မိတ်ဆက် – ဝေဖန်သုံးသပ်ချက်တစ်ခုအသွင် ဖီမီနင့်ဇင် အပိုင်း (၄)

၂၀၂၁ ခုနှစ်တွင် ဘလွန်းစ်ဘယ်ရီ (Bloomsbury) စာတိုက်မှထုတ်ဝေခဲ့သည့် ချီအာရာဘိုတစ်ချီ (Chiara Bottici) ‌အင်္ဂလိပ်လိုရေးသားခဲ့သော အန်နာခါဖီမီနင့်ဇင် (Anachafeminism) စာအုပ်မှ မူရင်းမိတ်ဆက်အခန်းကို မခြင်္သေ့ဘာသာပြန်သည်။ ဖတ်ရှုနိုင်ရန်နှင့် ဘာသာပြန်နိုင်ရန် ဤစာအုပ်ကိုလက်ဆောင်ပေးသော “ကိုလိုနီသဘောတရားများချွတ်ချခြင်းဆိုင်ရာဖီမီနင့်အစုအဝေး” (Decolonial Feminist Collective) (https://www.facebook.com/decolonialfeministcollective/) မှ မိတ်ဆွေ J ကို ကျေးဇူးအထူးတင်ရှိပါသည်။

ချီအာရာဘိုတစ်ချီ (Chiara Bottici) (https://www.newschool.edu/nssr/faculty/chiara-bottici/) သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်တည်ရှိသော လူမှုရေးသုတေသနဆိုင်ရာကျောင်းသစ် (The New School for Social Research)မှ ဒဿနိကဆိုင်ရာတွဲဘက်ပါမောက္ခတစ်ဦးဖြစ်ပြီး ၄င်းတက္ကသိုလ်မှ ဂျန်ဒါနှင့်လိင်သ‌ဘောတရားဆိုင်ရာလေ့လာသင်ကြားရေးအင်စတီကျု (The Gender and Sexualities Studies Institute) ၏ပူးတွဲဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။

မှတ်ချက် – မူရင်းစာအုပ်မိတ်ဆက်အခန်းကို အပိုင်းခွဲဘာသာပြန်သွားမှာဖြစ်ပြီး ဘာသာပြန်မှတ်ချက်များကို သီးသန့်ဆောင်းပါးအနေနှင့်ရေးသားသွားရန် ကြံရွယ်ထားသည်။ အောက်တွင်ပါရှိသောမှတ်စုများသည် မူရင်းစာရေးသူ၏မှတ်စုများဖြစ်ပြီး ထိုမှတ်စုများကိုပါ အတတ်နိုင်ဆုံးဘာသာပြန်ထားသည်။

အပိုင်း (၁) ဖတ်ရန်

အပိုင်း (၂) ဖတ်ရန်

အပိုင်း (၃) ဖတ်ရန်

 

အရေးကြီးသော ဝေါဟာရများ

အန်နာခါ (anacha) – မင်းမဲ့သဘောတရားဆိုင် (မ)။ အန်နာခီ (anarchy) ဆိုသော “မင်းမဲ့သဘောတရား” (သို့) “ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးသဘောတရား”စကားလုံးကို နာမဝိသေသနပြုရာတွင် ပုံမှန်လက်တင်နွယ်ဖွားဘာသာစကားများ၏စည်းမျဥ်းစည်းကမ်းအရ အန်နာခို (anacho) ဟူ၍ “ဖို”နာမဝိသေသနအဖြစ်သာပြောင်းလဲသုံးစွဲကြသည့်ကို ဝေဖန်သုံးသပ်သည့်အနေနှင့် မူရင်းစာရေးသူသည် အန်နာခါ (anacha) ဟူ၍ပြောင်းလဲရေးသားထားသည်။ ဗမာဘာသာစကားတွင် ထိုကဲ့သို့ “ဖို”/”မ” နာမဝိသေသနနှစ်မျိုးမကွဲသော်လည်း မူရင်းစာရေးသူ၏စာလုံးများထဲမှဖိုသဘောတရားကြီးစိုးမှုများကို ပြန်လည်ဝေဖန်ဆင်ခြင်မှုကို ထိန်းသိမ်းလိုသောအနေဖြင့် ဤဘာသာပြန်တွင် “အန်နာခါဖီမီနင့်ဇင်” နှင့် “မင်းမဲ့ဖီမီနင့်ဇင်” ဟူသော စကားလုံးနှစ်မျိုးကို သင့်လျော်သကဲ့သို့ ပြောင်းလဲအသုံးပြုထားသည်။

 

အန်နာခစ် (anarchist) (နာမ်/နာဝိ) – မင်းမဲ့သမား (သို့) မင်းမဲ့သဘောတရားဆိုင်ရာ။

 

အန်နာခီ (anarchy) – မင်းမဲ့ဖြစ်တည်မှု။

 

အန်နာခစ်ဇင် (anarchism) – မင်းမဲ့သဘောတရား။

 

မဟာဖိုဝါဒ (သို့) ပေထရီရာခီ (patriarchy) – “ဖို”သဘောတရားများသည် အခြားသောဂျန်ဒါသဘောတရားများထက် ပိုမိုသာလွန်ကြီးမြတ်သည်ဟုယူဆသောသဘောတရား။ ဤနေရာတွင် “ဖို”သဘောတရားဆိုသည်မှာ ဇီဝဗေဒအရ “ဖို”ဟုသတ်မှတ်ထားသော ယောင်္ကျားများတင်သာမက “ခက်ထန်ခြင်း”၊ “မာကျောခြင်း”၊ “သန်မာခြင်း” အစရှိသော လူ့အဖွဲ့အစည်းများမှသတ်မှတ်လက်ခံထား‌သော အခြားသော “ဖို”သဘောတရားများကိုပါဆိုလိုခြင်းဖြစ်သည်။

 

မိန်းမမုန်းတီးရေးဝါဒ (သို့) မီဆိုဂျနီ (misogyny) – မဟာဖိုဝါဒလွှမ်းမိုးမှုကြောင့် မိန်းမနှင့် မိန်းကလေးများဆိုလျှင် မုန်းတီးရွံရှာစက်ဆုပ်ခြင်း။ မိန်းမမုန်းတီးရေးဝါဒနှင့် မဟာဖိုဝါဒသည် အချင်းချင်းဆက်စပ်ပတ်သက်နေပြီး အချင်းချင်းအပေါ် ပြန်လည်သက်ရောက်နေသောအယူအဆအမူအကျင့်များဖြစ်သည်။

 

အင်တာဆက်ရှင်နယ်လတီ (intersectionality) – နေထိုင်ရာနေရာဒေသ၊ လူမျိုးရေး၊ ဂျန်ဒါ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်ရာဘာသာ၊ လူတန်းစား၊ လိင်စိတ်တိမ်းညွှတ်မှုဖော်ပြချက် အစရှိသောဖြစ်တည်မှုပေါင်းများစွာသည် တစ်သီးတစ်သန့်တည်းတည်ရှိနေသည်မဟုတ်ဘဲ အချင်းချင်းရောယှက်နေသည်ကိုထောက်ပြသောအယူအဆသဘောတရား။

 

ပြုခြင်း – နဂိုမူရင်းတွင် ‘ဖို’သဘောသဘာဝများ၊ အယူအဆများနှင့်ပြည့်နှက်နေသည့်အယူအဆများ၊ ဖြစ်စဥ်များ၊ လုပ်ရပ်များကို ‘မ’သဘောသဘာဝအသွင်ပြောင်းလဲခြင်း။ ဥပမာ – မူရင်းတွင် ‘ဖို’သဘာဝနှင့်သာ ချိတ်ဆက်မြင်ယောင်လေ့ရှိသောဖြစ်စဥ်တစ်ခုဖြစ်သော လက်နက်ကိုင်တော်လှန်ခြင်းကို မိန်းမဟု‌သောလူများပါဝင်လာခြင်းဖြင့် ‘မ’ပြုကြသည်။

 

AFAB (Assigned Female at Birth) – မွေးကင်းစမှာ “မိန်းမ” ဟုသတ်မှတ်ခံလိုက်ရသောသူ။

 

AMAB (Assigned Male at Birth) – မွေးကင်းစမှာ “ယောင်္ကျား” ဟုသတ်မှတ်ခံလိုက်ရသောသူ။

 

ဆစ်ဂျန်ဒါ (Cisgender) – မွေးရာပါလိင် (မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတ) နှင့် မိမိလိင်စိတ်တိမ်းညွှတ်မှုထပ်တူညီနေသောသူ။ ဥပမာ – မွေးကင်းစတွင် “ယောင်္ကျားလေး” ဖြစ်သည်ဟူ၍ တရားဝင်စာရွက်စာတမ်းများတွင် လိင်သတ်မှတ်ပေးခံလိုက်ပြီး ကြီးပြင်းလာပြီနောက် ၄င်းသည်သူ့ဘဝတစ်လျှောက် ယောင်္ကျားလေးတွေသည်သာ ပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့် အံဝင်ခွင်ကျဖြစ်နေပါက ၄င်းကို ဆစ်ဂျန်ဒါ (သို့) ဆစ်ယောင်္ကျားဟုခေါ်ဝေါ်၍ရသည်။ ဆစ်မိန်းမဆိုသည်မှာလည်း မွေးကင်းစတွင် “မိန်းကလေး” ဟုသတ်မှတ်ခံလိုက်ရပြီးနောက် မိန်းကလေးများပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့်အံဝင်ခွင်ကျဖြစ်နေသူကိုဆိုလိုသည်။

 

ထရန်စ်ဂျန်ဒါ (transgender) – မိမိအပေါ်မွေးကင်းစမှ သမုတ်လိုက်သောလိင်မှ မိမိလိင်စိတ်ဖော်ပြမှု၊ တိမ်းညွှတ်မှုနှင့်ကိုက်ညီသောလိင်ကိုပြောင်းလဲထားသောသူ။ ဤပြောင်းလဲခြင်းတွင် အဆင့်ဆင့်ရှိနိူင်သည်။ ဥပမာ – အချို့ ထရန်စ်ဂျန်ဒါများသည် ပြောင်းလဲမှုဖြစ်စဥ်လုံးဝဥဿုံကိုပြောင်းလဲထားပြီး (သို့) ပြောင်းလဲချင်သူများဖြစ်သော်လည်း အခြားထရန်စ်ဂျန်ဒါများသည် ဇီဝဗေဒအရခန္ဓာကိုယ်တစ်ခုလုံးကို မပြုပြင်ဘဲ အစိတ်အပိုင်းအနည်းငယ်မျှကိုသာပြောင်းလဲထားသူများဖြစ်ကောင်းဖြစ်နိူင်သည်။

 

မိန်းမမျိုးတုံးသတ်ဖြတ်မှု (femicide) – မိန်းမများကို ယောင်္ကျားများမှ မိန်းမမုန်းတီးရေဝါဒ (မီဆိုဂျနီ)ကြောင့် မိန်းမဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်း။ ဥပမာ – အိမ်တွင်းအကြမ်းဖက်ခြင်းမှတဆင့် မိမိချစ်သူ၊ လင်ယောင်္ကျားမှသတ်ဖြတ်ခြင်းကိုခံရခြင်း၊ အရှေ့အလယ်ပိုင်းရိုးရာဓလေ့အချို့တွင်ပြုကျင့်လေ့ရှိသော ဂုဏ်သိက္ခာသတ်ဖြတ်မှု (honor killing) ဟုခေါ်သော မိဘ (အထူးသဖြင့် ဖခင်)မှ မိသားစုမျက်နှာအိုးမည်းသုတ်သည်ဟုယူဆပါက ၄င်းတို့၏သမီးကို ၄င်းတို့ကိုယ်တိုင်ပြန်လည်သတ်ဖြတ်ခြင်း။ တောင်အမေရိကတိုက်မှနိုင်ငံအချို့တွင် လက်ရှိ ဂိုဏ်းအဖွဲ့များမှကျူးလွန်နေသော မိန်းမမျိုးတုံးသတ်ဖြတ်မှုများသည် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေသည်။ ယောင်္ကျားဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်းကို ယောင်္ကျားမျိုးတုံးသတ်ဖြတ်မှု (androcide) ဟုခေါ်ဝေါ်ပြီး စစ်ပွဲများတွင် စစ်တိုက်သူအချင်းချင်းပြုကျင့်လေ့ရှိကြသည်။ လိင်အခြေပြုမျိုးတုံးသတ်ဖြတ်ခြင်းကို ဂျန်ဒါမျိုးတုံးသတ်ဖြတ်ခြင်း (gendercide) ဟုခေါ်ဆိုသည်။

 

မျိုးတုံးသတ်ဖြတ်မှု (feminicide) – ‘မ’သဘောတရားမှန်သမျှကို နိမ့်ပါးသည်ဟုမှတ်ယူပြီး သတ်ဖြတ်သုတ်သင်ခြင်း။ ဤနေရာတွင် “မိန်းမ”/”ယောင်္ကျား”ဆိုသည်ထက် ‘မ’သဘောတရားအမူအကျင့်များရှိနေသည့်မည်သူ့ကိုမဆို မျိုးတုံးသတ်ဖြတ်ခြင်းဖြစ်သည်။ ဥပမာ – မွေးရာပါ “ယောင်္ကျား”ဟုသတ်မှတ်ခံထားရသောသူများ “မိန်းမ”ဂျန်ဒါသို့ပြောင်းလဲခြင်းကို ‘မ’သဘောတရားလွန်ကဲလာသည်ဟူ၍မနှစ်မြို့၍ ထရန်စ်ဂျန်ဒါမိန်းမများကို တမင်တကာသတ်ဖြတ်ခြင်း။

 

ဆစ်ဖီမီနင့်ဇင် (cis-feminism) – မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများ၏ဖိနှိပ်ခံရမှုများကို ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

 

ထရန်စ်ဖီမီနင့်ဇင် (transfeminism) – မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများသာမက လိင်ပြောင်းလဲထားသူများ၏ဖိနှိပ်မှုများကိုပါ ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

 

အာခိ (archē) – “မူရင်း”၊ “ကနဦး”၊ “အစ” (ဂရိ)။

 

လိင်ကွဲချစ်ကြိုက်မှုအထူးပြုစံနှုန်း (heteronormativity) – ဇီဝဗေဒအရ လိင်မတူသူများအချင်းချင်းကြား ချစ်ကြိုက်ပေါင်းသင်းဆက်ဆံခြင်း (heterosexuality) ကိုသာ လူတိုင်းကျင့်သုံးသည်၊ ထိုချစ်ကြိုက်ပေါင်းသင်းမှုကသာလျှင် သဘာဝကျသည်၊ လိင်တူချစ်ကြိုက်ပေါင်းသင်းမှု/bi ချစ်ကြိုက်ပေါင်းသင်းမှုများထက် ပိုပြီးအခွင့်ထူးခံစားပိုင်ခွင့်ရှိသည်ဟု မှတ်ယူသော အယူအဆ။

 

ကြိုတင်ပုံဖော်ခြင်းနိူင်ငံရေး (Prefigurative Politics) – တက်ကြွလှုပ်ရှားသူများက ၄င်းတို့၏တက်ကြွလှုပ်ရှားမှုများထဲတွင် ၄င်းတို့ရပ်ရွာပတ်ဝန်းကျင်အတွက်ကျင့်သုံးစေချင်သောအမူအကျင့်များ၊ ပေါင်းကူးဆက်ဆံမှုများကို ကျင့်သုံးခြင်း။ မင်းမဲ့သဘောတရားများတွင် ကြိုတင်ပုံဖော်ခြင်းသည် ပါဝင်မှုကိုအားပေးသောဒီမိုကရေစီ၊ တပြေးတည်းဖြစ်တည်မှု၊ အများပါဝင်ထည့်သွင်းမှုနှင့် တိုက်ရိုက်လုပ်ရပ်များ (direct action) တို့ပါရှိသည်။ (ဂီဟာမေးဖီရန်း (Guilherme Fians) ၏ “ကြိုတင်ပုံဖော်ခြင်းနိူင်ငံ‌ရေး” ဆောင်းပါး (https://www.anthroencyclopedia.com/entry/prefigurative-politics) ကိုကြည့်ပါ။)

 

