စာတံတိုင်း

ပြီးခဲ့တဲ့ အပတ်ထဲမှာ နိူင်ဂျီးရီးယန်းလူမျိုး တွေးခေါ်ပညာရှင် Georgetown တက္ကသိုလ် ပါမောက္ခ အိုလိုဖာမီ တိုက်ဝူး (Olúfẹ́mi Táíwò) ရဲ့ စာရေးတာနဲ့ ပတ်သက်တဲ့ tweet တစ်ခုကို ဖတ်ပြီး တွေးမိတာကို စာချရေးကြည့်ချင်တယ်

(Twitter ဟာ မီလျံနာသူဌေးအီလွန်မက်စ် ဝယ်တာခံရပြီးနောက် အရင်းရှင်စနစ်ကို ရှုံ့ချသူတွေအတွက် လက်ရှိမှာ ဆက်သုံးသင့်၊ မသုံးသင့်ဝိရောဓိဖြစ်နေတဲ့ လူမှုကွန်ယက်တစ်ခုပါပဲ ကျွန်မအတွက်တော့ လူသိနည်းတဲ့၊ ဖုံးကွယ်ခံထားရတဲ့ တွေးခေါ်ပညာရှင်တွေရဲ့ အယူအဆ အမြင်တွေကို ချက်ချင်းလက်ငင်း ထိတွေ့စေတာမို့ အမြဲ မသုံးနေပေမဲ့ တစ်ခါတစ်လေ ဝင်ကြည့်ဖြစ်တယ်)

အိုလိုဖာမီ တိုက်ဝူးက စာရေးသူတစ်ယောက်အနေနဲ့ သူဟာ တဖြည်းဖြည်းနဲ့ အာခံတဲ့ ပုံစံရေးတာ‌၊ တွေးတာတွေကို လျှော့ချချင်တယ်၊ စာကြောင်းတွေကို တံတိုင်းသဖွယ် အခုအခံအနေနဲ့ တည်ဆောက်ရတာ တန်ဖိုးရှိတဲ့ ခွန်အားစိုက်မှုနဲ့ အချိန်တွေကို အလဟဿဖြစ်စေတယ်ဆိုပြီး သူ့ရဲ့ ပထမ tweet ကို စထားတယ် တိုက်ဝူး ဆက်ရေးတာကို ကျွန်မ အကြမ်းဖျင်း ခြုံငုံရရင် စာဖတ်သူဘက်က တန်ပြန်တုံ့ပြန်လာမဲ့အပေါ် ကြိုတင်ပြင်ဆင်ခုခံပြီး ရေးတဲ့ စာတွေဟာ တန်ဖိုးရှိတဲ့ စာမျက်နှာတွေ၊ စာလုံးတွေကို ဖြုန်းတီးသလို ဖြစ်တယ်လို့ ကောက်ချက်ချမိတယ် (အောက်မှာ မူရင်း tweet ရဲ့ လင့်ခ်ကို ထည့်ပေးထားပါတယ်)

တိုက်ဝူးရဲ့ စာရေးတာနဲ့ ပတ်သက်တဲ့ ဒီအာဘော်ဟာ ကျွန်မ လက်ရှိ တွေးနေမိတဲ့ စာရေးခြင်းကျင့်ဝတ်ကို ထပ်တွေးစေတယ် စာရေးသက်တမ်းကြာလာတာနဲ့ အမျှ ကျွန်မရေးခဲ့တဲ့ ဘာသာစကားအလျောက် (အင်္ဂလိပ်လိုရော မြန်မာလိုရော)၊ စာအမျိုးအစားအလျောက် (အကယ်ဒါးမစ်ဆန်ဆန်ရေးတဲ့စာတွေ၊ သာမန်လူထုအတွက် ရေးတဲ့စာ၊ ဆောင်းပါး၊ ကဗျာ၊ ဝတ္တုတို) အစရှိတဲ့ စာအမျိုးအစားပုံပန်းသဏ္ဍာန်ပေါ်လိုက်ပြီး ဘယ်စာကို ဘယ်နေရာမှာ ဘာကြောင့် ရေးလိုက်တာလဲ၊ ဘယ်သူတွေကို ဦးတည်ပြီး ရေးတာလဲဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ဘာသာ ပြန် ဆင်ခြင်လာမိတယ်

တိုက်ဝူးကတော့ သူ့ tweet တွေရဲ့ နောက်ဆုံးမှာ စာဖတ်သူက စာရေးသူအပေါ်မှာ ရှိနေတဲ့ အမြင်တွေ၊ မကြိုက်နှစ်သက်တာတွေကို စိန်ခေါ်နိူင်တဲ့ စာသားဆိုတာကို ဘယ်လိုမျိုး ရေးကြမလဲလို့ မေးခွန်းထုတ်ထားတယ်

ကျွန်မ ကိုယ့်ဘာသာ ဒိုင်ယာရီ‌ထဲမှာ ရေးတဲ့စာမျိုး မဟုတ်ဘဲ အများကို ချပြတဲ့စာတွေ စရေးခါစက စာတွေကို ပြန်ဖတ်ကြည့်ရင် တိုက်ဝူးပြောတဲ့ ခုခံတဲ့ သဘောတရားတွေ အများကြီး ပါနေတယ်လို့ ကိုယ့်ကိုယ်ကို သတိထားမိတယ် ဒါက ကျွန်မရေးတဲ့ စာတွေကို ဖတ်မဲ့သူတွေကို ကြိုတင်မြင်ယောင်ပြီး သူတို့ရဲ့ တုံ့ပြန်ချက်တွေကို ကြိုတင်ချေပတာ ဒါမှမဟုတ် သူတို့ကို ပြောချင်တာတွေကို ခုခံပြီး ရေးတာမျိုးပေါ့ ဒါပေမဲ့ အခု စာရေးတာ တဖြည်းဖြည်းအရှိန်ရလာလေလေ အဲ့ဒီလို ခုခံစာတွေက ကျွန်မအတွက် နည်းနည်း ပျင်းစရာကောင်းလာတယ် ကိုယ်ကိုယ်တိုင် ရေးရမှာ ပျင်းလာသလို တခြား ခုခံစာတွေကို ဖတ်ရတာလည်း ပျင်းလာတယ်

စာရေးတဲ့သူတိုင်း (ဒါမှမဟုတ် တခြားသော မိမိကိုယ်ကို ဖော်ပြတဲ့ နည်းလမ်းကို သုံးကြတဲ့သူတိုင်း) အတွက်က စာရေးတယ်ဆိုကတည်းက ကျွန်မတို့ဟာ စာဖတ်သူနဲ့ ကူးလူးဆက်သွယ်ချင်လို့လို့ ဆိုလိုရတယ် ကျွန်မတို့ တွေးနေမိတဲ့ အတွေးတွေ၊ ကိစ္စရပ်တစ်ခုပေါ်ကို သုံးသပ်ချင်တာတွေကို တခြားသူတွေနဲ့ ဝေမျှချင်လို့လို့ ဆိုလိုရတယ် ဒါဆို အဲ့ဒီလို ဝေမျှချက်တွေကို ခုခံတဲ့ လေသံတွေမပါဘဲနဲ့ရော ရေးလို့ ရနိူင်မလား ကျွန်မ တွေးမိတယ် တခြားသူတွေနဲ့ ကူးလူးဖို့ ရေးရင်း စာရေးသူအတွက်ကိုရော စာရေးလို့ ရနိူင်မလား?

ဘာကြောင့် ကျွန်မတို့စာတွေထဲမှာ အနည်းနဲ့ အများ ခုခံမှုတွေ ပါနေရသလဲ?

ဒီမေးခွန်းရဲ့ အဖြေကို ကြိုးစားဖြေကြည့်ရရင် နဂိုက ဖုံးဖိခံထားရတဲ့သူတွေရဲ့ စာအရေးအသားတွေမှာ ခုခံမှုတွေ ပိုပါနေတတ်တယ်လို့ ကျွန်မ ထင်တယ် ဖိနှိပ်မှုတွေအောက်မှာ ဖိအားပေးခံထားရတဲ့သူတွေအဖို့ အဲ့ဒီဖိအားတွေကို တန်ပြန်သုံးသပ်တိုက်ခိုက်ချင်တာ မဆန်းပါဘူး ဒါကိုလည်း အပြစ်ပြောနေတာတော့ မဟုတ်ပါဘူး စဉ်းစားကြည့်တာပါ ကျွန်မတောင် မခြင်္သေ့နာမည်နဲ့ စာတွေ စရေးလာတာ အဲ့အချိန်တုန်းက သေချာမတွေးခဲ့မိပေမဲ့ ကိုယ့်ကိုယ်ကိုအတွက် စရေးလာမိတာပဲ

တိုက်ဝူးရဲ့ tweet ကို ပြန်စာရေးထားကြတဲ့ တခြားသော ပညာရှင်တွေ ထောက်ပြထားတာကတော့ ပညာရှင်ရပ်ဝန်းအတွက် ရေးတဲ့ စာအရေးအသားတွေဟာ အမြဲလိုလို စာဖတ်ပရိတ်သတ်ကို စဉ်းစားပြီး ရေးရတယ်ဆိုတဲ့ အဆိုပဲ ဒါကို အကယ်ဒါးမီးယား အပြင်က လူတွေက ရယ်ကောင်းရယ်နိူင်တယ် ဒါပေမဲ့ ကျွန်မကိုယ်တိုင် အကယ်ဒါးမီးယားစာတွေကို ဘယ်လိုရေးမလဲဆိုတာ လေ့ကျင့်ခံထားရတဲ့သူတစ်ယောက်အနေနဲ့ ဒီအချက်ကို ထောက်ခံတယ်

ဥပမာ – အကယ်ဒါးမစ် ဂျာနယ်တစ်စောင်မှာ စာတစ်ပုဒ် ထုတ်ဖို့ဆိုတာ ၁ နှစ်လောက်ကြာပါတယ် ပထမဆုံးအယ်ဒီတာကနေ သူ့စားပွဲဆီရောက်လာတဲ့စာကို အဲ့ဒီစာနဲ့ သက်ဆိုင်တဲ့ နယ်ပယ်က ပညာရှင် ၃ ယောက်ဆီကို peer review ဆိုပြီး ပို့တယ် အဲ့ဒီ reviewer တွေကနေ ၆ လကနေ ၁ နှစ်လောက် အချိန်ယူပြီး စာရေးသူရဲ့ အာဘော်တွေဟာ လက်ရှိ အဲ့ဒီဘာသာရပ်ရဲ့ အာဘော်တွေ၊ သီအိုရီတွေနဲ့ ဆက်စပ်နေ မနေ၊ အဓိပ္ပါယ်ရှိနေ မရှိနေကို ဆန်းစစ်တယ် ပြီးရင် သူတို့ ပေးချင်တဲ့ recommendation တွေ ပေးပြီး အဲ့ဒီစာကို ဂျာနယ်မှာ ထုတ်ပြန်သင့် မသင့်ကို အယ်ဒီတာကို အကြောင်းပြန်တယ် များသောအားဖြင့် အကယ်ဒါးမစ်စာတွေဟာ လာပို့တဲ့အတိုင်း ထုတ်ပြန်ခွင့်ရတာ နည်းပါတယ် အနည်းနဲ့အများ ပြန်လည်ပြင်ဆင်ခိုင်းတာချည်းပါပဲ

ဒီ အကယ်ဒါးမစ် စာထုတ်ပြန်တဲ့ အစီအစဉ်ဟာ အပေါ်ယံကြည့်ရင်တော့ ဖြစ်ကတတ်ဆန်းရေး ဖြစ်ကတတ်ဆန်း ထုတ်ပြန်နေတာတွေထက် ပိုကောင်းတယ်လို့ မြင်လို့ရသလို တစ်ချိန်တည်းမှာပဲ ပြဿနာတွေ ရှိနေပြန်တယ် ဘယ်လို ပြဿနာတွေလည်းဆိုတော့ gatekeeping လို့ ခေါ်တဲ့ ဂိတ်တံခါးစောင့်ခြင်း ပြဿနာပဲ ဒါကတော့ စာရေးသူတစ်ယောက်ရဲ့ စာတစ်ပုဒ် ထုတ်ပြန်ခွင့်ရ မရဆိုတာ reviewer တွေရဲ့ လက်ထဲမှာ ရှိနေသလို အဲ့ဒီ reviewer ဆိုတာ ဘယ်သူတွေလဲဆိုတာ စာရေးသူဟာ သိခွင့် မရှိပေမဲ့ စာရေးသူ ဘယ်သူလဲဆိုတာတော့ reviewer တွေက သိနေတယ် နောက်ပြီး အကယ်ဒါးမီးယားရဲ့ ဓလေ့အရ စီနီယာကျနေတဲ့ ပညာရှင်ဆိုတာ လူဖြူတွေသာ များတာ ဖြစ်တဲ့အတွက် လူဖြူသဘောတရားကို ဝေဖန်ထောက်ပြသုံးသပ်ထားတဲ့ စာတွေဟာ တော်ရုံတန်ရုံ ထုတ်ပြန်ခွင့် မရသလို ရှုံ့ချခံရတယ် ဒါကတော့ ကျွန်မရဲ့ ကိုယ်တွေ့တစ်ခုပါ ဆိုတော့ အကယ်ဒါးမီးယားရဲ့ စာပေထုတ်ပြန်ရေးစနစ်ဟာ ပညာထုတ်လုပ်ရေးအတွက် ဟုတ်သလိုလိုနဲ့ လူဖြူသဘောတရားရဲ့ အောက်မှာ လည်ပတ်နေတဲ့ စနစ်တစ်ခုပဲ ဖြစ်နေပြန်တယ် အဲ့တော့ စာရေးသူတွေအနေနဲ့ လူဖြူစနစ်တွေကို ကျော်လွန်တဲ့၊ လူဖြူစနစ်က သတ်မှတ်ထားတဲ့ ကောင်းပါတယ် မှန်ပါတယ် (ဥပမာ – သုတေသနစာဆိုရင် ကိုးကားထားတာတွေကို ဒီလိုရေးရမယ်၊ အဖြတ်အတောက်က ဒီလို ဖြစ်ရမယ်ဆိုတဲ့ ဇစ်မြစ်ချက်ကျလက်ကျ မရှိတဲ့ စာရေးသားပုံစနစ်တွေ) ဆိုတဲ့ ပုံစံတွေနဲ့ မကိုက်နေရင်း အဲ့ဒီ ရပ်ဝန်းမှာ ဝင်မဆန့်အောင် ပိတ်ထားပြီး ဂိတ်တံခါးစောင့်တယ် ( ဒီနေရာမှာ ဒီစည်းကမ်းတွေကို ဇစ်မြစ်မရှိလို့ ဆိုရတာက ဒီစည်းကမ်းတွေက အစုအဖွဲ့တစ်ခု၊ လူတစ်အုပ်စုက ဒါမျိုးဆို မှန်တယ်ဆိုပြီး သတ်မှတ်ရာက စလာတာကို ထောက်ပြချင်လို့ပဲ ဥပမာ သတ်ပုံကျမ်းဆိုပြီး စိစစ်တဲ့အဖွဲ့တွေကနေ ပြဌာန်းထားတဲ့ သတ်ပုံတွေကမှ အမှန်လို့ ဆိုကြပေမဲ့ အဲ့ဒီသတ်ပုံတွေကလည်း နှစ်နဲ့အလိုက် ပြောင်းလဲလာကြတာပဲ)

(ကျွန်မ မြန်မာပြည်နဲ့ ပတ်သက်တဲ့ကျောင်းတစ်ခုမှာ စာ‌သင်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မြန်မာကျောင်းသားကျောင်းသူတွေကို MLA (Modern Language Association) တို့၊ APA (American Psychological Association) တို့က ထုတ်ပြန်ထားတဲ့ ကိုးကားနည်းစနစ်တွေ လိုမျိုး မြန်မာပြည်သီးသန့် ကိုးကားနည်းစနစ်တစ်ခု တင်သွင်းသင်ကြားချင်တယ်ဆိုပြီး ပြောတာကို ကျွန်မ စိတ်ထဲ ဘဝင်မကျဖြစ်မိတာကို သတိရမိတယ် ကျွန်မအတွက်က စာရေးသူတွေရဲ့ ဘာကို ဆိုလိုချင်တာလဲဆိုတဲ့ အာဘော်ကို စာကို ဘယ်လိုရေးရမလဲဆိုတာထက် ပိုစိတ်ဝင်စားမိတယ် ကိုးကားနည်းတွေနဲ့ စနစ်တကျ လှလှပပရေးတတ်လာအောင် သင်မဲ့အစား ကိုယ်ပိုင်အတွေးအခေါ်တွေကို ချရေးလာတတ်အောင် သင်တာကို စာသင်သူတစ်ယောက်အနေနဲ့ ပိုစိတ်ဝင်စားတယ်)

အကယ်ဒါးမစ်မဟုတ်တဲ့ ရသစာပေထုတ်ပြန်တာတွေကို ကြည့်မယ်ဆိုရင်လည်း အလားတူပါပဲ အယ်ဒီတာကနေ ဘယ်နေရာကိုတော့ ပြုပြင်ရေးသင့်တယ် ဘယ်နေရာက လစ်ဟင်းနေတယ်ဆိုတာကို ရသစာရေးသူကို ထောက်ပြကြတယ် ဒီနေရာမှာလည်း စာရေးသူအတွက် အထောက်အကူ ဖြစ်နိူင်သလို ဂိတ်တံခါးပြန်စောင့်တာမျိုး ဖြစ်နိူင်တယ်

ဥပမာ – ရသစာရေးသူရဲ့ ဝတ္တုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ မိန်းမတစ်ယောက်အကြောင်းရေးထားတာဆိုရင် အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး အယ်ဒီတာက ဘယ်လောက် အထိအတွေ့ရှိသလဲ၊ ဘယ်လောက် လိုအပ်နေတာတွေကို အပြုသဘောဘက်ကနေ ထောက်ပြနိူင်သလဲဆိုတာ အရေးကြီးတယ် စာရေးသူနဲ့ စာနောက်က အတိမ်အနက်ကို မသိတဲ့ အယ်ဒီတာဟာ စာရေးသူအတွက် အထောက်အကူ မဖြစ်တဲ့အပြင် အနှောင့်အယှက်တောင် ပိုဖြစ်နေနိူင်သေးတယ်

ကျွန်မ ဆိုလိုချင်တာက စာရေးတာဟာ အနည်းနဲ့အများ စာဖတ်သူကို ဦးတည်ပြီး ရေးကြရတာပဲ (အယ်ဒီတာသော်လည်းကောင်း၊ reviewer သော်လည်းကောင်း အစရှိတဲ့ ဂိတ်တံခါးစောင့်သူတွေအကြိုက်ကိုသော်လည်းကောင်း၊ နောက်ဆုံးမှာတော့ စာဖတ်သူအများရဲ့ အမြင်ပေါ့) ဒါပေမဲ့ စာဖတ်သူကို စိတ်ထဲထားပြီး ရေးကြတာချင်းအတူတူ စာဖတ်သူကို ဒိုင်ယာလော့ခ်တစ်ခုအနေနဲ့ ရေးကြမလား ဒါမှမဟုတ် စာဖတ်သူကနေ မိမိရေးထားတာကို ဝေဖန်မှာကို ကြိုတင်မြင်ယောင်ပြီး ခုခံရေးမလားဆိုတာပဲ

ခုခံပြီး ရေးတဲ့စာတွေအား တစ်နည်းအားဖြင့် စာဖတ်သူဟာ စာရေးသူကို အထင်ကြီးလာအောင် သို့မဟုတ် စာရေးသူရဲ့ အာဘော်ကို လက်ခံလာအောင် ရေးတာမျိုးပဲ တစ်ခါတစ်လေမှာ အဲ့ဒီလို စာမျိုးက စာရေးသူအတွက် စစ်မှန်ရဲ့လား ကျွန်မ တွေးမိတယ် ပြောချင်တာက အများ ကိုယ့်ကို ဘယ်လိုမြင်မလဲ၊ မြင်စေချင်တဲ့ ပုံစံအတိုင်း ရေးတာဟာ စာရေးသူနဲ့ စာကြားက ရင်းနှီးမှုကို သတ်လိုက်သလိုပဲ

စာရေးသူအတွက် ကိုယ့်ကိုယ်ကို ရေးတဲ့စာဆိုတာ စာရေးသူအတွက်ကို ဆင့်ကဲစဉ်းစားစေတဲ့ စာအရေးအသားမျိုးပဲ ကျွန်မရေးတဲ့စာတွေက ကျွန်မကိုယ်နဲ့ ကျွန်မ ဘယ်လို ပြန်နှီးနှောစေလဲ?

အဲ့ဒီလို နှီးနှောအောင် စာရေးသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ပြန်ကတိကဝတ်ပြုမလဲ?

ကျွန်မ အထက်က ရေးထားသလို လူတန်းစား၊ လူမျိုးရေး၊ ဂျန်ဒါ အစရှိတဲ့ လူမှုဖြစ်တည်မှု ပွိုင့်တွေတစ်နေရာမှာ ဖိနှိပ်မှုကို တွေ့ကြုံခံစားခဲ့ရသူတွေအတွက် တန်ပြန်ခုခံတဲ့စာတွေကို ရေးတာ မဆန်းဘူး ရေးလည်း ရေးသင့်တယ် ဒါပေမဲ့ ဒီ ဖိနှိပ်မှုအောက်က စာရေးသူတွေဟာ အမြဲတမ်း ခုခံစာတွေကိုပဲ ရေးကြမယ်ဆိုရင် ကျွန်မတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ဘယ်လို ဖြစ်နေမလဲ?

ဒီမေးခွန်းဟာ ဒီနှစ်ထဲမှာ ကျွန်မ ကိုယ်ကိုယ်ကို အမေးမိဆုံး မေးခွန်းတစ်ခုပဲ ကျွန်မကို တိုက်ခိုက်လာတဲ့၊ ဖိနှိပ်ထားတဲ့ အကြောင်းအရာတွေကိုပဲ တန်ပြန်ခုခံရေးရင်း ကျွန်မရဲ့ ဖိနှိပ်မှုတွေထက် ကျော်လွန်တဲ့ စဉ်းစားတွေးခေါ်မှုတွေ ရပ်တန့်သွားမှာကို စိုးမိတယ် အကယ်ဒါးမစ်ရပ်ဝန်းအတွက် ကျွန်မရေးတဲ့စာတွေဟာ စာဖတ်ပရိတ်သတ်တစ်မျိုး(အထူးသဖြင့် အနောက်တိုင်း လူဖြူပရိတ်သတ်)ကို ဦးတည်ရေးရတာ ဖြစ်တဲ့အတွက် ကျွန်မကိုယ် ကျွန်မ ပိုရင်းနှီးတယ်လို့ မခံစားရဘူး ဒီလိုတွေးလို့ တန်ပြန်ခုခံတဲ့ စာတွေဟာ အသုံးမဝင်တော့ဘူးလို့လည်း ကျွန်မ မဆိုချင်ဘူး ခုခံစာတွေဟာ တချို့နေရာတွေမှာ အသုံးကျနေဆဲပဲ ဖြစ်တယ်

ဒါပေမဲ့ အဓိက မေးခွန်းက ခုခံစာတွေကို ရေးရင်းတစ်ပြိုင်နက် ကျွန်မတို့ရဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှု‌တွေကို ရှေ့ဆက်ကြမလဲ ဆိုတာပဲ

အခုတလောမှာတော့ relational လို့ခေါ်တဲ့ အမြဲတစေ အကြောင်းအရာတစ်ခု‌ကို ဆက်စပ်ပတ်သက်တုံ့ပြန်နေရတဲ့ စာအရေးအသားမျိုးကို ကျွန်မ ရေးရမှာ စဉ်းစားတွေးခေါ်မှုအရ ပျင်းလာတယ် ဒီနေရာမှာ တုံ့ပြန်တယ်ဆိုတဲ့ စကားလုံးက အဓိကပါ စာရေးတဲ့သူတွေအတွက် ပြင်ပက စိတ်အာရုံကို လှုံ့ဆော်တာမရှိဘဲ အလိုလိုနေရင်း စာချရေးတာ ရှားပါတယ် အခု ဒီစာကိုတောင်မှ တိုက်ဝူးရဲ့ tweet က ကျွန်မကို လှုံ့ဆော်လို့ ရေးမိတာပဲ ဒါပေမဲ့ လှုံ့ဆော်တာနဲ့ တုံ့ပြန်တာနဲ့ကို ကျွန်မတော့ ခွဲခြားဆင်ခြင်မိတယ်

အကြောင်းအရာ၊ စာ၊ တစ်စုံတစ်ခုက စာရေးသူကို နောက်ထပ်အကြောင်းအရာ၊ စာ၊ တစ်စုံတစ်ခုကို ဆင့်ကဲတွေးစေအောင် လှုံ့ဆော်‌တာဟာ ကောင်းတာပဲ စာသင်ခန်းထဲမှာတောင် ကျောင်းသားကျောင်းသူတွေကို ဘယ်ဟာက အမှန် ဘယ်ဟာက အမှားလို့ ကြက်တူရွေး နှုတ်တိုက်တာထက် သူတို့ဘာသာ ဆက်တွေးနိူင်အောင် စာသင်ခန်းက လှုံ့ဆော်စေချင်တာ ကျွန်မ အဓိက ရည်မှန်းချက်ပဲ တကယ်ဖြစ်တာ မဖြစ်တာ တစ်ပိုင်းပေါ့ တစ်ခါတစ်လေ တချို့ ကျောင်းသားကျောင်းသူတွေက ဆရာ ဆရာမက ဘယ်ဟာ အမှန်လို့ ပြောလိုက်တာကို ကြားချင်တာမျိုးလည်း ရှိတယ် ဒါပေမဲ့ လှုံ့ဆော်မှုတစ်ခုနောက်ကနေ အမြဲတစေ အခုအခံ ချေပချက်နဲ့ ပြန်လိုက်နေရတာ ပင်ပန်းတယ်လို့ ကျွန်မ ထင်မိတယ်

ဒီနေရာမှာလည်း လူဖြူယောင်္ကျားစာရေးဆရာတွေအတွက်တော့ ဘယ်သောအခါမှ သူတို့ရဲ့ စာအရေးအသားအာဘော်တွေကို ခုခံနေစရာ ဘာကြောင့်မလိုဘဲ ကျွန်မတို့လို mainstream စာအရေးအသားကနေ လွဲချော်နေကောင်း လွဲချော်နေတဲ့ လူဖြူမဟုတ်သူ စာရေးသူများကတော့ ဘာကြောင့် ကျွန်မတို့ရေးတဲ့စာတွေ၊ အာဘော်တွေကို အမြဲလိုလို ခုခံနေကြရသလဲ စဉ်းစားစရာ ဖြစ်လာတယ်

ကျွန်မတို့ စာတွေအပေါ် ဂိတ်တံခါးစောင့်ပြီး ဝေဖန်သုံးသပ်တာတွေဟာ တစ်ခါတစ်လေမှာ ကျွန်မတို့ရဲ့ စဉ်းစားတွေးခေါ်နိူင်စွမ်းတွေကို မျက်လှည့်ပြထားတယ် အဲ့ဒီ ဝေဖန်ချက်တွေကို လိုက်လံ ခုခံ ဖြည့်ဆည်းရင်း ကျွန်မတို့ရဲ့ မူရင်းပြောချင်တဲ့ အသံတွေ တိုးတိုးသွားတယ် တိုးပြီးနောက် ကျွန်မတို့ကိုယ်တိုင် ဘာပြောချင်တာလဲ မေ့သွားတယ် ဝေဖန်ချက်တွေနောက်ကို တကောက်ကောက်လိုက်ရင်း စာရေးသူတစ်ယောက်ရဲ့ ကျင့်ဝတ်ဖြစ်တဲ့၊ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ စာဖတ်သူနဲ့ ဒိုင်ယာလော့ခ် တည်ဆောက်ခြင်းဟာ ခဏ ဘေးချိတ်ခံလိုက်ရတယ် ဒီနေရာမှာ ဘယ်သူက ဝေဖန်တာလဲဆိုတာဟာလည်း စဉ်းစားသင့်တဲ့ အချက်တစ်ခုပဲ ဝေဖန်ချက်အနောက် ဘယ်လောက်ထိ လိုက်ပြီး ဘယ်လောက်ဆိုရင်တော့ ရပ်လိုက်မလဲ စာရေးသူတစ်ယောက် စဉ်းစားလာသင့်တယ်

ကျွန်မအတွက်တော့ ဖိနှိပ်မှုတွေကြားက ကလောင်နဲ့‌သော်လည်းကောင်း၊ စုတ်တံနဲ့သော်လည်းကောင်း၊ တခြားသော ကိရိယာ တန်ဆာပလာတွေနဲ့သော်လည်းကောင်း မိမိကိုယ်ကို ဖော်ပြကြသူတွေဟာ ဝေဖန်ချက်ကိုတွေ ခုခံတာတွေထဲမှာ ကျွန်မတို့ ဖော်ပြချင်တာတွေ ပျောက်ကွယ်မသွားအောင် ထိန်းထားမှသာလျှင် ဖိနှိပ်မှုတွေ၊ ဝေဖန်မှုတွေအပေါ်မှာပဲ တုံ့ပြန်နေတဲ့ အပေါ်ယံစဉ်းစားတွေးခေါ်မှုတွေကနေ ကျော်လွန်ပြီး ကျွန်မတို့ စိတ်ကို တကယ် အစာကျွေးတဲ့ စဉ်းစားဆင်ခြင်မှုတွေကို ဖိနှိပ်သူတွေနဲ့ ပြိုင်တူ သူတို့စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတဲ့ ကမ္ဘာအသစ်တစ်ခု တည်ဆောက်နိူင်မယ်လို့ ကျွန်မ ထင်မိတယ်

ပုံ – ဘုရားတစ်ဆူရှေ့က ဆီမီးတိုင်တိုလေးများ

အိုလိုဖာမီတိုက်ဝူး (Olufemi Taiwo) ရဲ့ tweet

Abolitionism အပေါ် သုံးသပ်ခြင်း

“ဒီကာလမှာ အားလုံးက ပြန်လည်ထူထောင်ဖို့ ပြောနေကြတဲ့အချိန် စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုတော့ ဘာများလဲ စိတ်ဝင်စားလို့ ကျွန်တော် လာတာပါ”

ဒါကတော့ နိုဝင်ဘာလတောက်လျှောက် လုပ်ခဲ့တဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားအကြောင်း စာဖတ်ဆွေးနွေးဝိုင်းကို လာတက်ရောက်ခဲ့တဲ့သူတစ်ယောက်က ပြောခဲ့တာပါ သူမေးလည်း မေးချင်စရာပါပဲ Abolitionism (သို့မဟုတ်) စနစ်များကို ဖြိုချဖျက်ဆီးခြင်းလို့ ကျွန်မ ဘာသာပြန်ထားတဲ့ သီအိုရီနည်းလမ်းတက်ကြွလှုပ်ရှားမှုကျင့်ဝတ်သဘောတရားဟာ အပေါ်ယံကြည့်ရင် နားမလည်နိူင်စရာတွေ အများကြီး ရှိနေတယ် ကျွန်မကိုယ်တိုင်လည်း လေ့လာနေဆဲမို့လို့ စာဖတ်ဝိုင်းတွေကို တက်ရောက်လာကြတဲ့သူတွေနဲ့ အတူတူ ဆွေးနွေးပြီး အမြင်တွေ ဖလှယ်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်

Abolish (ဖြိုချဖျက်ဆီး) ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်စကားကနေ ဗမာစကားကို တိုက်ရိုက်ကူးယူပြီး သုံးလာတာကို ပထမဆုံး ကျွန်မ သတိထားမိတာကတော့ စစ်တပ် အာဏာသိမ်းပြီးပြီးချင်းကာလတွေမှာပါပဲ ပြည်သူအများက hashtag တွေနဲ့ Abolish the Military ဆိုပြီး သုံးလာကြတာကို သတိထားခဲ့မိတယ် အဲ့ဒီ့မတိုင်ခင်ကတော့ Abolish ဆိုတာကို အမေရိကန်က ရဲတွေရဲ့ လူမည်းနဲ့ လူဖြူမဟုတ်သူများကို မတရားဖမ်းဆီး သတ်ဖြတ်မှုတွေကို ဆန့်ကျင့်တဲ့ တက်ကြွလှုပ်ရှားမှုတွေမှာ ကျွန်မ သတိထားမိခဲ့တယ် ဒါနဲ့ စိတ်ဝင်စားလို့ Abolish လို့ ပြောကြတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ စာတွေကို လိုက်ဖတ်ကြည့်တဲ့အခါ Abolitionism ဟာ ရဲ၊ စစ်တပ် အစရှိတဲ့ ထိန်းချုပ်မှု၊ ဖမ်းဆီးမှုတွေကို လက်ကိုင်ထားတဲ့ စနစ်ကို ဖြိုချဖို့ ဦးတည်တယ်ဆိုတာ သဘောပေါက်လာတယ် အမေရိကန်နိူင်ငံ ၁၉၆၀/၇၀ ကာလတွေက လူဖြူ လူမည်း လူမျိုးရေးခွဲခြားမှုတွေကို တော်လှန်ရင်း လူမျိုးရေးခွဲခြားမှုဆိုတာ ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ လက်ချင်းယှက်ထားတယ်ဆိုတာကို ထောက်ပြရာကနေ ပေါ်ပေါက်လာတဲ့

 

တက်ကြွလှုပ်ရှားမှုအယူအဆတစ်ခု ဖြစ်တယ်လို့ ကျွန်မ သဘောပေါက်မိတယ် အဲ့ဒီ့ မတိုင်ခင် လူမည်းတွေ ကျွန်ဘဝက မလွတ်မြောက်သေးချိန်မှာတော့ Abolitionist (စနစ်များကို ဖြိုချဖျက်ဆီးသူ) လို့ ကိုယ့်ကိုယ်ကို ခေါ်ဝေါ်ကြသူတွေက အမေရိကန်နဲ့ အခြားသော လူဖြူသဘောတရားကြီးစိုးတဲ့ နိူင်ငံတွေမှာ ကျင့်သုံးတဲ့ ကျွန်စနစ်ကို တွန်းလှန်တဲ့ သဘောတရားနဲ့ သူတို့ကိုယ်သူတို့ စနစ်များကို ဖြိုချဖျက်ဆီးသူလို့ ခေါ်ခဲ့ကြတယ် အဲ့ဒီတော့ အကြမ်းအားဖြင့် စနစ်များကို ဖြိုချဖျက်ဆီးခြင်းလို့ ဆိုရင် လူတစ်ဦးတစ်ယောက်ကို ဘယ်လိုနည်းနဲ့မဆို (ကျွန်စနစ်သော်လည်းကောင်း၊ မော်ဒန်ထောင်စနစ်သော်လည်းကောင်း) ဖမ်းဆီးချုပ်နှောင်မှုတွေကို ဖြိုချဖျက်ဆီးခြင်းလို့ သဘောပေါက်ကြည့်လို့ ရတယ်

ဒါဆို ဒီလို လူမည်း ကျွန်ပြုခြင်းခေတ်ကနေ ဆင်းသက်လာတဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းကျင့်ဝတ်ကို ကျွန်မတို့လို မြန်မာနိူင်ငံက လူတွေအတွက် ဘာလို့ အရေးတယူလုပ်ဖို့ လိုနေဦးမလဲ?

ကျွန်မ လက်ရှိ ဘာသာပြန်နေတဲ့ ဖိလစ်ပိုင်နိူင်ငံ အခြေစိုက် Abolisyon ဆိုတဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုင်ရာ အဖွဲ့သား စီမုန်း မာဂ်စာလင်းရဲ့ အာဘော်ကနေ ဖြန့်ကျက်စဉ်းစားရရင် စနစ်များကို ဖြိုချဖျက်ဆီးခြင်းဟာ ကျွန်မတို့ မြန်မာနိူင်ငံလို “တတိယနိူင်ငံ” လို့ ခေါ်ဝေါ်ခြင်းခံရတဲ့ နိူင်ငံတွေမှာ ကွက်ကြားကွက်ကြားထွန်းကားခဲ့တဲ့၊ ထွန်းကားဆဲဖြစ်တဲ့ ဖိနှိပ်မှုတွေကို တော်လှန်ထောက်ပြတဲ့ ကွန်မြူနစ်ဝါဒနဲ့ တိုက်ရိုက် ချိတ်ဆက်ပတ်သက်နေတယ် ရဲနဲ့ ထောင်စနစ်တွေကို အသုံးချပြီး ဖိနှိပ်ခံ အောက်အလုပ်သမားလူတန်းစားဆိုတာကို အရင်းရှင်စနစ်က ပြန်မွေးမြူနေတယ်

(ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ဥရောပ အောက်ခြေလူတန်းစားတွေကနေ အရင်းရှင်စနစ်ကို စတင်ပြောဆို သုံးသပ်ခဲ့တဲ့ မာ့စ်ဝါဒဟာ တစ်ကမ္ဘာလုံးက အရင်းရှင်စနစ်ဆန့်ကျင့်သူတွေအတွက် အခုချိန်ထိ အသုံးဝင်နေပြီး လူမည်းကျွန်ပြုပြီး အောက်ခြေလူတန်းစားပြုလုပ်တဲ့ အရင်းရှင်စနစ်ကို ဝေဖန်တဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားကိုတော့ တော်တော်များများက ကျင့်သုံးဖို့ ဘာကြောင့်လက်တွန့်နေကြသေးတာလဲ ဆိုတဲ့ အချက်ပဲ အရင်းရှင်စနစ်က တော်လှန်တဲ့ နေရာမှာတောင် လူမည်းမုန်းတီးရေး (anti blackness) နဲ့ လူဖြူကြီးစိုးရေး (white supremacy) ဟာ ကျွန်မတို့ရဲ့ တော်လှန်ရေးအတွေးအခေါ်တွေမှာ ဘယ်လောက်ထိ စိမ့်ဝင်နေ‌သေးသလဲ? လူမည်းတော်လှန်ရေး ကျင့်ဝတ်တွေဟာလူဖြူ တော်လှန်ရေးကျင့်ဝတ်တွေနဲ့စာရင် ဘာကြောင့် အကြမ်းဖက်မှုဆန်တယ် စိတ်ခံစားချက်ဆန်တယ်လို့ များသောအားဖြင့် မှတ်ယူခံနေရသေးသလဲ?)

မာဂ်စာလင်းကတော့ ကွန်မြူနစ်မှန်ရင်၊ လူတန်းစား ဖိနှိပ်မှုတွေကို ရှုံ့ချတာ မှန်ရင် စနစ်များကို ဖြိုချဖျက်ဆီးမှုတွေကိုလည်း တစ်ပြိုင်နက်တည်း လုပ်ရမယ်လို့ ရေးထားတယ် လူတန်းစား ဖိနှိပ်မှုကို ပုန်ကန်ပေမဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေကို လက်ကိုင်ထားခဲ့လို့ မအောင်မြင်ခဲ့တဲ့ ကွန်မြူနစ်သာဓကတွေကိုလည်း မာဂ်စာလင်းက သူ့စာထဲမှာ ထောက်ပြထားတယ်

ဖမ်းဆီးချုပ်နှောင်မှုတွေကို ပုန်ကန်လို့ ဆိုတာက ကျွန်မတို့ မြန်မာနိူင်ငံ နိူင်ငံရေး အခြေအနေအရ အပေါ်ယံကြည့်ရင် သဘောမတူစရာ ဘာမှ မရှိလောက်ပါဘူး မြန်မာပြည်ရဲ့ ထောင်တွေဟာ ကိုလိုနီခေတ်မှာ (လူမည်းတွေကို ကျွန်ပြုသလို) ကိုလိုနီပြုခံရသူတွေကို ကျွန်ပြုရန်အတွက် အသုံးပြုခဲ့တဲ့ ဒါမှမဟုတ် ကိုလိုနီသခင်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ တည်ဆောက်ခဲ့တဲ့ ယန္တရားတွေပဲ ဖြစ်တယ် (မာဂ်စာလင်းကတော့ ထောင်စနစ်‌ဆိုတာ ဘယ်တုန်းကမှ အင်ဒီးဂျနင့်အလေ့အကျင့် မဟုတ်ခဲ့ဘူး ကိုလိုနီစနစ်နဲ့အတူ ဖိလစ်ပိုင်တို့လို နိူင်ငံတွေကို ရောက်လာခဲ့တယ်လို့ ဆိုတယ် ကျွန်မတို့ မြန်မာနိူင်ငံရဲ့ ထောင်စနစ် ပေါ်ပေါက်လာပုံအကြောင်းကိုလည်း အကြမ်းဖျင်းရေးထားတဲ့ သတင်းစာဆောင်းပါးတစ်ပုဒ် အောက်မှာ ထည့်ထားပေးပါတယ်)

ကိုလိုနီခေတ်ပြီးသွားပြီးတော့လည်း ထောင်စနစ်ကို စစ်တပ်အာဏာရှင်က ဆက်အသုံးပြုပြီး လူထုကို ဖိနှိပ်ခဲ့တယ် လက်ရှိမှာလည်း ဖိနှိပ်နေဆဲ ဖြစ်တယ် အဲ့တော့ စနစ်များကို ဖြိုချဖျက်ဆီးဆိုတာရဲ့ နောက်က၊ Abolish the military ဆိုတာရဲ့ အပေါ်ယံ အဓိပ္ပါယ်နောက်က မြန်မာပြည်ရဲ့ ထောင်စနစ်၊ စစ်တပ်စနစ်ကို ဖျက်ချလို့ ပြောမှာကို အများက လက်သင့်ခံမယ်လို့ ကျွန်မ မြင်မိတယ်

သို့ပေသိ အဲ့ဒီလို စစ်တပ်ကို ဖျက်ချချင်တဲ့သူတွေကြားမှာတောင် abolitionism ဆိုတာကို ထဲထဲဝင်ဝင် ဆွေးနွေးကြည့်ကြရင် ဖမ်းဆီးချုပ်နှောင်မှုစနစ်တွေဖြစ်တဲ့ ထောင်၊ ရဲနဲ့ စစ်တပ်ဆိုတာတွေကို လုံးဝ မဖြိုချချင်ဘဲ ပြန်လက်ကိုင်ထားချင်သေးတဲ့သူတွေလည်း ရှိသေးတယ်ဆိုတာ ကျွန်မ သတိထားမိတယ် ဒါကတော့ ကိုယ်တွေကို ဖိနှိပ်နေတဲ့ စစ်တပ်စနစ်၊ ထောင်စနစ်ကိုပဲ ဖြုတ်ချချင်တယ် ဒါပေမဲ့ သူတို့ ပြုတ်ကျသွားရင် အဲ့ဒီ စနစ်တွေကို ပြန်သုံးကြမယ်ဆိုတဲ့ အယူအဆပဲ မာဂ်စာလင်းကလည်း ဒါကို ခေါင်းဆောင်ကောင်းသာ ရှိရင် ဒီစနစ်တွေဟာ ကောင်းသွားမယ်လို့ ထင်ရာကနေ လာတဲ့ အတွေး‌အခေါ်တွေလို့ သုံးသပ်ထားတယ် အမှန်ပဲ တော်လှန်ရေးအကြောင်း ဆွေးနွေးကြတဲ့ စကားဝိုင်းတွေမှာ ခေါင်းဆောင်ကောင်း မရှိလို့ ကျွန်တော်တို့ဟာ ဒီလိုအခြေအနေရောက်နေတာလို့ ပြောကြတဲ့ အာဘော်ဟာ ထပ်ခါထပ်ခါ အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားဟောင်းကြီးလို ကျွန်မ ခဏ ခဏ ကြားနေရတယ်

ခေါင်းဆောင်ကောင်းတိုင်း စနစ်ကောင်းသလား?

တကယ်တမ်း စနစ်တွေကို ဖြိုချဖျက်ဆီးချင်တယ်ဆိုရင် ကျွန်မတို့အပေါ် လက်ရှိ ဖိနှိပ်နေတဲ့ ဆိုးဝါးလှတဲ့ စနစ်တွေကို ဖျက်ချရုံတင်မကဘူး တခြားသော ထိန်းချုပ်ချုပ်နှောင်မှုစနစ်ယန္တရားတွေကိုပါ ဖျက်ချမှ ရမယ် အဲ့ဒီလို ပြောတဲ့အခါ ရာဒီကယ်ဖြစ်ပါတယ်ဆိုတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးသမားတွေတောင် နည်းနည်း တုန်လှုပ်သွားကြတယ် ကျွန်မလည်း abolitionism အကြောင်းကို သိပ်မသိသေးခင်က ဘယ်လိုမျိုးများ နေထိုင်ကြမလဲ၊ ပြစ်မှုကျူးလွန်တဲ့သူတွေကို ဒါဆို ဘယ်လို လုပ်မှာလဲ၊ လူအစုလိုက် အပြုံလိုက် သတ်တဲ့သူတွေကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ကြမလား၊ မုဒိန်းကျင့်တဲ့သူက အမှုကနေ ဒီတိုင်း လွတ်မလား အစရှိသဖြင့် တွေဝေခဲ့ဖူးတယ်

ဒါပေမဲ့ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေက စဉ်းစားပြီး နည်းလမ်းတွေ ပေးထားခဲ့ပြီးပါပြီ အဓိက တရားစီရင်ရေး နည်းလမ်းကတော့ transformative justice လို့ ခေါ်တဲ့ အပြောင်းအလဲကို တကယ်ဖြစ်စေတဲ့ တရားစီရင်မှုမျိုးကို ထောင်စနစ်၊ ဖမ်းဆီးချုပ်နှောင်ခြင်းစနစ်တွေထက် abolitionist တွေက ပို အားပေးတာကို တွေ့ရတယ် စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေ ထောက်ပြတာက တကယ်တမ်းက လက်ရှိ ကျွန်မတို့ ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေတဲ့ တရားစီရင်ရေးတွေဟာ ပြန်လည်ပြုပြင်ပျိုးထောင်ရေးထက် နှိပ်ကွပ်ရေး၊ အပြစ်ပေးရေး၊ ချုပ်နှောင်ရေးတို့အပေါ်မှာသာ အခြေခံထားတယ်ဆိုတာပဲ လူတစ်ယောက်က အမှားတစ်ခု ကျူးလွန်တယ်ဆိုရင် ဘာကြောင့် ဒီအမှားကို လုပ်မိတာလဲ၊ နောက်ထပ် ဘာကြောင့် မလုပ်သင့်ဘူးလဲ ဆိုတာတွေကို သူ့ကို ပြောပြမယ့်အစား ကျွန်မတို့ လူ့အသိုင်းအဝိုင်းတွေက အပြစ်တင် ကဲ့ရဲ့ဖို့ကို အားပိုသာကြတယ် ဒီလူဟာ ဒီလိုမျိုး အမှားမျိုး ထပ်လုပ်ဖြစ်ဦးမလား၊ လုပ်မယ်ဆို ဘာကြောင့်လဲဆိုတာတွေထက် အဲ့ဒီအမှားနဲ့ တန်တဲ့ အပြစ် ရသလား၊ မရဘူးလားကို စိတ်ပိုဝင်စားကြတယ်

(ဒီနေရာမှာ မနုဿဗေဒသမားတစ်ယောက်အနေနဲ့ အမှားဆိုတာကို ကျွန်မတို့ ရိုးရာဓလေ့ တစ်ခုချင်းစီက အဓိပ္ပါယ်ဖွင့်ရာမှာ ကွဲလွဲပုံတွေကို ဆက်စဉ်းစားကြည့်လို့ ရတယ် ကလေးမုဒိန်းကျင့်တဲ့ ပြစ်မှုကို ကြည့်မယ်ဆိုရင်တောင် ဘာလို့ ဥရောပနိူင်ငံတွေမှာ လူကြီးဖြစ်ခြင်းအသက်ဟာ ၁၈ ဖြစ်ပြီး အမေရိကန်မှာတော့ ၂၁ လဲ? ကျွန်မတို့ မြန်မာနိူင်ငံမှာတော့ ၁၄ ဖြစ်သလဲ? ထိုက်သင့်တယ်ဆိုတဲ့အပြစ်ဟာလည်း ရိုးရာဓလေ့အရ အမျိုးမျိုး ကွဲနေတာ ဘာကြောင့်လဲ? ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ အမေရိကန်မှာ တချို့ပြည်နယ်တွေက သေဒဏ်ကို abolish လုပ်လိုက်ပေမဲ့ တချို့ပြည်နယ်တွေမှာ သေဒဏ်တွေ ပေးနေသေးတာ ဘာကြောင့်လဲ? သေဒဏ်နဲ့ ထိုက်တန်တဲ့ အပြစ်ဆိုတာ တစ်ကမ္ဘာလုံး သဘောတူညီထားကြသလား? အစရှိတဲ့ မေးခွန်းတွေဟာ မနုဿဗေဒဆန်တဲ့ မေးခွန်းတွေပဲ)

မာဂ်စာလင်းရော တခြားသော abolitionist တွေ ထောက်ပြထားတဲ့ နောက်တစ်ချက်က တရားစီရင်ခြင်းဟာ အပေါ်ယံကြည့်ရင် “တရား” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျွန်မတို့ လူ့အသိုင်းအဝိုင်းကို ထိန်းကျောင်းထားပေးတယ်လို့ ‌ဆိုပေမဲ့ တကယ်တမ်းက ပိုက်ဆံရှိရင် ရှိသလောက်၊ ဂုဏ်ရှိရင် ရှိသလောက် တရားဟာ အရေခြုံတရားဖြစ်နေတယ် ဆိုတာပဲ ဥပမာ – လူတစ်ယောက်ဟာ ပြစ်မှုတစ်ခု ကျူးလွန်တယ်ဆိုပြီး သူကျူးလွန်တဲ့ ပြစ်မှုအရ စွဲချက်တင်ခံထားရတယ်ဆိုရင်တောင်မှ သူ့မှာ ကျောထောက်နောက်ခံရှိရင် ရှိသလောက် နာမည်ကြီး ရှေ့နေတွေငှား၊ ‌ရှေ့ပတ်စာရေးတွေ လာဘ်ပေးနဲ့ တရားခွင်ကနေ ကွင်းလုံးကျွတ်နိူင်တယ် ဒါက ကျွန်မတို့ မြန်မာနိူင်ငံလို တရားကျင့်ဝတ် ခြစားနေတဲ့ နိူင်ငံမှာပဲ ဖြစ်နေတဲ့ ပြဿနာတော့ မဟုတ်ဘူး အမေကျော် ဒွေးတော်လွမ်းကြတဲ့ အနောက်လူဖြူနိူင်ငံတွေရဲ့ တရားစီရင်ရေးတွေမှာပါ ဖြစ်နေတဲ့ ပြဿနာပဲ

ဥပမာ – မနှစ်က ဟိုးလေးကျော်ကျော် ဖြစ်သွားတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကုန်ကူးတဲ့ အမှုကို ကျုးလွန်ခဲ့တဲ့ မီလျံနာ သူဌေးကြီး ဂျပ်ဖရီအက်ပ်စတိန်း အမှုကို ကြည့်ရင် သူနဲ့ ဆက်ဆံခဲ့တဲ့ သူတွေထဲမှာ ဒေါ်နယ်တရန့်တို့လို၊ ဘေလ်ကလင်တန်တို့လို နာမည်ကြီး သူဌေးတွေ၊ နိူင်ငံရေးသမားတွေ၊ ဗြိတိသျှ ဘုရင်မရဲ့ သားတော်တို့လို တော်ဝင်မျိုးဆက်တွေပါ ပါခဲ့တယ် ဒါပေမဲ့ အက်ပ်စတိန်းက အမှုခွင် မဝင်ခင်မှာပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တဲ့ အတွက် ဒီလို ကမ္ဘာ တစ်ရာခိုင်နှုန်းတွေဟာ ဒီ လိင်ကုန်ကူးမှုမှာ ဘယ်လောက်ထိ ပါဝင်နေခဲ့သလဲ ကျွန်မတို့ ဘယ်တော့မှ သိတော့မှာ မဟုတ်ဘူး သူတို့တွေအတွက် ထိုက်သင့်တယ်ဆိုတဲ့ ပြစ်ဒဏ်လည်း ရတော့မှာ မဟုတ်ဘူး ဒီလိုမျိုး လူတန်းစားကြောင့်သော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ဂျန်ဒါအရသော်လည်းကောင်း ဖုံးဖိခံလိုက်ရတဲ့၊ ကျွန်မတို့ မသိလိုက်တဲ့၊ တရားမမျှတတဲ့ တရားစီရင်‌မှုတွေ ဘယ်လောက်တောင် ရှိနေဦးမလဲ?

