သေခြင်းရှင်ခြင်းစစ်တုရင်

 

နောက်မှနောင်တရမိမှာစိုးလို့ ‌ချက်ချင်းဖျိုးခနဲဖျတ်ခနဲပေါ်လာမိတဲ့ခံစားချက်တွေကို သေသေချာချာမခံစားကြည့်ရ‌သေးဘဲနဲ့ ကျွန်မတော်ရုံတန်ရုံစာမရေးမိအောင် ကိုယ့်ကိုယ်ကိုပြန်လည်သတိပေးမိပါတယ် အချိန်အတိုင်းအတာတစ်ခုရောက်ပြီးရင် ပိုမိုထင်သာမြင်သာဖြစ်လာတတ်တာတွေကိုလည်း သတိထားမိဖူးတာကိုး ဒါပေမဲ့ ခံစားချက်တွေကနေပဲ ကျွန်မကို လူအဖြစ်အသွင်ဖန်ဆင်းပေးနေတာပါပဲ

 
 

ဒီနေ့တော့ မနေ့ညက ကျွန်မမိတ်ဆွေတစ်ယောက်လှမ်းပို့ပေးတဲ့ စစ်အာဏာရှင်မအလရဲ့ ၂၀၁၀ ခုနှစ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အတည်ပြုတဲ့သတင်းဟာ သိသိချင်းမှာရော မနက်အိပ်ရာနိုးတဲ့အချိန်ထိပါ စိတ်ထဲ ကသိကအောက်ဖြစ်နေလို့ ထွက်ပေါက်တစ်ခုအနေနဲ့ စာချရေးပါရစေ

 
 

မြန်မာပြည်စစ်တပ်ရဲ့အကြောင်းကို ကျွန်မထက်ပိုပြီး သေသေချာချာဂဃဏန ပညာရှင်သဖွယ် လေ့လာထားတဲ့သူတွေရှိမှာပါ သာမန်လူတစ်ဦးအနေနဲ့ စစ်တပ်နဲ့ ဒီပြည်သူ့စစ်မှုထမ်းဥပ‌ဒေဆိုတာကို အကြမ်းဖျင်းရှာဖတ်ကြည့်တဲ့အခါမှာ ၂၀၁၀ မတိုင်ခင် ၁၉၅၉ ခုနှစ်ကတည်းက Conscription Act လို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုတာရှိခဲ့တာကို ကျွန်မသွားတွေ့ရတယ် အဲ့ဒီအက်ဥပဒေဟာ အခု ၂၀၁၀ ဥပဒေထဲက ဘာသာစကားနဲ့ဆင်ဆင်ပါပဲ “ယောင်္ကျားလေးဆိုရင် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ မိန်းကလေးဆို အသက် ၁၈ နှစ်နဲ့ ၂၇ ခုနှစ်ကြား ၂ နှစ်တာမျှစစ်မှုထမ်းရမည်” ဆိုတဲ့စာသားပါတယ်ဆိုတာ တွေ့ရတယ်

 
 

၂၀၁၀ ဥပဒေထဲမှာပါတဲ့စာသားတွေအရတော့ ဒီသာမန်အခြေခံတပ်သား/သမီး စု‌ေဆာင်းရုံတင်မက တခြားအရည်အချင်းတွေရှိတဲ့သူတွေဆိုရင် (ဘွဲ့ဒီဂရီအရပညာတတ်တွေဆိုရင်) “ယောင်္ကျားဆိုရင် အသက် ၄၅ နှစ်အောက်၊ မိန်းမဆို အသက် ၃၅ နှစ်အောက်ထိ” စစ်မှုထမ်းရမယ်လို့ထပ်ပြီး စိစစ်ထားတာကိုပါ တွေ့ရတယ်

 
 

၁၉၅၉ ခုနှစ်ဟာ ကျွန်မတို့အဘိုးအဘွားလက်ထက်ဖြစ်ပြီး ၂၀၁၀ မှာတော့ ကျွန်မကိုယ်တိုင် မြန်မာပြည်တွင်းထဲမှာ နေနေခဲ့တုန်းအချိန်ဖြစ်တဲ့အတွက် ကိုယ်တွေ့နဲ့ရင်းပြီး ပြောရရင် သာမန်လူတန်းစားအတွက် ဒီဥပဒေ‌တွေကို အင်တိုက်အားတိုက်အသုံးပြုခဲ့တာတွေတော့ သိပ်မရှိခဲ့ပါဘူး (တကယ်လို့ ၂၀၁၀ ဥပဒေက အကျုံးသာဝင်ခဲ့ရင် ကျွန်မလည်း အဲ့တုန်းက အသက်မီနေတဲ့မိန်းမတစ်ယောက်အနေနဲ့ ပေါ်တာဆွဲခံခဲ့ရမှာပဲ ဒါကလည်း မြို့ပေါ်မှာရှိနေခဲ့တာမို့ မျက်ဝါးထင်ထင်မတွေ့ကြုံခဲ့ရတာလည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ် နယ်စပ်ဒေသတွေကသူတွေအဖို့တော့ ဒါကိုကြုံတွေ့ခံစားခဲ့ရကောင်းခံစားခဲ့ရနိူင်ပါတယ်) ဒီနေရာမှာ Human Rights Watch ရဲ့အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ဟာ အတင်းအဓ္ဓမစစ်သားစုဆောင်းခြင်းထက် မိမိကိုယ်တိုင်စစ်တပ်ကိုပါဝင်လိုသူတွေက လုပ်အားပေးအနေနဲ့သာ ဝင်ရောက်ကြတဲ့ volunteer army လို့ ကိုယ့်ကိုယ်ကိုကြေငြာထားခဲ့တယ်လို့ဖတ်ရပါတယ် (အဲ့လိုခေါင်းစဉ်တပ်ပေမဲ့လည်း အတင်းအဓ္ဓမ စစ်သားစုဆောင်းတာတွေ၊ အသက်မပြည့်သူတွေကိုပါ စစ်သားစုဆောင်းတာတွေရှိခဲ့ပါတယ်)

 
 

အခုလက်ရှိမှာတော့ ချင်းပြည်၊ ရှမ်းပြည်နဲ့ မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်းတခွင်မှာဖြစ်နေတဲ့ တန်ပြန်တိုက်ခိုက်မှုတွေ၊ စစ်သားတွေ ဘက်ပြောင်းလာမှု၊ တပ်ထွက်လာမှု တချို့ကြောင့် စစ်တပ်မှာ လူအင်အားကျဆင်းလာမှုတွေကြောင့် စစ်တပ်ဟာ ဒီဥပဒေကို အတည်ပြန်ပြုလာတယ်လို့ သတင်းမီဒီယာတွေကဆိုကြတယ် (ဒီနေရာမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ “တပ်ပျက်နေပြီ”ဆိုတဲ့စကားဟာ တချို့တွေအတွက်ကတော့ false hope လို့ဆိုကြပါတယ် အဲ့ဒါ ဟုတ်လားမဟုတ်လား ကျွန်မတော့ မပြောတတ်ပါဘူး)

 
 

၂၀၁၀ ဥပ‌ဒေနဲ့ပတ်သက်ပြီး ကျွန်မစဉ်းစားဆင်ခြင်ချင်တဲ့အပိုင်းအဓိကကတော့

 

စစ်တပ်ဆိုတဲ့ဝေါဟာရအယူအဆနဲ့ ချိတ်ဆက်နေတဲ့ (ဒီနေရာမှာ မြန်မာပြည်စစ်တပ်မှမဟုတ် ဘယ်စစ်တပ်/တပ်မဆိုဖွဲ့စည်းတည်ထောင်ခြင်းနဲ့ ချိတ်ဆက်နေတဲ့) လူသားရင်းမြစ်ကို ကျည်ဆန်ခဲယမ်းသဖွယ် ကုန်ပစ္စည်းအနေနဲ့ပြောင်းလဲခြင်းဆိုတဲ့အချက်ပါပဲ ဒီသဘောတရားကို necropolitics လို့ခေါ်တဲ့ သေခြင်းရှင်ခြင်းနိူင်ငံရေးရှုထောင့်ကနေ ချိတ်ဆက်စဉ်းစားကြည့်တဲ့အခါ လူသားတွေရဲ့ အသက်ရှင်သန်မှုဆိုတာ “နိူင်ငံတော်”လို့ခေါ်တဲ့ State ပါဝါစနစ်တစ်ခုက (ဒီနေရာမှာ မအလဆိုတဲ့လူတစ်ယောက်ထက်‌ကျော်လွန်ပြီးတည်ရှိနေတဲ့စနစ်) အချိန်မရွေးအဆုံးအဖြတ်ပေးနိူင်စွမ်းရှိခြင်းလို့ ကျွန်မတို့ သဘောပေါက်လို့ရတယ်

 
 

Necropolitics ဆိုတဲ့အယူအဆကို ကမ်မရွန်းလူမျိုးသမိုင်းပညာရှင် အခေးလီးမမ်ဘေး (Achille Membe) က ထောက်ပြခဲ့တာဖြစ်ပြီး သူက ဖူးကိုးလ်ရဲ့ Biopolitics/biopower (ဇီဝပါဝါ/ဇီဝနိူင်ငံရေး)ဆိုတဲ့သဘောတရားအောက်ကနေ ထပ်မံလိုအပ်နေတာကို ဖြည့်စွက်ပြထားခဲ့တာပါပဲ မမ်ဘေးက သေခြင်းရှင်ခြင်းနိူင်ငံရေးကို

 
 

“the capacity to define who matters and who does not, who is disposable and who is not”

 
 

“ဘယ်သူကတော့ဖြင့် တန်ဖိုးရှိပြီး ဘယ်သူကတော့ဖြင့်တန်ဖိုးမရှိဘူး၊ ဘယ်သူ့ကိုတော့ အလွယ်တကူစွန့်ပစ်လို့ရပြီး ဘယ်သူ့ကိုတော့ အလွယ်တကူစွန့်ပစ်လို့မရဘူးဆိုတာကို ဆုံးဖြတ်နိူင်စွမ်းရှိခြင်း” လို့ အဓိပ္ပါယ်ဖွင့်ထားတယ်

 
 

(ဒီနေရာမှာ သေခြင်းရှင်ခြင်းနိူင်ငံရေးနဲ့ချိတ်ဆက်နေတဲ့ ဇီဝပါဝါကိုတော့ အကြမ်းဖျင်းအနေနဲ့ ခန္ဓာနဲ့အသက်ကို လက်နက်အင်အားပါဝါအဖြစ်ပြောင်းလဲအသုံးပြုခြင်းလို့ နားလည်သဘောပေါက်လို့ရပါတယ် ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်တပ်က ကာမီကာဇေလို့ခေါ်တဲ့ မိမိကိုယ်ကိုသတ်ဖြတ်တိုက်ပွဲဝင်တဲ့ suicide စစ်သားတပ်စုတွေထားရှိသလိုပေါ့နော် လက်ရှိ‌ခေတ်မှာလည်း အသေခံဗုံးခွဲသူတွေအစရှိသဖြင့်ပေါ့နော် ဒီနေရာမှာ အဲ့ဒီစစ်သားတွေရဲ့ စိတ်ဆန္ဒဆိုတာထက် “နိူင်ငံတော်” ဆိုတာကနေ လူသားအသက်ဖြစ်တည်မှုကို စစ်လက်နက်အသွင် စနစ်တကျအသုံးချခြင်းကို ဒီသဘောတရားက ထင်သာမြင်သာထောက်ပြထားတာဖြစ်တယ်)

 
 

မမ်ဘေးရဲ့ necropolitics ဆိုတဲ့သဘောတရားမှာတော့ ဇီဝပါဝါလိုမျိုး “နိူင်ငံတော်” ဆိုတာကနေ လူသားအသက်တွေကို စစ်လက်နက်ပြောင်းတာကို ထည့်သွင်းစဉ်းစားရုံသာမက စစ်တပ်တင်သာမက အဲ့ဒီစစ်တပ်ကို တော်လှန်ပုန်ကန်သူတွေ၊ တန်ပြန်တိုက်ခိုက်မှုတွေအတွက်ပါ လူသားအသက်ဆိုတာဟာ အရင်းအမြစ်တစ်ခုဖြစ်လာတယ်လို့ထောက်ပြခဲ့တယ်

 
 

ဒါကြောင့်လည်း ဥပမာ အောင်ဖုန်းမော် ၂၀၂၀ ခုနှစ်ကရေးခဲ့တဲ့ “လွတ်လပ်ခြင်းရဲ့အဖိုးအခဟာ သေခြင်း” ဆိုတဲ့ဆောင်းပါးကို မမ်ဘေးရဲ့ necropolitics နဲ့ချိတ်ဆက်ကြည့်တဲ့အခါ စစ်တပ်ကိုတန်ပြန်ပုန်ကန်သူတွေကြားမှာပါ သေခြင်းရှင်ခြင်းဟာ အစိုင်အခဲလက်နက်တစ်ခုဖြစ်လာတာကိုတွေ့ရတယ် အရိုးကြေကြေအရေခမ်းခမ်းတိုက်ဖျက်ကြမှသာလျှင် ပုန်ကန်သူစစ်စစ်မြောက်မယ်ဖြစ်လာတယ် အဲ့လိုလုပ်နေကြတဲ့သူတွေကို fetishize တန်ဆာပလာသူရဲကောင်းပြုလာကြတယ် (ဥပမာ – တော်လှန်ရေးတပ်သား၊ သူရဲကောင်းကြီး၊ ရာဒီကယ်ကြီးဆိုရင် တချို့ကောင်မလေးတွေက အထင်ကြီးတယ်၊ တွဲချင်တယ်၊ အတူတူအိပ်ကြည့်ဖူးချင်တယ် ဘယ်လောက်ပင် ဖိုဆန်နေပါစေ ချစ်ချင်တယ် ဒီစိတ်ဆန္ဒတွေရဲ့အခြေအမြစ်တွေဟာ ဘယ်သူဟာ တန်ဖိုးရှိအထင်ကြီးစရာလို့ သတ်မှတ်လိုက်ရာကနေ မြစ်ဖျားခံတာပဲ)

 
 

တစ်ဖက်က စစ်တပ်တင်သာမက တော်လှန်ရေးလို့ခေါ်တဲ့အင်အားစုတပ်တွေအတွက်ပါ လူသားအသက်ဟာ လက်နက်သဖွယ်အရေးပါလာတယ် အခု ဒီဥပဒေအကြောင်းသတင်းထွက်ပြီးတော့တောင် တချို့က ဒါဆို စစ်တပ်ထဲဆွဲခံရမဲ့အစား PDF ထဲဝင်ကြလို့ပြောဆိုလာကြတာတွေ ကျွန်မသတိထားမိတယ်

 
 

စစ်တပ်က သူ့ရဲ့တပ်ထဲကစစ်သားတွေရဲ့ လူဖြစ်တည်မှုကို လားလားမျှစိတ်မဝင်စား၊ စတေးမဲ့နံပါတ်တစ်ခုအနေနဲ့သာ တွေးမြင်တယ်ဆိုရင် ပုန်ကန်သူတပ်တွေဘက်ကရော တပ်သားတစ်ယောက်ချင်းစီရဲ့ လူဖြစ်တည်မှုကို ဘယ်လိုမှတ်ယူသလဲ?

 
 

ကျွန်မဟာ တပ်ဆိုရင် ဘယ်လိုတပ်ကိုမဆိုမနှစ်မြို့သူတစ်ဦးဖြစ်တယ် ဘာလို့လဲဆိုတော့ လွတ်မြောက်ရေးပဲဆိုဆို၊ အာဏာသိမ်းပိုက်ရေးပဲဆိုဆို မွန်မြတ်တဲ့ခေါင်းစဉ်ဖြစ်ပါစေ၊ စက်ဆုပ်ရွံရှာဖွယ်ခေါင်းစဉ်ဖြစ်ပါစေ ဘယ်ခေါင်းစဉ်အောက်ကနေမဆို လူသားတည်ရှိမှုတွေကို အက်ဘ်စတြတ်လုပ်လိုက်ခြင်းကို မနှစ်မြို့လို့ပဲဖြစ်တယ် ဒီနေရာမှာ မြန်မာပြည်ကိစ္စမှာတော့ စစ်တပ်ပြဿနာဟာ ကနဦးထင်ထင်ရှားရှားမြင်နေရပြီး ကမ္ဘာတစ်ဝှမ်းမှာတော့ အရင်းရှင်စနစ်ဟာ သေခြင်းရှင်ခြင်းနိူင်ငံရေးကိစ္စဖြစ်နေတာပါပဲ ဖီမီနင့်တွေးခေါ်ပညာရှင် လောရန်ဘာလန့် (Lauren Berlant) ကတော့ ဒါကို slow death ဖြေးညှင်းစွာသေခြင်းလို့ ဆိုပါတယ် အိန္ဒိယမျိုးနွယ်ပညာရှင် ဂျစဘီယားပူအား (Jasbir Paur) ကတော့ ဒါကို ကွီးယားဖြစ်တည်မှုနဲ့ချိတ်ဆက်တယ် (သေသင့်တယ်၊ သေလို့ရတယ်လို့သတ်မှတ်ခံရတဲ့သူတွေဟာ စည်းဘောင်မဝင်တဲ့သူတွေ၊ ကွီးယားတွေပေါ့လေ)

 
 

အခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာဟာလည်း မြန်မာပြည်က သေခြင်းရှင်ခြင်းနိူင်ငံရေး နောက်ထပ်ဥပမာတစ်ခုသာဖြစ်တယ် ဥပဒေထဲက စစ်မှုထမ်းခွင့်က ကင်းလွတ်ခြင်းဆိုတဲ့အခန်းမှာ အိမ်ထောင်ရှိတဲ့အမျိုးသမီး‌တွေ၊ အိမ်ထောင်ပျက်သော်လည်း သားသမီးရှိတဲ့အမျိုးသမီးတွေဟာ စစ်မှုထမ်းခြင်းက ကင်းလွတ်မယ်လို့ဆိုထားတာဟာလည်း ဂျန်ဒါနဲ့ heteronormativity (လိင်ကွဲချစ်ကြိုက်ခြင်းကိုသာ စံနှုန်းပြုခြင်း) နဲ့ သေခြင်းရှင်ခြင်းနိူင်ငံရေးကိုချိတ်ဆက်လိုက်တာပါပဲ

 
 

ဒါက အသက်ရှင်သန်ခွင့်ရှိတဲ့မိန်းမတွေဟာ အိမ်ထောင်သည်တွေ၊ သားမွေးခြင်းလုပ်အားကို “နိူင်ငံတော်” အတွက်လုပ်ပေးနေသူများသာဖြစ်တယ်လို့ တန်ဖိုးဖြတ်ပေးလိုက်ဝာာပဲမဟုတ်ဘူးလား?

 
 

အိမ်ထောင်မှမကျရင်၊ ကလေးမှမရှိရင် “နိူင်ငံတော်”အတွက် တန်ဖိုးမရှိဘူးလို့ဆိုလိုက်တာနဲ့ အတူတူပဲမဟုတ်လား?

 
 

အဲ့ဒီမိန်းမတွေမွေးမြူပေးလိုက်တဲ့သားသမီးတွေဟာ ‌တစ်နေ့နေ့မှာလည်း ကျည်ဆန်ခဲယမ်းတွေပဲ ပြန်ဖြစ်သွားမှာပဲမဟုတ်ဘူးလား?

 
 

ယောင်္ကျားလေးဆို စစ်မြေပြင်မှာ သေပြီး မိန်းကလေးဆို အဲ့ဒီသေသွားတဲ့ ယောင်္ကျားလေးအစားနေရာယူဖို့ နောက်ထပ်ကလေးတစ်ယောက်ကို မွေးမြူပေးရတာပဲ

 
 

ဒါ‌တွေဟာ သေခြင်းရှင်ခြင်းနိူင်ငံရေးပဲ

 
 

အာဏာသိမ်းပြီး တစ်လအတွင်းမှာ ကျွန်မမြန်မာပြည်မှာ ဟိုးလေးတကျော်ကျော်နာမည်ကြီးတဲ့ (အမေရိကားက) ဖီမီနင့်ဆရာမကြီးရဲ့ဖိတ်ခေါ်မှုကြောင့် မြန်မာပြည်ကတက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့တက္ကသိုလ်တစ်ခုကိစ္စအတွက် အစည်းအဝေးတစ်ခုတက်ဖြစ်ခဲ့တယ် အဲ့တုန်းက ဆရာမကြီးက မြန်မာပြည်က လူငယ်တွေဟာ ပြည်ပကို တိမ်းရှောင်ထွက်ခွာကြမဲ့အစား ပြည်တွင်းထဲမှာပဲနေပြီး စစ်အာဏာရှင်ကို တိုက်ကြသင့်တယ်လို့ ပြောခဲ့တယ် အဲ့ဒီအဆိုကို ကျွန်မ ကြားကြားချင်းကတည်းက သဘောမတူ စိတ်ကသိကအောက်ဖြစ်ခဲ့တယ် အဲ့ဒါကြောင့်ရော၊ အဲ့ဒီအစည်းအဝေးမှာ တကယ်တမ်းမြန်မာကျောင်းသားကျောင်းသူတွေနဲ့ တွေ့ရမဲ့အစား အမေရိကားအခြေစိုက်လူဖြူပညာရှင်မိန်းမတွေနဲ့သာ ကျွန်မက တဆင့်ကြားခံစကားပြောခဲ့ရတာတွေကြောင့် အဲ့ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီး အဲ့ဒီ့မီတင်ပြီးတော့ ကျွန်မဆက်လက်လက်တွဲအလုပ်မလုပ်ဖြစ်ခဲ့ဘူး

 
 

(NGO ဆန်ဆန် တကယ်တမ်း သူတို့ကူညီပေးနေတယ်ဆိုတဲ့လူတွေနဲ့ တိုက်ရိုက်ထိတွေ့ရမဲ့အစား ကြားထဲက ဗျူရိုကရေစီတွေအဆင့်ဆင့်နဲ့အရင်ဖြတ်သန်းနေရတာ စိတ်မရှည်လို့ပဲ အဲ့ဒီမီတင်ကို ကျောင်းသားကျောင်းသူတွေနဲ့တိုက်ရိုက်တွေ့ရမယ်ထင်လို့သွားခဲ့ပေမဲ့ အဲ့ဒီအဖြူတွေနဲ့သာ စကားပြောခဲ့ရတာ ပြန်တွေးကြည့်ရင် ရယ်စရာပါပဲ မြန်မာတွေက မြန်မာလိုအချင်းချင်းပြောဆိုဖလှယ်ကြရမဲ့အစားကြားထဲက အမေရိကန်တွေနဲ့ အင်္ဂလိပ်လို ပညာရှင်ဆန်ဆန်ပြောဆိုဆွေးနွေးခဲ့ရတာကိုး ဒါ့အပြင် အဲ့ဒီအဖြူပညာရှင်မိန်းမတွေကို ကျွန်မက ဒီကျောင်းပရောဂျက်ကို သူတို့ဘယ်လိုလည်ပတ်ဖို့ စဉ်းစားထားလဲမေးတဲ့အခါ သူတို့က ဒီပရောဂျက်ဟာ နှစ်ရှည်လများကြာချင်မှလည်းကြာမယ် သူတို့မသိဘူးဆိုတဲ့လေသံတွေဟာ ဒီကျောင်းကိစ္စကိုကူညီတာ တကယ်တမ်း မြန်မာပြည်ကကျောင်းသားကျောင်းသူတွေ လွတ်မြောက်ရေးဆိုတာထက် သူတို့ရဲ့ CV တွေထဲ စာကြောင်းတစ်ကြောင်းထပ်ထည့်ဖို့များလား ကျွန်မသံသယဝင်မိတယ် အဲ့တက္ကသိုလ်ကလုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်မလက်ရှိ ထဲထဲဝင်ဝင်လည်းမသိသလို ဘာမှလည်းဝေဖန်စရာမရှိပါဘူး)

 
 

အဲ့ဆရာမကြီးရဲ့အာဘော်ဘက်ကို ပြန်လှည့်ရရင် သူကိုယ်တိုင်က ပြည်ပမှာရှိနေပြီး မြန်မာပြည်လူငယ်တွေကတော့ဖြင့် ပြည်ပကို လွတ်ရာလွတ်ကြောင်း ကိုယ်လွတ်ရုန်းပြေးမဲ့အစား ပြည်တွင်းထဲနေပြီး တန်ပြန်တိုက်ခိုက်ရမယ်ဆိုတာ မမ်ဘေးပြောခဲ့သလို

 
 

“under the conditions of necropower, the lines between resistance and suicide, sacrifice and redemption, martyrdom and freedom are blurred”

 
 

“သေခြင်းတရားပါဝါအခြေအနေမှာတော့ ခုခံခြင်းနဲ့ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊ စတေးခြင်းနဲ့ ပြန်လည်ကယ်တင်ခံရခြင်း၊ သူရဲကောင်းပြုခြင်းနဲ့ လွတ်လပ်ခြင်းဆိုတာတွေကြားက စည်းတွေဟာ ဝါးတားတားဖြစ်လာတယ်” ဆိုသလိုပါပဲ (ဒီလိုပြောလို့ ပြည်ပက လွတ်မြောက်နေသလားဆိုတော့လည်း မဟုတ်ပါဘူး အထက်ကပြောခဲ့သလို အမေရိကန်လို ဒီမိုကရေစီနိူင်ငံလို့ခေါ်ကြတဲ့နေရာမှာတောင် စစ်သားစစ်သမီးအနေနဲ့ တိုက်ပွဲမှာ မသေတာရှိမယ်၊ အရင်းရှင်စနစ်အောက်မှာ ညှင်းပြီး စိတ်တွေအသတ်ခံထားရတဲ့သူတွေ အများကြီး ကျွန်မတွေ့ဖူးတယ်)

 
 

ဒါက တစ်ဖက်က “နိူင်ငံတော်” ဆိုတဲ့ State ရဲ့ အာဏာပါဝါနဲ့ ခုခံသူတွေရဲ့ အဲ့ဒီအာဏာကိုပြန်လည်တိုက်ခိုက်မှုတွေကြားမှာ လူသားတွေရဲ့သေခြင်းရှင်ခြင်းတွေဟာ ဘယ်ဘက်ကကြည့်ကြည့် လက်နက်ခဲယမ်းတွေအ‌နေနဲ့သာကျန်‌တော့တယ်ဆိုတဲ့သ‌ဘောပါပဲ ဒီနေရာမှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက် အမှန်တရားဘက်ကနေနေ၊ အင်အားကြီးသူဘက်ကနေနေ ကျွန်မတို့မှာ ရွေးစရာလမ်းဟာ နောက်ဆုံးမှာ သေဆုံးခြင်းပဲရှိတယ်ဆိုတာပဲ

 
 

သေဆုံးခြင်းကို နှစ်ဖက်လုံးက အရောင်တောက်တောက်ပပခြယ်သပြီး ကျွန်မတို့ကို အပြိုင်အဆိုင် “ရဲ‌သော်မသေ သေသော်ငရဲမလား” “တော်လှန်ရေးသူရဲကောင်း” အစရှိတဲ့ခေါင်းစီးကနား‌တွေနဲ့ မျက်လှည့်ပြ‌ရောင်းစားဖို့ကြိုးစားနေကြတာပါပဲ

 
 

ဒီလို ပျစ်ပျစ်နှစ်နှစ်ပြောလို့ ကျွန်မကို “ဘောမ’၊ “ကြားနေ” အစရှိသလို ခေါ်ချင်လည်း ခေါ်လို့ရပါတယ် (ဒီနေရာမှာ ကြားထဲကနေ တကယ်တမ်းရွှေပြည်အေးတရားဟောနေတာတော့ မဟုတ်ပါဘူး ဟောဖို့လည်း စိတ်မဝင်စားပါဘူး) အဲ့ဒါဆို ဘာလုပ်ကြရမှာလဲဆိုတဲ့ မေးခွန်းကိုလည်း scenario ၁ scenario ၂ ဆိုပြီး armchair နိူင်ငံရေးသုတေသီတွေလို ကျွန်မဟောကိန်းမထုတ်တတ်ဘူး ‌ထုတ်ဖို့လည်း စိတ်မဝင်စားဘူး

 
 

မိန်းမယောင်္ကျားသူရဲကောင်းအစရှိတဲ့လေဘယ်တွေမတိုင်ခင်မှာ ကျွန်မဟာ လူသားတစ်ယောက်သာအရင်ဖြစ်တယ်

 
 

ကိုယ်နှိုက်ကလူသားတစ်ယောက်ဖြစ်တဲ့သူအနေနဲ့ ကျွန်မအတွက်ကတော့ ကျွန်မရဲ့အသက်ရှင်မှု၊ လူသားတွေအားလုံးရဲ့အသက်ရှင်မှု၊ အသက် ၁၈ နှစ်ပြည့်ပြီးသွားသော ကျွန်မရဲ့တူလေး၊ ပြည့်ခါနီးဆဲဆဲတူလေးတွေ၊ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကြား မျက်ဝါးထင်ထင်ကြီးပြင်းလာရသူမို့ အိမ်ထောင်ပြုလိုစိတ်မရှိတဲ့ ကျွန်မတူမလေးရဲ့အသက်ရှင်မှုတွေ (ဒီနေရာမှာ အခြားသောသက်ရှိတွေကိုပါ ထည့်သွင်းစဉ်းစားကြည့်လို့ရကောင်းရနိူင်ပါတယ်) ကို ပြယုဂ်တစ်ခုသာသာသာ မဖြစ်စေချင်ဘူး ကျွန်မရဲ့အသက်ရှင်မှုတန်ဖိုးဟာ ကျွန်မဘယ်လောက်စတေးနိူင်သလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျ‌မနေစေချင်ဘူး

 
 

စစ်တိုက်ပွဲတွေအတွက် မိမိသိလျက်၊ လိုချင်လျက်နဲ့ဖြစ်စေ၊ မသိလိုက်မသိဘာနဲ့ဖြစ်စေ စတေးခံလိုက်ရတဲ့အသက်တွေ၊ အရင်းရှင်စနစ်ရဲ့ တိတ်တဆိတ် နိစ္စဒူဝညှင်းညှင်းပြီးသတ်ဖြတ်ခံနေရတဲ့အသက်တွေ၊ “နိူင်ငံတော်”ဆိုတာရဲ့ ဖိအားပေးမှုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ သိက္ခာအခြေပြုပြီး အသက်စတေးနိူင်သလား၊ မနိူင်သလားဆိုတာပေါ်မှာသာ မူတည်ပြီး တန်ဖိုးသတ်မှတ်ခံလိုက်ရတဲ့အသက်တွေအပေါ်မှာသာ ကျွန်မရှင်သန်လိုသူတစ်ဦးအနေနဲ့သာ ယူကြုံးမရဖြစ်မိတယ် ကျွန်မရဲ့အသက်ရှင်သန်လိုမှုဟာ ကျွန်မကို သူရဲဘောကြောင်တယ်၊ သတ္တိမဲ့တယ်၊ တန်ဖိုးမရှိဘူး၊ သေသင့်တယ်လို့ ဆိုမယ်ဆိုလည်း ဆိုကြရုံပဲရှိတော့တာပေါ့လေ

 

ပုံ – ထိုင်းနိူင်ငံတစ်နေရာ လူသွားလမ်း‌ဘေးတစ်နေရာတွင် ညဘက် ရုတ်တရက်ဘွားခနဲတွေ့လိုက်ရသော “လက်နက်ခဲယမ်းများတပ်ဆင်ထား၍” ဟူသော ထိုင်းဘာသာစာတန်းနှင့် လူ့အရွယ်အစား အမေရိကန်စစ်သားပုံကတ်ထူပြား

 

Helene Maria Kyed နဲ့ Ah Lynn တို့ ၂၀၂၁ ခုနှစ်ကရေးသားသော မြန်မာပြည်စစ်တပ်မှ စစ်သားများ ဘက်ပြောင်းခြင်းအကြောင်းအစီရင်ခံစာတမ်း

အခေးလီးမမ်ဘေး (Achille Membe) ရဲ့ ၂၀၀၃ ခုနှစ်ထုတ် သေခြင်းရှင်ခြင်းနိူင်ငံရေးအကြောင်းစာတမ်း

အမ်မလီ ဒေါက်ဂလပ်စ် (Emily Douglas) ရေးတဲ့ ဂျစဘီယားပူအား (Jasbir Paur) ရဲ့ The Right to Maim စာအုပ်အကြောင်း

လောရန်ဘာလန့် (Lauren Berlant) ၂၀၀၇ ခုနှစ်ကရေးသားသော Slow Death ဆောင်းပါး

Human Rights Watch မှ ၂၀၀၇ ခုနှစ်တွင်ထုတ်ပြန်သော မြန်မာပြည်စစ်တပ်မှ ကလေးစစ်သားများစုဆောင်းမှုအစီရင်ခံစာ

 

ချုပ်ရိုးများ၏တန်ဖိုး

 

အခုတလော ကျွန်မ မြန်မာလိုစာအရေးကျဲနေမိတယ် တာဝန်နဲ့ဝတ္တရားအရရေးရမဲ့/တဲ့စာတွေရှိနေတော့ လွတ်လပ်စွာစာရေးသားခြင်းဘက်ကို ကျွန်မစိတ်ရှိပေမဲ့အာရုံမပေးနိူင်ဘူးဖြစ်နေတယ် အဲ့တော့ ဒီလို ကိုယ့်စိတ်နှစ်ခြိုက်တာရှိနေရက်နဲ့ လုပ်ဖို့၊ အကောင်အထည်ဖော်ဖို့ အခြေ‌အနေမပေးတဲ့ဘဝတွေထဲက ထုတ်လုပ်မှုဦးစားပေးဝိသေသနသွင်ပြင်တစ်ခုအကြောင်းကို ကျွန်မဒီနေ့တော့ လုပ်စရာတွေရှိနေရက်နဲ့ အချိန်ယူပြီးချရေးပါရစေ

 
 

ပြီးခဲ့တဲ့နှစ်ထဲကဖြစ်မယ် ထင်ပါတယ် ကျွန်မရဲ့ပုဂ္ဂလိဂအကောင့်ကနေတဆင့် ပညာရှင်ရပ်ဝန်းထဲကမိတ်ဆွေတစ်ယောက်ကနေတင်ထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်ရတယ် ပုံကတော့ သိပ်အထူးအဆန်းကြီးမဟုတ်ပါဘူး သူ့ပညာရပ်ဆွေးနွေးပွဲတစ်ခုတက်တုန်း လူချင်းဆုံခဲ့ရတဲ့ပါမောက္ခတစ်ယောက်နဲ့တွဲရိုက်ထားတဲ့ပုံပါ ဒါပေမဲ့ ပုံရဲ့ခေါင်းစီးဟာ ကျွန်မစိတ်ထဲအခုထိ တနုံ့နုံ့ဖြစ်နေစေခဲ့တယ် မြန်မာလိုပြန်ရရင်တော့ “အင်မတန်မှ ထုတ်လုပ်မှုအားကောင်းသော ဆရာမကြီးနှင့်” လို့အဓိပ္ပါယ်ပေါက်မယ်ထင်တယ် ဒီနေရာမှာ productivity ဆိုတဲ့အင်္ဂလိပ်စကားလုံးကို ထုတ်လုပ်မှုလို့ ကျွန်မပြန်လိုက်တာပေါ့နော်

 
 

ကျွန်မလည်း အဲ့ဒီဆရာမကို လူချင်းမတွေ့ဖူးပေမဲ့ မျက်မှန်းတန်းနေမိပါတယ် သူဟာ ပညာရပ်ဆိုင်ရာစာတမ်းတွေ၊ ပေပါတွေ တစ်နှစ်ကို ဒါဇင်နဲ့ချီပြီးရေးနိူင်၊ ထုတ်နိူင်တဲ့အပြင် စာအုပ်တွေလည်း ထုတ်ထားတာ အခုဆို ၂ အုပ်လောက်တော့ ရှိပြီထင်ပါတယ် အဲ့ဒါအပြင် သူ့ရဲ့ဌာနမှာလည်း ဌာနမှူးတာဝန်ကိုယူထားပါသေးတယ် ကျွန်မတို့လို အပြင်ကနေကြည့်ကြတဲ့သူတွေအဖို့တော့ အင်မတန်လုပ်ဆောင်နိူင်တဲ့သူပေါ့နော်

 
 

ဒါပေမဲ့ ဘာလို့ ဒီကျွန်မမိတ်ဆွေရဲ့ခေါင်းစီးဟာ ကျွန်မစိတ်ကို တနုံ့နုံ့ဖြစ်နေစေခဲ့ရခြင်းအကြောင်းရင်းကတော့ အဲ့ဒီဆရာမကြီးရဲ့တန်ဖိုး၊ နာမည်ကျော်ကြားမှု၊ လူသိထင်ရှားဖြစ်မှုဟာ သူ့ရဲ့ထုတ်လုပ်မှုနဲ့ ဘာကြောင့်၊ ဘယ်လောက်တောင် တိုက်ရိုက်အချိုးကျနေရတာလဲဆိုတာ ကျွန်မစိတ်ထဲ ကသိကအောက်ဖြစ်မိလို့ပဲဖြစ်တယ်

 
 

လူတစ်ယောက်ရဲ့ (ဒီနေရာမှာ ဒီဆရာမကြီးလို ပညာရှင်သုတေသီမဟုတ်ဘဲ သာမန်လူဆိုရင်တောင်မှ) တန်ဖိုးဟာ သူ့ရဲ့ တစ်စုံတစ်ရာထုတ်လုပ်နိူင်စွမ်းပဲလား?

 
 

ဘာဆိုဘာမှထုတ်လုပ်မှုမရှိတဲ့သူတွေဟာ ကျွန်မတို့လူ့ဘောင်မှာ တန်ဖိုးမရှိတော့တဲ့သူတွေလား?

 
 

တန်ဖိုးထိုက်တယ်လို့မှတ်ယူလေ့ရှိကြတဲ့ ထုတ်လုပ်နိူင်စွမ်းတွေကတော့ ဘာတွေဖြစ်မလဲ?

 
 

ဒီမေးခွန်းတွေကို ကျွန်မဆက်စဉ်းစားဖြစ်မိတယ် အမေရိကန်နိူင်ငံရဲ့ လုပ်အားဝန်ကြီးဌာနကတော့ productivity ကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ထားတယ် (အမေရိကန်လုပ်အားဝန်ကြီးဌာနကို ကိုးကားတာက သူ့ကိုထောက်ခံတယ်ဆိုတာထက် နိူင်ငံတော်ဆိုတဲ့လက်အောက်က ယန္တရားတွေရဲ့ လူတွေအပေါ် ယေဘုယျမြင်ယောင်ထားတာတွေကို မသိမသာဝေဖန်ချင်လို့ပဲဖြစ်တယ်)

 
 

“Productivity is a measure of economic performance that compares the amount of goods and services produced (output) with the amount of inputs used to produce those goods and services.”

 
 

“ထုတ်လုပ်နိူင်စွမ်း‌ဆိုသည်မှာ ထွက်ရှိလာသောအရာဟုခေါ်သော ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုပမာဏကို ထိုကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုထွက်ရှိရန်အသုံးချရသော ထည့်သွင်းရသောအရာကို နှိုင်းယှဉ်တိုင်းထွာသော စီးပွားရေးလုပ်ဆောင်မှုဖြစ်သည်” တဲ့

 
 

ဆိုလိုတာက တစ်စုံတစ်ရာထွက်ရှိလာဖို့အတွက် ဘယ်လောက်ခွန်အားစိုက်ထုတ်လိုက်ရသလဲ၊ အဲ့ဒီခွန်အားစိုက်ထုတ်မှုဟာ ထွက်ရှိလာတဲ့အရာရဲ့တန်ဖိုးထက် ပိုများသလား၊ ပိုနည်းသလားပေါ့လေ

 
 

ကျွန်မဟာ စီးပွားရေးပညာရှင်တစ်ယောက်လည်းမဟုတ်သလို စီးပွားရေးရာတွေလည်း သိပ်ထဲထဲဝင်ဝင်နားလည်တဲ့သူတော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြည့်မဲ့ဆိုရင်ပဲ အရင်းနည်းနည်းစိုက်ပြီး အမြတ်များများရလေလေ ဒါကို ထုတ်လုပ်နိူင်စွမ်းအားကောင်းတယ်လို့ မှတ်ယူကြမယ်လို့ အကြမ်းဖျင်းသဘောပေါက်ကြည့်လို့ရပါတယ်

 
 

ဒါကတော့ ကျွန်မတို့ပတ်ဝန်းကျင်မှာ သုံးစွဲနေကြတဲ့စက်ပစ္စည်းတွေ၊ ကိရိယာတွေကို သူတို့ရဲ့ထုတ်လုပ်မှုအားဘယ်လောက်ကောင်းမလဲဆိုတာ ဒီအမြင်နဲ့ဆန်းစစ်ကြည့်ကြလို့ရမယ်ထင်ပါတယ် ဆန်းစစ်ကြည့်ကြတာပဲမဟုတ်လား?

