တချို့ဆို ဘုန်းကြီးသင်္ကန်း) တွေနဲ့ ဆင်တူယိုးမှားရှိနေတာတွေကို တွေ့ရတယ် ဒီနေရာမှာ ဝေါကာ့ပုံတွေနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့အချက်က မော်ဒယ်လူဖြူမိန်းမရဲ့ ရွှေတိဂုံဘုရားမှာရိုက်ထားတဲ့ပုံဟာ ဝေါကာရဲ့ ပြုပြင်ချက်တွေကြောင့် မော်ဒယ်ဟာ ဘုရားပေါ်ကိုတက်ခွကျော်တက်နေတဲ့ပုံပေါက်တဲ့တစ်ပုံပဲဖြစ်တယ် အဲ့ဒီ့ပုံနဲ့ပတ်သက်ပြီး တချို့က မြန်မာရိုးရာကို ‌စော်ကားရာကျတယ်၊ မလေးစားဘူးအစရှိသဖြင့် ပြန်လည်ဝေဖန်ခဲ့ကြတာတွေကို ကျွန်မမှတ်မိတယ်

ဒီဥပမာနဲ့ အခုလက်ရှိ ဇာတ်သဘင်အစည်းအရုံးရဲ့ ကန့်ကွက်စာကို ယှဉ်စဉ်းစားကြည့်ရင် ရိုးရာဆိုတာ ထိန်းသိမ်းစရာတစ်ခုလို့ အပေါ်ယံမြင်ယောင်လို့ရတယ် ဒါမှမဟုတ်လည်း တစ်ဘက်ကနေ အာတ် (ဓါတ်ပုံနဲ့ ဖက်ရှင်ဒီဇိုင်း) ဆိုတာ အသစ်အသစ်တွေကို တီထွင်ကြံဆရမှာမဟုတ်ဘူးလားလို့ မေးခွန်းပြန်ထုတ်စရာရှိလာတယ်

ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာ ကျွန်မအတွက်အရေးကြီးတဲ့အချက်ကတော့ ရိုးရာဆိုတာကို ဘောင်ချဲ့တဲ့သူတွေ၊ အသစ်အသစ်တွေတီထွင်တဲ့သူတွေက ဘယ်သူတွေလဲ၊ ဘယ်လိုအာဏာတွေရှိနေသလဲဆိုတဲ့အချက်ပဲ

ဝေါကာလို မြန်မာပြည်နဲ့ကိုလိုနီသမိုင်းရှိခဲ့တဲ့ ဗြိတိန်က လူဖြူယောင်္ကျားဓါတ်ပုံဆရာတစ်ယောက်အနေနဲ့ ရွှေတိဂုံဘုရားအပေါ် မိန်းမတက်လို့မရဆိုတဲ့ (မိန်းမမုန်းတီးရေးဝါဒဆန်တဲ့) ရိုးရာအစွဲကို ဂရုမစိုက်ဘူး၊ မင်းတို့မြန်မာတွေကလည်း မိန်းမတွေကိုဖိနှိပ်လိုက်တာကွာလို့ဆိုတာဟာ သူ့ရဲ့ကိုလိုနီဆန်ဆန် ကိုလိုနီသခင်စာရိတ္တနီတိဆရာကြီးအသွင်ပြန်ကျင့်ကြံတာမျိုးဖြစ်ပေမဲ့ ဇာတ်သဘင်လောကရဲ့ အစွန်းသတ်‌တစ်နေရာမှာ ရှိကောင်းရှိနေနိူင်တဲ့မိန်းမဒီဇိုင်နာတစ်ယောက်အနေနဲ့ ယောင်္ကျားတွေသာဝတ်လို့ရတဲ့ ခေါင်းပေါင်းကို မိန်းမမော်ဒယ်တစ်ယောက်ကို ပေးဆောင်းတာဟာ ဖိုဆန်နေတဲ့ရိုးရာကို တစ်နည်းတစ်ဖုံ ဘောင်ချဲ့တာမျိုးဖြစ်နေတယ်

သင်္ကေတ (symbol) တွေဟာ ရုပ်ဝါဒ (materialism) ကိုဦးစားပေးလေ့လာတဲ့သူတွေအတွက် အရေးမပါတဲ့အရာတွေလို့မှတ်ယူခံရလေ့ရှိတယ် ဟုတ်ပါတယ် သင်္ကေတတွေကိုချည်း ဦးစားပေးသုံးသပ်တဲ့အခါ ရုပ်ဝတ္တုပိုင်းဆိုင်ရာအရ ဖိနှိပ်ခံနေရမှုတွေကို လှစ်လျှူရှုရာကျတယ် ဒီဇာတ်သဘင်ကိစ္စမှာတောင် မော်ဒယ်ခေါင်းပေါင်းပေါင်းရေးမပေါင်းရေး၊ ပုဆိုးဝတ်ရေးမဝတ်ရေးအစရှိတဲ့ သင်္ကေတအရဖိနှိပ်ခံရမှုကိုပဲ ကွက်ငြင်းခုံကြတဲ့အခါ တကယ်တမ်း ဇာတ်သဘင်လောကမှာ ဂျန်ဒါအရဖိနှိပ်ခံနေရဆဲဖြစ်တဲ့ အငြိမ့်မင်းသမီးတွေ၊ မိန်းမတွေအကြောင်းကို မျက်ကွယ်ပြုထားရာရောက်ဆဲဖြစ်တယ် ဒီဒီဇိုင်းကို တီထွင်နိူင်တဲ့ဒီဇိုင်နာဆိုတာဟာလည်း မိန်းမပင်ဖြစ်နေစေကာမူ ဘယ်လူတန်းစားအလွှာကမိန်းမလဲဆိုတဲ့ သူ့ရဲ့ ဂျန်ဒါဖြစ်တည်မှုနဲ့ ဖိနှိပ်ခံရမှုကို ရုပ်ဝါဒနဲ့ချိတ်ဆက်မစဉ်းစားမိသလိုဖြစ်တယ် ဒါကတော့ ကျွန်မ Manel အကြောင်းရေးထားတဲ့ ဆောင်းပါးထဲက အဓိကအာဘော်လိုပါပဲ တကယ်တမ်းစနစ်တကျတည်ရှိနေဆဲဖြစ်တဲ့ ဂျန်ဒါဖိနှိပ်မှုတွေအစား အဲ့ဒီဖိနှိပ်မှုတွေကိုဝေဖန်တာတွေဟာ သင်္ကေတအဆင့်မှာတင်ရပ်တန့်သွားတာမျိုး၊ သင်္ကေတအရ မိန်းမဖြစ်နေလို့ဆိုရင်တော့ ဒါတွေဟာ ဟန်ပြဂျန်ဒါတန်းတူညီမျှမှုတွေလို့ဆိုရမှာပဲ (ဘာဘီရုပ်ရှင်တို့လိုမျိုး အပေါ်ယံသင်္ကေတအရ ဂျန်ဒါတန်းတူညီမျှရေးဆိုတာ ဘူဇွာဖီမီနင့်တွေအရမ်းသုံးတတ်တဲ့ လက်ကိုင်တုတ်လိုလည်းဖြစ်နေတာကိုး)

တစ်ပြိုင်နက်တည်းမှာလည်း အဲ့လိုဆိုလို့ မိန်းမတွေခေါင်းပေါင်းမပေါင်းသင့်တော့ဘူးလား၊ ဇာတ်သဘင်လောကရဲ့ဖိုဆန်နေမှုတွေကို မထောက်ပြရတော့ဘူးလားလို့တော့လည်း ကျွန်မမထင်ပါဘူး ကျွန်မတို့တွေဟာ သင်္ကေတတွေကြားနေကြတဲ့သူတွေပဲ နေရာတိုင်းမှာ သင်္ကေတတစ်ခုမဟုတ်တစ်ခုကို အသုံးချပြီး မိမိကိုယ်ကိုဖော်ပြကြရတယ်၊ သူများနဲ့ပေါင်းသင်းဆက်ဆံရတယ် တစ်ချိန်တည်းမှာလည်း အဲ့ဒီသင်္ကေတတွေအပေါ်မှာ အချင်းချင်းနားလည်သဘောပေါက်ကြတာတွေဟာ မရေမရာမသေချာမှုတွေရှိနေတယ်

ဂျန်ဒါသီအိုရီပညာရှင် ဂျူးဒစ်ဘတ်တလာ(Judith Butler) ကတော့ ဂျန်ဒါသင်္ကေတသရုပ်ဆောင်‌ဖော်ပြချက် (gender performativity) တွေမှာ အမြဲတစေ ကိုယ်‌ဖော်ပြလိုတဲ့ ဖြစ်တည်မှုကို သူများနားလည်သဘောပေါက်ဖို့ဆိုတာ အမြဲတမ်းမရေရာတာတွေ (Precarity of recognition) ရှိနေတယ်လို့ဆိုထားတယ် ဒါကတော့ ဘတ်တလာအဆိုအရ လူတစ်ယောက်က သူ့ကိုယ်သူမိန်းမလို့ဖော်ပြဖို့ဆိုရင် အများကနေ မိန်းမတွေက ဒီလိုပြုမူတယ်၊ ဒီလိုစကားပြောတယ်၊ ဒီလိုနေထိုင်တယ်ဆိုတဲ့ဘောင်ထဲကို အရင်ဝင်အောင်ကြိုးစားပြီးမှသာလျှင် မိန်းမလို့မှတ်ယူခံရတယ်တဲ့ (အဲ့လိုမှတ်ယူခံရပြီးမှ မိန်းမဖြစ်တည်မှုအပေါ် ဖိနှိပ်မှုတွေနောက်ဆက်တွဲလိုက်လာတယ်) အဲ့လိုမှတ်ယူမှုကလည်း တတည်တတံ့ရှိနေတာမဟုတ်ဘဲ အမြဲတမ်းပြောင်းလဲနေပြန်တယ်တဲ့ (အောက်မှာ မူရင်းဆောင်းပါးထည့်ပေးထားပါတယ်)

ဥပမာ – ကျွန်မကို မြန်မာပြည်ကမိန်းမလို့သမုတ်ခံရပြီး မွေးဖွားကြီးပြင်းလာပြီးတဲ့နောက်မှာတောင်မှ မိန်းမမဆန်ဘူး (ဒီနေရာမှာတောင် အစိတ်အမြွှာမြွှာပြန်ကွဲပါသေးတယ် မြန်မာမိန်းမလား၊ ဗမာမိန်းမလား၊ ပြည်ပရောက်မိန်းမလား အစရှိသဖြင့်)လို့ မှတ်ယူတဲ့အမူအကျင့်တစ်ခုခု (အသံအကျယ်ကြီးရယ်တာ၊ စကားပြန်ပြောတာ)ကို လုပ်မိလိုက်တာနဲ့ မိန်းမမပီသဘူးလို့ ထင်ခံရနိူင်တဲ့အန္တရာယ်အမြဲတမ်းရှိနေသေးတာကိုး စိတ်ဝင်စားဖို့ကောင်းတာက မိန်းမတွေအဖို့ မိန်းမမပီသရင်လည်း ဖိနှိပ်ခံရတတ်သလို မိန်းမလိုမှတ်ယူခံရပြီးရင်လည်း မိန်းမမို့လို့ဆိုပြီးဖိနှိပ်ခံနေရသေးတာပဲ ဘယ်ကိုမှပြေးမလွတ်ပါဘူး

(ဒီနေရာမှာ ပီသတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတာလည်း စိတ်ဝင်စားစရာကောင်းတယ် မိန်းမပီသခြင်း၊ ယောင်္ကျားပီသခြင်း၊ လူပီသခြင်းအစရှိတဲ့ ပီသမှုစံနှုန်းတွေကို ဘယ်သူက ဘယ်မှာကျောက်စာတင်ထားသလဲ?)

အနှစ်ချုပ်ရရင် ဒီဇာတ်သဘင်ပြဿနာဟာ တော်လှန်ရေးရပ်ဝန်းထဲက ထမီပတ်ပြဿနာလိုပါပဲ ဖီမီနင့်လို့ကိုယ့်ကိုယ်ကိုခေါ်တဲ့ယောင်္ကျားတွေ ခေါင်းပေါ်ထမီခဏပတ်ပြပြီး ဆိုရှယ်မီဒီယာပေါ်တင်ရုံနဲ့ မိန်းမထမီဆို အောက်ကျတယ်လို့ထင်တဲ့အမြင်တွေ၊ အခုချိန်ထိ အဲ့ဒီဖီမီနင့်‌ယောင်္ကျားတွေကိုယ်နှိုက်ပြန်လည်ပြုကျင့်နေဆဲဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ သမီးရည်းစားလင်မယားဖိနှိပ်ဆက်ဆံမှုတွေ၊ မြန်မာလူ့အသိုင်းအဝိုင်းထဲက ဂျန်ဒါအရ လစာပေးပိုနည်းတာ၊ မိန်းမဆိုတာနဲ့ တစ်မျိုးတစ်ဖုံဆက်ဆံခံရတာ အဲ့ဒီရုပ်ဝတ္တုသဘောတရားအရဖိနှိပ်မှုတွေပျောက်ကင်းသွားပြီလား? ကျွန်မမသိပါဘူး အဲ့လိုပဲ ဒီလိုနိူင်ငံရေးကာလကြီးအတောအတွင်းမှာ အနုပညာဖက်ရှင်ဒီဇိုင်းဆိုတာကို တီထွင်ဖန်တီးဖို့အခြေအနေတစ်ခုမှာရောက်ရှိနေတဲ့ အမျိုးသမီးဒီဇိုင်နာတစ်ဦးရဲ့ခေါင်းပေါင်းကို မိန်းမမော်ဒယ်ခေါင်းပေါ်တင်ရေးမတင်ရေးပြဿနာဟာ လက်ရှိတောခိုနေတဲ့မိန်းမတွေတွေ့ကြုံနေရတဲ့ဂျန်ဒါဖိနှိပ်မှုပြဿနာတွေ၊ ဒီဇိုင်နာ့နည်းတူ လစာတန်းတူညီမျှရ‌လေ့မရှိဘဲ အရင်းရှင်စနစ်အောက်မှာ လုပ်အားကိုခေါင်းပုံဖြတ်ခံနေရဆဲဖြစ်တဲ့ စက်ချုပ်အလုပ်သမတွေရဲ့ ဂျန်ဒါ/လူတန်းစားအရဖိနှိပ်မှုတွေကို ပပျောက်စေသလား? ကျွန်မမသိပါဘူး

ကျွန်မသိတာတစ်ခုကတော့ လူတွေဟာ သင်္ကေတတွေကြားထဲနေကြတဲ့သူတွေမို့ သင်္ကေတတွေအပေါ်မှာ အငြင်းပွားမှုတွေက ဆက်လက်ရှိနေဦးမယ်ဆိုတာရယ်၊ အဲ့ဒီ့သင်္ကေတတွေဟာ ကျွန်မတို့ကိုယ်တိုင်ပဲတီထွင်ထားတာတွေဖြစ်ပြီး အဲ့ဒီသင်္ကေတတွေရဲ့ ကျွန်မတို့အပေါ်ပြန်လည်ဖိနှိပ်(လာ/နိူင်)မှုတွေကိုဆန်းစစ်တတ်ပြီး ကိုယ်တိုင်ဆင်ထားတဲ့ငြမ်းတွေကို မလိုတော့တဲ့အချိန်မှာ အဲ့ငြမ်းအောက်မှာ ကျွန်ပြန်ခံမနေဘဲ၊ ငြမ်းရဲ့လောင်းရိပ်‌အောက်မှာ နေသားကျနေပြီးရင်တောင်မှ နှမြောတသသံယောဇဉ်အမျှင်တန်းမနေဘဲ ဖြုတ်ချသင့်ရင်ဖြုတ်ချတတ်ကြရမယ်ဆိုတာရယ်၊ သူများမလိုချင်တဲ့ငြမ်းကို ကိုယ့်စံနှုန်းအပေါ်ပဲ အခြေခံပြီး သူများအပေါ်သွားမဆင်တတ်ကြဖို့ရယ်ဆိုတာပါပဲလေ

ပုံ – ဘုရားပြုပြင်ပြင်ဆင်ရန် ဆင်ထားသောငြမ်းပေါ်မှ ဆေးဖြူသုတ် ကတ်ထူတိမ်တိုက်အတုများ

တင်မ်ဝေါကာရဲ့ မြန်မာပြည်တွင်လာရိုက်ခဲ့ပြီး W Magazine တွင် ၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော Gilt Trip ဓါတ်ပုံစီးရီး
https://www.wmagazine.com/…/tim-walker-burma-golden-land

ကျွန်မရေးသားခဲ့သော “ထမီပတ်ပြဿနာ” ဆောင်းပါး
https://www.machinthe.com/post/ထမ-ပတ-ပ-ဿန

ကျွန်မရေးသားခဲ့သော “ထိုင်ခုံတစ်ခုံစာ” ဆောင်းပါး
https://www.machinthe.com/post/ထ-င-ခ-တစ-ခ-စ

ကျွန်မရေးသားခဲ့သော “စာလုံးပေါင်းသတ်ပုံမှန်ဖို့ရယ်” ဆောင်းပါး
https://www.machinthe.com/post/စ-လ-ပ-င-သတ-ပ-မ-န-ဖ-ရယ

Judith Butler ရဲ့ Performativity, Precarity, and Recognition ဆောင်းပါး
http://acl.digimat.in/…/courses/video/109107191/lec36.pdf

တော်လှန်ရေးရပ်ဝန်းက Anti-intellectualism

 

ပြီးခဲ့တဲ့လတောက်လျှောက်လုပ်ဖြစ်ခဲ့တဲ့စာဖတ်ဝိုင်းမှာဆွေးနွေးခဲ့ကြတဲ့အချက်တွေထဲက ကျွန်မစိတ်မှာပြက်ပြက်ထင်ထင်ကျန်ရစ်နေခဲ့တဲ့အချက်တစ်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ဖြစ်တည်မှုတွေနဲ့ ပညာရှင်ရပ်ဝန်းကသီအိုရီတွေကြားလွန်ဆွဲနေတဲ့ကိစ္စကို ကျွန်မစာချရေးကြည့်ချင်တယ် ဒီအချက်ကတော့ “လူတွေဟာ ကိုယ်ပိုင်ဖြစ်တည်မှုတွေကနေသာ (သို့) on the ground/ground zero လို့ခေါ်တဲ့အောက်ခြေမြေပြင်နေရာတွေမှာရှိနေမှသာလျှင် နိူင်ငံရေးကိုသေသေချာချာသိမြင်နားလည်နိူင်မယ်” ဆိုတဲ့အဆိုနဲ့ “ပညာရှင်/ပညာတတ်တွေဟာ စာတွေပဲဖတ်ပြီး တကယ်တမ်းပြဿနာတွေကို မဖြေရှင်းတတ်ကြဘူး၊ မဖြေရှင်းပေးနိူင်ဘူး” ဆိုတဲ့ဝေဖန်သုံးသပ်ချက်နှစ်ခုအောက်က လွန်ဆွဲနေတဲ့ဒွိဟတစ်ခုအကြောင်းပါပဲ

 
 

ဒီစာကိုချရေးကြည့်ဖို့အကြောင်းဖန်လာတာကလည်း တစ်နေ့ကဖတ်လိုက်ရတဲ့ စောသီဟရဲ့ပို့စ်နဲ့ ကျွန်မ ပြီးခဲ့တဲ့လက စစ်မှုထမ်းဥပဒေအကြောင်းရေးလိုက်တဲ့ဆောင်းပါးအောက်မှာ “ဖတ်ထားတဲ့စာတွေကို ဖုန်ထုတ်ခါတာလား” ဆိုတဲ့ troll (ဘယ်သူဘယ်ဝါမှန်း သေချာမသိရဘဲ အကောင့်အပြောင်အပျက်တွေနဲ့ ကော့မန့်တာတော့ troll အကောင့်လို့ပဲ မှတ်ယူပါတယ်) ကော့မန့်တွေရဲ့ တိုက်တွန်းမှုတွေကြောင့်လို့ စကားအရင်ခံချင်ပါတယ်

 
 

(ကြားဖြတ်အနေနဲ့ ကျွန်မကို မဝေဖန်ရဘူးလို့ကျွန်မမထင်ပါဘူး တကယ်တမ်း ခြေခြေမြစ်မြစ်ဝေဖန်ချင်တာ၊ နှီးနှောချင်တာတွေကို လက်ခံရုံတင်မက ကျွန်မရဲ့စာဖတ်ဝိုင်းတွေမှာရော၊ အီးမေးလ်ကနေတဆင့်ပါ ဝင်ရောက်ဆက်သွယ်ပြောဆိုလို့ရပါတယ် ကိုယ့်အာသာကိုယ်ဖြေရုံ ဆိုရှယ်မီဒီယာပေါ်မှာ troll အကောင့်တွေနဲ့ အခြေမရှိအမြစ်မရှိပုတ်ခတ်တာတွေကိုတော့ ban လုပ်ဖို့လည်းအစီအစဉ်မရှိသလို ဘယ်သောအခါမှလည်း လက်ညောင်းခံပြီး ပြန်လည်တုံ့ပြန်ပြောဆိုဖို့လည်းစိတ်ကူးမရှိပါဘူးဆိုတာရယ်နဲ့ စောသီဟကို လူချင်းလည်းမသိသလို၊ သူဘာတွေလုပ်နေလဲလည်းမသိတဲ့အပြင်၊ စကားလည်းမပြောဖူးတာဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုတာထက် သူ့ရဲ့ public ပို့စ်ထဲက အာဘော်ကိုသာ ကျွန်မအဓိကထားစဉ်းစားသုံးသပ်ချင်တယ်ဆိုတာပါပဲ)

 
 

စောသီဟပို့စ်ရဲ့ အဓိကအာဘော်ဟာ “ပညာတတ်တွေသည် ပြည်သူလူထုကြားမှာရှိမနေဘဲ ကွန်းဖရန့်တွေတက်၊ ဆရာကြီးတွေပြန်လုပ်ပြီး တကယ်တမ်းပြုပြင်ပြောင်းလဲရေးရာတွေမှာ ဘာမှအထောက်အကူမပြုကြဘူး” ဆိုတာကို ဝေဖန်ထောက်ပြတယ်လို့ ကျွန်မဖတ်မိတယ် (ဒါကတော့ ကျွန်မရဲ့ summary ပါ မူရင်းပို့စ်ကိုတော့ အောက်ကလင့်ခ်မှာ ဝင်ဖတ်နိူင်ပါတယ်) ဒီယေဘုယျအဆိုကို ကျွန်မလည်း လက်ခံပါတယ် “ပညာရှင်” “ပညာတတ်” လို့ခေါ်ဝေါ်သတ်မှတ်ခံလိုက်ရတာနဲ့တစ်ပြိုင်နက် (သို့) တန်းဘောင်ဝင်သွားတာနဲ့တစ်ပြိုင်နက် သွေးနားထင်ရောက်ပြီး ပညာသူ့လောက်မတတ်ဘူး၊ စာ သူ့လောက်မဖတ်ထားဘူး၊ သီအိုရီ (ဒီနေရာမှာ အနောက်တိုင်းလူဖြူသီအိုရီတွေ) သူ့လောက်မသိဘူးလို့ သူယူဆတဲ့သူတွေကို ဟိန်းလားဟောက်လားပြန်လည်ခြိမ်းခြောက်ပြီး အပေါ်စီးကနေဆက်ဆံကြတာတွေ ကျွန်မကိုယ်တိုင်ကြုံတွေ့ဖူးပါတယ်

 
 

ဥပမာ – အာဏာသိမ်းပြီးခါစ အမေရိကန်အခြေစိုက် လူချမ်းသာသားသမီးတွေသာ တက်နိူင်တဲ့ကောလိပ်တစ်ခုက နိူင်ငံရေးသိပ္ပံသင်တဲ့ ၈၈ မျိုးဆက်မြန်မာပါမောက္ခဦးလေးကြီးတစ်ယောက်နဲ့ ကျွန်မမိတ်ဆွေတစ်ဦးက မြန်မာပြည်ကိစ္စလက်တွဲလုပ်မလား မိတ်ဆက်ပေးတုန်းကတွေ့ကြုံခဲ့ရတာကိုပဲ ပြန်အောက်မေ့မိပါတယ် ကျွန်မဟာ သူ့ထက် အသက်ထက်ဝက်လောက်ငယ်တာကိုပဲ အပေါ်ယံကြည့်ပြီး ကျွန်မရဲ့ဖြစ်တည်မှု၊ ဘယ်အရပ်ကလာလို့ ဘယ်ကိုသွားချင်တာလဲဆိုတာတွေကို လားလားမျှမမေးဘဲ သူဖြစ်ချင်တာ၊ ဖြစ်သင့်တယ်လို့ထင်တာတွေကို ကျွန်မကို “သမီး အန်ကယ်ပြောသလို ဒါလုပ်လိုက်၊ ဟိုဟာလုပ်လိုက်” လို့ပြောတာတွေခံခဲ့ရတာ မနှစ်မြို့လို့ ကျွန်မအဲ့ဒီဦးလေးကြီးနဲ့ ထပ်မတွေ့ဖြစ်ခဲ့ပါဘူး ရယ်ရတာက သူကိုယ်တိုင် အမေရိကားမှာ လုံခြုံစိတ်ချစွာနေနေရတာကိုမှမထောက် သူနဲ့သိတဲ့မြန်မာပြည်ကသူတွေက အန်ကယ်ပြန်လာကယ်မှဖြစ်တော့မယ်လို့ပြောလို့ ဒီနေ့လိုလိုမနက်ဖြန်လိုလိုပဲ အောက်လမ်းကနေ မြန်မာပြည်ထဲဝင်တော့မလိုလို ကျွန်မကို မစားရဝခမန်းကြွားဝါခဲ့တာပါပဲ အဲ့လိုပြောတုန်းက ကျွန်မက အန်ကယ့်မိန်းမနဲ့ကလေးတွေကို အန်ကယ်ဘယ်လိုလုပ်ပြီးထားခဲ့မလဲမေးတော့ ဘာမှပြန်မဖြေတာကလည်း ပညာရှင်/ပညာတတ်/တက်ကြွလှုပ်ရှားသူဆိုတာ ဖိုဆန်နေမှပဲရမယ်၊ ကိုယ့်မိသားစုဆိုတာ ဝေသန္တာရာမင်းကြီးလိုစွန့်လွှတ်နိူင်မှရမယ်ဆိုတဲ့အယူအဆကို ဘွားခနဲတွေ့လိုက်ရသလိုပါပဲ အဲ့ဒါအပြင် ၈၈ အရေးအခင်းတုန်းက သူဟာအသက်ငယ်နေခဲ့တဲ့အတွက် သူ့ကိုလူတွေသိပ်မသိဘူးဆိုပြီး ကျွန်မကို တမင်ဘာသဘောနဲ့ပြောပြခဲ့မှန်းမသိပေမဲ့ အထင်ကြီးမယ်အစား ကျွန်မတော့ နှာခေါင်းရှုံ့ခဲ့မိတယ် အခုတော့ သူလည်း အမေရိကန်နိူင်ငံမှာပဲ ဆက်လက်နေထိုင်‌ပြီး အခွင့်သာရင်သာသလိုတော့ webinar တွေ၊ ဟောပြောတာတွေလုပ်တာကိုတော့ တွေ့ရပါတယ်