ဒီလိုမျိုး ကနဦးပေါ်ပေါက်လာတဲ့ ရည်ရွယ်ချက်ကိုက‌ရော၊ လက်ရှိ ခြစားနေတဲ့ အခြေအနေတွေအရရော အဓိပ္ပါယ်မရှိဘဲ ဖိနှိပ်ခံရသူတွေကို ပိုဖိနှိပ်ဖို့အတွက်သာ အသုံးပြုနေကြသေးတဲ့ တရားရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ ထိန်းချုပ်ချုပ်နှောင်မှုစနစ်တွေကို ဖျက်ချဖို့အတွက် abolitionist တွေက လှုံ့ဆော်ကြတယ်

ဒါပေမဲ့ ခက်တာက ဒီစနစ်တွေထဲမှာ ကျင်လည်လာတဲ့ ကျွန်မတို့အတွက် ဒီစနစ်ကို ဖျက်ချပြီးရင် ဘယ်လို နေထိုင်ရမလဲဆိုတာ မြင်ယောင်ကြည့်ရမှာ ခက်နေတယ် ဒါကိုလည်း မြင်ယောင်ရမှာ မဝံ့မရဲဖြစ်နေတဲ့သူတွေကို အပြစ်ဖို့လို့ မရပါဘူး တစ်သက်လုံး ကျွန်မတို့ ဒါပဲ သိလာတာဆိုတော့လေ စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေကတော့ abolitionism ဟာ ထိန်းချုပ်ချုပ်နှောင်မှုစနစ်တွေကို ဖြိုချရုံသာမကဘဲ မိမိဖြစ်ချင်တဲ့ ဘဝအသစ်တွေကိုလည်း တစ်ပြိုင်နက် စိတ်ကူးယဉ် အကောင်အထည်ဖော်ရမယ်လို့ ဆိုထားတယ် ကိုယ်ဟာ ဂျန်ဒါ ဖိနှိပ်မှုတွေကို မကြိုက်ဘူးဆိုရင် ဂျန်ဒါအရ ဖိနှိပ်တာတွေကို တော်လှန်ရင်း တစ်ပြိုင်နက်တည်း မိမိကိုယ်တိုင်ကိုက ဂျန်ဒါအခြေပြုပြီး သူများကို ပြန် မဖိနှိပ်မိအောင် ဘယ်လို သတိထားနေထိုင်မလဲ ဆိုတာကို အမြဲတစေ စိတ်ကူးယဉ်ရမယ် မာဂ်စာလင်းကတော့ မအောင်မြင်ခဲ့တဲ့ ကွန်မြူနစ်လုပ်ရပ်တွေဟာ သူတို့ကို ဖိနှိပ်ခဲ့တဲ့ စနစ်တွေကို ပြန်ကျင့်သုံးခဲ့လို့လို့ ဆိုထားတယ် အဲ့လိုဆိုရင် ကျွန်မတို့ တကယ်ဖြစ်ချင်နေတဲ့ အနာဂတ်အသစ်တွေ တကယ်ဖြစ်လာဖို့ ကျွန်မတို့ကိုယ်ကိုယ်တိုင်ကရော ဘယ်လောက်ထိ စဉ်းစားထားသလဲ၊ ပုံဖော်နေသလဲ၊ ကျွန်မတို့ မကြိုက်ပါဘူးဆိုတဲ့ စနစ်တွေဆီက မကောင်းတာတွေကိုရော ဘယ်လောက်ထိ ပြန်သုံးနေသေးသလဲ အစရှိတဲ့ မိမိကိုယ်ကို ဆန်းစစ်မှုတွေ လုပ်ရမယ်လို့ ကျွန်မ ထင်မိတယ်

ကျွန်မ အမြင်မှာ‌တော့ ကိုယ်မကြိုက်တာ၊ ကိုယ့်ကို ဖိနှိပ်ထားတဲ့ စနစ်တွေကို တိုက်ရိုက်တန်ပြန်တိုက်ခိုက်ရတာက မိမိကိုယ်ကို ငါကရော ဘာမကောင်းတာတွေ လုပ်နေသေးသလဲ၊ ငါ မကြိုက်ဘူးဆိုတာတွေကို ငါမသိခင်မှာပဲ ပြန်ကျင့်သုံးနေသေးသလဲဆိုတဲ့ မိမိကိုယ်ကို မေးခွန်းပြန်ထုတ်တာတွေထက်စာရင် ပိုလွယ်ပါတယ် လူတွေဟာ ကိုယ်မှားနေတာကို ထောက်ပြခံရတာ သိပ်မကြိုက်တတ်ကြဘူး ဒါဆို တခြားလူက ထောက်မပြခင် ကိုယ့်ကိုယ်ကို ပြန် ထောက်ပြရမယ် (ဒါကတော့ ဖိနှိပ်မှုဆိုတာအပေါ် နိုးကြားလာပြီးတဲ့သူတွေအတွက်ပေါ့လေ နိုးကြားလာအောင် လုပ်ရမှာတော့ တစ်ပိုင်းပေါ့ ဒါပေမဲ့ တစ်ခါတစ်လေမှာ ဖိနှိပ်မှုဆိုတာတွေကို တန်ပြန်တိုက်မခိုက်နေတဲ့သူတွေမှာ သူတို့လိုချင်တဲ့ ကမ္ဘာအသစ်ကို စိတ်ကူးယဉ်ထားတာတွေက နိုးကြားနေတဲ့သူတွေထက် ပိုလှပနေပြန်တယ်)

စိတ်ကူးယဉ်ပါဆိုလို့လည်း ဖိုဝါဒဆန်တဲ့ တော်လှန်ရေးသမားတွေက အမေလေး အဘလေး တကြတယ် စိတ်ကူးယဉ်ခြင်းဟာ နိူင်ငံရေးနဲ့ လားလားမျှ မဆိုင်ဆိုပြီး တီကောင် ဆားပက် ဖြစ်ကြတယ် abolitionist တွေအတွက်က စိတ်ကူးယဉ်ခြင်းဟာ မဖြစ်နိူင်တာတွေကို အရသာခံနေတာကို ဆိုလိုတာ မဟုတ်ဘဲ လက်ရှိ ကျွန်မတို့ ဖျက်ချချင်တဲ့ စနစ်တွေသာ မရှိ‌တော့ရင် ဘယ်လို ဘဝမျိုးကို နေချင်တာလဲဆိုတာ စဉ်းစားခိုင်းတာသာ ဖြစ်တယ် အဲ့ဒီဘဝဟာ အလုံးစုံပြည့်စုံနေတဲ့ ကမ္ဘာဖြစ်ချင်မှ ဖြစ်မယ် ရုန်းကန်မှုတွေ ဆက်ရှ်ိနေချင် ရှိနေမယ် အဓိက မေးခွန်းက ဘယ်လို ရုန်းကန်မှုတွေကတော့ ဆက်ရှိနေပြီး ဘယ်လို ရုန်းကန်မှုတွေကတော့ အဲ့ဒီကမ္ဘာမှာ ပျောက်ကွယ်သွားပြီလဲ ဆိုတာပဲ အဲ့ဒီမေးခွန်းရဲ့ အဖြေဟာ တစ်ယောက်ချင်းစီရဲ့ စိတ်ကူးယဉ်မှုပေါ်လိုက်ပြီး ပြောင်းလဲသွားနိူင်တယ် အဲ့ဒီမတူညီမှုတွေကနေ ကျွန်မတို့ အတူတကွနေထိုင်လို့ ရတဲ့ အနာဂတ်သစ်ဆိုတာကို တကယ် လက်တွေ့အကောင်အထည်ဖော်ကြည့်လို့ ရလာနိူင်တယ် စိတ်ကူးယဉ်ရမှာ ကြောက်နေသေးသရွေ့ အနာဂတ်ဆိုတာကို ကျွန်မတို့ ဘယ်လို အကောင်အထည်ဖော်ကြမလဲ? စိတ်ကူးမယဉ်ကြည့်ဘဲ လုပ်နေကျအတိုင်း ဆက်လုပ်ကြမယ်ဆိုရင် ဒုံရင်းကနေ ဒုံရင်းပဲ ပြန်ဖြစ်နေကြမယ် မဟုတ်ဘူးလား?

အမှန်တိုင်းပြောရရင် စနစ်များကို ဖြိုချဖျက်ဆီးတယ်ဆိုတာ ဖိနှိပ်မှုအစိုင်အခဲတွေကို ဟိုတစ်ဖဲ့ ဒီတစ်ဖဲ့ ထုပေါက်ပြီး ဟိုကွေ့ကျ ဟိုတက်နဲ့လှော် ဒီကွေ့ကျ ဒီတက်နဲ့လှော်နေတာထက်စာရင် သူတို့တွေသာ ပြိုကျသွားပြီးရင် ဘာကျန်ခဲ့မှာလဲဆိုတာကို နဖူးတွေ့ ဒူးတွေ့ စဉ်းစားအကောင်အထည်ဖော်ခိုင်းလို့ စနစ်တွေကို ဖြိုချဖျက်ဆီးခြင်းသဘောတရားဟာ ကျွန်မအတွက်တော့ ပြန်လည်ထူထောင်တည်ဆောက်‌ရေးအတွက် ပိုပြီးတော့တောင် လက်တွေ့ကျနေပါသေးတယ်

စာကြွင်း – စာဖတ်ဝိုင်းတွေကို တက်ရောက်ချင်ရင်တော့ Telegram channel ကို join ထားပေး‌ပါ ဒီဇင်ဘာလအတွက် စာဖတ်ဝိုင်း theme ကတော့ Abolitionist feminism (စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်အယူအဆ) ပဲ ဖြစ်ပါတယ်

Telegram link –

ပုံ – အပ်ချည်ကြိုးဖြူများနဲ့ သေသေချာချာ စီကုံးထားသော ရွှေပန်း၊ ငွေပန်း၊ စံပယ်ပန်း၊ ညမွှေးပန်းများကို ဈေးဗန်းထဲတွင် တွေ့ရစဉ်

စနစ်များကို ဖြိုချဖျက်ဆီးသူ ဝါလီဒါ အီမာရှာ ရေးသားတဲ့ “ရဲနဲ့ ထောင်တွေ မရှိတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ သင် အရင် စိတ်ကူးယဉ်ဖို့ လိုတယ်” ဆောင်းပါး

https://onezero.medium.com/black-lives-matter-is-science-fiction-how-envisioning-a-better-future-makes-it-possible-5e14d35154e3

သက်သက်ဝင်းတင်နဲ့ အီရန်ဘရောင်း ရေးသားတဲ့ “ကိုလိုနီ ဘားမားရဲ့ ထောင် – ကိုလိုနီခေတ်မတိုင်ခင်က အမွေအနှစ်လား?” သတင်းစာဆောင်းပါး

https://www.iias.asia/sites/default/files/2020-11/IIAS_NL39_05.pdf

ဒန် ဘာဂါ၊ မာရီယန် ကာဘာနဲ့ ဒေးဗစ် စတိုင်း ရေးသားတဲ့ “စနစ်များကို ဖြိုချဖျက်ဆီးသူတွေ လုပ်တဲ့ အလုပ်” ဆောင်းပါး

https://jacobin.com/2017/08/prison-abolition-reform-mass-incarceration?fbclid=IwAR3PajlOjSaXvYtQ6WwWmZYeOR89GM0b8a1QtbfPlWGwMJ0ExdwBE_kf8uA

လစ်ဒီယာ ကာယာဒေါနာ ရေးတဲ့ “ငါ့ကို မုဒိန်းကျင့်တဲ့သူကို ထောင်မကျစေချင်ဘူး” ဆောင်းပါး (content warning အနေနဲ့ မုဒိန်းကျင့်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ဒီဆောင်းပါးထဲ ပါပါတယ်)

https://lydiacaradonna.medium.com/i-dont-want-my-rapists-to-go-to-prison-2247614a2bb3

အမေရိကန်နိူင်ငံမှ လူမည်းကျွန်ပြုခြင်းစနစ်ကို ဖြိုချဖျက်ဆီးသော ၁၈၀၀ ပြည့်နှစ်များမှ abolitionist movement သမိုင်းကြောင်း

https://philadelphiaencyclopedia.org/essays/abolitionism/?fbclid=IwAR34W20obkRB_gcNuu9JRp5Znqr1MWtJpWUUVnp7nz7Pbbeq8EzxzZqveKE

ကျွန်မ ဘာသာပြန်ထားသော စီမုန်း မာဂ်စာလင်းရဲ့ “ချုပ်နှောင်မှုများကို ဆန့်ကျင့်၍ စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့!” ဆောင်းပါး

ချုပ်နှောင်မှုများကိုဆန့်ကျင့်၍ စနစ်များကိုဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့!

သွေးစွန်းနေသော ကျေးဇူးများ

အခုလက်ရှိကာလမှာ ကိုလိုနီစနစ်တွေကို ချွတ်ချတယ် သို့မဟုတ် ဒီကိုလိုနိုက်ဇေးရှင်းအကြောင်း ဆွေးနွေးကြတိုင်း အခြေချကိုလိုနီစနစ်အကြောင်းကို ထည့်မပြောလို့ မရဘူးဆိုတာ ဒီကနေ့ အမေရိကန်နဲ့ ကနေဒါမှာ အကျယ်တဝင့် ကျင်းပကြတဲ့ Thanksgiving ကျေးဇူးတင်ခြင်း အားလပ်ရက်နဲ့ ဆက်စပ်ပြီး စဉ်းစားမိတယ်

ပညာရှင်ရပ်ဝန်းကနေ ကိုလိုနီစနစ်ကို ချွတ်ချဆိုတဲ့ အင်ဒီးဂျနင့်လှုပ်ရှားမှုတွေကို “ဒီဘာသာရပ်၊ ဟိုဘာသာရပ် လေ့လာမှု‌တွေက ကိုလိုနီစနစ်တွေကို ချွတ်ချ” ဆိုပြီး တကယ့် အင်ဒီးဂျနင့်လူမျိုးတွေ ပြောနေတဲ့ Land Back နယ်မြေပြန်ပေးဆိုတဲ့ ကိုလိုနီစနစ်ချွတ်ချမှုအစစ်တွေကို ဝါးမြိုလိုက်ကြတယ် (အမှန်တိုင်း ပြောရရင် ပညာရှင်ရပ်ဝန်းက တကယ် လုပ်တတ်တာဆိုလို့ တကယ့်လူမှုအပြောင်းအလဲရွေ့လျားမှုတွေကို အနာပေါ်ကပ်တဲ့ ပလာစတာသာသာ သာ ဝါးမြို အသွင်ပြောင်းလဲတာပဲ ဖြစ်တယ် အဲ့ဒီ့ထက် ပိုပြီး နေ့စဉ်ဘဝမှာ စိမ့်ဝင်နေတဲ့ စန‌စ်တွေကို ဖြိုချဖျက်ဆီးတာ၊ မေးခွန်းပြန်ထုတ်တာတွေကို လုပ်တတ်တဲ့ ပညာရှင်ဟာ ရှားပါတယ်) ကိုလိုနီစနစ်ကို ချွတ်ချလို့ ဆိုတာတွေမှာ တကယ်တော့ အတိတ်က နယ်မြေကျူးကျော်ခဲ့တဲ့ ကိုလိုနီစနစ်တွေကို ဆိုလိုတာတင်မကဘဲ လက်ရှိတည်ရှိနေဆဲဖြစ်တဲ့ အခြေချကိုလိုနီစနစ်တွေကိုပါ ချွတ်ချရမယ်ဆိုတာပဲ

ကျေးဇူးတင်ခြင်း အားလပ်ရက်ဘက်ကို ပြန်ဆက်ရရင် ဒီအားလပ်ရက်ဟာ အမေရိကန်နဲ့ ကနေဒါမှာ နိူင်ငံတော်အားလပ်ရက်အဖြစ် ‌နှစ်စဉ် နိုဝင်ဘာလနောက်ဆုံးပတ် ကြာသပတေးနေ့တိုင်း လုပ်လေ့ရှိတဲ့ အားလပ်ရက်တစ်ခုဖြစ်တယ် (ကနေဒါမှာတော့ အောက်တိုဘာလဆန်းမှာ ကျင်းပလေ့ရှိတယ်) ဥရောပတိုက်က လူဖြူတွေဟာ အခု အမေရိကန်နဲ့ ကနေဒါဆိုပြီး ဖြစ်လာတဲ့ မြောက်အမေရိကတိုက်ကို စူးစမ်းလေ့လာဖို့ ရောက်ရှိလာပြီး ဒီ‌မြောက်အမေရိကတိုက်မှာ နေထိုင်ကျက်စားနေတဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရာကနေ အဲ့ဒီ လူမျိုးစုတွေက ခရီးပန်းလာတဲ့ သူတို့ကို “ငြိမ်းချမ်းစွာ” ကြိုဆိုကျွေးမွေးခဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ကြက်ဆင်တွေဖုတ်၊ အစားအသောက်အသီးအနှံအလျှံအပယ်နဲ့ ပြန်လည် ကျေးဇူးတင်ကြောင်း ပြသခဲ့တာကို ကျင်းပတဲ့ အားလပ်ရက်ဖြစ်တယ်လို့ နိူင်ငံတော်အစိုးရက ကျောင်းတွေမှာ သင်ကြားတယ် သာမန်လူတန်းစားကို ပုံပြင်‌တွေ ပြောတယ်

ဒါပေမဲ့ မြောက်အမေရိကတိုက်တခွင်မှာ လက်ရှိ အသက်ရှင်ကျန်နေဆဲဖြစ်တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေကတော့ ဒီပုံပြင်ကို ဝါဒဖြန့် မှိုင်းတိုက် အတုအယောင်ပုံပြင်ပါလို့ ထောက်ပြခဲ့တယ် တကယ်တမ်းက ဥရောပက လူဖြူနယ်ချဲ့တွေဟာ မြောက်အမေရိကတိုက်ကို နယ်မြေကျူးကျော်ဖို့ ရောက်လာရာက အင်ဒီးဂျနင့်လူမျိုးတွေနဲ့ တွေ့တဲ့အခါ သူတို့ရဲ့ tribal soverignties လူမျိုးစု အချုပ်အခြာအာဏာကို လေးစားရမဲ့အစား နယ်မြေရယူဖို့အတွက် အစုလိုက်အပြုံလိုက် မျိုးတုံး သတ်ဖြတ်ခဲ့တယ် စစ်ဆင်ခဲ့တယ် အင်ဒီးဂျနင့်မိန်းမတွေကို အဓ္ဓမမုဒိန်းကျင့်ခဲ့တယ် စစ်ပွဲပြီးလို့ အသက်ရှင်ကျန်နေခဲ့တဲ့ အင်ဒီးဂျနင့်လူမျိုးပေါင်းစုံကို reservation လို့ခေါ်တဲ့ သူတို့ရဲ့ နဂိုကျင်လည်ရာ နယ်မြေတွေနဲ့ လားလားမျှ မဆိုင်တဲ့နေရာတွေမှာ သို့မဟုတ် သူတို့အရင်နေထိုင်ရာနေရာထဲက အကွက်အကွင်းအသေးစားတစ်ခုကိုသာ နယ်မြေအစုအကွက်တွေ သတ်မှတ်ပြီး သူတို့ကို အဲ့ဒီနေရာတွေမှာပဲ နေဖို့ ကန့်သတ်ခဲ့တယ် အဲ့ဒီလို ကန့်သတ်ပြီးနောက် လူဖြူဥရောပသားတွေဟာ မြောက်အမေရိကတိုက်ကို အသုတ်လိုက် အသုတ်လိုက် ရွှေ့ပြောင်းအခြေချဖို့ ရောက်လာခဲ့ကြတယ်

အမေရိကန်နိူင်ငံရေးပြောစကားမှာ ခဏ ခဏကြားလေ့ရှိတာက အမေရိကန်သည် ရွှေ့ပြောင်းအခြေချသူများနဲ့ တည်ဆောက်ထားတဲ့ နိူင်ငံဖြစ်သည် (America is a country of immigrants) ဆိုတဲ့ စကားပါပဲ ဒါပေမဲ့ အမေရိကန်နိူင်ငံရယ်ဆိုပြီး ဖြစ်ပေါ်လာဖို့အတွက် ကနဦး ရွှေ့ပြောင်းအခြေချသူတွေရဲ့ လက်မှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ သွေးတွေ စွန်းနေတယ်ဆိုတာကိုတော့ အမေရိကန်နိူင်ငံရေးပြောစကားတွေနဲ့ အမေရိကန် ဖယ်ဒရယ်နိူင်ငံရေးတည်ဆောက်ပုံတွေကို သရေတမျှားမျှားနဲ့ အားကျကြလေ့ရှိတဲ့ (ကျွန်မတို့ မြန်မာနိူင်ငံက အပါအဝင်) နိူင်ငံရေးသမားတွေရဲ့ ပြောစကားတွေထဲမှာ ပါလေ့မရှိပါဘူး ဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်း မသိတာပေပဲလား သိရက်နဲ့ မသိချင်ယောင်ဆောင်ထားတာလား သိပေမဲ့လည်း မော်ဒန်နိူင်ငံတော်တည်ဆောက်ဖို့ လူတွေ အစုလိုက်အပြုံလိုက် သေသင့်ရင် သေရမှာပဲဆိုတဲ့ အယူအဆတွေကြောင့်လားတော့ အဲ့ဒီလူတွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်

ဒီလို အင်ဒီးဂျနင့်လူမျိုးစုတွေကို အတင်းအအဓ္ဓမ လူမျိုးတုံးသတ်ဖြတ်ပြီးမှ တည်ထောင်ထားတဲ့ အမေရိကန်နိူင်ငံရဲ့ သမိုင်းကြောင်းအစစ်ကို လိမ်ညာပြီး အတုအယောင်ပုံပြင်တွေနဲ့ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ကျေးဇူးတင်ခြင်း အားလပ်ရက်ကို ကိုလိုနီစနစ်ကို ချွတ်ချခြင်း လှုပ်ရှားမှုတွေကို လှုံ့ဆော်ခဲ့တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေက လက်ရှိမှာ ပြင်းပြင်းထန်ထန် ရှုံ့ချနေဆဲ ဖြစ်တယ် ကနဦး ရွှေ့ပြောင်းအခြေချသူတွေ မဟုတ်ပေမဲ့လည်း နောက်မှ ရောက်ရှိလာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေ၊ နိူင်ငံရေးခိုလှုံသူတွေ အနေနဲ့လည်း အမေရိကန်နိူင်ငံ၊ ကနေဒါနိူင်ငံဆိုပြီး ရှိနေတဲ့ နယ်မြေတွေမှာ နေထိုင်ရင်း အင်ဒီးဂျနင့်လူမျိုးတွေရဲ့ “နယ်မြေပြန်ပေး” (Land Back Movement)အတွက် ဘယ်လို ပါဝင်နေသလဲဆိုတာ အမြဲတစေ စဉ်းစားစရာ ဖြစ်လာတယ်

(အမေရိကန်မှာ နိူင်ငံရေး ခိုလှုံမှု refugee တွေအကြောင်း လေ့လာတဲ့ ဗီယက်နမ် အမေရိကန် လူမှုသိပ္ပံ ပါမောက္ခ ရန်လီ အက်စပရတူကတော့ အမေရိကန်နိူင်ငံဟာ နိူင်ငံရေးခိုလှုံသူတွေကို အမေရိကန်နိူင်ငံရဲ့ တချို့သော နယ်မြေတွေမှာ (အထူးသဖြင့် အမေရိကန်အလယ်က ပြည်နယ်တွေမှာ) နေရာချပေးခြင်းဖြင့် တစ်ဘက်မှာ နိူင်ငံရေး ခိုလှုံသူတွေအတွက် ကယ်တင်ရှင်အသွင်ကို ယူပြီး တစ်ဘက်မှာ‌လည်း တစ်ပြိုင်နက်တည်း နေထိုင်အသက်ရှင်နေဆဲဖြစ်တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေရဲ့ တည်ရှိမှုကို ဖျောက်ဖျက်လိုက်တယ်လို့ ဆိုတယ် အက်စပရတူကိုယ်တိုင်ဟာ အမေရိကန်-ဗီယက်နမ်စစ်ပွဲအပြီးမှာ အမေရိကန်ကို နိူင်ငံရေးခိုလှုံသူအနေနဲ့ ကလေးဘဝကနေ ရောက်ရှိလာခဲ့တာပဲ ဖြစ်တယ်) ဒီလို အမေရိကန်နဲ့ ကနေဒါတို့ရဲ့ သွေးစွန်းနေတဲ့ ကနဦးသမိုင်းကြောင်းကို မျက်ကွယ်ပြုပြီး ရွှေ့ပြောင်းအခြေချသူတွေရဲ့ အထင်ကြီးစိတ်တွေဟာ လက်ရှိ ဖြစ်နေတဲ့ မိခင်တိုင်းပြည်နေသူတွေနဲ့ ဒိုင်ရာစပရာ diaspora လို့ ခေါ်တဲ့ မိခင်တိုင်းပြည်အပြင် (အထူးသဖြင့် ဒီလို အနောက်နိူင်ငံ “အင်အားကြီး လူအထင်ကြီး” နိူင်ငံတွေ) မှာ နေကြတဲ့သူတွေရဲ့ကြားက ပဋိပက္ခ‌အချင်းပွားမှု၊ ဒိုင်ရာစပရာရဲ့ ကယ်တင်ရှင်အသွင် ယူမှုတွေရဲ့ အကြောင်းရင်းခံတွေလို့ ကျွန်မ သုံးသပ်မိတယ် ဒီအကြောင်းကို နောက်မှ သေချာရေးပါဦးမယ်

“အခြေချကိုလိုနီစနစ်ဆိုတာ အခုမှ ကြားဖူးတာပဲ” ကျွန်မအတန်းထဲက ကျောင်းသားတစ်ယောက်က တစ်ခါပြောဖူးတယ် အခုမှ ခေါင်းစဉ်တပ် ကြားဖူးလို့ ဒီကိစ္စဟာ အရင်ကတည်းက ရှိမနေတာတော့ မဟုတ်ပါဘူး ကျွန်မတို့ မြန်မာနိူင်ငံလို နယ်ချဲ့ကျူးကျော်မှု ခံခဲ့ရတဲ့သူတွေအတွက် ကိုလိုနီစနစ်‌ဆိုတာကို ကောင်းကောင်းသိကြတယ် ဒါပေမဲ့ ဗြိတိသျှတွေ ကျွန်မတို့ကို လွတ်လပ်ရေးပေးပြီးနောက် ကိုလိုနီစနစ်၊ ကိုလိုနီခေတ်ဟာ ပြီးဆုံးသွားပြီလို့ အပေါ်ယံမှတ်ယူလိုက်ကြတယ် အမှန်က ခေတ်ဟာ ပြီးဆုံးချင် ပြီးဆုံးသွားပေမဲ့ စနစ်ဟာ ဆက်တည်ရှိနေတယ် ကျွန်မတို့ မျက်စိနဲ့ အတိအလင်း မမြင်ရနေတဲ့ အခြေချကိုလိုနီစနစ်တွေကတော့ ဘယ်လို ဘယ်ပုံရှိနေနိူင်ဦးမလဲ? ခေါင်းစဉ်တပ်ခေါ်ဝေါ်လိုက်ခြင်းအားဖြင့် အပေါ်ယံ သာမန်ကာလျှံကာ ကျော်ကြည့်နေကြတဲ့ ကိစ္စရပ်တစ်ခုကို တိတိလင်းလင်း ဆွေးနွေးလို့ ရလာတယ်

ကိုလိုနီစနစ်ဟာ အင်ပိုင်ယာသခင်က နယ်မြေ လူမျိုးစုတစ်စုဆီကနေ သယံဇာတအရင်းအမြစ်တွေကို ဂုတ်သွေးစုပ်ယူပြီး သူတို့ရဲ့ နိူင်ငံတွေဆီ ပြန်သယ်သွားတာမျိုး ဖြစ်တယ် ဥပမာ – အရှေ့တောင်အာရှကို ဗြိတိသျှ၊ စပိန်၊ ဒတ်ခ်ျ အစရှိတဲ့ ကိုလိုနီနယ်ချဲ့တွေဟာ ဟင်းခတ်မှုန့်အမွှေးနံ့သာတွေ၊ သစ်သား ကျွန်းတောတွေ အစရှိတဲ့ သယံဇာတတွေ ကြိုင်ကြိုင်လှိုင်လှိုင်ထွက်ရှိတဲ့ နေရာတစ်ခုအနေနဲ့ ရှာဖွေတွေ့ရှိပြီး အဲ့ဒီသယံဇာတတွေကို သူတို့နိူင်ငံတွေဆီ ပြန်တင်သွင်းဖို့ အနုနည်းနဲ့သော်လည်းကောင်း၊ အကြမ်းနည်းနဲ့သော်လည်းကောင်း နယ်ချဲ့ခဲ့ကြတာမျိုးပဲ

အခြေချကိုလိုနီစနစ် (Settler Colonialism) ကတော့ အဲ့ဒီ သယံဇာတနဲ့ အရင်းအမြစ်တွေကို သူတို့နိူင်ငံတွေဆီ ပြန်သယ်ယူသွားမဲ့အစား အဲ့ဒီ‌နယ်မြေမှာ အပြီးအခြေချနေထိုင်လိုက်တာမျိုးပဲ ဥပမာ – ဗြိတိန်က အခွန်မတရားပေးဆောင်ရမှုတွေကို ပုန်ကန်တဲ့အနေနဲ့ ဗြိတိသျှတွေဟာ အင်ဒီးဂျနင့်လူမျိုးစုတွေ နေထိုင်တဲ့ မြောက်အမေရိကတိုက်ကို နယ်မြေသစ်ရှာဖွေပြီး အခြေချဖို့ ရောက်လာတာမျိုးပဲ (ဒီနေရာမှာ ကိုယ်ဟာ ဖိနှိပ်ခံခဲ့ရလို့ သူများကို ပြန်ဖိနှိပ်မယ်ဆိုတဲ့ အမြုံစိတ်တွေ ဘယ်လောက်ပါနေမလဲ ကျွန်မ တွေးမိတယ်)

အမေရိကန်နဲ့ ကနေဒါဟာ အခြေချကိုလိုနီစနစ်ကို ဥပမာပေးရာမှာ ကွက်ကွက်ကွင်းကွင်း မြင်ရတဲ့ ဥပမာတစ်ခုဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ အင်ဒီးဂျနင့်ပညာရှင်တွေကိုယ်တိုင်က အာဖရိကတိုက်၊ ဥရောပတိုက်၊ ဩစလေးလျတိုက် (အထူးသဖြင့် လူဖြူတွေ အခြေချနေထိုင်နေတဲ့ တောင်အာဖရိကနိူင်ငံ၊ နယူးဇီလန်နိူင်ငံ၊ ဩစတေးလျနိူင်ငံ) တွေနဲ့ အာရှတိုက်က အခြေချကိုလိုနီစနစ်တွေကိုလည်း စတင်ဝေဖန်ထောက်ပြလာကြပြီ ဖြစ်တယ် ဥပမာ – အစ္စရေးနိူင်ငံဆိုတာဟာ ပါလက်စတိုင်းလူမျိုးတွေရဲ့ နယ်မြေတွေကို ကန့်သတ်နယ်ချဲ့ပြီး အခြေချတည်ဆောက်ထားတဲ့ ကိုလိုနီအခြေချစနစ်တစ်ခု ဖြစ်တယ် မွတ်စလင်လူမျိုးစုအများ‌နေထိုင်တဲ့ ကပ်ရှမီး‌ဒေသကို အိန္ဒိယနိူင်ငံက အခြေချကိုလိုနီပြုထားတယ်ဆိုတာကို ထောက်ပြလာကြတယ် (အသေးစိတ်တွေ ဆက်ဖတ်ချင်ရင် အောက်မှာ လင့်ခ်တွေ ထည့်ပေးထားပါတယ်)

အဲ့တော့ အခြေချကိုလိုနီစနစ်ဆိုတာ အခုခေတ်မှာ သယံဇာတအရင်းအမြစ်တွေကို အမြတ်ထုတ်ဖို့တင်မကဘဲ နိူင်ငံတော်ဆိုတဲ့ မော်ဒန်အစုအစည်းတစ်ခု ဖြစ်တည်ဖို့အတွက် အတင်းကာရော အားကြီးသူက အားနည်းသူ လူနည်းစုကို ဖိနှိပ်ကျုးကျော်နယ်ချဲ့ ခြေကုပ်ယူထားတာကို ဆိုလိုတာပဲလို့ ကျွန်မတို့ သဘော‌ပေါက်ကြည့်လို့ ရတယ်

ပါလက်စတိုင်းလူမျိုး သုတေသနပညာရှင် အဘတ်ဒူလာ မိုးဆွက်ရဲ့ “အခြေချကိုလိုနီစနစ် – လူသားဆန်မှုကနေ ချွတ်ချခြင်းနဲ့ အခွံခွာခြင်း” ဆိုတဲ့ ဆောင်းပါးထဲက အခြေချကိုလိုနီစနစ်ရဲ့ အဓိက သတိပြုသင့်တဲ့ အချက် ၃ ချက်ကို ပြန်မျှဝေချင်တယ်

၁) အခြေချကိုလိုနီစနစ်ဟာ တစ်ခါတည်းသာ ဖြစ်တဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ တည်ဆောက်ပုံစနစ်တစ်ခု ဖြစ်တယ်

ဒါကတော့ အခြေချကိုလိုနီစနစ်အဓွန့်ရှည်ဖို့ဆိုတာ စစ်ပွဲတစ်ပွဲတိုက်လိုက်ရုံ၊ လူတစ်အုပ်စုက ရွှေ့ပြောင်းအခြေချလိုက်ရုံနဲ့ ပေါ်ပေါက်လာတာ မဟုတ်လဲ အင်ဒီးဂျနင့်လူမျိုးစုတွေ နေထိုင်ရာ နေရာကို ထပ်တလဲလဲ ကျူးကျော်ရာကနေ သူတို့ရဲ့ နယ်မြေတွေကို သိမ်းပိုက်အခြေချ နေရာယူလိုက်တာမျိုးပဲ ဖြစ်တယ်

၂) အခြေချကိုလိုနီစနစ်မှာ လူတွေကို မျိုးတုံးခြင်း ပါဝင်တယ်

ဒါ‌ကတော့ ကျူးကျော်နယ်ချဲ့ခံရတဲ့သူတွေကို ကျွန်ပြုခိုင်းစေမဲ့အစား (ဒါကတော့ ကိုလိုနီစနစ်က ကျင့်သုံးလေ့ရှိတဲ့ စနစ်တစ်ခုဖြစ်တယ်) တဖြည်းဖြည်းနဲ့ မုဒိန်းကျင့်ခြင်းဖြင့်သော်လည်းကောင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း တစ်စစ ကျူပင်ခုတ် ကျူငုတ်ပါမကျန် သုတ်သင် ရှင်းလင်းပြီး အခြေချခြင်း ဖြစ်တယ် ဒီနေရာမှာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ သုတ်သင်ခြင်းသာမက စိတ်ပိုင်းဆိုင်ရာ သုတ်သင်ခြင်းတွေပါ ပါတယ် ဥပမာ – ကနေဒါနိူင်ငံမှာ အင်ဒီးဂျနင့်ကလေးတွေကို ဘော်ဒါဆောင်ပို့ပြီး အင်ဒီးဂျနင့်ဓလေ့ထုံးတမ်း ဘာသာစကား အမူအကျင့်တွေကို ဖျောက်ဖျက်ပြီး လူဖြူဓလေ့တွေ သွတ်သွင်းတာမျိုးတွေပဲ

၃) အခြေချကိုလိုနီစနစ်ဟာ အင်ဒီးဂျနင့်လူမျိုးစုတွေကို ကြောက်စရာသဖွယ် အသွင်ပြောင်းလိုက်တယ်

ကျွန်မတို့ ငယ်ငယ်တုန်းက ကြားလေ့ရှိတဲ့ လူရိုင်းဆိုတာ ဘာလဲ? ဘယ်သူတွေကို ခေါ်တာလဲ? ဘာလို့ အနောက်လူဖြူတွေရဲ့ အမူအကျင့်တွေကသာ လူယဉ်ကျေးအပြုအမူတွေကို အမည်တပ်ခံရတာလဲ? အင်ဒီးဂျနင့်လူမျိုးတွေနဲ့ သူတို့တွေရဲ့ ရိုးရာဓလေ့တွေကို ရိုင်းစိုင်းတယ်လို့ သတ်မှတ်လိုက်ခြင်းအားဖြင့် အခြေချကိုလိုနီသမားတွေအတွက် သူတို့ရဲ့ အခြေချကျုးကျော်မှုတွေကို တရားပါတယ်လို့ လိမ်ညာလိုက်ကြတယ် ဒီလူတွေဟာ ဘာမှ မသိ ရိုင်းစိုင်းနေတဲ့အတွက် သူတို့ကို ပြုပြင်ပြောင်းလဲ မော်ဒန်ဆန်ဖို့အတွက် အခြေချကိုလိုနီသမားတွေက လုပ်ပေးမှသာလျှင်ရမယ်လို့ ညာလိုက်ကြတယ်

ဒီအချက်တွေကို ကြည့်ပြီး ကိုလိုနီစနစ်နောက်ပိုင်း ကျွန်မတို့ မြန်မာနိူင်ငံကိုရော ဘယ်နေရာမှာ ဘယ်လို အခြေချကိုလိုနီစနစ်ကို ကျင့်သုံးနေသလဲ စဉ်းစားစရာ ဖြစ်လာတယ် လက်ရှိဖြစ်နေတဲ့ လူမျိုးစု ပဋိပက္ခတွေဟာ ဗြိတိသျှတွေရဲ့ နယ်ချဲ့ကျူးကျော်မှု အမွေအနှစ်တွေလို့ ဆိုလိုရကောင်းရပေမဲ့ တချို့နေရာတွေမှာတော့ မော်ဒန်မြန်မာနိူင်ငံတော်ကတော့ အခြေချကိုလိုနီစနစ်ကို ပြန်ကျင့်သုံးနေသေးသလဲ? ကချင်ပြည်နယ် မြစ်ကြီးနားမှာ စစ်တပ်ကို အသုံးချပြီး စစ်သားနဲ့ မိသားစုတွေကို ရွှေ့ပြောင်းနေရာချပြီး အာဏာကို ထိန်းသိမ်းထားတွေက အိန္ဒိယနိူင်ငံရဲ့ ကပ်ရှမီးကို လက်နက်ကိုင် ထိန်းချုပ်တဲ့ အခြေချကိုလိုနီစနစ်နဲ့ ဘာကွာသလဲ? ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ ရခိုင်တွေကြား နယ်မြေအကြောင်းပြ သွေးထိုး သွေးခွဲတာတွေကရော အစ္စရေးနိူင်ငံရဲ့ ပါလက်စတိုင်းလူမျိုးတွေကို အစီအစဉ်လိုက် ခွဲခြားပြီး နိူင်ငံသားခံစားခွင့်ပေးတာတွေနဲ့ ဘာကွာနေသလဲ? ကော့သူးလေဆိုပြီး ကရင်လူမျိုး‌တွေရဲ့ မိခင်နယ်မြေကို မြန်မာနိူင်ငံတော်ကနေ ဖယ်ခွာဖို့ တောင်းဆို လှုပ်ရှားနေတာတွေကရော အမေရိကန်နဲ့ ကနေဒါက အင်ဒီးဂျနင့်လူမျိုးစုတွေရဲ့ နယ်မြေပြန်ပေးဆိုတဲ့ အရွေ့တွေနဲ့ ဘယ်နေရာမှာ ဆင်တူနေမလဲ?

အတ်ဘဒူလာမိုးဆွက်က သူ့ဆောင်းပါးထဲမှာ ရေးခဲ့တယ်

“Settler-colonialism does not happen in a vacuum. It is interlinked with other oppressive structures and processes. It uses the same weapons wielded by genocidal autocrats, the same technology used by a surveillance state. It is a paradigm that requires the consent of the powerful and the support of the insecure. The effects of settler-colonialism in Palestine are felt in Ferguson. The effects of settler-colonialism in Kashmir will be felt far beyond its extremities.”

