ကန္တာရဆင်

ပန်းခြံထဲမှာ ကန္တာရဆင်နှစ်ကောင် ထိုင်နေတယ်

မျက်စိကို အဖောက်ခံရတဲ့ မင်းသမီးလေးအလား ငိုကြွေးဖို့‌ နေနေသာသာ

မြင်နေတဲ့ မျက်လုံးတွေကို အဲ့ဒီဆင်တွေ ကန်းပစ်လိုက်ချင်ကြတယ်

 

တောင်ပိုင်းက တိမ်တွေက

ခရီးနယ်လွန်လာတဲ့ ဆင်တွေကို

ကုန်းအဆင်းမှာ ပြန်တွေ့တော့

သူတို့ရဲ့ အသားမာတက်နေတဲ့ ဖဝါးတွေကို အံ့ဩသင့်နေကြတယ်

 

ခဏဖြစ်ဖြစ်ပါပဲ

နေရောင်တွေ ထိန်နေတဲ့

တိုက်ခန်းကျဉ်း‌ထဲမှာ

ကမ္ဘာအသစ်တစ်ခု

ဆောက်ကြည့်ချင်တယ်

 

ဘာသာစကားတွေ ပြောတတ်နေဖို့

မလိုပါဘူး

ကြင်နာတတ်တဲ့ အကြည့်တွေနဲ့

နူးညံ့တဲ့ နှာမောင်းချင်း တိုးခွေ့မှုတွေပဲ ဆင်တွေ လိုအပ်တယ်

 

တိမ်တွေက သနားလို့

မိုးပါရွာချပေးရင်တော့

ကန္တာရဆင်တွေရဲ့

ခြောက်ကပ်နေတဲ့ အရေပြားတွေ

ခဏတာ စိုစွတ်ခွင့်ရတာပေါ့လေ

ဇွန် ၁၂၊ ၂၀၂၂

စိတ်ကူးယဥ်ပါ

ရုပ်ရှင်တွေထဲမှာဆို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေကို ကျွန်မ သဘောကျမိတယ် သိပ္ပံနဲ့ တက်ကနောလောဂျီကနေပဲ ကျွန်မတို့တွေရဲ့ ဘဝတွေကို ပြောင်းလဲစေမယ်လို့ ထင်လို့တော့ မဟုတ်ပါဘူး ဒါပေမဲ့ လက်ရှိနေထိုင်‌‌နေရတဲ့ ကမ္ဘာနဲ့ မတူတဲ့ ကမ္ဘာအသစ်တွေကို စိတ်ကူးယဉ်ကြည့်ရတာကို သဘောကျမိလို့

 

ဖိနှိပ်နေတဲ့ စနစ်တွေကို ဖြိုဖျက်ချဖို့အတွက် သာမန်အတိုင်းမဟုတ်တဲ့၊ သာမန်လက်သင့်ခံထားတဲ့ နေပုံထိုင်ပုံ ပြုမူကျင့်ကြံပုံတွေကနေ သွင်မတူ ကွဲပြားတဲ့ ကမ္ဘာအသစ်တွေကို မြင်ယောင်သရုပ်ဖော်တတ်ဖို့လည်း အရေးကြီးပါလား

 

ဒါကတော့ တစ်နေ့က ကျွန်မအသိ ပါကစ်စတန်အမေရိကန် မနုဿဗေဒပညာရှင် ပါမောက္ခဆရာမတစ်ယောက် ဝေမျှပေးတဲ့ အမေရိကန် လူမည်းစာရေးဆရာမ တိုနီမောရစ်ဆင်ကို ၂၀၀၁ ခုနှစ်တုန်းက ကွန်နစ်တစ်ကပ်စကားဝိုင်းမှာ အင်တာဗျူးထားတဲ့ အပိုင်းလေးတစ်ပိုင်းကို ကြည့်လိုက်ပြီး ကျွန်မ တွေးမိဝာာပါ အင်တာဗျူးမေးသူက တိုနီမောရစ်ဆင်ကို မေးပါတယ် “ငါတို့တွေဟာ ဖိနှိပ်မှုစနစ်တစ်ခုမဟုတ် တစ်ခုရဲ့ သားကောင်တွေ ဖြစ်နေတော့ အဲ့ဒီ့စနစ်တွေအောက်ကနေ ဘယ်လို လုံးဝဥဿုံ ရှင်သန်လွတ်မြောက်အောင် နေမလဲ?” တဲ့ (အဲ့ဒီ့ အင်တာဗျူးအပိုင်းရဲ့ လင့်ခ်ကို အောက်မှာ ထည့်ပေးထားပါတယ်)

 

မောရစ်ဆင်ရဲ့ အဖြေကတော့ အောက်က အတိုင်းပါ မြန်မာလို ဘာသာပြန်ပေးထားပါတယ်

 

“Sometimes you don’t survive whole; you survive in part but the grandeur of life is that attempt. It’s not about the solution. It is about being fearless as one can and behaving as beautifully as one can under completely impossible circumstances. It’s that what makes it elegant. Good is more interesting, more complex, more demanding. Evil is silly. It may be horrible but at the same time it’s not a compelling idea. It’s predictable. It needs a tuxedo. It needs a headline. It needs blood. It needs fingernails. It needs all that costume in order to get anybody’s attention. But the opposite which is survival, blossoming, endurance…those things are more compelling intellectually if not spiritually. They certainly are spiritually. This is a more fascinating job. We ARE already born. So we ARE going to die. So you have to do something interesting, that you respect in between.”

 

“တစ်ခါတစ်လေ ကျွန်မတို့ လုံးဝဥဿုံတော့ မလွတ်မြောက်ပါဘူး တစ်ခါတစ်လေ တစ်စိတ်တစ်ပိုင်းပဲ လွတ်မြောက်ချင် လွတ်မြောက်မယ် ဒါပေမဲ့ အသက်ရှင်ခြင်းရဲ့ ကြီးမြတ်မှုဆိုတာ အဖြေထွက်ခြင်းထက် လွတ်မြောက်ဖို့ ကြိုးပမ်း‌နေခြင်းပဲ အဲ့ဒါဟာ ဘဝမှာ ဘယ်လိုမှ မဖြစ်နိူင်တဲ့ အခြေအနေတွေကြားထဲက‌နေ အကြောက်တရားမရှိအောင် အလှပဆုံးဖြစ်အောင် အတတ်နိူင်ဆုံး နေထိုင်ခြင်းကို ဆိုလိုတယ် ကြော့မော့တယ်ဆိုတာ အဲ့ဒါကိုပြောတာ အကောင်းတရားတွေက ပို စိတ်ဝင်စားဖို့ကောင်းတယ် ပို နက်နဲတယ် ပိုပြီးတော့လည်း တောင်းဆိုတယ် မကောင်းဆိုးဝါးဟာ ရူးကြောင်မူးကြောင်နိူင်တယ် အရမ်းကို ဆိုးဝါးကောင်းဆိုးဝါး‌နေပေမဲ့ တစ်ချိန်တည်းမှာလည်း ဆွဲဆောင်မှုမရှိဘူး ခန့်မှန်းရလွယ်တယ် မကောင်းဆိုးဝါးဟာ ကုတ်အင်္ကျီလိုတယ် ခေါင်းစဉ်လိုတယ် လက်သည်းရှည်တွေ လိုတယ် သွေးတွေ လိုတယ် လူတွေရဲ့ အာရုံစိုက်ခံရဖို့ အဲ့ဒီလို အဝတ်အစားတွေ လိုတယ် ဒါပေမဲ့ သူ့ရဲ့ တစ်ဘက်ခြမ်းမှာကတော့ ရှင်သန်မှု၊ ပွင့်လန်းမှုနဲ့ ကြာရှည်ခံမှုတွေ သူတို့တွေက စဉ်းစားတွေးခေါ်မှုတွေအတွက် (စိတ်အာရုံအရမဟုတ်ရင်တောင်မှ) ဆွဲဆောင်တယ် စိတ်အာရုံအရလည်း သေချာ ဆွဲဆောင်ပါတယ် ဒါက တကယ့်ကို ညို့ဝင်စေတဲ့ အလုပ်တစ်ခုပဲ ကျွန်မတို့တွေက မွေးဖွားပြီးသားလူတွေပါ တစ်နေ့မှာလည်း သေကို သေကြမှာပါ အဲ့တော့ ဒီ မွေးဖွားခြင်းနဲ့ သေခြင်းကြားထဲမှာ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ်လေးစားတဲ့ အလုပ်တစ်ခုကိုတော့ လုပ်ကိုလုပ်ရမယ်”

 

မောရစ်ဆင်ရဲ့ ဒီအဖြေဟာ တစိမ့်စိမ့်တွေးလေ ကျွန်မတို့လို ကိုယ့်အပေါ်ကို၊ ကိုယ့်ပတ်ဝန်းကျင်ကို ဖိနှိပ်ထားတဲ့ စနစ်တွေ၊ ဝါဒတွေကို တိုက်ဖျက်ဖို့ စိတ်ဝင်စားသူတိုင်း၊ လုပ်နေသူတိုင်းအတွက် အဓိပ္ပါယ်ရှိတယ်လို့ ကျွန်မ မြင်မိတယ် တော်လှန်ရေးအလုပ်ကို တစ်စိတ်တစ်ပိုင်း လုပ်နေကြသူတိုင်း တော်လှန်ရေးထဲ ကိုယ်ထိလက်ရောက် မလုပ်နေပေမဲ့ ဖိနှိပ်မှုတွေကို သတိပြုမိလာသူတိုင်း တစ်ချိန်ချိန်မှာ ဒီစနစ်တွေရဲ့ ကြီးမားနက်ရှိုင်းမှုတွေကို သဘောပေါက်လာပြီးသကာလ ငါတို့ ဘာများ ဆက်လုပ်လို့ ရဦးမှာလဲ ငါတို့ လုပ်နေတာတွေက ပြောင်းလဲမှုရော ရှိရဲ့လား ဘာ‌များ ထူးရော ထူးနေလို့လဲ ဒုံရင်းက ဒုံရင်းပဲလို့ တွေးမိလာ‌တာတွေ ရှိပါတယ်

 

ကျွန်မကိုယ်တိုင်လည်း ကိုယ် ကောင်းမယ်ထင်လို့ လုပ်နေတဲ့ စနစ်ကို တိုက်ဖျက်မှု အုတ်တစ်ချပ် သဲတစ်ပွင့်တွေဟာ ကျွန်မနဲ့ တိုက်ဖျက်မှုလမ်းကြောင်း တူသယောင်ထင်ရတဲ့သူတွေဆီက‌နေ ကဲ့ရဲ့မှုတွေ ဝေဖန်မှုတွေ ရှိလာတဲ့အခါ၊ သူတို့တွေကိုယ်တိုင်က ပြန်ကျင့်သုံးလာတဲ့ ဖိနှိပ်မှုတွေ ဟိုဟိုဒီဒီတွေ့လာ ကြားလာရတဲ့အခါ ကျွန်မ ကောင်းမယ် ထင်လို့ လုပ်နေတာတွေက ဘာအဓိပ္ပါယ်တွေများ ရှိနေသေးလို့လဲလို့ တွေးမိတာတွေ ရှိပါတယ် ဒါက ဝေဖန်တာကို မခံနိူင်တာ ပြောတာ မဟုတ်ပါဘူး ကောင်းသော ဝေဖန်ခြင်းထက်၊ တူညီသော ဆုံမှတ်တွေကနေ လက်တွဲ လုပ်ကိုင်လို့ ရရက်နဲ့ ဘောင်တွေ ခတ်လာတဲ့ အခါမျိုးကို ဆိုလိုတာပါ

 

အထူးသဖြင့် စစ်အာဏာရှင်စနစ်တစ်ခုတည်းကို ဖြိုချဖို့တင်မက စစ်အာဏာရှင်စနစ်ကို မွေးမြူပေးလိုက်တဲ့၊ အစာကျွေးနေတဲ့ တခြားသော စနစ်တွေ ဝါဒတွေကိုပါ ပြန်လည်ဖြိုဖျက်ချင်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်မတို့ တိုက်ရမဲ့ပွဲဟာ စစ်တပ်ကို တိုက်ပြီးလည်း မပြီးသေးဘူးဆိုတာကို သဘောပေါက်လာတဲ့အခါ ဒီစနစ်တွေနဲ့ ကင်းလွတ်နေတဲ့ နေရာကို မျက်စိထဲ မြင်ယောင်ကြည့်ဖို့ ခက်ခဲလာတတ်တာမျိုးတွေ ရှိကောင်း ရှိနိူင်ပါတယ် စနစ်ကို ပေါ်ပေါ်ထင်ထင် မတိုက်နေတဲ့သူတွေကိုလည်း စနစ်ရဲ့ သားကောင်တွေပဲ လက်ကိုင်တုတ်တွေပဲလို့ အပေါ်ယံ သုံးသပ်မိလာတာမျိုးတွေ ရှိကောင်း ရှိနိူင်ပါတယ် ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် စိတ်ညစ်ညူးစရာ မကောင်းဆိုးဝါးတွေဟာ ကျွန်မတို့တွေရဲ့ အာရုံကို ဖမ်းညို့ထားတယ်

 

တလောက မြန်မာပြည်က ဗမာတွေရဲ့ နိူင်ငံတွင်း ကိုလိုနီစနစ်အောက်မှာ ဖိနှိပ်ခံခဲ့ရတဲ့၊ သူတို့ရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့တွေကို ဝါးမျိုခံလိုက်ရတဲ့ လူမျိုးစုတစ်စုနဲ့ ကိုလိုနီစနစ်ကို ချွတ်ချခြင်းအကြောင်း ဆွေးနွေးကြတဲ့ အခါမှာလည်း ဒီအကြောင်းအရာနဲ့ နောက်ဆုံးမှာ ပြန်ပတ်သက်သွားပါတယ် သူတို့က သုံးသပ်တယ် ကိုလိုနီစနစ်ကို ချွတ်ချဖို့ဆိုတာ ဖြစ်ရော ဖြစ်နိူင်ရဲ့လားပေါ့ ဒီလောက်တောင် နှစ်ပေါင်းများစွာ ဖိနှိပ်ဝါးမျိုခံလာရသူတွေအနေနဲ့ ဘယ်လိုမျိုး ကိုလိုနီစနစ်မတိုင်ခင်က ကျွန်မတို့ရဲ့ ဘိုးဘွားဘီဘင်လက်ထက်က ဘဝတွေကို ပြန်ကျင့်သုံးနေထိုင်ကြမလဲ‌ပေါ့ ဒီမေးခွန်းတွေဟာလည်း လက်‌တွေ့အရ မေးသင့်တဲ့ မေးခွန်းတွေပဲ ကျွန်မ အတန်းထဲက လူမည်းကျောင်းသူတစ်ဦးကတော့ သူ့အမြင်အရ ကိုလိုနီစနစ်ကို ချွတ်ချဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိူင်တဲ့အတွက် ရှိနေတဲ့ အခြေအနေကိုပဲ ပိုကောင်းအောင် ပြုပြင်နေထိုင်သင့်တယ်လို့ သူကတော့ သုံးသပ်တယ်တဲ့ ဒါကလည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ် မဖြစ်ဘူးလို့တော့ ကျွန်မ မပြောချင်ဘူး ကျွန်မတစ်ကိုယ်ရည်အတွက်ကတော့ ပုပ်အဲ့နေတဲ့အနာကို ပလာစတာအသစ်တွေ ခဏ ခဏကပ်နေတာထက် ပြည်တွေကို ညှစ်ထုတ်လိုက်ချင်တယ် အဲ့ဒီလက်ကို ဖြတ်ပစ်ဆိုလည်း ဖြတ်ပစ်လိုက်ချင်တယ်

 

ဒါပေမဲ့ ကျွန်မ ဒီစကားဝိုင်းတွေကနေတဆင့် ပိုပို တွေးမိလာတာက ကိုလိုနီစနစ်ကို ချွတ်ချတာတို့ တခြားသော ဖိနှိပ်မှုတွေကနေ လွတ်မြောက်အောင် ကြိုးစားတယ်ဆိုတာ ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေတင်မကဘဲ စိတ်အာရုံပိုင်းဆိုင်ရာတွေကိုပါ ထိန်းကျောင်းရမဲ့ အပိုင်းတွေကလည်း အများကြီး အရေးပါနေတယ်ဆိုတာကိုပါပဲ ဒါကတော့ ဥပမာ ကိုလိုနီစနစ်ကို ချွတ်ချဆိုတာ အမေရိကတောင်ပိုင်းမှာတော့ လူဖြူတွေ အခြေချနေထိုင်နေတဲ့ ‌နယ်မြေဒေသတွေကို အင်ဒီးဂျနင့်လူမျိုးတွေကို ပြန်ပေးအပ်တာ၊ မြန်မာနိူင်ငံမှာဆိုရင်လည်း ဗမာတွေ ခြေကုပ်ယူထားတဲ့ တခြားသော လူမျိုးစုနယ်မြေဒေသတွေကို သက်ဆိုင်ရာလူမျိုးစုတွေကို ပြန်လည်ပေးအပ်တာတွေ ပါကောင်းပါပါတယ် အခုလို လူမျိုးစုတွေနဲ့ နယ်မြေကြားက ဆက်ဆံမှု (ဆိုလိုတာက လူတွေနဲ့ သူတို့ နေထိုင်ရာ၊ သားလိုက်ရာ၊ ကျင်လည်ကျက်စားရာ နယ်မြေ/မြေကြီး) ကြားက ဆက်ဆံရေးတွေဟာ နယ်မြေတွေ ပြန်ပေးပြီးရင်တော့ ကိုလိုနီစနစ်မတိုင်ခင်ကနဲ့တော့ ထပ်တူပြန်ကျချင်မှ ကျမယ် ကျွန်မ ရခိုင်လူမျိုးတချို့နဲ့ စကားပြောတုန်းကလည်း သူတို့ဟာ ရိုဟင်ဂျာတွေကို မုန်းတီးရခြင်းဟာ သူတို့ ပိုင်ဆိုင်ခွင့်ရှိတဲ့ နယ်‌မြေတွေကို ခွဲဝေပေးလာရတာတွေ၊ ခွဲဝေပေးလိုက်ရမှာတွေ ရှိလို့လို့ ဆိုကြတယ် ပြောချင်တာက အင်ဒီးဂျနင့်လူမျိုးစုတွေအနည်းနဲ့ သူတို့နေထိုင်ရာ နယ်မြေ‌နဲ့ ဆက်ဆံပတ်သက်ရေး‌၊ အဲ့ဒီနယ်မြေအ‌ပေါ် သူတို့အသက်ရှင်ရေးအတွက် မှီခိုအားထားရမှုတွေ အများကြီး ရှိနေတယ်ဆိုတာပါ အဲ့တော့ ကိုလိုနီစနစ်ကို ချွတ်ချတာကို ချက်ကျလက်ကျ လုပ်မယ်ဆို နယ်မြေ ပြန်အပ်တာတွေလည်း ပါလာရမှာပါပဲ သို့ပေသိ နယ်မြေပေးအပ်ပြီးရုံနဲ့ ကိုလိုနီစနစ်ကို အမြစ်ဖြတ်ရုံရောက်မလား ကျွန်မ တွေးမိတယ်

 

အထူးသဖြင့် အခု ခေတ်စားလာတဲ့ ရေရှည် ကမ္ဘာကြီးအတွက် ကြည့်ပြီး နေထိုင်မှု၊ မိမိ ခြံလေး မြေယာလေးထဲမှာပဲ သီးပင်စားပင်လေးတွေစိုက် ကြက်‌ကလေး ဘဲကလေးတွေ မွေးတဲ့ အိမ်နောက်ဖေး ဈေးဆိုင်တည် နေထိုင်မှုမျိုး (sustainable living) ကိုပဲ ပြန်ကြည့်ရင် လူဖြူတွေကသာ (သူတို့ ကျူးကျော်ထားတဲ့မြေပေါ်မှာ) လုပ်ကိုင်နိူင်ကြတုန်း ဖြစ်တယ် လူမည်းတွေအနေနဲ့ fast food chains တွေဖြစ်တဲ့ မက်ခ်ဒေါနယ်တို့လိုမျိုးကို ဈေးသက်သာတဲ့အတွက် အားကိုးနေရတုန်း ဖြစ်ပြီး တချို့ အင်ဒီးဂျနင့်လူမျိုးစုတွေကတော့ လောင်းကစား ကာစီနိုဝိုင်းတွေ ထောင်ပြီး အရင်းရှင်စနစ်ထဲမှာ ပါဝင်လည်ပတ်ရတာတွေ ရှိနေတယ် သူတို့တွေကို နယ်မြေပြန်အပ်ပြီးတော့ အရင်လို သားကောင်ပြန်လိုက်စား၊ နောက်ဖေးမှာ ခြံစိုက်စားလို့ ဆိုရအောင်လည်း ကျွန်မတို့ ကမ္ဘာကြီးပေါ်မှာ လိုက်စရာ သားကောင် ဘယ်လောက်ကျန်ဦးမလဲ အပင်တွေ ရှင်သန်ဖို့ မြေဩဇာရော ကောင်းသေးသလား

 

အဲ့တော့ ကျွန်မ စဉ်းစားလာမိတာက ကိုလိုနီစနစ်ကို ချွတ်ချတယ် သို့မဟုတ် တခြားသော စနစ်တွေကို ချွတ်ချတယ်ဆိုတဲ့နေရာမှာ ပြီးခဲ့သော အချိန်ဒေသတစ်ခုကို ပြန်ရောက်ဖို့အောက်မေ့ခြင်းထက် လက်ရှိ ကျွန်မတို့ တွေ့ကြုံနေထိုင်လာတာတွေအထဲကနေ ဖောက်ထွက်နိူင်တဲ့ ဖြစ်နိူင်ချေနေထိုင်မှုပုံစံအသစ်တွေကို မြင်ယောင်ပုံဖော်ကြည့်တာမျိုးကို ဦးတည်စဉ်းစားလုပ်ဆောင်ကြမယ်ဆိုရင်ရော ဆိုတာကိုပဲ ဒီနေရာမှာ ဒီပုံဖော်မှုက အားလုံး တူညီနေစရာတော့ မလိုဘူးလို့ ကျွန်မ ထင်တယ် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေကို ပြန်ကြည့်ရင်ပဲ လူဖြူတွေ စိတ်ကူးယဉ်ထားတဲ့ ကမ္ဘာသစ်တွေချည်းပဲ ဖြစ်နေတယ် (ဘာလို့ လူဖြူတွေကပဲ ကမ္ဘာသစ်ကို ပုံဖော်နေကြတာလဲ မနုဿဗေဒပညာရှင် ဂျိုးဇက် မက်စကိုကတော့ အမေရိကန်ရဲ့ နျူးကလီးယား‌ကြောင့် ကမ္ဘာပျက်သုန်းတယ်ဆိုတဲ့ ရုပ်ရှင်တွေ ပုံတွေဟာ တစ်နည်းတစ်ဖုံနဲ့ အမေရိကန်နိူင်ငံသူ/သားတွေကို စစ်ပွဲတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိလာအောင် လေ့ကျင့်ပေးနေတာလို့ ဆိုတယ် ဒီအဆိုအတိုင်းသာဆိုရင် ဟိုတလောက ကျွန်မ ကြည့်မိတဲ့ အောက်စီဂျင်လို့ခေါ်တဲ့ ပြင်သစ်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားမှာဆိုရင် ပြင်သစ်တွေဟာ ကမ္ဘာပျက်တော့မှာ ကြိုသိနေတဲ့အတွက် ဂြိုလ်အသစ်တစ်ခုကို ကိုလိုနီပြုရအောင် ခန္ဓာကိုယ်တွေကို ကလုံးလုပ်ပြီး ဆက်တလိုက်ထဲ လွှင့်တင်ပေးထားတာဟာ ဒီကမ္ဘာပြီး နောက်စိတ်ကူးယဉ်ကမ္ဘာမှာတောင်မှ ကိုလိုနီစနစ်ဟာ ရှင်သန်ဦးမယ် ဘယ်သူတွေက ကိုလိုနီပြုမယ်ဆိုတာတွေကို ရိပ်ဖမ်းသံဖမ်း စိတ်အာရုံ အကျွမ်းဝင်လာအောင် သရုပ်ဖော်ပြထားတယ်လို့ သုံးသပ်ရမယ်) ကမ္ဘာပျက်ပြီးနောက် လူဖြူတွေက တခြားဂြိုလ်တစ်ခုကို ကိုလိုနီလုပ်ဖို့ ကြိုးစားတာ၊ ကမ္ဘာပျက်ပြီးနောက် ကျန်ခဲ့တယ်ဆိုတဲ့သူတွေက လူဖြူတွေသာ အများစုဖြစ်နေတာ ဒါတွေဟာ ဘယ်သူ့ရဲ့ ကမ္ဘာသစ်ကို ပုံဖော်မှုတွေကိုပဲ ကျွန်မတို့က ပြန်ပြီး စိတ်အစာကျွေးနေရသလဲပေါ့နော်

 

အခုနောက်ပိုင်းတော့ အမေရိကန်က ကျွန်ပြုခံခဲ့ရ‌သူ လူမည်းတွေ ဦးဆောင်တဲ့ အာဖရိကန်အနာဂတ်အသစ်များ (afrofuturism) ရဲ့ အတွေးအခေါ်ဒဿန‌တွေ၊ လူမည်းလွတ်မြောက်မှုတွေကို ဦးတည်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်စာပေလှုပ်ရှားမှုတွေလည်း ၁၉၉၃ ခုနှစ်လောက်က စပြီး ရှိလာပါပြီ (သိပ္ပံ စိတ်ကူးယဉ် (science fiction) ဆိုတာထက် အတွေးအခေါ်ဖြန့်ကျက်တဲ့ အရေးအသားမျိုး (speculative fiction) ပါ) လူသိတော့ နည်းနေပါသေးတယ် ဒီလှုပ်ရှားမှုတွေထဲက နာမည်အရဆုံး လူမည်းစာရေးဆရာမ အောက်တာဗီယာ ဘတ်တလာရဲ့ ၁၉၇၉ ခုနှစ်ထုတ် Kindred (“အနွယ်”လို့တော့ ကျွန်မ ဘာသာပြန်ချင်တယ်) ဆိုတဲ့ အမေရိကန်မှာ ကျွန်ပြုခံခဲ့ရတဲ့ လူမည်းတွေရဲ့ သမိုင်းကို အချိန်‌နောက်ပြန် ခရီးသွားပြီး ပြန်ပြောင်း စိတ်ကူးယဉ်ထားတဲ့ ဝတ္တုကိုတော့ စိတ်ဝင်စားရင် ဖတ်ကြည့်ဖို့ ညွှန်းချင်ပါတယ်

 

