ပြီးခဲ့တဲ့လတွေတောက်လျှောက်မှာ ကျွန်မဘာသာပြန်ဖြစ်ခဲ့တဲ့ ချီအာရာဘိုတက်ချီရဲ့ အန်နာခါဖီမီနင့်ဇင်စာအုပ်ရဲ့မိတ်ဆက်အခန်းဖြစ်တဲ့ “ဝေဖန်သုံးသပ်ချက်တစ်ခုအသွင် ဖီမီနင့်ဇင်” ဆိုတဲ့အပိုင်းကိုအခြေခံပြီး ကျွန်မရဲ့ပြန်လည်စဥ်းစားဆင်ခြင်ချက်တချို့ကို ဒီနေ့ချရေးချင်ပါတယ်
ချီအာရာဘိုတက်ချီရဲ့တခြားစာတွေကိုတော့ ကျွန်မမဖတ်ဖူးပေမဲ့ မင်းမဲ့သဘောတရားတွေနဲ့ပတ်သက်တဲ့စာတွေဖတ်ဖြစ်လာပြီးတဲ့နောက်မှာ ကျွန်မကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့ ဖီမီနင့်ဇင်ကို မင်းမဲ့သဘောတရားကို ဘယ်လိုပြန်ချိတ်ဆက်လို့ရနိူင်မလဲလို့စဥ်းစားလာခဲ့မိတယ် မင်းမဲ့သဘောတရားနဲ့ပတ်သက်ရင် လူသိများကြတဲ့ ဒေးဗစ်ဂရေဘာရဲ့ “မင်းက မင်းမဲ့သမားတစ်ယောက်လား” ဆောင်းပါးကိုဘာသာပြန်တုန်းကလည်း ထည့်သွင်းဆင်ခြင်ခဲ့မိသလို ကျွန်မသတိထားမိသလောက် မင်းမဲ့သဘောတရားတွေအကြောင်းပြောဆိုလုပ်ကိုင်ကြတဲ့ရပ်ဝန်းတွေမှာ ဂျန်ဒါနဲ့ဖီမီနင့်ဇင်အကြောင်းကို ချိတ်ဆက်ပြောဆိုလုပ်ကိုင်နေကြတာတွေနည်းနေသေးတာကို သတိထားခဲ့မိတယ် အဲ့ဒါဘာကြောင့်လဲ? မာ့စ်ဝါဒီနဲ့ လက်ဝဲယိမ်းပါတယ်လို့မိမိကိုယ်ကိုသတ်မှတ်ယူဆကြတဲ့ မြန်မာပြည်ကရပ်ဝန်းတွေကလူတွေရဲ့ပြောဆိုချက်တွေအရဆိုရင်လည်း “ကျွန်တော်တို့က ဂျန်ဒါအကြောင်းတော့ သိပ်မသိပါဘူး” “လူမှုပြန်လည်ထုတ်လုပ်ရေးသီအိုရီကိုတော့ သိပ်မကျွမ်းကျင်ပါဘူး” အစရှိသဖြင့်ကိုယ့်ကိုယ်ကို excuse လုပ်ကြတာတွေကိုလည်း သတိထားမိတယ် အဲ့ဒါဘာကြောင့်လဲ? အဲ့တော့ ဘိုတက်ချီရဲ့စာအုပ်ကိုဖတ်ဖြစ်ရင်း သိချင်မိတာက ဂျန်ဒါတန်းတူညီမျှရေးအကြောင်းပြောကြ၊ လုပ်ကြတာတွေဟာ တခြားသောရာဒီကယ်လွတ်မြောက်ရေးအရွေ့တွေနဲ့ လားလားမျှအစပ်အဟပ်မတည့်ဖြစ်နေတာလားဆိုတဲ့မေးခွန်းပါပဲ
ဒီအဓိကမေးခွန်းရဲ့အဖြေကို ဘိုတက်ချီရဲ့စာအုပ်အဖွင့်ပိုင်းအပြီး ကွက်ကွက်ကွင်းကွင်းသဘောပေါက်ခဲ့တယ် ဒါကတော့ ရာဒီကယ်လွတ်မြောက်ရေးအရွေ့တွေနဲ့ ဂျန်ဒါတို့၊ ဖီမီနင့်ဇင်ဆိုဟာ တကယ်တမ်းကို အတွင်းကျကျကိုဆက်စပ်ပတ်သက်နေတယ်ဆိုတဲ့အချက်ပဲ အခန်းအဖွင့်မှာ ဘိုတက်ချီကရေးခဲ့တယ် အခုအကယ်ဒါးမီးယားရပ်ဝန်းတို့၊ အများပြည်သူရပ်ဝန်းတို့၊ တက်ကြွလှုပ်ရှားသူရပ်ဝန်းတို့တွေမှာ လူကြားဖူးပြီဖြစ်တဲ့ အင်တာဆက်ရှင်နယ်လတီဆိုတဲ့ ဖြစ်တည်မှုဆုံမှတ်များဆုံဆည်းရာအချက်ဆိုတဲ့အကြောင်းကို ကျွန်မတို့ရဲ့လွတ်မြောက်ရေးအရွေ့တွေမှာ ထည့်သွင်းစဥ်းစားကြမယ်ဆိုရင် လုပ်အားခေါင်းပုံဖြတ်ခံရတဲ့အကြောင်းတွေကိုတိုက်ရိုက်အလုပ်လုပ်ကိုင်နေကြတဲ့မာ့စ်သမားတွေ၊ ခေါင်းဆောင်ဆိုတာတွေ၊ အထက်အောက်စနစ်တွေကိုဖြိုဖျက်ချနေကြတဲ့မင်းမဲ့သမားတွေအနေနဲ့လည်း ဂျန်ဒါတန်းတူညီမျှရေးဆိုတာ ထူးမခြားနားတဲ့သဘောတရားတစ်ရပ်တစ်ခုပဲဆိုတာ ငြင်းစရာမရှိဖြစ်နေတာပါပဲတဲ့ ဘိုတက်ချီထောက်ပြတာကို ကျွန်မလည်း တကယ်တမ်းသဘောတူပေမဲ့ တကယ်တမ်းလက်တွေ့လုပ်ကိုင်နေကြတဲ့နေရာတွေမှာတော့ ဒီအယူအဆကိုအကောင်အထည်ဖော်ကြတာ နည်းနေသေးတယ်ဆိုတာကိုတွေ့ရတယ်