 
 

ဒါပေမဲ့ ဒီနေရာမှာ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဘာလို့ လူသားတစ်ယောက်(ဒါမှမဟုတ် သက်ရှိသတ္တဝါတစ်ကောင်)ရဲ့အရင်းအမြစ်တန်ဖိုးအတွက် စဉ်းစားကြည့်ကြတာလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာတယ်

 
 

ဥပမာပေးရရင် သိုးမွေးထိုးခြင်းအလုပ်ဖြစ်မယ် အခုတလောခေါင်းနဲ့စဉ်းစားရတာတွေများလို့ ကိုယ်လက်အထိအတွေ့ကိုပြန်ဦးစားပေးတဲ့အနေနဲ့ ကျွန်မ တစ်ချောင်းထိုး (crochet) တွေပြန်ထိုးဖြစ်တယ် ဆောင်းရာသီလည်းဖြစ်တော့ ခင်မင်တဲ့မိတ်ဆွေတွေကို ဦးထုပ်တွေ၊ ပုဝါတွေထိုးပေးဖြစ်တယ် ဒီနေရာမှာ သိုးမွေးထိုးရင်း သတိထားမိတာက အင်မတန်သေးငယ်လှတဲ့သိုးမွေးဦးထုပ်တစ်လုံးကို ထိုးဖို့ဆိုရင်တောင် တစ်ရက်ထက်ပိုပြီး ကျွန်မအချိန်ယူရတယ်ဆိုတာပဲ နေ့နေ့ညညထိုးရင်တောင်မှ လူရဲ့လက်ဟာ စက်လောက်မမြန်နေဘူးလေ သိုးမွေးထိုးကြတဲ့အသိုင်းအဝိုင်းမှာလည်း ကျွန်မလေ့လာရသလောက် အဲ့ဒါကြောင့် သူတို့လက်နဲ့ထိုးထားတဲ့ဆွယ်တာတွေ၊ ပစ္စည်းတွေ၊ ဦးထုပ်တွေကို ရောင်းချလေ့မရှိဘူးဆိုတာပဲ ဒီ community မှာတော့ အဓိကရောင်းချလေ့ရှိတာ pattern လို့ခေါ်တဲ့ ဒီဇိုင်းတွေပေါ့နော် ထိုးချင်တဲ့သူက ကိုယ်ထိုးချင်တဲ့ pattern ကို ဝယ်ပြီး ကိုယ်ထိုးချင်တဲ့သိုးမွေးလုံးအရောင်အမျိုးအစားနဲ့ထိုးကြတာပေါ့ ခန္ဓာလုပ်အားထက် ဉာဏလုပ်အားကို ပြန်ရောင်းတာပေါ့ (ဒီနေရာမှာ အကြမ်းဖျင်းအနေနဲ့ သိုးမွေးလို့သာသုံးတာပါ တကယ်တမ်းက သိုးကနေမဟုတ်ဘဲ ချည်ကနေထွက်တဲ့၊ ဝါးကနေထွက်တဲ့အမွေးတွေနဲ့လည်း သိုးမွေးထိုးလို့ရပါတယ်)

 
 

ထားပါတော့ ဒီနေ့ရေးချင်တာ သိုးမွေးထိုးခြင်းအကြောင်းမဟုတ်ပေမဲ့ ထုတ်လုပ်နိူင်စွမ်းနဲ့စဉ်းစားမယ်ဆိုလို့ရှိရင် အခုချိန်မှာ စက်နဲ့ထိုးတဲ့သိုးမွေးအဝတ်အထည်တွေ၊ ပစ္စည်းတွေပေါ်လာချိန်၊ သူတို့ကိုလည်း ဈေးအတော်အသင့်နဲ့လူတိုင်းဝယ်လို့ရလာတဲ့အချိန်မှာ လက်နဲ့နှစ်ရှည်လများထိုးရတဲ့၊ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် စိုက်ရတဲ့အချိန်နဲ့လုပ်အားအရင်း၊ သိုးမွေးထိုးသူရဲ့အချိန်နဲ့သာ လစာတွက်လိုက်မယ်ဆိုရင် အဲ့ဒီဆွယ်တာဟာ သိန်းသောင်းနဲ့မကချီနေနိူင်တာမို့ အထက်က ထုတ်လုပ်နိူင်စွမ်းအဓိပ္ပါယ်နဲ့တွက်တဲ့အခါ ဈေးတွက်မကိုက်တော့ဘူး

 
 

ဒါပေမဲ့ ကျွန်မတို့လူတွေအနေနဲ့ ဒါဆိုဘာတွေ ဒီလိုထုတ်လုပ်နိူင်စွမ်းနဲ့ တွက်ခြေမကိုက်တဲ့အလုပ်တွေကို ဘာကြောင့်လုပ်နေကြသလဲ? လူသားဖြစ်တည်မှုမှာ ထုတ်လုပ်နိူင်စွမ်းရဲ့စည်းဘောင်အပြင်မှာရောက်နေတာတွေရှိနေနိူင်မလား? ရှိနေတော့ရော ဘာဖြစ်လဲ ဆိုတာ ကျွန်မစဉ်းစားမိတယ်

 
 

သိုးမွေးထိုးကြတဲ့ရပ်ဝန်းရဲ့သမိုင်းကိုပြန်ကြည့်ရင် များသောအားဖြင့် ဒီလိုအချိန်ကြာရှည်ယူပြီးစိမ်ပြေနပြေလုပ်ရတဲ့အလုပ်ကို အိမ်မှာ အပြင်အလုပ်မလုပ်‌တဲ့အဘွားတွေ၊ မိန်းမတွေကသာ pastime အချိန်ကုန်မြန်အောင် (ဒါမှမဟုတ်) အားယားနေတုန်း လုပ်ကြတဲ့ဝါသနာလို့မြင်ယောင်လေ့ရှိကြတယ် (ကျွန်မတောင် သိုးမွေးထိုးတာကို အရင်ဆုံးသင်ယူမိတာက လွန်ခဲ့သော ၁၀ နှစ်က ကျွန်မကျောင်းမှာ ညပိုင်းပြုလုပ်တဲ့ stitch & bitch (ချုပ်ကြောင်းနဲ့ အတင်းချ) ဆိုတဲ့မိန်းမတွေစုစည်းရာရပ်ဝန်းတစ်ခုကို မျက်စိလည်လမ်းမှားရောက်ရာက အဲ့က အန်တီကြီးတွေသင်ပေးလိုက်လို့ပဲဖြစ်တယ် ဒီနေရာမှာ bitch ဆိုတာတော့ မိန်းမတွေကသာ ပွစိပွစိကွန်ပလိန်းတက်တယ် (bitching) ဆိုတဲ့ မိန်းမတွေကို နှိမ်ချခေါ်ဝေါ်တဲ့အသုံးအနှုန်းကို အန်တီကြီးတွေက တမင်တကာပြန်လည်သုံးထားတာဖြစ်ပါတယ် မြန်မာလိုဆိုရင်တော့ သန်းရှာရင်းအတင်းချဆိုတဲ့သဘောပေါ့နော် အခုတော့ ယောင်္ကျားတချို့နဲ့ မိန်းမမဟုတ်သူတွေလည်း သိုးမွေးထိုးကြပါတယ် ဒါပေမဲ့ အခုချိန်ထိ သိုးမွေးထိုးခြင်းလို လက်မှုပညာရပ်တော်တော်များများကို မိန်းမတွေရဲ့အလုပ် (သို့) မိန်းမဆန်တဲ့အလုပ်တွေလို့သတ်မှတ်ထားကြပါသေးတယ် သိုးမွေးထိုးတဲ့ယောင်္ကျားတွေရှိရင်တောင် သူတို့ကိုမိန်းမဆန်တယ်လို့ မြင်ယောင်တတ်ကြတယ်)

 
 

အဲ့ဒီတော့ ကျွန်မစဉ်းစားမိတာက သိုးမွေးထိုးခြင်းလိုဈေးတွက်မကိုက်တဲ့အလုပ်တွေဟာ မိမိဝါသနာအလျောက်အားလပ်ချိန်လုပ်တဲ့အလုပ်တွေဖြစ်သွားပြီး အများအားကျလက်ခံရ‌လောက်တဲ့ရလဒ်တစ်စုံတစ်ရာ (ငွေကြေး၊ ပစ္စည်း၊ ဒီနေရာမှာ အထက်က ဆရာမကြီးလို intellectual output ဉာဏ်ပညာနဲ့ထုတ်လုပ်တဲ့အရာတွေ) ရှိမှသာလျှင် ကျွန်မတို့လူ့ပတ်ဝန်းကျင်က ဘာလို့ပိုတန်ဖိုးထားကြတာလဲဆိုတာပဲ

 
 

လူသားတွေအနေနဲ့ ဘာဆိုဘာမှမထုတ်လုပ်ဘဲမနေနိူင်ဘူးဆိုရင် ဘာလို့ တချို့သောထုတ်လုပ်မှုတွေက ပိုပြီးမြင့်မြတ်တယ်၊ တန်ဖိုးရှိတယ်လို့ယူဆကြရတာလဲ? ဒီနေရာမှာ လူမှုထုတ်လုပ်ရေးလို့ခေါ်ကြတဲ့ မျိုးဆက်ပွားသားဖွားရေးတွေကိုပဲကြည့်မယ်ဆိုရင် သားဖွားခြင်းဟာ မိန်းမတွေရဲ့ဇီဝဗေဒသမိုင်းပေးတာဝန်ဆိုပြီး အခကြေးငွေချီးမြှင့်မဲ့အစား ပေါ့ပေါ့တန်တန်မှတ်ယူလိုက်ကြတယ်မလား? မိမိရဲ့သားဥကိုပါ ရောင်းချလို့ရလာတဲ့ခေတ်ကြီးမှာတော့ မျိုးဆက်ပွားရေးကလည်း ငွေကြေးတန်ဖိုးဖြတ်လို့ရတဲ့အလုပ်တစ်ခုတော့ဖြစ်နေပါပြီလေ ဒီနေရာမှာတောင် မိမိသားဥရဲ့တန်ဖိုးဟာ မိမိပညာဘယ်လောက်တတ်သလဲ၊ ရုပ်ချောသလား၊ မိဘမျိုးရိုးကောင်းသလားဆိုတာတွေအပေါ်မှာ ပြန်မူတည်နေပြန်တယ် ဒီနေရာမှာ မာ့စ်ရဲ့လုပ်အားရေးရာရှုထောင့်ကနေရေးသားထားတဲ့ လူမှုပြန်လည်ထုတ်လုပ်‌ရေးဆိုင်ရာဖီမီနင့်ဇင်အကြောင်းအတွက် တစ်နေ့က ဒို့အရေးစာမျက်နှာမှာတင်ထားတဲ့ မချယ်ရီယာရေးတဲ့ Social Reproduction of Feminism ဆိုတဲ့ဆောင်းပါးကိုညွှန်းချင်ပါတယ် (ဆောင်းပါးရှဲပေးတဲ့ မိတ်ဆွေ H ကို ကျေးဇူးတင်ပါတယ်)

 
 

ကျွန်မရဲ့”ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း” ဆိုတဲ့ဆောင်းပါးထဲမှာ သုံးသပ်ခဲ့သလိုပဲ ဆန်ကုန်မြေလေးလို့သတ်မှတ်ခံလိုက်ရတဲ့သူတွေကို ကျွန်မတို့လူ့အဖွဲ့အစည်းအတွက် အသုံးမဝင်ဘူးလို့မှတ်ယူလိုက်ကြတဲ့အရင်းရှင်‌ခေတ်မှာတော့ လူသားဖြစ်တည်မှုဟာ function (၎င်းရဲ့လုပ်ဆောင်ချက်) အပေါ်မှာသာ မူတည်နေတော့တယ် လူတစ်‌ယောက်/သက်ရှိတစ်စုံတစ်ရာရဲ့တန်ဖိုးကို ၎င်းရဲ့လုပ်ဆောင်ချက်သက်သက်နဲ့သာမကြည့်ဘဲ ၎င်းရဲ့ဖြစ်တည်မှု၊ ၎င်းဖြစ်တည်မှုကနေတဆင့်သူ့ရဲ့ဘေးပတ်ဝန်းကျင်အပေါ်သက်ရောက်သွားမှုတွေကနေရော ဆုံးဖြတ်လို့မရနိူင်ဘူးလား?

 
 

သိုးမွေးထိုးတာနဲ့ပဲပြန်ဆက်ရရင် ဦးထုပ်တစ်လုံးကို ၃-၄-၅၀၀၀ ပေးပြီးဝယ်လို့ရနေတဲ့အချိန်မှာ အချိန် ၃/၄ ရက်ယူပြီး မိတ်ဆွေတစ်ယောက်က ကိုယ်တိုင်အချိန်ယူ၊ ချုပ်ရိုးတစ်ချက်ချင်းစီတိုင်း သူ့လက်နဲ့ထိတွေ့ပြီး ထိုးပေးလိုက်တဲ့ သိုးမွေးဦးထုပ်တစ်လုံးဟာ ထိုးပေးလိုက်သူရဲ့ကိန်းဂဏာန်းတွေနဲ့ တန်ဖိုးဖြတ်လို့မရတဲ့အကြင်နာမေတ္တာတွေဟာ လူဖြစ်တည်မှုရဲ့တကယ့်တန်ဖိုးတွေဟုတ်မနေဘူးလား?

 
 

လူဖြစ်တည်မှုရဲ့တန်ဖိုးကဘာလဲ?

 

အဆုံးစွန်ထိပြောရရင် “တန်ဖိုး”ဆိုတဲ့သဘောတရားက ရှိရောရှိသင့်သေးရဲ့လား? (ဥပမာ – တချို့ဖီမီနင့်တွေအတွက် လစာတန်ဖိုးမပေးခံရတဲ့အလုပ်တွေ သားမွေး၊ ထမင်းချက်အစရှိတာကို ထိုက်သင့်တဲ့ညီတူညီမျှပိုက်ဆံပေးသင့်တယ်လို့ဆိုကြပေမဲ့ တချို့တွေကတော့ အဲ့လိုပိုက်ဆံပေးလိုက်တာဟာလည်း တန်ဖိုးဖြတ်လိုက်တာပါပဲလို့ ဆိုကြပြန်တယ်)

 
 

အရင်းရှင်စနစ်ရဲ့ကြီးစိုးမှုဟာ ကုန်ပစ္စည်းထုတ်လုပ်‌မှုတွေမှာသာမက အဲ့ဒီအရင်းရှင်စနစ်ကို ပြန်လည်ဝေဖန်ကြတဲ့ဆိုတဲ့ အသိပညာထုတ်လုပ်မှုရပ်ဝန်းဆိုတဲ့နေရာမှာတောင် နေရာယူလို့လာပါပြီ ကိုယ်ရေးတဲ့စာတွေ၊ အသိပညာ‌ဆိုတာတွေရဲ့ ဘေးပတ်ဝန်းကျင်ကိုပြန်လည်သက်ရောက်မှု၊ ကိုယ်ရေးချင်လို့ရေးတယ်ဆိုတာထက် တစ်နှစ်ကို စာတမ်းဘယ်နှစောင်ရေးနိူင်သလဲ၊ ထုတ်နိူင်သလဲ၊ စာအုပ်ဘယ်နှအုပ်ထုတ်နိူင်သလဲဆိုတဲ့ (ဒီနေရာမှာ အသိပညာထုတ်လုပ်မှုလုပ်အားကို alienated (ထုတ်လုပ်သူကနေ သူစိမ်းပြုလိုက်တယ်) လို့ဆိုချင်မှဆိုကြပေမဲ့ (ဒါကတော့ အသိပညာထုတ်လုပ်မှုဟာ ထုတ်လုပ်သူရဲ့ identity နဲ့ အနည်းအများညှိတွယ်ပတ်သက်နေသေးတာကိုး) နောက်ဆုံးမှာ‌တော့ ထွက်ကုန်ကိုသာကြည့်ပြီး တန်ဖိုးဖြတ်ခံလိုက်ရတာပါပဲ)

 
 

အရေအတွက်ကိန်းဂဏာန်းနံပါတ်တွေကိုသာ ဦးစားပေးတတ်တဲ့၊ အပေါ်ယံအထင်ကြီးတတ်ကြတဲ့လောကကြီးထဲမှာ ကျွန်မရဲ့ဖြစ်တည်မှုဟာ အပေါင်းအနှုတ်သင်္ကေတသာသာလောက်သာကျန်သွားခဲ့နိူင်ပါလားဆိုတာ ရောင်းစားလို့ ပိုက်ဆံတစ်ပြားသားမှမရလောက်တဲ့၊ ဝတ်မဲ့သူလည်း ရှိချင်မှရှိမဲ့ဦးထုပ်တွေ၊ လည်စည်းတွေကို အားအားယားယားသိုးမွေးထိုးရင်း ကျွန်မစဉ်းစားဘဝင်မကျစက်ဆုပ်ရွံရှာဖြစ်မိရပါတော့တယ်

 

ပုံ – လွန်ခဲ့သောလထဲက ရောက်တတ်ရာရာထိုးပြီးခါမှ အိမ်ရှိလူမည်သူနှင့်မှမတော်သောကြောင့် ထိုအတိုင်းသိမ်းထားလိုက်ရသော ကျွန်မ၏လက်ထိုးစွပ်ကျယ်တစ်ထည်

 

အမေရိကန် လုပ်အားဝန်ကြီးဌာနရဲ့ ထုတ်လုပ်နိူင်စွမ်းအဓိပ္ပါယ်ဖွင့်ဆိုချက်

 

မချယ်ရီယာရဲ့ Social Reproduction of Feminism ဆောင်းပါး

 

စူဇန်ဖာဂူဆန် (Susan Ferguson) သုံးသပ်ခဲ့တဲ့ လူမှုပြန်လည်ထုတ်လုပ်ရေးသီအိုရီပေါက်ဖွားပြောင်းလဲလာပုံ ဆောင်းပါး

 

ကျွန်မရဲ့ ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း ဆောင်းပါး

ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း

မိတ်ဆက် – ဝေဖန်သုံးသပ်ချက်တစ်ခုအသွင် ဖီမီနင့်ဇင် အပိုင်း (၁)

၂၀၂၁ ခုနှစ်တွင် ဘလွန်းစ်ဘယ်ရီ (Bloomsbury) စာတိုက်မှထုတ်ဝေခဲ့သည့် ချီအာရာဘိုတစ်ချီ (Chiara Bottici) ‌အင်္ဂလိပ်လိုရေးသားခဲ့သော အန်နာခါဖီမီနင့်ဇင် (Anachafeminism) စာအုပ်မှ မူရင်းမိတ်ဆက်အခန်းကို မခြင်္သေ့ဘာသာပြန်သည်။ ဖတ်ရှုနိုင်ရန်နှင့် ဘာသာပြန်နိုင်ရန် ဤစာအုပ်ကိုလက်ဆောင်ပေးသော “ကိုလိုနီသဘောတရားများချွတ်ချခြင်းဆိုင်ရာဖီမီနင့်အစုအဝေး” (Decolonial Feminist Collective) မှ မိတ်ဆွေ J ကို ကျေးဇူးအထူးတင်ရှိပါသည်။

ချီအာရာဘိုတစ်ချီ (Chiara Bottici) သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်တည်ရှိသော လူမှုရေးသုတေသနဆိုင်ရာကျောင်းသစ် (The New School for Social Research)မှ ဒဿနိကဆိုင်ရာတွဲဘက်ပါမောက္ခတစ်ဦးဖြစ်ပြီး ၄င်းတက္ကသိုလ်မှ ဂျန်ဒါနှင့်လိင်သ‌ဘောတရားဆိုင်ရာလေ့လာသင်ကြားရေးအင်စတီကျု (The Gender and Sexualities Studies Institute) ၏ပူးတွဲဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။

မှတ်ချက် – မူရင်းစာအုပ်မိတ်ဆက်အခန်းကို အပိုင်းခွဲဘာသာပြန်သွားမှာဖြစ်ပြီး ဘာသာပြန်မှတ်ချက်များကို သီးသန့်ဆောင်းပါးအနေနှင့်ရေးသားသွားရန် ကြံရွယ်ထားသည်။ အောက်တွင်ပါရှိသောမှတ်စုများသည် မူရင်းစာရေးသူ၏မှတ်စုများဖြစ်ပြီး ထိုမှတ်စုများကိုပါ အတတ်နိုင်ဆုံးဘာသာပြန်ထားသည်။

 

အရေးကြီးသော ဝေါဟာရများ

အန်နာခါ (anacha) – မင်းမဲ့သဘောတရားဆိုင် (မ)။ အန်နာခီ (anarchy) ဆိုသော “မင်းမဲ့သဘောတရား” (သို့) “ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးသဘောတရား”စကားလုံးကို နာမဝိသေသနပြုရာတွင် ပုံမှန်လက်တင်နွယ်ဖွားဘာသာစကားများ၏စည်းမျဥ်းစည်းကမ်းအရ အန်နာခို (anacho) ဟူ၍ “ဖို”နာမဝိသေသနအဖြစ်သာပြောင်းလဲသုံးစွဲကြသည့်ကို ဝေဖန်သုံးသပ်သည့်အနေနှင့် မူရင်းစာရေးသူသည် အန်နာခါ (anacha) ဟူ၍ပြောင်းလဲရေးသားထားသည်။ ဗမာဘာသာစကားတွင် ထိုကဲ့သို့ “ဖို”/”မ” နာမဝိသေသနနှစ်မျိုးမကွဲသော်လည်း မူရင်းစာရေးသူ၏စာလုံးများထဲမှဖိုသဘောတရားကြီးစိုးမှုများကို ပြန်လည်ဝေဖန်ဆင်ခြင်မှုကို ထိန်းသိမ်းလိုသောအနေဖြင့် ဤဘာသာပြန်တွင် “အန်နာခါဖီမီနင့်ဇင်” နှင့် “မင်းမဲ့ဖီမီနင့်ဇင်” ဟူသော စကားလုံးနှစ်မျိုးကို သင့်လျော်သကဲ့သို့ ပြောင်းလဲအသုံးပြုထားသည်။

အန်နာခစ် (anarchist) (နာမ်/နာဝိ) – မင်းမဲ့သမား (သို့) မင်းမဲ့သဘောတရားဆိုင်ရာ။

အန်နာခီ (anarchy) – မင်းမဲ့ဖြစ်တည်မှု။

အန်နာခစ်ဇင် (anarchism) – မင်းမဲ့သဘောတရား။

မဟာဖိုဝါဒ (သို့) ပေထရီရာခီ (patriarchy) – “ဖို”သဘောတရားများသည် အခြားသောဂျန်ဒါသဘောတရားများထက် ပိုမိုသာလွန်ကြီးမြတ်သည်ဟုယူဆသောသဘောတရား။ ဤနေရာတွင် “ဖို”သဘောတရားဆိုသည်မှာ ဇီဝဗေဒအရ “ဖို”ဟုသတ်မှတ်ထားသော ယောင်္ကျားများတင်သာမက “ခက်ထန်ခြင်း”၊ “မာကျောခြင်း”၊ “သန်မာခြင်း” အစရှိသော လူ့အဖွဲ့အစည်းများမှသတ်မှတ်လက်ခံထား‌သော အခြားသော “ဖို”သဘောတရားများကိုပါဆိုလိုခြင်းဖြစ်သည်။

မိန်းမမုန်းတီးရေးဝါဒ (သို့) မီဆိုဂျနီ (misogyny) – မဟာဖိုဝါဒလွှမ်းမိုးမှုကြောင့် မိန်းမနှင့် မိန်းကလေးများဆိုလျှင် မုန်းတီးရွံရှာစက်ဆုပ်ခြင်း။ မိန်းမမုန်းတီးရေးဝါဒနှင့် မဟာဖိုဝါဒသည် အချင်းချင်းဆက်စပ်ပတ်သက်နေပြီး အချင်းချင်းအပေါ် ပြန်လည်သက်ရောက်နေသောအယူအဆအမူအကျင့်များဖြစ်သည်။

အင်တာဆက်ရှင်နယ်လတီ (intersectionality) – နေထိုင်ရာနေရာဒေသ၊ လူမျိုးရေး၊ ဂျန်ဒါ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်ရာဘာသာ၊ လူတန်းစား၊ လိင်စိတ်တိမ်းညွှတ်မှုဖော်ပြချက် အစရှိသောဖြစ်တည်မှုပေါင်းများစွာသည် တစ်သီးတစ်သန့်တည်းတည်ရှိနေသည်မဟုတ်ဘဲ အချင်းချင်းရောယှက်နေသည်ကိုထောက်ပြသောအယူအဆသဘောတရား။

 ‘မ’ပြုခြင်း – နဂိုမူရင်းတွင် ‘ဖို’သဘောသဘာဝများ၊ အယူအဆများနှင့်ပြည့်နှက်နေသည့်အယူအဆများ၊ ဖြစ်စဥ်များ၊ လုပ်ရပ်များကို ‘မ’သဘောသဘာဝအသွင်ပြောင်းလဲခြင်း။ ဥပမာ – မူရင်းတွင် ‘ဖို’သဘာဝနှင့်သာ ချိတ်ဆက်မြင်ယောင်လေ့ရှိသောဖြစ်စဥ်တစ်ခုဖြစ်သော လက်နက်ကိုင်တော်လှန်ခြင်းကို မိန်းမဟု‌သောလူများပါဝင်လာခြင်းဖြင့် ‘မ’ပြုကြသည်။

AFAB (Assigned Female at Birth) – မွေးကင်းစမှာ “မိန်းမ” ဟုသတ်မှတ်ခံလိုက်ရသောသူ။

AMAB (Assigned Male at Birth) – မွေးကင်းစမှာ “ယောင်္ကျား” ဟုသတ်မှတ်ခံလိုက်ရသောသူ။

ဆစ်ဂျန်ဒါ (Cisgender) – မွေးရာပါလိင် (မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတ) နှင့် မိမိလိင်စိတ်တိမ်းညွှတ်မှုထပ်တူညီနေသောသူ။ ဥပမာ – မွေးကင်းစတွင် “ယောင်္ကျားလေး” ဖြစ်သည်ဟူ၍ တရားဝင်စာရွက်စာတမ်းများတွင် လိင်သတ်မှတ်ပေးခံလိုက်ပြီး ကြီးပြင်းလာပြီနောက် ၄င်းသည်သူ့ဘဝတစ်လျှောက် ယောင်္ကျားလေးတွေသည်သာ ပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့် အံဝင်ခွင်ကျဖြစ်နေပါက ၄င်းကို ဆစ်ဂျန်ဒါ (သို့) ဆစ်ယောင်္ကျားဟုခေါ်ဝေါ်၍ရသည်။ ဆစ်မိန်းမဆိုသည်မှာလည်း မွေးကင်းစတွင် “မိန်းကလေး” ဟုသတ်မှတ်ခံလိုက်ရပြီးနောက် မိန်းကလေးများပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့်အံဝင်ခွင်ကျဖြစ်နေသူကိုဆိုလိုသည်။

ထရန်စ်ဂျန်ဒါ (transgender) – မိမိအပေါ်မွေးကင်းစမှ သမုတ်လိုက်သောလိင်မှ မိမိလိင်စိတ်ဖော်ပြမှု၊ တိမ်းညွှတ်မှုနှင့်ကိုက်ညီသောလိင်ကိုပြောင်းလဲထားသောသူ။ ဤပြောင်းလဲခြင်းတွင် အဆင့်ဆင့်ရှိနိူင်သည်။ ဥပမာ – အချို့ ထရန်စ်ဂျန်ဒါများသည် ပြောင်းလဲမှုဖြစ်စဥ်လုံးဝဥဿုံကိုပြောင်းလဲထားပြီး (သို့) ပြောင်းလဲချင်သူများဖြစ်သော်လည်း အခြားထရန်စ်ဂျန်ဒါများသည် ဇီဝဗေဒအရခန္ဓာကိုယ်တစ်ခုလုံးကို မပြုပြင်ဘဲ အစိတ်အပိုင်းအနည်းငယ်မျှကိုသာပြောင်းလဲထားသူများဖြစ်ကောင်းဖြစ်နိူင်သည်။

မိန်းမမျိုးတုံးသတ်ဖြတ်မှု (femicide) – မိန်းမများကို ယောင်္ကျားများမှ မိန်းမမုန်းတီးရေဝါဒ (မီဆိုဂျနီ)ကြောင့် မိန်းမဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်း။ ဥပမာ – အိမ်တွင်းအကြမ်းဖက်ခြင်းမှတဆင့် မိမိချစ်သူ၊ လင်ယောင်္ကျားမှသတ်ဖြတ်ခြင်းကိုခံရခြင်း၊ အရှေ့အလယ်ပိုင်းရိုးရာဓလေ့အချို့တွင်ပြုကျင့်လေ့ရှိသော ဂုဏ်သိက္ခာသတ်ဖြတ်မှု (honor killing) ဟုခေါ်သော မိဘ (အထူးသဖြင့် ဖခင်)မှ မိသားစုမျက်နှာအိုးမည်းသုတ်သည်ဟုယူဆပါက ၄င်းတို့၏သမီးကို ၄င်းတို့ကိုယ်တိုင်ပြန်လည်သတ်ဖြတ်ခြင်း။ တောင်အမေရိကတိုက်မှနိုင်ငံအချို့တွင် လက်ရှိ ဂိုဏ်းအဖွဲ့များမှကျူးလွန်နေသော မိန်းမမျိုးတုံးသတ်ဖြတ်မှုများသည် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေသည်။ ယောင်္ကျားဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်းကို ယောင်္ကျားမျိုးတုံးသတ်ဖြတ်မှု (androcide) ဟုခေါ်ဝေါ်ပြီး စစ်ပွဲများတွင် စစ်တိုက်သူအချင်းချင်းပြုကျင့်လေ့ရှိကြသည်။ လိင်အခြေပြုမျိုးတုံးသတ်ဖြတ်ခြင်းကို ဂျန်ဒါမျိုးတုံးသတ်ဖြတ်ခြင်း (gendercide) ဟုခေါ်ဆိုသည်။

‘မ’မျိုးတုံးသတ်ဖြတ်မှု (feminicide) – ‘မ’သဘောတရားမှန်သမျှကို နိမ့်ပါးသည်ဟုမှတ်ယူပြီး သတ်ဖြတ်သုတ်သင်ခြင်း။ ဤနေရာတွင် “မိန်းမ”/”ယောင်္ကျား”ဆိုသည်ထက် ‘မ’သဘောတရားအမူအကျင့်များရှိနေသည့်မည်သူ့ကိုမဆို မျိုးတုံးသတ်ဖြတ်ခြင်းဖြစ်သည်။ ဥပမာ – မွေးရာပါ “ယောင်္ကျား”ဟုသတ်မှတ်ခံထားရသောသူများ “မိန်းမ”ဂျန်ဒါသို့ပြောင်းလဲခြင်းကို ‘မ’သဘောတရားလွန်ကဲလာသည်ဟူ၍မနှစ်မြို့၍ ထရန်စ်ဂျန်ဒါမိန်းမများကို တမင်တကာသတ်ဖြတ်ခြင်း။

ဆစ်ဖီမီနင့်ဇင် (cis-feminism) – မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများ၏ဖိနှိပ်ခံရမှုများကို ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

ထရန်စ်ဖီမီနင့်ဇင် (transfeminism) – မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများသာမက လိင်ပြောင်းလဲထားသူများ၏ဖိနှိပ်မှုများကိုပါ ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

အာခိ (archē) – “မူရင်း”၊ “ကနဦး”၊ “အစ” (ဂရိ)။

လိင်ကွဲချစ်ကြိုက်မှုအထူးပြုစံနှုန်း (heteronormativity) – ဇီဝဗေဒအရ လိင်မတူသူများအချင်းချင်းကြား ချစ်ကြိုက်ပေါင်းသင်းဆက်ဆံခြင်း (heterosexuality) ကိုသာ လူတိုင်းကျင့်သုံးသည်၊ ထိုချစ်ကြိုက်ပေါင်းသင်းမှုကသာလျှင် သဘာဝကျသည်၊ လိင်တူချစ်ကြိုက်ပေါင်းသင်းမှု/bi ချစ်ကြိုက်ပေါင်းသင်းမှုများထက် ပိုပြီးအခွင့်ထူးခံစားပိုင်ခွင့်ရှိသည်ဟု မှတ်ယူသော အယူအဆ။

ကြိုတင်ပုံဖော်ခြင်းနိူင်ငံရေး (Prefigurative Politics) – တက်ကြွလှုပ်ရှားသူများက ၄င်းတို့၏တက်ကြွလှုပ်ရှားမှုများထဲတွင် ၄င်းတို့ရပ်ရွာပတ်ဝန်းကျင်အတွက်ကျင့်သုံးစေချင်သောအမူအကျင့်များ၊ ပေါင်းကူးဆက်ဆံမှုများကို ကျင့်သုံးခြင်း။ မင်းမဲ့သဘောတရားများတွင် ကြိုတင်ပုံဖော်ခြင်းသည် ပါဝင်မှုကိုအားပေးသောဒီမိုကရေစီ၊ တပြေးတည်းဖြစ်တည်မှု၊ အများပါဝင်ထည့်သွင်းမှုနှင့် တိုက်ရိုက်လုပ်ရပ်များ (direct action) တို့ပါရှိသည်။ (ဂီဟာမေးဖီရန်း (Guilherme Fians) ၏ “ကြိုတင်ပုံဖော်ခြင်းနိူင်ငံ‌ရေး” ဆောင်းပါး (https://www.anthroencyclopedia.com/entry/prefigurative-politics) ကိုကြည့်ပါ။)

ဂျန်ဒါအခန်းကဏ္ဍ (gender role) – များသောအားဖြင့် ဇီဝဗေဒလိင်အရ ယောင်္ကျားဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်၊ မိန်းမဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်ဟူ၍သတ်မှတ်ထားခြင်း။ ဂျန်ဒါနေရာများသည် ရိုးရာဓလေ့အသိုင်းအဝိုင်းတစ်ခုချင်းစီအလျောက် အသေးစိတ်ကွာခြားချက်များရှိနေနိူင်သော်လည်း ယေဘုဘျအားဖြင့် ယောင်္ကျားဂျန်ဒါနေရာသည် အိမ်‌ထောင်ဦးစီး၊ အလုပ်လုပ်သူ၊ ပိုက်ဆံရှာသူ၊ ခွန်အားရှိသူ၊ မိန်းမဂျန်ဒါနေရာသည် သားမွေးသူ၊ အိမ်ထောင်ထိန်းသိမ်းသူ၊ သိမ်မွေ့သူ၊ အားနည်းသူ ကမ္ဘာတစ်ဝန်းမှ ရိုးရာဓလေ့များတွင်မှတ်ယူထားကြသည်။ လိင်ကွဲပေါင်းသင်းဆက်ဆံရေးများတွင်လည်း ဤလိင်ကွဲအခြေပြုဂျန်ဒါနေရာများကို ပြန်လည်မွေးမြူကျင့်သုံးခြင်းများရှိကောင်းရှိနိူင်သည်။ ဥပမာ – လက်စဘီယန်စုံတွဲတစ်တွဲတွင် တစ်ယောက်သည် ယောင်္ကျားဂျန်ဒါနေရာကိုယူပြီး ပိုက်ဆံရှာခြင်း၊ အဓိကအလုပ်လုပ်သူအနေဖြင့်ဆောင်ရွက်ခြင်း၊ ယောင်္ကျားကဲ့သို ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများနှင့် အခြားတစ်ယောက်သည် မိန်းမဂျန်ဒါနေရာကိုယူပြီး အိမ်ထောင်ထိန်းသိမ်းခြင်း၊ သားမွေးခြင်း၊ မိန်းမကဲ့သို့ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများလည်း ရှိနိူင်သည်။

 

 

အပိုင်း (၁) – မူရင်းစာမျက်နှာ (၁) မှ (၅) ထိ

 

မိန်းမတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ဖိနှိပ်မှုတွေအကြောင်းပြောကြမယ်ဆိုရင် မတူညီတဲ့ဖိနှိပ်မှုတွေတစ်မျိုးနှင့်တစ်မျိုးကြား ဘယ်လိုစပ်ဆက်ပတ်သက်နေသလဲဆိုတာ ပြောဖို့လိုလာပြီဆိုတာ အခုချိန်မှာတော့ အားလုံးသိထားပြီးသားဖြစ်မှာပါ။ သဘာဝကြောင့်ပဲဖြစ်စေ၊ ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်စေ စီးပွားရေးအရအမြတ်ထုတ်တာဖြစ်စေ၊ ရိုးရာဓလေ့တွေအရလွှမ်းမိုးတာဖြစ်စေ၊ မဟာဖိုဝါဒနှင့်လိင်အခြေပြုခွဲခြားဆက်ဆံရေးဆက်လက်တည်ရှိနေခြင်းမှာ အခြေခံအချက်တစ်ချက်ပဲရှိတယ်ဆိုပြီးပြောဖို့ရာမလုံလောက်တော့ဘူး။ ကမ္ဘာ့မြောက်ပိုင်းသာမက ကမ္ဘာ့တောင်ပိုင်းကဖီမီနင့်တွေတော်တော်များများအတွက် ဖြစ်တည်မှုဆုံမှတ်တွေဟာ အချင်းချင်းရောယှက်နေကြတယ်ဆိုတဲ့အချက် (intersectionality) ဟာ အချက်အခြာကျတဲ့လမ်းညွှန်နိယာမတစ်ခုဖြစ်လာနေပါပြီ။ တချို့က အင်တာဆက်ရှင်နယ်လတီဟာ အမျိုးသမီးရေးဆိုင်ရာလေ့လာမှုတွေအတွက် အရေးကြီးဆုံးအချက်တစ်ချက်လို့တောင်ဆိုကြတယ်။[i] အဲ့ဒါတွေရဲ့ရလဒ်ကတော့ မြေပြင်မှာလှုပ်ရှားနေသူတချို့က အင်တာဆက်ရှင်နယ်လတီကို ရေပန်းစားလာတဲ့စကားလုံးတစ်လုံးအနေနဲ့လက်ခံကြသလို ဂျန်ဒါနဲ့ပတ်သက်တဲ့သီအိုရီတွေအကြောင်းရေးထားတဲ့စာတမ်းတွေမှာတော့ အင်တာဆက်ရှင်နယ်လတီကိုထောက်ခံတာတွေ၊ ဝေဖန်တာတွေ၊ ဒါမှမဟုတ် အင်တာဆက်ရှင်နယ်လတီနဲ့မိမိကိုယ်ကိုနားလည်သဘော‌ပေါက်ကြည့်တာ အစရှိသဖြင့်ပါပဲ။

ဒါပေမဲ့ ထူးခြားတာတစ်ခုက အင်တာဆက်ရှင်နယ်လတီအကြောင်းရေးသားထားတဲ့စာတွေတိုင်းမှာ ဟိုးပဝေနသီသတည်းကစပြီး ဒီအချက်ကိုပဲထောက်ပြလာခဲ့တဲ့ဖီမီနင့်ရိုးရာတစ်ခုအကြောင်းကိုတော့ ဘယ်သူမှမပြောကြတာပဲ။ အဲ့ဒီ့ဖီမီနင့်ရိုးရာကတော့ အန်နာခစ်ဖီမီနင့်ဇင် (anarchist feminism) (သို့မဟုတ်) ငါတို့အလိုအရခေါ်ချင်တာကတော့ “အန်နာခါဖီမီနင့်ဇင်” (anachafeminism) ပဲ။ လူမှုရေးလှုပ်ရှားမှုအရွေ့တွေက အန်နာခါလို့တမင်သုံးကြတာက အဲ့ဒီအယူအဆကို “မ”ပြုပြီး အန်နာခစ်သီအိုရီနဲ့အလုပ်အကိုင်တွေမှာ ဖီမီနင့်ရိုးရာအမူအကျင့်တွေရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြချင်ကြလို့ပဲ။ ဒီ ပညာရှင်အသိုင်းအဝိုင်းနဲ့ လူထုဆွေးနွေးချက်တွေမှာ တော်တော်များများဖျောက်ဖျက်ခံထားရလေ့ရှိတဲ့ အန်နာခါဖီမီနင့်ဇင်အမူအကျင့်ဟာ ဒီကနေ့ထိ ငါတို့အတွက်အများကြီးအထောက်အကူဖြစ်စရာတွေရှိနေတယ်။ ဒီအမူအကျင့်တွေကိုပြန်လည်တူးဖော်ချင်လို့ ငါတို့ဒီစာအုပ်ကိုရေးရခြင်းဖြစ်တယ်။