“အခြေချကိုလိုနီစနစ်ဟာ တသီးပုဂ္ဂလ ပေါ်ပေါက်လာတာ မဟုတ်ဘူး သူဟာ တခြားသော ဖိနှိပ်မှု စနစ်တွေ၊ ဖြစ်စဉ်တွေနဲ့ ချိတ်ဆက်နေတယ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သူ အော်တိုခရပ် အာဏာရှင်တွေနဲ့ အမြဲတစေ‌ စောင့်ကြည့်နေတဲ့ နိူင်ငံရဲ့ လက်ထဲက အာဏာနည်းပညာတွေကို အားကိုးနေတယ် အခြေချကိုလိုနီစနစ်ဟာ သူ့ရဲ့ အင်အားပိုမိုကြီးမားဖို့ အင်အားကြီးသူတွေရဲ့ သဘောတူညီမှုကို လက်ခံပြီး အားနည်းသူတွေရဲ့ မလုံခြုံမှုတွေကနေတဆင့် ပေါ်ပေါက်လာတဲ့ လက်သင့်ခံမှုတွေကို လိုအပ်နေတယ် ပါလက်စတိုင်းက အခြေချကိုလိုနီစနစ်‌ရဲ့ သက်ရောက်မှုတွေကို [အမေရိကန်က ရဲတွေရဲ့ မတရားသတ်ဖြတ်မှုကို ခံခဲ့ရတဲ့ လူမည်း] ဖာဂူဆန်ကိစ္စမှာ တွေ့ရနိူင်သလို ကပ်ရှမီးရဲ့ အခြေချကိုလိုနီစနစ်ကို သူရဲ့ နယ်မြေစွန်းတစ်ဘက်ခြမ်းတွေမှာပါ ခံစားရနိူင်တယ်”

အတ်ဘဒူလာ မိုးဆွက်ရဲ့ အာဘော်ဟာ လက်ရှိ မော်ဒန်နိူင်ငံတွေပေါ်မှာ အခြေတည်ထားတဲ့ အခြေချကိုလိုနီစနစ်ကို မေးခွန်းထုတ်လာစေတယ် အထက်က ရေးခဲ့သလို အမေရိကန်လို၊ ကနေဒါလို၊ ဩစတေးလျနိူင်ငံလို အခြေချကိုလိုနီနိူင်ငံတွေရဲ့ နိူင်ငံရေးခိုလှုံခွင့်၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ ဘဝတွေဟာ ထပ်တလဲလဲ တည်ရှိနေတဲ့ အခြေချကိုလိုနီစနစ်ကို ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ ဖိနှိပ်ခံတွေရဲ့ စိတ်မလုံခြုံမှုကနေ လက်သင့်ခံနေသေးသရွေ့ ပြန်အားမွေးပေးနေတယ်ဆိုတာ သိသာလာတယ်

ဒီနှစ် ကျေးဇူးတင်ခြင်း အားလပ်ရက်ကို ဘုမသိ ဘမသိ ကျင်းပနေကြတဲ့ ရွှေ့ပြောင်းအခြေချ မြန်မာတွေ အပါအဝင် လူဖြူအမေရိကန်တွေရဲ့ မျက်နှာတွေ၊ အမေကျော် ဒွေးတော်လွမ်းပြီး တစ်ချိန်က ဖိနှိပ်ခံတွေဖြစ်ခဲ့သူ‌တွေက တစ်ဖန် ဖိနှိပ်မှုစနစ်တွေကို ပြန်မြုံအားကိုးကျင့်သုံးချင်ကြတဲ့သူတွေရဲ့ အရှက်မရှိမျက်နှာ‌တွေကို တင်္ဒဂ လှောင်ပြောင်ရယ်မောရင်း ကိုလိုနီစနစ်ကို ချွတ်ချလို့ ဆိုတာဟာ အရင်အတိတ်က နယ်ချဲ့ကျုးကျော်မှုတစ်ခုကို ဦးတည်တန်ပြန်နေတာထက် လက်ရှိတည်ရှိနေဆဲ ဖြစ်တဲ့ အခြေချကိုလိုနီစနစ်တွေကိုပါ ဆိုလိုတယ်ဆိုတာကို ကျွန်မ တစ်သက်စာ အောက်မေ့ဆင်ခြင်မိတယ်

ပုံ – မြောက်အမေရိကတိုက်မှ ကျေးဇူးတင်ခြင်း အားလပ်ရက်ပုံပြင်ကို ချေပထားသော ပုံကို အင်ဒီးဂျနင့်လူမျိုးစုတစ်စု ဖြစ်တဲ့ လက်ကိုတာ လူမျိုးစုရဲ့ လက်ကိုတာလူမျိူးများ၏ ဥပဒေပရောဂျက် Instagram မှ ကူးယူဖော်ပြပါတယ်

အိန္ဒိယနိူင်ငံရဲ့ ကပ်ရှမီးဒေသက အခြေချကိုလိုနီစနစ်‌အကြောင်း

Let’s Talk Palestine Instagram Account က ရေးသားတဲ့ ပါလက်စတိုင်း အပါထိုင်း (လူမျိုးရေး ခွဲခြားမှု) အကြောင်းမိတ်ဆက်

အတ်ဘဒူလာမိုးဆွက်ရဲ့ “အခြေချကိုလိုနီစနစ် – လူသားဆန်မှုကနေ ချွတ်ချခြင်းနဲ့ အခွံခွာခြင်း” ဆောင်းပါး

 

 

အိမ်မက် စီးရီး ၁

မျက်နှာဟာ အိပ်ရာက ထရင် စီးကပ်ကပ်ဖြစ်နေတယ်

တစ်ခါတစ်လေ အိမ်မက်ထဲမှာ ငိုရင်းနဲ့ အပြင်မှာပါ ငိုချမိတယ်

ဂျိုင်းက အနံ့မရပေမဲ့ ချွေးတွေ ထွက်နေသလိုပဲ

အခုတလော နိုးနိုးချင်း မျက်နှာလည်း မသစ်ဖြစ် သွားလည်း မတိုက်ဖြစ်

နေမမြင့်ခင်တော့ တံမြက်စည်းလှဲ ဟင်းချက်ပါဦးမယ်

 

လေထဲမှာ ဝဲ ဝဲ သွားပြီး ဖမ်းရခက်တဲ့ အဖြူရောင် ဖုန်မွှေးတွေက ဘယ်က ရောက်လာတာလဲ တံမြက်စည်းလှဲတိုင်း တွေးမိတယ်

သူတို့ကို မရမက လိုက် လိုက် ဖမ်းရင်း ကလေးတစ်ယောက်လို မြူးရမဲ့အစား စိတ်မရှည်ဘူး

မနက်နေက ထမင်းစားစားပွဲနောက်ကနေ မျက်နှာကို လာထိုးတယ်

၃ လက်မ သာသာလောက်ရှိတဲ့ ကန္တာရ သစ်ဆူးပင်လေးက နေရောင်အောက်မှာ လှလိုက်တာ

ရေမသောက်ဘဲ နေပဲသောက်တဲ့ အပင်တွေကို အားကျမိတယ်

ဝမ်းစာတွေ ဘယ်လောက်တောင် ကြိုစုထားလဲလို့

လှုပ်လှုပ် လှုပ်လှုပ် လုပ်လိုက်တိုင်း မောတတ်တဲ့ ကျွန်မလို မဟုတ်ကြဘူးနော်

 

ဆန်အဖြူတွေကို ဆန်ရိုင်းနဲ့ ၂ လုံး ၁ လုံးအချိုးထည့်ပြီး အိုးထဲမှာ နာနာဆေးတယ်

ဆန်စေ့တွေ လက်ကြားထဲ ပွတ်ပွတ်သွားတဲ့ အရသာက တရားထိုင်ရသလိုပဲ

အသားမာတက်ခါစ လက်တွေက ဆန်ဆေးဖို့အတွက် အကောင်းဆုံး တန်ဆာပလာဖြစ်နေပြန်တယ်

ဘေစင်နောက်နားကနေ နောက်ဖေးက အပင်ရိုင်းတွေကို ကြည့်မိတယ်

ခုတ်ပစ်ရမယ် ခုတ်ပစ်ရမယ် တွေးရင်း လူအရပ်ကျော်သွားကြပြီ

ခုတ်ပစ်သင့်သေးသလား

‌ဖြည်းဖြည်းချင်းစီ နယ်ရင်းဆေးရင်း ထွက်လာတဲ့ အဖြူညစ်ရောင်အရည်တွေက သစ်ပင်တွေအတွက် နေ့လည်စာ ရတယ်

တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့

 

ထမင်းအိုးတည်ထားတုန်း အိမ်ရှေ့မှာ ခဏထိုင်တော့ ခွေးလေးက အနားလာတယ်

နေရာတွေ အကျယ်ကြီး ရှိနေတာတောင်မှ ဘာလို့ အသားချင်းကပ်ချင်ရတာလဲနော်

သူ့အမွှေးတွေကို ပွတ်သပ်ပေးရင်း ကျွန်မလည်း စိတ်သက်သာရာရတယ်

တမင်တကာ ဗီဇပြုပြင်ခံထားရတဲ့ သူကလည်း ကြိုက်တဲ့ပုံပဲ

ညနေကျရင် ဘောလုံးကို လေထဲ မြှောက်ပစ် ပစ်ပေးရင်း ဆော့ကြဦးမယ် ကြည့်

စ တယ်ဆိုတာ ချစ်လို့လည်း ပါတယ်နော်

ဒါပေမဲ့ ကျွန်မအချစ်တွေက တစ်ခါတစ်လေ ရိုင်းတယ်

နိူင်ထက်စီးနင်း နာမည်တွေကို ချစ်စနိုးလို့ တပ်ခေါ်ရတာ ပါးစပ်ထဲ နားထဲ တစ်တစ်ခွခွပဲ

 

ခဏနေရင် ဧည့်ခန်းထဲအထိ လှိုင်လာတဲ့ ထမင်းနံ့တွေကို မျက်စိမှိတ်ပြီး သေချာရှုမိတယ်

ဘာအရသာမှ မယ်မယ်ရရ မရှိတာတွေကို ဘာလို့ ကြိုက်ရတာလဲ ကျွန်မ မသိဘူး

နေ့လည်စာ လက်ဆုံစားဖို့ မရှိတဲ့ ဧည့်သည်တွေကို ပြတင်းက မျှော်မိတယ်

နောက်တော့လည်း ငပိရည်ကို ထမင်းနဲ့နယ်ပြီး သခွားသီးစိမ်းနဲ့ တစ်ယောက်တည်း တို့စားရတာပါပဲ

ဘေးနားမှာ စိတ်ရှည်လက်ရှည်စောင့်နေတဲ့ ခွေးလေးကို သခွားသီး တစ်ဖတ် နှစ်ဖတ် ကျွေးဦးမယ်

ဘဲဥချက်တဲ့နေ့တွေဆို အကာသားကို လျှာနဲ့ သေချာစုပ်ပြီးမှ သူ့ကို ကျွေးတယ်

ဒါပေမဲ့လည်း အရိုးတွေစားပြီး ပြန်အန်ထုတ်တဲ့ နေ့တွေ ရှိတာပဲ

ဒီနေ့က ခေါင်းအုံးစွပ်တွေ လဲရမဲ့နေ့လေ

လက်သည်းတွေ ကျိုးကောင်းကျိုးနိူင်တယ်

ခေါင်းအုံးစွပ်ဆို အရောင်တောက်တောက်ကလေးတွေ ပိုကြိုက်တယ်

ငယ်တုန်းပဲ အရောင်တောက်တောက်ကလေးတွေ ဝတ်ရတာလို့ အမေက ပြောဖူးတယ်

အနီရောင်တွေ၊ ပန်းရောင်တွေ ဗီဒိုထဲ အပြည့်ပဲ

နောက်တော့ အမေ သူများ ပေးလိုက်တယ်

ကျွန်မ မငယ်တော့ဘူး

 

နေ့မြင့်လာရင် ကျွန်မ စာထိုင်ရေးမိတယ်

အရည်မရ အဖတ်မရ ပေါက်တတ်က‌ရတွေရော

ပေါက်ပေါက်စစတွေရော

အို ဘာဖြစ်လဲ

ကိုယ့်အတွက်ကိုယ် ရေးတာပဲ

ဘာလို့ သူများကြိုက်မှာ မကြိုက်မှာ စိတ်ပူကြတာလဲဟင် 

ဦးနှောက်ညောင်းလာရင်တော့ အိပ်ခန်းကို ဆေးသုတ်ဦးမယ်

အစိမ်းနုရောင်လေးဆို မျက်စိအေးမယ် တွေးပေမဲ့ ဆေးဆိုင်ထဲက လိမ္မော်ရောင်‌အတန်းနားမှာ တဝဲလည်လည် ဖြစ်ရပြန်တယ်

စိတ်ထဲမကောင်းရင် ဆေးသုတ်ရတာလည်း ခက်တယ်

အနားစတွေ သတ်ဖို့ လက်မညီဘူး

အဲ့ဒါကြောင့် ပန်းချီကားတွေ ဆွဲတိုင်း တိတိပပ ပုံတွေ မဆွဲဖြစ်ဘူး

ဖြစ်ကတတ်ဆန်းပဲ ဆေးတွေ ပက်မိတယ်

 

ညနေ‌စောင်းရင်တော့ ကျနေက ပုဇွန်ဆီရောင် ကာနေးရှင်းတွေကို လာဟပ်တယ်

အိမ်က ပြန်စည်လာတယ်

ဧည့်ခန်းက ဆက်တီခုံတွေကြား ခွေးလေးနဲ့ ပြေးဆော့မိတယ်

ကျွန်မ မောလိုက်တာ

ထမီဝတ်ထားရင် သူကိုက်မိလွယ်လို့ ဘောင်းဘီပြောင်းဝတ်ပြီး ပြေးတယ်

ငယ်ငယ်တုန်းက အိမ်လို တံခါးတွေ အစေ့ ပြန် မပိတ်တတ်တဲ့ နှလုံးက ပြီးရင် လှိုက်နေတာပဲ

တစ်နေ့‌နေ့ အဲ့တံခါးက ဝုန်းခနဲ ပွင့်ထွက်ဦးမှာပါပဲ

 

တစ်နေကုန် ဖိနပ်မစီးဖြစ်ဘူး

ခြေစွပ်တွေလည်း ပေးပစ်လိုက်သင့်ပြီ ထင်တယ်

ဖုန်တွေ တက်နေတဲ့ ခြေထောက်ကို သူ့နားရွက်နှစ်ဖက်ဆွဲပြီး နဖူးကို နမ်းမိသလို လျှာနဲ့ အယက်ခံရဦးမှာပဲ

ခြေထောက်တွေက ဘယ်တော့မှ မအေးပါဘူး

 

၇ နာရီလောက်ဆို အိပ်ရာထဲရောက်နေပြီ

သတင်းတွေ ဖတ်တယ်

နမ်းတယ်

အိပ်ရာဘေးမှာ ရေတစ်ခွက်တော့ အမြဲထားရတယ်

ညသန်းခေါင် လည်ချောင်းတွေ ခြောက်ပြီး နိုးလာတတ်လို့လေ

အိမ်မက်ထဲမှာ စံပယ်ပန်းကုံးတွေအပြည့်နဲ့ ဂူထဲ ရောက်ရောက်သွားပြန်တယ်

ဖျင်ကြမ်းအင်္ကျီနဲ့ ဦးလေးကြီးက လာလာခေါ်တယ်

ဘုရား သွားဖူးရအောင်တဲ့

ကလေးလေး ဖြစ် ဖြစ်သွားပြန်တယ်

မနက်နိုးရင်တော့ အနံ့မရပေမဲ့လည်း ကျွန်မကိုယ် ချွေးတွေနဲ့ စီးကပ်ကပ် ဖြစ်နေလိမ့်ဦးမယ်

လူပြိန်းကြိုက်

လူပြိန်းကြိုက်ဆိုတဲ့ စကားလုံးဟာ ကျွန်မစိတ်ကို ကသိကအောက်ဖြစ်နေစေခဲ့တာ ကြာပါပြီ လူမှုကွန်ယက်‌တွေပေါ်မှာ အလွယ်တကူ သုံးကြ‌တဲ့ အရပ်သုံး/ဗန်းစကားတစ်ခုအနေနဲ့သာမက တော်လှန်ရေးသမားတွေ၊ အတွေးအခေါ်ပညာရှင်တွေ စုကြတဲ့ ရပ်ဝန်းတွေ၊ နေရာတွေမှာ တစ်ခါတစ်ခါ စကားပြောကြရင်း မသိမသာ (ဒါမှမဟုတ် သိသိသာသာ) ထွက်ထွက်ကျလာတဲ့ စကားစုတစ်ခုအနေနဲ့ ကျွန်မ သတိထားလာမိတယ်

ခဏ ခဏကြားလာရတော့ လူပြိန်းဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာလဲဆိုတာ တွေးမိတယ် ပိန်းနေတဲ့ လူတွေ ဖတ်တဲ့ စာ၊ စကားတွေက ဘယ်လိုမျိုးလဲ တွေးမိတယ် စိတ်ဝင်စားမိတာက လူပြိုန်းကြိုက်လို့ ပြောလိုက်တာနဲ့ နားထောင်နေတဲ့၊ ကြားလိုက်တဲ့ လူတိုင်းဟာ ဒီစကားလုံးကို လက်သင့်ခံလိုက်ကြတယ်ဆိုတာပဲ ဘာကြောင့်လဲ?

အဲ့ဒါကြောင့် လွန်ခဲ့သောအပတ်တွေထဲမှာ ကျွန်မ စာသင်ခန်းထဲမှာ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေနဲ့ ဆွေးနွေးဖြစ်ခဲ့တယ် ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ကတော့ ဘာသာစကားကို အွန်လိုင်းပေါ်မှာ သုံးပုံ သုံးနည်းတွေအကြောင်းပါ လူပြိန်းကြိုက်ဆိုတာကလည်း Facebook ဟာ မြန်မာပြည်ရဲ့ အင်တာနက်ပမာ ဖြစ်မလာခင်ကတည်းက ရှိခဲ့တဲ့ စကားစုတစ်ခု ဖြစ်ကောင်းဖြစ်ပေမဲ့ အခုလက်ရှိမှာတော့ Facebook ပေါ်က အရေးအသားတချို့ကို ဝေဖန်တဲ့နေရာမှာ သုံးတယ်ဆိုတာ ပို သတိထားမိလာတယ် လူပြိန်းကြိုက်အပြင် တစ်ရာဖိုး သုံးပုဒ်တို့လိုမျိုး စကားလုံး အသစ်တွေနဲ့ “အရည်မရ အဖတ်မရ” ဆိုတဲ့ စာအရေးအသားတွေကို ညွှန်းဆိုလာကြတယ်

ဒီနေရာမှာ ကျွန်မ စကားချပ်ခံချင်တာက လူပြိန်းကြိုက်လို့ လူတွေ ပြောလေ့ရှိတဲ့၊ တစ်ရာဖိုး သုံးပုဒ်လို့ လူတွေ ခေါ်လေ့ရှိတဲ့ စာတွေ စာရေးသူတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မဲ့အစား ကျွန်မ စိတ်ဝင်စားမိတာက ဘယ်လို စာအရေးအသားမျိုးကို စာဖတ်သူက လူပြိန်းကြိုက်လို့ မှတ်ယူလေ့ရှိသလဲ၊ အဲ့လို စာတွေ ဖတ်ခြင်း၊ ကြိုက်နှစ်သက်ခြင်းဟာ အဲ့ဒီ စာဖတ်သူကို လူပြိန်းလို့ ဘယ်လိုအသွင်ပြောင်းလိုက်သလဲ (တစ်ဆက်တည်းမှာပဲ ဘယ်လိုစာတွေ ဖတ်တဲ့သူကိုတော့ လူတော် ‌လူထက် လူနက်နဲလို့ မှတ်ယူလိုက်သလဲ) ဆိုတဲ့ မေးခွန်းတွေပဲ

အတန်းထဲက ဆွေးနွေးချက်မှာ လူအများကြိုက်တယ်ဆိုရင် အဲ့ဒီစာဟာ လူပြိန်းကြိုက် ဖြစ်ကောင်းဖြစ်နိူင်တယ်ဆိုတဲ့ အချက်ကို ကျောင်းသားတစ်‌ယောက်က ထောက်ပြခဲ့တယ် ဟိုတလောကလည်း ကျွန်မ မိတ်ဆွေတစ်ယောက်က သူရဲ့ တွေးခေါ်ယူဆချက်တွေဟာ တော်လှန်ရေးနောက်ပိုင်းမှာ လူအများနဲ့ တူလာတော့ ကိုယ့်ကိုယ်ကို ဟုတ်ရော ဟုတ်သေးရဲ့လား ပြန်မေးခွန်းထုတ်မိတယ်ဆိုပြီး ရေးထားတာကို ဖတ်ခဲ့ရတယ် ဒီအချက်တွေနဲ့ လူပြိန်းကြိုက်ဆိုတာကို ကောက်ချက်ချရရင် လူပြိုန်းကြိုက်စာပေဆိုတာ အများကြိုက်တဲ့ စာပေကို ဆိုလိုတာလို့ ကျွန်မ နားလည်ကြည့်လို့ရတယ် ဒါဆို ဘာလို့ အများကြိုက်လာရင် မကောင်းတော့တာလဲ? အများက လူပြိန်းတွေ ဖြစ်နေလို့လား?

ဒီနေရာမှာ စဉ်းစားတွေးခေါ်ချင်သူတွေ/စဉ်းစားတွေးခေါ်တတ်သူတွေအနေနဲ့ group think လို့ ခေါ်တဲ့ အုပ်စုလိုက်တွေးခေါ်ခြင်း ဒါမှမဟုတ် populist လို့ ခေါ်တဲ့ လူအများကြိုက် ဖြစ်အောင် ပြောဆို သုံးနှုန်းတဲ့ စကားလုံးဝေါဟာရ၊ အပြောအဆို၊ အယူအဆတွေကို ဝေဖန်သုံးသပ်ချင်လို့လို့ မှတ်ယူလို့ ရသလို အဲ့ဒီလို အများကြိုက်ဆိုတာတွေကို ဝေဖန်ရင်းနဲ့ စာဖတ်သူအသိုင်းအဝိုင်းကြားမှာ အထက်အောက်စနစ်တွေ ဘယ်လို ပြန်ထုတ်လုပ်မိနေသလဲဆိုတာကို ကျွန်မ မေးခွန်းထုတ်ချင်တယ် ရှင်းအောင် ပြောရရင် လူပြိန်းကြိုက်ဆိုတဲ့ စကားလုံးဟာ အဲ့ဒီ အများကြိုက်စာပေတွေထဲက အပေါစားဆန်နေတဲ့ အတွေးအခေါ်တွေကို ဝေဖန်နေသလား? ဒါမှမဟုတ် အဲ့ဒီလို စာပေမျိုးကို ဖတ်တဲ့၊ ကြိုက်တဲ့၊ နားလည်လွယ်တဲ့ စာပေမျိုးကိုပဲ ဖတ်တတ်တဲ့ လူတန်းစားတစ်မျိုးကို လူပြိန်း ဆိုပြီး ပြန်ခွဲခြားလိုက်သလား?

လူပြိန်းကြိုက်နဲ့ ပတ်သက်ပြီး တောင်အမေရိကတိုက်ရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ တယ်လီနိုဗယ်လာ (telenovela) လို့ခေါ်တဲ့ မယ်လိုဒရာမာ melodrama (ဒါမှမဟုတ်) soap opera ဇာတ်လမ်းတွဲတွေအကြောင်းကို ကျွန်မ ဆက်စပ်စဉ်းစားမိတယ် (ဒရာမာလို့ ခေါ်မဲ့အစား မယ်လိုဒရာမာကတော့ စိတ်ခံစားချက်တွေကို သိသိသာသာ ချဲ့ကားဦးစားပေးထားတဲ့ ဒရာမာမျိုးကို ဆိုလိုတာပါ) ဘရားဇီး၊ မက်ဆီကို၊ အာဂျင်တီးနား အစရှိတဲ့ တောင်အမေရိကနိူင်ငံတွေမှာ melodrama လို့ ခေါ်တဲ့ ဖော်မြူလာဆန်ဆန် ချစ်ကွဲညား ဇာတ်လမ်းတွဲတွေဟာ အဲ့ဒီ့နိူင်ငံတွေရဲ့ မီဒီယာ ရိုးရာဓလေ့တစ်ခု ဘယ်လို ဖြစ်လာသလဲဆိုတာ မီဒီယာတွေကို လေ့လာတဲ့ မနုဿဗေဒပညာရှင်တွေက စိတ်ဝင်စားခဲ့တယ် အဲ့ဒီလို soap opera တွေဟာ တစ်ခါလာလည်း ချစ်ကွဲညား၊ ဆင်းရဲသူ ဇာတ်လိုက်သရုပ်ဆောင်က သူဌေးသားနဲ့ ကြိုက်၊ သူဌေးသားမိဘတွေက ဆန့်ကျင့်၊ နောက်ဆုံးမှာ ကွဲရင်ကွဲ မကွဲရင် ညား အစရှိသဖြင့် ဇာတ်လမ်းတွေဟာ သံတူကြောင်းကွဲ ဖော်မြူလာတွေ များတယ် တချို့သော ကိုးရီးယား ဒရာမာတွေနဲ့ ခပ်ဆင်ဆင်ပေါ့ soap opera တွေထဲက သရုပ်ဆောင်ချက်တွေဟာလည်း သရုပ်ဆောင် တော်တယ်ဆိုတာထက် လိုတာထက် ပိုချဲ့ကားထားတဲ့ သရုပ်ဆောင်ချက်တွေ ဖြစ်နေတယ် ဒါကို အချိန်ကုန်ခံ ကြည့်တဲ့သူတွေက ဘယ်သူတွေလည်းဆိုတာ မနုဿဗေဒပညာရှင်တွေက ဆန်းစစ်ကြည့်လိုက်တော့ အိမ်ထောင်သည် လက်လုပ်လက်စား အမျိုးသမီးတွေ ဖြစ်နေတာကို သွားတွေ့ရတယ် သူတို့ဟာ အိမ်အလုပ်တွေ လုပ်ရင်း soap opera ကြီးကို ဖွင့်ထားပြီး နားထောင်လေ့ရှိတယ် နက်နဲတဲ့၊ အနုပညာဆန်တဲ့ ရုပ်ရှင်တစ်ကားကို သေချာ အာရုံစိုက်ပြီး အဖြေထုတ်ဖို့ ကြည့်ကြတဲ့အစား ဒီ အိမ်ထောင်ရှင်မတွေက အလုပ်တစ်ဖက်ကနေ သူတို့ အာရုံကို ဖျော်ဖြေလို ဖျော်ဖြေငြား ဒီ soap opera တွေကို ကြည့်ကြတယ်ဆိုတာ သွားတွေ့ရတယ် အဲ့ဒီတော့ အဲ့ဒီလို ဘာမှ အကျိုးမယ်မယ်ရရ မရှိတဲ့ soap opera တွေကို အချိန်ကုန်ခံကြည့်ကြတဲ့သူတွေကို ငတုံးတွေ၊ ငအတွေလို့ အပေါ်ယံ အဖြေထုတ်လိုက်မဲ့အစား ဘာလို့ အိမ်ထောင်သည် လက်လုပ်လက်စား မိန်းမတွေဟာ ဒီလို ရုပ်ရှင်မျိုးတွေကို ကြည့်ကြသလဲ? အဲ့ဒီလို ကြည့်ဖြစ်အောင် လူမှုအနေအထားတစ်ခုက သူတို့ကို ဘယ်လို တွန်းအားတွေ ပေးနေသလဲဆိုတာကို ထောက်ပြခဲ့ကြတယ် မျက်စိနဲ့ မမြင်ရအောင် လုပ်ထားတဲ့ အလုပ်တွေ၊ တန်ဖိုးတစ်ခုမပေးထားတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတဲ့ လူတန်းစားတစ်ခု ဖြစ်တဲ့ အိမ်ထောင်သည် လက်လုပ်လက်စားမိန်းမတွေမှာ နက်နက်နဲနဲ စဉ်းစားတွေးခေါ်တာတွေ လုပ်ဖို့ အခွင့်အရေးရှိသလား? အဲ့လို လုပ်ဖို့ရော သူတို့မှာ ပြင်ဆင်မှုတွေ လုပ်ဖို့ အခြေအနေရှိခဲ့ရဲ့လား? အချိန်ရော ရှိသလား?

အားလုံးသိတဲ့အတိုင်းပဲ ကျွန်မလည်း အရင်က ရေးဖူးသလိုပဲ စဉ်းစားတွေးခေါ်မှုဆိုတာဟာ ဖိုဝါဒနဲ့ အများကြီး ချိတ်ဆက်နေတယ် စဉ်းစားတွေးခေါ်ဖို့ အားလပ်ချိန်ဆိုတာ လိုအပ်တယ် စဉ်းစားတွေးခေါ်လာတတ်အောင် ‌တိုက်တွန်းထောက်ပံ့ပေးတဲ့ နေရာတွေ၊ ရပ်ဝန်းတွေ လိုအပ်တယ် အဲ့ဒီလိုမျိုးတွေဟာ လူမှုဘောင်‌တွေထဲမှာ ဂျန်ဒါအရသော်လည်းကောင်း၊ လူတန်းစားအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ဘယ်သူတွေမှာ ပိုအခွင့်အရေးရှိနေသလဲ? မြန်မာပြည်မှာဆို လေထန်ကုန်းလို နေရာမျိုးမှာ ဘယ်သူတွေကျက်စားလေ့ ပိုရှိသလဲ? လက်ဖက်ရည်ဆိုင်တွေမှာ မနက်ဆို သတင်းစာ အေးအေးဆေးဆေး ထိုင်ဖတ်ခွင့်ရှိတာ ဘယ်သူ‌တွေလဲ? ဒီ‌အောက်ခြေက မေးခွန်းတွေကို မမေးဘဲ ဒီလိုလူတွေကတော့ လူပြိန်းတွေပါ ငတုံးတွေပါလို့ ပြောတာ ဟုတ်ရောဟုတ်ရဲ့လား? လူပြိန်းကြိုက်လို့ ပြောနေကြတဲ့ အသုံးအနှုန်းမှာ ဘယ်သူတွေကို ရည်မှန်းပြောဆိုချင်သလဲဆိုတာ ကျွန်မ အတိအကျပြောလို့ မရပေမဲ့ ဘာသာစကား/စာပေလေ့လာမှုအရ လူပြိန်းကြိုက်စာပေရဲ့ အသွင်အပြင်တွေကို လက်ဆုပ်လက်ကိုင်ပြဖို့ ခက်နေတယ် (ဒီနေရာမှာ lingusitic အသွင်အပြင်တွေကို ဆိုလိုတာပါ ဥပမာ – လူပြိန်းကြိုက်စာပေမှာ သုံးလေ့ သုံးထရှိတဲ့ စာလုံးတွေက ဘာတွေလဲ ဘယ်လို ကာရန်တွေ ပါလဲ ဘယ်လို အင်္လကာတွေ ပါသလဲ အစရှိသဖြင့်ပေါ့) လူပြိန်းကြိုက်စာပေတွေမှာရော စိတ်ခံစားချက်တွေကို melodrama လိုမျိုး ဘယ်လိုချဲ့ကား ဦးစားပေးထားသလဲ? ဒါပေမဲ့ လူပြိန်းကြိုက်လို့ပြောလိုက်ဝာာနဲ့ ကျွန်မတို့က အဲ့ဒီစာကို ကြိုက်တဲ့လူတွေကို တစ်မျိုးတစ်ဖုံ မြင်ယောင်ခံစားလိုက်ကြတယ် သူတို့နဲ့ မတူ တမူထူးချင်ကြတယ် ငါဟာ နက်နက်နဲနဲတွေကို နားလည်တဲ့သူ၊ စဉ်းစားတဲ့သူလို့ ကိုယ့်ကိုယ်ကို မြင်ချင်ကြတယ်၊ မြင်မိကြတယ် နက်နက်နဲနဲ တွေးခေါ်တတ်တာ ကောင်းပါတယ် ဒါပေမဲ့ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်မှုဟာ သူတစ်ပါးကို မကောင်းပြုပြီးမှ ရလာတဲ့ ဂုဏ်ပုဒ်တစ်ခုဆိုလို့ရှိရင် ဒီလူဟာ တကယ်ရော စဉ်းစားတွေး‌ခေါ်တတ်ရဲ့လား? သူတစ်ပါးနဲ့ အမြဲတမ်း ဆက်စပ်ပြီးမှ ရလာတဲ့ နာမဝိသေသနတစ်ခုလား? ကျွန်မအတွက်တော့ စဉ်းစားစရာ ဖြစ်လာတယ်

ကျွန်မအတွက်ကတော့ ဖော်မြူလာတွေကလည်း ကျွန်မတို့ စိတ်နဲ့ ခန္ဓာကို သက်တောင့်သက်သာပြုစေတဲ့ အရာတွေ ဖြစ်တယ် ကိုယ်သိပြီးသား၊ ရင်းနှီးကျွမ်းဝင်ပြီးသားဟာ အစိမ်းသက်သက်ထက် ပိုပြီး သက်တောင့်သက်သာရှိစေတယ် တောင်အမေရိကက အိမ်ထောင်ရှင်မတွေ soap opera ကြည့်ရခြင်းဟာ ဇာတ်လမ်းအသစ်တစ်ခုကို သိဖို့ထက် သူတို့ သိပြီးသား ရုပ်ရှင်ဇာတ်ကွက်တစ်ခုကို ပုံစံအမျိုးမျိုး သရုပ်ဆောင်အမျိုးမျိုးနဲ့ ကြည့်ချင်ကြလို့ပဲ ဖြစ်တယ် အပြင်ပန်းက ကိုယ်ထိန်းချုပ်လို့ မရတဲ့ အခြေအနေတွေကို မလွှဲရှောင်သာနိူင်တဲ့ အချိန်မှာ ကိုယ်စိတ်ချရတဲ့၊ ယုံကြည်ရတဲ့၊ ကိုယ့်စိတ်တွေကို လွှတ်ချလိုက်လို့ ရတဲ့ နေရာတစ်ခုကို ပြန်လာရတာ ကျွန်မတို့ စိတ်ကို သက်သာရာရစေတယ် ကျွန်မတောင်မှ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်တဲ့အခါ သိပြီးသား ရင်းနှီးပြီးသား ဇာတ်ကွက်တစ်ခုကိုပဲ ပြန်ကြည့်ချင်မိတယ် အသစ်တွေ စဉ်းစားရမှာတွေကို မကြည့်ချင်ဘူး အမြဲတမ်း စက္ကန့်နဲ့အမျှ စဉ်းစားနေပါတယ် ပြောတာဟာ ဖိုသဘောဆန်တဲ့ ကြွေးကြော်မှုအတုတွေပဲ ဒီလို “အရည်မရ အဖတ်မရ”တွေကို ကြည့်မိတာ၊ ကြိုက်မိတာကို ရှက်တာတွေကလည်း ဖိုသဘောတရားတွေပဲ (ကျွန်မအတွက်ကတော့ အရည်မရ အဖတ်မရတွေက လူမှုပေါင်းသင်းဆက်ဆံမှုတွေကြားထဲမှာ လွယ်လင့်တကူ ရွေ့လျားလှုပ်ရှားလို့ရအောင် လုပ်ပေးထားတဲ့ ချောဆီတွေပဲ ဖြစ်တယ် ရုပ်ဝတ္တုအစိုင်အခဲတွေသာ ရှိတဲ့ လောကကြီးက အဓိပ္ပါယ်ရော ရှိဦးမလား ကျွန်မ မရေမရာ ဖြစ်မိတယ်) ဒီလို သက်တောင့်သက်သာ တစ်ခုမှာ ခဏတာဖြစ်ဖြစ် ကိန်းအောင်းချင်တာဟာ လူ့သဘောသဘာဝပဲ ဒါကြောင့်လည်း ကျွန်မတို့ဟာ ကိုယ်သိပြီးသားတွေက ခွာထွက်ဖို့ ခက်ခဲနေတတ်ကြတယ် စနစ်တွေကို ဖြိုချဖျက်ဆီးတာကို အားပေးတဲ့သူတစ်ယောက်အနေနဲ့ အဲ့ဒီလို အရည်မရအဖတ်မရတွေကို ဖြိုချမယ်လို့ ဆိုလို့ရှိရင်တောင်မှ တစ်ချိန်တည်းမှာလည်း လူတစ်ယောက် (သို့) တစ်အုပ်စုချင်းစီမှာ ရှိနေနိူင်တဲ့ စနစ်‌တွေရဲ့ ဖိနှိပ်မှုတွေကနေ တင်္ဒဂ ထွက်ပြေးစရာ သက်တောင့်သက်သာပြုမှုတွေကို ဖီမီနင့်ဆန်ဆန် ကျွန်မ စာနာကြည့်ချင်မိတယ်

လူတိုင်းဟာ စဉ်းစားတွေးခေါ်နိူင်တဲ့ အရည်အသွေးတွေ ရှိတယ်ဆိုတာ ကျွန်မ ယုံပါတယ် ဒါပေမဲ့ စဉ်းစားတွေးခေါ်သူတိုင်းမှာလည်း သူတို့အတွက် သက်တောင့်သက်သာဖြစ်စေတဲ့ ဖော်မြူလာဆန်တဲ့ လုပ်ရပ်တွေ၊ အမူအကျင့်တွေရှိနေတုန်းပဲဆိုတာ ကျွန်မ နားလည်မိတယ် စဉ်းစားတွေးခေါ်ဖို့ အခြေအနေက လူတိုင်းအတွက် ရှိမနေဘူးဆိုတာလည်း ကျွန်မ သဘောပေါက်မိတယ် ဒါတွေကို နွားချည်တိုင်မှာ ချည်ခံထားရတဲ့ နွားလိုမျိုး ချုပ်နှောင်မှုတွေထဲ ရုန်းမထွက်နိူင်တဲ့လူလို့ ယူဆလို့ ယူ‌ဆကောင်းရပေမဲ့ ရုန်းကန်နေရင်းနဲ့၊ ဖိနှိပ်ခံရင်းနဲ့ စိတ်နဲ့ကိုယ်ကို တတ်နိူင်သလောက် ကုစားနေကြတဲ့ (ကျွန်မအပါအဝင်) လူတွေကို လူပြိန်းတွေလို့ အကန့်သတ်လိုက်မဲ့အစား သူတို့ရဲ့ ကုစား‌ချက်နောက်ကွယ်က တွန်းအားတွေ ပေးနေတဲ့ ထိန်းချုပ်မှု၊ ဖိနှိပ်မှုစနစ်တွေကိုသာ ဝေဖန်ပုတ်ခတ်ကြမလား စဉ်းစားကြည့်စေချင်မိတယ်

ပုံ – နေရောင်မလုံ့တလုံ ကျိုးတိုးကျဲတဲသစ်ရိပ်အောက်က မြေလမ်းသွယ်လေးတစ်ခု

Melodrama Research Consortium

https://melodramaresearchconsortium.org/?fbclid=IwAR10sn0XyyE9-57vUO1XjyY9V7Q0hI8HgtNSXEhMaBI96IRyaMdnuWk4nso (melodrama နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ ဘာသာရပ်ပေါင်းစုံက စာတမ်းများကို ဒီ website မှာ ဝင်ရောက် ဖတ်ရှုနိူင်ပါတယ်)

မနုဿဗေဒပညာရှင် ဖေးဂင်းစဘတ်ဂ် (Faye Ginsburg)၊ လိုင်လာအာဘူလပ်ဂေါ့ (Lila Abu-Lughod) နဲ့ ဘရိုင်ယန်လာကင် (Brian Larkin) တို့ တည်းဖြတ်သော “မီဒီယာ ကမ္ဘာ” (Media World) စာတမ်းပေါင်းချုပ် (ဒီစာအုပ်ထဲမှာ ညွှန်းချင်တာက အီဂျစ်လူမျိုး အမေရိကန် မနုဿဗေဒပညာရှင် လိုင်လာ အာဘူလပ်ဂေါ့ ရေးခဲ့တဲ့ “Egyptian Melodrama – The Technology of the Modern Subject?” “အီဂျစ်က melodrama – မော်ဒန်တွေရဲ့ နည်းပညာတစ်ခုလား”ဆိုတဲ့ ပေပါပဲ ဖြစ်ပါတယ်)

https://monoskop.org/images/9/95/Ginsburg_Abu-Lughod_Larkin_Media_Worlds_Anthropology_on_New_Terrain.pdf

 

မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ဖြစ်နိုင်ချေရှိမရှိ

Girish Daswani မူရင်း ရေးသားပြီး မခြင်္သေ့ ဘာသာပြန်သည်။ မူရင်းစာတမ်းကို Everyday Orientalism တွင် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

 

Girish Daswani သည် ကနေဒါနိူင်ငံမှ တိုရန်တိုတက္ကသိုလ် မနုဿဗေဒဌာနမှ တွဲဘက်ပါမောက္ခတစ်ယောက်ဖြစ်သည်။ Everyday Orientalism တွင် စာများ ပုံမှန်ရေးရုံသာမက လက်ရှိတွင် ဂါနာမှ နိူင်ငံရေးလာဘ်စားမှုများနှင့် ပတ်သက်ပြီး ဘာသာရေးတုံ့ပြန်မှုများ၊ တက်ကြွလှုပ်ရှားမှုများအကြောင်းကို စာအုပ်ရေးသားနေသည်။ Bright Ackwerch နှင့်အတူ ကာတွန်းစာအုပ်တစ်အုပ်ကိုလည်း ရေးသားနေပြီး Mutombo da Poet နှင့် မှတ်တမ်းတင်ရုပ်ရှင်တစ်ကားကိုလည်း ရိုက်ကူးနေသည်။ သူ၏ စိတ်အာရုံကို အနားပေးရန် သီချင်းများလည်း ရေးသည်။ Girish သည် Africa Proactive နှင့် Human Stories တို့ကို တည်ထောင်သူလည်း ဖြစ်သည်။

 

စကားချီး – မြန်မာစာဖတ်နှုန်းနှင့် သင့်တော်စေရန် စာပိုဒ်ခွဲရာနေရာများကို မူရင်းစာမှ ပြုပြင်ပြောင်းလဲထားသည်။

 

 

လူတွေနဲ့ သူတို့ရဲ့ လူမှုဖြစ်တည်မှုအချက်အလက်တွေ၊ ရိုးရာထုံးတမ်းဓလေ့တွေ၊ ပါဝါလှုပ်ရှားလှည့်လည်မှုတွေကို လေ့လာတဲ့ ဘာသာရပ်တစ်ခုအနေနဲ့ မနုဿဗေဒရဲ့ လေ့လာမှုနဲ့ စမ်းစစ်မှု အတိုင်းအတာတွေဟာ ကွင်းဆင်းပြုလုပ်ရာကနေတဆင့်ဖြစ်စေ၊ လူမျိုးစုတွေကို အထူးပြုအနီးကပ်လေ့လာရေးသားရာကနေတဆင့် မညီမျှတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လူမှုအင်စတီကျူးရှင်းတွေရဲ့ အင်အားတွေအကြောင်းကို ပြောရေးဆိုခွင့်ပေးထားတယ်။ ဒီဆောင်းပါးမှာတော့ မနုဿဗေဒရဲ့ အင်အားကြီးလှတဲ့ ပါဝါဟာ သူ့ရဲ့ အဓိက အားနည်းချက်တစ်ခုပဲ ဖြစ်နေပြန်တယ်ဆိုတာ ကျွန်တော် အာဘော်ထုတ်ချင်တယ်။

 

မိမိကိုယ်ထဲက “အခြားတစ်ပါး”နဲ့ အခြားတစ်ပါးလို့ သတ်မှတ်ခံထားရသူတွေထဲမှာ ပြန်မြင်လာရတဲ့ မိမိ စတဲ့ “အခြား” ဆိုတာကို မြင်အောင်ကြည့်တတ်ဖို့ သင်ကြားခံရာကနေ မနုဿဗေဒပညာရှင်တွေက သူတို့ရဲ့ ကြားဖြတ်နေတဲ့ ဖြစ်တည်မှုပေါင်းစုံကို မကြာခဏ ကျော်ကြည့်တတ်ကြတယ်။ သူတို့ကိုယ်သူတို့ ဘယ်သူလဲ၊ သူတို့ လုပ်နေတဲ့အလုပ်ကဘာလဲဆိုပြီး မနုဿဗေဒပညာရှင်တွေ အထင်ကရယူထားတဲ့ တန်ဖိုးတွေဟာ သူတို့ ပညာ ဘယ်လို ထုတ်လုပ်သလဲ၊ ဘယ်လို မျှဝေသလဲ၊ ဘယ်လို ဖြန့်ချီသလဲဆိုတဲ့ အထက်အောက်နှိုင်းယှဥ်မှုချိန်ခွင်ရဲ့ တစ်စိတ်တစ်ပိုင်း ပြန်ဖြစ်နေတယ်လို့ ကျွန်တော် ဆိုလိုချင်တယ်။ အဲ့လိုဖြစ်နေတာ ဘာကြောင့်လဲလို့ ကျွန်တော် မေးခွန်းထုတ်ချင်တယ်။ ပြီးတော့ Tuck နဲ့ Yang ပေးတဲ့ “ကိုလိုနီသဘောတရားတွေကို ချွတ်ချခြင်းဆိုတာ အင်္လကာမဟုတ်” ဆိုတဲ့ အကြံဉာဏ်ကို ဘာကြောင့် သတိမူသင့်သလဲဆိုတာလည်း မေးခွန်းထုတ်ချင်တယ်။

 

မနုဿဗေဒရဲ့ “ကိုလိုနီသဘောတရားတွေကို ချွတ်ချ”ဖို့ဆိုတဲ့ နေရာမှာ ကွဲပြားခြားနားစုံလင်မှုရှိရေး (diversity) ဒါမှမဟုတ် ကိုလိုနီသဘောတရားချွတ်ချရေး စီမံကိန်းတွေဟာ အပြောင်းအလဲတွေကို နည်းနည်းလေး (သို့) လုံးဝ မပြောင်းလဲစေဘူး။ လက်ရှိမှာ မနုဿဗေဒဟာ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ အခွင့်အလမ်းတွေ ပေးကောင်းပေးနိုင်တဲ့ ဘာသာရပ်တစ်ခုအနေနဲ့ နေရာယူထားပေမဲ့ ကိုလိုနီသဘောတရားတွေကနေ လုံးဝဥဿုံ ချွတ်ချဖို့ ခက်ခဲနေတဲ့ ပြဿနာနဲ့ ထိပ်တိုက်ရင်ဆိုင်နေတယ်လို့ ကျွန်တော် သုံးသပ်ချင်တယ်။

 

တမင်သက်သက်ပြုသော ဥပေက္ခာ

 

“အခြားတစ်ပါး” (Other) ဆိုတာကို နှစ်ပေါင်းများစွာ လေ့လာသင်ယူရင်း၊ “အခြားတစ်ပါး” ဆိုတဲ့အကြောင်းကို ရေးသားရင်း မိမိကိုယ်ထဲက “အခြားတစ်ပါး”ကို ကျွန်တော်တို့အချင်းချင်းကြားမှာ ဘယ်လို “တမင်သက်သက် ဥပေက္ခာပြု”လာဖြစ်ကြသလဲ?

 

ဒီမေးခွန်းကိုတော့ ကျွန်တော့်ကို လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တစ်ယောက်က (စာလုံးအတိအကျတော့ မဟုတ်ဘဲ) မေးခဲ့တာပါ။ မနုဿဗေဒပညာရှင်တွေကတော့ “တမင်သက်သက် ဥပေက္ခာပြုတယ်” ဆိုတဲ့အသုံးအနှုန်းကို လူမျိုးရေးခွဲခြားရေးတွေ၊ လိင်ပိုင်းဆိုင် ခွဲခြားရေးတွေ၊ လူတန်းစားခွဲခြားရေးတွေကို မျက်မြင်တွေ့နေရပေမဲ့ ဘာမှမလုပ်ဘဲ နောက်မှ လူတွေရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေပါဆိုပြီး ဖာထေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုပ်ရပ်တွေကို ဆိုလိုကြတယ်။ ဒါကတော့ တစ်ဦးတစ်ယောက်တည်းရဲ့ ကိစ္စလို့လည်း ဆိုလို့ရသလို တစ်ဦးတစ်ယောက်တည်းရဲ့ ကိစ္စချည်းပဲလည်း ဟုတ်မနေပါဘူး (Ahmed 2021)။ ပါဝါကူးသန်းဆက်နွယ်မှုတွေ၊ နာယကဆန်တဲ့ စနစ်တွေကြားထဲမှာ ရောယှက်နေတဲ့ ကျွန်တော်တို့ရဲ့ မနုဿဗေဒပညာရှင်တွေရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ ဆရာသမားတစ်ယောက်၊ နည်းနာပေးသူတစ်ယောက်အနေနဲ့ ရှိနေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ဘယ်လို တန်ဖိုးထားပြီး တစ်ချိန်တည်းမှာပဲ မနုဿဗေဒလို့ခေါ်တဲ့ ကြီးစဥ်ငယ်လိုက် တန်းခွဲထားတဲ့ စနစ်ထဲမှာ ပါဝင်ဖို့ကိုလည်း ငြင်းဆိုကြမလဲ? ကိုယ့်ပတ်ဝန်းကျင်မှ၊ ကိုယ့်ဌာနထဲမှာ တွေ့ကြုံနေရတဲ့ လူမျိုးရေး ခွဲခြားမှု၊ လိုင်ပိုင်းဆိုင်ရာ ခွဲခြားမှုနဲ့ ခန္ဓာသန်စွမ်းမှုကို ဦးစားပေးဆက်ဆံမှုတွေရဲ့ အကြမ်းဖက်မှုတွေကိုကျ ထိပ်တိုက်မရင်ဆိုင်ဘဲ “လူမျိုးရေးရာ”၊ “လိင်/ဂျန်ဒါ”၊ “ကိုယ်ကျင့်တရား” နဲ့ “ခန္ဓာ” အကြောင်းတွေကို ဆရာသမားကြီးဆန်ဆန် လက်ချာပေးတဲ့ မနုဿဗေဒပညာရှင်တွေရဲ့ အလုပ်မလုပ်မှုတွေကိုကော ကျွန်တော်တို့ ဘယ်လို နားလည်ရမလဲ?

