ငါသေရမယ်ဆိုရင်

မူရင်းကဗျာကို ရာဖစ် အာလာရီရာ (Rafaat Alareer)ရေးသားပြီး သွေးဆော်ကြဂျာနယ်တွင်ဖော်ပြရန် မခြင်္သေ့ဘာသာပြန်သည်။ ရာဖစ် အာလာရီရာသည် ပါလက်စတိုင်းကဗျာရေးသူ၊ စာပေပညာရှင်၊ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး “ဂါဇာ၏အသံ” ဟူ၍လူသိများသည်။ အာလာရီရာသည် ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့သော ပါလက်စတိုင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် “ငါတို့သည် နံပါတ်များမဟုတ်ပါ” ပရောဂျက်တည်ထောင်သူတစ်ဦးလည်းဖြစ်သည်။ ထိုအဖွဲ့သည် “သတင်းမီဒီယာများတွင်ဖော်ပြခံရသော ပါလက်စတိုင်းလူမျိုးနံပါတ်များကိုကျော်လွန်ပြီး ဂါဇာမှပါလက်စတိုင်းလူငယ်များ၏ပုံပြင်များ”ကို ကမ္ဘာကိုပြောပြရန် စာရေးသူများနှင့်ပါလက်စတိုင်းလူငယ်များကြားပေါင်းကူးပေးသောအဖွဲ့တစ်ခုဖြစ်သည်။ အာလာရီရာသည် “အသံကျယ်ကျယ်ဂါဇာ” (Unsilenced Gaza) စာအုပ်၊ “ဂါဇာကစာပြန်ရေးသည် – ဂါဇာမှ လူငယ်ပါလက်စတိုင်းစာရေးသူများ၏ဝတ္ထုတိုများ” (Gaza Writes Back – Short Stories by Young Writers in Gaza, Palestine) စာအုပ်တို့ကိုပူးတွဲတည်းဖြတ်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အစ္စရေးဝေဟင်စစ်ဆင်ရေးကြောင့် အာလာရီရာအသက်သေဆုံးခဲ့သည်။

 

ငါသေရမယ်ဆိုရင်

 

ငါသေရမယ်ဆိုရင်

မင်းဆက်အသက်ရှင်ရမယ်

ငါ့အကြောင်း သူများတွေကိုပြောပြဖို့

ငါ့ပစ္စည်းတွေကို ရောင်းချပေးဖို့

အဝတ်စတစ်စနဲ့

ချည်ကြိုးတချို့

(အဖြူရောင်နဲ့ အမြီးရှည်ရှည်လေးဆို ပိုကောင်းမယ်)

ဝယ်ပါ

ဂါဇာတစ်နေရာက ကလေးတစ်ယောက်ရဲ့

မျက်လုံးထဲမှာ နိဗ္ဗာန်ကိုမြင်စေဖို့–

သူ့ခန္ဓာအသွေးအသား

သူ့ကိုယ်သူတောင်

ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ–

တဟုန်းဟုန်းတောက်လောင်နေတဲ့မီးတောက်တွေထဲတိုးဝင်သွားတဲ့ သူ့အဖေကိုစောင့်နေတုန်း

မင်းလုပ်ပေးတဲ့ငါ့ရဲ့စွန်ကြိုး မိုးပေါ်ကို

မြင့်

တက်ပျံနေတာကိုတွေ့ဖို့

‌ကောင်းကင်မှာ

ချစ်ခြင်းမေတ္တာတွေ ပြန်လည်သယ်ယူလာပေးမဲ့

နတ်ဖုရားတွေရှိသေးတယ်ဆိုတာ သိစေဖို့

ငါသာသေရမယ်ဆိုရင်

ငါ့သေခြင်းက မျှော်လင့်ချက်တွေသယ်ယူလာပေးပါစေ

ငါ့သေခြင်းက ဒဏ္ဍာရီအဖြစ် ကျန်ရစ်ပါစေ

 

– ရာဖစ် အာလာရီရာ

 

အာလာရီရာ၏ “ငါသေရမယ်ဆိုရင်” ကဗျာကို သွေးဆော်ကြ (Agitate) ဂျာနယ်တွင် တယ်လူဂူ၊ တမီး၊ ဟိန္ဒီ၊ ကာနာဒါ၊ မာလေယာလန်၊ ဘန်းဂလား၊ ဂူဂျာရာသီ၊ စင်ဟာလား၊ ပွန်ချာပီ၊ မာရာသီနှင့် ဖာစီဘာသာပြန်တို့ဖြင့်ဖတ်ရှုနိူင်သည်။

သစ်လွင်တဲ့ဂါဇာ

မူရင်းကဗျာ (New Gaza) ကို ပါလက်စတိုင်းကဗျာဆရာ မာဝန်မာကူလ် (Marwan Makhoul) ရေးသားဖွဲ့ဆိုပြီး မခြင်္သေ့ဘာသာပြန်သည်။ ဤမြန်မာဘာသာပြန်ကို အစ္စရေးနိူင်ငံ၏ ပါလက်စတိုင်းလူမျိုးများကို နှစ်ပေါင်းကြာရှည်မျိုးတုန်းသတ်ဖြတ်ဖိနှိပ်မှုကိုရှုံ့ချသောအနေနှင့် အမေရိကန်နိူင်ငံ မင်နီဆိုတာပြည်နယ်တက္ကသိုလ်အခြေစိုက် “သွေးဆော်ကြ” (အက်ဂျီတိတ် Agitate!) ဂျာနယ်တွင်ထုတ်ဖော်ပြသရန် ဘာသာပြန်ခဲ့ခြင်းဖြစ်သည်။

 

မာကူလ်ကို ၁၉၇၉ ခုနှစ်တွင် ပါလက်စတိုင်းလူမျိုးဖခင်နှင့် လက်ဘီနွန်လူမျိုးမိခင်တို့က ဂယ်လီလီးအထက်ပိုင်းဒေသ အယ်လ်ဘယ်ကွာအာရွာတွင်ဖွားမြင်ခဲ့သည်။ လက်ရှိတွင် တည်ဆောက်ရေးကုမ္မဏီတစ်ခုတွင် အင်ဂျင်နီယာတစ်ဦးအဖြစ်လုပ်ကိုင်နေပြီး ကဗျာ၊ စကား‌‌‌‌ပြေ၊ ပြဇာတ်ပေါင်းမြောက်မြားစွာကိုရေးသားထုတ်ဝေခဲ့သည်။ ၄င်း၏ပထမဆုံးပြဇာတ် “ဒါနိုရာရဲ့သင်္ဘောမဟုတ်ဘူး” (This is not Noah’s Ark) သည် ၂၀၀၉ ခုနှစ်တွင်ကျင်းပသောဧကပြဇာတ်ရုံပြပွဲ၌ အကောင်းဆုံးပြဇာတ်ရေးဆရာဆုကိုချီးမြှင့်ခြင်းခံခဲ့ရသည်။ ၄င်း၏ ထုတ်ဝေပြီးသားဖြစ်သော Hunter of Daffodils, Land of the Sad Passiflora, Verses the Poems Forgot with Me, Where Is My Mom, and A Letter from the Last Man အစရှိသည့်ကဗျာပေါင်းချုပ်စာအုပ်များမှ ကဗျာများကို ကမ္ဘာတစ်လွှား၌အာရပ်ဘာသာစကားဖြင့်ထုတ်ဝေခဲ့ပြီး ကဗျာအချို့ကို တေးသီချင်းအဖြစ်ပြန်လည်အသက်သွင်းခဲ့ကြသည်။

 

မာကူလ်၏က‌ဗျာများကို အင်္ဂလိပ်၊ တူရကီ၊ အီတလီ၊ ဂျာမန်၊ ပြင်သစ်၊ ဟီဘရူး၊ အိုင်းရစ်၊ ဆာဘီယန်၊ ဟိန္နူ၊ ပိုလန်၊ ဒတ်ချ်၊ အယ်လ်ဘေးနီးယန်းနှင့် မက္ကဆက်ဒိုးနီးယန်းဘာသာစကားများနှင့်ပြန်လည်ထုတ်ဝေခဲ့သည်။

 

အင်္ဂလိပ်ဘာသာပြန်နှင့် အူမန်နီရာ အယ်ခါလစ်ဖ် (Oumenia El Khalif) သရုပ်ဖော်ထားသောကဗျာရွတ်ဆိုပုံဖော်မှုကို “သွေးဆော်ကြ” ဂျာနယ်တွင်ကြည့်ရှုနိူင်သည်။

မှတ်ချက် – ကျွန်မသည် ကဗျာဘာသာပြန်ကို ပညာရပ်တစ်ခုသဖွယ်အထူးလေ့လာကျွမ်းကျင်ထားသူတစ်ဦးမဟုတ်သော်ငြား ပါလက်စတိုင်းလူမျိုးများ၏ရုန်းကန်မှုကို မြန်မာတစ်ယောက်အနေနှင့် အာဏာရှင်စနစ်၊ နိူင်ငံတော်စနစ်၊ မွတ်စလင်မုန်းတီး‌ရေး၊ လူမျိုးရေးခွဲခြားရေးအစရှိသော ပါလက်စတိုင်းနှင့်မြန်မာကြားမှ မျဥ်းပြိုင်ရုန်းကန်မှုများကိုမြင်ယောင်သဘောပေါက်မိသည့်အတွက် ကျွန်မ၏အတူတကွရပ်တည်မှုကိုပြသရန် ဒီကဗျာကို (အခကြေးငွေမယူဘဲ) ဘာသာပြန်ဖြစ်သောကြောင့် အမှားအယွင်းများပါရှိလျှင်သီးခံကြပါရန် စာဖတ်သူကိုကြိုတင်သတိပေးလိုပါသည်။