ဥပမာအနေနဲ့ မနေ့တစ်နေ့က Freedom Fighter ကလုပ်တဲ့ CSO/CPO တွေအကြောင်းဆွေးနွေးကြတဲ့စကားဝိုင်းမှာဆွေးနွေးခဲ့ကြတာတွေကို ခေါင်းထဲပူပူနွေးနွေးရှိနေလို့ပြန်ဆင်ခြင်ကြည့်ချင်တယ် စကားဝိုင်းအတွက် FF ကဦးဆောင်ဆွေးနွေးပေးဖို့ဖိတ်ထားတဲ့ ငြိမ်းစေနဲ့ စိုင်းကြည်ဇင်စိုးတို့နှစ်ယောက်က သူတို့ကျင်လည်ရာ CSO လောကရဲ့ကမောက်ကမာဖြစ်နေပုံတွေ၊ လုပ်ရပ်တွေက ခေတ်သစ်ကိုလိုနီပုံစံဆန်နေပုံတွေအကြောင်းကို ကျွန်မတို့ကိုပြန်ပြောင်းပြောပြခဲ့ကြတယ် သူတို့ရဲ့အဓိကအာဘော်ဖြစ်တဲ့ CSO တွေသည် စစ်တပ်ကိုဆန့်ကျင့်ပြီးအလုပ်လုပ်နေကြရတာဖြစ်သော်လည်း အနောက်တိုင်းနိူင်ငံတွေရဲ့ငွေကြေးထောက်ပံ့ပေးမှုတွေကိုရယူပြီးလုပ်ကိုင်နေကြတာဖြစ်တဲ့အပြင် အလှူရှင်တွေလိုချင်၊ကြားချင်တဲ့စကားလုံးဝေါဟာရတွေကို မြန်မာပြည်ရဲ့ဒေသန္တာရနဲ့မကိုက်ညီဘဲတင်သွင်းလာကြတဲ့ပြဿနာရှိကြတယ်ဆိုတာကို ကျွန်မအကြမ်းဖျင်းတော့နားလည်လက်ခံပါတယ် ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက CSO တွေရဲ့ဒီပြဿနာကို ဥပမာအနေနဲ့ပေးတဲ့နေရာမှာ သူတို့နှစ်ယောက်လုံးက ဂျန်ဒါဆိုတဲ့ဝေါဟာရကို ဥပမာအနေနဲ့သုံးသွားကြတယ် (ဒါကိုကျွန်မထောက်ပြတော့ FF က ကိုရဲထက်က ဂျန်ဒါဟာ အထိအရှလွယ်တဲ့စကားလုံးမို့သုံးသွားကြတာလည်းဖြစ်နိူင်တယ်လို့ ပြန်ဆွေးနွေးခဲ့ပါတယ် အထိအရှဘာကြောင့်လွယ်ရတာလဲဆိုတာကလည်း စဥ်းတော့စဥ်းစားစရာပါပဲလေ)
စိုင်းကြည်ဇင်စိုးပေးသွားတဲ့ဥပမာအရဆိုရင်တော့ ကျေးလက်ဒေသရွာတစ်ရွာမှာ CSO တစ်ဖွဲ့က မနက်စောစောအလုပ်ရုံပေးတဲ့နေရာမှာ မိန်းမတွေသာတက်ရောက်ခဲ့တာကိုကြည့်ပြီး CSO အလုပ်သမားတွေက ယောင်္ကျားတွေက ဒီအလုပ်ရုံကိုစိတ်မဝင်စားဘူးဆိုပြီး တစ်ဖက်သတ်ကောက်ချက်ချခဲ့တဲ့ပြဿနာမျိုးဖြစ်ခဲ့တာကိုပြောပြခဲ့ပါတယ် ဒီနေရာမှာ သူက ဒီကောက်ချက်ချချက်ဟာ ယောင်္ကျားတွေဟာ ညနက်ချိန်ထိအလုပ်လုပ်ရတာဖြစ်တဲ့အတွက် မနက်စောစောမထနိူင်တာကို ဒီ CSO တွေက ထည့်သွင်းမစဥ်းစားခဲ့ဘူးလို့ဆိုပါတယ် စိုင်းကြည်ဇင်စိုးပေးတဲ့ဒီဥပမာက စိတ်ဝင်စားစရာပါပဲ ဒါက CSO တွေဘက်က ဒီလိုကောက်ချက်ချမှုလစ်ဟင်းသွားတာဟာ တကယ်တမ်းတော့ ဂျန်ဒါပြဿနာလား ဒါမှမဟုတ် CSO သို့မဟုတ် မည်သူမဆို သုတေသနစစ်တမ်းဆိုတာကို အပေါယံလောက်သာလုပ်တဲ့အခါတိုင်းမှာရှိနေတတ်တဲ့ပြဿနာလားဆိုတာတော့ ပြန်မေးစရာရှိလာပါတယ် ပြီးတော့ ယောင်္ကျားတွေအိပ်ချိန်ဖြစ်နေလို့ မလာတာကို ယောင်္ကျားတွေကတော့ ဒါတွေကိုစိတ်မဝင်စားဘူးလို့တစ်ဖက်သတ်စွပ်စွဲလို့မရသလို မိန်းမတွေအလုပ်ရုံလာတက်တိုင်း မိန်းမတွေကတော့ အလုပ်ရုံကိုစိတ်ဝင်စားတယ်လို့ တစ်ဖက်သတ်ပြောလို့လည်းမရပြန်ပါဘူး (FF အဖွဲ့သားတွေကို ကျွန်မပြန်မေးခွန်းထုတ်ခဲ့သလိုပဲ ဘာလို့ အခုနောက်ပိုင်းမှာ FF စကားဝိုင်းတွေမှာ ဝင်ရောက်ဆွေးနွေးတာ ယောင်္ကျားတွေသာများနေတာလဲဆိုတဲ့မေးခွန်းလိုပါပဲ ဒါကို manel လို့ဝေဖန်ချင်တာမဟုတ်ပေမဲ့ နိူင်ငံရေးအကြောင်းတွေပြောကြဆိုကြ လေကန်ကြတဲ့နေရာမှာ cishet ယောင်္ကျားတွေကသာလျှင် ဒါမျိုးတွေကို ပိုမိုစိတ်ဝင်စားအချိန်ပေးကြရခြင်းအကြောင်းရင်းနောက်ကွယ်ကအချက်တွေဟာ ကျွန်မတို့အတွက်စဥ်းစားစရာတွေဖြစ်မလာဘူးလား ဒါတွေကိုမပြောကြ၊ စာမရေးကြတဲ့မိန်းမတွေ၊ queer တွေမရှိပေမဲ့ သူတို့တွေရဲ့အသံတွေဟာ အနောက်ကိုရောက်နေတုန်းပဲဆိုတာက ဘာကြောင့်လဲ?) ဒါတွေဟာ ဒေသန္တာရဂျန်ဒါပြဿနာဆိုတာထက် ပေါ့လျော့တဲ့သုတေသနလုပ်ထုံးနဲ့ကောက်ချက်ချမှုတစ်ခုလို့သာ ကျွန်မကတော့သဘောပေါက်မိတယ် နောက်ပြီးတော့ သူတို့ထပ်ဆွေးနွေးခဲ့တာက အနောက်တိုင်းကနေတင်ပို့လာတဲ့ဝေါဟာရတွေဖြစ်တဲ့ဂျန်ဒါတို့၊ ဖီမီနင့်ဇင်တို့ဟာ မြန်မာပြည်ဒေသန္တာရဂျန်ဒါဖြစ်တည်မှုတွေဖြစ်တဲ့ နတ်ကတော်တွေ၊ third gender တွေကိုတော့ထည့်သွင်းမစဥ်းစားဘူးလို့ပြောပါတယ် ဒါကလည်း အပေါ်ယံစဥ်းစားကြည့်ရင်တော့ ဟုတ်သလိုလိုပါပဲ ဒါပေမဲ့ ဒီအချက်ကိုထောက်ပြသွားကြတဲ့သူတွေကိုယ်နှိုက်က မြန်မာပြည်ရဲ့နတ်ကတော်လောက ဒါမှမဟုတ် နတ်ကတော်တွေအကြောင်းကို ရင်းနှီးကျွမ်းဝင်နေကြသူများလားဆိုတာတော့ ကျွန်မမသဲကွဲမိပါဘူး နောက်ပြီး Third gender တွေရှိတယ်လို့ပြောတဲ့နေရာမှာလည်း “third gender” ဆိုတဲ့အင်္ဂလိပ်စကားလုံးအတိုင်းကိုပဲပြန်လည်သုံးစွဲထောက်ပြသွားတာကလည်း သူတို့ထောက်ပြချင်တဲ့ကနဦးအာဘော်ကြီးနဲ့ ရှေ့နောက်မညီသလိုပါပဲ