 

ဒီဆောင်းပါးက လက်ချာတစ်ခုမဟုတ်ပါဘူး – ကျွန်တော် ဒီပြဿနာကို ဒီလို ဖြေရှင်းသင့်တယ်၊ ဘာလုပ်သင့်တယ်ဆိုတာကို လက်ချာရိုက်မှာ မဟုတ်ပါဘူး။ လက်ချာရိုက်မဲ့အစား ရိုးရိုးသားသား မေးခွန်းထုတ်ချင်တယ်။ လူဖြူဖြစ်ချင်စိတ်တွေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ စိမ့်ဝင်နေတဲ့ လူဖြူသဘောတရားတွေ၊ ကိုလိုနီဝါဒ (colonialism) နဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချခြင်း (decolonization) ဆိုတဲ့ စကားလုံးက ဘာလဲဆိုတာ တွေကို စပြီး တွေးမိလာတဲ့ မနုဿဗေဒပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် လေ့လာတွေ့ကြုံမှုတွေကို အခြေခံပြီး ဝေမျှချင်တယ်။

 

ကျွန်တော့်ရဲ့ တိုရန်တိုတက္ကသိုလ် (UofT)က ဌာနမှာ ကွဲပြားခြားနားစုံလင်ခြင်း (diversity) နှင့် ကိုလိုနီသဘောတရားများ ချွတ်ချခြင်း ကော်မတီရဲ့ ဦးစီးအဖြစ် ၂၀၁၇ နေ ၂၀၁၉ အထိ တာဝန်ယူရတုန်းက ကျွန်တော့်ရဲ့ လေ့လာသင်မှုတွေကို (ခေါင်းထဲရိုက်လေ့လာသင်ကြားမှုတွေကို ပြန်ချွတ်ချခြင်း) ကိုစပြီး လုပ်ခဲ့တာပါ။ အဲ့ဒီကာလက စပြီး အခုထိ မနုဿဗေဒပညာရှင်တွေ သူတို့ရဲ့ ဌာနတွေကို “ကွဲပြားခြားနားစုံလင်”အောင်၊ သူတို့ရဲ့ “သင်ရိုးတွေကို ကိုလိုနီသဘောတရားတွေကနေ ချွတ်ချ”တာတွေ၊ သူတို့ရဲ့ အလုပ်တွေထဲက “နည်းလမ်းချဥ်းကပ်မှုတွေကို ကိုလိုနီသဘောတရားကနေ ချွတ်ချ”တာတွေအထိ စူးစူးစိုက်စိုက် လုပ်လာကြတာကို တွေ့ခဲ့ရတယ်။

 

ဒါပေမဲ့ မနုဿဗေဒထဲက ကိုလိုနီသဘောတရားတွေကို ချွတ်ချတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ? ကျွန်တော့်အမြင်အရတော့ ကိုလိုနီသဘောတရားကို ချွတ်ချတယ်ဆိုတာ ဘာလဲဆိုတာကို ကျွန်တော် သေချာ မသိဘူးဆိုတာကို အရင်ဆုံး လက်ခံခဲ့ရတယ်။ သူများတွေဆီကနေ (အထူးသဖြင့် ကျောင်းသားကျောင်းသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အမျိုးသမီးတွေ၊ အင်ဒီးဂျနင့်နဲ့ လူမည်းလုပ်ဖော်ကိုင်ဖက်တွေရဲ့ အသံတွေကနေတဆင့်) ကိုလိုနီသဘောတရားကို ချွတ်ချခြင်းဆိုတာကို လေ့လာတာတွေ (သို့) သိနှင့်ပြီးသားတွေကို လွှတ်ချတာတွေ လုပ်ခဲ့ရတယ်။ မနုဿဗေဒပညာရှင်တွေရဲ့ အလုပ်ဆိုတာ ဘယ်လိုလဲဆိုတာကို အရင်က ကျွန်တော်မှတ်ယူထားတာတွေနဲ့ ကျွန်တော်တို့ ဘယ်လို ပိုကောင်းအောင် လုပ်နိူင်မလဲဆိုတာကို စဥ်းစားဆင်ခြင်ခဲ့ရတယ်။

 

အရင်ဆုံး မနုဿဗေဒနဲ့ ကိုလိုနီဝါဒ၊ အင်ပိုင်ယာဝါဒတွေ ချိတ်ဆက်နေတယ်ဆိုတာကို လေ့လာစစ်ကြောခဲ့တဲ့ မနုဿဗေဒပညာရှင်တွေရဲ့ လုပ်ရပ်တွေကိုလည်း ကျွန်တော် အသိအမှတ်ပြုချင်ပါတယ်။ (ဖိနှိပ်ခံတွေရဲ့ နိူင်ငံရေးရုန်းကန်ရမှုတွေလိုမျိုး) “အရေးပါလှတဲ့ အချိုးအကွေ့” (critical turns) တွေမှာ မနုဿဗေဒပညာရှင်တွေက သီအိုရီနဲ့ သုတေသနနည်းလမ်းအသစ်တွေကို အကြံပေးခဲ့တယ်ဆိုတာ အခုမှ အသစ်အဆန်းမဟုတ်ပါဘူး။ (Gerald Berreman, Kathleen Gough, and Gutorm Gjessing တို့ရဲ့ လက်ရှိ မနုဿဗေဒ (Current Anthropology) မှာ ၁၉၆၈က ထုတ်ပြန်ခဲ့တဲ့ စကားဝိုင်းစာတမ်းများ၊ Dell Hymes တည်းဖြတ်ခဲ့တဲ့ ၁၉၇၂ က ထုတ်ပြန်တဲ့ မနုဿဗေဒကို ပြန်လည်တီထွင်ခြင်း (Reinventing Anthropology)၊ Talal Asad ရဲ့ ၁၉၇၃က မနုဿဗေဒနဲ့ ကိုလိုနီ ထိပ်တိုက်တွေ့ဆုံမှုများ (Anthropology and the Colonial Encounter)၊ George Marcus နဲ့ James Clifford တို့ ၁၉၈၆မှာ ရေးခဲ့တဲ့ ထုံးတမ်းဓလေ့အကြောင်း ရေးသားခြင်း (Writing Culture)၊ သိပ်မကြာသေးခင်မှာတော့ Zoe Todd ရဲ့ မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားများကနေ ချွတ်ချခြင်းအကြောင်း ရေးသားထားတဲ့ စာတမ်းများ တစ်နှစ်သုံး။)

 

ဒါပေမဲ့ ဒီ “အရေးပါလှတဲ့ အချိုးအကွေ့”တွေကလည်း ကျွန်တော်တို့ လိုချင်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ ကြားခံအားတွေ ဖြစ်မလာတာ ဒါမှမဟုတ် မီးစာကုန် ဆီခမ်းတွေ ဖြစ်သွားတတ်ကြပြန်တယ် (Pandian 2019 ကိုကြည့်ပါ)။ အရေးပါလှတဲ့ အချိုးအကွေ့ (သို့) စဥ်းစားဆင်ခြင်မှုတစ်ခုဆီတိုင်းမှာ မနုဿဗေဒပညာရှင်တွေက သူတို့ သက်တောင့်သက်သာရှိတဲ့ [လစ်ဘရယ်] ကျေနပ်ရောင့်ရဲမှုဘက်ဆီ လမ်းလှည့်သွားကြတယ် (Jobson 2020) – ငါတို့ ကိုလိုနီဝါဒနဲ့ အင်ပိုင်ယာဝါဒကို အသိအမှတ်ပြုပြီးပြီ၊ လမ်းဆက်လျှောက်ကြစို့ဆိုတဲ့ ပုံစံပေါ့။

 

အရင်ဆုံး မနုဿဗေဒပညာရှင်တွေကနေ သူတို့ကိုယ် သူတို့ ဘယ်သူတွေလဲ၊ ဘာအလုပ်လုပ်နေတာလဲလို့ သတ်မှတ်ချက်တွေရဲ့ အနှစ်သာရအမျိုးအစားတွေကို ကျွန်တော် ပြောချင်တယ်။ လူဖြူသဘောတရား (whiteness)၊ နေရာနဲ့ ကိုလိုနီသဘောတရားများ ချွတ်ချခြင်းဆိုတဲ့ အချက်သုံးချက်ထဲက လူဖြူသဘောတရား – မနုဿဗေဒရဲ့ လူဖြူသဘောရားအကြောင်းကို အရင် စပြောချင်တယ်။

 

လူဖြူသဘောတရား

 

များသောအားဖြင့် မနုဿဗေဒပညာရှင်တစ်ယောက်ဆိုတာ လူဖြူ၊ ယောင်္ကျားတွေပဲ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ လူဖြူသဘောတရားဆိုတာ လူတစ်ယောက်ရဲ့ အရေပြားအရောင် (သို့) ဥရောပ အမေရိကန်ဖြစ်တည်မှုအပေါ် အခြေခံထားတဲ့ လူမျိုး နိူင်ငံသားကို ကျွန်တော် ဆိုလိုတာ မဟုတ်ဘူး။ ကျွန်တော်က အတွေးအခေါ်တွေထဲက လူဖြူသဘောတရားကို စိတ်ဝင်စားတယ် – ဒီလူဖြူသဘောတရားက တက္ကသိုလ်နဲ့ မနုဿဗေဒလို ဘာသာရပ်တစ်ခုအပေါ်မှာ ရောက်ရှိနေတဲ့ အင်စတီးကျူးရှင်းတွေရဲ့ အားအင်အစစ်တွေ အပေါ် အကျိုးသက်ရောက်မှုတွေ ရှိတဲ့၊ ပြောင်းလဲလှုပ်ရှားနေတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးအနေနဲ့ ဆိုင်ခဲနေတဲ့ အင်ပိုင်ယာရဲ့ လုပ်ငန်းစဥ်တွေထဲမှာ ခြေကုပ်ယူထားတဲ့ လူတန်းစား မျှော်လင့်ချက်တစ်ခုပေါ့။ လူဖြူသဘောတရားဆိုတာ နိူင်ငံရေးနဲ့သာမက ဖြစ်တည်ရေးနဲ့ပါ ပတ်သက်နေတဲ့ အခြေအနေတစ်ခုဖြစ်ပြီး သူ့ကို အသစ် အသစ်တွေ ပွားနေတဲ့ ကိုလိုနီသမိုင်းထဲကနေတဆင့်ဖြစ်စေ၊ နိူင်ငံရေးဆိုင်ရာ ပထဝီနေရာတစ်ခုရဲ့ ဆွဲအားကနေတဆင့်ဖြစ်စေ ကျွန်တော်တို့ အားလုံးက အထဲမှာ ပြန်မြုံပြီး ကျင့်သုံးလို့ ရတယ်။

 

ကျွန်တော်တို့ အားလုံးဆိုတာ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တွေလည်း ပါတယ်။ လူဖြူသဘောတရားဟာ မျှော်လင့်ချက်တစ်ခုဖြစ်တယ်။ လူဖြူသဘောတရားက လူမှုရေးဆိုင်ရာ လူတန်းစား၊ အဆင့်အတန်းတွေနဲ့ တိုက်ရိုက်ပတ်သက်နေပြီး အထက်တန်းလွှာ အင်စတီးကျူးရှင်းတွေမှာ ပြန်ထုတ်လုပ်မျိုးပွားလေ့ရှိတယ် – အဲ့ဒါကြောင့်လည်း ကျွန်တော်တို့အားလုံးက လူဖြူသဘောတရားနဲ့ ပတ်သက်နေပြီး ကျွန်တော်တို့ အားလုံးရဲ့ ဖြစ်တည်မှုဆုံမှတ်တွေ (intersectionality) ကို သတိမူဖို့ လိုအပ်လာတယ်။ လူမှုရေးဆိုင်ရာ လူတန်းစား၊ ဂျန်ဒါ၊ လူမျိုး၊ လိင်ပိုင်းဆိုင်ရာ ဦးတည်မှု (sexual orientation)တွေသာမက လူတစ်ယောက်ရဲ့ ပညာရေးလိုက်စားရာ ခရီး၊ ကြီးပြင်းရာဒေသနဲ့ သူနေထိုင်ရာ/ အလုပ်လုပ်ရာ နေရာ (အဆိုင်အခဲပြလို့ ရတဲ့ နေရာရော၊ ပြလို့ မရတဲ့ နေရာရော)၊ အခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေအကုန်လုံးက အရေးပါတယ်။

 

ဖြစ်တည်မှုဆုံမှတ်တွေအကြောင်းကို ကျွန်တော် နောက်မှ ဆက်ပြောပါမယ်။ လောလောဆယ်တော့ ပြောချင်တာက “လူမျိုး” (သို့) လူတစ်ယောက်ရဲ့ အသားအရောင်တစ်ခုတည်းကိုသာ ကွက်ကြည့်ခြင်းက ကိုလိုနီစနစ်အရ ကွဲပြားခြားနားစုံလင်မှု တစ်ခုတည်းကိုပဲ ကွက်ပြီး ခွဲခြားစိတ်ဖြာတာ၊ နားလည်အောင်ကြိုးစားတာနဲ့ အတူတူပါပဲ – သာမန်မျက်စိနဲ့ မမြင်ရတဲ့ လူတစ်ယောက်ရဲ့ မြားပြားလှတဲ့ ဖြစ်တည်မှုတွေ၊ ကတိကဝတ်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေဟာလည်း အရေးပါနေတယ်။ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုဆုံမှတ်တွေသာမက တခြားလူတွေကို ဘယ်လိုပေါင်းသင်းဆက်ဆံသလဲဆိုတာတွေကပါ မနုဿဗေဒပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်တဲ့နေရာမှာ အရေးကြီးလာတယ်။

 

နောက်ထပ်အ‌ရေးကြီးတဲ့တစ်ချက်ကတော့ နေရာ ပါ။

 

နေရာ

 

မနုဿဗေဒပညာရှင်တွေက (ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ) အနောက်မဟုတ်တဲ့နိူင်ငံတွေရဲ့ ပတ်ဝန်းကျင်၊ ရိုးရာဓလေ့ထုံးတမ်းတွေကို လေ့လာပြီး နောက်ထပ် ဆင်တူမှုတွေ၊ ကွဲပြားမှုတွေကို အဖြေထုတ်ပေးနိူင်တာနဲ့ ပတ်သက်ပြီး လူသိများတယ်။ မနုဿဗေဒပညာရှင်တစ်ယောက်က သူ့ရဲ့ ရပ်ရွာပတ်ဝန်းကျင်ကို ပြန်လေ့လာဖို့ ဆုံးဖြတ်ရင် သူ့ကို “အင်ဒီးဂျနင့် မနုဿဗေဒပညာရှင်” လို့ နာမည်တပ်ခံရပြီး သူ့ကို အသိအမှတ် သိပ်မပြုခံရဘူး။ မနုဿဗေဒပညာရှင်တစ်ယောက်က ဥရောပ (သို့) တောင်အမေရိကဒေသတွေကို လေ့လာရင် (သူရဲ့ သုတေသနထဲကသူတွေက နိူင်ငံရေးခိုလှုံခွင့်နဲ့ ရွှေ့ပြောင်းအခြေချတဲ့သူတွေမဟုတ်ဘဲ လူဖြူတွေဖြစ်နေရင်) သူတို့ဟာလည်း တန်ဖိုးသိပ်ထားမခံရဘူး။

 

ဥပမာ ကျွန်တော်အထက်က မနုဿဗေဒပညာရှင်တစ်‌ယောက်ကို စာတမ်းတွေ အများကြီးရေးထား၊ ထုတ်ပြန်ထားပြီးသား ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဘာလို့ မနုဿဗေဒတစ်ခွင်မှာ အလုပ်မရတာလဲလို့ သူ့ကို မေးတုန်းက ကျွန်တော့်ကို ပြောဖူးတယ်။ သူ့အဖြေက – အဲ့တုန်းက ချက်ချင်း ကျွန်တော် သ‌ဘောမပေါက်ခဲ့ဘူး – ဒီလုပ်ဖော်ကိုင်ဖက်ရဲ့ သုတေသနကွင်းက US မှာဖြစ်နေလို့ မနုဿဗေဒဌာနတော်တော်များများရဲ့ ပထဝီဆိုင်ရာ လိုအပ်ချက်တွေနဲ့ သိပ်မကိုက်ဘူး ဖြစ်နေလို့တဲ့။ ဒါက မနုဿဗေဒအကြောင်း၊ ကျွန်တော်တို့အကြောင်း ဘယ်လို အဓိပ္ပာယ်ဖွင့်လို့ ရမလဲ? US ကို သူတို့ရဲ့ အဓိကသုတေသနကွင်းအဖြစ်လုပ်ကိုင်နေတဲ့ မနုဿဗေဒပညာရှင်တွေ၊ သူတို့ရဲ့ လူမျိုးနဲ့ လူမျိုးရေးခွဲခြားရေးကို ဆန့်ကျင့်တဲ့ မနုဿဗေဒကို လုပ်ကိုင်နေပေမဲ့ ထိုက်သင့်သလောက် အသိအမှတ်မပြုခံရတဲ့ မနုဿဗေဒပညာရှင်တွေအတွက်ရော ဘယ်လို အဓိပ္ပာယ်ဖွင့်လို့ ရမလဲ?

 

ကျွန်တော် တွေးမိတာက “နိူင်ငံရေးအရ‌ရော၊ စီးပွားရေးအရပါ အရေးပါတဲ့ လူမည်းအမေရိကန်တွေနဲ့ သူတို့ရဲ့ ရပ်ရွာပတ်ဝန်းကျင်ထုံးတမ်းတွေကို လေ့လာရေးသားခဲ့ကြတဲ့” (Karen Brodkin ၂၀၁၄ နဲ့ အင်တာဗျူး) Allison Davis တို့၊ St. Clair Drake တို့လို Boas ရဲ့ ခေတ်ပြိုင်ကျောင်းသားကျောင်းသူတွေပါပဲ။ လူမျိုးရေးအရ ဖိနှိပ်ခံရသူတွေရဲ့ ရုန်းကန်မှုတွေအကြောင်း အဓိကထားလေ့လာခဲ့တဲ့ Diane LewisWilliam Willis နဲ့ Charles Valentine တို့တွေ အကြောင်းပါပဲ။ နေရာရဲ့ တစ်ဖက်က ပြဿနာကလည်း တောင်အမေရိကတိုက်အပြင်က ပညာရှင်တွေပါ။ ဥပမာ သုတေသနအတွက်၊ ပေါင်းစီးလုပ်ကိုင်မှုနဲ့ စာရေးသားထုတ်ဝေမှုအတွက် အထောက်အပံ့နဲ့ အခွင့်အလမ်းနည်းတဲ့ အာဖရိကတိုက်ကိုပဲ ကြည့်ပါ။ နောက်ပြီးတော့ ကျွန်တော်တို့ ရောက်နေတဲ့၊ အလုပ်လုပ်နေတဲ့၊ နေနေတဲ့ မြေကြီးနဲ့ ကျွန်တော်တို့ရဲ့ ပေါင်းသင်းဆက်ဆံမှုကရော ဘယ်လိုလဲ? ကျွန်တော်တို့ရဲ့ နေရာ (ဥရောပ၊ UK သို့မဟုတ် တောင်အမေရိက) တွေကရော ကျွန်တော်တို့ ထုတ်လုပ်နေတဲ့ ပညာတွေကို ဘယ်လို ကိုလိုနီပြန်ပြုနေပြီး အစည်းအဝေးတစ်ခု၊ ဂျာနယ်တစ်ခုနဲ့ သူတို့တွေရဲ့ ဂိတ်စောင့်သူတွေရဲ့ အမြင်တွေကနေ ပြန်စကာတင် ဖြန့်ဖြူးသလို ဖြစ်နေသလဲ? ကျွန်တော်တို့ စာရေးတဲ့ နေရာက လက်ရှိဖြစ်နေဆဲ ကြီးစိုးမှုရိုးရာထုံးတမ်းနဲ့ ကိုလိုနီဝါဒတွေရဲ့ တစ်စိတ်တစ်‌ဒေသ ဖြစ်နေသလဲ?

 

နောက်တစ်ချက်ကတော့ ကိုလိုနီသဘောတရားများကို ချွတ်ချခြင်းဆိုတာပါပဲ။

 

 

ကိုလိုနီသဘောတရားများ ချွတ်ချခြင်း

 

ကိုလိုနီသဘောတရားတွေကို ချွတ်ချတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မေးခွန်းတွေ ပြန်ထုတ်စရာရှိတယ်။ ဘယ်အရာတွေကနေ (သို့) ဘယ်အရာတွေဆီအတွက် ကျွန်တော်တို့က ကိုလိုနီသဘောတရားတွေ ချွတ်ချနေတာလဲ? နယ်မြေဒေသတွေနဲ့ ပတ်သက်တဲ့ ကိုလိုနီသဘောတရားတွေကို သေသေချာချာ စဥ်းစားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကို ကျွန်တော်တို့ သုံးနေတာလား (Liboiron 2021: 26)? ကိုလိုနီသဘောတရားတွေကို ချွတ်ချတယ်ပြောပြီး “ထုတ်ယူမှုသာသာ ဆက်ဆံတဲ့ စိတ်ဓါတ်”တွေ (Leanne Simpson ၂၀၁၃) (သို့) မသိမသာ ကိုလိုနီစနစ်တွေကို ပြန်ကျင့်သုံးနေတာလား? “လူမျိုးစုတွေကို လေ့လာရေး (အတ်သနိုဂရပ်ဖီ / ethnography)” (သို့) “မနုဿဗေဒ”လို့ ခေါ်တဲ့ အရာတွေထဲ လိုက်လျောညီထွေနေရင်း ပညာတွေကို ထုတ်ယူနေတာလား?

 

Max Liboiron (၂၀၂၁) က ကျွန်တော်တို့ကို သတိပေးခဲ့တယ်။ “ကိုလိုနီစနစ်ရဲ့ အဓိကအနှစ်ချုပ်က အင်ဒီးဂျနင့်မဟုတ်တဲ့သူတွေက အင်ဒီးဂျနင့် လူမျိုးတွေရဲ့ နယ်မြေ၊ အသိပညာနဲ့ ဘဝနေထိုင်မှုတွေကို အင်ဒီးဂျနင့်မဟုတ်တဲ့သူတွေရဲ့ ရည်မှန်းချက်တွေ (ဒီရည်မှန်းချက်တွေက စေတနာနဲ့ဆိုရင်တောင်မှ) အတွက် လုပ်ဆောင်တာသာ ဖြစ်တယ်။” ဒါဆို မနုဿဗေဒရဲ့ ရည်မှန်းချက်တွေက “စေတနာနဲ့ပါ” လို့ထင်ရရင်တောင်မှ ကျွန်‌တော်တို့ လေ့လာနေတဲ့သူတွေဆီက တွေးခေါ်မှုပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထုတ်ယူမှုတွေထဲမှာ ကျွန်တော်တို့ ဘယ်လိုပါဝင်နေကြသေးသလဲ? ကိုလိုနီစနစ်ဆိုတာ လက်ရှိဖြစ်နေဆဲလို့ ယူဆရင် စနစ်တကျဖြစ်နေတဲ့ ကိုလိုနီစနစ်တွေမှာ ကျွန်တော်တို့ ဘယ်လို ပါဝင်နေကြသေးသလဲ?

Ann Stoler (၂၀၁၆: ၃၄၅) က “ကိုလိုနီအနေအထားတစ်ခုကို ဖြစ်တည်ခွင့်ပေးတယ်ဆိုတာ” တခြားသော အချိန်ကာလတစ်ခု/နေရာတစ်ခုက အကြွင်းအကျန်အမွေအနှစ်တွေကို ပြောတာမဟုတ်သလို “လက်ရှိကမ္ဘာဟာ ကိုလိုနီသမိုင်းတွေနဲ့ပဲ ခြေရာကောက်လို့ရတယ်လို့ ဆိုလိုတာလည်း မဟုတ်ဘူး။ ကိုလိုနီအနေအထားဟာ–အထူးသဖြင့် မျက်ဝါးထင်ထင်ပေါ်လာတဲ့အခါ–အပျက်အစီးအသစ်တွေ၊ ကွာဟမှုအသစ်တွေကို ဖြစ်စေတယ်”လို့ ထောက်ပြခဲ့တယ်။

 

အခြေချကိုလိုနီစနစ်ကို ကျင့်သုံးတဲ့ နိူင်ငံတွေ ဖြစ်တဲ့ US၊ ကနေဒါ၊ အစ္စရေး၊ ဟာဝိုင်ရီ၊ သြစတေးလျနဲ့ နယူးဇီလန်နိူင်ငံတွေမှာ ကိုလိုနီစနစ်ကို ကျင့်သုံးခြင်းဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ကြည့်ကြည့်ရအောင်။ အဲ့ဒီ ကိုလိုနီစနစ်ကို ချွတ်ချခြင်းက တခြားသော လူမှုရေးနဲ့ လူ့အခွင့်အရေးအခြေခံလှုပ်ရှားတဲ့ လူမှုရေးတန်းတူညီမျှမှုတွေနဲ့ (သို့မဟုတ်) ကမ္ဘာတစ်ဝန်းက တက္ကသိုလ်တွေမှာ တွေ့ရလေ့ရှိတဲ့ “ကိုလိုနီစနစ်ကို ချွတ်ချခြင်း” နဲ့ ဘယ်လိုကွာခြားနေသလဲ?

 

Eve Tuck နဲ့ K. Wayne Yang တို့ရဲ့ “ကိုလိုနီစနစ်ကို ချွတ်ချခြင်းဟာ အင်္လကာမဟုတ်” ဆိုတဲ့ စာတမ်းတဲ့က စာသားတချို့ကို ဒီနေရာမှာ ကိုးကားချင်တယ် (၂၀၁၂: ၁-၃)။

 
“ကိုလိုနီစနစ်ကို ချွတ်ချခြင်းဆိုတာ အင်ဒီးဂျနင့်လူမျိုးတွေရဲ့ မြေနဲ့ ဘဝကို ပြန်ပေးတာ ဖြစ်တယ်။ ကိုလိုနီစနစ်ကို ချွတ်ချတယ်ဆိုတာ တခြား ငါတို့ လူ့အဖွဲ့အစည်းတွေ၊ ကျောင်းတွေကို ပြန်လည်ကောင်းမွန်လာအောင် လုပ်တဲ့ လုပ်ရပ်တွေကို ဆိုလိုတဲ့ အင်္လကာမဟုတ်ဘူး။”
“‘ကျောင်းတွေကို ကိုလိုနီစနစ်ကနေ ချွတ်ချရမယ်’ တို့၊ ‘ကိုလိုနီစနစ်ကနေ ချွတ်ချတဲ့ နည်းလမ်းတွေ’ တို့၊ ‘ကျောင်းသားကျောင်းသူတွေရဲ့ အတွေးအခေါ်တွေကို ကိုလိုနီစနစ်ကနေ ချွတ်ချရမယ်’ တို့ အစရှိတဲ့ လေသံတွေကို ကြားနေရတာ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့ အံ့သြတာက ဒီစကားဝိုင်းတွေမှာ အင်ဒီးဂျနင့်လူမျိုးတွေအကြောင်း၊ သူတို့/ငါတို့ရဲ့ ငါတို့ဖြစ်တည်မှုတွေကို အသိအမှတ်ပြုခံရဖို့ ရုန်းကန်ရမှုတွေ ဒါမှမဟုတ် ကိုလိုနီစနစ်ကို ချွတ်ချဖို့အတွက် သီအိုရီတွေ၊ နည်းလမ်းတွေကို စဥ်းစားထုတ်လုပ်ပေးထားတဲ့ အင်ဒီးဂျနင့် အတွေးအခေါ်ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ အသံတွေ ဘာတစ်ခုမှ မပါနေတာကိုပဲ။”
 

Tuck နဲ့ Yang (၂၀၁၂) က ကိုလိုနီစနစ်တွေက ချွတ်ချရမယ် လို့ပြောနေတဲ့ အစီအစဥ်တွေက အင်ဒီးဂျနင့်လူမျိုးတွေ တောင်းဆိုနေတာတွေနဲ့ တခြားစီဖြစ်နေတယ်လို့ ငြင်းဆိုထားတယ်။ အဲ့ဒီလိုမျိုး ကိုလိုနီစနစ်က ချွတ်ချခြင်းဟာ အသိအမှတ်ပြုခြင်း (Coulthard ၂၀၁၄) နဲ့ ကွာခြားပြီး အစိုးရတွေ၊ တက္ကသိုလ်လို အင်စတီးကျူးရှင်းတွေလို နေရာတွေမှာတော့ ကိုလိုနီအခြေချနေထိုင်သူတွေရဲ့ အရှက်ဝင်နေမှုနဲ့ ကိုလိုနီစနစ်မှာ မသိမသာ ပါဝင်နေမှုကို ပြဿနာရှိရဲ့သားနဲ့ ဖြေလျှော့ဖို့ ကြိုးစားနေတာပဲ။ ဒါကတော့ ဘာမှမလုပ်ဘဲနဲ့ “ဒီတိုင်းလေး ဆက်သွားရအောင်” လို့ ပြောတာပါပဲ။ အင်စတီးကျူးရှင်းတွေရဲ့ “ကိုလိုနီစနစ်က ချွတ်ချခြင်း” ဆိုတဲ့ စကားတွေထဲက အင်ဒီးဂျနင့်လူမျိုးတွေကို ဖယ်ထားတဲ့၊ စည်းတားထားတဲ့၊ ဘာကိုမှ မပြောင်းလဲချင်တဲ့ (ဒါမှမဟုတ် နည်းနည်းလေးပဲ ပြောင်းလဲချင်တဲ့) ဖွဲ့စည်းပုံစနစ်တွေရဲ့ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ လိုက်လျောညီထွေ လျှောချတဲ့ ပါဝါတွေကို ကျွန်တော်တို့ သတိထားဖို့ လိုတယ်။ မြောက်အမေရိကတိုက် (US နဲ့ ကနေဒါ)က အင်စတီကျူးရှင်းတွေနဲ့ တက္ကသိုလ်တွေ အတတ်နိူင်ဆုံး လုပ်ပေးနိူင်တာက ကိုလိုနီစနစ်ကနေ ချွတ်ချတာ မဟုတ်ဘူး။ မြေယာနဲ့ ဘဝတွေကို ပြန်ပေးဖို့ မဟုတ်ဘူး။ သူတို့ရဲ့ ကိုလိုနီစနစ်ကို ချွတ်ချခြင်းဟာ “ခေတ်သစ် ကျွန်စနစ်ပေါင်းစုံကို ဖြိုဖျက်ချဖို့” လည်း မဟုတ်သလို “အင်ပိုင်ယာရဲ့ အချက်အခြာကို လှုပ်ခါဖို့” လည်း မဟုတ်ဘူး (Tuck နဲ့ Yang ၂၀၁၂: 3)။ “အင်ဒီးဂျနင့်လူမျိုးတွေရဲ့ ရှင်သန်မှုအတွက် ရုန်းကန်မှုတွေနဲ့ ပြန်လည်ထကြွမှုတွေကို (ဥပမာ ကိုလိုနီစနစ်ကို ချွတ်ချခြင်း) ပြန်ပြီး အသုံးချတာကိုက ကိုလိုနီဆန်နေတာပဲ (Liboiron ၂၀၂၁: ၂၆)။

 
ကနေဒါက အကယ်ဒါးမစ်တွေကို အခိုးခံလိုက်ရတဲ့ မြေယာတွေပေါ်မှာ လက်ရှိတည်ရှိနေတဲ့ သူတို့ရဲ့ တက္ကသိုလ်တွေအကြောင်း၊ သူတို့အတင်းဝင်နေလို့ အိမ်ယာတွေ ပျောက်ပြီး အိမ်ခြေမဲ့သွားတဲ့သူတွေအကြောင်း၊ သူတို့ စားဖို့သောက်ဖို့အတွက် လုပ်အားတွေ ဖျက်ဆီးခံရတဲ့ ‌ရွှေ့ပြောင်းလုပ်သားတွေအကြောင်း မပြောသေးသရွေ့ သူတို့ရဲ့ “ကိုလိုနီစနစ်ကို ချွတ်ချခြင်း”ဟာ အဓိပ္ပါယ်မရှိဘူးဆိုတာ ဘယ်လို ရှင်းပြရမလဲ ငါမသိဘူး။ – Dr. Fish Philosopher Todd
 
ကိုလိုနီစနစ်ကို ချွတ်ချခြင်းဟာ အလင်္ကာမဟုတ်သလို (Tuck နဲ့ Yang) စာအုပ်တစ်အုပ်၊ ပေပါတစ်စောင်ရေးဖို့လည်း မဟုတ်ဘူး။ ကိုလိုနီအခြေချနေထိုင်သူ ပညာရှင်တွေရေ နင်တို့ ပညာရှင်အနေနဲ့ ပါဝင်နေထိုင်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုပေါ်မှာ တည်ဆောက်ထားတဲ့ နိူင်ငံက ရုပ်ဝတ္တုပိုင်းဆိုင်ရာ ပြဿနာတွေကလည်း အရေးပါတယ်။ ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ပညာရှင်ရပ်ဝန်းအပြင်က ကမ္ဘာနဲ့လည်း ပိုမိုကောင်းမွန်တဲ့ ပတ်သက်ဆက်ဆံရေး ရှိသင့်တယ်ဆိုတာပဲ။ – Dr. Fish Philsopher Todd
 

“ကိုလိုနီမြေယာကျူးကျော်မှုတွေ ရှိနေသေးသရွေ့” (Liboiron ၂၀၂၁: ၂၆) ကျွန်တော်တို့ US၊ ကနေဒါနဲ့ အခြားသော ကိုလိုနီအခြေချနိူင်ငံတွေက မနုဿ‌‌ဗေဒဌာနတွေက လုပ်ရပ်တွေကို “ကိုလိုနီစနစ်က ချွတ်ချခြင်း”လို့ ခေါ်တာ ရပ်သင့်ပြီ။ တစ်ချိန်တည်းမှာပဲ ကျွန်တော် သုတေသနလုပ်တဲ့ ဂါနာတို့လို ကိုလိုနီပြုခံခဲ့ရတဲ့ နိူင်ငံတွေ၊ ကျွန်တော့်ရဲ့ နိူင်ငံဖြစ်တဲ့ စင်္ကာပူလို နိူင်ငံတွေမှာ လုပ်တဲ့ ကိုလိုနီစနစ်ကို ချွတ်ချတယ်ဆိုတာ အဓိပ္ပါယ် တစ်မျိုးတစ်ဖုံပေါက်ကောင်းပေါက်နိူင်တယ်ဆိုတာ သတိထားသင့်တယ်။ “ကိုလိုနီစနစ် အမျိုးမျိုးကြောင့် ကိုလိုနီစနစ် ချွတ်ချခြင်းနဲ့ ကိုလိုနီစနစ်ကို ဆန့်ကျင့်ခြင်းတွေလည်း အမျိုးမျိုးရှိနိူင်တယ်” (Liboiron ၂၀၂၁: ၁၃၂) ဆိုတာလည်း သတိပြုသင့်တယ်။

 

ဥပမာ – ဥရောပနဲ့ UK တို့လိုနိူင်ငံတွေမှာ ဘေးဖယ်ခံထားရတဲ့ လူအုပ်စုတွေထဲက လူတစ်ယောက်အတွက် ကိုလိုနီစနစ်ကို ချွတ်ချခြင်းဆိုတာ ဘာအဓိပ္ပါယ်ပေါက်သလဲ? အဲ့ဒီနေရာတွေမှာ ဝင်မဆန့်တဲ့ ကိုလိုနီပြုခံခဲ့ရတဲ့ နိူင်ငံတွေကလာတဲ့ ပညာရှင်တွေနဲ့ ကိုလိုနီပြုခဲ့တဲ့ အင်ပိုင်ယာနိူင်ငံတွေက လာတဲ့ ပညာရှင်တွေအတွက် ကိုလိုနီစနစ်ကို ချွတ်ချခြင်းဆိုတာ ဘာအဓိပ္ပါယ်ပေါက်သလဲ? ဥရောပအနောက်ပိုင်း (သို့မဟုတ်) UK မှာ ရွှေ့ပြောင်းအခြေချနေတဲ့၊ မိမိတိုင်းပြည်ကနေ တခြားနိူင်ငံတစ်နေရာမှာ အကြောင်းအမျိုးမျိုးကြောင့် ပျံ့နှံနေထိုင်နေတဲ့ လူမည်းလူမျိုးစုတွေ၊ လူဖြူမဟုတ်သူတွေအတွက်ရော ကိုလိုနီစနစ်ကို ချွတ်ချတယ်ဆိုတာ ဘာလဲ? “စီးပွားရေးအရသော်လည်းကောင်း၊ ခြိမ်းခြောက်မှုနဲ့သော်လည်းကောင်း၊ လူနေမှုသဘောသဘာဝပုံစံတွေအရသော်လည်းကောင်း၊ အသိပညာအရသော်လည်းကောင်း လွှမ်းမိုးထားတဲ့ အမေရိကန်ရဲ့ ကိုလိုနီစနစ်” (Sanchez ၂၀၂၁: ၅) ကို ကျွန်တော်ကို အတည်တကျ အသိအမှတ်ပြုကြရင်ရော?

 

ရှင်းရှင်းပြောရရင် “ကိုလိုနီစနစ်ကို ချွတ်ချခြင်း”က နေရာအလိုက် ပြောင်းလဲသွားတယ်ဆိုတာ မနုဿဗေဒပညာရှင်အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမတူညီမှုတွေကို ကျွန်တော်တို့ ဘယ်လောက် အချိန်ပေး စဥ်းစားကြလို့လဲ? ကျွန်တော့် အမြင်တော့ သိပ်အချိန်မပေးကြဘူး။ ကျွန်တော်တို့ နေထိုင်နေတဲ့ သုတေသနလုပ်နေတဲ့ ဒေသက လူတစ်အုပ်စုတစ်စုချင်းစီအတွက်၊ နယ်မြေတစ်မြေချင်းစီအတွက် မတူညီတဲ့ ကိုလိုနီစနစ်က ချွတ်ချခြင်းတွေအကြောင်းကို ကျွန်တော်တို့ ဦးစားပေး ဆွေးနွေးလို့ မရဘူးလား? ကိုလိုနီစနစ်က ချွတ်ချခြင်းဆိုတာ “အမြဲတစေ ပြောင်းလဲနေတဲ့ ဖြစ်စဥ်” (Grande ၂၀၁၅: ၃၅၈) လို့ ဘယ်လို သဘောပေါက်ကြမလဲ? ဥပမာ – အာဖရိကက ကိုလိုနီစနစ်ကို ချွတ်ချခြင်းက ဘယ်လိုမျိုးလဲ?

 

Francis Nyamnjob ရဲ့ Decolonizing the University in Africa (အာဖရိကက တက္ကသိုလ်များက ကိုလိုနီစနစ်ကို ချွတ်ချခြင်း) (၂၀၁၉) စာအုပ်ကို ကိုးကားရရင်

“အာဖရိကန်ပညာရှင်တွေနဲ့ အစိုးရတွေက သူတို့နိူင်ငံတွေရဲ့ ဥရောပကိုလိုနီအကြွင်းအကျန်ပုံစံတစ်ခုဖြစ်တဲ့ အားလုံးစုပုံသင်လို့ရတဲ့ တက္ကသိုလ်စနစ်ကို အာဖရိကန်အခြေအနေနဲ့ ကိုက်ညီအောင် ထပ်ခါ ထပ်ခါ သုံးဖို့ ကြိုးစားတာတောင်မှ ကိုလိုနီခေတ်နောက်ပိုင်း အာဖရိကက မော်ဒန်တက္ကသိုလ်ဆိုတာ အာဖရိကန် အင်စတီးကျူးရှင်းနဲ့ လားလားမှ မဆိုင်ဘူး။ အဲ့ဒီလို အာဖရိကန်အခြေအနေနဲ့ ကိုက်ညီဖို့ဆိုတာ အနောက်အကယ်ဒမီက သင်ကြားပေးလိုက်တဲ့ သီအိုရီတွေကို မေးခွန်းတွေ ပြန်ထုတ်ဖို့ လိုတယ်။ ဒီအနောက်အကယ်ဒမီတွေက များသောအားဖြင့် ‘နေရာဒေသ (local)နဲ့ ကမ္ဘာ (global) ကြားထဲက ချိန်ခွင်ကို မျှတယ်’ ဆိုရုံလောက်သာ သီအိုရီပြန်ထုတ်တတ်တဲ့ (သို့မဟုတ်) အနောက်ကို ပြန်တုယောင်တဲ့ ပညာရှင်တွေကိုသာ မွေးထုတ်ပေးလေ့ ရှိတယ်။”

ကမ္ဘာမြောက်နဲ့ ကမ္ဘာတောင်က ပညာရှင်တွေကြားထဲက ပညာထုတ်လုပ်မှု မညီမျှမှု ပြဿနာတွေက ဆက်ရှိနေသေးတယ်။ ဥပမာ – အာဖရိကန်လေ့လာရေးမှာ အာဖရိကန်မဟုတ်သူတွေ လွှမ်းမိုးနေခြင်းနဲ့ ဥရောပက တွေးခေါ်သိမှု ဖြစ်မှုတွေကို စံတည်ထားခြင်းတွေပဲ (Crawford, Mai-Bornu, Landström ၂၀၂၁)။ အာဖရိကန်ပေါင်းစု ခေါင်းဆောင် Kwame Nkrumah ရဲ့ ကနဦးကြိုးပမ်းမှုတွေကနေ စပြီး နိူင်ဂျီးရီးယန်း ပညာရှင် Claude Ake ရဲ့ စာတွေ၊ တောင်အာဖရိကက ၂၀၁၅ခုနှစ်က #RhodesMustFall လှုပ်ရှားမှုတွေအဆုံး ရှိခဲ့တဲ့ အာဖရိကတိုက်က ပညာရှင်အသိုင်းအဝိုင်းထဲက ကိုလိုနီစနစ်ကို ချွတ်ချတဲ့ သမိုင်းကြောင်းတွေဟာ လျစ်လျှုရှုခံခဲ့ရတယ် (Crawford, Mai-Bornu, Landström ၂၀၂၁)။

 

ကန်ညာမနုဿဗေဒပညာရှင် Mwenda Ntarangwi (၂၀၁၀: ၉၆-၇)က “ကိုလိုနီပရောဂျက်တစ်ခုအနေနဲ့ အာဖရိကတိုက်က ပညာရေးဟာ အာဖရိကန်တွေကို သူတို့ရဲ့ မိရိုးဖလာနေထိုင်မှု ဘဝကျင်လည်မှုကနေ ကိုလိုနီ (အနောက်တိုင်း)ရဲ့ တွေးခေါ်ပုံထဲကို ရိုက်သွင်းဖို့ တမင်သက်သက်ကြိုးစားတာသာ ဖြစ်တယ်” လို့ ဆိုထားတယ်။ Achille Mbembe (၂၀၁၆) ကလည်း ကိုလိုနီစနစ်ကို ချွတ်ချဖို့ လှုံ့ဆော်ခဲ့ပြီး တက္ကသိုလ်တွေဟာ ပုံစံခွက်တွေထဲထည့်ဖို့ အာဏာနဲ့ ထိန်းချုပ်တဲ့ နေရာတွေလို့ ရှုံ့ချခဲ့တယ်။ သူက “ဥရောပရဲ့ သိမှုဖြစ်တည်မှု ကျမ်းဂန်” ရဲ့ လွှမ်းမိုးမှု အာဏာကိုလည်း ပြန်မေးခွန်းထုတ်ခဲ့တယ်။

 

ဒါပေမဲ့လည်း သုတေသနစာစောင်တွေ ထုတ်ဝေမှုတွေအတွက် တည်းဖြတ်ပြီး ပိတ်ပင်ထားတာတွေ၊ အဲ့ဒီစာစောင်တွေကို စိစစ်သူတွေရဲ့ ဘက်လိုက်မှုတွေ၊ သုတေသနအတွက် မလုံလောက်တဲ့ ငွေကြေးထောက်ပံ့မှုတွေ၊ ကမ္ဘာ့မြောက်ပိုင်းက ပညာရှင်တွေက ကမ္ဘာ့တောင်ပိုင်းက ပညာရှင်တွေအပေါ် ခေါင်းပုံဖြတ်မှုတွေနဲ့ ကမ္ဘာ့အင်အား မညီမျှမှုတွေ အစရှိတဲ့ စနစ်တကျပြုလုပ်ထားတဲ့ ပုံစံတွေကတော့ ဘာမှ မပြောင်းလဲသေးဘူး။ ကိုလိုနီစနစ်နဲ့ သူ့ရဲ့ ပါဝါဟာ တိုက်ရိုက်ကျူးကျော်ခြင်းခံခဲ့ရတဲ့ ကိုလိုနီစနစ်ပြီးဆုံးသွားသည့်တိုင်အောင် ဆက်လက်ကြွင်းကျန်နေဆဲဖြစ်ပြီး “အာဖရိကကို လေ့လာတဲ့ ဘာသာရပ်တွေ”ထဲမှာ ကျန်ရှိနေသေးတဲ့ အမေရိကန်အင်ပိုင်ယာစနစ်တွေကိုလည်း တိုက်ရိုက်မေးခွန်းထုတ်ရဦးမှာ ဖြစ်တယ် (Anima Adjepong ရဲ့ Twitter ပို့စ်ကို ကြည့်ပါ)။

 

အခု တက္ကသိုလ်တွေက (မနုဿဗေဒဌာနတွေ အပါအဝင်) ဦး‌ဆောင်နေတဲ့ ညီမျှမှု (Equity)၊ စုံလင်ကွဲပြားမှု (Diversity) နဲ့ ပါဝင်ထည့်သွင်းမှု (Inclusion)(EDI) လုပ်ရပ်တွေဟာ တစ်ခါတစ်လေ အကောင်းထက် အဆိုး ပိုဖြစ်နိူင်တယ်ဆိုတာကို ယေဘုယျအနေနဲ့ မဆွေးနွေးခင် ဖြစ်တည်မှုပေါင်းစုံရဲ့ ဆုံမှတ်တွေကို ထည့်သွင်းစဥ်းစားခြင်း (intersectionality) ရဲ့ အ‌ရေးကြီးပုံဘက်ကို ကျွန်တော် လှည့်ချင်တယ်။ ဒီနေရာမှာ ကျွန်တော် “လူမျိုး” (Race) ဆိုတဲ့ အဓိပ္ပါယ်ဟာ တက္ကသိုလ်တွေနဲ့ သူတို့ရဲ့ မားကတ်တင်းနည်းလမ်းတွေမှာ ဘယ်လို ပြဿနာရှိရှိနဲ့ ပြန်ပေါ်လာသလဲဆိုတာကို စပြီး ကြည့်ချင်တယ်။ Mbembe (၂၀၁၆) က လူမျိုး‌ရေးခွဲခြားမှုဟာ “အမျိုးသားရေးရဲ့ အဖြည့်စွက်ခံဖွဲ့စည်းပုံအဖြစ်” ဆက်လက်တည်ရှိနေတယ်ဆိုတာကို ပါးနပ်စွာ ထောက်ပြခဲ့တယ်။ တက္ကသိုလ်တွေနဲ့ ဌာနတွေရဲ့ EDI အစီအစဥ်တွေနဲ့ နာမည်တံဆိပ်ကပ် ကြော်ငြာမှုတွေနဲ့ အားလုံးကို ထည့်သွင်းစဥ်းစားပါတယ်ဆိုပြီး လူမျိုးရေးခွဲခြားမှုကို ရှောင်ဖို့ ကြိုးစားကြတယ်လို့ ကျွန်တော် ထပ်ဖြည့်ချင်တယ်။ တက္ကသိုလ်ပရိဝဏ်ထဲက လူမျိုးရေးခွဲခြားမှုတွေကို ဒီလိုမျိုး “ဖြစ်ဖြစ်မြောက်မြောက် မရှိတဲ့ လုပ်ရပ်တွေ” (Ahmed ၂၀၁၂) နဲ့ ဝေ့လည်ကြောင်ပတ်လုပ်နေတာဟာ ပိုပြီး အန္တရာယ်ဖြစ်စေတယ်။

 

လူမျိုးနဲ့ EDI

 

လူမျိုးရေးဟာ အရေးကြီးတယ်လို့ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တစ်ယောက်က ကျွန်တော့်ကို ပြောဖူးတယ်။ သူ့ဌာနထဲမှာ EDI (Equity and Diversity Initiatives) အစီအစဥ်တွေ လုပ်ကြတုန်းက သူ့ကို တုံကင်တစ်ခုအနေနဲ့သာ မှတ်ယူပြီး သူတွေ့ကြုံခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှုတွေအကြောင်းကို စုံလင်ကွဲပြားတဲ့ စကားဝိုင်းတစ်ခုလုပ်ဖို့အတွက် မေးခဲ့ကြတယ်။ ဒီလိုမေးတာကို သူက ဌာနထဲက လုပ်ပုံကိုင်ပုံတွေကို ပြောင်းလဲဖို့အတွက် အတူတူကြိုးစားဖို့ မေးတာလို့ ထင်ခဲ့ပေမဲ့ ဌာနရဲ့ နဂိုရှိရှင်းစွဲ လုပ်ပုံကိုင်ပုံတွေကို ပြန်ပြီး သတိပေးခံခဲ့ရတယ်။ အဲ့ဒီအစည်းအဝေးဟာ သူပြောနေတာတွေကို ပိတ်ပင်ခဲ့တဲ့ စီနီယာ ယောင်္ကျားတွေရဲ့ လွှမ်းမိုးမှုအောက်ကို ချက်ချင်းပြန်‌ရောက်သွားတယ်။ ဒီ မနုဿဗေဒပညာရှင်ဟာ ဂတ်စ်မီးနဲ့ ရှို့ခံရသလို ခံစားရပြီး ထပ်ပြီး ညှင်းပန်းခံရတယ်။

 

“ငါတို့ကို လူလို့ မမြင်ဘူးလေ။ လုပ်အားတစ်မျိုးလို့ပဲ မြင်တာ” လို့ သူက ကျွန်တော့်ကို ပြောတယ်။

“သူတို့ ငါ့ကို မမြင်သေးသရွေ့ ဘာမှ ပြောင်းလဲလာမှ မဟုတ်ဘူး” (စောဒကတက်တဲ့အကြောင်းကို တွေးတဲ့အခါ Sara Ahmed ရဲ့ ၂၀၂၁ က ပေးခဲ့တဲ့ ဟောပြောပွဲကို ပြန်အောက်မေ့မိတယ်)။

နောက်ထပ် လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တစ်ယောက်ကလည်း ကျွန်တော်တို့တွေအကုန်လုံးက အင်ပိုင်ယာလက်အောက်က အုပ်ချုပ်ခံရသူတွေသာဖြစ်ပြီး မနုဿဗေဒထဲမှာ တန်းတူအမြင်ခံ၊ လက်ခံခံရပြီး ကျွန်တော်တို့ရဲ့နေရာနဲ့ ကျွန်တော်တို့ဟာ ထိုက်တန်ကြောင်း အမြဲတစေကြိုးစားနေမှရမယ်လို့ ပြောတယ်။ ဒီမနုဿဗေဒပညာရှင်ဟာ လူဖြူသဘောတရားကို ပြန်မြုံဖို့ နောက်ဆုံး သူ မလုပ်နိူင်တော့တဲ့အထိ၊ လုပ်လည်း မလုပ်ချင်တော့တဲ့အထိတောင် တော်တော်ကြိုးစားပါတယ်။ ဒီ မနုဿဗေဒပညာရှင်နှစ်ယောက်လုံးကို သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အားပေးပံ့ပိုးကြကြောင်းကိုလည်း ပြောပြခဲ့ကြတယ်။ ဒါပေမဲ့ အဲ့ဒီအားပေးမှုတွေက ဘယ်တော့မှ လူရှေ့မှာမဟုတ်ဘဲ အမြဲတမ်း လူမသိသူမသိပဲ ဖြစ်တယ်။

 

ဒီအကြောင်းက ကျွန်တော့်ကို တိုယန်တိုမြို့က ရှေ့နေနဲ့ queer တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ El-Farouk Khaki က ကျွန်တော်နဲ့ Wunpini F. Mohammed နဲ့အတူ စီစဥ်ခဲ့တဲ့ စကားဝိုင်းတစ်ခုမှာ ပြောခဲ့တဲ့ ဖီမီနင့်နဲ့ queer စီစဥ်လှုပ်ရှားမှုတွေအကြောင်း ကို အမှတ်ရစေတယ်။ သူက “မကောင်းတဲ့ မိတ်ဖက်”ဆိုတာ အချင်းချင်းကြားမှာတော့ “ငါက မင်းနဲ့အတူ ရှိပါတယ်”လို့ ပြောပြီး အများရှေ့မှာတော့ “နင်က တစ်ယောက်တည်းပဲ” ဆိုတဲ့ လူစားမျိုးလို့ ပြောခဲ့တယ်။ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တွေကလည်း အကြမ်းဖက်ခံရတာတွေ၊ အနှောင့်ယှက်ခံရတာတွေနဲ့ ပတ်သက်လာရင် ဒီလိုမျိုး ခံစားရတယ်။ လူမျိုးဟာ လူတန်းစား၊ ဂျန်ဒါ၊ လူမှုအဆင့်အတန်းတွေနဲ့ မနုဿဗေဒထဲမှာ ရှိနေတဲ့ တခြားသော အနိမ့်အမြင့်စနစ်တွေဖြစ်တဲ့ နာမည်ကျော်ကြားမှု၊ ဂုဏ်ပကာသနစနစ်တွေနဲ့ တွေ့ထိနေတယ် (Kawa နဲ့အများ ၂၀၁၈)။

 

တောင်အမေရိကနဲ့ ဥရောပနိူင်ငံတွေတချို့မှာတော့ လူမျိုးဆိုတာ လူဖြူကြီးစိုးရေးနဲ့လည်း ပတ်သက်နေတယ်။ လူဖြူကြီးစိုးရေးဆိုတဲ့ စကားလုံးကတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မနုဿဗေဒပညာရှင် (အထူးသဖြင့် လူဖြူတွေ) တော်တော်များများကို အခက်တွေ့စေတဲ့ စကားလုံးပါပဲ။ လူဖြူကြီးစိုးရေးဆိုတာ ကမ္ဘာတောင်ပိုင်းသာမက တခြားနေရာတွေမှာပါ တွေ့ကြုံနေရတဲ့ ကိုလိုနီဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ သူတို့ရဲ့ အကျိုးဆက်တွေကနေတဆင့် ဆက်လက်အမြတ်ထွက်နေတဲ့ ပါဝါစနစ်တစ်ခုကို ပြောတာပဲ ဖြစ်တယ်။

 

ဒါပေမဲ့ ဒီစကားလုံးကို နာမည်တပ်တာနဲ့ ဒါမှမဟုတ် မနုဿဗေဒနဲ့ တွဲပြောတာနဲ့ ထိခိုက်စေတဲ့၊ ကြင်နာမှုမရှိတဲ့ သို့မဟုတ် မမှန်ကန်တဲ့ မကောင်းတဲ့ စကားလုံး ဖြစ်သွားတယ်။ မင်းတို့ (ကျွန်တော့်ရဲ့ လူဖြူလုပ်ဖော်ကိုင်ဖက်တွေ)ဟာ ဒီလိုပြောလိုက်တာနဲ့ သူတို့ကို လူဖြူကြီးစိုးရေးသမားတွေပါလို့ စွပ်စွဲတယ်လို့ ကြားကြတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်လို့ ယူဆလာတယ်။

ကျွန်တော်တို့ မနုဿဗေဒပညာရှင်တွေဟာ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စွဲကိုင်လာတဲ့ အရာတစ်ခုပျောက်သွားမှာကို ကြောက်နေကြတယ်။ တစ်နည်းတစ်ဖုံနဲ့ ငါတို့ဟာ အဲ့ဒီလိုမျိုးလူ မဟုတ်ပါဘူးလို့ ထင်နေကြတယ်။ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုတွေက ပုံစံမျိုးစုံနဲ့ ပေါ်လာကြတယ်။ ငါတို့အားလုံးက မနုဿဗေဒပညာရှင်တွေပဲ။ ဒီအထဲမှာ ငါတို့အားလုံး ပါတာပဲ။ ငါတို့က ဌာနတစ်ခုတည်းပဲ။