ဂျန်ဒါအခန်းကဏ္ဍ (gender role) – များသောအားဖြင့် ဇီဝဗေဒလိင်အရ ယောင်္ကျားဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်၊ မိန်းမဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်ဟူ၍သတ်မှတ်ထားခြင်း။ ဂျန်ဒါနေရာများသည် ရိုးရာဓလေ့အသိုင်းအဝိုင်းတစ်ခုချင်းစီအလျောက် အသေးစိတ်ကွာခြားချက်များရှိနေနိူင်သော်လည်း ယေဘုဘျအားဖြင့် ယောင်္ကျားဂျန်ဒါနေရာသည် အိမ်‌ထောင်ဦးစီး၊ အလုပ်လုပ်သူ၊ ပိုက်ဆံရှာသူ၊ ခွန်အားရှိသူ၊ မိန်းမဂျန်ဒါနေရာသည် သားမွေးသူ၊ အိမ်ထောင်ထိန်းသိမ်းသူ၊ သိမ်မွေ့သူ၊ အားနည်းသူ ကမ္ဘာတစ်ဝန်းမှ ရိုးရာဓလေ့များတွင်မှတ်ယူထားကြသည်။ လိင်ကွဲပေါင်းသင်းဆက်ဆံရေးများတွင်လည်း ဤလိင်ကွဲအခြေပြုဂျန်ဒါနေရာများကို ပြန်လည်မွေးမြူကျင့်သုံးခြင်းများရှိကောင်းရှိနိူင်သည်။ ဥပမာ – လက်စဘီယန်စုံတွဲတစ်တွဲတွင် တစ်ယောက်သည် ယောင်္ကျားဂျန်ဒါနေရာကိုယူပြီး ပိုက်ဆံရှာခြင်း၊ အဓိကအလုပ်လုပ်သူအနေဖြင့်ဆောင်ရွက်ခြင်း၊ ယောင်္ကျားကဲ့သို ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများနှင့် အခြားတစ်ယောက်သည် မိန်းမဂျန်ဒါနေရာကိုယူပြီး အိမ်ထောင်ထိန်းသိမ်းခြင်း၊ သားမွေးခြင်း၊ မိန်းမကဲ့သို့ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများလည်း ရှိနိူင်သည်။

 

ဝေဖန်ပိုင်းခြားရေးသီအိုရီ (critical theory) – ဝေဖန်ပိုင်းခြားရေးသီအိုရီဆိုသည်မှာ လူမှုပတ်ဝန်းကျင်နဲ့အဖွဲ့အစည်းထဲတွင်တည်ရှိနေသော အာဏာဖွဲ့စည်းတည်ဆောက်မှုစနစ်များကို ထောက်ပြဆွေးနွေးလေ့လာသောချဥ်းကပ်နည်းတစ်ခုဖြစ်ပြီး လူမှုရေးဆိုင်ရာလေ့လာသောဘာသာရပ်များ (humanities) နှင့် လူမှုရေးဆိုင်ရာဒဿနိက (social philosophy) တို့တွင်အသုံးပြုလေ့ရှိသည်။ အကြမ်းအားဖြင့် လူသားများ၏ဖိနှိပ်ခံရမှုများကို ဖြိုချဖျက်ဆီးရန်ကြံရွယ်သော ဒဿနိကချဥ်းကပ်ပုံမည်သည်ကိုမဆို ဝေဖန်ပိုင်းခြားရေးသီအိုရီဟုမှတ်ခေါ်နိူင်သည်။ ဝေဖန်ပိုင်းခြားရေးသီအိုရီဥပမာအချို့မှာ ဖီမီနင့်သီအိုရီ၊ လူမျိုးရေးဝေဖန်ပိုင်းခြားရေးသီအိုရီ (critical race theory)၊ ကွီယားသီအိုရီ (queer theory)၊ ကိုလိုနီခေတ်လွန်သီအိုရီ (post-colonial theory) အစရှိသည်တို့ဖြစ်သည်။

 

လူမျိုးရေးဆိုင်ရာစီစဥ်မှု (racial schema) – လူမျိုးစုတစ်စုချင်းစီအ‌ပေါ် အများလက်ခံထားသော သွင်ပြင်သဏ္ဍာန်လက္ခဏာများ။ ဥပမာ – ဗြိတိသျှကိုလိုနီလက်ထက်တွင် ကရင်လူမျိုးများသည် ဗမာလူမျိုးများနှင့်ယှဥ်လျှင် တောထဲတောင်ထဲတွင် ကြီးပြင်းနေထိုင်လာသူများဖြစ်သည့်အတွက် တိုက်ရေးခိုက်ရေးစွမ်းအားရှိသောသူများ (“martial race”) ဟု ကိုလိုနီနယ်ချဲ့များကမှတ်ယူခြင်း။ လူမျိုးရေးဆိုင်ရာစီစဥ်မှုအပြင် အခြားသောဖြစ်တည်မှုများအပေါ်မူတည်သော စီစဥ်မှုများလည်းရှိသည်။ ဥပမာ – ဂျန်ဒါဆိုင်ရာစီစဥ်မှု (gender schema)။ ဤနေရာတွင် စီစဥ်မှု (schema) သည် ပုံသေမှတ်ယူမှု (stereotype) နှင့်တိုက်ရိုက်အဓိပ္ပါယ်မတူညီသော်လည်း ချိတ်ဆက်နေမှုများရှိသည်။ လူမျိုးရေးဆိုင်ရာစီစဥ်မှုသည် လူမျိုးစုတစ်စု၏ ပြုမူလေ့ပြုမူထရှိသောအလေ့အကျင့်၊ အသွင်အပြင်များကိုဆိုလိုခြင်းဖြစ်ပြီး လူမျိုးရေးပုံသေမှတ်ယူမှုသည် ထိုလူမျိုးရေးဆိုင်ရာစီစဥ်မှုများ‌ထဲကအချက်များကို အကြွင်းမဲ့ပုံသေမှတ်ယူလိုက်ခြင်းမျိုးဖြစ်သည်။

 

အခြေချကိုလိုနီစနစ် (settler colonialism) – ကိုလိုနီပြုကျင့်ပုံအမျိုးမျိုးရှိသည့်ကြားက အခြေချကိုလိုနီပြုကျင့်မှုဆိုသည်မှာ ကိုလိုနီပြုကျင့်ခံရသောနယ်မြေဒေသမှ သယံဇာတများကိုယူဆောင်ရုံတင်သာမက ထိုဒေသတွင်နေထိုင်သော အင်ဒီးဂျနင့်လူမျိုးစုများကို မျိုးတုံးသတ်ဖြတ်သုတ်သင်ကာ ကိုလိုနီပြုကျင့်သူများသည် ထိုနယ်မြေဒေသများတွင် အပြီးပိုင်အခြေချနေထိုင်လိုက်ခြင်းကိုဆိုလိုသည်။ အခြားသောကိုလိုနီပြုကျင့်မှုပုံစံများသည် ကမ္ဘာတစ်ဝှမ်းတွင်မရှိတော့သောကြောင့် လက်ရှိခေတ်ကို ကိုလိုနီခေတ်လွန် (post-colonial) ဟုခေါ်ကြသော်လည်း အခြေချကိုလိုနီစနစ်မှာ လက်ရှိတွင်ဆက်လက်ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ ဥပမာ – လက်ရှိတွင် အခြေချကိုလိုနီစနစ်ကိုကျင့်သုံးပြီး ထိုနယ်မြေဒေသများတွင် နေထိုင်ရှင်သန်ခဲ့ကြသော အင်ဒီးဂျနင့်လူမျိုးစုများနှင့်၄င်းတို့၏ရိုးရာဓလေ့၊ ဘာသာစကား၊ နေထိုင်ပုံများကို အမြစ်ဖြုတ်သတ်ဖြတ်ကာ တည်ထောင်ခဲ့သော လူဖြူကြီးစိုးရာနိူင်ငံများမှာ အမေရိကန်နိူင်ငံ၊ နယူးဇီလန်နိူင်ငံ၊ သြစလေးလျနိူင်ငံနှင့် တောင်အာဖရိကနိူင်ငံတို့ဖြစ်ပြီး လူဖြူမဟုတ်သော ကိုလိုနီအခြေချစနစ်ကိုကျင့်သုံးသော အခြားနိူင်ငံများမှာ (အင်ဒီးဂျနင့်ကပ်ရှမီးဒေသတွင် အခြေချကိုလိုနီပြုကျင့်နေသော) အိန္ဒိယနိူင်ငံနှင့် ပါလက်စတိုင်းလူမျိုးများနေထိုင်ရာဒေသကို ကိုလိုနီအခြေချစနစ်အသုံးပြုတည်ထောင်ခဲ့သော အစ္စရေးနိူင်ငံတို့ဖြစ်သည်။

 

ဥရောပစံပြုခြင်းဝါဒ (Eurocentrism) – အပြုအမူ၊ အလုပ်အကိုင်၊ အတွေးအခေါ်အစရှိသည်တို့၏ မှန်ကန်ခြင်း၊ ကောင်းမွန်ခြင်းစံနှုန်းကို ဥရောပလူဖြူများ၏ အပြုအမူ၊ အလုပ်အကိုင်၊ အတွေးအခေါ်များနှင့်သာ ပေတံပြုနှိုင်းယှဥ်တိုင်းတာခြင်း။

 

ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းသဘောတရား (Cultural Relativism) – ရိုးရာဓလေ့မတူညီသောအုပ်စုများ၏ အမူအကျင့်များကို ၄င်းတို့၏သီးသန့်ဖြစ်တည်မှုများဆိုသည်ထက် အုပ်စုအချင်းချင်းကြားတိုင်းတာနှိုင်းယှဥ်ခြင်း။ ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းသဘောတရားတိုင်းသည် မကောင်းဟုဆိုသည်ထက် ထိုနှိုင်းယှဥ်ချိန်ဆမှုများအပေါ်အခြေခံပြီး လူမျိုးရေး၊ ဘာသာ‌ရေး၊ လူမှုရေးခွဲခြားဆက်ဆံမှုများပေါ်ပေါက်လာခြင်းသည် မ‌ကောင်းဖြစ်သည်။

 

ဟက်ဂျမိုနီ (Hegemony) – ဂရိဘာသာစကား hēgemonia (ဟက်ဂျမိုနီရာ – တစ်စုံတစ်ရာအပေါ်ကိုလွှမ်းမိုးခြင်း) ဆိုသောစကားလုံးမှ ဆင်းသက်လာပြီး လက်ရှိတွင် လူမှုရေး၊ စီးပွားရေး၊ နိူင်ငံရေးအစရှိသောနည်းလမ်းနယ်ပယ်တစ်မျိုးမျိုးမှတဆင့် အုပ်စုတစ်စုက နောက်အုပ်စုတစ်စုစုကို လွှမ်းမိုးခြင်း။ (အချို့က “ဟက်ဂမိုနီ” ဟုအသံထွက်သည်။)

အီတာလျံလူမျိုး မာ့စ်ဝါဒီဒဿနိကပညာရှင် အန်တိုနီရိုဂရောမ်ချီ (Antonio Gramsci) ၏အဆိုတွင်တော့ အရင်းရှင်စနစ်ထွန်းကားလာသောနိူင်ငံ၊ လူ့အဖွဲ့အစည်းများတွင် လူတန်းစားတစ်ရပ်မှ အခြားသူများ၏လုပ်အားကို ဖိအားပေးထုတ်လုပ်စေသောလွှမ်းမိုးမှုကို ဟက်ဂျမိုနီဟု ချိတ်ဆက်ထားသည်။ တစ်ဆက်တည်းမှာလည်း အရင်းရှင်စနစ်ဖွံ့ဖြိုးတိုးတက်နေသောလူ့အဖွဲ့အစည်းများထဲက လက်ရှိမှာ ဖိအားပေးလွှမ်းမိုးခြင်းဆိုသည်ထက် အများသဘောတူအလိုတူအလိုပါ၊ ထိုလွှမ်းမိုးမှုများသည် စံနှုန်းပါဟူ၍လက်ခံလာအောင်လွှမ်းမိုးထားသော ဟက်ဂျမိုနီများလည်းရှိနေသည်။ ဥပမာ – လူတိုင်း မနက် ၉မှ ည ၅ နာရီထိအလုပ်လုပ်ကာ ပိုက်ဆံရှာကြရမည်၊ လူသားတိုင်းအသက်ရှင်သန်နေထိုင်ရေးသည် အလုပ်လုပ်ရန်၊ ပိုက်ဆံရှာရန်ဆိုသည်မှာ အများကအလိုတူအလိုပါလက်ခံထားသော ကမ္ဘာတစ်ဝန်းမှလည်ပတ်နေသောအရင်းရှင်စနစ်၏ ဟက်ဂျမိုနီတစ်ခုဖြစ်သည်။ ဟက်ဂျမိုနီရှိသောလူတန်းစားဆိုသည်မှာ ၄င်းတို့၏လွှမ်းမိုးမှုကို အခြားသောလူအုပ်စုများကပါ သဘာဝသဖွယ်လက်ခံထားနိူင်အောင် လွှမ်းမိုးထားနိူင်သောလူတန်းစားဖြစ်သည်။

ဂရောမ်ချီဆိုလိုသော ဟက်ဂျမိုနီအကြောင်း ဆက်လက်ဖတ်ရှုရန် – https://www.marxists.org/history/erol/ncm-7/tr-gramsci.htm

 

အင်ပိုင်ယာသဘောတရား (imperialism) – စစ်အာဏာ၊ လက်နက်အာဏာ၊ စီးပွားရေးအာဏာနှင့် ရိုးရာဓလေ့လွှမ်းမိုးမှုအာဏာတို့ကိုအသုံးပြုပြီး နိူင်ငံတစ်နိူင်ငံမှ နောက်နိူင်ငံတစ်နိူင်ငံသို့လွှမ်းမိုးချုပ်ကိုင်ခြင်း။ အင်ပိုင်ယာစနစ်သည် ကိုလိုနီခေတ်/စနစ်နှင့်တိုက်ရိုက်ချိတ်ဆက်နေပြီး ကိုလိုနီခေတ်တွင် ကိုလိုနီနယ်ချဲ့စနစ်ကိုအသုံးပြုပြီး မိမိကိုယ်ကို “အင်ပိုင်ယာ” (empire) ဟုခေါ်ဆိုကာ အခြားလူမျိုးစု၊ နိူင်ငံများကို ကျူးကျော်အုပ်ချုပ်မှုများရှိခဲ့သည်။ ဥပမာ – ၁၈ ရာစုနှင့် ၂၀ ရာစုကြားတွင် ကမ္ဘာအနှံ့ကို ကိုလိုနီနယ်ချဲ့စနစ်ကိုအသုံးချကျူးကျော်ခဲ့သော ဗြိတိသျှတို့သည် ၄င်းတို့ကျူးကျော်နယ်ချဲ့ရာနယ်မြေဒေသများ ကမ္ဘာ့အနှံ့များပြားလှသောကြောင့် ၄င်းတို့ကိုယ်၄င်းတို့ “နေမဝင်အင်ပိုင်ယာ”ဟုခေါ်ဆိုတင်စားခဲ့သည်။ လက်ရှိခေတ်တွင် နယ်ချဲ့ကိုလိုနီစနစ်မရှိတော့သော်လည်း အခြေချကိုလိုနီစနစ်ကိုအခြေခံ၍တည်ထောင်ထားသော အမေရိကန်ကဲ့သို့နိူင်ငံများနှင့် ရိုးရာဓလေ့နှင့်စီးပွားရေးကိုအသုံးပြုပြီး တစ်ကမ္ဘာလုံးကိုလွှမ်းမိုးနေသော နိူင်ငံများသည် အင်ပိုင်ယာသဘောတရားများနှင့်စနစ်ကိုကျင့်သုံးနေသော ခေတ်သစ်အင်ပိုင်ယာများဟု အင်ပိုင်ယာများကိုလေ့လာသောပညာရှင်များကမှတ်ယူကြသည်။

 

မက်စတီဇာဟေ (mestizaje) – ဥ‌ရောပလူဖြူများနယ်ချဲ့ကျူးကျော်အခြေချမှုကိုခံခဲ့ရသော လက်တင်အမေရိကတိုက်တခွင်မှ ကိုလိုနီခေတ်နောက်ပိုင်းတွင် အင်ဒဂျီးနင့်၊ လူဖြူ၊ လူမည်းအစရှိသောလူမျိုးအများများရောနှောနေကြသောသွေးနှောလူမျိုးများကိုဆိုလိုသည်။ ဥပမာ – မက်ဆီကို၊ ဘရားဇီး၊ ကူးဘား၊ ထရေနေဒတ်အစရှိသော အမေရိကတောင်ပိုင်းမှနိူင်ငံများက ၄င်းတို့နိူင်ငံကို မက်စတီဇာဟေလူမျိုးများနှင့်တည်ဆောက်ထားသော မက်စတီဇာဟေနိူင်ငံများဟုခေါ်ဝေါ်ကြသည်။  နောက်ပိုင်းတွင် သွေးနှောလူမျိုးများကိုသာမက ရိုးရာဓလေ့ထုံးတမ်း၊ ဘာသာစကားအစရှိသည်တို့ဖြင့် တစ်မျိုးထက်ပိုမိုရောစပ်ဖြစ်တည်နေမှုကို မက်စတီဇာဟေဖြစ်တည်မှုဟုမှတ်ယူကြသည်။ ယနေ့ခေတ်တွင် မက်စတီဇာဟေဖြစ်တည်မှုသည် လူသားတိုင်းတွင်တစ်နည်းမဟုတ်တစ်နည်းတည်ရှိနေနိူင်သည်။

 