“ယောင်္ကျား”နဲ့ “မိန်းမ”ဆိုတဲ့ဂျန်ဒါဆိုတာနှစ်မျိုးပဲရှိတယ်လို့ယူဆချက်တွေကိုဖြိုဖျက်လိုက်တဲ့ ကွီယား (queer) သီအိုရီနဲ့အတူ အရင်ဆုံး “မိန်းမ”လို့သမုတ်ခံထားရတဲ့သူတွေနဲ့ အဲ့ဒီပညတ်ချက်အောက်နေဖိနှိပ်ခံနေရတဲ့သူတွေတွေ့ဆုံရင်ဆိုင်နေရတဲ့ဖိနှိပ်မှုတွေကို ဆန့်ကျင့်တဲ့ဖီမီနင့်ဇင်တစ်မျိုးလိုအပ်တယ်ဆိုတာ အရင်ဆုံးအသိအမှတ်ပြုချင်တယ်။ ဒီနေရာမှာ “မိန်းမ”ဆိုတာ ဘယ်လိုမိန်းမမျိုးကိုမဆိုဆိုလိုတာဖြစ်တယ် – မွေးကင်းစမှာ “မိန်းမ”လို့သတ်မှတ်ခံလိုက်ရတဲ့မိန်းမ[ii]၊ မွေးကင်းစမှာ “ယောင်္ကျား”လို့သတ်မှတ်ခံလိုက်ရတဲ့မိန်းမ၊ မိန်းမဆန်တဲ့မိန်းမ၊ ယောင်္ကျားဆန်တဲ့မိန်းမ၊ လက်စဘီယန်မိန်းမ၊ လိင်ပြောင်းလဲထားတဲ့မိန်းမ၊ ကွီယားမိန်းမ။ အပေါ်ယံကြည့်ရင်တန်းတူအခွင့်အရေးရပါတယ်လို့ထင်နေကြတဲ့ မိန်းမတွေနဲ့ အဲ့ဒီ့ “မိန်းမ”ဆိုတဲ့ခေါင်းစဥ်အောက်ကသူတွေဟာ တကယ်တော့ အမြဲတစေခွဲခြားဆက်ဆံခံနေရတုန်းပဲ။ အထင်ရှားဆုံးဥပမာကတော့ ဂျန်ဒါဆိုင်ရာအကြမ်းဖက်မှုဒေတာတွေကနေတဆင့်တွေးရတဲ့ မိန်းမတွေရဲ့ဆက်လက်ခံစားနေရတဲ့ဖိနှိပ်မှုတွေပဲ — မိန်းမတွေနဲ့ မိန်းမလို့သတ်မှတ်ခံထားရသူတွေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်အပေါ်မှာ အမြဲကျူးလွန်နေကြတဲ့အကြမ်းဖက်မှုတွေပဲ။[iii] တချို့သောခန့်မှန်းချက်တွေအရ ကမ္ဘာ့တစ်ဝှမ်းမှာအမျိုးသမီးဦးရေ သန်း ၁၄၀ ကနေ သန်း ၁၆၀ လောက်ဟာပျောက်ဆုံးနေကြတယ်။ ဒါကတော့ လိင်ရွေးချယ်ပြီးသားဖျက်ချမှုတွေကြောင့်ရယ်၊ မွေးကင်းစကလေးအရွယ်မှာတင်သတ်ဖြတ်ခံရတာကြောင့်ရယ်၊ ကုသမှုတွေမှာခွဲခြားဆက်ဆံခံရတာတွေကြောင့် ကမ္ဘာ့လူဦးရေမှာ “ပျောက်ဆုံး”နေတဲ့ “မိန်းကလေး”တွေဆိုပြီးတင်စားနှိုင်းဆိုကြတာပဲ။

အတိတ်မှာတင်မက “ဖီမီနာ” (femina) တွေအကုန်လုံးတွေ့ကြုံနေရတဲ့ဖိနှိပ်မှုတွေကိုတိုက်ဖျက်တဲ့ဖီမီနင့်ဇင်ဆိုတာ ခုချိန်မှာပိုလို့တောင်လိုလာပါပြီ။ ဖီမီနင့်ဇင်ဆိုတဲ့ဝေါဟာရဟာ “ဖီမီနာ” ဆိုတဲ့လက်တင်စကားလုံးကဆင်းသက်လာတာဖြစ်ပြီး “ပထမလိင်” ဆိုတာကနေခွဲခြားဆက်ဆံခံရတဲ့အရာတိုင်းကိုဆိုလိုတာပဲဖြစ်တယ်။ “ပထမလိင်” ဆိုတာကတော့ “‌ယောင်္ကျား” (ဟိုမို homo) ကိုရည်ညွှန်းတာဖြစ်ပြီး လူသားတွေအတွက် လိင်သာမကဂျန်ဒါအရ ပုံမှန်လို့မှတ်ယူလေ့ရှိကြတယ်။[iv] မွေးရာပါလိင်နဲ့ မိမိလိင်စိတ်တိမ်းညွတ်မှုတူညီနေတဲ့ ဆစ်ယောင်္ကျားတွေနဲ့ယှဥ်ရင် တခြားလိင်နဲ့ဂျန်ဒါတွေကို “ဒုတိယလိင်” လို့ယူဆကြတယ်။ “ဒုတိယလိင်” တွေဟာ ယောင်္ကျားလိင်လိုမျိုး မိမိနေရာအပြင် ကြားနေရာကိုပါ တစ်ပြိုင်နက်တည်းယူလို့ရလေ့မရှိကြဘူး။ ဥပမာ – အမေရိကန်နိုင်ငံတစ်ခုတည်းကိုပဲကြည့်မယ်ဆိုရင် အနည်းဆုံး လိင်ပြောင်းလဲထားသူ (ထရန်စ်ဂျန်ဒါ) ၆ ယောက်မှာ ၁ ယောက်ဟာ သူတို့ဘဝမှာ ထောင်အနည်းဆုံးတစ်ကြိမ်ကျဖူးသူတွေဖြစ်တယ်။[v] ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆိုတာ မွေးရာပါမိန်းမအနေနဲ့မွေးလာသူတွေသာမက ကမ္ဘာ့တစ်ဝှမ်းက မိန်းမသတ်ဖြတ်မှုတွေရဲ့အန္တရာယ်ကိုတွေ့ကြုံနေရတဲ့ ထရန်စ်ဂျန်ဒါမိန်းမတွေနဲ့ ဂျန်ဒါပညတ်ချက်တွေကို မလိုက်နာတဲ့သူ (gender non-conforming) တွေပါရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုပဲ။ အဲ့ဒါကြောင့်လည်း “ထရန်စ်မီဆိုဂျနီ” (transmisogyny)[vi]/ လိင်ပြောင်းမိန်းမမုန်းတီးမှုဆိုတဲ့စကားလုံးကိုတီထွင်လိုက်ရခြင်းကလည်း လိင်ပြောင်းလဲသူတွေဆိုရင်မုန်းတီးမှု (transphobia) နဲ့ မိန်းမဆိုရင်မုန်းတီးရွံရှာစက်ဆုပ်ခြင်း (misogyny) က တကယ်တမ်းတော့ ပတ်သက်နေတယ်ဆိုတာထောက်ပြချင်ကြလို့ပဲဖြစ်တယ်။ အိမ်ထောင်မရှိတဲ့မိန်းမတွေကို တမင်သတ်ဖြတ်တဲ့ “မိန်းမမျိုးတုံးသတ်ဖြတ်မှု” (femicide) နဲ့အတူ “ဖီမီနာ”လို့ခေါ်တဲ့ “မ”သဘောတရားမှန်သမျှကိုသတ်ဖြတ်တဲ့ “မ,မျိုးတုံးသတ်ဖြတ်မှု” (feminicide) ကလည်းတစ်ပြိုင်နက်တည်းဖြစ်နေတယ်။ “မ,မျိုးတုံးသတ်ဖြတ်မှု”ကို နိုင်ငံတော်ကိုယ်နှိုက်ကိုက ကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်နောက်ကျမှပေးတာမျိုး၊ ဒါမှမဟုတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုးနဲ့ အားပေးအားမြှောက်ပြုနေတယ်။[vii]

အဲ့ဒါကြောင့် ဖီမီနင့်ဇင်ဆိုတာ အရေးတကြီးလိုအပ်တယ်။ ဒါပေမဲ့ ဖီမီနင့်ဇင်ဟာ နောက်ထပ်ပိုပြီး အထက်အောက်စနစ်တွေမခွဲခြားဘဲ အမျိုးသမီးများလွတ်မြောက်ရေးကိုဦးစားပေးဖော်ဆောင်မှဖြစ်မယ်။ အန်နာခါဖီမီနင့်ဇင်ဟာ ဒီနေရာမှာအချက်အခြာကျတယ်။ လက်ဝဲဘက်က တခြားသောဖီမီနင့်ဇင်တွေဟာ မိန်းမတွေရဲ့ခံစားနေရတဲ့ဖိနှိပ်မှုတွေကို အချက်တစ်ချက်တည်းနဲ့သာရှင်းပြဖို့ကြိုးစားနေခဲ့ကြတယ်။ ဒါမှမဟုတ် သူတို့ဟာ မိန်းမတွေရဲ့လွတ်မြောက်ရေးဆိုတာကို “မိန်းမဖြစ်တည်မှု” ဆိုတဲ့ကျဥ်းမြောင်းလှတဲ့ဘောင်တစ်ခုတည်းကိုအကျဥ်းချနေခဲ့ကြတယ်။ ဒါပေမဲ့ မင်းမဲ့သမားတွေအဖို့ကတော့ မဟာဖိုဝါဒကိုတိုက်ဖျက်ဖို့ဆိုရင် စီးပွားရေး၊ ရိုးရာဓလေ့ထုံးတမ်း၊ လူမျိုးရေး၊ နိုင်ငံရေး၊ လိင်ပိုင်းဆိုင်ရာအစရှိတဲ့အချက်ပေါင်းမြောက်မြားစွာကို ထည့်သွင်းစဥ်းစားပြီး အဲ့ဒီအချက်တွေအချင်းချင်းစုပေါင်းပြီး မဟာဖိုဝါဒကို ဘယ်လိုမွေးမြူနေသလဲဆိုတာကိုပါတိုက်ဖျက်ရမယ်ဆိုတာ ထင်ရှားနေပြီးသားပါ။ တိုက်ဖျက်ရမဲ့အထဲမှာ ပိုမိုဦးစားပေးတဲ့အခွင့်ထူးခံရထားတဲ့ တချို့သော “မိန်းမဖြစ်တည်မှု” တွေပါတယ်လို့ ငါတို့ပြောလို့ရတယ်။

 

လက်ဝဲတွေ အရေးကြီးလှတဲ့ရိုးရာတွေမှာ ဒါတွေကိုလျစ်လျှူရှုထားတာကြောင့် (သမိုင်းကြောင်းကို တမင်တကာအတိတ်မေ့နေကြတာကြောင့်) မင်းမဲ့အယူအဆဟာ ပညာရှင်ရပ်ဝန်းမှာရော၊ လူထု‌ငြင်းခုံချက်တွေရောမှာပါ ဘေးဖယ်ခံထားရတာဖြစ်တယ်။ အဲ့ဒါကြောင့်လည်း မင်းမဲ့အယူအဆကို အကြမ်းဖက်မှုနဲ့ ကစဥ့်ကလျားဖြစ်မှုတွေကိုသာ ဦးစားပေးတဲ့ဝါဒပါလို့ ကောက်ကျစ်စွာခေါင်းစဥ်တပ်ထားကြတာဖြစ်တယ်။ “မင်းမဲ့အယူအဆ” ဟာ အစိုးရမရှိခြင်းဆိုတဲ့အချက်နဲ့ “မင်းမဲ့အယူအဆ” ဟာ ဖရိုဖရဲဖြစ်ခြင်းဆိုတဲ့အချက်နှစ်ချက်ကြားက အဓိပ္ပါယ်သဘောတရားတွေကို ရောထွေးလိုက်တာကြောင့်လည်း ဒီလိုဘေးဖယ်ခံထားရတာဖြစ်တယ်။ မင်းမဲ့သဘောတရားဟာ ဖရိုဖရဲကစဥ့်ကလျားဖြစ်ခြင်းကိုဆိုလိုတာမဟုတ်ဘူး။ မင်းမဲ့သဘောတရားဆိုတာ အထက်က “စီစဥ်ပေးသူ” မရှိဘဲ အစီအစဥ်တကျ ဖြစ်နေခြင်းကိုရှာဖွေတာဖြစ်တယ်။ အမိန့်ပေးခြင်းတွေကနေမဆင်းသက်တဲ့ သူ့အလိုလိုပေါ်ပေါက်တည်ရှိနေတဲ့ ကူးလူးဆက်သွယ်ရေးကို ဆိုလိုတာဖြစ်တယ်။ မင်းမဲ့အယူအဆကို ဖရိုဖရဲကစဥ့်ကလျားဖြစ်ခြင်းနဲ့သာ အပေါ်ယံမှတ်ယူကြတဲ့သူတွေကတော့ (လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာနိုင်စေတဲ့)အမူအကျင့်ပုံစံတချို့တည်ရှိနေတဲ့ “အစီအစဥ်”ဆိုတာကို (လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာနိုင် စေရုံသာမက အများလိုချင်နှစ်ခြိုက်တဲ့လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်ဖို့ဆိုရင်) “အမိန့်”ပေးမှရတဲ့“အစီအစဥ်”ဆိုတာနဲ့ရောထွေးလိုက်ကြတယ်။ အဲ့ဒါကြောင့် အန်နာခါဖီမီနင့်ဇင်ရဲ့အတွေးအခေါ်အလေ့အကျင့်တွေကို လျစ်လျှူရှုထားခြင်းဟာ အယူအဆဆိုင်ရာမှန်ကန်မှု၊ ပါဝင်မှုနဲ့ နိုင်ငံရေးထိရောက်မှု တွေအတွက်ပါ အန္တရာယ်ဖြစ်စေတာပဲ။

ငါတို့ တင်သွင်းချင်တဲ့အဆိုကတော့ ငါတို့ခေတ်မှာ တွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေအတွက် အကျိုးသက်ရောက်စေမဲ့ အန်နာခါဖီမီနင့်ချဥ်းကပ်မှုတစ်စုံတစ်ရာကို ဖော်ဆောင်ပြီး အဲ့ဒီ့လစ်ဟာချက်ကိုပြင်ဆင်ကြဖို့ပဲ။ ဒီအချက်ကတော့ အန်နာခါဖီမီနင့်ဇင်ဟာ အတိတ်က မိန်းမတွေရဲ့ရုန်းကန်မှုတွေထဲမှာ စိမ့်ပါဝင်နေပြီးသားပဲ၊ အဲ့ဒါကြောင့် သမိုင်းကြောင်းအရဆက်စပ်မှုရှိအောင် အန်နာခါဖီမီနင့်ဇင်ဆိုတာကို ပေါ်ပေါ်ထင်ထင်လူသိများအောင်လုပ်ဆိုရုံလောက် မရိုးရှင်းပါဘူး – အဲ့ဒီအချက်တစ်ချက်တည်းကိုကတင် အကျိုးရှိလောက်တဲ့ကြိုးစားအားထုတ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သမိုင်းကြောင်းအရမှန်ကန်မှုအတွက်တင်သာမက အန်နာခါဖီမီနင့်ဇင်ရဲ့အမြင်ရှုထောင့်တွေကို ပြန်လည်စစ်ကျောဖို့ဆိုရင် လူတန်းစား၊ လူမျိုးရေး၊ ရိုးရာဓလေ့ထုံးတမ်းတွေကနေတဆင့် မတူညီတဲ့အချက်ပေါင်းမျိုးစုံကနေ မိန်းမတွေအပေါ်ဖိနှိပ်နေမှုတွေကို ပိုမိုအားကောင်းလာအောင်လုပ်ပေးနေတဲ့အချိန်ကာလတစ်ခုအတွင်းမှာ ဖီမီနင့်နည်းလမ်းတွေကို အကျယ်ဖြန့်ကြည့်ရှုဆင်ခြင်ကြရမှာဖြစ်တယ်။

နဂိုမွေးရာပါလိင်ပညတ်ချက်နဲ့ထပ်တူညီနေတဲ့ ဆစ်ဂျန်ဒါမိန်းမတွေရဲ့ဖီမီနင့်ဇင် (cis-feminism) နဲ့ လိင်ပြောင်းလဲသူတွေကျင့်သုံးတဲ့ဖီမီနင့်ဇင် (transfeminism) ကြားက ကွာဟမှု[viii]တွေပိုများလာတဲ့အချိန်၊ ဖီမီနင့်ဇင်ဆိုတာ လူဖြူတွေသာရရှိတဲ့အခွင့်ထူးခံမှုတစ်ခုလို့သာ စွပ်စွဲခံလာရချိန်မှာ ဖီမီနင့်နည်းလမ်းတွေကို ပြန်လည်ကြည့်ရှုဆင်ခြင်ခြင်းဟာ ပိုလို့တောင်အရေးကြီးလာပါပြီ။ ကမ္ဘာ့မြောက်ပိုင်းက မိန်းမ (တချို့)ကိုလွတ်မြောက်စေခြင်းဆိုတာ ကမ္ဘာ့တောင်ပိုင်းက မိန်းမတွေကိုဖိနှိပ်ပြီးမှသာလျှင်ဖြစ်နိုင်တာမျိုးတွေလည်းရှိနေတယ်။ ကမ္ဘာ့မြောက်ပိုင်းက မိန်းမတွေရဲ့ အိမ်ထောင်တွင်းက မျိုးဆက်ပွားရေးဆိုင်ရာလုပ်အားကနေ “လွတ်မြောက်တယ်” ဖို့ဆိုတာ အဲ့ဒီလုပ်အားကို ကမ္ဘာ့တောင်ပိုင်းက မိန်းမတွေကိုပေးလုပ်ခိုင်းလိုက်လို့သာဖြစ်တယ်။ တစ်ကမ္ဘာလုံးနဲ့ခြုံကြည့်ရရင် (ခုခေတ်ကာလရဲ့လူမှုရေးဆိုင်ရာပြန်လည်မွေးမြူထုတ်လုပ်ခြင်းဟာ ကမ္ဘာနဲ့ချီပြီးပျံ့နှံ့ချိတ်ဆက်နေတာမို့ တစ်ကမ္ဘာလုံးနဲ့ခြုံကြည့်ဖို့လည်းလိုလာတယ်။) ကမ္ဘာအနှံ့ ကွင်းဆက်မိနေတဲ့ ဂျန်ဒါအခြေပြုလုပ်အားတွေဟာ ပိုလိုတောင်ထင်သာမြင်သာရှိလာပြီး အန်နာခါဖီမီနင့်ဇင် ပိုမိုထင်ရှားလာဖို့ အချိန်ကောင်းတစ်ခုပါပဲ။ လွှမ်းမိုးဖို့အတွက်လိုတာက ဘက်ပေါင်းစုံကနေချဥ်းကပ်ခြင်းပဲ။ အထူးသဖြင့် ကမ္ဘာ့ထောင့်နေရာစုံက မတူညီတဲ့အသံတွေ၊ အမြင်တွေ၊ အချက်အလက်တွေကို ရောစပ်ပြီးချဥ်းကပ်ကြရမယ်။ မိန်းမများလွတ်မြောက်ခြင်းအတွက်တွေ့ကြုံရသောပြဿနာများ (Problems of Women’s Liberation) စာအုပ်ထဲမှာ တရုတ်အန်နာခါဖီမီနင့် ဟေဇန် (He Zhen) ၂၀ ရာစုစတုန်းက ရေးခဲ့တယ်။

မိန်းမအများစုဟာ အစိုးရကြောင့်ရော၊ ယောင်္ကျားတွေကြောင့်ပါဖိနှိပ်ခံထားရပြီးသားဖြစ်တယ်။ ရွေးကောက်ပွဲစနစ်ဟာ တတိယမြောက်အုပ်စိုးသူလူတန်းစားတစ်ရပ်ဖြစ်တဲ့ အီလစ်မိန်းမတွေကိုသာ နေရာပေးလိုက်တာဖြစ်ပြီး ဖိနှိပ်မှုဟာပိုလို့တောင်ကြီးလာပါသေးတယ်။ ဖိနှိပ်မှုတွေဟာ အရင်တိုင်းပဲဆိုရင်တောင် မိန်းမအများစုဟာ မိန်းမအနည်းစုရဲ့ အခွင့်ကောင်းယူတာကို ခံနေရတုန်းပဲ။ […] ပါဝါရှိနေတဲ့မိန်းမအနည်းစုက ပါဝါမရှိတဲ့မိန်းမအနည်းစုကို ပြန်လည်ဖိနှိပ်တဲ့အခါ မိန်းမတွေကြားက မတူညီတဲ့လူတန်းစားခွဲခြားဆက်ဆံရေးတွေပေါ်လာတယ်။ မိန်းမအများစုက ယောင်္ကျားတွေဖိနှိပ်တာကိုမခံချင်ဘူးဆိုရင် မိန်းမတွေရဲ့ထိန်းချုပ်မှုကို‌ရော ဘာလို့ခံရမှာလဲ? ဒါကြောင့် ယောင်္ကျားတွေနဲ့အပြိုင် အာဏာရဖို့ကြိုးပမ်းတာထက် ယောင်္ကျားတွေရဲ့အုပ်ချုပ်မှုကို မြေလှန်ပစ်ကြဖို့ဦးတည်သင့်တယ်။ ယောင်္ကျားတွေမှာရှိနေတဲ့ အခွင့်ထူးခံစားမှုဆိုတာကို ချွတ်ချလိုက်တာနဲ့တစ်ပြိုင်နက် သူတို့တွေဟာလည်း မိန်းမတွေနဲ့တန်းတူဖြစ်သွားမယ်။ အဲ့အခါကျရင် လက်အောက်ခံမိန်းမဆိုတာလည်း မရှိတော့သလို လက်အောက်ခံယောင်္ကျားဆိုတာလည်းမရှိတော့ဘူး။ ဒါဟာ မိန်းမတွေရဲ့လွတ်မြောက်ခြင်းပဲ။[ix] 

၁၉၀၇ ခုနှစ်ကရေးခဲ့တဲ့ ဒီစာရဲ့အခုချိန်ထိ သင့်လျော်နေမှုဟာ အန်နာခါဖီမီနင့်ဇင်ရဲ့ဟောကိန်းတစ်ခုပဲ။ လွတ်မြောက်ခြင်းဆိုတာ ယောင်္ကျားတွေခံစားရတဲ့အခွင့်ထူးခံစားမှုတွေကို မိန်းမတွေပါခံစားရခြင်းမဟုတ်ဘူး။ လွတ်မြောက်ခြင်းဆိုတာ “လက်အောက်ခံမိန်းမဆိုတာလည်း မရှိတော့သလို လက်အောက်ခံယောင်္ကျားဆိုတာလည်းမရှိတော့ခြင်း” ကိုဆိုလိုတာဖြစ်တယ်။ ဒီစကားလုံးတွေထဲမှာ ငါတို့ရှာနေတဲ့ “ဘာလို့ အန်နာခါဖီမီနင့်ဇင်လဲ?” ဆိုတဲ့မေးခွန်းရဲ့ ပထမအဖြေကို တွေ့ကောင်းတွေ့နိုင်တယ်။ ဘာလို့လဲဆိုတော့ ဖီမီနင့်ဇင်ဟာ အများစုအပေါ်ပြန်လွှမ်းမိုးအုပ်ချုပ်တဲ့ လူနည်းစုမိန်းမတစ်ရပ်ရဲ့လက်ထဲက အခွင့်ထူးခံလက်ကိုင်တုတ်တစ်ချောင်းမဖြစ်သွားဖို့အတွက် အကောင်းဆုံးဖြေဆေးမို့လို့ပဲ။ မိန်းမသမ္မတတစ်ယောက်ရွေးကောက်ခံရရင်ပဲ မိန်းမအားလုံး လွတ်မြောက်သလိုလိုတင်စားနေကြတဲ့ခေတ်ကြီးမှာ၊ ဖီမီနင့်ဇင်ကလည်း ကော်ပရိတ်တံဆိပ်ကပ်ခြင်းရဲ့ကိရိယာတစ်ခုဖြစ်လာတဲ့အချိန်မှာ အန်နာခါဖီမီနင့်တွေရဲ့ “ဖီမီနင့်ဇင်ဆိုသည်မှာ ကော်ပရိတ်ပါဝါ (သို့) မိန်းမသမ္မတတစ်ယောက်ကိုဆိုလိုတာမဟုတ်ဘူး။ ဖီမီနင့်ဇင်သည် ကော်ပရိတ်ပါဝါများမရှိတော့ခြင်း၊ သမ္မတဆိုသည်မရှိတော့ခြင်းကို ဆိုလိုတာဖြစ်သည်” ဆိုတဲ့နှိုး‌ဆော်ချက်က အရင်ကထက်တောင် ပိုအရေးကြီးလာပါပြီ။[x] ဒီနှိုးဆော်ချက်ရဲ့အဓိပ္ပါယ်က မိန်းမများအားလုံးလွတ်မြောက်ခြင်းကိုဆိုလိုတာပဲ။

ဆက်ရန်

ပုံ – ဒန်နီရယ်ဟိုရိုဝပ် (Daniel Horowitz) ဆွဲသော အန်နာခါဖီမီနင့်ဇင် စာအုပ်၏မျက်နှာဖုံးပန်းချီ။

 

[i] လက်စလီမက်ကောလ် (Leslie McCall) ရဲ့  Signs: Journal of Women in Culture and Society ထဲမှာ ၂၀၀၅ ခုနှစ်ကရေးသားဖော်ပြခဲ့တဲ့ “Intersectionality ၏ ရှုပ်ထွေးနက်နဲမှုများ” (The Complexity of Intersectionality) ဆိုတဲ့စာတမ်းကိုကြည့်ပါ။

 

[ii] မွေးကင်းစမှာ “မိန်းမ”လို့သတ်မှတ်ခံလိုက်ရတဲ့သူ၊ မွေးကင်းစမှာ “ယောင်္ကျား”လို့သတ်မှတ်ခံလိုက်ရတဲ့သူလို့သုံးရတာကတော့ “အထီး”/”အမ”လို့‌ပြောရင် ဂျန်ဒါဆိုတာမွေးတုန်းကသတ်မှတ်လိုက်တဲ့ ဇီဝဗေဒလိင်နဲ့တိုက်ရိုက်ပတ်သက်တယ်ဆိုတဲ့ နိုင်ငံတော်ကနေသွတ်သွင်းထားတဲ့အမြင်ကိုလက်ခံလိုက်ပြီးသားဖြစ်မှာစိုးလို့ဖြစ်တယ်။ ဒီနေရာမှာ နှစ်မျိုးပဲရှိတယ်လို့သတ်မှတ်ထားတဲ့ဂျန်ဒါစနစ်ဆိုတာ နိုင်ငံတော်ယန္တရားတွေနဲ့တိုက်ရိုက်ပတ်သက်နေတယ်။ ဥပမာ – နိုင်ငံသားမှတ်ပုံတင်ကဒ်တွေ၊ နိုင်ငံကူးလက်မှတ်တွေထဲမှာဖော်ပြထားတဲ့ဂျန်ဒါဟာ ငါတို့ဘဝတွေထဲမှာကပ်ပါနေတယ်။

 

[iii] ကမ္ဘာ့ကုလ္လသမဂ္ဂမှထုတ်ပြန်ထားသော “ဂျန်ဒါအခြေပြုလိင်ရွေးချယ်ခြင်း” (“Gender-based Sex Selection”) (https://www.unfpa.org/gender-based-sex-selection) နဲ့ အန်နာဟစ်ဂင် (Anna Higgins) ရေးသားတဲ့ “လိင်ရွေးချယ်ပြီး ကိုယ်ဝန်ဖျက်ချခြင်း – မိန်းမတွေတွေ့ကြုံရသောစစ်ပွဲအစစ်” (“Sex-based Abortion: The Real War on Women”) (https://www.lozierinstitute.org/sex-selection-abortion-the-real-war-on-women) ကိုကြည့်ပါ။

 

[iv] ဟိုမိုဆိုတဲ့စကားလုံးက အီတာလျံစကားလုံး “အူမို” (uomo)၊ ပြင်သစ်စကားမှာဆို “အုမ်း” (homme) နဲ့ အင်္ဂလိပ်စကားမှာတော့ “မန်း” (man)လို့မှတ်ယူကြတယ်။ “ဒုတိယလိင်” ဆိုတဲ့အသုံးအနှုန်းကို စီမုန်းဒေဘူဘွား (Simone de Beauvoir) ရဲ့အင်မတန်နာမည်ကြီးလှတဲ့စာအုပ်ခေါင်းစဥ်ကနေ ငှားရမ်းအသုံးပြုထားတာဖြစ်တယ်။ ဒီစာအုပ်ရဲ့အာဘော်အရတော့ ယောင်္ကျားတွေရဲ့ လိင်လို့လည်းမှတ်ယူလို့ရ၊ လိင်ပညတ်ချက်မပါဘဲနဲ့လည်း လူသားဖြစ်တည်မှုရဲ့မူရင်းလို့ယေဘုယျမှတ်ယူလေ့ရှိတဲ့အခြေအနေကိုထောက်ပြထားတယ် – “လိင်နှစ်ခုကြားထဲကပတ်သက်မှုဆိုတာ ဝင်ရိုးစွန်းနှစ်ဖက်လိုမဟုတ်ပါဘူး – ယောင်္ကျားဆိုတာဟာ တကယ်တော့ အပေါင်းလက္ခဏာရော၊ ကြားလက္ခဏာရောနေရာနှစ်ခုလုံးကိုယူထားတယ်” (စီမုန်းဒေဘူဘွား ဒုတိယလိင်)

 

[v] ထရန်စ်ဂျန်ဒါ ၆ ယောက် (၁၆ ရာခိုင်နှုန်း) ဟာ သူတို့ဘဝမှာအနည်းဆုံးထောင်တစ်ကြိမ်ကျဖူးသူတွေဖြစ်တယ်ဆိုတဲ့နှုန်းဟာ သာမန်လူဦးရေနဲ့ယှဥ်ရင် တော်တော်များပါတယ်။ ထရန်စ်ဂျန်ဒါမိန်းမတွေဆိုရင် ဒီနှုန်းက ၂၁ ရာခိုင်နှုန်းထိတောင်တက်သွားပြီး လူမည်းထရန်စ်ဂျန်ဒါမိန်းမတစ်ဝက်နီးပါး (၄၇ ရာခိုင်နှုန်း) ဟာ တစ်နည်းနည်းနဲ့တော့ ထောင်ချခံရဖူးသူတွေဖြစ်တယ်။ (https://transequality.org/sites/default/resources/NCTE_Blueprint_for-Equality2012_Prison_Reform.pdf)

 

[vi] ဂျူလီယာဆယ်ရာနို (Julia Serano) ရဲ့ ၂၀၁၆ခုနှစ်ထုတ် ကြာပွတ်ရိုက်မိန်းကလေးများ – ‘လိင်အခြေပြုခွဲခြားဆက်ဆံခြင်းဆိုင်ရာ လိင်ပိုင်းရာထရန်စ်မိန်းမများနှင့် မ’ သဘောတရားအကြောင်းပြခြင်း (Whipping Girls: A Transsexual Woman on Sexism and the Scapegoating of Femininity) စာအုပ်ကိုကြည့်ပါ။

 

[vii] တောင်အမေရိကကအရွေ့တွေနဲ့အတူ ကာဒစ် (Kurdish) အမျိုးသမီးလှုပ်ရှားမှုကတော့ “မ,မျိုးတုံးသတ်ဖြတ်မှု”ဆိုတာဟာ မိန်းမတွေအတွက် လက်နက်ကိုင်တိုက်ပွဲတွေမှာရော၊ နေ့စဥ်ဘဝမှာပါ တမင်တကာစနစ်တကျအခြေမြစ်တွယ်စစ်ဆင်ထားတဲ့စစ်လို့အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ “ကာဒစ်အမျိုးသမီးလှုပ်ရှားမှုရဲ့ အာဏာရှင်ကိုအမြစ်ဖြုတ်သင့်ရခြင်းအကြောင်းရင်းအချက် (၁၀၀)”ဆိုတဲ့ဆောင်းပါးကိုကြည့်ပါ။ (https://100-reasons.org/wp-content/uploads/2020/11/100reasons_to_prosecute_the_dictator_Dossier_final.pdf?fbclid=IwAR1TUb_nXtHOMjHME1V_R0cylSWOhbQUz23EeNkhT__dcIqrEEV1BmcRKJg) ဒီစစ်ကတော့ ခန္ဓာကိုယ်နဲ့စစ်တပ်အဆင့်မှာသာမက အတွေးအခေါ်ရေးနဲ့စိတ်ပိုင်းဆိုင်ရာအဆင့်မှာပါ တိုက်ခိုက်နေတဲ့စစ်ပွဲတစ်ပွဲဖြစ်တယ်။ ချီလီယန်အစုအဖွဲ့ လာစ်တယ်စစ် (Las Tesis) “စာတမ်း” (https://www.liverpool.ac.uk/languages-cultures-and-film/blog/2020/las-tesis/) ကဖန်တီးခဲ့တဲ့ “သင့်သွားလမ်းကမုဒိမ်းကောင်” (un violador en tu camino) ဆိုတဲ့ ကမ္ဘာတစ်ဝန်းရဲ့ဖီမီနင့်ကြွေးကြော်သံကို ကြည့်ပါ။ (https://www.youtube.com/watch?v=aB7r6hdo3W4)

 

[viii] ဒီဖီမီနင့်ဇင်နှစ်မျိုးကြားက အငြင်းပွားမှုတွေနဲ့ ၄င်းတို့ကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ဂျက်ခ်ဟောလ်ဘာစမန် (Jack Halberstarm) ၏ ထရန်စ် – ဂျန်ဒါကွဲပြားခြားနားမှုများဆိုင်ရာ မှတ်စုတိုဆန်းတစ်ပုဒ် ကိုကြည့်ပါ။ ဆစ် (cis) ဆိုတဲ့စကားလုံးဟာ ထရန်စ် (trans) ဆိုတဲ့စကားလုံးရဲ့ဆန့်ကျင့်ဘက်ဖြစ်ပြီး LGBTQI+ ရပ်ဝန်းမှာတော့ ဆစ် (cis) ဆိုတာကို မွေးကင်းစကသတ်မှတ်ပေးလိုက်တဲ့ဂျန်ဒါပညတ်ချက်ကနေ မပြောင်းလဲရသေးတဲ့မိန်းမတွေကို ဆိုလိုပါတယ်။

 

[ix] မင်းမဲ့သဘောတရား – လစ်ဘာတေးရီးရန်းအတွေးအခေါ်များမှတ်တမ်းတင်သမိုင်း ပထမတွဲ (Anarchism: A Documentary History of Libertarian Ideas – Volume I) စာအုပ်ထဲမှ ဟေဇန် (He Zhen) ၏ “မိန်းမများ၏လွတ်မြောက်ရေး” စာတမ်းကိုကြည့်ပါ။

 

[x] တိတ်တဆိတ်ကောလဟလများ (Quiet Rumors) စာအုပ်ထဲမှ ပက်ဂီကွန်နက်ဂါ (Peggy Kornegger) ၏ “မင်းမဲ့သဘောတရား – ဖီမီနင့်ချိတ်ဆက်မှု” (“Anarchism: The Feminist Connection”) စာတမ်းကိုကြည့်ပါ။

လွတ်လပ်ရေးနှင့်လွတ်မြောက်ခြင်း

လွတ်လပ်ခြင်းနဲ့လွတ်မြောက်ခြင်းဟာ တကယ်တမ်းထပ်တူညီရဲ့လား?

ကျွန်မတို့အားလုံး ဘဝမှာကိုယ်ဖြစ်ချင်တာ၊ မျှော်မှန်းထားတာတွေဖြစ်လာရင် ပျော်ရွှင်ဝမ်းသာဖြစ်မိကြတာ သဘာဝပါပဲ ဥပမာ – ကိုယ်လိုချင်လို့လျှောက်ထားတဲ့ကျောင်း၊ အလုပ်အစရှိသဖြင့်ရတာ၊ ကိုယ်နေချင်တဲ့အိမ်ကိုဝယ်ယူလိုရတာအစရှိသဖြင့်ပေါ့ ဒါပေမဲ့ ကျွန်မတွေးမိတာက အဲ့ဒီလိုကျွန်မတို့‌မျှော်မှန်းထားလို့ရလာတဲ့၊ ဖြစ်လာတဲ့အရာတွေအပေါ်အခြေခံပြီးခံစားရတဲ့ပျော်ရွှင်‌ဝမ်းမြောက်မှုတွေဟာ တကယ်တမ်းကျွန်မတို့ကိုလွတ်လပ်စေသလား? ကျွန်မတို့ကို ဖိနှိပ်မှုတွေကနေ လွတ်မြောက်စေသလား? ဒါမှမဟုတ် အဲ့ဒီ့ပျော်ရွှင်မှုတွေက ကျွန်မတို့ဟာ မိမိလိုရာ၊ ဖြစ်ချင်ရာကို လွတ်လွတ်လပ်လပ်ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ အတုအယောင်ဖန်ဆင်းပြထားတဲ့ လွတ်မြောက်မှုအတုအယောင်တွေပဲလားဆိုတာပဲ

Freedom လို့ခေါ်တဲ့လွတ်လပ်ခြင်းကို ကျွန်မတို့ဘယ်သူမဆိုလိုချင်ကြတယ် ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ်နေချင်တယ်၊ စားချင်တယ်၊ ကိုယ့်ဘဝကို လွတ်လပ်စွာကိုယ်ဖြစ်ချင်တာကို ထုဆစ်ချင်တယ် လူတန်းစားတချို့အနေနဲ့လည်း အဲ့လိုမျိုးလွတ်လပ်စွာမိမိဘဝကိုပုံဖော်ပိုင်ခွင့်ရှိကြတယ်လို့ ကျွန်မတို့လူမှုအသိုင်းအဝိုင်းမှာလက်ခံထားတာတွေရှိမယ် ဥပမာ များသောအားဖြင့် ငွေရေးကြေးရေးအတော်အတန်ရှိရင်ကိုပဲ ကျွန်မတို့ကိုယ်ဖြစ်ချင်တာကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိမယ်လို့ထင်ကြလေ့ရှိတယ် အဲ့ဒါကြောင့်လည်း အဲ့ဒီလိုလွတ်လပ်စွာနေလို့ရတဲ့ဘဝတစ်ခုကိုဖန်တီးနိူင်အောင် လစာဝင်ငွေပေးမဲ့အလုပ်အကိုင်ပညာရေးဆိုတာကို ကျွန်မတို့လိုက်စားသင်ယူကြတယ် (အခုလက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ငြင်းခုန်နေကြတဲ့ ကျောင်းတက္ကသိုလ်ဒီဂရီဆိုတာဟာ လစာဝင်ငွေကောင်းမဲ့၊ အလုပ်ပေါမဲ့နယ်ပယ်ထဲကိုဝင်မဆန့်နိူင်ရင် အလကားပဲဆိုတဲ့စကားတွေကိုပဲကြည့်လို့ရပါတယ် မီလျံနာသူဌေးကြီးမို့လို လူတိုင်းကအားကျနေရတဲ့ အီလွန်မာစ်တို့လိုလူမျိုးကအစ ပညာရေးဘွဲ့ဆိုတာ ပိုက်ဆံမှပြန်မရှာနိူင်ပေးရင် အလကားပဲလို့ပြောသလိုပေါ့)

ဒီစကားတွေရဲ့အောက်ခြေမှာ ကျွန်မတို့ တစ်ခါတစ်လေ သေ‌ချာပြန်လည်ဆင်ခြင်ဖို့မေ့နေမိတာက မိမိနေချင်တဲ့ဘဝ၊ လွတ်လပ်တဲ့ဘဝဆိုတာတွေဟာ ဘယ်သူတွေရဲ့ပေတံနဲ့တိုင်းတာထားတဲ့လွတ်လပ်မှုမျိုးလဲဆိုတာပဲ

ဂုဏ်ရှိတာသော်လည်းကောင်း၊ လစာဝင်ငွေကောင်းတာသော်လည်းကောင်း၊ ဂုဏ်ရော လစာဝင်ငွေရောရှိတာသော်လည်းကောင်း အစရှိတဲ့အကြောင်းပြချက်နောက်ကနေ ကျွန်မတို့ကို အမြဲတစေမျက်လှည့်ပြထားတာက အဲ့ဒီလိုအလုပ်မျိုး၊ ဘဝမျိုးသာရှိရင် ကျွန်မတို့တကယ်လုပ်ချင်၊ ဖြစ်ချင်နေတဲ့ဘဝမျိုးကို အလိုအလျောက်ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတဲ့အချက်ပဲ ဒါပေမဲ့ အဲ့ဒါဟုတ်ရောဟုတ်ရဲ့လား?