ဆိုတော့ ဒီဥပမာကနေတဆင့် ဘိုတက်ချီရဲ့စာအုပ်အဖွင့်ကိုချိတ်ဆက်ပြီးဆင်ခြင်ချင်တာက လွတ်မြောက်ရေးလုပ်ငန်းစဥ်တွေ၊ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်တဲ့နေရာတွေ၊ အစုအဖွဲ့တွေလိုနေရာတွေမှာတောင်မှ တစ်ခုခုဆို ဂျန်ဒါဆိုတဲ့သဘောတရားဟာ အနောက်တိုင်းအင်ပို့တစ်ခုသာဖြစ်တယ်၊ ဖီမီနင့်ဇင်ဟာ လွတ်မြောက်ရေးနဲ့တိုက်ရိုက်အချိုးမကျဘူး၊ သိစရာမလို(သေး)ဘူးလို့မှတ်ယူနေကြသေးတာလဲဆိုတဲ့ကွာဟချက်ကို ကျွန်မသုံးသပ်မိတယ် ဒါဟာ လွတ်မြောက်ရေးရပ်ဝန်းတွေထဲမှာ အမြစ်တွယ်နေဆဲဖြစ်တဲ့ဖိုဆန်မှုကို လှစ်ဟာပြလိုက်သလိုပါပဲ (စိတ်ဝင်စားစရာက ဂျန်ဒါတို့၊ ဖီမီနင့်ဇင်တို့ကို အင်္ဂလိပ်စာလုံးတွေဆီကငှားရမ်းဝင်ရောက်လာလို့ အနောက်တိုင်းအင်ပို့လို့အလွယ်တကူစွပ်စွဲကြပေမဲ့ မာ့စ်ဝါဒီတို့၊ ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့လိုအခြားသော လစ်ဘရယ်အင်္ဂလိပ်စာလုံးတွေကိုကျတော့ အနောက်တိုင်းအင်ပို့လို့ချက်ချင်းမှတ်ယူလေ့မရှိကြတာ ဘာကြောင့်လဲ? ဖီမီနင့်ဇင်မြင်တိုင်း ပေါ်ပြူလစ်ဖီမီနင့်ဇင်လောက်ကိုသာ ရင်းနှီးကျွမ်းဝင်ဖူးတာမို့ ဖီမီနင့်ဇင်တိုင်းဟာ ယောင်္ကျားတွေကိုဖိနှိပ်ဖို့ကြိုးစားနေကြတယ်လို့ တစ်ဖက်သတ်မှတ်ယူနေကြလို့မရပါဘူး ဒီနေရာမှာ ထစ်ခနဲရှိ အင်္ဂလိပ်စာလုံးမြင်တိုင်း အနောက်တိုင်းအင်ပို့လို့မှတ်ယူစွပ်စွဲတာကျကတော့ အဲ့လိုစွပ်စွဲသူတွေကိုယ်နှိုက်က ကိုလိုနီစနစ်ကိုချွတ်ချသလိုလိုထင်ကောင်းထင်နိူင်ပေမဲ့ ဒါကကိုလိုနီစနစ်ကိုချွတ်ချရာမရောက်ပါဘူး အင်္ဂလိပ်စာလုံးတိုင်းက လူဖြူတွေဆီကလာတာမဟုတ်နေပါဘူး)
ဘိုတက်ချီကတော့ ဒီလိုဂျန်ဒါနဲ့ဖီမီနင့်ဇင်ဟာမင်းမဲ့သဘောတရားတို့၊ မာ့စ်သဘောတရားတို့နဲ့တိုက်ရိုက်မပတ်သတ်ဘူးလို့အမှတ်မှားနေတဲ့ကိစ္စကို မင်းမဲ့သဘောတရားသမိုင်းနဲ့ပါချီပြီး ဒီအဖွင့်ထဲမှာ အထုပ်ဖြေပြခဲ့တယ် ဒီနေရာမှာ ဘိုတက်ချီသေချာရှင်းပြခဲ့တဲ့ “’မ’မျိုးတုံးသတ်ဖြတ်ခြင်း” နဲ့ “’မိန်းမ’မျိုးတုံးသတ်ဖြတ်ခြင်း” ဆိုတဲ့အချက်နှစ်ချက်ဟာ ထင်သာမြင်သာရှိလှတယ် မိန်းမမျိုးတုံးသတ်ဖြတ်ခြင်းဟာ မိန်းမဆိုရင်မုန်းတီးလို့ နိူင်ငံတော်ကအစလိုင်စင်ပေးသတ်ဖြတ်တာတွေရှိသလို ‘မ’မျိုးတုံးသတ်ဖြတ်ခြင်းမျိုးကျတော့ မိန်းမဖြစ်နေမှမဟုတ်၊ ‘မ’သဘောတရားရှိနေတဲ့အရာတွေကို သတ်ဖြတ်သုတ်သင်တာမျိုးကိုဆိုလိုတာပဲ မိန်းမနဲ့ ‘မ’သဘောတရားကို ပေါ်ပြူလာဖီမီနင့်ဇင်တွေကတော့ တစ်သားတည်းလို့သာသတ်မှတ်ကြပေမဲ့ တကယ်တမ်း မိန်းမဖြစ်တိုင်း ‘မ’သဘောတရားရှိမနေနိူင်သလို ‘မ’သဘောတရားရှိတိုင်းလည်း မိန်းမဖြစ်မနေဘူးဆိုတာ ကျွန်မတို့ကိုပိုမိုသဘောပေါက်လာစေမိတယ် အဲ့တော့ ပြန်ပြီတော့တောင် စဥ်းစားရမှာက ဖီမီနင့်ဇင်အကြောင်းလုပ်ကိုင်နေကြတဲ့သူတိုင်း၊ အဖွဲ့တိုင်းဟာ ‘မ’သဘောတရားတွေကို လက်သင့်ခံကျင်းပနေကြသလား? ဒါမှမဟုတ် ၄င်းတို့ကိုယ်နှိုက်က ‘မ’သဘောတရားကို သူတို့ရဲ့လုပ်နည်းလုပ်ဟန်တွေထဲမှာ ပြန်လည်သုတ်သင်နေကြသလားဆိုတဲ့မေးခွန်းတွေပဲ
အထက်အောက်ဆန့်ကျင့်မှုတွေအတွက်လုပ်ရပ်နေကြတဲ့အန်နာခစ်ရပ်ဝန်းတွေမှာရော ဖို/မဆိုတဲ့ရှိနေပြီးသားဖြစ်တဲ့ အထက်အောက်ဆက်ဆံမှုတွေကိုရော ပြန်လည်နှိမ်နင်းနေကြသလား?