 

သစ်လွင်တဲ့ဂါဇာ

 

အချိန်မရှိတော့ဘူး

အမေ့သားအိမ်ထဲမှာပဲ ရစ်သီမနေနဲ့တော့

ငါ့သားလေး လာ မြန်မြန်လာ

မင်းကိုတောင်းတနေလွန်းလို့တော့မဟုတ်ပါဘူး

ဒါပေမဲ့ စစ်ပွဲရှိန်ကတော်တော်မြှင့်တက်လာနေပြီလေ

မင်းရဲ့နိုင်ငံကို ငါမြင်စေချင်သလို

မင်းမမြင်လိုက်ရမှာ ငါစိုးမိတယ်။

 

 

မင်းရဲ့နိုင်ငံက မြေကြီးသက်သက်ပဲမဟုတ်ဘူး

ငါတို့ရဲ့ကံဇာတာကို တွက်ကိန်းထုတ်ပြီးသေသွားတဲ့

ပင်လယ်ပြင်ကြီးထဲမှာလည်းမဟုတ်ဘူး

မင်းရဲ့နိုင်ငံက မင်းရဲ့လူတွေလေ။

လာကြည့်စမ်းပါ

ဗုံးဒဏ်ရာဗလပွမခံစားရသေးခင်ကငါတို့နိုင်ငံကို

အကြွင်းအကျန်တွေကို ငါလိုက်လံ‌‌ကောက်ယူရင်း

မရှိတော့တဲ့အရာတွေဟာ ဘယ်လောက်လှပခမ်းနားသလဲဆိုတာ

ငါ မင်းကိုသိစေချင်တယ်။

မင်းလိုမျိုးပဲ အပြစ်ကင်းစင်တဲ့ကလေးငယ်တွေ သူတို့မှာရှိခဲ့တယ်ဆိုတာ

လူသေအအေးခန်းတွေကနေ တလကြမ်းစီးတိုင်း

သူတို့လွှတ်ပေးလိုက်တဲ့ မိမဲ့ဖမဲ့ကလေးငယ်တွေရဲ့

မှီခိုရာအသက်သွေးကြောတစ်ခု။

 

 

မင်းနောက်ကျနေရင် ငါပြောတာကို

ယုံချင်မှလည်းယုံမယ် ဒါမှမဟုတ် ငါတို့နိုင်ငံဟာ

လူတွေမရှိတဲ့နယ်မြေတစ်ခုလို့ မင်းထင်ချင်ထင်မယ်

ငါတို့တွေတစ်ယောက်မှဒီမှာမရှိတော့ဘူးလို့ မင်းထင်ချင်ထင်မယ်။

နှစ်ခါနယ်နှင်ခံရပြီးနောက် ကံကိုအရွဲ့တိုက်ပြီး

ငါတို့ပုန်ကန်ခဲ့ကြတာ

ခုနှစ်ဆယ့်နဲ့ငါးနှစ်

ငါတို့ကိုမျက်နှာသာမပေးခဲ့တဲ့ကံ

အရောင်တွေပြောင်းကုန်တဲ့မျှော်လင့်ချက်တွေ။

 

 

ဒီဝန်ထုပ်ကလေးလံလွန်းလှတယ်ဆိုတာ

ငါသိပါတယ်

အလစ်သုတ်ဖို့တွင်းဝမှာစောင့်ဆိုင်းနေကြတဲ့

မြေခွေးတွေကို မီးနေတွင်းထဲကမထွက်သေးတဲ့

ဒရယ်ပျိုတစ်ကောင်လို ကြောက်ရွံ့နေတဲ့

ငါ့ကို ခွင့်လွှတ်ပါ။ လာ အတူတူထွက်ပြေးကြရအောင်

မင်းပြေးနိုင်သလောက်လေး

နောင်တတွေကငါ့ကိုမဖျက်ဆီးခင်လေး။

 

 

မနေ့ညက ဝမ်းနည်းပူဆွေးမှုတွေက ငါ့ကိုနှိပ်စက်နေခဲ့တယ်

“တိတ်တိတ်နေစမ်း”

ငါ သူ့ကိုဘယ်လိုလုပ်ရမလဲ?

လေပြေလိုညင်သာတဲ့ ငါ့ကလေးလေးရယ်

မုန်တိုင်းနဲ့ နင်ကဆီနဲ့ရေပဲ

ဒါပေမဲ့ ဒီနေ့တော့ ငါပြန်လာချင်စိတ်ပေါ်မိတယ်

သတင်းဆိုးတွေကို သယ်ဆောင်ပြီး

ဂါဇာက နှစ်ချင်းဘုရားကျောင်းကို သူတို့ဗုံးကြဲလိုက်ကြတယ်တဲ့

သေဆုံးသွားကြတဲ့လူ ၅၀၀ ထဲမှာ ဦးနှောက်တစ်ခြမ်းပွင့်ထွက်သွားတဲ့

ကလေးလေးတစ်ယောက် မျက်ကလူးဆန်ပြာနဲ့

သူ့အကိုကို လှမ်းပြောရှာတယ် “အစ်ကိုရေ

ကျနော် ဒီမှာ”

သူ့အကိုက သူ့ကိုမမြင်ဘူး

ငါ့တစ်ကမ္ဘာလုံးသွေးရူးသွေးတန်း

အိပ်ပျော်ဖို့ကြိုးစားတာ နှစ်နာရီလောက်

သူ့မျက်နှာကိုမေ့ပျောက်ဖို့ကြိုးစားရင်း

သူ့ကိုအချိန်မီရှာမတွေ့လိုက်တဲ့သူ့အစ်ကိုကို

မေ့ပျောက်ဖို့ကြိုးစားရင်း။

 

 

မင်းကို ငါအခုဘာပြောရမလဲ

ကပ်ဆိုးနဲ့ဘေးအန္တရာယ်ဆိုတာ ညီအစ်မတွေမဟုတ်လား

ငါ့နှုတ်ခမ်းပါးတွေ တဆတ်ဆတ်တုန်ပြီး

အသေကောင်တစ်ကောင်လို အရုပ်ကြိုးပြတ်ကျသွားတဲ့အထိ

ငါ့ကိုသူတို့နှစ်ယောက်လုံး အတင်းအဓ္ဓမ္မရက်ရက်စက်စက် တိုက်ခိုက်ကြတယ်။

စစ်ပွဲတွေမှာ ကဗျာဆရာတွေဟာ သုံးစားလို့မရဘူး

ယုန်တစ်ကောင်လိုလျင်မြန်လွန်းလှတဲ့ လူသတ်ပွဲကြီးနဲ့

အပြေးပြိုင်ဖို့ကြိုးစားနေတဲ့

လိပ်တစ်ကောင်လိုပဲ သူကနှေးကွေးလွန်းလှတယ်။

လိပ်က တွားလျားသွားနေတုန်းရှိသေး

ယုန်က လူသတ်မှုတစ်ခုပြီးတစ်ခု ကဆုန်ပေါက်နေတာပဲ

အော်သော‌ဒေါက်စ်ဘုရားကျောင်းကြီးအကြောင်းပြောပြရရင်တော့ ဗုံးကြဲခံလိုက်ရပြီလေ

ဘုရားတစ်ဆူရဲ့မျက်စိအောက်မှာတင်

ကယ်တင်ရှင်ရဲ့ပရိဝဏ်ထဲမှာတင် ပြာကျသွားတဲ့ဗလီ။ ကယ်တင်ရှင်ဘယ်မှာလဲ

နိဗ္ဗာန်ကငါတို့ရဲ့ဖခင်ဆိုတာ ကောင်းကင်ထဲကရဟတ်ယာဥ်တစ်စီးပဲ

အဖော်မပါ တစ်ကောင်ထီး

ငါတို့ကိုဗုံးကြဲဖို့မောင်းနှင်လာတဲ့လေယာဥ်မှူးတစ်ယောက်ကလွဲလို့ပေါ့

ဒါပေမဲ့သူတို့လိုချင်တဲ့ပြစ်မှတ်က ငါတို့ရဲ့ခဝါချမှုတွေ။

ကလေးရယ် အခုတော့ လက်ဝါးကပ်တိုင်ပေါ်မှာ

တမန်တော်တွေအများကြီးပဲ။

ဘုရားသခင်က အလုံးစုံကိုသိပြီးသားပါ

ဒါပေမဲ့ မင်းနဲ့ မင်းလို အပြစ်မဲ့တဲ့သန္ဓေသားတွေအကုန်လုံး

သိဖို့လိုသေးတယ်လေ…။

 

မှိုပွင့်များ

အဆုံးသတ်မှမရှိရင် အစတွေဟာ အဓိပ္ပါယ်ရှိပါ့ဦးမလား?