တစ်နေ့က ကျွန်မမိတ်ဆွေတစ်ယောက်နဲ့ရှေးဟောင်းနှောင်းဖြစ်တွေပြန်လှန်ပြောရင်း ဒီအကြောင်းကို ကျွန်မဆက်စပ်တွေးဖြစ်မိတယ် ကျွန်မမိတ်ဆွေဟာ အမေရိကန်နိူင်ငံမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး စာပေလေ့လာရေးဘာသာရပ်နဲ့ပါရဂူဘွဲ့ရထားသူတစ်ဦးဖြစ်တယ် သူဟာ အမေရိကန်နိူင်ငံသားမဟုတ်တဲ့အတွက် သူကျောင်းပြီးပြီးအလုပ်ရှာတဲ့အချိန်မှာ တော်တော်ခက်ခဲခဲ့တာကိုကျွန်မကိုပြန်ပြောပြတယ် ပါရဂူဘွဲ့ကို သူစိတ်ဝင်စားတဲ့ဘာသာရပ်နဲ့လေ့လာခဲ့ပေမဲ့ စာပေလေ့လာရေး (literature) ဆိုတာ သိပ္ပံဘာသာရပ်တို့၊ အင်ဂျင်နီယာတို့၊ ဆရာဝန်တို့၊ စီးပွားရေးတို့လို အလုပ်ကမပေါလှပြန်ဘူး ဒါနဲ့ သူအလုပ်တွေတစ်နှစ်ပြီးတစ်နှစ်လျှောက်ရင်း ရေရှည်အလုပ်ရနိုးရနိုးစောင့်ရင်း ကြားထဲမှာ ကွက်ကြားကွက်ကြားဗျောက်သောက်ယာယီစာသင်တဲ့အလုပ်တွေသူ ၃ နှစ်လောက်လုပ်ခဲ့တယ် (တက္ကသိုလ်စာသင်တဲ့အလုပ်ကတော့ အထက်ကပြောခဲ့သလို ဂုဏ်ရှိတဲ့အလုပ်ဖြစ်ကောင်းဖြစ်ပေမဲ့ လစာဝင်ငွေနဲ့ ရေရှည်အလုပ်ဆိုတာတွေဟာ ခုခေတ်မှာရှားပါးလွန်းပြန်တယ်လေ) ဒါနဲ့ အဲ့လိုလုပ်လာရင်း ၃ နှစ်မြောက်အလုပ်ထပ်ရှာတဲ့အချိန်မှာ ရေရှည်တက္ကသိုလ်ပါမောက္ခအလုပ်တစ်ခုကို အင်တာဗျူးအဆင့်ဆင့်ကျော်ဖြတ်ပြီး သူရခဲ့တယ် သူကကျွန်မကိုပြောတယ် အဲ့ဒီ့အလုပ်ရတဲ့အချိန်မှာ သူအရမ်းပျော်ခဲ့တယ်တဲ့ ပါမောက္ခတစ်ယောက်အနေနဲ့ သူလုပ်ချင်တာတွေ သူလုပ်လို့ရနိူင်တော့မယ်ဆိုတဲ့အတွေးနဲ့ပေါ့ မရေရာမသေချာတဲ့ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်နေထိုင်ဖို့မသေချာတဲ့ဘဝကြီးထဲမှာကျင်လည်နေသူတိုင်း ရေရေရာရာသေသေချာချာအလုပ်တစ်ခုရတယ်ဆိုတာ ဝမ်းသာစရာပါပဲ

ဒါပေမဲ့ ဒီနေရာမှာ သူ့ကိုကျွန်မပြန်မေးမိတာက အဲ့ဒီပျော်ရွှင်မှုက သူ့အတွက်သူတကယ်လိုချင်တဲ့ပျော်ရွှင်မှု ဟုတ်ရော‌ဟုတ်ရဲ့လားလို့ ဒီလိုပြန်မေးမိတာကလည်း အဲ့ဒီသူရတဲ့အလုပ်၊ အလုပ်ရခဲ့လို့ပျော်ရွှင်ခဲ့တဲ့အလုပ်ကနေ ပြီးခဲ့တဲ့နှစ်ကပဲ သူနှုတ်ထွက်ခဲ့တာကိုး နှုတ်ထွက်ခဲ့ရတဲ့အကြောင်းရင်းကလည်း အလုပ်ဟာ သူထင်ထားခဲ့သလို သူ့ကိုစိတ်ကျေနပ်မှုမပေးခဲ့ဘူး အရင်းရှင်စနစ်ရဲ့စက်ဝန်းထဲကအလုပ်တွေရဲ့သဘာဝအတိုင်း သူဖြစ်ချင်တာတွေကို လွတ်လပ်စွာစီမံခန့်ခွဲခွင့်ဆိုတာထက် အထက်အောက်စနစ်တွေ၊ ဗျူရိုကရေစီယန္တရားတွေရဲ့သံသရာထဲမှာပဲ သူလည်ပတ်နေရတာကို မနှစ်မြို့လာလို့ပဲတဲ့

ဒီနေရာမှာ ကျွန်မတို့ပြန်မေးကောင်းမေးနိူင်ပါတယ် ကျွန်မမိတ်ဆွေရဲ့အတွေ့အကြုံဟာ သူ့တစ်ကိုယ်ရည်နဲ့ပဲဆိုင်မလားလို့ပေါ့လေ တခြားသူတွေအတွက်ကတော့ မိမိနဲ့အန်မတန်အံဝင်ခွင်ကျဖြစ်တဲ့အလုပ်တွေ၊ ဘဝမှာလွတ်လပ်စွာစီမံပိုင်ခွင့်ရှိတဲ့အခြေအနေမျိုးတွေရှိကောင်း‌ရှိနေနိူင်မလားပေါ့လေ ဟုတ်ပါတယ် တခြားသူတွေအတွက် ကျွန်မမိတ်ဆွေလိုမဟုတ်ဘဲ တကယ့်ကိုလွတ်လပ်တဲ့ဘဝမျိုးရှိကောင်းရှိနေနိူင်တာပါပဲ ကျွန်မလူတိုင်းရဲ့ဘဝတွေကို မသိပါဘူး

သို့ပေသိ ကျွန်မတို့လူ့အဖွဲ့အစည်းတွေမှာသတ်မှတ်ထားတဲ့လွတ်လပ်ခြင်းဆိုတာကို ကျွန်မကတော့ သံသယဝင်လာမိတယ်

မျက်စိနှစ်လုံးပွင့်အိပ်ရာနိုးတာကနေစပြီး ကိုယ်လုပ်ချင်တာကို မျက်စိနှစ်လုံးမှိတ်အိပ်ချိန်ထိလုပ်ပိုင်ခွင့်ရှိတာ လွတ်လပ်ခြင်းလား?

ကိုယ်ဝယ်ချင်တာကို ဘယ်အချိန်မဆိုဝယ်နိူင်စွမ်းရှိတာ လွတ်လပ်ခြင်းလား?

ကိုယ်စားချင်တာကို ဘယ်အချိန်မဆိုစားခွင့်ရှိတာ လွတ်လပ်ခြင်းလား

မိမိကိုယ်ကိုပြင်ဆင်ခြယ်သခြယ်မှုန်းပိုင်ခွင့်၊ ဖော်ပြပိုင်ခွင့်ရှိတာ လွတ်လပ်ခြင်းလား?

လွတ်လပ်ခြင်းဆိုတာ ဘာအဓိပ္ပါယ်လဲ? ကျွန်မတို့တစ်ယောက်ချင်းစီတိုင်းက နားလည်သဘောပေါက်ထားတဲ့လွတ်လပ်ခြင်းဟာ အဓိပ္ပါယ်အတူတူပဲလား?

ဒီမေးခွန်းတွေဟာ ကျွန်မကို တကယ်တမ်းတော့ စိတ်ကသိကအောက်ဖြစ်စေမိတယ် လွတ်လပ်မှုရှိသယောင်ထင်ရပေမဲ့ ကျွန်မတို့မှာလွတ်မြောက်မှုမရှိဘူးလို့ ခံစားစေတယ်

ကိုယ်လုပ်ချင်တာ၊ စားချင်တာ၊ ဝယ်ချင်တာ၊ နေချင်တာတွေကိုစွမ်းဆောင်နိူင်မဲ့ ငွေ ဆိုတာကိုပေးမဲ့အလုပ်ကိုရတယ်ဆိုရင်တောင်မှ ကျွန်မတို့ရဲ့ အဲ့ဒီ့ “လုပ်ချင်တာ၊ စားချင်တာ၊ ဝယ်ချင်တာ၊ နေချင်တာ”တွေဟာ နဂိုသတ်မှတ်ထားပြီးသားတွေထက်ပိုမိုကျော်လွန်မနေနိူင်ဘူးလေ ရှိထားပြီးသား၊ ကျင်လည်လက်စဘဝဘောင်ဆိုတာကို ကျော်လွန်ပြီး ကျွန်မတို့လွတ်လပ်တတ်ကြလို့လား? ဒီနေရာမှာ “တတ်” ဟာ အင်မတန်အရေးပါတဲ့စကားလုံးတစ်ခုပဲ

ပြီးခဲ့တဲ့နှစ် ကျွန်မသုတေသနကိစ္စတစ်ခုနဲ့ဥ‌ရောပနိူင်ငံတစ်ခုကို ခရီးထွက်ခဲ့တုန်းက မြို့လယ်ကောင်လူစည်ကားရာနေရာတစ်နေရာမှာ လစာတန်းတူညီမျှမှုအတွက်ပြည်သူလူထုတစ်စုဆန္ဒပြကြွေးကြော်နေကြတာနဲ့ ဆုံမိတယ် ဒီမိုကရေစီထွန်းကားရာလို့သတ်မှတ်ထားတဲ့အဲ့နိူင်ငံမှာတော့ ဆန္ဒပြတာလည်း “စည်းနဲ့ကမ်းနဲ့”ပြကြတယ်ပေါ့လေ ဘယ်ကနေ့မှာ ဘယ်အချိန်ကနေဘယ်အချိန်ထိ စုဝေးမယ်ဆိုတာ ပါမစ်တွေဘာတွေကြိုတင်ထားပြီး ရဲကလည်းဆန္ဒပြစဉ်မှာ သူတို့ပါမစ်တင်ထားတဲ့နေရာအလိုက် သူတို့ပြမယ်ဆိုတဲ့အချိန်အတိုင်း ကင်းစောင့်နေကြတာကိုတွေ့ရတယ် ဆန္ဒပြလူထုကြီးကလည်း “လစာတန်းတူရရှိရေး ဒို့အရေး ဒို့အရေး” အော်ပြီး ဆန္ဒပြဖို့ပါမစ်တောင်းထားတဲ့အချိန်လည်းပြီးရော လမ်းခွဲလိုက်ကြတယ် အသီးသီးဆန္ဒပြစာတမ်းလေးတွေကို လမ်းဘေးအမှိုက်ပုံလေးတွေထဲ သေသေချာချာလွှင့်ပစ်လိုက်ကြပြီး အိမ်ပြန်သွားကြတယ်

အဲ့ဒီ့အတွေ့အကြုံဟာ ကျွန်မကိုခုထက်ထိအများကြီးတွေးစေတယ် ဆန္ဒဟာ အချိန်အတိုင်းအတာတစ်ခုနဲ့ အထိန်းအကွပ်နဲ့ပြလို့ရသလားပေါ့လေ Freedom of speech တို့၊ Freedom of expression တို့အော်ဟစ်နေတဲ့ဒီမိုကရေစီနိူင်ငံတွေရဲ့ ဆန္ဒပြမှုဆိုတာဟာလည်း တိရိစ္ဆာန်ရုံထဲက သံလှောင်အိမ်တိုင်တွေနောက်ကခြင်္သေ့တစ်ကောင်လိုပါပဲလား အစာခွက်လာချတဲ့အချိန်မှာထစားပြီး ၇ ပေ ၈ ပေပတ်လည်လှောင်အိမ်ထဲဟိုဘက်ဒီဘက်လမ်းထလျှောက်ဟိန်းဟောက်ပြီးတော့ ဒေါင့်တစ်နေရာမှာပြန်လှဲလျောင်းလိုက်သလိုပဲ ဒီခြင်္သေ့ဟာ သူကိုယ်တိုင်ပင်ပင်ပန်းပန်းသားကောင်ရှာစရာမလိုသလို့ တိရိစ္ဆာန်ရုံဝန်ထမ်းတွေရဲ့ ပုံမှန်အစာကျွေးတာကြောင့် ငတ်ပြတ်သေသွားမှာတော့မဟုတ်ပါဘူး ဒါပေမဲ့ သူ့ဘဝကို ကျွန်မတို့လွတ်လပ်တယ်လို့ခေါ်လို့ရမလား?

အဲ့ဒီလိုပဲ ကိုလိုနီကျွန်ပြုခြင်းလက်အောက်ကနေ လွတ်လပ်ရေးရပါပြီလို့ကြွေးကြော်လာကြတဲ့မြန်မာပြည်လိုမျိုးနိူင်ငံတိုင်းမှာရော ကိုလိုနီခေတ်ပြီးဆုံးပြီလို့ကြေငြာလိုက်တိုင်း တကယ်တမ်းအဲ့ဒီ့နေရာဒေသကလူသားတွေ၊ အကောင်ပလောင်တွေ၊ အပင်တွေ၊ သယံဇာတတွေ၊ မြေကြီးတွေဟာချက်ချင်းလက်ငင်းလွတ်မြောက်သွားရောတဲ့လား? အဲ့ဒီကိုလိုနီစနစ်နောက်ကကျန်ရှိခဲ့တဲ့အကြွင်းအကျန်တွေက မျက်စိနဲ့တောင်မြင်ရချင်မှမြင်ရမယ် ဒါပေမဲ့စိမ့်ကျန်နေခဲ့သေးတယ်မဟုတ်ဘူးလား?

ခေတ်ကာလတွေကနေ လွတ်လပ်သွားပေမဲ့ စနစ်တွေကနေ လွတ်မြောက်သွားလို့လား?

ကိုလိုနီစနစ်ကိုချွတ်ချခြင်းအကြောင်းကျွန်မပြောတိုင်းမှာ “ပြီးခဲ့တာတွေလည်းပြီးပါပြီ ထားလိုက်ပါတော့ ဘာလို့နောက်ချေးခြောက်ရေနှူးနေဦးမလဲ”ဆိုတာ ခဏခဏကြားရလေ့ရှိတဲ့စကားတစ်ခွန်းပါပဲ ဒါပေမဲ့ တကယ်တမ်းကိုလိုနီသဘောတရားတွေဟာ အတိတ်ပဲဆိုလို့ရှိရင် ကျွန်မတို့ ဘာလို့ အဖြူမှအထင်ကြီးကြတာလဲ? အခုလက်ရှိတော်လှန်ရေးကြီးထဲမှာတောင်မှ အမေကျော်ဒွေးတော်လွမ်းတွေသိပ်ပြောချင်နေသေးကြတာလဲ? အောင်မြင်မှုတို့၊ လွတ်လပ်မှုတို့၊ တိုးတက်မှုတို့ကို အဲ့ဒီသခင်”ဟောင်း”ကြီးတွေရဲ့ပေတံတွေနဲ့မှတိုင်းတာနေချင်သေးရတာလဲ? မေးခွန်းတွေပဲပြန်ထုတ်ရပါတော့မယ်

ကျွန်မတို့ပတ်ပတ်လည်မှာ ဝန်းရံထားတာတွေက သံတိုင်တွေတော့မဟုတ်တော့ပါဘူး မျက်စိနဲ့လည်းမြင်လို့မရ၊ လက်နဲ့လည်းဆုပ်ကိုင်လို့မရတဲ့ လေဟာနယ်တွေပဲ ဒါပေမဲ့ အရင်ရှိနေခဲ့တဲ့သံတိုင်တွေရဲ့နေရာတွေကနေလွန်ပြီး ကျွန်မတို့ခြေမကျွံရဲကြဘူးဖြစ်နေတာ ဘာကြောင့်လဲ?

အောင်ဖုန်းမော်ရဲ့ ၂၀၂၀ ခုနှစ်တုန်းက We Resist – Burma မှာရေးခဲ့တဲ့ “လွတ်လပ်ခြင်းရဲ့အဖိုးအခကသေခြင်းတရားပဲ” ဆိုတဲ့ဆောင်းပါးထဲကလိုမျိုး သေဆုံးခြင်းသည်သာလျှင်စစ်မှန်တဲ့လွတ်‌လပ်ခြင်းလို့လည်း ဖိုဆန်ဆန် ကျွန်မအာဘော်မထုတ်ချင်ပြန်ပါဘူး ကျွန်မ‌တို့တွေလို လူမျိုးရေးအရသော်လည်းကောင်း၊ ဂျန်ဒါအရသော်လည်းကောင်း၊ လူတန်းစားအရသော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် စနစ်ကိုယ်နှိုက်ကိုက သေစေချင်နေတဲ့သူတွေအဖို့တော့ သေဆုံးခြင်းတိုင်းဟာ လွတ်မြောက်ခြင်းမှမဟုတ်တာပဲလေနော် (အောင်ဖုန်းမော်ရဲ့အာဘော်က လူမည်းတက်ကြွလှုပ်ရှားသူ Malcom X ရဲ့အဆိုကိုအခြေတည်ပြီး လူဖြူပညာရှင်ဟေဂယ်ရဲ့ သခင်နဲ့ကျွန်ဆိုတဲ့ dichotomy ကိုသုံးသပ်ထားတာဖြစ်ပါတယ် ဒီနေရာမှာ ဟေဂယ်ရေးခဲ့တဲ့ကျွန်ဆိုတာ လူမည်းတွေကြုံတွေ့ခဲ့တဲ့ slavery လူသားကိုပစ္စည်းဥစ္စာအသွင်သာမှတ်ယူခံရတဲ့ကျွန်စနစ်ကိုဆိုလိုတာပါပဲ ဒီနေရာမှာ slavery အပြင်အရင်းရှင်စနစ်လိုစနစ်တွေရဲ့ကျွန်ဘဝကနေရော လွတ်လပ်ဖို့ဆို သေခြင်းဟာ အဖိုးအခပဲလားဆိုတာ ကျွန်မစိတ်ဝင်စားမိတယ် လူမည်းယောင်္ကျားပညာရှင် မယ်လ်ကွန်အဖို့တော့ သေခြင်းကသာလျှင်လွတ်လပ်ခြင်းဖြစ်တယ်လို့ဆိုခဲ့ပေမဲ့ လူမည်းအမျိုးသမီးဖီမီနင့်တွေအနေနဲ့ကတော့ သေခြင်းကိုလွတ်မြောက်ခြင်းလို့မခံယူတာကတော့ စိတ်ဝင်စားစရာပါပဲ လူမည်းလွတ်မြောက်ရေးထဲကဂျန်ဒါသဘောတရားတွေကိုတော့ အောင်ဖုန်းမော်ထည့်မဆွေးနွေးထားပါဘူး)

လူမည်းဖီမီနင့်အတွေးအခေါ်ပညာရှင်တွေရဲ့ နူးညံ့သိမ်မွေ့လှတဲ့ “မိမိကိုယ်ကိုပြုစုပျိုးထောင်ခြင်းဟာလည်း လွတ်မြောက်ရေးအတွက်ဝမ်းစာဖြည့်ခြင်းဖြစ်သည်” ဆိုတဲ့စကားကိုလည်း ဖီမီနင့်တစ်ယောက်အနေနဲ့ ကျွန်မလက်ခံပြန်တယ် (ဒီစကားကတော့ အောဒရီလော့ဒ် Audre Lorde က သူ့မှာကင်ဆာရောဂါရှိတယ်လို့သိလာပြီးတဲ့နောက်ပြောခဲ့တာပါ “Caring for myself is not self-indulgence. It is self-preservation, and that is an act of political warfare.” “ငါ့ကိုယ်ငါဂရုစိုက်ခြင်းသည် ငါ့ကိုယ်ငါအလိုလိုက်နေတာမဟုတ်ပါဘူး အဲ့ဒါဟာ ငါ့ကိုယ်ငါစောင့်ရှောက်ခြင်းဖြစ်တယ် အဲ့လိုစောင့်ရှောက်တာကလည်း တိုက်ပွဲဝင်ဖို့ပြင်ဆင်တဲ့လုပ်ရပ်တစ်ခုပဲ”)

တစ်ပြိုင်နက်တည်းမှာလည်း ဒီလိုမိမိကိုယ်ကို စစ်မှန်တဲ့လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ဖို့ပျိုးထောင်တဲ့စကားတွေကို အရင်းရှင်စနစ်ရဲ့နီရိုလစ်ဘရယ်စနစ်တွေက ပုံဖျက်လိုက်ကြပြန်တယ်ဆိုတာလည်း ကျွန်မသတိမူမိပါတယ် ဥပမာ – ဖယောင်းတိုင်ထွန်းပါတို့၊ ဝိုင်သောက်ပါတို့၊ ရေစိမ်ပါတို့အစရှိတဲ့ စားသုံးသူဓလေ့ (consumer culture) ပိုမိုထွန်းကားလာစေတဲ့ self-care trend တွေပေါ်လာတာပေါ့လေ အောက်မှာ ၂၀၂၁ ခုနှစ် အသက် ၃၆ နှစ်အရွယ်မှာဆုံးပါးသွားခဲ့တဲ့ နိူင်ဂျီးရီးယန်းမနုဿဗေဒပညာရှင် အိုမိုတာရိုဂျိုလောင်ရှို (Omotayo Jolaosho) ရဲ့ “Self-care ဆိုတာနဲ့ဘာကြောင့်မလုံလောက်ဘူးလဲ?” ဆောင်းပါးလင့်ခ်ထည့်ပေးထားပါတယ် Self-care အကြောင်းကတော့ သီးသန့်ထပ်စဉ်းစားစရာတွေအများကြီးရှိပါသေးတယ်

လွတ်လပ်ခြင်းကို freedom လို့သာကျွန်မတို့သတ်မှတ်နားလည်သဘောပေါက်ကြတယ်ဆိုရင် လွတ်လပ်ခြင်းဟာ ရယူဖို့လွယ်ကူတာပဲလို့ကျွန်မတော့ထင်တယ် ဒါကတော့ ဘယ်သူမဆို လူကြီးရယ်လို့ဖြစ်ပြီဆိုရင် ကိုယ်လုပ်ချင်တာကိုအနည်းနဲ့အများတော့လုပ်လို့ရကြတာပဲမလား? အမေရိကန်နိူင်ငံရဲ့ပဋိညာဉ်ထဲမှာပါတာဆိုရင်တော့ “အမေရိကန်နိူင်ငံသားမည်သူမဆို ပျော်ရွှင်မှုကိုလွတ်လပ်စွာလိုက်စားပိုင်ခွင့်ရှိရမည်”တဲ့‌လေ ဟုတ်ပါတယ် ဘယ်သူမဆိုလွတ်လပ်စွာမိမိဘဝကိုထုဆစ်ပိုင်ခွင့်ရှိပါတယ် ခက်တာက အဲ့ဒီ့လွတ်လပ်မှုဟာလည်းပဲ အကန့်အသတ်တွေထဲကလွတ်လပ်မှုကြီးပဲဖြစ်နေပြန်တာပဲ အရင်ကမလွတ်လပ်ခဲ့တဲ့လူအုပ်စုတွေ၊ နိူင်ငံတွေအဖို့လည်း လွတ်လပ်ရေးနေ့ကတော့ ဒါပါလို့ကြေငြာစာတမ်းထိုးပြီး ရပ်ကွက်ထဲ ကလေးတွေထုပ်စီးတိုးကစားခွင့်ပေးပြီး လွတ်လပ်လိုက်လို့ရကြတာပဲ (အဲ့ဒါကြောင့်လည်း မြန်မာပြည်စစ်အာဏာရှင်စနစ်ကနေ နိူင်ငံနယ်နိမိတ်ကျော်လိုက်တာနဲ့ လွတ်လပ်သွားပြီလို့တချို့ကကြွေးကြော်‌နေကြတာပဲမဟုတ်ဘူးလား? တကယ်တမ်းက နိူင်ငံနယ်နိမိတ်ဆိုတာတွေရှိနေသေးသရွေ့ ကျွန်မတို့ကလွတ်မြောက်တာမှမဟုတ်တာ)

ဒါပေမဲ့ ကျွန်မတို့အတွက် ရယူဖို့နဲ့ကျင့်သုံးဖို့ (တစ်ခါတစ်လေမြင်ယောင်ဖို့အတွက်တောင်) ပိုခက်နေတာက liberation လို့ခေါ်တဲ့လွတ်မြောက်ခြင်းပဲ ကျွန်မမိတ်ဆွေရဲ့ဥပမာကိုပြန်ကြည့်ရင် အလုပ်ရလို့သူပျော်ရွှင်သွားတဲ့ပျော်ရွှင်မှုတိုင်းနောက်မှာ အစစ်အမှန်လွတ်မြောက်ခြင်းထက် ပိုမိုချုပ်တည်းမှုတွေသာလိုက်ပါလာတာကိုတွေ့ရတယ် အလုပ်ကြောင့် ရမဲ့ပိုက်ဆံ၊ သေချာပြီလို့ခံစားရတဲ့ဘဝတွေဟာ တကယ်တမ်းတော့ ကျွန်မတို့တွေကို ပူးကြွက်တွေပန်းတိုင်မရှိပြေးဆော့နေတဲ့ဘီးလုံးတွေပေါ်လမ်းကြောင်းတည့်ပေးလိုက်ရုံသာဖြစ်‌နေတယ် လွတ်လပ်လှပါပြီလို့ထင်ထားတဲ့ဘဝတွေမှာ အိမ်လခပေးစရာတွေရှိနေတယ်၊ သားငါးဟင်းသီးဟင်းရွက်ဈေးတွေတက်လိုက်ကျလိုက်ဖြစ်နေတယ်၊ ဗိုက်တွေပိန်လိုက်ဖောင်းလိုက်ဖြစ်နေကြတယ် ဒီနေ့လစာစားလူတစ်ယောက်ဖြစ်ပေမဲ့ နေ့ချင်းညချင်းအလုပ်ပြုတ်ပြီး နေစရာစားစရာမရှိဖြစ်သွားနိူင်တယ် အဲ့လိုမဖြစ်အောင် လွတ်လပ်တယ်ဆိုတဲ့လူသားကြီးဟာ မလွတ်မလပ်နဲ့ရှေ့ရေးကိုပူပန်ကြိုတင်ပြင်ဆင်နေရပြန်တယ်

ထင်ယောင်ထင်မှားပုံဖျက်ခံထားရတဲ့လွတ်လပ်ရေးနဲ့မတူတဲ့ လွတ်မြောက်ရေးဆိုတာကတော့ ဒီဘီးလုံးတွေနောက်ကတပ်ဆင်မှုယန္တရားတွေကနေပါ၊ အဲ့ဒီ့ဘီးလုံးတွေအပေါ်တက်ခွင့်ရလို့သာယာမိတဲ့စိတ်တွေကနေပါ လွတ်မြောက်ခြင်းလို့ ကျွန်မကတော့မြင်မိတယ်

လွတ်မြောက်ခြင်းဟာ ကျွန်မအတွက်တော့ လွတ်လပ်ရေးလိုမျိုး တစ်သီးပုဂ္ဂလတည်းရယူလို့ရတဲ့အရာမျိုးမဟုတ်ပါဘူး တစ်ယောက်တည်းကနေကွက်ပြီး လွတ်မြောက်နေလို့မရဘူး မြန်မာပြည်စစ်အာဏာရှင်ကိုတော်လှန်နေပြီး လူဖြူကြီးစိုးရေးကိုမြှောက်ပင့်ပေးနေလို့မရဘူး မြန်မာပြည်တွင်းက လူမျိုးစုတစ်ခုချင်းစီရဲ့လွတ်မြောက်ရေးကိုအားပေး‌ထောက်ခံနေပြီး တစ်ကမ္ဘာလုံးက နယ်နိမိတ် (border) တွေကိုဆက်လက်ထိန်းသိမ်းပါလို့ဆိုလို့မရဘူး နိူင်ငံရေးဒုက္ခသည်တွေကို ရွှေ့ပြောင်းနေရာချပါလို့ဆော်ဩနေပြီး ရေကြည်ရာမြက်နုရာရွှေ့ပြောင်းသူတွေကို သူတို့ကတော့ တရားမဝင်လူလိမ်တွေပါလို့သမုတ်လို့မရဘူး ပူစီပါသူမိန်းမတွေကိုနေရာပေးပါလို့ကြွေးကြော်နေပြီး လူဖြူယောင်္ကျားမဟုတ်သူ လူမည်းလူညိုယောင်္ကျားတွေရဲဖမ်းခံရနည်းလားလို့ ကျွန်မတို့မျက်နှာသာပေးလို့မရဘူး နိူင်ငံရေးအကျဉ်းသားတွေလွှတ်ပေးလို့အော်ပြီး ထောင်တွေဆက်ဖွင့်ထားလို့မရဘူး စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအော်ပြီး ‌စည်းကမ်းနဲ့ညီညွတ်တဲ့စစ်တပ်တော့လိုအပ်သေးတယ်လို့ပြောလို့မရဘူး

လွတ်မြောက်ရေးဟာ လွတ်လပ်ရေးလို တစ်ကိုယ်‌ရည်ကွက်ကျားမိုးရွာလို့မရဘူး လွတ်မြောက်ရေးမှာ double standard တွေထားလို့မရဘူး လွတ်မြောက်ရေးကို လွတ်လပ်ရေးလိုပက်ကင်ထုတ်တံဆိပ်ကပ်‌ရောင်းစားလို့မရဘူး ရှိနေပြီးသားအဲ့ဒီ့စနစ်တွေအကုန်လုံးကိုဖြိုချဖျက်စီးပြီးမှသာလျှင် ကျွန်မတို့အကုန်စစ်မှန်တဲ့လွတ်မြောက်ခြင်းအရသာဆိုတာကိုခံစားကြရမှာဖြစ်တယ်

ကျွန်မရဲ့စာတွေကို တချို့ကဝေဖန်ကြပါတယ် negative အရမ်းဆန်တယ်တဲ့လေ ဟုတ်မှာပါ လှောင်အိမ်ထဲမှာ ဒီအတိုင်းလေး ဟိုဘက်ဒီဘက်လျှောက်ခွင့်ရတိုင်းပျော်ချင်မိစိတ်တွေ၊ အစာခွက်ထဲမှာ တစ်ခါတစ်ရံပါလာတဲ့မြိန်ရေရှက်ရေအသားစတွေဟာ တဒင်္ဂတွေပါလို့ဆိုပြီး လူတွေရဲ့ပျော်ရွှင်မှုတွေကို ကျွန်မကသတ်ပစ်နေသလိုဖြစ်တာကိုး ဒါပေမဲ့တကယ်က လူတွေကို ဒီတဒင်္ဂအပျော်တွေကို မခံစားပါနဲ့လို့ ကျွန်မဆိုချင်တာမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်လည်း အဲ့ဒီ့တဒင်္ဂအပျော်တွေမှာတဒင်္ဂစီးဝင်မိတတ်တာပါပဲ ဒါပေမဲ့ တဒင်္ဂတွေကို ထာဝရတစ်သက်တာကမ္ဘာလို့ ထင်သွားမိမှာကိုတော့ကျွန်မကြောက်မိတယ် တဒင်္ဂပညတ်ချက်တွေနဲ့ ကျွန်မတို့အချင်းချင်းရဲ့တန်ဖိုးဆိုတာတွေကိုချိန်ခွင်ထဲ အလေးနဲ့ထည့်ချိန်လိုက်ကြမှာ၊ ထည့်ချိန်လိုက်မိမှာကိုတော့ ကျွန်မကြောက်မိတယ် အဲ့ဒီအကြောက်တရားတွေကနေ ကျွန်မစစ်စစ်မှန်မှန်လွတ်မြောက်လွန်းချင်မိတယ်

ပုံ – ညနေနေဝင်ရီတရောတွင် ထီးထီးတွေ့ရသော “ဒေါ်လာသစ်ပင်” ဆိုင်းဘုတ်

အောင်ဖုန်းမော်ရေးသားခဲ့တဲ့ “လွတ်လပ်ခြင်းရဲ့အဖိုးအခက သေခြင်းတရားပဲ” ဆောင်းပါး

အော်ဒရီလောဒ် (Audre Lorde) ရဲ့ အလင်းတန်းတစ်ဖောက်နှင့်အခြားဆောင်းပါးများစာအုပ် (A Burst of Lights and Other Essays) စာအုပ်

နိူင်ဂျီးရီးယန်းမနုဿဗေဒပညာရှင် အိုမိုတာရိုဂျိုလောင်ရှို (Omotayo Jolaosho) ရဲ့ “Self-care ဆိုတာနဲ့ဘာကြောင့်မလုံလောက်ဘူးလဲ?” ဆောင်းပါး

ကိုလန်ဘီယာတက္ကသိုလ်ဘွဲ့ကြိုဥပဒေရီဗျူးစာစောင်တွင် ၂၀၁၆ ခုနှစ်ကထုတ်ပြန်ခဲ့သော “ပဋိညာဉ်များတွင်ထည့်သွင်းစဉ်းစားသောပျော်ရွှင်မှု” ဆောင်းပါး

ကျွန်မရေးသားခဲ့သော “ရက်စက်တဲ့အကောင်းမြင်မှု” ဆောင်းပါး

ကျွန်မရေးသားခဲ့သော “မှိုပွင့်များ” ဆောင်းပါး

မှိုပွင့်များ

 

ငါသေရမယ်ဆိုရင်

မူရင်းကဗျာကို ရာဖစ် အာလာရီရာ (Rafaat Alareer)ရေးသားပြီး သွေးဆော်ကြဂျာနယ်တွင်ဖော်ပြရန် မခြင်္သေ့ဘာသာပြန်သည်။ ရာဖစ် အာလာရီရာသည် ပါလက်စတိုင်းကဗျာရေးသူ၊ စာပေပညာရှင်၊ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး “ဂါဇာ၏အသံ” ဟူ၍လူသိများသည်။ အာလာရီရာသည် ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့သော ပါလက်စတိုင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် “ငါတို့သည် နံပါတ်များမဟုတ်ပါ” ပရောဂျက်တည်ထောင်သူတစ်ဦးလည်းဖြစ်သည်။ ထိုအဖွဲ့သည် “သတင်းမီဒီယာများတွင်ဖော်ပြခံရသော ပါလက်စတိုင်းလူမျိုးနံပါတ်များကိုကျော်လွန်ပြီး ဂါဇာမှပါလက်စတိုင်းလူငယ်များ၏ပုံပြင်များ”ကို ကမ္ဘာကိုပြောပြရန် စာရေးသူများနှင့်ပါလက်စတိုင်းလူငယ်များကြားပေါင်းကူးပေးသောအဖွဲ့တစ်ခုဖြစ်သည်။ အာလာရီရာသည် “အသံကျယ်ကျယ်ဂါဇာ” (Unsilenced Gaza) စာအုပ်၊ “ဂါဇာကစာပြန်ရေးသည် – ဂါဇာမှ လူငယ်ပါလက်စတိုင်းစာရေးသူများ၏ဝတ္ထုတိုများ” (Gaza Writes Back – Short Stories by Young Writers in Gaza, Palestine) စာအုပ်တို့ကိုပူးတွဲတည်းဖြတ်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အစ္စရေးဝေဟင်စစ်ဆင်ရေးကြောင့် အာလာရီရာအသက်သေဆုံးခဲ့သည်။

 

ငါသေရမယ်ဆိုရင်

 

ငါသေရမယ်ဆိုရင်

မင်းဆက်အသက်ရှင်ရမယ်

ငါ့အကြောင်း သူများတွေကိုပြောပြဖို့

ငါ့ပစ္စည်းတွေကို ရောင်းချပေးဖို့

အဝတ်စတစ်စနဲ့

ချည်ကြိုးတချို့

(အဖြူရောင်နဲ့ အမြီးရှည်ရှည်လေးဆို ပိုကောင်းမယ်)

ဝယ်ပါ

ဂါဇာတစ်နေရာက ကလေးတစ်ယောက်ရဲ့

မျက်လုံးထဲမှာ နိဗ္ဗာန်ကိုမြင်စေဖို့–

သူ့ခန္ဓာအသွေးအသား

သူ့ကိုယ်သူတောင်

ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ–

တဟုန်းဟုန်းတောက်လောင်နေတဲ့မီးတောက်တွေထဲတိုးဝင်သွားတဲ့ သူ့အဖေကိုစောင့်နေတုန်း

မင်းလုပ်ပေးတဲ့ငါ့ရဲ့စွန်ကြိုး မိုးပေါ်ကို

မြင့်

တက်ပျံနေတာကိုတွေ့ဖို့

‌ကောင်းကင်မှာ

ချစ်ခြင်းမေတ္တာတွေ ပြန်လည်သယ်ယူလာပေးမဲ့

နတ်ဖုရားတွေရှိသေးတယ်ဆိုတာ သိစေဖို့

ငါသာသေရမယ်ဆိုရင်

ငါ့သေခြင်းက မျှော်လင့်ချက်တွေသယ်ယူလာပေးပါစေ

ငါ့သေခြင်းက ဒဏ္ဍာရီအဖြစ် ကျန်ရစ်ပါစေ

 

– ရာဖစ် အာလာရီရာ

 

အာလာရီရာ၏ “ငါသေရမယ်ဆိုရင်” ကဗျာကို သွေးဆော်ကြ (Agitate) ဂျာနယ်တွင် တယ်လူဂူ၊ တမီး၊ ဟိန္ဒီ၊ ကာနာဒါ၊ မာလေယာလန်၊ ဘန်းဂလား၊ ဂူဂျာရာသီ၊ စင်ဟာလား၊ ပွန်ချာပီ၊ မာရာသီနှင့် ဖာစီဘာသာပြန်တို့ဖြင့်ဖတ်ရှုနိူင်သည်။

တိတ်ဆိတ်မှုကို စကားလုံးနှင့်လုပ်ရပ်အသွင်သို့ပြောင်းလဲခြင်း

မူရင်းမိန့်ခွန်းကို အော်ဒရီလော့ဒ် (Audre Lorde) က အမေရိကန်နိူင်ငံ အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့တွင် ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော မော်ဒန်ဘာသာစကားဆိုင်ရာအစည်းအရုံး၏ “လက်စဘီယန်နှင့်စာပေရေးရာ”ပန်နယ်တွင် ဟောပြောခဲ့ပြီး မခြင်္သေ့ဘာသာပြန်သည်။ မိန့်ခွန်းကို ဆောင်းပါးအသွင်နှင့် ၁၉၇၈ ခုနှစ်ထုတ် “မကောင်းဆိုးဝါးဗဟုသုတများ” (Sinister Wisdom) ဂျာနယ်နှင့် ၁၉၈၀ ခုနှစ်ထုတ် “ကင်ဆာဂျာနယ်များ” (The Cancer Journals) တို့တွင်ထုတ်ပြန်ခဲ့သည်။