 
 

အဲ့ဒီတော့ စောသီဟရဲ့အဓိကဝေဖန်ချက်ဟာ မှားမနေပါဘူးလို့ ကျွန်မကတော့မြင်ပါတယ် တစ်ပြိုင်နက်တည်းမှာလည်း ဒီလို အနောက်နိူင်ငံအထောက်အပံ့ယူပြီး ကယ်တင်ရှင်အသွင်ယူထားတဲ့ ပညာတတ်တွေဟာ သူတို့ရဲ့ career တိုးတက်ရေးကိုယ်ကျိုးကလွဲလို့ ဘာအကျိုးကိုမှပြုနေတာမဟုတ်ဘူးလို့ပြောမယ်ဆိုရင် လွန်ရာမကျဘူးလို့ကျွန်မမြင်တယ် (career ကိုယ်ကျိုးဆိုတာ အကယ်ဒါးမီးယားရပ်ဝန်းမှာ ကျင်လည်နေတဲ့သူတစ်ယောက်အနေနဲ့ပြောပြရရင် publication တွေရေးတာ၊ ကွန်းဖရန့်တက်တာ အစရှိတာတွေဟာ သူတို့ရာထူးလစာတိုးရေးပထမဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်နေရလို့ပါပဲ publication တစ်ခုကို ပါမောက္ခ tenure ရရေးအတွက် point ဘယ်နှခုရမလဲဆိုတာတွက်ပြီး ဘယ်ဂျာနယ်မှာထုတ်မလဲဆိုတာကို လက်ချိုးရေနေကြတာပါပဲ) အဲ့ဒါကြောင့် ကျွန်မအမြင်တော့ “ပညာတတ်” ဆိုတာ အရင်းရှင်စနစ်ထဲမှာ ပါဝင်နေတဲ့‌ဈေးကွက်တစ်ခုဆိုတာ မျက်ဝါးထင်ထင်ဖြစ်လာပါတယ် တက္ကသိုလ်ဆိုတာဟာလည်း ကုမ္မဏီစီးပွားရေးတစ်ခုလိုပဲ စားသုံးသူနဲ့ဝယ်ယူသူကို ဦးစားပေးစဉ်းစားတဲ့ဈေးကွက်စနစ်ကြီးပြန်ဖြစ်လာတာပါပဲ ဒီနေရာမှာ တက္ကသိုလ်ဆိုတာကို စောသီဟမြင်တာနဲ့ ကျွန်မမြင်တာကတော့ ကွာပါတယ် စောသီဟက “တက္ကသိုလ်ဆိုတာ ပြည်သူလူထုကြားမှာပဲ ရှိသင့်တယ်” လို့ဆိုပေမဲ့ ကျွန်မအတွက်တော့ အရင်းရှင်စနစ်အောက်ထဲလည်ပတ်နေတဲ့တက္ကသိုလ်ဟာ (တော်လှန်ရေးတက္ကသိုလ်ပင်ဖြစ်နေပါစေ) ဘယ်လိုတက္ကသိုလ်ပဲဖြစ်နေပါစေ ဘယ်သောအခါမှ သာမန်လူတန်းစားအတွက်ရှိပေးနေနိူင်မှာမဟုတ်ဘူးလို့မြင်တယ်

 
 

Ref တွေ quote တွေနဲ့ရေးသူကြီးလို့ ဝေဖန်ခံရမဲ့ကြားကနေပဲ အခုလက်ရှိ ကျွန်မဖတ်နေတဲ့ စတက်ဖနိုဟာ‌နေ (Stefano Harney) နဲ့ ဖရက်မိုတန် (Fred Moten) ရေးတဲ့ The Undercommons စာအုပ်ထဲကအဆိုကို ပြန်ကိုးကားချင်ပါတယ် သူတို့အဆိုအရ “တက္ကသိုလ်ဆိုတာနဲ့ ငါတို့ကြားမှာအရှိနိူင်ဆုံးပေါင်းသင်းဆက်ဆံရေးဆိုတာ ခိုးဆိုးလုယက်ခြင်းပဲ” (The only possible relationship to the University today is a criminal one) ဆိုတဲ့အပိုဒ်ကိုပဲ ပြန်ကိုးကားချင်တယ် စကားမစပ် Stefano Harney ဟာ အရင်က Singapore Management University မှာ ပါမောက္ခလုပ်ခဲ့ပေမဲ့ သူ့ကျောင်းသားကျောင်း‌သူတွေအကုန်လုံးကို A တွေချည်းပေးခဲ့လို့ တက္ကသိုလ်ကနေအလုပ်ထုတ်ခံခဲ့ရပါတယ် တက္ကသိုလ်ရဲ့ယန္တရားဟာ လူတချို့ကိုတော်တယ်လို့သတ်မှတ်ပေးပြီး လူတချို့ကိုညံ့တယ်သတ်မှတ်ပေးဖို့တည်ရှိ‌နေတယ်ဆိုတာ တဖြည်းဖြည်းနဲ့ပိုသိလာရပါတယ် Fred Moten ကတော့ လူမည်းကဗျာဆရာနဲ့ ရိုးရာဓလေ့ဆိုင်ရာသီအိုရီပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့စာတွေဟာ ထောင်/ရဲစနစ်ကိုဖြိုချဖျက်ဆီးသူ အဘောလစ်ရှင်းသမားတွေကြား တွင်တွင်ကျယ်ကျယ်ဖတ်ရှုဆွေးနွေးခံရလေ့ရှိပါတယ် ဟာနေးနဲ့မိုတန်ရဲ့အဆိုအရ တက္ကသိုလ်ဆိုတဲ့အင်စတီးကျူးရှင်းထဲမှာ မနေသာလို့အလုပ်လုပ်နေရတဲ့သူတွေအဖို့ တက္ကသိုလ်ရဲ့ပေါကြွယ်ဝလှတဲ့သယံဇာတတွေကို ခိုးယူပြီးကိုယ့်ရပ်ရွာပတ်ဝန်းကျင်အတွက် အသုံးပြန်ချရမယ်လို့ အကြမ်းဖျင်းဆိုရပါမယ်

 
 

“To abuse its hospitality, to spite its mission, to join its refuge colony, its gyspy encampment, to be in but not of–this is the path of the subversive intellectual in the modern university”

 
 

“တက္ကသိုလ်ရဲ့ကြိုဆိုမှုကို အလွဲသုံးစားလုပ်ဖို့၊ တက္ကသိုလ်ရဲ့ရည်မှန်းချက်ကို လှောင်ပြောင်ဖို့၊ တက္ကသိုလ်မှာရှိနေတဲ့ ခိုလှုံခွင့်နေရာကိုရယူဖို့၊ တက္ကသိုလ်ထဲမှာ ခေတ္တခဏစတေးချဖို့၊ တက္ကသိုလ်ထဲ”ရဲ့”မဟုတ်ဘဲ တက္ကသိုလ်ထဲ “မှာ” ရှိနေဖို့–ဒါတွေဟာ မော်ဒန်တက္ကသိုလ်ထဲက မြေလှန်ချင်တဲ့စဉ်းစားတွေးခေါ်သူတွေရဲ့လမ်းကြောင်းဖြစ်တယ်”

 
 

ဒီအဆိုဟာ တက္ကသိုလ်ဆိုတဲ့အင်စတီးကျူးရှင်းထဲလည်ပတ်နေရတဲ့ကျွန်မအဖို့ အင်မတန်ခွန်အားရစေတယ် ဟာနေးနဲ့မိုတန်ထောက်ပြတာက တက္ကသိုလ်ဟာလည်း ကျွန်မတို့ကျင်လည်ရာပတ်ဝန်းကျင်ထဲက ကျွန်မတို့ကိုပြန်လည်ဖိနှိပ်နေတဲ့စနစ်ကြီးတစ်ခုပဲဆိုတာကို သိသာမြင်သာ‌ဖြစ်စေတယ် ဒီအကြောင်းကတော့ ကျွန်မအရင်ကဆောင်းပါးတွေထဲမှာလည်း ထည့်ရေးဖူးပါတယ် အဲ့တော့ တက္ကသိုလ်ကို သစ္စာရှိနေမဲ့အစား တက္ကသိုလ်ကနေ ရတာယူပြီး ကိုယ်တီထွင်ချင်တဲ့ပတ်ဝန်းကျင်တစ်ခုလုပ်ဖို့ ပိုလိုအပ်လာတယ်လို့ ကျွန်မကတော့မြင်မိတယ်

 
 

အထက်က စောသီဟရဲ့ပို့စ်ရယ်၊ ကျွန်မရဲ့ဆောင်းပါးတွေဟာ တစ်ခါလာလည်း ကိုးကားတာတွေ၊ quote တွေနဲ့ပြည့်နေတယ်လို့ဝေဖန်ချက်တွေထဲက ဝေဖန်သူတွေကိုယ်တိုင်မရှင်းမလင်းဖြစ်နေကြတဲ့ တက္ကသိုလ်ဆိုတဲ့အင်စတီကျူးရှင်းရယ်၊ အဲ့ဒီအင်စတီကျူးရှင်းကို အင်မတန်မှလွန်စွာ သစ္စာရှိနေကြတဲ့ပညာရှင်တွေရယ်ကို ဝေဖန်ခြင်းနဲ့ စဉ်းစားတွေးခေါ်မှုတွေအလုံးစုံကို ဝါးလုံးရှည်နဲ့ပတ်ရမ်းဝေဖန်ခြင်းတွေကို သေချာခွဲခြားစိတ်ဖြာကြည့်ချင်တယ်

 
 

ပညာရှင်လူတန်းစားဟာ အထက်တန်းလွှာလူတန်းစားတစ်ရပ်အသွင်ပြန်ဖြစ်လာပြီး သာမန်လူတန်းစားကို ၎င်းတို့ရဲ့ဖြစ်တည်မှုတွေကနေအခြေခံပြီးသိ‌တာတွေကို အသိပညာမဟုတ်လို့ မှတ်ယူပြီး ဆရာကြီး/ဆရာမကြီးလုပ်နေသူတွေနဲ့ အဲ့ဒီလူတန်းစားအဓွန့်ရှည်နိူင်အောင် ဆက်လက်ပံ့ပိုးပေးနေတဲ့ပညာရေးစီးပွားရေးစနစ်ဆိုတာကို ကျွန်မတို့ဝေဖန်သင့်တယ်လို့ထင်တယ် သို့ပေသိ စောသီဟရဲ့ဝေဖန်ချက်ထဲမှာ ကောင်းပါတယ်လို့ပြသွားတဲ့ဥပမာတွေဟာ ယောင်္ကျားကျမ်းဂန်ပညာရှင်ကြီး ဒေါက်တာသန်းထွန်း (“တူရွင်းတစ်ဖက်နဲ့ သမိုင်းစာတမ်းရေးသူ”)၊ အမေရိကန်ခရစ်ယာန် “သာသနာပြု” ခေါင်းစဉ်နဲ့ ကိုလိုနီပရောဂျက်ကို မြန်မာပြည်မှာလုပ်ခဲ့သူ ဂျပ်ဆင်လိုမျိုးကို “လူထုနဲ့အတူနေအတူစား အတူသွားပြီး ကျမ်းစာတွေ အဘိဓာန်တွေ ဘာသာပြန်တာတွေလုပ်ခဲ့တာပဲ” လို့အမွှမ်းတင်ထားတာကျတော့ စာရေးသူရဲ့ဝေဖန်ချက်ဟာ “လူထု”နဲ့ ဘယ်သူရှိနေမလဲ၊ ကယ်တင်ရှင်ဝါဒကြီးနဲ့ဖြစ်နေပါစေ၊ ဖိုဆန်နေပါစေ “လူထု”ကို ဘယ်သူကူနေသလဲဆိုတာကိုသာ အပေါ်ယံကွက်ကြည့်ပြီး တကယ်တမ်း ပညာတတ်လူတန်းစားပြဿနာအခြေအမြစ်ကို လားလားမျှဆွဲမကိုင်မိဘူးလို့ ကျွန်မတော့ သုံးသပ်ရတယ်

 
 

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာကလည်း ထစ်ခနဲဆို ပညာရှင်လူတန်းစားကို ဝေဖန်ကြတာတွေဟာ ‌”အောက်ခြေမြေပြင်”နဲ့ ဘယ်လောက်နီးသလဲ၊ ဝေးသလဲဆိုတဲ့တိုင်းတာချက်တွေအပေါ်မှာသာ အများကြီးအခြေခံထားတာကိုတွေ့ရတယ် ဥပမာ – စာဖတ်တယ်ဆိုရင်ကိုပဲ အောက်ခြေနဲ့ဝေးတာ၊ စာဟာ မိမိကိုယ်ပိုင်ဖြစ်တည်မှုနဲ့ဆန့်ကျင့်ဘက်ကျနေတယ်လို့ယူဆတာ ဒါတွေကို သမိုင်းအရပြန်ကြည့်ရင် anti-intellectualism ရေစီးကြောင်းတွေလို့ ကျွန်မတို့မြင်လို့ရတယ် Anti-intellectualism ဆိုတာကတော့ စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားခြင်းတွေ၊ စာပေရေးသားခြင်းတွေ၊ အနုပညာထုတ်လုပ်မှု‌တွေဟာ တကယ်တမ်းလုပ်ရပ်တွေ၊ စိတ်ခံစားချက်တွေထက်နိမ့်ကျတယ်လို့ယူဆပြီး စဉ်းစား‌တွေးခေါ်တာတွေကို ငြင်းဆိုခြင်းပဲ Anti-intellectualism ရဲ့ တစ်ဘက်ကအန္တရာယ်ကတော့ ပေါ်ပြူလစ်အများကြိုက်နိူင်ငံရေးပြဿနာပေါ့

 
 

ကျွန်မတို့လက်ရှိ မြန်မာပြည်တော်လှန်ရေးရပ်ဝန်းတွေထဲကနေပိုပိုကြားလာရတဲ့ anti-intellectualism ဟာ တကယ်တမ်းတော့ မြန်မာပြည်မှာတင်မက အခြားသောရပ်ဝန်းတွေမှာပါရှိခဲ့တဲ့သာဓကတွေအများကြီးရှိပါတယ် အထူးသဖြင့် anti-intellectualism ဟာ အာဏာရှင်စနစ်တွေရဲ့ပြည်သူလုထုက အာဏာရှင်ကိုပြန်လည်မေးခွန်းမထုတ်နိူင်အောင် အသုံးပြုခဲ့တဲ့လက်နက်တစ်ခုပဲ စပိန်က စစ်အာဏာရှင်ဖရန်ကိုလက်ထက်မှာ Intelligentsia လို့ခေါ်တဲ့တက္ကသိုလ်ပညာတတ်လူတန်းစားတစ်ရပ် (ပညာရှင်တွေ ဂျာနယ်လစ်တွေ၊ အနုပညာသည်တွေ၊ ကျောင်းဆရာ/မ‌တွေ)ကို ဖရန်ကိုစစ်အုပ်စုက တမင်သတ်ဖြတ်ခဲ့သလို ၁၉၇၅ ခုနှစ်နဲ့ ၁၉၇၉ ခုနှစ်ကြားမှာ ကမ္ဘောဒီးယားက Khmer Rouge လူမျိုးတုံးသတ်ဖြတ်မှုမှာလည်း လူမျိုးစုလူနည်းစုတွေ၊ ဘုန်းကြီးတွေသာမက ပညာတတ်ဘွဲ့ရတွေကို အဓိကထားသတ်ဖြတ်ခဲ့တဲ့သာဓကတွေ သမိုင်းမှာရှိခဲ့ပါတယ် ကျွန်မတို့ မြန်မာနိူင်ငံပညာရေးကြီး ပျက်စီးခဲ့တယ်ပြောကြတဲ့သူတွေကလည်း မြန်မာပြည်စစ်အာဏာရှင်အုပ်စုရဲ့ anti-intellectualism ကိုကိုယ်တွေ့တွေ့ကြုံဖူးကြပြီးသားဖြစ်မှာပါ

 
 

ကမ္ဘာတစ်ဝှမ်းမှာကြုံတွေ့နေရတဲ့ anti-intellectualism ပြဿနာဟာ အရင်းရှင်စနစ်ကြီးထွားလာတာကြောင့် စဉ်းစားဝေဖန်ပိုင်းခြားသုံးသပ်သူတွေလူတန်းစားကိုဆန့်ကျင်ပြီး (ဥပမာ – Trump တို့၊ အီလွန်မက်စ်တို့လို) ငွေကြေးချမ်းသာကြွယ်ဝသူလူတန်းစားကို ဦးစားပေးလာတာဖြစ်ပေမဲ့ မြန်မာပြည်က အခု ကျွန်မတွေ့မြင်နေရတဲ့ anti-intellectualism trend တွေကတော့ တော်လှန်ရေး/လက်နက်ကိုင်/တောခိုခြင်းတွေကို စာဖတ်ခြင်း၊ စာရေးခြင်း၊ ‌စဉ်းစားဝေဖန်ပိုင်းခြားခြင်းတွေနဲ့ ပြောင်းပြန်ညီမျှခြင်းထိုးလိုက်တာတွေ ပိုပိုပြီးများလာတာပါပဲ အာဏာရှင်ကိုယ်နှိုက်ရဲ့ လူတွေကိုမစဉ်းစားတတ်စေချင်တဲ့စိတ်ဆန္ဒဟာ တော်လှန်ရေးရပ်ဝန်းမှာ အသွင်တစ်မျိုးနဲ့ပြန်လည်ပေါက်ဖွားလာတာဟာ စိတ်ဝင်စားစရာပါ

 
 

ကျွန်မအသိတစ်ယောက်ပြောသလို ဒီခေတ်ကြီးမှာ နယ်မြေစိတ်ချရတဲ့နေရာမှာပဲ သုတေသနလုပ်တဲ့သူတွေက ဘာသိမှာမို့လို့လည်းဆိုတဲ့အချက်လိုပါပဲ တကယ်တမ်းက ဒါဆို သုတေသနဆိုတာ စစ်ပွဲတွေဖြစ်နေတဲ့နေရာမှာပဲ လုပ်ရမှာလား? ကျွန်မအမြင်မှာတော့ တကယ်တမ်း စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ သုတေသနပိုလို့တောင်မလုပ်သင့်ပါဘူး ကျွန်မသုတေသနအတွက်ကွင်းဆင်းတုန်းက ကရင်နီပြည်နယ်ထဲက လွတ်မြောက်နယ်မြေတွေထဲကို ဝင်ထွက်သွားလာနေကြတဲ့သူတွေနဲ့ကြုံဖူးပါတယ် သူတို့က ကျွန်မကို တောထဲလိုက်ခဲ့မလားခေါ်ပါတယ် ကျွန်မလုပ်‌နေတဲ့သုတေသနနဲ့ ဘာမှလည်းမဆိုင်တဲ့အပြင် ကျွန်မလိုသုတေသနလုပ်နေတဲ့သူက စစ်ပွဲတိုက်ဖို့အတွက် ခြိုးခြံချွေတာနေနေကြတဲ့သူတွေကြား ခဏရောက်ဖူးတယ်ရှိအောင် အလည်သွားရအောင် လွတ်မြောက်နယ်‌မြေတွေဟာ အပျော်စနေတနင်္ဂနွေခရီးထွက်စရာနေရာတွေမဟုတ်ဘူးလို့ ခံယူတဲ့အတွက် ကျွန်မသူတို့ရဲ့ဖိတ်ခေါ်မှုတွေကို ငြင်းဆိုပါတယ် ဒီငြင်းဆိုချက်ဟာ ကြောက်လို့ဆိုတာထက် ကျွန်မရဲ့နေရာဖြစ်တည်မှုကို ပြန်လည်ဆင်ခြင်ပြီးပြုလုပ်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါတဲ့ငြင်းဆိုချက်ပဲ ဒီလိုဆိုရင် စောသီဟပို့စ်ရဲ့ အာဘော်အရ ကျွန်မဟာ “လူထုနဲ့အတူမနေအတူမစားဘူး” လို့ မှတ်ယူခံရမလားတော့ မပြောတတ်ပါဘူး (ဒီနေရာမှာ ဒီလိုဖိတ်ခေါ်ချက်တွေကို စစ်ပွဲနေရာဒေသတွေကိုမှ fetish ဖြစ်ပြီး အာသာငမ်းငမ်းနဲ့လိုက်တဲ့ gonzo ဂျာနယ်လစ်လူဖြူယောင်္ကျားတွေကတော့ ရှိတာပေါ့လေ ဒါကို သူတို့ဟာ “ငါတို့ရုန်းကန်မှုတွေကို ချစ်တတ်လိုက်တာ” ဆိုပြီး ကျွန်မတို့ကို အားရဝမ်းသာ လက်ခုပ်တဖြောင်းဖြောင်းတီးပြီး ကြိုဆိုကြမှာလား? ဒါတွေက ကြောင်ခံတွင်းပျက်နဲ့ဆက်ရက်တောင်ပံကျိုးတွေ့သွားတော့ အဆင်ပြေသွားတာလား? ခုခေတ်ကြီးမှာက “တောထဲမှာ” လို့ပြောရင်ကို ဘယ်နေရာကနေဘာလုပ်နေမှန်းမသိဘဲ အလိုအလျောက်လူအထင်ကြီးခံရတဲ့ခေတ်ဆိုတော့လည်း ကျွန်မလည်းမပြောတတ်ပါဘူး)

 
 

အဲ့ဒီ့တော့ ပြန်မေးခွန်းထုတ်စရာ‌တွေက

တော်လှန်ရေးလုပ်တဲ့သူတွေဟာ မစဉ်းစားတတ်တဲ့သူတွေမို့လို့လား?

တောခိုတဲ့သူတွေဟာ မပိုင်းခြားတတ်တဲ့သူတွေမို့လို့လား?

ပညာရှင်တွေဟာ လူထုထဲမှာပဲရှိရမယ်လို့ဆိုတာ ပညာရှင်နဲ့လူထုကြားမသိမသာဘောင်ခတ်စည်းတားထားပြီးသားကြီးဖြစ်မနေဘူးလား?

ပညာရှင်ဟာလည်း လူပဲ၊ လူဟာလည်း ပညာရှင်ပဲမဟုတ်ဘူးလား?

ပညာရှင်က ဘယ်သူလဲ? ဘယ်မှာနေတာလဲ? ဘာလုပ်မှာ/တာလဲ?

ပညာရှင်ကရော အရှင်းရှင်ခေတ်မှာတော့ အလုပ်သမားမဟုတ်ဘူးလား? သူ့ရဲ့အလုပ်သမားဖြစ်တည်မှုကို ပညာရှင်က အတိတ်မေ့သွားတာလား?