အမြင်ဗဟိုပြုဝါဒ (Oculocentrism) – မျက်စိနှင့်မြင်ရသော (သို့) အမြင်သဘောတရားနှင့်ပုံ‌ဖော်သောချဥ်းကပ်စဥ်းစားပုံကို အခြားသောချဥ်းကပ်စဥ်းစားပုံများထက် ပိုမိုဦးစားပေးသောစနစ်။ ဥပမာ – ပါးစပ်ပြောထက် စာဖြင့်ချရေးထားသောအရာများကို တန်ဖိုးပိုရှိသည်ဟုသတ်မှတ်ခြင်း။ အသံဖြင့်ကြားရသောအရာများ (သို့) အသံဖြင့်ချဥ်းကပ်ခြင်းကို ပိုမိုဦးစားပေးခြင်းစနစ်ကို အသံဗဟိုပြုဝါဒ (phonocentrism) ဟုခေါ်ဆိုသည်။ အနောက်လူဖြူရိုးရာများသည် များသောအားဖြင့် အမြင်ချဥ်းကပ်ခြင်းကိုပိုမိုဦးစားပေးသည်။

 

အနှစ်သာရပြုခြင်းသဘောတရား (essentialism) – အနှစ်သာရပြုခြင်းသည် လူအမျိုးအစားတစ်ခုခု (လူမျိုး သို့ ဂျန်ဒါ သို့ လူတန်းစား) ကို ၄င်းအမျိုးအစား၏ဖြစ်လေ့ဖြစ်ထရှိသောအသွင်သဏ္ဍာန်၊ အမူအကျင့်တစ်ခုခုနှင့်သာ တိုက်ရိုက်အချိုးစားကျမြင်ယောင်သတ်မှတ်လိုက်ခြင်း။ ဥပမာ – မိန်းမတိုင်းသည် ရာသီသွေးဆင်းသည်ဟုသတ်မှတ်ခြင်းသည် မိန်းမဂျန်ဒါကိုအနှစ်သာရပြုပုံဖော်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ရာသီသွေးမပေါ်သောမိန်းမများလည်းရှိနေသေးသည်။ သို့ပေသိ ဇီဝဗေဒဖြစ်စဥ်တစ်ခုဖြစ်သောရာသီသွေးလာခြင်းကို မိန်းမဖြစ်တည်မှုနှင့်တိုက်ရိုက်အချိုးစားကျအနှစ်သာရပြုလိုက်သောအခါ ရာသီမလာသော ထရန်စ်မိန်းမများ၊ အကြောင်းအမျိုးမျိုး‌ကြောင့် သားအိမ်ထုတ်လိုက်ရသောမိန်းမများ၊ ရောဂါအခြေအနေတစ်ခုခုကြောင့် ရာသီမလာတော့သောမိန်းမများကို မိန်းမဟုခေါ်ဝေါ်ခြင်းတွင် အငြင်းပွားမှုများပေါ်ပေါက်လာကြသည်။

 

ရိုးရာဓလေ့အခြေပြုခြင်းသဘောတရား (culturalism) – လူမျိုးစုတစ်စု၏သွင်ပြင်လက္ခဏာကို ၄င်း၏ရိုးရာဓလေ့အမူအကျင့်များနှင့်သာ အနှစ်သာရပြုပုံဖော်လိုက်ခြင်း။ ဥပမာ – ဗမာလူမျိုးများ၏ရိုးရာသည် ငပိကြိုက်သည်၊ ငပိစားသည်ဟုမှတ်ယူပါက ဗမာလူမျိုးတိုင်း ငပိကြိုက်သည်၊ ငပိစားသည်ဟုမှတ်ယူပုံဖော်လိုက်ခြင်း။ မြန်မာပြည်ကိုလိုနီခေတ်တွင် ကရင်လူမျိုးများအား တောတောင်ဒေသတွင်နေထိုင်ကြသူများဖြစ်သည့်အတွက် တိုက်ရည်ခိုက်ရည်စွမ်းအားရှိသောလူမျိုး (martial race) ဟု ဗြိတိသျှလူဖြူများကသတ်မှတ်ခြင်းသည် ရိုးရာဓလေ့အခြေပြုအနှစ်သာရပြုလိုက်ခြင်းဖြစ်သည်။

 

အပိုင်း () နောက်ဆုံးပိုင်း မူရင်းစာမျက်နှာ (၁၇) မှ (၂၁) ထိ

(စာအုပ်၏အခန်းအနှစ်ချုပ်များ (စာမျက်နှာ ၂၂၂၃) ကို ဘာသာမပြန်ထားပါ)

 

အရင်းရှင်စနစ်လည်ပတ်ဖို့ဆိုရင် ဂျန်ဒါလုပ်အားကိုခွဲခြမ်းဝေမျှဖို့လိုတယ်ဆိုတာကို ဆိုရှယ်လစ်ဖီမီနင့်တွေကထောက်ပြခဲ့ကြတာကြာပါပြီ။ အရင်းရှင်စနစ်ဟာ အဆုံးမရှိအမြတ်ရဖို့အတွက် လခစားထုတ်လုပ်မှုလုပ်အားကနေတဆင့်သဲ့ယူတဲ့ အသားတင်တန်ဖိုးတင်သာမက ဂျန်ဒါပညတ်ချက်ပြုခြင်းခံထားရတဲ့ခန္ဓာတွေကနေလုပ်ပေးတဲ့ ပိုက်ဆံမပေးရတဲ့သားမွေးမှုလုပ်အားကိုပါလိုအပ်နေတယ်။[i] ရှင်းရှင်းပြောရရင် အရင်းရှင်စနစ်လည်ပတ်ဖို့ “မိန်းမ”တွေလိုအပ်နေတယ်။ မိန်းမတွေက သူတို့ယောင်္ကျားတွေနဲ့ကလေးတွေရဲ့ခြေစွပ်တွေကိုလျှော်ဖွပ်ပေးနေတဲ့အချိန်မှာ သူတို့ဟာ “အလုပ်လုပ်နေတာ” မဟုတ်ဘဲ သဘာဝအရပေးအပ်ထားတဲ့သူတို့ရဲ့အလုပ်ကိုသူတို့လုပ်နေတာလို့ လူတွေမှတ်ယူတတ်ကြဖို့ အရင်းရှင်စနစ်ကလိုအပ်နေတယ်။ အန်နာခါဖီမီနင့်တစ်ဦးဖြစ်တဲ့ မာရီယာမိုင်စ် (Maria Mies) နဲ့တခြားသူတွေက ခေါင်းပုံဖြတ်ခြင်းခံရလေ့ရှိတဲ့“လခစားလုပ်အား” နဲ့ မိုင်စ်အနေနဲ့ “အဆမတန်ခေါင်းပုံပိုဖြတ်ခံရတဲ့”[ii] “လခမပေးရတဲ့လုပ်အား”နှစ်ခုကို သီးသန့်ခွဲဖို့ဆိုရင် မိန်းမတွေရဲ့လုပ်အားကို အလုပ်တစ်ခုလို့မှတ်ယူမဲ့အစား သူတို့ရဲ့ “မိန်းမဖြစ်တည်မှု”ရဲ့သဘာဝပါလို့ယူဆလိုက်ဖို့လိုအပ်လာတယ်လို့ထောက်ပြခဲ့ကြတယ်။ လခစားလုပ်အားတွေကိုခေါင်းပုံဖြတ်ခြင်းက အသားတင်တန်ဖိုးပေါ်မှာအခြေခံပေမဲ့ မိန်းမတွေရဲ့အိမ်တွင်းဗာဟီရလုပ်အားကိုခေါင်းပုံဖြတ်ခြင်းကတော့ အဲ့ဒီအလုပ်တွေရဲ့ အလုပ်လို့တောင်မသတ်မှတ်ခြင်း ကြောင့်ပါ  လခမပေးရတဲ့လုပ်အားက အဆမတန်ခေါင်းပုံပိုဖြတ်ခံရနေတာပဲ။

 

ဆိုရှယ်လစ်ဖီမီနင့်တွေရဲ့အမြင်တွေနဲ့ အန်နီဘယ်ကီဟာနို (Aníbal Quijano) ရဲ့ “ပါဝါအာဏာရဲ့ကိုလိုနီသဘောတရား”ဆိုတဲ့အဆိုကိုပေါင်းစပ်ပြီး မာရီယာလူဂွန်းနဲ (Maria Lugones) က အင်မတန်အသုံးဝင်လှတဲ့ “ဂျန်ဒါရဲ့ကိုလိုနီသဘောတရား”ဆိုတဲ့အဆိုကို မိတ်ဆက်ပေးခဲ့တယ်။[iii] ဒီအဆိုကနေတဆင့် ခန္ဓာကိုယ်တွေကိုလူမျိုးရေးအရစစ်တမ်းထုတ်ခြင်းနဲ့ “ယောင်္ကျား/မိန်းမ” binary သတ်မှတ်ခြင်းဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ဆိုတာကို လူဂွန်းနဲကထောက်ပြခဲ့တယ်။ အဲ့ဒီစနစ်နှစ်မျိုးလုံးဟာ ကမ္ဘာ့အရင်းရှင်စနစ်ကိုအသုံးပြုပြီး နယ်ချဲ့ခဲ့ကြတဲ့ဥရောပလူမျိုးတွေက တီထွင်ခဲ့တာဖြစ်တယ်လို့လည်း လူဂွန်းနဲကထောက်ပြခဲ့တယ်။ အမေရိကန်အခြေအနေမှာတော့ ဥရောပအခြေချကိုလိုနီနယ်ချဲ့သမားတွေရောက်မလာခင်က အမေရိကတိုက်ကအင်ဒီးဂျနင့်လူမျိုးစုတွေဆီမှာ ဂျန်ဒါအခန်းကဏ္ဍတွေဟာ တရားသေဖြစ်မနေခဲ့ဘူးလို့ လူဂွန်းနဲကရေးခဲ့တယ်။ ဥပမာ – အင်ဒီးဂျနင့်နိုင်ငံတစ်နိုင်ငံချင်းစီမှာ intersex လို့ခေါ်တဲ့ လိင်အင်္ဂါနှစ်မျိုးပါရှိသူတွေနဲ့ အခြားသောကွီးယားဖြစ်တည်မှုတွေကိုအသိအမှတ်ပြုတဲ့တတိယလိင်အမျိုးအစားဆိုတာတွေရှိခဲ့ပြီး ယူမာ (Yuma) လိုလူမျိုးစုတွေမှာ အိမ်မက်မက်တဲ့အပေါ်မှာအခြေခံပြီးဂျန်ဒါအခန်းကဏ္ဍတွေသတ်မှတ်ခဲ့ကြတယ်။  (လက်နက်တွေအကြောင်းအိမ်မက်မက်တဲ့သူတွေကို မိန်းမခန္ဓာကိုယ်နဲ့မွေးလာရင်တောင်မှ လက်တွေ့အရ ယောင်္ကျားလို့သာသတ်မှတ်ခဲ့ကြတယ်။) ဒီစာအုပ်ထဲမှာဆက်ဖတ်ရမဲ့အတိုင်း ဒီကနေ့မှာတော့ အရင်းရှင်စနစ်စီးပွားရေး၊ ခန္ဓာကိုယ်တွေကိုလူမျိုးရေးအရစစ်တမ်းထုတ်ခြင်းနဲ့ ဂျန်ဒါဖိနှိပ်မှုတွေဟာ စနစ်တကျချိတ်ဆက်နေတယ်ဆိုတာကို ငါတို့တွေ့ကြရတယ်။ နောက်တစ်မျိုး‌‌ပြောရရင် လိင်တူချင်းချစ်ကြိုက်ခြင်းနဲ့ လိင်တူအပြုအမူဖြစ်တည်မှုတွေကို ရိုးရာဓလေ့တွေကအမျိုးမျိုးနဲ့တုံ့ပြန်ခဲ့ကြပေမဲ့ နှစ်မျိုးပဲရှိတယ်ဆိုတဲ့ဂျန်ဒါစနစ်ကိုအားပေးခဲ့တဲ့ ဥရောပကိုလိုနီခေတ်နဲ့အင်ပိုင်ယာစနစ်မတိုင်ခင်မှာ ကွီးယားညို့ငင်ဆွဲဆောင်မှု (queer eros) ဆိုတာ သွင်သဏ္ဍာန်အမျိုးမျိုးနဲ့ရှိနေခဲ့ကြတယ်။[iv] အဲ့ဒီဂျန်ဒါ binary စနစ်ကိုပြန်လည်ပုန်ကန်မှုတွေအခုချိန်ထိရှိနေသေးပေမဲ့ အခုလက်ရှိမှာတော့ ခရစ်ယာန်ဘာသာဆိုတာ အူဂန်ဒါရဲ့အင်ဒီးဂျနင့်ဘာသာတရားတစ်ခုမဟုတ်နေတဲ့ကြားကနေတောင်မှ၊ အူဂန်ဒါရဲ့ အင်ဒီးဂျနင့်လူမျိုးစုတစ်စုဖြစ်တဲ့ လန်ဂီ (Langi) လူမျိုးစုတွေကိုယ်နှိုက်ကတောင် မူဒိုကိုဒါကို (mudoko dako) လို့ခေါ်တဲ့ သီးသန့်ဂျန်ဒါသတ်မှတ်ထားတဲ့ နွဲ့နွဲ့နှောင်းနှောင်းယောင်္ကျားတွေနဲ့ တခြားယောင်္ကျားတွေကြားကလက်ထပ်မှုကိုတရားဝင်အသိအမှတ်ပြုထားတာရှိရက်နဲ့တောင်မှ အူဂန်ဒါ (Uganda) ကခရစ်ယာန်သမ္မတက လိင်တူချင်းချစ်ကြိုက်မှုကို နိုင်ငံခြားတင်သွင်းထုတ်ကုန်တစ်ခုလို့ စွပ်စွဲတဲ့လောကကြီးထဲမှာ ငါတို့အားလုံးနေနေကြရသေးတာပဲ။[v] အဲ့ဒါကြောင့် မဟာဖိုဝါဒ၊ လိင်တူချစ်ကြိုက်မှုကိုမုန်းတီးမှုနဲ့ ကိုလိုနီသဘောတရားတွေကြားထဲကချိတ်ဆက်နေမှုတွေကို စနစ်တကျလေ့လာစမ်းစစ်ဖို့အရေးကြီးတယ်။ “ဂျန်ဒါရဲ့ကိုလိုနီသ‌ဘောတရား”တွေရဲ့ အသွင်အမျိုးမျိုး၊ သဏ္ဍာန်အထွေထွေကိုသေချာဆန်းစစ်ရင်းနဲ့ လေ့လာကြည့်ကြဖို့ ငါတို့ရည်ရွယ်တယ်။

 