ဖီမီနင့်ဇင်ခေါင်းစဥ်အောက်ကနေအလုပ်လုပ်နေကြတဲ့အဖွဲ့တွေမှာရော ခေါင်းဆောင်မမကြီးတို့၊ နောက်လိုက်ညီမလေးတို့နဲ့ အထက်အောက်စနစ်တွေပြန်သုံးနေကြတုန်းပဲလား?
မင်းမဲ့သဘောတရားတွေဟာ ကျွန်မတို့မြန်မာပြည်အတွက်အလုပ်ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာကို ကျွန်မစဥ်းစားနေခဲ့မိတာ အချိန်ကာလတစ်ခုတော့ရှိပါပြီ လောလောဆယ်တော့ မြန်မာ အထူးသဖြင့် ဗမာရိုးရာတွေရဲ့ထုံးစံအရ အသက်အရွယ်အရသော်လည်းကောင်း၊ ဘွဲ့ဒီဂရီအရသော်လည်းကောင်း၊ ဝါအရသော်လည်းကောင်း လူတွေကို အထက်အောက်စနစ်တွေနဲ့ပြန်လည်ခေါ်ဝေါ်ဆက်ဆံနေကြရတဲ့ဓလေ့ရှိနေသေးသရွေ့ မြန်မာပြည်မှာမင်းမဲ့အလုပ်အကိုင်တွေ ရှေ့မတိုးနိူင်ဘူးလို့ကျွန်မတော့ စိတ်ပျက်လက်ပျက်နဲ့ပဲမြင်မိတယ် ဒါကတော့ ဒေသန္တာရထဲမှာကိုရှိနေတဲ့ပြဿနာတစ်ခုကိုး ကျွန်မကိုဆိုရင်လည်း တစ်ခုခုဆို ဆရာမတပ်ခေါ်တာ၊ ဘွဲ့ဒီဂရီတစ်ခုခုကြောင့် ပိုသိနေတယ်၊ ပိုတတ်နေတယ်ထင်တာ ဒါမှမဟုတ် သူတို့ဟာ “မြေပြင်နဲ့ထိတွေ့နေလို့ပိုသိတာ၊ ပိုတတ်တာ” ဒါတွေဟာ လွတ်မြောက်ရေးရပ်ဝန်းတွေထဲမှာကိုက ပြန်လည်မွေးမြူထားတဲ့ မင်းမဲ့သဘောတရားနဲ့ဆန့်ကျင့်ဘက်ဖြစ်နေတဲ့အထက်အောက်စနစ်တွေပဲဖြစ်တယ် ဒါပေမဲ့ ဒီလိုမျိုးတွေကို ဒေသံန္တာရရိုးရာတွေမို့လို့ လက်သင့်ခံရမယ်ဆိုပြီးဆန့်ကျင့်ဖို့ခက်နေကြသေးတာကြောင့် မင်းမဲ့သဘောတရားတွေဟာ သီအိုရီလောက်မှာတင်ရပ်ပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ခက်နေကြသေးတယ်လို့ ကျွန်မတော့မြင်မိတယ် (ဘိုတက်ချီရေးခဲ့တဲ့အထဲက တစ်ကမ္ဘာလုံးနဲ့ပတ်သက်နေသည်ဟုယူဆသောသဘောတရား (universalism) နဲ့ အသေးစိတ်များကိုဦးစားပေးသောသဘောတရား (particularism) ဆိုတဲ့အချက်ကိုလည်း ဒီကိစ္စနဲ့ချိတ်ဆက်စဥ်းစားကြည့်လို့ရနိူင်မယ်ထင်ပါတယ်)
ဘိုတက်ချီကလည်း ဒီအချက်ကို သူ့စာအုပ်အဖွင့်အခန်းမှာထည့်သွင်းထောက်ပြခဲ့တယ် “မင်းမဲ့သဘောတရားဆိုတာ အထက်က “စီစဥ်ပေးသူ” မရှိဘဲ အစီအစဥ်တကျ ဖြစ်နေခြင်းကိုရှာဖွေတာဖြစ်တယ်။ အမိန့်ပေးခြင်းတွေကနေမဆင်းသက်တဲ့ သူ့အလိုလိုပေါ်ပေါက်တည်ရှိနေတဲ့ ကူးလူးဆက်သွယ်ရေးကို ဆိုလိုတာဖြစ်တယ်။ မင်းမဲ့အယူအဆကို ဖရိုဖရဲကစဥ့်ကလျားဖြစ်ခြင်းနဲ့သာ အပေါ်ယံမှတ်ယူကြတဲ့သူတွေကတော့ (လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာနိုင်စေတဲ့)အမူအကျင့်ပုံစံတချို့တည်ရှိနေတဲ့ “အစီအစဥ်”ဆိုတာကို (လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာနိုင် စေရုံသာမက အများလိုချင်နှစ်ခြိုက်တဲ့လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်ဖို့ဆိုရင်) “အမိန့်”ပေးမှရတဲ့“အစီအစဥ်”ဆိုတာနဲ့ရောထွေးလိုက်ကြတယ်။” လို့ ဘိုတက်ချီရေးခဲ့တယ်
“ဆရာ”တွေ၊ “ဆရာမ”တွေမှမရှိတော့ရင်ပဲ ကျွန်မတို့ကမ္ဘာကြီးက ဇောက်ထိုးမိုးမျှော်ဖြစ်တော့မလိုလိုပေါ့ အမှန်တကယ်က ဦးဆောင်သူတွေမရှိဘဲနဲ့ရော နေသာထိုင်သာဖြစ်တဲ့ကမ္ဘာတစ်ခုကို ကျွန်မတို့တည်ဆောက်လို့ဖြစ်နိူင်မလား? စကားဝိုင်းတွေတိုင်းလိုလိုမှာ ကျွန်မကြားခဲ့ရဖူးတဲ့စကားတစ်ခွန်းလိုပေါ့ “ကျွန်တော်/မတို့အတွက် ခေါင်းဆောင်ကောင်းတွေလိုနေတာ ခေါင်းဆောင်ကောင်းမရှိလို့ ဒီလိုဖြစ်ကြရတာ” ဒါစကားဟာ ကျွန်မတို့တစ်ယောက်ချင်းစီရဲ့စဥ်းစားတွေးခေါ်နိူင်စွမ်းအားနဲ့လုပ်နိူင်စွမ်းအားတွေကို လှောင်ပြောင်သရော်လိုက်သလိုပါပဲ မသိရင်ကျွန်မတို့အားလုံးဟာ ငတုံး/ငအတွေလိုပါပဲ ကျွန်မတို့အားလုံးဟာ ဘာဆိုဘာမှမသိတဲ့ ငတုံး/ငအတွေပဲလား? လူတစ်ယောက်ဟာ အရာအားလုံးကို မသိနေနိူင်ဘူးဆိုတာတော့ အမှန်ပဲ ဒါပေမဲ့ ကျွန်မတို့တစ်ယောက်ချင်းစီမှာ ကိုယ်စိတ်ဝင်စားတဲ့၊ ပိုလုပ်တတ်နေတဲ့၊ ပိုသိနေတဲ့အကြောင်းအရာတွေရှိနေကြတယ် ဒါတွေကို အချင်းချင်းကြားဖလှယ်ပြီးဝေမျှကြမယ်ဆိုရင်ရော ကျွန်မတို့အလုပ်မဖြစ်နိူင်ဘူးလား? ဒီမေးခွန်းတွေဟာ အပေါ်ယံကြည့်ရင် စိတ်ကူးယှဥ်နေတယ်လို့ထင်ကောင်းထင်ရနိူင်ပေမဲ့ တကယ်တမ်းကပိုလို့တောင်လက်တွေ့ကျနေသေးတယ်