အဲ့ဒါကြောင့် ဖိနှိပ်ခံရသူတွေဟာ ပိုလို့တောင် ကမ္ဘာသစ်ကို စိတ်ကူးယဉ်သင့်တယ်လို့ ကျွန်မ ထင်တယ် အဲ့လိုမှ စိတ်ကူးမယဉ်ရင် ဖိနှိပ်ခံရဲ့ နေထိုင်မှုကို ဖိနှိပ်မှု လမ်းတစ်လမ်းတည်းကနေပဲ သိတာဖြစ်တဲ့အတွက် ဖိနှိပ်သူ အလွယ်တကူ ပြန်ဖြစ်သွားနိူင်တယ် မြန်မာပြည်တွင်းထဲက ဖိနှိပ်ခံလူအုပ်စုတစ်စုချင်းစီရဲ့ ဖြစ်ချင်တဲ့ ပုံဖော်မှုပေါင်းများစွာကို လွတ်လပ်စွာ စိတ်အာရုံကွန့်မြူးခွင့်ရတာ၊ ကွန့်မြူးခြင်းဟာလည်း စနစ်ကနေ တစ်စိတ်တစ်ပိုင်း လွတ်မြောက်တာ ဖြစ်နိူင်တယ် မောရစ်ဆင်ပြောသလို ကျွန်မတို့ အားလုံး တစ်နေ့တော့ သေကြမှာပဲပေါ့ အဖြေထွက်ဖို့ ကြိုးစားရင်း အဖြေဟာ အဖြူအမည်းမကွဲလို့ စိတ်‌တွေတို ဒေါသတွေ ထွက်ကြမဲ့အစား အဖြေရှာရင်း ပျော်စရာတွေ၊ ကောင်းတာတွေကို ဘယ်လို ခံစားနေထိုင်မြင်ယောင်ကြည့်ကြမလဲ လူဖြူတွေ ပုံဖော်ထားတာကိုပဲ မခံစားဘဲ ကိုယ်တိုင်ရော ဘယ်လို ပြန်ပုံဖော်ကြည့်ကြမလဲ

 

တကယ်တော့ ကျွန်မအတွက်က စိတ်ကို ဖိနှိပ်မှု စနစ်တွေ၊ ဝါဒမှိုင်းတွေက ပြန်တိုက်ထုတ်ရတာဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ တိုက်ထုတ်တာထက် ပိုခက်တယ်လို့ ဘာလို့လည်းဆိုတော့ ကျွန်မတို့ စိတ်ထဲက ခံစားချက်တွေက ကျွန်မတို့ကိုယ် ကျွန်မတို့ ပြန်ချုပ်နှောင်စွမ်းတွေ ရှိနေလို့ပဲ မနုဿ‌ဗေဒပညာရှင် ကလစ်ဖို့ ဂီးယပ်က တစ်ခါ ရေးခဲ့ဖူးတာကို သွားသတိရမိတယ် (၁၉၆၀ ခုနှစ်တွေက ကိုလိုနီဆန်နေဆဲဖြစ်တဲ့မနုဿဗေဒကို ကျင့်သုံးသူ လူဖြူယောင်္ကျားတစ်ယောက်ဖြစ်လို့ သူ့ကို သိပ်တော့ မညွှန်းချင်ပါဘူး ဒီနေရာမှာတော့ သင့်တော်လို့ ဒီဥပမာကို ပြန်ပေးချင်တယ်) သူက လူတွေဟာ ပင့်ကူအိမ်ထဲက ပင့်ကူ‌လိုပဲတဲ့ culture (လူတစ်စုရဲ့ နေပုံထိုင်ပုံ လုပ်ပုံကိုင်ပုံ ဓလေ့တွေ)ဟာ အဲ့ဒီလူတွေကပဲ တီထွင်ထားတဲ့ ပင့်ကူမျှင်တွေ ဖြစ်ပြီး အဲ့ဒီလူတွေ (ပင့်ကူတွေ) ကို ပြန် ပိတ်နှောင်ထားတယ်တဲ့ အဲ့တော့ ကျွန်မတို့ရဲ့ ဒီလို ထွက်ပေါက် မရှိသယောင် ထင်ရတဲ့ ပင့်ကူအိမ်ထဲကနေ ကျော်လွန်ပြီး ကမ္ဘာအသစ်တစ်ခုကို မြင်ယောင်ပုံဖော်ကြည့်ကြည့်ကြမလဲ မြင်ယောင်ရော မြင်ယောင်ကြည့်လို့ ရကြလား ကျွန်မ အမြင်မှာတော့ ဒီလို မြင်ယောင်ကြည့်ဖို့ဆိုတာလည်း ကျွန်မတို့ကိုယ် ကျွန်မ ဘာဖြစ်ချင်တာလဲဆိုတာ မေးခွန်းများများ ပြန်ထုတ်လာစေတယ်လို့ ထင်တယ် ဒါဟာ ကောင်းသော၊ လိုအပ်သော မေးခွန်းထုတ်မှုတွေ ဖြစ်တယ်

 

စစ်အာဏာရှင်မရှိတဲ့ မြန်မာပြည်ဆိုတာ ဘယ်လိုမျိုး ဖြစ်မလဲ တိုင်းရင်းသားဆိုတာတွေကို အတင်းကာရော စည်းလုံးခိုင်းထားတာ မရှိတဲ့ မြန်မာပြည်ဆိုတာ ဘယ်လိုမျိုးလဲ တစ်ခါမှ ကိုလိုနီစနစ်အောက် မကျရောက်ဖူးတဲ့ မြန်မာပြည်ဆိုတာ ဘယ်လိုမျိုးလဲ နယ်နိမိတ်တွေ မရှိဘဲ လူတွေ ကူးလူး‌သွားလာနေထိုင်လိုရတဲ့ ကမ္ဘာက ဘယ်လိုမျိုးများ လည်ပတ်မလဲ ကျွန်မတို့ အားလုံးတစ်ယောက်ချင်းစီ ဖြစ်ချင်တဲ့ နေချင်တဲ့ ကမ္ဘာဆိုတာ ဘယ်လိုမျိုးလဲဆိုတာ စာနဲ့များ ချရေးကြည့်ရင် တူညီနေနိူင်တဲ့ အချက်တွေရော ရှိနိူင်မလား မတူညီတာတွေကရော ဘာတွေများလဲ ဘာအကြောင်းတွေကြောင့် အဲ့ဒီနေရာတွေမှာ မတူညီသွားတာလဲ အဲ့‌ဒီတူညီမှုဆုံမှတ်တွေကို ဦးတည်ပြီး အတူတကွ လက်တွဲလုပ်ကိုင်ရတဲ့ မောရစ်ဆင်ပြောခဲ့တဲ့ စမ်းသပ်ကြိုးပမ်းမှုတွေကိုရော စတင် အကောင်အထည်များ ဖော်လို့ ရများ ရမလား ကျွန်မ စိတ်ဝင်စားမိတယ် စိတ်ကူးယဉ်တယ်ဆိုတာ အလကား အချိန်ကုန်တယ်လို့ ထင်ကြပေမဲ့ စိတ်ကူးမှမယဉ်တတ်ရင် ကျွန်မတို့က စက်ရုပ်နဲ့ ဘာကွာသေးသလဲ

 

တိုနီမောရစ်ဆင် (Toni Morrison) ရဲ့ အင်တာဗျူး

https://www.youtube.com/watch?v=5xvJYrSsXPA

 

အောက်တာဗီယာဘတ်တလာ (Octavia Butler) ရဲ့ Kindred “အနွယ်” ဝတ္တု

 

ဂျိုးဇက် မက်စကို (Joseph Masco) ရဲ့ “အသက်ရှင်တာ မင်းအလုပ်: နျုးကလီးယားခေတ်အမေရိကန်နိူင်ငံမှာ ပျက်သုန်းမှုများနဲ့ စိတ်ခံစားချက်ကို ထုတ်လုပ်ခြင်း” ပေပါ

https://anthrosource-onlinelibrary-wiley-com.colorado.idm.oclc.org/share/FRKSU8MFWX2QEGZWSKZA?target=10.1111/j.1548-1360.2008.00012.x

 

ပုံ – ရေအမှုန်အမွှားများကြားက လှေပေါ်ကနေ လှမ်း‌မြင်နေရသော မြစ်ကွေ့တစ်ကွေ့

ကျွန်မရဲ့ဖီမီနင့်ဇင်

 

“ဆရာမ အတန်းတိုင်းမှာ ဖတ်ခိုင်းတဲ့စာ‌‌တွေက ဘာလို့ ဖီမီနင့်ဇင်နဲ့ ပတ်သက်တာ‌‌တွေများနေတာလဲ?”

 

တစ်နေ့က ကျွန်မ အတန်းနောက်ဆုံးနေ့မှာ အတန်းတလျှောက် ဖတ်ခဲ့ကြတဲ့စာ‌‌တွေ၊ ဆွေးနွေးခဲ့တာတွေကို အတန်းသူ/သားတွေနဲ့အတူတူ အဆုံးသတ်ပြန်သုံးသပ်ကြတဲ့အခါမှာ အတန်းသူတစ်ယောက်က ကျွန်မကို ပြန်မေးတဲ့ စကားပါ ဒီအတန်းဟာ ဖီမီနင့်ဇင်အကြောင်း သင်တဲ့ အတန်းမဟုတ်သလို ဂျန်ဒါအကြောင်း၊ လိင်သဘောသဘာဝတွေ အကြောင်း သင်တာလည်း မဟုတ်ပါဘူး အတန်းဟာ စိတ်ခံစားချက်တွေအကြောင်းကို လူမှုသဘောသဘာဝကနေ ပြန်လေ့လာတဲ့ အတန်းပါ ဒါပေမဲ့ ဒီကျောင်းသူရဲ့ မေးခွန်းကို ပြန်ဖြေရင်းနဲ့ တခြားသော ကျွန်မရဲ့ ဖီမီနင့်ဇင်ကို ဝေဖန်တာတွေကို နားထောင်ရင်းနဲ့ ဖီမီနင့်ဇင်ဆိုတာကို ပြန်သုံးသပ်ချင်တာလေးတွေ ပေါ်လာတယ်

 

စကားချပ်ခံချင်တာက ဒီဆောင်းပါးမှာ ကျွန်မ နားလည်ကျင့်သုံးချင်တဲ့ ဖီမီနင့်ဇင်ကိုသာ သုံးသပ်တာဖြစ်ပြီး အခြားသူတွေရဲ့ ဖီမီနင့်ဇင်တွေကို မှန်သည် မှားသည် ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး ထိုသူတွေကသာ ကျွန်မရဲ့ ဖီမီနင့်ဇင်ဟာ မှားနေကြောင်း သူတို့နဲ့ မတူကြောင်း ခဏ ခဏ လာပြောနေကြလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရခြင်း ဖြစ်ပါတယ် ဖီမီနင့်လို့ ကိုယ့်ကိုကိုယ် ခံယူသူတွေတိုင်းလည်း ကိုယ့်ဖီမီနင့်ဇင်ကိုယ် ပြန်သုံးသပ်သင့်တယ်လို့တော့ ကျွန်မ ထင်တယ် တစ်နေရာတည်းမှာပဲ တစ်နေမယ့်အစား တွေးရင်း ပြောင်းလဲလာနိူင်တာတွေ ရှိတယ်

 

ဖီမီနင့်ဇင်ဟာ မြန်မာလို ဘာသာပြန်ရခက်တယ် အင်္ဂလိပ်စကားလုံးထဲမှာ ဖီမီနင့် (feminine) ဆိုတဲ့စကားပါနေတော့ တချို့ မြန်မာမှုပြုထားတာတွေထဲမှာ ဣတိယဝါဒ (ဒါမှမဟုတ်) အမျိုးသမီးဝါဒ ဆိုပြီး ပြန်ထားဝာာတွေ ကျွန်မ ဖတ်ဖူး မြင်ဖူးတယ် (ism ဆိုတဲ့ suffix အနောက်ကကပ်လိုက်တာကိုတော့ ဝါဒ ဒါမှမဟုတ် စနစ်လို့ ပြန်လေ့ရှိတာပေါ့ ဥပမာ – Colonialism ကိုလိုနီဝါဒ/စနစ်) ဒါပေမဲ့ ဖီမီနင့်ဇင်ဟာ ကျွန်မအတွက် အမျိုးသမီး/အမျိုးသား ဂျန်ဒါ ကိစ္စတွေကိုသာမက အခြားသော လူမှုရေးရာတွေကိုပါ ပါဝင်ပတ်သက်နေတယ်ဆိုတာ ဖီမီနင့်စာပေတွေ သုတေသနတွေကို ဖတ်ရင်းနဲ့က ပိုသဘောပေါက်လာတာပါ

 

ဖီမီနင့်ဇင်ကို ပညာရှင် သီအိုရီတစ်ခုလို့ မှတ်ယူလို့ရသလို ဘဝနေထိုင်မှုအလေ့အကျင့်တစ်ခုလို့လည်း ယူဆလို့ ရတယ် ဖီမီနင့်ဇင်ကို မိမိဘဝ ဖြစ်တည်မှုတစ်ခုအတွက် လွတ်မြောက်ရေးအတွက် အသုံးဝင်တဲ့ နည်းလမ်းလို့ မြင်လို့ရသလို အခြားသော လူမှုကိစ္စတွေကို နားလည်သဘောပေါက်ဖို့ မြင်ကြည့်လို့ရတဲ့ နည်းလမ်းတစ်ခုလို့လည်း ယူဆလို့ ရတယ် ဖီမီနင့်ဇင်ဟာ ကျွန်မအတွက် ဝါဒတစ်ခု မဟုတ်သလို စနစ်တစ်ခုလည်း မဟုတ်ဘူး ဖီမီနင့်ဇင်ဟာ သီအိုရီရော (theory)၊ အလေ့အကျင့်ပါ (practice) ဖြစ်တဲ့ သီအိုရီနည်းလမ်း (praxis) တစ်ခုဖြစ်တယ် ဒါပေမဲ့ ဖီမီနင့်ဇင်ကို စနစ်တစ်ခုလို ဝါဒတစ်ခုလို သုံးစွဲကျင့်ကြံတာတွေလည်း ကျွန်မ မြင်ဖူးတယ် ကျွန်မစိတ်ထဲမှာတော့ အဲ့ဒီလို အစွန်းရောက် ဝါဒတစ်ခု ဖြစ်လာတာတွေကို ဖီမီနင့်သီအိုရီနည်းလမ်းက ဆန့်ကျင့်တယ်လို့ ယူဆတယ် လူတစ်ယောက်ကို ဝါဒတစ်ခုအောက်ကနေ (အဲ့ ဝါဒက ဖီမီနင့်ဇင်ဖြစ်နေရင်တောင်မှ) မှိုင်းတိုက်တာဟာ ကျွန်မအတွက် ဖီမီနင့်မမြောက်နေဘူး

 

ဒီနေရာမှာ ကြားဖြတ်ပြီး သီအိုရီဆိုတာကို ကျွန်မ သုံးသပ်ချင်တယ် သီအိုရီကို အောက်ခြေနဲ့ လွတ်နေတဲ့ ပညာရှင်သီအိုရီလို့ တွေးမဲ့အစား နေထိုင်မှုအနှစ်သာရတစ်ခုလို့ ကျွန်မ မြင်စေချင်တယ် လူတိုင်း လူရယ်လို့ ဖြစ်လာရင် ဘဝအတွေ့အကြုံရှိတဲ့သူတိုင်း သူ့ဘဝပေါ်ကိုလိုက်ပြီး ကိုယ်ပိုင်သီအိုရီတွေ ထုတ်လို့ ရတယ် ရယ်ရတဲ့ ဥပမာတစ်ခုပေးရရင် ကျွန်မ တစ်တန်းလောက်က အိမ်ထောင်သားမွေးရေးနဲ့ ပတ်သက်ပြီး သီအိုရီတစ်ခု ထုတ်ဖူးတယ် အိမ်ထောင်ပြုတယ်ဆိုတာဟာ ဘိလိယက်ထိုးသလိုပဲလို့ ကျွန်မ အမေကို ကျွန်မ ပြောခဲ့ဖူးတယ် ကိုယ်က ဒီအလုံးကို ဒီတွင်းထဲ ဝင်ဖို့ ချိန်ထိုးပေမဲ့ ကိုယ် ထိုးလိုက်တိုင်း မဝင်သလိုပဲ အိမ်ထောင်ပြုတာဟာ ဘာဖြစ်လာမလဲ ခန့်မှန်းရခက်တယ်ဆိုတဲ့ သဘောပေါ့ အမေတို့ကတော့ ဟားတာပေါ့နော် အသက် ၅ နှစ် ၆ နှစ်အရွယ်ကလေးက အိမ်ထောင်ပြုတဲ့အကြောင်း ဘာသိလဲပေါ့ ပြီးတော့ ကျွန်မက ဘိလိယက်ထိုးတာကိုလည်း ရုပ်ရှင်တွေထဲမှာပဲ တွေးဖူးတာလေ ကိုယ်တိုင်လည်း မထိုးဖူးဘူး ဒါပေမဲ့ အဲ့အချိန် ကျွန်မ တွေးမိတဲ့ ခန့်မှန်းရခက်တဲ့ အိမ်ထောင်ရေးဆိုတာ ကျွန်မ အမေနဲ့ အဖေရဲ့ ချစ်လို့ယူပြီးမှ ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးရယ်၊ ကျွန်မ အစ်မတွေရဲ့ ချစ်လို့ ခိုးပြေးယူကြပြီးမှ အကြောင်းအရာအမျိုးမျိုး ရင်ဆိုင်ရတဲ့ အိမ်‌ထောင်ရေးဒုက္ခတွေကို သူတို့ စကားပြောတိုင်း အနားကနေ နားထောင်ရာကနေ ရလာတဲ့ သီအိုရီတစ်ခုပေါ့ ဒီသီအိုရီဟာ ကိုယ်ပိုင်အတွေ့အကြုံကနေ လာတာ မဟုတ်ပေမဲ့ pattern တစ်ခုလို ခဏ ခဏ ဖြစ်နေတာတွေကို ခဏ ခဏ နားထောင်ရတဲ့ ကလေးတစ်ယောက်ရဲ့ ရှုထောင့်ကနေ ကောက်ချက်ချရာက ရတဲ့ သီအိုရီပေါ့ ဒါကို သီအိုရီ အစစ်အမှန်လို့တော့ ကျွန်မ မဆိုချင်ပါ ခုထိ ပြန်ပြောတိုင်း ရယ်ရလို့ ဥပမာ ပေးတာပါ အမှန်တကယ်က တကယ် အသုံးဝင်တဲ့ သီအိုရီတိုင်းဟာ လူတွေ တွေ့ကြုံနေရတဲ့ နိစ္စဒူဝကိစ္စတွေကို အများအနေနဲ့ ဘယ်လို နားလည်သဘောပေါက်လို့ ရမလဲလို့ စဉ်းစားတာပဲ သီအိုရီနဲ့ လွဲချော်ကောင်း လွဲချော်နေတဲ့ အခြေအနေတွေလည်း ရှိကောင်းရှိနိူင်တယ် အဲ့တော့ ပြောချင်တာက ကိုယ့်ပတ်ဝန်းကျင်က ဖြစ်ပုံဖြစ်နည်းတွေကို အထူးတလည် စိတ်ဝင်စား သတိမူမိ သုံးသပ်မိတဲ့သူ ဘယ်သူမဆို သီအိုရီထုတ်လို့ ရတယ် သီအိုရီ ပညာရှင် ဖြစ်နိူင်တယ်

 

အထက်နဲ့ ပြန်ချိတ်ရရင် ဖီမီနင့်ဇင်ကို အစွန်းရောက် ဝါဒတွေကို ချေပတဲ့ သီအိုရီနည်းလမ်းလို့ မြင်တဲ့အတွက် သူဟာ မိန်းမဝါဒ၊ ဣတိယလွတ်မြောက်ရေးတစ်ခုတည်းအတွက်ပဲ အရေးပါတာ မဟုတ်ဘူးလို့ ကျွန်မ ခံစားမိတယ် ကျွန်မရဲ့ ဖီမီနင့်ဇင်ကို မြင်ပုံ လက်ခံပုံဟာ အခြားသူတွေ လက်ခံပုံနဲ့ ကွဲကောင်းကွဲနိူင်ပါတယ် ဒါပေမဲ့ ဖီမီနင့်တစ်ယောက်အနေနဲ့ ဒါဟာ ဖီမီနင့် အမှန်ပါ ဟိုဟာကတော့ အမှားပါလို့ ခေါင်းစဉ်တပ်တာဟာ ဝါဒလက်ကိုင် ဖြစ်လာတာကြောင့်လည်း ကိုယ့်ဘဝအတွေ့အကြုံကနေ ယုံကြည်တဲ့၊ ကျင့်သုံးတဲ့ ဖီမီနင့်တိုင်းကို သူတို့ ဖီမီနင့်ဇင်က မှားနေတယ်လို့လည်း ကျွန်မ မပြောချင်ဘူး အဲ့လို ပြောတာကိုက ဖီမီနင့်ကျင့်ဝတ်နဲ့ ကျွန်မအတွက် မညီနေလို့ပဲ

 

ဖီမီနင့်ဇင်ဆိုတာကို လက်ခံနားလည်သဘောပေါက်တဲ့ မြန်မာပြည်က အသိုင်းအဝိုင်းမှာလည်း တချို့နေရာတွေမှာ အချင်းချင်း အမြင်မတူနေကြတာဟာလည်း ဖီမီနင့်ဇင်ရဲ့ သဘောတရားကို မြင်ကြတဲ့ ရှုထောင့် မတူလို့ပဲ တချို့ ယောင်္ကျားတွေက ဖီမီနင့်လို့ ကြားရင်ကိုပဲ မိန်းမကြီးစိုးရေးဝါဒကို လက်ကိုင်ထားသူလို့ ထင်ပြီး လူ့ဘောင်ထဲမှာ သူတို့ ယောင်္ကျားတွေရဲ့ နေရာပျောက်မှာ၊ သူတို့တွေ့ကြုံရတဲ့ ပြဿနာတွေကျ ဘယ်သူကမှ စိတ်မဝင်စားဘူးဆိုပြီး ထင်ပြီး ဖီမီနင့်ဆိုတာနဲ့ နာဇီဖီမီနင့်သဖွယ် ကြောက်လန့်တကြား ဆက်ဆံကြတယ် (နာဇီဖီမီနင့်တွေလည်း ရှိပါတယ် သူတို့ရဲ့ ဖီမီနင့်ဇင်မှ အမှန်လို့ ထင်ကြတဲ့ လူမျိုးပေါ့ ပြီးတော့ မိန်းမလိင်အင်္ဂါ ပါသူတွေရဲ့ ပြဿနာကိုပဲ ဦးစားပေးတဲ့ ဖီမီနင့်မျိုးပေါ့) ဖီမီနင့်အချင်းချင်းကြားမှာလည်း (ယောင်္ကျား ဖီမီနင့်ရော မိန်းမ ဖီမီနင့်ရော) ဖီမီနင့်ဇင်ဟာ sexism လိင်အခြေပြု ခွဲခြားဆက်ဆံရေးကို အဓိကထား တိုက်ဖျက်တဲ့ ဝါဒတစ်ခုလို့ လက်ခံထားတာလည်း ရှိတယ် ကျွန်မရဲ့ ဖီမီနင့်ဇင်ကို ပြန်ဝေဖန်တဲ့အထဲမှာလည်း လိင်အခြေုပြု ခွဲခြားဆက်ဆံရေးကိုမှ နားမလည်ရင် ကျွန်မဟာ ဖီမီနင့်သဘောတရားကို နားမလည်သေးဘူးလို့ စွပ်စွဲတာ‌တွေ ရှိတယ် လိင်အခြေပြု ခွဲခြားရေးကို ချေပတာဟာ ဖီမီနင့် သီအိုရီနည်းလမ်းထဲက လုပ်ရပ်တစ်ရပ်လို့ ကျွန်မကတော့ မြင်တယ် ဒါပေမဲ့ လိင်အခြေပြုဖိနှိပ်ရေးကိုပဲ အသားပေးတဲ့အခါ တချို့နေရာတွေမှာ မိန်းမအင်္ဂါဇာတ်မရှိသူ LGBTQIA တွေ လိင်အင်္ဂါပြောင်းထားသူတွေအတွက် နဂိုမွေးရာပါ ပိပိ ပါသူတွေနဲ့ ယှဉ်ရင် အောက်ကျ နောက်ကျသလို ပြောဆိုရတာတော့လည်း မဟုတ်သေးပြန်ဘူး ဖိနှိပ်ခံရမှုတွေဟာ ပြိုင်ပွဲတွေ မဟုတ်ဘူး ဘယ်သူက ဘာကြောင့် ပိုဖိနှိပ်ခံရတယ်လို့ ကျွန်မ မမြင်မိဘူး လိင်အခြေပြုခွဲခြားရေးအပြင် ဖီမီနင့်သီအိုရီနည်းလမ်းက ကျွန်မတို့အတွက် ကူညီမြင်သာလာစေတဲ့ တခြားအရာတွေလည်း ရှိနေလို့ပဲ ဒီလို ဝေဖန်သုံးသပ်တာကိုတော့ ဖီမီနင့်တစ်ယောက်အနေနဲ့ အထက်ကပြောခဲ့သလို မှန်သည် မှားသည် ပြန်ပြောစရာတော့ မရှိပါဘူး သို့ပေသိ လိင်အခြေပြု ဖိနှိပ်ခံမှုကို ကိုယ်‌တွေ့တောင် မတွေ့ကြုံဖူးတဲ့သူတွေ အထူးသဖြင့် cis gender (မွေးရာပါ လိင်အင်္ဂါနဲ့ မိမိ လိင်စိတ်တိမ်းညွှတ်မှုကိုက်ညီသူ) ယောင်္ကျားတွေက ကျွန်မရဲ့ ဖီမီနင့်ဇင်ကို အူကြောင်ကြောင်လို့ ဝေဖန်တာကတော့ အခြေအမြစ် မရှိတဲ့ mansplaining (ယောင်္ကျားတစ်‌ယောက်ကနေ သူအသိသူအတတ်အနေနဲ့ ရှင်းပြခြင်း) လို့ပဲ ကျွန်မ မြင်တယ်

 