မျက်ဝါးထင်ထင်မြင်နေရပေမဲ့ ငါတို့အားလုံးမကြာခဏမေ့နေတတ်ကြတာတစ်ခုက လူတွေကို သူတို့ရဲ့အသားအရောင်၊ လိင်အင်္ဂါပေါ်မှာအခြေခံပြီး မျိုးစိတ်ခွဲသတ်မှတ်ခြင်းဟာ လူ့စိတ်ရဲ့နဂိုသဘာဝမဟုတ်ဘူးဆိုတဲ့အချက်ပဲ။ လိင်အင်္ဂါတင်သာမက လူမျိုးရေးပေါ်မှာမူတည်ပြီး ခန္ဓာကိုယ်တွေကိုအမျိုးအစားခွဲခြားဖို့သတ်မှတ်တာဟာ (အခြားသောအရာတွေအပြင်) မျက်စိနဲ့မြင်ရတာကိုဦးစားပေးနေတယ်။ မော်ဒန်သဘောတရား/ခေတ်/စနစ် (modernity) ပေါ်ပေါက်လာခြင်းကို လူမျိုးရေးနဲ့ဂျန်ဒါစနစ်တွေပေါ်ပေါက်လာခြင်းနဲ့ လုံးလုံးခွဲခြားလို့မရဘူး။ အိုရာအွန်ကေအိုရေအူမီ (Oyèrónke Oyěwùmí) အဆိုအရ ဂျန်ဒါနဲ့လူမျိုးရေးအမျိုးအစားခွဲခြားမှုတွေဟာ “အမြင်ဗဟိုပြုဝါဒ” (oculocentrism) ကိုအခြေခံထားတာများတယ်။ ဒါကတော့ မျက်လုံးနဲ့မြင်ရတာအပေါ်မှာအခြေခံပြီး သတင်းအချက်အလက်စုဆောင်းတာကိုဆိုလိုတာပဲ။ ကိုလိုနီခေတ်မတိုင်ခင်က ရောယုဘာ (Yoruba) ရိုးရာဓလေ့တွေရဲ့ရှုထောင့်ကကြည့်မယ်ဆိုရင် အမြင်ဗဟိုပြုဝါဒကို အနောက်မှာအသုံးများတယ်။ အိုရေအူမီက သူ့ရဲ့ မိန်းမများကိုတီထွင်ခြင်း (The Invention of Women) စာအုပ်ထဲမှာထောက်ပြခဲ့သလို ရောယုဘာရိုးရာတွေဟာ အမြင်အာရုံထက် တစ်ယောက်နဲ့တစ်ယောက် ပါးစပ်ကနေတဆင့်သတင်းအချက်အလက်ဝေမျှတာကိုဦးစားပေးလေ့ရှိတယ်။ ပြီးတော့ တခြားသောလူမှုဖြစ်တည်မှုဟက်ဂျမိုနီတွေထက် အသက်အရွယ်ဝါကြီးတာကိုပိုတန်ဖိုးထားလေ့ရှိတယ်။[vi] ရောယုဘာတွေရဲ့ အိုဘင်းရင် (obinrin) (သို့ အိုရေအူမီ ဘာသာပြန်တာတော့ “ဇီဝဗေဒအရမိန်းမဖြစ်နေခြင်း”) တွေအဖို့ ကိုလိုနီပြုကျင့်ခြင်းခံရတာဟာ လူမျိုးရေးအရနိမ့်ပါးတယ်၊ ဂျန်ဒါအရနိမ့်ပါးတယ်၊ လခစားအလုပ်ကနေဘေးဖယ်ခံရခြင်းကြောင့်လည်း လူတန်းစားအရနိမ့်ပါးတယ်လို့သတ်မှတ်ခံလိုက်တာနဲ့အတူတူပဲ။ ကိုလိုနီအပြုမခံရချိန်ကတော့ ရောယုဘာဘာသာစကားမှာ လူတွေကို “ယောင်္ကျား” သို့ “မိန်းမ” (မိန်းမဆိုတာ ယောင်္ကျားထက်တစ်ဆင့်နိမ့်တယ်)ဆိုပြီးခေါ်ဝေါ်သတ်မှတ်တဲ့စကားလုံးတွေတောင်မရှိခဲ့ဘူး။ ဥရောပကိုလိုနီနယ်ချဲ့တွေရောက်လာပြီးချိန်မှာတော့ ရောယုဘာတွေရဲ့ အိုဘင်းရင် ဟာလည်း “မိန်းမ”လို့သမုတ်ခံလိုက်ရပြီး နိမ့်ပါးတဲ့အမျိုးအစားတစ်ခုအနေနဲ့ စနစ်တကျသတ်မှတ်ခံလိုက်ရတယ်။ “မိန်းမ” ဆိုတာဟာ လိင်တံဂွေးစိမပါတဲ့သူတွေ၊ ပါဝါမရှိတဲ့သူတွေ၊ (အမှန်တကယ်က ယောင်္ကျားရောမိန်းမတွေပါ သူ့ဂျန်ဒါအလိုက်ဖြစ်တည်မှုတွေ၊ လုပ်ကိုင်မှုတွေရှိနေပေမဲ့ ယောင်္ကျားဂျန်ဒါကို စံပြုတိုင်းတာရမဲ့ဂျန်ဒါအနေနဲ့သတ်မှတ်လိုက်ပြီး) မိန်းမတွေရဲ့အခန်းကဏ္ဍကို ယောင်္ကျားတွေနဲ့အခန်းကဏ္ဍကနေသာ ဆက်စပ်စဥ်းစားလိုက်ကြတယ်။ ဒါတွေအကုန်လုံးဟာ ဥရောပကိုလိုနီပြုကျင့်ခြင်းမခံရချိန်မှာ ရောယုဘာက အိုဘင်းရင် တွေအတွက် တစ်ခုမှမမှန်ခဲ့ဘူး။[vii]

 

ဒါကြောင့် ဂျန်ဒါရဲ့ကိုလိုနီသဘောတရားတွေကိုဆန်းစစ်တဲ့အခါ ဇီဝဗေဒအရသတ်မှတ်ခြင်းကိုဦးစားပေးတဲ့စနစ်တွေအပြင် ခန္ဓာကိုယ်တွေကို မျက်စိနဲ့မြင်ရတဲ့အပေါ်မှာသာမူတည်ပြီးခွဲခြားသတ်မှတ်ခြင်း (ဒါက မျက်စိနဲ့မြင်ရတဲ့အပေါ်ကိုလိုက်ပြီး “ဒီခန္ဓာကိုယ်ကတော့ ယောင်္ကျား”၊ “ဒီခန္ဓာကိုယ်ကတော့ မိန်းမ”လို့သတ်မှတ်လိုက်တာမျိုး)တွေကိုပါ မေးခွန်းထုတ်ကြရမှာဖြစ်တယ်။ တစ်ချိန်တည်းမှာလည်း အမြင်ဗဟိုပြုစနစ်တွေကနေတဆင့်သာ ငါတို့ဟာ ကျဥ်းမြောင်းသေးသိမ်လှတဲ့ လိင်ကွဲပေါင်းသင်းဆက်ဆံမှုကိုသာစံပြုထားတဲ့စနစ်၊ ဆစ်ဂျန်ဒါသဘောတရားတွေကိုသာစံပြုထားတဲ့စနစ်တွေကနေ မိန်းမဖြစ်တည်မှုကိုမြင်တတ်ခြင်းတွေကို ပြန်လည်ဝေဖန်ပြီး အဲ့ဒီစနစ်တွေကိုတွန်းလှန်တဲ့နည်းလမ်းအသစ်တွေကိုရှာဖွေနေရတုန်းပဲ။ ဒီစာအုပ်တစ်အုပ်လုံးရဲ့အနှစ်ချုပ်ကို စာကြောင်းတစ်ကြောင်းတည်းနဲ့သာပြောရမယ်ဆိုရင် “အခြားသောမိန်းမဖြစ်တည်မှုဆိုတာဖြစ်နိုင်ပါတယ်၊ အခြားသောမိန်းမတစ်ယောက်ဆိုတာ ရှိနေပြီးသားပါ”လို့ပြောရမှာပဲ။

 

ဒီအာဘော်နဲ့ပတ်သက်ပြီး ဘာလို့မင်းမဲ့သဘောတရားလို့မခေါ်ဘဲ ဖီမီနင့်သဘောတရားတွေအကြောင်းလာပြောနေတာလဲ? ဘာလို့မိန်းမတွေကိုဦးစားပေးလေ့လာနေတာလဲ? ရည်ရွယ်ချက်က ဖိနှိပ်မှုအထက်အောက်စနစ်တွေအကုန်လုံးကိုဖျက်ဆီးဖို့ဆိုရင် “မိန်းမ”နဲ့ “ယောင်္ကျား” ဆိုပြီးသတ်မှတ်ထားတဲ့၊ ငါတို့ကို လိင်ကွဲစံပြုစနစ်တွေထဲပြန်အကျဥ်းချနေတဲ့ binary စနစ်တွေကိုပါဖျက်ဆီးရမှာမဟုတ်ဘူးလားဆိုပြီး တချို့ကပြန်ငြင်းကောင်းငြင်းပါလိမ့်မယ်။

 

ငါတို့ရှင်းရှင်းလင်းလင်းသိထားရမှာက “မိန်းမ”လို့ဆိုတဲ့နေရာမှာ တမင်တကာမှတ်ယူထားပြီးတဲ့အရာတစ်ခု၊ ထာဝရမပြောင်းမလဲတည်ရှိနေတဲ့အနှစ်သာရတစ်ခု၊ ဒါမှမဟုတ် သတ်မှတ်ထားပြီးသားအရာဝတ္ထုတစ်ခုအကြောင်းကိုပြောနေတာမဟုတ်ဘူးဆိုတာပဲ။ လွှမ်းမိုးမှုတွေရဲ့မျက်နှာပေါင်းစုံကို ဖီမီနင့်ရှုထောင့်ကနေဆင်ခြင်ဖို့ဆိုရင် “မိန်းမဖြစ်တည်မှု/မိန်းမဘဝ” ဆိုတာအပေါ် ငါတို့သေသေချာချာထဲထဲဝင်ဝင်နားလည်ဖို့လိုအပ်တယ်။ ဘရုက်စပင်နိုဇာ (Baruch Spinoza) ရဲ့ လူတစ်ဦးတစ်ယောက်ရဲ့ပြောင်းလဲနိုင်စွမ်းရဲ့ သူမတူထူးခြားလှတဲ့ဒဿနကို ဖီမီနင့်ရှုထောင့်ကနေဖတ်ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်တွေ (အထူးသဖြင့် မိန်းမခန္ဓာကိုယ်တွေ)ကို ဖြစ်တည်မှုအရာဝတ္တုတွေဆိုတာထက် ပြောင်းလဲနိူင်စွမ်းရှိတဲ့ဖြစ်စဥ်တွေလို့ ငါတို့အာဘော်ထုတ်လို့ရတယ်။ ငါတို့ဟာ အရာဝတ္တုတွေဆိုတာထက် ပေါင်းသင်းဆက်ဆံမှုတွေဖြစ်တယ်။ မိန်းမတွေရဲ့ခန္ဓာကိုယ်တွေဟာ အများနာမ်ရှိနေတဲ့ခန္ဓာကိုယ်တွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီခန္ဓာကိုယ်တွေကဖြစ်စဥ်တွေမို့လို့ပဲ။ ဖြစ်စဥ်ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီကြား အချင်းချင်းကူးလူးလို့ရတဲ့ (inter-)၊ တစ်ဦးတစ်ယောက်ချင်းစီထက်ကျော်လွန်လို့ရတဲ့ (supra-)၊ တစ်ဦးတစ်ယောက်ချင်းစီထဲကိုပါဖောက်ထွက်လို့ရတဲ့ (infra-)အဆင့်တွေအမျိုးမျိုးအပေါ် သက်ရောက်ပတ်သက်နေတဲ့ယန္တရားတွေပဲ။ လိုရှင်းတိုရှင်းဥပမာတစ်ခုပေးရရင် လူတစ်ယောက်နဲ့နောက်တစ်ယောက်တွေ့ဆုံမှုကနေတဆင့်၊ ငါတို့မမြင်ရတဲ့ ငါတို့တစ်ဦးတစ်ယောက်ချင်းစီထက်ကျော်လွန်နေတဲ့အားအင်တွေ (ဥပမာ – ငါတို့နေထိုင်တဲ့နိုင်ငံရေးပထဝီနေရာဒေသတွေ)ကနေတဆင့်နဲ့ ငါတို့ရှုတဲ့လေ၊ ငါတို့စားတဲ့အစားအစာ၊ ငါတို့အသုံးပြုတဲ့ဟော်မုန်းအစရှိတဲ့ ကြားနေခန္ဓာကိုယ်တွေအကုန်လုံးကြောင့်သာ ငါတို့ရဲ့ခန္ဓာကိုယ်တွေဟာဖြစ်တည်လာ/နေတာမဟုတ်ဘူးလား? ငါတို့တစ်ယောက်ချင်းစီရဲ့ခန္ဓာကိုယ်တွေထက်ပါကျော်လွန်နေတဲ့ ငါတို့နေထိုင်တဲ့ဂေဟစနစ်၊ ထုတ်လုပ်မှုပစ္စည်းအမျိုးမျိုးအပြင် (ပြန်လည်)ထုတ်လုပ်မှုစနစ်တွေနဲ့ ငါတို့ကိုချိတ်ဆက်ပေးထားတာမဟုတ်ဘူးလား?

 

ဒီလို လူတစ်ဦးတစ်ယောက်ဖြစ်တည်မှုဆိုတာကို ကျော်လွန်တဲ့ဖြစ်တည်မှုလို့သိမှုကိုပြောင်းလဲဖို့ကြိုးစားကြည့်တဲ့အခါရလာမဲ့အကျိုးကျေးဇူးတွေကို တစ်ချက်သတိပြုကြည့်ပါ။ ပထမဆုံး ဖီမီနင့်ဇင်ဆိုတာဘာလဲဆိုတာကိုလေ့လာပြီးမှ ဂေဟစနစ်တွေကို ဖီမီနင့်ဇင်အပေါ်ထပ်ထည့်မဲ့အစား တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ခြင်းဒဿန (transindividuality) မှာတော့ ဒီနှစ်မျိုးလုံးကို အစကတည်းကပေါင်းစပ်ဆင်ခြင်ပြီးသားဖြစ်သွားတယ်။ သဘာဝပတ်ဝန်းကျင်ဆိုတာက ငါတို့ရဲ့ပြင်ပမှာရှိနေတာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ဟာ (ငါတို့တစ်ဦးချင်းစီကိုယ်တိုင်ပါပါဝင်နေပြီးသားဖြစ်လို့) ငါတို့ပဲဖြစ်တယ်။[viii] တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ခြင်းဒဿနဟာ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ဒီဒဿနပေါ်ပေါက်နေခဲ့တာ အချိန်အတိုင်းအတာတစ်ခုတော့ရှိပါပြီ။ ဒါပေမဲ့ အခုချိန်မှာ ငါတို့တွေရဲ့ တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ပြီးဖြစ်တည်နေမှုတွေ၊ မျိုးစိတ်တွေနဲ့ဂေဟစနစ်တွေအချင်းချင်းကြားနဲ့ ငါတို့တွေအကုန်လုံးအပေါ်ထိုးဖောက်နေတဲ့လုပ်ရပ်တွေကိုလျစ်လျှုရှုထားလို့မရတော့ဘူး။ ဒါတွေကိုလျစ်လျှုရှုထားရင် ငါတို့ပေးရမဲ့စရိတ်က ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဒါမှမဟုတ် နောက်တစ်ချိန် တိရိစ္ဆာန်တွေကနေတဆင့်ပေါက်ဖွားကူးဆက်လာမဲ့ကပ်ရောဂါဘေးလိုမျိုးတွေကြောင့် ငါတို့တွေအားလုံးမျိုးတုံးကြရမှာပဲ။ ငါတို့တွေအကုန်လုံး (လူတွေသာမက အကောင်ပလောင်တွေ၊ အပင်တွေနဲ့ ဗိုင်းရပ်စ်တွေလိုမျိုး သက်မဲ့အရာတွေအကုန်လုံး)ဟာ အချင်းချင်းချိတ်ဆက်မှီခိုနေကြတာမို့လို့ ငါတို့တွေပဲကွက်ပြီး ကျန်းမာအောင်နေလို့မရဘူးဆိုတဲ့အချက်ကို Covid-19 ကပ်ရောဂါကြီးကနေ ငါတို့ကိုကောင်းကောင်းကြီးသတိပေးလိုက်တယ်။

 

ဒုတိယအချက်ကတော့ မိန်းမတွေရဲ့ခန္ဓာကိုယ်ကိုဖြစ်စဥ်တွေ၊ အလွှာအသီးသီးကနေ ဖြစ်ပျက်နေတဲ့ပြောင်းလဲမှုဖြစ်စဥ်တွေလို့သီအိုရီထုတ်စဥ်းစားကြည့်တဲ့အခါ “မိန်းမ”ဆိုတာကို အနှစ်သာရပြုခြင်း (essentialism) (သို့) ရိုးရာဓလေ့အခြေပြုခြင်း (culturalism) တွေကနေပဲကွက်စဥ်းစားစရာမလိုတော့ဘူး။ ဒီလို နှစ်မျိုးပဲရှိတယ်လို့ယူဆတဲ့ဖြစ်တည်မှုဒဿနတွေလိုမျိုး လိင် (သဘာဝ)နဲ့ ဂျန်ဒါ (ရိုးရာ)ကြားက ဆန့်ကျင့်ဘက်တွေကိုနေရာပေးစဥ်းစားနေစရာမလိုတော့ဘူး။ ဒီနှစ်ခုကြားက ဆန့်ကျင့်ဘက်တွေက အနောက်ကဖီမီနင့်ငြင်းခုံမှုတွေထဲမှာ နေရာယူလာတာကြာပါပြီ။ ဒီလိုငြင်းခုံနေကြရတာဘာလို့လဲဆိုတော့ စိတ်နဲ့ခန္ဓာနှစ်မျိုးလုံးကိုထည့်သွင်းစဥ်းစားဖို့နေရာမ‌ပေးကြလို့ပဲ။ “သဘာဝ” (nature) ဆိုတာကို ဘယ်တော့မှပြောင်းလဲမှုမရှိတဲ့ အရွေ့အလျားမဲ့နေတဲ့အရာတစ်ခုလို့ယူဆပြီး အမြဲတစေပြောင်းလဲနေနိုင်တဲ့ “အပြုအစု” (nurture) ရဲ့ဆန့်ကျင့်ဘက်လို့မှတ်ယူနေကြလို့ပဲ။[ix]

 