(လူထုဆိုတာကရော ဘယ်သူလဲ? တက္ကသိုလ်ထဲက ပညာရှင်တောင်မှ ဟာနေးနဲ့မိုတန်ပြောသလို တက္ကသိုလ်ရဲ့ဖိနှိပ်မှုကိုခံနေရသေးတာပဲ ကျွန်မအတွက်တော့ လူထုဆိုတဲ့စကားလုံးဟာ အများကြီးအထုပ်ဖြေစရာတွေရှိနေသေးတယ် လူထုလို့‌ဆိုလိုက်ရင်ပဲ ဘယ်သူရယ်ဘယ်ဝါရယ်မျက်နှာမပါကြတော့ဘူးလေ)

 
 

တကယ်တမ်းက အထက်က မိမိကိုယ်ပိုင်ဖြစ်တည်မှုနဲ့ သီအိုရီဆိုတဲ့ဒွိဟတွေနဲ့ပြန်ဆက်စပ်ရရင် စာဖတ်တာဟာ တကယ်တမ်း မိမိဖြစ်တည်မှုကိုမေ့ဖျောက်စေတာ ဟုတ်ရောဟုတ်ရဲ့လား ပြန်စဉ်းစားစရာဖြစ်လာတယ် ကျွန်မအတွက်ကတော့ စာဖတ်တာဟာ ကျွန်မတစ်ကိုယ်ရည်ဖြစ်ပျက်ခံစားနေရ‌တာတွေကို အများနဲ့ယှဉ်ဆပြီး လက်ခံချက်ထုတ်ပေးတယ် ကျွန်မခန္ဓာနဲ့ဖြစ်တည်ပြီးတွေ့ကြုံရတဲ့ဖိနှိပ်မှု‌တွေ၊ မိမိကနေ မသိလိုက်မသိဘာသာနဲ့ဖိနှိပ်မှုတွေမှာ ပါဝင်နေတာတွေကို ကျွန်မနည်းတူခံစားနေရသူတွေနဲ့ ပြောဆိုဆက်သွယ်လို့ရအောင် စကားလုံးတွေပေးတယ် တစ်ကိုယ်ရည်ဖြစ်တည်မှုဟာ ခန္ဓာနဲ့ရင်းတဲ့အသိပညာကိုပေးသလို စာဖတ်ခြင်း၊ ဆင်ခြင်ခြင်း၊ အဲ့ဒီဆင်ခြင်မှုတွေကိုနှီးနှောခြင်းတွေဟာ ကျွန်မတို့တွေ့ကြုံနေရတာတွေက ကျွန်မတို့တစ်ယောက်တည်းကမ္ဘာမှာဖြစ်နေတာပဲမဟုတ်ဆိုတာကို သိသာစေတယ် အဲ့လိုသိသာစေရာကနေ လုပ်ချင်ရင်လုပ်နိူင်သလောက် အများဆိုင်ရာလုပ်ရပ်တွေလုပ်လို့ရလာနိူင်တယ်

 
 

(ဥပမာ – the personal is the political လို့ကြွေးကြော်ခဲ့တဲ့ ဖီမီနင့်ဇင်ဒုတိယလှိုင်းဟာ တဖြည်းဖြည်းနဲ့ ပေါ်ပြူလစ်သာသာ၊ လူလတ်တန်းစားဆစ်ဂျန်ဒါမိန်းမတွေအတွက်သာဖြစ်လာတာ၊ ကိုလိုနီဆန်လာတာဟာ ဖီမီနင့်တွေဟာ မိမိမိန်းမဖြစ်မှုအပေါ်မှာပဲ၊ မိမိရဲ့ခန္ဓာဖြစ်တည်မှုမှာပဲ သူတို့ဖီမီနင့်ဖြစ်မှုဟာရပ်တန့်သွားပြီး သူတို့ဂျိုင်းမွှေး/ခြေသလုံးမွှေးအရှည်ထားရေး၊ သူတို့ကြိုက်တဲ့သူနဲ့အိပ်ခွင့်ရရှိရေး၊ သူတို့ orgasm ရရှိရေး၊ သူတို့ရင်သားဗလာထားနိူင်ရေး၊ သူတို့ကိုယ်လုံးတီးဓါတ်ပုံရိုက်နိူင်ရေး (ဒါတွေ အရေးမပါဘူးပြောတာမဟုတ်ဘူး ဒါတွေဟာ အများလွတ်မြောက်ရေးဆိုတာထက် တစ်သီးပုဂ္ဂလလွတ်မြောက်ရေးတွေပဲဆိုတာ ထောက်ပြတာ) အစရှိတာတွေအပြင်ကျော်လွန်ပြီး မိမိခန္ဓာ (လိင်၊ ဂျန်ဒါ၊ လူမျိုးရေး၊ ဘာသာရေး)နဲ့မတူတဲ့တခြားသူတွေရဲ့ဖီမီနင့်ဇင်ကိုမသိတတ်မမြင်တတ်တော့လို့ကြောင့်ဖြစ်တယ် ဒါတွေဟာ မိမိရဲ့ဖြစ်တည်မှုကိုသာ တစ်ဘက်စောင်းနင်းဦးစားပေးလွန်းလို့ ကျွန်မကတော့မြင်မိတယ်)

 
 

စာဖတ်ခြင်းတွေကနေ အဲ့လိုအများအ‌ပေါ်သက်ရောက်နေတဲ့ပြဿနာတွေကိုသိသာစေလို့လည်း တကယ်တမ်း ဓနရှင်ကမ္ဘာ‌ကျောင်းတော်ကြီးထဲက ပညာတတ်လူတန်းစားတစ်ရပ်အဓွန့်ရှည်ရေးထက် ကျောင်းတော်ထဲက သယံဇာတတွေကို လစ်ရင်လစ်သလို ခိုးဆိုးလုယက်ပြီး ‌ကျောင်းတော်ကြီးပြင်ပက အများနဲ့အတူ စဉ်းစားဆင်ခြင်ဝေဖန်သုံးသပ်ဖို့အတွက်သာ အမြစ်ကနေမြေမလှန်ခင်ကာလလေးမှာ ကျွန်မကတော့ ကိုးကားတယ်၊ မှီငြမ်းတယ်၊ ဆက်ဖတ်စရာစာတွေ ပညာတတ်တွေပြောတာကိုမှ နားထောင်ရမှာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ဖတ်တတ်၊ ဆင်ခြင်တတ်လာအောင် ကြားပွဲစားသူခိုးမကြီးအနေနဲ့ pdf တွေခိုးမယ်၊ ယူမယ်၊ ရရင်ရသလောက် ဖတ်ချင်သူတွေနဲ့ ဝေမျှနေပါဦးမယ်

 
 

ပြဿနာအမြစ်ကိုမထိမိဘဲ၊ ပညာတတ်လူတန်းစားစနစ်ကို ဝေဖန်တာမဟုတ်ဘဲ ထစ်ခနဲရှိ ပညာတတ်ပဲ၊ ပညာရှင်ပဲဆိုတာတွေနဲ့ အရည်မရအဖတ်မရလေကန်နေမယ်အစား အဲ့လိုဝေဖန်နေဖို့အချိန်တဲ့သူတွေတိုင်း (အထူးသဖြင့် ဝေဖန်စာတောင်ရေးနေနိူင်သေးတဲ့ လူလတ်တန်းစား စာရေးစာဖတ်နိူင်သူတိုင်း) “ပြည်သူလူထုအတွက်ပညာရှင်” ပေါ်ပေါက်လာရေးကို မျှော်ကိုးနေမဲ့အစား မိမိကိုယ်တိုင်စဉ်းစားဆင်ခြင်ပိုင်းဖြတ်သင့်အောင် စာပိုဖတ်ကြသင့်ကြောင်း ဒီစာက‌နေတဆင့် ကျွန်မကတော့ ပညာရှင်ဆန်ဆန် ဝေဖန်ထောက်ပြလေကန်တိုက်တွန်းလိုက်ရပါတော့တယ်ရှင်

 
 

ပုံ – ဘိုးတော်ရုပ်ထုများထားရှိရာကျောင်းဆောင်အတွင်းမှ‌နေ အပြင်ကိုလေပြန်မှုတ်နေသော သံချေးတက်ပန်ကာတစ်လုံး

 

စောသီဟရဲ့ပို့စ်

Anti-intellectualism အဓိပ္ပါယ်

ကမ္ဘောဒီးယား Khmer Rouge နဲ့ ပညာရေးစနစ်အပေါ်သက်ရောက်မှုအကြောင်း

Gonzo ဂျာနယ်လစ်ဇင်အကြောင်း

၂၀၂၂ ခုနှစ်က ကျွန်မရေးခဲ့တဲ့ “ပညာတတ်” ဆောင်းပါး

 

၂၀၂၂ ခုနှစ်က ကျွန်မရေးခဲ့တဲ့ “တော်လှန်ရေး ‘အတွက်’ လေ့လာခြင်း” ဆောင်းပါး

 

၂၀၂၂ ခုနှစ်က ကျွန်မရေးခဲ့တဲ့ “မဟာဖိုဝါဒနဲ့ Intellectualism” ဆောင်းပါး

သေခြင်းရှင်ခြင်းစစ်တုရင်

 

နောက်မှနောင်တရမိမှာစိုးလို့ ‌ချက်ချင်းဖျိုးခနဲဖျတ်ခနဲပေါ်လာမိတဲ့ခံစားချက်တွေကို သေသေချာချာမခံစားကြည့်ရ‌သေးဘဲနဲ့ ကျွန်မတော်ရုံတန်ရုံစာမရေးမိအောင် ကိုယ့်ကိုယ်ကိုပြန်လည်သတိပေးမိပါတယ် အချိန်အတိုင်းအတာတစ်ခုရောက်ပြီးရင် ပိုမိုထင်သာမြင်သာဖြစ်လာတတ်တာတွေကိုလည်း သတိထားမိဖူးတာကိုး ဒါပေမဲ့ ခံစားချက်တွေကနေပဲ ကျွန်မကို လူအဖြစ်အသွင်ဖန်ဆင်းပေးနေတာပါပဲ

 
 

ဒီနေ့တော့ မနေ့ညက ကျွန်မမိတ်ဆွေတစ်ယောက်လှမ်းပို့ပေးတဲ့ စစ်အာဏာရှင်မအလရဲ့ ၂၀၁၀ ခုနှစ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အတည်ပြုတဲ့သတင်းဟာ သိသိချင်းမှာရော မနက်အိပ်ရာနိုးတဲ့အချိန်ထိပါ စိတ်ထဲ ကသိကအောက်ဖြစ်နေလို့ ထွက်ပေါက်တစ်ခုအနေနဲ့ စာချရေးပါရစေ

 
 

မြန်မာပြည်စစ်တပ်ရဲ့အကြောင်းကို ကျွန်မထက်ပိုပြီး သေသေချာချာဂဃဏန ပညာရှင်သဖွယ် လေ့လာထားတဲ့သူတွေရှိမှာပါ သာမန်လူတစ်ဦးအနေနဲ့ စစ်တပ်နဲ့ ဒီပြည်သူ့စစ်မှုထမ်းဥပ‌ဒေဆိုတာကို အကြမ်းဖျင်းရှာဖတ်ကြည့်တဲ့အခါမှာ ၂၀၁၀ မတိုင်ခင် ၁၉၅၉ ခုနှစ်ကတည်းက Conscription Act လို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုတာရှိခဲ့တာကို ကျွန်မသွားတွေ့ရတယ် အဲ့ဒီအက်ဥပဒေဟာ အခု ၂၀၁၀ ဥပဒေထဲက ဘာသာစကားနဲ့ဆင်ဆင်ပါပဲ “ယောင်္ကျားလေးဆိုရင် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ မိန်းကလေးဆို အသက် ၁၈ နှစ်နဲ့ ၂၇ ခုနှစ်ကြား ၂ နှစ်တာမျှစစ်မှုထမ်းရမည်” ဆိုတဲ့စာသားပါတယ်ဆိုတာ တွေ့ရတယ်

 
 

၂၀၁၀ ဥပဒေထဲမှာပါတဲ့စာသားတွေအရတော့ ဒီသာမန်အခြေခံတပ်သား/သမီး စု‌ေဆာင်းရုံတင်မက တခြားအရည်အချင်းတွေရှိတဲ့သူတွေဆိုရင် (ဘွဲ့ဒီဂရီအရပညာတတ်တွေဆိုရင်) “ယောင်္ကျားဆိုရင် အသက် ၄၅ နှစ်အောက်၊ မိန်းမဆို အသက် ၃၅ နှစ်အောက်ထိ” စစ်မှုထမ်းရမယ်လို့ထပ်ပြီး စိစစ်ထားတာကိုပါ တွေ့ရတယ်

 
 

၁၉၅၉ ခုနှစ်ဟာ ကျွန်မတို့အဘိုးအဘွားလက်ထက်ဖြစ်ပြီး ၂၀၁၀ မှာတော့ ကျွန်မကိုယ်တိုင် မြန်မာပြည်တွင်းထဲမှာ နေနေခဲ့တုန်းအချိန်ဖြစ်တဲ့အတွက် ကိုယ်တွေ့နဲ့ရင်းပြီး ပြောရရင် သာမန်လူတန်းစားအတွက် ဒီဥပဒေ‌တွေကို အင်တိုက်အားတိုက်အသုံးပြုခဲ့တာတွေတော့ သိပ်မရှိခဲ့ပါဘူး (တကယ်လို့ ၂၀၁၀ ဥပဒေက အကျုံးသာဝင်ခဲ့ရင် ကျွန်မလည်း အဲ့တုန်းက အသက်မီနေတဲ့မိန်းမတစ်ယောက်အနေနဲ့ ပေါ်တာဆွဲခံခဲ့ရမှာပဲ ဒါကလည်း မြို့ပေါ်မှာရှိနေခဲ့တာမို့ မျက်ဝါးထင်ထင်မတွေ့ကြုံခဲ့ရတာလည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ် နယ်စပ်ဒေသတွေကသူတွေအဖို့တော့ ဒါကိုကြုံတွေ့ခံစားခဲ့ရကောင်းခံစားခဲ့ရနိူင်ပါတယ်) ဒီနေရာမှာ Human Rights Watch ရဲ့အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ဟာ အတင်းအဓ္ဓမစစ်သားစုဆောင်းခြင်းထက် မိမိကိုယ်တိုင်စစ်တပ်ကိုပါဝင်လိုသူတွေက လုပ်အားပေးအနေနဲ့သာ ဝင်ရောက်ကြတဲ့ volunteer army လို့ ကိုယ့်ကိုယ်ကိုကြေငြာထားခဲ့တယ်လို့ဖတ်ရပါတယ် (အဲ့လိုခေါင်းစဉ်တပ်ပေမဲ့လည်း အတင်းအဓ္ဓမ စစ်သားစုဆောင်းတာတွေ၊ အသက်မပြည့်သူတွေကိုပါ စစ်သားစုဆောင်းတာတွေရှိခဲ့ပါတယ်)

 
 

အခုလက်ရှိမှာတော့ ချင်းပြည်၊ ရှမ်းပြည်နဲ့ မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်းတခွင်မှာဖြစ်နေတဲ့ တန်ပြန်တိုက်ခိုက်မှုတွေ၊ စစ်သားတွေ ဘက်ပြောင်းလာမှု၊ တပ်ထွက်လာမှု တချို့ကြောင့် စစ်တပ်မှာ လူအင်အားကျဆင်းလာမှုတွေကြောင့် စစ်တပ်ဟာ ဒီဥပဒေကို အတည်ပြန်ပြုလာတယ်လို့ သတင်းမီဒီယာတွေကဆိုကြတယ် (ဒီနေရာမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ “တပ်ပျက်နေပြီ”ဆိုတဲ့စကားဟာ တချို့တွေအတွက်ကတော့ false hope လို့ဆိုကြပါတယ် အဲ့ဒါ ဟုတ်လားမဟုတ်လား ကျွန်မတော့ မပြောတတ်ပါဘူး)

 
 

၂၀၁၀ ဥပ‌ဒေနဲ့ပတ်သက်ပြီး ကျွန်မစဉ်းစားဆင်ခြင်ချင်တဲ့အပိုင်းအဓိကကတော့

 

စစ်တပ်ဆိုတဲ့ဝေါဟာရအယူအဆနဲ့ ချိတ်ဆက်နေတဲ့ (ဒီနေရာမှာ မြန်မာပြည်စစ်တပ်မှမဟုတ် ဘယ်စစ်တပ်/တပ်မဆိုဖွဲ့စည်းတည်ထောင်ခြင်းနဲ့ ချိတ်ဆက်နေတဲ့) လူသားရင်းမြစ်ကို ကျည်ဆန်ခဲယမ်းသဖွယ် ကုန်ပစ္စည်းအနေနဲ့ပြောင်းလဲခြင်းဆိုတဲ့အချက်ပါပဲ ဒီသဘောတရားကို necropolitics လို့ခေါ်တဲ့ သေခြင်းရှင်ခြင်းနိူင်ငံရေးရှုထောင့်ကနေ ချိတ်ဆက်စဉ်းစားကြည့်တဲ့အခါ လူသားတွေရဲ့ အသက်ရှင်သန်မှုဆိုတာ “နိူင်ငံတော်”လို့ခေါ်တဲ့ State ပါဝါစနစ်တစ်ခုက (ဒီနေရာမှာ မအလဆိုတဲ့လူတစ်ယောက်ထက်‌ကျော်လွန်ပြီးတည်ရှိနေတဲ့စနစ်) အချိန်မရွေးအဆုံးအဖြတ်ပေးနိူင်စွမ်းရှိခြင်းလို့ ကျွန်မတို့ သဘောပေါက်လို့ရတယ်

 
 

Necropolitics ဆိုတဲ့အယူအဆကို ကမ်မရွန်းလူမျိုးသမိုင်းပညာရှင် အခေးလီးမမ်ဘေး (Achille Membe) က ထောက်ပြခဲ့တာဖြစ်ပြီး သူက ဖူးကိုးလ်ရဲ့ Biopolitics/biopower (ဇီဝပါဝါ/ဇီဝနိူင်ငံရေး)ဆိုတဲ့သဘောတရားအောက်ကနေ ထပ်မံလိုအပ်နေတာကို ဖြည့်စွက်ပြထားခဲ့တာပါပဲ မမ်ဘေးက သေခြင်းရှင်ခြင်းနိူင်ငံရေးကို

 
 

“the capacity to define who matters and who does not, who is disposable and who is not”

 
 

“ဘယ်သူကတော့ဖြင့် တန်ဖိုးရှိပြီး ဘယ်သူကတော့ဖြင့်တန်ဖိုးမရှိဘူး၊ ဘယ်သူ့ကိုတော့ အလွယ်တကူစွန့်ပစ်လို့ရပြီး ဘယ်သူ့ကိုတော့ အလွယ်တကူစွန့်ပစ်လို့မရဘူးဆိုတာကို ဆုံးဖြတ်နိူင်စွမ်းရှိခြင်း” လို့ အဓိပ္ပါယ်ဖွင့်ထားတယ်

 
 

(ဒီနေရာမှာ သေခြင်းရှင်ခြင်းနိူင်ငံရေးနဲ့ချိတ်ဆက်နေတဲ့ ဇီဝပါဝါကိုတော့ အကြမ်းဖျင်းအနေနဲ့ ခန္ဓာနဲ့အသက်ကို လက်နက်အင်အားပါဝါအဖြစ်ပြောင်းလဲအသုံးပြုခြင်းလို့ နားလည်သဘောပေါက်လို့ရပါတယ် ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်တပ်က ကာမီကာဇေလို့ခေါ်တဲ့ မိမိကိုယ်ကိုသတ်ဖြတ်တိုက်ပွဲဝင်တဲ့ suicide စစ်သားတပ်စုတွေထားရှိသလိုပေါ့နော် လက်ရှိ‌ခေတ်မှာလည်း အသေခံဗုံးခွဲသူတွေအစရှိသဖြင့်ပေါ့နော် ဒီနေရာမှာ အဲ့ဒီစစ်သားတွေရဲ့ စိတ်ဆန္ဒဆိုတာထက် “နိူင်ငံတော်” ဆိုတာကနေ လူသားအသက်ဖြစ်တည်မှုကို စစ်လက်နက်အသွင် စနစ်တကျအသုံးချခြင်းကို ဒီသဘောတရားက ထင်သာမြင်သာထောက်ပြထားတာဖြစ်တယ်)

 
 

မမ်ဘေးရဲ့ necropolitics ဆိုတဲ့သဘောတရားမှာတော့ ဇီဝပါဝါလိုမျိုး “နိူင်ငံတော်” ဆိုတာကနေ လူသားအသက်တွေကို စစ်လက်နက်ပြောင်းတာကို ထည့်သွင်းစဉ်းစားရုံသာမက စစ်တပ်တင်သာမက အဲ့ဒီစစ်တပ်ကို တော်လှန်ပုန်ကန်သူတွေ၊ တန်ပြန်တိုက်ခိုက်မှုတွေအတွက်ပါ လူသားအသက်ဆိုတာဟာ အရင်းအမြစ်တစ်ခုဖြစ်လာတယ်လို့ထောက်ပြခဲ့တယ်

 
 

ဒါကြောင့်လည်း ဥပမာ အောင်ဖုန်းမော် ၂၀၂၀ ခုနှစ်ကရေးခဲ့တဲ့ “လွတ်လပ်ခြင်းရဲ့အဖိုးအခဟာ သေခြင်း” ဆိုတဲ့ဆောင်းပါးကို မမ်ဘေးရဲ့ necropolitics နဲ့ချိတ်ဆက်ကြည့်တဲ့အခါ စစ်တပ်ကိုတန်ပြန်ပုန်ကန်သူတွေကြားမှာပါ သေခြင်းရှင်ခြင်းဟာ အစိုင်အခဲလက်နက်တစ်ခုဖြစ်လာတာကိုတွေ့ရတယ် အရိုးကြေကြေအရေခမ်းခမ်းတိုက်ဖျက်ကြမှသာလျှင် ပုန်ကန်သူစစ်စစ်မြောက်မယ်ဖြစ်လာတယ် အဲ့လိုလုပ်နေကြတဲ့သူတွေကို fetishize တန်ဆာပလာသူရဲကောင်းပြုလာကြတယ် (ဥပမာ – တော်လှန်ရေးတပ်သား၊ သူရဲကောင်းကြီး၊ ရာဒီကယ်ကြီးဆိုရင် တချို့ကောင်မလေးတွေက အထင်ကြီးတယ်၊ တွဲချင်တယ်၊ အတူတူအိပ်ကြည့်ဖူးချင်တယ် ဘယ်လောက်ပင် ဖိုဆန်နေပါစေ ချစ်ချင်တယ် ဒီစိတ်ဆန္ဒတွေရဲ့အခြေအမြစ်တွေဟာ ဘယ်သူဟာ တန်ဖိုးရှိအထင်ကြီးစရာလို့ သတ်မှတ်လိုက်ရာကနေ မြစ်ဖျားခံတာပဲ)

 
 

တစ်ဖက်က စစ်တပ်တင်သာမက တော်လှန်ရေးလို့ခေါ်တဲ့အင်အားစုတပ်တွေအတွက်ပါ လူသားအသက်ဟာ လက်နက်သဖွယ်အရေးပါလာတယ် အခု ဒီဥပဒေအကြောင်းသတင်းထွက်ပြီးတော့တောင် တချို့က ဒါဆို စစ်တပ်ထဲဆွဲခံရမဲ့အစား PDF ထဲဝင်ကြလို့ပြောဆိုလာကြတာတွေ ကျွန်မသတိထားမိတယ်

 
 

စစ်တပ်က သူ့ရဲ့တပ်ထဲကစစ်သားတွေရဲ့ လူဖြစ်တည်မှုကို လားလားမျှစိတ်မဝင်စား၊ စတေးမဲ့နံပါတ်တစ်ခုအနေနဲ့သာ တွေးမြင်တယ်ဆိုရင် ပုန်ကန်သူတပ်တွေဘက်ကရော တပ်သားတစ်ယောက်ချင်းစီရဲ့ လူဖြစ်တည်မှုကို ဘယ်လိုမှတ်ယူသလဲ?

 
 

ကျွန်မဟာ တပ်ဆိုရင် ဘယ်လိုတပ်ကိုမဆိုမနှစ်မြို့သူတစ်ဦးဖြစ်တယ် ဘာလို့လဲဆိုတော့ လွတ်မြောက်ရေးပဲဆိုဆို၊ အာဏာသိမ်းပိုက်ရေးပဲဆိုဆို မွန်မြတ်တဲ့ခေါင်းစဉ်ဖြစ်ပါစေ၊ စက်ဆုပ်ရွံရှာဖွယ်ခေါင်းစဉ်ဖြစ်ပါစေ ဘယ်ခေါင်းစဉ်အောက်ကနေမဆို လူသားတည်ရှိမှုတွေကို အက်ဘ်စတြတ်လုပ်လိုက်ခြင်းကို မနှစ်မြို့လို့ပဲဖြစ်တယ် ဒီနေရာမှာ မြန်မာပြည်ကိစ္စမှာတော့ စစ်တပ်ပြဿနာဟာ ကနဦးထင်ထင်ရှားရှားမြင်နေရပြီး ကမ္ဘာတစ်ဝှမ်းမှာတော့ အရင်းရှင်စနစ်ဟာ သေခြင်းရှင်ခြင်းနိူင်ငံရေးကိစ္စဖြစ်နေတာပါပဲ ဖီမီနင့်တွေးခေါ်ပညာရှင် လောရန်ဘာလန့် (Lauren Berlant) ကတော့ ဒါကို slow death ဖြေးညှင်းစွာသေခြင်းလို့ ဆိုပါတယ် အိန္ဒိယမျိုးနွယ်ပညာရှင် ဂျစဘီယားပူအား (Jasbir Paur) ကတော့ ဒါကို ကွီးယားဖြစ်တည်မှုနဲ့ချိတ်ဆက်တယ် (သေသင့်တယ်၊ သေလို့ရတယ်လို့သတ်မှတ်ခံရတဲ့သူတွေဟာ စည်းဘောင်မဝင်တဲ့သူတွေ၊ ကွီးယားတွေပေါ့လေ)

 
 

အခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာဟာလည်း မြန်မာပြည်က သေခြင်းရှင်ခြင်းနိူင်ငံရေး နောက်ထပ်ဥပမာတစ်ခုသာဖြစ်တယ် ဥပဒေထဲက စစ်မှုထမ်းခွင့်က ကင်းလွတ်ခြင်းဆိုတဲ့အခန်းမှာ အိမ်ထောင်ရှိတဲ့အမျိုးသမီး‌တွေ၊ အိမ်ထောင်ပျက်သော်လည်း သားသမီးရှိတဲ့အမျိုးသမီးတွေဟာ စစ်မှုထမ်းခြင်းက ကင်းလွတ်မယ်လို့ဆိုထားတာဟာလည်း ဂျန်ဒါနဲ့ heteronormativity (လိင်ကွဲချစ်ကြိုက်ခြင်းကိုသာ စံနှုန်းပြုခြင်း) နဲ့ သေခြင်းရှင်ခြင်းနိူင်ငံရေးကိုချိတ်ဆက်လိုက်တာပါပဲ

 
 

ဒါက အသက်ရှင်သန်ခွင့်ရှိတဲ့မိန်းမတွေဟာ အိမ်ထောင်သည်တွေ၊ သားမွေးခြင်းလုပ်အားကို “နိူင်ငံတော်” အတွက်လုပ်ပေးနေသူများသာဖြစ်တယ်လို့ တန်ဖိုးဖြတ်ပေးလိုက်ဝာာပဲမဟုတ်ဘူးလား?

 
 

အိမ်ထောင်မှမကျရင်၊ ကလေးမှမရှိရင် “နိူင်ငံတော်”အတွက် တန်ဖိုးမရှိဘူးလို့ဆိုလိုက်တာနဲ့ အတူတူပဲမဟုတ်လား?

 
 

အဲ့ဒီမိန်းမတွေမွေးမြူပေးလိုက်တဲ့သားသမီးတွေဟာ ‌တစ်နေ့နေ့မှာလည်း ကျည်ဆန်ခဲယမ်းတွေပဲ ပြန်ဖြစ်သွားမှာပဲမဟုတ်ဘူးလား?