ဖီမီနင့် သီအိုရီနည်းလမ်းဟာ ကျွန်မအတွက် တဖြည်းဖြည်း ပိုအရေးပါလာရခြင်းဟာ ကျွန်မရဲ့ မိန်းမဖြစ်တည်မှုတစ်ခုတည်းကိုပဲ ဦးတည်လို့ မဟုတ်ဘူး ကျွန်မရဲ့ တခြားသော ဖြစ်တည်မှု ဆုံမှတ်တွေ အားလုံးကို ဝေဖန်ပိုင်းခြားလာစေလို့ပဲ မြန်မာပြည် မြို့ပေါ်မှာ မွေးကြီးပြင်းလာပြီး ပြည်ပတစ်နေရာမှာ အခုရောက်နေတဲ့ ကျွန်မရဲ့ မိန်းမဖြစ်တည်မှုဟာ ကျွန်မရဲ့ တခြားသော ဖြစ်တည်မှုတွေဖြစ်တဲ့ ရွှေ့ပြောင်းသူ၊ လူဖြူမဟုတ်သူ၊ ကိုယ်ကာယပင်ပင်ပန်းပန်း အလုပ်မလုပ်ရသူ၊ ဗမာဖြစ်သူ၊ ဗုဒ္ဓဘာသာနဲ့ ကြီးပြင်းလာရသူ အစရှိတာတွေနဲ့ တွေ့ဆုံတဲ့အခါ ပြောင်းလဲသွားမှုတွေဟာ ဒြပ်ပေါင်းတစ်ခုလိုပဲ အသွင်တွေ အမျိုးမျိုး နေရာ ဒေသ အချိန်အလိုက်ပြောင်းလဲသွားတာကို သတိထားမိစေလို့ပဲ ထို့အတူပဲ ကျွန်မ ပတ်ဝန်းကျင်က သူတွေကိုလည်း မိန်းမဖြစ်တည်မှု တစ်ခုတည်းအစား သူတို့ရဲ့ အခြားသော ဆုံမှတ်တွေကရော သူတို့ရဲ့ မိန်းမဖြစ်တည်မှုကို ဘယ်လို လှိုင်းပုတ်သလဲဆိုတာ သတိမူလာမိတယ် ယောင်္ကျားဆိုတာနဲ့ပဲ မဟာဖိုဝါဒကို လက်ကိုင်ထားသူလား မဟာဖိုဝါဒစနစ်အောက်မှာ ပြန်အဖိနှိပ်ခံနေရသူလားဆိုတာ ခွဲပြီး မြင်လာမိတယ် နောက်ပြီးတော့ ဖီမီနင့် သီအိုရီနည်းလမ်းဟာ ကျွန်မရဲ့ မိန်းမဖြစ်တည်မှုလေဘယ်အောက်ကနေ ပြန်ပြီး လွတ်မြောက်ခွင့်ပြန်ပေးတယ်လို့ ခံစားလာရတယ် ဒါကတော့ မိန်းမဖြစ်တည်မှုအပြင် အခြားသော ဖြစ်တည်မှုတွေဟာ စနစ်တွေထဲမှာ ကျွန်မဟာ ဘယ်လို ဖိနိပ်ခံသူသာမက ပြန်ဖိနှိပ်သူရော ဖြစ်နေနိူင်မလဲ‌ တွေးလာမိလို့ပဲ ဖိနှိပ်ခံသူတွေ သူတို့ရဲ့ ဖိနှိပ်ခံရမှုကိုသာ ဦးတည်ပြီး လက်ဆုပ်လက်ကိုင်ထားတာဟာ သူတို့အတွက်လည်း မွန်းကြပ်တယ်လို့ ကျွန်မ ထင်တယ် စနစ်လက်အောက်ကို လုံးဝ ဒူးထောက်လိုက်မဲ့အစား မသိမသာနဲ့ ပြန်ပုန်ကန်လို့ ရတာပဲ အမြဲတမ်း စိတ်ညစ်နေစေချင်တဲ့ စနစ်ရဲ့ ဖိနှိပ်မှုအောက်မှာ ပျော်ပျော်ရွှင်ရွှင်နေတာဟာလည်း ပုန်ကန်မှုတစ်မျိုး ဖြစ်ကောင်းဖြစ်နိူင်တယ် မဟုတ်လား

 

ကျွန်မရဲ့ ဖီမီနင့်ဇင်ဟာ ယောင်္ကျား မိန်းမ LGBTQIA တွေကို အဆင့်ဆင့် နေရာမပေးထားဘူး ကျွန်မရဲ့ ဖီမီနင့်ဇင်က အိပ်ရာပေါ်က ထိုးသွင်းသူနဲ့ ထိုးသွင်းခံရသူဆိုတာထက် အခြားသော ပါဝါအခြေအနေတွေကိုပါ ဖြန့်ကျက်စဉ်းစားချင်တယ် ထိုးသွင်းခံရတိုင်း ဖိနှိပ်ခံရတယ်လို့ ကျွန်မ မယူဆဘူး ထိုးသွင်းခံချင်သူရဲ့ ရွေးချယ်ပိုင်ခွင့်ကိုလည်း ကျွန်မ စိတ်ဝင်စားတယ် ဒီနေရာမှာ “ချင်” ဟာ အရေးပါတဲ့ စကားလုံးပဲ အတင်းအဓ္ဓမ ထိုးသွင်းခံရသူကိုတော့ ဖိနှိပ်ခံရသူ မဟုတ်ဘူးလို့ ပြောတာ မဟုတ်ဘူး ထိုးသွင်းခံချင်သူမှာတော့ ရှိနေတဲ့ လုပ်ပိုင်ခွင့်တစ်ခုကို သတိမူဖို့ ဆိုလိုတာပါ ဒါကို ဒီလူဟာ သူ ဖိနှိပ်ခံနေရမှန်းမသိလို့ ထိုးသွင်းခံနေရာမှာ နေတယ်လို့ ပြောမယ်ဆိုရင်တော့ အဲ့ဒီလူရဲ့ လုပ်ပိုင်ခွင့်ကို ထည့်မစဉ်းစားဘဲ တခြားလူတစ်ယောက်ရဲ့ ဘဝကို မင်း ဘာမှ မသိဘူးပဲလို့ အပေါ်စီးကနေ ဆရာကြီး ပြန်လုပ်တယ်လို့ ကျွန်မ ထင်တယ်

 

အမှန်တကယ်က ခန္ဓာကိုယ်နိူင်ငံရေး body politics နဲ့ပဲ ပြောကြမယ်ဆိုရင်တောင်မှ အာဖရိကတိုက် တချို့ လူမျိုးစုတွေမှာ matriarchy လို့ခေါ်တဲ့ မိန်းမတွေက ပြန်လည်အုပ်ချုပ်တဲ့ စနစ်တွေမှာဆိုရင် ထိုးသွင်းခံလို့ ထင်ရတဲ့ သားအိမ်ရှိသူဟာ ပိုပြီးတော့တောင် ပါဝါရှိပါသေးတယ် ဘာလို့လဲဆိုတော့ နောက်မျိုးဆက်တစ်ဆက်ကို မွေးဖွားဖို့ ပင်ပင်ပန်းပန်း သုတ်ရည်ထည့်ပေးတာကို လုပ်အားတစ်ခုလို ယောင်္ကျားအများက သားအိမ်ရှိသူကို လုပ်ပေးရလို့ပဲ ထိုးသွင်းခံ/ထိုးသွင်းသူ politics ဟာ မဟာဖိုဝါဒက ထည့်ပေးလိုက်တဲ့ ဂျင်းပါပဲ အမှန်တကယ်က ခန္ဓာကိုယ် politics နဲ့သာ အခြေပြု ပြောကြကြေးဆိုရင်တော့ လူတစ်ယောက်ကို မွေးဖွားပေးနိူင်တဲ့ သားအိမ်ရှိသူတွေဟာ ပို ပါဝါ များတယ် အဲ့ဒါကြောင့်လည်း နိူင်ငံတိုင်းမှာ သားအိမ်ရှိသူတွေရဲ့ ခန္ဓာတွေကို စိစစ်ကြတယ် ဘယ်သူနဲ့ ယူပြီး ဘယ်သူ့ကလေးကို မွေးပေးမှာလဲဆိုတာကို နိူင်ငံရဲ့ အရေးကြီးလှသော နိူင်ငံရေးထဲမှာ ထည့်သွင်း စဉ်းစားကြတယ် အိန္ဒိယ အမေရိကန် မနုဿဗေဒပညာရှင် ဗီနာ ဒါ့စ်က ဒါကို နိူင်ငံဟာ မာစကူလင် (ဖို) အားရှိသူအနေနဲ့ သူ့ရဲ့ နိူင်ငံသူ/သားတွေထဲက ဒီလို အင်အားရှိနေတဲ့ မိန်းမခန္ဓာရှိသူတွေကို ဘေးဖယ်ထုတ်ပြီး သူ့ရဲ့ မာစကူလင် (ဖို) ပါဝါကို တည်ဆောက်တယ်ဆိုတဲ့ ဂျန်ဒါရုန်းကန်မှုအာဘော်အပြင် ဘယ်လိုနေရာတွေမှာ မိန်းမခန္ဓာကိုယ်တွေကိုပါ ပြန်အသုံးချသလဲဆိုတာကိုပါ စဉ်းစားသင့်တယ်လို့ ၂၀၀၇ ခုနှစ်ထုတ် ပေပါထဲမှာ သုံးသပ်ပြခဲ့တယ် မြန်မာနိူင်ငံမှာဆိုရင်လည်း ဝီရသူတို့လို ဘုန်းကြီးမျိုးနဲ့ မျိုးချစ်တွေကြောက်လန့်တကြား စီစဉ်ခဲ့ကြတဲ့ မျိုးစောင့်ဥပဒေဟာ ဥပမာတစ်ခုပါပဲ ဒီဥပမာမှာဆိုရင်လည်း ဘယ်လိုမိန်းမကိုတော့ ဗမာဗုဒ္ဓဝါဒ နိူင်ငံရဲ့ ဖိုပါဝါအတွက် ကာကွယ်စောင့်ရှောက်ဖို့ ထည့်သွင်းစဉ်းစားပြီး ဘယ်မိန်းမတွေ (မွတ်စလင်မိန်းမတွေ ဗမာဗုဒ္ဓဘာသာမဟုတ်တဲ့ မိန်းမတွေ) ကိုတော့ ဒီဥပဒေက ဘာကြောင့် ဘယ်သူနဲ့ယူယူ အိပ်အိပ် ထည့်တောင် မစဉ်းစားထားသလဲဆိုတာ တွေးစရာပါ

 

ခန္ဓာကိုယ်နိူင်ငံရေး body politics ဟာ ကျွန်မအတွက် တစ်ခါတစ်လေ ကျဉ်းမြောင်လွန်းတယ် (body politics နဲ့ biopolitics ဟာ နည်းနည်းတော့ ကွာခြားနေတယ်လို့ ထင်တယ် body politics က ခန္ဓာရဲ့ အင်္ဂါတွေပေါ်လိုက်ပြီး ဖြစ်ပျက်နေတဲ့ နိူင်ငံရေးဖြစ်ပြီး biopolitics ကတော့ သေရေး ရှင်ရေးကို နိူင်ငံ (သို့) အင်အားကြီးပါဝါတစ်ခုက ပြန်ထိန်းချုပ်တာလို့ သဘောပေါက်တယ် အဲ့တော့ body politics (ပိပိ/ပူစီ) တွေပေါ်လိုက်ပြီး ဖီမီနင့်ဇင်ကို စဉ်းစားမယ့်အစား မိန်းမခန္ဓာရှိသူတွေရဲ့ သေရေး ရှင်ရေးဟာ သူတို့ရဲ့ လိင်အင်္ဂါတွေသာမက တခြား ဖြစ်တည်မှုတွေကိုကော ဘယ်လို သက်ရောက်နေသလဲ စဉ်းစားလို့ ရနိူင်တယ် biopolitics နဲ့ ဂျန်ဒါဖိနှိပ်မှုတွေကို စဉ်းစားတာက ပိုပြီး ကျယ်ပြန့်နိူင်တယ်) တချို့နေရာတွေမှာ ခန္ဓာကိုယ် politics ဟာ အရေးကြီးပေမဲ့ အခြားသော ဖြစ်တည်မှုတွေကိုပါ တစ်ပါတည်း ထည့်စဉ်းစားရမယ်လို့ ကျွန်မ ထင်တယ် လူဖြူယောင်္ကျားတစ်ယောက်ရဲ့ ယောင်္ကျားဖြစ်တည်မှုဟာ ကျွန်မတို့ မြန်မာပြည်က ယောင်္ကျားဖြစ်တည်မှုနဲ့ မတူဘူး အဲ့တော့ ဖီမီနင့်ဇင်ဟာ မဟာဖိုဝါဒကို ဆန့်ကျင့်တာဆိုရင် မဟာဖိုဝါဒအောက်မှာ ဖိနှိပ်ခံနေရတဲ့ မည်သူမဆိုအတွက် အရေးပါသင့်တဲ့အရာတစ်ခုလို့ ကျွန်မ မြင်တယ် (မြန်မာပြည်က ယောင်္ကျားဖြစ်တည်မှုဟာလည်း အမျိုးမျိုး ထပ်ဆင့်ပြန်ကွဲပါသေးတယ် မဟာဖိုဝါဒနဲ့ လူဖြူကြီးစိုးရေးဝါဒဟာ ဘယ်လို တစ်ခုနဲ့တစ်ခု ပြန်အထောက်အပံ့ပေးနေသလဲ မေးခွန်းပြန်ထုတ်ရမယ်)

 

အဲ့တော့ ကျွန်မရဲ့ ကျောင်းသူတစ်ဦးမေးခဲ့တဲ့ မေးခွန်းကို ပြန် ဖြေရရင် ဖီမီနင့်ဇင် ယှက်နွှယ်နေတဲ့ စာတွေကို ဂျန်ဒါနဲ့ ပေါ်တင် မပတ်သက်နေတဲ့ နေရာတွေမှာ ဘာလို့ ဖတ်ရသလဲဆိုတော့ ဖီမီနင့်ဇင်ဟာ ကျွန်မတို့ ပတ်ဝန်းကျင်က လိင်အကြောင်း၊ ဂျန်ဒါအကြောင်း၊ sex အကြောင်းမ‌ဆွေးနွေးနေရင်တောင်မှ နားလည်ကျင့်သုံးလို့ ရတဲ့ သီအိုရီနည်းလမ်းတစ်ခု ဖြစ်နေလို့ပဲ အဲ့ဒီ သီအိုရီနည်းလမ်းနဲ့ ကျွန်မ တွေ့ကြုံနေရတဲ့ အတွေ့အကြုံတွေကို ပြန်ကြည့်ရတာ ကျွန်မအတွက် အဆင်ပြေတာကြောင့်လည်း ကျွန်မကိုယ် ကျွန်မ ဖီမီနင့် လို့ ခေါ်ရခြင်းဖြစ်တယ် ကျွန်မရဲ့ ဖီမီနင့်လက်ခံကျင့်သုံးမှုနဲ့ မတူတဲ့သူတွေရဲ့ ဖီမီနင့်ဇင်ကိုလည်း မှားတယ် မှန်တယ် မဝေဖန်ချင်ဘူး ဒီလို ဖြစ်ရမယ် ဟိုလိုဖြစ်ရမယ် အမိန့်မထုတ်ချင်ဘူး ဘယ်သူတွေ ဘာဖီမီနင့်ဇင် လုပ်နေလဲလည်း စစ်တမ်းကောက်ဖို့ ကျွန်မ စိတ်မဝင်စားဘူး ဒီလို ဖီမီနင့်ဇင်ဟာ ဒီနည်းလမ်းတစ်မျိုးတည်းရှိတယ်လို့ ယူဆတာဟာ၊ ထိန်းချုပ်ဖို့ ကြိုးစားတာဟာ ကျွန်မ နားလည်သဘောပေါက်တဲ့ ဖီမီနင့် သီအိုရီနည်းလမ်းရဲ့ အနှစ်သာရနဲ့ လုံးလုံးကြီးကွဲနေတယ် ဖီမီနင့်ဇင် ဘာလဲလို့လဲ အဖြေထုတ်တတ်လာမယ့်အစား ကျွန်မကို ပိုပြီးတော့ မေးခွန်းတွေသာ အစရှာရှာပေးလာလို့ ကျွန်မဟာ ဖီမီနင့်ဖြစ်တယ်

 

ပုံ – မန္တလေး မဟာမြတ်မုနိဘုရားပေါ်က ကြေးရုပ်ပြတိုက်တွင်းရှိ ဗုဒ္ဓဝင်ဇာတ်လမ်း ပန်းချီကားချပ်များအား ကလေးကို ရင်ဝယ်ပိုက် ငေးမောကြည့်ရှုနေသော အမျိုးသမီးတစ်ဦး

ဗီနာဒါ့စ် (Veena Das) ရဲ့ ၂၀၀၇ ခုနှစ်ကရေးခဲ့တဲ့ လိင်အင်္ဂါအတပ်ခံလိုက်ရသော နိူင်ငံသားများ ပေပါ

ခြူးမေပိုင်ရဲ့ မြန်မာပြည် မျိုးစောင့်ဥပဒေထဲက မျိုးချစ် ဂျန်ဒါအတွေးအခေါ်များအကြောင်းကို သုံးသပ်ထားတဲ့ ၂၀၂၀ ခုနှစ်ထုတ် “အမျိုးကောင်းသမီးများ အလိုရှိသည်” ပေပါ (မာတိကာကနေ ပြန်ရှာပါ စာမျက်နှာ ၄၅ က စသည်)

သရဖီသန်း၊ ပျိုးလက်ဟန်နဲ့ ရွှန်းလဲ့ ၂၀၁၈ ခုနှစ်က ရေးခဲ့တဲ့ မြန်မာပြည်က ဖီမီနင့်ဇင် ပေပါကြမ်း

လစ်ဘရယ်အတူရပ်တည်မှု

လွန်ခဲ့သော ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာတစ်ခုမှာ လူဖြူမိန်းမတစ်ယောက် ကော့သူးလေ (Kawthoolei) အလံကိုင်ပြီး ပြေးနေတဲ့ပုံလေးတွေ့လိုက်ရတယ် ဗမာစစ်တပ်ရဲ့ Kawthoolei မှာ သတ်ဖြတ်နေမှုတွေကို ရှုံ့ချပြီး Kawthoolei က သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြတဲ့ သဘောပေါ့ အဲ့ပုံတွေ့ရပြီးကတည်းက ကျွန်မစိတ်ထဲ တစိမ့်စိမ့် တွေးနေမိတာတစ်ခုကို ဒီနေ့တော့ ချရေးကြည့်ချင်တယ်

ကျွန်မ လူဖြူတွေကြားထဲနေလာတဲ့ ကာလတစ်လျှောက် သတိထားမိတာက လစ်ဘရယ်ဖြစ်တဲ့ သူတို့ကိုယ်သူတို့ တိုးတက်ပြောင်းလဲမှုကို ထောက်ခံတယ်၊ လူတန်းစားခွဲခြားရေးကို ရှုံ့ချတယ်၊ ဖိနှိပ်ခံရမှုတွေကို ရှုံ့ချတယ်ဆိုတဲ့သူတွေကြားထဲမှာလည်း ပြဿနာလေးတွေ ဟိုဟိုဒီဒီ ရှိနေတယ်ဆိုတာ မြင်လာရတယ်

အမေရိကန်မှာတော့ ဒီလို လူဖြူတွေဟာ သူတို့ကားတွေမှာ “တိဘက်ကို လွတ်မြောက်ခွင့်ပေး” တို့ “ပါလက်စတိုင်းကို လွတ်မြောက်ခွင့်ပေး” တို့ “ကတ်ရှမီးကျူးကျော်မှုကို ရှုံ့ချသည်” တို့ စတဲ့ စတစ်ကာတွေကပ်ပြီး သူတို့ရဲ့ “တိုးတက်တဲ့” (progressive) နိုင်ငံရေးကို ပေါ်ပေါ်ထင်ထင် ပြကြတယ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း အမေရိကန်ရောက် ကျွန်မ မြန်မာသူငယ်ချင်းတချို့ ရှယ်ထားတဲ့ မြန်မာပြည်က စစ်အာဏာရှင်စနစ်ကိုတော်လှန်ကြောင်း အလံထူကြတဲ့ လူဖြူတွေရဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တွေ့ခဲ့ရတယ်

လူဖြူတွေ ကျွန်မတို့လို လူဖြူမဟုတ်တဲ့သူတွေရဲ့ ဖိနှိပ်မှုတွေနဲ့ အတူ ရပ်တည်ပေးတာကတော့ အပေါ်ယံကြည့်ရရင် ကောင်းပါတယ် ဒီနေရာမှာ ကျွန်မ နက်နက်နဲနဲ ထပ်တွေးမိတာက ဘယ်လိုအချိန် ဘယ်လိုနေရာ ဘယ်လိုဒေသမျိုးမှာ ဒီလို လစ်ဘရယ်လူဖြူတွေက ဘယ်ဖိနှိပ်ခံရသူတွေနဲ့ ရပ်တည်မှုကို ပြကြသလဲဆိုတာပဲ ပြီးတော့ ဘယ်လိုလူမျိုးတွေကသာ ဒီလို ကမ္ဘာတစ်ဝှမ်းက ဖိနှိပ်မှုတွေနဲ့ အတူ ရပ်တည်ပေးနိူင်တာလဲ ဆိုတာပဲ

ကျွန်မ အမြင်အရတော့ ဖိနှိပ်ခံရသူတွေနဲ့ အတူ ရပ်တည်တယ်ဆိုတာလည်း ဒီ အရင်းရှင်ခေတ်နှောင်းပိုင်းကာလ နီရိုလစ်ဘရယ်ကာလ (အရင် အရင်းရှင်စနစ်ရဲ့ ဖိနှိပ်မှုလက်‌အောက်ကနေ တဖြည်းဖြည်း မိမိကိုယ်ကို မလွတ်လပ်သေးပေမဲ့လည်း လွတ်လပ်မှု ရှိသယောင် ထင်ရတဲ့ အရင်းရှင်စနစ်ရဲ့ နှောင်းပိုင်းကာလ)မှာတော့ ဈေးကွက်စီးပွားရေးစနစ်ကြီး (marketplace) တစ်ခုလို ပြန်ဖြစ်လာတယ်ဆိုတာပဲ ဒါကတော့ ဈေးဝယ်ထွက်ရင် ဒီနေ့တော့ ဘာဟင်းချက်စားချင်သလဲဆိုတာ တွေးကြသလို ဒီနေ့ အိပ်ရာနိုးလာရင် ဘယ်ဖိနှိပ်ခံရသူအုပ်စုကို ထောက်ပံ့ပေးချင်သလဲဆိုပြီး အတူရပ်တည်မှုတွေက ဈေးထဲက ရွေးချယ်စရာ အသားငါးဟင်းသီးဟင်းရွက်တွေလို ဖြစ်လာတာမျိုးပါ (မြန်မာပြည်မှာက မာ့စ်ရေးခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်တဲ့ လူတန်းစား ပြဿနာတွေကိုသာ အများက ဦးစားပေးနေကြတယ်၊ အခု ကမ္ဘာနဲ့ချီပြီး တွေ့ကြုံနေရတဲ့ အရင်းရှင်နှောင်းပိုင်းကာလက ပြဿနာတွေကို ပေါ်ပေါ်ထင်ထင် သုံးသပ်တာ နည်းနေသေးတယ် ကျွန်မ ထင်တယ်)

ဈေးသည်တွေက လာပါ ယူပါ ဝယ်ပါ တစာစာအော်ကြသလို ဒီကာလကြီးထဲမှာ ဖိနှိပ်ခံတွေကလည်း ငါ့ကို ကြည့်ပါဦး ငါ့ကို ကယ်ပါဦးနဲ့ အတူရပ်တည်ပေးမယ့်သူရဲ့ အာရုံကို အပြိုင်အဆိုင် ရယူနိုင်ဖို့ ကြိုးစားလာရတယ် အဲ့ဒါကြောင့်လည်း အာဏာသိမ်းကာလမှာ တချို့တွေက အမေရိကန်ရဲ့ အာရုံစိုက်မှုရဖို့ Black lives matter “လူမည်းဘဝတွေဟာ တန်ဖိုးရှိတယ်” ဆိုတဲ့ အရွေ့တွေနဲ့ မြန်မာပြည်ကကိစ္စကို နှိုင်းယှဉ်တာတွေ တွေ့ခဲ့ရတယ် မဟုတ်လား သူတို့တွေ ပေးတဲ့ တက်ကြွလှုပ်ရှားမှု ဆုတံဆိပ်လေးတွေ ရရင်ကိုပဲ ကျွန်မတို့မှာ ပျော်ကြရတယ် သူတို့ရဲ့ အလံကိုင်မှု‌တွေ၊ ကားစတစ်ကာကပ်မှုတွေ အစရှိတဲ့ အတူရပ်တည်မှုတွေရှိရင်ကိုပဲ ဝမ်း‌သာကြရတယ် လေထီး စာနယ်ဇင်းလေး မြန်မာပြည်အကြောင်းရေးရင်ကိုပဲ လက်ခုပ်တီးကြရတယ်

ကျွန်မအတွက်တော့ ဒီလို ခံစားရတာဟာလည်း၊ ဒီလို လစ်ဘရယ် အတူရပ်တည်မှုတွေဟာလည်း ဖိနှိပ်မှုဆန်နေသေးတုန်းပဲ ဒီဖိနှိပ်မှုကကျ‌တော့ ထင်သာမြင်သာ သိပ်မရှိဘူး အပေါ်ယံမှာ ကျွန်မတို့ကို ထောက်ပံ့သလိုလိုနဲ့ အမှန်တကယ်က တကယ်တမ်း ဖြစ်နေတဲ့ စနစ်တကျပြဿနာကိုတော့ မျက်ကွယ်ပြုထားလို့ပဲ သူတို့ပေးတဲ့ ခဏတာ ရေပေါ်ငဇင်ရိုင်း မစို့တပို့ အတူရပ်တည်မှုတွေကို မျှော်ကိုးရင်း အနာကို သေချာ မဆေးကြောဘဲ ပတ်တီးတွေ တစ်ပတ်ပြီး တစ်ပတ်ပတ်ရင်း ကျွန်မတို့ဒဏ်ရာတွေက ပိုးကိုက်နေတယ် ဘယ်တော့မှ အမြစ်မပျောက်ဘူး

ဒီ လစ်ဘရယ် ဖိနှိပ်မှုကလည်း နပ်ပါတယ် ဒီလို မစို့တပို့ပေးလို့ ရတဲ့ အကြွင်းအကျန်တွေကိုတောင်မှ ဖောဖောသီသီ မပေးပါဘူး အများကြီးပေးရင် ရောင့်တက်မှာ စိုးလို့ နည်းနည်း နည်းနည်းချင်းစီ ဖဲ့ ဖဲ့ပေးတော့ ကျွန်မတို့တွေကလည်း သူတို့ဆီက ဆုလာဒ်တွေ ရတဲ့အခါကျ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေကြတာပေါ့ တကယ်တမ်းက ကိုယ့်လုပ်တာတွေ မှန်နေလို့ ကောင်းနေလို့ ဒီဆုလာဒ်တွေ ရတာ မဟုတ်ပါဘူး သူတို့ ပေးချင်တဲ့ အချိန်နဲ့ နီးစပ်ရာ လက်လှမ်းမှီရာနဲ့ တိုက်ဆိုင်သွားလို့သာ ရကြတာပါ

ကျွန်မတို့ ကိုယ်တိုင်ဖိနှိပ်ခံရသူတွေကလည်း ကိုယ့် ဖိနှိပ်မှုကိုသာ ကိုယ် အာရုံစိုက်နိူင်တယ် သူများ ဖိနှိပ်မှုတွေကို အဖြူတွေလို စကားထဲ ထည့်မပြောနိူင်သေးဘူး ဒါကြောင့်လည်း သာမန်လူတန်းစား မြန်မာတွေ လူမည်းတွေရဲ့ ဖိနှိပ်ခံရမှု၊ ကတ်ရှမီးတွေရဲ့ ဖိနှိပ်ခံရမှု၊ ပါလက်စတိုင်းတွေရဲ့ ဖိနှိပ်ခံရမှုကို နားလည်းမလည်သလို စိတ်လည်း မဝင်စားကြဘူး စိတ်ဝင်စားဖို့လည်း ကျွန်မတို့မှာ လူဖြူတွေလို အချိန်မရှိ‌နေပါဘူး ကိုယ့်အိမ်နောက်ဖေးမှာ ရေကြီး၊ မီးလောင်နေတော့ ဈေးထဲ ဘယ်သူက လတ်ယားလတ်ယား လမ်းလျှောက် မျက်လုံးနဲ့ ဈေးဝယ်နိူင်မှာလဲလေ