တတိယအချက်အနေနဲ့ တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ခြင်းဒဿနကိုလိုက်စားခြင်းကြောင့် ဟက်ထရို (hetero)နဲ့ ဆစ်စံပြုမှုဘောင်တွေအပြင်ကနေ မိန်းမဆိုတဲ့သဘောတရားကိုစဥ်းစားကြည့်လို့ရလာမယ်။ ပြီးတော့ မိန်းမဆိုတဲ့စကားလုံးကို မိန်းမအမျိုးအစားအားလုံးအတွက် အသုံးပြုလို့ရလာမယ်။ မိန်းမဆန်တဲ့မိန်းမ၊ ယောင်္ကျားဆန်တဲ့မိန်းမ၊ AFAB မိန်းမ၊ AMAB မိန်းမ၊ မိန်းမအချင်းချင်းကြိုက်နှစ်သက်တဲ့မိန်းမ၊ မိန်းမ/ယောင်္ကျားနှစ်မျိုးလုံးအပေါ် လိင်စိတ်တိမ်းညွှတ်မှုရှိတဲ့မိန်းမ၊ ထရန်စ်မိန်းမ၊ ဆစ်မိန်းမ၊ လိင်စိတ်မရှိတဲ့မိန်းမ၊ ကွီယားမိန်းမအစရှိသဖြင့် အမျိုးစုံပေါ့။ ရှင်းရှင်းပြောရရင် “မိန်းမ”ဆိုတာ မိမိကိုယ်ကို မိန်းမလို့မှတ်ယူတဲ့သူတွေနဲ့ “မိန်းမဖြစ်တည်မှု/မိန်းမဘဝ”ဆိုတာကို အမျိုးမျိုးပြောင်းလဲပြီး အဓိပ္ပါယ်ဖော်နေတဲ့မိန်းမတွေအားလုံးရဲ့ခန္ဓာကိုယ်တွေပဲ။

 

ဒီအချက်ကိုနိဂုံးချုပ်ရမယ်ဆိုရင် တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ခြင်းဒဿနဟာ ငါတို့ကို “မိန်းမဆိုတာဘယ်သူလဲ?” ဆိုတဲ့မေးခွန်းရဲ့အဖြေကို ဘက်ပေါင်းစုံကနေအဖြေရှာပေးစေလိမ့်မယ်။ တစ်ချိန်တည်းမှာလည်း ဖီမီနင့်အသွင်အပြင်တစ်ခုရှိနေတဲ့မင်းမဲ့သဘောတရားကိုလည်းကာကွယ်‌‌ပေးလိမ့်မယ်။ မိန်းမဆိုတာကို ဖြစ်စဥ်တွေလို့စဥ်းစားကြည့်တဲ့အခါ လူတစ်ဦးတစ်ယောက် (သို့) အစုအဝေးဆိုတဲ့ dichotomy ကနေလည်းကျော်လွန်ပြီးမြင်လာစေလိမ့်မယ်။ ခန္ဓာကိုယ်တွေအားလုံးဟာ တစ်ဦးတစ်ယောက်ပေါ်ကျော်လွန်နေတဲ့ဖြစ်စဥ်တွေသာဟုတ်တယ်ဆိုရင် ငါတို့တစ်ယောက်ချင်းစီဟာသန့်ရှင်းနိုင်တယ်၊ တစ်သီးပုဂ္ဂလတည်ရှိနေနိုင်တယ်၊ ဒါမှမဟုတ် အချင်းချင်းဆန့်ကျင့်နေနိုင်တယ်ဆိုတာတွေဟာ အနည်းဆုံးတော့ အသုံးမဝင်တဲ့အတ်စတြတ်သဘောတရားတွေသာဖြစ်ပြီး အဆိုးဆုံးဆိုရင်တော့ ငါတို့ကိုလှည့်စားနေတဲ့စိတ်ကူးယဥ်မှုသာသာတွေပါပဲ။

 

အဲ့ဒါကြောင့်လည်း ဒီစာအုပ်တောက်လျှောက် “ငါတို့” ဆိုတဲ့အများနာမ်စားကိုသုံးထားခြင်းဖြစ်တယ်။ အစကတည်းကနေ သင်္ကေတပြချင်တာက ဒီစာအုပ်ထဲက စာမျက်နှာတွေက တစ်ဦးတစ်ယောက်ရဲ့စိတ်ထဲကပေါ်လာတာတွေမဟုတ်ဘူးဆိုတာပဲ။ ဒီစာအုပ်က တစ်ဦးတစ်ယောက်ကိုကျော်လွန်ပြီးနေထိုင်တဲ့ဘဝရဲ့ရလဒ်တစ်ခုပဲ။ လွန်ခဲ့သောရာစုနှစ်တစ်ဝက်လောက်က အီတာလျံကျွန်းဆွယ်ပေါ်ကမြို့သေးလေးတစ်မြို့ကနေစခဲ့ပြီး ကိုလိုနီခေတ်မတိုင်ခင်က လိပ်ကျွန်းလို့ခေါ်ဝေါ်ခဲ့ကြတဲ့ လက်ရှိအမေရိကတိုက် ရဲ့မြို့ကြီးတစ်မြို့မှာဆက်လက်ရှင်သန်နေတဲ့ဘဝရဲ့ရလဒ်တစ်ခုပဲ။ “ငါတို့” လို့သုံးရတာက ဒီစာအုပ်ထဲမှာပါတဲ့ အတွေးအခေါ်တွေရဲ့ တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်နေတဲ့ဖြစ်စဥ်ကိုသာမက ငါတို့ရဲ့မိခင်ဘာစကားဖြစ်တဲ့အီတာလျံဘာသာစကားမှာ အများနာမ်စားကိုသုံးလေ့သုံးထရှိတဲ့ဓလေ့ကိုဦးညွှတ်ချင်တာကြောင့်လည်းပါတယ်။

 

ဒီစာအုပ်တောက်လျှောက်မှာ “ကြည်လင်တဲ့လူပုဂ္ဂိုလ်ပြုနာမ်”[x] ဆိုတဲ့အသုံးအနှုန်းနေရာကနေ အဓိကထားရေးသွားတယ်။ ဒါကတော့ ဒီစာကိုရေးနေတဲ့သူဟာ ဖြစ်တည်မှုတစ်ခုခု၊ ဂျန်ဒါတစ်ခုခုပြုထားခံရသူ၊ လူမျိုးရေးအရရတစ်စုံတစ်ရာသတ်မှတ်ခံထားရသူအနေနဲ့မြင်ယောင်ပြီးရေးထားတာမဟုတ်ပါဘူး။ ဒီစာရေးနည်းကတော့ လက်ရှိမှာ (အထူးသဖြင့်အနောက်က) ဒဿနိကအရေးအသားတွေမှာအသုံးများတဲ့ရေးသားနည်းမျိုးပဲ။ ဒီစာအုပ်ထဲမှာ ငါတို့လည်း ဒီရေးသားနည်းကိုသုံးထားတယ်။ ဒါပေမဲ့တစ်ပြိုင်နက်တည်းလည်း ဒီရေးသားနည်းကို ဖြစ်တည်မှုကိုဦးစားပေးတဲ့၊ ဂျန်ဒါပြုခံထားရတဲ့၊ လူမျိုးရေးသတ်မှတ်ခံထားရတဲ့အသံတွေကိုနေရာပေးတဲ့ “ကြားဖြတ်” (intermezzos) နဲ့အနှောင့်အယှက်လည်းပြုထားတယ်။ “ကြည်လင်တဲ့လူပုဂ္ဂိုလ်ပြုနာမ်”အသံနဲ့ရေးထားတဲ့ ပထမအခန်း ၃ ခန်းကို ရေးသားနည်းတခြားနည်းတစ်မျိုးနဲ့မိတ်ဆက်ပေးတဲ့ stabat mater အပိုင်းမှာပြန်နှောင့်ယှက်ထားတယ်။ ဒီစာအုပ်ထဲက အခန်းအစီအစဥ်တွေက ပုံမှန်လုပ်လေ့လုပ်ထရှိတဲ့ပုံစံအတိုင်းဖြစ်နေပေမဲ့ ကြားဖြတ်တွေမှာ ပုံမှန်အစီအစဥ်တွေကိုကျော်လွန်ပြီး လွတ်လွတ်လပ်လပ်စာရေးသားတဲ့ပုံတွေကိုပါလိမ့်မယ်။ ဒါကတော့ တစ်နည်းအားဖြင့် ပုံစံအမျိုးမျိုးရှိနေနိုင်တဲ့ရေးသားနည်းအမျိုးမျိုးရဲ့တရားဝင်မှုတွေ (ဥရောပစံပြုထားတဲ့ ဒဿနိကရေးသားမှုပုံစံတွေကနေသွေဖယ်ကောင်းသွေဖယ်နေတဲ့စာရေးသားနည်းတွေ၊ အဲ့လိုသွေဖယ်ခံထားရလို့ တချို့ဆို ဒဿနလို့တောင်မှတ်ယူခြင်းမခံရတဲ့စာရေးသားပုံတွေ)ကိုအသိအမှတ်ပြုနိုင်စွမ်းရှိတဲ့ အန်နာခါဖီမီနင့်ဒဿနအပေါ် ငါတို့ရဲ့ယုံကြည်ချက်ကိုပြတဲ့သဘောပါ။

 

[စာမျက်နှာ ၂၂ မှ ၂၃ တစ်ဝက်ထိပါရှိသော စာအုပ်အခန်းအနှစ်ချုပ်များကို ဘာသာမပြန်ထားပါ။]

 

ဒီစာအုပ်ဟာ အရာအားလုံးကောင်းမွန်ငြိမ်းချမ်းနေတယ်၊ အခြားသောလူသားတွေ၊ သတ္တဝါတွေ၊ သက်ရှိသက်မဲ့တွေအပေါ် အထက်အောက်စနစ်တွေမသုံးဘဲ လူတိုင်းဟာ မိမိလွတ်မြောက်ရေးကို ရယူနိုင်တဲ့လူ့အဖွဲ့အစည်းတစ်ခုတည်ရှိနေတယ်ဆိုတဲ့ယူတိုးပစ် (utopic) မြင်ကွင်းတစ်ခုကနေပေါ်ပေါက်လာတာဖြစ်တယ်။ ယူတိုးပစ်တွေဟာ ယထာဘူတကျပါတယ်။ ဘာလို့လဲဆိုတော့ ငါတို့တွေ ဘယ်နေရာကို (မ)ရောက်နေ(သေးဘူး)လဲဆိုတာကိုပြတယ်။ အန်နာခါဖီမီနင့်ယူတိုးပီးယား (anachafeminist utopia) ကတော့ မိန်းမတိုင်း မိန်းမတိုင်းလွတ်မြောက်တဲ့လူ့အဖွဲ့အစည်းဆိုတာကိုရောက်ဖို့ တော်တော်လိုသေးတယ်ဆိုတာ ငါတို့ကိုပြနေတယ်။ တစ်ချိန်တည်းမှာလည်း ငါတို့တော်တော်များများက အဲ့ဒီနေရာကိုရောက်ဖို့ကြိုးစားနေကြတယ်ဆိုတာကိုလည်း ပြနေတယ်။ တချို့ကတော့ ဖြစ်တည်ချက်ဆုံမှတ်တွေအားလုံးကိုထည့်သွင်းစဥ်းစားတဲ့ဖီမီနင့်ဇင်လို့ခေါ်ကြတယ်၊ တချို့ကတော့ သဘာဝပတ်ဝန်းကျင်ကိုပါ ထည့်သွင်းစဥ်းစားတဲ့အီကိုဖီမီနင့်ဇင်လို့‌ခေါ်ကြတယ်။ တချို့ကတော့ ကွီယားတွေရဲ့ရုန်းကန်မှု (ဒါမှမဟုတ်) နယ်နိမိတ်အကန့်အသတ်မရှိတဲ့ဖီမီနင့်ဇင်လို့ခေါ်ကြတယ်။ နာမည်တွေရော နိုင်ငံရေးလုပ်ငန်းတွေရောကတော့ အမျိုးမျိုး‌‌‌ပြောင်းသွားတာပါပဲ။ ဒါပေမဲ့ ပဓာနကျလှတဲ့အချက်ကတော့ အခုထိမပြောင်းလဲသေးဘူး – ဖီမီနင့်ဇင်ဆိုတာ အခွင့်ထူးခံစားမှုရှိနေတဲ့မိန်းမအနည်းစုလွတ်မြောက်ရေးကိုဆိုလိုတာမဟုတ်ဘူး။ ဖီမီနင့်ဇင်ဆိုတာ ငါတို့အားလုံးလွတ်မြောက်တာကိုဆိုလိုတာပဲ။

 

ပြီး။

 

ပုံ – နှင်းဆီနက် (Black Rose / Rosa Negra) မှ ဂျူလီယာတန်နက်ဘော (Julia Tanenbaum) ၂၀၁၉ ခုနှစ်တွင်ရေးခဲ့တဲ့ “အန်နာခါဖီမီနင့်ဇင် – လွှမ်းမိုးမှုစနစ်အားလုံးကိုဖျက်ဆီးရန်” (Anacha-feminism: To Destroy All Forms of Domination) ဆောင်းပါးမှပုံကိုကူးယူဖော်ပြပါတယ်။ ဆောင်းပါးကို အောက်ပါလင့်ခ်တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://medium.com/@BRRN_Fed/anarcha-feminism-to-destroy-domination-in-all-forms-280e0e79b228

 

 

[i] ဆစ်‌ဗီရာဖက်ဒရစ်ချီ (Silvia Federici) ရဲ့ သုညမှတ်မှတော်လှန်ရေး – အိမ်မှုကိစ္စ၊ သားမွေးမြူရေးနှင့် ဖီမီနင့်ရုန်းကန်မှု (Revolution at Point Zero: Housework, Reproduction, and Feminist Struggle) စာအုပ်၊ နန်စီဖရေစာ (Nancy Fraser) ရဲ့ ဖီမီနင့်ဇင်၏ကံအကြောင်းတရားများ (Fortunes of Feminism) စာအုပ်၊ စင်ဇီရာအာရုဇာ (Cinzia Arruzza) ရဲ့ မရေရာမသေချာအန္တရာယ်များလှသောပေါင်းသင်းဆက်ဆံမှု – မာ့စ်ဝါဒီနှင့်ဖီမီနင့်ဇင်ကြားမှ လက်ထပ်ခြင်းနှင့်ကွာရှင်းခြင်း (Le Relazioni Pericolose: Matrimoni e Divorzi Tra Marxismo e Femminismo) စာအုပ်နှင့် ရှာဟ်ဇတ်မိုဂျပ် (Shahrzad Mojab) တည်းဖြတ်‌သော မာ့စ်ဝါဒီနှင့်ဖီမီနင့်ဇင် (Marxism and Feminism) စာအုပ်တို့ကိုကြည့်ပါ။

[ii] မာရီယာမိုင်စ် (Maria Mies) ၏ မဟာဖိုဝါဒနှင့် ကမ္ဘာနှင့်ချီပြီးစုဆောင်းခြင်း – နိုင်ငံတကာလုပ်အားခွဲခြားမှုထဲကမိန်းမများ (Patriarchy and Accumulation on a World Scale: Women in the International Division of Labour) စာအုပ်ကိုကြည့်ပါ။ မိုင်စ်က “အန်နာခါဖီမီနင့်ဇင်”ဆိုတဲ့စကားလုံးကိုမသုံးထားပေမဲ့ ဖီမီနင့်ဇင်ကို “(ယောင်္ကျား)အီလစ်တွေနေရာမှာ (မိန်းမ)အီလစ်တွေအစားထိုးတင်သွင်းဖို့မဟုတ်ဘဲ အထက်အောက်စနစ်မရှိ၊ ဗဟိုပြုခြင်းကင်းမဲ့ပြီး သူတစ်ပါးအပေါ်ခေါင်းပုံဖြတ်ခြင်း၊ လွှမ်းမိုးခြင်းကိုလေ့ကျင့်တဲ့အီလစ်များမရှိသောလူ့အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်သော မင်းမဲ့လှုပ်ရှားမှုအရွေ့တစ်ခု” လို့အဓိပ္ပါယ်ဖွင့်ထားပါတယ်။ (စာမျက်နှာ ၃၇ ကိုကြည့်ပါ။)

[iii] မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ “ဂျန်ဒါရဲ့ကိုလိုနီသဘောတရား” ဆောင်းပါးကိုကြည့်ပါ။

[iv] ကာရိုလ်အက်ဒန်  (Carol Adams) နှင့် လော်ရီဂရုရန် (Lori Gruen) တည်းဖြတ်သော အီကိုဖီမီနင့်ဇင် – ကမ္ဘာမြေကြီးနှင့်အခြားသောသတ္တဝါများနှင့် ဖီမီနင့်ချိတ်ဆက်မှုများ (Ecofeminism: Feminist Intersections with Other Animals and the Earth) စာအုပ်ထဲက ပက်ထရီစ်ဂျုံး (pattrice jones) ရဲ့ “ညို့ငင်မှုနှင့် အီကိုခုခံမှု၏လည်ပတ်မှုများ” (“Eros and the Mechanisms of Eco-Defense”) ဆောင်းပါးကိုကြည့်ပါ။

[v] ပက်ထရီစ်ဂျုံး (pattrice jones) ရဲ့ “ညို့ငင်မှုနှင့် အီကိုခုခံမှု၏လည်ပတ်မှုများ” (“Eros and the Mechanisms of Eco-Defense”) ဆောင်းပါးကိုကြည့်ပါ။

[vi] အိုရာအွန်ကေအိုရေအူမီ (Oyèrónke Oyěwùmí)ရဲ့ မိန်းမများကိုတီထွင်ခြင်း – အနောက်ဂျန်ဒါသဘောတရားများကို အာဖရိကန်ရှုထောင့်မှချဥ်းကပ်လေ့လာခြင်း (The Invention of Women: Making an African Sense of Western Gender Discourses) စာအုပ်ကိုကြည့်ပါ။