အော်ဒရီလော့ဒ် (Audre Lorde) (၁၉၃၄-၁၉၉၂) သည် လက်စဘီယန်ကဗျာဆရာ၊ ဆောင်းပါးရှင်၊ စာကြည့်တိုက်မှူး၊ ဖီမီနင့်နှင့် လူသားတန်းတူအခွင့်အရေးရရှိရေးဆိုင်ရာတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ လော့ဒ်ကို ကာရေဘီယန်၊ ဂရာနာဒါကျွန်းစုမှရွှေ့‌ပြောင်းအခြေချသူမိသားစုမှ ၁၉၃၄ ခုနှစ်တွင် အမေရိကန်နိူင်ငံ နယူး‌ယောက်မြို့တွင်ဖွားမြင်သည်။ မက်ဆီကိုအမျိုးသားတက္ကသိုလ်တွင် ပညာသင်ကြားခဲ့စဥ် မိမိကိုယ်ကို လက်စဘီယန်ဟုစတင်အသိအမှတ်ပြုခဲ့သည်။ နယူးယောက်မြို့သို့ပြန်လည်အခြေချပြီး ဟန်တာကောလိပ်၌ (Hunter College) ပညာသင်ကြားခဲ့စဥ် ၄င်း၏ လက်စဘီယန်ဖြစ်တည်မှုကို ပုန်းလျှိုးကွယ်လျှိုးနေထိုင်ခဲ့ရသည်။ ၁၉၅၉ ခုနှစ်တွင် ဟန်တာကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ကိုလန်ဘီယာတက္ကသိုလ် (Columbia University) မှ စာကြည့်တိုက်သိပ္ပံမဟာဘွဲ့ကို ၁၉၆၁ ခုနှစ်တွင်ရရှိခဲ့သည်။ ၁၉၆၀ ပြည့်နှစ်ကာလတစ်လျှောက် လော့ဒ်သည် စာကြည့်တိုက်မှူးအဖြစ်လုပ်ကိုင်ခဲ့သည်။ လော့ဒ်တွင် ၄င်း၏ လူဖြူ ဂေး (gay) ခင်ပွန်းသည် အက်ဒဝပ်ရိုလင်း (Edward Rollins) နှင့် ၁၉၇၀ ခုနှစ်အထိပေါင်းသင်းခဲ့ပြီး သားသမီးနှစ်ယောက်ထွန်းကားခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ၄င်း၏ ဘဝကြင်ဖက် ဖရန့်စစ်ကလေတန် (Frances Clayton) နှင့်တွေ့ဆုံခဲ့သည်။ လော့ဒ်သည် ရင်သားကင်ဆာကို ၆ နှစ်တာမျှခံစားခဲ့ရပြီး အသည်းကင်ဆာကိုထပ်မံခံစားခဲ့ရသည်။ ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ အသက် ၅၈ နှစ်အရွယ်တွင် ထိုကင်ဆာရောဂါများနှင့်ကွယ်လွန်သည်။

ဘာသာပြန်မှတ်ချက်များကို သီးသန့်ဆောင်းပါးအနေနှင့်‌ရေးသားသွားရန် ကြံရွယ်ထားပါသည်။  

 
 

ထပ်ခါထပ်ခါပိုပိုပြီးငါသတိထားမိလာတာတစ်ခုက ငါ့အတွက်အရေးကြီးတဲ့ကိစ္စတွေကို ဘယ်လောက်ပဲ အများကနားလည်မှုလွဲပါစေ၊ ဘယ်လောက်ပဲပုံပန်းသဏ္ဍာန်ဖျက်ကြပါစေ ပါးစပ်နှင့်ဖွင့်ပြောသင့်တယ်၊ အများနှင့်ဝေမျှသင့်တယ်ဆိုတာပဲ။ ဒီလိုစကားနဲ့ပြောဆိုခြင်းဟာ အခြားသောသက်ရောက်မှုတွေထက် ငါ့အတွက်ပိုပြီးအကျိုးရှိစေတယ်ဆိုတာပဲ။ ဒီနေ့ ငါဒီနေရာမှာ လူမည်းလက်စဘီယန်ကဗျာဆရာတစ်ယောက်အနေနဲ့ရှိနေပါတယ်။ ဒီလို အဓိပ္ပါယ်ဖွင့်ဆိုမှုတာဟာ ငါ့အသက်တည်ရှိဆဲဆိုတဲ့အချက် (ဒီအချက်ကပြောင်းလဲသွားနိူင်တာပဲလေ) အပေါ်မှာမူတည်နေပါတယ်။ လွန်ခဲ့တဲ့နှစ်လလောက်ကမှ ဆရာဝန်တွေက (တစ်ယောက်က ‌ယောင်္ကျားဆရာဝန်၊ နောက်တစ်ယောက်က မိန်းမဆရာဝန်) ငါ့ကိုပြောတယ်။ ရင်သားခွဲစိတ်ဖို့လိုလာပြီတဲ့။ အကျိတ်တော်တော်ဆိုးဝါးဖို့ရာနှုန်းက ၆၀ ကနေ ၈၀ ထိရှိတယ်တဲ့။ ဆရာဝန်တွေကို ငါ့ကိုပြောတာနဲ့ ခွဲစိတ်တာနဲ့ကြားကသုံးပတ်ဟာ ငါ့ဘဝတစ်ခုလုံးကို ငါ့အလိုမပါဘဲ ဇောက်ထိုးမိုးမျှော်ပြောင်းပြန်လှန်လိုက်သလိုပဲ။ ခွဲစိတ်မှုကအခုတော့ပြီးသွားပါပြီ။ အကျိတ်ကလည်း စိုးရိမ်စရာမရှိတော့ပါဘူး။ 

ဒါပေမဲ့အဲ့ဒီသုံးပတ်တွင်းမှာ ငါ့ဘဝဖြတ်သန်းလာမှုတစ်လျှောက်ကို ပြတ်ပြတ်သားသားပြန်ပြောင်းအောက်မေ့ကြည့်ဖြစ်ခဲ့တယ်။ အဲ့ဒီလိုပြန်ပြောင်းသတိရမှုက ငါ့ကိုခုထိလှုပ်ခတ်နေစေတုန်းပဲ။ တစ်ချိန်တည်းမှာလည်း ငါ့ကိုပိုပြီးသန်မာစေတယ်။ မိန်းမတွေတော်တော်များများက (ဒီနေ့ ဒီနေရာမှာရှိနေကြတဲ့သူတချို့တွေလည်း) ဒီခံစားချက်ကို ခံစားဖူးကောင်းခံစားမိကြမှာပါ။ အဲ့ဒီသုံးပတ်ထဲမှာ တိတ်ဆိတ်မှုတွေကိုစကားလုံးနဲ့လုပ်ရပ်အသွင်ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး ရှိနေခဲ့တဲ့ငါ့ရဲ့ခံစားချက်တွေကို ပိုမိုပီပြင်စေခဲ့တယ်။ 

 

မမြဲတဲ့အနိစ္စသဘောတရားကြောင့် ဘဝဟာဘယ်လောက်ပဲတိုတောင်းပါစေ ငါ့ဘဝအတွက်ငါဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာတွေကိုတွေးရင်း အဓိကအရေးကြီးတာတွေနဲ့ ငါမေ့လျော့ထားခဲ့တာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာခဲ့မိတယ်။ အဲ့ဒီအထဲမှာမှ ငါနောင်တအရမိဆုံးက ငါ့ရဲ့တိတ်ဆိတ်နေခဲ့မှုတွေပဲ။ ဘာတွေကိုငါကြောက်နေခဲ့တာလဲ? မေးခွန်းထုတ်ဖို့နဲ့ငါယုံကြည်ရာကိုဖွင့်ပြောဖို့ဆိုတာ နာကျင်ရကောင်းရနိူင်သလို တစ်ခါတစ်လေမှာအသက်တောင်ဆုံးရှုံးသွားနိူင်တယ်လေ။ ဒါပေမဲ့ ငါတို့အားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမြဲတမ်းနာကျင်နေကြသူတွေချည်းပဲမဟုတ်ဘူးလား? နာကျင်မှုကအဆုံးသတ်ရင်သတ်၊ မသတ်ရင် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပြန်လာတာပါပဲ။ သေဆုံးခြင်းကတော့နောက်ဆုံးအပြီးသတ်တိတ်ဆိတ်မှုပဲ။ သေခြင်းတရားက အခုချက်ချင်းရောက်လာနိူင်သလို ငါပြောချင်တာတွေပြောပြီးပြီလား၊ မပြီးသေးဘူးလား၊ ဒါမှမဟုတ် တစ်နေ့နေ့မှာတော့ဖွင့်ပြောမယ်ကြံထားတဲ့၊ ငါမဟုတ်တဲ့တခြားလူတစ်ယောက်ယောက်ကပြောကောင်းပြောမှာပါလို့တေးထားတဲ့ နည်းနည်းချင်းစီတိတ်ဆိတ်နေခဲ့တာတွေဖွင့်မပြောရသေးခင်မှာလည်း သေခြင်းတရားကရောက်လာနိူင်တာပဲ။ အဲ့ဒီ့မှာ မကြောက်တတ်ရင်အကောင်းဆုံးဆိုတာ ငါသိပေမဲ့လည်း အကြောက်တရားကနေတဆင့်ပြန်လည်သေချာဆင်ခြင်တတ်ဖို့လေ့လာသင်ယူခြင်းဟာလည်း ငါ့ကိုခွန်အားဖြစ်စေပြန်တယ်။ 

 

အခုမဟုတ်သေးရင် တစ်နေ့နေ့တော့ငါသေမှာပါပဲ။ တကယ်တမ်းငါပြောချင်တာတွေ ပြောရသေးသည်ဖြစ်စေ၊ မပြောရသေးသည်ဖြစ်စေ ငါသေမှာပါပဲ။ ငါ့ရဲ့တိတ်ဆိတ်မှုက ငါ့ကိုဘာအကာအကွယ်မပေးခဲ့သလို နင့်ရဲ့တိတ်ဆိတ်မှုကလည်း နင့်ကိုဘာအကာအကွယ်မှပေးမှာမဟုတ်ဘူး။ ဒါ‌ပေမဲ့ပြောလိုက်တဲ့စကားလုံးအစစ်အမှန်တစ်လုံးတိုင်းမှာ၊ ငါရှာဖွေနေဆဲဖြစ်တဲ့အမှန်တရားတွေကို ငါဖွင့်ပြောလိုက်တိုင်းမှာ တခြားသောမိန်းမတွေနဲ့ငါအဆက်အသွယ်ရခဲ့တယ်။ စကားလုံးတွေကို ငါ့တို့အားလုံးရှာဖွေနေတဲ့ကမ္ဘာတစ်ခုထဲမှာဝင်ဆန့်မဆန့် ငါတို့ရဲ့မတူညီချက်တွေကိုကျော်လွန်ပြီး အတူလေ့လာခွင့်ရခဲ့တယ်။ ဒီမိန်းမတွေအပေါ်မှာထားရှိတဲ့စိုးရိမ်ပူပန်မှုတွေ၊ ဂရုစိုက်မှုတွေက ငါ့ဘဝရဲ့အဓိကဖြစ်တည်မှုတွေကို ပြန်လည်ဆင်ခြင်သုံးသပ်နိူင်ဖို့ခွန်အားတွေပေးခဲ့တယ်။ ဒီကာလတစ်လျှောက်မှာ ငါ့ကိုခွန်အားဖြစ်စေခဲ့တဲ့မိန်းမတွေဟာ လူဖြူ၊ လူမည်း၊ အသက်ကြီးကြီးငယ်ငယ်၊ လက်စဘီယန်၊ ဘိုင် (bisexual)၊ လိင်မတူသူချင်းပဲချစ်ကြိုက်သူ (heterosexual) တွေအစုံပါတယ်။ 

မင်းမှာမရှိသေးတဲ့စကားလုံးတွေက ဘာတွေဖြစ်မလဲ? ဘာတွေပြောဖို့လိုအပ်မလဲ? နောက်ဆုံးမှာဖျားနာသေဆုံးသွားချိန်အထိ ရေငုံနှုတ်ပိတ်နေထားရတဲ့၊ နေ့စဥ်နေ့တိုင်းမျိုချထားတဲ့တရားမမျှတမှုတွေက ဘာတွေလဲ? ဒီနေ့ ပရိတ်သတ်ထဲကသူအချို့အတွက် ငါကလည်း မင်းတို့ရဲ့အကြောက်တရားတွေထဲကတစ်ခုဖြစ်နေနိူင်တာပါပဲ။ ဘာလို့လဲဆိုတော့ ငါကမိန်းမတစ်ယောက်၊ လူမည်းတစ်ယောက်၊ လက်စဘီယန်တစ်ယောက်၊ ငါလုပ်စရာရှိတာကိုလုပ်နေတဲ့လူမည်းမိန်းမသူရဲကောင်းကဗျာဆရာတစ်ယောက်က မင်းတို့ရောမင်းတို့အလုပ်မင်းတို့လုပ်နေလားလို့ လာမေးတာမို့လို့လေ။ 

 

ငါလည်းကြောက်တာပေါ့။ တိတ်ဆိတ်မှုကိုစကားလုံးအသွင်ပြောင်းတဲ့လုပ်ရပ်ဟာ မိမိကိုယ်ကိုလှစ်ဟာပြလိုက်တာပဲလေ။ အဲ့ဒါကြောင့် အမြဲတမ်းအန္တရာယ်ရှိနေနိူင်တယ်။ ဒါပေမဲ့ ဒီဟောပြောပွဲခေါင်းစဥ်နဲ့ အခက်အခဲအကြောင်း ငါ့သမီးကိုပြောပြတော့ သူကပြောတယ် “တိတ်ဆိတ်နေတဲ့သူတွေဟာ ဘယ်တော့မှလူဖြစ်ရကျိုးမနပ်ဘူးလို့ သူတို့ကိုပြောပြလိုက်စမ်းပါ။ ဘာလို့လဲဆိုတော့ မင်းရဲ့ရင်ထဲမှာဖွင့်ပြောချင်တဲ့တစ်စိတ်တစ်ပိုင်းကအမြဲတမ်းရှိနေတယ်မလား။ အဲ့ဒီအစိတ်အပိုင်းကိုလျစ်လျှူရှုထားလေလေ သူကပိုပြီးဆန္ဒပြင်းပြလာလေလေ၊ ပိုပြီးပူလောင်လာလေလေပဲ။ နောက်ဆုံးမှာ မင်းဖွင့်မပြောနိူင်တဲ့တစ်နေ့ ပါးစပ်ထဲကနေ မင်းကိုလက်သီးနဲ့ပြန်ထိုးလိမ့်မယ်” တဲ့။ 

 

တိတ်ဆိတ်တတ်မှုကြောင့် ငါတို့တစ်ယောက်ချင်းစီမှာ မျက်နှာတွေကကြောက်ရွံမှုတွေဖုံးနေတယ် — ရွံရှာစက်ဆုပ်သွားမှာကိုကြောက်တာ၊ မေးငေါ့ကြမှာကိုကြောက်တာ၊ ကဲ့ရဲ့ခံရမှာကိုကြောက်တာ၊ ဒါမှမဟုတ် အများသတိထားမိသွားကိုကြောက်တာ၊ စိန်ခေါ်ခံရမှာကိုကြောက်တာ၊ ဖျက်ဆီးခံရမှာကိုကြောက်တာ — အကြောက်တရားအမျိုးမျိုးပဲ။ ဒါပေမဲ့ အဲ့ဒီ့အကြောက်တရားတွေထဲက ငါ့အမြင်အရ ငါတို့အကြောက်ဆုံးက ငါတို့အမှန်တကယ်မရနိူင်တဲ့ကွက်ကွက်ကွင်းကွင်းမြင်သာထင်သာရှိခြင်းပဲ။ ပါးစပ်နဲ့ဖွင့်မပြောကြပေမဲ့လည်း လူမျိုးရေးမတူညီမှုတွေကိုပုံဖျက်ခံထားရတဲ့မြင်ကွင်းတစ်ခုလို အမြဲတစေဖန်တီးနေတဲ့ဒီနိူင်ငံ (အမေရိကန်နိူင်ငံ)မှာတော့ လူမည်းအမျိုးသမီးတွေဟာ တစ်ဘက်မှာတော့ လွန်လွန်ကျူးကျူးမြင်သာထင်သာဖော်ပြခံရပြီး နောက်တစ်ဘက်မှာတော့ လူမျိုးရေးခွဲခြားမှုတွေကြောင့် သူတို့ရဲ့လူဖြစ်တည်မှုတွေဟာ ဖုံးဖိထားခံနေပြန်တယ်။ အမျိုးသမီးလှုပ်ရှားမှုအရွေ့တွေထဲမှာတောင် လူမည်းအမျိုးသမီးတွေကိုဖုံးကွယ်ခံထားရတာတွေကို ခုချိန်ထိတိုက်ဖျက်နေရတုန်းပဲ။ အမေရိကားလို့ငါတို့ခေါ်ကြတဲ့ ဒီနဂါးတစ်ကောင်ရဲ့ပါးစပ်ထဲက ငါတို့ရဲ့လူမည်းဖြစ်တည်မှုတွေ ဆက်လက်တည်ရှိဖို့ဆိုရင် ငါတို့ကို လူသားဆန်ဆန်အသက်မရှင်သန်စေချင်ဘူးဆိုတဲ့ ပထမဆုံးသင်ခန်းစာကို ငါတို့အရင်ဆုံးလေ့လာကြရမှာပဲ။ ဒီနေ့ ဒီပွဲကိုတက်ရောက်လာကြတဲ့သူတွေအကုန်လုံးလည်း လူမည်းဖြစ်ဖြစ်မဖြစ်ဖြစ် ဒီသင်ခန်းစာကိုလေ့လာကြရမှာပဲ။ အဲ့ဒီလိုပဲ ထင်သာမြင်သာရှိခြင်းဟာငါတို့ကိုပိုမိုထိခိုက်စေသလို ထင်သာမြင်သာရှိခြင်းကလည်းငါတို့ရဲ့ကြီးမားလှတဲ့ခွန်အားပဲဖြစ်နေပြန်တယ်။ ဘာလို့လဲဆိုတော ငါတို့စကားလုံးတွေနဲ့ဖွင့်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ စက်သွားတွေက ငါတို့ကိုဖုန်မှုန့်သာသာဖြစ်သွားအောင် အမှုန့်ကြိတ်ကြမှာပဲလေ။ ငါတို့ရဲ့မျိုးဆက်သစ်တွေ၊ ညီအစ်မတွေ အလကားဖြစ်သွားချိန်၊ ငါတို့တွေကိုယ်တိုင်ပုံဖျက်ခံရပြီး ဖျက်ဆီးခံရချိန်၊ ကမ္ဘာကြီးအဆိပ်ခတ်ခံနေရချိန်မှာ ချောင်တစ်ချောင်မှာထိုင်ပြီး ဘာမှမပြောဘဲဆွံ့အနေချင်နေလို့ရပါတယ်။ ဒါပေမဲ့ ငါတို့တစ်ကိုယ်ရည်အတွက် လုံခြုံမယ်ထင်ရတဲ့ထောင့်တစ်ထောင့်မှာ ဘူးဆို့သလိုဆို့ပြီးထိုင်နေရုံနဲ့ ငါတို့ရဲ့အကြောက်တရားတွေက တစ်ပြားသားမှလျော့သွားမှမဟုတ်ပါဘူး။ 

 

ဒီနှစ်တော့ ငါ့အိမ်မှာ Kwanza (ကွန်ဇာ)ပွဲတော်ကိုကျင်းပဖြစ်တယ်။ ကွန်ဇာပွဲတော်က ခရစ်စမတ်ပြီးနောက်တစ်နေ့ကနေစပြီး ခုနစ်ရက်တိတိကြာတဲ့ ကောက်ရိတ်သိမ်းတာကိုကျင်းပတဲ့ အာဖရိကန်နွယ်ဖွားအမေရိကန်ပွဲတော်တစ်ခုဖြစ်တယ်။ ကွန်ဇာပွဲတော်မှာ ပွဲတော်ရက်တစ်ရက်ချင်းစီ လိုက်နာရမဲ့စုစုပေါင်းနည်းနာ (၇) ခုရှိတယ်။ ပထမနည်းနာက Umoja (အူမိုဂျာ) စည်းလုံးညီညွတ်ခြင်းလို့ခေါ်တယ်။ ဒါကတော့ မိမိကိုယ်ကိုနဲ့မိမိရပ်ရွာပတ်ဝန်းကျင်ကြားမှာ ညီညွတ်မှုနဲ့စုစည်းမှုကိုတည်ဆောက်ဖို့ဆုံးဖြတ်ချက်ချတာကိုဆိုလိုတယ်။ ဒုတိယနေ့အတွက်လိုက်နာရမဲ့နည်းနာကတော့ Kujichagulia (ကူဂျီချာဂူလီရာ) လို့ခေါ်တဲ့ မိမိကိုယ်ကိုပိုင်စိုးမှုပဲ။ အခြားလူတစ်ယောက်ကကိုယ်စားပြောဆိုအဓိပ္ပါယ်ဖွင့်ပေးခြင်းထက် မိမိကိုယ်ကိုပြဌာန်းပိုင်ခွင့်၊ မိမိကိုယ်ကိုအမည်ပေးပိုင်ခွင့်၊ မိမိကိုယ်တိုင်အတွက်ပြောဆိုပိုင်ခွင့်ကိုဆိုလိုတယ်။ ဒီကနေ့ကတော့ ကွန်ဇာရဲ့တတိယမြောက်နေ့ပဲ။ ဒီနေ့အတွက်လိုက်နာရမဲ့နည်းနာကတော့ Ujima (အူဂျီမာ)လို့ခေါ်တဲ့ အများနဲ့အတူလုပ်ဆောင်ရတဲ့အလုပ်နဲ့တာဝန်ယူမှုပဲ။ ဒါကတော့ မိမိကိုယ်ကိုနဲ့ငါတို့ရဲ့ရပ်ရွာပတ်ဝန်းကျင်ကို အတူတကွတည်ဆောက်ပြီးထိန်းသိမ်းဖို့ဆုံးဖြတ်ခြင်းနဲ့ ငါတို့ကြုံတွေ့နေရတဲ့ပြဿနာတွေကို အတူတကွသတိပြုပြီးဖြေရှင်းကြဖို့ပဲဖြစ်တယ်။ 

 

ငါတို့တွေတစ်ယောက်ချင်းစီ ဒီနေရာမှာရှိနေတာဘာကြောင့်လဲဆိုတော့ တစ်နည်းမဟုတ်တစ်နည်း စကားလုံးတွေရဲ့ပါဝါနဲ့ စကားလုံးတွေအ‌ပေါ်မှာ ငါတို့ကတိကဝတ်ပြုထားချက်တွေ၊ ငါတို့အပေါ်ဆန့်ကျင့်ဘက်ပြုစေခဲ့တဲ့စကားလုံးတွေရဲ့ပါဝါကိုပြန်လည်ရယူချင်စိတ်တွေကြောင့်ပဲမဟုတ်လား။ တိတ်ဆိတ်မှုတွေကို စကားလုံးတွေနဲ့လုပ်ရပ်အဖြစ်အသွင်ပြောင်းတဲ့အခါ ငါတို့တစ်ယောက်ချင်းစီရဲ့အခန်းကဏ္ဍကိုသေချာဖွင့်ဆိုသင့်တဲ့အပြင် အဲ့ဒီ့အသွင်ပြောင်းမှုထဲက ငါတို့တစ်ယောက်ချင်းစီရဲ့မရှိမဖြစ်အရေးပါလှတဲ့လုပ်ရပ်တွေကိုလည်း သေချာပြန်ဆန်းစစ်သင့်တယ်။ 

 

စာလုံးတွေနဲ့ကျင်လည်ကြတဲ့ငါတို့အတွက်ကတော့ ငါတို့ပြောတဲ့အမှန်တရားအပြင် အဲ့ဒီ့အမှန်တရားကိုပြောဖို့သုံးလိုက်တဲ့စကားလုံးတွေကိုပါ သေချာဆန်းစစ်ဖို့လိုအပ်တယ်။ တခြားသူတွေအဖို့တော့ အဓိပ္ပါယ်ရှိတဲ့စကားလုံးတွေကိုဖြန့်ဝေဖို့ဖြစ်ကောင်းဖြစ်နိူင်ပါတယ်။ ဒါပေမဲ့ အများစုအတွက်ကတော့ ငါတို့ယုံကြည်တဲ့၊ ငါတို့နားလည်နိူင်စွမ်းထက်ပိုသိနေတဲ့အမှန်တရားကို ပြောဆိုနေထိုင်သင်ကြားခြင်းက လွန်စွာပဓာနကျနေတယ်။ ဒီနည်းလမ်းကသာလျှင် ငါတို့ကိုရှင်သန်ခွင့်ပေးတယ်မဟုတ်လား။ ဖန်တီးမှုတွေ၊ ဆက်လက်တည်ရှိနေမှုတွေနဲ့ပြည့်နေတဲ့ဘဝမှာနေထိုင်တာကိုက တိုးတက်ခြင်းပဲဖြစ်တယ်။ 

ဒီလိုနေထိုင်တာဟာ အကြောက်တရားကင်းမှာတော့မဟုတ်ပါဘူး – အထူးသဖြင့် ထင်သာမြင်သာဖြစ်လာမှုအပေါ်အကြောက်တရား၊ ပြင်းထန်လှတဲ့စိစစ်မှုတွေ၊ ဝေဖန်ချက်တွေ၊ နာကျင်မှုတွေ၊ဆုံးဆုံးပြောရရင် သေခြင်းတရားတွေအပေါ်အကြောက်တရား။ ဒါပေမဲ့ အဲ့ဒီ့အကြောက်တရားတွေနဲ့အတူ ငါတို့နေထိုင်လာကြတာ ဘယ်လောက်ကြာပြီလဲ – သေခြင်းကလွဲလို့ဆိတ်ငြိမ်မှုတွေနဲ့ အဲ့ဒီ့အကြောက်တရားတွေနဲ့နေလာကြတာလေ။

 

ငါဟာမွေးကတည်းက ဆွံ့အလာခဲ့ရင် (ဒါမှမဟုတ်) လုံခြုံမှုအတွက် ဆိတ်ဆိတ်နေပါမယ်လို့ခံဝန်ကတိပြုထားခဲ့လာခဲ့ရင်တောင် ငါဟာနာကျင်မှုကိုခံစားနေရဦးမှာပဲ၊ ငါသေဦးမှာပဲဆိုတာ ငါ့ကိုယ်ငါပြန်သတိပေးမိတယ်။ နောက်ထပ်ရှုထောင့်တစ်ခုကနေဆင်ခြင်ကြည့်တာကောင်းတယ်။ 

မိန်းမတွေက သူတို့စကားသံတွေကြားရအောင် မြည်တမ်းငိုကျွေးနေကြချိန်မှာ အဲ့ဒီစကားလုံးတွေကို ရှာဖွေကြဖို့၊ ဖတ်ရှုကြဖို့၊ မျှဝေကြဖို့၊ အဲ့ဒီ့စကားလုံးတွေရဲ့ ငါတို့ဘဝတွေအပေါ်မှာသက်ရောက်မှုတွေကိုဆန်းစစ်ကြဖို့ ငါတို့တစ်ယောက်ချင်းစီမှာတာဝန်ရှိတယ်။ ငါတို့မကြာခဏလက်ခံထားကြတဲ့ အတုအယောင်ခွဲခြားမှုတွေနောက်မှာပုန်းကွယ်မနေကြဖို့လိုအပ်တယ်။ ဥပမာ – “လူမည်းမိန်းမတွေရဲ့စာတွေကို ငါမသင်တတ်ပါဘူး – သူတို့ရဲ့ဖြစ်တည်မှုက ငါ့ဖြစ်တည်မှုနဲ့ဝေးကွာလွန်းလှတယ်” အစရှိတဲ့ဆင်ခြေတွေပေါ့။ ဒါပေမဲ့ ပလေတိုတို့၊ ရှိတ်စပီးယားတို့၊ ပရု့စ်တို့ကိုတော့ သင်လာကြတာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ။ ‌နောက်ပြီးတော့ “သူကလူဖြူမိန်းမတစ်ယောက်ပဲ။ သူက ငါ့ကိုဘာပြောစရာရှိမှာလဲ?” “သူက လက်စဘီယန်တစ်ယောက်ပဲ။ ငါ့ယောင်္ကျား (ဒါမှမဟုတ်) ငါ့ဌာနမှူးက ဘယ်လိုထင်မလဲ?” ပြီးတော့ “ဒီမိန်းမက သူ့သားတွေအကြောင်းစာရေးတယ်။ ငါ့မှာတော့ ကလေးတစ်ယောက်မှမရှိဘူး။” ဒီလိုမပြီးဆုံးလှတဲ့နည်းလမ်းတွေနဲ့ ငါတို့ရဲ့လုပ်နိူင်စွမ်းတွေကို ငါတို့ကိုယ်တိုင်ပဲ ဓားပြပြန်တိုက်နေကြတာပဲမဟုတ်ဘူးလား။ 

 

ပင်ပန်းနေတဲ့ကြားက အလုပ်ဆက်လုပ်တတ်အောင် သင်ကြားထားရသလို ကြောက်နေတဲ့အချိန်မှာတောင် လုပ်စရာရှိတာဆက်လုပ်၊ ပြောစရာရှိတာဆက်ပြောတတ်အောင် ငါတို့လေ့ကျင့်လို့ရပါတယ်။ အကြောက်တရားကို ငါတို့လိုအပ်နေတဲ့စကားလုံးတွေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းတွေထက် ပိုမိုလေးစားတတ်အောင်လေ့ကျင့်ခံထားရတဲ့ငါတို့အတွက်တော့ အကြောက်တရားကင်းမဲ့မှုရဲ့အရသာကို တိတ်တိတ်ကလေးထိုင်စောင့်နေတုန်းမှာပဲ အဲ့ဒီ့တိတ်ဆိတ်မှုရဲ့အလေးချိန်က ငါတို့ရဲ့လည်မျိုတွေကို အတင်းညှစ်လိမ့်မယ်။ 

 

ဒီနေ့ဒီနေရာမှာ အားလုံးရှေ့မှာ ငါဒီစကားတွေကို ပြောနေတယ်ဆိုတဲ့အချက်ကိုက အဲ့ဒီ့တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး ငါတို့ကြားထဲမှာရှိနေတဲ့မတူညီမှုတွေကို ပေါင်းကူးပေးဖို့ကြိုးစားကြည့်တာပဲလေ။ ဘာလို့လဲဆိုတော့ မတူညီတာတွေက ငါတို့ကိုမှင်သေသေစေတာမဟုတ်ဘဲ တိတ်ဆိတ်မှုတွေကသာ ငါတို့ကိုအသေသတ်နေတာမို့လို့ပဲ။ ငါတို့ဆက်လက်ဖြိုခွင်းဖို့‌တိတ်ဆိတ်မှုတွေကတော့ ဒုနဲ့ဒေးကျန်သေးတယ်။

ပုံ – Audre Lorde (အောဒရီလော့ဒ်) ရဲ့ “တိတ်ဆိတ်မှုကို စကားလုံးနှင့်လုပ်ရပ်အသွင်သို့ပြောင်းလဲခြင်း” မူရင်းမိန့်ခွန်းအပါအဝင်အခြားသောဆောင်းပါးများကိုစုပေါင်းထုတ်ဝေခဲ့သော “ပြင်ပကညီအစ်မနှင့်အခြားဆောင်းပါးများ” စာအုပ်မျက်နှာဖုံး 

အာဖရိကန်ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သော Kwanza (ကွန်ဇာ)ပွဲတော်အကြောင်းဆက်လက်ဖတ်ရှုရန်

သစ်လွင်တဲ့ဂါဇာ

မူရင်းကဗျာ (New Gaza) ကို ပါလက်စတိုင်းကဗျာဆရာ မာဝန်မာကူလ် (Marwan Makhoul) ရေးသားဖွဲ့ဆိုပြီး မခြင်္သေ့ဘာသာပြန်သည်။ ဤမြန်မာဘာသာပြန်ကို အစ္စရေးနိူင်ငံ၏ ပါလက်စတိုင်းလူမျိုးများကို နှစ်ပေါင်းကြာရှည်မျိုးတုန်းသတ်ဖြတ်ဖိနှိပ်မှုကိုရှုံ့ချသောအနေနှင့် အမေရိကန်နိူင်ငံ မင်နီဆိုတာပြည်နယ်တက္ကသိုလ်အခြေစိုက် “သွေးဆော်ကြ” (အက်ဂျီတိတ် Agitate!) ဂျာနယ်တွင်ထုတ်ဖော်ပြသရန် ဘာသာပြန်ခဲ့ခြင်းဖြစ်သည်။

 

မာကူလ်ကို ၁၉၇၉ ခုနှစ်တွင် ပါလက်စတိုင်းလူမျိုးဖခင်နှင့် လက်ဘီနွန်လူမျိုးမိခင်တို့က ဂယ်လီလီးအထက်ပိုင်းဒေသ အယ်လ်ဘယ်ကွာအာရွာတွင်ဖွားမြင်ခဲ့သည်။ လက်ရှိတွင် တည်ဆောက်ရေးကုမ္မဏီတစ်ခုတွင် အင်ဂျင်နီယာတစ်ဦးအဖြစ်လုပ်ကိုင်နေပြီး ကဗျာ၊ စကား‌‌‌‌ပြေ၊ ပြဇာတ်ပေါင်းမြောက်မြားစွာကိုရေးသားထုတ်ဝေခဲ့သည်။ ၄င်း၏ပထမဆုံးပြဇာတ် “ဒါနိုရာရဲ့သင်္ဘောမဟုတ်ဘူး” (This is not Noah’s Ark) သည် ၂၀၀၉ ခုနှစ်တွင်ကျင်းပသောဧကပြဇာတ်ရုံပြပွဲ၌ အကောင်းဆုံးပြဇာတ်ရေးဆရာဆုကိုချီးမြှင့်ခြင်းခံခဲ့ရသည်။ ၄င်း၏ ထုတ်ဝေပြီးသားဖြစ်သော Hunter of Daffodils, Land of the Sad Passiflora, Verses the Poems Forgot with Me, Where Is My Mom, and A Letter from the Last Man အစရှိသည့်ကဗျာပေါင်းချုပ်စာအုပ်များမှ ကဗျာများကို ကမ္ဘာတစ်လွှား၌အာရပ်ဘာသာစကားဖြင့်ထုတ်ဝေခဲ့ပြီး ကဗျာအချို့ကို တေးသီချင်းအဖြစ်ပြန်လည်အသက်သွင်းခဲ့ကြသည်။

 

မာကူလ်၏က‌ဗျာများကို အင်္ဂလိပ်၊ တူရကီ၊ အီတလီ၊ ဂျာမန်၊ ပြင်သစ်၊ ဟီဘရူး၊ အိုင်းရစ်၊ ဆာဘီယန်၊ ဟိန္နူ၊ ပိုလန်၊ ဒတ်ချ်၊ အယ်လ်ဘေးနီးယန်းနှင့် မက္ကဆက်ဒိုးနီးယန်းဘာသာစကားများနှင့်ပြန်လည်ထုတ်ဝေခဲ့သည်။

 

အင်္ဂလိပ်ဘာသာပြန်နှင့် အူမန်နီရာ အယ်ခါလစ်ဖ် (Oumenia El Khalif) သရုပ်ဖော်ထားသောကဗျာရွတ်ဆိုပုံဖော်မှုကို “သွေးဆော်ကြ” ဂျာနယ်တွင်ကြည့်ရှုနိူင်သည်။

မှတ်ချက် – ကျွန်မသည် ကဗျာဘာသာပြန်ကို ပညာရပ်တစ်ခုသဖွယ်အထူးလေ့လာကျွမ်းကျင်ထားသူတစ်ဦးမဟုတ်သော်ငြား ပါလက်စတိုင်းလူမျိုးများ၏ရုန်းကန်မှုကို မြန်မာတစ်ယောက်အနေနှင့် အာဏာရှင်စနစ်၊ နိူင်ငံတော်စနစ်၊ မွတ်စလင်မုန်းတီး‌ရေး၊ လူမျိုးရေးခွဲခြားရေးအစရှိသော ပါလက်စတိုင်းနှင့်မြန်မာကြားမှ မျဥ်းပြိုင်ရုန်းကန်မှုများကိုမြင်ယောင်သဘောပေါက်မိသည့်အတွက် ကျွန်မ၏အတူတကွရပ်တည်မှုကိုပြသရန် ဒီကဗျာကို (အခကြေးငွေမယူဘဲ) ဘာသာပြန်ဖြစ်သောကြောင့် အမှားအယွင်းများပါရှိလျှင်သီးခံကြပါရန် စာဖတ်သူကိုကြိုတင်သတိပေးလိုပါသည်။

 

သစ်လွင်တဲ့ဂါဇာ

 

အချိန်မရှိတော့ဘူး

အမေ့သားအိမ်ထဲမှာပဲ ရစ်သီမနေနဲ့တော့

ငါ့သားလေး လာ မြန်မြန်လာ

မင်းကိုတောင်းတနေလွန်းလို့တော့မဟုတ်ပါဘူး

ဒါပေမဲ့ စစ်ပွဲရှိန်ကတော်တော်မြှင့်တက်လာနေပြီလေ

မင်းရဲ့နိုင်ငံကို ငါမြင်စေချင်သလို

မင်းမမြင်လိုက်ရမှာ ငါစိုးမိတယ်။

 

 

မင်းရဲ့နိုင်ငံက မြေကြီးသက်သက်ပဲမဟုတ်ဘူး

ငါတို့ရဲ့ကံဇာတာကို တွက်ကိန်းထုတ်ပြီးသေသွားတဲ့

ပင်လယ်ပြင်ကြီးထဲမှာလည်းမဟုတ်ဘူး

မင်းရဲ့နိုင်ငံက မင်းရဲ့လူတွေလေ။

လာကြည့်စမ်းပါ

ဗုံးဒဏ်ရာဗလပွမခံစားရသေးခင်ကငါတို့နိုင်ငံကို

အကြွင်းအကျန်တွေကို ငါလိုက်လံ‌‌ကောက်ယူရင်း

မရှိတော့တဲ့အရာတွေဟာ ဘယ်လောက်လှပခမ်းနားသလဲဆိုတာ

ငါ မင်းကိုသိစေချင်တယ်။

မင်းလိုမျိုးပဲ အပြစ်ကင်းစင်တဲ့ကလေးငယ်တွေ သူတို့မှာရှိခဲ့တယ်ဆိုတာ

လူသေအအေးခန်းတွေကနေ တလကြမ်းစီးတိုင်း

သူတို့လွှတ်ပေးလိုက်တဲ့ မိမဲ့ဖမဲ့ကလေးငယ်တွေရဲ့

မှီခိုရာအသက်သွေးကြောတစ်ခု။

 

 

မင်းနောက်ကျနေရင် ငါပြောတာကို

ယုံချင်မှလည်းယုံမယ် ဒါမှမဟုတ် ငါတို့နိုင်ငံဟာ

လူတွေမရှိတဲ့နယ်မြေတစ်ခုလို့ မင်းထင်ချင်ထင်မယ်

ငါတို့တွေတစ်ယောက်မှဒီမှာမရှိတော့ဘူးလို့ မင်းထင်ချင်ထင်မယ်။

နှစ်ခါနယ်နှင်ခံရပြီးနောက် ကံကိုအရွဲ့တိုက်ပြီး

ငါတို့ပုန်ကန်ခဲ့ကြတာ

ခုနှစ်ဆယ့်နဲ့ငါးနှစ်

ငါတို့ကိုမျက်နှာသာမပေးခဲ့တဲ့ကံ

အရောင်တွေပြောင်းကုန်တဲ့မျှော်လင့်ချက်တွေ။

 

 

ဒီဝန်ထုပ်ကလေးလံလွန်းလှတယ်ဆိုတာ

ငါသိပါတယ်

အလစ်သုတ်ဖို့တွင်းဝမှာစောင့်ဆိုင်းနေကြတဲ့

မြေခွေးတွေကို မီးနေတွင်းထဲကမထွက်သေးတဲ့

ဒရယ်ပျိုတစ်ကောင်လို ကြောက်ရွံ့နေတဲ့

ငါ့ကို ခွင့်လွှတ်ပါ။ လာ အတူတူထွက်ပြေးကြရအောင်

မင်းပြေးနိုင်သလောက်လေး

နောင်တတွေကငါ့ကိုမဖျက်ဆီးခင်လေး။

 

 

မနေ့ညက ဝမ်းနည်းပူဆွေးမှုတွေက ငါ့ကိုနှိပ်စက်နေခဲ့တယ်

“တိတ်တိတ်နေစမ်း”

ငါ သူ့ကိုဘယ်လိုလုပ်ရမလဲ?