ဒီလို လစ်ဘရယ်ဆန်တဲ့ အတူရပ်တည်မှု‌ဆိုတာ လူဖြူတွေတင်သာမက ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ထဲမှာလည်း ပြန်ကျင့်သုံးနေကြတာမျိုးပါ ဥပမာ နိုင်ငံရေးတက်ကြွလှုပ်ရှားတယ်ဆိုတာ ရိုင်းရိုင်းပြောရရင် ခေတ်ကောင်းနေတဲ့ကာလကြီးမှာ လူတကာ ကိုယ့်ကိုကိုယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူပါ ခေါင်းစဉ်တပ်ပြီး ဆုတံဆိပ်တွေ အမည်နာမတွေ ဖော်ထုတ်နေကြတာတွေလည်း တွေ့နေရတယ် ဒီနေရာမှာလည်း ကိုယ့်ရဲ့ ဖြစ်တည်မှု (identity) (ဂျန်ဒါ၊ ဘာသာ၊ လူမျိုး အစရှိသဖြင့်) ကို ပြန်အသုံးချနိူင်လေလေ ပိုအကျိုးရှိလေလေတွေ ဖြစ်လာ‌တာ တွေ့နေရတယ် မိန်းမဆိုရင်ပဲ ဂျန်ဒါနဲ့ ပတ်သက်တဲ့ တက်ကြွလှုပ်ရှားသူကြီး ဖြစ်လာတယ် မွတ်စလင်ဘာသာ ကိုးကွယ်သူဆိုရင်ပဲ မွတ်စလင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဖြစ်လာတယ် ကိုယ်တွေ့ ဖိနှိပ်ခံရမှုတွေကို ဗဟိုပြုပြီး တက်ကြွလှုပ်ရှားတာ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး သို့ပေသိ ဒီဖြစ်တည်မှုတွေကို အပေါ်ယံ (surface value) လောက်သာယူပြီး တက်ကြွလှုပ်ရှားတာမျိုးကတော့ နီရိုလစ်ဘရယ်ဆန်တယ် ကိုယ့်ဖြစ်တည်မှုတစ်ခုတည်းကို ကွက်ကွင်းပြီး တခြားသူကို လိပ်ပြာမလုံအောင် လုပ်ပြီး (guilt trip) တက်ကြွလှုပ်ရှားတာမျိုးက ကျွန်မအတွက်တော့ ရွံ့စရာကောင်းတယ် (ဖိနှိပ်ခံတွေထဲမှာလည်း အချင်းချင်းစည်းတားတဲ့ ပြန်ဖိနှိပ်တဲ့ ပြဿနာတွေ ရှိနေတယ်)

ဖိနှိပ်ခံဖြစ်တည်မှုအတွက် တက်ကြွလှုပ်ရှားရင်းနဲ့ အဲ့ဒီ ဖိနှိပ်သူက ပေးထားတဲ့ ဖြစ်တည်မှုတွေကိုလည်း ပြန်မေးခွန်းထုတ်နိုင်ရမယ်လို့ ကျွန်မ ထင်တယ် (ဥပမာ ကျွန်မက မိန်းမမို့လို့ မိန်းမအကြောင်းတွေ ပြောနိုင်ရမယ်ဆိုတာက ကျွန်မရဲ့ များပြားလှတဲ့ ဖြစ်တည်မှုပေါင်းစုံထဲက မိန်းမဆိုတာ တစ်ခုတည်းကိုပဲ အနှစ်သာရပြု (essentialize) လွန်းတယ်လို့ ထင်တယ်)

ထမင်းစား စားပွဲတစ်ခုမှာ ထိုင်နေကြတဲ့ သို့ စားပွဲမှာ နေရာရသွားကြတဲ့ ဖိနှိပ်သူတွေထဲမှာ စားပွဲဝိုင်းအပြင်က လူတွေကို ဂရုမစိုက်တဲ့သူတွေ ရှိသလို အပြင်လူတွေထဲက သူတို့ ကြိုက်နှစ်သက်ရာကို ခဏတဖြုတ် ရွေးချယ်ပြီး ကူညီထောက်ပံ့နေတဲ့ ဖိနှိပ်သူတွေလည်း ရှိနေတယ် သူတို့ မစို့တပို့ပေးတဲ့ အာရုံအကြွင်းအကျန်လေးတွေ၊ ထောက်ပံ့မှုအကြွင်းအကျန်လေးတွေကို ထမင်းစား စားပွဲအောက်ကျလာတဲ့အခါ ဝမ်းမြောက်ဝမ်းသာ ထိုင်စားရင်း ကျွန်မတို့က ပျော်နေကြမှာလား သူတို့ စားနေတဲ့ စားပွဲကြီးကို အောက်ကနေ ခေါင်းထိုးပြီး လှန်ပစ်ကြမှာလား ဘာနည်းလမ်းကို ကျွန်မတို့က ရွေးချယ်ကြမှာလဲ တွေးမိတယ်

ပုံ – ရန်ကုန်မြို့ လှည်းတန်း‌လမ်းကြားတစ်ခုတွင် ဟင်းသီးဟင်းရွက်များ အလျှံအပယ်ရောင်းနေသောစျေးဆိုင်တစ်ဆိုင်

တော်လှန်ရေး”အတွက်”လေ့လာခြင်း

မနေ့က ဆရာစောကပီ Facebook ပေါ်မှာရေးထားတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး လေ့လာကြတဲ့ အကြောင်းကို သဘောကျလို့ ပြန် အကျယ်ချဲ့ အတွေးပွားချင်တယ် (မူရင်း ပို့စ်ကို အောက်မှာ လင့်ခ် ထည့်ပေးထားပါတယ်)

 

အဓိက အာဘော်ကတော့ တော်လှန်ရေးလုပ်သူတွေဟာလည်း လေ့လာမှုဆက်လုပ်ဖို့ လိုအပ်နေတယ် ဒါပေမဲ့ လေ့လာ‌တာဟာ တော်လှန်ရေး “ကို” လေ့လာမဲ့အစား တော်လှန်ရေး “အတွက်” လေ့လာတာ ဖြစ်ရမယ်လို့ ကျွန်မ သဘောပေါက်မိတယ် (emphasis တွေကတော့ ကျွန်မဘာသာ ထပ်ထည့်ထားတာပါ)

 

ဒီအာဘော်ကို ကျွန်မ ဘာကြောင့် သဘောကျမိသလဲဆိုတော့ တော်လှန်ရေးဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ပြန်လည်အာခံမှု၊ ပြန်လည်တိုက်ခိုက်ခုခံမှုတင်မကပဲ အသိပညာပိုင်းဆိုင်ရာတွေပါ လိုအပ်နေတယ်လို့ ယူဆရလို့ပဲ အာဏာသိမ်းပြီး အခု နှစ်နဲ့ကြာလာတဲ့အခါမှာ တောထဲ/နယ်စပ်ထွက်ပြီး လက်နက်ကိုင်တိုက်ကြတဲ့သူတွေအပြင် စာသင်တာ လေ့လာတာတွေဘက်ကို အာရုံနည်းနည်း ပြန်ပေးလာရတာ ကျွန်မ သတိထားမိပါတယ် ကနဦး ရှင်းလင်းချင်တာက ဒီနေရာမှာလေ့လာတယ်ဆိုတာ စကစရဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပြန်တက်တာကို ဆိုလိုတာ မဟုတ်ပါဘူး ‌တော်လှန်ရေးနဲ့ ပတ်သက်နေတဲ့ စာပေတွေ အတူတူဖတ်ကြတာ၊ ဆွေးနွေးကြတာ ဒါမျိုးတွေကို ဆိုလိုတာပါ အခုကာလမှာလည်း ဦးနှောက် ယိုဆီးမှုတွေ မြန်မာပြည်မှာ ဖြစ်နေပါတယ် နိူင်ငံခြားထွက်ကျောင်းတက်ကြတာတွေပါ ဒီလို လေ့လာတာတွေကိုလည်း မူရင်းပို့စ်က ဆိုလိုတယ် ထင်ပါတယ် (ပြည်တွင်းမှာဆိုလည်း ရန်ကုန်တက္ကသိုလ်ပရိဝဏ်ထဲက သစ်ပုပ်ပင်ကြီးအမှတ်တရ သစ်ပုပ်စကားဝိုင်းတို့ ဘာတို့ဆိုလည်း အချိန်ကာလနဲ့ သင့်တော်တဲ့ စာပေတွေ ညွှန်းပေးပြီး အပတ်စဉ်ဆွေးနွေးဝိုင်းတွေ လုပ်ပေးနေပါတယ် သစ်ပုပ်အပြင် တခြား အဖွဲ့တွေကလည်း သူ့နည်း သူဟန် စာပေဆွေးနွေးဝိုင်းတွေ၊ လေ့လာတာတွေအတွက် လုပ်ပေးနေပါတယ်)

 

ဒီနေရာမှာ တချို့တွေကလည်း စာသင်တယ်၊ စာဖတ်တယ်၊ စာရေးတယ်ဆိုတာ တော်လှန်ရေးအလုပ် အစစ်အမှန်မဟုတ်ဘူးဆိုပြီး တိုက်ခိုက်နေတာတွေလည်း ကျွန်မ ကိုယ်တိုင်နားနဲ့ဆတ်ဆတ် ကြားခဲ့ရဖူးတယ် အထူးသဖြင့် ကျွန်မလို ပြည်ပရောက် မြန်မာတစ်ယောက်အနေနဲ့ စာသင်တာ၊ ငွေလှူတာကလွဲလို့ တော်လှန်ရေးကို လက်နက်ကိုင် ဝင်ပါလို့မရတဲ့ လူတွေကို ပြည်တွင်းထဲမှာ သေကြေခံစားနေရတဲ့လူတွေနဲ့ နှိုင်းယှဉ်ဝေဖန်ရင်းကနေ အ‌စွန်းရောက်သွားတဲ့ ‌အဆိုလို့ ကျွန်မကတော့ မြင်မိတယ် (အမှန်တကယ်က ကျွန်မတို့ ပြည်ပရောက် မြန်မာတွေကို ဝေဖန်သင့်တာတွေ ရှိပါတယ် ဒီနေရာတော့ မဟုတ်သေးဘူးလို့ ကျွန်မ ထင်တယ် ပြည်တွင်း ပြည်ပ dichotomies တွေနဲ့ ပတ်သက်ပြီး ကျွန်မ ပြောချင်တာတွေ ရှိပါတယ် နောက်မှ သတ်သတ်ရေးပါဦးမယ်) ဒီနေရာမှာ ငွေတွေ လှူတာထက်ကို လေ့လာတာဟာ ပိုပြီး တာသွားတယ်လို့ ကျွန်မ မြင်တယ်

 

စာရေး၊ စာဖတ်၊ စာသင်တယ်ဆိုတဲ့ အလုပ်ဟာ နှေးကွေးတယ်ဆိုတာ မှန်ပါတယ် တစ်ဦးတစ်ယောက်ချင်းစီကနေလည်း ဖတ်တာချင်း လေ့လာတာချင်းအတူတူ အသိပညာရရှိသွားမှုက မတူညီပါဘူး လက်နက်ကိုင်တိုက်ခိုက်သလိုမျိုး (ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ) အပြောင်းအလဲကို မျက်ဝါးထင်ထင် တွေ့ရဖို့လည်း ခက်ခဲပါတယ် လေ့လာရာက ရတဲ့ ပြောင်းလဲမှုဆိုတာ နှစ်နဲ့ချီပြီးမှ အရာထင်တဲ့ ကိစ္စမျိုးပါ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရပါ မဖြစ်နိူင်တဲ့ အခြေအနေတွေကြောင့် တောခိုရတဲ့လူတွေ ရှိသလို၊ လက်နက်ကိုင်တော်လှန်ရေး နေရာသွားတဲ့ အခြေအနေရှိသလို လေ့လာသင်ယူမှုကို လက်နက်ကိုင်နေရင်းဖြစ်စေ၊ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ချက်ချင်း လက်ငင်း မတိုက်နိူင်တဲ့သူတွေ လုပ်သင့်တဲ့အရာလို့ ကျွန်မကတော့ မြင်တယ် ကျွန်မ ပြောချင်တဲ့ လေ့လာရေးက ရှိထားပြီးသား သီအိုရီတွေ ထိုင်ဖတ်ရုံပဲ မဟုတ်ပါဘူး လေ့လာရေးဟာ ကျွန်မအတွက်တော့ ကိုယ့်ရဲ့ အတွေးအခေါ် အပြုအမူ အကျင့်အကြံတွေကို စာတွေထဲနေတဆင့်ဖြစ်စေ၊ ကိုယ့်အပေါင်းအသင်းရပ်ဝန်းတစ်ခုနဲ့ဖြစ်စေ ဆွေးနွေးတိုင်ပင်နှီးနှော သုံးသပ်လာနိူင်တာမျိုးလို့ ကျွန်မ မြင်တယ် ဘွဲ့တွေ ဒီဂရီတွေရတာနဲ့ ဒီလူဟာ တော်တော်လေ့လာထားတယ်လို့ ကျွန်မတော့ မယူဆပါ အမြီးရှည်ပြီး တွေးခေါ်တာကျ တစ်မျိုးဖြစ်နေတဲ့သူတွေလည်း ကိုယ်တွေ့ကြုံဖူးပါတယ်

 

တော်လှန်ရေးတစ်ခုဟာ လူမျိုးဆက်တစ်ဆက်ရဲ့ အချိန်ကာလတစ်ခုကို ရပ်တန့်သွားစေတယ် ၁၉၈၉ ခုနှစ်က အင်ဒိုနီးရှားက လူငယ်တက်ကြွလှုပ်ရှားသူတွေဟာ အခုချိန်ကာလထိ တက်ကြွလှုပ်ရှားသူ လူငယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပိတ်မိနေပြီး အသက်တွေ ဘယ်လောက်ကြီးကြီး “လူငယ်ကျောင်းသား လှုပ်ရှားသူ” ဆိုတဲ့ နာမည်နဲ့ အချိန်ကာလတစ်ခုအတွင်း ပိတ်မိသွားတဲ့ အကြောင်းကို တရုတ်ပြည်ဖွား အင်ဒိုနီးရှားမှာ ကြီးတဲ့ မနုဿဗေဒပညာရှင် ဒေါ်ရင်းလီးရဲ့ “တက်ကြွလှုပ်ရှားသူ မော်ကွန်းများ”ဆိုတဲ့ အင်ဒိုနီးရှားလူငယ်တက်ကြွလှုပ်ရှားသူတွေအကြောင်းရေးထားတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ် ကျွန်မတို့ နိူင်ငံမှာဆိုရင်လည်း ၁၉၈၈ မျိုးဆက်တွေဟာ ထောင်တွေချခံရ ပိတ်လှောင်ခံရနဲ့ ဘဝတွေဟာ အသက်တွေ ဘယ်လောက်ပင် ကြီးလာပါစေ ကျောင်းသားမျိုးဆက်ဆိုပြီး အသက်အရွယ်အတိုင်းအတာ ကာလတစ်ခုအောက်မှာ အတွေးအခေါ်ရော အပြုအမူရောပါ ပိတ်မိခံနေဆဲပါပဲ

 

အဲ့ဒီတော့ ကျွန်မ ဆိုလိုချင်တာက တော်လှန်‌ရေးဟာ အခုပြောပြောနေကြတဲ့ စစ် ၃ စစ်တို့၊ စစ် ၄ စစ်တို့ကိုသာ အမှန်တော်လှန်ချင်တယ်ဆိုရင် လေ့လာသင်ယူမှုတွေကိုပါ တွဲလုပ်ရမယ်လို့ ကျွန်မ ထင်တယ် အဲ့ဒါမှလည်း တောခိုကြတာချင်းအတူတူ ယောင်္ကျားခန္ဓာကိုယ်တွေရဲ့ တွေ့ကြုံ‌မှု၊ မိန်းမ ခန္ဓာကိုယ်ရှိသူတွေရဲ့ တွေ့ကြုံမှုတွေဟာ ဘယ်လို မတူကွဲပြားနေသလဲ ဘာလို့ လက်နက်ကိုင်တော်လှန်သူတွေကြားထဲမှာလည်း အချင်းချင်း အကြမ်းပြန်ဖက်မှု၊ မုဒိမ်းကျင့်မှုတွေ ရှိနေရသေးတာလဲ၊ စစ်တပ်ကိုတော်လှန်ပြီးရင် ဘာကို ဆက်တော်လှန်မှာလဲ ဆိုတာတွေကို ပြန်စဉ်းစားသုံးသပ်နိူင်မယ်လို့ ကျွန်မ ထင်တယ် အဲ့ဒါမှလည်း ၈၈ မျိုးဆက်တချို့လို ကြီးစဉ်ငယ်လိုက်ဝါဒတွေ၊ ခေါင်းဆောင်တစ်ယောက်အပေါ် ပုဂ္ဂိုလ်စွဲဝါဒတွေကနေ လွတ်မြောက်နိူင်မယ် ကိုယ့်လွတ်မြောက်ရေးအတွက် တိုက်ခိုက်ရာကနေ ဖိနှိပ်မှု ပုံစံ အသစ်တွေ၊ ဆင်တူယိုးမှားတွေ မဖြစ်အောင် ကျင့်ကြံမလဲ ပြန်သုံးသပ်နိူင်မယ် ထင်တယ်

 

နောက်တစ်ချက် စာရေးစာဖတ်တာကို ဝေဖန်ကြတဲ့ အကြောင်းရင်းထဲမှာ ကျွန်မ သဘောပေါက်မိတာက လက်နက်ကိုင်တော်လှန်ရေးကို fetish (စွဲလမ်းနေတဲ့ တန်ဆာပလာ) တစ်ခုလို သဘောထားနေလို့ပဲ ဆိုတာပါပဲ ဒါကတော့ လက်နက်ကိုင်တော်လှန်နေတဲ့သူတိုင်းဟာ သူရဲကောင်းတွေ ဖြစ်တယ် (လက်နက်ကိုင်တိုင်း ကျွန်မကတော့ သူရဲကောင်းလို့ မယူဆနိူင်ပါ အရာအားလုံးဟာ အဖြူအမည်းပဲ ရှိနေတာ မဟုတ်ပါဘူး) လို့ ယူဆရာကနေ တောခိုချင်တယ်၊ တောခိုတဲ့လူကမှ တကယ်တော်လှန်နေတယ်လို့ ထင်မြင်လာတာပါပဲ ဒီနေရာမှာ ဒီ အစွဲအလမ်းစိတ်ဟာ ဖိုဝါဒနဲ့ အများကြီး ပတ်သက်နေတယ် အတွေ့ရဆုံးကတော့ လူဖြူယောင်္ကျားတွေပါပဲ သူတို့ဟာ ကျွန်မတို့လို အရှေ့နိူင်ငံတွေက ဖြစ်တဲ့ ပြည်တွင်းရေးပြဿနာတွေကို စူးစမ်းရာကနေ စွဲလမ်းလာတယ် စွဲလမ်းလာရာနေ ကိုယ်တိုင် အဲ့လို ဘဝမျိုး နေချင်လာတယ် တောခိုတဲ့ဘဝဟာ action ရုပ်ရှင်ကားတွေထဲကလို ကြမ်းကြမ်းတမ်းတမ်း ခက်ခက်ထန်ထန်နေရတဲ့ ပုံစံမျိုးလို မှတ်ယူလာတယ် (အမှန်တကယ်က သူတို့ မှန်းဆထားတဲ့အတိုင်း ဟုတ်ချင်မှလည်း ဟုတ်မှာပါ) အဲ့လို မှတ်ယူပြီး ကျွန်မတို့ကို ကူညီချင်သယောင်ယောင် အောက်လမ်းကနေ တောလာခိုကြတယ် လာပေါင်းစည်းကြတယ် ဒီလို ဖိုဆန်တဲ့ စွဲလမ်းမှုပြဿနာမှာ မိန်းမတွေနဲ့ ဖိုမဟုတ်တဲ့သူတွေမှာပါ ပြန်မြုံနေနိူင်ပါတယ် လူဖြူမဟုတ်တဲ့ မြန်မာတွေကိုယ်တိုင်မှာလည်း ဒီပြဿနာ ရှိနေနိူင်ပါတယ် အာဏာသိမ်းပြီးကာစ ကျွန်မနဲ့ စကားပြောမိတဲ့ ၈၈ မျိုးဆက် ပြည်ပရောက် မြန်မာဦး‌လေးကြီး တစ်ယောက် ပြောသလိုပေါ့ သူ မြန်မာပြည်ပြန်မှ ဖြစ်တော့မယ် သူမှ မပြန်ရင် တော်လှန်ရေးက ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မယ်ဆိုပြီးအလျင်တလို ပြောတာကို ကျွန်မက နားမလည်နိူင်ခဲ့ပါဘူး သူ့မှာက မိန်းမနဲ့ ကလေးတွေလည်း ရှိပါတယ် ဒီလို ကိုယ့်မိသားစုရဲ့ လုံခြုံရမှု၊ သူတို့ကို ပြုစုစောင့်ရှောက်မှုကို ထည့်စဉ်းစားမလိုဘဲ ကိုယ်လုပ်ချင်တာ ကောက်လုပ်ပိုင်ခွင့်ရှိနေတာက ယောင်္ကျားတွေရဲ့ အခွင့်ထူးခံစားရမှု တစ်မျိုးပဲ (ဒါမျိုး savior complex ရှိနေတဲ့ ပြည်ပရောက် မြန်မာတွေ၊ ပွဲလန့်တုန်း ဖျာခင်း တော်လှန်ရေး အကြောင်းပြ နာမည်ကြီးဖို့ ကြိုးစားတဲ့ ပြည်ပရောက် မြန်မာတွေ၊ ဘာဆိုဘာမှ လုပ်ဖို့ စိတ်မဝင်စားတဲ့ ပြည်ပရောက် မြန်မာ တွေ၊ မြန်မာပြည်အရေးတော့ စိတ်ဝင်စား နိူင်ငံတကာမှာ ဖိနှိပ်မှုခံစားနေရတဲ့ မြန်မာပြည်က ရွှေ့ပြောင်းအခြေချလုပ်သားတွေကိုတော့ စကားထဲတောင် ထည့်မပြောတဲ့ ပြည်ပရောက် မြန်မာတွေ ကိုတော့ ဝေဖန်သင့်ပါတယ်)

 

လေ့လာတာနဲ့ ပတ်သက်ပြီး ဝေဖန်သင့်တဲ့နေရာတော့ ရှိပါတယ် ဒါကတော့ ပညာလေ့လာရေးကို စီးပွားရေးတစ်ခုလို၊ လေ့လာတာဟာ ဘွဲ့တွေရဲ့ ခေါင်းစဥ်အောက်မှာပဲ ပိတ်မိနေတာမျိုးတွေလုပ်တဲ့အခါမှာပါပဲ ‌ဆရာ စောကပီ ပြောချင်တဲ့ တော်လှန်ရေးအတွက်လေ့လာတယ်ဆိုတာလည်း ဒါနဲ့ ပတ်သက်နေတယ်လို့ ကျွန်မ မြင်တယ် လေ့လာတဲ့နေရာမှာ ပိုက်ဆံရှာချင်ရုံသက်သက် လေ့လာတာလား အသိပညာတိုးပွားချင်လို့ ဒါမှမဟုတ် နည်းပညာတစ်ခုခု လေ့လာတာဆိုရင်လည်း အဲ့ဒီနည်းပညာကို ဘယ်နေရာမှာ ဘာအတွက် အသုံးချချင်လို့လဲဆိုတာ ပြန်စဉ်းစားရပါမယ် အသိပညာတိုးပွားအောင် လေ့လာတဲ့နေရာမှာတော့ ပြည့်နေပြီးသား စည်ပိုင်းတွေကိုသာ ထပ်ခါ ထပ်ခါဖြည့်ကြမလား စဉ်းစားစရာပါ ဆရာ စောကပီရေးထားတာကတော့ မာစတာဘွဲ့တွေ ရှိပြီးသားနဲ့ မလိုအပ်ဘဲ ထပ်လျှောက် ထပ်တက်တာမျိုး၊ နိူင်ငံခြားစကောလားရှစ်‌တွေ ယူတာမျိုးလို့ ဆိုပါတယ် ကိုယ်တကယ် စိတ်ဝင်စားလို့ လေ့လာတာနဲ့ နာမည်ရချင်လို့ ဘာကြီးဖြစ်ချင်လို့ ညာကြီးဖြစ်ချင်လို့ လေ့လာတာနဲ့တော့ မတူပါဘူး (ကိုယ် တကယ်စိတ်ဝင်စားလို့ လေ့လာရင်း သွေးနားထင်ရောက် ဆရာ ဆရာမကြီးဂိုဏ်းဝင်သွားတဲ့သူတွေလည်း တွေ့ဖူးပါတယ် ကြက်နဲ့ ကြက်ဥလို ဘယ်ကနေ စလဲတော့ ကျွန်မလည်း မပြောတတ်ပါ)

 

အာဏာသိမ်းပြီးကတည်းက ကျွန်မရဲ့ ကိုယ်ပိုင်ငြင်းဆိုမှုတစ်ခုကတော့ စာ‌သင် စာရေးတာနဲ့ ပတ်သက်ပြီး လူဖြူကျောင်းသားတွေ ပရိတ်သတ်တွေ အတွက် ကျွန်မ စာသင်တာတွေ၊ စာရေးတာတွေ မခင်းကျင်းဘူးဆိုတာပဲ ပြည့်လွန်းလို့ လျှံနေတဲ့ အဲ့ဒီစည်ပိုင်းတွေကို ကျွန်မ ထပ်မဖြည့်နိူင်တော့ဘူး စာသင်နေလို့ ကိုယ် ဆရာမကြီးလုပ်နေမဲ့အစား စာသင်ခန်းဟာ ဆွေးနွေးခန်းလို တစ်ယောက်ချင်းစီရဲ့ ကိုယ်တွေ့တွေကို ဖလှယ်နိူင်တဲ့နေရာမျိုးဖြစ်ဖို့ ကျွန်မ ကြိုးစားချင်တယ် တချို့ ပြည်ပရောက် မြန်မာပညာတတ်တချို့ကတော့ ပါးစပ်က ဘုရားဘုရားနဲ့ လက်ကကားယားကားယားလုပ်ပြီး လူဖြူ့အကူအညီတွေယူမှ ကိစ္စပြီးမြောက်မဲ့ပုံစံ လုပ်နေတာတွေ၊ တော်လှန်ရေးအတွက် လူဖြူနဲ့မှ အလုပ်လုပ်ချင်တာတွေ၊ လူဖြူကျောင်းသားတွေကို မြန်မာပြည်မှာ ဖြစ်နေတဲ့ တော်လှန်ရေးအကြောင်း စာသင်တာတွေ လုပ်နေကြပြန်တယ် ဒါဟာ တော်လှန်ရေး “ကို” အရာဝတ္တုတစ်ခုလို မှန်ပြောင်းအောက်က ပိုးကောင်လို ကြည့်တဲ့ လေ့လာမှုမျိုးပဲ