 
 

ယောင်္ကျားလေးဆို စစ်မြေပြင်မှာ သေပြီး မိန်းကလေးဆို အဲ့ဒီသေသွားတဲ့ ယောင်္ကျားလေးအစားနေရာယူဖို့ နောက်ထပ်ကလေးတစ်ယောက်ကို မွေးမြူပေးရတာပဲ

 
 

ဒါ‌တွေဟာ သေခြင်းရှင်ခြင်းနိူင်ငံရေးပဲ

 
 

အာဏာသိမ်းပြီး တစ်လအတွင်းမှာ ကျွန်မမြန်မာပြည်မှာ ဟိုးလေးတကျော်ကျော်နာမည်ကြီးတဲ့ (အမေရိကားက) ဖီမီနင့်ဆရာမကြီးရဲ့ဖိတ်ခေါ်မှုကြောင့် မြန်မာပြည်ကတက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့တက္ကသိုလ်တစ်ခုကိစ္စအတွက် အစည်းအဝေးတစ်ခုတက်ဖြစ်ခဲ့တယ် အဲ့တုန်းက ဆရာမကြီးက မြန်မာပြည်က လူငယ်တွေဟာ ပြည်ပကို တိမ်းရှောင်ထွက်ခွာကြမဲ့အစား ပြည်တွင်းထဲမှာပဲနေပြီး စစ်အာဏာရှင်ကို တိုက်ကြသင့်တယ်လို့ ပြောခဲ့တယ် အဲ့ဒီအဆိုကို ကျွန်မ ကြားကြားချင်းကတည်းက သဘောမတူ စိတ်ကသိကအောက်ဖြစ်ခဲ့တယ် အဲ့ဒါကြောင့်ရော၊ အဲ့ဒီအစည်းအဝေးမှာ တကယ်တမ်းမြန်မာကျောင်းသားကျောင်းသူတွေနဲ့ တွေ့ရမဲ့အစား အမေရိကားအခြေစိုက်လူဖြူပညာရှင်မိန်းမတွေနဲ့သာ ကျွန်မက တဆင့်ကြားခံစကားပြောခဲ့ရတာတွေကြောင့် အဲ့ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီး အဲ့ဒီ့မီတင်ပြီးတော့ ကျွန်မဆက်လက်လက်တွဲအလုပ်မလုပ်ဖြစ်ခဲ့ဘူး

 
 

(NGO ဆန်ဆန် တကယ်တမ်း သူတို့ကူညီပေးနေတယ်ဆိုတဲ့လူတွေနဲ့ တိုက်ရိုက်ထိတွေ့ရမဲ့အစား ကြားထဲက ဗျူရိုကရေစီတွေအဆင့်ဆင့်နဲ့အရင်ဖြတ်သန်းနေရတာ စိတ်မရှည်လို့ပဲ အဲ့ဒီမီတင်ကို ကျောင်းသားကျောင်းသူတွေနဲ့တိုက်ရိုက်တွေ့ရမယ်ထင်လို့သွားခဲ့ပေမဲ့ အဲ့ဒီအဖြူတွေနဲ့သာ စကားပြောခဲ့ရတာ ပြန်တွေးကြည့်ရင် ရယ်စရာပါပဲ မြန်မာတွေက မြန်မာလိုအချင်းချင်းပြောဆိုဖလှယ်ကြရမဲ့အစားကြားထဲက အမေရိကန်တွေနဲ့ အင်္ဂလိပ်လို ပညာရှင်ဆန်ဆန်ပြောဆိုဆွေးနွေးခဲ့ရတာကိုး ဒါ့အပြင် အဲ့ဒီအဖြူပညာရှင်မိန်းမတွေကို ကျွန်မက ဒီကျောင်းပရောဂျက်ကို သူတို့ဘယ်လိုလည်ပတ်ဖို့ စဉ်းစားထားလဲမေးတဲ့အခါ သူတို့က ဒီပရောဂျက်ဟာ နှစ်ရှည်လများကြာချင်မှလည်းကြာမယ် သူတို့မသိဘူးဆိုတဲ့လေသံတွေဟာ ဒီကျောင်းကိစ္စကိုကူညီတာ တကယ်တမ်း မြန်မာပြည်ကကျောင်းသားကျောင်းသူတွေ လွတ်မြောက်ရေးဆိုတာထက် သူတို့ရဲ့ CV တွေထဲ စာကြောင်းတစ်ကြောင်းထပ်ထည့်ဖို့များလား ကျွန်မသံသယဝင်မိတယ် အဲ့တက္ကသိုလ်ကလုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်မလက်ရှိ ထဲထဲဝင်ဝင်လည်းမသိသလို ဘာမှလည်းဝေဖန်စရာမရှိပါဘူး)

 
 

အဲ့ဆရာမကြီးရဲ့အာဘော်ဘက်ကို ပြန်လှည့်ရရင် သူကိုယ်တိုင်က ပြည်ပမှာရှိနေပြီး မြန်မာပြည်လူငယ်တွေကတော့ဖြင့် ပြည်ပကို လွတ်ရာလွတ်ကြောင်း ကိုယ်လွတ်ရုန်းပြေးမဲ့အစား ပြည်တွင်းထဲနေပြီး တန်ပြန်တိုက်ခိုက်ရမယ်ဆိုတာ မမ်ဘေးပြောခဲ့သလို

 
 

“under the conditions of necropower, the lines between resistance and suicide, sacrifice and redemption, martyrdom and freedom are blurred”

 
 

“သေခြင်းတရားပါဝါအခြေအနေမှာတော့ ခုခံခြင်းနဲ့ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊ စတေးခြင်းနဲ့ ပြန်လည်ကယ်တင်ခံရခြင်း၊ သူရဲကောင်းပြုခြင်းနဲ့ လွတ်လပ်ခြင်းဆိုတာတွေကြားက စည်းတွေဟာ ဝါးတားတားဖြစ်လာတယ်” ဆိုသလိုပါပဲ (ဒီလိုပြောလို့ ပြည်ပက လွတ်မြောက်နေသလားဆိုတော့လည်း မဟုတ်ပါဘူး အထက်ကပြောခဲ့သလို အမေရိကန်လို ဒီမိုကရေစီနိူင်ငံလို့ခေါ်ကြတဲ့နေရာမှာတောင် စစ်သားစစ်သမီးအနေနဲ့ တိုက်ပွဲမှာ မသေတာရှိမယ်၊ အရင်းရှင်စနစ်အောက်မှာ ညှင်းပြီး စိတ်တွေအသတ်ခံထားရတဲ့သူတွေ အများကြီး ကျွန်မတွေ့ဖူးတယ်)

 
 

ဒါက တစ်ဖက်က “နိူင်ငံတော်” ဆိုတဲ့ State ရဲ့ အာဏာပါဝါနဲ့ ခုခံသူတွေရဲ့ အဲ့ဒီအာဏာကိုပြန်လည်တိုက်ခိုက်မှုတွေကြားမှာ လူသားတွေရဲ့သေခြင်းရှင်ခြင်းတွေဟာ ဘယ်ဘက်ကကြည့်ကြည့် လက်နက်ခဲယမ်းတွေအ‌နေနဲ့သာကျန်‌တော့တယ်ဆိုတဲ့သ‌ဘောပါပဲ ဒီနေရာမှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက် အမှန်တရားဘက်ကနေနေ၊ အင်အားကြီးသူဘက်ကနေနေ ကျွန်မတို့မှာ ရွေးစရာလမ်းဟာ နောက်ဆုံးမှာ သေဆုံးခြင်းပဲရှိတယ်ဆိုတာပဲ

 
 

သေဆုံးခြင်းကို နှစ်ဖက်လုံးက အရောင်တောက်တောက်ပပခြယ်သပြီး ကျွန်မတို့ကို အပြိုင်အဆိုင် “ရဲ‌သော်မသေ သေသော်ငရဲမလား” “တော်လှန်ရေးသူရဲကောင်း” အစရှိတဲ့ခေါင်းစီးကနား‌တွေနဲ့ မျက်လှည့်ပြ‌ရောင်းစားဖို့ကြိုးစားနေကြတာပါပဲ

 
 

ဒီလို ပျစ်ပျစ်နှစ်နှစ်ပြောလို့ ကျွန်မကို “ဘောမ’၊ “ကြားနေ” အစရှိသလို ခေါ်ချင်လည်း ခေါ်လို့ရပါတယ် (ဒီနေရာမှာ ကြားထဲကနေ တကယ်တမ်းရွှေပြည်အေးတရားဟောနေတာတော့ မဟုတ်ပါဘူး ဟောဖို့လည်း စိတ်မဝင်စားပါဘူး) အဲ့ဒါဆို ဘာလုပ်ကြရမှာလဲဆိုတဲ့ မေးခွန်းကိုလည်း scenario ၁ scenario ၂ ဆိုပြီး armchair နိူင်ငံရေးသုတေသီတွေလို ကျွန်မဟောကိန်းမထုတ်တတ်ဘူး ‌ထုတ်ဖို့လည်း စိတ်မဝင်စားဘူး

 
 

မိန်းမယောင်္ကျားသူရဲကောင်းအစရှိတဲ့လေဘယ်တွေမတိုင်ခင်မှာ ကျွန်မဟာ လူသားတစ်ယောက်သာအရင်ဖြစ်တယ်

 
 

ကိုယ်နှိုက်ကလူသားတစ်ယောက်ဖြစ်တဲ့သူအနေနဲ့ ကျွန်မအတွက်ကတော့ ကျွန်မရဲ့အသက်ရှင်မှု၊ လူသားတွေအားလုံးရဲ့အသက်ရှင်မှု၊ အသက် ၁၈ နှစ်ပြည့်ပြီးသွားသော ကျွန်မရဲ့တူလေး၊ ပြည့်ခါနီးဆဲဆဲတူလေးတွေ၊ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကြား မျက်ဝါးထင်ထင်ကြီးပြင်းလာရသူမို့ အိမ်ထောင်ပြုလိုစိတ်မရှိတဲ့ ကျွန်မတူမလေးရဲ့အသက်ရှင်မှုတွေ (ဒီနေရာမှာ အခြားသောသက်ရှိတွေကိုပါ ထည့်သွင်းစဉ်းစားကြည့်လို့ရကောင်းရနိူင်ပါတယ်) ကို ပြယုဂ်တစ်ခုသာသာသာ မဖြစ်စေချင်ဘူး ကျွန်မရဲ့အသက်ရှင်မှုတန်ဖိုးဟာ ကျွန်မဘယ်လောက်စတေးနိူင်သလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျ‌မနေစေချင်ဘူး

 
 

စစ်တိုက်ပွဲတွေအတွက် မိမိသိလျက်၊ လိုချင်လျက်နဲ့ဖြစ်စေ၊ မသိလိုက်မသိဘာနဲ့ဖြစ်စေ စတေးခံလိုက်ရတဲ့အသက်တွေ၊ အရင်းရှင်စနစ်ရဲ့ တိတ်တဆိတ် နိစ္စဒူဝညှင်းညှင်းပြီးသတ်ဖြတ်ခံနေရတဲ့အသက်တွေ၊ “နိူင်ငံတော်”ဆိုတာရဲ့ ဖိအားပေးမှုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ သိက္ခာအခြေပြုပြီး အသက်စတေးနိူင်သလား၊ မနိူင်သလားဆိုတာပေါ်မှာသာ မူတည်ပြီး တန်ဖိုးသတ်မှတ်ခံလိုက်ရတဲ့အသက်တွေအပေါ်မှာသာ ကျွန်မရှင်သန်လိုသူတစ်ဦးအနေနဲ့သာ ယူကြုံးမရဖြစ်မိတယ် ကျွန်မရဲ့အသက်ရှင်သန်လိုမှုဟာ ကျွန်မကို သူရဲဘောကြောင်တယ်၊ သတ္တိမဲ့တယ်၊ တန်ဖိုးမရှိဘူး၊ သေသင့်တယ်လို့ ဆိုမယ်ဆိုလည်း ဆိုကြရုံပဲရှိတော့တာပေါ့လေ

 

ပုံ – ထိုင်းနိူင်ငံတစ်နေရာ လူသွားလမ်း‌ဘေးတစ်နေရာတွင် ညဘက် ရုတ်တရက်ဘွားခနဲတွေ့လိုက်ရသော “လက်နက်ခဲယမ်းများတပ်ဆင်ထား၍” ဟူသော ထိုင်းဘာသာစာတန်းနှင့် လူ့အရွယ်အစား အမေရိကန်စစ်သားပုံကတ်ထူပြား

 

Helene Maria Kyed နဲ့ Ah Lynn တို့ ၂၀၂၁ ခုနှစ်ကရေးသားသော မြန်မာပြည်စစ်တပ်မှ စစ်သားများ ဘက်ပြောင်းခြင်းအကြောင်းအစီရင်ခံစာတမ်း

အခေးလီးမမ်ဘေး (Achille Membe) ရဲ့ ၂၀၀၃ ခုနှစ်ထုတ် သေခြင်းရှင်ခြင်းနိူင်ငံရေးအကြောင်းစာတမ်း

အမ်မလီ ဒေါက်ဂလပ်စ် (Emily Douglas) ရေးတဲ့ ဂျစဘီယားပူအား (Jasbir Paur) ရဲ့ The Right to Maim စာအုပ်အကြောင်း

လောရန်ဘာလန့် (Lauren Berlant) ၂၀၀၇ ခုနှစ်ကရေးသားသော Slow Death ဆောင်းပါး

Human Rights Watch မှ ၂၀၀၇ ခုနှစ်တွင်ထုတ်ပြန်သော မြန်မာပြည်စစ်တပ်မှ ကလေးစစ်သားများစုဆောင်းမှုအစီရင်ခံစာ

 

ချုပ်ရိုးများ၏တန်ဖိုး

 

အခုတလော ကျွန်မ မြန်မာလိုစာအရေးကျဲနေမိတယ် တာဝန်နဲ့ဝတ္တရားအရရေးရမဲ့/တဲ့စာတွေရှိနေတော့ လွတ်လပ်စွာစာရေးသားခြင်းဘက်ကို ကျွန်မစိတ်ရှိပေမဲ့အာရုံမပေးနိူင်ဘူးဖြစ်နေတယ် အဲ့တော့ ဒီလို ကိုယ့်စိတ်နှစ်ခြိုက်တာရှိနေရက်နဲ့ လုပ်ဖို့၊ အကောင်အထည်ဖော်ဖို့ အခြေ‌အနေမပေးတဲ့ဘဝတွေထဲက ထုတ်လုပ်မှုဦးစားပေးဝိသေသနသွင်ပြင်တစ်ခုအကြောင်းကို ကျွန်မဒီနေ့တော့ လုပ်စရာတွေရှိနေရက်နဲ့ အချိန်ယူပြီးချရေးပါရစေ

 
 

ပြီးခဲ့တဲ့နှစ်ထဲကဖြစ်မယ် ထင်ပါတယ် ကျွန်မရဲ့ပုဂ္ဂလိဂအကောင့်ကနေတဆင့် ပညာရှင်ရပ်ဝန်းထဲကမိတ်ဆွေတစ်ယောက်ကနေတင်ထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်ရတယ် ပုံကတော့ သိပ်အထူးအဆန်းကြီးမဟုတ်ပါဘူး သူ့ပညာရပ်ဆွေးနွေးပွဲတစ်ခုတက်တုန်း လူချင်းဆုံခဲ့ရတဲ့ပါမောက္ခတစ်ယောက်နဲ့တွဲရိုက်ထားတဲ့ပုံပါ ဒါပေမဲ့ ပုံရဲ့ခေါင်းစီးဟာ ကျွန်မစိတ်ထဲအခုထိ တနုံ့နုံ့ဖြစ်နေစေခဲ့တယ် မြန်မာလိုပြန်ရရင်တော့ “အင်မတန်မှ ထုတ်လုပ်မှုအားကောင်းသော ဆရာမကြီးနှင့်” လို့အဓိပ္ပါယ်ပေါက်မယ်ထင်တယ် ဒီနေရာမှာ productivity ဆိုတဲ့အင်္ဂလိပ်စကားလုံးကို ထုတ်လုပ်မှုလို့ ကျွန်မပြန်လိုက်တာပေါ့နော်

 
 

ကျွန်မလည်း အဲ့ဒီဆရာမကို လူချင်းမတွေ့ဖူးပေမဲ့ မျက်မှန်းတန်းနေမိပါတယ် သူဟာ ပညာရပ်ဆိုင်ရာစာတမ်းတွေ၊ ပေပါတွေ တစ်နှစ်ကို ဒါဇင်နဲ့ချီပြီးရေးနိူင်၊ ထုတ်နိူင်တဲ့အပြင် စာအုပ်တွေလည်း ထုတ်ထားတာ အခုဆို ၂ အုပ်လောက်တော့ ရှိပြီထင်ပါတယ် အဲ့ဒါအပြင် သူ့ရဲ့ဌာနမှာလည်း ဌာနမှူးတာဝန်ကိုယူထားပါသေးတယ် ကျွန်မတို့လို အပြင်ကနေကြည့်ကြတဲ့သူတွေအဖို့တော့ အင်မတန်လုပ်ဆောင်နိူင်တဲ့သူပေါ့နော်

 
 

ဒါပေမဲ့ ဘာလို့ ဒီကျွန်မမိတ်ဆွေရဲ့ခေါင်းစီးဟာ ကျွန်မစိတ်ကို တနုံ့နုံ့ဖြစ်နေစေခဲ့ရခြင်းအကြောင်းရင်းကတော့ အဲ့ဒီဆရာမကြီးရဲ့တန်ဖိုး၊ နာမည်ကျော်ကြားမှု၊ လူသိထင်ရှားဖြစ်မှုဟာ သူ့ရဲ့ထုတ်လုပ်မှုနဲ့ ဘာကြောင့်၊ ဘယ်လောက်တောင် တိုက်ရိုက်အချိုးကျနေရတာလဲဆိုတာ ကျွန်မစိတ်ထဲ ကသိကအောက်ဖြစ်မိလို့ပဲဖြစ်တယ်

 
 

လူတစ်ယောက်ရဲ့ (ဒီနေရာမှာ ဒီဆရာမကြီးလို ပညာရှင်သုတေသီမဟုတ်ဘဲ သာမန်လူဆိုရင်တောင်မှ) တန်ဖိုးဟာ သူ့ရဲ့ တစ်စုံတစ်ရာထုတ်လုပ်နိူင်စွမ်းပဲလား?

 
 

ဘာဆိုဘာမှထုတ်လုပ်မှုမရှိတဲ့သူတွေဟာ ကျွန်မတို့လူ့ဘောင်မှာ တန်ဖိုးမရှိတော့တဲ့သူတွေလား?

 
 

တန်ဖိုးထိုက်တယ်လို့မှတ်ယူလေ့ရှိကြတဲ့ ထုတ်လုပ်နိူင်စွမ်းတွေကတော့ ဘာတွေဖြစ်မလဲ?

 
 

ဒီမေးခွန်းတွေကို ကျွန်မဆက်စဉ်းစားဖြစ်မိတယ် အမေရိကန်နိူင်ငံရဲ့ လုပ်အားဝန်ကြီးဌာနကတော့ productivity ကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ထားတယ် (အမေရိကန်လုပ်အားဝန်ကြီးဌာနကို ကိုးကားတာက သူ့ကိုထောက်ခံတယ်ဆိုတာထက် နိူင်ငံတော်ဆိုတဲ့လက်အောက်က ယန္တရားတွေရဲ့ လူတွေအပေါ် ယေဘုယျမြင်ယောင်ထားတာတွေကို မသိမသာဝေဖန်ချင်လို့ပဲဖြစ်တယ်)

 
 

“Productivity is a measure of economic performance that compares the amount of goods and services produced (output) with the amount of inputs used to produce those goods and services.”

 
 

“ထုတ်လုပ်နိူင်စွမ်း‌ဆိုသည်မှာ ထွက်ရှိလာသောအရာဟုခေါ်သော ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုပမာဏကို ထိုကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုထွက်ရှိရန်အသုံးချရသော ထည့်သွင်းရသောအရာကို နှိုင်းယှဉ်တိုင်းထွာသော စီးပွားရေးလုပ်ဆောင်မှုဖြစ်သည်” တဲ့

 
 

ဆိုလိုတာက တစ်စုံတစ်ရာထွက်ရှိလာဖို့အတွက် ဘယ်လောက်ခွန်အားစိုက်ထုတ်လိုက်ရသလဲ၊ အဲ့ဒီခွန်အားစိုက်ထုတ်မှုဟာ ထွက်ရှိလာတဲ့အရာရဲ့တန်ဖိုးထက် ပိုများသလား၊ ပိုနည်းသလားပေါ့လေ

 
 

ကျွန်မဟာ စီးပွားရေးပညာရှင်တစ်ယောက်လည်းမဟုတ်သလို စီးပွားရေးရာတွေလည်း သိပ်ထဲထဲဝင်ဝင်နားလည်တဲ့သူတော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြည့်မဲ့ဆိုရင်ပဲ အရင်းနည်းနည်းစိုက်ပြီး အမြတ်များများရလေလေ ဒါကို ထုတ်လုပ်နိူင်စွမ်းအားကောင်းတယ်လို့ မှတ်ယူကြမယ်လို့ အကြမ်းဖျင်းသဘောပေါက်ကြည့်လို့ရပါတယ်

 
 

ဒါကတော့ ကျွန်မတို့ပတ်ဝန်းကျင်မှာ သုံးစွဲနေကြတဲ့စက်ပစ္စည်းတွေ၊ ကိရိယာတွေကို သူတို့ရဲ့ထုတ်လုပ်မှုအားဘယ်လောက်ကောင်းမလဲဆိုတာ ဒီအမြင်နဲ့ဆန်းစစ်ကြည့်ကြလို့ရမယ်ထင်ပါတယ် ဆန်းစစ်ကြည့်ကြတာပဲမဟုတ်လား?

 
 

ဒါပေမဲ့ ဒီနေရာမှာ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဘာလို့ လူသားတစ်ယောက်(ဒါမှမဟုတ် သက်ရှိသတ္တဝါတစ်ကောင်)ရဲ့အရင်းအမြစ်တန်ဖိုးအတွက် စဉ်းစားကြည့်ကြတာလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာတယ်

 
 

ဥပမာပေးရရင် သိုးမွေးထိုးခြင်းအလုပ်ဖြစ်မယ် အခုတလောခေါင်းနဲ့စဉ်းစားရတာတွေများလို့ ကိုယ်လက်အထိအတွေ့ကိုပြန်ဦးစားပေးတဲ့အနေနဲ့ ကျွန်မ တစ်ချောင်းထိုး (crochet) တွေပြန်ထိုးဖြစ်တယ် ဆောင်းရာသီလည်းဖြစ်တော့ ခင်မင်တဲ့မိတ်ဆွေတွေကို ဦးထုပ်တွေ၊ ပုဝါတွေထိုးပေးဖြစ်တယ် ဒီနေရာမှာ သိုးမွေးထိုးရင်း သတိထားမိတာက အင်မတန်သေးငယ်လှတဲ့သိုးမွေးဦးထုပ်တစ်လုံးကို ထိုးဖို့ဆိုရင်တောင် တစ်ရက်ထက်ပိုပြီး ကျွန်မအချိန်ယူရတယ်ဆိုတာပဲ နေ့နေ့ညညထိုးရင်တောင်မှ လူရဲ့လက်ဟာ စက်လောက်မမြန်နေဘူးလေ သိုးမွေးထိုးကြတဲ့အသိုင်းအဝိုင်းမှာလည်း ကျွန်မလေ့လာရသလောက် အဲ့ဒါကြောင့် သူတို့လက်နဲ့ထိုးထားတဲ့ဆွယ်တာတွေ၊ ပစ္စည်းတွေ၊ ဦးထုပ်တွေကို ရောင်းချလေ့မရှိဘူးဆိုတာပဲ ဒီ community မှာတော့ အဓိကရောင်းချလေ့ရှိတာ pattern လို့ခေါ်တဲ့ ဒီဇိုင်းတွေပေါ့နော် ထိုးချင်တဲ့သူက ကိုယ်ထိုးချင်တဲ့ pattern ကို ဝယ်ပြီး ကိုယ်ထိုးချင်တဲ့သိုးမွေးလုံးအရောင်အမျိုးအစားနဲ့ထိုးကြတာပေါ့ ခန္ဓာလုပ်အားထက် ဉာဏလုပ်အားကို ပြန်ရောင်းတာပေါ့ (ဒီနေရာမှာ အကြမ်းဖျင်းအနေနဲ့ သိုးမွေးလို့သာသုံးတာပါ တကယ်တမ်းက သိုးကနေမဟုတ်ဘဲ ချည်ကနေထွက်တဲ့၊ ဝါးကနေထွက်တဲ့အမွေးတွေနဲ့လည်း သိုးမွေးထိုးလို့ရပါတယ်)

 
 

ထားပါတော့ ဒီနေ့ရေးချင်တာ သိုးမွေးထိုးခြင်းအကြောင်းမဟုတ်ပေမဲ့ ထုတ်လုပ်နိူင်စွမ်းနဲ့စဉ်းစားမယ်ဆိုလို့ရှိရင် အခုချိန်မှာ စက်နဲ့ထိုးတဲ့သိုးမွေးအဝတ်အထည်တွေ၊ ပစ္စည်းတွေပေါ်လာချိန်၊ သူတို့ကိုလည်း ဈေးအတော်အသင့်နဲ့လူတိုင်းဝယ်လို့ရလာတဲ့အချိန်မှာ လက်နဲ့နှစ်ရှည်လများထိုးရတဲ့၊ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် စိုက်ရတဲ့အချိန်နဲ့လုပ်အားအရင်း၊ သိုးမွေးထိုးသူရဲ့အချိန်နဲ့သာ လစာတွက်လိုက်မယ်ဆိုရင် အဲ့ဒီဆွယ်တာဟာ သိန်းသောင်းနဲ့မကချီနေနိူင်တာမို့ အထက်က ထုတ်လုပ်နိူင်စွမ်းအဓိပ္ပါယ်နဲ့တွက်တဲ့အခါ ဈေးတွက်မကိုက်တော့ဘူး

 
 

ဒါပေမဲ့ ကျွန်မတို့လူတွေအနေနဲ့ ဒါဆိုဘာတွေ ဒီလိုထုတ်လုပ်နိူင်စွမ်းနဲ့ တွက်ခြေမကိုက်တဲ့အလုပ်တွေကို ဘာကြောင့်လုပ်နေကြသလဲ? လူသားဖြစ်တည်မှုမှာ ထုတ်လုပ်နိူင်စွမ်းရဲ့စည်းဘောင်အပြင်မှာရောက်နေတာတွေရှိနေနိူင်မလား? ရှိနေတော့ရော ဘာဖြစ်လဲ ဆိုတာ ကျွန်မစဉ်းစားမိတယ်

 
 