 

ပျက်သုဉ်းခြင်းရဲ့ကတိကဝတ်မှမရှိရင် တည်ရှိခြင်းတွေဟာ ဘာကိုသ‌င်္ကေတပြုနေဦးမလဲ?

 

သေဆုံးခြင်းမှမရှိရင် ရှင်သန်ခြင်းတွေကို ကျွန်မတို့ တန်ဖိုးထားကြဦးမလား?

 

တဝုန်းဝုန်းနဲ့ အသက်နဲ့အိုးစာကွဲရလောက်အောင်ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးသံလေသံတွေ ပယ်ပျောက်သွားတဲ့အချိန် ကျွန်မ အိမ်နောက်ဖေးကို ခဏထွက်လာခဲ့မိတယ် ခြံထောင့်ကသစ်ပင်ကြီးဟာ မုန်တိုင်းအတောအတွင်း မြေကြီးကနေအမြစ်ဆွဲနှုတ်ကျွတ်ထွက်ရလောက်အောင် ယမ်းခါနေခဲ့တဲ့သူမဟုတ်သယောင် တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မကိုငုံ့ကြည့်နေတယ် သစ်ရွယ်ငယ်တွေမှာ ခိုသီးနေတဲ့မိုးရေစက်တွေကသာလျှင် သက်သေအဖြစ် မော်ကြည့်မိတဲ့ကျွန်မမျက်နှာပေါ်ခုန်ချလာကြတယ် ဒါပေမဲ့လည်း သူတို့တွေဟာ မုန်တိုင်းရဲ့မိုးစက်ဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရအောင် ခဏနေ ပျောက်ပျက်သွားကြပါဦးမယ်

 

ဘယ်နေရာမှာ မုန်တိုင်းခိုနေခဲ့မှန်းမသိရတဲ့ငှက်ငယ်ကလေးတွေကလည်း အစာပြန်ရှာထွက်ဖို့ တတီတီတတာတာမြည်တွန်နေကြပြန်တယ် သူတို့ရဲ့‌ ရေစိုကောင်းစိုနေမယ်ဖြစ်တဲ့ အမွေးအတောင်တွေဟာလည်း ခဏနေခြောက်သွေ့သွားကြဦးမယ်ဖြစ်တယ် လွန်ခဲ့သောနာရီပိုင်းလေးတင်ကမှ ကမ္ဘာပျက်နေပုံသဖွယ် ဩကာသလောကကြီးဟာ သူမဟုတ်သလို ငြိမ်သက်တည်ရှိနေပြန်တယ် မုန်တိုင်းရဲ့အရိပ်အယောင်ဆိုလို့ ဖိနပ်မစီးထားတဲ့ကျွန်မရဲ့ခြေဖဝါးအောက်က စိုစွတ်နေတဲ့ မြေသားရယ်၊ စာလုံးတွေနဲ့ရေးသားဖော်ပြခြင်းမပြနိူင်တဲ့၊ ပြလည်းမပြဝံ့တဲ့ မြေသားနံ့သင်းသင်း‌တွေရယ်နဲ့ လှုပ်ရှားခြင်းမရှိတဲ့ခြေဖမိုးရပ်နေရာ မြေကြီးပတ်ဝန်းကျင်ကနေ ရွစိရွစိနဲ့တွန့်လိမ်ကောက်ကွေးတက်လာကြတဲ့ တီကောင်လေးတွေသာရှိတယ်

 

မုန်တိုင်းဟာ သူတို့တွေအတွက်တော့ ကမ္ဘာပျက်ရာမဟုတ်၊ ကမ္ဘာပြုရာအခြေအနေတစ်ခုသာဖြစ်တယ်

 

အခုတလော ကျွန်မ အသက်ရှင်ခြင်းသဘောတရားရဲ့အဓိပ္ပါယ်နောက်က ပြီးဆုံးခြင်းအနားသတ်တွေအကြောင်းတွေးနေမိတယ် မွေးဖွားခြင်းနောက်က ဖြစ်တည်လာတဲ့ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုတွေနဲ့ ဒွန်တွဲနေတဲ့မတည်မြဲမှုတွေ၊ အဆုံးသတ်မှုတွေ၊ ပျက်သုဉ်းခြင်းတွေအကြောင်းပေါ့ လူ့ဘောင်လောကကြီးထဲက အဖြူအမည်းဒွိဟတွေကို ကျွန်မမနှစ်သက်လှပေမဲ့ အဖြူဆိုတာကိုအဓိပ္ပါယ်ပြုဖို့ ဘာလို့အမည်းဆိုတာတွေ အမြဲလိုအပ်နေရတာလဲ ကျွန်မမချင့်မရဲဖြစ်မိတယ်

 

မိန်းမဆိုတာဖြစ်ဖို့ မိန်းမမဟုတ်သူဆိုတဲ့ အခြားတစ်ဖက်ကအမည်းရောင်

 

လူဆင်းရဲလို့သတ်မှတ်ဖို့ လူ့ချမ်းသာစာရင်းဝင်ဆိုတဲ့ အခြားတစ်ဖက်က ပညတ်ချက်အမည်းရောင်

 

ရှင်သန်ခြင်းဆိုတာရဲ့ အခြားတစ်ဖက်ခြမ်းက သေဆုံးခြင်းအမည်းရောင်

 

ဒါပေမဲ့ အဆုံးသတ်တစ်ခြမ်းဆိုတာမှမရှိရင် ကျွန်မတို့ဘဝတွေကို ကျွန်မတို့ ဘယ်လောက်များတန်ဖိုးထားကြဦးမလဲ? သိပ္ပံရုပ်ရှင်ကားတွေထဲမှာတွေ့ရလေ့ရှိတဲ့ တမင်တကာဆွဲဆန့်ပြုပြင်ပုံဖော်ထားတဲ့အဆုံးသတ်မရှိတဲ့ဘဝ‌တွေဟာ ကျွန်မအတွက်တော့ ပျင်းရိစရာ‌ကောင်းလှသဖွယ် တန်ဖိုးမဲ့နေသလိုပဲ

 

တစ်ပြိုင်နက်တည်းမှာလည်း မွေးဖွားလာချိန်ကနေ ‌ဘယ်တော့အဆုံးသတ်မယ်မှန်းမသိတဲ့အဆုံးသတ်မှုဝင်ရိုးစွန်းနှစ်ခုကြားက မျက်စိတစ်မှိတ်စာအတောအတွင်း လူသားတွေရဲ့ နုနယ်လှတဲ့အသက်ရှင်သန်မှု၊ အချိန်မရွေး တစ်စုံတစ်ခုကြောင့်ချက်ချင်းလက်ငင်းဝဇီ‌ချုပ်ငြိမ်းသွားနိူင်ပေမဲ့လည်း အဲ့ဒီလိုကြိုတင်မမြင်ရတဲ့ကံအပေါ် နေ့စဉ်လောင်းကစားရင်း နေထိုင်လုံးပမ်းရှာဖွေကျင့်ကြံနေကြတဲ့ပျော်ရွှင်မှုတွေ၊ ကြေကွဲမှုတွေ၊ မျှော်လင့်ချက်‌တွေ၊ တည်ဆောက်မှုတွေကိုလည်း အံ့အားသင့်မိရပြန်တယ်

 

အင်္ဂလိပ်လို precarious၊ မြန်မာလို‌တော့ အတိအကျအလုံးအခဲဘာသာမပြန်တတ်တဲ့စကားလုံးတစ်လုံးရဲ့သ‌ဘောတရားကို ကျွန်မတွေးနေမိတယ် သူ့အဓိပ္ပါယ်ကို Google မှာတော့ ဒီလိုဖွင့်ဆိုထားတယ်

 

pre·car·i·ous (‌adjective)

– not securely held or in position; – dangerously likely to fall or collapse.

– dependent on chance; uncertain.

 