ဒီ မနုဿဗေဒထဲက “ငါတို့” ဆိုတာဟာ မတူညီတဲ့ “ငါတို့”ပေါင်းများစွာကို လျစ်လျှုရှုစေပြီး တာဝန်နဲ့ ဝတ္တရားတွေကနေလည်း ကင်းလွတ်ခွင့်ပေးတယ် (Liboiron ၂၀၂၀)။ ပြီးတော့ လူဖြူကြီးစိုးရေးဆိုတာ တစ်ဦးတစ်ယောက်တည်းကို ပြောနေတာမဟုတ်ဘူး (အဲ့ဒီတစ်ဦးတစ်ယောက်က လူဖြူကြီးစိုးရေးကနေ အကျိုးတွေ ခံစားနေရရင်တောင်မှ)။ လူဖြူကြီးစိုးရေးဆိုတာ တချို့အသံတွေကို ဘေးဖယ်ထားပြီး တချို့ကို ပိုအသံချဲ့ပေးတာဖြစ်ပြီး မကြာခဏ သတိမပြုမိကြတဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လုပ်ပေးနေတဲ့ စနစ်တစ်ခုပဲ။

 

EDI ရဲ့ လုပ်ဆောင်ချက်များ

 

ကိုယ်စားလှယ်ပြဖို့ လိုလာတဲ့ အခြေအနေတွေမှာ အကယ်ဒါးမစ်ဌာနတွေက “တန်းတူညီမျှမှုနဲ့ စုံလင်ကွဲပြားမှု (Equity and Diversity)”ကို ကိုလိုနီနဲ့ လူဖြူကြီးစိုးရေးမှန်ပြောင်းတွေကနေသာ ဆက်ကြည့်နေကြတုန်းပဲ။ သူတို့က လူမည်းတွေ၊ အင်ဒီးဂျနင့်လူမျိုးတွေ၊ လူညိုတွေနဲ့ အာရှသူအာရှသားတွေရဲ့ ခန္ဓာကိုယ်တွေကိုသာ ပိုထည့်လိုက်တာနဲ့ ပိုပြီး ထည့်သွင်းစဥ်းစားရာရောက်မယ်လို့ ထင်နေကြတယ်။ ဆိုလိုချင်တာက ဒီလိုလူတွေကို “စုံလင်ကွဲပြားတဲ့ အလုပ်”တွေ လုပ်ခိုင်းလိုက်တာနဲ့ စုံလင်ကွဲပြားသွားမယ်လို့ ထင်နေတယ်။

ဒီဟာက တချို့တဝက်တော့ မှန်ပါတယ်။ ဒါ‌ပေမဲ့ ဒီလို ယူဆတာက တော်တော် ပြဿနာရှိတယ်။ စုံလင်ကွဲပြားဖို့ လုပ်ရမဲ့ အလုပ်ကို ဘေးဖယ်ခံထားရသူတွေနဲ့ ကိုယ်စားလှယ်မရှိတဲ့ ဆရာ/မတွေရဲ့ ပခုံးပေါ်မှာ ရှိနေပြီးသားဝန်ပေါ် ပိုပိစေလို့ပဲ။ စုံလင်ကွဲပြားမှု (diversity) ဆိုတာကို ပြောင်းလဲရမဲ့အစား ချဲ့ပြီး လုပ်လိုက်ရင် ပြီးမဲ့အလုပ်ဆိုပြီး တုံကင်တစ်ခုအနေနဲ့သာ သဘောထားတယ်။ ဘေးဖယ်ခံထားရတဲ့ ဆရာ/မတွေကို အလုပ်တွေ ပိုလုပ်ခိုင်းပြီး မမျှတတဲ့ စနစ်ကို စိန်ခေါ်ဖို့ ကြိုးစားတဲ့အခါ အကြမ်းဖက်မှုတွေ အနှောင့်အယှက်တွေနဲ့ ပိုတွေ့ကြုံစေရတယ်။

 

ကနေဒါ အကယ်ဒါးမီးယားရဲ့ EDI ကို မတော်မတရားတံဆိပ်ပြန်ကပ် အသုံးချခြင်းအကြောင်းကို Rinaldo Walcott က သိပ်မကြာခင်ကပဲ ပညာသားပါပါ သုံးသပ်ခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Sara Ahmed ရဲ့ စောဒကတက်ခြင်း၊ စုံလင်ကွဲပြားခြင်းနှင့် အခြားသော ရန်လိုသော ပတ်ဝန်းကျင်များ (Complaint, Diversity and Other Hostile Environments) ဆိုတဲ့ ဟောပြောပွဲက ကောက်နုတ်ချက်တချို့ကို ပြန်တင်ပြချင်တယ်။

  • “ရိုးရာဓလေ့ထုံးစံတစ်ခု မွေးဖွားလာဖို့ကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့သူတွေကို ရပ်တန့်လိုက်ရင် ရိုးရာဓလေ့ထုံးစံတစ်ခု မွေးဖွားလာတယ်။”

  • စုံလင်ကွဲပြားခြင်း (diversity) ဆိုတာ “မိန်းမတွေနဲ့ လူနည်းစုတွေ ခေါင်းပြူပြန်ထွက်လာဖို့သက်သက်သာ လည်နေတဲ့ ဆုံလည်တံခါးတစ်ခုပဲ။”

  • “လူမျိုး (race) ဆိုတဲ့စကားလုံးကို ပြောလိုက်စမ်းပါ။ သင်ဟာ စောဒကတက်တဲ့သူ၊ အဆိုးဘက်မြင်တဲ့သူ၊ ပျက်စီးစေချင်တဲ့သူ၊ စိတ်ရင်းမကောင်းတဲ့သူလို့ အထင်ခံရလိမ့်မယ်။”

  • “ညှင်းပန်းနှိပ်စက်တဲ့သူနဲ့ ပေါင်းသင်းဆက်ဆံရေးကနေ အကျိုးအမြတ်တွေ ရနေတဲ့သူဟာ ဒီအကျိုးအမြတ်တွေ ဆက်ရနေအောင် ညှင်းပန်းနှိပ်စက်မှုတွေကို ဖုံးဖိထားလေ့ရှိတယ်။”

တစ်ဘက်မှာတော့ လူတန်းစား၊ လူမှုအဆင့်အတန်းနဲ့ ဂုဏ်ပကာသနတွေ EDI ရဲ့ ပုံရိပ်ထဲ ဝင်လာတဲ့အခါ လူဖြူမဟုတ်တဲ့ အကယ်ဒါးမစ်တွေကပါ အင်ဒီးဂျနင့်လူမျိူးတွေ၊ လူမည်းတွေနဲ့ လူနည်းစုတွေကို ဘေးဖယ်ထားပြီး အကြမ်းဖက်တဲ့ အခွင့်ထူးခံလူတန်းစားတွေပါ ပြန်ဖြစ်လာနိူင်တယ်။ ဥပမာပေးရရင် လူဖြူသဘောတရားကို ပြန်ထုတ်လုပ်ရင်း သူတို့ရဲ့ ကျောင်းသားကျောင်းသူတွေ၊ သူတို့ထက် လုပ်သက်နုသေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြီး အကြမ်းဖက် ဒုက္ခပေးတဲ့ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တွေပဲ။

 

အင်ဒီးဂျနင့်လူမျိုးတွေ၊ လူမည်းတွေ၊ လူညိုတွေနဲ့ အာရှလူမျိုးတွေရဲ့ အသံတွေကို ထည့်သွင်းစဥ်းစားတာဟာ အရေးကြီးရုံတင်မက အရေးပါပါတယ်။ ဒါပေမဲ့ လူဖြူတွေ (သို့) အဆိပ်အတောက်ပြင်းပြီးသား နောက်ခံတွေကို အ‌ရောင်တွေတင်တာဟာ သင့်ရဲ့ ဌာနကို အမှန်တကယ် စုံလင်ကွဲပြားအောင် လုပ်တယ်လို့ ယူဆလို့ မရပါဘူး။ အထူးသဖြင့် ရေပေါ်ဆီ (elite) တွေရဲ့ ပြန်ထုတ်လုပ်မှုကို မစစ်ဆေးရင်၊ လူဖြူမဟုတ်တဲ့ အကယ်ဒါးမစ်တွေက လူဖြူသဘောတရားတွေကို ပြန်မြုံတဲ့အခါနဲ့ လူတွေဟာ ဆက်ပြီးတော့ လေးလေးစားစား အဆက်ဆံမခံရရင်၊ ဆိုးဆိုးရွားရွား အဆက်ဆံခံရရင်နဲ့ တုံကင်တစ်ခုလိုသာပဲ ဆက် ဆက်ဆံခံနေရရင် စုံလင်ကွဲပြားအောင် လုပ်တယ်လို့ ယူဆလို့ မရပါဘူး။

 

အဲ့ဒါကြောင့် “ငါတို့ရဲ့ ရည်ရွယ်ချက်တွေ၊ ငါတို့ လုပ်ရပ်တွေရဲ့ လမ်းကြောင်းတွေကို မေးခွန်းပြန်မထုတ်ရင် ‌လူဖြူမဟုတ်သူတွေကို ဘေးဖယ်ထုတ်တဲ့အပြင် လိုအပ်နေတဲ့ ငါတို့ရဲ့ တည်ရှိမှုကိုပါ ပပျောက်အောင် လုပ်ရာရောက်တဲ့ မတူညီမှုတွေနဲ့ အခြားတစ်ပါးပြုမှုတွေရဲ့ အာဘော်တွေကို ပြန်လည် ဆက်လက်ပျံ့ပွားစေရန် အန္တရာယ်ရှိတယ်” (bell hooks ၂၀၁၅: ၂၀၆) ဆိုတာကို သတိမူဖို့ အရေးကြီးတယ်။ bell hooks ထောက်ပြခဲ့သလိုပဲ ကျွန်တော်တို့ ပြောနေတဲ့အကြောင်းအရာတွေက အရေးကြီးရုံတင်မကဘူး။ အဲ့ဒီအကြောင်းအရာတွေကို ကျွန်တော်တို့ ဘယ်လိုပြောနေကြသလဲဆိုတာကလည်း အရေးကြီးတယ်။

Boas ဦးဆောင်ခဲ့တဲ့ မနုဿဗေဒလမ်းကြောင်းရဲ့ လွှမ်းမိုးမှုဟာ မနုဿဗေဒပညာရှင်တွေရဲ့ ပြောပုံဆိုပုံတွေပေါ်မှာ အမြစ်တွယ်နေဆဲပဲ။ Mark Anderson က သူ့ရဲ့ ၂၀၁၉ ခုနှစ်ထုတ် Boas မှအစ လူမည်းပါဝါအဆုံး – လူမျိုးရေးခွဲခြားရေး၊ လစ်ဘရယ်စနစ်နှင့် အမေရိကန် မနုဿဗေဒ (From Boas to Black Power: Racism, Liberalism, and American Anthropology) ဆိုတဲ့ စာအုပ်ထဲမှာ ရေးခဲ့သလိုပဲ Boas နဲ့ သူ့ကျောင်းသားတွေဟာ ရိုးရာဓလေ့တွေကို အသုံးချပြီး လူမျိုးဆိုတာကို ဇီဝဗေဒအခြေပြု သတ်မှတ်ချက်တွေကနေ ဖယ်ခွာပြီး မတူညီမှုတွေကို ရှင်းပြဖို့ ကြိုးစားတဲ့အခါ လူမျိုးဆိုတဲ့ စကားလုံးသဘောတရားကို အသေးစိတ် ပြန်မရှင်းပြခဲ့ဘူး။

 

US ရဲ့ မနုဿဗေဒထဲက “အမေရိကန်စနစ်/ဝါဒ” (သို့မဟုတ် တုနှိုင်းစရာမရှိတဲ့ အမေရိကန်စနစ်/ဝါဒ)ဟာ “လူဖြူသဘောတရားနဲ့ အမေရိကန်ကြားထဲမှာ ပြန်ရေးခြစ်ထားတဲ့ ညီမျှခြင်းလက္ခဏာတွေ ဖြစ်တဲ့” (Anderson ၂၀၁၉: ၁၃) လူမျိုးနဲ့ လူမျိုးရေး သီအိုရီတွေထဲမှာ စိတ်ကူးနဲ့ မြင်ယောင်ထားတဲ့ လစ်ဘရယ်အမေရိကန်ကို ပြန်ပြီး နက်နက်နဲနဲ နေရာပေးထားတယ်။

ဒီနေရာမှာ အရေးကြီးတာက လူမျိုးရေးခွဲခြားရေးကို ဆန့်ကျင်တဲ့ (သို့) ကိုလိုနီစနစ်ကို ဆန့်ကျင်တဲ့ လုပ်နည်းကိုင်နည်းတွေကို အသုံးချတဲ့ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တွေနဲ့ လူဖြူ မနုဿဗေဒပညာရှင်တွေကပဲ အပြောင်းအလဲကို လုပ်ခဲ့တယ်ဆိုတာပဲ။ ဥပမာ – William Willis (၁၉၂၁ – ၁၉၈၃)၊ Diane Lewis (၁၉၃၁ – ၂၀၁၅)နဲ့ Charles Valentine (၁၉၂၉ – ၁၉၉၀)တို့ပဲ ဖြစ်တယ်။ ဒီမနုဿဗေဒပညာရှင်တွေဟာ လူမည်းပါဝါနဲ့ လူမည်းလေ့လာရေးလှုပ်ရှားမှုတွေကို အခြေခံပြီး လူမျိုးရေးခွဲခြားမှုရဲ့ စနစ်တကျဖြစ်ပျက်မှုတွေကို လေ့လာခဲ့ပြီး “မနုဿဗေဒ၊ လူမျိုးနဲ့ ‘အမေရိကန်’တို့ကြားက ဆက်နွှယ်မှုတွေကို ပြန်အဓိပ္ပါယ်ဖွင့်ဖို့” ကြိုးစားခဲ့ကြတယ် (Anderson ၂၀၁၉: ၁၆၄)။ သူတို့တွေဟာ တက္ကသိုလ်တွေအပါအဝင် “အမေရိကန် လူမှု့အင်စတီးကျူးရှင်းတွေမှာ ပုံမှန်လို လက်ခံကျင့်သုံးနေတဲ့ လူဖြူသဘောတရားကို တိတိလင်းလင်းဖွင့်ဟပြသခဲ့တယ်” (Anderson ၂၀၁၉: 16)။

 

ပြီးတော့ US က မနုဿဗေဒရဲ့ တိုးတက်ပြောင်းလဲမှုအမွေအနှစ်အပေါ်မှာ သံသယတွေ ဝင်စေခဲ့တယ်။

William Willis က ၄င်းရဲ့ လစ်ဘရယ်ဆန်တဲ့ ရည်ရွယ်ချက်ရှိပေမဲ့ လူဖြူမဟုတ်သူတွေရဲ့ သောကတွေ၊ စိတ်ဖိစီးမှုတွေအပေါ်မှာ ဒေါသထွက်ခြင်းမရှိတဲ့ မနုဿဗေဒကို ဖော်ပြခဲ့တယ်။ Willis ဟာ “လူဖြူတွေရဲ့ ဖိနှိပ်မှုနဲ့ လူမည်းတွေရဲ့ ရှင်သန်ရေးအတွက်၊ လွတ်မြောက်ရေးအတွက်နဲ့ တန်းတူညီမျှမှုရရေးတွေအတွက် ရုန်းကန်မှုတွေကို သေချာမဟောပြောနိူင်တဲ့ Boas ရဲ့ မနုဿဗေဒလမ်းကြောင်းရဲ့ ကန့်သတ်ချက်တွေနဲ့ လစ်ဟာချက်တွေကို သတ်မှတ်ပြ” နိူင်ခဲ့တယ် (Anderson ၂၀၁၉: ၁၈၀)။ Diane Lewis ရဲ့ မနုဿဗေဒနဲ့ ကိုလိုနီစနစ် (Anthropology and Colonialism) (၁၉၇၃: ၆၀၁) စာအုပ်မှာလည်း “မနုဿဗေဒ [နဲ့ ၄င်းက လေ့လာတဲ့ လူတွေ]အပေါ် ရှိနေပေမဲ့ အသိအမှတ်မပြုထားတဲ့ အကျိုးဆက်”ကို လေ့လာသုံးသပ်ခဲ့တယ် (Anderson ၂၀၁၉: ၁၈၃)။ Anderson (၂၀၁၉: ၁၈၄) ထောက်ပြသလိုပဲ “Lewis က ‘လူမျိုးရေးခွဲခြားမှုကို ပေါ်ပေါ်ထင်ထင် တိုက်ဖျက်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ လူမျိုးရေးခွဲခြား‌ရေးကို ပြန်ပျံ့ပွားစေတဲ့ ဖော်မြူလာတွေ၊ စိတ်ဓါတ်တွေနဲ့ အမူအကျင့်တွေကို ပြန်ကျင့်သုံးတဲ့ မနုဿဗေဒပညာရှင်တွေရဲ့ အလေ့အထတွေကို သတ်မှတ်ပြခဲ့တယ်” (၅၈၃)။ Lewis က ပြောင်းလဲမှုတွေကို အော်ခေါ်ပေမဲ့ “အဲ့ဒီ့ပြောင်းလဲမှုအတွက် သူတို့ရဲ့ နေရာ (သို့) စနစ်တွေကိုတော့ သိပ်မေးခွန်းပြန်မထုတ်တဲ့” မနုဿဗေဒပညာရှင်တွေကိုလည်း တွေ့ခဲ့တယ် (Anderson ၂၀၁၉: ၁၈၁)။

မနုဿဗေဒပညာရှင်တွေ မျက်နှာလွှဲထားလို့ရအောင် အခြေအနေပေးတဲ့ စနစ်ကတော့ ကိုလိုနီစနစ်ပဲဖြစ်တယ်။ Lewis ရဲ့ မနုဿဗေဒနဲ့ ကိုလိုနီစနစ် (၁၉၇၃: ၅၈၃-၄) စာတမ်းမှာ အောက်ပါအတိုင်း ရေးထားတယ်။

 

“မနုဿဗေဒဟာ အနောက်နဲ့ အနောက်မဟုတ်တဲ့ ရိုးရာဓလေ့တွေကြားက အချိုးအကွေ့အတွက် အင်အားကြီးသူတွေ တီထွင်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ် ပုံတွေကို အထောက်အကူဖြစ်စေတဲ့ သတင်းအချက်အလက်တွေကို ပေးပို့ပေးတယ်။ ရိုးရာဓလေ့တစ်ခုရဲ့ အပြင်ကနေ စောင်းမြောင်းကြည့်ရှုတဲ့ မနုဿဗေဒပညာရှင်တွေက အနောက်ရဲ့ ယဥ်ကျေးမှုတည်ဆောက်ပုံတွေနဲ့ တခြားသော ရိုးရာဓလေ့တွေကြားထဲက မတူညီမှုတွေကို မှတ်တမ်းကောက်ကြတယ်။ လူအုပ်စုနှစ်ခုကြားက မတူညီမှုတွေကို မှတ်တမ်းပြုထားရုံသက်သက်က လူမျိုးရေးခွဲခြားရာမရောက်ပါဘူး။ ဒါပေမဲ့ ကိုလိုနီစနစ်အရတော့ အဲ့ဒီလို ယူဆမှုက မလွဲမသေ လိုကိုလိုအပ်နေတယ်။”

 

Willis လိုပဲ Lewis ဟာလည်း ခွဲခြားဆက်ဆံခံခဲ့ရပြီး မနုဿဗေဒကို ပါရဂူတန်းထိ မတက်သင့်ကြောင်း ပါမောက္ခတွေရဲ့ တိုက်တွန်းမှုတွေကို တွေ့ကြုံခဲ့တယ် (Rodriguez ၂၀၁၈)။ Willis လိုပဲ Lewis က “ရိုးရာဓလေ့ရဲ့ ဖြစ်ပုံဖြစ်နည်း” (culture concept) ရဲ့ မနုဿဗေဒနဲ့ လူမျိုးရေးခွဲခြားမှုတွေကို တန်ပြန်သုံးသပ်နိူင်စွမ်းကို မေးခွန်းထုတ်ခဲ့တယ်။ Lewis က Charles Valentine ရဲ့ ၁၉၇၂ ခုနှစ်ထုတ် လူမည်းလေ့လာရေးနှင့် မနုဿဗေဒ (Black Studies and Anthropology) စာအုပ်ထဲမှာ လူမှုသိပ္ပံပညာထုတ်လုပ်မှုဟာ လူမျိုးနဲ့ လူတန်းစားအခွင့်ထူးခံစားခွင့်ရမှုတွေကို ဝေဖန်ချက်တွေနဲ့ သဘောတူညီခဲ့တယ်။ “မညီမျှမှုများကို တုံ့ပြန်ချက်တစ်ချက်: လူမည်းမိန်းမများ၊ လူမျိုးရေးခွဲခြားမှုနဲ့ လိင်အခြေပြုခွဲခြားမှု” ဆိုတဲ့ ၁၉၇၇ ခုနှစ်က စာတမ်းမှာ Lewis က မနုဿဗေဒပညာရှင်တော်တော်များများဟာ “လူဖြူမဟုတ်တဲ့သူတွေကို လေ့လာရင်း ဖိနှိပ်မှုစနစ်တွေကို ကြည့်ဖို့ လက်ရွံ့နေကြတယ်” လို့ ဖြည့်စွက်ထားတယ်။ လူမည်းမိန်းမတွေဟာ လူမျိုးရေးခွဲခြားမှုရော လိင်အခြေပြုခွဲခြားမှုကိုပါ ခံစားရတဲ့ အဖိနှိပ်ခံအုပ်စုနှစ်စုရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း ထောက်ပြခဲ့တယ်။

 

အဲ့ဒါကြောင့် အမေရိကန်မနုဿဗေဒကို စတင်ခဲ့တဲ့ တချို့ဦးဆောင်သူတွေက ဒီဘာသာရပ်ကို ကိုလိုနီစနစ်ကနေ ချွတ်ချဖို့ စဥ်းစားခဲ့ကြတာပဲ ဖြစ်တယ်။ သူတို့ဟာ လျစ်လျူရှူခံခဲ့ရပြီး အတည်တကျအဆက်ဆံမခံခဲ့ရဘူး။ ကြားနေတယ်ပဲပြောပြော (သို့) ကိုယ်စီးနေတဲ့ “လှေကို မလှုပ်ချင်တဲ့” စိတ်ဓါတ်တွေဟာ အကြမ်းဖက်မှုတွေကို ဆက်ဖြစ်စေတဲ့ နည်းလမ်းဖြစ်လာပြီး လျစ်လျူရှုနည်းတစ်နည်း (သို့) အခြေချနေသူတွေရဲ့ အပြစ်ကင်းစင်မှုတစ်ခုပဲ။

 

“စောဒကတက်ခြင်းက ငါ့ကိုသင်ပေးတဲ့ အမှန်တရားတွေကတော့ အကြမ်းဖက်မှုတွေကို ဆက်ဖြစ်စေပြီး ပြန်မွေးဖွားစေတာကဟာ လူတွေက “လှေကို မလှုပ်ချင်”လို့ပဲ။ ပြီးတော့ “ရှိပြီးသားတွေကို ထိန်းသိမ်းတာ” (သို့) “ထိန်းသိမ်းတဲ့ လုပ်စဥ်” မှာကိုပဲ အကြမ်းဖက်တွေ အများကြီး ထပ်ဖြစ်နေတယ်” (Sara Ahmed ရဲ့ tweet)။

 

ကျွန်တော်တို့ တချို့က လူမျိုးရေးခွဲခြားရေးကို သုံးသပ်ချင်ပြီး (သင်ရိုးတွေ၊ ဌာနတွေနဲ့ မနုဿဗေဒကို) ကိုလိုနီစနစ်ကနေ ချွတ်ချချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် လစ်ဘရယ် မနုဿဗေဒပညာရှင်တွေအဖြစ် ပြသရင်း ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ အပြောင်းအလဲအစစ်အမှန်ထက် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမြုပ်နှံမှုတွေနဲ့ စိတ်ဝင်စားမှုတွေကိုသာ ဦးစားပေးနေကြတယ်။ နိဂုံးချုပ်ရရင် ကိုလိုနီအခြေချနိူင်ငံတွေဖြစ်တဲ့ ကနေဒါတဲ့ US လိုနိူင်ငံတွေမှာ မနုဿဗေဒကို ကိုလိုနီစနစ်ကနေ ချွတ်ချဖို့ မလွယ်ဘူးလို့ ကျွန်တော်ထင်တယ် (Tuck နဲ့ Yang ၂၀၁၂ ကိုကြည့်ပါ)။

 

အဲ့ဒီအစား မနုဿဗေဒကို ကိုလိုနီစနစ်ကနေ ချွတ်ချခြင်းဟာ “ငါတို့ တည်ဆောက်ချင်တဲ့၊ ပြုစုချင်တဲ့၊ အသက်သွင်းချင်တဲ့ ကမ္ဘာတွေရဲ့ ကျင့်ဝတ်တွေကို ရောင်ပြန်ဟပ်တဲ့ အရာတစ်ခုကို တည်ဆောက်ဖို့အတွက် အချိန်ဘယ်လောက်ကြာကြာ ထိတွေ့ဆက်ဆံရင်းနှီးရမဲ့ လမ်းစဥ်တစ်ခု” ဖြစ်တယ် (Todd ၂၀၁၈)။ ကျွန်တော်တို့ လုပ်ရမှာက ခိုးထားတာတွေ ပြန်ပေးပြီး (ဥပမာ – ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ မြေတွေရဲ့ အသက်နဲ့ အသိပညာတွေကို လေးစားခြင်း၊ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကို (အမှန်တကယ် ချွတ်ချနေတာ မဟုတ်ဘဲနဲ့) ‘ကိုလိုနီစနစ်က ချွတ်ချနေတာပါ’လို့ မကြွေးကြော်ဘဲ ပြန်လည်သုံးသပ်ခြင်း) ကျူးလွန်ခဲ့တဲ့အမှားတွေကို အသိအမှတ်ပြုပြီး ပြန်လည်ပေးအပ်တာတွေ စလုပ်ရမယ်။

“ကိုလိုနီစနစ်က ချွတ်ချခြင်းဟာ အင်ပိုင်ယာစနစ်နဲ့ ကိုလိုနီစနစ်တွေကို အဆင့်ပေါင်းစုံကနေ ထိတွေ့ဆက်ဆံတဲ့ နည်းလမ်းတစ်ခုဆိုရင်” (Tuhiwai Smith ၂၀၁၂) လူစိတ်ဝင်စားရုံ ခေါင်းစဥ်တွေကနေ ခွာပြီး တကယ့်ကို ခက်ခဲတဲ့၊ သက်တောင့်သက်တာမရှိတဲ့ အလုပ်ကို လုပ်ကြပါစို့။ အောက်မှာ ဒီလိုလုပ်ကြဖို့ ကျွန်တော် စဥ်းစားထားတာတွေကို ဖော်ပြလိုက်တယ်။

 

၁) ပြောင်းလဲမှု

 

“အရမ်းကို ကောင်းလှတဲ့ ပြောင်းလဲမှု ဦးတည်ချက်တစ်ခုဆိုတာ လူမျိုးရေးနဲ့ ပတ်သက်ပြီး လူဖြူသဘောတရားတွေကို မေးခွန်းထုတ်တဲ့ စကားဝိုင်းတစ်ခု ပေါ်လာတာမျိုးပဲ” (hooks ၂၀၁၅: 94)။

 

“မိမိရဲ့ လူ့အသိုင်းအဝိုင်းကို ပြန်လေ့လာတဲ့ မနုဿဗေဒပညာရှင်တွေက လူတွေအကြောင်းလေ့လာမှုတွေအတွက် သူတို့ရဲ့ သီအိုရီတွေ၊ စဥ်းစားချက်တွေကို တန်ဖိုးဖြတ်လို့မရအောင် ဖြည့်စွက်လိမ့်မယ်။ မနုဿဗေဒပညာရှင်ရဲ့ ကိုယ်ပိုင်လူ့အသိုင်းအဝိုင်းကို ပြန်လေ့လာတဲ့ သုတေသနကွင်းဆင်းလေ့လာမှုတွေ မရှိတာဟာ မနုဿဗေဒပညာရှင်တွေရဲ့ မိမိရိုးရာဓလေ့ကနေ “ဖယ်ခွာခြင်း” ဖြစ်ပြီး အဲ့ဒီ့မနုဿဗေဒပညာရှင်ရဲ့ တခြားသော ရိုးရာဓလေ့တွေကို နားလည်နိူင်စွမ်းမရှိခြင်းရဲ့ အကြောင်းရင်းပဲလို့ သုံးသပ်လို့ရတယ်” (Lewis ၁၉၇၃: ၅၉၀)။

 

မိမိကိုယ်ကို၊ မိမိအသိုင်းအဝိုင်းကို၊ မိမိရဲ့ အမူအကျင့်တွေကို ပြန်စစ်ဆေးဖို့ ကျွန်တော်တို့ အဆင့်သင့်ဖြစ်နေသင့်တယ် (Jobson ၂၀၂၀ ကိုကြည့်ပါ)။

 

မနုဿဗေဒကို ကျွန်တော်တို့ ဘယ်လို မတူအောင် လုပ်နေကြသလဲ (Pandian ၂၀၁၉ ကိုကြည့်ပါ)?

“လူမျိုးစုတွေအကြောင်း ရေးသားမှု” (ethnography) ကို ကျွန်တော်တို့ လိုသေးသလား? ဒါမှမဟုတ် လူမျိုးစုတွေအကြောင်း ရေးသားမှုကို ထုတ်ယူစိစစ်မှု အမူအကျင့်တစ်ခုလို့ ကြည့်ပြီး Ryan Cecil Jobson (၂၀၂၀: ၂၆၃) ပြောတဲ့ “အဖာအထေး မနုဿဗေဒ” လိုမျိုး ကျွန်တော်တို့ လက်ခံထားတဲ့ ကျမ်းဂန်ရဲ့ အပြင်ကို ‌ဖောက်တွေးကြည့်တဲ့ သုတေသနလုပ်နည်း အသစ်တွေကို တွေးကြည့်နိူင်မလား?

 

ကျွန်တော်တို့က ပုံပြောသူတွေဆိုရင် ကျွန်တော်တို့နဲ့ မျှဝေပေးထားတဲ့ လူတွေ၊ တိရိစ္ဆာန်တွေ၊ အပင်တွေ၊ ဝိညာဥ်တွေရဲ့ ပုံပြင်တွေကို ကျွန်တော်တို့ အမှန်တကယ် လေးစားရဲ့လား? ဒါမှမဟုတ် အကယ်ဒါးမီးယားက တောင်းဆိုချက်တွေနဲ့ ကိုက်ညီအောင်ပဲ ပုံပြင်တွေကို တင်ဆက်ပေးနေတာလား? ဒီမေးခွန်းတွေက ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးသင့်နေတဲ့ မေးခွန်းတွေပဲ။

 

ဘာသာရပ်ကို ပြောင်းလဲတာ (သို့) မနုဿဗေဒကို တခြားနာမည်တစ်ခုနဲ့ ခေါ်လိုက်တာက ဖြစ်နိူင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုလုပ်ရုံနဲ့ ပညာလေ့လာမှုတွေထဲက ကိုလိုနီဆန်တဲ့ ထုတ်ယူမှုစနစ်တွေနဲ့ တစ်ပြိုင်နက်တည်း ၄င်းတို့ရဲ့ ပညာလေ့လာမှုကို ပိုင်ဆိုင်ကြောင်း ကြွေးကြော်မှုတွေကို ဖျောက်ဖျက်ဖို့ဆိုတာ မဖြစ်နိူင်ပါဘူး။

“မနုဿဗေဒက အခန်းကဏ္ဋတစ်ခုက ပါဝင်နေတယ်ဆိုရင် ပုံမှန်လုပ်နေကျပုံစံတွေဆီကို ပြန်သွားဖို့ ကြိုးစားမဲ့အစား အာဏာရှင်စနစ်ရဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ အချိန်ကာလထဲက မနုဿဗေဒရဲ့ အောက်ခြေမငြိမ်တဲ့ တည်ဆောက်မှုကို လှစ်ဟပြရမှာပဲ ဖြစ်တယ်” – Ryan Cecil Jobson (၂၀၂၀: ၂၆၅)

ကျွန်တော်လည်း Jobson (၂၀၂၀: ၂၆၆) ပြောတဲ့ “နက်နဲတဲ့ ဖော်ပြချက်”တွေထက် “နက်နဲတဲ့ လက်တွဲလုပ်ဆောင်မှု”ကို ပိုသဘောကျတယ်။

 

လူမည်း မုန်းတီးဆန့်ကျင့်မှု (antiblackness)၊ အရင်းအမြစ်တွေကို ထုတ်ယူတာ၊ ကိုလိုနီစနစ်တွေ ရဲ့ ချိတ်ဆက်နေတဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ “လူမည်းမုန်းတီးဆန့်ကျင့်ခြင်းရဲ့ နေရာပေါင်းစုံနဲ့ အဲ့ဒီစနစ်ကို ရှင်သန်အောင် ကြိုးစားနေတဲ့သူတွေကြားက တွေ့ဆုံမှုတွေကို သတိထားစောင့်ကြည့်တဲ့ “စနစ်တွေကို ဖြိုဖျက်တဲ့ မနုဿဗေဒ” (abolitionist anthropology) ကို အတည်တကျ အလေးအနက်ထားရမယ် (Shange ၂၀၁၉: ၁၀)။

 

မနုဿဗေဒပညာရှင်တွေက “သိခြင်းထက် ဂရုစိုက်ခြင်း”ကို လုပ်ဖို့ ပိုလိုအပ်တယ် (Shange ၂၀၁၉: ၁၀)။ အခြေချကိုလိုနီစနစ်၊ လူမျိုးရေးခွဲခြားခြင်းနဲ့ လိင်အခြေပြုခွဲခြားခြင်း၊ ခေတ်သစ်ကျွန်စနစ်၊ နိူင်ငံ့အကြမ်းဖက်မှု၊ LGBTQ များကို မုန်းတီးဆန့်ကျင့်တဲ့ ဥပဒေမူဝါဒများ၊ လစ်ဘရယ်မဟုတ်တဲ့ အစိုးရများနဲ့ နီရိုလစ်ဘရယ် (neoliberal) တက္ကသိုလ်များရဲ့ အပြုအမူတွေကို သေသေချာချာလေ့လာပြီး မနုဿဗေဒပညာရှင်တွေက ရပ်တည်ချက်တစ်ခုကို ချမှတ်ရမယ်။

မတည်မငြိမ်ဖြစ်နေတယ်လို့ ခံစားချက်တွေနဲ့ ဘေးထုတ်ခံထားရတဲ့ ခံစားချက်တွေကို ကျွန်တော်တို့ ပွေ့ပိုက်ဖို့ လိုအပ်တယ်။

 

ဒီလိုလုပ်ခြင်းဟာ ဖိနှိပ်မှုကို ကျင့်သုံးနေတဲ့ အင်စတီကျူးရှင်းတွေနဲ့ သမိုင်းအရ ဘက်လိုက်မှုတွေကို သေသေချာ စိစစ်ပြီး တန်ပြန်တိုက်ခိုက်နိူင်တဲ့ မနုဿဗေဒရဲ့ ခွန်အားတစ်ခု ဖြစ်ဖို့ အလားအလာတွေ ရှိတယ်။

Victor Li (၂၀၂၀) (Edward Said ရဲ့အဆိုကနေတဆင့်) ပြောတာကတော့ တန်ပြန်တိုက်ခိုက်တဲ့ အမြင်ဟာ “မတူညီမှုတွေကို လက်သင့်ခံတာ ဒါမှမဟုတ် နေရာပေးတာထက်စာရင် ပါဝါကို ယူတဲ့နေရာမှာ မတူညီတဲ့ လက်လှမ်းရရှိမှုတွေကို လှစ်ဟာပြတာ၊ စိန်ခေါ်တာ ဖြစ်တယ်။”

ဒီဟာတစ်ခုတည်းနဲ့တော့ နက်နက်နဲနဲ အတွင်းကျကျ ပြောင်းလဲမှုတစ်ခုဆီကို ဦးတည်ချင်မှ ဦးတည်မယ်။ ဒါပေမဲ့ အဲ့ဒီကနေတဆင့် ကျွန်တော်တို့နဲ့ လက်တွဲအလုပ်လုပ်နေတဲ့လူတွေနဲ့အတူ ပိုကောင်းတဲ့ ဆက်ဆံရေးတွေ ရှိလာအောင် လမ်းပြပေးမှာ အသေအချာပဲ။

 

၂) ဂရုစိုက်မှုနှင့် လက်တွဲလုပ်ကိုင်မှု

 

ဂရုစိုက်မှုနှင့် လက်တွဲလုပ်ကိုင်မှုဆိုတာ ဘယ်လိုမျိုးလဲ?

 

သေချာတာကတော့ ဂရုစိုက်မှုနှင့် လက်တွဲလုပ်ကိုင်မှုတွေဟာ ထိန်းချုပ်ဖို့နဲ့ အုပ်ချုပ်ဖို့အတွက် နည်းလမ်းအသစ်တွေ မဖြစ်သင့်ဘူး။

 

ပထမဆုံးအနေနဲ့ မနုဿဗေဒဟာ တန်ဖိုးတွေကို ပြန်လည်ထုတ်လုပ်ခြင်းနဲ့ ပါဝါကို စနစ်တကျတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အထက်အောက်စနစ်တွေနဲ့ မကင်းဘူးဆိုတာကို ကျွန်တော်တို့ လက်ခံရမယ်။

 

ဒုတိယအနေနဲ့ ကျွန်တော်တို့ကိုယ်တိုင်က အဲ့ဒီတန်ဖိုးတွေနဲ့ အထက်အောက်စနစ်တွေကို ဘယ်လို ပြန်မြုံထားသလဲနဲ့ ကျွန်တော်တို့ရဲ့ သုတေသနကလည်း ဘယ်လိုမျိုး အန္တရာယ်ဖြစ်စေသလဲဆိုတာကိုပါ လေ့လာစမ်းစစ်ဖို့ လိုအပ်တယ်။

 

တတိယအနေနဲ့ ဂရုစိုက်မှုနှင့် လက်တွဲလုပ်ကိုင်မှုဆိုတာ “နက်နဲတဲ့ တုံ့ပြန်မှု”၊ လေးစားမှုနဲ့ တာဝန်ယူမှုကို ဆိုလိုတာဖြစ်တယ်။

 

“လိုအပ်နေတာက တာဝန်ယူမှုပဲ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ မရှိဘူးဆိုရင် နင်က ဘာမှ ပြန်ပေးနေတာ မရှိဘူး။ ထုတ်ယူမှုတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ကြည့်ဖို့ စောင့်မနေဘူး။ နင်က တခြားတစ်နေရာကို သွားနေပြီ” – Leanne Simpson ၂၀၁၃

 

ထိခိုက်ဒဏ်ရာရမှုကို ရပ်တန့်ခြင်း – ရပ်ရွာပတ်ဝန်းကျင်ဆီသို့ ရေးစာ ဆိုတဲ့စာအုပ်ထဲမှာ Eve Tuck (၂၀၀၉) က ကျွန်တော်တို့ကို “ထိခိုက်ဒဏ်ရာရမှုကို ဦးတည်ထားတဲ့ သုတေသန”ရဲ့ ရေရှည်ဘေးထွက်ဆိုးကျိုးတွေကို စဥ်းစားဖို့ တိုက်တွန်းခဲ့တယ်။

 

အုပ်စုတစ်စုကို (“သူတို့ရဲ့ နာကျင်မှုတွေကို ပြောဖို့”) “အသံပေးတယ်” ဆိုတာ လူမျိုးရေးခွဲခြားမှုတွေနဲ့ စနစ်တကျတွေ့ကြုံနေရတဲ့ မတရားမှုတွေရဲ့ အန္တရာယ်တွေကို ရိုးရိုးရှင်းရှင်းလုပ်ပြတာသာ ဖြစ်တဲ့အတွက် မလုံလောက်ဘူး။

 

ထိခိုက်ဒဏ်ရာရမှုကို ဦးတည်ထားတဲ့ သုတေသနဆိုတာ “ရပ်ရွာပတ်ဝန်းကျင်လူအုပ်စုတစ်စုကို သူတို့ ခံစားရတဲ့ ဖိနှိပ်မှုတစ်ခုတည်းနဲ့သာ စဥ်းစားတဲ့ ရောဂါဗေဒအဖြေရှာတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်” (Tuck ၂၀၀၉: ၄၁၃)။

 

အဲ့ဒီလို သုတေသနမျိုးဟာ “ရှိနေတဲ့ ပြဿနာတွေကို ဖျောက်ဖျက်ဖို့ အခွင့်အရေးတွေကို ပေးမဲ့အစားရှုံးနိမ့်မှုတွေ သို့မဟုတ် လစ်ဟာနေမှုတွေကိုသာ မှတ်တမ်းတင်ဖို့ ပြင်ဆင်ထားတာသာ ဖြစ်တယ်” (Tuck ၂၀၀၉: ၄၁၄)။

 

အဲ့ဒီ့လိုပဲ ကမ္ဘာ့တောင်ပိုင်းနိူင်ငံတွေက ကွင်းဆင်းလေ့လာရေးတွေနဲ့ အသိပညာထုတ်လုပ်မှုတွေဟာ “အတူတူလက်တွဲလုပ်ခြင်း” လို့ ခေါင်းစဥ်တပ်ထားပေမဲ့လည်း ရှိနေပြီးသားဖြစ်တဲ့ မတူညီမှုတွေကို ကျွန်တော်တို့က သတိမူရမယ်။ အထူးသဖြင့် ခေါင်းပုံဖြတ်စားတဲ့ သမိုင်းကြောင်းနဲ့ မညီမျှတဲ့ ပါဝါတွေ ရှိနေတဲ့ နေရာတွေမှာ စိတ်ရင်းကောင်းတွေနဲ့တင် မလုံလောက်ဘူး။

 

မိမိကိုယ်ကို နှိမ်ချခြင်း၊ တာဝန်ယူခြင်းနဲ့ အများနဲ့ လက်တွဲလုပ်ကိုင်ခြင်း အစရှိတဲ့ တန်ဖိုးကောင်းတွေကို ဘယ်လို တည်ဆောက်မလဲဆိုတဲ့ ဥပမာကောင်းကောင်းတစ်ခု ပေးရရင် CLEAR Lab Book က လုပ်တဲ့ သုတေသနတွေကို လမ်းပြပေးနေတဲ့ နည်းနာတွေနဲ့ Max Liboiron ရဲ့ “နိူင်ငံသားသိပ္ပံ၏ ပါဝါပတ်သက်ဆက်နွှယ်နေမှုများ The Power (Relations) of Citizen Science” ကို ပြရမယ်။

 

စာအတူတူရေးခြင်းနဲ့ စာရေးသူအချင်းချင်းကြားမှာ တခြားသော တန်းတူညီမျှရေးအတွက် ကြိုးပမ်းမှုတွေကိုလည်း တိုက်တွန်းရမယ် (CLEAR ရဲ့ “စာရေးသူအစီအစဥ်မှာ တန်းတူညီမျှမှု” (Equity in Author Order) ဆိုတဲ့ blog နဲ့ ၂၀၁၇ ထုတ် ပေပါ Equity in Author Order: A Feminist Laboratory ကိုကြည့်ပါ။)

 

“လူတွေဟာ တစ်သီးပုဂ္ဂလတည်ရှိနေတဲ့ ဆရာ/ဆရာမကြီးတွေ မဟုတ်ဘဲ သူတို့ရဲ့ ပညာထုတ်လုပ်မှုမှာ တခြားသောသူတွေနဲ့ အမြဲတမ်း ဆက်စပ်ပတ်သက်နေတယ်ဆိုတာကို ပြတာဟာ အထောက်အကူဖြစ်တယ်။ ငါတို့ရဲ့ စာတမ်းတွေမှာ စာရေးသူတွေ တသီတသမ်းကြီး ပါနေတယ်ဆိုတာ သတိထားမိကောင်း သတိထားမိလိမ့်မယ်။ နောက် မိမိကိုယ်ကို နှိမ်ချမှုတစ်ခုက တော်ရုံတန်ရုံ သတိမမူမိကြတဲ့ သိပ္ပံ နည်းကျတဲ့ ပညာထုတ်လုပ်မှုတွေကို အမှတ်အသားပြုခြင်းပါပဲ။” (Liboiron ၂၀၁၉)

 

၃) ကိုးကားခြင်း နိူင်ငံရေး

 

ကျွန်တော်တို့ တော်ရုံတန်ရုံအခြေအနေတွေမှာ ကိုးကားခြင်းနိူင်ငံရေးနဲ့ ကိုးကားတဲ့ အပြုအမူတွေကို သိပ်ပြီး စဥ်းစားလေ့ မရှိကြဘူး (Rivers ၂၀၂၁)။ “ကိုးကားခြင်း နိူင်ငံရေး” အကြောင်းကို ရေးရင်း Sara Ahmed (၂၀၁၃) က “ကိုးကားခြင်းတွေဟာ အောင်မြင်တဲ့ မွေးမြူထုတ်လုပ်ခြင်း တက်ကနောလောဂျီတစ်ခု ဖြစ်တယ်။ တချို့သော ခန္ဓာကိုယ်တွေကြားကနေ ကမ္ဘာကို ပြန်လည်ထုတ်လုပ်တဲ့ နည်းပညာတစ်ခု ဖြစ်တယ်” လို့ ရေးခဲ့တယ်။

 

ကိုးကားတာတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်သင့်တဲ့ အချက်တစ်ခုကတော့ ထပ်ခါ ထပ်ခါပြုလုပ်ခြင်း (repetition) ပဲ။ ဘယ်သူတွေက ခဏခဏ ပြန်လည်ထုတ်လုပ်ခံရပြီး ဘယ်သူတွေကတော့ ကျွန်တော်တို့ရဲ့ ကိုးကားခြင်းတွေမှာ အဖျောက်ဖျက်ခံလိုက်ရသလဲဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်သင့်တယ်။

ကိုးကားခြင်း လုပ်ရပ်တွေဟာ လူမျိုးရေးတွေ၊ ဂျန်ဒါတွေအပေါ်မှာ မူတည်နေတယ်ဆိုတဲ့ ပြဿနာကို တုံ့ပြန်ချက်ကတော့ တချို့သော ပညာရှင်တွေဟာ လူဖြူ‌ယောင်္ကျားတွေကို ဖျောက်ဖျက်လိုက်ပြီး လူမည်း၊ ဖီမီနင့် နဲ့ ကိုလိုနီနှောင်းပိုင်း ပညာရှင်တွေကို ဦးစားပေးဖို့ ရွေးချယ်ကြတယ်။

 

Katherine McKittrick (၂၀၂၀: ၂၂) က “ဘယ်သူ့ကို မကိုးကားရဘူးဆိုတာကို ကျွန်မတို့ ပြန်လေ့လာကြမလား…ငြင်းဆိုမှုကို ကျွန်မတို့ သင်ကြမလား” “ကျွန်မတို့ အချင်းချင်း လူဖြူ‌‌ယောင်္ကျားတွေနဲ့ အခြားသော တန်ဖိုးရှိတဲ့ ပညာရှင်တွေရဲ့ စာတွေကို ဘယ်လို ဖတ်ကြမလဲ (လက်မခံကြမလဲ၊ ပိုင်းဖြတ်ကြမလဲ၊ ဝေဖန်သုံးသပ်ကြမလဲ၊ အသုံးပြုကြမလဲ၊ မေ့ပျောက်ကြမလဲ၊ လွှင့်ပစ်လိုက်ကြမလဲ၊ သတိရကြမလဲ)” လို့ မေးခွန်းထုတ်ခဲ့တယ်။

 

ကျွန်တော်တို့က ဘေးဖယ်ခံထားရတဲ့ စနစ်ထဲမှာ ပါဝင်နေရင်၊ တန်းတူညီမျှမှုမရှိတဲ့ ကိုးကားခြင်းလုပ်ရပ်တွေကို ပြန်ကျင့်သုံးနေရင် “ငြင်းဆိုခြင်း” ဆိုတာကို ဘယ်လို သင်ကြမလဲ? မနုဿဗေဒကနေ ဖယ်ခွာပြီး တစ်ချိန်တည်းမှာပဲ ဘယ်လို ပြန်ကတိပြုကြမလဲ?