လေပြေလိုညင်သာတဲ့ ငါ့ကလေးလေးရယ်

မုန်တိုင်းနဲ့ နင်ကဆီနဲ့ရေပဲ

ဒါပေမဲ့ ဒီနေ့တော့ ငါပြန်လာချင်စိတ်ပေါ်မိတယ်

သတင်းဆိုးတွေကို သယ်ဆောင်ပြီး

ဂါဇာက နှစ်ချင်းဘုရားကျောင်းကို သူတို့ဗုံးကြဲလိုက်ကြတယ်တဲ့

သေဆုံးသွားကြတဲ့လူ ၅၀၀ ထဲမှာ ဦးနှောက်တစ်ခြမ်းပွင့်ထွက်သွားတဲ့

ကလေးလေးတစ်ယောက် မျက်ကလူးဆန်ပြာနဲ့

သူ့အကိုကို လှမ်းပြောရှာတယ် “အစ်ကိုရေ

ကျနော် ဒီမှာ”

သူ့အကိုက သူ့ကိုမမြင်ဘူး

ငါ့တစ်ကမ္ဘာလုံးသွေးရူးသွေးတန်း

အိပ်ပျော်ဖို့ကြိုးစားတာ နှစ်နာရီလောက်

သူ့မျက်နှာကိုမေ့ပျောက်ဖို့ကြိုးစားရင်း

သူ့ကိုအချိန်မီရှာမတွေ့လိုက်တဲ့သူ့အစ်ကိုကို

မေ့ပျောက်ဖို့ကြိုးစားရင်း။

 

 

မင်းကို ငါအခုဘာပြောရမလဲ

ကပ်ဆိုးနဲ့ဘေးအန္တရာယ်ဆိုတာ ညီအစ်မတွေမဟုတ်လား

ငါ့နှုတ်ခမ်းပါးတွေ တဆတ်ဆတ်တုန်ပြီး

အသေကောင်တစ်ကောင်လို အရုပ်ကြိုးပြတ်ကျသွားတဲ့အထိ

ငါ့ကိုသူတို့နှစ်ယောက်လုံး အတင်းအဓ္ဓမ္မရက်ရက်စက်စက် တိုက်ခိုက်ကြတယ်။

စစ်ပွဲတွေမှာ ကဗျာဆရာတွေဟာ သုံးစားလို့မရဘူး

ယုန်တစ်ကောင်လိုလျင်မြန်လွန်းလှတဲ့ လူသတ်ပွဲကြီးနဲ့

အပြေးပြိုင်ဖို့ကြိုးစားနေတဲ့

လိပ်တစ်ကောင်လိုပဲ သူကနှေးကွေးလွန်းလှတယ်။

လိပ်က တွားလျားသွားနေတုန်းရှိသေး

ယုန်က လူသတ်မှုတစ်ခုပြီးတစ်ခု ကဆုန်ပေါက်နေတာပဲ

အော်သော‌ဒေါက်စ်ဘုရားကျောင်းကြီးအကြောင်းပြောပြရရင်တော့ ဗုံးကြဲခံလိုက်ရပြီလေ

ဘုရားတစ်ဆူရဲ့မျက်စိအောက်မှာတင်

ကယ်တင်ရှင်ရဲ့ပရိဝဏ်ထဲမှာတင် ပြာကျသွားတဲ့ဗလီ။ ကယ်တင်ရှင်ဘယ်မှာလဲ

နိဗ္ဗာန်ကငါတို့ရဲ့ဖခင်ဆိုတာ ကောင်းကင်ထဲကရဟတ်ယာဥ်တစ်စီးပဲ

အဖော်မပါ တစ်ကောင်ထီး

ငါတို့ကိုဗုံးကြဲဖို့မောင်းနှင်လာတဲ့လေယာဥ်မှူးတစ်ယောက်ကလွဲလို့ပေါ့

ဒါပေမဲ့သူတို့လိုချင်တဲ့ပြစ်မှတ်က ငါတို့ရဲ့ခဝါချမှုတွေ။

ကလေးရယ် အခုတော့ လက်ဝါးကပ်တိုင်ပေါ်မှာ

တမန်တော်တွေအများကြီးပဲ။

ဘုရားသခင်က အလုံးစုံကိုသိပြီးသားပါ

ဒါပေမဲ့ မင်းနဲ့ မင်းလို အပြစ်မဲ့တဲ့သန္ဓေသားတွေအကုန်လုံး

သိဖို့လိုသေးတယ်လေ…။

 

ဆပ်ပြာ၊ ‌ရေချိုးခန်းလိုက်ကာနှင့် ကြမ်းတိုက်ခြင်း

တာဘစ်သာလီရန် (Tabitha Lean) မူရင်းရေးသားပြီး မခြင်္သေ့ဘာသာပြန်သည်။ မူရင်းဝတ္ထုတိုကို Haymarket စာပေမှ စနစ်များကိုဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်ဇင်များ – စည်းရုံးရေး၊ ရှင်သန်ရေးနှင့် ပြောင်းလဲခြင်းဆိုင်ရာအလေ့အကျင့် (Abolition Feminisms: Organizing, Survival, and Transformative Practice) ပေါင်းချုပ်ပထမတွဲတွင် ၂၀၂၂ ခုနှစ်၌ထုတ်ပြန်ခဲ့သည်။

တာဘစ်သာလီရန်ကို ၄င်း၏ဘိုးဘွားဘီဘင်များက ဘူဒန်းမင်ဂန် (Budhin Mingaan) အမည်နှင့်ခေါ်ဝေါ်သိရှိသည်။ သူသည် လက်ရှိ သြစတေးလျဟုခေါ်သော ဂွန်ဒစ်ဂျာမာရာ (Gunditjamara) အင်ဒီးဂျနင့်လူမျိုးများ၏ First Nations (ပထမနိူင်ငံသား)မိန်းမတစ်ယောက်ဖြစ်သည်။ ၄င်းသည် ထိုနယ်မြေပေါ်တွင် ထောင်တွင်းနှစ်နှစ်တာနှင့် အိမ်အကျယ်ချုပ်နှစ်နှစ်တာမျှ အကျဥ်းချခံခဲ့ရသူလည်းဖြစ်သည်။ လက်ရှိတွင်တော့တာဘစ်သာသည် လေဟာပြင်အကျဥ်းထောင် (open air prison) ဟုခေါ်ဆို၍ရနိူင်သော ထောင်ပြင်ပတွင်ဆက်လက်စောင့်ကြည့်ခံနေရသောအကျဥ်းသားတစ်ဦးဖြစ်သည်။

မှတ်ချက် – မူရင်းစာရေးသူ ရေးသားထားသောအင်္ဂလိပ်စာပိုဒ်အဖြတ်အ‌တောက်များကို မြန်မာဘာသာပြန်တွင်အတတ်နိူင်ဆုံးထိန်းသိမ်းထားသည်။

 

စာဖတ်သူများသတိပြုရန် – လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် မုဒိန်းကျင့်ခံရမှုအကြောင်းပါရှိသည်။ ဆဲရေးတိုင်းထွာ‌သောစကားလုံးများပါရှိသည်။

 
 

ရှုရတဲ့လေက စိုစွတ်ထိုင်းမှိုင်းလေးပင်လှသည်။ ရေနွေးငွေ့တွေက စိုစွတ်နေတဲ့ရေချိုးခန်းမျက်နှာကျက်နားမှာ အလိပ်လိုက်အလိပ်လိုက်ဝဲပျံတက်နေကြသည်။ ရေဒဏ်ကြောင့် ပေါက်ပြဲကွဲအက်နေကြတဲ့ နံရံကဆေးသားတွေက အရေပြားအောက်ကသွေးစိမ်းရှင်ရှင်နီရဲနေတဲ့အသားစတွေကိုလှစ်ပြနေတဲ့ စစ်ပွဲဒဏ်ရာတွေလိုမျိုး။ ခေါင်းပေါ်က ဖ‌လော့ရန်ဆန့်မီးလုံးက အင်စတီးကျူးရှင်းရဲ့ ငြီးစော်နံ့နေတဲ့ နံရံမီးခိုးရောင်တွေပေါ်မှာ တိုးလိုက်ဆန့်လိုက်အရိပ်တွေပေါ်အောင် လင်းတစ်ချက်မှောင်တစ်ချက် အားကြိုးမာန်တက်လင်းပေးနေသည်။

 

ဒီနေရာတစ်ခုလုံးမှာ ထူးထူးခြားခြားစိတ်ဝင်စားစရာ ဘာတစ်ခုမှမရှိ။ တစ်ပြိုင်နက်တည်းမှာပဲ နှစ်ပေါင်းထောင်ချီသိမ်းဆည်းထားတဲ့ အကြမ်းဖက်မှုတွေ၊ နာကျင်ခံစားရမှုတွေနဲ့ ဖိနှိပ်မှုတွေကို ဒီအဆောက်အအုံရဲ့ဗိသုကာထဲမှာတွေ့နေရပြန်သည်။ ဒီနေရာမှာ အသက်ရှုရတာကျပ်သည်။ နေရာတကာပျံ့နေပြီဖြစ်တဲ့ဖားဥနက်နက်တွေရဲ့ထိုင်းမှိုင်းစိုစွတ်တဲ့ရနံ့က နှာဝကနေအတင်းတိုးဝင်လာပြီး အဆုတ်ကနေတဆင့် လက်ညှိုးနဲ့ထိုးမွှေပြောင်းပြန်လှန်နေကြသလို ကိုယ်တွင်းအင်္ဂါတွေထဲထိ ကျူးကျော်စိမ့်ဝင်နေကြသည်။ ဒီထဲမှာတော့ အမြဲတမ်းပိတ်ဆို့နေလေ့ရှိတဲ့‌ရေပိုက်တွေရဲ့ မသတီစရာပုပ်စော်ကြောင့် ဝင်သက်ထွက်သက်ကို ပါးစပ်ကနေသာဖွဖွရှုတတ်လာသည်။

 

မျက်လုံးနှစ်လုံးကိုတင်းတင်းပိတ် ခေါင်းကိုအပေါ်နည်းနည်းမော့ ငါရပ်လိုက်သည်။ (လရောင်စိုစွတ်နေတဲ့မိုးရေတွေ မျက်နှာပြင်ပေါ်လာစင်တဲ့ခံစားချက်ကို ငါအရမ်းကြိုက်တာပဲ။ အော် အဲ့လိုနေ့ရက်များရယ်။) ရှားပါးလှတဲ့ အခိုက်အတန့်တစ်ခုပဲ။ ဒီထဲမှာ လုံခြုံစိတ်ချရတဲ့နေရာ၊ စဥ်းစားတွေးတောလို့ရတဲ့နေရာဆိုတာ တစ်နေရာမှမရှိ။ အကုန်လုံး အများနဲ့မျှသုံးရတာတွေချည်းပဲလေ။ ဘုံဘိုင်ခေါင်းအပေါက်ဝတွေမှာ ‌ဂျီးတက်နေတဲ့ရေဂျိုးတွေက ဒေါသအမျက်ထွက်လောက်ချင်စရာ။ ဖိအားနည်းနည်းနဲ့ ဘုံဘိုင်ကရေပူက ဆန့်ငင်ဆန့်ငင်နဲ့‌မစို့တပို့သာသာသာထွက်လာတတ်သည်။ ဒါပေမဲ့ ဒီထဲမှာတော့ ချွေးပေါက်တွေကနေတဆင့်ကိုယ်တွင်းအင်္ဂါတွေထဲထိ တစိမ့်စိမ့်စီးဝင်လာတတ်တဲ့ အညစ်အကြေးတွေကို ခေတ္တခဏဖြစ်ဖြစ်ဆေးကြောခွင့်ရတဲ့ဘယ်အရာကိုမဆို ကျေးဇူးတင်တတ်ရသည်။ ဝန်းထဲက ကောင်မလေးတသိုက်ရဲ့အသံတွေ ငါကြားနေရသည်။ ဘတ်စကပ်ဘောကို ဆ,ဆပြီးပုတ်နေသံက အာရုံကြောတွေထဲထိ စိတ်အနှောင့်အယှက်ဖြစ်ချင်စရာပင်။ ဒါပေမဲ့လည်း ဘာဆိုဘာမှတသမတ်တည်းမရှိတတ်တဲ့ဒီနေရာမှာ ရှိတာနဲ့ပဲကျေနပ်တင်းတိမ်တတ်ရသည်။ တခြားကောင်မလေးတွေကိုလား၊ ဝန်ထမ်းတွေကိုလား၊ တစ်ကမ္ဘာလုံးကိုလား၊ ဒါမှမဟုတ် အဲ့ဒီသုံးခုလုံးကိုလားမသိ၊ တစ်စုံတစ်ယောက် အားရပါးရဆဲရေးသံကို ငါကြားလိုက်ရသည်။ ဒီနေရာက မကျေနပ်ချက်တောင်ကုန်းတွေအပေါ်မှာ တည်ဆောက်ထားတာလေ။ ဒီထဲကမိန်းမတွေက ပြစ်ဒဏ်နဲ့နာကျင်မှုသံသရာထဲမှာသာ လုံးပန်းနေကြတာမဟုတ်လား။ လွမ်းဆွေးဖွယ် စိတ်ဒဏ်ရာတွေထဲမှာပဲ လုံးပန်းပန်းနေကြတာကြောင့် သူတို့အတွက် နေသားကျနေတဲ့နေရာကနေလွတ်မြောက်ဖို့ဆိုတာ ဖြစ်နိူင်ဖို့ဝေလာဝေး၊ ကြောက်စရာတောင်ကောင်းနေသေးသည်။

 

ဒီနေရာက မှန်တွေအကုန်လုံးက ဝေဝါးကုန်ပြီဖြစ်သည်။ ရေငွေ့တွေက မှန်မျက်နှာပြင်တွေပေါ်ကိုတလိမ့်လိမ့်ကွေ့ကောက်စီးဆင်းလာပြီး မိန်းမတွေအမှတ်အသားပြုထားတဲ့ အပေါစားမယ်လ်မင်းခုံတန်းတစ်တန်းရဲ့ အစွန်းပဲ့တွေနားမှာ သွားအိုင်ဖွဲ့နေကြသည်။ ရေချိုးခန်းတံခါးက အဆုံးထိပိတ်လို့မရ။ (ဒါပေါ့။ ဒီချီးတွင်းထဲမှာ ဘာဆိုဘာမှကောင်းကောင်းအလုပ်မလုပ်။) ရေနွေးငွေ့တွေက အက်နေတဲ့တံခါးကနေတဆင့် ‌ကော်ရေဒါထဲကို စိမ့်ထွက်နေသည်။ ဒီနေရာက တိတ်ဆိတ်နိူင်သလောက် တိတ်ဆိတ်နေပြန်သည်။ စီးဆင်းကျလာတဲ့ရေသံနဲ့အတူ ခေါင်းထဲပေါ်လာတဲ့သံစဥ်တစ်ခုကို ငါညည်းမိသည်။ ရေကျသံရယ်၊ ငါ့ညည်းသံရယ်၊ ကျိုးပဲ့နေတဲ့တွယ်အပ်တွေနဲ့မလုံ့တလုံချိတ်ထားတဲ့ရေချိုးခန်းလိုက်ကာအပြဲရဲ့ လှုပ်လိုက်တိုင်းတွန့်ခေါက်သွားတဲ့အသံရယ်က တေးသံတစ်ခုလို စည်းချက်ညီနေသည်။ ဒီရေချိုးခန်းလိုက်ကာရဲ့အခြေအနေက ဒီနေရာရဲ့ဘာဆိုဘာမှအလုပ်မဖြစ်တာကို သက်သေသာဓကပြနေသလိုပင်။

 

ငါတည်ဆောက်ထားတဲ့ဘုံဗိမ္မာန်လေးက ချက်ချင်းဆိုသလို ကြက်ပျောက်ငှက်ပျောက်ပျောက်သွားသည်။ အပ်နဲ့ထိုးလိုက်လို့ ပေါက်ကွဲထွက်သွားတဲ့ လက်ထဲကလေအပြည့်ရှိနေတဲ့ပူဖောင်းတစ်လုံးကြောင့် ကလေးတစ်ယောက်ဟီးခနဲမငိုချခင်လေးလိုပင် ဖြစ်ပျက်ပုံကမြန်ဆန်လှသည်။ သေသေချာချာလေ့ကျင့်ထားတဲ့အမူအကျင့်တစ်ခုတည်းနဲ့တင် ငါ့နောက်ကျောကို နံရံမှာဖိနှိပ်သလိုကပ်ထားပြီးသားဖြစ်သွားသည်။ ငါ့

 

တစ်

 

ပုခုံးတွေက ချောကျိနေတဲ့နံရံမျက်နှာပြင်မှာပွတ်တိုက်ခံလိုက်ရတာကြောင့် နာကျင်မှုနဲ့တွန့်သွားသည်။ သေစမ်း။ ငါ ဘယ်တော့မှသန့်စင်တော့မှာမဟုတ်ဘူး။ ငါ့နောက်ကျောမှာ မြစ်ငယ်လေးတွေလိုသွေးစီးကြောင်းတွေ တစိမ့်စိမ့်စီးဆင်းလာသည်။ ကြမ်းပြင်ပေါ်ကို တစ်ပေါက်ပြီးတစ်ပေါက်ကျလာတဲ့အနီစက်တွေကို ရေတွေကအလျင်တလိုစုပ်ယူလိုက်ကြသည်။ စောက်အလုပ်မဖြစ်တဲ့ကြွေပြားအကျိုးတွေ။ ထောပတ်ကိုဓားနဲ့လှီးလိုက်သလို စိမ့်ပြီးတက်လာတဲ့နာကျင်မှုကြောင့် ငါလန့်ပြီးတစ်ချက်အော်လိုက်မိသည်။ ရေတွေက ငါ့…ငါတို့…အပေါ်မိုးရွာသလိုတဝေါဝေါစီးကျနေသည်။ ရေ‌ငွေ့လေးတွေက ငါ့လည်ပင်းရဲ့အရေကြောင်းတွေနားမှာဝေ့နေပြီး လိမ့်ကျလာတဲ့ရေစက်တွေက မျက်ခုံးကနေတဆင့်မျက်တောင်ထောင့်နားမှာ ခဏတာလာသီးနေကြသည်။ ‌ရေစီးကြောင်းတွေက ငါ့ရင်သားတွေကိုအဆီးအတားမဲ့အားနဲ့မာန်နဲ့ကျနေတဲ့ကျောက်ရေတံခွန်သဖွယ်အသွင်ပြောင်းလိုက်ကြသည်။

ပိုင်စိုးပိုင်နင်းအပြုခံထားရတဲ့ငါ့နှုတ်ခမ်းတွေကြောင့် အသက်ရှုမဝဖြစ်လာသည်။ ယစ်မူးစရာရေပူတွေကြောင့် ခန္ဓာကိုယ်က ငါ့ကိုသစ္စာဖောက်လိုက်သည်။ ဟိုးအစွန်းဆုံးအထိ တစ်ကိုယ်လုံးပူရှိန်းရှိန်းဖြစ်သွားသည်။ ငါတို့နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်က ရွှဲစိုနေသည်။ ဆံပင်တွေက ရေတွေနဲ့နှစ်နေပြီး သူ့ရဲ့စိုရွှဲနေတဲ့အင်္ကျီတွေက ငါ့ရဲ့ကိုယ်တုံးလုံးခန္ဓာကိုယ်မှာလာပွတ်တိုက်နေသည်။ ငါ့လက်ကို မြှောက်လိုက်သည်။ ဒါပေမဲ့ လျင်မြန်လှတဲ့ လှုပ်ရှားမှုတစ်ချက်တည်းနဲ့တင် ငါ့လက်တွေက နံရံကြွေပြားမှာကပ်ပြီးချုပ်နှောင်ခံလိုက်ရသည်။ သူ့ပါးစပ်တွေက ငါ့ရဲ့လုံးတီးခန္ဓာကိုယ်အနိမ့်အမြင့်နေရာအနှံ့ ပရမ်းပတာရွေ့လျားသွားတာကိုခံစားလိုက်ရသည်။ ဒီအတိုင်းသာဆက်ရပ်နေလိုက်ရင်၊ ဘာတုံ့ပြန်မှုမှမပြရင်၊ သူ့ဆီဝပ်မစင်းရင် ဒါမှမဟုတ် အသက်တောင်မရှုရင် သူရပ်လိုက်မယ်လို့ထင်တာမှားတယ်ဆိုတာ ချက်ချင်းသိလိုက်ရသည်။ ငါက စောက်ရေးမပါတဲ့ အဝစားဘူဖေးကြီးကို။ ဆိုတော့ မျက်စိကိုမှိတ်၊ အသက်ရှုအောင့်ထားပြီး တစ် နှစ် သုံး လေးကနေစပြီး အမြင့်ဆုံးနံပါတ်ထိ ရေနိူင်သလောက်ငါ့ခေါင်းထဲမှာရေပြီး ဒီအတိုင်းရပ်နေလိုက်သည်။ နံပါတ် ၃၂၈ မှာ အရာအားလုံးပြီးဆုံးသွားသည်။ စိတ်သက်သာရာရမှုက လှိုင်းလုံးကြီးတစ်လုံးလို ငါ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသည်။ ဒါပေမဲ့ လှိုင်းလုံးကို ကမ်းခြေထိတငြိမ့်ငြိမ့်စီးရမဲ့အစား ဒူးထောက်ပြီး အားရပါးရငါငိုချမိသည်။ မျက်နှာတစ်ပြင်လုံးကအရေပြားတွေတွန့်လိမ့်ကောက်ကွေးတတ်လာတဲ့အထိ ငိုတဲ့ရှိုက်ကြီးတငင်ငိုကျွေးမှုမျိုး။ နာကြည်းမှုက စောက်ရမ်းအကျည်းတန်သည်။

 

ညိုညစ်ညစ်ဆပ်ပြာတုံးကို ငါ့ဒူးခေါင်းကို ရေချိုးခန်းထောင့်မှာကုန်းပွတ်ရင်း ငန်ကျွတ်ကျွတ်မျက်ရည်တွေက ဘုံဘိုင်ခေါင်းကရေစက်တွေနဲ့ရောပြီး ငါ့အပေါ်မိုးရွာသလိုရွာချသည်။ သူတို့ရဲ့ခွန်အားက ငါ့ကိုတစ်စစီချိုးဖဲ့နေကြသလိုပင်။ အဲ့အချိန်မှာပဲ အော်သံတစ်ချက်ကြားလိုက်ရသည်။ အော်သံကအသွေးထဲအသားထဲထိစိမ့်ပြီးကျောချမ်းစရာကောင်းလှသည်။ တစ်ခါတည်းနဲ့ရပ်မသွားဘဲ အော်သံကဆက်တိုက်ထပ်ခါထပ်ခါကျော့နေသည်။ မျက်ခုံးတွေကိုတွန့်လိုက်ရင်း အခန်းဟိုဘက်ခြမ်းထိ ငါ ဒူးထောက်ပြီးတွားလျားသွားလိုက်သည်။ ခုံတန်းကိုအားပြုပြီးအနိူင်နိူင်မတ်တတ်ရပ်လိုက်ရင်း ငါ့ကိုယ်ငါမှန်ထဲမှာတွေ့လိုက်သည်။ ငါပဲ။ အော်နေတာ ငါပဲ။ လက်တွေက ထိတ်လန့်ကြောက်မက်စရာ၊ နာကျင်စရာတွေအကုန်လုံးကိုယူပစ်လိုက်နိူင်သယောင် ပါးစပ်ကိုလက်တွေနဲ့ဖုံးလိုက်ပြီး အော်သံကိုဖုံးဖိဖို့ကြိုးစားသည်။ မျက်ခုံးကပဲ့ရာကနေ သွေးတွေစီးကျလာတာကိုကြည့်ရင်း ပြာနှမ်းနှမ်းငါ့မျက်လုံးတွေကပြူးထွက်လာကြသည်။ စိတ်ဓါတ်ကျမှုက တစ်ခါငါငှားဝတ်ဖူးတဲ့ဆောင်းရာသီကုတ်အင်္ကျီပွပွကြီးလိုမျိုး တစ်ကိုယ်လုံးအပေါ်ဖိစီးလာတာကို တခြားလူတစ်ယောက်ရဲ့မျက်လုံးနဲ့ကြည့်သလိုငါမြင်နေရသည်။ ဘယ်တုန်းကနေ ဘယ်လို ဒီနေရာကိုငါရောက်လာတာလဲ။ ငါမမှတ်မိဘူး။ မှတ်မိဖို့စဥ်းစားကြည့်ရခြင်းရဲ့နာကျင်မှုကို အသွေးထဲအသားထဲထိခံစားရသည်။ အသည်းထဲကနေစပြီး ငါ့ဝိညာဉ်ဟိုးအတွင်းလှိုဏ်ခေါင်းတွေထဲထိနာသည်။ ကုန်ခါနီးသွားတိုက်ဆေးလို ငါ့ရဲ့အမှတ်သညာကို ဟိုးအတွင်းထဲကနေဖျစ်ညှစ်ထုတ်နေရသလိုပါပဲ။ ငါ့စိတ်မော်ကွန်းတွေပေါ်ချိတ်ပိတ်ထားတဲ့တိတ်တွေကိုဆွဲခွာပစ်သလို အမှတ်ရမှုတစ်ခုချင်းစီနဲ့ ငါနပန်းလုံးရပြန်သည်။ ဘေစင်ဘောင်ကိုတင်းတင်းဆုပ်ရင်း ငါ့လက်ခေါက်တွေက တင်းမာမှုကြောင့်ဖွေးဆွတ်လာသည်။ ကြွေဘေစင်ထဲ ပျစ်နှစ်နေတဲ့သွေးခဲတွေ ဖြည်းဖြည်းချင်းစီကျလာကြသည်။

 

ငါ့ကိုယ်ငါအတင်းစဥ်းစားကြည့်ခိုင်းသည်။ အတင်းအဓ္ဓမဒူးထောက်ဝပ်စင်းခံခဲ့ရတာတွေကို ပြန်တွေးကြည့်မိသည်။ အားလုံးက ငါ့ကို တစ်ပတ်လောက်ကြာနေတဲ့စားတော်ပွဲတစ်ခုလို ဝိုင်းဝန်းစားသောက်ကြတာကိုသွားတွေးမိသည်။ ငါ့ခန္ဓာကိုယ်ရဲ့ လုံးတီးချွတ်ခံမှုတွေကို ငါတွေးမိသည်။ ပုပ်ပွပြဲရိနေတဲ့ အသေကောင်ခန္ဓာ။ ဘာမျှော်လင့်ချက်၊ ဘာအနာဂတ်မှမရှိတော့တဲ့ အခွံဗလာ။ ဟိန်းဟောက်ဖို့နေနေသာသာ ပြန်လည်တိုက်ခိုက်ဖို့တောင် ဘာအားအင်မှမကျန်တော့တဲ့ငါ။ တိုက်ပွဲမှာမောပန်းကျန်ရစ်သူ ငါ။ ငါမောလှပြီ။ ငါ စောက်ရမ်းမောပန်းလှပြီ။ စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့ဝမ်းနည်းမှု၊ ယူကြုံးမရဖြစ်မှုနဲ့ ချွေးပေါက်တစ်ပေါက်ချင်းစီကနေယိုစီးကျနေတဲ့မောပန်းနွမ်းနယ်မှုက ငါ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသည်။

 

ဒီနေရာမှာ တစ်ညပြီးတစ်ည ငါအစော်ကားခံရသည်။ ငါ့ကိုဒူးထောက်ဝပ်စင်းသွားစေတာက မြေခွေးတစ်ကောင်သာသာပဲဆိုတာက ငါ့ကိုယ်ငါပြန်အံ့အားသင့်ရလောက်စေပြန်သည်။ ဒါပေမဲ့ ရိုးရိုးသားသားဝန်ခံရရင် ဒီနေရာကိုမရောက်ခင်ကတည်းက ဒါတွေကစခဲ့တာပဲ။ ရက်ရက်စက်စက်အကြမ်းဖက်မှု၊ ကြမ်းကြုတ်ယုတ်မာမှုတွေက ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို ငါ့နောက်ကိုတစ်ကောက်ကောက်လိုက်နေခဲ့တာပဲ။ လမ်းကို သူများထက် စိတ်ပူပူပန်ပန်နဲ့ ငါလျှောက်တတ်လာသည်။ အအိပ်ကို သူများထက် ပိုဆတ်တတ်လာသည်။ ငါ့ခန္ဓာကိုယ်ထဲက မော်လီကျူးတွေကအစပြောင်းလဲလာသည်။ ဒါပေမဲ့ မကြာခဏခံရလို့ ဘာမှအံ့သြစရာမရှိတော့တဲ့ဒီရိုက်ချက်တွေကို ငါသည်းညည်းမခံနိူင်တော့ဘူး။ ငြိမ်းချမ်းမှုကို ငါလိုချင်သည်။ ဘာလို့လဲဆိုတော့ သေခြင်းတရားထက် တမြေ့မြေ့လှိုက်စားတဲ့ရောဂါကိုရွေးချယ်ထားပြီးသူတစ်ယောက်အနေနဲ့တောင် လက်ရှိအဖြစ်အပျက်တွေထက် တခြားဘာမဆိုကပိုကောင်းနိူင်နေသေးသည်။

 

နှစ်

 

ဘေးခန်းကအိမ်သာရေဆွဲချပြီး လည်ချောင်းရှင်းသံတစ်ချက်ကြားလိုက်သည်။ ခေါင်းလောင်းသံက ကောင်မလေးတွေကို အထဲပြန်ဝင်လာဖို့ဆော်သြလိုက်သည်။ တန်းစီဖို့အချိန်ရောက်ပြီ။ လူရေခံဖို့အချိန်ရောက်ပြီ။ ခေါင်းကိုဝပ်စင်းပြီး မှုခင်းဖြစ်ရာကိုတစ်ချက်ငဲ့ကြည့်လိုက်သည်။ ဝမ်းနည်းမှုလှိုင်းလုံးကြီးကို ငါ့ခန္ဓာပေါ်ခဏတာလွှမ်းမိုးခွင့်ပေးပြီး ဒီနေ့ဟာငါ့ကိုနှစ်မြှုပ်မဲ့နေ့မဟုတ်သေးဘူးလို့ ဆုတောင်းလိုက်သည်။ ဒါတွေအကုန်လုံး မနက်ဖြန်မှာပြန်စဦးမယ်ဆိုတာ ငါကောင်းကောင်းကြီးသိနေပြီးသားမဟုတ်လား။ ဘာလို့လဲဆိုတော့ ငါက နံပါတ်တစ်ခုပဲလေ။ သေးငယ်လှတဲ့ နံပါတ်ခြောက်လုံး။ နာကျင်မှုဆိုတာကိုမသိတတ်တဲ့နံပါတ်တွေ။ အဲ့နံပါတ်တွေမှာ အခွင့်အရေးဆိုတာမရှိဘူး။ အဲ့နံပါတ်တွေမှာ သိက္ခာဆိုတာမရှိဘူး။

 

နံပါတ်တွေ…ဒီအထဲမှာတော့ ငါတို့အားလုံးဟာနံပါတ်တွေပဲလေ။

 

ပြီး။

 

ပုံ – စနစ်များကိုဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်ဇင်များ – စည်းရုံးရေး၊ ရှင်သန်ရေးနှင့် ပြောင်းလဲခြင်းဆိုင်ရာအလေ့အကျင့် (Abolition Feminisms: Organizing, Survival, and Transformative Practice) ပေါင်းချုပ်ပထမတွဲစာအုပ်မျက်နှာဖုံးအတွက် အိုင်လင်းဟီမာနစ် (Eileen Jimenez) ဆွဲသောပန်းချီကားပိုစတာ (www.eileenjimenez.com)။ စာအုပ်မျက်နှာဖုံးဒီဇိုင်းကို အမန်ဒါပရီဖီ (Amanda Priebe) ပြုလုပ်သည်။

ထိုင်ခုံတစ်ခုံစာ

မြန်မာနိူင်ငံရဲ့ နိူင်ငံရေးတွေအကြောင်းတွေ၊ အသိပညာထုတ်လုပ်မှုတွေအကြောင်းပြောဆိုကြတဲ့နေရာမှာရော ဂျန်ဒါပိုင်းဆိုင်ရာ စုံလင်ကွဲပြားမှုနဲ့ပတ်သက်ပြီး ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ Manel ပြပွဲတွေအကြောင်း ကျွန်မ ဒီနေ့ နည်းနည်းသုံးသပ်ချင်တယ်

ထိုင်းနိူင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့နှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အနေနဲ့ ပြသခဲ့တဲ့ပွဲကြောင့် မြန်မာအွန်လိုင်းစာမျက်နှာ‌တွေပေါ်မှာ Manel ပွဲအကြောင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တယ် ခုတစ်ခါအောက်တိုဘာလမှာ ဘန်ကောက်မှာပြသဖို့စီစဉ်ထားတဲ့သတင်းထွက်လာတော့ တကျော့ပြန်ဟိုးလေးတကျော်ကျော်ဖြစ်လာပြန်တယ်

ပြီးခဲ့တဲ့၂၀၂၂ခုနှစ် ဧပြီလကတည်း Freedom Fighter ကနေ Manel ပွဲစီစဉ်သူ Salween Institute က မယိင်းလောဝ်အပါအဝင် အခြားသောဆွေးနွေးသူတွေကို ဖိတ်ခေါ်ပြီး “Manel တွေကိုရှုံ့ချခြင်းက အမျိုးသမီးပါဝင်မှုတွေကို ပိုအားကောင်းလာစေမလား” ဆိုတဲ့ခေါင်းစဉ်နဲ့ debate လုပ်ခဲ့ကတည်းက Manel ပွဲတွေအပေါ်နဲ့ Manel ပွဲတွေအပေါ်ရှုံ့ချတဲ့ပွဲတွေနဲ့ ပတ်သက်ပြီး ကျွန်မရဲ့အမြင်ကိုရေးချင်စိတ်ပေါ်ခဲ့တယ် ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ခုချိန်ထိမရေးဖြစ်ခဲ့ဘူး ဒီနေ့တော့ နောက်တစ်ခါဟိုးလေးတကျော်ကျော်ထပ်ဖြစ်လာပြန်တော့ Manel ရှုံ့ချတာတွေက အထောက်အကူဖြစ်မဖြစ်ဆိုတာထက် အဲ့ဒီ့ပွဲတွေက ဘယ်လိုဖီမီနင့်ဇင်အတွေးအခေါ်တွေကနေဆင်းသက်လာတာလဲဆိုတာကို ဖီမီနင့်ရှုထောင့်ကနေ သုံးသပ်ကြည့်ချင်တယ်

Manel ဆိုတာဟာ အင်္ဂလိပ်စကားလုံး panel (တစ်ယောက်ထက်ပိုတဲ့ ဟောပြောဆွေးနွေးပွဲ)တွေမှာ ယောင်္ကျား (men) တွေသာပါတာကို လှောင်ပြောင်သရော်တဲ့အနေနဲ့ ပေါင်းစပ်တီထွင်လိုက်တဲ့ စကားလုံးအသစ်တစ်ခုဖြစ်တယ် မြန်မာရပ်ဝန်းမှာတော့ မယိင်းလောဝ်ရဲ့ (Freedom Fighter debate ထဲမှာပြောသွားတဲ့) အဆိုအရ ၂၀၂၀ ခုနှစ်ကတည်းက သူကစပြီး ယောင်္ကျားတွေချည်းပါတဲ့ ဟောပြောဆွေးနွေးဝိုင်းတွေကို တိုးတိုးတိတ်တိတ်ထောက်ပြပြောဆိုလာခဲ့တယ်လို့ သိရတယ် ဒါပေမဲ့ Manel ဆိုတဲ့အသုံးအနှုန်းနဲ့ Manel ပွဲတွေကိုရှုံ့ချတာတွေဟာ နိူင်ငံတကာ (အထူးသဖြင့် လူဖြူအနောက်နိူင်ငံတွေမှာ)တော့ လူသိများနေခဲ့တာ ၂၀၂၀ ခုနှစ်မတိုင်ခင်ကတည်းကပါပဲ ကနဦးမှာ ဒီရှုံ့ချမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ (global health) အဖွဲ့အစည်းတွေရဲ့ ယောင်္ကျားတွေသာဦးဆောင်လေ့ရှိတာကိုရှုံ့ချဝေဖန်တာကို များသောအားဖြင့်တွေ့ခဲ့ရတယ် (ဒီနေရာမှာ အနောက်နိူင်ငံတွေမှာ များသောအားဖြင့် ဆရာဝန်တွေဟာ ယောင်္ကျားများပြီး ဆရာဝန်အကူ/လက်ထောက်တွေ၊ သူနာပြုတွေဟာ မိန်းမတွေများလေ့ရှိတဲ့ ဂျန်ဒါကွာဟမှုတွေကနေ ဒီပြဿနာကစတယ်လို့ ကျွန်မတော့ ယူဆမိတယ် မြန်မာနိူင်ငံမှာလည်း ကျန်းမာရေးနယ်ပယ်မှာ ဒီဂျန်ဒါကွာဟမှုပုံစံကဆင်တူနေပါတယ် သမားတော်ကြီးတွေဆို ယောင်္ကျားကြီးတွေများတတ်တာမျိုးပေါ့) အဲ့ဒီတော့ အခုဆိုရင် Manel ပွဲတွေမလုပ်ပါဘူးဆိုပြီး ခံဝန်ကတိတွေထိုးထားကြတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေလည်း ရှိလာတယ် ဒီနေရာမှာ သမားတော်တွေက ယောင်္ကျားတွေများတယ်ဆိုတာ အခြေခံအရ မိန်းမဆိုရင် ဂရုစိုက်နိူင်တယ်၊ တတ်တယ်ဆိုတဲ့ မဟာဖိုဝါဒအမြစ်ကနေ အပေါ်ယံလာပြနေတဲ့ပြဿနာလို့ ကျွန်မကတော့ မြင်တယ်

ယောင်္ကျားတွေချည်းပဲ ဦးဆောင်ဆွေးနွေးပြောဆိုတာကို ထောက်ခံသလားဆိုတော့ ကျွန်မထောက်မခံသလို အဲ့လိုပွဲတွေဆို နားလည်းသွားမထောင်ဖြစ်ပါဘူး ကျွန်မအတွက် အဲ့‌လိုနေရာတွေမှာ ထိုင်ခုံတစ်ခုံစာရရေးကို ကျွန်မစိတ်မဝင်စားသလို အသနားခံဖိတ်ကမ်းလွှာကိုလည်း မမျှော်ချင်ပါဘူး သို့ပေသိ Manel ပွဲတွေကို (မြန်မာရပ်ဝန်းမှာရော၊ နိူင်ငံတကာရပ်ဝန်းမှာရော) ရှုံ့ချခြင်းတွေရဲ့ ‌လှုံ့ဆော်မှုအကြောင်းရင်းတွေနဲ့ Manel တွေပပျောက်ရေးအတွက် ဘယ်လိုလုပ်ကိုင်ရမလဲဆိုတဲ့‌ဆွေးနွေးချက်တွေကိုတော့ အမှန်တိုင်းပြောရရင် ကျွန်မဘဝင်မကျဖြစ်မိတယ် ဘာကြောင့်လဲဆိုတာ ဆက်ပြီး အသေးစိတ်ရှင်းပြပါရစေ

အရင်ဆုံး Manel တွေရှိနေရခြင်းဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ ယောင်္ကျားဘသားများကသာလျှင် ပိုသိ၊ ပိုတတ်ဖြစ်တာကြောင့် သူတို့သာ လူအများရှေ့မှာ ဆွေးနွေးဟောပြောနိူင်မယ်ဆိုတဲ့ယူဆချက်ကလာတယ်လို့ ကျွန်မမြင်တယ် Manel ပွဲတွေကိုရှုံ့ချတဲ့ပြပွဲမှာတော့ ဖိုဝါဒလွှမ်းမိုးခြင်းပပျောက်ရေးအတွက်လို့ သရော်ပွဲလုပ်ရခြင်းရည်ရွယ်ချက်ကို ထောက်ပြထားတယ် ကျွန်မတစ်ခါရေးခဲ့ဖူးတဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ဖိုဆန်နေတုန်းပဲဆိုတဲ့ဆောင်းပါးနဲ့ ပြန်နှီးနွယ်ရရင် ဒီလို နိူင်ငံရေးနဲ့သော်လည်းကောင်း၊ စဉ်းစားတွေးခေါ်မှုနဲ့သော်လည်းကောင်းပတ်သက်လာရင် ဖိုဆန်နေတာတွေကို ရှုံ့ချတာဟာ ကျွန်မအတွက်တော့ ရှုံ့ချထောက်ပြသင့်တဲ့အရာတစ်ခုပါပဲ ဒါပေမဲ့ ဒီနေရာမှာ စဉ်းစားတွေးခေါ်မှုတွေကို ပြုလုပ်ချက်တွေက ဖိုဆန်‌နေတာလား၊ စဉ်းစား‌တွေးခေါ်သူတွေက ဖိုဖြစ်နေတာလား ပြန်စဉ်းစားစရာဖြစ်လာတယ်

ကျွန်မတို့အားလုံးအပေါ်သက်ရောက်နေတဲ့ မဟာဖိုဝါဒနဲ့ ယောင်္ကျား/မိန်းမဆိုတဲ့ ဂျန်ဒါပညတ်ချက်တွေကို ဘယ်လိုခွဲမြင်ကြည့်ကြမလဲ?