မတည်မငြိမ် ကြိုတင်ခန့်မှန်းလို့မရတဲ့မသေချာမရေရာတဲ့သဘောတရားတစ်ခုပေါ့ ဒီနေရာမှာ လူမှုဗေဒသီအိုရီတွေမှာတော့ precarity (precarious ရဲ့ နာမ်) သဘောတရားကို ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းအရင်းရှင်စနစ်ကြီးထွားလာချိန် ကမ္ဘာတစ်ဝှမ်းလုံးကလူတွေရဲ့ သေချာမှုမရှိတော့တဲ့အလုပ်အကိုင်အခြေပြုအသက်ရှင်ရုန်းကန်ရမှုတွေအပေါ်အခြေခံပြီး သုံးသပ်လာကြတယ် ဒုတိယကမ္ဘာစစ်ပြီးကာစကာလမှာမွေးဖွားခဲ့ကြတဲ့ မျိုးဆက်တွေလို ကျောင်းတက်၊ ဘွဲ့ရ၊ အိမ်ထောင်ပြု၊ အိမ်ဝယ်၊ ကလေးမွေး၊ အချိန်တန် ပင်စင်စားအငြိမ်းစားယူ အစရှိတဲ့ပုံသေကားချပ် လူလတ်တန်းစားအားလုံးလိုလိုနေထိုင်နိူင်တဲ့ အသက်ရှင်ခြင်း template တစ်ခုဟာ ကျွန်မတို့ generation တွေနဲ့ ရှေ့အနာဂတ် generation တွေအတွက် အသေအချာရှိမနေတော့ဘူးဆိုတာကို precarity ကို အရင်းရှင်စနစ်ရဲ့ဘေးထွက်ဆိုးကျိုးသီအိုရီသဘောတရားတစ်ခုအနေနဲ့ ပြောဆိုထောက်ပြလာကြတယ် အခုကာလမှာ ယာယီအလုပ်တွေသာ တွင်တွင်ကျယ်လာတဲ့အပြင် မိမိရှင်သန်ရေးအတွက် မိမိကိုယ်ကိုသာအားကိုးရေးနီရိုလစ်ဘရယ်ဂျင်းတွေကြောင့် ကျန်းမာရေး၊ လူမှုရေးထောက်ပံ့မှုတွေမရှိတော့တဲ့ Freelance industry တွေ၊ gig economy (gig အပေါ်မူတည်ပြီးဝင်ငွေရှာရသောအလုပ်များ ဒါကတော့ နယ်ပယ်အစုံမှာရှိနေပါတယ် ပရောဂျက်တစ်ခုဘယ်လောက်ဆိုတဲ့ consulting industry တွေ၊ ပန်းချီကားတစ်ကားဘယ်‌လောက်ဆိုတဲ့ အနုပညာ industry တွေသာမက ပညာရေး/စာသင်ကြားရေးနယ်ပယ်တွေမှာပါ အတန်းတစ်တန်းသင် ဘယ်လောက်နှုန်းဆိုတာမျိုးနဲ့ ပုတ်ပြတ်ငှားကြတဲ့ gig economy ပေါ့)

 

ဒီခေတ်ကာလကြီးမှာ လူချမ်းသာလူတန်းစား၊ ငွေကုံထံမိသားစုကနေပေါက်ဖွားလာတဲ့သူမဟုတ်ရင် လူဦးရေအများစုဟာ ပုတ်ပြတ်လူတန်းစားတွေသာဖြစ်လာနေတော့တယ် ဘယ်အချိန်မှာ အလုပ်ကဖြုတ်ခံရမှန်းမသိ၊ လစာဟာ လုပ်အားကိုပြန်လည်ထုတ်လုပ်ပေးဖို့ ကာယစွမ်းအင်ဖြည့်ဆည်းဖို့သာသာ အစားအသောက်ရယ်၊ နေစရာအိမ်ငှားခရယ်သာ ကာမိကြတာမို့ ရုတ်တရက်အလုပ်သာပြုတ်ရင် ဘယ်သူမဆိုအိမ်ခြေယာမဲ့ဖြစ်သွားနိူင်တဲ့ precarious အခြေအနေမျိုးကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ဘဝ လို့ခေါ်နေကြရတယ် မဟုတ်ပါလား

 

(မနုဿဗေဒပညာရှင်တချို့ကတော့ တချို့အာရှ၊ တောင်အမေရိက၊ အာဖရိက (လူဖြူမဟုတ်တဲ့) culture တွေရဲ့ မိသားစုကိုအဓိကထားတဲ့ဓလေ့တွေကြောင့် individualistic အရမ်းဆန်တဲ့အနောက်လူဖြူနိူင်ငံတွေမှာလိုမျိုး အလုပ်ပြုတ်ရင်တောင်မှ မိဘ၊ မောင်နှမ၊ မိသားစုကပြန်လည်ထောက်ပံ့ထားတာမျိုးတွေလည်း ရှိကောင်းရှိတယ်ဆိုတဲ့ဥပမာမျိုး‌တွေတော့ ထောက်ပြထားကြပါတယ် individualism ကိုအားပေးအားမြှောက်ပြုလာကြတဲ့ခေတ်ကြီးမှာ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနား၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီစတဲ့ ဆိုစကားတွေလို collective အများဝိုင်းဝန်းမှုတွေမပါဘဲ လူတစ်ယောက်အသက်ရှင်သန်ဖို့ဆိုတာ မလွယ်ဘူးဆိုတာကို မီးမောင်းထိုးပြနေသလိုပါပဲ)

 

လူနေမှုစီးပွားရေးတွေကြောင့် ရှိ‌နေတဲ့ ဒီမသေချာမရေရာမှုတွေအပြင် အသက်တစ်ချောင်းဆိုတာရှိလာပြီးရင်ကို ဆက်လက်တည်မြဲဖို့ အချိန်မရွေးမသေချာမရေရာနေတယ်ဆိုတာကိုလည်း ကျွန်မနှလုံးသွင်းမိပြန်တယ် အချိန်မရွေး လမ်းထောင့်ကမုန့်ဆိုင်လေးမှာ မုန့်သွားဝယ်တုန်း ကားအတိုက်ခံရနိူင်သလို မမျှော်လင့်ထားတဲ့အချိန် ရဲအမေးအမြန်းအစစ်အဆေးခံရပြီး လည်ပင်းညှစ်ချုပ်နှောင်ထားရာက‌နေ အသက်ထွက်သွားနိူင်တာပဲ ကျောင်းစာသင်ခန်းထဲမှာထိုင်နေတုန်း၊ ရှော့ပင်းထွက်နေတုန်း စိတ်ရောဂါသည် လူသတ်သမားတစ်ယောက် ရုတ်တရက်သေနတ်နဲ့ဝင်ပစ်တာခံရလို့ သေသွားနိူင်တာပဲ (ဒါတွေကတော့ အမေရိကန်နိူင်ငံမှာ လက်ရှိဖြစ်နေတဲ့ဥပမာတွေပါပဲ ဘယ်နေရာကြည့်ကြည့် အကြမ်းဖက်မှုပေါင်းစုံနဲ့ ဘဝဟာ အချိန်မရွေးပျက်သုဉ်းသွားနိူင်တဲ့ ဖက်နဲ့ထုပ်ထားရတဲ့ နုနုနယ်နယ်ဖြစ်တည်မှုတစ်ခုပဲမဟုတ်နေဘူးလား) ဒါအပြင် လူသားတွေရဲ့ဖျက်ဆီးမှုတွေကြောင့် နောက်လူသားမျိုးဆက်ဘယ်လောက်ထိသာခံတော့မယ်မှန်းမသိတဲ့ တဖြည်းဖြည်းပျက်သုဉ်းလာတဲ့ကမ္ဘာကြီးရဲ့သယံဇာတတွေ၊ အရင်းအမြစ်တွေနဲ့ ကမ္ဘာကြီးကို မှီခိုနေထိုင်အသက်ရှင်နေရတဲ့ ကျွန်မတို့လိုသက်ရှိသတ္တဝါတွေ၊ အပင်တွေ၊ အကောင်တွေရဲ့ မသေချာမရေရာမှုတွေဟာ ကျွန်မမျက်စိထဲ ကွက်ကွက်ကွင်းကွင်းထင်လာတယ်

 

အဲ့ဒီတော့ ရှင်သန်နေထိုင်ခြင်းဆိုတာကို အဲ့ဒီရှင်သန်ခြင်းတည်ရှိနေအောင်ပံ့ပိုးပေးထားတဲ့မရေရာမသေချာမှုတွေနဲ့ခွဲပြီးကြည့်လို့မရတော့သလိုပဲ မွေးဖွားလာကတည်းက ကျွန်မတို့က မရေရာမသေချာတဲ့နေရာတစ်ခုကိုဝင်ရောက်လာကြတာပဲမဟုတ်ဘူးလား?

 

ဒါပေမဲ့လည်း ဒီမရေရာမသေချာမှုတွေကြားထဲအသက်ရှင်နေကြတဲ့လူသားတစ်ယောက်အနေနဲ့လည်း တစ်ချိန်ချိန်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် အပြီးသတ်မယ်ဆိုတာသိရက်နဲ့လည်း ရှင်သန်နေချိန်မှာ အဆုံးသတ်ဆိုတာတွေမရှိသလို သိရက်နဲ့မသိချင်ဟန်ဆောင်ပြီး ကိုယ်ယုံကြည်ရာကို လုပ်ကိုင်နေကြရင်း တဒင်္ဂပျော်ရွှင်မှုတွေကို ဖွေရှာလုံးပမ်းနေကြတဲ့ ကျွန်မအပါအဝင်လူသားတွေရဲ့ စိတ်ဝိညာဉ်ကို ကျွန်မအောက်မေ့ဆင်ခြင်မိပြန်တယ်

 

မိုးမှမရွာရင် မြေရနံ့သင်းပါ့ဦးမလားလေ

 

ပင်လယ်သောင်ခုံမှာ ဘာလို့သဲအိမ်တွေဆောက်နေကြသေးတာလဲလေ

 

တစ်ပြိုင်နက်တည်းမှာလည်း တဒင်္ဂပျော်ရွှင်မှုတွေဟာ တဒင်္ဂဆိုတဲ့အရည်အသွေးမှမရှိရင် သူတို့ကို ကျွန်မတို့ တန်ဖိုးထားပါ့ဦးမလားလည်း တွေးမိပြန်တယ် ထာဝရပျော်ရွှင်ခြင်းတွေ၊ ထာဝရနုပျိုခြင်းတွေ၊ ထာဝရရှင်သန်ခြင်းတွေ…ထာဝရဖြစ်တည်ခြင်းတွေဟာ တဒင်္ဂတွေထက် ကျွန်မတို့ကိုစိတ်အင်အားပိုမိုပြည့်ဝစေမလား? ကျွန်မမသိဘူး တဒင်္ဂတွေကို ခါးသီးလို့ မသေချာမရေရာမှုတွေကြားကနေ ‌ခေတ္တထာဝရတွေကို ကိုယ်တတ်နိူင်သလောက် ဖန်တီးနေထိုင်နေကြတယ်၊ နေထိုင်ဖို့ကြိုးစားနေကြတယ်ဆိုတာတော့ ကျွန်မခန္ဓာနဲ့ရင်းပြီး နက်နက်ရှိုင်းရှိုင်းသိကျွမ်းမိပြန်တယ်

 

လျှာသွားပေါ်ကပျားရည်တစ်စက်လိုမျိုး ဘဝရဲ့ချိုမြိန်ခြင်းတွေဟာ လည်မျိုထဲမကျခင်ထိသာ ချိုမြိန်နေတတ်တာမို့လို့ ထပ်ခါထပ်ခါကျွန်မတို့စွဲနေကြတာများပဲလား?