ကျွန်တော်ကတော့ Max Liboiron (၂၀၂၁) ကို ပြန်ကိုးကားချင်တယ်။ သူက “အင်အားကြီးမားနေတဲ့ သိပ္ပံအခြေအနေတစ်ခုအတွင်းမှာ ကိုလိုနီစနစ်ကို ဆန့်ကျင်တဲ့ သိပ္ပံကို လုပ်ဖို့” စာရေးခဲ့တယ်။ ကျွန်တော့်အမြင်မှာ ဒါက မနုဿဗေဒနဲ့လည်း သက်ဆိုင်နေတယ်။

 

“အပေးအယူပြုခြင်းဟာ မိမိရဲ့ ဘောင်းဘီကျွတ်နေတဲ့ အချိန်မှာ လူမြင်သွားတာမျိုး (အရှက်ရသွားလို့ ပြန်ဖာတာမျိုး) ကို ပြောတာမဟုတ်ဘူး။ အပေးအယူပြုတယ်ဆိုတာ အမှားတစ်ခုခု ဒါမှမဟုတ် ရှုံးနိမ့်မှုတစ်ခုခုကို ပြောတာ မဟုတ်ဘူး။ အပေးအယူပြုတာက ကပြောင်းကပြန်တွေ ဖြစ်နေတဲ့ လောကကြီးမှာ တက်ကြွလှုပ်ရှားမှုတွေ ပေါ်ပေါက်လာစေတဲ့ အခြေအနေကို ပြောတာ ဖြစ်တယ်။” (Liboiron၂၀၂၁: ၁၃၄)

 

Ahmed (၂၀၁၇) ရဲ့ စာတွေဘက်ကို ပြန်လှည့်ရရင် ဒီအချက်ရဲ့ ဆိုလိုချက်က အဖုအထစ်တွေ၊ ပက်ကြားအက်တွေ၊ ရှေ့နောက်မညီမှုတွေကို ပျောက်သွားအောင် တိုက်စားလိုက်ဖို့ ပြောတာမဟုတ်ဘဲ သူတို့တွေကို အာရုံစိုက်ဖို့ ပြောချင်တာ ဖြစ်တယ်။

 

ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ စာရေးရတဲ့ အကြောင်းရင်းတွေ၊ ဘယ်သူတွေကို ကိုးကားပြီး ဘာကြောင့် သူတို့ကို ကိုးကားတာလဲဆိုတဲ့ မေးခွန်းတွေ၊ ဘာတွေနဲ့ ဘယ်သူတွေကို လမ်းတစ်လျှောက်မှာ လွှတ်ချဖို့ ဝန်မလေးဘူးလဲဆိုတာတွေကို ပြန်မေးခွန်းထုတ်ကြည့်ရမယ်။

ကောင်းမွန်တဲ့ ပတ်သက်ဆက်နွယ်မှုတွေကို တည်ဆောက်ဖို့ ကြိုးစားရင်းပဲ တချို့သော ပတ်သက်ဆက်နွယ်မှုတွေဟာ ပျက်စီးနေတယ်၊ ဖျက်စီးရဖို့ အကြောင်းဖန်နေတယ်ဆိုတာကို သတိမူလာရမယ်။

 

ကျွန်တော်တို့ရဲ့ သုတေသနတွေဟာ နာမည်ကြီးတွေနဲ့ ချုပ်လုပ်ထားဖို့ မလိုဘဲ မတရားမှုတွေကို တော်လှန်ရင်း အတွေးအခေါ်တွေကို မျှဝေရင်း အချင်းချင်း ဘယ်လို ချိတ်ဆက်ထားကြမလဲ?

အတ္တကို ရှေ့တန်းတင်ပြီး မိမိသာ ပထမဖြစ်သည်၊ မိမိကို လူသိဖို့ လိုသည်ဆိုတာထက် မိမိခန္ဓာဖြစ်တည်မှုကို အခြေခံတဲ့ စာရေးမှုတွေကို လေ့လာလို့ ရပါတယ်။

 

“သိမှုတိုင်းသာ တစ်ဝက်ပဲရှိတယ်ဆိုတာကို သတိမထားမိတာဟာ မိမိပတ်ဝန်းကျင်က အခြေအနေတစ်ရပ်ကို ခန့်မှန်းနိူင်စွမ်း မရှိတဲ့ အတ္တကြီးတဲ့သူတစ်ယောက်ရဲ့ အမှတ်အသားပဲ ဖြစ်တယ်။ တစ်စုံတစ်ယောက်ရဲ့ အိမ်က ပစ္စည်းဥစ္စာတစ်ခုကို မိမိကိုယ်ပိုင်ပစ္စည်းသဖွယ်၊ အများသူငှာပိုင်ဆိုင်တဲ့ သိမှုတွေကို မိမိနာမည်တပ်ပြီး ကြွေးကြော်တဲ့ အာဏာကို ပြသခြင်းပဲ ဖြစ်တယ်။ သူတစ်ပါးကို မမြင်နိူင်တဲ့၊ မကိုးကားနိူင်တဲ့ (သို့) အသိအမှတ်မပြုနိူင်တဲ့ အခွင့်ထူးခံစားမှုတစ်ခုပဲ။” (Liboiron ၂၀၂၁)

 

၄) စာသင်ခန်း

 

ကျောင်းသားကျောင်းသူတိုင်းဟာ မနုဿဗေဒနောက်ခံက (သို့) လူဖြူအကယ်ဒါးမီးယားရပ်ဝန်းတစ်ခုက လာတယ်လို့ ကျွန်တော်တို့ ယူဆလို့ မရပါဘူး။ အဲ့ဒီအခြေအနေတွေကိုလည်း စိန်ခေါ် ပြီး နည်းလမ်း အမျိုးမျိုးနဲ့ စာသင်ရပါမယ်။

 

နည်းလမ်းအမျိုးမျိုးနဲ့ စာသင်တယ်ဆိုတာ (“အသိပညာရှင် ထိုင်ခုံ” ကနေ သင်တာကို ပြောတာ မဟုတ်ဘူး – ဒီအကြောင်းကို ကျွန်တော့်ကို သင်ပေးခဲ့တဲ့ Lee Maracle ကို ကျေးဇူးတင်ပါတယ်) သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲတာ၊ လူဖြူမဟုတ်တဲ့သူတွေရဲ့ စာတွေ (သို့) အင်ဒီးဂျနင့်ပညာရှင်တွေရဲ့ စာတွေကို သင်တာတင်မက စာဖတ်တာကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်တာပဲ (Liboiron ၂၀၁၉)။

 

ပုဂ္ဂိုလ်ရေးအရ ကျွန်တော်ကတော့ အောက်ပါ နည်းလမ်းနှစ်မျိုးကို ကျင့်သုံးတယ်။

 

၁) “ကိုယ့်ရဲ့ ဘာသာရပ်ရဲ့ ကိုလိုနီသမိုင်းကြောင်း အခြေအမြစ်တွေရယ်၊ ဆက်လက်တည်ရှိနေတဲ့ ကိုလိုနီဆန်တဲ့ စနစ်တွေရယ်ကို လေ့လာပြီး သင်ကြားတာကနေ စလို့ ရတယ်” (Liboiron ၂၀၁၉)။

၂) “တကယ်လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အပြင်ဘက်ကနေ ထွက်ပြီး မိမိကိုယ်ကို သိရှိထားမှုပုံတွေကနေ ပြန်ခွာချဖို့၊ အဲ့ဒီသိမှုတွေကို ပြန်လှုပ်ခတ်ဖို့၊ အဲ့လိုကနေ တဆင့် မိမိကိုယ်ကို အတွေးအခေါ်ပိုင်းအရ‌ရော ပညာရှင်ရပ်ဝန်းအတွင်း အပြင်မှာ တည်ရှိနေတဲ့ လွတ်လပ် ကျယ်ပြန့်တဲ့ ပုံပြင်တွေ ရှိနေတဲ့ အများနဲ့ ပူးပေါင်းလုပ်ကိုင်နိူင်တဲ့ လူတစ်ယောက်အဖြစ်ပါ ပြန်လည်ရှာဖွေကြည့်ကြမယ်ဆိုရင်ရော?” (McKittrick ၂၀၂၀: ၁၆)

 

ကျောင်းသားကျောင်းသူတွေကို စာသင်တာ နဂိုသိမှုတွေကနေ ပြန်ခွာချတာတွေကြောင့် သက်တောင့်သက်သာ ရှိချင်မှ ရှိပါမယ်။ ဒီလိုလုပ်တာကလည်း “ပါဝင်တယ်” ဆိုတာထက်ပိုပြီး ကျွန်တော်တို့ရဲ့ သင်ကြားလေ့လာမှုရပ်ဝန်းတွေထဲမှာ ရှိနေပြီးသားဖြစ်တဲ့ မတူညီနေတဲ့ ပါဝါတွေရဲ့ အစွန်းတွေကို ပြန်စဥ်းစားတာပါပဲ (ဒီအချက်ကို ထောက်ပြတဲ့ Max ကိုကျေးဇူးတင်ပါတယ်)။

 

တစ်ခါတစ်လေ ကျွန်တော်တို့လို စာသင်နေတဲ့သူတွေက အမှားတွေ လုပ်မိတာလည်း ရှိပါတယ်။ အဲ့ဒီအမှားတွေကြောင့် ကျောင်းသားကျောင်းသူတွေပဲ ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ အမှားတွေကို အသိအမှတ်ပြုခြင်းဖြင့် ပျက်စီးသွားတဲ့ အရာ‌တွေကို တောင်းပန်ပြီး ပြန်ပြင်ဆင်ကြရမယ်။

 

ဘွဲ့လွန်အတန်းတစ်တန်းမှာ ကျွန်တော် လူတိုင်းရဲ့ နာမ်စားတွေကို မေးတာကို သွားသတိရမိတယ်။

ဒါက အဲ့အချိန်တုန်းက ကျွန်တော်အတွက် အလေ့အကျင့်အသစ်တစ်ခုဖြစ်ပြီး နောက်တစ်တန်းမှာ ကျောင်းသားကျောင်းသူတစ်ယောက်ကို ကျွန်တော် နာမ်စား မှားခေါ်ခဲ့မိတယ်။

သူက ကျွန်တော်ကို ပြန်ပြင်ခဲ့တယ်။ ဟုတ်ပါတယ် ကျွန်တော် ရှက်သွားတယ်။ ဒါပေမဲ့ ကျွန်တော့် ကျောင်းသားကျောင်းသူရဲ့ ပြန်ပြင်ပေးမှုကို ကျေးဇူးတင်ခဲ့တယ်။ ဒီလိုအမှားမျိုး ထပ်မလုပ်မိအောင် ကျွန်တော် ကတိပေးပြီး တောင်းပန်ခဲ့တယ်။

 

၅) စိန်ခေါ်ချက်များ

 

မတူညီတဲ့ ပါဝါရရှိနေမှုတွေကို ဘယ်လို စိန်ခေါ်ကြမလဲ?

 

ရှေ့ကို ဆက်ဖို့ နည်းလမ်းအားလုံးက အားလုံးလုပ်လို့ရတဲ့ အလုပ် မဟုတ်ဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။

 

ရုန်းကန်မှုတွေဟာ “တုံးနေတဲ့ ကရိယာ” တွေဆိုတာလည်း ကျွန်တော် အသိအမှတ်ပြုပါတယ်။ရုန်းကန်မှုတွေက စိုးမိုးမှုသဘောတရား (hegemony) တွေကို ပြန်တွန်းကောင်းတွန်းနေတဲ့ လုပ်ရပ်တွေဖြစ်ပြီး တကယ့် လူမှုအပြောင်းအလဲတွေကို ဖြစ်စေတဲ့ အခွင့်အလမ်း ပေးချင်မှ ပေးမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ် (Tuhiwai Smith ၂၀၁၂)။

 

ဒါပေမဲ့ ရုန်းကန်မှုရှုထောင့်ကနေ စကြည့်တာကလည်း အရေးကြီးပါတယ်။

 

Tenure ရထားပြီးသား (တက္ကသိုလ်တွေက အလုပ်ဖြုတ်လို့ မရတော့တဲ့) ပါမောက္ခတွေအနေနဲ့ ကျွန်တော်တို့ သိတဲ့ အက်သနိုဂရပ်ဖီ (လူမျိုးစု ဦးစားပေးလေ့လာရေး) ကို ငြင်းဆန်နိူင်ပါတယ်။ ဒါကလည်း အားလုံးပါဝင်လာနိူင်မယ်ဆိုတဲ့ အတုအယောင် ကတိတွေကို ငြင်းဆိုတာပါပဲ (Simpson ၂၀၁၁Tuck နဲ့ Yang ၂၀၁၄Grande ၂၀၁၅)။

 

ကျွန်တော်တို့ လုပ်သင့်တာတွေက ပေါင်းသင်းဆက်ဆံမှုတွေကို ပြန်စဥ်းစားတာ၊ မေးခွန်းတွေကို ပြန်မေးခွန်းထုတ်တာ၊ အခြေချကိုလိုနီစနစ်တွေ (သို့) အမေရိကန် အင်ပိုင်ယာစနစ်ထဲကို ပြန်မဝင်သွားအောင် အတူတကွ လက်တွဲလုပ်‌ဆောင်မှုအသစ်တွေကို ကြံဆကြည့်ကြဖို့ နေရာရပ်ဝန်းအသစ်တစ်ခုကို တည်ဆောက်ကြဖို့ပါပဲ။

 

မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ ဖြစ်နိူင်ချေရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် စာဖတ်သူကို အောက်ပါ မေးခွန်းတွေကို ဆက်စဥ်းစားစေချင်ပါတယ်။

  • “ကိုလိုနီသဘောတရားတွေကို ချွတ်ချ” ဆိုတာ ဘာကို ဆိုလိုတာလဲ? အဲ့ဒီလိုလုပ်ဖို့ အတွက် ကျွန်တော်တို့ဘယ်လောက်ထိ စတေးချင်ကြသလဲ?

  • မနုဿဗေဒရဲ့ လူမျိုးရေးရော ဂျန်ဒါအရပါ ကိုလိုနီနဲ့ အီလစ်ဆန်နေတဲ့ သဘောတရားတွေ ပြန်လည်ထုတ်လုပ်မှုကနေ ရပ်တန့်ဖို့က ကျွန်တော်တို့ရဲ့ ဖတ်စာတွေ ပြောင်းလိုက်တာနဲ့ ဖြစ်နိူင်မလား?

  • ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ တွေးရင်း ကျွန်တော်တို့က “လွှမ်းမိုးမှု စနစ်တွေကို ဆန့်ကျင့်တဲ့ အလုပ်တွေ” လုပ်နေတာလား? ကျွန်တော်တို့တွေ အကုန်လုံးက “လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာ၊ လူတန်းစားဖိနှိပ်မှု ပြဿနာတွေကနေ ရုန်းကန်ဖို့ အတူတူ ကတိကဝတ်ပြုထားကြသလား” (hooks ၂၀၁၅: ၉၆)?

 

ပုံ – Girish Daswani ရိုက်ကူးခဲ့သော Egerton Ryerson, X တက္ကသိုလ်မှ ဖြိုဖျက်ချခံထားရသော ကျောက်တိုင်တစ်ခု

 

 

ဘာသာပြန်မှတ်ချက်များ

၁) မနုဿဗေဒသည် လေ့လာသူနှင့် မတူညီသော “တခြားတစ်ပါး” (Other) ကို လေ့လာသော ဘာသာရပ်တစ်ခု ဖြစ်သည်။ ကိုလိုနီစနစ်ကာလအတွင်း ကိုလိုနီပြုရန်အတွက် ကိုလိုနီအင်ပိုင်ယာများ၏ ကျူးကျော်မှုလွယ်ကူရန် ထောက်အပံ့ပေးခဲ့သော ဘာသာရပ်တစ်ခု ဖြစ်သည်။ ထိုကြောင့် မနုဿဗေဒပညာရှင်တော်တော်များများသည် လူဖြူ ယောင်္ကျားများသာ များခဲ့သည်။ ၄င်းတို့သည် ကိုလိုနီပြုခံနေရာများတွင် နှစ်ရှည်လများ နေထိုင်ကာ ထိုလူမျိုးစုတို့၏ ဘာသာစကား၊ ရိုးရာဓလေ့များကို လေ့လာကာ အင်ပိုင်ယာကို ပြန်အကြောင်းပြန်သည့်အလုပ်ကို လုပ်ခဲ့ကြသည်။ လက်ရှိတွင် လူဖြူယောင်္ကျားများမှမက လူဖြူ မိန်းမများ၊ ကိုလိုနီပြုခံရသူများပါ မနုဿဗေဒပညာရှင်ဖြစ်လာကြသည်။ မြန်မာပြည်ရှိ မနုဿဗေဒဘာသာရပ်နှင့် နည်းလမ်းများသည် ကိုလိုနီ မနုဿဗေဒ၏ အကြွင်းအကျန်များကို ပြန်မြုံထားဆဲဖြစ်သည်။ ဥပမာ – ဗမာလူမျိုးများသည် “တိုင်းရင်းသား” (ဒီနေရာတွင် အင်ဒီးဂျနင့်လူမျိုးများဖြစ်သည့်) လူမျိုးစုများကို ကိုလိုနီဆန်ဆန် လူဖြူသဘောတရားများကို ပြန်မြုံပြီး “တခြားတစ်ပါး” အနေအဖြစ် ကြည့်ရှုလေ့လာသည့် မနုဿဗေဒအဆင့်မှပဲ ရှိနေသေးသည်။ ထိုကြောင့်လည်း မူရင်းစာရေးသူ အာဘော်ထုတ်ခဲ့သလို လူဖြူသဘောတရားသည် အခုကာလတွင် လူဖြူမှမဟုတ် လူဖြူမဟုတ်သူများပါ ပြန်မြုံလို့ရသော ကိုလိုနီသဘောတရားတစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ဖိနှိပ်ခံရသူတစ်ဦးက ၄င်း၏ ဖိနှိပ်ခံလူမျိုးစုကို ပြန်လေ့လာရန် ကြိုးပမ်းသောအခါတွင်လည်း ၄င်း၏ လူမျိုးစုကိုယ်တိုင်ကိုက အထင်မကြီးခြင်း၊ “နင်ဟာ စာတတ်ပေတတ်ကပညာရှင်ကြီးပါပဲ” ဟု အပေါ်ယံသာ သတ်မှတ်ခံရတာမျိုး ရှိတတ်သည်။ အမှန်တကယ်တွင် ဖိနှိပ်ခံသူများသည် မိမိတို့၏ လူမျိုးများ၏ ရိုးရာဓလေ့ထုံးစံများ၊ မနုဿဗေဒကို ပို၍တောင် အချိန်စိုက်လေ့လာသင့်သည်။ ထိုလေ့လာမှုများသည်လည်း ကိုလိုနီဆန်သော မနုဿဗေဒလေ့လာမှုများကိုသာ ပြန်ထုတ်လုပ်လေ့လာတာမျိုး မဖြစ်သင့်ဘဲ နည်းလမ်းအသစ်၊ ပုံရိပ်ဖော်မြင်ယောင်မှုအသစ်များကို စဥ်းစားတွေးခေါ် ပြုကျင့်သင့်သည်။ ဤသို့မဟုတ်ပါက လူဖြူမဟုတ်သိတိုင်အောင် ထိုမနုဿဗေဒသည် ကိုလိုနီဆန်၊ လူဖြူသဘောတရားဆန်သော မနုဿဗေဒသာ ဖြစ်နေလိမ့်မည်။

 

 

၂) Egerton Ryerson သည် ကနေဒါနိူင်ငံရှိ အင်ဒီးဂျနင့်လူမျိုးစုများကို ကနေဒါလူဖြူနေထိုင်မှုပုံစံသို့ အတင်းသွတ်သွင်းသော ကိုလိုနီ အခြေချနေထိုင်သူ ကနေဒါလူဖြူတစ်ယောက်ဖြစ်ပြီး Egerton Ryerson တက္ကသိုလ်သည် ၄င်းတည်ထောင်ခဲ့သော လူဖြူနေထိုင်မှုပုံစံသို့ သွတ်သွင်းသော တက္ကသိုလ်စနစ်၏ ပင်မတက္ကသိုလ်တစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ်ကစပြီး တက္ကသိုလ်ရှိ အင်ဒီးဂျနင့်ကျောင်းသားကျောင်းသူများ၊ ဆရာ/မများက ဦးဆောင်သော “အဝါရောင်ခေါင်း” အဖွဲ့က တက္ကသိုလ်ကို ၄င်း၏ နာမည်မှ မပြောင်းလဲမချင်း X တက္ကသိုလ်ဟုသာ အမည်တွင်စေရမည်ဟု ကြွေးကြော်ကာ တက္ကသိုလ်ပရိဝဏ်တစ်ဝိုက်ရှိ လူဖြူရုပ်ထုများကို ဖျက်ဆီးဖြိုဖျက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အသေးစိတ်များကို “အဝါရောင်ခေါင်း” အိတ်ဖွင့်ပေးစာတွင် ဖတ်ပါ။

 

 

၃) အထူးသတိပြုသင့်သည်က ကိုလိုနီစနစ်ကို ချွတ်ချခြင်းသည် တစ်မျိုးတည်းသာ ရှိသည်မဟုတ်ဆိုသည့် စာရေးသူ၏ အာဘော်ဖြစ်သည်။ တောင်အမေရိကတိုက်မှ အခြေချကိုလိုနီစနစ်ကို ချွတ်ချရန် လှုပ်ရှားမှုများသည် (ဒီနေရာမှာတော့ Tuck နဲ့ Yang ၏စာသည် အလွန်အရေးကြီးလှသည်) ကျွန်မတို့ မြန်မာပြည်လို ဗြိတိသျှအခြေချမှု မရှိနေသော၊ သို့ပေမဲ့ ပြည်တွင်းရေး လူမျိုးကြီး လက်ဝါးကြီးအုပ် ကိုလိုနီပြုကျင့်မှုများ (internal colonization)နှင့် ချွတ်ချရမည့် ပုံစံချင်း၊ နည်းလမ်းချင်း တစ်သွေးမတိမ်းတည်း တူညီနေမည် မဟုတ်‌ပေ။ ထို့အတူ ကျွန်မတို့ မြန်မာပြည်တွင် အတွင်းရေး ကိုလိုနီပြုကျင့်မှုသာမက အနောက်လူဖြူနိူင်ငံများ၏ ယဥ်ကျေးမှုဆိုင်ရာ၊ လူ့နေထိုင်မှုသဘောသဘာဝဆိုင်ရာ ကိုလိုနီပြုကျင့်မှုများ၊ အင်ပိုင်ယာစနစ်များ (cultural imperialism) ကိုပါ မည်သို့တော်လှန် ချွတ်ချကြမလဲဆိုသည်ကိုပါ စဥ်းစားအဖြေထုတ်ရမည် ဖြစ်သည်။ ယဥ်ကျေးမှုဆိုင်ရာ၊ လူ့နေထိုင်မှုသဘောသဘာဝဆိုင်ရာ ကိုလိုနီပြုကျင့်မှုများ၊ အင်ပိုင်ယာစနစ်များ ဆိုသည်မှာ အနောက်နိူင်ငံထုတ် ပစ္စည်း၊ အဝတ်အစား၊ နေပုံထိုင်ပုံ၊ လူ အစရှိသည်တို့ကိုမှ အထင်ကြီးအောင် လက်နက်မပါဘဲ အနုနည်းနှင့် လွှမ်းမိုးထားခြင်းကို ဆိုလိုသည်။ ဤလွှမ်းမိုးများသည်လည်း အနောက်မဟုတ်သော စီးပွားရေးအရ အင်အားကြီး နိူင်ငံများမှ လွှမ်းမိုးများလည်း ပါဝင်ကောင်း ပါဝင်နေနိူင်သည်။ ဥပမာ – ကိုးရီးယားနိူင်ငံထုတ် အလှပြင်ပစ္စည်းများ၊ ရုပ်ရှင်ဇာတ်လမ်းတွဲများ၏ အရှေ့တောင်အာရှတစ်ဝိုက် လွှမ်းမိုးမှုများ။ မြန်မာပြည်လို နိူင်ငံတွင်းမှာ အနောက်လူဖြူနိူင်ငံများ၏ သမိုင်းက ကိုလိုနီပြုကျင့်မှုများ၊ လက်ရှိ ယဥ်ကျေးမှုဆိုင်ရာ၊ လူ့နေထိုင်မှုသဘောသဘာဝဆိုင်ရာ ကိုလိုနီပြုကျင့်မှုများ၊ အင်ပိုင်ယာစနစ်များ၊ အာရှ စီးပွားရေး အင်အားကြီးနိူင်ငံများ၏ လွှမ်းမိုးမှုများအပြင် ပြည်တွင်းရေး လူမျိုးစုအချင်းချင်း ပြန်လက်ဝါးကြီးအုပ် ဖိနှိပ်သော ကိုလိုနီစနစ်များ ပေါင်းစုံရှိနေသည်ဖြစ်သောကြောင့် ကိုလိုနီစနစ်ကို ချွတ်ချခြင်းသည် မြန်မာပြည်အတွက်သာဆိုလျှင် နည်းလမ်း တစ်မျိုးတည်း ရှိနေမည် မဟုတ်သည်ကို သတိချပ်ကြရမည်။

 

၄) မြန်မာပညာရှင်နှင့် အ‌ရွေ့ကို ဦးတည်လှုပ်ရှားသူ အသိုင်းအဝိုင်းအနေဖြင့် ကိုလိုနီစနစ်ကို ခေါင်းစဥ်တပ်လှုပ်ရှားရာမှ ကိုလိုနီစနစ်ကို ချွတ်ချပုံ တစ်မျိုးတည်းကိုသာ ဦးစားမပေးမိဖို့ လိုအပ်သည်။ ဥပမာ – အနောက်နိူင်ငံများတွင် စာသင်ကြားလာ‌သော၊ အချိတ်အဆက်ရှိသော၊ အနောက်၏ အလှူငွေ မတင်မှုများအောက်မှ လှုပ်ရှားနေကြရသော ပြည်တွင်းကိုလိုနီစနစ် ချွတ်ချမှု အဖွဲ့အစည်း လုပ်ငန်းများသည် ၄င်းတို့ကို ပိုက်ဆံငွေ မတင်ထားသော၊ ပညာသင်ကြားပေးလိုက်သော အနောက်အစိုးရအဖွဲ့အစည်းများ၊ လူမှုဖုံလှုံရေးအဖွဲ့များ၊ တက္ကသိုလ်ကျောင်းများ၊ အင်စတီကျူးရှင်းများကိုလည်း ပြန်လည်မေးခွန်းထုတ်နိူင်ရမည်၊ ထုတ်သင့်သည်။ ကင်ညာ မနုဿဗေဒပညာရှင် Francis Nyamnjob ရေးခဲ့သလို အနောက်ကထုတ်လုပ် သင်ကြားပေးလိုက်သော ပညာများသည် သူတို့ကို ပြန်မေးခွန်းမထုတ်နိူင်အောင်သာ၊ သူတို့ကို အတုယူတတ်ရန်သာ သင်ကြားပေးလိုက်ကြောင်း သတိမူရန် လိုအပ်သည်။ ဤနေရာတွင်လည်း ဖိလစ်ပိုင်လူမျိုး အမေရိကန်သမိုင်းပညာရှင် Vincente Rafael ကလည်း အမေရိကန်၏ ကိုလိုနီကျွန်ပြုမှုကို ခံခဲ့ရသော ဖိလစ်ပိုင်သမိုင်းကြောင်းကို ပြန်ကောက်ရာတွင် သုံးသပ်ခဲ့ပြီး ဖြစ်သည်။ Rafael က အမေရိကန်သည် ဖိလစ်ပိုင်လူမျိုးများသည် ၄င်းတို့ဘာသာ တီထွင်စဥ်းစားနိူင်မှု ဘာမျှမရှိ၊ အတုသာယူတတ်သည်လို့ ထင်ခဲ့ကြပြီး ၄င်းတို့၏ အချင်းချင်းကြားက ပဍိပက္ခတွေကို ဖြေရှင်းပေးရန် သူတို့က ဝင်ရောက်ကူညီမှ ရမည်ဆို၍ သူတို့၏ ကိုလိုနီပြုမှု၊ စစ်ပညာသင်ကြားမှုတို့ကို ဆင်ခြေပေးခဲ့ကြသည်။

၅) Tuck နဲ့ Yang ရေးသားခဲ့သော ကိုလိုနီစနစ်ကို ချွတ်ချခြင်းသည် အမေရိကန်နိူင်ငံနှင့် ကနေဒါနိူင်ငံတို့မှ လူဖြူအခြေချမှုကြောင့် မြေယာနေရာ ပျောက်ပျက်ရသော အင်ဒီးဂျနင့်လူမျိုးစုများအတွက် အဓိက ဖြစ်သည်။ မြန်မာပြည်အတွက်တော့ အင်ဒီးဂျနင့်ဆိုသည့်စကားလုံးသည် မူရင်းက မြေယာတစ်နေရာနှင့် နီးစပ်သောသူ၊ ထိုနေရာတွင် ပေါက်ဖွားနေထိုင်သူဟု အဓိပ္ပါယ်ပေါက်သော်လည်း ရှုပ်ထွေးလှသော စကားလုံးတစ်လုံး ဖြစ်သည်။ မြန်မာလို “တိုင်းရင်းသား” ဟု သုံးပါက ဗမာများနှင့် မတူသော ထွေထွေထူးထူး သတ်မှတ်ခံထားရသော လူများဟု အဓိပ္ပါယ်ပေါက်လေ့ရှိသည်။ ဗမာများသည် မြန်မာပြည်အလယ်ပိုင်းနှင့် အချို့နေရာများတွင် ပေါက်ဖွားနေထိုင်သော အင်ဒီးဂျနင့်များလို ကောက်ယူလို့ ရသည်။ သို့ပေသိ မြန်မာပြည်တွင်းက အတွင်းရေး ကိုလိုနီပြုကျင့်မှုသည် အင်ဒီးဂျနင့်လူမျိုးစုအချင်းချင်းက ပြန်လည် လက်ဝါးကြီးအုပ်နေသောကြောင့် ဖြစ်နေသော ကိုလိုနီပြုကျင့်မှုများ၊ ယဥ်ကျေးမှုဆိုင်ရာ၊ လူ့နေထိုင်မှုသဘောသဘာဝဆိုင်ရာ ကိုလိုနီပြုကျင့်မှုများ၊ အင်ပိုင်ယာစနစ်များ ဖြစ်နေသည်ကို မျက်နှာလွှဲ ခဲပစ်လုပ်လို့ မရပေ။ ထိုကြောင့် မြန်မာပြည်အတွက် ကိုလိုနီစနစ်များကို ချွတ်ချခြင်းသည် အနောက်လူဖြူဝါဒအပြင် အခြားသော ကိုလိုနီပြုကျင့်မှုအလွှာမျိုးစုံကို စဥ်းစားရမည် ဖြစ်သည်။ သရဖီသန်းရေးသားသော “ကမ္ဘာ့ဧရိယာဆိုင်ရာ လေ့လာသော ဘာသာရပ်များကို ကိုလိုနီစနစ်က ဘာလို့ ချွတ်ချသင့်သလဲ” ဆောင်းပါးထဲမှ အနောက်ကိုလိုနီစနစ်ကို ချွတ်ချရန် မြန်မာများ၏ လက်ဖက်စားခြင်း၊ ထမင်းစားခြင်းကို ပြန်စဥ်းစားရမည်ဆိုသည့်အာဘော်သည် လက်ဖက်ဆိုသည်မှာ မည်သူက မည်သူ့အတွက် မြန်မာပြည်တွင်းထဲမှာ စိုက်ပေးရသလဲ၊ ထုတ်လုပ်ပေးရသလဲဆိုသည်ကိုမှ တွဲစဥ်းစားမှသာ မြန်မာပြည်နှင့် သက်ဆိုင်သော ကိုလိုနီစနစ်ကို ချွတ်ချခြင်း၏ အဖြေထွက်မည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ မြန်မာပြည်က ဖြစ်နေသောကြောင့် ကျွန်မတို့ ကချင်ထမီဝတ်ခြင်း၊ လက်ဖက်စားခြင်း၊ ဗမာစကားပြောခြင်းသည် အနောက်လူဖြူကိုလိုနီစနစ်ကိုတော့ ချွတ်ချရာရောက်ကောင်းရောက်ပေမဲ့ မြန်မာပြည်တွင်းထဲက ကိုလိုနီပြုကျင့်မှုများကို ချွတ်ချရာရော ရောက်သလား ပြန်စဥ်းစားရမည် ဖြစ်သည်။ ဤနေရာတွင် မြန်မာအင်္ကျီထမီ ပြန်ဝတ်တိုင်း၊ ငပိရည်စားတိုင်း၊ ဗမာစကားပြောတိုင်း ကိုလိုနီစနစ်ကို ချွတ်ချသည်ဟု ကောက်ယူဖို့ရာ ခက်ခဲလှပေသည်။ လူမျိုးစုများကြားက ပေါင်းသင်းရောယှက်နေသော အနေအထားများအရ ယခုနောက်ပိုင်း ပေါ်ထွက်လာသော လူမျိုးသွေးနှော သီအိုရီများ (Mixed race theories) ကိုလည်း မြန်မာပြည်အနေအထားတွင် စတင် စဥ်းစားလာသင့်သည်ဟု ကျွန်မ မြင်မိသည်။

 

 

၆) စာဖတ်သူကို သတိမူစေချင်သည်မှာ မူရင်းစာရေးသူ၏ “နက်နဲတဲ့ ဖော်ပြခြင်း” နှင့် “နက်နဲတဲ့ လုပ်‌ဆောင်ခြင်း” ကြားက မတူညီမှုတွေကိုပဲ ထောက်ပြထားချက်တွေပဲဖြစ်သည်။ ပညာထုတ်လုပ်မှုရပ်ဝန်းမှာ “နက်နဲတဲ့ ဖော်ပြခြင်း” တွေကသာ ဖော်ဖော်သီသီ ပေါများနေလေ့ ရှိပြီး တကယ်တမ်း “နက်နဲတဲ့ လုပ်ဆောင်မှု”တွေနေရာမှာ လှစ်ဟင်းနေတတ်သည်။ ဥပမာ – လူမျိုးရေးပြဿနာ (သို့) ဂျန်ဒါပြဿနာများကို ကြည့်မည်ဆိုပါက ထိုပြဿနာများကို နက်နက်နဲနဲ ဖော်ပြကြသည်။ မနုဿဗေဒတွင် လူမျိုး (race) ဆိုသည်မှာ လူသားတွေကသာ တီထွင်ထားတဲ့ အရာတစ်ခု ဖြစ်သည်ဟု နက်နက်နဲနဲ သ‌ဘောပေါက်လက်ခံထားကြပြီးသား ဖြစ်သော်လည်း လက်တွေ့ လူမျိုးရေးခွဲခြားမှု၊ ဂျန်ဒါခွဲခြားမှု ပြဿနာများသည် မနုဿဗေဒနှင့် ပညာထုတ်လုပ်မှု ရပ်ဝန်းတစ်ခွင်မှာ ဆက်လက်ကျင့်သုံးနေကြဆဲ ဖြစ်သည်။ ပညာထုတ်လုပ်မှု ရပ်ဝန်းဟု ဆိုရာတွင် အကယ်ဒါးမီးယားသာမက တခြားသော ပညာထုတ်လုပ်မှုရပ်ဝန်းတွေမှာပါ ဒီ ပြဿနာတွေ ရှိနေဆဲ ဖြစ်သည်။ နောက်ထပ် ဥပမာတစ်ခုကတော့ ဖီမီနင့်ဇင်ကို ဦးတည်ထားသော ရပ်ဝန်းတစ်ခုသည် ပတ်ဝန်းကျင်မှ ဂျန်ဒါပြဿနာများကို စူးစမ်းလေ့လာဖော်ပြကောင်း ဖော်ပြနေသော်လည်း ရပ်ဝန်း၏ အလုပ်လုပ်ကိုင်ပုံတွေတွင် ဖီမီနင့် တန်ဖိုးများကို လက်ကိုင်မထားပါက နက်နက်နဲနဲဖော်ပြမှုသာ ရှိပြီး နက်နက်နဲနဲ လုပ်ဆောင်မှု မရှိလို့ ယူဆလို့ ရသည်။

 

၇) ပထမအချက်နှင့် ဆက်စပ်နေသော နောက်တစ်ချက်ကတော့ သုတေသနနှင့် ပညာထုတ်လုပ်မှု လုပ်ငန်းစဥ်တွေမှာ ကျင့်သုံးလေ့ရှိကြတဲ့ နက်နက်နဲနဲ ဖော်ပြချက်တွေသည် ၄င်းတို့ ဖော်ပြနေတဲ့ လူအုပ်စု (လူမျိုးစုတစ်စု၊ ဂျန်ဒါတစ်စု) အစရှိသော လူများကို ဖိနှိပ်ခံလူတန်းစားအနေဖြင့်သာ မြင်ယောင်ဖော်ပြနေသေးသရွေ့ ထို ပညာထုတ်လုပ်မှုများသည် ကိုလိုနီဆန်နေဆဲ ဖြစ်သည်။ ပြန်လည်ကိုးကားရရင် “အုပ်စုတစ်စုကို (“သူတို့ရဲ့ နာကျင်မှုတွေကို ပြောဖို့”) “အသံပေးတယ်” ဆိုတာ လူမျိုးရေးခွဲခြားမှုတွေနဲ့ စနစ်တကျတွေ့ကြုံနေရတဲ့ မတရားမှုတွေရဲ့ အန္တရာယ်တွေကို ရိုးရိုးရှင်းရှင်းလုပ်ပြတာသာ ဖြစ်တဲ့အတွက် မလုံလောက်ဘူး။” ထိုလူအုပ်စုများ၏ ဖိနှိပ်မှုအကြောင်းများကို ဖော်ပြရုံသာမက ထိုသူများကိုလည်း ကိုယ်တိုင်လုပ်ပိုင်ခွင့် ရှိနေသောသူများအဖြစ် ဆက်ဆံရမည်။ တန်းတူညီမျှမရှိမှုတွေကို ထောက်ပြရာကနေ လူအုပ်စုများ၏ ပုံပြင်သွင်ပြင်နှင့် ရိုးရာဓလေ့များကို ၄င်းတို့ ကြုံတွေ့နေရသော ဖိနှိပ်မှုများနှင့်သာ တိုက်ရိုက် မချိတ်ဆက်မိဖို့ အရေးကြီးသည်။ ဥပမာ – လူမည်းများသည် ဘက်ပေါင်းစုံမှ ဖိနှိပ်ခံနေရသောကြောင့် လူမည်းများကို သဘာဝအလျောက် ဖိနှိပ်ခံများသာ ဖြစ်သည်ဟုယူဆခြင်းမျိုး ဖြစ်သည်။ ထိုအစား ဖိနှိပ်ခံနေရသော စနစ်များကြားက လူမည်းများက မည်သို့ မည်ပုံရော မိမိ၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို ဖော်ကျူး လုပ်ဆောင်နေကြသလဲဆိုတာကို သတိပြုသင့်သည်။ ထိုအပြုအမူများသည် ကျွန်မတို့ ပတ်ဝန်းကျင်မှာ လွယ်လင့်တကူ မြင်နေရသော အမူအကျင့်များနှင့် ကွာခြားကောင်း ကွာခြားနေသောကြောင့် ၄င်းတို့ကို ချက်ချင်း သတိမူမိချင်မှ မူမိပေလိမ့်မည်။ သို့သော်လည်း ထိုအရာများကို တန်ဖိုးထား အာရုံစိုက်ခြင်းသည် ကိုလိုနီဆန်သော ပညာထုတ်လုပ်မှုမျိုးမှ ဖယ်ကြဥ်ခြင်းမျိုး ဖြစ်သည်။ ကျွန်မတို့နဲ့ အခွင့်ထူးခံစားမှု ရရှိခြင်း မတူနေသောသူများကို ခဏတာ နေရာပေးခြင်း၊ အသံပေးခွင့် ပေးခြင်းမျိုးထက် ၄င်းတို့နှင့် မိမိကြားက အခွင့်အရေးရပိုင်ခွင့်များ မတူအောင်လုပ်ထားသော စနစ်များကို ထင်သာမြင်သာ ရှိအောင် လှစ်ဟပေးရမည်။

စာညွှန်းအချို့

အမေရိကန် မနုဿဗေဒပညာရှင်များ အစည်းအရုံးမှ လူမျိုး (race) နှင့် ပတ်သက်သော ထုတ်ပြန်ချက်

မူရင်းစာရေးသူ ကိုးကားထားသော သုတေသနပြုလုပ်ရာတွင် ကျင့်ဝတ်ကျကျ ပြုလုပ်ရန် အကြုံပြုချက်များပါဝင်သော CLEAR lab book

 

၈) ဤအပိုင်းတွင် ထပ်ဆင့်ပွားစဥ်းစားလိုသည်က အတွေးအခေါ်ထုတ်လုပ်မှုရပ်ဝန်းတစ်ခုတွင် မည်သူ့ (သို့) မည်သို့သော အတွေးအခေါ်များကို ကိုးကားလေ့ရှိခြင်းကို စောင့်ကြည့်ခြင်းသည်လည်း နိူင်ငံရေးတစ်ခု ဖြစ်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။ ဆိုလိုချင်သည်က ထပ်ခါထပ်ခါ ကိုးကားခြင်းခံရသောသူများသည် မည်သို့သောသူများနည်း။ ၄င်းတို့ကို ဘာကြောင့် ထပ်ခါထပ်ခါ ကိုးကားကြသနည်း။ ၄င်းတို့မှာ ရှိနေသော လူမှုပတ်ဝန်းကျင်မှ လက်သင့်ခံနေသော ပါဝါများသည် ထပ်ခါထပ်ခါ ကိုးကားမှုကို ခံရပြီးသကာလ ၄င်းတို့၏ ပါဝါများလည်း မည်သို့ ထပ်တိုးလာသနည်း။ ထိုမေးခွန်းများကို ကျွန်မ ဆက်စပ်စဥ်းစားမိသည်။ မူရင်းစာရေးသူသည် မနုဿဗေဒနှင့် အဓိကပတ်သက်ပြီး ရေးသားခဲ့သော်လည်း ကိုးကားမှုသည် ပညာရှင်မဟုတ်သည့် ရပ်ဝန်းများမှာတွင် စဥ်းစားသင့်လာသည်ဟု ကျွန်မ မြင်မိသည်။ ဥပမာ – ကျွန်မတို့၏ တော်လှန်ရေး စကားဝိုင်း၊ အသိပညာထုတ်လုပ်မှု ရပ်ဝန်းများတွင် မာ့စ်ဝါဒသည် တွင်တွင်ကျယ်ကျယ် ကိုးကားခံရသော သီအိုရီတစ်ခု ဖြစ်သည်။ အရင်းရှင်စနစ်နှင့် ချိတ်ဆက်ပြီး ဖိနှိပ်မှုများကို ရှင်းပြရာတွင် အလွန်သင့်တော်သော သီအိုရီတစ်ခုလည်း ဖြစ်ပေသည်။ သို့ပေသိ ကျွန်မ ဘဝင်မကျမိသည်တစ်ခုက မာ့စ်၏ လုပ်အားသီအိုရီကို ထပ်ခါထပ်ခါ ကိုးကားလျက် ၄င်းသည်လည်း intersectionality နှင့် တစ်ခါတစ်ရံ ကွာဟနေသော သီအိုရီတစ်ခု ဖြစ်နေသေးသည်ကို မျက်ကွယ်ပြုလိုက်ကြခြင်းကိုပင်။ မည်သို့ကြောင့် မာ့စ်ဝါဒကို ထပ်ခါထပ်ခါ ကိုးကားလျက် လူမည်းပညာရှင်များက ထပ်ဆင့်ပွား စိန်ခေါ် ဖြန့်ကျက်စဥ်းစားခဲ့သော Black Marxist thought လူမည်း မာ့စ်ဝါဒများသည် ချောင်ထိုးထားခံရဆဲ ဖြစ်နေသေးသည်လဲ?

ဤနေရာတွင် ထပ်မံစဥ်းစားမိသည်ကလည်း ကိုးကားသည်ဆိုရုံနှင့် ထိုအတွေးအခေါ်ပညာရှင်၏ အတွေးအခေါ်များကို လေးလေးနက်နက် နှီးနှောဖလှယ်သလားဆိုသည့် မေးခွန်းပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကိုးကားရုံသတ်သတ် (သို့) မိမိသည် ဤကဲ့သို့ သီအိုရီများကို သိပါသည်ဆိုသည်ကို လူမှုအရင်းအမြစ် (social capital) တစ်ခုအနေဖြင့် ပြချင်ရွေ့သာ ထိုသူများ၏ နာမည်ကို ရွတ်နေပါသလား? (သို့) ထို ပညာရှင်၏ အတွေးအခေါ်များကို လေးလေးနက်နက် စဥ်းစားချင်သောကြောင့် ၄င်း၏ အတွေးအခေါ်များကို ပြန်လည် ကိုးကားနေသလား? စဥ်းစားသင့်သော မေးခွန်းများ ဖြစ်သည်။

 

၉) အချက် ၅ တွင် မူရင်းစာရေးသူရေးသားသော စိန်ခေါ်ချက်များသည် tenure ရထားပြီးသား ပါမောက္ခများကို ဦးတည်ထားသည်။ Tenure ဆိုသည်မှာ များသောအားဖြင့် အနောက်နိူင်ငံ တက္ကသိုလ်များတွင် ရှိသော ပါမောက္ခများကို အလုပ်ခန့်သည့် လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ အမေရိကန်နှင့် ကနေဒါနိူင်ငံများတွင် အလုပ်စစဝင်ချင်း ပါမောက္ခတစ်ယောက်သည် လက်ထောက် ပါမောက္ခ (Assistant Professor) ရာထူးမှ စပြီး ၃ နှစ်မှ ၅ နှစ်ထိကြားအတွင်း စာတမ်းများ ထုတ်ပြန်မှု၊ စာသင်ကြားမှုများပေါ် မူတည်ပြီး tenure ကို ၅ နှစ်နောက်ပိုင်းတွင် ရကြလေ့ရှိသည်။ Tenure ရသွားသော ပါမောက္ခများသည် တွဲဘက်ပါမောက္ခ (Associate Professor) ရာထူးကို တိုးမြှင့်ခံရပြီး tenure ရပြီးပါက ထိုပါမောက္ခများကို တက္ကသိုလ်များမှ အလုပ်ဖြုတ်ခွင့် မရှိတော့ပေ။ ဤသို့ tenure စနစ်ကို ထားရှိခြင်းမှ မူရင်းအကြောင်းရင်းက ပညာရှင်များအနေနှင့် အစိုးရ၊ မိမိ၏တက္ကသိုလ် အစရှိသည့် စနစ်များကို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း tenure စနစ်သည် လက်ရှိတွင်လည်း ပြဿနာပေါင်းမြောက်မြားစွာရှိနေသည်။ များသောအားဖြင့် tenure ရလေ့ရှိသော ပါမောက္ခများသည် လူဖြူများသာ ဖြစ်လေ့ရှိနေပြီး လက်ထောက်ပါမောက္ခများအနေနှင့် tenure မရမချင်း မိမိဝေဖန်ချင်သည်များကို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် မရှိ ဖြစ်နေသည်။ ထိုအပြင် Harvard နှင့် Yale ကဲ့သို့သော ivy league တက္ကသိုလ်များသည် လူဖြူမဟုတ်သော လူမည်း၊ လူညို၊ အင်ဒီးဂျနင့်ပညာရှင်များကို tenure လွယ်လွယ်ကူကူ ပေးလေ့ မရှိသည့် အပြင် ၄င်းတို့အတွက် လွတ်လပ်စွာ တွေးခေါ်နိူင်သော ရပ်ဝန်းတစ်ခုကို မထောက်ပံ့ပေးပေ။

ဤသည်မှာလည်း အထက်က ဆွေးနွေးခဲ့သော ကိုးကားမှုနှင့် ပြန်ချိတ်ဆက်နေသည်။ လူဖြူများကိုသာ tenure ထပ်ခါ ထပ်ခါ ပေးခြင်းဖြင့် ပညာရှင် အသိုင်းအဝိုင်းသည် လူဖြူ ကိုလိုနီဆန်နေဆဲ ဖြစ်သည်။ ထို့အပြင် tenure ရသွားသော လူဖြူမဟုတ်သည့် ပညာရှင်တချို့မှာလည်း မိမိဝမ်းစာအလုပ် ပျောက်ဆုံးမှာ ကြောက်ရွံ့သောကြောင့် ၄င်းတို့ကို ထိန်းချုပ်ထား‌သော စနစ်ကို ပြန်လည် ချေပကြဖို့ကို လက်လျှော့လိုက်ကြသည်။ သို့မဟုတ် ၄င်းတို့သည် မိမိဝမ်းရေး စိတ်ပူစရာမလိုသောအလုပ်တစ်ခုကို ရရှိသွားပြီ ဖြစ်သောကြောင့် ၄င်းတို့မှာ ပါဝါတစ်ခု ရှိနေသော်လည်း ရုန်းကန်နေရသော အခြားသောသူများ၏ လွတ်မြောက်မှုကို စိတ်မဝင်စားတော့သည်မျိုး ဖြစ်သွားကြသည်။ အကြောင်းရင်း နှစ်မျိုးလုံးသည် ဝမ်းနည်းစရာကောင်းလှပြီး အတွေးအခေါ်ပညာရှင် ရပ်ဝန်းသည်လည်း အရင်းရှင်စနစ်အောက်က အထက်အောက်စနစ်တစ်ခုသာ ပြန်ဖြစ်သွားသည်။ လက်ရှိ အမေရိကန်နိူင်ငံတွင် tenure စနစ်ကို ဖျက်ချရန် လောလောလတ်လတ် ငြင်းခုံမှုများ ဖြစ်ပွားနေသည်။

 

၁၀) အက်သနိုဂရပ်ဖီ (သို့) လူမျိုးစု ဦးတည်ထား လေ့လာရေးဆိုသည်မှာ မနုဿဗေဒ၏ အဓိက သုတေသနနည်းနာတစ်ခု ဖြစ်သော်လည်း အခြားသော လူမှုသိပ္ပံဘာသာရပ်များနှင့် NGO သုတေသနများတွင် လုပ်ကိုင်လေ့ရှိကြသော ကွင်းဆင်းလေ့လာရေးတစ်ခု ဖြစ်သည်။ လူမျိုးစု ဦးတည်ထားဟု အကြမ်းဖျင်း ဘာသာပြန်ရသော်လည်း တကယ်တမ်းတွင် သုတေသနပညာရှင်နှင့် မတူသော လူအုပ်စုတစ်စုကို ကွင်းဆင်း လေ့လာမှုတိုင်းကို အက်သနိုဂရပ်ဖီဆန်သော သုတေသနများဟု မှတ်ယူ၍ရသည်။ စာရေးသူသည် ဤသုတေသနနည်းနာကို ကိုလိုနီဆန်နေသေးသော သုတေသနနည်းနာ၊ ပါဝင်စေလိုခြင်း (inclusivity) ခေါင်းစဥ်အောက်မှ အတုအယောင် လွတ်မြောက်မှု ကတိတစ်ခုဟု မသိမသာ ထောက်ပြထားသည်။ ကျွန်မသည်လည်း ဤဆိုလိုချက်ကို သဘောတူသည်။ မနုဿဗေဒသည် မိမိနှင့် မတူသော အခြားတစ်ပါး (Other) ကိုလေ့လာသော ဘာသာရပ်တစ်ခု ဖြစ်ပြီး မည်သို့ပင် သုတေသနတွေ လုပ်နေပါစေ၊ မည်သို့ပင် ဖိနှိပ်ခံရသူများ၏ အသံကို သူတို့ကိုယ်စား ဖော်ကျူးပေးနေပါစေ ဤသုတေသန အင်တာဗျူးကွင်းဆင်းမှုမျိုးသည် လွတ်မြောက်ရေးအမှန်ကို ဖော်ကျူးသလား မေးခွန်းထုတ်ရမည်။ မူရင်းစာရေးသူက ဤမေးခွန်းကို အင်ဒီးဂျနင့် မနုဿဗေဒပညာရှင် Audra Simpson ၏ ငြင်းဆိုမှု သီအိုရီနှင့် ချိတ်ဆက်ခဲ့သည်။ ငြင်းဆိုမှု သီအိုရီအကြောင်းကို နောင်စာများတွင် အကျယ်ဖြန့်ဆွေးနွေးသွားရန် ကြံရွယ်ထားသည်။

စာညွှန်းအချို့

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် လူမည်း ဖီမီနင့် မနုဿဗေဒပညာရှင် ခရစ်စတန် အေ စမစ် စတင်ခဲ့သော “လူမည်းအမျိုးသမီးများကို ကိုးကားပါ” (Cite Black Women) အ‌ရွေ့ website

မိုး‌ဟော့ခ်လူမျိုး အင်ဒီးဂျနင့် မနုဿဗေဒပညာရှင် အော်ဒရာ ဆင်ပစွန် ရေးသားခဲ့သော “ငြင်းဆိုမှု” အကြောင်း စာတမ်း

ဖီမီနင့် အတွေးအခေါ် ပညာရှင် ဆာရာအာမက်၏ ကိုးကားမှုအကြောင်း ဆွေးနွေးထားသော “ဖီမီနင့် အချက်များ ပြုလုပ်ခြင်း” (Making Feminist Points) blog post

ပညာတတ်

 

“ပညာတတ်ဆိုတာ ဘယ်လိုလူမျိုးလဲ?”