သိုးမွေးထိုးကြတဲ့ရပ်ဝန်းရဲ့သမိုင်းကိုပြန်ကြည့်ရင် များသောအားဖြင့် ဒီလိုအချိန်ကြာရှည်ယူပြီးစိမ်ပြေနပြေလုပ်ရတဲ့အလုပ်ကို အိမ်မှာ အပြင်အလုပ်မလုပ်‌တဲ့အဘွားတွေ၊ မိန်းမတွေကသာ pastime အချိန်ကုန်မြန်အောင် (ဒါမှမဟုတ်) အားယားနေတုန်း လုပ်ကြတဲ့ဝါသနာလို့မြင်ယောင်လေ့ရှိကြတယ် (ကျွန်မတောင် သိုးမွေးထိုးတာကို အရင်ဆုံးသင်ယူမိတာက လွန်ခဲ့သော ၁၀ နှစ်က ကျွန်မကျောင်းမှာ ညပိုင်းပြုလုပ်တဲ့ stitch & bitch (ချုပ်ကြောင်းနဲ့ အတင်းချ) ဆိုတဲ့မိန်းမတွေစုစည်းရာရပ်ဝန်းတစ်ခုကို မျက်စိလည်လမ်းမှားရောက်ရာက အဲ့က အန်တီကြီးတွေသင်ပေးလိုက်လို့ပဲဖြစ်တယ် ဒီနေရာမှာ bitch ဆိုတာတော့ မိန်းမတွေကသာ ပွစိပွစိကွန်ပလိန်းတက်တယ် (bitching) ဆိုတဲ့ မိန်းမတွေကို နှိမ်ချခေါ်ဝေါ်တဲ့အသုံးအနှုန်းကို အန်တီကြီးတွေက တမင်တကာပြန်လည်သုံးထားတာဖြစ်ပါတယ် မြန်မာလိုဆိုရင်တော့ သန်းရှာရင်းအတင်းချဆိုတဲ့သဘောပေါ့နော် အခုတော့ ယောင်္ကျားတချို့နဲ့ မိန်းမမဟုတ်သူတွေလည်း သိုးမွေးထိုးကြပါတယ် ဒါပေမဲ့ အခုချိန်ထိ သိုးမွေးထိုးခြင်းလို လက်မှုပညာရပ်တော်တော်များများကို မိန်းမတွေရဲ့အလုပ် (သို့) မိန်းမဆန်တဲ့အလုပ်တွေလို့သတ်မှတ်ထားကြပါသေးတယ် သိုးမွေးထိုးတဲ့ယောင်္ကျားတွေရှိရင်တောင် သူတို့ကိုမိန်းမဆန်တယ်လို့ မြင်ယောင်တတ်ကြတယ်)

 
 

အဲ့ဒီတော့ ကျွန်မစဉ်းစားမိတာက သိုးမွေးထိုးခြင်းလိုဈေးတွက်မကိုက်တဲ့အလုပ်တွေဟာ မိမိဝါသနာအလျောက်အားလပ်ချိန်လုပ်တဲ့အလုပ်တွေဖြစ်သွားပြီး အများအားကျလက်ခံရ‌လောက်တဲ့ရလဒ်တစ်စုံတစ်ရာ (ငွေကြေး၊ ပစ္စည်း၊ ဒီနေရာမှာ အထက်က ဆရာမကြီးလို intellectual output ဉာဏ်ပညာနဲ့ထုတ်လုပ်တဲ့အရာတွေ) ရှိမှသာလျှင် ကျွန်မတို့လူ့ပတ်ဝန်းကျင်က ဘာလို့ပိုတန်ဖိုးထားကြတာလဲဆိုတာပဲ

 
 

လူသားတွေအနေနဲ့ ဘာဆိုဘာမှမထုတ်လုပ်ဘဲမနေနိူင်ဘူးဆိုရင် ဘာလို့ တချို့သောထုတ်လုပ်မှုတွေက ပိုပြီးမြင့်မြတ်တယ်၊ တန်ဖိုးရှိတယ်လို့ယူဆကြရတာလဲ? ဒီနေရာမှာ လူမှုထုတ်လုပ်ရေးလို့ခေါ်ကြတဲ့ မျိုးဆက်ပွားသားဖွားရေးတွေကိုပဲကြည့်မယ်ဆိုရင် သားဖွားခြင်းဟာ မိန်းမတွေရဲ့ဇီဝဗေဒသမိုင်းပေးတာဝန်ဆိုပြီး အခကြေးငွေချီးမြှင့်မဲ့အစား ပေါ့ပေါ့တန်တန်မှတ်ယူလိုက်ကြတယ်မလား? မိမိရဲ့သားဥကိုပါ ရောင်းချလို့ရလာတဲ့ခေတ်ကြီးမှာတော့ မျိုးဆက်ပွားရေးကလည်း ငွေကြေးတန်ဖိုးဖြတ်လို့ရတဲ့အလုပ်တစ်ခုတော့ဖြစ်နေပါပြီလေ ဒီနေရာမှာတောင် မိမိသားဥရဲ့တန်ဖိုးဟာ မိမိပညာဘယ်လောက်တတ်သလဲ၊ ရုပ်ချောသလား၊ မိဘမျိုးရိုးကောင်းသလားဆိုတာတွေအပေါ်မှာ ပြန်မူတည်နေပြန်တယ် ဒီနေရာမှာ မာ့စ်ရဲ့လုပ်အားရေးရာရှုထောင့်ကနေရေးသားထားတဲ့ လူမှုပြန်လည်ထုတ်လုပ်‌ရေးဆိုင်ရာဖီမီနင့်ဇင်အကြောင်းအတွက် တစ်နေ့က ဒို့အရေးစာမျက်နှာမှာတင်ထားတဲ့ မချယ်ရီယာရေးတဲ့ Social Reproduction of Feminism ဆိုတဲ့ဆောင်းပါးကိုညွှန်းချင်ပါတယ် (ဆောင်းပါးရှဲပေးတဲ့ မိတ်ဆွေ H ကို ကျေးဇူးတင်ပါတယ်)

 
 

ကျွန်မရဲ့”ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း” ဆိုတဲ့ဆောင်းပါးထဲမှာ သုံးသပ်ခဲ့သလိုပဲ ဆန်ကုန်မြေလေးလို့သတ်မှတ်ခံလိုက်ရတဲ့သူတွေကို ကျွန်မတို့လူ့အဖွဲ့အစည်းအတွက် အသုံးမဝင်ဘူးလို့မှတ်ယူလိုက်ကြတဲ့အရင်းရှင်‌ခေတ်မှာတော့ လူသားဖြစ်တည်မှုဟာ function (၎င်းရဲ့လုပ်ဆောင်ချက်) အပေါ်မှာသာ မူတည်နေတော့တယ် လူတစ်‌ယောက်/သက်ရှိတစ်စုံတစ်ရာရဲ့တန်ဖိုးကို ၎င်းရဲ့လုပ်ဆောင်ချက်သက်သက်နဲ့သာမကြည့်ဘဲ ၎င်းရဲ့ဖြစ်တည်မှု၊ ၎င်းဖြစ်တည်မှုကနေတဆင့်သူ့ရဲ့ဘေးပတ်ဝန်းကျင်အပေါ်သက်ရောက်သွားမှုတွေကနေရော ဆုံးဖြတ်လို့မရနိူင်ဘူးလား?

 
 

သိုးမွေးထိုးတာနဲ့ပဲပြန်ဆက်ရရင် ဦးထုပ်တစ်လုံးကို ၃-၄-၅၀၀၀ ပေးပြီးဝယ်လို့ရနေတဲ့အချိန်မှာ အချိန် ၃/၄ ရက်ယူပြီး မိတ်ဆွေတစ်ယောက်က ကိုယ်တိုင်အချိန်ယူ၊ ချုပ်ရိုးတစ်ချက်ချင်းစီတိုင်း သူ့လက်နဲ့ထိတွေ့ပြီး ထိုးပေးလိုက်တဲ့ သိုးမွေးဦးထုပ်တစ်လုံးဟာ ထိုးပေးလိုက်သူရဲ့ကိန်းဂဏာန်းတွေနဲ့ တန်ဖိုးဖြတ်လို့မရတဲ့အကြင်နာမေတ္တာတွေဟာ လူဖြစ်တည်မှုရဲ့တကယ့်တန်ဖိုးတွေဟုတ်မနေဘူးလား?

 
 

လူဖြစ်တည်မှုရဲ့တန်ဖိုးကဘာလဲ?

 

အဆုံးစွန်ထိပြောရရင် “တန်ဖိုး”ဆိုတဲ့သဘောတရားက ရှိရောရှိသင့်သေးရဲ့လား? (ဥပမာ – တချို့ဖီမီနင့်တွေအတွက် လစာတန်ဖိုးမပေးခံရတဲ့အလုပ်တွေ သားမွေး၊ ထမင်းချက်အစရှိတာကို ထိုက်သင့်တဲ့ညီတူညီမျှပိုက်ဆံပေးသင့်တယ်လို့ဆိုကြပေမဲ့ တချို့တွေကတော့ အဲ့လိုပိုက်ဆံပေးလိုက်တာဟာလည်း တန်ဖိုးဖြတ်လိုက်တာပါပဲလို့ ဆိုကြပြန်တယ်)

 
 

အရင်းရှင်စနစ်ရဲ့ကြီးစိုးမှုဟာ ကုန်ပစ္စည်းထုတ်လုပ်‌မှုတွေမှာသာမက အဲ့ဒီအရင်းရှင်စနစ်ကို ပြန်လည်ဝေဖန်ကြတဲ့ဆိုတဲ့ အသိပညာထုတ်လုပ်မှုရပ်ဝန်းဆိုတဲ့နေရာမှာတောင် နေရာယူလို့လာပါပြီ ကိုယ်ရေးတဲ့စာတွေ၊ အသိပညာ‌ဆိုတာတွေရဲ့ ဘေးပတ်ဝန်းကျင်ကိုပြန်လည်သက်ရောက်မှု၊ ကိုယ်ရေးချင်လို့ရေးတယ်ဆိုတာထက် တစ်နှစ်ကို စာတမ်းဘယ်နှစောင်ရေးနိူင်သလဲ၊ ထုတ်နိူင်သလဲ၊ စာအုပ်ဘယ်နှအုပ်ထုတ်နိူင်သလဲဆိုတဲ့ (ဒီနေရာမှာ အသိပညာထုတ်လုပ်မှုလုပ်အားကို alienated (ထုတ်လုပ်သူကနေ သူစိမ်းပြုလိုက်တယ်) လို့ဆိုချင်မှဆိုကြပေမဲ့ (ဒါကတော့ အသိပညာထုတ်လုပ်မှုဟာ ထုတ်လုပ်သူရဲ့ identity နဲ့ အနည်းအများညှိတွယ်ပတ်သက်နေသေးတာကိုး) နောက်ဆုံးမှာ‌တော့ ထွက်ကုန်ကိုသာကြည့်ပြီး တန်ဖိုးဖြတ်ခံလိုက်ရတာပါပဲ)

 
 

အရေအတွက်ကိန်းဂဏာန်းနံပါတ်တွေကိုသာ ဦးစားပေးတတ်တဲ့၊ အပေါ်ယံအထင်ကြီးတတ်ကြတဲ့လောကကြီးထဲမှာ ကျွန်မရဲ့ဖြစ်တည်မှုဟာ အပေါင်းအနှုတ်သင်္ကေတသာသာလောက်သာကျန်သွားခဲ့နိူင်ပါလားဆိုတာ ရောင်းစားလို့ ပိုက်ဆံတစ်ပြားသားမှမရလောက်တဲ့၊ ဝတ်မဲ့သူလည်း ရှိချင်မှရှိမဲ့ဦးထုပ်တွေ၊ လည်စည်းတွေကို အားအားယားယားသိုးမွေးထိုးရင်း ကျွန်မစဉ်းစားဘဝင်မကျစက်ဆုပ်ရွံရှာဖြစ်မိရပါတော့တယ်

 

ပုံ – လွန်ခဲ့သောလထဲက ရောက်တတ်ရာရာထိုးပြီးခါမှ အိမ်ရှိလူမည်သူနှင့်မှမတော်သောကြောင့် ထိုအတိုင်းသိမ်းထားလိုက်ရသော ကျွန်မ၏လက်ထိုးစွပ်ကျယ်တစ်ထည်

 

အမေရိကန် လုပ်အားဝန်ကြီးဌာနရဲ့ ထုတ်လုပ်နိူင်စွမ်းအဓိပ္ပါယ်ဖွင့်ဆိုချက်

 

မချယ်ရီယာရဲ့ Social Reproduction of Feminism ဆောင်းပါး

 

စူဇန်ဖာဂူဆန် (Susan Ferguson) သုံးသပ်ခဲ့တဲ့ လူမှုပြန်လည်ထုတ်လုပ်ရေးသီအိုရီပေါက်ဖွားပြောင်းလဲလာပုံ ဆောင်းပါး

 

ကျွန်မရဲ့ ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း ဆောင်းပါး

ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း

လွတ်လပ်ရေးနှင့်လွတ်မြောက်ခြင်း

လွတ်လပ်ခြင်းနဲ့လွတ်မြောက်ခြင်းဟာ တကယ်တမ်းထပ်တူညီရဲ့လား?

ကျွန်မတို့အားလုံး ဘဝမှာကိုယ်ဖြစ်ချင်တာ၊ မျှော်မှန်းထားတာတွေဖြစ်လာရင် ပျော်ရွှင်ဝမ်းသာဖြစ်မိကြတာ သဘာဝပါပဲ ဥပမာ – ကိုယ်လိုချင်လို့လျှောက်ထားတဲ့ကျောင်း၊ အလုပ်အစရှိသဖြင့်ရတာ၊ ကိုယ်နေချင်တဲ့အိမ်ကိုဝယ်ယူလိုရတာအစရှိသဖြင့်ပေါ့ ဒါပေမဲ့ ကျွန်မတွေးမိတာက အဲ့ဒီလိုကျွန်မတို့‌မျှော်မှန်းထားလို့ရလာတဲ့၊ ဖြစ်လာတဲ့အရာတွေအပေါ်အခြေခံပြီးခံစားရတဲ့ပျော်ရွှင်‌ဝမ်းမြောက်မှုတွေဟာ တကယ်တမ်းကျွန်မတို့ကိုလွတ်လပ်စေသလား? ကျွန်မတို့ကို ဖိနှိပ်မှုတွေကနေ လွတ်မြောက်စေသလား? ဒါမှမဟုတ် အဲ့ဒီ့ပျော်ရွှင်မှုတွေက ကျွန်မတို့ဟာ မိမိလိုရာ၊ ဖြစ်ချင်ရာကို လွတ်လွတ်လပ်လပ်ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ အတုအယောင်ဖန်ဆင်းပြထားတဲ့ လွတ်မြောက်မှုအတုအယောင်တွေပဲလားဆိုတာပဲ

Freedom လို့ခေါ်တဲ့လွတ်လပ်ခြင်းကို ကျွန်မတို့ဘယ်သူမဆိုလိုချင်ကြတယ် ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ်နေချင်တယ်၊ စားချင်တယ်၊ ကိုယ့်ဘဝကို လွတ်လပ်စွာကိုယ်ဖြစ်ချင်တာကို ထုဆစ်ချင်တယ် လူတန်းစားတချို့အနေနဲ့လည်း အဲ့လိုမျိုးလွတ်လပ်စွာမိမိဘဝကိုပုံဖော်ပိုင်ခွင့်ရှိကြတယ်လို့ ကျွန်မတို့လူမှုအသိုင်းအဝိုင်းမှာလက်ခံထားတာတွေရှိမယ် ဥပမာ များသောအားဖြင့် ငွေရေးကြေးရေးအတော်အတန်ရှိရင်ကိုပဲ ကျွန်မတို့ကိုယ်ဖြစ်ချင်တာကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိမယ်လို့ထင်ကြလေ့ရှိတယ် အဲ့ဒါကြောင့်လည်း အဲ့ဒီလိုလွတ်လပ်စွာနေလို့ရတဲ့ဘဝတစ်ခုကိုဖန်တီးနိူင်အောင် လစာဝင်ငွေပေးမဲ့အလုပ်အကိုင်ပညာရေးဆိုတာကို ကျွန်မတို့လိုက်စားသင်ယူကြတယ် (အခုလက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ငြင်းခုန်နေကြတဲ့ ကျောင်းတက္ကသိုလ်ဒီဂရီဆိုတာဟာ လစာဝင်ငွေကောင်းမဲ့၊ အလုပ်ပေါမဲ့နယ်ပယ်ထဲကိုဝင်မဆန့်နိူင်ရင် အလကားပဲဆိုတဲ့စကားတွေကိုပဲကြည့်လို့ရပါတယ် မီလျံနာသူဌေးကြီးမို့လို လူတိုင်းကအားကျနေရတဲ့ အီလွန်မာစ်တို့လိုလူမျိုးကအစ ပညာရေးဘွဲ့ဆိုတာ ပိုက်ဆံမှပြန်မရှာနိူင်ပေးရင် အလကားပဲလို့ပြောသလိုပေါ့)

ဒီစကားတွေရဲ့အောက်ခြေမှာ ကျွန်မတို့ တစ်ခါတစ်လေ သေ‌ချာပြန်လည်ဆင်ခြင်ဖို့မေ့နေမိတာက မိမိနေချင်တဲ့ဘဝ၊ လွတ်လပ်တဲ့ဘဝဆိုတာတွေဟာ ဘယ်သူတွေရဲ့ပေတံနဲ့တိုင်းတာထားတဲ့လွတ်လပ်မှုမျိုးလဲဆိုတာပဲ

ဂုဏ်ရှိတာသော်လည်းကောင်း၊ လစာဝင်ငွေကောင်းတာသော်လည်းကောင်း၊ ဂုဏ်ရော လစာဝင်ငွေရောရှိတာသော်လည်းကောင်း အစရှိတဲ့အကြောင်းပြချက်နောက်ကနေ ကျွန်မတို့ကို အမြဲတစေမျက်လှည့်ပြထားတာက အဲ့ဒီလိုအလုပ်မျိုး၊ ဘဝမျိုးသာရှိရင် ကျွန်မတို့တကယ်လုပ်ချင်၊ ဖြစ်ချင်နေတဲ့ဘဝမျိုးကို အလိုအလျောက်ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတဲ့အချက်ပဲ ဒါပေမဲ့ အဲ့ဒါဟုတ်ရောဟုတ်ရဲ့လား?

တစ်နေ့က ကျွန်မမိတ်ဆွေတစ်ယောက်နဲ့ရှေးဟောင်းနှောင်းဖြစ်တွေပြန်လှန်ပြောရင်း ဒီအကြောင်းကို ကျွန်မဆက်စပ်တွေးဖြစ်မိတယ် ကျွန်မမိတ်ဆွေဟာ အမေရိကန်နိူင်ငံမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး စာပေလေ့လာရေးဘာသာရပ်နဲ့ပါရဂူဘွဲ့ရထားသူတစ်ဦးဖြစ်တယ် သူဟာ အမေရိကန်နိူင်ငံသားမဟုတ်တဲ့အတွက် သူကျောင်းပြီးပြီးအလုပ်ရှာတဲ့အချိန်မှာ တော်တော်ခက်ခဲခဲ့တာကိုကျွန်မကိုပြန်ပြောပြတယ် ပါရဂူဘွဲ့ကို သူစိတ်ဝင်စားတဲ့ဘာသာရပ်နဲ့လေ့လာခဲ့ပေမဲ့ စာပေလေ့လာရေး (literature) ဆိုတာ သိပ္ပံဘာသာရပ်တို့၊ အင်ဂျင်နီယာတို့၊ ဆရာဝန်တို့၊ စီးပွားရေးတို့လို အလုပ်ကမပေါလှပြန်ဘူး ဒါနဲ့ သူအလုပ်တွေတစ်နှစ်ပြီးတစ်နှစ်လျှောက်ရင်း ရေရှည်အလုပ်ရနိုးရနိုးစောင့်ရင်း ကြားထဲမှာ ကွက်ကြားကွက်ကြားဗျောက်သောက်ယာယီစာသင်တဲ့အလုပ်တွေသူ ၃ နှစ်လောက်လုပ်ခဲ့တယ် (တက္ကသိုလ်စာသင်တဲ့အလုပ်ကတော့ အထက်ကပြောခဲ့သလို ဂုဏ်ရှိတဲ့အလုပ်ဖြစ်ကောင်းဖြစ်ပေမဲ့ လစာဝင်ငွေနဲ့ ရေရှည်အလုပ်ဆိုတာတွေဟာ ခုခေတ်မှာရှားပါးလွန်းပြန်တယ်လေ) ဒါနဲ့ အဲ့လိုလုပ်လာရင်း ၃ နှစ်မြောက်အလုပ်ထပ်ရှာတဲ့အချိန်မှာ ရေရှည်တက္ကသိုလ်ပါမောက္ခအလုပ်တစ်ခုကို အင်တာဗျူးအဆင့်ဆင့်ကျော်ဖြတ်ပြီး သူရခဲ့တယ် သူကကျွန်မကိုပြောတယ် အဲ့ဒီ့အလုပ်ရတဲ့အချိန်မှာ သူအရမ်းပျော်ခဲ့တယ်တဲ့ ပါမောက္ခတစ်ယောက်အနေနဲ့ သူလုပ်ချင်တာတွေ သူလုပ်လို့ရနိူင်တော့မယ်ဆိုတဲ့အတွေးနဲ့ပေါ့ မရေရာမသေချာတဲ့ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်နေထိုင်ဖို့မသေချာတဲ့ဘဝကြီးထဲမှာကျင်လည်နေသူတိုင်း ရေရေရာရာသေသေချာချာအလုပ်တစ်ခုရတယ်ဆိုတာ ဝမ်းသာစရာပါပဲ

ဒါပေမဲ့ ဒီနေရာမှာ သူ့ကိုကျွန်မပြန်မေးမိတာက အဲ့ဒီပျော်ရွှင်မှုက သူ့အတွက်သူတကယ်လိုချင်တဲ့ပျော်ရွှင်မှု ဟုတ်ရော‌ဟုတ်ရဲ့လားလို့ ဒီလိုပြန်မေးမိတာကလည်း အဲ့ဒီသူရတဲ့အလုပ်၊ အလုပ်ရခဲ့လို့ပျော်ရွှင်ခဲ့တဲ့အလုပ်ကနေ ပြီးခဲ့တဲ့နှစ်ကပဲ သူနှုတ်ထွက်ခဲ့တာကိုး နှုတ်ထွက်ခဲ့ရတဲ့အကြောင်းရင်းကလည်း အလုပ်ဟာ သူထင်ထားခဲ့သလို သူ့ကိုစိတ်ကျေနပ်မှုမပေးခဲ့ဘူး အရင်းရှင်စနစ်ရဲ့စက်ဝန်းထဲကအလုပ်တွေရဲ့သဘာဝအတိုင်း သူဖြစ်ချင်တာတွေကို လွတ်လပ်စွာစီမံခန့်ခွဲခွင့်ဆိုတာထက် အထက်အောက်စနစ်တွေ၊ ဗျူရိုကရေစီယန္တရားတွေရဲ့သံသရာထဲမှာပဲ သူလည်ပတ်နေရတာကို မနှစ်မြို့လာလို့ပဲတဲ့

ဒီနေရာမှာ ကျွန်မတို့ပြန်မေးကောင်းမေးနိူင်ပါတယ် ကျွန်မမိတ်ဆွေရဲ့အတွေ့အကြုံဟာ သူ့တစ်ကိုယ်ရည်နဲ့ပဲဆိုင်မလားလို့ပေါ့လေ တခြားသူတွေအတွက်ကတော့ မိမိနဲ့အန်မတန်အံဝင်ခွင်ကျဖြစ်တဲ့အလုပ်တွေ၊ ဘဝမှာလွတ်လပ်စွာစီမံပိုင်ခွင့်ရှိတဲ့အခြေအနေမျိုးတွေရှိကောင်း‌ရှိနေနိူင်မလားပေါ့လေ ဟုတ်ပါတယ် တခြားသူတွေအတွက် ကျွန်မမိတ်ဆွေလိုမဟုတ်ဘဲ တကယ့်ကိုလွတ်လပ်တဲ့ဘဝမျိုးရှိကောင်းရှိနေနိူင်တာပါပဲ ကျွန်မလူတိုင်းရဲ့ဘဝတွေကို မသိပါဘူး

သို့ပေသိ ကျွန်မတို့လူ့အဖွဲ့အစည်းတွေမှာသတ်မှတ်ထားတဲ့လွတ်လပ်ခြင်းဆိုတာကို ကျွန်မကတော့ သံသယဝင်လာမိတယ်

မျက်စိနှစ်လုံးပွင့်အိပ်ရာနိုးတာကနေစပြီး ကိုယ်လုပ်ချင်တာကို မျက်စိနှစ်လုံးမှိတ်အိပ်ချိန်ထိလုပ်ပိုင်ခွင့်ရှိတာ လွတ်လပ်ခြင်းလား?

ကိုယ်ဝယ်ချင်တာကို ဘယ်အချိန်မဆိုဝယ်နိူင်စွမ်းရှိတာ လွတ်လပ်ခြင်းလား?

ကိုယ်စားချင်တာကို ဘယ်အချိန်မဆိုစားခွင့်ရှိတာ လွတ်လပ်ခြင်းလား

မိမိကိုယ်ကိုပြင်ဆင်ခြယ်သခြယ်မှုန်းပိုင်ခွင့်၊ ဖော်ပြပိုင်ခွင့်ရှိတာ လွတ်လပ်ခြင်းလား?

လွတ်လပ်ခြင်းဆိုတာ ဘာအဓိပ္ပါယ်လဲ? ကျွန်မတို့တစ်ယောက်ချင်းစီတိုင်းက နားလည်သဘောပေါက်ထားတဲ့လွတ်လပ်ခြင်းဟာ အဓိပ္ပါယ်အတူတူပဲလား?