မဟာဖိုဝါဒ (သို့) patriarchy (ပေထရီရာခီ) ဆိုတဲ့စကားလုံးကို မြန်မာအသုံးအနှုန်းမှာတော့ ဖိုဝါဒကြီးစိုးမှုလို့ မှတ်ယူသုံးစွဲကြတယ် လူဖြူလူမှုသိပ္ပံပညာရှင် Slyvia Walby ကတော့ ပေထရီရာခီကို “ယောင်္ကျားတွေက မိန်းမ‌တွေကိုဖိနှိပ်ချုပ်ကိုင်ခေါင်းပုံဖြတ်စားတဲ့ လူမှုရေးတည်ဆောက်ပုံနဲ့အလေ့အကျင့်စနစ်” (a system of social structures and practices in which men dominate, oppress, and exploit women) လို့အဓိပ္ပါယ်ဖွင့်ခဲ့တယ်

ဒါပေမဲ့ နောက်ပိုင်းမှာ ပညာရှင်တွေ၊ တွေးခေါ်ကြံဆသူတွေကတော့ ပေထရီရာခီဟာ ဇီဝဗေဒလိင်ပေါ်အခြေပြုပြီး တည်ဆောက်ထားတဲ့လိင်ပိုင်းဆိုင်ရာခွဲခြားဖိနှိပ်ခြင်းတွေသာမက နေ့စဉ်ဘဝမှာပျံ့နှံနေတဲ့ ဘဝနေထိုင်မှုနည်းနာတစ်ခုအနေနဲ့သုံးသပ်လာကြတယ်

ဆိုလိုချင်တာ ပေထရီရာခီဟာ မိန်းမလိင်ရှိသူတွေသာမက အခြားသော ဇီဝဗေဒလိင် (သို့) လိင်စိတ်ပြောင်းလွဲသူတွေအပေါ်ကိုပါဖိနှိပ်ထားတဲ့သဘောတရားကို ဆိုလိုတာပါ အရှင်းဆုံးဥပမာပေးရရင် “ယောင်္ကျားလေးဆို မငိုရဘူး၊ ယောင်္ကျားလေးဆို သန်မာရမယ်၊ အလှအပမကြိုက်ရဘူး” အစရှိတဲ့ ပညတ်ချက်တွေဟာ ပေထရီရာခီကနေပဲဆင်းသက်လာတာဖြစ်ပြီး ဂျန်ဒါဖိနှိပ်ခံ (gender minority) လို့ သတ်မှတ်ထားကြတဲ့မိန်းမတွေကိုသာမက ယောင်္ကျားခန္ဓာရှိသူ၊ ယောင်္ကျားလိင်ရှိသူတွေကို ပြန်လည်ဖိနှိပ်ထိန်းချုပ်တဲ့မဟာဖိုဝါဒအယူအဆတစ်ခုပဲဖြစ်တယ် မဟာဖိုဝါဒကြောင့် ယောင်္ကျားဆို သန်မာတယ်၊ ဓမ္မဓိဌာန်ကျတယ်၊ မိန်းမဆိုရင်တော့ နူးညံ့တယ်၊ ပျော့ပြောင်းတယ်အစရှိတဲ့ ဂျန်ဒါအယူအဆ (gender ideology) တွေဟာလည်း မဟာဖိုဝါဒကို အခြေပြုပြီး ဂျန်ဒါကို လူမှုပေါင်းသင်းဆက်ဆံရေးကနေတဆင့် ပညတ်ချက်ထုတ်လိုက်တာ (gender socialization) လို့ လူမည်းဖီမီနင့်စဉ်းစားတွေးခေါ်မှုတွေ၊ လူဖြူမဟုတ်တဲ့ဖီမီနင့်စဉ်းစားတွေးခေါ်မှုတွေကနေ ထောက်ပြလာကြတယ်

ဖီမီနင့်ဇင်ဟာ မိန်းမတွေတန်းတူညီမျှနေထိုင်ခွင့်ရရှိရေးကို‌ရှေ့တန်းတင်တယ်ဆိုပေမဲ့ အကိုင်းအခက်အမျိုးမျိုးကွဲ‌နေပြန်တယ် လူဖြူမိန်းမတွေဦးဆောင်တဲ့ လူဖြူဖီမီနင့်ဇင် (white feminism) တော်တော်များများဟာတော့ မိန်းမတွေလည်း ယောင်္ကျားတွေနဲ့တပြေးညီနေရာရရှိရေးကို ဦးစားပေးလေ့ရှိတယ် ဥပမာ – အမေရိကန်ရဲ့ လူ့အခွင့်အရေးရရှိရေးအရွေ့ (civil rights movements) တွေမှာ မဲပေးပိုင်ခွင့်မရှိတဲ့လူဖြူမိန်းမတွေလည်း လူဖြူယောင်္ကျားတွေနဲ့တန်းတူမဲပေးခွင့်ရရှိရေးအတွက် ဖီမီနင့်အရွေ့တွေလှုပ်ရှားခဲ့ကြတယ် (Suffrage Movement လို့ လူသိများပါတယ်) ခုနောက်ပိုင်းဆိုရင်တော့ Sheryl Sandberg တို့လို လူဖြူဖီမီနင့်တွေစတင်ခဲ့တဲ့ lean in feminism (ရိုင်းပင်းတဲ့ဖီမီနင့်ဇင်) လို့ခေါ်တဲ့ လူဖြူဖီမီနင့်ဇင်အကိုင်းအသစ်တွေလည်းပေါ်လာပြန်တယ် ရိုင်းပင်းတဲ့ဖီမီနင့်ဇင်ဆိုတာကတော့ လုပ်ငန်းခွင် (အထူးသဖြင့် အမေရိကန်အရင်းရှင်ကို‌အော်ပရိတ်နယ်ပယ်) မှာ ရာထူးကြီးကြီးမိန်းမတွေအနေနဲ့ မိမိကိုယ်ကို မည်သို့မည်ပုံ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ယောင်္ကျားတွေရဲ့လေးစားမှုကိုရရှိအောင်နေထိုင်ပြုမူကျင့်ကြံမလဲဆိုတဲ့သဘောတရားပေါ့ လူဖြူဖီမီနင့်ကို နောက်ပိုင်းမှာ လစ်ဘရယ်ဖီမီနင့်ဇင်၊ “girlboss feminism” အစရှိသဖြင့် ၎င်းရဲ့ လူဖြူနဲ့လူလတ်တန်းစားမိန်းမတွေအတွက်သာ ဦးစားပေးတဲ့ဖီမီနင့်ဇင်လို့ တင်စားခေါ်ဝေါ်လာကြပါတယ်

အပေါ်ယံကြည့်ရင်တော့ လူဖြူဖီမီနင့်ဇင်တွေဟာ ဖိနှိပ်ခံထားရတဲ့မိန်းမတွေကို ယောင်္ကျားတွေနဲ့တန်းတူနေရာရစေတယ်လို့ ထင်ရပေမဲ့ ပေထရီရာခီတွန်းအားတွေကြောင့် တည်ရှိနေတဲ့ဂျန်ဒါခွဲခြားဆက်ဆံရေးတွေအပြင် ၎င်းတို့နဲ့ချိတ်ဆက်နေတဲ့အရင်းရှင်စနစ်၊ လူတန်းစားခွဲခြားရေးစနစ်၊ လူမျိုးရေးခွဲခြားရေးစနစ်တွေကို လုံးလုံးမျက်ကွယ်ပြုထားတယ်လို့ လူမည်းဖီမီနင့်တွေက ဆိုကြတယ် လူမည်းစာရေးသူနဲ့တွေးခေါ်ပညာရှင် bell hooks ကတော့ Sandberg ရဲ့ ရိုင်းပင်းတဲ့ဖီမီနင့်ဇင်ကို “faux feminism” (ဖီမီနင့်ဇင်အတု) လို့တောင် ခေါ်ဝေါ်ခဲ့တယ် ဆိုလိုချင်တာက အမေရိကန်အရင်းရှင်စနစ်ထဲက ရာထူးရာခံရှိပြီးသားလူဖြူမိန်းမတွေရဲ့ လူဖြူယောင်္ကျားတွေနဲ့တန်းတူရင်ဘောင်တန်းနိူင်ဖို့ သူတို့အိမ်မှာ ကလေးထိန်းဖို့၊ အိမ်သန့်ရှင်းရေးလုပ်ပေးဖို့ခေါ်ထားတဲ့ လူမည်း၊ လက်တီနာ (latina/ အမေရိကတောင်ပိုင်းက လူညို ရွှေ့ပြောင်းအလုပ်သမ‌တွေ) ၊ အာရှအိမ်ဖော်အမျိုးသမီးတွေခံစားရတဲ့ဖိနှိပ်မှုတွေကိုကျတော့ မျက်ကွယ်ပြုထားတတ်တဲ့ သူတို့ရဲ့လူဖြူဖီမီနင့်ဇင်ရဲ့လိုအပ်ချက်‌တွေကို ထောက်ပြတာပါပဲ ဒီနေရာမှာ လူဖြူဖီမီနင့်ဇင်လို့ခေါ်ဝေါ်ကြပေမဲ့ ဇီဝဗေဒအခြေပြုလိင်ခွဲခြားရေးပေါ်သာမူတည်ထားတဲ့ ဂျန်ဒါတန်းတူညီမျှရေးအတွေးအခေါ်တစ်ခုကို လူဖြူမိန်းမမှမဟုတ် ဘယ်သူမဆိုပြန်လည်အသုံးပြုနိူင်ပါတယ် ကျွန်မတို့ မြန်မာပြည်မှာလည်း ပညာတတ်၊ ရာထူးရာခံအစရှိတဲ့လူတန်းစားခွဲခြားမှုတွေ၊ ဗမာ/အခြားသောတိုင်းရင်းသားအစရှိတဲ့လူမျိုးရေးခွဲခြားမှုတွေကို မျက်ကွယ်ပြုပြီး မိန်းမ vs. ယောင်္ကျားဆိုတဲ့ ဇီဝ‌ဗေဒလိင်ကိုသာ ဦးတည်ရွေ့လျားတဲ့ လူဖြူဖီမီနင့်ဇင်ကိုလည်း မိန်းမတွေကိုယ်နှိုက်ပြန်လည်အသုံးပြုနိူင်ပါသေးတယ် (လူမျိုးစုမိန်းမတွေထဲမှာလည်း လူတန်းစားရေးအရ ပြန်လည်ဖိနှိပ်နေသူလူမျိုးစုခေါင်းဆောင်အမျိုးသမီးတွေလည်း ရှိနိူင်ပါတယ် လူမည်းအမျိုးသမီးတွေထဲမှာလည်း အပေါ်ယံဟန်ပြနိူင်ငံရေးထဲမှာ နေရာရနေတဲ့ လက်ရှိအမေရိကန်ဒုသမ္မတ Kamala Harris တို့လိုမျိုးပါပဲ)

Manel တွေကို ရှုံ့ချတဲ့နေရာမှာရော ထည့်သွင်းရမဲ့မိန်းမတွေဟာ ဘယ်လိုမိန်းမတွေလဲ? ပညာတတ်မိန်းမတွေပဲလား?

လူသိများတဲ့မိန်းမတွေပဲလား?

ခေါင်းဆောင်မိန်းမတွေပဲလား?

ပိုက်ဆံရှိသူမိန်းမတွေလား?

အက်တီဗစ်မိန်းမတွေလား?

မိန်းမဖြစ်ပြီးရောလား?

မိန်းမအနေနဲ့မွေးဖွားလာပြီး ယောင်္ကျားအဖြစ်လိင်ပြောင်းနေထိုင်သူတွေကိုရော panel တွေမှာ မိန်းမလို့သတ်မှတ်ကြမှာလား?

ဒါဆို ရပ်ကွက်ထဲက ကွမ်းယာရောင်းတဲ့၊ အင်္ဂလိပ်စကားမတတ်တဲ့ ဟိန္ဒူအန်တီကြီးကိုရော ကျွန်မတို့ panel တွေထဲဖိတ်ကြမှာလား?

အလုပ်သမားဖိနှိပ်ခံရမှုတွေအကြောင်းပြောရင် အထည်ချုပ်စက်ရုံက အလုပ်သမလေးတစ်ယောက်ကို panel ထဲဖိတ်ကြမှာလား၊ မဖိတ်ကြဘူးလား?

မိမိကိုယ်ကို ဖီမီနင့်လို့လက်ခံထားတဲ့ကျွန်မအနေနဲ့ ဇီဝဗေဒလိင်အပြင် အခြားသောဖြစ်တည်မှုတွေကို ထည့်မစဉ်းစားတဲ့ဖီမီနင့်အတွေးအခေါ်တွေနဲ့ အမူအကျင့်တွေကို လက်သင့်ခံဖို့ခက်ခဲနေတယ် အမေရိကန်မှာကျွန်စနစ်ကြီးစိုးစဉ်ကာလက လူဖြူမိန်းမတွေဟာ သူတို့ဟာ လူဖြူယောင်္ကျားတွေနဲ့ယှဉ်ရင် ဖိနှိပ်ခံထားရတယ်ဆိုပေမဲ့ တစ်ပြိုင်နက်တည်း သူတို့ကျွန်ပြုထားတဲ့လူမည်းယောင်္ကျားတွေပေါ်မှာတော့ သူတို့ကိုယ်တိုင်ပြန်လည်ဖိနှိပ်တဲ့သာဓကတွေလည်းရှိခဲ့ပြန်တယ် လူမည်းနဲ့ လူညိုယောင်္ကျားတွေကိုယ်နှိုက်က လူဖြူဖီမီနင့်ဇင်ရဲ့နင်းခံသားကောင်တွေဖြစ်နေတဲ့သာဓကတွေလည်းရှိနေသေးတယ် (အောက်မှာ လူဖြူမိန်းမတွေက လူမည်းယောင်္ကျားတွေက သူတို့ကိုမုဒိန်းကျင့်ပါတယ်‌ဆိုပြီး လိမ်ညာတဲ့အတွက် လူမည်းကျွန်ယောင်္ကျားတွေဟာ ကြိုးကွင်းစွပ်အသတ်ခံခဲ့ရတဲ့ အမေရိကန်တောင်ပိုင်းသမိုင်းကြောင်းအကြောင်း‌ရေးသားထားတဲ့စာတမ်းလင့်ခ်ပေးထားပါတယ်)

အဲ့ဒါကြောင့် လူဖြူမဟုတ်တဲ့ဖီမီနင့်အယူအဆတွေ (women of color feminisms/ Black feminisms) တွေမှာတော့ လိင်ပိုင်းဆိုင်ရာ‌ခွဲခြားမှုတွေသာမက လူမျိုးရေးဆိုင်ရာ၊ လူတန်းစားဆိုင်ရာခွဲခြားမှုတွေကိုပါ ဝေဖန်ထောက်ပြလာကြတယ် ကျွန်ပြုခံဘဝကနေထွက်ပြေးလာပြီးနောက် စာရေးသူဖြစ်လာသူ လူမည်းအမျိုးသမီးစာရေးသူ Sojourner Truth ရဲ့ Ain’t I a Woman? (ငါကရော မိန်းမ မဟုတ်ဘူးလား?) ဆိုတဲ့ကဗျာကို ဒီနေရာမှာ ကျွန်မညွှန်းချင်တယ် Truth ရဲ့ကဗျာဟာ သူ့လိုမျိုး တိရိစ္ဆာန်သာသာဆက်ဆံခံရတဲ့လူမည်းကျွန်တစ်ယောက်ရဲ့ မိန်းမဖြစ်တည်မှုကရော မိန်းမဆိုရင် ဖိနှိပ်ခံရတယ်လို့ဆိုနေကြတဲ့လူဖြူသခင်မတွေအတွက်အရေးမပါဘူးလားဆိုတာကို ပျက်ပျက်ထင်ထင်မေးလိုက်သလိုပါပဲ (တစ်ခါက မြန်မာဖီမီနင့်အမျိုးသမီးတစ်ယောက်က လူမည်းတွေတောင် သူ့ဖီမီနင့်ဇင်သူရှိတာ မြန်မာတွေလည်း မြန်မာဖီမီနင့်ဇင်ရှိသင့်တယ်ဆိုပြီး အမျိုးသားရေးဆန်ဆန် ကျွန်မကိုပြောခဲ့ဖူးတာ မှတ်မိပါသေးတယ် နောက်တော့ ဒီဖီမီနင့်ကြီးကိုယ်တိုင်က သူ့ဆိုင်က အလုပ်သမတွေကို နင့်ပဲငဆ အလုပ်ရှင်ဆန်ဆန်ဖိနှိပ်ဆဲဆိုတဲ့အကြောင်းတွေပြန်ကြားခဲ့ရတော့ ဖီမီနင့်ဇင်မှာလည်း အရင်းရှင်ဖီမီနင့်ဇင်‌ (capitalist feminism) ဆိုတာ ရှိသေးတယ်ဆိုတာသံဝေဂရမိတယ်)

မြန်မာရပ်ဝန်းမှာ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ Manel အကြောင်းသုံးသပ်ဖို့ ဘာလို့ အနောက်နိူင်ငံ‌က လူဖြူဖီမီနင့်ဇင်တွေအကြောင်းလာပြောနေရသလဲလို့ဆိုရင် မြန်မာရပ်ဝန်းမှာ ပြောဆိုနေကြတဲ့ Manel ဆိုတာ အနောက်လူဖြူနိူင်ငံတွေရဲ့ လူဖြူဖီမီနင့်ဇင်တွေများ ဘယ်လောက်သက်ဝင်နေမလဲဆိုတာကိုချိတ်ဆက်စဉ်းစားကြည့်ချင်လို့ပဲဖြစ်တယ် အင်္ဂလိပ်လိုအနည်းအကျဉ်းတတ်မှာသာလျှင် “One Manel a day, keep the democracy away” ဆိုတဲ့ပြပွဲစလိုဂန်ကိုနားလည်နိူင်မယ်ဆိုတဲ့ စကားနဲ့ထုတ်ဖော်မပြောတဲ့ ဘာသာစကားအရ အနောက်တိုင်းလွှမ်းမိုးမှုတွေကို သုံးသပ်ချင်လို့ဖြစ်တယ် (ကျွန်မတခြားဆောင်းပါးတစ်ပုဒ်ထဲမှာ ဒီမိုကရေစီဆိုတာဟာလည်း အမေရိကန်နိူင်ငံရဲ့ ကွန်မြူနစ်ဝါဒပျံ့နှံလာမှုကိုကြောက်ရွံ့ရာကနေ တစ်ကမ္ဘာလုံးကိုကျွေးခဲ့တဲ့ဂျင်းဆိုတာကိုလည်း ထည့်သွင်းရေးသားခဲ့ဖူးပါတယ်) မြန်မာပြည်နိူင်ငံရေးအခြေအနေကြောင့် အနောက်နိူင်ငံတွေမှာ ကျောင်းသွားတက်၊ အလုပ်လုပ်ကြတဲ့ ဦးနှောက်ယိုစီးမှုအခြေအနေဟာ အရင်ကထက်ပိုပြီးတော့တောင် များလာပါပြီ ဒီအချိန်မှာ အနောက်နိူင်ငံရဲ့လွမ်းမိုးမှုတွေထဲမှာမှ ဘာလို့ လူဖြူစဉ်းစားတွေးခေါ်လှုပ်ရှားမှုတွေရဲ့ သက်ရောက်မှုတွေကပဲ ကျွန်မတို့အပေါ်သက်ရောက်နိူင်စွမ်းအားပိုကောင်းနေရသလဲဆိုတာကလည်း ခုထိအရှိန်အဟုန်အားကောင်းဆဲဖြစ်တဲ့ လူဖြူကြီးစိုးရေးဝါဒ (white supremacy) ကို ဖွင့်ဟပြနေသလိုပါပဲ

ဖီမီနင့်ဇင်အကြောင်းပြောကြရင်တောင် ကျွန်မတို့ဟာ ကျွန်မတို့ပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ (သို့) အခြားသော လူဖြူမဟုတ်တဲ့ ဖီမီနင့်ဇင်အတွေးအခေါ်တွေနဲ့ ဘာလို့အလှမ်းဝေးနေကြသေးပြီး လူဖြူဖီမီနင့်အရွေ့တွေကိုသာ ဥပမာလို့ယူဆနေကြသေးတာလဲ?

Freedom Fighter ရဲ့ debate မှာ ပရိတ်သတ်တစ်ယောက်က မယိင်းလောဝ်ကိုမေးပါတယ် “ဒါဆို မဟာဖိုဝါဒကြီးတဲ့မိန်းမတစ်ယောက်ကို ပွဲထဲထည့်မယ်ဆိုရင်ရော လက်ခံမလား?” တဲ့ မယိင်းလောဝ်ကတော့ ဒီမိုကရေစီဆိုတာ “marketplace of ideas” ဖြစ်တဲ့အတွက် မိန်းမဖြစ်ရင် ဘယ်မိန်းမဖြစ်ဖြစ်ထည့်တာ Manel တွေလုပ်တာထက်ပိုကောင်းတယ်လို့ပြန်ဖြေခဲ့ပါတယ်

ဒီအဖြေဟာ Manel တွေကိုမနှစ်မြို့တဲ့လူတစ်ယောက်အနေနဲ့တောင်မှ ကျွန်မကို အံ့အားသင့်သွားစေတာပါပဲ ယောင်္ကျားတွေနဲ့တန်းတူ ရင်ဘောင်တန်းမပြောနိူင်တဲ့မိန်းမမရှိတာမဟုတ်ဘဲ မိန်းမတွေကို တမင်တကာဘေးဖယ်ထားတယ်ဆိုတဲ့အဆိုကို ကျွန်မလက်သင့်ခံပေမဲ့ မိန်းမတွေလည်း ပါဝင်ရေးအတွက် အဲ့မိန်းမဟာ မဟာဖိုဝါဒကြီးနေရင်တောင် သူ့မှာ (ရိုင်းရိုင်းပြောရရင်) ပူစီပါနေတာကြောင့် သူ့ကိုပွဲထဲထည့်ပိုင်ခွင့်ရှိတယ်၊ နေရာပေးသင့်တယ်ဆိုတဲ့စဉ်းစားချက်ဟာ ကျွန်မအတွက်တော့ လူဖြူဖီမီနင့်/လစ်ဘရယ်ဖီမီနင့်ဆန်နေပါတယ် ဒိမိုကရေစီကို “marketplace of ideas” လို့သုံးသွားတာကလည်း အ‌မေရိကန်အရင်းရှင်စနစ်ကပေါက်ဖွားလာတဲ့ free market ဒီမိုကရေစီအသွင်ရဲ့လွှမ်းမိုးမှုအောက်ကနေလာတဲ့ လစ်ဘရယ်ဖီမီနင့်ဇင်မှန်း မသိမသာထင်သာလှပါတယ် ဒါဆို မြန်မာပြည်နိူင်ငံရေးတွေနဲ့ပတ်သက်တဲ့ပွဲတွေမှာလည်း ကျွန်မတို့က လူဖြူမိန်းမတွေ၊ ဗမာဗုဒ္ဓဘာသာမိန်းမတွေ၊ ဗိုလ်ကတော်တွေ၊ သူဌေးသမီးတွေ၊ အလုပ်ရှင် girlboss တွေကို ပူစီပါနေတာတစ်ခုတည်းနဲ့ ဝင်ရောက်ဆွေးနွေးပြောဆိုခိုင်းသင့်သလား စဉ်းစားစရာဖြစ်လာပါ‌တယ် (ထိုင်းရောက် မြန်မာ NGO အရွေ့တွေ‌မှာတော့ မိန်းမဖြစ်နေတာမို့ဆိုတဲ့ကောက်ချက်ကနေ လူမျိုးစုအစုအဖွဲ့တွေ၊ ဗမာမိန်းမတွေက လူဖြူမိန်းမတွေနဲ့လက်တွဲအလုပ်လုပ်ကြတာတွေ တော်တော်များများကျွန်မတွေ့ရပါတယ်)

နောက်ထပ်ခြေတစ်လှမ်းပြန်ဆုတ်ပြီးစဉ်းစားရရင် ဟောပြောပွဲတွေမှာ မိန်းမတွေပါပါလာရေးဆိုတာ တကယ်တော့ ယောင်္ကျားတွေသာကြီးစိုးတဲ့စားပွဲဝိုင်းမှာ ‌ထိုင်ခုံတစ်ခုံစာပဲရရ တောင်းဆိုခြင်းပါပဲ တကယ်တမ်းက မိန်းမတွေပဲသိတယ်လို့မှတ်ယူထားကြတဲ့ ခေါင်းစဉ်‌တွေ (ဥပမာ – သားဖွားရေး၊ အိမ်တွင်းအချုပ်အလုပ်၊ ထမင်းဟင်းချက်ပြုတ်ရေးအစရှိတဲ့ခေါင်းစဉ်တွေ၊ ရပ်ဝန်းတွေ) မှာတော့ ယောင်္ကျားတွေက Manel လုပ်ဖို့ဝေလာဝေး၊ ဝင်နားထောင်ဖို့တောင် စိတ်တောင်မဝင်စားကြပါဘူး ဒါဟာ ပေထရီရာခီရဲ့ယောင်္ကျားတွေအပေါ်သက်ရောက်မှုတွေပါပဲ

တကယ်တမ်းဖိုဝါဒလွှမ်းမိုးမှုပပျောက်ရေးအတွက်ဆိုရင် အဲ့ဒီလို “မိန်းမကိစ္စ”တွေလိုသာ သတ်မှတ်ထားတဲ့နေရာတွေမှာ ယောင်္ကျားတွေသာမက အခြားသာ ဂျန်ဒါဖြစ်တည်သူတွေပါပိုမိုပါဝင်လာအောင် ကျွန်မတို့လှုံ့မဆော်သင့်ဘူးလား?

ဘာလို့ ယောင်္ကျားတွေသာ ကြီးစိုးတဲ့နေရာမှာ တစ်နေရာစာရရရေးအတွက် ကြိုးစားလုံးပမ်းကြရမှာလဲ?

သူတို့ပေးမဲ့ထိုင်ခုံက ခြေတစ်‌ချောင်းကျိုးလို့ ခနော်ခနဲ့‌ဖြစ်နေလည်း ကျွန်မတို့က ကျေးဇူးတင်လက်ခံရမှာလား?

Freedom Fighter debate မှာပြောဆိုသွားတာတွေအရ Manel တွေကိုရှုံ့ချခြင်းနောက်က ‌ဖြစ်စေချင်တဲ့အကျိုးဆက်က မိန်းမတွေကိုလည်းနေရာပေးရေးလို့ ကျွန်မယူဆမိပါတယ် (မယိင်းလောဝ်ကတော့ inclusivity လို့သုံးပါတယ်) ဒီနေရာမှာ ဇီဝဗေဒလိင်အတိုင်းနေထိုင်ကျင့်ကြံမှုမရှိတဲ့သူတွေ၊ လိင်ပြောင်းလိင်လွဲရှိသူတွေကျတော့ ဘယ်နေရာမှာနေမလဲ၊ ထည့်သွင်းမလဲဆိုတာကို ထဲထဲဝင်ဝင်ဆွေးနွေးသွားတာကို ကျွန်မသတိမထားမိပါဘူး ဂျန်ဒါတန်းတူညီမျှရေးမှာ ယောင်္ကျားနဲ့မိန်းမ ဂျန်ဒါနှစ်မျိုးပဲရှိသလား ကျွန်မမသဲကွဲပါဘူး ဒါမှမဟုတ် ပူစီပါတဲ့မိန်းမတွေအရင်နေရာရအောင်လုပ်ပြီးမှ လိင်ပြောင်းလိင်လွဲတွေ၊ ကျွန်မလိုမျိုး မိမိကိုယ်ကို gender non-binary (ဂျန်ဒါနှစ်မျိုးတည်းသာရှိတယ်လို့ မခံယူထားတဲ့သူ) တွေကို နောက်မှ တစ်ဆင့်ချင်းစီထည့်သွင်းစဉ်းစားကြမှာလား? လူဖြူမိန်းမတွေအရင်လွတ်မြောက်ပြီး လူမည်းကျွန်မိန်းမတွေ၊ ကျွန်မတို့လို လူညိုတွေကလွတ်မြောက်ရမှာလား?

အခုကာလမှာတော့ Manel ပြပွဲတွေကို မဟာဖိုဝါဒကြီးစိုးလွန်းလို့မနှစ်ခြိုက်တဲ့သူတွေရှိသလို တစ်ပြိုင်နက်တည်းမှာလည်း Manel ရှုံ့ချရေးပြပွဲတွေကို ထောက်ခံပါတယ်ဆိုတဲ့ ယောင်္ကျားထုတစ်ထုလည်း ပေါ်ထွက်လာတာကို ကျွန်မသတိထားမိပြန်တယ် သူတို့တွေအနေနဲ့ကတော့ ဖီမီနင့်လို့ခေါ်တဲ့မိန်းမတွေနဲ့ ပလဲနံပဖြစ်နေခြင်းဟာ သူတို့ရဲ့ နိူင်ငံရေးနိုးကြားမှု (political wokeness) ကိုပြသရာတစ်ပြိုင်နက်တည်းရောက်မယ်လို့ ခံယူထားကြတဲ့ အပေါ်ယံ Performative ally (အတုအယောင်မိတ်ဖက်)လုပ်ရပ်တွေမို့ ကျွန်မကတော့ ရယ်ချင်မိတယ် ဖီမီနင့်ဆိုတာနဲ့ကြောက်မက်ဖွယ်ကောင်းတယ်လို့ထင်ထားကြတော့ တကယ်တမ်း သူတို့ကျင့်သုံးနေတာ ဖီမီနင့်ဇင်ဟုတ်မဟုတ်ဆိုတာထက် (တကယ်တမ်းရော ဖီမီနင့်ဇင်ကိုကျင့်သုံးနေရဲ့လားမသိပါဘူး) ဖီမီနင့်တွေနဲ့ အဆဲအဆိုမခံရအောင် ပလဲနံပသင့်အောင်နေနေကြတာလဲဖြစ်နိူင်ပါတယ် (ဒီလို ပြင်းပြင်းထန်ထန်ဆိုရတာကတော့ တချို့သော Manel ပြပွဲတွေကိုထောက်ခံပါတယ်ဆိုတဲ့ ယောင်္ကျားတချို့ရဲ့ တစ်ကိုယ်ရည်နေ့စဉ်ဘဝမှာ ဆက်လက်ကျင့်သုံးဆဲဖြစ်တဲ့ ပေထရီရာခီအမူအကျင့်တချို့ကို ကျွန်မကိုယ်တိုင်တွေ့ကြုံဖူးလို့ပါပဲ မိန်းမတွေကို ‌ဦးစားပေးတိုင်း၊ နေရာပေးတိုင်း ဖီမီနင့်ဟုတ်မနေပါဘူး)

တစ်ဖက်မှာလည်း ကျွန်မက Manel ပြပွဲတွေအပေါ် အရင်းရှင်ဆန်တာရော၊ အနောက်တိုင်းလွှမ်းမိုးမှုအားကြီးတာရော၊ လူဖြူကြီးစိုးရေးအားကြီးတာရော၊ NGO ဆန်တဲ့ဖီမီနင့်အရွေ့တစ်ခုဖြစ်တာရောကြောင့် အားမလိုအားမရ ထဲထဲဝင်ဝင်ထောက်မခံတာကို ကျွန်မသည်လည်း မဟာဖိုဝါဒလွှမ်းမိုးခံနေရတဲ့မိန်းမတစ်ယောက်သဖွယ် လာလက်တွဲပြီး ခွေးတစ်ကောင်လို သူတို့ကိုယ်စားထွက်ကိုက်ခိုင်းတဲ့သူတွေနဲ့လည်း ကြုံဖူးပါတယ် (ဒါကလည်း ကျွန်မမှာ ပူစီပါနေလို့ သူတို့ကိုယ်တိုင် Manel မလုပ်မိအောင် ကျွန်မကိုလာဖိတ်ခေါ်တာလည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ်လေ)

တချို့သောသူတွေအဖို့ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တယ်လို့ ခံစားရပြီး ဘူးခံခံတာတွေရှိသလို တချို့ကျတော့လည်း ဘာကြောင့် Manel ဟာ တကယ်တမ်းပြောင်းလဲမှုတွေကိုမဖြစ်နိူင်ဘူးဆိုတာ သေသေချာချာမချေပနိူင်ကြပါဘူး Freedom Fighter debate အတွက် ဖိတ်ခေါ်ထားခဲ့တဲ့ တစ်ဖက်ကတန်ပြန်ပြောဆိုသူတွေအနေနဲ့လည်း ဘာကြောင့် Manel ရှုံ့ချပွဲတွေဟာ လူဖြူဖီမီနင့်ဆန်နေသလဲ၊ ဇီဝဗေဒအခြေပြုလိင်ပေါ်မှာပဲအခြေခံနေသလဲ၊ အရင်းရှင်စနစ်ကိုပြန်လည်တွန်းအားပေးတဲ့ ထိုင်ခုံနေရာရရေးကိုပဲ ဦးစားပေးနေသလဲဆိုတာတွေကို သေသေချာချာ မထောက်ပြနိူင်လို့ နားထောင်ရတဲ့ကျွန်မအဖို့တော့ အားမလိုအားမရဖြစ်မိပါတယ် (သူတို့က များသောအားဖြင့် ဝေဖန်တာမကောင်းဘူး၊ ပုံတွေရှဲတာမကောင်းဘူး၊ အပြုသဘောမဆောင်ဘူးလို့သာ ထောက်ပြကြပါတယ် ဝေဖန်တာကို မကောင်းဘူးလို့ ကျွန်မတော့ မထင်ပါဘူး အဲ့ဒါကြောင့် ကျွန်မလည်း အခု Manel ရှုံ့ချပွဲကျင်းပခြင်းနောက်ကွယ်က ဖီမီနင့်ဒဿနကို ပြန်ဝေဖန်တာပါပဲ)

Manel ပြပွဲတွေ‌ဟာ ဖီမီနင့်အရွေ့တစ်ခုတော့အရွေ့တစ်ခုပါပဲ ဘယ်လိုဖီမီနင့်အရွေ့လဲ၊ ဘယ်လိုဂျန်ဒါတန်းတူညီမျှမှုကိုလိုချင်တာလဲ၊ ဘယ်လိုလူတန်းစားအတွက်လဲဆိုတာကတော့ စာဖတ်သူတွေအနေနဲ့ ကျွန်မထောက်ပြသွားတာတွေကနေတဆင့် ကိုယ့်ဘာသာဆက်စဉ်းစားနိူင်ပါတယ် နိူင်ငံတကာမှာ လူဖြူဖီမီနင့်အရွေ့တွေက ခုထိလွယ်လွယ်ကူကူ‌စားသုံးလို့ရတဲ့ ဖီမီနင့်ဇင်မို့ ရေပန်းစားလူကြိုက်များနေဆဲပါပဲ ကျွန်မတို့မြန်မာနိူင်ငံရဲ့ ထိပ်တန်းဖီမီနင့်ဇင်အရွေ့တွေကလည်း တစ်ကမ္ဘာလုံးအပေါ် လူဖြူကြီးစိုးရေးလွှမ်းမိုးသလောက် လူဖြူဖီမီနင့်ဆန်တဲ့အရွေ့တွေသာဖြစ်ကောင်းဖြစ်လာနိူင်တာပါပဲ ကျွန်မလေ့လာရသလောက်ကတော့ နိူင်ငံတကာမှာပြုလုပ်ကြတဲ့ Manel ရှုံ့ချပွဲတွေဟာ လူအုပ်စုတစ်စုစာ၊ panel တွေမှာပါဝင်နိူင်စွမ်းရှိရဲ့သားနဲ့ ဘေးဖယ်ခံထားရသူလူတန်းစားတစ်ရပ်အတွက်သာ အားရစရာကောင်းတာပါ တကယ်တမ်း တော်လှန်ရေးအရွေ့တွေ၊ နေ့စဉ်စားဝတ်‌နေရေးအတွက်လှုပ်ရှားရုန်းကန်ရမှုတွေ ဘယ်သူကမှ ဘယ် panel ထဲပါဖို့ စိတ်အာရုံမစိုက်နိူင်ကြပါဘူး ကျွန်မတစ်ကိုယ်ရည်တစ်ကာယအနေနဲ့ပြောရရင် စိတ်တူကိုယ်တူရှိတဲ့ အမျိုးသမီးတွေ၊ ဂျန်ဒါ non-binary တွေ၊ မိမိရဲ့ မ, သဘောသဘာဝနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားယောင်္ကျားတွေနဲ့သာ စကားဝိုင်းတွေမှာ စကားပြောဆိုဆွေးနွေးချင်တယ် ဘာလို့လဲဆိုတော့ ဒီစကားဝိုင်းတွေမှာ ကျွန်မသိနေတာတွေကိုပဲ ဆရာမကြီးသဖွယ်ချပြဖို့ဆိုတာထက် ကျွန်မရဲ့စကားပြောဖော်တွေဆီကနေလည်း ပြန်လည်လေ့လာချင်လို့ဖြစ်တယ် (ဖို, သဘော၊ မ, သဘောဟာ လူတိုင်းမှာ ဒွန်တွဲနေပါတယ် ယောင်္ကျားမှ ဖိုဆန်တတ်တာမဟုတ်ပါဘူး ဖိုဆန်တဲ့မိန်းမတွေလည်း အများကြီးပါပဲ)

သေချာတာတစ်ခုကတော့ Manel ပြပွဲတွေလုပ်တာကြောင့် ကျွန်မတို့လူ့အဖွဲ့အစည်းကြားထဲမှာ စကားတွေပြောသွားစေတာပါပဲ Manel ရှုံ့ချပွဲတွေက တော်လှန်ရေးအထောက်အကူဖြစ်စေရဲ့လားဆိုတဲ့မေးခွန်းတွေကိုတော့ ကျွန်မဝင်မဖြေချင်ပါဘူးလေ ဘာလို့လဲဆိုတော့ လက်ရှိမှာတော်လှန်ရေးဟာလည်း ဖီမီနင့်ဇင်လိုမျိုးပဲ အကိုင်းအခက်တွေအမျိုးမျိုးကွဲနေတာပါပဲ (ဥပမာ – အရင်းရှင်စနစ်ကို အားပေးတဲ့ fundraising အသားပေးတော်လှန်ရေး၊ လိင်အကြမ်းဖက်မှုကို မျက်ကွယ်ပြုတဲ့ ဖိုဝါဒစွဲတော်လှန်ရေး၊ ပြည်တွင်းပြည်ပခွဲခြားတဲ့ အမျိုးသားရေးဆန်ဆန်တော်လှန်ရေး၊ အနောက်လူဖြူပေးစာကမ်းစာကို သရေတမျှားမျှားကျရတဲ့ လူဖြူကြီးစိုးရေးတော်လှန်ရေးအစရှိသဖြင့်ပါပဲ ကျွန်မတို့ ဖီမီနင့်ဇင်လည်း ဒီလိုတော်လှန်ရေးဂိုဏ်းကွဲတွေလိုမျိုး ကွဲနေပါပြီလေ)