[vii] အိုရာအွန်ကေအိုရေအူမီ (Oyèrónke Oyěwùmí)ရဲ့ မိန်းမများကိုတီထွင်ခြင်း – အနောက်ဂျန်ဒါသဘောတရားများကို အာဖရိကန်ရှုထောင့်မှချဥ်းကပ်လေ့လာခြင်း (The Invention of Women: Making an African Sense of Western Gender Discourses) စာအုပ်ကိုကြည့်ပါ။

[viii] ဒီဖော်ပြချက်ကို စတေစီအာလာမို (Stacy Alaimo) ရဲ့ ခန္ဓာရှိသောသဘာဝများ – သိပ္ပံ၊ ပတ်ဝန်းကျင်နှင့် ဒြပ်ရှိသောကိုယ်ပိုင်ဖြစ်တည်မှု (Bodily Natures: Science, Environment, and the Material Self) စာအုပ်မှငှားရမ်းထားပါတယ်။ အာလာမိုကလည်း ဒီသဘောတရားကို ဟားရိုးလ်ဖရွန် (Harold Fromm) ဆီကနေတဆင့်ငှားရမ်းထားပါတယ်။

[ix] လိင် (သဘာဝ)နဲ့ ဂျန်ဒါ (ရိုးရာ)ဆိုတဲ့ dichotomy ကိုငြင်းဆိုခြင်းဟာ ဒီသဘောတရားနှစ်ခုလုံးကိုပြောင်းလဲပြီး အခြားသောနေရာတစ်ခုမှာသုံးလို့မရဘူးလို့ဆိုလိုချင်တာတော့မဟုတ်ပါဘူး။ ဥပမာ – LGBTIQ+ ရပ်ဝန်းတချို့မှာ ဒီသတ်မှတ်ချက်တွေက လိင်စိတ်တိမ်းညွှတ်မှု (သို့) မိမိရဲ့လိင်စိတ်ဆန္ဒသဘောတရားတွေ (လက်စဘီယန်၊ ဂေး၊ ကွီယားအစရှိသဖြင့်)နဲ့ ပုံမှန်လို့မသတ်မှတ်ထားတဲ့ဂျန်ဒါခန္ဓာကိုယ်တွေ (ထရန်စ်မိန်းမ၊ ထရန်စ်ယောင်္ကျား)ကြားကမတူညီမှုတွေကိုညွှန်းဆိုဖို့အတွက် အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုခွဲခြားသတ်မှတ်ချက်တွေဟာလည်း လိင် (သဘာဝ)နဲ့ ဂျန်ဒါ (ရိုးရာ)ဆိုတဲ့ dichotomy တွေအပေါ် မေးခွန်းထပ်ထုတ်စရာတွေပေါ်လာစေတယ်။

[x] မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ “သန့်ရှင်းမှု၊ ညစ်ပတ်မှုနှင့် ခွဲခြားသတ်မှတ်ခြင်း” (“Purity, Impurity, and Separation”) စာတမ်းကိုကြည့်ပါ။

 

သကာရည်နှင့်သရပီ

“သူရေးတာတွေက နည်းနည်း negative ဖြစ်တယ်လို့ခံစားရတယ်”

ဒါက လွန်ခဲ့သောတစ်နှစ်လောက်က ကျွန်မရဲ့စာတွေနဲ့ပတ်သက်ပြီးဝေဖန်တုံ့ပြန်ထားတဲ့ကော့မန့်တစ်ခုပါ အဲ့ဒီကော့မန့်ကိုဖတ်ပြီး ကျွန်မအနေနဲ့ စာရေးခြင်းအမှု (အထူးသဖြင့် စနစ်တကျဖြစ်ပျက်နေတဲ့ခွဲခြားဆက်ဆံမှုတွေ၊ စနစ်တွေအကြောင်းရေးကြတဲ့အခါ) တွေမှာ စာရေးသူတွေ၊ content creator တွေ၊ အင်ဖလူရန်ဆာတွေ၊ မိမိကိုယ်ကို ဆရာကြီးတွေ ဆရာမကြီးတွေလိုခံယူထားသူတွေအနေနဲ့ စာဖတ်သူအပေါ်ဘယ်လိုစိတ်ခံစားချက်တွေရရှိအောင်ရည်ရွယ်ပြီးရေးကြသလဲဆိုတဲ့အကြောင်းကို မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုထွန်းကားလာတဲ့ သရပီ (therapy) culture နဲ့ ဒီနေ့ချိတ်ဆက်ပြီး စဉ်းစားချင်တယ်

ကျွန်မစာ‌တွေနဲ့ပတ်သက်ပြီး အပေါ်က ကော့မန့်ကိုပေးခဲ့တဲ့သူရဲ့စိတ်ခံစားချက်ကို ကျွန်မအထူးနားလည်ပါတယ် ကျွန်မဆောင်းပါးတော်တော်များများကလည်း ဝေဖန်ဆင်‌ခြင်ရေးရှုထောင့်ကရေးလေ့ရှိတာမို့ ကျွန်မစာတွေကဖတ်လိုက်ရင် ဝေဖန်လေကန်နေတာပဲလို့ စာဖတ်သူတွေအနေနဲ့ ခံစားရကောင်းခံစားကြရမှာပါပဲ စနစ်တွေရဲ့မတရားမှုတွေကို တွေ့သိခံစားလာရပြီးတဲ့နောက် ကျွန်မအနေနဲ့ ချီးပုံကြီးကို သကာရည်လောင်းပြီး မစားရဝခမန်းသူများတွေကို ကျွေးရမှာကတော့ လက်တွန့်တဲ့အလုပ်တစ်ခုလိုဖြစ်လာတာပါပဲ အဲ့ဒါကြောင့်လည်း ကျွန်မစာတွေက စာဖတ်သူတွေကို ဘယ်လိုတိုးတက်စေရေး၊ စိတ်ခွန်အားပေးသနားရေးအစရှိတဲ့ “တက်ကျမ်း”တွေရဲ့အာဘော်တွေထက် ပတ်ဝန်းကျင်မှာ စိမ့်ဝင်နေတဲ့ စနစ်တွေရဲ့ ကျွန်မတို့တစ်ယောက်ချင်းစီအပေါ်၊ အစုအဖွဲ့အလိုက်အပေါ်သက်ရောက်နေတာကို မိမိကိုယ်ကိုဆင်ခြင်ဖို့အတွက်၊ ဆင်ခြင်ရင်းနဲ့ရေးမိတာပါပဲ မည်သူတစ်‌ဦးတစ်ယောက်ကိုမှ ကျွန်မစာတွေကို (ကိုယ်မဖတ်ချင်ဘဲ) ဖတ်ကြရမယ်လို့ အတင်းတိုက်တွန်းဖို့ ရည်ရွယ်ချက်လည်းမရှိပါဘူး (ဒါတောင်မှ လွန်ခဲ့သော ၂ နှစ်လောက်က “နူးညံ့ပျော့ပြောင်းခြင်းရဲ့ခွန်အား” ဆောင်းပါးရေးဖြစ်တော့ ကျွန်မဆိုလိုချင်တာနဲ့ ဖတ်ဖြစ်တဲ့သူတွေထင်သွားကြတာတွေ တလွဲကြီးဖြစ်နေမလားလို့ ခုထိစဉ်းစားနေမိတုန်းပဲ)

သို့ပေသိ ဒီနေရာမှာ ကျွန်မဆက်ဆင်ခြင်မိတာက ကျွန်မကပဲ လောကကြီးကို negative မျက်လုံးနဲ့ကြည့်တတ်လို့ ကျွန်မစာတွေဟာ negative ဖြစ်နေတာလား? ဒါမှမဟုတ် တဖြည်းဖြည်းဆုတ်ယုတ်နေတဲ့၊ ကျွန်မတို့လို သာမန်လူတန်းစားအဖို့ မျှော်လင့်ချက်ဆိုတာ တံလျှပ်လိုသာကျန်ရှိနေတော့‌တဲ့ခေတ်ရဲ့ သရုပ်မှန်တွေကို အများစုက (အထူးသဖြင့် အုပ်ချုပ်သူလူတန်းစား၊ အာဏာရှင်၊ သူဌေးတွေက ကျွန်မတို့ကို မသိစေချင်တာတွေ၊ မစဉ်းစားစေချင်တာတွေ၊ မေးခွန်းမထုတ်စေချင်တာတွေကို) စာလုံးနဲ့ချရေးမိလို့ ကျွန်မစာတွေက negative ဖြစ်နေတာလား? ဒီမေးခွန်းတွေကိုတော့ စိတ်ဝင်စားမိတယ်

သရပီ (မြန်မာလိုတော့ စိတ်ကုထုံးလို့ဆိုရမလားမသိပါဘူး) တွေရဲ့အရေးပါအရာရောက်မှုကို သရပီရယူဖူးတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မကိုယ်တိုင်လည်း အသိအမှတ်ပြုတယ်ဆိုတာ အရင်စကားခံချင်ပါတယ် ဥပမာ – ကျွန်မအတွက် မိသားစုမျိုးရိုးစဉ်ဆက်အလျောက်ခံစားလာရတဲ့ ထရော်မာတွေဖြစ်တဲ့ ဂျန်ဒါအရဖိနှိပ်မှုတွေ (မိသားစု‌ထဲမှာ မိန်းမတွေရဲ့ပညတ်ခံထားပြီးသားဖြစ်တဲ့အခန်းကဏ္ဍတွေအကြောင်း)၊ လိင်အခြေပြုဖိနှိပ်မှုတွေကနေတဆင့် ချိတ်ဆက်နေတဲ့အခြားသောဖိနှိပ်မှုအသွင်များကို သရပီလုပ်ရင်းကနေ စကားလုံးနဲ့ဖွင့်ဟပြောဆိုရင်း သဘောပေါက်လာရတာပဲ

ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း သရပီရဲ့အကျိုးဟာ တစ်ပိုင်းတစ်စမှာပဲ ရပ်တန့်သွားတယ်ဆိုတာ သရပီယူရင်း ၂ နှစ်လောက်ရှိတဲ့အခါမှာ ကျွန်မသဘောပေါက်လာခဲ့တယ်

အရင်ဆုံး မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာတဲ့သူတစ်ယောက်အနေနဲ့ သရပီဆိုတာ ကျွန်မအတွက် အင်မတန်စိမ်းတဲ့၊ အနောက်တိုင်းဆန်တဲ့အပြုအမူတစ်ခုလို့သာမှတ်ယူခဲ့တယ် အနောက်နိူင်ငံမှာကျောင်းတက်ဖြစ်တော့ တက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေအတွက် အနည်းဆုံး တစ်ပတ်တစ်ခါ သရပီယူလို့ရတဲ့ counselor တွေထားပေးထားတယ်ဆိုတာသိပေမဲ့ မြန်မာပီပီ ကျွန်မဂရုမမူမိခဲ့ဘူး

သရပီကို အရင်ဆုံးရောက်လာခဲ့တာကတော့ လွန်ခဲ့တဲ့ ၇ နှစ်လောက်မှာ ကျွန်မရဲ့အရင်ပါတနာရဲ့ ကျွန်မအပေါ် (ခန္ဓာကိုယ်အရ)အိမ်တွင်းအကြမ်းဖက်မှုကိုကျူးလွန်ခဲ့ရာကနေက စတယ်လို့ဆိုရမှာပဲ အရင်ပါတနာနဲ့ကျွန်မနဲ့ပေါင်းသင်းဆက်ဆံခဲ့ဝာာ စုစုပေါင်း ၆ နှစ်လောက်ကြာခဲ့ပေမဲ့ စစတွဲချင်း ၁ နှစ်ကနေစပြီး ကျွန်မအပေါ် ကိုယ်ထိလက်ရောက်အကြမ်းဖက်တာတွေရှိလာခဲ့တယ် ဒါပေမဲ့ ဗမာထုံးတမ်းအရ မိမိရဲ့ပါတနာဟာ မိမိအပေါ်နိူင်ထက်စီးနင်းကျင့်တာ (အထူးသဖြင့်ကိုယ်ထိလက်ရောက်အကြမ်းဖက်တယ်ဆိုတာ) အင်မတန်ရှက်စရာ၊ ကိုယ့်အိမ်ကအရှုပ် အများအလယ်ထုတ်မပြနဲ့လို့သင်ကြားခံခဲ့ရတဲ့သူပီပီ ဘယ်သူ့ကိုမှ ကျွန်မမပြောပြခဲ့ဘူး ဘာမှမဖြစ်သလိုပဲဟန်ဆောင်နေခဲ့တယ် အဲ့လိုနေရင်းနဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဟာ အင်မတန်ဆိုးဝါးတဲ့အတွက် မြို့ကရဲတွေဘာတွေပါ ဝင်ပါခဲ့တဲ့အထိဖြစ်ခဲ့တယ်

(ဒီနေရာမှာ အခုလက်ရှိ အဘောလစ်ရှင်းသဘောတရားတွေနဲ့ ထိန်းချုပ်ချုပ်နှောင်မှုကိုအားပေးတဲ့ဖီမီနင့်ဇင်အကြောင်းတွေကို ဖတ်ရှုလေ့လာဖြစ်လာတဲ့တောက်လျောက် ဒီလို ရဲတွေပါဝင်ပါလာခဲ့ရတဲ့ကျွန်မရဲ့အိမ်တွင်းအကြမ်းဖက်ခံခဲ့ရမှုအခြေအနေကို အခုချိန်ထိ ကျွန်မပြန်စဉ်းစားသုံးသပ်မိနေတုန်းပဲ ဒီနေရာမှာ ကျွန်မက ကျွန်မပါတနာကို တရားမစွဲခဲ့ပေမဲ့ ကျွန်မအဲ့တုန်းကနေခဲ့တဲ့ပြည်နယ်ရဲ့ဥပဒေအရ အိမ်တွင်းအကြမ်းဖက်မှုရီပို့တင်တာနဲ့တစ်ပြိုင်နက် ရဲဟာ အစွပ်စွဲခံရတဲ့သူကို ချက်ချင်းအချုပ်ထဲသွင်းတယ်ဆိုတဲ့ ထိန်းချုပ်ချုပ်နှောင်မှုလောဂျစ် (carceral logic) ဟာ အင်မတန်ကြီးစိုးတယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ် ဒီအကြောင်းကတော့ နောက်မှသေသေချာချာရေးပါဦးမယ်)

အဲ့အချိန်မှာ တက္ကသိုလ်ရဲ့မူဝါဒအရ အိမ်တွင်းအကြမ်းဖက်မှုတစ်ခုခုကို ရီပို့လုပ်တာနဲ့တစ်ပြိုင်နက် သူတို့ “victim” လို့သတ်မှတ်တဲ့သူ ကျွန်မကို သရပီမယူမနေရဆိုပြီးယူခိုင်းရာကနေ ကျွန်မနဲ့သရပီနဲ့ စတင်ရင်းနှီးကျွမ်းဝင်တယ်လို့ဆိုရမယ် ဒီလိုနဲ့ သရပစ် (therapist) နဲ့စကားတွေပြောရင်းပြောရင်း ကျွန်မတွေ့ကြုံခဲ့ရတဲ့ intimate partner violence လို့ခေါ်တဲ့ မိမိနဲ့ရင်းနှီးကျွမ်းဝင်သူပါတနာကနေကျူးလွန်တဲ့အကြမ်းဖက်မှုဟာ တကယ်တမ်းတော့ ကျွန်မရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝကနေ မိမိမသိလိုက်ဘဲ လက်ဆင့်ကမ်းရယူလာတဲ့ မျိုးရိုးစဉ်ဆက်ထရော်မာတွေနဲ့ အများကြီးချိတ်ဆက်နေတယ်ဆိုတာကို တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ် ပါတနာနဲ့ဖြစ်တဲ့ကိစ္စတွေဟာ ကျွန်မနဲ့ကျွန်မအမေကြားထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ အများကြီးဆင်တူယိုးမှားဖြစ်နေတယ်ဆိုတာတွေကို သဘောပေါက်လာခဲ့တယ်