ဒီမေးခွန်းတွေဟာ ကျွန်မကို တကယ်တမ်းတော့ စိတ်ကသိကအောက်ဖြစ်စေမိတယ် လွတ်လပ်မှုရှိသယောင်ထင်ရပေမဲ့ ကျွန်မတို့မှာလွတ်မြောက်မှုမရှိဘူးလို့ ခံစားစေတယ်

ကိုယ်လုပ်ချင်တာ၊ စားချင်တာ၊ ဝယ်ချင်တာ၊ နေချင်တာတွေကိုစွမ်းဆောင်နိူင်မဲ့ ငွေ ဆိုတာကိုပေးမဲ့အလုပ်ကိုရတယ်ဆိုရင်တောင်မှ ကျွန်မတို့ရဲ့ အဲ့ဒီ့ “လုပ်ချင်တာ၊ စားချင်တာ၊ ဝယ်ချင်တာ၊ နေချင်တာ”တွေဟာ နဂိုသတ်မှတ်ထားပြီးသားတွေထက်ပိုမိုကျော်လွန်မနေနိူင်ဘူးလေ ရှိထားပြီးသား၊ ကျင်လည်လက်စဘဝဘောင်ဆိုတာကို ကျော်လွန်ပြီး ကျွန်မတို့လွတ်လပ်တတ်ကြလို့လား? ဒီနေရာမှာ “တတ်” ဟာ အင်မတန်အရေးပါတဲ့စကားလုံးတစ်ခုပဲ

ပြီးခဲ့တဲ့နှစ် ကျွန်မသုတေသနကိစ္စတစ်ခုနဲ့ဥ‌ရောပနိူင်ငံတစ်ခုကို ခရီးထွက်ခဲ့တုန်းက မြို့လယ်ကောင်လူစည်ကားရာနေရာတစ်နေရာမှာ လစာတန်းတူညီမျှမှုအတွက်ပြည်သူလူထုတစ်စုဆန္ဒပြကြွေးကြော်နေကြတာနဲ့ ဆုံမိတယ် ဒီမိုကရေစီထွန်းကားရာလို့သတ်မှတ်ထားတဲ့အဲ့နိူင်ငံမှာတော့ ဆန္ဒပြတာလည်း “စည်းနဲ့ကမ်းနဲ့”ပြကြတယ်ပေါ့လေ ဘယ်ကနေ့မှာ ဘယ်အချိန်ကနေဘယ်အချိန်ထိ စုဝေးမယ်ဆိုတာ ပါမစ်တွေဘာတွေကြိုတင်ထားပြီး ရဲကလည်းဆန္ဒပြစဉ်မှာ သူတို့ပါမစ်တင်ထားတဲ့နေရာအလိုက် သူတို့ပြမယ်ဆိုတဲ့အချိန်အတိုင်း ကင်းစောင့်နေကြတာကိုတွေ့ရတယ် ဆန္ဒပြလူထုကြီးကလည်း “လစာတန်းတူရရှိရေး ဒို့အရေး ဒို့အရေး” အော်ပြီး ဆန္ဒပြဖို့ပါမစ်တောင်းထားတဲ့အချိန်လည်းပြီးရော လမ်းခွဲလိုက်ကြတယ် အသီးသီးဆန္ဒပြစာတမ်းလေးတွေကို လမ်းဘေးအမှိုက်ပုံလေးတွေထဲ သေသေချာချာလွှင့်ပစ်လိုက်ကြပြီး အိမ်ပြန်သွားကြတယ်

အဲ့ဒီ့အတွေ့အကြုံဟာ ကျွန်မကိုခုထက်ထိအများကြီးတွေးစေတယ် ဆန္ဒဟာ အချိန်အတိုင်းအတာတစ်ခုနဲ့ အထိန်းအကွပ်နဲ့ပြလို့ရသလားပေါ့လေ Freedom of speech တို့၊ Freedom of expression တို့အော်ဟစ်နေတဲ့ဒီမိုကရေစီနိူင်ငံတွေရဲ့ ဆန္ဒပြမှုဆိုတာဟာလည်း တိရိစ္ဆာန်ရုံထဲက သံလှောင်အိမ်တိုင်တွေနောက်ကခြင်္သေ့တစ်ကောင်လိုပါပဲလား အစာခွက်လာချတဲ့အချိန်မှာထစားပြီး ၇ ပေ ၈ ပေပတ်လည်လှောင်အိမ်ထဲဟိုဘက်ဒီဘက်လမ်းထလျှောက်ဟိန်းဟောက်ပြီးတော့ ဒေါင့်တစ်နေရာမှာပြန်လှဲလျောင်းလိုက်သလိုပဲ ဒီခြင်္သေ့ဟာ သူကိုယ်တိုင်ပင်ပင်ပန်းပန်းသားကောင်ရှာစရာမလိုသလို့ တိရိစ္ဆာန်ရုံဝန်ထမ်းတွေရဲ့ ပုံမှန်အစာကျွေးတာကြောင့် ငတ်ပြတ်သေသွားမှာတော့မဟုတ်ပါဘူး ဒါပေမဲ့ သူ့ဘဝကို ကျွန်မတို့လွတ်လပ်တယ်လို့ခေါ်လို့ရမလား?

အဲ့ဒီလိုပဲ ကိုလိုနီကျွန်ပြုခြင်းလက်အောက်ကနေ လွတ်လပ်ရေးရပါပြီလို့ကြွေးကြော်လာကြတဲ့မြန်မာပြည်လိုမျိုးနိူင်ငံတိုင်းမှာရော ကိုလိုနီခေတ်ပြီးဆုံးပြီလို့ကြေငြာလိုက်တိုင်း တကယ်တမ်းအဲ့ဒီ့နေရာဒေသကလူသားတွေ၊ အကောင်ပလောင်တွေ၊ အပင်တွေ၊ သယံဇာတတွေ၊ မြေကြီးတွေဟာချက်ချင်းလက်ငင်းလွတ်မြောက်သွားရောတဲ့လား? အဲ့ဒီကိုလိုနီစနစ်နောက်ကကျန်ရှိခဲ့တဲ့အကြွင်းအကျန်တွေက မျက်စိနဲ့တောင်မြင်ရချင်မှမြင်ရမယ် ဒါပေမဲ့စိမ့်ကျန်နေခဲ့သေးတယ်မဟုတ်ဘူးလား?

ခေတ်ကာလတွေကနေ လွတ်လပ်သွားပေမဲ့ စနစ်တွေကနေ လွတ်မြောက်သွားလို့လား?

ကိုလိုနီစနစ်ကိုချွတ်ချခြင်းအကြောင်းကျွန်မပြောတိုင်းမှာ “ပြီးခဲ့တာတွေလည်းပြီးပါပြီ ထားလိုက်ပါတော့ ဘာလို့နောက်ချေးခြောက်ရေနှူးနေဦးမလဲ”ဆိုတာ ခဏခဏကြားရလေ့ရှိတဲ့စကားတစ်ခွန်းပါပဲ ဒါပေမဲ့ တကယ်တမ်းကိုလိုနီသဘောတရားတွေဟာ အတိတ်ပဲဆိုလို့ရှိရင် ကျွန်မတို့ ဘာလို့ အဖြူမှအထင်ကြီးကြတာလဲ? အခုလက်ရှိတော်လှန်ရေးကြီးထဲမှာတောင်မှ အမေကျော်ဒွေးတော်လွမ်းတွေသိပ်ပြောချင်နေသေးကြတာလဲ? အောင်မြင်မှုတို့၊ လွတ်လပ်မှုတို့၊ တိုးတက်မှုတို့ကို အဲ့ဒီသခင်”ဟောင်း”ကြီးတွေရဲ့ပေတံတွေနဲ့မှတိုင်းတာနေချင်သေးရတာလဲ? မေးခွန်းတွေပဲပြန်ထုတ်ရပါတော့မယ်

ကျွန်မတို့ပတ်ပတ်လည်မှာ ဝန်းရံထားတာတွေက သံတိုင်တွေတော့မဟုတ်တော့ပါဘူး မျက်စိနဲ့လည်းမြင်လို့မရ၊ လက်နဲ့လည်းဆုပ်ကိုင်လို့မရတဲ့ လေဟာနယ်တွေပဲ ဒါပေမဲ့ အရင်ရှိနေခဲ့တဲ့သံတိုင်တွေရဲ့နေရာတွေကနေလွန်ပြီး ကျွန်မတို့ခြေမကျွံရဲကြဘူးဖြစ်နေတာ ဘာကြောင့်လဲ?

အောင်ဖုန်းမော်ရဲ့ ၂၀၂၀ ခုနှစ်တုန်းက We Resist – Burma မှာရေးခဲ့တဲ့ “လွတ်လပ်ခြင်းရဲ့အဖိုးအခကသေခြင်းတရားပဲ” ဆိုတဲ့ဆောင်းပါးထဲကလိုမျိုး သေဆုံးခြင်းသည်သာလျှင်စစ်မှန်တဲ့လွတ်‌လပ်ခြင်းလို့လည်း ဖိုဆန်ဆန် ကျွန်မအာဘော်မထုတ်ချင်ပြန်ပါဘူး ကျွန်မ‌တို့တွေလို လူမျိုးရေးအရသော်လည်းကောင်း၊ ဂျန်ဒါအရသော်လည်းကောင်း၊ လူတန်းစားအရသော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် စနစ်ကိုယ်နှိုက်ကိုက သေစေချင်နေတဲ့သူတွေအဖို့တော့ သေဆုံးခြင်းတိုင်းဟာ လွတ်မြောက်ခြင်းမှမဟုတ်တာပဲလေနော် (အောင်ဖုန်းမော်ရဲ့အာဘော်က လူမည်းတက်ကြွလှုပ်ရှားသူ Malcom X ရဲ့အဆိုကိုအခြေတည်ပြီး လူဖြူပညာရှင်ဟေဂယ်ရဲ့ သခင်နဲ့ကျွန်ဆိုတဲ့ dichotomy ကိုသုံးသပ်ထားတာဖြစ်ပါတယ် ဒီနေရာမှာ ဟေဂယ်ရေးခဲ့တဲ့ကျွန်ဆိုတာ လူမည်းတွေကြုံတွေ့ခဲ့တဲ့ slavery လူသားကိုပစ္စည်းဥစ္စာအသွင်သာမှတ်ယူခံရတဲ့ကျွန်စနစ်ကိုဆိုလိုတာပါပဲ ဒီနေရာမှာ slavery အပြင်အရင်းရှင်စနစ်လိုစနစ်တွေရဲ့ကျွန်ဘဝကနေရော လွတ်လပ်ဖို့ဆို သေခြင်းဟာ အဖိုးအခပဲလားဆိုတာ ကျွန်မစိတ်ဝင်စားမိတယ် လူမည်းယောင်္ကျားပညာရှင် မယ်လ်ကွန်အဖို့တော့ သေခြင်းကသာလျှင်လွတ်လပ်ခြင်းဖြစ်တယ်လို့ဆိုခဲ့ပေမဲ့ လူမည်းအမျိုးသမီးဖီမီနင့်တွေအနေနဲ့ကတော့ သေခြင်းကိုလွတ်မြောက်ခြင်းလို့မခံယူတာကတော့ စိတ်ဝင်စားစရာပါပဲ လူမည်းလွတ်မြောက်ရေးထဲကဂျန်ဒါသဘောတရားတွေကိုတော့ အောင်ဖုန်းမော်ထည့်မဆွေးနွေးထားပါဘူး)

လူမည်းဖီမီနင့်အတွေးအခေါ်ပညာရှင်တွေရဲ့ နူးညံ့သိမ်မွေ့လှတဲ့ “မိမိကိုယ်ကိုပြုစုပျိုးထောင်ခြင်းဟာလည်း လွတ်မြောက်ရေးအတွက်ဝမ်းစာဖြည့်ခြင်းဖြစ်သည်” ဆိုတဲ့စကားကိုလည်း ဖီမီနင့်တစ်ယောက်အနေနဲ့ ကျွန်မလက်ခံပြန်တယ် (ဒီစကားကတော့ အောဒရီလော့ဒ် Audre Lorde က သူ့မှာကင်ဆာရောဂါရှိတယ်လို့သိလာပြီးတဲ့နောက်ပြောခဲ့တာပါ “Caring for myself is not self-indulgence. It is self-preservation, and that is an act of political warfare.” “ငါ့ကိုယ်ငါဂရုစိုက်ခြင်းသည် ငါ့ကိုယ်ငါအလိုလိုက်နေတာမဟုတ်ပါဘူး အဲ့ဒါဟာ ငါ့ကိုယ်ငါစောင့်ရှောက်ခြင်းဖြစ်တယ် အဲ့လိုစောင့်ရှောက်တာကလည်း တိုက်ပွဲဝင်ဖို့ပြင်ဆင်တဲ့လုပ်ရပ်တစ်ခုပဲ”)

တစ်ပြိုင်နက်တည်းမှာလည်း ဒီလိုမိမိကိုယ်ကို စစ်မှန်တဲ့လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ဖို့ပျိုးထောင်တဲ့စကားတွေကို အရင်းရှင်စနစ်ရဲ့နီရိုလစ်ဘရယ်စနစ်တွေက ပုံဖျက်လိုက်ကြပြန်တယ်ဆိုတာလည်း ကျွန်မသတိမူမိပါတယ် ဥပမာ – ဖယောင်းတိုင်ထွန်းပါတို့၊ ဝိုင်သောက်ပါတို့၊ ရေစိမ်ပါတို့အစရှိတဲ့ စားသုံးသူဓလေ့ (consumer culture) ပိုမိုထွန်းကားလာစေတဲ့ self-care trend တွေပေါ်လာတာပေါ့လေ အောက်မှာ ၂၀၂၁ ခုနှစ် အသက် ၃၆ နှစ်အရွယ်မှာဆုံးပါးသွားခဲ့တဲ့ နိူင်ဂျီးရီးယန်းမနုဿဗေဒပညာရှင် အိုမိုတာရိုဂျိုလောင်ရှို (Omotayo Jolaosho) ရဲ့ “Self-care ဆိုတာနဲ့ဘာကြောင့်မလုံလောက်ဘူးလဲ?” ဆောင်းပါးလင့်ခ်ထည့်ပေးထားပါတယ် Self-care အကြောင်းကတော့ သီးသန့်ထပ်စဉ်းစားစရာတွေအများကြီးရှိပါသေးတယ်

လွတ်လပ်ခြင်းကို freedom လို့သာကျွန်မတို့သတ်မှတ်နားလည်သဘောပေါက်ကြတယ်ဆိုရင် လွတ်လပ်ခြင်းဟာ ရယူဖို့လွယ်ကူတာပဲလို့ကျွန်မတော့ထင်တယ် ဒါကတော့ ဘယ်သူမဆို လူကြီးရယ်လို့ဖြစ်ပြီဆိုရင် ကိုယ်လုပ်ချင်တာကိုအနည်းနဲ့အများတော့လုပ်လို့ရကြတာပဲမလား? အမေရိကန်နိူင်ငံရဲ့ပဋိညာဉ်ထဲမှာပါတာဆိုရင်တော့ “အမေရိကန်နိူင်ငံသားမည်သူမဆို ပျော်ရွှင်မှုကိုလွတ်လပ်စွာလိုက်စားပိုင်ခွင့်ရှိရမည်”တဲ့‌လေ ဟုတ်ပါတယ် ဘယ်သူမဆိုလွတ်လပ်စွာမိမိဘဝကိုထုဆစ်ပိုင်ခွင့်ရှိပါတယ် ခက်တာက အဲ့ဒီ့လွတ်လပ်မှုဟာလည်းပဲ အကန့်အသတ်တွေထဲကလွတ်လပ်မှုကြီးပဲဖြစ်နေပြန်တာပဲ အရင်ကမလွတ်လပ်ခဲ့တဲ့လူအုပ်စုတွေ၊ နိူင်ငံတွေအဖို့လည်း လွတ်လပ်ရေးနေ့ကတော့ ဒါပါလို့ကြေငြာစာတမ်းထိုးပြီး ရပ်ကွက်ထဲ ကလေးတွေထုပ်စီးတိုးကစားခွင့်ပေးပြီး လွတ်လပ်လိုက်လို့ရကြတာပဲ (အဲ့ဒါကြောင့်လည်း မြန်မာပြည်စစ်အာဏာရှင်စနစ်ကနေ နိူင်ငံနယ်နိမိတ်ကျော်လိုက်တာနဲ့ လွတ်လပ်သွားပြီလို့တချို့ကကြွေးကြော်‌နေကြတာပဲမဟုတ်ဘူးလား? တကယ်တမ်းက နိူင်ငံနယ်နိမိတ်ဆိုတာတွေရှိနေသေးသရွေ့ ကျွန်မတို့ကလွတ်မြောက်တာမှမဟုတ်တာ)

ဒါပေမဲ့ ကျွန်မတို့အတွက် ရယူဖို့နဲ့ကျင့်သုံးဖို့ (တစ်ခါတစ်လေမြင်ယောင်ဖို့အတွက်တောင်) ပိုခက်နေတာက liberation လို့ခေါ်တဲ့လွတ်မြောက်ခြင်းပဲ ကျွန်မမိတ်ဆွေရဲ့ဥပမာကိုပြန်ကြည့်ရင် အလုပ်ရလို့သူပျော်ရွှင်သွားတဲ့ပျော်ရွှင်မှုတိုင်းနောက်မှာ အစစ်အမှန်လွတ်မြောက်ခြင်းထက် ပိုမိုချုပ်တည်းမှုတွေသာလိုက်ပါလာတာကိုတွေ့ရတယ် အလုပ်ကြောင့် ရမဲ့ပိုက်ဆံ၊ သေချာပြီလို့ခံစားရတဲ့ဘဝတွေဟာ တကယ်တမ်းတော့ ကျွန်မတို့တွေကို ပူးကြွက်တွေပန်းတိုင်မရှိပြေးဆော့နေတဲ့ဘီးလုံးတွေပေါ်လမ်းကြောင်းတည့်ပေးလိုက်ရုံသာဖြစ်‌နေတယ် လွတ်လပ်လှပါပြီလို့ထင်ထားတဲ့ဘဝတွေမှာ အိမ်လခပေးစရာတွေရှိနေတယ်၊ သားငါးဟင်းသီးဟင်းရွက်ဈေးတွေတက်လိုက်ကျလိုက်ဖြစ်နေတယ်၊ ဗိုက်တွေပိန်လိုက်ဖောင်းလိုက်ဖြစ်နေကြတယ် ဒီနေ့လစာစားလူတစ်ယောက်ဖြစ်ပေမဲ့ နေ့ချင်းညချင်းအလုပ်ပြုတ်ပြီး နေစရာစားစရာမရှိဖြစ်သွားနိူင်တယ် အဲ့လိုမဖြစ်အောင် လွတ်လပ်တယ်ဆိုတဲ့လူသားကြီးဟာ မလွတ်မလပ်နဲ့ရှေ့ရေးကိုပူပန်ကြိုတင်ပြင်ဆင်နေရပြန်တယ်

ထင်ယောင်ထင်မှားပုံဖျက်ခံထားရတဲ့လွတ်လပ်ရေးနဲ့မတူတဲ့ လွတ်မြောက်ရေးဆိုတာကတော့ ဒီဘီးလုံးတွေနောက်ကတပ်ဆင်မှုယန္တရားတွေကနေပါ၊ အဲ့ဒီ့ဘီးလုံးတွေအပေါ်တက်ခွင့်ရလို့သာယာမိတဲ့စိတ်တွေကနေပါ လွတ်မြောက်ခြင်းလို့ ကျွန်မကတော့မြင်မိတယ်

လွတ်မြောက်ခြင်းဟာ ကျွန်မအတွက်တော့ လွတ်လပ်ရေးလိုမျိုး တစ်သီးပုဂ္ဂလတည်းရယူလို့ရတဲ့အရာမျိုးမဟုတ်ပါဘူး တစ်ယောက်တည်းကနေကွက်ပြီး လွတ်မြောက်နေလို့မရဘူး မြန်မာပြည်စစ်အာဏာရှင်ကိုတော်လှန်နေပြီး လူဖြူကြီးစိုးရေးကိုမြှောက်ပင့်ပေးနေလို့မရဘူး မြန်မာပြည်တွင်းက လူမျိုးစုတစ်ခုချင်းစီရဲ့လွတ်မြောက်ရေးကိုအားပေး‌ထောက်ခံနေပြီး တစ်ကမ္ဘာလုံးက နယ်နိမိတ် (border) တွေကိုဆက်လက်ထိန်းသိမ်းပါလို့ဆိုလို့မရဘူး နိူင်ငံရေးဒုက္ခသည်တွေကို ရွှေ့ပြောင်းနေရာချပါလို့ဆော်ဩနေပြီး ရေကြည်ရာမြက်နုရာရွှေ့ပြောင်းသူတွေကို သူတို့ကတော့ တရားမဝင်လူလိမ်တွေပါလို့သမုတ်လို့မရဘူး ပူစီပါသူမိန်းမတွေကိုနေရာပေးပါလို့ကြွေးကြော်နေပြီး လူဖြူယောင်္ကျားမဟုတ်သူ လူမည်းလူညိုယောင်္ကျားတွေရဲဖမ်းခံရနည်းလားလို့ ကျွန်မတို့မျက်နှာသာပေးလို့မရဘူး နိူင်ငံရေးအကျဉ်းသားတွေလွှတ်ပေးလို့အော်ပြီး ထောင်တွေဆက်ဖွင့်ထားလို့မရဘူး စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအော်ပြီး ‌စည်းကမ်းနဲ့ညီညွတ်တဲ့စစ်တပ်တော့လိုအပ်သေးတယ်လို့ပြောလို့မရဘူး

လွတ်မြောက်ရေးဟာ လွတ်လပ်ရေးလို တစ်ကိုယ်‌ရည်ကွက်ကျားမိုးရွာလို့မရဘူး လွတ်မြောက်ရေးမှာ double standard တွေထားလို့မရဘူး လွတ်မြောက်ရေးကို လွတ်လပ်ရေးလိုပက်ကင်ထုတ်တံဆိပ်ကပ်‌ရောင်းစားလို့မရဘူး ရှိနေပြီးသားအဲ့ဒီ့စနစ်တွေအကုန်လုံးကိုဖြိုချဖျက်စီးပြီးမှသာလျှင် ကျွန်မတို့အကုန်စစ်မှန်တဲ့လွတ်မြောက်ခြင်းအရသာဆိုတာကိုခံစားကြရမှာဖြစ်တယ်

ကျွန်မရဲ့စာတွေကို တချို့ကဝေဖန်ကြပါတယ် negative အရမ်းဆန်တယ်တဲ့လေ ဟုတ်မှာပါ လှောင်အိမ်ထဲမှာ ဒီအတိုင်းလေး ဟိုဘက်ဒီဘက်လျှောက်ခွင့်ရတိုင်းပျော်ချင်မိစိတ်တွေ၊ အစာခွက်ထဲမှာ တစ်ခါတစ်ရံပါလာတဲ့မြိန်ရေရှက်ရေအသားစတွေဟာ တဒင်္ဂတွေပါလို့ဆိုပြီး လူတွေရဲ့ပျော်ရွှင်မှုတွေကို ကျွန်မကသတ်ပစ်နေသလိုဖြစ်တာကိုး ဒါပေမဲ့တကယ်က လူတွေကို ဒီတဒင်္ဂအပျော်တွေကို မခံစားပါနဲ့လို့ ကျွန်မဆိုချင်တာမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်လည်း အဲ့ဒီ့တဒင်္ဂအပျော်တွေမှာတဒင်္ဂစီးဝင်မိတတ်တာပါပဲ ဒါပေမဲ့ တဒင်္ဂတွေကို ထာဝရတစ်သက်တာကမ္ဘာလို့ ထင်သွားမိမှာကိုတော့ကျွန်မကြောက်မိတယ် တဒင်္ဂပညတ်ချက်တွေနဲ့ ကျွန်မတို့အချင်းချင်းရဲ့တန်ဖိုးဆိုတာတွေကိုချိန်ခွင်ထဲ အလေးနဲ့ထည့်ချိန်လိုက်ကြမှာ၊ ထည့်ချိန်လိုက်မိမှာကိုတော့ ကျွန်မကြောက်မိတယ် အဲ့ဒီအကြောက်တရားတွေကနေ ကျွန်မစစ်စစ်မှန်မှန်လွတ်မြောက်လွန်းချင်မိတယ်

ပုံ – ညနေနေဝင်ရီတရောတွင် ထီးထီးတွေ့ရသော “ဒေါ်လာသစ်ပင်” ဆိုင်းဘုတ်

အောင်ဖုန်းမော်ရေးသားခဲ့တဲ့ “လွတ်လပ်ခြင်းရဲ့အဖိုးအခက သေခြင်းတရားပဲ” ဆောင်းပါး

အော်ဒရီလောဒ် (Audre Lorde) ရဲ့ အလင်းတန်းတစ်ဖောက်နှင့်အခြားဆောင်းပါးများစာအုပ် (A Burst of Lights and Other Essays) စာအုပ်

နိူင်ဂျီးရီးယန်းမနုဿဗေဒပညာရှင် အိုမိုတာရိုဂျိုလောင်ရှို (Omotayo Jolaosho) ရဲ့ “Self-care ဆိုတာနဲ့ဘာကြောင့်မလုံလောက်ဘူးလဲ?” ဆောင်းပါး

ကိုလန်ဘီယာတက္ကသိုလ်ဘွဲ့ကြိုဥပဒေရီဗျူးစာစောင်တွင် ၂၀၁၆ ခုနှစ်ကထုတ်ပြန်ခဲ့သော “ပဋိညာဉ်များတွင်ထည့်သွင်းစဉ်းစားသောပျော်ရွှင်မှု” ဆောင်းပါး

ကျွန်မရေးသားခဲ့သော “ရက်စက်တဲ့အကောင်းမြင်မှု” ဆောင်းပါး

ကျွန်မရေးသားခဲ့သော “မှိုပွင့်များ” ဆောင်းပါး

မှိုပွင့်များ

 

ထိုင်ခုံတစ်ခုံစာ

မြန်မာနိူင်ငံရဲ့ နိူင်ငံရေးတွေအကြောင်းတွေ၊ အသိပညာထုတ်လုပ်မှုတွေအကြောင်းပြောဆိုကြတဲ့နေရာမှာရော ဂျန်ဒါပိုင်းဆိုင်ရာ စုံလင်ကွဲပြားမှုနဲ့ပတ်သက်ပြီး ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ Manel ပြပွဲတွေအကြောင်း ကျွန်မ ဒီနေ့ နည်းနည်းသုံးသပ်ချင်တယ်