 

ပညာသင်ကြားလေ့လာရေးဆိုတာ စာသင်ခန်း/ဆွေးနွေးဝိုင်းတွေထဲက ရလာမဲ့ ရလာဒ်‌တွေကို ချက်ချင်းသိရဖို့ နှေးကွေးလှပြီး လူတန်းစားတစ်မျိုးတစ်ဖုံကသာ ရရှိနိူင်တဲ့ ဇိမ်ခံအရသာတစ်ခုထက် ကျွန်မ‌ကတော့ လူမည်းအ‌တွေးအခေါ်ပညာရှင် ဘယ်လ်ဟွတ်ခ် သူ့ရဲ့ “ကျော်လွန်ဖို့အတွက် စာသင်ခြင်း” စာအုပ်ထဲမှာဆိုခဲ့သလို ပညာရေးဟာ လွတ်မြောက်ခွင့်ပေးတဲ့ အခွင့်အလမ်း အလေ့အကျင့်တစ်ခုအနေသာ ဖြစ်စေချင်တယ် လက်ရှိစာသင်နေတဲ့ လူတစ်ယောက်အနေနဲ့လည်း ကျွန်မ ကျောင်းသားကျောင်းသူတွေအတွက် အဲ့ဒီလိုဖြစ်အောင် အတတ်နိူင်ဆုံး ကြိုးစားနေတယ်

 

ဖိနှိပ်မှုတွေဟာ ကျွန်မတို့ ငယ်စဉ်ကလေးဘဝကတည်းက ခေါင်းထဲရိုက်သွင်းခံလိုက်ရတာကနေ စတာဖြစ်တဲ့အတွက် အဲ့ဒီလို ရိုက်သွင်းခံထားရတာတွေကို ပြန်ချွတ်ချဖို့၊ ပြန်ထုတ်ပစ်ဖို့ အခြေအနေပေးတဲ့ နေရာတစ်ခု လေ့လာမှုတစ်ခုကတော့ တော်လှန်ရေးလုပ်သူ‌တွေအတွက် လိုအပ်နေတယ် အဲ့ဒါကြောင့် တော်လှန်ရေး “အတွက်” လေ့လာရေးဆိုတာ တကယ်တော့ သာမန်မျက်စိနဲ့ မြင်ယောင်ကြည့်လို့ရတဲ့၊ နေသားကျနေတဲ့ အရင်းရှင်စနစ်လက်အောက်က ပညာရေး၊ ကယ်တင်သူစနစ်အောက်က ပညာရေး၊ ကြက်တူရွေးနှုတ်တိုက် ပညာရေးတွေနဲ့ လုံးဝကို မတူကွဲပြားခြားနားတဲ့ မရှိမဖြစ် လေ့လာရေးတစ်ခုဆိုတာ ကျွန်မ သတိချပ်မိတယ် ခေါင်းထဲ ရိုက်သွင်းခံထားရတာတွေကို ပြန်မချွတ်ချရင်၊ သာမန်နဲ့ မတူတဲ့ လေ့လာရေးအခြေအနေတစ်ခုကို မဖန်တီး မထောက်ပံ့ပေးနိူင်ရင် ကျွန်မတို့တော်လှန်ရေးဟာ လူအချင်းချင်း သတ်ကြတဲ့ လက်နက်ကိုင် စစ်ပွဲတစ်ပွဲနေရာမှာသာ တစ်နေလိမ့်မယ်

ပုံ – မန္တလေး မဟာမြတ်မုနိ ဘုရားဆောင်းတန်းတစ်နေရာရှိ စာအုပ်အရောင်းဆိုင်တစ်ဆိုင်၌ လူငယ်တစ်စု စာအုပ်များအလုအယက် ထိုင်ဖတ်နေကြစဉ်

ဆရာ စောကပီရဲ့ မူရင်းပို့စ်

သစ်ပုပ်စကားဝိုင်းမှ ပြုလုပ်မဲ့ ဘရားဇီးလူမျိုး ပညာရှင် ပေါလို ဖရီယာရဲ့ “ဖိနှိပ်ခံရသူတို့ရဲ့ လေ့လာမှု” အပိုင်း ၁ ဆွေးနွေးဝိုင်း

 

ဒေါ်ရင်းလီး (Doreen Lee) ရဲ့ “တက်ကြွလှုပ်ရှားသူ မော်ကွန်းများ” စာအုပ်

Activist Archives: Youth Culture and the Political Past in Indonesia

 

ဘယ်လ်ဟွတ်ခ်ရဲ့ “ကျော်လွန်ဖို့အတွက် စာသင်ခြင်း” စာအုပ်

ကျွန်မရေးခဲ့တဲ့ “ဘယ်လ်ဟွတ်ခ်အတွက်တမ်းချင်း” ဆောင်းပါး

 

ရက်စက်တဲ့အကောင်းမြင်မှု

အသက်တစ်စ တစ်စ ကြီးလာလေလေ ကျွန်မရဲ့ အကောင်းမြင်စိတ်တွေ ပျောက်လာလေလေလို့ ခံစားလာရတယ်

 

ငယ်စဉ်က ပိုက်ဆံသိပ်ပေါ်ပေါ်ထင်ထင် မရှိတဲ့လူတန်းစားကလာခဲ့ပေမဲ့ ကျွန်မပျော်ပါတယ် အိမ်ကို ဧည့်သည်တစ်ယောက်လာတုန်း မခိုင်တဲ့ ကျွန်မတို့ အိမ်က သစ်သားကြမ်း သူကျွံတုန်းကလည်း ရယ်မောပြီး ပျော်ခဲ့ဖူးတယ် အိမ်မှာတစ်လုံးတည်းသောရှိတဲ့ ကင်မရာရောင်းပြီး အမေ ပို့ပေးခဲ့တဲ့ ကျောင်းကထွက်တဲ့ ပုဂံ excursion မှာလည်း ပျော်ခဲ့တယ် ဆယ်တန်းနှစ် ကျူရှင်တွေ အပြိုင်အဆိုင်ထားကြတော့ သူတို့အိမ်မှာ ကျွန်မအတွက် ထိုင်ခုံအပိုမရှိဘူးဆိုပြီး ချိုချိုသာသာ ငြင်းခဲ့တဲ့ ကျွန်မ အတန်းဖော်ရဲ့ အမေလှလှကိုလည်း စိတ်ဆိုးရကောင်းမှန်းမသိခဲ့ဘူး (အမေက ကျွန်မတို့ ထိုင်ခုံယူလာလို့ ရပါတယ်ဆိုပြီး အလိုက်ကန်းဆိုးမသိ အထွန့်တက်ခဲ့ပါသေးတယ် အခုပြန်တွေးရင်တော့ ရယ်ရတာပေါ့)

 

ဒါပေမဲ့ အခု ကျွန်မ ဒါတွေအကုန်လုံးကို ပြန်တွေးကြည့်ရင် စိတ်တိုတယ် ဖြစ်တည်မှုပေါင်းစုံပေါ်လိုက်ပြီး မမျှတတဲ့ လောကကြီးကို ဒေါသထွက်တယ် စိတ်အေးအေးထားပါ အကောင်းမြင်ပါလို့ လာဖြောင်းဖျတဲ့သူတွေကိုလည်း စိတ်တိုတယ်

 

အမေရိကန် လက်စဘီယန် ဖီမီနင့် အတွေးအခေါ်ပညာရှင် လောရန် ဘာလန်က ဒီအရှင်းရှင်စနစ်နှောင်းပိုင်းမှာ ခံစားလာရတဲ့ လူ့ခံစားချက်တွေအကြောင်းကို ရေးရင်း ရက်စက်တဲ့ အကောင်းမြင်စိတ် (cruel optimism) ကို သူရဲ့ ၂၀၁၁ ခုနှစ်က အဲ့နာမည်နဲ့ စာအုပ်မှာ သီအိုရီထုတ်ခဲ့တယ် ဘာလန်က အမေရိကန်နိူင်ငံရဲ့ ဓလေ့ကို သုံးသပ်တဲ့ ပညာရှင်ဆိုတော့ အမေရိကန်နဲ့ ဥရောပရဲ့ ကမ္ဘာစစ်နောက်ပိုင်း လူ့သားတွေ ခံစားလာရတဲ့ အများစုခံစားချက်တွေနဲ့ ပတ်သက်ပြီး ဒီ သီအိုရီကို ထုတ်ခဲ့တာပါ (ကျွန်မအနေနဲ့တော့ အရင်းရှင်စနစ်ရဲ့ ဒဏ်ကို ထိတွေ့ခံစားရတဲ့ လူနေမှုဘဝတိုင်း ဒီ သီအိုရီကို ခံစားတတ်မယ် ထင်တယ်)

 

ဘာလန်ပြောတာကတော့ ကမ္ဘာစစ်ပြီးကာလမှာ အနောက်နိူင်ငံတွေကလူတွေကို မျှော်လင့်ချက်အသစ်တွေ ပေးလာတယ် နိူင်ငံပြန်လည်တည်ဆောက်ရေး၊ လူနေမှု ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြင့်ရေး၊ ကလေးမွေးဖွားရေး အစရှိသဖြင့် ပေးလာတဲ့ မျှော်လင့်ချက်တွေဟာ အခု အရှင်းရှင်စနစ် ကြီးစိုးမှုကာလအတိုင်းအတာတစ်ခုရောက်ပြီးနောက်မှာ တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်လို့ ဆိုတယ် အမေရိကန်မှာဆိုတော့ ဒီကာလမှာ အမေရိကန် အိမ်မက် (American Dream) လို့‌ ခေါ်တဲ့ အများစုကို ပေးတဲ့ မျှော်လင့်ချက်က ဥပမာပေါ့ အမေရိကန်အိမ်မက်ဟာ အခုကာလထိ ရှိနေဆဲပါပဲ လူတွေ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ လူဖြူမဟုတ်တဲ့သူတွေ အခုထက်ထိ ယုံကြည်နေကြဆဲပါပဲ အမေရိကန်မှာ မနေနေတဲ့ တိုင်းတပါးက လူတွေအစ စိတ်ကူးယဉ်ကြတာမျိုးပါဒါပေမဲ့ ဘာလန် သုံးသပ်တာက ဒီလို ကြိုးစားရင် အောင်မြင်မယ်၊ အိမ်ဝယ်နိူင်မယ်၊ ကားဝယ်နိူင်မယ်၊ ချမ်းသာမယ်ဆိုတဲ့ အကောင်းမြင်မှုတွေဟာ တကယ်တော့ အဲ့ဒီမျှော်လင့်ချက်တွေ ရှိတဲ့ လူတစ်ယောက်အတွက် ရက်စက်လွန်းတယ်လို့ ဆိုလိုတာပါ

 

ဒီနေရာမှာ ဘာလန်ရဲ့ လူအသိများဆုံး စာကြောင်းကို အကျယ်ချဲ့ပြီး ပြန်ဆွေးနွေးချင်တယ်

 

“A relation of cruel optimism exists when something you desire is actually an obstacle to your flourishing…become cruel only when the object that draws your attachment actively impedes the aim that brought you to it initially.”

 

ဘာသာပြန်ရရင် “ရက်စက်တဲ့ အကောင်းမြင်မှုဆိုတာ မိမိလိုချင်တဲ့အရာတစ်ခုဟာ မိမိပွင့်လန်းလာဖို့အတွက် အတားအဆီးတစ်ခု ဖြစ်နေတယ် ကိုယ်လိုချင်တဲ့ အရာဝတ္တုရဲ့ ဆွဲအားတွေဟာ အဲ့ဒီအရာဝတ္တုကို နဂိုက လိုချင်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန်ဖြစ်နေတဲ့အခါ ရက်စက်တဲ့ အကောင်းမြင်မှုဖြစ်တာပဲ” လို့ ဘာလန်က ရှင်းပြခဲ့တယ် ဒီစာကြောင်းကို တစိမ့်စိမ့်ဖတ်ပြီး သေချာတွေးသင့်ပါတယ်

 

ပြန်ရှင်းရရင် ကျွန်မတို့ လူတိုင်းဟာ ဘဝမှာ ကောင်းကောင်းနေချင်တယ် သက်တောင့်သက်တာရှိမဲ့ ဘဝတစ်ခုတော့ လိုချင်တယ် ဒါပေမဲ့ အဲ့ဒီလိုဘဝတစ်ခုရဖို့အတွက် ကြိုးစားရင်း အရှင်းရှင်စနစ်‌လက်အောက်မှာ ကျွန်မတို့ ကိုယ်တိုင်ကိုပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုပဲ ဖြစ်ဖြစ် ပြန်ဖိနှိပ်မှုတွေ ရှိလာတယ် တစ်ခါတစ်လေ ဖိနှိပ်မှုတွေ ဖြစ်ရုံမက ဒီအကောင်းမြင်မှုကြီး လက်ကိုင်ထားပြီး ဘယ်လောက်ပဲ ကြိုးစားပါစေ ဖြစ်ပါမယ်လို့ စနစ်က ပေးတဲ့ ကတိတွေဟာ အတုအယောင်‌တွေ ဖြစ်နေတာဟာ အရက်စက်ဆုံးပဲ ဒီနေရာမှာ ဖိနှိပ်မှုဆိုတာက ကျွန်မ တက်ကြွလှုပ်ရှားမှုစကားလုံးက ဖိနှိပ်မှုကို သုံးတာမဟုတ်ဘူး စနစ်တွေရဲ့ ဖိနှိပ်မှုကို ဆိုလိုတာပါ

 

ဥပမာပေးရရင် ကျွန်မ မနေ့က တွေးမိတဲ့ ပညာရှင်အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ဥပမာပြန်ပေးချင်တယ် ကျွန်မ လက်ရှိစာသင်နေတဲ့ အတန်းဟာ လူဖြူမဟုတ်တဲ့ ကျောင်းသား ကျောင်းသူတွေကို ဘွဲ့လွန် ပါရဂူတန်းဝင်အောင် ပြင်ဆင်ပေးတဲ့ အတန်းပါ ကျွန်မ စာသင်တဲ့ကျောင်းဟာ အချမ်းသာကြီး နာမည်အကြီးကြီးထဲမှာ မပါပါဘူး ဒီကျောင်းကိုတက်ကြတဲ့ ကျောင်းသား ကျောင်းသူတွေဟာလည်း လူဖြူမဟုတ်တဲ့ ရွှေ့ပြောင်းအခြေချကျောင်းသားကျောင်းသူတွေ၊ လူမည်းတွေ၊ တောင်အမေရိကသားတွေ၊ ဂျူးလူမျိုးတွေ များပါတယ် ကျောင်းတက်တယ်ဆိုတာ သူတို့အတွက် ဇိမ်ခံရတဲ့ အရာတစ်ခုမဟုတ်ပါဘူး ဘွဲ့တစ်လုံးရမှ လူရိုသေ ရှင်ရိုသေဖြစ်မယ်ဆိုတဲ့ ကိစ္စတွေကြောင့် ကျောင်းကို အလုပ်တစ်ဖက်နဲ့ တက်နေရသူတွေ၊ အိမ်ထောင်သည်တွေ၊ ကလေးအမေတွေ များပါတယ် ကျွန်မရဲ့အတန်းဟာ ပါရဂူတန်းကို စိတ်ဝင်စားတဲ့သူတွေကို‌ ကျောင်းက စကောလားရှစ်တွေ ပေးပြီး တက်ခိုင်းတာပါ ဒီနေရာမှာ ဘယ်လောက်ပဲ ဒီကျောင်းသားတွေဟာ ပညာရှင်လောကအသိုင်းအဝိုင်းကို စိတ်ဝင်စားကြပါစေ သူတို့ဟာ ဒီအသိုင်းအဝိုင်းမှာ ဝင်ဆန့်ဖို့ ကြိုးစားရင်း ဘယ်လောက်ပဲ တော်နေပါစေ အတွေးအခေါ်တွေ ကောင်းနေပါစေ သူတို့ရဲ့ နဂို လုပ်ချင်တာတွေဟာ ကြံညှစ်စက်ထဲ ထည့်ခံရသလို တစ်စ တစ်စ အပြောင်းအလဲလုပ်ခံလိုက်ရ၊ ကြိတ်ခံလိုက်ရတယ်ဆိုတာ ကျွန်မ မျက်စိအောက်မှာတင်‌ တွေ့လာရတယ် စကောလားရှစ်ပေးတဲ့ကျောင်းနဲ့ သင်ကြားပေးနေတဲ့ ကျွန်မလိုမျိုး ဆရာ၊ ဆရာမကိုယ်တိုင်က သူတို့ တိုးတက်ပါစေ ကောင်းမွန်ပါစေဆိုတဲ့ အကောင်းမြင်စိတ်နဲ့ လုပ်ပေးနေပေမဲ့ စနစ်ဟာ သူတို့ကို ဝါးမျိုသွားနိူင်တယ်ဆိုတာ တစ်ချိန်တည်းမှာပဲ သတိထားမိနေတယ် ဒါဟာ ရက်စက်တာပဲ ကျွန်မကိုယ်တိုင်လည်း ပါရဂူတန်းဆိုတာ ကျောင်းမှာ စာသင်ချင်လို့၊ ရပ်ရွာပတ်ဝန်းကျင်ကိစ္စတွေမှာ ပါဝင်လုပ်ဆောင်ဖို့ အတွက် အထောက်အကူပြုမယ်ထင်လို့ တက်ခဲ့တာဖြစ်ပေမဲ့ ဒီပညာရှင်အသိုင်းအဝိုင်းဟာ သူတို့ရဲ့ ပုံစံခွက်ထဲမဝင်ရင် လက်မခံတဲ့ကိစ္စတွေကို ကိုယ်တွေ့ တွေ့လာခဲ့တယ် ဒီလို ပညာရှင်စနစ်ရဲ့ ဖိနှိပ်မှုကြောင့်လည်း လူဖြူမဟုတ်တဲ့သူတွေအချင်းချင်းမှာတောင် တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် စမန်ခုတ်တာတွေလည်း ရှိနေတယ် ပညာရှင်အသိုင်းအဝိုင်းက မဟုတ်တဲ့သူတွေရဲ့ အမြင်မှာကျတော့ ကျွန်မတို့ဟာ ဖင်ခေါင်းကျယ်တွေလို့ အမြင်ခံရပြီး အပတ်အသက်မလုပ်ချင်ကြတော့ဘူး ဒီဥပမာဟာ ဘာလန်ပြောခဲ့တဲ့ ကိုယ်နဂိုက ဖြစ်ချင်ခဲ့တဲ့ အကြောင်းရင်းကို ဒီစနစ်ထဲ ဝင်ရင်းနဲ့ ဒီစနစ်က ပြန် ပြောင်းပြန်ထိုးလိုက်တာပါပဲ

 

ပညာရှင်အသိုင်းအဝိုင်းအပြင် တခြားကိစ္စတွေမှာလည်း ရက်စက်တဲ့ အကောင်းမြင်မှုကို ထည့်စဉ်းစားကြည့်လို့ ရပါတယ် ဥပမာ လူပြောများလေ့ရှိတဲ့ ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့ မရဘူးဆိုသလို နဂိုရင်းစွဲလူချမ်းသာတွေ “ကိုယ့်ဒူးကိုယ်ချွန်”လို့ ချမ်းသာလာတဲ့သူတွေဟာ နောက်ဆုံး ပိုက်ဆံတွေအပုံလိုက်ရှိလို့ တကယ် နှစ်နှစ်ကာကာ ပျော်ကြရသလား စဉ်းစားစရာပါ ပန်းတိုင်တစ်ခုနောက်ကို လိုက်ရင်း ကိုယ့်လက်ထဲ ဘာတွေ ဆုံးရှုံးသွားရသလဲ နောက်ဆုံး ပန်းတိုင်တော့ ရောက်ချင်ရောက်မယ် မြန်မြန်ပြေးဖို့အတွက် လမ်းမှာ ချထားခဲ့ရတဲ့ အရာတွေထဲ ဘာတွေ ပါသွားလဲ? ပန်းတိုင်‌ရောက်တော့ လက်ကတော့ ဗလာပဲဆိုရင်ရော? ဒီမေးခွန်းတွေဟာ ဖြေဖို့ ခက်တယ် ကျွန်မတို့ အရင်းရှင်စနစ်အောက်မှာပဲ နေလာခဲ့ရတော့ ‌လူနေမှုဘဝတွေကို တခြားသော နည်းလမ်းနဲ့ (မရှိတာမဟုတ်ပေမဲ့) ဘယ်လိုနေကြမလဲ တွေးကြည့်ဖို့ ခက်ကြတယ် တက်ကြွလှုပ်ရှားမှုရပ်ဝန်းမှာတောင် အရင်းရှင်စနစ်နဲ့ပဲ တက်ကြွလှုပ်ရှားတတ်တာတွေ ဖြစ်နေတယ် မဟုတ်လား လက်ဗလာပဲ ဖြစ်နိူင်တယ်ဆိုတာ သိသိရက်နဲ့ ဆက်ပြေးနေရတာတွေ ရှိကြတယ်မဟုတ်လား

 

လွန်ခဲ့သော နှစ်က ကျွန်မ ပေါက်ပေါက်ရှာရှာတွေးမိတာက (အမှန်တကယ် အဲ့ဒီလောက် ပေါက်ပေါက်ရှာရှာတော့ မဟုတ်ပါဘူး) လူတွေ အလုပ်လုပ်စရာမလို၊ စားစရာတွေကို ကိုယ်တစ်နိူင်တစ်ပိုင် စိုက်ပျိုးပြီး ကိုယ့်ရှိတာ စားနိူင်သလောက်ပဲစုပြီး အချင်းချင်း ပြန်ဝေမျှ၊ ပြီးရင်တော့ ကျန်တဲ့အချိန်တွေအကုန်လုံးကို ကိုယ်စိတ်ဝင်စားတာတွေ (အကသင်တာ၊ ပန်းချီဆွဲတာ၊ စာဖတ်တာ အစရှိသဖြင့်) လုပ်၊ လူတစ်ယောက်ကို သူဘာလုပ်တာနဲ့ပဲ တစ်သက်လုံး ဘာကြီး ညာကြီး နာမည်ခေါင်းစီးတပ်မဲ့အစား ဘဝတစ်လျှောက် စိတ်ဝင်စားမှုအလိုက်ပြောင်းလဲ လေ့လာပိုင်ခွင့်မျိုးပေးတဲ့ လူမှုရပ်ဝန်းတစ်ခုလောက် ဖန်တီးဖို့ မဖြစ်နိူင်ဘူးလား တွေးမိတယ်

 

ကျွန်မတို့ အခုလက်ရှိနေထိုင်‌ကျင်လည်ရတဲ့ အခြေအနေတွေဟာ ဘယ်လောက်ပင် ကောင်းမွန်တဲ့ နေရာတွေကို ဦးတည်ထားပေမဲ့ အဲ့ဒီအကောင်းမြင်စိတ်တွေဟာ ကျွန်မတို့ရဲ့ လူသားဆန်မှုတွေကို တစ်စိတ်တစ်ပိုင်းဖဲ့ပေးမှ ဖြစ်မဲ့အရာတွေချည်းပဲ ဒီလိုမျိုး လူသားဆန်မှုတွေကို ချိုးဖဲ့ပြီးမှ ရလာမဲ့ ဆုလာဒ်တွေ အကောင်းမြင်မှုတွေဟာ တန်ရော တန်ရဲ့လား ဒီနေရာမှာ ဘာလန်‌ မေးခဲ့သလိုပဲ “What happens when the loss of what’s not working is more unbearable than the having of it?” “အလုပ်မဖြစ်နေတော့တဲ့အရာတွေကို ဆက်လုပ်နေရမှာထက် သူ့ကို ဆုံးရှုံးရမှာဟာ ပိုကြောက်စရာကောင်းနေရင် ဘယ်လိုလုပ်ကြမလဲ”တဲ့ ကျွန်မတို့ဟာ ဒီဘောင်ထဲမှာ စနစ်ထဲမှာ နေသားကျနေတော့ အဲ့ဒီစနစ်ကလွဲပြီး ဘယ်လိုနေလို့ ရမလဲ မစဉ်းစားချင်ဘူး အကောင်အထည်ဖေါ်ဖို့နေနေသာသာ စဉ်းစားဖို့တောင် ကြောက်နေတယ် ဒီလိုနဲ့ပဲ ကိုယ်သိတာကိုပဲ နွားလှည်းဘီး‌ရွှံ့ထဲမောင်းသလို ဒီခြေရာနောက်က ဒီလမ်းကိုပဲ ဆက်လျှောက်နေကြရတယ်

 

ဒါပေမဲ့ ကျွန်မတော့ တဖြည်းဖြည်းနဲ့ ဒါကို စိတ်ကုန်လာတယ် ကျွန်မတစ်ယောက်တည်း နေထိုင်မှုပုံစံအသစ်တစ်ခု တီထွင်လို့တော့ မရပြန်ဘူး ကျွန်မတို့ လူဆိုတာ အသိုက်အဝန်းနဲ့ နေကြတဲ့အမျိုးဆိုတော့လေ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အရင်းရှင်စနစ်လက်အောက်ကနေ လွတ်မြောက်ချင်တယ် ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖြတ်ပိုင်းတစ်ခုလိုသာ ကြည့်ကြတဲ့ ဆက်ဆံရေးတွေကို ကျော်လွန်တဲ့ လူသားဆန်တဲ့ နေထိုင်မှုတစ်ခုကို တွေ့ထိ ခံစားကြည့်ချင်တယ် ပန်းတိုင်ဆိုတာ မရှိ လမ်းခရီးပဲရှိတဲ့ နေထိုင်မှု ဒဿနမျိုး ကြားနာချင်တယ် တကယ်တော့ ဒီမျှော်လင့်ချက်‌တွေဟာလည်း ကျွန်မအတွက် အရမ်း ရက်စက်ရာများတော့ ကျနေမလား မပြောတတ်တော့ပါဘူး

ပုံ – မြန်မာပြည်အ‌နောက်ပိုင်းရွာတစ်ရွာတွင် ထူထပ်လာသောမြက်များကို မီးရှို့ပြာချ သုတ်သင်ထားခိုက် လူတစ်ယောက် ဘေးက ကပ်ဖြတ်သွားစဉ်

ဘာလန်ရဲ့ ရက်စက်တဲ့ အကောင်းမြင်မှု စာအုပ်

ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း

 

“တစ်နေ့ တစ်နေ့ ဘာအလုပ်မှလည်း မလုပ်ဘူး ပျင်းရိနေလိုက်တာ” “ဆန်ကုန်မြေလေးပဲ” ဒီလို အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး ပြောကြလေ့ရှိတာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ခဏ ခဏကြားရတယ် ကျွန်မကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ဒီလိုစကားမျိုး အပြောခံ အဆိုခံခဲ့ရဖူးတော့ ဘာအလုပ်မှ လုပ်မနေတဲ့သူဆို ငပျင်းလို့ ထင်ခဲ့မိတယ် လူဆိုတာ ကိုယ့်ဘဝကိုယ် တိုးတက်အောင် အမြဲကြိုးစားနေရမယ် ထင်ခဲ့တယ် ဒါပေမဲ့ အခုတော့ ဘာအလုပ်မှ မလုပ်ဘဲ နားနေတယ်ဆိုတာလည်း ပုန်ကန်ခြင်းတစ်မျိုးပဲလို့ ကျွန်မ လက်ခံလာတယ်