ဒါပေမဲ့ ၂ နှစ်လောက်ကြာတဲ့အခါ ကျွန်မသရပီယူတာရပ်ပစ်လိုက်တယ် အခုလက်ရှိမှာလည်း ကျွန်မ သရပီမယူဖြစ်တော့ဘူး Talk therapy လို့ခေါ်တဲ့ စကားပြောခြင်းနဲ့ကုသတဲ့သရပီဟာ အထက်ကကျွန်မလိုမျိုး မြန်မာပြည်မှာမွေးဖွားကြီးပြင်းလာပြီး စိတ်ဒဏ်ရာဆိုတာကို အချိန်ယူစကားထဲအရေးတဝင်ထည့်မပြောဖူးခဲ့တဲ့သူတစ်ယောက်အနေနဲ့ တစ်ခုနဲ့တစ်ခုဆက်စပ်ပတ်သက်နေတဲ့ဖြစ်စဉ်တွေကို ကွင်းဆက်တွေမိအောင် ကူညီပေးတဲ့နေရာမှာ အများကြီးအထောက်အကူပြုပေမဲ့ အဲ့လိုကွင်းဆက်တွေလည်းမိပြီးရော ရှေ့ဆက်ဖို့အတွက် ဘာဆက်လုပ်မှာလဲ၊ မျိုးရိုးစဉ်ဆက်အရချိတ်ဆက်နေတဲ့ ဂျန်ဒါဖြစ်စဉ်တွေ၊ တစ်ကိုယ်ရည်တစ်ကာယထက်‌ကျော်လွန်ပြီး ကမ္ဘာတစ်ဝန်းမှာဖြစ်နေတဲ့ မိသားစုထရော်မာတွေဆိုတာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေတွေကို ခုခေတ်မော်ဒန်သရပီတွေက အဖြေမထုတ်ပေးဘူး၊ ထုတ်ပေးဖို့လည်းစိတ်မဝင်စားဘူးဆိုတာ ကျွန်မသဘောပေါက်လာမိတယ် သရပစ်ရဲ့အကူအညီမလိုဘဲ ဒီလိုစနစ်တကျဖြစ်နေတဲ့ပြဿနာတွေကို ကိုယ်ကိုယ်တိုင်စဉ်းစားလာတတ်ပြီ (သို့) အတူတကွစဉ်းစားလာကြဖို့အစုအဝေးတွေရှိလာပြီဆိုရင် ခေတ်သစ်မော်ဒန်သရပီဆိုတာ မလိုတော့ဘူးလို့ကျွန်မထင်တယ်

၂၀၀၈ ခုနှစ်က လူမှုဗေဒဂျာနယ်ထဲမှာထုတ်ပြန်ခဲ့တဲ့ ကိတ်တီရိုက် (Katie Wright) ရေးခဲ့တဲ့ သရပီဓလေ့အပေါ်သီအိုရီထုတ်ခြင်း (Theorizing Therapeutic Culture)သုတေသနဆောင်းပါးထဲမှာတော့ အနောက်နိူင်ငံတွေမှာ ၂၀ ရာစုဝန်းကျင်မှာထွန်းကားလာတဲ့သရပီဓလေ့တွေ၊ သရပစ်နဲ့စကားပြောတာတွေ အစရှိတဲ့ရိုးရာတွေကိုချိတ်ဆက်စဉ်းစားလို့ရတယ်ဆိုတာတွေ့ရတယ် တစ်ဖက်မှာ သရပီရိုးရာထွန်းကားလာခြင်းဟာ တစ်ကိုယ်ရည်တစ်ကာယ (the self) ကိုပိုမိုဦးစားပေးလာစေတယ်၊ victim culture လို့ခေါ်တဲ့ “ငါဟာ ခံရတဲ့သူပါ”ဆိုတဲ့မိမိကိုယ်ကိုမြင်တဲ့အ‌မြင်တွေ‌ပြောင်းလဲလာစေတယ်၊ ရိုးရာဓလေ့တွေကိုပြောင်းလဲလာစေတဲ့အန္တရာယ်ရှိတယ်ဆိုပြီး ၁၉၆၀ ခုနှစ်တွေကတည်းက အတွေးအခေါ်ပညာရှင်တွေက ဝေဖန်ခဲ့ကြတယ်လို့ ရိုက်ကရှင်းပြထားတယ် ရိုက်ကိုယ်တိုင်ကတော့ သရပစ်ရိုးရာကို လုံးဝဥဿုံမကောင်းဘူးလို့တော့ အာဘော်မထုတ်ထားပါဘူး စိတ်ဝင်စားရင်စာတမ်းအစအဆုံးကို အောက်ကလင့်ခ်ကနေဝင်ဖတ်ပါ

ရိုက်ရေးခဲ့သလို အတွေးအခေါ်ပညာရှင်တွေရဲ့ ဟိုးလွန်ခဲ့တဲ့ကာလတွေ၊‌ မော်ဒန်သရပီဆိုတာ စပေါ်ချိန်ကတည်းက သရပီရိုးရာအပေါ် စိတ်မတင်မကျဖြစ်နေကြသလို ကျွန်မကိုယ်တိုင်လည်း အခုလက်ရှိမြန်မာပြည်စစ်အာဏာသိမ်းပြီးနောက် အင်မတန်ထွန်းကားလာတဲ့ မြန်မာပြည်ရဲ့ သရပီရိုးရာနဲ့မတင်မကျဖြစ်လာလို့ ချိတ်ဆက်ပြီးစဉ်းစားကြည့်ချင်တယ်

စစ်အာဏာသိမ်းပြီးနောက်မှာ လူတိုင်းစိတ်ရောခန္ဓာပိုပြီး‌တော့တောင် ပင်ပန်းလာကြရတယ်ဆိုတာ ကျွန်မစာနဲ့ထည့်ရေးနေစရာတောင်မလိုပါဘူး လူအများစုက အဲ့လိုခံစားလာရတဲ့အချိန်မှာ ဘာကောင်ဆယ်လင်းတို့၊ ညာကောင်ဆယ်လင်းတို့ မှိုလိုပေါက်လာခဲ့တာ ကျွန်မသတိထားမိတယ် ဥပမာ – သာမန်လူတန်းစားကြားရေပန်းစားတာတော့ ဒေါက်တာဖြိုးသီဟတို့လို တက်ကျမ်းဆန်ဆန်စာတွေ၊ မိမိကိုယ်ကို ဘယ်လိုကောင်းအောင်နေမလဲ၊ ဘယ်လိုစိတ်ချမ်းသာအောင်နေမလဲ၊ အများနဲ့ဘယ်လိုသင့်မြတ်အောင်နေမလဲအစရှိတဲ့စာတွေ ဆိုရှယ်မီဒီယာပေါ်မှာ ရှဲလာ၊ ရေးလာကြတဲ့အင်ဖလူရန်ဆာတွေရဲ့ပို့စ်တွေဟာ တော်တော်ရေပန်းစားလာတယ်ဆိုတာကို ကျွန်မသတိထားလာမိတယ်

အထူးသဖြင့် ဖြိုးသီဟရဲ့ “ဗုဒ္ဓအလိုကျ minimalism” ဆိုတဲ့စာအုပ်နဲ့ဆောင်းပါးစီးရီးတွေဟာ ဗုဒ္ဓဘာသာဆိုတာကို နိူင်ငံတရားဝင်ဘာသာရေးတစ်ခုအနေနဲ့ကျင့်သုံးကြတဲ့သူတွေအဖို့ စစ်အာဏာရှင်ခေတ်စနစ်ရဲ့ထွက်ပေါက်တစ်ခုလိုတောင်ဖြစ်လာတယ် ဖြိုးသီဟရဲ့ minimalism စာတွေထဲက ဆိုရှယ်မီဒီယာလျှော့သုံးဖို့၊ အိမ်မှာပစ္စည်းတွေအများကြီးမထားဖို့အစရှိတဲ့အာဘော်တွေဟာ အမေရိကန်က minimalism ဆိုတာကို စတီထွင်ခဲ့တဲ့ လူဖြူယောင်္ကျား ၂ ယောက်ဖြစ်တဲ့ ဂျာရှုဝါဖီးလ်ဒ်မစ်လ်ဘန်း (Joshua Fields Millburn) နဲ့ ရိုင်ရန်နီကိုဒါမူးစ် (Ryan Nicodemus) တို့ရဲ့အာဘော်တွေကို မြန်မာမှုပြုလိုက်တာပါပဲ (ဒီနေရာမှာ အာတ်လောကက minimalism နဲ့ ဘဝနေထိုင်ရေးကျင့်ဝတ်လောကက minimalism ကတော့မတူပါဘူး အာတ်လောကက visual minimalism ကို ဘဝနေထိုင်ရေးကျင့်ဝတ်နည်းနာအနေနဲ့ အသွင်ပြောင်းမိတ်ဆက်လိုက်တယ်လို့ ကျွန်မတော့အကြမ်းဖျင်းနားလည်မိတယ်)

ဆိုတော့ minimalism ရဲ့မူရင်းပေါ်ပေါက်လာပုံရိုးရာရေခံမြေခံကိုပဲပြန်ကြည့်ရင် အရင်းရှင်စနစ်ထွန်းကားရာ အနောက်နိူင်ငံတွေမှာ အဆမတန်ကြီးမားလာတဲ့ consumer culture လို့ခေါ်တဲ့ စားသုံးသူရိုးရာကို တန်ပြန်တိုက်ခိုက်ဖို့ကြိုးစားရာကနေပေါ်ပေါက်လာတဲ့သီအိုရီသဘောတရားတစ်ခုလို့စဉ်းစားကြည့်လို့ရတယ် အရင်းရှင်စနစ်ကြီးမားလာတာနဲ့တစ်ပြိုင်နက် စားသုံးသူရိုးရာကလည်းထွန်းကားလာတယ် စိတ်ဖိစီးသလား retail therapy (ရှောပင်းထွက်ရင်း စိတ်အပန်းဖြေမယ်) လုပ်မယ်၊ skincare လေးလုပ်မယ်၊ အရင်းရှင်စနစ်ရဲ့မြန်ဆန်လာတဲ့လည်ပတ်မှုတွေကြောင့် နဂိုအကြာကြီးခံမဲ့ကစ္စည်းတွေဟာ ၁ နှစ် ၂ နှစ်လောက်ပဲခံမယ် အဲ့တော့ ထပ်ခါထပ်ခါစားသုံးရင်းနဲ့ပဲ ဘီးပေါ်ကကြွက်တစ်ကောင်လို လည်ပတ်နေကြရတယ် အစရှိတဲ့ အနာကြီးရှိနေတာကို ဆေးမထည့်ဘဲ နောက်ထပ်အနာတစ်ခုနဲ့ပဲပြန်ဖြေတဲ့စနစ်ပေါ့

ဒါပေမဲ့ ဒီစားသုံးသူရိုးရာကိုတန်ပြန်တိုက်ခိုက်ဖို့ပေါ်လာတဲ့ minimalism ဟာလည်းနောက်ဆုံးမှာ အရင်းရှင်စနစ်ရဲ့သားကောင်ပဲပြန်ဖြစ်သွားတယ်ဆိုတာ အနောက်နိူင်ငံတွေမှာ ကျွန်မတို့တွေ့လာရပြီးသားဖြစ်တယ် (အောက်မှာ The New Yorker ကဆောင်းပါးတစ်ပုဒ်ထည့်ပေးထားပါတယ်) minimalism ကိုစပြီး ဘရန်းတစ်ခုလိုတည်ထောင်ခဲ့တဲ့သူတွေဟာ လူဖြူယောင်္ကျား ၂ ယောက်ပီပီ minimalism ဆိုတာကို ဘဝနေထိုင်ရေးကျင့်ဝတ်နည်းနာဆိုတာထက် အရင်းရှင်စနစ်ထဲက ဘရန်းတစ်ခုလိုပဲပြန်လည်တီထွင်ပြီး ၎င်းတို့ကိုယ်တိုင် အဲ့ဘရန်းကနေတဆင့် ပိုက်ဆံပြန်ရှာတဲ့ (ပြီးတော့အင်မတန်ချမ်းသာသွားတဲ့) အရင်းရှင်ကြီးတွေပဲပြန်ဖြစ်သွားကြတယ် (သူတို့ရဲ့ ပိုက်ဆံတွေကို ဘာလို့ မရှိတဲ့သူတွေဆီဝေမျှပေးပြီး minimalist မလုပ်ကြလဲစဉ်းစားစရာပါပဲ)

ဖြိုးသီဟရဲ့ “ဗုဒ္ဓအလိုကျ minimalism” မှာတော့ ဒီလူဖြူယောင်္ကျား ၂ ယောက်ရဲ့အာဘော်တွေကိုသေချာပေါ်ပေါ်ထင်ထင်မကိုးကားထားပေမဲ့ ဒီလိုအနောက်နိူင်ငံက အရင်းရှင်စနစ်ဝါးမြိုခံထားရပြီးသားဖြစ်တဲ့၊ အပေါ်ယံကြည့်ရင် ဟုတ်သယောင်ယောင်ဖြစ်နေတဲ့ဝါဒတစ်ခုကို မြန်မာလူထုရဲ့ခံတွင်းနဲ့တွေ့အောင် ပြုပြင်ပြင်ဆင်ပြီး သူ့ရဲ့ဘရန်းကို သူလည်းတည်ဆောက်တယ်လို့ ကျွန်မတော့သုံးသပ်ရတယ် အဲ့စာအုပ်နဲ့အတူ အခကြေးငွေကောက်ပြီးသင်တန်းတွေတောင်ဖွင့်လိုက်ပါသေးတယ် ထားပါတော့ ဒီဆောင်းပါးက သူ့ကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုတာထက် အနောက်နိူင်ငံမှာတော့ အရင်းရှင်စနစ်၊ မြန်မာပြည်မှာတော့ စစ်အာဏာရှင်စနစ်တွေရဲ့ပြဿနာတွေကို ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ သွယ်ဝိုက်သောနည်းနဲ့ ဒဏ်ရာကို ဆေးမထည့်ဘဲပတ်တီးစီးဖို့ကြံစည်ကြတဲ့အလုပ်တွေဆိုတာကို စနစ်တကျထောက်ပြရတာပါပဲ

တကယ်တမ်း အိမ်တိုင်းအိမ်တိုင်းမှာပစ္စည်းပစ္စယတွေပုံနေတတ်တယ်၊ ပလတ်စတစ်အိတ်တွေဆိုရင် သုံးပြီးပြန်သိမ်းထားတတ်တယ်၊ ဘူးအခွံတွေဆို ပြန်သုံးတတ်တယ်/ပြန်သုံးဖို့သိမ်းထားတတ်တယ်ဆိုတဲ့ (မြန်မာမှမဟုတ်) အရှေ့တောင်အာရှနဲ့ ကမ္ဘာ့တောင်ပိုင်းကရိုးရာတွေဟာ minimalism ရဲ့မျက်လုံးနဲ့ကြည့်ရင်တော့ အင်မတန်ရှုပ်ပွနေတဲ့အိမ်ကြီးလို့ထင်ရပေမဲ့ တစ်ကမ္ဘာလုံးမှာ အခု အဖြူတွေပဲဦးဆောင်လာတဲ့ Reuse, repurpose, recycle ဆိုတဲ့သဘာဝပတ်ဝန်းကျင်အရွေ့တွေရဲ့ credit အပေးခြင်းမခံရတဲ့ကနဦးအလေ့အထတွေပဲဖြစ်မနေဘူးလား?

အော်ဂန်းနစ်အစားအသောက်ကို ပိုက်ဆံရှိတဲ့သူတွေသာစားနိူင်သလို Minimalism လုပ်နိူင်တဲ့သူတွေက ဘာလို့ သူဌေးတွေဖြစ်နေကြတာလဲ?

ဘာပစ္စည်းမှမကျန်တော့ဘဲ တစ်ကိုယ်ရည်တစ်ကာယရွှေ့ပြောင်းနေထိုင်နေရတဲ့ အိမ်ခြေယာမဲ့သူတွေကိုကျ ဘာလို့ minimalist တွေလို့မခေါ်တာလဲ?

Minimalism ဆိုပြီး အိမ်မှာရှိသမျှလွှင့်ပစ်ပြီး ကိုယ့်အိမ်မှာမရှိတော့တဲ့ “အမှိုက်” တွေက ကမ္ဘာ့တောင်ပိုင်းကပင်လယ်တွေ၊ မြေ‌ပြင်တွေမှာ တောင်လိုပုံနေတာကျ ဒီ minimalism တရားဟောကြတဲ့ယောင်္ကျားပုဂ္ဂိုလ်ဆရာကြီးတွေက ဘာလို့ထည့်မပြောကြတာလဲ?