 

စပ်ဖျင်းမှုတွေကို သည်းညည်းခံနိူင်ကြတာဟာလည်း မကြာခင် အစပ်လျော့သွားမယ်ဆိုတဲ့ ခမ်းနားလှတဲ့ဘဝရဲ့တဒင်္ဂအရည်အသွေးတွေရဲ့ကတိပြုချက်ကို ကျွန်မတို့ယုံကြည်ချက်ရှိနေကြလို့လား?

 

တကယ်တမ်းတော့ ကျွန်မတို့ရဲ့ရှင်သန်မှုတွေဟာ တောမီးလောင်ပြီးနောက်ပျက်ဆီးဆွေးမြေ့သွားကြတဲ့ တုံးလုံးလှဲသစ်ပင်တွေရဲ့ပင်စည်တွေမှာ အုံလိုက်ကျင်းလိုက်ပေါက်လာကြတဲ့မှိုတွေလိုပါပဲ

 

ပျက်သုဉ်းခြင်းဟာ ကျွန်မတို့ရဲ့ရှင်သန်ခြင်းဝမ်းစာ

 

တဒင်္ဂဖြစ်တည်မှုပဲဆိုတာကိုယ်နှိုက်ကိုက ဘဝရဲ့မပျက်ပြယ်တဲ့ထာဝရသစ္စာ

 

ထာဝရဆိုတာကို ကျွန်မတို့အမြဲတ‌စေမျှော်ကိုးတမ်းတတတ်ဖို့ တဒင်္ဂဆိုတာတွေက မရှိမဖြစ်လိုအပ်‌နေတဲ့တစ်ဖက်ခြမ်းကအမည်းရောင်တွေပဲဆိုတာ ဆင်ခြင်မိရင်း လွန်ခဲ့သောအပတ်ထဲရေးဖြစ်ခဲ့တဲ့ ခေါင်းစဉ်မဲ့စာတိုကဗျာတိုလေးတစ်ပုဒ်ကိုပြန်လည်ဝေမျှရင်း အမျှင်မပြတ်သေးတဲ့အတွေးတွေကို ဒီနေရာမှာ ခေတ္တခဏရပ်တန့်ခွင့်ပြုပါဦးတော့လေ

.

.

.

ငါဟာ သေဖို့အဆင့်သင့်ဖြစ်နေတဲ့သူတစ်ယောက်

 

သေမင်းဟာ ပင်လယ်ရဲ့လှိုင်းလုံးတွေလိုပဲ

မျက်နှာချင်းဆိုင်ရဖို့

သည်းထိတ်ရင်ဖိုစရာကောင်းလှပေမဲ့လည်း

တစ်ပြိုင်နက်တည်း သူ့ရဲ့အပွေ့အဖက်ကို တောင်းတမိနေပြန်တယ်

 

အရိပ်အမြွက်မပြတတ်ဘဲ

ရုတ်တရက်ဇောက်မတ်ကျသွားတဲ့

သဲမျက်နှာပြင်ကုန်းမို့‌တွေထက်

အသေအချာတိုင်းထွာ စာကပ်ထားတဲ့ ရေကန်ရဲ့အတိမ်အနက်တွေကို ငါပိုကြောက်တယ်

 

ရေမကူးတတ်တဲ့ငါ

ပြင်းပြတဲ့အပုတ်အခတ်မှာ

စိတ်လျှော့လက်လျှော့အနားယူရမယ်ဆိုတာ

ဗေဒင်ဆရာ နားချစရာမလိုအောင်

ကြိုသိနေတယ်

 

ဆပ်ပြာပူဖောင်းတွေကို ပါးစပ်ကမှုတ်ထုတ်ရင်း

အလမ္မာယ်လှိုင်းခေါ်ရာ

အုန်းလက်တံတွေ ကမ်းငင့်သလို

‌မြွေတစ်ကောင်ငါ

အညို့မိနေတယ်

 

ပူဖောင်းဟာ မျက်စိတစ်မှိတ်စာလေး

ရေလှိုင်းဟာ တစ်ဖွာရာလေး

ဘဝဟာ လက်တစ်ဖျောက်စာလေး

ဒါပေမဲ့

ရှင်သန်ခြင်းမှာ သစ္စာရှိဖို့ဆို

ငါ သေဆုံးဖို့လိုအပ်တယ်

မေ ၃၀ ၂၀၂၃

ကာရေဘီယန်သမုဒ္ဒရာစံတော်ချိန် ည ၉:၃၁

 

ပုံ – သမုဒ္ဒရာ၌နေဝင်ခိုက်

 

အိမ်မက်စီးရီး ၃ – တစ္ဆေ

 

မျက်လုံးထောင့်နားမှာ ဝိုးတဝါး တွေ့ရတယ်

အိမ်ပြင်မှာ ရစ်သီရစ်သီ လူတစ်ယောက်

ဝင်ခဲ့ပါ

မဖိတ်မခေါ်မချင်း သူဝင်လို့မရ

 

ဖျာခင်းပေးမယ်

ခြင်ထောင်ကြိုးချည်ပေးမယ်

ဧည့်ဝတ်ပြုငှာစွာ ကြိုဆိုမယ်

လက်ဖက်သုပ်ကျွေးမယ်

ဒါပေမဲ့ သူ အကြာကြီးနေလို့မရတာ ငါတို့အားလုံးအသိ

 

တခြားလူတွေ မမြင်ရတဲ့

သူ့ကို ဘာလို့ ငါမြင်မိတာလဲ

ငါ့မှာ ထူးဆန်းတဲ့ တန်ခိုးတွေ ရှိနေတယ်

 

‌မွေးနေ့နီးတိုင်း

စိုရွှဲနေတဲ့ ဂူတွေထဲမှာ စံပယ်ပန်းတွေ

သွား သွား သီမိတဲ့ ငါ့မှာ

ထူးဆန်းတဲ့ တန်ခိုးတွေ ရှိနေတယ်

အမေပြောတယ်

 

ညနက်တိုင်း ရှမ်းလွင်ပြင်မှာ

ဖျင်နီအင်္ကျီကြီးဝတ်ပြီး

အုန်းဆံခွံရောင် မြင်းကြီး

ထွက် ထွက်စီးတဲ့

အမေလိုပဲ နေမှာပေါ့

အမေ ပျော်နေမလား

မျက်ရည်တွေ ကျနေမလား

ဆီအမြဲထည့်ထားတဲ့ ဆံပင်တွေကို ဝဲနေအောင် ချထားမယ်လို့တော့ ငါခန့်မှန်းမိတယ်

နောက်တစ်နေ့ညကျ

အိမ်ပြင် ဘယ်မှ မထွက်တဲ့

အမေ့ နို့သီးတွေထဲ

ဖှုတ်တွေ ဝင်နေတယ်

 

နွားနို့နဲ့ ရေညှိကျွေးပြီး

ငါ့ကို မွေးမြူတယ်

ငှက်ပျောသီးနဲ့ အုန်းသီးလည်း ပါတတ်သေးတယ်

ဒါပေမဲ့ ငါဟာ ဘိုစာတွေ ပိုကြိုက်တတ်တယ်တဲ့

ရွှေရောင် ငွေရောင် စက္ကူစလေးတွေတော့

ငါ အခု ဝါးစားကြည့်ချင်တယ်

 

အရင်ဘဝက ငါ့အကို ငါ့ကို စိတ်ဆိုးနေမလား

ကောင်းတာတွေ မလုပ်လို့

ဒီဘဝကနေ ပြန်ခေါ်ခံလိုက်ရတဲ့သူတွေ

အပုံကြီးပဲ

ငါ ဒီဘဝမှာ ပျော်တယ်

ငါ ဒီဘဝမှာ စိတ်ဆင်းရဲတယ်

အမေကတော့

မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်တွေနဲ့

ငါ ဒီဘဝက မပြန်ရအောင်

ယတြာချေမယ်

“လက်ပြန်ကြိုးတွေ တုပ်လိုက်စမ်း”