 

ဒီမေးခွန်းဟာ လွန်ခဲ့သော ၆ လလောက်က Freedom Fighters ကပြုလုပ်ခဲ့တဲ့ စကားဝိုင်းတစ်ဝိုင်းမှာ ကျွန်မဆွေးနွေးခဲ့တဲ့ ဟောပြောချက်တစ်ခုရဲ့ ခေါင်းစဉ်ပါ အဲ့ဒီ ဟောပြောချက်ကို အခြေခံပြီး ဒီဆောင်းပါးမှာ ကြပ်တည်းနေတဲ့ နိူင်ငံရေးအခြေအနေကြားက ပညာရေးလောကအခြေအနေအကြောင်းကို တစ်စိတ်တစ်ပိုင်း ပြန်သုံးသပ်ကြည့်ချင်တယ်

 

အားလုံးလည်း သိကြတဲ့အတိုင်းပဲ ပညာရေးဟာ နိူင်ငံတကာရဲ့ နိူင်ငံရေးအကွက်အကွင်းတွေကြားထဲမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေသော်လည်းကောင်း အစွန်းတစ်ဖက်ကနေသော်လည်းကောင်း အရေးပါလေ့ရှိတယ် State ဟာ ပညာရေးကို လက်နက်တစ်ခု (State power) လို သုံးပြီး နိူင်ငံတွင်းက လူတွေကို အတွေးအခေါ်အယူအဆတွေကအစ သူလိုချင်တဲ့နေရာတစ်ခုရောက်အောင် သွတ်သွင်းဖို့ ကြိုးစားလေ့ရှိတယ် ကျွန်မတို့ မြန်မာနိူင်ငံမှာဆိုရင် စာသင်ကျောင်းတွေဟာ စာသင်ရုံတင်မကဘူး စာသင်ကျောင်းမှာ ပြုမူကျင့်ကြံရတဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ကျောင်းသားကျောင်းသူရော ဆရာ ဆရာမကိုပါ သူတို့ရဲ့ society ဟာ ဒီလိုထုံးတမ်းတွေနဲ့ နေထိုင်တယ်လို့ တိတ်တဆိတ် ကျွန်မတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ သင်ကြားပေးနေတယ် (ဒါတွေဟာ hidden curriculum (သို့) ထင်သာ မြင်သာ မမြင်ရပေမဲ့ တစိမ့်စိမ့် သင်ပေးနေတဲ့ သင်ရိုးညွှန်းတမ်းတွေပေါ့) Hidden curriculum တိုင်းဟာ မကောင်းတာတော့ မဟုတ်ပါဘူး ဒါပေမဲ့ များသောအားဖြင့် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုက လက်ခံထားတဲ့ စံနှုန်းတွေကို စံပိုဖြစ်လာအောင် အစိုင်အခဲလုပ်တဲ့ နေရာမှာ သူတို့တွေဟာ အရေးပါတယ်

 

ဥပမာ – ကျွန်မတို့ မြန်မာနိူင်ငံမှာဆိုရင် အတန်းနေရာယူပုံနဲ့ ဂျန်ဒါအယူအဆတွေကို ချိတ်ဆက်စဉ်းစားကြည့်လို့ရတယ် အတန်းသား ၆၅ ယောက်ရှိတဲ့ အစိုးရ‌စာသင်ကျောင်းတစ်ကျောင်းမှာ ယောင်္ကျားလေးနဲ့ မိန်းကလေးဆိုတာဟာ row ခွဲထိုင်ရတယ်၊ မိန်းကလေးတွေဟာ အတန်းရဲ့ အလယ်မှာ ထိုင်ရပြီး ယောင်္ကျားလေးတွေဟာ အတန်းရဲ့အစွန်ဘက်မှာ ထိုင်ရမယ်ဆိုတာတွေဟာ ကျွန်မတို့ ပတ်ဝန်းကျင်က လက်ခံထားတဲ့ ယောင်္ကျား၊ မိန်းမဆိုတဲ့ လိင်အခြေပြု ပညတ်ချက်တွေအရ ဘယ်သူတွေဟာ ဘယ်သူတွေနဲ့ မတူဘူး မတူတာကြောင့် ခွဲခြားထိုင်ရမယ် ဒါ့အပြင် ဘယ်သူတွေဟာ အကာကွယ်ခံတွေ ဖြစ်တာကြောင့် အတန်းအတွင်းမှာ ဝန်းရံပေးရမယ်ဆိုတဲ့ အသိစိတ်တွေဟာ ဆရာ ဆရာမက ဒီအကြောင်းကို လက်ချာမပေးပေမဲ့ နှစ်ပေါင်းများစွာ ဒီလို နေရာအခြေချပုံ hidden curriculum တွေကြောင့် လူငယ်တွေရဲ့ စိတ်ထဲကို မသိမသာစိမ့်ဝင်သွားပါတယ် စိမ့်ဝင်တာ ကြာလေလေ၊ ဘာလို့ ကျွန်မတို့ ဒီလိုထိုင်ရတာလဲဆိုတာကို မေးခွန်းမထုတ်ဖြစ်တော့ပါဘူး အဲ့လို မေးခွန်းမထုတ်ဖြစ်လေလေ အဲ့ဒါဟာ လူ့ဘောင်ထဲက စံနှုန်း (norm) တစ်ခု ဖြစ်သွားပါတယ် (ဒါကို normativity (စံနှုန်းသဘောသဘာဝ) လို့ မှတ်ယူလို့ ရပါတယ်) ကျွန်မပေးတဲ့ ဥပမာအပြင် မြန်မာပြည်မှာ အစိုးရကျောင်းတက်ခဲ့တဲ့သူတိုင်း တခြားသော hidden curriculum တွေက ဘာတွေ ဖြစ်မလဲ ကိုယ်တွေ့အတွေ့အကြုံတွေကနေ ဆက်စဉ်းစားကြည့်လို့ ရကောင်းရနိူင်ပါတယ်

 

Hidden curriculum တွေဟာ အစိုးရကျောင်းတွေမှာမှ မဟုတ်ဘူး ပုဂ္ဂလိကကျောင်းတွေ ကုန်ကုန်ပြောရရင် ‌အလုပ်ခွင်၊ မိသားစု စတဲ့ နေရာတိုင်းမှာ ရှိနေပါတယ် မျက်စိနဲ့ မမြင်ရလို့သာ ကျွန်မတို့ တော်ရုံတန်ရုံ သတိမူမိချင်မှ မူမိပါမယ် မိသားစုတစ်စုမှာ ထမင်းချက်တာ အမေပဲလုပ်နေကျ၊ ပန်းကန်ဆေးတာ အမကပဲလုပ်နေကျ ဒီလုပ်နေကျဆိုတာတွေဟာ မိသားစုတစ်ခုရဲ့ ဂျန်ဒါနဲ့ ပတ်သက်နေတဲ့ hidden curriculum တွေပါပဲ ဒီ hidden curriculum တွေကနေတဆင့် လူအချင်းချင်း အပြုအမူတွေ၊ အတွေးအမြင်တွေကို ပုံဖော်ရာကနေ ရိုးရာဓလေ့ (culture) ဆိုတာတွေ အကျယ်ဖြန့်ပေါ်လာတယ်လို့ ကျွန်မကတော့ မြင်မိတယ် (ဒီနေရာမှာ culture မရှိတဲ့သူဟာ ရိုင်းစိုင်းတယ်ဆိုတာဟာ ကိုလိုနီဆန်တဲ့ ရှုထောင့်တစ်ခုက ဆင်းသက်လာတာဖြစ်တဲ့အတွက် culture ဆိုတာကို ယဉ်ကျေးမှုလို့ ကျွန်မ ဘာသာမပြန်ချင်ဘူး ရိုင်းစိုင်းပါတယ်ဆိုတဲ့ လူတွေမှာတောင် သူတို့ လုပ်နည်း လုပ်ဟန် culture တွေ ရှိနေတာ ဖြစ်တဲ့အတွက် ဒါကို ဓလေ့လို့ပဲ ကျွန်မ မြန်မာလို ပြန်ပါတယ်)

 

ပြန်ဆက်ရရင် ဒီလို အချင်းချင်း မသိမသာနဲ့ ဒါမျိုးတွေးသင့်တယ် ဒီလိုမျိုးနေသင့်တယ် ဒါမျိုးလုပ်သင့်တယ်လို့ ပြန်လည်သင်ကြားလာတာတွေကို လေ့လာမှု (acquisition) ထက် လူမှုနှီးနှောဖလှယ်မှု (socialization) လို့ စဉ်းစားကြည့်လို့ ရတယ် ဆရာက ခေါင်းထဲရိုက်သွင်းလိုက်လို့ လေ့လာလိုက်ရတာထက် အချင်းချင်း အချိန်ကာလအတိုင်းအတာတစ်ခုအတွင်းမှာ အပြုအမူတွေ အချင်းချင်း နှီးနှောလာတာကို ဆိုလိုတာ ဖြစ်တယ်

 

အမေရိကန်နိူင်ငံမှာ‌တောင် လူမည်းကျွန်ပြုမှုနဲ့ ပတ်သက်ပြီး ကလေးဖတ်စာတချို့ကို စာသင်ကျောင်းတွေကနေ ban တာ၊ ဖလော်ရီဒါပြည်နယ်က တက္ကသိုလ်တွေမှာ လူမျိုးရေး (race) နဲ့ ပတ်သက်တဲ့ တက္ကသိုလ်တန်းတွေ သင်ခွင့်မရတော့တာတွေဟာ အမေရိကန် state ရဲ့ လူမျိုးရေးအရေးအခင်းတွေအပေါ် ထားရှိတဲ့ စိတ်နေသ‌‌ဘောထား အမူအကျင့်တွေကို ပညာရေးကနေတဆင့် နှီးနှောလိုက်တာပါပဲ ပြောချင်တာက ပညာရေးဟာ သုံးတတ်ရင် သုံးတတ်သလို အန္တရာယ်များတဲ့ လက်နက်တစ်ခုဖြစ်ပြီး ပညာရေးလို့ ခေါင်းစဉ်တပ်ထားတိုင်း ကောင်းကျိုးပေးတာ ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာပါပဲ

 

အဲ့တော့ ကျွန်မတို့ ပညာရေးလို့ ပြောရင် နှစ်မျိုးပြန်စဉ်းစားကြည့်လို့ရလာတယ် တစ်အချက်က content လို့ ခေါ်တဲ့ ဘာကိုသင်ကြားနေတာလဲ ဘာကို သင်ကြားမှာလဲ၊ နှစ်အချက်က အဲ့ဒီ သင်ကြားပုံတွေထဲက hidden curriculum နဲ့ socialization တွေက ဘယ်လိုမျိုးလဲဆိုတာပဲ

 

လက်ရှိ သာမန်လူတန်းစား နိူင်ငံခြားထွက်ကျောင်းမတက်နိူင်တဲ့ ပြည်သူတွေအတွက် ပညာရေးဟာ ပြဿနာတစ်ခု ဖြစ်လာတယ် အစိုးရပညာရေးကို ဆက်ပုန်ကန်ရမလား (ဒီနေရာမှာလည်း ကျွန်မတို့ သေချာစဉ်းစားလို့ ရတာက အစိုးရပညာရေးရဲ့ content ကို ပုန်ကန်နေတာလား သူ့ရဲ့ hidden curriculum နဲ့ socialization ကို ပုန်ကန်နေတာလား ကျွန်မအမြင်တော့ နှစ်မျိုးလုံး ဖြစ်ကောင်းဖြစ်နိူင်တယ် နှစ်မျိုးလုံး ဖြစ်သင့်တယ်) တစ်ချိန်တည်းမှာလည်း တခြားသော alternative ဆိုပြီး ပေါ်လာတဲ့ ပညာရေးကျောင်းတွေ၊ စနစ်တွေဟာလည်း သူတို့ရဲ့ alternative ဆိုတဲ့ ကြွေးကြော်ချက်မှာ content ဟာ alternative ဖြစ်တာလား hidden curriculum နဲ့ socialization ဟာ alternative ဖြစ်တာလားဆိုတာ ပြန်ဆင်ခြင်သင့်လာတယ် အစိုးရပညာရေးရဲ့ ဖုံးဖိခဲ့တဲ့ သမိုင်းကြောင်းတွေကို alternative content အနေနဲ့ သင်ပေမဲ့ ဆရာ ဆရာမပြောသမျှ အမှန်ပဲဆိုတဲ့ အထက်အောက် hierarchy hidden curriculum ကို ကျွန်မတို့ ဆက်လက်ကျင့်သုံးနေကြဆဲ‌ပဲလား မေးခွန်းထုတ်ရမယ်

 

ကျွန်မ “ပညာတတ်ဆိုတာ ဘယ်လိုလူမျိုးလဲ” ဆိုတဲ့ ဟောပြောချက်မှာ အဓိကဆွေးနွေးခဲ့တာတော့ ပညာတတ်ခြင်း မတတ်ခြင်းဟာ ဘွဲ့ဒီဂရီတွေထက် ပညာရေးစနစ်တွေ၊ မိသားစုစနစ်တွေ၊ လုပ်ငန်းခွင်စနစ်တွေကနေ မသိမသာ သို့မဟုတ် သိသိသာသာ သွတ်သွင်းထားတဲ့ စံနှုန်းတွေအပေါ်ကို မေးခွန်းပြန်ထုတ်နိူင်ခြင်းဟာ ကျွန်မအတွက် ပညာတတ်ဖြစ်တယ်ဆိုတာပါပဲ ဒါဟာ critical thinking ချက်ကျလက်ကျစဉ်းစားတွေးခေါ်ခြင်းပဲ ဖြစ်တယ် ချက်ကျလက်ကျတွေးခေါ်တတ်ရင် စနစ်တွေထဲမှာ မျောပါနေရင်တောင်မှ ကိုယ့်မျက်ချေး ကိုယ်ပြန်မြင်လာနိူင်တယ် စနစ်က ကိုယ့်အပေါ် သက်ရောက်နေတဲ့ ထိန်းချုပ်မှုတွေကို မြင်လာနိူင်တယ် ဒီလိုမြင်လာနိူင်တာဟာ တော်လှန်ရေးအစပဲ ဖြစ်တယ်

 

ကျွန်မ အမျိုးသားက တစ်ခါပြောဖူးတယ် critical thinking ဟာ ကျွန်မတို့ကို အဖြေမပေးဘူးတဲ့ ချက်ကျလက်ကျတွေးခေါ်လာနိူင်တဲ့အခါ အဖြေတစ်ခုကို ချက်ချင်းလက်ငင်း ထွက်လာနိူင်တယ်ဆိုတာထက် ပြဿနာကို ထဲထဲဝင်ဝင် နက်နက်နဲနဲ စဉ်းစားလာနိူင်အောင်ပဲ ကျွန်မတို့ကို လုပ်ပေးတယ် ကျွန်မအတန်းထဲက ကျောင်းသားကျောင်းသူတွေကိုလည်း တစ်ခါပြောဖူးပါတယ် လူတွေနဲ့ ပတ်သက်လာတဲ့ သုတေသနတစ်ခု၊ စူးစမ်းလိုတဲ့ မေးခွန်းတစ်ခုကို အဖြေပေးရုံသက်သက် လုပ်တာဟာ တကယ်တမ်း ဘာအကျိုးသက်ရောက်မှုမှ မရှိတဲ့ သုတေသနတစ်ခုပါပဲဆိုတာပါ ကိစ္စတစ်ခုကို အဖြေထုတ်လိုက်တာဟာ ထွက်ပေါက်ပိတ်လိုက်တာနဲ့ အတူတူပါပဲ အထူးသဖြင့် မော်လီကျူးတွေလို ကြိုတင်ခန့်မှန်းလို့ မရတဲ့ လူတွေရဲ့ အပြုအမူတွေကို အဖြူအမည်း အဖြေထုတ် စည်းမျဉ်းရေးဆွဲပြီးတဲ့အခါ တခြားသော ဘောင်ထဲကကျော်လွန်နေတဲ့ အရာတွေကို ဆက်မစဉ်းစားချင်ကြတော့ဘူး ဒီပြဿနာဟာ တစ်စခန်းရပ်သွားပြီလို့ ထင်ကြတယ် စဉ်းစားဖို့ အာရုံမရကြတော့ဘူး နည်းနည်းပဲ သိတာဟာ ဘာမှ မသိတာထက် ပိုအန္တရာယ်များပါတယ်

 

Critial thinking နဲ့ ပညာရေးကို ပြန်ဆက်စပ်ရရင် ကျွန်မတို့ လက်ရှိပညာရေး ပြဿနာကို အများဟာ ဘွဲ့ဒီဂရီ formal schooling နဲ့ပဲ အဖြေထုတ်ဖို့ ကြိုးစားနေကြတာ တွေ့ရတယ် ဒီနေရာမှာ သူတို့က‌လေးတွေကို ဘဝကောင်းကောင်းရစေချင်တဲ့ သာမန်လူတန်းစား မိဘတွေကို (ဒီလိုဖြစ်လာတာလည်း ဘွဲ့ရမှ ဘဝတိုးတက်မယ်ဆိုတဲ့ hidden curriculum တွေကြောင့်ပါပဲ) အပြစ်ဖို့မဲ့အစား alternative education လို့ ခေါင်းစဉ်တပ်ပြီး စီးပွားရေးလုပ်နေကြတဲ့လူတွေကို အထူးသဖြင့် ထောက်ပြချင်တယ် အစိုးရပညာရေးကို ပုန်ကန်ရာကနေ နိူင်ငံခြားက လူဖြူပညာရေးစနစ်ကိုမှ ပိုကောင်းတယ် ထင်လာမျိုး၊ ဒီပလိုမာလေး ဘွဲ့လေး ပေးမှ ကောင်းတဲ့ alternative education လို့ ခံယူတာတွေဟာ အဖြေထုတ်လိုက်ပြီး စဉ်းစားတွေးခေါ်မှုတွေကို ဖွင့်ထုတ်ပေးရမဲ့အစား ဘောင်ခတ်လိုက်တာပါပဲ တော်လှန်ရေး လုပ်နေသူတွေအတွက် စစ်အစိုးရကို အာခံနေတဲ့သူတွေအတွက်ကလည်း ဖဒရယ်လစ်ဇင်တို့ လူ့အခွင့်အရေးတို့ဟာ alternative education content ဖြစ်လာပေမဲ့ တကယ်တမ်း နှီးနှောဖလှယ်ပုံတွေအရ alternative (သို့) revolutionary အရာရော မြောက်ရဲ့လား စဉ်းစားစရာ ဖြစ်လာတယ်

 

ကျောင်းတက်မှ လူ‌တွေဟာ ပညာတတ်တာလား ဒီမေးခွန်းဟာ ဒီဆောင်းပါးရဲ့ အချက်အခြာဖြစ်တယ်

 

ဘာလို့ ဘွဲ့ဒီဂရီတစ်ခုရှိမှ လူရိုသေ ရှင်ရိုသေ ပညာတတ်လို့ လက်ခံကြတာလဲ?

 

ဒီလိုလက်ခံတာကလည်း ကျွန်မတို့ လူမှုအသိုင်းအဝိုင်းရဲ့ hidden curriculum တစ်ခုအနေနဲ့ နှီးနှောဖလှယ်ခံခဲ့ရတဲ့ အမူအကျင့်အတွေးအခေါ်တစ်ခုဆိုလို့ ရှိရင် ဘာလို့ ဒီလိုတော်လှန်ရေးကာလမှာ ဒီအမူအကျင့်ကိုပါ ကျွန်မတို့ တော်လှန်ရေးလုပ်သူလို့ ခေါင်းစဉ်တပ်ထားတဲ့သူတွေကိုယ်တိုင်ကိုက ပြန်မတော်လှန်တဲ့အပြင် ပြန်မွေးမြူနေကြတာလဲ? တကယ်တမ်းက ဘွဲ့ဒီဂရီဟာ အပေါ်ယံ လူ့ဘဝ ရုန်းကန်ရမှုအတွက် သက်သာကောင်း သက်သာစေတယ် အခွံသာ ဖြစ်တယ် မိမိဘဝရှေ့ရေးအတွက် ဘွဲ့ဒီဂရီယူရမယ်ဆိုရင်တောင်မှ ဘွဲ့ဆိုတာဟာ အခွံသာဖြစ်တယ်ဆိုတာ သိရှိနေရမယ်

 

ကျွန်မ ကိုယ်တွေ့အတွေ့အကြုံတွေအရ ပညာရေး နှီးနှောဖလှယ်မှုတွေမှာ အထက်အောက်စနစ်တွေ ပြန်ကျင့်သုံးတာ၊ စာသင်ခန်းထဲ တစ်ခါမှ မဝင်ဖူးသူတွေက စာသင်ကြားရေးဟာ ဒီလိုမျိုး ဖြစ်သင့်သည်၊ ဟိုလိုမျိုး ဖြစ်သင့်သည် အရင်းရှင်ဆန်ဆန် ပြန်ထိန်းကျောင်းတာ၊ အနောက်နိူင်ငံက ပညာရေးမော်ဒယ်မျိုးကိုမှ ကောင်းတယ်ထင်ပြီး မွေးစားဖို့ ကြံလာတာ၊ လူမည်း ဖီမီနင့် တွေးခေါ်ပညာရှင် bell hooks ရေးခဲ့တဲ့ “လူမှုရေးအပြောင်းအလဲအတွက် အဓိက အရေးပါတဲ့ စာသင်ခန်း”တွေကို စက်ရုပ်သာသာ ယန္တရားတွေနဲ့ အစားထိုး ဖျောက်ဖျက်ဖို့ ကြံစည်တာ၊ အဲ့ဒီ စာသင်ခန်းတွေထဲက ဆရာဆရာမတွေရဲ့ လုပ်အားတွေကို ခေါင်းပုံပြန်ဖြတ်တာ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းအုပ်ချုပ်သူတွေဟာ အထက်အောက်စနစ်ကို ဆက်လက်ကျင့်သုံးနေတာ၊ ကျောင်းသားကျောင်းသူဟာ စီးပွားရေးထုတ်ကုန်တစ်ခုကို စားသုံးသူသက်သက်သာ ဖြစ်လာတာ၊ ပညာရေးမှာ supply and demand အပြောအဆိုတွေ သုံးလာတာ၊ ပညာရေးဟာ ဈေးရောင်းရေး ဖြစ်လာတာ (ဥပမာ ဖဒရယ်လစ်ဇင်က ခေတ်စားနေတော့ ကျောင်းအုပ်ချုပ်သူတွေက ဆရာ ဆရာမကို ဖဒရယ်လစ်ဇင်များများ သင်‌ခိုင်းတာမျိုး) တွေ ရှိနေဆဲပါပဲ အဲ့လို ရှိနေသေးသရွေ့ alternative education တွေရဲ့ ဘယ်နေရာက ဘယ်လို စနစ်တွေကို တော်လှန်နေတာလဲဆိုတာ မေးခွန်းပြန်ထုတ်သင့်လာတယ် လက်ရှိ တော်လှန်ရေးအမည်ခံ ပညာရေးတွေရဲ့ content အရတော့ တော်လှန်နေကောင်း တော်လှန်နေပေမဲ့ hidden curriculum တွေနဲ့ socialization ပုံစံတွေက စစ်အာဏာရှင်စနစ်နဲ့ ဘယ်လိုကွာခြားနေသလဲ? ကွာခြားရော ကွာခြားရဲ့လား သံတူကြောင်းကွဲတွေပဲလား?

 

တော်လှန်ရေးကာလဟာ အပေါက်အပြဲကာလ (rupture) တစ်ခု ဖြစ်တယ် ဒီအပေါက်အပြဲကို ကျွန်မတို့ အဝတ်စတစ်ခုနဲ့ ဖြစ်သလို ဖာလို့ ရပါတယ် အဆင်အသွေးတော့ သစ်ပါရဲ့ ဒါပေမဲ့ အဝတ်စတော့ အဝတ်စအနေနဲ့ပဲ ဖာပြီး ပြန်အရေခြုံလို့ ရပါတယ် ဒါပေမဲ့ အပေါက်အပြဲဟာ critical thinking ကိုသာ သုံးမယ်ဆိုရင် အခြားသော ထွက်ပေါက်ပေါင်းများစွာကို စဉ်းစားကြည့်ဖို့ အခွင့်အလမ်းလည်း ပေးနေတယ် ဒီပေါက်ပြဲနေတဲ့ ပိတ်စကြီးတစ်ခုလုံးကို ထားခဲ့ပြီး အမြင်သစ်တစ်ခု တီထွင်ကြည့်ကြမလား ဖာရာဗလစ်ပွနဲ့ ဖြစ်နေသေးသရွေ့တော့ ဘယ်လောက်ပင် ခေတ်ပေါ်ဆန်းပြားနေတဲ့ ပိတ်စကြီး ဖြစ်ပါစေ ကျွန်မတို့ လိုချင်တဲ့ လွတ်မြောက်ရေးဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါပဲ

ပုံ – မန္တလေးဈေးကြီးတွင်းက ဖရဲသီးဆိုင်တစ်ဆိုင်နားတွင်တွေ့ရသော စောင်ခင်းထားသည့် ပလတ်စတစ်ပုံးတစ်ပုံး အတွင်းမှ ကလေးငယ်တစ်ဦး

bell hooks ရဲ့ Teaching to Transgress: Education as a Practice of Freedom စာအုပ်အစအဆုံး

Freedom Fighters မှ မတ်လ ၂၀၂၂ တွင် ပြုလုပ်ခဲ့သော ပညာရေးပုံစံသစ်ဖြင့် အနာဂတ်သစ်သို့ လူထုဖိုရမ် recording

ခြူးမေပိုင် ၂၀၂၂ က ရေးခဲ့တဲ့ “Is Neocolonial Education a Solution to Military-slave Education?” Op-ed

ထပ်ခါ ထပ်ခါ စကားများ

စကားပြောတိုင်း ဘယ်သူ့စကားတစ်ခွန်းကို အာရုံစိုက်နားထောင်ကြပြီး ဘယ်သူ‌တွေကတော့ သူတို့ပြောတဲ့ စကားကို သူများကြားအောင် ထပ်ခါ ထပ်ခါ ပြောနေရလဲ?

စကားပြောခြင်းဟာ လုပ်အားတစ်လုပ်ဆိုတာ ပြီးခဲ့တဲ့လထဲမှာ လူတချို့နဲ့ စကားပြောရင် ပိုပိုတွေးမိလာတယ် ဒီနေရာမှာ လေကုန်လို့၊ ခန္ဓာကိုယ်ထဲက အားအင်ကို စိုက်ထုတ်ရလို့ သုံးရတဲ့ လုပ်အားကိုတင်မကပါဘူး စကားကို အသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေ ဥပမာ ဖုန်းထဲကနေ စကားပြောပြီး ရောင်းရတဲ့ အရောင်းစာရေးအလုပ်၊ အိမ်တကာလှည့်လည်ပြီး တချို့သော သံတူကြောင်းကွဲ စကားတွေကို မာကတ်တင်းအလုပ်တစ်ခုအတွက် ပြောရတဲ့အခါ သုံးရတဲ့ လုပ်အား ဒါတွေကတော့ အရင်းရှင်စနစ်အောက်က လူသားအရင်းအမြစ်တွေအကုန်လုံးကို လုပ်အားအဖြစ်ပြောင်းလဲလိုက်တဲ့ သဘောတွေပါပဲ

အဲ့ဒီကာယလုပ်အားအပြင် ကြားခြင်း၊ မကြားခြင်းနောက်ကို တုံ့ပြန်ရတဲ့အခါ စိုက်သုံးရတဲ့ စကားရဲ့ လုပ်အားအကြောင်းကို အခုတလော တွေးမိတယ် လွန်ခဲ့သော လတွေထဲမှာ မတွေ့တာကြာပြီဖြစ်တဲ့ ကျွန်မ တူမလေးနဲ့ ကျွန်မ တွေ့ဖြစ်ကြတယ် သူနဲ့ အတူနေဖြစ်ရင်း သတိထားမိတာ တစ်ခုက သူနဲ့ စကားပြောရင်၊ အာလ္လာပသလ္လာပပြောကြရင် သူပြောချင်တဲ့ အကြောင်းအရာတစ်ရပ်ကို ကျွန်မကို ထပ်ခါ ထပ်ခါ ပြောတာကိုပဲ ထပ်ခါ ထပ်ခါက တစ်နေ့ပြောပြီးလို့ နောက်တစ်နေ့ ထပ်ပြောတာမဟုတ်ပါဘူး ပြောနေရင်းနဲ့ကို စာကြောင်းတစ်ကြောင်းကို ဆက်တိုက် နောက်ထပ်တစ်ခေါက် ထပ်ပြောတာပေါ့နော် နည်းနည်းကြာလာတော့ ကျွန်မ သူ့ကို မေးကြည့်တယ် စကားပြောရင် တစ်ခွန်းကို ခဏ ခဏ ပြောတာ သတိထားမိလားလို့ မေးကြည့်မိတယ် သူကိုယ်တိုင်က သတိမထားမိဘူး ဖြစ်နေတယ်

ကျွန်မ တူမလေးဟာ တက္ကသိုလ်ပြီးခါစ လူငယ်တစ်ယောက် ဖြစ်ပြီး လက်ရှိမှာ နိူင်ငံရေးအခြေအနေတွေကြောင့် အပြင်အလုပ်ဆိုတာထက် သူ့အိမ်မိသားစုရဲ့ အိမ်အလုပ်တွေကို တာဝန်ယူထားပေးတဲ့သူပေါ့ ဒါနဲ့ သူနဲ့ တစ်ခြားသော အကြောင်းတွေပြောကြရင်း အိမ်မှာ အိမ်အလုပ်လုပ်တဲ့သူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ မိသားစုဝင်အချင်းချင်းကြားမှာတောင် တန်ဖိုးနည်း (ဒါမှမဟုတ်) ပုံမှန်လုပ်သင့်တဲ့၊ မဖြစ်မနေ လုပ်ရမဲ့အလုပ်လို့ မှတ်ယူထားလေ့ရှိတယ်ဆိုတဲ့ အကြောင်းတွေ ပြောဖြစ်မိတယ် မဖြစ်မနေ လုပ်ရတိုင်း တန်ဖိုးနည်းသွားသလားပေါ့လေ

ဒီအယူအဆတွေဟာ ကျွန်မတို့ ပတ်ဝန်းကျင်ကကို သွတ်သွင်းထားတဲ့ အယူအဆတွေပဲလေ ကျွန်မတို့ကိုယ်တိုင် မသိမသာနဲ့ ငယ်ငယ်လေးကတည်းက အိမ်အလုပ်ဆိုတာ အပြင်အလုပ်မရနိူင်တဲ့သူတွေ၊ ရဖို့ အရည်အချင်းမရှိသူတွေလုပ်ရမဲ့ အလုပ်လို့ မှတ်ယူထားလေ့ရှိကြတယ် ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ မေးတဲ့ အဖြေတွေထဲမှာ ဆရာဝန်ကြီးတို့၊ အင်ဂျင်နီယာကြီးတို့၊ ဆရာကြီးတို့ပဲ ပါပြီး အိမ်အလုပ် ဘာလို့ မပါတာလဲ (ငယ်ငယ်က ကျွန်မ အစ်မအလတ်က ကြီးလာရင် ဖရဲသီးရောင်းချင်တယ် ပြောလို့ လူကြီးတွေ ရှုံ့ချခံရတာကို မှတ်မိပါသေးတယ် အခုတော့ ရယ်စရာပေါ့လေ ဒါပေမဲ့ အစ်မလတ်က တကယ်ဈေးရောင်းတာ ‌စိတ်ဝင်စားသလို ရောင်းလည်းရောင်းတတ်တယ် ကျွန်မတစ်သက် သူ့ခမျာ ကြာဇံကြော်လည်း ရောင်းဖူးတယ် ကော်ပြန့်လည်း ရောင်းဖူးတယ် စာအုပ်ဆိုင်လည်း ဖွင့်ဖူးတယ် ဈေးရောင်းတယ်ဆိုတာ လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူးလေ ဖရဲသီးတော့ သူဘာလို့ မရောင်းလဲ ကျွန်မ မပြောတတ်) ဘယ်သူက အိမ်အလုပ်ကြီးများ လုပ်ချင်မလဲ အောင်မြင်တဲ့အလုပ်ဆိုတဲ့ စာရင်းတွေထဲမှာ အိမ်အလုပ်မပါဘူးလေ ဒီနေရာမှာ အိမ်အလုပ်ကို အရင်းရှင်စနစ်လက်အောက်က လုပ်အားကို ခေါင်းပုံဖြတ်တဲ့ စနစ်ထဲ ထည့်ရမယ်လို့ ဆိုလိုချင်တာ မဟုတ်ဘူး ဒါပေမဲ့ အလုပ်ဆိုတာကို လိုလိုလားလား တောင်းတလာကြတဲ့၊ တခမ်းတနား ကိုယ်ပိုင်ဖြစ်တည်မှုတွေနဲ့ ချိတ်ဆက်လာကြတဲ့အချိန်မှာ အိမ်အလုပ်ကို ဘာလို့ ချောင်ထိုးထားကြတာလဲဆိုတာကို မေးခွန်းထုတ်လာမိတယ် အလုပ်တစ်ခုရဲ့ တန်ဖိုးကို ဘယ်လို ပိုင်းဖြတ်လိုက်ကြသလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလာတယ်

ဒီလိုနဲ့ အိမ်အလုပ်ဆိုတာ တခြားသော အလုပ်တွေရဲ့ နောက်ခံအလုပ်တစ်ခု ဖြစ်လာတယ် လူရယ် အလုပ်ရယ် ရှိလာပြီ ဖြစ်လာပြီဆိုရင် အိမ်ရှိကြပေမဲ့ အိမ်အလုပ်ဆိုတာ စကားထဲ ထည့်မပြောတော့ဘူး ကျွန်မကိုယ်တိုင် အိမ်အလုပ်တွေထဲက တချို့ကို လုပ်ရတာ သဘောကျတယ် ပန်းကန်ဆေးတာထက် မီးဖိုချောင်ရှင်းရတာ သဘောကျတယ် အဝတ်လျှော်တာထက် မီးပူတိုက်ရတာ ပိုသဘောကျတယ် (ဒါကလည်း တစ်ယောက်ချင်းစီ စိတ်နေစိတ်ထားတွေအရလည်း ဆိုင်ရင် ဆိုင်မှာပေါ့လေ) အိမ်အလုပ်၊ သန့်ရှင်းရေးတွေ လုပ်ပြီးရင် ခံစားရတဲ့ ခံစားချက်က ကျွန်မစိတ်ကို ပြည့်ဝကြည်လင်စေတယ် တံမြက်စည်းလှည်းနေချိန်မှာ ကျွန်မ အတွေးထဲ တခြားသော ဘာအကြောင်းအရာမှ ဝင်လာလေ့ မရှိဘူး ကြမ်းပြင်ပေါ်က အမှိုက်တွေ ရှင်းသွားသလို ကျွန်မ စိတ်တွေ ရှင်းသွားသလို ခံစားရတယ် မနက်နိုးလို့ အိမ်ရာသိမ်း စောင်ခေါက်ပြီးရင် တစ်လောကလုံး နေရာတကျဖြစ်သွားသလို ခံစားရတယ် အိမ်အလုပ်ဟာ ဘယ်သူမှ ဝင်ရောက် စွက်ဖက်လို့ မရတဲ့ ကျွန်မနဲ့ ကျွန်မကိုယ်ကြားထဲက နီးကပ်မှုတစ်ခုကို ပေးတယ် ဒါပေမဲ့ အိမ်အလုပ်အပေါ်မှာ ရှိနေတဲ့ ကျွန်မရဲ့ အားရပျော်ရွှင်မှုတွေဟာ တခြားသော လူလက်ခံတဲ့ အလုပ်တွေလို အတိတလင်း ကြေငြာပြနေလို့ မရပြန်ဘူး အိမ်အလုပ်ဟာ ကျွန်မရဲ့ များပြားလှသော ဖြစ်တည်မှုလေဘယ်တွေထဲမှာ ပါမနေဘူး ဘာလို့လဲ?

အိမ်အလုပ်တွေသာမက အိမ်အလုပ်တွေကို ကြိုက်နှစ်သက်တဲ့သူတွေ၊ အိမ်အလုပ်တွေက ပေးကောင်းပေးနိူင်တဲ့ အားရမှုတွေက နောက်ကွယ်မှာပဲ ဘာလို့ ရှိနေတာလဲ?

အဝတ်လျှော်၊ ပန်းကန်ဆေး၊ ခွေးစာကျွေး၊ ဘုရားပန်းလဲ အစရှိတဲ့ နေ့စဉ်လုပ်နေရပေမဲ့ မျက်ကွယ်ပြုထားတဲ့ အလုပ်တွေကို လုပ်နေတဲ့ ကျွန်မ တူမလေးလို လူမျိုးဟာလည်း နောက်ကွယ်ကို အလိုလို ပို့ခံလိုက်ရတယ် သူပြောချင်တာ၊ သူလုပ်ချင်တာ၊ သူ့အတွေးအခေါ် အစရှိတာတွေဟာ အနောက်ရောက်သွားတော့ သူ့စကားဟာ လူမကြားတော့ဘူး တစ်ခါပြောတိုင်း အရေးတယူ နားထောင်ခံချင်ရမှ ခံရလိမ့်မယ် ၂ ခါ ၃ ခါလောက်ပြောမှ သူ့စကားဟာ နည်းနည်းလေး အရာရောက်မယ် အဲ့တော့ အကျင့်ဖြစ်လာတာက သူ‌ပြောချင်တာ တစ်ဖက်သားကြားရအောင် စ‌ကားတစ်ခွန်းကို ထပ်ခါ ထပ်ခါ ပြောလာရတာပဲ

ကျွန်မတို့ ငယ်ငယ်ကဆိုရင် အမေ့ကို ပွစိပွစိပြောတတ်သူလို့ ကျွန်မတို့ ပြောလေ့ရှိကြတယ် အကြောင်းအရာတစ်ခုဆို ဓာတ်ပြားဟောင်းကြီးဖွင့်သလို တစ်ခါလာလည်း ဒါပဲ တစ်ခါလာလည်း ဒါပဲဆိုပြီး ကျွန်မတို့ လူငယ်တွေက ငြူစူကြတယ် ပွစိပွစိ ပြောတယ်လို့ ကျွန်မတို့ ထင်ယောင်ကြတဲ့ သူတွေဟာ ဘယ်လိုလူမျိုးတွေလဲ ကျွန်မတွေးမိလာတယ် ဘာလို့ အဖေ‌တွေ၊ ယောင်္ကျားတွေကို တော်ရုံတန်ရုံ ပွစိပွစိပြောတယ်လို့ မယူဆကြတာလဲ? အဖေတွေဟာ စကားနည်းပြီး ပြောရင်လည်း တစ်ခွန်းဆို တစ်ခွန်း ပြတ်ပြတ်သားသား ပြောတယ်လို့ ယူဆကြပြီး အမေတွေကတော့ စကား‌တွေ အမျှင်တန်း ဟိုမရောက် ဒီမရောက် အရည်မရ အဖတ်မရတွေ ပြောတယ်လို့ ယူဆ‌ကြတာလဲ? စကားဆိုတာ ပြတ်ပြတ်သားသားပြောတိုင်းရော ကောင်းသလား? စကားပြောပုံ အမူအကျင့်တွေက တခြားသော လူမှုရေး‌ရာတွေ ဖြစ်တဲ့ ဂျန်ဒါ၊ လူတန်းစား အစရှိတာတွေနဲ့ ပတ်သက်နေတယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ် စကားတိုင်းဟာ တခြားလူတစ်ယောက်နဲ့ ကူးလူးဆက်ဆံဖို့အတွက်ဆိုတာထက် တစ်ခါတစ်လေ ကိုယ့်အတွက်ကိုယ် ပြောတယ်ဆိုတာ သဘောပိုပေါက်လာမိတယ်

စကားဟာ ကူးလူးဆက်သွယ်တဲ့ ကြားခံမီဒီယမ်တစ်ခု ဖြစ်သလို ဖြစ်တည်မှုသ‌င်္ကေတတစ်ခုလည်း ဖြစ်တယ် ပြောချင်တာကို မကြားမှာစိုးလို့ ထပ်ခါထပ်ခါ ကူးလူးဆက်ဆံရာကနေ ထပ်ခါထပ်ခါ ပြောတာတွေဟာ ချောင်ထိုး ဘေးရောက် နောက်ခံတွေထဲက လူတွေရဲ့ သင်္ကေတ ဖြစ်လာတယ်

စကားတစ်ခွန်းကို ထပ်ခါထပ်ခါပြောဖူးတဲ့သူတိုင်း သိမှာပါ ကိုယ်ပြောချင်တာကို တစ်ဖက်သားက နားမထောင်တဲ့အခါ၊ မကြားတဲ့အခါ ထပ်ခါထပ်ခါပြောရတာ လေပြွန်ကို သုံးပြီး ပြောရတဲ့ ကာယလုပ်အားအရ ပင်ပန်းသလို မိမိပြောချင်တာကို အရေးမစိုက်တဲ့အတွက် စိတ်အင်အားအရလည်း ပင်ပန်းပါတယ် ဒါပေမဲ့ အဲ့ဒီလို တပင်တပန်းစိုက်ထုတ်ရတဲ့ လုပ်အားတွေကို တန်ဖိုးမရှိဘူး (ဒါမှမဟုတ်) ပြောနေတဲ့သူကို တန်ဖိုးမရှိဘူးလို့ သတ်မှတ်ထားရင်တော့ ဒီလုပ်အားဟာ ဘာမှ အဓိပ္ပါယ်မရှိတဲ့ လုပ်အားတစ်ခုအနေနဲ့ ဆက်ရှိနေဦးမှာပါပဲ

စနစ်ဟာ ကျွန်မတို့ကို နေ့စဉ်‌နဲ့အမျှ စိတ်ထောင်းကိုယ်ကြေဖြစ်လာအောင် အမှုန့်ကြိတ်နေတယ် အဲ့ဒီ မြန်ဆန်လှတဲ့ စနစ်ရဲ့ ယန္တရားအနောက်ကို လိုက်နေသေးသရွေ့ ကျွန်မတို့ ပေးနိူင်တဲ့ အာရုံတွေဟာလည်း အကန့်အသတ်တွေ ရှိနေဦးမှာပဲ အဲ့လို အကန့်အသတ်တွေ ရှိနေသေးသရွေ့ ဘယ်သူ့အသံကိုတော့ ပိုနားထောင်မယ်လို့ ဆုံးဖြတ်ပြီး နောက်ခံအသံစကားတွေကို သူတို့က ထပ်ခါထပ်ခါ ပြောနေရင်တောင်မှ ကြားချင်ရမှလည်း ကြားမိမှာပဲ နောက်ပြီးတော့ ကြားတိုင်းရော ကျွန်မတို့ တကယ် နားထောင်မိရဲ့လား? နားထောင်တိုင်းရော တကယ်ကြားရဲ့လား? ကြားတာနဲ့ နားထောင်တာက တကယ်တမ်း အတူတူပဲလား? ဘယ်သူတွေကို ကြားလေ့ရှိကြပြီး ဘယ်သူတွေကိုတော့ ကျွန်မတို့ နားထောင်ကြသလဲ? ကျွန်မ တူမလေးရဲ့ ထပ်ခါထပ်ခါ ရင်ဖွင့်သံတွေကို နားထောင်ရင်း ကျွန်မ အတွေး‌တွေ ထပ်ခါထပ်ခါ ပွားမိရင်း ကျွန်မ ပြောချင်တာတွေကို ထပ်ခါထပ်ခါ ဖြစ်နေရင်တောင်မှ နားထောင်ပေးတဲ့၊ ကြားပေးတဲ့ သူတွေရဲ့ လုပ်အားကိုလည်း တန်ဖိုးပိုထားတတ်လာတယ်

ပုံ – ခြေတံရှည် သစ်သားအိမ်တစ်အိမ်အောက်ရောက်ခိုက် ကြမ်းကြားမှတဆင့် အလင်းတန်းများ တိုးဝင်လာခိုက်

တိတ်တဆိတ်ကို နားထောင်ချင်တယ်

နားထောင်ခြင်းရဲ့ တန်ဖိုးကို ခုရက်ပိုင်း ကျွန်မ ပိုပို သတိထားလာမိတယ်

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျွန်မရဲ့ သုတေသနထဲ ပါဝင်နေတဲ့သူတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း နားထောင်မှုတွေ အကြောင်း တွေးမိတယ် နားထောင်တဲ့အ‌ကြောင်းကို ဆွေးနွေးခဲ့တာ မဟုတ်ပေမဲ့ သူနဲ့ ကျွန်မ တော်လှန်ရေးကာလအတွင်း လူတွေရဲ့ ပြုမူသင့်တဲ့အကျင့်တွေအကြောင်းကို ပြောကြရင်း ကျွန်မက ဆက်စပ်ပြီး တွေးမိတာပါ

သူကပြောပါတယ် တော်လှန်ရေးကာလမှာ သူအိမ်မှာ ဘာတွေလုပ်နေတယ်၊ သူ့ကလေးတွေနဲ့ ဆော့ကစားနေတယ်၊ ဘာထမင်း ဟင်းတွေ စားနေတယ်ဆိုတာကို လူသိရှင်ကြားအရင်ကလို လူမှုကွန်ယက်တွေပေါ်မှာ တင်ရမှာ စစ်ဘေးရှောင်နေတဲ့သူတွေ၊ အသက်ခံလိုက်ရတဲ့သူတွေ၊ ကိုယ့်အသက်အတွက် ကျီးလန့်စာစားနေနေရတဲ့သူတွေအတွက် အားနာစရာကောင်းတယ်လို့ ခံစားလာရကြောင်း ကျွန်မကို ပြောပြပါတယ် သူ့ရဲ့ ခံစားချက်ဟာ လူတော်တော်များများလည်း ဒီကာလမှာ ခံစားနေရကောင်း ခံစားနေရတာပါပဲ (ဟိုတလောက ကြိုးပေးသတ်ဖြတ်မှု သတင်းကြားပြီးနောက်‌ တချို့သော နာမည်ကြီးသူများရဲ့ အလိုက်မသိ အလှပုံတင်မှုများဟာ လူမှုကွန်ယက်တွေပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားသေးတာပဲ)