ထိုင်းနိူင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့နှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အနေနဲ့ ပြသခဲ့တဲ့ပွဲကြောင့် မြန်မာအွန်လိုင်းစာမျက်နှာ‌တွေပေါ်မှာ Manel ပွဲအကြောင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တယ် ခုတစ်ခါအောက်တိုဘာလမှာ ဘန်ကောက်မှာပြသဖို့စီစဉ်ထားတဲ့သတင်းထွက်လာတော့ တကျော့ပြန်ဟိုးလေးတကျော်ကျော်ဖြစ်လာပြန်တယ်

ပြီးခဲ့တဲ့၂၀၂၂ခုနှစ် ဧပြီလကတည်း Freedom Fighter ကနေ Manel ပွဲစီစဉ်သူ Salween Institute က မယိင်းလောဝ်အပါအဝင် အခြားသောဆွေးနွေးသူတွေကို ဖိတ်ခေါ်ပြီး “Manel တွေကိုရှုံ့ချခြင်းက အမျိုးသမီးပါဝင်မှုတွေကို ပိုအားကောင်းလာစေမလား” ဆိုတဲ့ခေါင်းစဉ်နဲ့ debate လုပ်ခဲ့ကတည်းက Manel ပွဲတွေအပေါ်နဲ့ Manel ပွဲတွေအပေါ်ရှုံ့ချတဲ့ပွဲတွေနဲ့ ပတ်သက်ပြီး ကျွန်မရဲ့အမြင်ကိုရေးချင်စိတ်ပေါ်ခဲ့တယ် ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ခုချိန်ထိမရေးဖြစ်ခဲ့ဘူး ဒီနေ့တော့ နောက်တစ်ခါဟိုးလေးတကျော်ကျော်ထပ်ဖြစ်လာပြန်တော့ Manel ရှုံ့ချတာတွေက အထောက်အကူဖြစ်မဖြစ်ဆိုတာထက် အဲ့ဒီ့ပွဲတွေက ဘယ်လိုဖီမီနင့်ဇင်အတွေးအခေါ်တွေကနေဆင်းသက်လာတာလဲဆိုတာကို ဖီမီနင့်ရှုထောင့်ကနေ သုံးသပ်ကြည့်ချင်တယ်

Manel ဆိုတာဟာ အင်္ဂလိပ်စကားလုံး panel (တစ်ယောက်ထက်ပိုတဲ့ ဟောပြောဆွေးနွေးပွဲ)တွေမှာ ယောင်္ကျား (men) တွေသာပါတာကို လှောင်ပြောင်သရော်တဲ့အနေနဲ့ ပေါင်းစပ်တီထွင်လိုက်တဲ့ စကားလုံးအသစ်တစ်ခုဖြစ်တယ် မြန်မာရပ်ဝန်းမှာတော့ မယိင်းလောဝ်ရဲ့ (Freedom Fighter debate ထဲမှာပြောသွားတဲ့) အဆိုအရ ၂၀၂၀ ခုနှစ်ကတည်းက သူကစပြီး ယောင်္ကျားတွေချည်းပါတဲ့ ဟောပြောဆွေးနွေးဝိုင်းတွေကို တိုးတိုးတိတ်တိတ်ထောက်ပြပြောဆိုလာခဲ့တယ်လို့ သိရတယ် ဒါပေမဲ့ Manel ဆိုတဲ့အသုံးအနှုန်းနဲ့ Manel ပွဲတွေကိုရှုံ့ချတာတွေဟာ နိူင်ငံတကာ (အထူးသဖြင့် လူဖြူအနောက်နိူင်ငံတွေမှာ)တော့ လူသိများနေခဲ့တာ ၂၀၂၀ ခုနှစ်မတိုင်ခင်ကတည်းကပါပဲ ကနဦးမှာ ဒီရှုံ့ချမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ (global health) အဖွဲ့အစည်းတွေရဲ့ ယောင်္ကျားတွေသာဦးဆောင်လေ့ရှိတာကိုရှုံ့ချဝေဖန်တာကို များသောအားဖြင့်တွေ့ခဲ့ရတယ် (ဒီနေရာမှာ အနောက်နိူင်ငံတွေမှာ များသောအားဖြင့် ဆရာဝန်တွေဟာ ယောင်္ကျားများပြီး ဆရာဝန်အကူ/လက်ထောက်တွေ၊ သူနာပြုတွေဟာ မိန်းမတွေများလေ့ရှိတဲ့ ဂျန်ဒါကွာဟမှုတွေကနေ ဒီပြဿနာကစတယ်လို့ ကျွန်မတော့ ယူဆမိတယ် မြန်မာနိူင်ငံမှာလည်း ကျန်းမာရေးနယ်ပယ်မှာ ဒီဂျန်ဒါကွာဟမှုပုံစံကဆင်တူနေပါတယ် သမားတော်ကြီးတွေဆို ယောင်္ကျားကြီးတွေများတတ်တာမျိုးပေါ့) အဲ့ဒီတော့ အခုဆိုရင် Manel ပွဲတွေမလုပ်ပါဘူးဆိုပြီး ခံဝန်ကတိတွေထိုးထားကြတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေလည်း ရှိလာတယ် ဒီနေရာမှာ သမားတော်တွေက ယောင်္ကျားတွေများတယ်ဆိုတာ အခြေခံအရ မိန်းမဆိုရင် ဂရုစိုက်နိူင်တယ်၊ တတ်တယ်ဆိုတဲ့ မဟာဖိုဝါဒအမြစ်ကနေ အပေါ်ယံလာပြနေတဲ့ပြဿနာလို့ ကျွန်မကတော့ မြင်တယ်

ယောင်္ကျားတွေချည်းပဲ ဦးဆောင်ဆွေးနွေးပြောဆိုတာကို ထောက်ခံသလားဆိုတော့ ကျွန်မထောက်မခံသလို အဲ့လိုပွဲတွေဆို နားလည်းသွားမထောင်ဖြစ်ပါဘူး ကျွန်မအတွက် အဲ့‌လိုနေရာတွေမှာ ထိုင်ခုံတစ်ခုံစာရရေးကို ကျွန်မစိတ်မဝင်စားသလို အသနားခံဖိတ်ကမ်းလွှာကိုလည်း မမျှော်ချင်ပါဘူး သို့ပေသိ Manel ပွဲတွေကို (မြန်မာရပ်ဝန်းမှာရော၊ နိူင်ငံတကာရပ်ဝန်းမှာရော) ရှုံ့ချခြင်းတွေရဲ့ ‌လှုံ့ဆော်မှုအကြောင်းရင်းတွေနဲ့ Manel တွေပပျောက်ရေးအတွက် ဘယ်လိုလုပ်ကိုင်ရမလဲဆိုတဲ့‌ဆွေးနွေးချက်တွေကိုတော့ အမှန်တိုင်းပြောရရင် ကျွန်မဘဝင်မကျဖြစ်မိတယ် ဘာကြောင့်လဲဆိုတာ ဆက်ပြီး အသေးစိတ်ရှင်းပြပါရစေ

အရင်ဆုံး Manel တွေရှိနေရခြင်းဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ ယောင်္ကျားဘသားများကသာလျှင် ပိုသိ၊ ပိုတတ်ဖြစ်တာကြောင့် သူတို့သာ လူအများရှေ့မှာ ဆွေးနွေးဟောပြောနိူင်မယ်ဆိုတဲ့ယူဆချက်ကလာတယ်လို့ ကျွန်မမြင်တယ် Manel ပွဲတွေကိုရှုံ့ချတဲ့ပြပွဲမှာတော့ ဖိုဝါဒလွှမ်းမိုးခြင်းပပျောက်ရေးအတွက်လို့ သရော်ပွဲလုပ်ရခြင်းရည်ရွယ်ချက်ကို ထောက်ပြထားတယ် ကျွန်မတစ်ခါရေးခဲ့ဖူးတဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ဖိုဆန်နေတုန်းပဲဆိုတဲ့ဆောင်းပါးနဲ့ ပြန်နှီးနွယ်ရရင် ဒီလို နိူင်ငံရေးနဲ့သော်လည်းကောင်း၊ စဉ်းစားတွေးခေါ်မှုနဲ့သော်လည်းကောင်းပတ်သက်လာရင် ဖိုဆန်နေတာတွေကို ရှုံ့ချတာဟာ ကျွန်မအတွက်တော့ ရှုံ့ချထောက်ပြသင့်တဲ့အရာတစ်ခုပါပဲ ဒါပေမဲ့ ဒီနေရာမှာ စဉ်းစားတွေးခေါ်မှုတွေကို ပြုလုပ်ချက်တွေက ဖိုဆန်‌နေတာလား၊ စဉ်းစား‌တွေးခေါ်သူတွေက ဖိုဖြစ်နေတာလား ပြန်စဉ်းစားစရာဖြစ်လာတယ်

ကျွန်မတို့အားလုံးအပေါ်သက်ရောက်နေတဲ့ မဟာဖိုဝါဒနဲ့ ယောင်္ကျား/မိန်းမဆိုတဲ့ ဂျန်ဒါပညတ်ချက်တွေကို ဘယ်လိုခွဲမြင်ကြည့်ကြမလဲ?

မဟာဖိုဝါဒ (သို့) patriarchy (ပေထရီရာခီ) ဆိုတဲ့စကားလုံးကို မြန်မာအသုံးအနှုန်းမှာတော့ ဖိုဝါဒကြီးစိုးမှုလို့ မှတ်ယူသုံးစွဲကြတယ် လူဖြူလူမှုသိပ္ပံပညာရှင် Slyvia Walby ကတော့ ပေထရီရာခီကို “ယောင်္ကျားတွေက မိန်းမ‌တွေကိုဖိနှိပ်ချုပ်ကိုင်ခေါင်းပုံဖြတ်စားတဲ့ လူမှုရေးတည်ဆောက်ပုံနဲ့အလေ့အကျင့်စနစ်” (a system of social structures and practices in which men dominate, oppress, and exploit women) လို့အဓိပ္ပါယ်ဖွင့်ခဲ့တယ်

ဒါပေမဲ့ နောက်ပိုင်းမှာ ပညာရှင်တွေ၊ တွေးခေါ်ကြံဆသူတွေကတော့ ပေထရီရာခီဟာ ဇီဝဗေဒလိင်ပေါ်အခြေပြုပြီး တည်ဆောက်ထားတဲ့လိင်ပိုင်းဆိုင်ရာခွဲခြားဖိနှိပ်ခြင်းတွေသာမက နေ့စဉ်ဘဝမှာပျံ့နှံနေတဲ့ ဘဝနေထိုင်မှုနည်းနာတစ်ခုအနေနဲ့သုံးသပ်လာကြတယ်

ဆိုလိုချင်တာ ပေထရီရာခီဟာ မိန်းမလိင်ရှိသူတွေသာမက အခြားသော ဇီဝဗေဒလိင် (သို့) လိင်စိတ်ပြောင်းလွဲသူတွေအပေါ်ကိုပါဖိနှိပ်ထားတဲ့သဘောတရားကို ဆိုလိုတာပါ အရှင်းဆုံးဥပမာပေးရရင် “ယောင်္ကျားလေးဆို မငိုရဘူး၊ ယောင်္ကျားလေးဆို သန်မာရမယ်၊ အလှအပမကြိုက်ရဘူး” အစရှိတဲ့ ပညတ်ချက်တွေဟာ ပေထရီရာခီကနေပဲဆင်းသက်လာတာဖြစ်ပြီး ဂျန်ဒါဖိနှိပ်ခံ (gender minority) လို့ သတ်မှတ်ထားကြတဲ့မိန်းမတွေကိုသာမက ယောင်္ကျားခန္ဓာရှိသူ၊ ယောင်္ကျားလိင်ရှိသူတွေကို ပြန်လည်ဖိနှိပ်ထိန်းချုပ်တဲ့မဟာဖိုဝါဒအယူအဆတစ်ခုပဲဖြစ်တယ် မဟာဖိုဝါဒကြောင့် ယောင်္ကျားဆို သန်မာတယ်၊ ဓမ္မဓိဌာန်ကျတယ်၊ မိန်းမဆိုရင်တော့ နူးညံ့တယ်၊ ပျော့ပြောင်းတယ်အစရှိတဲ့ ဂျန်ဒါအယူအဆ (gender ideology) တွေဟာလည်း မဟာဖိုဝါဒကို အခြေပြုပြီး ဂျန်ဒါကို လူမှုပေါင်းသင်းဆက်ဆံရေးကနေတဆင့် ပညတ်ချက်ထုတ်လိုက်တာ (gender socialization) လို့ လူမည်းဖီမီနင့်စဉ်းစားတွေးခေါ်မှုတွေ၊ လူဖြူမဟုတ်တဲ့ဖီမီနင့်စဉ်းစားတွေးခေါ်မှုတွေကနေ ထောက်ပြလာကြတယ်

ဖီမီနင့်ဇင်ဟာ မိန်းမတွေတန်းတူညီမျှနေထိုင်ခွင့်ရရှိရေးကို‌ရှေ့တန်းတင်တယ်ဆိုပေမဲ့ အကိုင်းအခက်အမျိုးမျိုးကွဲ‌နေပြန်တယ် လူဖြူမိန်းမတွေဦးဆောင်တဲ့ လူဖြူဖီမီနင့်ဇင် (white feminism) တော်တော်များများဟာတော့ မိန်းမတွေလည်း ယောင်္ကျားတွေနဲ့တပြေးညီနေရာရရှိရေးကို ဦးစားပေးလေ့ရှိတယ် ဥပမာ – အမေရိကန်ရဲ့ လူ့အခွင့်အရေးရရှိရေးအရွေ့ (civil rights movements) တွေမှာ မဲပေးပိုင်ခွင့်မရှိတဲ့လူဖြူမိန်းမတွေလည်း လူဖြူယောင်္ကျားတွေနဲ့တန်းတူမဲပေးခွင့်ရရှိရေးအတွက် ဖီမီနင့်အရွေ့တွေလှုပ်ရှားခဲ့ကြတယ် (Suffrage Movement လို့ လူသိများပါတယ်) ခုနောက်ပိုင်းဆိုရင်တော့ Sheryl Sandberg တို့လို လူဖြူဖီမီနင့်တွေစတင်ခဲ့တဲ့ lean in feminism (ရိုင်းပင်းတဲ့ဖီမီနင့်ဇင်) လို့ခေါ်တဲ့ လူဖြူဖီမီနင့်ဇင်အကိုင်းအသစ်တွေလည်းပေါ်လာပြန်တယ် ရိုင်းပင်းတဲ့ဖီမီနင့်ဇင်ဆိုတာကတော့ လုပ်ငန်းခွင် (အထူးသဖြင့် အမေရိကန်အရင်းရှင်ကို‌အော်ပရိတ်နယ်ပယ်) မှာ ရာထူးကြီးကြီးမိန်းမတွေအနေနဲ့ မိမိကိုယ်ကို မည်သို့မည်ပုံ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ယောင်္ကျားတွေရဲ့လေးစားမှုကိုရရှိအောင်နေထိုင်ပြုမူကျင့်ကြံမလဲဆိုတဲ့သဘောတရားပေါ့ လူဖြူဖီမီနင့်ကို နောက်ပိုင်းမှာ လစ်ဘရယ်ဖီမီနင့်ဇင်၊ “girlboss feminism” အစရှိသဖြင့် ၎င်းရဲ့ လူဖြူနဲ့လူလတ်တန်းစားမိန်းမတွေအတွက်သာ ဦးစားပေးတဲ့ဖီမီနင့်ဇင်လို့ တင်စားခေါ်ဝေါ်လာကြပါတယ်

အပေါ်ယံကြည့်ရင်တော့ လူဖြူဖီမီနင့်ဇင်တွေဟာ ဖိနှိပ်ခံထားရတဲ့မိန်းမတွေကို ယောင်္ကျားတွေနဲ့တန်းတူနေရာရစေတယ်လို့ ထင်ရပေမဲ့ ပေထရီရာခီတွန်းအားတွေကြောင့် တည်ရှိနေတဲ့ဂျန်ဒါခွဲခြားဆက်ဆံရေးတွေအပြင် ၎င်းတို့နဲ့ချိတ်ဆက်နေတဲ့အရင်းရှင်စနစ်၊ လူတန်းစားခွဲခြားရေးစနစ်၊ လူမျိုးရေးခွဲခြားရေးစနစ်တွေကို လုံးလုံးမျက်ကွယ်ပြုထားတယ်လို့ လူမည်းဖီမီနင့်တွေက ဆိုကြတယ် လူမည်းစာရေးသူနဲ့တွေးခေါ်ပညာရှင် bell hooks ကတော့ Sandberg ရဲ့ ရိုင်းပင်းတဲ့ဖီမီနင့်ဇင်ကို “faux feminism” (ဖီမီနင့်ဇင်အတု) လို့တောင် ခေါ်ဝေါ်ခဲ့တယ် ဆိုလိုချင်တာက အမေရိကန်အရင်းရှင်စနစ်ထဲက ရာထူးရာခံရှိပြီးသားလူဖြူမိန်းမတွေရဲ့ လူဖြူယောင်္ကျားတွေနဲ့တန်းတူရင်ဘောင်တန်းနိူင်ဖို့ သူတို့အိမ်မှာ ကလေးထိန်းဖို့၊ အိမ်သန့်ရှင်းရေးလုပ်ပေးဖို့ခေါ်ထားတဲ့ လူမည်း၊ လက်တီနာ (latina/ အမေရိကတောင်ပိုင်းက လူညို ရွှေ့ပြောင်းအလုပ်သမ‌တွေ) ၊ အာရှအိမ်ဖော်အမျိုးသမီးတွေခံစားရတဲ့ဖိနှိပ်မှုတွေကိုကျတော့ မျက်ကွယ်ပြုထားတတ်တဲ့ သူတို့ရဲ့လူဖြူဖီမီနင့်ဇင်ရဲ့လိုအပ်ချက်‌တွေကို ထောက်ပြတာပါပဲ ဒီနေရာမှာ လူဖြူဖီမီနင့်ဇင်လို့ခေါ်ဝေါ်ကြပေမဲ့ ဇီဝဗေဒအခြေပြုလိင်ခွဲခြားရေးပေါ်သာမူတည်ထားတဲ့ ဂျန်ဒါတန်းတူညီမျှရေးအတွေးအခေါ်တစ်ခုကို လူဖြူမိန်းမမှမဟုတ် ဘယ်သူမဆိုပြန်လည်အသုံးပြုနိူင်ပါတယ် ကျွန်မတို့ မြန်မာပြည်မှာလည်း ပညာတတ်၊ ရာထူးရာခံအစရှိတဲ့လူတန်းစားခွဲခြားမှုတွေ၊ ဗမာ/အခြားသောတိုင်းရင်းသားအစရှိတဲ့လူမျိုးရေးခွဲခြားမှုတွေကို မျက်ကွယ်ပြုပြီး မိန်းမ vs. ယောင်္ကျားဆိုတဲ့ ဇီဝ‌ဗေဒလိင်ကိုသာ ဦးတည်ရွေ့လျားတဲ့ လူဖြူဖီမီနင့်ဇင်ကိုလည်း မိန်းမတွေကိုယ်နှိုက်ပြန်လည်အသုံးပြုနိူင်ပါသေးတယ် (လူမျိုးစုမိန်းမတွေထဲမှာလည်း လူတန်းစားရေးအရ ပြန်လည်ဖိနှိပ်နေသူလူမျိုးစုခေါင်းဆောင်အမျိုးသမီးတွေလည်း ရှိနိူင်ပါတယ် လူမည်းအမျိုးသမီးတွေထဲမှာလည်း အပေါ်ယံဟန်ပြနိူင်ငံရေးထဲမှာ နေရာရနေတဲ့ လက်ရှိအမေရိကန်ဒုသမ္မတ Kamala Harris တို့လိုမျိုးပါပဲ)

Manel တွေကို ရှုံ့ချတဲ့နေရာမှာရော ထည့်သွင်းရမဲ့မိန်းမတွေဟာ ဘယ်လိုမိန်းမတွေလဲ? ပညာတတ်မိန်းမတွေပဲလား?

လူသိများတဲ့မိန်းမတွေပဲလား?

ခေါင်းဆောင်မိန်းမတွေပဲလား?

ပိုက်ဆံရှိသူမိန်းမတွေလား?

အက်တီဗစ်မိန်းမတွေလား?

မိန်းမဖြစ်ပြီးရောလား?

မိန်းမအနေနဲ့မွေးဖွားလာပြီး ယောင်္ကျားအဖြစ်လိင်ပြောင်းနေထိုင်သူတွေကိုရော panel တွေမှာ မိန်းမလို့သတ်မှတ်ကြမှာလား?

ဒါဆို ရပ်ကွက်ထဲက ကွမ်းယာရောင်းတဲ့၊ အင်္ဂလိပ်စကားမတတ်တဲ့ ဟိန္ဒူအန်တီကြီးကိုရော ကျွန်မတို့ panel တွေထဲဖိတ်ကြမှာလား?

အလုပ်သမားဖိနှိပ်ခံရမှုတွေအကြောင်းပြောရင် အထည်ချုပ်စက်ရုံက အလုပ်သမလေးတစ်ယောက်ကို panel ထဲဖိတ်ကြမှာလား၊ မဖိတ်ကြဘူးလား?

မိမိကိုယ်ကို ဖီမီနင့်လို့လက်ခံထားတဲ့ကျွန်မအနေနဲ့ ဇီဝဗေဒလိင်အပြင် အခြားသောဖြစ်တည်မှုတွေကို ထည့်မစဉ်းစားတဲ့ဖီမီနင့်အတွေးအခေါ်တွေနဲ့ အမူအကျင့်တွေကို လက်သင့်ခံဖို့ခက်ခဲနေတယ် အမေရိကန်မှာကျွန်စနစ်ကြီးစိုးစဉ်ကာလက လူဖြူမိန်းမတွေဟာ သူတို့ဟာ လူဖြူယောင်္ကျားတွေနဲ့ယှဉ်ရင် ဖိနှိပ်ခံထားရတယ်ဆိုပေမဲ့ တစ်ပြိုင်နက်တည်း သူတို့ကျွန်ပြုထားတဲ့လူမည်းယောင်္ကျားတွေပေါ်မှာတော့ သူတို့ကိုယ်တိုင်ပြန်လည်ဖိနှိပ်တဲ့သာဓကတွေလည်းရှိခဲ့ပြန်တယ် လူမည်းနဲ့ လူညိုယောင်္ကျားတွေကိုယ်နှိုက်က လူဖြူဖီမီနင့်ဇင်ရဲ့နင်းခံသားကောင်တွေဖြစ်နေတဲ့သာဓကတွေလည်းရှိနေသေးတယ် (အောက်မှာ လူဖြူမိန်းမတွေက လူမည်းယောင်္ကျားတွေက သူတို့ကိုမုဒိန်းကျင့်ပါတယ်‌ဆိုပြီး လိမ်ညာတဲ့အတွက် လူမည်းကျွန်ယောင်္ကျားတွေဟာ ကြိုးကွင်းစွပ်အသတ်ခံခဲ့ရတဲ့ အမေရိကန်တောင်ပိုင်းသမိုင်းကြောင်းအကြောင်း‌ရေးသားထားတဲ့စာတမ်းလင့်ခ်ပေးထားပါတယ်)

အဲ့ဒါကြောင့် လူဖြူမဟုတ်တဲ့ဖီမီနင့်အယူအဆတွေ (women of color feminisms/ Black feminisms) တွေမှာတော့ လိင်ပိုင်းဆိုင်ရာ‌ခွဲခြားမှုတွေသာမက လူမျိုးရေးဆိုင်ရာ၊ လူတန်းစားဆိုင်ရာခွဲခြားမှုတွေကိုပါ ဝေဖန်ထောက်ပြလာကြတယ် ကျွန်ပြုခံဘဝကနေထွက်ပြေးလာပြီးနောက် စာရေးသူဖြစ်လာသူ လူမည်းအမျိုးသမီးစာရေးသူ Sojourner Truth ရဲ့ Ain’t I a Woman? (ငါကရော မိန်းမ မဟုတ်ဘူးလား?) ဆိုတဲ့ကဗျာကို ဒီနေရာမှာ ကျွန်မညွှန်းချင်တယ် Truth ရဲ့ကဗျာဟာ သူ့လိုမျိုး တိရိစ္ဆာန်သာသာဆက်ဆံခံရတဲ့လူမည်းကျွန်တစ်ယောက်ရဲ့ မိန်းမဖြစ်တည်မှုကရော မိန်းမဆိုရင် ဖိနှိပ်ခံရတယ်လို့ဆိုနေကြတဲ့လူဖြူသခင်မတွေအတွက်အရေးမပါဘူးလားဆိုတာကို ပျက်ပျက်ထင်ထင်မေးလိုက်သလိုပါပဲ (တစ်ခါက မြန်မာဖီမီနင့်အမျိုးသမီးတစ်ယောက်က လူမည်းတွေတောင် သူ့ဖီမီနင့်ဇင်သူရှိတာ မြန်မာတွေလည်း မြန်မာဖီမီနင့်ဇင်ရှိသင့်တယ်ဆိုပြီး အမျိုးသားရေးဆန်ဆန် ကျွန်မကိုပြောခဲ့ဖူးတာ မှတ်မိပါသေးတယ် နောက်တော့ ဒီဖီမီနင့်ကြီးကိုယ်တိုင်က သူ့ဆိုင်က အလုပ်သမတွေကို နင့်ပဲငဆ အလုပ်ရှင်ဆန်ဆန်ဖိနှိပ်ဆဲဆိုတဲ့အကြောင်းတွေပြန်ကြားခဲ့ရတော့ ဖီမီနင့်ဇင်မှာလည်း အရင်းရှင်ဖီမီနင့်ဇင်‌ (capitalist feminism) ဆိုတာ ရှိသေးတယ်ဆိုတာသံဝေဂရမိတယ်)

မြန်မာရပ်ဝန်းမှာ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ Manel အကြောင်းသုံးသပ်ဖို့ ဘာလို့ အနောက်နိူင်ငံ‌က လူဖြူဖီမီနင့်ဇင်တွေအကြောင်းလာပြောနေရသလဲလို့ဆိုရင် မြန်မာရပ်ဝန်းမှာ ပြောဆိုနေကြတဲ့ Manel ဆိုတာ အနောက်လူဖြူနိူင်ငံတွေရဲ့ လူဖြူဖီမီနင့်ဇင်တွေများ ဘယ်လောက်သက်ဝင်နေမလဲဆိုတာကိုချိတ်ဆက်စဉ်းစားကြည့်ချင်လို့ပဲဖြစ်တယ် အင်္ဂလိပ်လိုအနည်းအကျဉ်းတတ်မှာသာလျှင် “One Manel a day, keep the democracy away” ဆိုတဲ့ပြပွဲစလိုဂန်ကိုနားလည်နိူင်မယ်ဆိုတဲ့ စကားနဲ့ထုတ်ဖော်မပြောတဲ့ ဘာသာစကားအရ အနောက်တိုင်းလွှမ်းမိုးမှုတွေကို သုံးသပ်ချင်လို့ဖြစ်တယ် (ကျွန်မတခြားဆောင်းပါးတစ်ပုဒ်ထဲမှာ ဒီမိုကရေစီဆိုတာဟာလည်း အမေရိကန်နိူင်ငံရဲ့ ကွန်မြူနစ်ဝါဒပျံ့နှံလာမှုကိုကြောက်ရွံ့ရာကနေ တစ်ကမ္ဘာလုံးကိုကျွေးခဲ့တဲ့ဂျင်းဆိုတာကိုလည်း ထည့်သွင်းရေးသားခဲ့ဖူးပါတယ်) မြန်မာပြည်နိူင်ငံရေးအခြေအနေကြောင့် အနောက်နိူင်ငံတွေမှာ ကျောင်းသွားတက်၊ အလုပ်လုပ်ကြတဲ့ ဦးနှောက်ယိုစီးမှုအခြေအနေဟာ အရင်ကထက်ပိုပြီးတော့တောင် များလာပါပြီ ဒီအချိန်မှာ အနောက်နိူင်ငံရဲ့လွမ်းမိုးမှုတွေထဲမှာမှ ဘာလို့ လူဖြူစဉ်းစားတွေးခေါ်လှုပ်ရှားမှုတွေရဲ့ သက်ရောက်မှုတွေကပဲ ကျွန်မတို့အပေါ်သက်ရောက်နိူင်စွမ်းအားပိုကောင်းနေရသလဲဆိုတာကလည်း ခုထိအရှိန်အဟုန်အားကောင်းဆဲဖြစ်တဲ့ လူဖြူကြီးစိုးရေးဝါဒ (white supremacy) ကို ဖွင့်ဟပြနေသလိုပါပဲ

ဖီမီနင့်ဇင်အကြောင်းပြောကြရင်တောင် ကျွန်မတို့ဟာ ကျွန်မတို့ပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ (သို့) အခြားသော လူဖြူမဟုတ်တဲ့ ဖီမီနင့်ဇင်အတွေးအခေါ်တွေနဲ့ ဘာလို့အလှမ်းဝေးနေကြသေးပြီး လူဖြူဖီမီနင့်အရွေ့တွေကိုသာ ဥပမာလို့ယူဆနေကြသေးတာလဲ?