ငါ့လက်တွေကို ဘယ်သူ ကြိုးတုပ်ထားတာလဲ

ကြိုးလည် မမြင် လက်လည်း မမြင်

ငါ့လက်တွေကတော့ နောက်ကျောမှာ

 

ငါ့ မျက်လုံးထောင့်မှာ တွေ့ရတာ

မှန်တစ်ချပ်

မှန်ထဲမှာက လူတစ်ယောက်

မျက်နှာမှာ သနပ်ခါး မရှိတော့တဲ့ လူတစ်ယောက်

ခါးမှာ ထမီမကပ်တော့တဲ့ လူတစ်ယောက်

ပါးစပ်မှာ ငပိနံ့ မနံ့တော့တဲ့ လူတစ်ယောက်

ရင်သားမှာ ဘော်လီမမြဲတော့တဲ့ လူတစ်ယောက်

အိမ်တံခါးဝမှာ လူတစ်ယောက်

ရစ်သီ ရစ်သီ ငါတွေ့တယ်

၃ ရက်ပြည့်ရင် ပြန်ရမဲ့ သက်တမ်း

ဝင်ခဲ့ပါ ငါမခေါ်ချင်တော့ဘူး

အိမ်ထောင့်က သစ်ကိုင်းတစ်ကိုင်းသာချိုးပြီး

အမြဲနေခွင့် ပြုလိုက်တော့မယ်

အိမ်မက်စီးရီး ၂

 

ရန်ကုန်ကို မက်တဲ့ မနေ့ညက အိမ်မက်ထဲမှာ

ရှိတ်စပီးယားပြဇာတ်တစ်ပုဒ်အကြောင်းသင်နေတဲ့ ဆံတုစွပ်ထားတဲ့ ဆရာမတစ်ယောက်က

ငါ့ကို လက်ဗီးစတောက်အတ္တုပ္ပတိတွေ စပိန်လို ဖတ်ခိုင်းတယ်

ငါ ဒေါသတွေ ထွက်လိုက်တာ

အိမ်အပြန်လမ်းဟာ စိမ်းသလိုလိုနဲ့

ရင်းနှီးနေပြန်တယ်

ပလက်ဖောင်းပေါ်အထိ လျှံထွက်နေတဲ့

လက်ဖက်ရည်ဆိုင်ခုံပုတွေကြားက ဖြတ်လျှောက်ရင်း

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ရပ်

ဆော့နေတဲ့ အဖြူအစိမ်းဝတ်ကလေးတွေ တွေ့ရင်း

ပြုံးမိတယ်

ကလေးမလေးလက်က လက်ဖက်ရည်ထိုင်သောက်နေတဲ့ ဦးလေးကြီး မျက်နှာ ထိုးမိတော့မယ်လေ

 

မြှောက်ကြွ မြှောက်ကြွနဲ့ ငါ့ခန္ဓာဟာ

မြေနဲ့ မထိသလိုပဲ

ထိစရာမှလည်း မလိုတာ

တိုက်အောက်က သံပန်းဟာ

အိမ်နီးနားချင်းတစ်ယောက် ဖွင့်ပေးလို့ ပွင့်နေတယ်

တိုက်လှေကားထစ်တွေဟာ ဆောက်မတ်နေတာ

လှေကားပေါ်တက်တိုင်း တွေးမိပေမဲ့

ပြီးရင်လည်း

လှေကားထစ်တွေအကြောင်း

ပြန်ပြန်မေ့သွားပြန်တယ်

 

အမေက ငါ့ကို အိမ်တံခါးမှာ ပြုံးပြုံးလေး လာကြိုတယ်

အိမ်မက်တွေပဲ

သင်္ချာ ဘာလို မသင်တာလဲ

အမေ မေးတယ်

ရော့ ဒီမှာ

အတွက်အချက် ဒိုင်ရာဂရမ်တွေ ဆွဲထားတဲ့ စာရွက်ဖြူကို

ငေးကြည့်ရင်း

သင်္ချာ ဘာလို့ မသင်တာလဲ

ငါ့ကိုယ်ငါ ပြန်မေးမိတယ်

အမေ့စကား နားထောင်ခဲ့ရ ကောင်းသား

အိမ်မက်တွေကို ကုန်တင်ရထားတစ်စီးလို တက်ခွစီးရင်း

အရင်လို အမေ သနပ်ခါး လိမ်းတာ ထိုင်ကြည့်ချင်စိတ် ပေါ်မိတယ်

အိမ်မက် စီးရီး ၁

မျက်နှာဟာ အိပ်ရာက ထရင် စီးကပ်ကပ်ဖြစ်နေတယ်

တစ်ခါတစ်လေ အိမ်မက်ထဲမှာ ငိုရင်းနဲ့ အပြင်မှာပါ ငိုချမိတယ်

ဂျိုင်းက အနံ့မရပေမဲ့ ချွေးတွေ ထွက်နေသလိုပဲ

အခုတလော နိုးနိုးချင်း မျက်နှာလည်း မသစ်ဖြစ် သွားလည်း မတိုက်ဖြစ်

နေမမြင့်ခင်တော့ တံမြက်စည်းလှဲ ဟင်းချက်ပါဦးမယ်

 

လေထဲမှာ ဝဲ ဝဲ သွားပြီး ဖမ်းရခက်တဲ့ အဖြူရောင် ဖုန်မွှေးတွေက ဘယ်က ရောက်လာတာလဲ တံမြက်စည်းလှဲတိုင်း တွေးမိတယ်

သူတို့ကို မရမက လိုက် လိုက် ဖမ်းရင်း ကလေးတစ်ယောက်လို မြူးရမဲ့အစား စိတ်မရှည်ဘူး

မနက်နေက ထမင်းစားစားပွဲနောက်ကနေ မျက်နှာကို လာထိုးတယ်

၃ လက်မ သာသာလောက်ရှိတဲ့ ကန္တာရ သစ်ဆူးပင်လေးက နေရောင်အောက်မှာ လှလိုက်တာ

ရေမသောက်ဘဲ နေပဲသောက်တဲ့ အပင်တွေကို အားကျမိတယ်

ဝမ်းစာတွေ ဘယ်လောက်တောင် ကြိုစုထားလဲလို့

လှုပ်လှုပ် လှုပ်လှုပ် လုပ်လိုက်တိုင်း မောတတ်တဲ့ ကျွန်မလို မဟုတ်ကြဘူးနော်

 

ဆန်အဖြူတွေကို ဆန်ရိုင်းနဲ့ ၂ လုံး ၁ လုံးအချိုးထည့်ပြီး အိုးထဲမှာ နာနာဆေးတယ်

ဆန်စေ့တွေ လက်ကြားထဲ ပွတ်ပွတ်သွားတဲ့ အရသာက တရားထိုင်ရသလိုပဲ

အသားမာတက်ခါစ လက်တွေက ဆန်ဆေးဖို့အတွက် အကောင်းဆုံး တန်ဆာပလာဖြစ်နေပြန်တယ်

ဘေစင်နောက်နားကနေ နောက်ဖေးက အပင်ရိုင်းတွေကို ကြည့်မိတယ်

ခုတ်ပစ်ရမယ် ခုတ်ပစ်ရမယ် တွေးရင်း လူအရပ်ကျော်သွားကြပြီ

ခုတ်ပစ်သင့်သေးသလား

‌ဖြည်းဖြည်းချင်းစီ နယ်ရင်းဆေးရင်း ထွက်လာတဲ့ အဖြူညစ်ရောင်အရည်တွေက သစ်ပင်တွေအတွက် နေ့လည်စာ ရတယ်

တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့

 

ထမင်းအိုးတည်ထားတုန်း အိမ်ရှေ့မှာ ခဏထိုင်တော့ ခွေးလေးက အနားလာတယ်

နေရာတွေ အကျယ်ကြီး ရှိနေတာတောင်မှ ဘာလို့ အသားချင်းကပ်ချင်ရတာလဲနော်

သူ့အမွှေးတွေကို ပွတ်သပ်ပေးရင်း ကျွန်မလည်း စိတ်သက်သာရာရတယ်

တမင်တကာ ဗီဇပြုပြင်ခံထားရတဲ့ သူကလည်း ကြိုက်တဲ့ပုံပဲ

ညနေကျရင် ဘောလုံးကို လေထဲ မြှောက်ပစ် ပစ်ပေးရင်း ဆော့ကြဦးမယ် ကြည့်

စ တယ်ဆိုတာ ချစ်လို့လည်း ပါတယ်နော်

ဒါပေမဲ့ ကျွန်မအချစ်တွေက တစ်ခါတစ်လေ ရိုင်းတယ်

နိူင်ထက်စီးနင်း နာမည်တွေကို ချစ်စနိုးလို့ တပ်ခေါ်ရတာ ပါးစပ်ထဲ နားထဲ တစ်တစ်ခွခွပဲ

 