သူ့ရဲ့ ခံစားချက်ကို နားထောင်ပြီး ကျွန်မ ဆက်စပ်တွေးမိတာက ကျွန်မတို့တွေရဲ့ နေ့စဉ်လှုပ်ရှားသွားလာပြုမူနေမှုတွေကို အများနေရာ (public sphere) ထဲကနေ ဖျောက်ဖျက်လိုက်ခြင်း (အထူးသဖြင့် နာမည်ကြီး ဆယ်လီမဟုတ်သူများရဲ့ နေ့စဉ် ဘဝ ဖြတ်သန်းမှုတွေ) ဟာ ကျွန်မတို့ တော်လှန်ရေးရဲ့ အငွေ့အသက် (atomsphere) တည်ရှိနေဖို့အတွက် ဘယ်လောက်ထိ ကြိုးပမ်းပေးနေသလဲ ဆိုတာပဲ ထပ်ရှင်း‌အောင် ပြောရရင် ကျွန်မတို့တွေရဲ့ နေ့စဉ် ဘဝဖြတ်သန်းမှုတွေကို အများရဲ့ မျက်စိအမြင်ကနေ ဖျောက်ဖျက်သိမ်းဆည်းလိုက်ခြင်းဟာ ဖိနှိပ်မှုစနစ်တွေကို တော်လှန်ရာရောက်သလား အဲ့ဒီစနစ်တွေကို ပြန်လည်ထောက်ပံ့ပေးနေရာ ရောက်သလား စဉ်းစားမိတယ် နေ့စဉ်ဘဝ ဖြတ်သန်းမှုဆိုတာလည်း ခြုံပြောလို့ရတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး အထက်တန်းစားအလွှာက လူတန်းစားတစ်ရပ်ရဲ့ နေ့စဉ်ဖြတ်သန်းမှုနဲ့ သာမန်လူတန်းစားတစ်ရပ်ရဲ့ နေ့စဉ်ဖြတ်သန်းမှုဟာ မတူညီပါဘူး လူမှုကွန်ယက်စာမျက်နှာတွေပေါ်က ပြဿနာတစ်မျိုးဖြစ်တဲ့ မတူညီကွဲပြားနေတဲ့ အခြေအနေတွေကို ပါးပါးနပ်နပ်ဆွေးနွေးလို့ မရခြင်းအတွက်ကြောင့် နေ့စဉ်ဘဝဖြတ်သန်းမှုပုံစံတွေတိုင်းဟာ လူအများအလယ်မှာ အခုချိန်မှာ ချမပြသင့်တော့တဲ့၊ ပြောမနေသင့်တော့တဲ့ အရာတစ်ခုလို သိမ်းကြုံးယူဆခံလိုက်ရတာပါပဲ

ဒီနေရာမှာ ကျွန်မ စိတ်ဘဝင်မကျမိတာ တစ်ခုက သာမန်လူတန်းစားရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုတွေကို အဖျောက်ဖျက်ခံထားရင်းနဲ့မှ တဖြည်းဖြည်းနဲ့ ဒီနေ့စဉ်ဘဝတွေဟာ တစ်ချိန်မှာ ပြန်ပြီး အာသာဖြေစရာ၊ တပ်မက်စရာ (fetishize) အရာတွေ ပြန်ဖြစ်လာတာကိုပါပဲ ဥပမာ – အိမ်မှာ အမေချက်တဲ့ ထမင်းဟင်းကို ကြမ်းပြင်ပေါ်မှာ အားရပါးရထိုင်ပြီး လက်နဲ့ နယ်စားတာဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ခေတ်စားတဲ့ လှလှပပ ကော်ဖီဆိုင်လေးတွေမှာ ထိုင်သောက်တဲ့ ပုံတွေလောက် အရာမဝင်တော့ လူအများအလယ်မှာ ချမပြရာကနေ အဲ့ဒီလိုမျိုးကို တစ်ဖန်ပြန်လည်အသက်သွင်းချင်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တပ်မက်ဖွယ်ရာလုပ်တဲ့အသွင်၊ လိုချင်တာလေးကိုပဲ စိစစ်ထုတ်ယူတဲ့အသွင်နဲ့ အိမ်မှာ ထမင်းစားတာကို ပြန်ချပြလာတာမျိုးတွေပေါ့ နောက် ဥပမာ တစ်ခုက မြန်မာပြည်က သာမန်လူ့နေထိုင်မှုဘဝတွေထဲက အရာဝတ္တုတွေ ဖြစ်တဲ့ ဆိုက်ကားတစ်စီး၊ သံထမင်းချိုင့်တစ်ချိုင့်ဟာ အနောက်နိူင်ငံတစ်နေရာက လက်နဲ့ ထိခွင့်မရှိတဲ့ ပြခန်းအလယ် လူတွေက အနုပညာဆိုပြီး လှည့်ပတ်ကြည့်ရှုရတဲ့ နေရာကို ရောက်သွားသလိုပေါ့ ဆိုက်ကားဟာ လမ်းပေါ်မှာ လူတွေ စီးနေမှသာ၊ မောင်းနေမှသာ အသုံးဝင်တာမျိုး မဟုတ်ဘူးလား? ထမင်းချိုင့်ဟာ ထမင်းထည့်သယ်သွားနေတုန်းက ဘယ်သူမှ အရေးစိုက်မခံခဲ့ရဘူးလား? ပြခန်းထဲက ဆိုက်ကားရဲ့ နေရာဟာ ဘယ်လိုမျိုးလဲ? ထမင်းချိုင့်ရဲ့ နေရာဟာ ဘယ်လိုမျိုးလဲ? ဒါတွေဟာလည်း တစ်နည်းတစ်ဖုံနဲ့ ကျင့်ဝတ်မြင့်မြတ်မှုတစ်နေရာကို ယူလာတယ်လို့ ကျွန်မ မြင်မိတယ် ငါကတော့ အတ်စတရတ်ဆန်တာတွေကို ခံစားတတ်တယ် မြင်တတ်တယ် နင်ကတော့ မခံစားတတ်ဘူး မမြင်တတ်ဘူး ငါကတော့ အောက်ခြေနဲ့ နီးစပ်နေတယ် နင်ကတော့ မနီးစပ်နေဘူးဆိုတဲ့ သဘောပေါ့ ကျွန်မအတွက်ကတော့ (artist လို့ ကိုယ့်ကိုယ်ကို မခံယူထားတဲ့သူတစ်ယောက်အနေနဲ့) အနုပညာဟာ ဘာဆိုမှ အနုပညာဆိုတဲ့ ဘောင်တွေ မခတ်သင့်တဲ့ အရာလို့ မြင်မိတယ် (ကျွန်မ ဖတ်ဖူးတဲ့ အရင်းရှင်စနစ်မှာ artist လို့ ခေါ်ဝေါ်သုံးနှုန်းတာနဲ့ cultural worker (ဓလေ့အလုပ်လုပ်သူ) လို့ ခေါ်ဝေါ်သုံးနှုန်းတာ နှစ်ခုကို သုံးသပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို သတိရမိတယ်)

ဒီအကြောင်းအရာတွေနဲ့ နားထောင်ခြင်းကို ပြန်ဆက်စပ်ရရင် လူမှုကွန်ယက်လို လူအများက ကိုယ့် ပလက်ဖောင်းနဲ့ ကိုယ် ပြောချင်တာတွေ၊ ချပြချင်တာတွေ လုပ်လို့ ရပါတယ်လို့ ယူဆခံထားရတဲ့နေရာမှာတောင် ပညတ်ချက်တွေ ပြန်ရှိနေသေးတာကို တွေ့ရတယ် မနုဿဗေဒပညာရှင်တစ်ယောက်အနေနဲ့ ကျွန်မကတော့ ဒီလို သိသိသာသာ တင်ဆက်ပြသ‌ (curate) လုပ်နေတာတွေထက်စာရင် နေ့စဉ် အသေးအမွှား အမှုန်အမွှားလို့ ယူဆထားတဲ့၊ အရေးမကြီးဘူးလို့ ယူဆထားတဲ့ အရာတွေကို နားထောင်ကြည့်ချင်တယ် သူတို့တွေမှာလည်း အသံတွေ ဆူညံနေတယ်လို့ ခံစားလာရတယ် ကျွန်မတို့ရဲ့ အန်တန်နာကိုသာ လှိုင်းညှိကြည့်ရင် ပိုပြီး ကြားရလာနိူင်တယ် ဒါတွေကို နားထောင်ကြည့်ပြီး တမင်တကာ တခမ်းတနား တင်ဆက်ပြသမှာကိုလည်း ကျွန်မ မလိုလားပြန်ဘူး နားပဲထောင်ပြီး လေ့လာချင်တယ် စီးမျောချင်တယ် (ဒီနေရာမှာ တိတ်ဆိတ်မှုတွေကို အသုံးပြန်ချလိုက်တဲ့ V‌agina monologue ကိုသွားသတိရမိပါတယ် Vagina monologue ရဲ့ ပြဿနာတွေကို ဝေဖန်သုံးသပ်ထားတဲ့ ဆောင်းပါးကို အောက်မှာ ထည့်ပေးထားပါတယ် ကျွန်မပြောချင်တဲ့ တိတ်ဆိတ်မှုတွေကို နားထောင်ခြင်းဆိုတာကတော့ ဒီလိုမျိုး မဟုတ်ပါဘူး နဂိုရှိနေပြီးသား ဖြစ်တဲ့ တိတ်ဆိတ်မှုတွေကို စီးပွားဖြစ် နာမည်ရအောင် မဟုတ်ဘဲ ဘယ်လို နားထောင်ကြည့်ကြမလဲ?) နားထောင်ခြင်းနဲ့ ပတ်သက်ပြီး လူမည်း မနုဿဗေဒပညာရှင် တီနာကမ့်ရဲ့ ၂၀၁၇ ခုနှစ်ထုတ် “ပုံရိပ်များကို နားထောင်ခြင်း” ဆိုတဲ့ စာအုပ်ထဲက တိတ်တဆိတ် (quiet) နဲ့ နေ့စဉ် (quotidian) ကို နားထောင်တာနဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ အတွေးအခေါ်တွေကို ပြန်ဝေမျှချင်တယ် ကမ့်ရဲ့ စာအုပ်ဟာ အမေရိကန်မှာ ကျွန်ပြုခံခဲ့ရတဲ့ လူမည်းတွေရဲ့ မျိုးဆက်တွေရဲ့ သမိုင်းကြောင်းပုံရိပ်တွေဟာ တိတ်ဆိတ်နေတယ်လို့ ခံစားရပေမဲ့ သူတို့တွေက ဘာစကားတွေ ပြောနေသလဲဆိုတာ နားထောင်ကြည့်ရင် ဘာတွေ တွေ့ရသလဲဆိုတာကို သုံးသပ်ထားတာပါ အောက်မှာ စာအုပ်အစပိုင်း ဖတ်လို့ရတဲ့ လင့်ခ် ထည့်ပေးထားပါတယ်

“What is the relationship between quiet and the quotidian? Each term references something assumed to go unspoken or unsaid, unremarked, unrecognized, or overlooked. They name practices that are pervasive and ever-present yet occluded by their seeming absence or erasure in repe- tition, routine, or internalization.”

“တိတ်တဆိတ်နဲ့ နေ့စဉ်ဆိုတာရဲ့ကြားက ပတ်သက်ဆက်နွှယ်မှုက ဘာလဲ? ဒီစကားလုံးတစ်လုံးချင်းစီက ဘာမှ မပြောလိုက်တာ၊ ဘာအမှတ်အသားမှ မရှိတာ၊ သတိမထားမိလိုက်တာ၊ ကျော်ကြည့်သွားခံရတာတွေကို အဓိပ္ပါယ်ဖွင့်နေသလိုပါပဲ ဒီစကားလုံးတွေက အမြဲတစေရှိနေပြီး အကျူးကျော်ခံနေရတဲ့ အမူအကျင့်တွေရဲ့ မတည်ရှိသယောင် (သို့) ထပ်ခါ ထပ်ခါ‌ဖြစ်တည်မှုတွေ၊ နိစ္စဒူဝဖြစ်တည်မှုတွေ၊ အတွင်းထဲမှာပဲ ငုံထားမှုတွေကြောင့် အဖယ်ဖျက်ခံထားရပုံတွေကို နာမည်တပ်ပေးတာပါပဲ”

ဒီနေရာမှာ ကမ့် ဆိုလိုချင်တာက ကျွန်မ အထက်က ရေးသလိုပဲ နေ့စဉ်ဖြစ်နေတဲ့ အရာတွေဟာ ထမင်းစားရေသောက်လို့ ခံယူခံရတဲ့အခါ သူတို့ဟာ အထူးအဆန်းမဟုတ်တော့ဘူး၊ အထူးတလည်စိတ်ဝင်စားစရာ၊ သတိမူစရာလို့ လူတွေက မမြင်ကြတော့ဘူး မဆက်ဆံတော့ဘူး ဒါပေမဲ့ အဲ့ဒီလိုအရာတွေ အမူအကျင့်တွေမှာ ဘယ်လောက်တောင် နက်နဲနေနိူင်တဲ့ အဓိပ္ပါယ်တွေ ရှိနေနိူင်မလဲ ကမ့်က စာဖတ်သူကို ‌တွေးစေပါတယ်

ကမ့်က ဆက်ရေးပါသေးတယ်

“Yet the quotidian is not equivalent to passive everyday acts, and quiet is not an absence of articulation or utter- ance. Quiet is a modality that surrounds and infuses sound with impact and affect, which creates the possibility for it to register as meaningful. At the same time, the quotidian must be understood as a practice rather than an act/ion. It is a practice honed by the dispossessed in the struggle to create possibility within the constraints of everyday life. For blacks in diaspora, both quiet and the quotidian are mobilized as everyday prac- tices of refusal.”

“ဒါပေမဲ့ နေ့စဉ်ဟာ နေ့တိုင်းလုပ်နေတဲ့ အရာတွေထဲက အပြုခံတွေပဲတော့ မဟုတ်ဘူး တိတ်တဆိတ်ဆိုတာဟာလည်း ပြောစရာတွေ မရှိနေတာ မဟုတ်ဘူး တိတ်တဆိတ်ဆိုတာ အသံကို စိတ်ခံစားချက်တွေရယ် ရိုက်ခတ်မှုတွေရယ်နဲ့ ရောသမမွှေလိုက်တဲ့ နယ်မြေတစ်ခု ဖြစ်တယ် အဲ့လိုလုပ်ခြင်းအားဖြင့် တိတ်ဆိတ်မှုတွေဟာ အဓိပ္ပါယ်ရှိနိူင်ကောင်း ရှိလာတယ် တစ်ချိန်တည်းမှာပဲ နေ့စဉ်ဆိုတာကိုလည်း အလုပ်အကိုင်တစ်ခုထက် အမူအကျင့်တစ်ခုလို ယူဆရမယ် နေ့စဉ်ဟာ ပိုင်ဆိုင်မှုတွေ ပျောက်ဆုံးသွားတဲ့သူတွေအတွက် နေ့စဉ်ဘဝဖြတ်သန်းမှုတွေရဲ့ စည်းဘောင်ခတ်မှုတွေကြားကနေ ဖြစ်နိူင်ချေတွေ ပေါ်ပေါက်လာအောင် ကြိုးစားရုန်းကန်မှုတွေပဲလို့ နားလည်ရမယ် မိခင်နိူင်ငံနဲ့ ကင်းကွာနေတဲ့ လူမည်းတွေအတွက် တိတ်ဆိတ်မှုနဲ့ နေ့စဉ်ဟာ နေ့တိုင်း ငြင်းဆိုမှုတွေကို ရွေ့လျားအောင် လုပ်ပေးနေတာပဲ” ကမ့်ရဲ့ ဆိုလိုချက်ဟာ တိတ်တဆိတ် အများအလယ် ထင်သာမြင်သာ မမြင်ရတဲ့ အခြင်းအရာတွေဟာ ကော်ဖီဖန်ခွက်အောက်ခြေက အနည်ထိုင်တွေဖြစ်နေပေမဲ့ အဲ့ဒီအနည်တွေထဲမှာပဲ ဝတ္တု (substance) တွေရှိနေတယ်ဆိုတာကို ဆိုလိုချင်တာလို့ ကျွန်မ ယူဆတယ်

ဒါကို နားထောင်ခြင်းနဲ့ ပြန်ဆက်စပ်ရင် အဲ့ဒီ အနည်တွေကို အနီးကပ်နားထောင်ကြည့်မှသာ ကမ့်ပြောတဲ့ နေ့တိုင်း ငြင်းဆိုမှုဆိုတာ ဘယ်လိုလဲဆိုတာ ကျွန်မတို့ သဘောပေါက်လာမယ်လို့ ထင်တယ် ဥပမာတစ်ခုပေးရရင် အခုနောက်ပိုင်း ကျင့်သုံးလာတဲ့ ဖီမီနင့်မနုဿဗေဒမှာဆိုရင်တော့ သုတေသနလုပ်ငန်းစဉ်မှာ ကွင်းဆင်းလေ့လာမှုတစ်ခုကို ခဏတာသာ ပြုလုပ်လို့ မရဘဲ အချိန်အတိုင်းအတာ တစ်ခုယူပြီး ကိစ္စရယ်လို့ ဖြစ်နေတာတွေတင်မက ဘာမှ မဖြစ်နေဘူးလို့ ထင်ရတဲ့ အချိန်တွေကိုပါ မနုဿဗေဒပညာရှင်တစ်ယောက်ဟာ သတိထားနားထောင်လာကြရတယ် (မနုဿဗေဒပညာရှင်တိုင်းက ဒါကို ကျင့်သုံးတယ်လို့တော့ ပြောလို့ မရပါဘူး ဒါက ကျွန်မ နှစ်ခြိုက်တဲ့ သုတေသနလမ်းစဉ်တစ်ခုပါ) အင်တာဗျူးအဖြေတွေအပြင်က တိတ်ဆိတ်နေမှုတွေကရော ဘယ်လို အဖြေတွေ ပေးမလဲ? အင်တာဗျူးဖြေနေစဉ်ကြားက ခဏတာဖြစ်ဖြစ် ဆွံ့အသွားမှုတွေကရော ဘာစကားတွေ ပြောနေသလဲ? တိတ်တဆိတ်တွေကို နားထောင်ကြည့်ကြမယ်ဆိုရင် အထက်ကပြောခဲ့တဲ့ သိမ်းဆည်းလိုက်ကြတဲ့ ကိုယ့်ကလေးနဲ့ ဆော့နေတာတွေ၊ ထမင်းစားနေဝာာတွေ၊ တော်လှန်ရေးကာလ စိတ်ညစ်နေကြတယ်ဆိုတဲ့ လူထုခံစားချက်စည်းချက်တွေကြားကနေ ခဏ တိတ်ဆိတ်သွားမှုတွေ၊ အခိုက်အတန့်ပျော်ရွှင်သွားမှုတွေ၊ အဲ့ဒီလို ပျော်ရွှင်သွားမှုကြောင့် ကိုယ့်ကိုကိုယ် အားမလို အားမရ မချင့်မရဲ တစ်ကိုယ်တည်း ခံစားသွားရဝာာတွေကရော မြန်မာပြည် တော်လှန်ရေးထဲ ပါဝင်နေကြတယ်ဆိုတဲ့သူတွေအကြောင်း ဘာတွေ ပြောမလဲ?

ကျွန်မအတွက်က တော်လှန်ရေးကာလ မိမိ ကိုယ်တွင်းရေးတွေကို ဝေမျှဖို့ ဘရိတ်ပြန်အုပ်ကြတာဟာ တော်လှန်ရေးနဲ့ ကင်းကွာနေသယောင် ဖြစ်လာတယ် (ဒီနေရာမှာလည်း ဒါကို အားလုံးအတူတူလို့တော့ ယူလို့ မရပါဘူး လူတန်းစားအလိုက် ဝတ္တရားတွေက ကွဲသွားပြန်နိူင်တယ် တိတ်ဆိတ်မှုသွင်သဏ္ဍာန်‌တွေ ကွဲသွားပြန်နိူင်တယ်) အများ ကြားချင် မြင်ချင်တာကိုပဲ ကျွန်မတို့ ချပြကြမလား? ကြားချင် မြင်ချင်တာတွေနောက်က မကြားသင့်၊ မမြင်သင့်ဆိုတာတွေကရော ဘာတွေရှိမလဲ? မကြားသင့် မမြင်သင့်လို့ ဘယ်သူက သတ်မှတ်ကြသလဲ? မကြားသင့် မမြင်သင့်လား မကြားချင် မမြင်ချင်လားလည်း စဉ်းစားရမယ် ဒီလို ရေးလို့ တိတ်ဆိတ်မှုနဲ့ နေ့စဉ်ဆိုတာကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ချပြကြဖို့ ကျွန်မ ပြောနေတာ မဟုတ်ပါဘူး အဲ့ဒါ‌တွေရဲ့ သတိထားမိရင် နားကန်းမတတ် ကျယ်လောင်နေတဲ့ တိတ်ဆိတ်မှုတွေကို ကျွန်မ စိတ်ဝင်စားမိတယ် ပြခန်းထဲက တမင်လုပ်ယူထားတဲ့ တိတ်ဆိတ်မှုတွေ၊ တမင်စိစစ် စကားလမ်းကြောင်းပြီး အခြားတစ်ပါး (other) မျက်လုံးနဲ့ ညှစ်ထုတ်ထားတဲ့ တိတ်ဆိတ်မှုပုံပြင်တွေလို မဟုတ်ဘဲ အကြောင်းအရာ မယ်မယ်ရရ ဖမ်းယူလို့ မရတဲ့ တရွရွ တိတ်ဆိတ်မှုမျိုးတွေကို ကျွန်မ နားထောင်ချင်တယ်

ပုံ – အင်းဝမြို့ ဧရာဝတီမြစ်ကမ်းနံဘေးက စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေကြသော လူများ

တီနာကမ့် (Tina Campt) ရဲ့ “ပုံရိပ်များကို နားထောင်ခြင်း” စာအုပ်

https://www.dukeupress.edu/Assets/PubMaterials/978-0-8223-6270-8_601.pdf

Dev ရေးသားသော Creative နဲ့ cultural worker လို့ခေါ်ဝေါ်ခြင်း ကြားက မတူညီမှုများအကြောင်း ဆောင်းပါး

https://medium.com/@DevynSpringer/cultural-worker-not-a-creative-4695ae8bfd2d

ခရစ်စတင်းကူပါ (Christine Cooper) ရေးသားသော “Vagina အကြောင်း စိတ်ပူခြင်း” ဆောင်းပါး

https://www.researchgate.net/publication/279402838_Worrying_about_Vaginas_Feminism_and_Eve_Ensler’s_The_Vagina_Monologues

Jnae S ရေးသားသော “vagina ထက်ပိုတယ် – Vagina Monologue ကို ဝေဖန်သုံးသပ်ခြင်း” ဆောင်းပါး
 

 

အသတ်ခံလိုက်ရသော တက်ကြွလှုပ်ရှားမှုများ

အရင်းရှင်စနစ်အောက်မှာတော့ တက်ကြွလှုပ်ရှားသူနဲ့ တက်ကြွလှုပ်ရှားခြင်းတွေဟာ ပိုက်ဆံရှာဖို့အတွက် အသက်‌မွေးဝမ်းကျောင်း အလုပ်တွေ ဖြစ်လာတယ်

ဟိုးတစ်ပတ်ထဲက အနောက်မီဒီယာတစ်ခုက Instagram ပေါ်မှာတင်လိုက်တဲ့ “မြန်မာပြည်မှ သင် follow လုပ်ထားသင့်သော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၉ ဦး” ဆိုတဲ့ ပို့စ်တစ်ခု တွေ့လိုက်တယ် ဒါနဲ့ ဝင်ကြည့်တော့ ပြည်ပရောက် အနောက်ရောက် နိူင်ငံတကာမှာ ဝင်ဆန့်တဲ့ နာမည်ကြီး တက်ကြွလှုပ်ရှားသူတွေ ဖြစ်နေတာ တွေ့ရတယ် ဒီနေရာမှာ ဒီပို့စ်ကို ထောက်ပြရတာ အဲ့ဒီ စာရင်းထဲမှာပါတဲ့ သူတွေကို ကိုယ်ရေးကိုယ်တာ တိုက်ခိုက်ချင်လို့ မဟုတ်ဘဲ ကမ္ဘ့ာအလယ်မှာ နာမည်ကြီးသူ အသိအမှတ်ပြုခံရသူ တက်ကြွလှုပ်ရှားသူဆိုပြီး ဖြစ်ဖို့ဆိုတာ တချို့သော အရင်းရှင်စနစ်နဲ့ အနောက် အမေရိကန် အင်ပိုင်ယာစနစ်နဲ့ ဘောင်ဝင်မှသာ ဖြစ်နိူင်တယ်ဆိုတာ ထောက်ပြချင်လို့သာ ဖြစ်တယ်ဆိုတာ ကြိုတင် စကားခံချင်တယ်

အရင်းရှင်စနစ်အောက်မှာ ဘောင်ဝင်ဖို့ဆိုတာက အရာအားလုံးကို အရင်းအမြတ်ဖြတ်လို့ရတဲ့ လုပ်အားအဖြစ် အသွင်သဏ္ဍာန်ပြောင်းရခြင်းကို ပြောချင်တာ ဖြစ်တယ် ဥပမာ – ဖိနှိပ်မှုစနစ်တွေ ဖြစ်တဲ့ စစ်အာဏာရှင်စနစ်တို့၊ လူမျိုးရေးခွဲခြားရေးတို့၊ ဂျန်ဒါခွဲခြားရေးတို့ အစရှိတာတွေကို ပုန်ကန်တာတွေဟာ စနစ်ရဲ့ ဝါးမျိုမှုကိုပဲ ပြန်ခံရပြီး ငွေကြေးအမြတ်ထုတ်လို့ရတဲ့ တက်ကြွလှုပ်ရှားမှု ဈေးကွက်စီးပွားရေးကြီး ဖြစ်လာတယ် ဒီလိုမျိုးတွေကို တော်လှန်နေပါတယ် ခေါင်းစဉ်တပ်ပြီး စနစ်ထဲ ပြန်လည်ပတ်ဖို့ ငွေပြန်ရှာလို့ ရလာတယ် အနောက်က ပေးတဲ့ စကောလားရှစ်တွေ၊ နိူင်ငံရေး ခိုလှုံခွင့်တွေအတွက် မျက်ရည်ခံထိုးစရာ ပုံပြင်တွေ ဖြစ်လာတယ်

ကျွန်မ ဒီလို ဝေဖန်တာ အဲ့ဒီလို အရင်းရှင်စနစ်ရဲ့ တက်ကြွလှုပ်ရှားမှုတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မှုတွေကို အကြောင်းအမျိုးမျိုးကြောင့် မျောပါသွားရတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ရှုပ်ထွေးလှတဲ့ ဘဝနောက်ခံအကြောင်းရင်းတွေကို အသေးစိတ် ဝေဖန်တာထက် အရင်းရှင်စနစ်နှောင်းပိုင်းကာလရဲ့ ရေစီးကြောင်းမှာ တက်ကြွလှုပ်ရှားမှု ပုန်ကန်မှုတွေဟာ ကျော်ထွက်ဖို့ ကြိုးစားရင်း ဘယ်လို ပြန်ပြန်မြုပ်သွားသလဲဆိုတာကို ထောက်ပြချင်တာပဲ ဖြစ်တယ်

အရင်းရှင်စနစ်ဟာ သူတို့ရဲ့ ပလက်ဖောင်းတွေကို အသုံးချပြီး တက်ကြွကြသူတွေကို မျက်နှာသာ ပိုပေးတယ် ဥပမာ – တက်ကြွလှုပ်ရှားမှုတွေဟာ အခုခေတ်မှာ ဆိုရှယ်မီဒီယာပေါ် ရောက်လာမှသာ တက်ကြွလှုပ်ရှားမှုလို့ အမည်တွင်လာတယ် တက်ကြွလှုပ်ရှားသူတစ်ယောက်ဟာ ကိုယ်ပိုင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုပေါ်ကနေ ကိုယ်ပိုင် brand တစ်ခုကို မတည်ဆောက်နိူင်/တတ်ရင် သူဟာ တက်ကြွလှုပ်ရှားသူလို့ အများရဲ့ အမြင်မှာ အထင်မခံရဘူး အဲ့ဒါကြောင့်လည်း အထက်ကပြောခဲ့တဲ့ ပို့စ်ဟာ follow လုပ်သင့်သော တက်ကြွလှုပ်ရှားသူများဆိုပြီး ဆိုရှယ်မီဒီယာပေါ်က branded activism (တံဆိပ်ကပ် တက်ကြွလှုပ်ရှားမှု) ကို နေရာပြန်ပေးတယ်

အဲ့ဒီတော့ ဆိုရှယ်မီဒီယာ တံဆိပ်ကပ် တက်ကြွလှုပ်ရှားမှု လုပ်သူတွေဟာ လက်တွေ့မှာ တက်ကြွလှုပ်ရှားမှုတစ်ခု လုပ်တိုင်း အဲ့အလုပ်တွေက သူတို့ရဲ့ တက်ကြွလှုပ်ရှားမှု brand ကို ဘယ်လို ချိတ်ဆက်သလဲဆိုတာ စဉ်းစားလာရတယ် လူတွေ engagement ရှိရဲ့လား like တွေ ရရဲ့လား follower တွေ တက်ရဲ့လား တွေးလာကြတယ် အဲ့ဒါတွေရှိမှ သူတို့ရဲ့ တက်ကြွလှုပ်ရှားမှုဟာ တာတစ်ခု သွားနေသယောင် ဖြစ်လာတယ် အဲ့ဒါတွေဟာ သူတို့ရဲ့ တက်ကြွလှုပ်ရှားမှု‌နဲ့ ပတ်သက်ပြီး လူထုကို လှုံ့ဆော်နိူင်စွမ်း ရှိမရှိကို တိုင်းတာတဲ့ ပေတံတွေ ဖြစ်လာတယ် (သူတို့တွေဟာ ဆိုရှယ်မီဒီယာ ပြင်ပမှာလည်း တကယ် အလုပ်တွေ လုပ်နေကောင်း လုပ်နိူင်ပါတယ် ပြောချင်တာက တက်ကြွလှုပ်ရှားမှုရဲ့ လုပ်ရမဲ့ အလုပ်တွေနောက်မှာ ဆိုရှယ်မီဒီယာပေါ်က မိမိကိုယ်ပိုင် brand ကို ထိန်းသိမ်းခြင်းကပါ အလုပ်တစ်ခုလို ဖြစ်လာတာကို ပြောချင်တာပါ)

တက်ကြွလှုပ်ရှားမှု brand ဆိုတာကတော့ အရင်းရှင်စနစ်ရဲ့ ‌သင်္ကေတအတိုင်း အချင်းချင်းချိတ်ဆက်ပြီးသားဖြစ်နေတဲ့ လူမှုဘဝရဲ့ ဖြစ်တည်မှုတွေကို အစိတ်စိတ်အမွှာမွှာ ပြန်ခွဲပစ်လိုက်တာကို ပြောချင်တာ ဖြစ်တယ် ဒါကတော့ အရင်းရှင်စနစ် အစောပိုင်းက စက်မှုစက်ရုံတွေမှာ လူတစ်ယောက်ရဲ့ တီထွင်နိူင်စွမ်း စွမ်းအားကို နေရာမပေးတော့ဘဲ လုပ်အားကို အကန့်ခွဲလိုက်တာမျိုးလိုပါပဲ သိသာအောင် ဥပမာ ပေးရရင် ကားစက်ရုံတစ်ရုံမှာ လုပ်တဲ့ လုပ်သားတစ်ယောက်ရဲ့ အလုပ်က ဘီးမူလီစုပ်တာဆိုရင် ဒါကိုပဲ နေ့စဉ် သူ့အလုပ်ချိန်တောက်လျှောက် လုပ်ရတယ် နောက်တစ်ယောက်ရဲ့ အလုပ်က ကားမှန်တပ်တာဆို ကားမှန်တပ်တာကိုပဲ နေ့စဉ်တောက်လျှောက်လုပ်ရတယ် ဒီ လုပ်သား နှစ်ယောက်ဟာ ကားတစ်စီး အဆုံးသတ် တပ်ဆင်ဖို့အတွက် အစအဆုံး မပါရသလို နောက်ဆုံး အဆုံးပိတ် ထွက်လာမဲ့ ကားဟာ ဘယ်လို ပုံစံမျိုး ဖြစ်သွားသလဲဆိုတာ သူတို့ မြင်ချင်မှ မြင်ရမယ် ဒါဟာ မာ့စ်ပြောခဲ့တဲ့ alienation of labor (မိမိရဲ့လုပ်အားကနေ မိမိကိုယ်ကို သူစိမ်းပြုခံရခြင်း) ဥပမာပဲ အဲ့ဒီလိုပဲ အရင်းရှင်စနစ်အောက်က လည်ပတ်နေတဲ့ တက်ကြွလှုပ်ရှားမှုတွေမှာ လုပ်အားတွေ ခွဲထားတယ် ငါကတော့ ဂျန်ဒါဖိနှိပ်ခံရမှုတွေ ပြောမယ်၊ နင်ကတော့ လူမျိုးရေး ဖိနှိပ်ခံရမှုတွေ ပြောမယ် အစရှိသဖြင့် တက်ကြွလှုပ်ရှားမှုမှာ အထူးပြုမေဂျာတွေ ပေါ်လာတယ် တကယ်တမ်းတော့ ဂျန်ဒါအရ ဖိနှိပ်မှုမှာ လူမျိုးရေး ခွဲခြားခံနေရတာတွေကြောင့် နေရာဒေသအချိန်အလိုက် ကွဲပြားသွားနိူင်တဲ့ ကိစ္စတွေ ရှိနေဆဲပဲ လူတန်းစားပြဿနာကြောင့် ဂျန်ဒါတွေပေါ်မှာ သက်ရောက်နေတဲ့ မတူညီတဲ့ ပြဿနာတွေ ရှိနေတုန်းပဲ တံဆိပ်ကပ်ထားတဲ့ တက်ကြွလှုပ်ရှားမှုတွေဟာ ဈေးကွက်လွတ်မြောက်မှုတွေလိုပဲ အပြိုင်အဆိုင် ငါ့အချဉ်ပေါင်းက ပိုကောင်းပါတယ် အော်ကြရတယ် (တစ်ခါတစ်လေတော့ လက်တွဲရောင်းတာတွေလည်း ရှိတာပေါ့လေ)

အဲ့ဒီတော့ ဒီလို မိမိရဲ့ အထူးပြု တက်ကြွလှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာကနေတဆင့် engagement ကို နောက်ကြောင်းခံရတဲ့ တက်ကြွလှုပ်ရှားမှုတွေဟာ အရင်းရှင်စနစ်အောက်က ဆိုရှယ်မီဒီယာ အသုံးချ စားသုံးသူ ဓလေ့ (consumer culture) ကို အားပေး အားမြှောက်ပြုနေတဲ့ ဆိုရှယ်မီဒီယာ influencer တွေနဲ့ ဘာကွာသေးသလဲ influencer တွေက အလှအပ မိတ်ကပ်အကြောင်း၊ ခရီးသွား vlog တွေ၊ အစားအသောက်အကြောင်းတွေ တင်ပြီး မိမိ follower အရေအတွက်၊ like အရေအတွက်တွေ ဗန်းပြပြီး စပွန်ဆာရှာ ပိုက်ဆံရှာရပြီး တက်ကြွလှုပ်ရှားသူတွေကလည်း သူတို့ရဲ့ တက်ကြွလှုပ်ရှားမှု ဓါတ်ပုံတွေ‌နဲ့ engagement တက်အောင် လုပ်ကြရတယ်၊ ပိုက်ဆံရှာကြရတယ် စီးပွားရေးဈေးကွက်အရ ပိုက်ဆံရှာပုံတော့ ကွဲသွားတာပေါ့နော် တက်ကြွလှုပ်ရှားသူတွေအတွက်တော့ အနောက်အခြေစိုက် INGO တွေရဲ့ လှူတန်းမှု ပိုက်ဆံတွေ၊ funding တွေကို မျှော်ကိုးရတာပေါ့ ဒီနေရာမှာ တခြား influencer တွေက သူတို့ကို စပွန်ဆာပေးထားတဲ့ ကုမ္မဏီတွေရဲ့ ပစ္စည်းတွေကို ပိုရောင်းရအောင် ကြော်ငြာပေးရပြီး တက်ကြွလှုပ်ရှားသူ influencer တွေကတော့ သူတို့ ပိုက်ဆံယူထားတဲ့ INGO တွေကို ရီပို့တွေ ပြန်တင်ပေးရတာတွေ လုပ်ကောင်းလုပ်ရတယ်

ဒီလို အရင်းရှင်စနစ်နှောင်းပိုင်း နီရိုလစ်ဘရယ်ခေတ်မှာ ဖြစ်လာတဲ့ တက်ကြွလှုပ်ရှားသူတစ်ပိုင်း influencer တစ်ပိုင်း ပြဿနာ (activist-influencer complex) အကြောင်းကို ကိုလန်ဘီယာတက္ကသိုလ်က လူမည်း မနုဿဗေဒ ပါရဂူတန်းကျောင်းသူ နှစ်ဦးဖြစ်တဲ့ အယ်လီစာနဲ့ ဘရန်ဒိုင်းတို့ နှစ်ဦး လုပ်တဲ့ “ဇိုရာ့ သမီးများ” (Zora’s Daughters) podcast season 2 episode 12 Non-profit စက်မှုထုတ်လုပ်ရေး ပြဿနာကို မထောက်ပံ့နဲ့ (Defund non-profit industrial complex) ဆိုတဲ့ အပိုင်းမှာ သေချာ နားထောင်ကြည့်ဖို့ ညွှန်းချင်တယ် (ဇိုရာ့ သမီးလို့ ခေါင်းစဉ်တပ်ထားတာကတော့ ကိုလန်ဘီယာတက္ကသိုလ်မှာ မနုဿဗေဒကို ပါရဂူတန်း တက်ရာကနေ တစ်ဝက်နဲ့ နားပြီး အမေရိကန် တောင်ပိုင်းက လူမျိုးရေး ပြဿ‌နာတွေကို ကိုယ်တိုင်ရေး အတ္တုပ္ပတိတွေကတဆင့် ဖော်ကျူးခဲ့တဲ့ လူမည်း မနုဿဗေဒပညာရှင် ဇိုရာနီးဟာစတန် ကို ရည်ရွယ်ထားတာပဲ ဖြစ်တယ် ဟာစတန်ကို မနုဿဗေဒရဲ့ သမိုင်းကြောင်းထဲမှာ မနုဿဗေဒပညာရှင်လို့ သတ်မှတ်ခံခဲ့ရခြင်း မရှိဘဲ အခုလတ်တလော ပညာရှင်လောကအသိုင်းအဝိုင်းအတွင်းက စုံလင်ကွဲပြားမှု ရေစီးကြောင်းကြောင့် ဟာစတန်ရဲ့ အတ္တုပ္ပတိတွေကို အမေရိကန်က မနုဿဗေဒ ပါရဂူတန်းတွေမှာ ပြန်လည် ထည့်သွင်း သင်ကြားလာကြတယ် အယ်လီစာနဲ့ ဘရန်ဒိုင်း ဒီလို တမင် ဖယ်ဖျက်ခြင်း ခံထားရတဲ့ လူမည်း မနုဿဗေဒ အသိပညာထုတ်လုပ်မှုတွေကို ထုတ်ပြချင်တာကြောင့်၊ သူတို့ကိုယ်တိုင်လည်း လူမည်း အမျိုးသမီး မနုဿဗေဒ ပါရဂူတန်းကျောင်းသူတွေ ဖြစ်နေတာကြောင့် တမင် သူတို့ရဲ့ podcast ကို ဒီခေါင်းစဉ်တပ်ထားတာ ဖြစ်တယ်)

ဒုတိယအချက်အနေနဲ့ နိူင်ငံတကာ ရင်ဘောင်တန်းတဲ့ တက်ကြွလှုပ်ရှားသူဖြစ်ဖို့ဆိုတာ အနောက် အင်ပိုင်ယာစနစ်ရဲ့ လက်သင့်ခံမှု ဘောင်ထဲ ဝင်မှ ရတယ်ဆိုတာကတော့ အမေရိကန်လို နိူင်ငံဟာ ဒီမိုကရေစီ ထွန်းကားတဲ့ နိူင်ငံဆိုပြီး အမည်ခံထားတဲ့ အလျောက် တက်ကြွလှုပ်ရှားမှုတွေမှာလည်း ဒီမိုကရေစီအတွက် လှုပ်ရှားသူတွေကို ဦးစားပိုပေးတယ် အမေရိကန်ဟာ အရှေ့တောင်အာရှ နိူင်ငံတွေအတွင်းမှာရော၊ အရှေ့ဥရောပ၊ အာရှအလယ်ပိုင်း၊ တောင်အမေရိကနဲ့ အမေရိက အလယ်ပိုင်းက နိူင်ငံ‌တွေအတွင်းမှာရော ကွန်မြူနစ်ဝါဒကို ကျင့်သုံးတဲ့ နိူင်ငံတွေကို ကမ္ဘာစစ်အေးကာလနောက် (ကွန်မြူနစ်ဝါဒ မပျံ့အောင်) ထိန်းသိမ်းခြင်း နည်းလမ်း (containment strategy) အရ တမင် ဖိနှိပ် နေရာမပေးတာတွေ၊ စစ်ပွဲတွေအတွက် လက်နက်၊ လူအားနဲ့ ပစ္စည်းရိက္ခာ ထောက်ပံ့ပေးတာတွေ သမိုင်းကြောင်းအရ ရှိခဲ့တယ် ဈေးကွက် ပြိုင်ဆိုင်မှုကို သာယာဝပြောစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်ဟာ ရုရှားနဲ့ တရုတ်ကနေတဆင့် အာရှတစ်ဝိုက်မှာ ကွန်မြူနစ်ဝါဒ ထွန်းကားမှာကို စိုးတဲ့အတွက် ဗီယက်နမ်စစ်လိုမျိုး ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်ဝါဒသမားတွေကို တိုက်တဲ့ စစ်ပွဲတွေမှာ ပါဝင်ခဲ့တယ်

၁၉၆၀ ခုနှစ်က အမေရိကန် သမ္မတ ရစ်ချက်နစ်ဆင်ရဲ့ “ကွန်မြူနစ်ဝါဒရဲ့ အဓိပ္ပါယ်” ဆိုတဲ့ မိန့်ခွန်းထဲမှာလည်း အမေရိကန်‌လူမျိုးတွေအတွက် “ကွန်မြူနစ်ဝါဒဆိုတာ ကောက်ကျစ်ပြီး အဓိပ္ပါယ်မရှိတဲ့ ဒဿန တစ်ခု” လို့ ပြောခဲ့တယ် ထပ်ပြီးတော့ သူက “ကွန်မြူနစ်ဝါဒရဲ့ အရှိန်အဝါဟာ လူထုအတွက် မဟုတ်ပါဘူး ကွန်မြူနစ်တွေက ငါတို့ကို အဲ့လို ထင်ကောင်း ထင်စေချင်ပေမဲ့လည်း တကယ်တော့ ကွန်မြူနစ်ဝါဒက အခုမှ ဖွံ့ဖြိုးဆဲနိူင်ငံတွေက ဘယ်စနစ်က ပိုတိုးတက်စေမဲ့ လမ်းကို ရောက်အောင်ပိုမလဲဆိုတာကို စဉ်းစားရှာဖွေဖို့ ကြိုးစားနေတဲ့ ဉာဏ်ရည်ရှိတဲ့ လူနည်းစု‌တွေကို ဖျားယောင်း မြူဆွယ်ဖို့ ဦးတည်ထားတာ ဖြစ်တယ်” လို့ ဆိုခဲ့တယ်

“We must recognize that the appeal of the Communist idea is not to the masses, as the Communists would have us believe, but more often to an intelligent minority in newly developing countries who are trying to decide which system offers the best and surest road to progress.” (မိန့်ခွန်းအစအဆုံးကို အောက်က လင့်ခ်မှာ ဖတ်ပါ)

ဆိုတော့ ကျွန်မ ပြောချင်တာက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကျင်းပတဲ့ အနောက်နိူင်ငံ (အထူးသဖြင့် အမေရိကန်) ဟာ တကယ် ဒီမိုကရေစီအရေးကို ဦးစားပေးတာလား ကွန်မြူနစ်ဝါဒီ ထွန်းကားလာမှာကို ကြောက်ရွံ့တဲ့အတွက် ကျွန်မတို့ကို ကလေးမုန့်ပေး ချွေးသိပ်ထားတာလား စဉ်းစားစရာပါ ကွန်မြူနစ်ဝါဒအောက်က တက်ကြွလှုပ်ရှားမှု/သူတွေကို အမေရိကန်လို အနောက်နိူင်ငံတွေက အထက်က Instagram ပို့စ်လိုမျိုး အကျယ်တဝင့် ဆုတံဆိပ်ပေး (ငွေကြေးနဲ့ မဟုတ်ရင်တောင် လူမှုအရင်းအမြစ် (social capital)နဲ့ ပေးတာမျိုး) ကြေငြာနေမှာမဟုတ်တာတော့ အသေအချာပါပဲ ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကြားမှာ ချိတ်ဆက်မှုတွေ ရှိနေသလား ဘယ်လို ချိတ်ဆက်မှုတွေလဲဆိုတာ ကျွန်မတို့ စဉ်းစားသင့်တယ်

ဒီဆောင်းပါးမှာ ဆိုရှယ်မီဒီယာပေါ်က အရင်းရှင်စနစ်ဆန်နေတဲ့ တက်ကြွလှုပ်ရှားမှုတွေကို ထောက်ပြနေတာဖြစ်ပေမဲ့ တစ်ချိန်တည်းမှာပဲ မြေပြင်နဲ့ ချိတ်ဆက်လုပ်တယ် မြေပြင်ကိုပဲ အာရုံစိုက်တယ်ဆိုတဲ့ လုပ်ကိုင်မှုတွေမှာလည်း မျက်ကန်းတ‌စ္ဆေခြောက်မှုတွေ ရှိတယ်ဆိုတာတော့ ကျွန်မ ခဏ စကားကြွင်းခံချင်တယ် ဒီအကြောင်းကိုတော့ သတ်သတ် ဆောင်းပါးရေးပါဦးမယ်

အချုပ်အနေနဲ့ ပြောရရင် အရင်းရှင်စနစ်နဲ့ အင်ပိုင်ယာစနစ်ကြောင့် ပုံသဏ္ဍာန်အသွင်ပြောင်းလာတဲ့၊ သူတို့ရဲ့ ဝါးမျိုမှုကို ခံလိုက်ရတဲ့ ‌တက်ကြွလှုပ်ရှားမှုတွေကို တက်ကြွလှုပ်ရှားမှုလို့ နာမည်ခေါ်လို့ ရပါဦးမလား တက်ကြွလှုပ်ရှားမှုတော့ ဖြစ်ကောင်း ဖြစ်နိူင်တယ် ဒါပေမဲ့ ပုန်ကန်တော်လှန်မှုတော့ မမြောက်ပါဘူး ကျွန်မအတွက်တော့ ဒါတွေဟာ အရေခြုံတက်ကြွလှုပ်ရှားမှုတွေသာ ဖြစ်တယ် အဲ့ဒါကြောင့် အဲ့ဒါတွေကို တက်ကြွလှုပ်ရှားမှုလို့ကို မခေါ်ဝေါ်ထိုက်တော့ဘူး ကျွန်မအတွက်က တက်ကြွလှုပ်ရှားမှု (activism) ဟာ နာမ် (noun)/ဖြစ်တည်မှု (identity label) အစိုင်အခဲ တစ်ခု မဟုတ်ဘူး ကြိယာတစ်ခု (verb) ဖြစ်တယ် လုပ်ရပ်တစ်ခု (action) ဖြစ်တယ် မည်သူမဆို တက်ကြွလှုပ်ရှား ပုန်ကန်လို့ ရတယ် ရလည်း ရရမယ် တက်ကြွလှုပ်ရှားမှုဟာ တက်ကြွလှုပ်ရှားနေစဉ်အတောအတွင်းမှာ လှုပ်ရှားသူအချင်းချင်းကြား ‌ပေါင်းကူးပေးတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်သင့်တယ် အပြိုင်အဆိုင် နာမည်ကြီးဖို့ အတွက် အကန့်တွေ ခွဲရတဲ့ ဖြစ်တည်မှု ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု မဟုတ်ဘူး တက်ကြွလှုပ်ရှားသူရယ်လို့ အသက်မွေးဝမ်းကြောင်း နည်းလမ်းတစ်ခု ပေါ်ပေါက်လာတာဟာ တက်ကြွလှုပ်ရှားမှုတွေလည်း အရင်းရှင်စနစ်ရဲ့ အသတ်ကို ခံလိုက်ရပြီဆိုတာ ပေါ်ပေါ်ထင်ထင် ပြလိုက်တာပါပဲ

 
ပုံ – သစ်သားငရုတ်ဆုံထဲတွင် အမှုန့်ကြိတ်ထောင်းခံလိုက်ရသော မြေပဲဆံများ

“ဇိုရာ့ သမီးများ” (Zora’s Daughters) podcast season 2 episode 12 Non-profit စက်မှုထုတ်လုပ်ရေး ပြဿနာကို မထောက်ပံ့နဲ့ (Defund non-profit industrial complex)

ဇိုရာနီးဟာစတန် (Zora Neale Hurston) ရဲ့ “သူတို့မျက်လုံးတွေက ဘုရားသခင်ကို ကြည့်နေကြတယ်” (Their eyes were watching God) စာအုပ်

ရစ်ချက်နစ်ဆင်ရဲ့ “ကွန်မြူနစ်ဝါဒရဲ့ အဓိပ္ပါယ် မိန့်ခွန်း”

Leftist Youth Organization Yangon University FB Page ၎င်းတို့ စုစည်းထားသော စာတမ်းများကို FB page ရဲ့ Google Drive link တွင် ရနိူင်ပါတယ်

ထိုင်းနိူင်ငံနဲ့ အနားတစ်ဝိုက်က နိူင်ငံဒေသများမှ လူတန်းစား ရုန်းကန်ရမှုများအကြောင်းကို စာရေးသားတင်ဆက်ပေးနေသော ဒင်ဒန် ရပ်ဝန်း (Din Deng Collective) တချို့စာများကို မြန်မာလို ဖတ်နိူင်ပါတယ်