ဒီနေရာမှာ အလုပ်ဆိုတာလည်း ဘာအလုပ်မျိုးလဲ ပြန်စဉ်းစားကြည့်ရမယ် ငယ်ငယ်က ကျွန်မက ပန်းချီဆွဲတာ ဝါသနာပါတယ် ၂ တန်းလောက်မှာ အိမ်ကအမေ့ကို ပန်းချီဆွဲချင်လို့ အိမ်မှာ ဒေါက်တိုင်ဝယ်ပေးဖို့ ပူဆာခဲ့တယ် အမေ မဝယ်ပေးခဲ့ဘူး ဘာကြောင့်လဲ ကျွန်မ မသိပါ ပိုက်ဆံ လက်ထဲမရှိလို့လည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ် ဒါပေမဲ့ ပြောချင်တာက အလုပ်လုပ်ရမယ်ဆိုတဲ့ နေရာမှာတောင် လူရိုသေ ရှင်ရိုသေ အများလက်ခံတဲ့ အလုပ်မျိုး လုပ်မှ ဖြစ်မယ်ဆိုတဲ့ သဘောပေါ့ အာဏာသိမ်းပြီးကာလ ကျွန်မ အနယ်နယ်အရပ်ရပ်က မြန်မာတွေ လူမျိုးပေါင်းစုံနဲ့ မြန်မာပြည်အရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေ ပိုလုပ်ဖြစ်လာခဲ့တယ် အရင်ကတည်းကလည်း ကျွန်မ စာသင်တဲ့အလုပ်ဟာ မြန်မာပြည်နဲ့ တိုက်ရိုက်ပတ်သက်နေခဲ့တာပါပဲ ဒါပေမဲ့ ဒီကာလနောက်ပိုင်းမှာ အရေးတကြီးလှုံ့ဆော်မှုတွေ ပိုများလာတော့ ပိုလုပ်ဖြစ်တယ် ကိုယ်ရတဲ့ ပိုက်ဆံလှူရာကနေ ပိုက်ဆံပြတ်တော့ လုပ်အားနဲ့ လှူတာတွေပါ လုပ်ကြရတယ် ကျွန်မတစ်ယောက်တည်း ကိုယ့်ဟာကိုယ် ဂုဏ်ဖော်ပြောနေတာတော့ မဟုတ်ပါ ကျွန်မ ပတ်ဝန်းကျင်တစ်ဝိုက်မှာလည်း ဒီအပြောင်းအလဲကို သတိထားမိလာတာမို့လို့ပါ

ဒီနေရာမှာ ဘာကို သွားတွေ့မိလည်းဆို‌တော့ ကျွန်မတို့ မြန်မာပြည်အရေးဆိုပြီး ကိုယ်နိူင်ရာလုပ်ကြရာမှာ တဖြည်းဖြည်းနဲ့ အရင်းရှင်စနစ်ရဲ့ grind culture လို့ ခေါ်တဲ့ အလုပ်ကို ခန္ဓာကိုယ်စိတ် အမှုန့်ကြိတ်သလို လုပ်တဲ့ သဘောတရားထုံးစံတွေဘက် ပြန်ရောက်နေပါလား သတိထားလာမိတယ် ဒီလို နိူင်ငံရေးလုပ်ကြတဲ့သူတွေ တော်တော်များများဟာ အလုပ်ရယ်ဆိုပြီး လစာရတဲ့သူ မရှိပါဘူး (တချို့ ကိုယ့်ဟာကိုယ် အများကောင်းကျိုးခေါင်းစဉ်တပ်ပြီး ကိုယ်‌နေနိူင် စားနိူင်ရက်နဲ့ လစာတွေ အရှက်မရှိယူတာတော့ မပြောတတ်ဘူးပေါ့နော် လိုအပ်တဲ့သူကတော့ ရှင်သန်ဖို့ ငွေကြေးရှာဖွေရတယ်ဆိုတာ နားလည်ပါတယ် တချို့ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေကိုသာ ပြောတာ) Grind culture နဲ့ ပြန်ချိတ်ဆက်ရရင် အလုပ်ဆိုတာဟာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ တစ်နေ့ အလုပ် ဘယ်နှနာရီ အလုပ်လုပ် ပိုက်ဆံရှာနိူင်မှ လူဟာ တန်ဖိုးရှိတာ၊ အဲ့ဒီ တန်ဖိုးဆိုတာကိုလည်း ငွေကြေးနဲ့ပဲ ပိုင်းဖြတ်တဲ့ ဓလေ့လို့ ပြောလို့ရတယ် အရင်းရှင်စနစ်ဟာ ဒါကို သဘောကျတယ် လူတွေ ကိုယ့်ဟာကိုယ် တန်ဖိုးပိုတက်အောင် အလုပ်လုပ်နိူင်မှ တန်ဖိုးရှိမယ်လို့ ကိုယ့်ကိုယ်ကိုရော ကိုယ့် ပတ်ဝန်းကျင်ကပါ လိမ်လည်ထားတာကိုး အရင်းရှင်စနစ်က သဘောကျတယ် ဒါက သူ့အတွက် အမြတ်ထွက်တာကို အရင်းရှင်စနစ် နှောင်းပိုင်းကာလလို့ ခေါ်လို့ရတဲ့ neoliberal ခေတ်မှာတော့ ဒီလို စနစ်က ဖိနှိပ်ထားတာကို ဖိနှိပ်မှန်း သေချာမမြင်တော့ဘူး စက်မှုထုတ်ကုန်ခေတ်က (သို့) အဲ့ဒီလို ခန္ဓာအင်အားနဲ့သာ လုပ်ရတဲ့ အလုပ်တွေမှာလို “အော် တစ်နေ့ တစ်နေ့ ငါစိတ်မပါတဲ့ အလုပ်ကြီးကို ပိုက်ဆံရှာရုံသက်သက်သာ လုပ်နေရတယ်”လို့ မမြင်တော့ဘူး နီရိုလစ်ဘရယ်ခေတ်မှာက စနစ်က လူတွေတော်တော်များများကို လွတ်လပ်ခွင့်တွေ၊ ရွေးချယ်ပိုင်ခွင့်တွေ ရှိတယ်လို့ ညာထားတယ်

ဒါကို တကယ့်ဖြစ်ရပ်တစ်ခုနဲ့ ပြောပြရရင် အမေရိကန်ရဲ့ သားသတ်ရုံတွေမှာ အလုပ်လုပ်ကြရတဲ့ (မြန်မာပြည်ကသူတွေ အပါအဝင်) ရွှေ့ပြောင်းအခြေချသူတွေ ပါမယ် ကျွန်မ နေတဲ့ မြို့မှာဆိုလည်း မြန်မာပြည်က refugee နဲ့ လာတဲ့ ပြောင်းရွှေ့အခြေချသူတွေ ပေါတယ် အမေရိကန်ရဲ့ refugee resettlement ဒေသတစ်ခုဖြစ်နေလို့ပဲ များသောအားဖြင့် ဒီ ရွှေ့ပြောင်းအခြေချသူတွေဟာ ဘာသာစကားမကျွမ်းကျင်တာတစ်ကြောင်း၊ နိူင်ငံသစ်ကို အခုမှ ရောက်လာရတာက တစ်ကြောင်းကြောင့် ဒီမြို့က အမဲသားသတ် စက်ရုံတွေမှာသာ များသောအားဖြင့် အလုပ်ဝင်ကြရတယ် အေးခဲလှတဲ့ သားသတ်ရုံထဲမှာ ယောင်္ကျားတွေဆို အသားသတ်တာ၊ လှီးတာ၊ မိန်းမတွေဆို အသားတုံးတာ၊ အထုပ်ထုပ်ပေးတာတွေ လုပ်ရတယ် ဒီအလုပ်ဟာ ကာယအင်အားအရ အတော် ပင်ပန်းတဲ့ အလုပ်မျိုးပါ (ကိုဗစ်ကပ်စစပြီးချင်းမှာ ကောလိုရာဒိုမှာ အလုပ်လုပ်ရတဲ့ မြန်မာရွှေ့ပြောင်းအခြေချ မိန်းမတစ်ယောက် သားသတ်ရုံမှာ လုပ်ရင်း ကိုဗစ်နဲ့ အသက်သေသွားရတယ် သားသတ်ရုံတွေမှာ အလုပ်သမား သမဂ္ဂတွေ မရှိပါဘူး သမဂ္ဂဖွဲ့မယ် အသံကြားရင်ကိုပဲ သူတို့က အလုပ်ဖြုတ်တတ်တယ် ကျွန်မ အတွေ့အကြုံအရတော့ အလုပ်သမား‌တွေကိုယ်တိုင်ကလည်း သမဂ္ဂဖွဲ့ဖို့ စိတ်မဝင်စားကြဘူး သားသတ်ရုံက လစာဟာ သာမန်လစာ၊ ရုံးခန်းမှာ စာရေးမလုပ်ရတဲ့ လစာထက် ပိုတာဖြစ်တဲ့အတွက် သူတို့ လုပ်ကြပါတယ် သားသတ်ရုံမှာလုပ်ရင်း အိမ်တွေ ကားတွေ ဝယ်နိူင်တဲ့အထိကို ရှိပါတယ်) ဒါကတော့ အမေရိကန်ရဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ လုပ်အားကို အသုံးချတဲ့ အရင်းရှင်စနစ်ပေါ့ မာ့စ်ပြောခဲ့တဲ့ လုံးဝ စာအုပ်ထဲက အရင်းရှင်စနစ်ပါ

နီရိုလစ်ဘရယ်စနစ်ကတော့ အရင်းရှင်စနစ်နဲ့ နည်းနည်းလေး ကွာခြားတယ် ကျွန်မတို့ မြို့က ဒီ သားသတ်ရုံတွေမှာ လုပ်တဲ့ အလုပ်သမားတွေကို ကူညီပေးတဲ့ လူဖြူ ခရစ်ယာန် အဖွဲ့တွေလည်း ရှိတယ် သူတို့က ကျွန်မကို သားသတ်ရုံဆိုတာ မကောင်းတဲ့ အောက်ခြေအလုပ်တစ်ခုသာ ဖြစ်တဲ့အတွက် ဒီအလုပ်သမားတွေကို ကျောင်းတက် စာသင် အင်္ဂလိပ်စာသင်ပြီး ပို “အဆင့်မြင့်တဲ့” အလုပ်တွေကို ပြောင်းလုပ်စေချင်တယ်လို့ ပြောတယ် သူတို့ ကူညီပေးလို့လည်း သားသတ်ရုံကနေ ထွက်ပြီး ကိုယ့်ဟာကိုယ် စီးပွားထောင်တဲ့ သူတွေလည်း တစ်ယောက်စ နှစ်ယောက်စ ရှိပါတယ် ဒီအကူအညီ အကြံဉာဏ်ဟာ အပေါ်ယံကြည့်ရင် ကောင်းသလိုလို ရှိပေမဲ့ သေချာစမ်းစစ်ကြည့်ရင် နီရိုလစ်ဘရယ်ဆန်တဲ့ အကြံပါပဲ ဒါက ဘာလဲဆိုတော့ လူဖြူကြီးစိုးရာဒေသတစ်ခုမှာ လူဖြူမဟုတ်တဲ့ လူတချို့ဟာ ကိုယ်ပိုင်စီးပွားရေး ထူထောင်ရင်တောင်မှ အောင်မြင်မယ်ဆိုတာ တကယ်ဟုတ် မဟုတ်ဆိုတာပါ အောက်ခြေမှာကိုက လူမျိုးရေးအရ၊ ဓလေ့ထုံးစံအရ မတူညီနေတာတွေကို မစဉ်းစားဘဲ ဖျောက်ပြီး ဘယ်သူမဆို အောင်မြင်နိူင်တယ်လို့ ပြောတာဟာ နီရိုလစ်ဘရယ်စနစ်ပါပဲ အဲ့ဒါကြောင့်လည်း ဘယ်သူမဆို မက်နိူင်ပါတယ်ဆိုတဲ့ အမေရိကန်အိမ်မက်ဟာ ရွှေ့ပြောင်းအခြေချသူတွေအတွက် မက်လုံးကြီး တစ်ခု ဖြစ်နေတယ် တကယ်တမ်းက လူတိုင်း မမက်နိူင်ပါဘူး ဒေါ့နယ်ထရန့်ကို ကြိုက်နှစ်သက်ကြတယ်ဆိုတာလည်း ဒီလူဟာ စလုံးရေကနေ စလာလို့ ခံယူလို့ သူလိုပဲ ငါလည်း ကြိုးစားရင် ဖြစ်နိူင်တယ်လို့ ထင်လို့ပါ အမှန်တကယ်က ထရန့်ဟာ လူဖြူယောင်္ကျား၊ လူချမ်းသာမျိုးရိုးက ပေါက်ဖွားလာတဲ့ ရေခံ‌‌မြေခံ ရှိပြီးသားဆိုတာ မေ့နေကြတယ်

မြန်မာပြည်မှာဆိုရင်လည်း လင်းသိုက်ညွန့်တို့လို၊ အခုနောက်ပိုင်း Facebook ပေါ်တွေ့ရတဲ့ တချို့ စာရေးဆရာ/မတွေ ပြောနေကြတဲ့ see you at the top တို့၊ ဘယ်သူမဆို အောင်မြင်နိူင်တယ်တို့၊ ကြိုးစားရင် ဘုရားတောင် ဖြစ်နိူင်တယ် (တကယ်တမ်းက ကျွန်မအတန်းထဲက ကျောင်းသူတစ်ဦးပြောသလို ဘုရားဆိုတာ ဗမာ ဗုဒ္ဓဘာသာအရတော့ လိင်တံမပါတဲ့သူတွေ ဖြစ်လို့ မရပါဘူး) ဆိုတဲ့ လေလုံးတွေဟာ နီရိုလစ်ဘရယ်တွေပါပဲ ဘယ်သူတွေရဲ့ ဖြစ်တည်မှုတွေက ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖိနှိပ်ခံနေရတယ်ဆိုတာ မစဉ်းစားဘဲ ဘယ်သူမဆို လွတ်လပ်စွာ ကြိုးစားခွင့် ရှိတယ်လို့ ပြောတာတွေကြောင့် အရင်းရှင်စနစ်ရဲ့ အမှုန့်ကြိတ်ဓလေ့ဟာ တက်ကြွလှုပ်ရှားမှုရပ်ဝန်းမှာပါ အသက်ရှင်နေတယ်လို့ ကျွန်မ ထင်တယ်

ဒါနဲ့ ပျင်းရိတာနဲ့ ပြန်ဆက်ရရင် ဒီအရင်းရှင်စနစ်နဲ့ နီရိုလစ်ဘရယ်စနစ်ဟာ လူတွေ အလုပ်တွေ ဆက်လုပ်နေမှ ဆက်လည်ပတ်လို့ ရမယ်ဖြစ်တဲ့အတွက် ရိုးရာဓလေ့ထုံးစံတွေထဲမှာကိုပါ အလုပ်လုပ်ရမယ်၊ ကြိုးစားရမယ်ဆိုတဲ့ စကားလုံးတွေကို မြှုပ်ထားပေးတယ် လူတွေ ဒါကို ယုံကြည်လေလေ ပိုကြိုက်လေလေ ဖြစ်တယ် လူတွေ ဘာအလုပ်မှာ မလုပ်ဘဲ ကိုယ်တစ်နိူင်တစ်ပိုင် စားရုံသာ လုပ်ကြမယ် နေကြမယ်ဆို စနစ်ဟာ လုပ်အားလည်ပတ်မှုရပ်သွားမယ်မဟုတ်လား

ပြင်သစ်လူမျိုး အတွေးအခေါ်ပညာရှင် မီရှယ်ဖူကိုဟာ ဒါကို biopower လို့ သီအိုရီထုတ်ခဲ့တယ် (ကျွန်မ တော်ရုံ လူဖြူသီအိုရီတွေကို သိပ်မသုံးချင်ပါ ဒါပေမဲ့ ဒီ သီအိုရီက ဒီနေရာမှာ ချက်ကျလက်ကျ ဖြစ်နေလို့ နည်းနည်းတော့ ပြောချင်တယ်) biopower ဆိုတာကတော့ အကြမ်းဖျင်းပြောရရင် ဇီဝနဲ့ ပတ်သက်နေတဲ့ အားတွေပေါ့ လူတစ်ယောက်ဟာ အလုပ်လုပ်တယ်ဆိုတဲ့နေရာ စိတ်အားဖြစ်ဖြစ်၊ ကာယအားဖြစ်ဖြစ် သုံးရတယ် ဒါဟာ လူတစ်ယောက်ရဲ့ biopower ပဲ နေ့စဉ် ထမင်းဟင်းချက်တာ၊ ကလေးမွေးမြူတာ၊ ကိုယ်ဝန်လွယ်တာ၊ အလုပ်လုပ်တာ ဒါတွေအကုန်လုံးဟာ biopower ပဲ ဒီနေရာမှာ biopower ကို နိူင်ငံကရော၊ အမျိုးသားရေးအရရော၊ အရင်းရှင်စနစ်ကပါ အသုံးချကြတယ် နိူင်ငံအနေနဲ့ဆိုရင် နိူင်ငံသူ မိန်းမတွေ ဘယ်သူနဲ့ ယူပြီး ဘယ်လို ကလေးမွေးတယ်ဆိုတာကို သတိထား‌စောင့်ကြည့်တာဟာ ဒီမိန်းမတွေရဲ့ သားအိမ်တွေကို ‌နိူင်ငံရဲ့ နောက်မျိုးဆက်သစ်တစ်ခုအတွက် biopower တစ်ခုအဖြစ် အသုံးချတာပဲ အရင်းရှင်စနစ်အရဆို အထက်ကဆိုခဲ့သလို စနစ် ဆက်လက်လည်ပတ်ဖို့ လူ့လုပ်အားတွေ၊ biopower တွေကို အသုံးချကြတယ်

ဒီ biopower ကနေ ကျော်လွန်ပြီး ကမရွန်းလူမျိုး အတွေးအခေါ်ပညာရှင် အခလီ မမ်ဘီက necropolitics (သေခြင်း ရှင်ခြင်း ပါဝါ) ဆိုတာကို ၂၀၁၁ ခုနှစ်မှာ ဒီခေါင်းစဉ်နဲ့ စာအုပ်ထုတ်ခဲ့တယ် (ဒီ သီအိုရီကိုတော့ သူ ၂၀၀၃ ခုနှစ်ကတည်းက ရေးခဲ့တာပါ) မမ်ဘီအဆိုအရ biopower ကို နိူင်ငံတစ်နိူင်ငံ၊ စနစ်တစ်ခုဟာ အသုံးချတဲ့နေရာမှာ လုပ်အားတင်မကဘူး နောက်ဆုံးမှာ ဘယ်သူတွေဟာ သေသင့်တယ် ရှင်သင့်တယ်ဆိုတာကိုပါ အဆုံးအဖြတ်ပေးလာတယ်လို့ စစ်တပ်စနစ်ကို အဓိကဦးစားပေးပြီး သုံးသပ်ခဲ့တယ် စစ်တပ်စနစ်မှာ ဘယ်သူဟာ အောက်‌ခြေတပ်သား၊ ဘယ်သူဟာ စစ်ဗိုလ်ချုပ် အစရှိသလို အဆင့်တွေ ရာထူးတွေ ခွဲထားသလို ဘယ်လိုလူမျိုးဟာ ရှေ့တန်းမှာ အသက်စွန့်ပြီး တိုက်ရသလဲဆိုတာဟာ နိူင်ငံကာကွယ်ရေး အမည်တပ်ထားတဲ့ biopower ကို အသုံးချတဲ့ နိူင်ငံရေးအကွက်တစ်ကွက်ပဲ (အမေရိကန် စစ်တပ်စနစ်မှာတော့ ရွှေ့ပြောင်းအခြေချသူတွေဟာ ဝါဒမှိုင်းတိုက်ခံရပြီး စစ်ထဲ ဝင်ကြတယ် ဒါဟာလည်း နိူင်ငံအသစ်နဲ့ လိုက်လျောညီထွေဖြစ်ချင်စိတ်တွေကနေ ပေါက်ဖွားလာတဲ့ မျိုးချစ်စိတ် patriotism လို့ ကျွန်မ မြင်တယ် ဒါကို Critical Refugee Studies ပညာရှင်တွေက သုံးသပ်ခဲ့ပြီးပါပြီ အထူးသဖြင့် အမေရိကန်ရဲ့ အရှေ့တောင်အာရှမှာ တိုက်ခဲ့တဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ပါ စိတ်ဝင်စားရင် ဖတ်ဖို့ အောက်မှာ လင့်ခ် ထည့်ပေးထားပါတယ်)

နိူင်ငံတစ်နိူင်ငံရဲ့ စစ်တပ်ဆိုတာဟာ သားသတ်ရုံပိုင်ရှင်တွေလို အရင်းရှင်တွေ ပြန်ဖြစ်လာတယ် ထုတ်လုပ်မှုကသာ အသားထုပ်နဲ့ နိူင်ငံကာကွယ်ရေး မျိုးချစ်ရေးလို့ ကွဲသွားတယ် ဒီစနစ်တွေ လည်ပတ်ဖို့ စစ်တပ်စနစ်ဟာလည်း နီရိုလစ်ဘရယ်စနစ်လိုပဲ လူတွေကို ပြန်မှိုင်းတိုက်တယ် မြန်မာပြည်မှာဆိုရင် “ရဲဘော်သေ သေသော် ငရဲမလား” ဘာညာနဲ့ ရွှီးတာမျိုးပေါ့ စစ်ဗိုလ်ဆိုရင် ခန့်တယ် တင့်တယ်တယ်လို့ စစ်တပ်အပြင်က အရပ်အမြင်ကိုပါ ပြောင်းလဲအောင် မှိုင်းတိုက်တာမျိုးလေ အမှန်တကယ်က စစ်တပ်စနစ်ဆိုတာလည်း အရှင်းရှင်စနစ်တစ်ခုပဲ ပိုက်ဆံထက်ရော ဒါမှမဟုတ် ပိုက်ဆံပါပိုပေးပြီး ဂုဏ်တွေ သိက္ခာတွေ နာမည်တပ်ပေးပြီး ကိုယ့်အသက်ဇီဝကို အရင်းရှင်က ပြန်ပိုင်နေတာပဲ (အမေရိကန်က စစ်သားတွေဆို တော်တော်များများက လေးစားကြတယ် စစ်တပ်ယူနီဖောင်းနဲ့ တွေ့ရင်ပဲ နင့်ရဲ့ နိူင်ငံအတွက် ကူညီမှုကို ကျေးဇူးပါ လို့ လူတိုင်းက ပြောကြတယ် ကျွန်မတော့ စစ်တပ်ဆို စနစ်တကျ ဖြစ်လာတာနဲ့အမျှ ဘာစစ်တပ်မှ အထင်မကြီးပါ) ထွက်ကုန်ရဖို့ ကိုယ့်လုပ်အားကို အသုံးချလုပ်ပေးလိုက်ရတင်မကပဲ ဇီဝိန်ပျောက်တဲ့အထိ အလုပ်လုပ်ပေးရတဲ့ အရင်းရှင်စနစ်ပဲ

အဲ့တော့ အထက်က ဆန်ကုန်မြေလေးလို့ ဆိုတာတွေနဲ့ ပြန်ချိတ်ဆက်ရရင် ဒီလို စီးပွားရေးအရင်းရှင်စနစ်အရရော၊ နိူင်ငံရေး စီးပွားရေးစနစ်အရပါ ကျွန်မတို့တွေဟာ အလုပ်လုပ်နေမှ လုပ်အားထုတ်ပေးနေမှ လူရာဝင်တယ်ဆိုတာတွေ ဖြစ်လာတယ် ဒီ အမှုန့်ကြိတ်ပြဿနာဟာ အခုဆို တက်ကြွမှုရပ်ဝန်းတွေမှာပါ တွေ့လာရတယ် မီတင်တွေ နာရီနဲ့ချီ တက်ရတာ၊ နေ့မသိ ညမသိ အလုပ်လုပ်ပေးကြရတာ၊ နေမကောင်းလည်း လုပ် ကောင်းလည်းလုပ်ကြရတာ ဒါတွေဟာ တကယ်တော့ ရှင်သန်သူ လိပ်ပြာမလုံမှုတွေ၊ အခွင့်ထူးခံစားရသူတွေရဲ့ ကိုယ့်လိပ်ပြာကိုယ်မလုံမှုတွေက စတာပဲလို့ ကျွန်မ ထင်တယ် ကိုယ့်ဟာကိုယ် လိပ်ပြာမလုံတော့ အလုပ်တွေ အတင်းကာရောလုပ်မှ တော်လှန်ရေးဟာ အောင်မြင်နိူင်မယ်လို့ ယူဆတယ် (တောခို လက်နက်ကိုင် တက်ကြွလှုပ်ရှားသူ ရပ်ဝန်းမှာ‌တော့ သေခြင်းဟာ နောက်ဆုံးလွတ်မြောက်ခြင်းလို့ ဆိုကြတယ် အောင်ဖုန်းမော် ၂၀၂၀ ကရေးခဲ့တဲ့ ဆောင်းပါး လင့်ခ် ထည့်ပေးထားပါတယ် ဒီနေရာ ဘာအတွက်ကြောင့် သေမှ လွတ်မြောက်တာလဲ စဉ်းစားဖို့တော့ လိုမယ် ထင်တယ် အရင်းရှင်ရဲ့ အမှုန့်ကြိတ်မှုကြောင့် ကိုယ်စိတ်နှလုံးထောင်းပြီး သေတာတော့ လွတ်မြောက်တယ်လို့ ကျွန်မ မမြင်ဘူး) မလုပ်ဘဲနဲ့ အလိုလိုနေရင်း အောင်မြင်မယ်လို့ ကျွန်မ ဆိုလိုချင်တာတော့ မဟုတ်ပါ အတင်းကာရော လုပ်ပြီးရင်တော့ burn out ဖြစ်ပြီး ဘာမှ မလုပ်ချင်တော့ဘူး ဖြစ်ကြတယ် အရင်းရှင်စနစ်အတွက်ကတော့ လုပ်အားဆိုတာ သူတို့ လည်ပတ်ဖို့ လိုနေတာ ဖြစ်တဲ့အတွက် ကျွန်မကတော့ ပေးကို မပေးချင်တော့ဘူး ကြိုးစားရမယ်လို့ မှိုင်းလုံးလာတိုက်တာလည်း မဖြုံတော့ဘူး လိုအပ်လို့ လုပ်ကြရတဲ့ အလုပ်တွေအတွက်တော့ နားနားနေနေနဲ့ လုပ်ကြသင့်တယ်လို့ ကျွန်မ ထင်တယ် urgency လို့ခေါ်တဲ့ အရေးတကြီး အလျင်တလိုလုပ်ဆောင်မှုတွေဟာ ကောက်ရိုးမီးလို ဖုံးကနဲ ထလောင်ပြီး ပြန်မငြိမ်းသွားဖို့ လိုအပ်တယ်