ဘိုတက်ချီနောက်ထပ်ထောက်ပြခဲ့တဲ့အချက်ကတော့ လူတန်းစားနဲ့ဂျန်ဒါနဲ့ကြားကဆက်စပ်နေမှုတွေပါပဲ အထက်က စိုင်းကြည်ဇင်စိုးတို့ဝေဖန်ခဲ့သလို ဂျန်ဒါတစ်ခုတည်းကိုကွက်ကြည့်ရင်တော့ ယောင်္ကျားတွေက ဘာလုပ်တယ်၊ မိန်းမတွေက ဘာဖြစ်တယ်နဲ့ပဲပြီးသွားမှာပေါ့လေ ဒါပေမဲ့ သူပေးခဲ့တဲ့ဥပမာကိုပြန်ကြည့်မယ်ဆိုရင်တောင် ညနက်အောင်အလုပ်လုပ်ရတဲ့ယောင်္ကျားဆိုတာမှာတောင် မနက်နေမြင့်အောင်အိပ်လို့ရတယ်ဆိုတဲ့အခွင့်ထူးခံစားမှုတစ်ခုရှိနေသေးတယ် အိမ်အလုပ်လုပ်ရတဲ့မိန်းမတစ်ယောက်မှာ “အလုပ်နားချိန်”ဆိုတာ တစ်သီးတစ်သန့်ရှိလို့လား?
ဘိုတက်ချီရဲ့စာထဲမှာလည်း မိန်းမတွေလုပ်ရတဲ့အိမ်မှုဗာဟီရဆိုတာကို အလုပ်လို့မထင်ကြ၊ မမြင်ကြရာကနေ ဒီလိုလူတန်းစားနဲ့ဂျန်ဒါကြားကချိတ်ဆက်နေတဲ့မညီမျှမှုတွေထွက်လာတာပဲလို့ရှင်းပြထားတယ် ဟိုတစ်လောက ဖြိုးသီဟတင်လိုက်တဲ့ပို့စ်ထဲကလိုပေါ့ မိခင်ဘဝကိုရွေးချယ်တဲ့မိန်းမတွေကလည်း မြင့်မြတ်ပါတယ်ဆိုလားဘာလား ဒါကလည်း အိမ်မှုအလုပ်ကိစ္စကို အရောင်ဝါဝါတောက်တောက်ပပလုပ်ပြီး မိန်းမတွေဆီကိုပြန်ရောင်းစားဖို့ကြိုးစားတာပဲလေ (ဖြိုးသီဟရဲ့ဒီလိုစာတွေကိုဖတ်ပြီး သူကို ယောင်္ကျားဖီမီနင့်ကြီးလို့ထင်နေကြသူတော့ရှိမလားမပြောတတ်ပါဘူး) လူဖြူဖီမီနင့်အရွေ့ကာလနောက်ပိုင်းမှာ ပိုမိုအင်အားကောင်းလာတဲ့ female empowerment အရွေ့တွေအရ မိန်းမတွေဟာ အိမ်အလုပ်တွေမလုပ်တော့ဘူး၊ အပြင်အလုပ်လုပ်တယ်၊ ဝင်ငွေရှာတယ် အင်မတန်ထက်မြက်တဲ့မိန်းမတွေပေါ့လေ (မြန်မာပြည်က ဖီမီနင့်ဇင်ကိုမုန်းတီးတဲ့ယောင်္ကျားတွေကလည်း အဲ့ဒါကြောင့် ဖီမီနင့်တွေကို ထက်မြက်တဲ့မိန်းမတွေလို့ရွဲ့ခေါ်ကြတယ်မလား)
တကယ်တမ်းက အပြင်အလုပ်ထွက်လုပ်တဲ့မိန်းမတွေရဲ့အိမ်တွေထဲမှာ အိမ်အလုပ်ကိုလစာယူလာလုပ်ပေးနေကြတဲ့ လူညို၊ လူမည်းမိန်းမတွေကိုကျတော့ရော ဘာလို့ ထက်မြက်တဲ့မိန်းမတွေလို့မခေါ်ကြတာလဲ? သူတို့လည်း အပြင်အလုပ်လုပ်ကြတာပဲလေ ဖြစ်ချင်တော့ သူတို့အိမ်ပြင်အလုပ်က အိမ်အလုပ်ဖြစ်နေတာကိုး ဒီလိုဖီမီနင့်ဇင်မျိုးကို ဖောင်ဆွာဘာရပ်ချ်ကတော့ civilizational feminism (ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဖီမီနင့်ဇင်) လို့ခေါ်တယ် ဒါကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ မိန်းမတွေကမှာရှေ့တန်းမှာပါလာကြတာမျိုးပေါ့ ဒါပေမဲ့လည်း အဲ့လို့ပါလာလို့ အိမ်မှုကိစ္စတွေက သူ့အလိုလိုပြီးသွားကြတာမှမဟုတ်တာ
ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက အခုလက်ရှိအရင်းရှင်စနစ်ခေတ်နှောင်းမှာတော့ လူချမ်းသာ အထူးသဖြင့် လူဖြူမိန်းမတွေကိုယ်နှိုက်ကိုက trad wife (traditional wife) လို့ခေါ်တဲ့ ရိုးရာဓလေ့ထုံးစံအရပြုကျင့်တဲ့အိမ်ထောင်သည်ဇနီးမယားဆိုတဲ့ trend တစ်ခုကိုပြန်တီထွင်လာကြပြန်တာပဲ ဒါက ဖြိုးသီဟရဲ့အာဘော်လိုမျိုးပေါ့ ပုခက်လွှဲတဲ့လက်တွေလည်း ကမ္ဘာကိုလွှမ်းတယ်ဆိုသလို အိမ်မှုကိစ္စလုပ်တာကလည်း မိန်းမတွေအတွက်ကောင်းတဲ့အလုပ်တစ်ခုပါပဲဆိုပြီး ပြန်အချဥ်ထည့်တာပေါ့လေ တကယ်တမ်းက trad wife movement ကိုလုပ်လာကြတဲ့ ဆိုရှယ်မီဒီယာပေါ်ကမိန်းမတွေကိုကြည့်မယ်ဆိုရင်ကိုပဲ သူတို့ကိုယ်နှိုက်ကိုက ပိုက်ဆံကျိကျိတက်ချမ်းသာနေတဲ့မိန်းမတွေ၊ လူလတ်တန်းစားမိန်းမတွေသာဖြစ်နေတာကိုပဲတွေ့ရလိမ့်မယ် အိမ်မှုဗာဟီရကို အရသာခံစိတ်ကူးယဥ်ဖို့အချိန်တောင်မရှိတဲ့၊ အိမ်အလုပ်ရော အပြင်အလုပ်ပါလုပ်နေကြရတဲ့မိန်းမတွေအတွက်က trad wife ဆိုတာဂျိုနဲ့လားလို့တောင် ပြန်မေးယူရမယ်