ခဏနေရင် ဧည့်ခန်းထဲအထိ လှိုင်လာတဲ့ ထမင်းနံ့တွေကို မျက်စိမှိတ်ပြီး သေချာရှုမိတယ်

ဘာအရသာမှ မယ်မယ်ရရ မရှိတာတွေကို ဘာလို့ ကြိုက်ရတာလဲ ကျွန်မ မသိဘူး

နေ့လည်စာ လက်ဆုံစားဖို့ မရှိတဲ့ ဧည့်သည်တွေကို ပြတင်းက မျှော်မိတယ်

နောက်တော့လည်း ငပိရည်ကို ထမင်းနဲ့နယ်ပြီး သခွားသီးစိမ်းနဲ့ တစ်ယောက်တည်း တို့စားရတာပါပဲ

ဘေးနားမှာ စိတ်ရှည်လက်ရှည်စောင့်နေတဲ့ ခွေးလေးကို သခွားသီး တစ်ဖတ် နှစ်ဖတ် ကျွေးဦးမယ်

ဘဲဥချက်တဲ့နေ့တွေဆို အကာသားကို လျှာနဲ့ သေချာစုပ်ပြီးမှ သူ့ကို ကျွေးတယ်

ဒါပေမဲ့လည်း အရိုးတွေစားပြီး ပြန်အန်ထုတ်တဲ့ နေ့တွေ ရှိတာပဲ

ဒီနေ့က ခေါင်းအုံးစွပ်တွေ လဲရမဲ့နေ့လေ

လက်သည်းတွေ ကျိုးကောင်းကျိုးနိူင်တယ်

ခေါင်းအုံးစွပ်ဆို အရောင်တောက်တောက်ကလေးတွေ ပိုကြိုက်တယ်

ငယ်တုန်းပဲ အရောင်တောက်တောက်ကလေးတွေ ဝတ်ရတာလို့ အမေက ပြောဖူးတယ်

အနီရောင်တွေ၊ ပန်းရောင်တွေ ဗီဒိုထဲ အပြည့်ပဲ

နောက်တော့ အမေ သူများ ပေးလိုက်တယ်

ကျွန်မ မငယ်တော့ဘူး

 

နေ့မြင့်လာရင် ကျွန်မ စာထိုင်ရေးမိတယ်

အရည်မရ အဖတ်မရ ပေါက်တတ်က‌ရတွေရော

ပေါက်ပေါက်စစတွေရော

အို ဘာဖြစ်လဲ

ကိုယ့်အတွက်ကိုယ် ရေးတာပဲ

ဘာလို့ သူများကြိုက်မှာ မကြိုက်မှာ စိတ်ပူကြတာလဲဟင် 

ဦးနှောက်ညောင်းလာရင်တော့ အိပ်ခန်းကို ဆေးသုတ်ဦးမယ်

အစိမ်းနုရောင်လေးဆို မျက်စိအေးမယ် တွေးပေမဲ့ ဆေးဆိုင်ထဲက လိမ္မော်ရောင်‌အတန်းနားမှာ တဝဲလည်လည် ဖြစ်ရပြန်တယ်

စိတ်ထဲမကောင်းရင် ဆေးသုတ်ရတာလည်း ခက်တယ်

အနားစတွေ သတ်ဖို့ လက်မညီဘူး

အဲ့ဒါကြောင့် ပန်းချီကားတွေ ဆွဲတိုင်း တိတိပပ ပုံတွေ မဆွဲဖြစ်ဘူး

ဖြစ်ကတတ်ဆန်းပဲ ဆေးတွေ ပက်မိတယ်

 

ညနေ‌စောင်းရင်တော့ ကျနေက ပုဇွန်ဆီရောင် ကာနေးရှင်းတွေကို လာဟပ်တယ်

အိမ်က ပြန်စည်လာတယ်

ဧည့်ခန်းက ဆက်တီခုံတွေကြား ခွေးလေးနဲ့ ပြေးဆော့မိတယ်

ကျွန်မ မောလိုက်တာ

ထမီဝတ်ထားရင် သူကိုက်မိလွယ်လို့ ဘောင်းဘီပြောင်းဝတ်ပြီး ပြေးတယ်

ငယ်ငယ်တုန်းက အိမ်လို တံခါးတွေ အစေ့ ပြန် မပိတ်တတ်တဲ့ နှလုံးက ပြီးရင် လှိုက်နေတာပဲ

တစ်နေ့‌နေ့ အဲ့တံခါးက ဝုန်းခနဲ ပွင့်ထွက်ဦးမှာပါပဲ

 

တစ်နေကုန် ဖိနပ်မစီးဖြစ်ဘူး

ခြေစွပ်တွေလည်း ပေးပစ်လိုက်သင့်ပြီ ထင်တယ်

ဖုန်တွေ တက်နေတဲ့ ခြေထောက်ကို သူ့နားရွက်နှစ်ဖက်ဆွဲပြီး နဖူးကို နမ်းမိသလို လျှာနဲ့ အယက်ခံရဦးမှာပဲ

ခြေထောက်တွေက ဘယ်တော့မှ မအေးပါဘူး

 

၇ နာရီလောက်ဆို အိပ်ရာထဲရောက်နေပြီ

သတင်းတွေ ဖတ်တယ်

နမ်းတယ်

အိပ်ရာဘေးမှာ ရေတစ်ခွက်တော့ အမြဲထားရတယ်

ညသန်းခေါင် လည်ချောင်းတွေ ခြောက်ပြီး နိုးလာတတ်လို့လေ

အိမ်မက်ထဲမှာ စံပယ်ပန်းကုံးတွေအပြည့်နဲ့ ဂူထဲ ရောက်ရောက်သွားပြန်တယ်

ဖျင်ကြမ်းအင်္ကျီနဲ့ ဦးလေးကြီးက လာလာခေါ်တယ်

ဘုရား သွားဖူးရအောင်တဲ့

ကလေးလေး ဖြစ် ဖြစ်သွားပြန်တယ်

မနက်နိုးရင်တော့ အနံ့မရပေမဲ့လည်း ကျွန်မကိုယ် ချွေးတွေနဲ့ စီးကပ်ကပ် ဖြစ်နေလိမ့်ဦးမယ်

ကန္တာရဆင်

ပန်းခြံထဲမှာ ကန္တာရဆင်နှစ်ကောင် ထိုင်နေတယ်

မျက်စိကို အဖောက်ခံရတဲ့ မင်းသမီးလေးအလား ငိုကြွေးဖို့‌ နေနေသာသာ

မြင်နေတဲ့ မျက်လုံးတွေကို အဲ့ဒီဆင်တွေ ကန်းပစ်လိုက်ချင်ကြတယ်

 

တောင်ပိုင်းက တိမ်တွေက

ခရီးနယ်လွန်လာတဲ့ ဆင်တွေကို

ကုန်းအဆင်းမှာ ပြန်တွေ့တော့

သူတို့ရဲ့ အသားမာတက်နေတဲ့ ဖဝါးတွေကို အံ့ဩသင့်နေကြတယ်

 

ခဏဖြစ်ဖြစ်ပါပဲ

နေရောင်တွေ ထိန်နေတဲ့

တိုက်ခန်းကျဉ်း‌ထဲမှာ

ကမ္ဘာအသစ်တစ်ခု

ဆောက်ကြည့်ချင်တယ်

 

ဘာသာစကားတွေ ပြောတတ်နေဖို့

မလိုပါဘူး

ကြင်နာတတ်တဲ့ အကြည့်တွေနဲ့

နူးညံ့တဲ့ နှာမောင်းချင်း တိုးခွေ့မှုတွေပဲ ဆင်တွေ လိုအပ်တယ်

 

တိမ်တွေက သနားလို့

မိုးပါရွာချပေးရင်တော့

ကန္တာရဆင်တွေရဲ့

ခြောက်ကပ်နေတဲ့ အရေပြားတွေ

ခဏတာ စိုစွတ်ခွင့်ရတာပေါ့လေ

ဇွန် ၁၂၊ ၂၀၂၂

အိမ်နဲ့ငါက ဝေးတယ်

အိမ်နဲ့ငါက ဝေးတယ်

အခွင့်ထူးခံစားမှုလို့ လူတွေက ခေါင်းစဉ်တပ်နေတဲ့အချိန်

ကမ္ဘာတစ်ခြမ်းမှာ ဖိနှိပ်မှုတွေ ရှိနေတုန်းပဲ

မဂ္ဂဇင်းတွေက ပလူပျံအောင် ထုတ်နေကြတဲ့

အဖြူအမည်းဓါတ်ပုံတွေက ဘာလို့ ဖိုစော်နံနေသေးတာလဲ

လက်နဲ့ မညှစ်နဲ့ လက်ယောင်ထမယ်လို့

အမေပြောတာ မှတ်မိနေသေးပေမဲ့

ငါ လက်ညစ်ပတ်ကြီးနဲ့ သွားသွားညှစ်မိနေတယ်

ဒီတိုင်းထားလိုက်ရင်ရော

ဖြစ်တည်မှုဆိုတာ မရှိတော့ဘူးလို့ ပြောနိူင်မလား

ဖွင့်မပြောရင်ရော

ဖြစ်တည်မှုဆိုတာ မရှိတော့ဘူးလို့ ပြောနိူင်မလား

ချမရေးရင်ရော

ဖြစ်တည်မှုဆိုတာ မရှိတော့ဘူးလို့ ပြောနိူင်မလား

အိမ်နဲ့ ငါက ဝေးတယ်

မနက်ဖြန်ပွင့်မဲ့ ပန်းတွေအတွက်

ငါ့ခံစားချက်တွေက

လူမသိ သူမသိ အင်ပို့ မြေဩဇာတွေပေါ့

မခြင်္သေ့

ဖေဖော်ဝါရီလ ၅ ရက် ၂၀၂၂

ပုံ – မန္တလေးမှာ နေဝင်စဉ်

 