Freedom Fighter ရဲ့ debate မှာ ပရိတ်သတ်တစ်ယောက်က မယိင်းလောဝ်ကိုမေးပါတယ် “ဒါဆို မဟာဖိုဝါဒကြီးတဲ့မိန်းမတစ်ယောက်ကို ပွဲထဲထည့်မယ်ဆိုရင်ရော လက်ခံမလား?” တဲ့ မယိင်းလောဝ်ကတော့ ဒီမိုကရေစီဆိုတာ “marketplace of ideas” ဖြစ်တဲ့အတွက် မိန်းမဖြစ်ရင် ဘယ်မိန်းမဖြစ်ဖြစ်ထည့်တာ Manel တွေလုပ်တာထက်ပိုကောင်းတယ်လို့ပြန်ဖြေခဲ့ပါတယ်

ဒီအဖြေဟာ Manel တွေကိုမနှစ်မြို့တဲ့လူတစ်ယောက်အနေနဲ့တောင်မှ ကျွန်မကို အံ့အားသင့်သွားစေတာပါပဲ ယောင်္ကျားတွေနဲ့တန်းတူ ရင်ဘောင်တန်းမပြောနိူင်တဲ့မိန်းမမရှိတာမဟုတ်ဘဲ မိန်းမတွေကို တမင်တကာဘေးဖယ်ထားတယ်ဆိုတဲ့အဆိုကို ကျွန်မလက်သင့်ခံပေမဲ့ မိန်းမတွေလည်း ပါဝင်ရေးအတွက် အဲ့မိန်းမဟာ မဟာဖိုဝါဒကြီးနေရင်တောင် သူ့မှာ (ရိုင်းရိုင်းပြောရရင်) ပူစီပါနေတာကြောင့် သူ့ကိုပွဲထဲထည့်ပိုင်ခွင့်ရှိတယ်၊ နေရာပေးသင့်တယ်ဆိုတဲ့စဉ်းစားချက်ဟာ ကျွန်မအတွက်တော့ လူဖြူဖီမီနင့်/လစ်ဘရယ်ဖီမီနင့်ဆန်နေပါတယ် ဒိမိုကရေစီကို “marketplace of ideas” လို့သုံးသွားတာကလည်း အ‌မေရိကန်အရင်းရှင်စနစ်ကပေါက်ဖွားလာတဲ့ free market ဒီမိုကရေစီအသွင်ရဲ့လွှမ်းမိုးမှုအောက်ကနေလာတဲ့ လစ်ဘရယ်ဖီမီနင့်ဇင်မှန်း မသိမသာထင်သာလှပါတယ် ဒါဆို မြန်မာပြည်နိူင်ငံရေးတွေနဲ့ပတ်သက်တဲ့ပွဲတွေမှာလည်း ကျွန်မတို့က လူဖြူမိန်းမတွေ၊ ဗမာဗုဒ္ဓဘာသာမိန်းမတွေ၊ ဗိုလ်ကတော်တွေ၊ သူဌေးသမီးတွေ၊ အလုပ်ရှင် girlboss တွေကို ပူစီပါနေတာတစ်ခုတည်းနဲ့ ဝင်ရောက်ဆွေးနွေးပြောဆိုခိုင်းသင့်သလား စဉ်းစားစရာဖြစ်လာပါ‌တယ် (ထိုင်းရောက် မြန်မာ NGO အရွေ့တွေ‌မှာတော့ မိန်းမဖြစ်နေတာမို့ဆိုတဲ့ကောက်ချက်ကနေ လူမျိုးစုအစုအဖွဲ့တွေ၊ ဗမာမိန်းမတွေက လူဖြူမိန်းမတွေနဲ့လက်တွဲအလုပ်လုပ်ကြတာတွေ တော်တော်များများကျွန်မတွေ့ရပါတယ်)

နောက်ထပ်ခြေတစ်လှမ်းပြန်ဆုတ်ပြီးစဉ်းစားရရင် ဟောပြောပွဲတွေမှာ မိန်းမတွေပါပါလာရေးဆိုတာ တကယ်တော့ ယောင်္ကျားတွေသာကြီးစိုးတဲ့စားပွဲဝိုင်းမှာ ‌ထိုင်ခုံတစ်ခုံစာပဲရရ တောင်းဆိုခြင်းပါပဲ တကယ်တမ်းက မိန်းမတွေပဲသိတယ်လို့မှတ်ယူထားကြတဲ့ ခေါင်းစဉ်‌တွေ (ဥပမာ – သားဖွားရေး၊ အိမ်တွင်းအချုပ်အလုပ်၊ ထမင်းဟင်းချက်ပြုတ်ရေးအစရှိတဲ့ခေါင်းစဉ်တွေ၊ ရပ်ဝန်းတွေ) မှာတော့ ယောင်္ကျားတွေက Manel လုပ်ဖို့ဝေလာဝေး၊ ဝင်နားထောင်ဖို့တောင် စိတ်တောင်မဝင်စားကြပါဘူး ဒါဟာ ပေထရီရာခီရဲ့ယောင်္ကျားတွေအပေါ်သက်ရောက်မှုတွေပါပဲ

တကယ်တမ်းဖိုဝါဒလွှမ်းမိုးမှုပပျောက်ရေးအတွက်ဆိုရင် အဲ့ဒီလို “မိန်းမကိစ္စ”တွေလိုသာ သတ်မှတ်ထားတဲ့နေရာတွေမှာ ယောင်္ကျားတွေသာမက အခြားသာ ဂျန်ဒါဖြစ်တည်သူတွေပါပိုမိုပါဝင်လာအောင် ကျွန်မတို့လှုံ့မဆော်သင့်ဘူးလား?

ဘာလို့ ယောင်္ကျားတွေသာ ကြီးစိုးတဲ့နေရာမှာ တစ်နေရာစာရရရေးအတွက် ကြိုးစားလုံးပမ်းကြရမှာလဲ?

သူတို့ပေးမဲ့ထိုင်ခုံက ခြေတစ်‌ချောင်းကျိုးလို့ ခနော်ခနဲ့‌ဖြစ်နေလည်း ကျွန်မတို့က ကျေးဇူးတင်လက်ခံရမှာလား?

Freedom Fighter debate မှာပြောဆိုသွားတာတွေအရ Manel တွေကိုရှုံ့ချခြင်းနောက်က ‌ဖြစ်စေချင်တဲ့အကျိုးဆက်က မိန်းမတွေကိုလည်းနေရာပေးရေးလို့ ကျွန်မယူဆမိပါတယ် (မယိင်းလောဝ်ကတော့ inclusivity လို့သုံးပါတယ်) ဒီနေရာမှာ ဇီဝဗေဒလိင်အတိုင်းနေထိုင်ကျင့်ကြံမှုမရှိတဲ့သူတွေ၊ လိင်ပြောင်းလိင်လွဲရှိသူတွေကျတော့ ဘယ်နေရာမှာနေမလဲ၊ ထည့်သွင်းမလဲဆိုတာကို ထဲထဲဝင်ဝင်ဆွေးနွေးသွားတာကို ကျွန်မသတိမထားမိပါဘူး ဂျန်ဒါတန်းတူညီမျှရေးမှာ ယောင်္ကျားနဲ့မိန်းမ ဂျန်ဒါနှစ်မျိုးပဲရှိသလား ကျွန်မမသဲကွဲပါဘူး ဒါမှမဟုတ် ပူစီပါတဲ့မိန်းမတွေအရင်နေရာရအောင်လုပ်ပြီးမှ လိင်ပြောင်းလိင်လွဲတွေ၊ ကျွန်မလိုမျိုး မိမိကိုယ်ကို gender non-binary (ဂျန်ဒါနှစ်မျိုးတည်းသာရှိတယ်လို့ မခံယူထားတဲ့သူ) တွေကို နောက်မှ တစ်ဆင့်ချင်းစီထည့်သွင်းစဉ်းစားကြမှာလား? လူဖြူမိန်းမတွေအရင်လွတ်မြောက်ပြီး လူမည်းကျွန်မိန်းမတွေ၊ ကျွန်မတို့လို လူညိုတွေကလွတ်မြောက်ရမှာလား?

အခုကာလမှာတော့ Manel ပြပွဲတွေကို မဟာဖိုဝါဒကြီးစိုးလွန်းလို့မနှစ်ခြိုက်တဲ့သူတွေရှိသလို တစ်ပြိုင်နက်တည်းမှာလည်း Manel ရှုံ့ချရေးပြပွဲတွေကို ထောက်ခံပါတယ်ဆိုတဲ့ ယောင်္ကျားထုတစ်ထုလည်း ပေါ်ထွက်လာတာကို ကျွန်မသတိထားမိပြန်တယ် သူတို့တွေအနေနဲ့ကတော့ ဖီမီနင့်လို့ခေါ်တဲ့မိန်းမတွေနဲ့ ပလဲနံပဖြစ်နေခြင်းဟာ သူတို့ရဲ့ နိူင်ငံရေးနိုးကြားမှု (political wokeness) ကိုပြသရာတစ်ပြိုင်နက်တည်းရောက်မယ်လို့ ခံယူထားကြတဲ့ အပေါ်ယံ Performative ally (အတုအယောင်မိတ်ဖက်)လုပ်ရပ်တွေမို့ ကျွန်မကတော့ ရယ်ချင်မိတယ် ဖီမီနင့်ဆိုတာနဲ့ကြောက်မက်ဖွယ်ကောင်းတယ်လို့ထင်ထားကြတော့ တကယ်တမ်း သူတို့ကျင့်သုံးနေတာ ဖီမီနင့်ဇင်ဟုတ်မဟုတ်ဆိုတာထက် (တကယ်တမ်းရော ဖီမီနင့်ဇင်ကိုကျင့်သုံးနေရဲ့လားမသိပါဘူး) ဖီမီနင့်တွေနဲ့ အဆဲအဆိုမခံရအောင် ပလဲနံပသင့်အောင်နေနေကြတာလဲဖြစ်နိူင်ပါတယ် (ဒီလို ပြင်းပြင်းထန်ထန်ဆိုရတာကတော့ တချို့သော Manel ပြပွဲတွေကိုထောက်ခံပါတယ်ဆိုတဲ့ ယောင်္ကျားတချို့ရဲ့ တစ်ကိုယ်ရည်နေ့စဉ်ဘဝမှာ ဆက်လက်ကျင့်သုံးဆဲဖြစ်တဲ့ ပေထရီရာခီအမူအကျင့်တချို့ကို ကျွန်မကိုယ်တိုင်တွေ့ကြုံဖူးလို့ပါပဲ မိန်းမတွေကို ‌ဦးစားပေးတိုင်း၊ နေရာပေးတိုင်း ဖီမီနင့်ဟုတ်မနေပါဘူး)

တစ်ဖက်မှာလည်း ကျွန်မက Manel ပြပွဲတွေအပေါ် အရင်းရှင်ဆန်တာရော၊ အနောက်တိုင်းလွှမ်းမိုးမှုအားကြီးတာရော၊ လူဖြူကြီးစိုးရေးအားကြီးတာရော၊ NGO ဆန်တဲ့ဖီမီနင့်အရွေ့တစ်ခုဖြစ်တာရောကြောင့် အားမလိုအားမရ ထဲထဲဝင်ဝင်ထောက်မခံတာကို ကျွန်မသည်လည်း မဟာဖိုဝါဒလွှမ်းမိုးခံနေရတဲ့မိန်းမတစ်ယောက်သဖွယ် လာလက်တွဲပြီး ခွေးတစ်ကောင်လို သူတို့ကိုယ်စားထွက်ကိုက်ခိုင်းတဲ့သူတွေနဲ့လည်း ကြုံဖူးပါတယ် (ဒါကလည်း ကျွန်မမှာ ပူစီပါနေလို့ သူတို့ကိုယ်တိုင် Manel မလုပ်မိအောင် ကျွန်မကိုလာဖိတ်ခေါ်တာလည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ်လေ)

တချို့သောသူတွေအဖို့ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တယ်လို့ ခံစားရပြီး ဘူးခံခံတာတွေရှိသလို တချို့ကျတော့လည်း ဘာကြောင့် Manel ဟာ တကယ်တမ်းပြောင်းလဲမှုတွေကိုမဖြစ်နိူင်ဘူးဆိုတာ သေသေချာချာမချေပနိူင်ကြပါဘူး Freedom Fighter debate အတွက် ဖိတ်ခေါ်ထားခဲ့တဲ့ တစ်ဖက်ကတန်ပြန်ပြောဆိုသူတွေအနေနဲ့လည်း ဘာကြောင့် Manel ရှုံ့ချပွဲတွေဟာ လူဖြူဖီမီနင့်ဆန်နေသလဲ၊ ဇီဝဗေဒအခြေပြုလိင်ပေါ်မှာပဲအခြေခံနေသလဲ၊ အရင်းရှင်စနစ်ကိုပြန်လည်တွန်းအားပေးတဲ့ ထိုင်ခုံနေရာရရေးကိုပဲ ဦးစားပေးနေသလဲဆိုတာတွေကို သေသေချာချာ မထောက်ပြနိူင်လို့ နားထောင်ရတဲ့ကျွန်မအဖို့တော့ အားမလိုအားမရဖြစ်မိပါတယ် (သူတို့က များသောအားဖြင့် ဝေဖန်တာမကောင်းဘူး၊ ပုံတွေရှဲတာမကောင်းဘူး၊ အပြုသဘောမဆောင်ဘူးလို့သာ ထောက်ပြကြပါတယ် ဝေဖန်တာကို မကောင်းဘူးလို့ ကျွန်မတော့ မထင်ပါဘူး အဲ့ဒါကြောင့် ကျွန်မလည်း အခု Manel ရှုံ့ချပွဲကျင်းပခြင်းနောက်ကွယ်က ဖီမီနင့်ဒဿနကို ပြန်ဝေဖန်တာပါပဲ)

Manel ပြပွဲတွေ‌ဟာ ဖီမီနင့်အရွေ့တစ်ခုတော့အရွေ့တစ်ခုပါပဲ ဘယ်လိုဖီမီနင့်အရွေ့လဲ၊ ဘယ်လိုဂျန်ဒါတန်းတူညီမျှမှုကိုလိုချင်တာလဲ၊ ဘယ်လိုလူတန်းစားအတွက်လဲဆိုတာကတော့ စာဖတ်သူတွေအနေနဲ့ ကျွန်မထောက်ပြသွားတာတွေကနေတဆင့် ကိုယ့်ဘာသာဆက်စဉ်းစားနိူင်ပါတယ် နိူင်ငံတကာမှာ လူဖြူဖီမီနင့်အရွေ့တွေက ခုထိလွယ်လွယ်ကူကူ‌စားသုံးလို့ရတဲ့ ဖီမီနင့်ဇင်မို့ ရေပန်းစားလူကြိုက်များနေဆဲပါပဲ ကျွန်မတို့မြန်မာနိူင်ငံရဲ့ ထိပ်တန်းဖီမီနင့်ဇင်အရွေ့တွေကလည်း တစ်ကမ္ဘာလုံးအပေါ် လူဖြူကြီးစိုးရေးလွှမ်းမိုးသလောက် လူဖြူဖီမီနင့်ဆန်တဲ့အရွေ့တွေသာဖြစ်ကောင်းဖြစ်လာနိူင်တာပါပဲ ကျွန်မလေ့လာရသလောက်ကတော့ နိူင်ငံတကာမှာပြုလုပ်ကြတဲ့ Manel ရှုံ့ချပွဲတွေဟာ လူအုပ်စုတစ်စုစာ၊ panel တွေမှာပါဝင်နိူင်စွမ်းရှိရဲ့သားနဲ့ ဘေးဖယ်ခံထားရသူလူတန်းစားတစ်ရပ်အတွက်သာ အားရစရာကောင်းတာပါ တကယ်တမ်း တော်လှန်ရေးအရွေ့တွေ၊ နေ့စဉ်စားဝတ်‌နေရေးအတွက်လှုပ်ရှားရုန်းကန်ရမှုတွေ ဘယ်သူကမှ ဘယ် panel ထဲပါဖို့ စိတ်အာရုံမစိုက်နိူင်ကြပါဘူး ကျွန်မတစ်ကိုယ်ရည်တစ်ကာယအနေနဲ့ပြောရရင် စိတ်တူကိုယ်တူရှိတဲ့ အမျိုးသမီးတွေ၊ ဂျန်ဒါ non-binary တွေ၊ မိမိရဲ့ မ, သဘောသဘာဝနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားယောင်္ကျားတွေနဲ့သာ စကားဝိုင်းတွေမှာ စကားပြောဆိုဆွေးနွေးချင်တယ် ဘာလို့လဲဆိုတော့ ဒီစကားဝိုင်းတွေမှာ ကျွန်မသိနေတာတွေကိုပဲ ဆရာမကြီးသဖွယ်ချပြဖို့ဆိုတာထက် ကျွန်မရဲ့စကားပြောဖော်တွေဆီကနေလည်း ပြန်လည်လေ့လာချင်လို့ဖြစ်တယ် (ဖို, သဘော၊ မ, သဘောဟာ လူတိုင်းမှာ ဒွန်တွဲနေပါတယ် ယောင်္ကျားမှ ဖိုဆန်တတ်တာမဟုတ်ပါဘူး ဖိုဆန်တဲ့မိန်းမတွေလည်း အများကြီးပါပဲ)

သေချာတာတစ်ခုကတော့ Manel ပြပွဲတွေလုပ်တာကြောင့် ကျွန်မတို့လူ့အဖွဲ့အစည်းကြားထဲမှာ စကားတွေပြောသွားစေတာပါပဲ Manel ရှုံ့ချပွဲတွေက တော်လှန်ရေးအထောက်အကူဖြစ်စေရဲ့လားဆိုတဲ့မေးခွန်းတွေကိုတော့ ကျွန်မဝင်မဖြေချင်ပါဘူးလေ ဘာလို့လဲဆိုတော့ လက်ရှိမှာတော်လှန်ရေးဟာလည်း ဖီမီနင့်ဇင်လိုမျိုးပဲ အကိုင်းအခက်တွေအမျိုးမျိုးကွဲနေတာပါပဲ (ဥပမာ – အရင်းရှင်စနစ်ကို အားပေးတဲ့ fundraising အသားပေးတော်လှန်ရေး၊ လိင်အကြမ်းဖက်မှုကို မျက်ကွယ်ပြုတဲ့ ဖိုဝါဒစွဲတော်လှန်ရေး၊ ပြည်တွင်းပြည်ပခွဲခြားတဲ့ အမျိုးသားရေးဆန်ဆန်တော်လှန်ရေး၊ အနောက်လူဖြူပေးစာကမ်းစာကို သရေတမျှားမျှားကျရတဲ့ လူဖြူကြီးစိုးရေးတော်လှန်ရေးအစရှိသဖြင့်ပါပဲ ကျွန်မတို့ ဖီမီနင့်ဇင်လည်း ဒီလိုတော်လှန်ရေးဂိုဏ်းကွဲတွေလိုမျိုး ကွဲနေပါပြီလေ)

ဖိုဝါဒလွှမ်းမိုးမှုတကယ်ပပျောက်ရေးဆိုတာထက် ဒီလိုဟိုး‌လေးတကျော်‌ကျော်ဖြစ်သွားစေချင်တာကသာလျှင် Manel ပြပွဲတွေလုပ်ရခြင်းရဲ့နောက်ဆုံးပိတ်ရည်ရွယ်ချက်ဆိုရင်တော့ ဒီပွဲတွေကအောင်မြင်တယ်လို့ ကျွန်မထင်ပါတယ် (ဟိုးလေးတကျော်ကျော်ဖြစ်ရခြင်းနောက်မှာ ကျွန်မတို့ဆက်လက်စဉ်းစားနိူင်စွမ်းတွေရှိရင်တော့ ကောင်းတာပေါ့လေ) ကျွန်မ‌အတွက်ကတော့ Manel ပြပွဲတွေနောက်က ဖီမီနင့်လှုံ့ဆော်ချက်တွေဟာ ဖီမီနင့်ဇင်တွေအမျိုးမျိုးရှိတဲ့အထဲက အသွင်တစ်ခုတည်းသာဖြစ်သောဖီမီနင့်ဇင်တစ်ခုသာဖြစ်ပြီး ဖီမီနင့်လို့ မိမိကိုယ်ကိုမှတ်ယူထားတဲ့သူအဖို့ မိမိရဲ့ဖီမီနင့်ဇင်ဟာ ဘယ်လိုဖီမီနင့်ဇင်လဲ၊ ဘယ်လိုလွတ်‌မြောက်ရေးအတွက် နေ့စဉ်နေထိုင်ကျင့်ကြံပြုမူနေထိုင်ရမဲ့/တဲ့ ဘဝနေနည်းနာလဲဆိုတာကို သေသေချာချာပြန်လည်စဉ်းစားဆင်ခြင်တွေးတောဖို့ကို ကျွန်မတို့အားလုံးခေါင်းထဲ သံချောင်းခေါက်လိုက်သလိုပါပဲလေ

ပုံ – တိုက်အိုပျက်တစ်ခုထဲမှ ထိုင်သူမဲ့ခုံတန်းလျားအလွတ်တစ်ခုနဲ့ အပြာရောင်ပလတ်စတစ်ထိုင်ခုံတစ်ခုံ

အမေရိကန်တွင်ပြုလုပ်ခဲ့သော Manel ရှုံ့ချရေးပွဲများအကြောင်း

 

Freedom Fighter မှ ၂၀၂၂ ခုနှစ် ဧပြီလတွင်ပြုလုပ်ခဲ့သော Manel ပြပွဲအကြောင်း debate recording

လူမည်းကျွန်ပြုခံခဲ့သူ စာရေးသူ Sojourner Truth ရဲ့ Ain’t I a Woman? ကဗျာ

Sheryl Sandberg ရဲ့ Lean in feminism အပေါ်သုံးသပ်ချက်

Shahed Ezyadi ရေးသော လူဖြူဖီမီနင့်ဇင်အကြောင်းနဲ့ ၎င်းက အခြားသော လူဖြူမဟုတ်တဲ့မိန်းမတွေအတွက်အသုံးဝင်မဝင်အကြောင်းဆောင်းပါး

လူမည်းစာရေးသူ bell hooks ‌က lean in feminism အပေါ်ဝေဖန်သုံးသပ်ချက်များ

အမေရိကန်တောင်ပိုင်းသမိုင်းမှ လူဖြူမိန်းမများက လူမည်းယောင်္ကျားများဟာ သူတို့ကို မုဒိန်းကျင့်ပါတယ်လို့စွပ်စွဲပြီး လူမည်း‌ယောင်္ကျားများကိုကြိုးစင်တင်သတ်ကြ‌သော လူဖြူ/လူမည်းလူမျိုးရေးခွဲခြားမှုတွေထဲပါဝင်ကြပုံဆောင်းပါး

ပြီးခဲ့သောနှစ်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးသမီးများနေ့အထိမ်းအမှတ် ကျွန်မရေးသားခဲ့သော လစ်ဘရယ်ဖီမီနင့်ဇင်အကြောင်း

 

ကျွန်မ‌ရေးသားခဲ့သော လူဖြူကြီးစိုးမှုလွှမ်းမိုးသော တော်လှန်ရေးအကြောင်း ဆောင်းပါး

ကျွန်မရေးသားခဲ့သော မဟာဖိုဝါဒလွှမ်းမိုးသော စဉ်းစားတွေးခေါ်မှုများအကြောင်းဆောင်းပါး

 

ကျွန်မရဲ့ဖီမီနင့်ဇင်ဆောင်းပါး

ကျွန်မရဲ့ဖီမီနင့်ဇင်