ဘိုတက်ချီရဲ့ဆောင်းပါးထဲကနေ ကျွန်မစိတ်ထဲမတင်မကျဖြစ်မိတာတစ်ခုကတော့ ဖြစ်တည်မှုလေဘယ်တွေကနေကျော်လွန်ပြီးတော့တည်ဆောက်သင့်တဲ့ဖီမီနင့်ဇင်ဆိုတဲ့အချက်ပါပဲ အထက်အောက်စနစ်တွေကိုဖျက်ချတဲ့အခါ ကျွန်မတို့ခန္ဓာကိုယ်တွေကိုပါပညတ်ချက်ထုတ်ထားတဲ့လေဘယ်တွေကိုပါဖျက်ချရမယ်ဆိုတဲ့အဆိုကို ယေဘုယျအားဖြင့် လက်သင့်ခံပေမဲ့ အဲ့ဒီလိုမျိုး လေဘယ်တွေမရှိတော့တဲ့အချိန်နေရာဟာ ဘယ်လိုမျိုးများဖြစ်မလဲဆိုတာ ကျွန်မအတွက်မသဲမကွဲဖြစ်မိတယ်
ဘိုတက်ချီရေးတာကတော့ “လူတစ်ဦးက မိမိကိုယ်ကို လက်တင်အမေရိကန် (သို့) တရုတ်အန်နာခါဖီမီနင့်လို့ ခေါ်ဝေါ်လို့ရပေမဲ့ အဲ့ဒီလေဘယ်တွေကို လှေကားတစ်ခုလိုပြန်သုံးပြီး အဲ့ဒီလေဘယ်တွေကနေတဆင့်သာစဥ်းစားတွေးခေါ်တတ်ခြင်းကို ဖြိုချတတ်ရမယ်လို့ ငါတို့ယုံကြည်တယ်။ အန်နာခါဖီမီနင့်ရိုးရာရဲ့ရှင်သန်မှုဟာ နိူင်ငံတော်နယ်နိမိတ်တွေ၊ နည်းလမ်းတကျဖြစ်နေတဲ့ အမျိုးသားရေးဝါဒတွေ၊ ကမ္ဘာ့မြောက်ပိုင်းက ရာဒီကယ်သီအိုရီတွေထဲမှာတောင် ဆက်လက်ရှင်သန်နေဆဲဖြစ်တဲ့ ဥရောပစံပြုဘက်လိုက်မှုတွေကိုပါ ကျော်လွန်နိူင်မနိူင်ဆိုတာအပေါ်မှာ အများကြီးမူတည်နေတယ်။ ထင်သာမြင်သာဖြစ်စေတဲ့ဥပမာကတော့ (post-structuralist ဖီမီနင့်ဇင်ဖြစ်စေ၊ ရာဒီကယ်ဖီမီနင့်ဇင်ဖြစ်စေ၊ ဒါမှမဟုတ် ဆိုရှယ်လစ်ဖီမီနင့်ဇင်ဖြစ်စေ) အနောက်ပညာရှင်ရပ်ဝန်းမှာလည်ပတ်နေတဲ့ ဖီမီနင့်ကိရိယာတချို့ဟာ နိူင်ငံအနည်းငယ်ကနေသာထွက်ပေါ်လာတဲ့သီအိုရီတွေအပေါ်မှာသာ အခြေခံထားတဲ့ဖီမီနင့်ဇင်တွေဖြစ်နေတာပဲ။”
ဒီအချက်ဟာ ပြည်ပရောက်မြန်မာလူငယ်တွေနဲ့စကားပြောဖြစ်တိုင်း ကျွန်မလည်းဆွေးနွေးမိတဲ့အချက်တစ်ခုပဲ ဒါက ပြည်ပရောက်နေကြတဲ့မြန်မာတွေအဖို့ လူမျိုးစုနောက်ခံဖြစ်တည်မှုတွေအရစုစည်းရုန်းကန်လှုပ်ရှားဖို့ကြိုးစားတာတွေမှာ လိုအပ်ချက်တွေရှိနေသေးတုန်းပဲဆိုတာကိုစဥ်းစားမိကြတာပေါ့လေ ဥပမာ – အမေရိကန်ရောက်မြန်မာဒိုင်ရာစပရာကိုပဲကြည့်မယ်ဆိုရင် အင်မတန်ကျယ်ပြန့်တယ် နိူင်ငံရေးခိုလှုံခွင့်နဲ့လာကြတဲ့သူတွေရှိသလို မိဘပိုက်ဆံရှိလို့ကျောင်းတက်ဖို့လာကြတဲ့သူတွေရှိတယ် အမေရိကန်မှာမွေးပြီး မိခင်ဘာသာစကားတွေမပြောတတ်ကြတော့တဲ့မြန်မာတွေရှိမယ် ဒါပေမဲ့ ဒါကို အမေရိကန်ရောက်မြန်မာများဆိုတဲ့ခေါင်းစဥ်အောက်ကနေ အတင်းအဓ္ဓမသွတ်သွင်းပြီး အလုပ်အတူတူလုပ်ဖို့ကြိုးစားကြတဲ့အခါမှာ အဆင်မပြေတာတွေဖြစ်လာတာတွေတွေ့ရတယ် ဥပမာ – အမေရိကန်စစ်တပ်မှာအလုပ်လုပ်ခဲ့တဲ့ မီမီဝင်းဘတ်လို အမေရိကန်အင်ပိုင်ယာစနစ်နဲ့စစ်တပ်စနစ်ကိုအားပေးထောက်ခံတဲ့သူတစ်ယောက်ကို အော် သူလည်းမြန်မာပြည်အရေးအလုပ်လုပ်နေတာပါပဲဆိုပြီး လက်တွဲအလုပ်လုပ်ဖို့ခက်တယ် စစ်စနစ်ကိုတော်လှန်တဲ့နေရာမှာ မြန်မာပြည်က စစ်အာဏာရှင်မှမဟုတ်ဘူး၊ အမေရိကန်စစ်တပ်စနစ်ကိုပါတော်လှန်ကြမယ်ဆိုရင် မြန်မာမိန်းမတစ်ယောက် စစ်ဗိုလ်မှူးဖြစ်နေတာကို ကျွန်မတို့က ဖီမီနင့်ကြီးဆိုပြီး သရေတမျှားမျှားကျကြိုက်နှစ်သက်နေစရာအကြောင်းမှမရှိတာ အဲ့ဒီလိုဖီမီနင့်ဇင်မျိုးက အထက်က civilizational feminism အသွင်တစ်မျိုးသာဖြစ်တယ် အဲ့တော့ သူလည်းမြန်မာဖြစ်နေလို ငါလည်းမြန်မာဖြစ်နေလို့ဆိုပြီး ဖြစ်တည်မှုလေဘယ်ဘောင်တွေထဲကနေသာ အလုပ်လုပ်ကြမယ်ဆိုရင် အမျိုးသားရေးဆန်ဆန်တွေသာပြန်ဖြစ်သွားမယ်လို့ ဘိုတက်ချီကသတိပေးထားတယ်