တကယ်တော့ လူတွေ အလွယ်တကူ မမြင်ရတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ နားနားနေနေနဲ့ ကိုယ့်ရဲ့ biopower ကို ကိုယ်ပြန်ထိန်းသိမ်းနိူင်တာ၊ ကိုယ့် စိတ်ဝင်စားတာ ကျေနပ်တာကို လုပ်ပိုင်ခွင့်ရအောင် ပြန်ဖန်တီးတာဟာ စစ်တပ်စနစ်သာမက စနစ်ပေါင်းစုံကို ချေပနေတယ်လို့ ကျွန်မ မြင်မိတယ် နားနေရေးဟာ စနစ်ပေါင်းစုံကို တော်လှန်တဲ့အရေးမှာ အခြေခံအချဆုံး ပုန်ကန်မှုတစ်ခုလို့ ဒီနေ့ အလုပ်မလုပ်ဘဲ ဒီစာကို ရေးရင်း တွေးမိတယ်

 
ပုံ – ရန်ကုန်မြို့လယ်တစ်နေရာက ‌လမ်းဘေးခွေးများကို နေ့လည်နေ့ခင်းအစာကျွေးပြီး သူတို့ထမင်းစား‌နေတာကို ရပ်ကြည့်နေသောလူတစ်ယောက်

အခလီ မမ်ဘီ (Achille Mbembe) ရဲ့ necropolitics ကို ပြန်ရှင်းပြသုံးသပ်ထားတဲ့ ဆောင်းပါး

https://criticallegalthinking.com/2020/03/02/achille-mbembe-necropolitics/?fbclid=IwAR0zApJg7a1OIpIvEP8D6o080hxGYxA1P5mOaq5mNIVbK86O1O6nNYvgdZs

အောင်ဖုန်းမော် ရေးသားသုံးသပ်ခဲ့တဲ့ လူမည်းတက်ကြွလှုပ်ရှားသူ ပညာရှင် မဲလ်ကွန် အိတ်စ်ရဲ့ လွတ်လပ်ခြင်းရဲ့ အဖိုးအခက သေခြင်း ‌ဆောင်းပါး

https://www.facebook.com/100622811617926/posts/112884300391777/

ဗီယက်နမ်အမေရိကန်ပညာရှင်အမျိုးသမီးနှစ်ဦးဖြစ်တဲ့ လန်ဒေါင် (Lan Duong) နဲ့ ရန်လီအစပရတူ (Yen Li Espiritu) ရေးတဲ့ အမေရိကန်က စစ်တပ်စနစ်အသုံးချ အကြမ်းဖက်မှုတွေမှာ refugee လုပ်အားတွေကို အသုံးချပုံအကြောင်း ဆောင်းပါး

https://uchri.org/awards/toward-critical-refugee-studies-being-and-becoming-in-exceptional-states-of-war-violence-and-militarism/?fbclid=IwAR3vRZ4NlHXc8DC5ob0-2rHg22Zqto09Kr2nnklimKlOeadzeMn_138eRUw

Twitter ပေါ်တွင် တက်ကြွလှုပ်ရှားသူ ပြည်ပရောက်မြန်မာတစ်ဦး ၎င်းရဲ့ စာတွေကို နာမည်တပ်ပြီး ပြန်မကိုးကားကြသောကြောင့် မြန်မာပြည်တက်ကြွလှုပ်ရှားမှုတွင် ဆက်လက်မပါဝင်နိူင်တော့ကြောင်း ရေးတဲ့ tweet

https://twitter.com/sandraXmon/status/1420077536487239683?t=RpuHnlFFQzIK4oylQKe3tQ&s=19&fbclid=IwAR0SkHyba78CoZdBQTzTItzD0TXr2rkZOzxGWzTAW2z5TaqnVW2n3uRrwvI

ကိုဗစ်ကပ်ရောဂါကြောင့် သားသတ်ရုံမှာ အလုပ်လုပ်တဲ့ ကောလိုရာဒိုက မြန်မာ ရွှေ့ပြောင်းအခြေချသူ အသက် ၆၀ အရွယ် အန်တီကြီးတစ်ဦး အသက်ဆုံးပါးကြောင်း သတင်း

https://www.democracynow.org/2020/5/19/headlines/60_year_old_burmese_refugee_becomes_eighth_covid_19_victim_at_colorado_meat_plant?fbclid=IwAR2K4eRu4MUUGQEEVwgej4ZPSWioyQE847LYEaETtMJW6mL87pK_yydosGI

 

အိမ်နဲ့ငါက ဝေးတယ်

အိမ်နဲ့ငါက ဝေးတယ်

အခွင့်ထူးခံစားမှုလို့ လူတွေက ခေါင်းစဉ်တပ်နေတဲ့အချိန်

ကမ္ဘာတစ်ခြမ်းမှာ ဖိနှိပ်မှုတွေ ရှိနေတုန်းပဲ

မဂ္ဂဇင်းတွေက ပလူပျံအောင် ထုတ်နေကြတဲ့

အဖြူအမည်းဓါတ်ပုံတွေက ဘာလို့ ဖိုစော်နံနေသေးတာလဲ

လက်နဲ့ မညှစ်နဲ့ လက်ယောင်ထမယ်လို့

အမေပြောတာ မှတ်မိနေသေးပေမဲ့

ငါ လက်ညစ်ပတ်ကြီးနဲ့ သွားသွားညှစ်မိနေတယ်

ဒီတိုင်းထားလိုက်ရင်ရော

ဖြစ်တည်မှုဆိုတာ မရှိတော့ဘူးလို့ ပြောနိူင်မလား

ဖွင့်မပြောရင်ရော

ဖြစ်တည်မှုဆိုတာ မရှိတော့ဘူးလို့ ပြောနိူင်မလား

ချမရေးရင်ရော

ဖြစ်တည်မှုဆိုတာ မရှိတော့ဘူးလို့ ပြောနိူင်မလား

အိမ်နဲ့ ငါက ဝေးတယ်

မနက်ဖြန်ပွင့်မဲ့ ပန်းတွေအတွက်

ငါ့ခံစားချက်တွေက

လူမသိ သူမသိ အင်ပို့ မြေဩဇာတွေပေါ့

မခြင်္သေ့

ဖေဖော်ဝါရီလ ၅ ရက် ၂၀၂၂

ပုံ – မန္တလေးမှာ နေဝင်စဉ်

 

မမ်မိုရီ

သူ့ပိုင်ရှင် မိန်းကလေးက အမြဲတမ်း ပလတ်စတစ်အခွံနဲ့ ကာထားပေးပြီးသားမို့လို့ ဖုန်းကလေးအတွက်ကတော့ တော်သေးသည်။ တစ်ခါ တစ်ခါ အိတ်ထောင်ထဲက ထိုးထွက်နေတဲ့အခါမျိုးတော့ ဖုန်းကလေး မိုးရေ နည်းနည်းစိုတတ်တာပေါ့။ ဒါပေမဲ့ ရပါတယ်။ မိန်းကလေးက အမြဲတမ်း သူ့ကို ဂရုတစိုက်ရှိလှသည်။ ပလတ်စတစ်အခွံတောင်မှ တစ်လကြား တစ်ခါ လဲလှည့်ပေးလေ့ရှိသည်။ အခွံလေးပေါ်မှာတော့ ရောင်စုံခြယ် စတစ်ကာမျိုးစုံနဲ့ တန်ဆာဆင်ပေးထားပြန်တော့ ဖုန်းကလေးသည် တော်တော် အချစ်ခံရမှန်း အသိသာသည်။ သူကလည်း မိန်းကလေးဘဝအတွက် မရှိမဖြစ် အရေးပါတာကိုး။ အထူးသဖြင့် မိန်းကလေးချစ်သူနဲ့ မိန်းကလေးကြားမှာတော့ ဖုန်းကလေး မပါမဖြစ်။

 

“ကိုကို နိုးပြီလား နိုးရင် ပြောနော်”

 

ဖုန်းကလေးသည် မိန်းကလေးအပါးမှာ မနက်အိပ်ရာနိုးရင်နိုးချင်း မိန်းကလေးချစ်သူဆီ မှတ်စာပို့ရန် အမြဲတမ်း အဆင့်သင့်ရှိနေတတ်သည်။ မိန်းကလေးက ဒီမှတ်စာကို နေ့စဥ် မပျက်မကွက် ပို့နေကျ။

 

“ကိုကို နိုးပါပြီ အခု သင်တန်းဆင်းရတော့မှာမို့ ညနေ အလုပ်အားတော့မှ စကားပြောကြမယ်နော်”

 

မိန်းကလေးချစ်သူ စာပြန်လေ့ရှိသည်။ သမီးရည်းစားသက်တမ်း ၁ နှစ်ကြာမှာ မိန်းကလေးချစ်သူက ရုရှားကို စစ်ပညာတော်သင်နဲ့ ထွက်ရလေသည်။ အဲ့ဒီအခါတုန်းက မိန်းကလေးခမျာ တအိအိနဲ့ ငိုတာ ဖုန်းကလေး ခုထိ သတိရသေးသည်။ အဲ့နောက်ပိုင်းကစပြီး မိန်းကလေးနဲ့ သူ့ချစ်သူကြားမှာ ကူးလူးဆက်သွယ်မှုမှာ ဖုန်းကလေး ပိုပြီး အထင်ကရ ဖြစ်လာသည်။ အခုဆို မိန်းကလေးချစ်သူ နိူင်ငံခြားမှာ ၂ နှစ်လောက်ရှိနေပြီ ဖြစ်လေသည်။ နောက်နှစ်ထဲတော့ သင်တန်းပြီးမယ် ကိုကို ပြန်လာတော့မယ်လို့ မိန်းကလေးချစ်သူ ပြောတာ တစ်ခါ ဖုန်းကလေး ကြားဖြတ်နားထောင်ဖူးသည်။

 

အချိန်ကွာခြားတာတစ်ကြောင်း၊ သင်တန်းဆင်းရတာတစ်ကြောင်းကြောင့် မိန်းကလေးချစ်သူက မြန်မာစံတော်ချိန် မနက်ပိုင်းဆို မအားတတ်ဘူးဆိုတာ ဖုန်းကလေးလည်း သိသည်။ ရန်ကုန်မြို့ညနေ နေဝင်ချိန် ၈ နာရီ ၉ နာရီလောက်ဆိုရင်တော့ ဖုန်းကလေးတစ်ကိုယ်လုံး ပူကျစ်လာတဲ့အထိ မိန်းကလေးနဲ့ သူ့ချစ်သူတို့ စကား‌ပြောကြသည်။ တစ်ခါတစ်လေတော့ မိန်းကလေး ဖုန်းကလေးကို အိပ်ရာပေါ် ပစ်ထားပြီး ကွန်ပြူတာနဲ့ ‌ပြောကြသည်။ အဲ့လိုအခါမျိုးကျ ဖုန်းကလေးအတွက် ပျင်းဖို့ကောင်းသည်။ အရေးမပါဘူးလို့ ဖုန်းကလေး သူ့ကိုယ်သူ ထင်သည်။

 

တစ်ခေါက်ကဆို မိန်းကလေး သူ့ချစ်သူနဲ့ စိတ်ကောက်တာ ဖုန်းကလေးခမျာ ကြားထဲက နေမထိ ထိုင်မသာတွေ ဖြစ်ရသည်။ မိန်းကလေးချစ်သူက တဂွမ်ဂွမ် ဖုန်းခေါ်သည်။ မိန်းကလေးက လုံးဝ ဖုန်းကလေးကို မကိုင်။ မိန်းကလေးချစ်သူ ဘယ်လောက်ခေါ်သလဲ ဘာမှတ်စုတွေများ ပို့သလဲ သိရအောင်လို့တော့ ကောက်တော့ကြည့်သည်။ လူသားတွေရဲ့ အချစ်က ရှုပ်ထွေးဆန်းပြားလွန်းလှလေသည်။ ဒါပေမဲ့ ခဏနေ သူတို့ (ဖုန်းကလေးကြောင့်ပဲ) ပြန်အဆင်ပြေသွားမယ်ဆိုတာ သိနေကျဆိုတော့လည်း အားအင်ဘယ်လောက်ကုန်ကုန် ကြားထဲကနေ သူ့ ဖန်သားပြင်ကို သူ့ပိုင်ရှင် မိန်းကလေးအတွက် အဆင့်သင့် လင်းပေးရင် ပျော်ရသည်။

 

*

 

မိန်းကလေးနဲ့ သူ့ချစ်သူသည် တက္ကသိုလ်ကျောင်းသားဘဝမှာ တွေ့ကြတာဆိုပေမဲ့ တက္ကသိုလ်နယ်မြေပေါ်မှာ တွေ့ကြတာတော့ မဟုတ်ပေ။

 

ဆယ်တန်းပြီးတော့ မိန်းကလေး မီတဲ့အမှတ်က ဆေးဘက်ဆိုင်ရာ။ ရန်ကုန်မြို့အပြင်နားက ဆေးဘက်ဆိုင်ရာတက္ကသိုလ်က မိန်းကလေးလူဦးရေ ပိုများသည်။ လူတစ်ဖက်သားကို ပြုစုစောင့်ရှောက်ပေးတဲ့ ဆေးပညာနဲ့ ပတ်သက်တဲ့ နာ့စ်တို့၊ ဆေးဘက်ဆိုင်ရာကလို ဓါတ်ခွဲ ဓါတ်မှန်ရိုက်တာတို့ ဆီးစစ် သွေးစစ်တာတို့လို ဘာသာရပ်တွေမှာ အလိုလိုနေရင်း မိန်းကလေးလူဦးရေ များတယ်ဆိုတာ မိန်းမဆိုတာ ပင်ကိုသဘာဝကိုက ယုယကြင်နာတတ်လို့ ဒီလိုအလုပ်မျိုးတွေနဲ့ ကိုက်တယ်လို့ လူတွေက ဆိုကြသည်။ ဖုန်းကလေးတို့အတန်းအစားမှာ အန်းဒရွိန်းနဲ့ အက်ပဲလ် ကွာသလိုမျိုး ယောင်္ကျား မိန်းမ ကွာခြားတယ်လို့ ပြောချင်ကြတာလား မသိ။ ဒါဆို ဘာလို့ ဆရာဝန်ဖြစ်ဖို့အတွက် တက်ရတဲ့ ဆေးကျောင်းကျတော့ ‌ယောင်္ကျားလေးရော မိန်းကလေးရော လူဦးရေ မတိမ်းတယိမ်း ရှိရတာလဲ ဖုန်းကလေး အံ့အားသင့်ရပြန်သည်။

 

လူသားတွေရဲ့ ဘဝဖြစ်တည်မှုက ဖုန်းကလေးတို့လို မဟုတ်ပေ။ ဖုန်းကလေးတို့ဖြစ်တည်ချက်ကတော့ ရှင်းသည်။ ဖုန်းကလေးကို လူအချင်းချင်း ဆက်သွယ်ဖို့ အများဆုံး ဝယ်တဲ့လူလည်း ရှိသလို ဂိမ်းဆော့ဖို့ ဝယ်တဲ့လူ ဓါတ်ပုံရိုက်ဖို့ ပုံလှလှထွက်စေတဲ့ ကင်မရာကောင်းကောင်းပါမပါ စိစစ်ပြီး ဝယ်တဲ့လူလည်း ရှိသည်။ နောက်မှသာ ဖုန်းကလေးလို ပိုင်ရှင်ကို အတွယ်အတာပိုလာတာ၊ ပိုင်ရှင်ဖြစ်ချင်တာကို အလိုလိုနေရင်း သတိမူမိလာတာကတော့ တစ်မျိုးပေါ့လေ။ ဘယ်လိုကြောင့်ပဲ ဝယ်ဝယ် လူတွေကြား အချင်းချင်း ပေါင်းကူးဆက်ဆံပေးရမယ်ဆိုတာတော့ ဖုန်းကလေးရဲ့ ပင်မအလုပ်တစ်ခုလို့ ဖုန်းကလေး ထင်သည်။ ကိစ္စများမြောင် လူတို့ဘောင်ဆိုသလို လူတွေရဲ့ ဖြစ်တည်ချက်ကတော့ မွေးလာရာကနေ သေတဲ့အထိ ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာ ခန့်မှန်းရခက်သည်။ ပွေလီလှပေသည်။

 

ဖုန်းကလေးပိုင်ရှင် မိန်းကလေးကိုယ်တိုင်လည်း တကယ်တမ်း ဘာဖြစ်ချင်သလဲဆိုတာလည်း ဖုန်းကလေးမသိပါ။ သူ အမှတ်မီတဲ့ကျောင်းသာ ဘွဲ့တစ်လုံးရဖို့ တက်ရမယ်ဆိုတာ အလိုလို ဖွင့်မပြောဘဲ မိန်းကလေး ခံယူထားတယ် ထင်သည်။ အဲ့လိုဆိုပြန်တော့လည်း ဖုန်းကလေးနဲ့ မိန်းကလေး နေ့စဥ် လက်ပွန်းတတီးနေပေမဲ့ မိန်းကလေး ဘာတွေတွေးနေပြန်သလဲ ခန့်မှန်းရခက်နေပြန်သည်။

 

ဖုန်းကလေးပိုင်ရှင်တက်တဲ့ ဆေးဘက်ဆိုင်ရာတက္ကသိုလ်က မိန်းကလေးများတယ်ဆိုပြီး စစ်ပညာတက္ကသိုလ်ဘက်က ကျောင်းသားတွေ အပိုးအပမ်းလာကြသည်။ စစ်ပညာတက္ကသိုလ်ကျတော့ မိန်းကလေးတို့ကျောင်းနဲ့ ပြောင်းပြန်။ ယောင်္ကျားလေးတွေသာ ဝင်ခွင့်လက်ခံသည်။ အဲ့တော့လည်း တက္ကသိုလ်ပရိဝဏ်ချင်း ဝေးပေမဲ့ ကျောင်းနှစ်ကျောင်းကြား အောင်သွယ်တော်တွေများတာ မဆန်းပေ။ မိန်းကလေးချစ်သူနဲ့ မိန်းကလေးကလည်း ကြားထဲက အောင်သွယ်တော်သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ တွေ့ရခြင်း ဖြစ်လေသည်။ ဒါတောင်မှ အောင်သွယ်တော်က အစပိုင်းပဲပါသည်။ မိန်းကလေးဆီက ဖုန်းနံပါတ်ရပြီးနောက် သူတို့နှစ်ယောက် စကားပြောတာ ဖုန်းကလေးသာ အသိဆုံးဖြစ်လာသည်။ အမှန်တိုင်းပြောရရင် ဖုန်းကလေးသာ မိန်းကလေးနဲ့ သူ့ချစ်သူကြားက အောင်သွယ်တော် အစစ်လေ။

 

*

 

ပထမဆုံးတွဲတဲ့ ရည်းစားဆိုတော့ မိန်းကလေးက အတွယ်အတာပိုသည်။ မိန်းကလေးချစ်သူက တက္ကသိုလ်ကျောင်းသား‌‌တောင်မှ ရိုးရိုး မေဂျာတန်းက မဟုတ်။ တစ်ချိန်ချိန်မှာ ဂုဏ်သရေရှိ စစ်ဗိုလ်တစ်ယောက်ဖြစ်လာနိူင်တဲ့သူဆိုတော့ မိန်းကလေးမိဘတွေဘက်ကလည်း ကြည်ဖြူမယ်လို့ မိန်းကလေးထင်သည်။ မိန်းကလေးမေမေလည်း မိန်းကလေးမှာ ချစ်သူရှိတာ ရိပ်မိပေမဲ့ မတွဲနဲ့ မတားတာ ဒါကြောင့် ဖြစ်ပေမည်။ လူငယ်ဆိုတော့လည်း တက္ကသိုလ်တက်နေချိန်တွေမှာ တခြားကိစ္စတွေထက် အချစ်သဘောသဘာဝကိုသာ ဦးစားပေး ရင်ခုန်ချင်ကြသည်။ သူတို့ အတန်းပြေးပြီး ကန်တော်ကြီးစောင်းမှာ အနမ်းချင်းဖလှယ်ချင် ဖလှယ်ကြမည်။ ညနေစောင်းရင် တရုတ်တန်းအလယ်ကောင်က ကန့်လန့်ကာတွေ အပြည့်ကာထားလို့ မှောင်နေတဲ့ အအေးခန်းစားသောက်ဆိုင်လေးမှာ ဆူရှီ ဝင်စားချင် စားကြမည်။

 
“အရမ်းချစ်တယ် ကိုကို”
 
“ကိုကိုလည်း အရမ်းချစ်တယ်”
 

မြေနီကုန်းမှာ တစ်ခါတစ်လေ မိုးခိုရင်း ရခိုင်မုန့်တီဝင်စားကာ ချစ်တမ်းချင်း ညည်းတဲ့အခါလည်း ညည်းကြသည်။ ထီးလေးကွယ်ပြီး လူမမြင်အောင် အနမ်းမိုးသဲတာတော့ ဖုန်းကလေးက မျက်နှာပူပူနဲ့ ကြည့်ရသည်။ တစ်ခါတစ်လေ သူတို့ နမ်းတာကို ဖုန်းကလေးကို တမင်မှတ်တမ်းတင်ခိုင်းတာမျိုးလည်း ရှိတတ်သည်။ ဖုန်းကလေးရဲ့ မမ်မိုရီထဲမှာက မိန်းကလေးနဲ့ သူ့ချစ်သူရဲ့ အချစ်မှတ်တမ်းတွေချည်းသာ ဖြစ်လေသည်။

 

“ကိုကိုတို့ ဘွဲ့ရပြီးရင် နှစ်ဖက်မိဘ အသိပေးပြီး လက်ထပ်ဖို့ စီစဥ်ရတာပေါ့”

 

ဖုန်းကလေးလာတဲ့ အနောက်နိူင်ငံတွေကလို ခုမြင် ခုတွဲ ခုချစ် ခုပြတ်တာမျိုး မဟုတ်တော့ ဖုန်းကလေးက သူတို့ အချစ်ကို ပို လေးစားသည်။ သူတို့အချစ်ကိုယ်စား ဖုန်းကလေးက သူ့မိတ်ဆွေတွေကို ကြွားဝါဂုဏ်ယူရသည်။

 

တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်တွဲကြတဲ့ ချစ်သူတွေဆိုတာ အနောက်နိူင်ငံတွေမှာ ရှားတယ်လို့ ဖုန်းကလေးနဲ့ တစ်ဘတ်ချ်တည်းဆင်းတဲ့ မိတ်ဆွေတွေက တစ်ခါတစ်လေ အယ်လ်ဂိုရင်သမ်တွေကနေ ဆုံရင် ပြောပြကြသည်။ သူတို့ပိုင်ရှင်တွေဆို သူတို့ကို ဂရုလည်း သိပ်မစိုက်ကြ၊ ဒီတစ်လုံးပျက်ရင် နောက်တစ်လုံးပြောင်းမယ်ဆိုတဲ့ စိတ်နဲ့ ဆက်ဆံကြသတဲ့။ အဲ့တော့ သူတို့တွေ သမီးရည်းစားဆက်ဆံရေးကိုလည်း ရေလဲသုံးကြတယ်ဆိုတာ မဆန်းတော့ပေ။

 

ဖုန်းကလေးပိုင်ရှင် မိန်းကလေးနဲ့ သူ့ချစ်သူကတော့ သူတို့အချစ်ရေးအနာဂတ်ကို ရေရှည်စီမံကိန်းချထားပြီးပြီ ဖြစ်လေသည်။ မိန်းကလေးချစ်သူ ကျောင်းပြီးရင် ရုရှားကို ပညာတော်သင် ၃ နှစ်သွားရမည်။ အဲ့အတောအတွင်းမှာ မိန်းကလေးကလည်း အလုပ်လုပ်ရင်း ပိုက်ဆံစုကာ မိန်းကလေးချစ်သူပြန်အလာကို စောင့်မည်။ မိန်းကလေးချစ်သူ ပညာတော်သင်ပြီး ပြန်လာရင် နိူင်ငံတော်ကလည်း စစ်ဗိုလ်တစ်ယောက်အနေနဲ့ ရာထူးအလုပ်အကိုင် အဆင့်သင့် အာမခံထားပြီးသားဆိုတော့ ကြင်စဦး ဇနီးမောင်နှံအတွက် ဘဝအသစ်တစ်ခု ထူထောင်ဖို့ အားလုံး ပြည့်စုံပေလိမ့်မည်။

 

ဒါပေမဲ့ သူတို့စီမံကိန်းထဲမှာ ဒီနှစ်ထဲ စစ်အစိုးရ အာဏာသိမ်းမယ်ဆိုတာတော့ မပါခဲ့ဘူးလေ။

 

*

 

အဲ့ဒီနေ့က တစ်ကယ်ကို မှတ်မှတ်ရရ။ မိန်းကလေးမနိုးခင်မှာတင် ဖုန်းကလေးဆီ တဂွမ်ဂွမ် မှတ်စာတွေဝင်သည်။ နိူင်ငံရေးနဲ့ ပတ်သက်ပြီး မိန်းကလေးထက်ပို နှံ့စပ်ကြတဲ့ မိန်းကလေးသူငယ်ချင်းတချို့က မနက် အာရုဏ်မတက်ခင် အာဏာသိမ်းသွားတာကို မိန်းကလေးထက် စောသိကြသည်။ မိန်းကလေးကို ဖေ့ဘုတ်လင့်တွေ လှမ်းပို့ကြသည်။

 

မိန်းကလေးနိုးလာတော့ သူ့ကိုကိုဆီတောင် မှတ်စာချက်ချင်း ပုံမှန်လို မပို့နိူင်။ ဒလဟောဝင်လာတဲ့ သတင်းတွေ ဖတ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း ချက်ချင်းမသိ။

 

“ကိုကိုရေ မြန်မာပြည်က သတင်းတွေ ကြားပြီးပြီလား”

 

“အင်း ကိုကို ဖေ့ဘုတ်ပေါ်မှာ တွေ့တယ်”

 

“ကိုကိုရယ် ဒါဆို ဘာတွေဖြစ်လာမှာလဲ မသိဘူး ဒုက္ခပဲနော်”

 

“သိပ် စိတ်မပူပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ”

 

မနက်စာစားရင်း မိန်းကလေးနဲ့ သူ့ကိုကို မှတ်စာ အပြန်အလှန်ပို့ဖြစ်ကြသည်။ မိန်းကလေးအမေကလည်း သူတို့ခေတ်ကလို စစ်တပ်အုပ်ချုပ်ရေးကြီးအောက် ပြန်မရောက်ပါစေနဲ့လို့ တဖျစ်တောက်တောက် မြည်တွန်နေလေသည်။

 

အဲ့ဒီနေ့က ဖုန်းကလေး အား ခဏ ခဏ ကုန်လေသည်။

 

*

 