ဖြိုးသီဟတို့၊ လင်းသိုက်ညွန့်တို့၊ ဖြိုးဖြိုးအောင်တို့လို တက်ကျမ်းစကားတွေ၊ “တိုးတက်ရာတိုးတက်ကြောင်း” ပြောကြဟောကြတဲ့သူတွေဟာ တကယ်တမ်းလူထုရဲ့ ဘာလို့စိတ်ပင်ပန်းနေကြရတာလဲ၊ ဘာလို့စိတ်ထွက်ပေါက်ရှာနေကြရတာလဲ၊ ဘာလို့ (သူဌေး‌တွေနည်းတူ) မတိုးတက်ကြရတာလဲဆိုတဲ့မေးခွန်းတွေရဲ့အဓိကအဖြေကို ကျွန်မတို့မျက်စိရှေ့လေးမှာတင်ဖျောက်ထားကြတယ် အဲ့လိုဖျောက်ထားပြီး ဆင်းရဲတဲ့၊ သာမန်အောက်ခြေလူတန်းစားကို မင်းလည်း အိမ်ကပလတ်စတစ်တွေရှင်းထုတ်ပလိုက်၊ ဆိုရှယ်မီဒီယာတွေလျှော့သုံးလိုက်၊ ညနေညစာမစားဘဲ ဥပုသ်စောင့်လိုက်အစရှိတဲ့အောက်ခြေနဲ့လွတ်နေတဲ့စကားကြီးတွေပြောပြီး သူတို့ကိုယ်နှိုက်‌ကတော့ ချမ်းသာကြွယ်ဝမှုဆိုတာကို အဆမတန်စုဆောင်းနေကြတယ်

တက်ကျမ်းတွေနဲ့နည်းတူ အခုမြန်မာပြည်မှာထွန်းကားလာတဲ့ သရပီရိုးရာကိုကြည့်မယ်ဆိုရင်လည်း တရားမှတ်ခြင်း၊ resilience (ခုခံအား)ပိုကောင်းလာအောင်လေ့ကျင့်ခြင်းအစရှိတဲ့စကားတွေဟာ ကျွန်မတို့တွေ ဘာကြောင့် တရားမှတ်ဖို့လိုနေတာလဲ၊ ဘာကြောင့် ခုခံအားကောင်းရမှာလဲ၊ ကျွန်မတို့ ခုခံအားကောင်းရမဲ့အစား ကျွန်မတို့အပေါ်လာတိုက်ခိုက်နေတဲ့၊ ဖိနှိပ်နေတဲ့စနစ်တွေကို ပပျောက်အောင်ကြိုးစားကြရမှာမဟုတ်ဘူးလားဆိုတဲ့မေးခွန်းတွေဆီ လူတွေမရောက်နိူင်အောင် ကြားထဲမှာ ကန့်လန့်ကန့်လန့်ခံထားသလိုဖြစ်လာကြတာကိုတွေ့ရတယ်

ဥပမာတစ်ခုအနေနဲ့ လွန်ခဲ့သောရက်ပိုင်းကလေးကတင်တွေ့လိုက်ရတဲ့ Citta Consultancy Facebook page မှာ ကြေငြာထားတဲ့ပို့စ်တစ်ခုကိုထောက်ပြချင်တယ် (ဒီနေရာမှာ မြန်မာပြည်က သရပီစင်တာတော်တော်များများကလည်း စိတ္တဆိုတဲ့ စိတ်နဲ့ပတ်သက်တဲ့နာမည်ကိုပေးကြတာတွေ့ရတယ် ‌စိတ္တသုခဆိုတဲ့နောက်ထပ်သရပီစင်တာတစ်ခုရှိပါတယ် ဦးဆောင်သူတွေမတူပါဘူး Citta Consultancy ကတည်ထောင်သူကတော့ အမေရိကန်အခြေစိုက်မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး စိတ္တသုခတည်‌ထောင်သူကတော့ မြန်မာပြည်ရန်ကုန်အခြေစိုက်ယောင်္ကျားတစ်ဦးဖြစ်ပါတယ် ဒီနေရာမှာ ကိတ်တီရိုက်စာထဲကလို့ စိတ်မချမ်းသာမှုတွေဟာ လူမှုပတ်ဝန်းကျင်နဲ့ချိတ်ဆက်နေတယ်ဆိုတာထက် တစ်ကိုယ်ရည်တစ်ကာယသဘောပေါက်တဲ့စိတ် (the self) ဆိုတာကိုသာ မော်ဒန်သရပီဟာ မသိမသာ pathologize လုပ်အဖြေရှာဖို့ရည်ရွယ်ထားကြတာကို ချိတ်ဆက်စဉ်းစားကြည့်လို့ရတယ်)

စိတ္တရဲ့ပို့စ်ဟာ career counselling လို့ခေါ်တဲ့အသက်မွေးဝမ်းကျောင်းပြုခြင်းကို အဓိကထားပြီး သရပီပေးတဲ့သဘောပေါ့လေ ဒါကတော့ မြန်မာပြည်အပြင် အခြားနိူင်ငံတွေမှာလည်း ရှိနေတဲ့မော်ဒန်သရပီတစ်ခုပါပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်၊ မိမိရဲ့ career ဆိုတာဘာမှန်းမသိဝိုးတိုးဝါးတားဖြစ်နေတဲ့အချိန်မှာ သရပစ်တွေနဲ့စကားပြောပြီး တိုင်ပင်ဆွေးနွေးရတဲ့သဘောပေါ့ အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုလိုပါပဲ

ဒါပေမဲ့ အရင်းရှင်စနစ်အောက်မှာနေနေကြတဲ့ကျွန်မတို့အဖို့ career ဆိုတာရှိရောရှိသေးရဲ့လား?

အထူးသဖြင့် မြန်မာပြည်လို စစ်အာဏာရှင်စနစ်အောက်မှာ ကျောင်းတောင်တက်သင့်မတက်သင့် ဝိဝါဒမကွဲပြားတဲ့အချိန်မှာ ကျွန်မတို့က ဘယ် career လုပ်ကြမှာလဲဆိုတဲ့မေးခွန်းက‌ tone deaf (ခေတ်ကာလနဲ့မစပ်ဟပ်တာကြီး) ဖြစ်မနေဘူးလား?

ဒီနေရာမှာ စိတ္တတစ်ခုတည်းမှမဟုတ်ပါဘူး မော်ဒန်သရပီရဲ့ အရင်းရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို မျက်နှာလွှဲခဲပစ်လုပ်ပြီး တကယ့်အောက်ခြေအမြစ်ကို ဆွဲမကိုင်မိကြတာ၊ ဆွဲကိုင်ဖို့မကြိုးစားကြတော့တာတွေကို ထောက်ပြရတာပါပဲ သရပီယူတယ်ဆိုတာ အထက်ကရေးခဲ့သလို တကယ်နာကျင်နေတဲ့သူတွေ၊ နာကျင်နေတဲ့လူတန်းစားတစ်ရပ်ဆိုတာကို ပေါ်ပေါက်လာအောင်လုပ်ပေးလိုက်တဲ့စနစ်ကို တန်ပြန်တိုက်ခိုက်ရာကျကြောင်းကျ‌နိူင်တဲ့အခွင့်အလမ်းတွေရှိပါရက်နဲ့ အဲ့ဒီ့သရပီကိုယ်တိုင်ကိုက စနစ်ကိုဝါးမျိုမှုကို ပြန်လည်လက်ခံမွေးမြူလိုက်တာဟာ မချိတင်ကဲဖြစ်စရာပါပဲ

ဒီနေရာမှာ ကျွန်မက talk therapy ကိုပဲဦးစားပေးပြီး ဝေဖန်သွားတာပါ ဆေးနဲ့ပါတိုက်ကျွေးတဲ့သရပီမျိုးကလည်း သေသေချာချာထပ်စဉ်းစားစရာတွေပေါ်လာပါတယ် ဒုတိယကမ္ဘာစစ်တုန်းက စစ်ပန်းလာတဲ့အမေရိကန်စစ်သားတွေကို စစ်ဆက်တိုက်နိူင်‌အောင် တမင်ကျွေးတဲ့ Blue 88 ဆေးတွေလို လူ့ဘောင်ထဲမဝင်ဘူး၊ ဘေးထွက်နေတယ်ဆိုတဲ့သူတွေ၊ စိတ်ဓာတ်ကျနေတဲ့သူတွေကို anti-depressant (စိတ်မကျရေး) ဆေးတွေတိုက်ပြီး အလုပ်ဆက်လုပ်ခိုင်းတာ၊ ဒီအရင်းရှင်ကမ္ဘာကြီးထဲမှာ ဆက်လက်လည်ပတ်ခိုင်းတာဟာ တကယ်တမ်း “ကုထုံး” လို့တောင် နာမည်တပ်လို့ရသေးရဲ့လား?

(စိတ္တရဲ့ အဲ့ကြော်ငြာနောက်ဆုံးမှာ “ကိုယ့်ရဲ့ personal branding ကို Citta Consultancy နဲ့ အတူတူတည်ဆောက်လိုက်ပါ” ဆိုပြီးတော့တောင် ထည့်သွင်းရေးသားထားပါသေးတယ် သရပီယူတယ်ဆိုတာလည်း နောက်ဆုံးမှာ ကိုယ်ပိုင်ဘရန်းတည်ဆောက်ဖို့ပဲဖြစ်သွားရတာတော့ အင်မတန်နှမြောစရာကောင်းလှပါတယ် ဒီနေရာမှာ အရင်းရှင်စနစ်မှာ လူတိုင်းတစ်ယောက်ချင်းစီဟာလည်း မိမိရဲ့ လူသားဖြစ်တည်မှု (humanity) ဆိုတာထက် ကုန်ပစ္စည်းတစ်ခုလို့ အမြတ်ဘယ်လောက်ရသလဲ၊ ထုတ်လုပ်နိူင်စွမ်းဘယ်လောက်ရှိသလဲ၊ တစ်ပတ် ဘယ်နှာရီအလုပ်လုပ်နိူင်သလဲအစရှိတဲ့ ဘရန်းတွေအသွင်ပြောင်းလဲလာရတာဟာ ရင်နာစရာပါပဲ)

အနှစ်ချုပ်ပြီးပြောရရင် သရပီဟာ မကောင်းဘူးလို့ဆိုတာထက် သရပီဟာ ဖိနှိပ်မှုသိန်းသန်းကုဋေကြောင့် အဆမတန်ကြီးထွားလာတဲ့ လူမှုရေးပြဿနာတွေကို တစ်ကိုယ်ရည်တစ်ကာယပြဿနာလို့ အသွင်ကူးပြောင်းပေးလိုက်ကြတယ် အဲ့လိုကူးပြောင်းလိုက်တဲ့အခါ ကျွန်မတို့စိတ်ဖိစီးတာ၊ သောကရောက်နေတာတွေဟာ စနစ်ရဲ့မတရားမှုတွေဆိုတာထက် ငါတုံးလို့/ငါညံ့လို့ဆိုပြီးဖြစ်လာတယ် သရပီကြောင့် ကျွန်မကိုယ်တိုင် ကျွန်မမိသားစုထဲကလက်ဆင့်ကမ်းထရော်မာတွေကို သဘောပေါက်လာခဲ့ရပေမဲ့ သရပီဟာ တကယ်တမ်း ကျွန်မတို့အားလုံးအစစ်အမှန်လွတ်မြောက်ဖို့ဆို အကန့်အသတ်တွေရှိနေတယ် (တစ်ခါတစ်လေ ကျွန်မတို့ကိုဖိနှိပ်နေတဲ့စနစ်ကိုတောင်ပြန်လည်အားပေးနေသေးတယ်)ဆိုတာ ကျွန်မဆင်ခြင်မိတယ်

အခုတလော လူတိုင်းပြောကြလေ့ရှိတဲ့ အကြည်ဓာတ် အကြည်ဓာတ်ဆိုတာ ကျွန်မတို့အားလုံးခံစားချင်ကြတာပဲမဟုတ်လား? ဘယ်သူက ဘဝမှာ အမှောင်ဓာတ်ကြီးနဲ့နေချင်ပါ့မလဲ ဒါပေမဲ့ ကျွန်မတို့လိုချင်တဲ့ အကြည်ဓာတ်ဆိုတာ မှန်ပေါ်မှာသုတ်ထားတဲ့ပြဒါးရည်လို ကြည့်လိုက်ရင်ကြည်ပေမဲ့ ဟိုးဘက်တစ်ခြမ်းကို ဖောက်ထွက်လို့မရတဲ့အကြည်ဓာတ်မျိုးလား? ဒါမှမဟုတ် လုံးဝဥဿုံ စစ်မှန်တဲ့လွတ်မြောက်ရေးပန်းတိုင်ကိုပြတ်ပြတ်သားသားမြင်လာစေတဲ့ အကြည်ဓာတ်မျိုးလား? ဒါကိုတော့ အမှုန်အမွှားတွေ ကြားထဲပက်ဖြန်းပြီး ကျွန်မတို့အာရုံတွေဝေဝါးအောင် တမင်လမ်းကြောင်းလွှဲနေကြတဲ့စကားတွေ၊ စာတွေကိုကျော်ဖြတ်ပြီးတော့ ပြက်ပြက်ထင်ထင်မြင်အောင်ကြည့်ကြရမှာပဲဖြစ်တယ်

အဲ့ဒီ့တော့ ဟုတ်ပါတယ် ကျွန်မရေးတဲ့စာတွေဟာ negative တွေများတယ် အီးတုံးကို သကာရည်လောင်းပြီး ကျွန်မကိုယ်ကျွန်မမကျွေးချင်သလို ဘယ်သူ့ကိုမှလည်း မစားစေချင်ဘူး အီးတုံးကြီးဟာ ပုပ်ဟောင်နံ့စော်နေတဲ့အီးတုံးကြီးပါပဲလို့ တစ်တစ်ခွခွရေးမိသူအဖို့ သတင်းဆိုးလာပို့တဲ့စာတမန်လို သတင်းဆိုးအပေါ်ဒေါသထွက်ရမဲ့အစား စာလာပို့သူကို သတ်ချင်တယ်ဆိုလည်း ကျွန်မအသေခံရုံကလွဲလို့ တခြားဘာမှမလုပ်တတ်တော့ပါဘူးလေ

ပုံ – အိုးခွက်ဘူးဝါယာကြိုးများပလုံစီနေသော တိုက်ခန်းမီးဖိုချောင်ထဲတွင် တံမြက်စည်းလှဲနေသောမိန်းမတစ်ယောက်

ကိတ်တီရိုက် (Katie Wright) ရေးသားသော သရပီဓလေ့အပေါ်သီအိုရီထုတ်ခြင်း (Theorizing Therapeutic Culture) ဆောင်းပါး

https://www.academia.edu/2034383/Theorizing_Therapeutic_Culture_Past_Influences_Future_Directions?fbclid=IwZXh0bgNhZW0CMTAAAR0DNdspJGSSRH8b2Pn8c0KeJzwdyQI8gdoqD97GIyNKeQMcU-8wVk-OLJY_aem_AXRiLy0YyRy93JjkulDmcKBEPqdK850prXoah6zoP2REso3n8g1uUNouL0N0RjRJqI_7nV5sVOWrQOTGkyKodGa_

ဂျီရာတိုလန်တီးနို (Jia Tolentino) ရေးသော The Pitfalls and the Potential of the New Minimalism ဆောင်းပါး

https://www.newyorker.com/magazine/2020/02/03/the-pitfalls-and-the-potential-of-the-new-minimalism?fbclid=IwZXh0bgNhZW0CMTAAAR2ZsN_Mb3mR674rVIxFfJq4Tfo7AJAWlHQaDVagz6NzfCyB_yfD1x2VaxY_aem_AXTwlYln99w6mL-SH68Cpybi9d-ksp5yQmMJL01602k6NgJiB0tk8JWF3BzGyCvOTW3i-_Ax01vSnFKYP51wRbHB

ဒုတိယကမ္ဘာစစ်က စစ်ပန်းနေတဲ့အမေရိကန်စစ်သား‌တွေကို ဆေးတိုက်ပြီး ရှေ့တန်းပြန်ပို့တဲ့အကြောင်းပါရှိတဲ့ ဟူးကိုးလ် (Hugh Cole) ရေးသော The Ardennes: Battle of the Bugle စာအုပ်

https://web.archive.org/web/20081113094810/http://www.history.army.mil/books/wwii/7-8/7-8_CONT.HTM

Gay Men & Blog ရေးသော Therapists Need to Be Capitalism-Informed Just as We Are Trauma-Informed ဆောင်းပါး

https://gaymenandblog.medium.com/therapists-need-to-be-capitalism-informed-just-as-we-are-trauma-informed-d87f7db215d2

ဇီနိုဘီယားမိုရယ်လ် (Zenobia Morrill) ရေးသော Does Psychotherapy Reproduce or Disrupt Neoliberal Capitalism? ဆောင်းပါး

https://www.madinamerica.com/2018/11/psychotherapy-reproduce-disrupt-neoliberal-capitalism/?fbclid=IwZXh0bgNhZW0CMTAAAR14hJAPM2GAE-A4T-FvUZVNO9aC4Ivoo_Cbkg8Vb2fyj2sxTNRk1RB_8XE_aem_AXQi0hxcIq0wAMd_E_kKTW_sGf1ywNg3wmkzsmWcawHx5G2OXUyxEl0Hni4LHuq0Lbt5oP7eOmS1Nicy1T1IS2TR

The MIT Reader Press တွင်ထုတ်ပြန်သော A Brief History of Consumer Culture ဆောင်းပါး

https://thereader.mitpress.mit.edu/a-brief-history-of-consumer-culture/?fbclid=IwZXh0bgNhZW0CMTAAAR2yum4W6k9aDKOEKJjftbcGy938p6PpmTIQ8MFFZ3omrRMS9cPhBDLLkJA_aem_AXTnSusyUhZPn6QVJTulJHK1LotZsKWv5vmuA5TcpMLE9_oGxT4tSQklRvyMK2kYcmwmxdUOytRYEb_wFoIEsGWd


Citta Consultancy ရဲ့ career counselling အကြောင်းကြော်ငြာစာပို့စ်
https://m.facebook.com/story.php?story_fbid=833840572102859&id=100064307727273&mibextid=Nif5oz