ကျွန်မအတွက် မတင်မကျဖြစ်မိတာက ဒါဆို ကျွန်မတို့ရဲ့ဖြစ်တည်မှုတွေကိုအခြေခံပြီး ပိုမိုကျယ်ပြန့်တဲ့လက်တွဲလုပ်ဆောင်မှုတွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတဲ့မေးခွန်းကို စဥ်းစားမိလို့ပဲ ဒီအလုပ်ကခက်နေတယ် အထူးသဖြင့် မြန်မာပြည်ရပ်ဝန်းထဲက မာ့စ်ဖီမီနင့်/ ဆိုရှယ်လစ်ဖီမီနင့်ဇင်ခေါင်းစဥ်အောက်ကနေ အလုပ်လုပ်နေကြသူတွေကိုယ်နှိုက်ကိုက ပြည်တွင်းထဲကသူတွေက ပြည်ပရောက်မြန်မာတွေထက် ပိုပြီး on the ground ဖြစ်တယ်ဆိုတဲ့ သိမှုအထက်အောက်စနစ်မျိုးကို ပြန်လည်လက်ကိုင်ထားကျင့်သုံးနေကြဆဲဖြစ်တယ်ဆိုတာကို ကျွန်မသတိထားလာမိတယ် ပြည်တွင်း/ပြည်ပနယ်နိမိတ်အရပြန်လည်ခွဲခြားလိုက်ရုံတင်မက မိခင်ဘာသာစကားမပြောတတ်တဲ့ ဒုတိယမျိုးဆက်တွေဆိုရင်လည်း ဘာသာစကားအရ ပြန်လည်ဘောင်ခတ်လိုက်တာတွေ၊ linguistic hierarchy ဘာသာစကားအရအထက်အောက်ပြန်ခွဲခြားတာတွေကိုလုပ်နေတာဟာ ဘိုတက်ချီဆိုလိုချင်တဲ့ မင်းမဲ့သဘောတရားနဲ့ပြောင်းပြန်ဖြစ်နေပြန်တယ် နောက်တစ်ခုက မာ့စ်ဝါဒီတို့၊ မင်းမဲ့သဘောတရားတို့ကိုကျင့်သုံးတယ်ဆိုတဲ့လူဖြူတွေကိုကျတော့ သူတို့ရဲ့ဝါဒီတွေကြောင့်ပဲ သူတို့ရဲ့လူဖြူဖြစ်တည်မှုတွေကိုရော ကျွန်မတို့က မျက်ကွယ်ပြုလိုက်သင့်သလားဆိုတဲ့မေးခွန်းပဲ ကျွန်မအတွက် ဒီအချက်နဲ့ပတ်သက်ပြီး ဘိုတက်ချီရဲ့အာဘော်ကနေဆက်အကျယ်ဖြန့်မိတာက ဖြစ်တည်မှုဘောင်တွေကိုကျော်လွန်လုပ်ကိုင်ဖို့ ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုတွေကြောင့်ရှိနေတဲ့ အခွင့်ထူးခံစားမှုတွေကို ဆင်ခြင်နိူင်ဖို့လည်းလိုတယ်ဆိုတဲ့အချက်ပဲ
ဘိုတက်ချီရဲ့အဆိုထဲမှာ ကျွန်မအတွက်သဘောအကျမိဆုံးအာဘော်ကတော့ “ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ “အသွင်မတူကွဲပြား”တဲ့လူတွေကိုပဲ ထမင်းစားပွဲကိုဖိတ်တာမျိုးမဟုတ်ဘူး။ ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ ထမင်းစားပွဲအစီအစဥ်တွေအကုန်လုံးကို ပြောင်းလဲပစ်ခြင်းမျိုးကိုဆိုလိုတာ။” ဆိုတဲ့အချက်ပါပဲ လက်ရှိမှာက လွတ်မြောက်ရေးလုပ်ငန်းတွေမှာပါ လူမျိုးစုပေါင်းစုံကိုဖိတ်ခေါ်တာ၊ ဂျန်ဒါစုံစုံလင်လင်ပါစေတာ အစရှိတဲ့စုံလင်ကွဲပြားရေးမူဝါဒကို ဦးစားပေးပြောဆိုလာကြတာတွေတွေ့လာနေရပြီမဟုတ်ပါလား ဒါပေမဲ့ စုံလင်သွားတိုင်း ကောင်းသွားသလားဆိုတဲ့မေးခွန်းကိုတော့ သိပ်မမေးကြသေးတာကိုတွေ့ရတယ် (တစ်ဆင့်ပြီးမှတစ်ဆင့်၊ မိန်းမတွေအရင်ပါအောင်လုပ် ပြီးမှကျန်တာတွေဆက်ပြောလို့တော့ ကျွန်မကိုပြန်ပြောမလားတော့ မပြောတတ်ပါဘူး) အဲ့ဒါကြောင့်လည်း manel ပွဲဖြစ်တုန်းကလည်း ဒီအချက်ကို ကျွန်မထောက်ပြခဲ့တာပဲ မိန်းမတွေပါတိုင်း၊ ဂျန်ဒါတွေစုံလင်သွားတိုင်း စကားဝိုင်းကပိုကောင်းသွားသလား? ဒါမှမဟုတ် ဖြစ်တည်မှုလေဘယ်တွေအစုံအပြင် သူတို့တွေရဲ့နိူင်ငံရေးနဲ့လွတ်မြောက်ရေးအယူအဆက ကျွန်မတို့နဲ့ပိုသင့်မြတ်တာက ပိုကောင်းမလား? ဒီလိုပြောလို့လည်း တချို့က ဒါဆို မီဆိုမိန်းမတွေ၊ စစ်သေနာပတိမိန်းမတွေကိုလည်း အိုင်ဒီယာစုံလင်အောင်ဖိတ်မယ်ဖြစ်သွားကြတယ် ဒါကလည်း တစ်လွဲကြီးပဲ
ကျွန်မအတွက်ကတော့ ဘိုတက်ချီရေးခဲ့သလို ထမင်းစားဝိုင်းကြီးကိုမြေလှန်ပစ်ချင်တာပါပဲ အခုလက်ရှိတော်လှန်ရေးခေါင်းစဥ်အောက်ကနေ လုပ်နေကြတဲ့ပညာရေးရပ်ဝန်းတွေကိုပဲ ဥပမာကြည့်ရင် လွတ်မြောက်ရေးအတွက် နိူင်ငံရေးပညာရေးပေးတာထက် နောက်ဆုံးမှာ အနောက်တိုင်းက စီးပွားရေးဆန်ဆန်လည်ပတ်တဲ့ ခရစ်ဒစ်စနစ်၊ ဒီပလိုမာပေးရေးစနစ်နဲ့ပဲပြန်သွားတဲ့စနစ်တွေဖြစ်သွားကြတာဟာ ဒီထမင်းစားပွဲဟောင်းကြီးမှာပဲ ကျွန်မတို့ အင်္ကျီအသစ်ဝတ်ပြီးပြန်ဝင်ထိုင်လိုက်ကြသလိုပါပဲ