ဖုန်းကလေးရဲ့ ခုနောက်ပိုင်းအလုပ် အသစ်ကတော့ မှတ်တမ်းတင်ဓါတ်ပုံ။ အရင်က မိန်းကလေး သူ့သူငယ်ချင်းတွေနဲ့ အပြင်သွား မုန့်စား ဘာညာလောက်သာ မှတ်တမ်းတင်ရပေမဲ့ အခုတော့ ဖုန်းကလေး မှတ်တမ်းမှာ ရန်ကုန်မြို့တခွင် ဆန္ဒပြမှုပုံရိပ်တွေ နေရာယူများလာသည်။ မိန်းကလေးတို့ တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေကလည်း စစ်တပ်ကို ဆန္ဒပြဖို့ ကျောင်းမတက်ပဲ

CDM (civil disobedience movement) မှာ သပိတ်မှောက် ပါဝင်လာကြသည်။

 

လှည်းတန်းဘက်မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်တော့ မိန်းကလေးလည်း သူ့သူငယ်ချင်းတစ်အုပ်နဲ့ ပါသွားသည်။ အရင်က နိူင်ငံရေးဆိုတာ ဖေ့ဘုတ်ပေါ်မှာ ရေးတဲ့ ရယ်စရာ ဟာသတွေလောက်၊ တစ်ခုခုဆို အမေစု ပြောသမျှ လုပ်သမျှ အကောင်းထင်ခဲ့တဲ့ မိန်းကလေး အခုတော့ နိူင်ငံရေးကို ရိပ်ပါးစွန်းချည်လောက် သဘောပေါက်လာသည်။ ဖုန်းကလေးထဲကနေတဆင့် နယ်စပ်ဘက်တွေမှာ စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို ပုံတွေကနေ မျက်ဝါးထင်ထင် တွေ့လာရသည်။ တစ်ခါတစ်လေ အဲ့ပုံတွေကြည့်ရင်း မိန်းကလေး မျက်ရည်တွေကျတာ ဖုန်းကလေးတွေ့လေသည်။

 

မိန်းကလေးခမျာ အသည်းပဲ ငယ်လှချည်လားလို့ ဖုန်းကလေးတွေးမိပေမဲ့ အရင်က နုနယ်လှတဲ့ သူ့ပိုင်ရှင် မိန်းကလေးကို ဒီလို ‌ဒေါသောနဲ့ တွေ့ရတာ ဖုန်းကလေးအတွက် တစ်မျိုး ဆန်းနေပြန်သည်။ လူတွေက ဖုန်းကလေးတို့ မဟုတ်။ သူတို့ သက်တမ်းတလျှောက် ပြောင်းလဲနိူင်သည်။ ပြောင်းလဲလို့လည်း ရသည်။

 

မိန်းကလေး ဒီလိုစာတွေ ပုံတွေ အဖတ်များလာလေလေ ညဥ်အရ ဖုန်းကလေးကလည်း အဲ့ဒီသတင်းတွေနဲ့ ပတ်သက်တဲ့သတင်းတွေ ထပ်ထပ် အကြံပေးမိပြန်သည်။ အဲ့တော့လည်း မိန်းကလေး သူတို့ ဗမာလူမျိုးတွေ အရင်က ရိုဟင်ဂျာတွေအပေါ် ဘယ်လိုဖိနှိပ်ညှင်းပန်းခဲ့သလဲဆိုတာတွေ ဖတ်မိလာသည်။ ဗမာလူမျိုးကြီးဝါဒတွေအကြောင်း၊ ‌‌ယောင်္ကျား မိန်းမ ခွဲခြားဆက်ဆံရေးတွေအကြောင်း၊ ဗုဒ္ဓဘာသာကို နိူင်ငံရေးအရ ဘယ်လို အသုံးချသလဲဆိုတာတွေအကြောင်း ဖတ်မိလာသည်။

 

အာဏာစစသိမ်းချင်းက ဆန္ဒပြပွဲတွေမှာ “အမေစုကျန်းမာပါစေ” လို့ အရင်က အာခေါင်ခြစ် အော်ခဲ့သလောက် အခုတော့ မိန်းကလေး အော်တဲ့ သံချပ်တွေ ပြောင်းသွားသည်။

 
“ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”
 
“ဒို့ပြည်သူတွေ ညီရဲ့လား‌‌ဟေ့”
 
“ညီတယ်ဟေ့ ညီတယ်ဟေ့”
 

မိန်းကလေး ပြောင်းလဲလာသည်ဆိုတာကို ဖုန်းကလေးက လက်ပွန်းတတီးနေသူဆိုတော့ တစ်နေ့ တစ်‌နေ့ တစိမ့်စိမ့် သိရပေမဲ့ မိန်းကလေးချစ်သူအတွက်ကတော့ ရုတ်တရက်ကြီး ဖြစ်ချင်ဖြစ်နေနိူင်လေသည်။

 

“ကိုကို ဟိုနေ့က ဖုန်းခေါ်တာ ဘာလို့ မကိုင်တာလဲ”

 

“ကျောင်းက သူငယ်ချင်းတွေနဲ့ ဆန္ဒပြပွဲတစ်ခုလုပ်ဖို့ အစည်းအဝေးရောက်နေလို့ ကိုကို ဆောရီးနော် ဖုန်းကိုတောင် မကြည့်မိဘူး”

 

ဟုတ်သည်။ အဲ့နေ့က မိန်းကလေး အလုပ်များသည်။ ဖုန်းကလေးက အရင်ကလို မိန်းကလေးအကြိုက်ပို့ထားတဲ့ ဖေ့ဘုတ် နိုတီတွေတောင် မကြည့်ဘူးလေ။ သူ့ကိုကို ဖုန်းခေါ်တာတွေလည်း လွတ်သွားသည်။

 

“ဒီလို ညနေစောင်းကြီးတွေ အပြင်တွေ လျှောက်သွားနေတာပေါ့ အဝေးက ကိုယ့်ချစ်သူ ဖုန်းတောင် အချိန်ပေး‌ပြောရလောက်အောင် မအားတော့ဘူးပေါ့”

 

“ကိုကို့ကို တမင် မပြောချင်လို့ ဖုန်းမကိုင်တာ မဟုတ်ပါဘူး ဒီမှာလည်း ကိုကို သိတဲ့အတိုင်း နိူင်ငံရေးက မငြိမ်မသက်ဖြစ်နေတာ လူငယ်တွေရဲ့ အနာဂတ်တွေအတွက် လူငယ်တွေပဲ လုပ်ရမှာလေ ကိုကို ကိုကို့ကိုတောင် ဒီမှာ အတူတူ တိုက်ပွဲဝင်စေချင်တာ ရှိစေချင်တာ”

 

“နေပါဦး ခုတော့ ကိုကို့ချစ်သူ ဇနီးလောင်းက နိူင်ငံရေးသမားပေါက်စဖြစ်နေပြီလား”

 

မိန်းကလေး အားရပါးရ စမယ့်စကားက သူ့ကိုကို ခနိုးခနဲ့ မေးတဲ့စကားကြောင့် ပြတ်သွားလေသည်။ စကားကို ပက်ခနဲ ပြန်ပြောနေကျ မဟုတ်တော့ ရုတ်တရက် မိန်းကလေး ဘာပြန်ပြောရမှန်းမသိ။ သူ့ကိုကိုက သူ့ကို အား‌ပေးလိမ့်မယ်လို့ မိန်းကလေး ထင်ထားခဲ့တာမလား။ မိန်းကလေး နှုတ်ဆွံ့နေချိန် သူ့ကိုကိုက ဆက်ပြောလေသည်။

 
"ကိုကို့အလုပ်ဆိုတာလည်း စစ်တပ်နဲ့ မပတ်သက်မနေရဆိုတာ မေ့နေပြီလား ကိုကို အခုလို ပညာတော်သင်ထွက်နိူင်တာလည်း စစ်တပ်ရဲ့ 
ထောက်ပံ့မှုတွေကြောင့်ပဲလေ အခု ဒီလိုတွေကြောင့်လည်း ကိုကို မြန်မာပြည်ကို ထင်ထားတာထက် စောပြန်လာဖြစ်တော့မယ် ကိုကို သင်နေတဲ့ ပညာတွေက
နယ်စပ်မှာ မငြိမ်မသက်ဖြစ်နေတာတွေကို တုံ့ပြန်ဖို့အတွက် သင့်တော်တော့ အထက်လူကြီးတွေက ကိုကို့ကို လိုအပ်နေပြီလေ ဒါကလည်း အဆိုးက 
အကောင်းပဲပေါ့ ကိုကိုတို့ လက်ထပ်ဖို့အတွက် ပြင်ဆင်နေတာတွေ ကိုကို ပြန်လာရင် သေသေချာချာ နှစ်ယောက်တူတူ ပြင်ဆင်လို့ ရတာပေါ့ 
ဒါတွေကို ပြောပြချင်နေတာ ကိုကိုတို့ အိမ်ထောင်ရေးအတွက် ဘာမှ ပူစရာလည်း မရှိတော့ဘူး ကိုကို့ လစာကလည်း လင်မယား နှစ်ယောက်စာတော့ 
အေးအေးဆေးဆေး လောက်ငရုံမက ပိုတောင် ပိုလျှံဦးမယ်လေ ကိုကိုအနေကလည်း မင်းကို ကျောင်းသပိတ်မှောက်တာ ဒီလောက်ရပ်သင့်နေပြီထင်တယ် 
ဗိုလ်ကတော်တစ်ယောက်က ဘွဲ့တစ်လုံးတောင် မရှိဘူးဆိုတာတော့ မဟုတ်သေးဘူးလေ နောက်မှသာ အလုပ်မလုပ်ဘဲ ကိုကို့လစာ သက်တောင့်သက်တာ 
ထိုင်စားစမ်းပါ အခု ဆန္ဒပြတာတွေက တော်ရုံတန်ရုံလောက်ဆို တော်သင့်ပြီပေါ့ အစကတော့ စိတ်ပြေလက်ပျောက်ဆိုတော့ ကိုကိုလည်း သိပ်မတားခဲ့ဘူးလေ 
ကိုကို ခွင့်ပြုပေးထားခဲ့တယ် အခုတော့  ကိုကိုတို့နှစ်ယောက် ဘဝရှေ့‌ရေးအတွက် ကိုကို လက်နဲ့ရေးထားတာကို ခြေနဲ့ဖျက်သလို ဖြစ်နေမှာ စိုးတယ်"
 

"ကိုကို့ခွင့်ပြုချက်ရမှ လုပ်ရမယ်လို့ ဆိုလိုတာလား စစ်တပ်ရဲ့ ဖိနှိပ်မှု‌အောက်မှာ အခုလို ခံနေရတာ ကိုကိုမို့လို့ အဆိုးထဲက အကောင်းရှာနိူင်တယ်နော် 
ကိုကို့ကို လူငယ်တစ်ယောက်ဆိုတော့  နားလည်မယ်ထင်ထားတာ ကိုကို့စစ်တပ်ကို ဒီလောက်ခင်တွယ်နေရင် ရှေ့‌ရေးဆိုတာ တိုင်ပင်လို့ မ‌ရဘူး 
အံ့သြလွန်းလို့ ဒီထက်ပိုပြီး ပြောစရာ စကားမရှိတော့ဘူး"

ရင်တွေခုန်လာလွန်းလို့ ပြောချင်တာတွေ အဆီအငေါ်မတည့်ပြောပြီး သူ့ချစ်သူ စကားပြန်ပြောချိန်မရခင် မိန်းကလေးကို ဖုန်းကိုပိတ်ချလိုက်သည်။ ပြီးတော့ မိန်းကလေး ငိုသည်။

အဲ့ဒီ‌နေ့က ဖုန်းပြောပြီးကတည်းက မိန်းကလေးချစ်သူ သူ့ကို ဖုန်းပြန်မခေါ်ပေ။ မိန်းကလေးကလည်း တင်းပြီး ဖုန်းပြန်မခေါ်။ အရင်က စကားများ ရန်ဖြစ်တယ်ဆိုတာ ဘာမဆိုသလောက်လေးတွေကြောင့်သာဆိုတော့ ဒီလို နိူင်ငံရေးနဲ့ ချီပြီးဖြစ်တဲ့စကား ဘယ်လောက်ထိများသင့်သလဲဆိုတာ မိန်းကလေးမသိ။ ဖုန်းကလေးကလည်း သူတို့နှစ်‌ယောက်အချစ်ဆိုတာ အရင်က အနောက်တိုင်းအချစ်တွေနဲ့မတူလို့ မွှန်းဆိုခဲ့ဖူးတော့ အခုတော့ ဒါ ဘယ်လိုအချစ်မျိုးလည်းဆိုတာ အဆန်းတကြယ်ဖြစ်ရပြန်သည်။

တကယ် တကယ် လူတွေဟာ တကယ်ကို နားလည်ရခက်လှပေသည်။

*

ညညဆို မဝင်တော့တဲ့ ဖုန်းခေါ်သံတွေကို လျစ်လျုရှူဖို့အတွက် မိန်းကလေးတစ်ယောက် ဆေးဘက်ဆိုင်ရာတက္ကသိုလ်ကျောင်းသားကျောင်းသူများ ကိုယ်စားပြုအနေနဲ့ စစ်တပ်ဆန္ဒပြပွဲတွေကို အချိန်ပြည့်အားစိုက်လာသည်။ ဖုန်းကလေးထဲမှာ အရင်က မရှိဖူးတဲ့ တယ်လီဂရမ်တို့ စစ်ဂနယ်တို့တွေရောက်လာသည်။ အရင်ကလို မိန်းကလေးပို့တဲ့မှတ်စာတွေ ဖုန်းကလေး ကြားဝင်ဖတ်ကြည့်လို့မရတော့။ ဒီလောက် ရင်းနှီးခဲ့တဲ့ဖုန်းကလေးမှာတောင် မိန်းကလေးက လျှို့ဝှက်စရာတွေ ရှိနေပြီလား။ ဖုန်းကလေး အံအားသင့်ရသည်။

ဒါပေမဲ့ တစ်ခါတစ်လေ လူချင်းပြောကြတဲ့ စကားတွေကနေတဆင့် မိန်းကလေး ဘာတွေလုပ်နေလဲ ဖုန်းကလေး ရိပ်ပါးစောင်းချည် ကြားရသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ချိတ်ဆက်ဖြစ်ပြီး ဆန္ဒပြပွဲအပြင် ရေရှည်တိုက်ရမဲ့ နွေဦးတော်လှန်ရေးအတွက် သတင်းစာစောင်ဖျံ့တာ လိုအပ်နေတဲ့သူတွေ ဆေးကုပေးတာ စတဲ့ တခြားကိစ္စတွေပါ မိန်းကလေးက ပိုလုပ်ဖြစ်လာသည်။ သူ့ချစ်သူအကြောင်းသိတဲ့ သူငယ်ချင်းတွေက မေးလာတဲ့အခါ မိန်းကလေး အံကြိတ်ပြီး တင်းတင်းဖြေသည်။

"စစ်တပ်ကို အားပေးအား‌မြှောက်လုပ်တဲ့လူတွေတင် မကဘူး မတင်မကျဆက်ဆံတဲ့လူတွေနဲ့ပါ အပေါင်းအသင်း မလုပ်နိူင်ဘူးလေ ခုလို စောစောစီးစီး 
အကြောင်းသိရတော့ ပိုတောင် ကံကောင်းသွားသေးတာ သူ့ပုံတွေနဲ့ သူ့အကြောင်းသာ social shaming ထဲ ပါမလာပါစေနဲ့ ဆုတောင်းပါတယ်"

“အေး ငါတို့ ဂရုထဲ တင်လိုက်ရမလား ဟား ဟား ဟား”

အတည်တကျ ၃ နှစ်လောက် တွဲလာခဲ့တဲ့ ချစ်သူကို အခုလို ဘာကြောင့် လှောင်ပြောင်ရယ်မောတာလဲ ဖုန်းကလေး နားမလည်။ ဖုန်းကလေးလို့ စက်ပစ္စည်းတစ်ခုတောင်မှ သူ့ပိုင်ရှင် မိန်းကလေးအပေါ် သံယောဇဥ်တွယ်တတ်သေးတာပဲ။ မိန်းကလေးတို့ အချစ်ကို အားကျခဲ့ရတဲ့ ဖုန်းကလေး မှားပြီလား။

*

 

တစ်ညနေ မိန်းကလေးတစ်ယောက် နိူင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ထမီအလံထူချီတက်ပွဲအတွက် ထမီစတွေကို ဝါးလုံးမှာ ချည် ပြင်ဆင်နေချိန် ဖုန်းဝင်လာသည်။ မိန်းကလေးချစ်သူရဲ့ မြန်မာပြည် ဖုန်းနံပါတ်။ သူ မြန်မာပြည်ထဲ ပြန်ရောက်နေပြီ ဖြစ်မှာပေါ့။ အရင်လို ချစ်သူတွေ ချစ်စကားဆိုတာ နားထောင်ရတော့မယ်ဆိုပြီး ဖုန်းကလေးက ကြားထဲက မြူးသွားသည်။ အရင် ရန်ဖြစ်ခဲ့ပြီး ပြန်ခေါ်ရင် မိန်းကလေးနဲ့ သူ့ချစ်သူ ချစ်စကားဆိုတာ နားထောင်ရတာ ဖုန်းကလေး ကြိုက်သည်။ နှစ်ယောက်သား ရှက်သလိုလိုနဲ့ တစ်ယောက်ကို တစ်ယောက်အလျှော့ပေးကြတဲ့ ခံစားချက် လေထဲ လှိုင်းစီးသလိုနေမှာပဲ။

 

တတီတီ မြည်နေတဲ့ ringtone မရပ်မချင်း မိန်းကလေးက ဖုန်းကလေးရဲ့ ဖန်သားပြင်ကိုသာ စောင့်ကြည့်နေသည်။ ဘာလို့ ဖုန်း ချက်ချင်း မကိုင်တာလဲ မိန်းကလေးရေ။

 

ဖုန်းမြည်သံ ရပ်သွားသည်။ ခဏနေတော့ အသံမှတ်စာဝင်လာသည်။ မိန်းကလေး ချက်ချင်း ဖွင့်နားထောင်လိုက်သည်။

 

“ကိုကိုတို့ နှစ်ယောက်ရဲ့ အချစ်ရေးကို လေးစားတယ် တန်ဖိုးထားတယ်ဆိုရင် ကိုကို့ကို အကြောင်းပြန်ပါ ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ လုပ်ခဲ့ လုပ်ခဲ့ ကိုကို တာဝန်ယူနိူင်ပါတယ် ခွင့်လွှတ်ပါတယ်”

 

အို ချစ်သူက တောင်းပန်နေပြီပဲ။ မိန်းကလေး‌ရေ ဖုန်းပြန်ခေါ်လိုက်မှာလားဟင်။ မိန်းကလေးဆီက ဘာသံမှ ထွက်မလာ။ အသံမှတ်စာကို ပြန်ဖတ်မလား သိမ်းမလား မေးနေတဲ့အထိ မိန်းကလေးက ဖုန်းကလေးကိုကိုင်ထားဆဲ။ မိန်းကလေး ပါးပြင်နားကပ်နေတဲ့ ဖုန်းကလေးကို မျက်ရည်စတွေ လာစိုလေသည်။ မိန်းကလေး ဘာလို့ ငိုနေရတာလဲ။ သူ့ချစ်သူက ပြန်ခေါ်နေပြီပဲလေ။

 

မိန်းကလေး ဖုန်းကလေးကို မျက်နှာကခွာပြီး သူ့ချစ်သူ ဖုန်းနံပါတ်ကို ညာဘက်အပေါ်နားက settings ကနေတဆင့် block ဆိုတာကို ရွေးလိုက်သည်။ နေပါဦး မိန်းကလေးရေ။ block ဆိုတာ ဒီဖုန်းနံပါတ်နဲ့ အဆက်အသွယ်လုံးဝ လုပ်လို့ မရတော့ဘူးဆိုတာ မသိဘူးလား။ ဘာလို့ မိန်းကလေးချစ်သူ ဖုန်းနံပါတ်ကို block လုပ်ရတာလဲ။ ဒီလို block လုပ်တော့ ဖုန်းကလေးက ဘယ်လို အောင်သွယ်လုပ်ပေးလို့ ရတော့မှာလဲ။ မေးခွန်းတွေနဲ့ တွေဝေနေဆဲမှာ မိန်းကလေးက သူ့ချစ်သူနဲ့ အရင်ကပြောခဲ့တဲ့ စကားတွေ အသံဖိုင်တွေ ရုပ်ဖိုင်တွေ ပို့ခဲ့တဲ့ မှတ်စာတွေအကုန်လုံးကို တစ်ခုပြီးတစ်ခု ဖျက်ပစ်လိုက်သည်။

 

ပြီးတော့ ဖုန်းကလေးမှာ ပေကျံနေတဲ့ မျက်ရည်စတွေ သုတ်ပေးပြီး ကုတင်ပေါ် ပစ်တင်လိုက်ကာ မိန်းကလေးက ထမီစတွေ ဝါးလုံးမှာ ဆက်ချည်နေလေသည်။

 

ဖုန်းကလေးကတော့ သူ့ပိုင်ရှင်မိန်းကလေးရဲ့ အချစ်ကို နားမလည်တော့။ လူတွေရဲ့ အချစ်ကို ဖုန်းကလေးက နားလည်လွန်းလှပြီထင်နေတာ အမှားကြီး မှားပြန်သည်။ နောက်တစ်ခါ ဖုန်းကလေး software update မလုပ်ခင် မိန်းကလေးဖျက်လိုက်တဲ့ သူ့ချစ်သူနဲ့ ပတ်သက်တဲ့မှတ်စာတွေ ပုံတွေတော့ ဖုန်းကလေးရဲ့ အတွင်း မမ်မိုရီထဲမှာ ကျန်ဦးမည်။ ဒီ မမ်မိုရီတွေ ပျောက်မသွားခင် နောက်တစ်ခေါက် သူ့မိတ်ဆွေတွေနဲ့ အယ်လ်ဂိုရင်သမ်တွေမှာဆုံရင် ပြန်ပြောပြရဦးမည်။

လူသားတွေရဲ့အချစ်ကို ဖုန်းကလေးတော့ မည်သို့မည်ပုံ နားလည်ရမယ်မှန်း လုံးဝမသိတော့ပါဘူးဆိုတာ။

Continue reading “မမ်မိုရီ”

မနုဿဗေဒက ငါ့ကိုညာတယ်

ငါတို့ဟာ ပုံပြင်တွေအတွက်‌ အသက်ရှင်နေကြတယ်

ပုံပြင်တွေကို တောင်းတနေကြတယ်

ဟိုးအချိန်‌ရှေးရှေးကတည်းက နောက်ဆုံး လေ့လာခွင့်ရတဲ့အထိ

ပါဝင်ဖြစ်တည်မှုက ဘယ်နေရာမှာ ဆုံးပြီး

လေ့လာမှုက ဘယ်နေရာမှာ စတာလဲ

နိူင်ငံသားမှတ်ပုံတင်တွေကို ကျော်လွန်နေထိုင်တဲ့ မိန်းမတစ်ယောက်အတွက်

စ၊ လည်၊ ဆုံး

ပုံပြင်တွေကို

ယူရိုပီးယမ်းသီအိုရီလေးတွေ ကြားညှပ်ပြီး

ဒါမှမဟုတ်

နှမ်းဖြူးပြီး

မှန်သလား မှားသလား

အစီအစဉ်ပြုကြဦးမယ် ပုံပြင်တွေလား သီအိုရီတွေလား

ဘာက ပိုအရေးကြီးတာလဲ

ငါ သူတို့ရဲ့ ကောက်ကျစ်တဲ့အ‌ဖြေတွေ ကြိုသိနေပြီးသားပါ

ငါတို့က ပုံပြင်တွေ စုဆောင်းတဲ့သူပါလို့

ထပ်ခါ ထပ်ခါ အော်ရုံနဲ့ ဘယ်သူက လာနားထောင်မှာလဲ

လူတိုင်းမှာ အစီအစဉ်တကျဖြစ်နေတဲ့ ပုံပြင်တွေ မရှိလို့ပဲ

ဖူကိုးလ်အတွက်၊

ဟေဂယ်လ်အတွက်၊

မာ့စ်အတွက်၊

ဒါခ်ခိုင်းဟ်အတွက်၊

ဒလူဇ်အတွက်

ဆောရီးပါ

သူတို့နာမည်တွေ ရွတ်ရုံနဲ့ ငါ့ပုံပြင်တွေ အဓိပ္ပါယ်ရှိသွားသယောင်ယောင်

ငါ့ခေါင်းထဲ ရိုက်သွင်းခံထားရတယ်

ဒါဆို ဘာလို့

နေပူကျဲတဲကြီးထဲမှာ ငုပ်တုတ်ထိုင်ပြီး

သူ့စောက်ဖုတ်ထဲ ဒံပေါက်ထည့်ကျွေးနေတဲ့

ဖျားနာနေတဲ့ မိန်းမတစ်ယောက်ကို ထိုင်ကြည့်ရတာက

ငါ့ကို လူတန်းစားအကြောင်း ပိုသင်ပေးတာလဲ

ဘာလို့

လူဖြူပညာတတ်ယောင်္ကျားတချို့ တစ်စုံတစ်ယောက်သော တွေးခေါ်ပညာရှင်ရဲ့ နာမည်ကို ရိုင်းစိုင်းတဲ့ ပူစီအခေါ်အဝေါ်နဲ့

ဆိုရှယ်မီဒီယာပေါ်မှာ နှိုင်းယှဉ်ကျီစယ်ကြတာက

ငါ့ကို ဂျန်ဒါအကြောင်း ပိုသင်ပေးတာလဲ

ဒါပေမဲ့

ကွင်းထဲမှာ တစ်နှစ်ခွဲလောက်တော့ နေရဦးမယ်

တော်သေးတာပေါ့

ကွင်းထဲမှာ မဟုတ်နေလို့ ဒါပေမဲ့ သနားစရာပဲ

ကွင်းထဲ မရောက်နေလို့

ကွင်းက ဘယ်မှာလဲ

တိမ်တွေနဲ့အတူ ရွေ့လျားနေတဲ့ မိန်းမတစ်ယောက်အတွက်

သိမ်းငှက်တွေ ဝဲနေတဲ့ အုန်းတောထဲမှာပဲ ဖြစ်ရမယ်

လယ်သမားရဲ့ ငါးခြောက်ဖုတ်ကို အလစ်သုတ်ဖို့ ကြိုးစားနေကြသလို

ဝဲလိုပဲ

သူတို့ အပေါ်ကို တက်ဖို့ ငါတို့ကို ဆွဲနစ်ကြတယ်

ပုံပြင်တွေက ခန္ဓာကိုယ်ထဲနေတဲ့အခါ

စာအုပ်တွေက ခရုခွံတွေ ဖြစ်သွားတယ်

တစ်ခါတစ်လေ

ပုံပြင်တွေကို ပေးမဖတ်ဘဲ သေခွင့်ပေးလိုက်သင့်တယ်

အဆီအငေါ် တည့်ချင်မှလည်း တည့်မယ်

အထူးသဖြင့် ကောင်းကောင်းကြီး အညာခံလိုက်ရတဲ့ အခါမျိုးမှာပေါ့

 

Continue reading “မနုဿဗေဒက ငါ့ကိုညာတယ်”