ဖိုဝါဒလွှမ်းမိုးမှုတကယ်ပပျောက်ရေးဆိုတာထက် ဒီလိုဟိုး‌လေးတကျော်‌ကျော်ဖြစ်သွားစေချင်တာကသာလျှင် Manel ပြပွဲတွေလုပ်ရခြင်းရဲ့နောက်ဆုံးပိတ်ရည်ရွယ်ချက်ဆိုရင်တော့ ဒီပွဲတွေကအောင်မြင်တယ်လို့ ကျွန်မထင်ပါတယ် (ဟိုးလေးတကျော်ကျော်ဖြစ်ရခြင်းနောက်မှာ ကျွန်မတို့ဆက်လက်စဉ်းစားနိူင်စွမ်းတွေရှိရင်တော့ ကောင်းတာပေါ့လေ) ကျွန်မ‌အတွက်ကတော့ Manel ပြပွဲတွေနောက်က ဖီမီနင့်လှုံ့ဆော်ချက်တွေဟာ ဖီမီနင့်ဇင်တွေအမျိုးမျိုးရှိတဲ့အထဲက အသွင်တစ်ခုတည်းသာဖြစ်သောဖီမီနင့်ဇင်တစ်ခုသာဖြစ်ပြီး ဖီမီနင့်လို့ မိမိကိုယ်ကိုမှတ်ယူထားတဲ့သူအဖို့ မိမိရဲ့ဖီမီနင့်ဇင်ဟာ ဘယ်လိုဖီမီနင့်ဇင်လဲ၊ ဘယ်လိုလွတ်‌မြောက်ရေးအတွက် နေ့စဉ်နေထိုင်ကျင့်ကြံပြုမူနေထိုင်ရမဲ့/တဲ့ ဘဝနေနည်းနာလဲဆိုတာကို သေသေချာချာပြန်လည်စဉ်းစားဆင်ခြင်တွေးတောဖို့ကို ကျွန်မတို့အားလုံးခေါင်းထဲ သံချောင်းခေါက်လိုက်သလိုပါပဲလေ

ပုံ – တိုက်အိုပျက်တစ်ခုထဲမှ ထိုင်သူမဲ့ခုံတန်းလျားအလွတ်တစ်ခုနဲ့ အပြာရောင်ပလတ်စတစ်ထိုင်ခုံတစ်ခုံ

အမေရိကန်တွင်ပြုလုပ်ခဲ့သော Manel ရှုံ့ချရေးပွဲများအကြောင်း

 

Freedom Fighter မှ ၂၀၂၂ ခုနှစ် ဧပြီလတွင်ပြုလုပ်ခဲ့သော Manel ပြပွဲအကြောင်း debate recording

လူမည်းကျွန်ပြုခံခဲ့သူ စာရေးသူ Sojourner Truth ရဲ့ Ain’t I a Woman? ကဗျာ

Sheryl Sandberg ရဲ့ Lean in feminism အပေါ်သုံးသပ်ချက်

Shahed Ezyadi ရေးသော လူဖြူဖီမီနင့်ဇင်အကြောင်းနဲ့ ၎င်းက အခြားသော လူဖြူမဟုတ်တဲ့မိန်းမတွေအတွက်အသုံးဝင်မဝင်အကြောင်းဆောင်းပါး

လူမည်းစာရေးသူ bell hooks ‌က lean in feminism အပေါ်ဝေဖန်သုံးသပ်ချက်များ

အမေရိကန်တောင်ပိုင်းသမိုင်းမှ လူဖြူမိန်းမများက လူမည်းယောင်္ကျားများဟာ သူတို့ကို မုဒိန်းကျင့်ပါတယ်လို့စွပ်စွဲပြီး လူမည်း‌ယောင်္ကျားများကိုကြိုးစင်တင်သတ်ကြ‌သော လူဖြူ/လူမည်းလူမျိုးရေးခွဲခြားမှုတွေထဲပါဝင်ကြပုံဆောင်းပါး

ပြီးခဲ့သောနှစ်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးသမီးများနေ့အထိမ်းအမှတ် ကျွန်မရေးသားခဲ့သော လစ်ဘရယ်ဖီမီနင့်ဇင်အကြောင်း

 

ကျွန်မ‌ရေးသားခဲ့သော လူဖြူကြီးစိုးမှုလွှမ်းမိုးသော တော်လှန်ရေးအကြောင်း ဆောင်းပါး

ကျွန်မရေးသားခဲ့သော မဟာဖိုဝါဒလွှမ်းမိုးသော စဉ်းစားတွေးခေါ်မှုများအကြောင်းဆောင်းပါး

 

ကျွန်မရဲ့ဖီမီနင့်ဇင်ဆောင်းပါး

ကျွန်မရဲ့ဖီမီနင့်ဇင်

 

စာလုံးပေါင်းသတ်ပုံမှန်ဖို့ရယ်

“သူက အင်္ဂလိပ်ရှ် ကောင်းတယ်လေ”

 

ဒါကတော့ ကျွန်မငယ်ငယ်က တခြားကလေးတွေနဲ့ပတ်သက်လာရင် ကြားနေကျ အမေပြောပြောဖူးတဲ့စကားတစ်ခွန်းပေါ့ ကလေးကိုကျောင်းထားရင် အင်္ဂလိပ်ကောင်းစေချင်တယ် ဘာကြောင့်လဲဆိုတာ ပွင့်ပွင့်လင်းလင်းဖွင့်မပြောကြပေမဲ့ လူတိုင်းသိနေကြသလိုပဲ စာလုံးပေါင်းသတ်ပုံအရေးအသားအဖြတ်အတောက်သဒ္ဒါ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်ဟာကမှန်တယ်၊ ဘယ်ဟာကမှားတယ် ဘယ်လိုဆိုရင်ဖြင့် ဖတ်ရတဲ့သူအတွက် အနှောင့်အယှက်ဖြစ်တယ်စသဖြင့်ပြောကြဆိုကြတာတွေ ကြားနေရတာကြာပါပြီ Facebook ပေါ်မှာ ဗွီဒီယိုနဲ့သော်လည်းကောင်း၊ blog နဲ့သော်တစ်ဖုံ အင်္ဂလိပ်စာ (သို့ တခြားသော နာမည်ကြီးလူကြိုက်များတဲ့ ဂျပန်၊ တရုတ်အစရှိတဲ့ ဘာသာစကားတွေ) ‌ကို ဘယ်လိုလေယူလေသိမ်းနဲ့ပြောတတ်အောင်ဆိုပြီး သင်ကြားပို့ချကြတာတွေလည်း တွေ့နေမြင်နေရတာလည်း မဆန်းတော့ပါဘူး ဒီနေ့တော့ ဒီဘာသာစကားဆိုင်ရာအငြင်းအခုံတွေနဲ့ပတ်သက်ပြီး နည်းနည်းအကျယ်ဖြန့်စဉ်းစားချင်တယ်

 

တက္ကသိုလ်တက်တော့ အမှတ်မထင် linguistics လို့ခေါ်တဲ့ ဘာသာစကားဗေဒကို ကျွန်မမေဂျာယူဖြစ်တယ် ဘာသာစကားဗေဒဆိုတာ တော်တော်များများက ဘာသာစကားအများကြီးတတ်တဲ့သူတွေလို ထင်ယောင်ထင်မှားဖြစ်တတ်ကြပေမဲ့ (ဥပမာ – အင်္ဂလိပ်စာကို ဘိုသံပီအောင်ပြောတတ်ခြင်း၊ မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ ရုရှားအစရှိသဖြင့် ဘာသာစကားပေါင်းစုံကို လွယ်လွယ်ကူကူပြောတတ်ခြင်းအစရှိတဲ့ကျွမ်းကျင်မှုရှိသူတွေကို linguist ဘာသာစကားပညာရှင်လို့ ကျွန်မတို့ပတ်ဝန်းကျင်မှာ အပေါ်ယံမှတ်ယူလေ့ရှိကြတယ်) တကယ်တမ်းက ဘာသာစကားဗေဒဟာ ဘာသာစကားပေါင်းမြောက်မြားစွာကို ပြောတတ်ခြင်း၊ အဲ့ဒီဘာသာစကားတွေရဲ့ prescriptive rule လို့ခေါ်တဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာလိုက်နာနိူင်ခြင်းဆိုတာထက် ဘာသာစကားတွေရဲ့ဖြစ်တည်မှု၊ လူမှုပတ်ဝန်းကျင်အပေါ်သက်ရောက်မှုတွေအပေါ်ပြန်လည်စဉ်းစားဆင်ခြင်နိူင်စွမ်း (ဒါကို metalinguistic awareness ဘာသာစကားအပေါ် ဘာသာစကားကိုအသုံးပြုပြီး ပြန်လည်ဆင်ခြင်နိူင်တဲ့အသိလို့ ပြောလို့ရမယ်) တွေကို ပျိုးထောင်ပေးတဲ့ဘာသာရပ်တစ်ခုလို့ ကျွန်မကတော့ သဘောပေါက်မိတယ် ဥပမာ – ဘာသာစကားဗေဒကိုသာ မေဂျာယူခဲ့တာ၊ ကျွန်မ အင်္ဂလိပ်စာအသံထွက်က ILBC ကျောင်းဆင်းတွေလောက်မကောင်းပါဘူး ကောင်းလည်းမကောင်းချင်ပါဘူးလေ

 

ကျွန်မတို့လူသားတွေဟာ အချင်းချင်းပေါင်းသင်းဆက်ဆံဖို့အတွက် ဘာသာစကားဆိုတာကို အသုံးပြုကြတယ် ဘာသာစကားရယ်လို့စနစ်တကျမဖြစ်ခင်မှာ ပေါင်းကူးမှုသင်္ကေတတစ်ခုအနေနဲ့ရှိနေရာကနေ ကိုယ့်ရဲ့ပတ်ဝန်းကျင်အဖွဲ့အစည်းတစ်ခုထဲက လူအများနဲ့ကူးလူးဆက်ဆံကြတာဖြစ်တဲ့အတွက် အများနားလည်လက်ခံသဘောပေါက်တဲ့စည်းစနစ်တွေက‌နေတဆင့် ဘာသာစကားကို တဖြည်းဖြည်းပုံဖော်လာကြတာဖြစ်တယ် ဥပမာ – Burglish လို့ခေါ်တဲ့ ကျွန်မတို့ Internet ပေါ်မှာသုံးလေ့သုံးကြရှိတဲ့ဘာသာစကားခွဲတစ်မျိုး (language variety) တစ်ခုကိုပဲ စဉ်းစားကြည့်ကြရအောင် ဘားဂလစ်ရှ်ကိုနားလည်ဖို့ဆိုတာ အဲ့ဒီစကားကို အသုံးပြုပြီး ပေါင်းသင်းဆက်ဆံကြတဲ့သူအချင်းချင်းကြားထဲ နားလည်‌သဘောပေါက်လက်ခံမှုတစ်ခုရှိနေလို့ပါပဲ “နေကောင်းလား” ကို ကျွန်မတို့ခေတ်မှာ nay kaung lar လို့ရေးလေ့ရှိကြပေမဲ့ ခုနောက်ပိုင်းမှာတော့ ကြားထဲက သရတွေအကုန်လုံးကိုဖြုတ်ပြီး “nay kg lr” လို့ရေးလာကြပါပြီ ဒါကို ဘားဂလစ်ရှ်သုံးတဲ့သူအချင်းချင်းကြားထဲ‌နားလည်သဘောပေါက်သရွေ့ ဒီဘားဂလစ်ရှ်‌အရေးအသားစည်းမျဉ်းစည်းကမ်းဟာ အဆင်ပြေနေဦးမှာပါပဲ (ကျွန်မတို့ခေတ်ကရေးတဲ့ ဘားဂလစ်ရှ်ဟာ ခုခေတ်လူငယ်တွေအတွက် ခေတ်နောက်ကျကောင်းကျနေပေမဲ့ ကျွန်မတို့အမေခေတ်ကသူတွေအတွက်က ထူးဆန်းဆန်းကြယ်တဲ့ဆက်သွယ်ရေးပုံစံတစ်ခုဖြစ်နေဆဲပါပဲ ဆယ်ကျော်သက်အရွယ်က ကျွန်မသူငယ်ချင်းနဲ့ ဘားဂလစ်ရှ်လိုပို့ထားတဲ့မက်ဆေ့တွေ အမေဝင်ဖတ်ကြည့်ပြီး ညည်းတို့ဟာကဘာတွေလဲ ငါတစ်ခုမှနားမလည်ဘူးဆိုပြီးပြောတာ မှတ်မိပါသေးတယ်) ခုတောင်မှ ကျွန်မလိုက်မမှီတဲ့ ဘားဂလစ်ရှ်အသစ်အဆန်းတွေများတောင်ပေါ်နေပြီလားတော့ မပြောတတ်ပါ

 

ဒီနေရာမှာ ဘာသာစကားစည်းမျဉ်းစည်းကမ်းလို့သာ သုံးရတာ တကယ်တော့ ကျွန်မဆိုလိုချင်တာက လူအများ (သို့ လူတစ်အုပ်စု) ကြားမှာ အချင်းချင်းနားလည်တဲ့ သင်္ကေတဝေမျှမှုပုံစံတစ်ခုပါပဲ (ဒီထက်ပိုနက်နဲပြီးပြောရရင် ရိုးရာ‌ဓလေ့ဆိုတာဟာလည်း လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းတစ်ခုထဲက လူတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အော် နင်ကလည်း ဒီအုပ်စုကပါလား၊ ဒီလိုအစားအစာမျိုးစားပါသလားအစရှိသဖြင့် မှတ်မိအောင်ဖွဲ့စည်းတည်ဆောက်ထားတဲ့ အင်မတန်ရှုပ်ထွေးလှတဲ့ သင်္ကေတဝေမျှမှု‌တွေထဲကတစ်ခုပါပဲ) (language as communication) ဘာသာစကားဆိုတာကို ဖတ်စာအုပ်တွေ၊ စာပေစိစစ်ရေးတွေဘာတွေညာတွေက ပညတ်ချက်ထုတ်ထားတဲ့အရာတစ်ခုဆိုတာထက် ကျွန်မတို့အချင်းချင်းကြားမှာ အများသဘောတူလက်ခံနားလည်သဘောပေါက်ထားတဲ့ သင်္ကေတဝေမျှမှု (shared signs) လို့မြင်ယောင်ကြည့်ရင် ဘာလို့ ကျွန်မတို့လူ့အဖွဲ့အစည်းတွေမှာ ဘာသာစကားအသုံးပြုမှုအပေါ်အခြေခံပြီး ခွဲခြားဆက်ဆံတာတွေ၊ ပညတ်ချက်‌ထုတ်တာတွေရှိနေသေးတာလဲဆိုတာကိုပါ စဉ်းစားကြည့်လို့ရလာမယ်လို့ ကျွန်မထင်တယ်

 

ဘာသာစကားဆိုတဲ့သင်္ကေတစနစ်ဟာ အင်မတန်ရှုပ်ထွေးလှတဲ့စနစ်တွေဖြစ်တယ် အသံထွက်တွေပါသလို အရေးအသားစာလုံးပေါင်းသတ်ပုံတွေပါတယ် ဒါပေမဲ့တစ်ပြိုင်နက်တည်းမှာလည်း အဲ့ဒီဘာသာစကားတစ်ခုထဲက သင်္ကေတတွေဟာလည်း အချိန်နဲ့အလိုက်၊ အသုံးပြုသူရဲ့တီထွင်ဆော့ကစားမှုတွေအလိုက် ပြောင်းလဲနေပြန်တယ် ဥပမာ – ကျွန်မတို့မြန်မာစာကိုပဲကြည့်မယ်ဆိုရင် ကျွန်မအမေတို့ခေတ်မှာ မှန်တယ်လို့ယူဆခဲ့တဲ့သတ်ပုံတွေဟာ ကျွန်မတို့ခေတ်မှာ မှားကောင်းမှားနေနိူင်တယ် အမေ ကျွန်မဆီစာရေးပို့တဲ့အခါ “သတိယခြင်းများစွာနဲ့အမေ”ဆိုတဲ့ စာအောက်မှာ လက်မှတ်ထိုးလေ့ရှိတဲ့စကားလုံးလေးကိုပဲကြည့်ကြည့်ရအောင် ကျွန်မ မြန်မာပြည်အစိုးရကျောင်းတက်လာတဲ့တောက်လျှောက်သင်လာရသမျှ “သတိယ” ဟာ ရကောက်နဲ့ပဲ ရ,ရမယ်လို့သင်ခဲ့ရတယ် (သတိရ) ဒါပေမဲ့ အမေတို့ခေတ်မှာတော့ ယပက်လက်နဲ့ ယခဲ့ကြပုံရတယ် ရကောက်နဲ့ပဲရရ၊ ယပက်လက်နဲ့ပဲယယ အဓိကက အမေကနေ ကျွန်မကို သတိရနေတယ်ဆိုတာကို ကျွန်မနားလည်သဘောပေါက်သွားတာပါပဲ ဒါကတော့ သိပ်ပြီးငြင်းခုံလေ့မရှိတဲ့ ဘာသာစကားအပြောင်းအလဲဥပမာတစ်ခုကိုပြောတာပါ ဒီလိုအချိန်နဲ့သော်လည်းကောင်း၊ ခေတ်နဲ့သော်လည်းကောင်းလိုက်ပြီးပြောင်းလဲကြတဲ့ ဘာသာစကားသင်္ကေတတွေထဲမှာ လူအများကြားအငြင်းပွားဖွယ်ဖြစ်စေတဲ့အပြောင်းအလဲတွေလည်းရှိနေပြန်ပါတယ် ဥပမာ – အင်္ဂလိပ်စကားရဲ့ နာမ်စားတွေဖြစ်တဲ့ he, she, they ဆိုတဲ့စကားလုံးတွေကို လူ့အဖွဲ့အစည်းရဲ့ဂျန်ဒါဖြစ်တည်မှုတွေအလိုက် ဘာသာစကားကိုအသုံးချဖွင့်ဆိုချက်တွေကနေတဆင့် ပြောင်းလဲလာတာပါပဲ ဥပမာ – ယောင်္ကျား/မိန်းမဆိုတဲ့ ၂ မျိုးပဲရှိတယ်လို့ပညတ်ချက်ထုတ်ထားတဲ့ ဂျန်ဒါ binarism တွေကို ပုန်ကန်တဲ့အနေနဲ့ တချို့ဟာ သူတို့ကို they နာမ်စားနဲ့သုံးပါဆိုပြီးပြောလာကြပါပြီ ဒါဟာ သဒ္ဒါမှန်မမှန်ဆိုတာကိုသာ လက်ကိုင်ထားတဲ့သူတွေအဖို့ ဘယ်လိုမှလက်မခံနိူင်တဲ့ ဘာသာစကားအမှားကြီးဆိုပြီး ခုချိန်ထိ အငြင်းအခုံတွေဖြစ်နေကြဆဲပါပဲ ဒီဥပမာကို ကြည့်ရင်ပဲ ဘာသာစကားဟာ လူအချင်းချင်းကြားကူးလူးဆက်ဆံပေးရုံသာမက ဘာသာစကားကိုအသုံးပြုပြီး ကျွန်မတို့က မိမိရဲ့ဖြစ်တည်မှုသွင်သဏ္ဍာန်တွေကို ဖော်ပြကြတယ်ဆိုတာပါပဲ (language as identity)

 

ဒီထက်ပိုရှင်းတဲ့‌နောက်ထပ်ဥပမာတစ်ခုပေးရရင် ကိုးရီးယားစကားသင်တာဟာ ကိုးရီးယားမှာအလုပ်သွားလုပ်ကျောင်းသွားတက်မှာမို့ ပေါင်းသင်းဆက်ဆံရေးအတွက်သင်တာဖြစ်သလို ကိုးရီးယားစကားတတ်ခြင်းနောက်မှာကပ်ပါလာတဲ့ ဖြစ်တည်မှုသွင်သဏ္ဍာန် (မိုက်တယ်၊ ခေတ်မီတယ်အစရှိသဖြင့်) တွေကို ဖော်ပြချင်လို့လည်း ဖြစ်ကောင်းဖြစ်နိူင်တယ် ဒီနေရာမှာ ဘာသာစကားဟာ ကနဦးက လူတွေကနေပဲတီထွင်ထားတဲ့ အချင်းချင်းကူးလူးဆက်ဆံဖို့တည်ဆောက်ထားတဲ့ သင်္ကေတဝေမျှမှုတစ်ခုဖြစ်ပေမဲ့ ဘာလို့ လူတွေကိုယ်နှိုက်ကိုယ်တိုင်က အဲ့ဒီ social construct ရဲ့အမိန့်ပေးမှုအောက်မှာပြန်လည်စင်းခံလိုက်ကြသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ကျွန်မတို့မြန်မာစကားမှာလည်း ခုနောက်ပိုင်းမှာ အမျိုးသမီး/မိန်းမလို့ ကိုယ့်ကိုယ်ကိုလက်ခံထားတဲ့သူတွေအဖို့ “ကျမ” ဆိုတဲ့နာမ်စားကို စာလုံးပေါင်းပြောင်းပြီးရေးသားးလာကြတာတွေ တွေ့ရပါတယ် “ကျမ”ဆိုတဲ့အသုံးအနှုန်းနောက်က အကြောင်းရင်းကတော့ မူရင်းစာလုံးပေါင်းဖြစ်တဲ့ “ကျွန်မ”ဆိုတာထဲက “ကျွန်”ဆိုတဲ့စကားလုံးကိုမသုံးချင်အားဖြင့် ပုန်ကန်တယ်လို့ အဓိပ္ပါယ်မှတ်ယူလို့ရတယ် တစ်ပြိုင်နက်တည်းမှာလည်း ကျွန်မစာတွေထဲမှာ “ကျမ”လို့ရေးလေ့ရေးထမရှိတဲ့သူတစ်ယောက်အနေနဲ့ ဘာသာစကားရဲ့ အသုံးဝင်မှုဟာ ကူးလူးဆက်ဆံရုံ၊ မိမိဖြစ်တည်မှုကိုဖော်ပြရုံတင်မကဘဲ ဘာသာစကားနဲ့ ဘာသာစကားကိုအသုံးပြုသူကြားက ပျော်ရွှင်မှုစိတ်ခံစားချက်ကိုပါ ကျွန်မဆက်စဉ်းစားမိတယ် ဒါကတော့ “ကျွန်မ”ဆိုတဲ့စကားလုံးမှာ ပုန်ကန်ချင်စရာစကားလုံး “ကျွန်”ပါနေပေမဲ့ မျက်စိအမြင်အရ “ကျွန်မ” ဟာ “ကျမ” လို့ရေးတာထက်ကျွန်မအတွက်ပို ပဿဒဖြစ်စေလို့ပဲ (ဒါက ကျွန်မရဲ့တစ်ကိုယ်ရည်ကြိုက်နှစ်သက်မှုကိုပြောတာပဲ တခြားဘယ်သူ့ကိုမှ “ကျမ”လို့ရေးတာ မှားတယ်လို့ပြောဖို့ဆန္ဒမရှိပါဘူး ဒီဆောင်းပါးတွေကလွဲပြီး တချို့နေရာတွေမှာ “ကျွန်မ” ဆိုတာထက် “ကိုယ်”ဆိုတဲ့ ဂျန်ဒါ neutral လို့ခံစားရတဲ့နာမ်စားကို ကျွန်မပိုသုံးမိပါတယ်) တစ်ပြိုင်နက်တည်းမှာလည်း ကျွန်မစာတွေမှာ ပုဒ်မ ချရတာ ကျွန်မမကြိုက်ပြန်ဘူး အမျှင်မပြတ်နိူင်တဲ့ အတွေးအခေါ်တွေကို ပုဒ်မနဲ့ စည်းဘောင်ခတ်လိုက်သလိုခံစားရလို့ပါပဲ စာရေးသူတစ်ယောက်အနေနဲ့ သူ့စာတွေကနေတဆင့် သူလိုချင်တဲ့သူ့ရဲ့စာရေးသူအသံ (writer’s voice) ကို ဘာသာစကားအသုံးပြုမှုတွေကနေတည်ဆောက်တာမျိုးပါပဲ (language as aesthetics/ideology)

 

ဒီလို ဘာသာစကားအသုံးပြုသူနဲ့ ဘာသာစကားကြားက နှီးနှောမှုတွေ၊ အသုံးပြုသူရဲ့ကြိုက်နှစ်သက်မှု၊ ဘာသာစကားကိုအသုံးပြုပြီး အယူအဆဖော်ပြချက်တွေဟာ လူတစ်ယောက်နဲ့တစ်ယောက်တူချင်မှတူနေမှာပါပဲ ဘာသာစကားဟာ နောက်ဆုံးမှာတော့ အင်မတန်နက်နဲကောင်းနက်နဲပေမဲ့လည်း နောက်ဆုံးမှာ သင်္ကေတစနစ်တစ်ခုပါပဲ အဲ့ဒီသင်္ကေတကိုအသုံးပြုတဲ့သူရဲ့လုပ်ပိုင်ခွင့်အရ ဘယ်လိုပဲဖြစ်ပါ‌စေ ပြောင်းလဲတီထွင်ခွင့်ရှိသင့်တယ်မဟုတ်ဘူးလား သို့ပေသိ ဒီလိုပြောင်းလဲအသုံးပြုတာတွေ၊ အသုံးမပြုတာတွေဟာ ဘယ်အချိန်မှာ ပြဿနာရှိလာသလဲဆိုတော့ သူတို့ဟာ ဘာသာစကားအသုံးပြုသူတစ်ယောက်ကနေ တခြားတစ်ယောက်ကို အတင်းအဓ္ဓမဖိအားပေး (သို့) သူ့ရဲ့ဘာသာစကားအသုံးပြုပုံကြောင့် ခွဲခြားဆက်ဆံလာတဲ့အခါမှာပါပဲ ဒါကို linguistic prescriptivism (ဘာသာစကားအရ အမိန့်ပေးခြင်း) လို့ခေါ်ဝေါ်ကြတယ် မိမိကိုယ်ကို they လို့ပြောဆိုချင်တဲ့သူကို မရဘူး သဒ္ဒါအရ မင်းကတော့ မိန်းမကြီးပဲ၊ ယောင်္ကျားကြီးပဲ အဲ့ဒီတော့ she/he လို့ပဲသုံးရမယ်လို့ ပညတ်ချက်ထုတ်တာဟာ မိမိဖြစ်တည်မှုအရ အဲ့ဒီသူရဲ့ နာမ်စားရွေးချယ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်တာပါပဲ တစ်ပြိုင်နက်တည်းမှာလည်း ဘာသာစကားရဲ့လစ်ဟင်းနေတဲ့ ဂျန်ဒါ non-binary နဲ့ပတ်သက်တဲ့အ‌သုံးအနှုန်းတွေပေါ်ပေါက်ပြောင်းလဲလာဖို့လှုံ့ဆော်ရာမကျဘဲနဲ့ ရှေးရိုးစွဲစည်းကမ်းနောက်ကိုသာလိုက်ပြီး တခြားလူတစ်ယောက်ရဲ့ဖြစ်တည်မှုဖော်ပြပိုင်ခွင့်ကို ပိတ်ပင်လိုက်သလိုမျိုးပါပဲ အကယ်၍ ကျွန်မဟာ ကျွန်မဘာသာ ကျွန်မလို့ရေးရတာ၊ ဖတ်ရတာအဆင်ပြေနေပေမဲ့ စာရေးသူမိန်းမတွေအကုန်လုံး “ကျမ” လို့ရေးတာဟာ စာလုံးပေါင်းမှားနေတယ် “ကျွန်မ” လို့သာရေးရမယ်လို့ အမိန့်ထုတ်ရင် ဒါကလည်း ကျွန်မက နောက်ထပ်လူတစ်ယောက်ရဲ့လွတ်လပ်စွာဖော်ပြခွင့်ကို ပိတ်ပင်လိုက်ရာရောက်တာပါပဲ

 

တစ်ပြိုင်နက်တည်းမှာပဲ ကျွန်မက “ကျွန်မ”လို့ရေးလို့ ကျွန်မဟာ ကျွန်စိတ်ရှိနေသူကြီးလို့ အပေါ်ယံကောက်ယူလို့မရပြန်ပါဘူး (နောက်ထပ်ဥပမာတစ်ခုအရဆိုရင် “နိူင်ငံ” ဆိုတဲ့အရေးအသားကို ကျွန်မဟာကွန်ပြူတာပေါ်မှာရေးရင် နှချောင်းငင်နဲ့ရေးလေ့ရှိတယ် ဒါဟာ ကျွန်မလက်နဲ့စာရေးတဲ့အခါ အမြဲတမ်းချန်ထားလေ့ရှိတဲ့ နငယ်ရဲ့ နဂိုခြေထောက်ကို ကျွန်မမျက်စိထဲကျင့်သားရနေလို့ဖြစ်တယ် ဒါပေမဲ့ ကွန်ပြူတာနဲ့ရေးတဲ့အခါ “နိုင်ငံ” စာလုံးပေါင်းဟာ နငယ်ရဲ့နဂိုခြေထောက်ကိုအလိုလိုဖျောက်ပြီးသားဖြစ်သွားကိုး ဒါကိုကြည့်ပြီး ကျွန်မဟာ “နိူင်ငံ”ဆိုတဲ့စာလုံးပေါင်းသတ်ပုံအမှန်ကိုမသိတဲ့သူလို့ အပေါ်ယံစွပ်စွဲလို့ရသလား? ကျွန်မအမေ “သတိယ” ကို ယပက်လက်နဲ့ ယခြင်းနောက်က သူ့ရဲ့အသက်တစ်လျှောက်ကျင့်သားရနေတဲ့ ဘာသာစကားအသုံးပြုပုံစံတစ်ခုကိုအပေါ်ယံကြည့်ပြီး ကျွန်မအမေ မြန်မာစာလုံးပေါင်းမတတ်ဘူးလို့ ပြောလို့မရသလိုပေါ့ သတ်ပုံအမှန်အမှားဆိုတာ အချိန်နဲ့အလိုက်ရွေ့လျားပြောင်းလဲနေတာဖြစ်တဲ့အတွက် တစ်ချိန်ချိန်မှာ ဘယ်သူမဆို ကိုယ်မသိလိုက်ခင်မှာတင် စာလုံးပေါင်းအမှားကြီးတွေနဲ့ရေးတဲ့သူဖြစ်ကောင်းဖြစ်သွားနိူင်တယ်)

 

ထို့အတူ ဘာသာစကားသုံးစွဲမှုပေါ်မူတည်ပြီး လူအချင်းချင်း အုပ်စုခွဲခြားဆက်ဆံတာတွေဟာ ပြဿနာ‌တွေပါပဲ ဥပမာ – မြန်မာစကားကို ဒုတိယဘာသာစကားအနေနဲ့လေ့လာခဲ့ကြရတဲ့ လူမျိုးစုဝင်တွေရဲ့ မြန်မာစကားလေသံဝဲတာတွေကို လှောင်ပြောင်တာ၊ အညာမြန်မာဘာစကားခွဲကိုပြောဆိုတဲ့သူတွေကို “တောသား/သူ”ဆိုပြီး ကဲ့ရဲ့တာ၊ စာလုံးပေါင်းသတ်ပုံသေသေချာချာမရေးတတ်တဲ့သူတွေ၊ အသံထွက်မှားနေတဲ့သူတွေ၊ စာအရေးအသားအဖြတ်အတောက်”မမှန်”တာတွေကို ပညာမတတ်တဲ့သူတွေသဖွယ် ‌နှိမ်ချပြောဆိုတာတွေ၊ ယောင်္ကျားတစ်ယောက်စကားပြောပုံနဲ့ မိန်းမတစ်ယောက်စကားပြောပုံကြားခွဲခြားသတ်မှတ်ထားတာတွေဟာ ဘာသာစကားကိုအခြေပြုတဲ့ ခွဲခြားဆက်ဆံရေးတွေ (linguistic discrimination သို့ linguiscism) ပါပဲ ဘာသာစကားသုံးစွဲမှုအပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့လူတန်းစား၊ အဆင့်အတန်း၊ ဂျန်ဒါအစရှိတာကို ဘောင်သွင်းပညတ်ချက်ထုတ်ထားတာတွေရှိကြောင့် ဒီအငြင်းပွားမှုတွေကဆက်လက်ဖြစ်နေတယ်လို့ ကျွန်မတော့မြင်မိတယ်

 

ဘာသာစကားပညာရှင်တွေက ဘာသာစကားနဲ့ပတ်သက်လာရင် အမျိုးမျိုးသီအိုရီ‌‌တွေထုတ်ထားကြပါတယ် Massachusetts Institute of Technology က ပါမောက္ခ နိုရမ်ချောင်စကီ (Noam Chomsky) ရဲ့ Universal Grammar (အပြည်ပြည်ဆိုင်ရာသဒ္ဒါ)ဆိုတဲ့သီအိုရီအရ အကြမ်းဖျင်းပြောရရင် လူရယ်လို့ဖြစ်လာရင် သူ့ရဲ့ဦးနှောက်ထဲမှာ ဘာသာစကားတစ်ခုခုကို သင်ကြားတတ်မြောက်နိူင်စွမ်းရှိတယ်ဆိုတဲ့အမြင်ရယ်၊ US West coast ဘက်က ပညာရှင်တွေရဲ့ မနုဿဗေဒနဲ့ရောယှက်တဲ့ ဘာသာ‌စကားဗေဒရိုးရာအမြင်အရ ဘာသာစကားဆိုတာဟာ ဓလေ့ထုံးတမ်းတွေ၊ မိမိရဲ့ဖြစ်တည်မှုတွေကိုဖော်ပြဖို့၊ အချင်းချင်းပေါင်းသင်းကူးလူးဆက်သွယ်ဖို့အချက်အခြာကျတဲ့ရိုးရာသင်္ကေတတစ်ခုဆိုတဲ့ functionalist အမြင်တွေဟာ ဘာသာစကားဆိုတာကို သီအိုရီထုတ်လေ့လာသူတွေအဖို့ အခုချိန်ထိအချင်းချင်းကြားလွန်ဆွဲနေတုန်းပါပဲ

 

ကျွန်မအတွက်ကတော့ လူတွေဟာ မွေးလာကတည်းက ဘာသာစကားပြောဆိုအသုံးပြုနိူင်စွမ်းတွေ ဦးနှောက်အာရုံကြောတွေထဲမှာ ပါလာတယ်ဆိုရင်တောင်မှ ပေါင်းသင်းဆက်ဆံရေး (communication) အတွက်၊ ကျွန်မတို့ရဲ့ဖြစ်တည်မှုတွေကို ဖော်ပြဖို့ (identity expression) အတွက်၊ ကျွန်မတို့နဲ့ ဘာသာစကားအသုံးပြုမှုပုံစံကြားက တစ်ကိုယ်ရည် ရင်းနှီးကျွမ်းဝင်နှီးနှောနှစ်ခြိုက်မှု (‌aesthetics) တွေ၊ ကျွန်မတို့ရဲ့ အယူအဆ‌အတွေးအခေါ်တွေကို မသိမသာသော်လည်းကောင်း သိသိသာသာသော်လည်းကောင်းဖော်ပြချင်တာတွေ (ideology) ကြောင့်သာ ဘာသာစကားဆိုတာဟာ ကျွန်မတို့လူ့အဖွဲ့အစည်းတွေရဲ့ “လေ” လိုမျိုးပဲ မျက်စိနဲ့သာမမြင်မိကြမယ်၊ နေရာတိုင်းမှာပျံ့နှံ့တည်ရှိနေကြတာပါပဲ ငြင်းခုံ‌မှုတွေရှိလာမှသာ ကျွန်မတို့ အဲ့ဒီ “လေ” ကိုသတိထားမိကြတယ် ဘာသာစကားနဲ့ဘာသာစကားအသုံးပြုမှုတွေရဲ့နောက်မှာ ခွာချဖို့ခက်ခဲတဲ့ ကျွန်မတို့လူအဖွဲ့အစည်းရဲ့ ရိုးရာဓလေ့ဖြစ်တည်မှုပညတ်ချက်တွေကပ်ညှိပါဝင်နေတာ‌ကြောင့် ဘာသာစကားနဲ့ပတ်သက်ပြီး ငြင်းခုံချင်စိတ်တွေ၊ ဘယ်ဟာကတော့အမှန်၊ ဘယ်ဟာကတော့အမှားပြောချင်စိတ်တွေ ဘာသာစကားအနည်းဆုံးတစ်ခုလောက်တတ်တဲ့သူတိုင်း (လူတိုင်းပါပဲ) မှာရှိနေဦးမှာပါပဲ

 

လူတိုင်းဟာ ဘာသာစကားတစ်ခုကို အနည်းဆုံးတတ်ကြပါတယ် (sign language ကလည်း ဘာသာစကားပါပဲ) ဘာသာစကားတတ်ကြလို့လည်း အသက်အရွယ်အတိုင်းအတာတစ်ခုအထိ ရှင်သန်နေထိုင်နေကြပြီးပြီမဟုတ်ပါဘူးလား? အဲ့ဒီကျွန်မတို့စကားပြောတတ်စအရွယ်ကတည်းက အခုချိန်ထိ မိမိကိုယ်ကိုဖော်ပြဖို့၊ အများနဲ့ပေါင်းသင်းဆက်ဆံဖို့အသုံးပြုလာတဲ့ဘာသာစကားကိုပဲ အသုံးပြုပြီး အဲ့ဒီဘာသာစကားရဲ့ကျွန်မတို့အ‌ပေါ်နဲ့ ကျွန်မတို့ပတ်ဝန်းကျင်ကသူတွေအပေါ် သက်ရောက်မှုတွေ၊ ပညတ်ချက်တွေ၊ ပတ်သက်မှုတွေ၊ ရောယှက်မှု၊ အမိန့်ထုတ်လိုမှုတွေကိုသာ ပြန်လည်စဉ်းစားဆင်ခြင်တတ်ဖို့ကသာလျှင် ဘယ်စာလုံးပေါင်းမှန်မမှန်၊ ဘယ်အသံထွက်မှားမမှား၊ ဘယ်လိုအဖြတ်အတောက်နဲ့ရေးမရေးဆိုတဲ့ နောက်ဆုံးမှာ အရည်မရအဖတ်မရငြင်းခုံမှုတွေထက် တကယ်တမ်းဘာသာစကားဆိုတာကိုစိတ်ဝင်စားရင် ပိုပြီးစဉ်းစားဆင်ခြင်သင့်တဲ့အလုပ်တစ်ခုဖြစ်မနေပါဘူးလားရှင်

 

ပုံ – ရန်ကုန်မြို့ထဲလမ်း‌ဘေးမှ ဆိုဒ်တူဂိုက်တူမြေအိုးညိုများထဲ တစ်သီးတစ်သန့်ထည့်စိုက်ထားသော်လည်း အသွင်မတူပုံသဏ္ဍာန်မတူပေါက်ရောက်နေကြသောပန်းနီနီများ

 

Chomsky ရဲ့ Universal Grammar အကြောင်းအကြမ်းဖျင်းမိတ်ဆက်

https://practicalpie.com/chomskys-universal-grammar/?fbclid=IwAR09lTSADomg_BzhRUREt4N1XHjp-e6tL9djlJ3frnYYd13vi0MsFfzVAcc

 

Functional Linguistics အကြောင်းအကြမ်းဖျင်းမိတ်ဆက်

https://multimodalityglossary.wordpress.com/functional-linguistics/?fbclid=IwAR1odBCmtUsCJ_XxSuEQlzFEYEzOoI2C0CdEteNNhUtxGoRg0VgXAHfSmTc

 

NPR မဂ္ဂဇင်းမှရေးသားသော ဂျန်ဒါဖြစ်တည်မှုဆိုင်ရာ အခေါ်အဝေါ်များဆိုင်ရာ လမ်းညွှန်

https://www.npr.org/2021/06/02/996319297/gender-identity-pronouns-expression-guide-lgbtq?fbclid=IwAR18H1fC4g5TqimEPtB2I885prc0kXzs67uyuhaXpofqFh3uR0aQm92n88o