ဘိုတက်ချီရဲ့စာအုပ်အဖွင့်ထဲက အခြားသောဆက်လက်ဆွေးနွေးသုံးသပ်ချင်တဲ့အချက်တွေအများကြီးရှိပေမဲ့ စာလည်းရှည်နေပြီမို့ ဒီနေရာမှာပဲ ကျွန်မရဲ့သုံးသပ်ချက်ကိုရပ်လိုက်ပါမယ် ဘိုတက်ချီရဲ့ဝေဖန်ထောက်ပြမှုတွေအပြင် သူပြန်လည်ထုတ်လုပ်အကြံဉာဏ်ပေးသွားတဲ့ ပလူရယ်ဗာစီတီတို့၊ သူ့စာအုပ်တစ်အုပ်လုံးမှာ အခြေခံရေးသားထားတဲ့ “ဝေဖန်ပိုင်းခြားရေးဆိုင်ရာကိုလိုနီသဘောတရား” တို့ကလည်း သေချာဖြန့်ကျက်စဥ်းစားစရာပါပဲ ဒါတွေကို စာဖတ်သူတွေ ကိုယ်စိတ်ဝင်စားရင်စိတ်ဝင်စားသလောက် ကိုယ်တွေ့လုပ်ကိုင်နေမှုတွေနဲ့ဆက်စပ်စဥ်းစားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဘိုတက်ချီရဲ့စာအုပ်အဖွင့်ဘာသာပြန်ထဲက သူ့ရဲ့အာဘော်တွေထဲက ဘယ်အချက်တွေကို သဘောကျမိပြီး ဘယ်အချက်တွေကိုတော့ မတင်မကျဖြစ်မိကြသလဲ ကျွန်မလည်းစိတ်ဝင်စားမိပါတယ် အဓိကကတော့ ဘိုတက်ချီကိုယ်တိုင်ထည့်သွင်းထောက်ပြခဲ့တဲ့ “သီအိုရီထုတ်ခြင်းအမှုမှာ ကိုလိုနီသဘောတရားတွေစိမ့်ဝင်နေတဲ့တွေးခေါ်မှုတွေနဲ့ မသိမသာခံစားချက်တွေရဲ့လွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာကို မထောက်ပြဘဲ ဝေဖန်ပိုင်းခြားရေးသီအိုရီတစ်ခုခုကို တင်ပြတာဟာ ရှေ့နောက်မညီတဲ့သရုပ်ဆောင်မှုတွေသာဖြစ်တယ်။ ပညာရှင်က ဝေဖန်ချက်တစ်ခုကို အဆိုတင်သွင်းတဲ့နေရာမှာ အဲ့ဒီပညာရှင်ရဲ့ကိုယ်ပိုင်သီအိုရီထုတ်မှုတွေအပေါ်မှာ မသိမသာသက်ရောက်နေတဲ့ လူမျိုးရေးဆိုင်ရာစီစဥ်မှု (ဒါကို ဘယ်သူကမှရှောင်ရှားနိူင်ပါဘူး) တွေကို စနစ်တကျမျက်ကွယ်ပြုထားတာကို ရှေ့နောက်မညီတဲ့ သရုပ်ဆောင်မှုလို့ခေါ်ရမှာပဲ။ ဒီအကြောင်းရင်းကြောင့်လည်း ကိုလိုနီစနစ်ကနေချွတ်ချခြင်းဆိုတာ တစ်ပြိုင်နက်တည်း အကုန်လုံးကိုလုပ်လို့ရမှာမဟုတ်ဘဲ အချိန်ကာလအတိုင်းအတာတစ်ခုယူပြီး လွှမ်းမိုးမှုအလွှာအသီးသီးကို စိတ်ရှည်လက်ရှည်နဲ့ပြန်အထုပ်ဖြေတတ်တဲ့ “ကိုလိုနီစနစ်ကိုချွတ်ချခြင်းစိတ်ဓါတ်” ရှိကြရမှာဖြစ်တယ်။” ဆိုသလို ကျွန်မတို့ရဲ့လွတ်မြောက်ရေးဟာ အခုရေတွင်းတူး အခုရေကြည်သောက်လို့ရမှာမဟုတ်တဲ့အတွက် စိတ်ရှည်လက်ရှည်နဲ့ ကိုယ်သိတာကို မသိတဲ့သူနဲ့၊ ကိုယ်မသိတာကို သိတဲ့သူဆီက အထက်အောက်စနစ်တွေဖယ်ခွာပြီးလေ့လာလုပ်ကိုင်သွားကြရမှာသာဖြစ်တယ်လို့သာ နှလုံးသွင်းနိဂုံးချုပ်လိုက်ရပါတော့တယ်
ပုံ – ကားလမ်းဘေးဘုရားပန်းဆိုင်တစ်ဆိုင်ထဲထိုင်နေကြသောပန်းသည်အမျိုးသမီးများ
ချီအာရာဘိုတက်ချီရဲ့ “မိတ်ဆက် – ဝေဖန်သုံးသပ်ချက်တစ်ခုအသွင်ဖီမီနင့်ဇင်” စာအုပ်အဖွင့်အခန်းဘာသာပြန်
အပိုင်း ၁ – https://machinthe.noblogs.org/post/2024/01/12/%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%80%e1%80%ba-%e1%80%9d%e1%80%b1%e1%80%96%e1%80%94%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%95%e1%80%ba%e1%80%81%e1%80%bb/
အပိုင်း ၂ – https://machinthe.noblogs.org/post/2024/02/15/131/
အပိုင်း ၃ – https://machinthe.noblogs.org/post/2024/04/01/%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%80%e1%80%ba-%e1%80%9d%e1%80%b1%e1%80%96%e1%80%94%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%95%e1%80%ba%e1%80%81%e1%80%bb-%e1%81%83/
အပိုင်း ၄ – https://machinthe.noblogs.org/post/2024/05/29/%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%80%e1%80%ba-%e1%80%9d%e1%80%b1%e1%80%96%e1%80%94%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%95%e1%80%ba%e1%80%81%e1%80%bb-2/
ကျွန်မရေးသားခဲ့သော “ယောင်္ကျားဖီမီနင့်” ဆောင်းပါး
ကျွန်မရေးသားခဲ့သော “ထိုင်ခုံတစ်ခုံစာ” ဆောင်းပါး
ဖောင်ဆွာဘာရပ်ချ် (Françoise Vergès) ကို သူ့ရဲ့ A Decolonial Feminism (ကိုလိုနီစနစ်ကိုချွတ်ချခြင်းဆိုင်ရာဖီမီနင့်ဇင်) အကြောင်းမေးထားသော အင်တာဗျူးဆောင်းပါး
https://gal-dem.com/francoise-verges-on-why-intersectional-feminism-falls-short/