မနုဿဗေဒက ငါ့ကိုညာတယ်

ငါတို့ဟာ ပုံပြင်တွေအတွက်‌ အသက်ရှင်နေကြတယ်

ပုံပြင်တွေကို တောင်းတနေကြတယ်

ဟိုးအချိန်‌ရှေးရှေးကတည်းက နောက်ဆုံး လေ့လာခွင့်ရတဲ့အထိ

ပါဝင်ဖြစ်တည်မှုက ဘယ်နေရာမှာ ဆုံးပြီး

လေ့လာမှုက ဘယ်နေရာမှာ စတာလဲ

နိူင်ငံသားမှတ်ပုံတင်တွေကို ကျော်လွန်နေထိုင်တဲ့ မိန်းမတစ်ယောက်အတွက်

စ၊ လည်၊ ဆုံး

ပုံပြင်တွေကို

ယူရိုပီးယမ်းသီအိုရီလေးတွေ ကြားညှပ်ပြီး

ဒါမှမဟုတ်

နှမ်းဖြူးပြီး

မှန်သလား မှားသလား

အစီအစဉ်ပြုကြဦးမယ် ပုံပြင်တွေလား သီအိုရီတွေလား

ဘာက ပိုအရေးကြီးတာလဲ

ငါ သူတို့ရဲ့ ကောက်ကျစ်တဲ့အ‌ဖြေတွေ ကြိုသိနေပြီးသားပါ

ငါတို့က ပုံပြင်တွေ စုဆောင်းတဲ့သူပါလို့

ထပ်ခါ ထပ်ခါ အော်ရုံနဲ့ ဘယ်သူက လာနားထောင်မှာလဲ

လူတိုင်းမှာ အစီအစဉ်တကျဖြစ်နေတဲ့ ပုံပြင်တွေ မရှိလို့ပဲ

ဖူကိုးလ်အတွက်၊

ဟေဂယ်လ်အတွက်၊

မာ့စ်အတွက်၊

ဒါခ်ခိုင်းဟ်အတွက်၊

ဒလူဇ်အတွက်

ဆောရီးပါ

သူတို့နာမည်တွေ ရွတ်ရုံနဲ့ ငါ့ပုံပြင်တွေ အဓိပ္ပါယ်ရှိသွားသယောင်ယောင်

ငါ့ခေါင်းထဲ ရိုက်သွင်းခံထားရတယ်

ဒါဆို ဘာလို့

နေပူကျဲတဲကြီးထဲမှာ ငုပ်တုတ်ထိုင်ပြီး

သူ့စောက်ဖုတ်ထဲ ဒံပေါက်ထည့်ကျွေးနေတဲ့

ဖျားနာနေတဲ့ မိန်းမတစ်ယောက်ကို ထိုင်ကြည့်ရတာက

ငါ့ကို လူတန်းစားအကြောင်း ပိုသင်ပေးတာလဲ

ဘာလို့

လူဖြူပညာတတ်ယောင်္ကျားတချို့ တစ်စုံတစ်ယောက်သော တွေးခေါ်ပညာရှင်ရဲ့ နာမည်ကို ရိုင်းစိုင်းတဲ့ ပူစီအခေါ်အဝေါ်နဲ့

ဆိုရှယ်မီဒီယာပေါ်မှာ နှိုင်းယှဉ်ကျီစယ်ကြတာက

ငါ့ကို ဂျန်ဒါအကြောင်း ပိုသင်ပေးတာလဲ

ဒါပေမဲ့

ကွင်းထဲမှာ တစ်နှစ်ခွဲလောက်တော့ နေရဦးမယ်

တော်သေးတာပေါ့

ကွင်းထဲမှာ မဟုတ်နေလို့ ဒါပေမဲ့ သနားစရာပဲ

ကွင်းထဲ မရောက်နေလို့

ကွင်းက ဘယ်မှာလဲ

တိမ်တွေနဲ့အတူ ရွေ့လျားနေတဲ့ မိန်းမတစ်ယောက်အတွက်

သိမ်းငှက်တွေ ဝဲနေတဲ့ အုန်းတောထဲမှာပဲ ဖြစ်ရမယ်

လယ်သမားရဲ့ ငါးခြောက်ဖုတ်ကို အလစ်သုတ်ဖို့ ကြိုးစားနေကြသလို

ဝဲလိုပဲ

သူတို့ အပေါ်ကို တက်ဖို့ ငါတို့ကို ဆွဲနစ်ကြတယ်

ပုံပြင်တွေက ခန္ဓာကိုယ်ထဲနေတဲ့အခါ

စာအုပ်တွေက ခရုခွံတွေ ဖြစ်သွားတယ်

တစ်ခါတစ်လေ

ပုံပြင်တွေကို ပေးမဖတ်ဘဲ သေခွင့်ပေးလိုက်သင့်တယ်

အဆီအငေါ် တည့်ချင်မှလည်း တည့်မယ်

အထူးသဖြင့် ကောင်းကောင်းကြီး အညာခံလိုက်ရတဲ့ အခါမျိုးမှာပေါ့

 

Continue reading “မနုဿဗေဒက ငါ့ကိုညာတယ်”

ငါကမသန့်ရှင်းဘူး

ဟေရှန် လူမည်း မနုဿဗေဒပညာရှင် မီရှယ် ရှောဖ် ထရူယိုရဲ့ “မနုဿ‌‌ဗေဒနှင့် လူရိုင်းအံခွက်၊ အခြားလူဖြစ်ရခြင်း၏ နိူင်ငံရေးနဲ့ ကဗျာဆန်မှု”ဆိုတဲ့ စာတမ်းကို ရည်မှန်းပြီး ၂၀၂၁ ခုနှစ်အောက်တိုဘာလက ရေးဖြစ်ခဲ့တဲ့ကဗျာတစ်ပုဒ်ပါ မူရင်းကို အင်္ဂလိပ်လို ရေးခဲ့ပါတယ် အခု မြန်မာပြန်ပေးလိုက်ပါတယ်

 

ငါကမသန့်ရှင်းဘူး

 

တစ်ခါတုန်းက

လူဖြူယောင်္ကျားတစ်ယောက်က

ငါ့ကို ခနဲ့တဲ့တဲ့ ပြောဖူးတယ်

“အော် နင်က မြို့ပေါ်ကလား

နယ်စပ်က တိုင်းရင်းသားတွေလောက်

စိတ်ဝင်စားစရာ မကောင်းဘူး” တဲ့

 

ပညာရှင်ဆန်ဆန် စိတ်ဝင်စားလို့ပါဆိုတဲ့

မျက်နှာဖုံးအောက်က

လူဖြူ ဖိုသဘောသဘာဝ

အငေးအမောအတွက်

ငါဟာ မသန့်ရှင်းပါဘူး

 

ငါဟာ

မက်ထရိုပိုးလ်က

မော်ဒန် သီအိုရီတွေကို စမ်းသပ်တဲ့

တိုင်းတစ်ပါးခြား

ဓါတ်ခွဲခန်းထဲက

နမူနာပိုးကောင်တစ်ကောင်

ဖြစ်နေလို့ပဲ

 

ငါဟာ

ဂလိုဘယ်လိုက်ဇေးရှင်းရဲ့

ရေစီးကြောင်းထဲ မျောနေတဲ့

သစ်သီးအပိုင်းအစတစ်ခု

ဖြစ်နေလို့ပဲ

(ငါနေထိုင်ရာက ဘယ်မှာလဲ

ခြေထောက်တွေ မြေမထိ လေမမိ)

 

ငါဟာ

သောင်ပြင်မှာ

သခင်ခေါ်ရာမဲ့

လေလွင့်နေတဲ့

ခွေးမတစ်ကောင်

ဖြစ်နေလို့ပဲ

 

မှန်ပါတယ်

နင့်ရဲ့ လူရိုင်းအံခွက်ထဲကို

သေသေချာချာ

ဝင်နေရ‌လောက်အောင်

ငါဟာ မသန့်ရှင်းဘူး

 

မခြင်္သေ့

အောက်တိုဘာ ၁၈၊ ၂၀၂၁

ပုံ – သံပြတင်းမှာ လေသလပ်ထားတဲ့ တို့ပတ်ပဝါ

 

I am impure.

 

Once upon a time,

a white man jeered at me.

“Oh you are from the city? Not as interested as those ethnic folks in the borderlands.”

I am impure in that white masculine gaze masked under intellectual curiosity.

 

For I am a specimen in an oversea modernist lab designed to test out hypotheses for the metropole,

For I am a piece of fruit whose scraps managing to stay afloat in the currents of globalization (where is the local? My feet are ungrounded…)

For I am just a bitch released without anyone in sight to call “Master” on the shore.

 

So, it’s true

I am impure enough to not fit into your savage slot.

 

Inspired by Michele-Rolph Trouillot’s “Anthropology and the Savage Slot: The Politics and Poetics of Otherness”.