မိတ်ဆက် – ဝေဖန်သုံးသပ်ချက်တစ်ခုအသွင် ဖီမီနင့်ဇင် အပိုင်း (၃)

၂၀၂၁ ခုနှစ်တွင် ဘလွန်းစ်ဘယ်ရီ (Bloomsbury) စာတိုက်မှထုတ်ဝေခဲ့သည့် ချီအာရာဘိုတစ်ချီ (Chiara Bottici) ‌အင်္ဂလိပ်လိုရေးသားခဲ့သော အန်နာခါဖီမီနင့်ဇင် (Anachafeminism) စာအုပ်မှ မူရင်းမိတ်ဆက်အခန်းကို မခြင်္သေ့ဘာသာပြန်သည်။ ဖတ်ရှုနိုင်ရန်နှင့် ဘာသာပြန်နိုင်ရန် ဤစာအုပ်ကိုလက်ဆောင်ပေးသော “ကိုလိုနီသဘောတရားများချွတ်ချခြင်းဆိုင်ရာဖီမီနင့်အစုအဝေး” (Decolonial Feminist Collective) မှ မိတ်ဆွေ J ကို ကျေးဇူးအထူးတင်ရှိပါသည်။

ချီအာရာဘိုတစ်ချီ (Chiara Bottici) သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်တည်ရှိသော လူမှုရေးသုတေသနဆိုင်ရာကျောင်းသစ် (The New School for Social Research)မှ ဒဿနိကဆိုင်ရာတွဲဘက်ပါမောက္ခတစ်ဦးဖြစ်ပြီး ၄င်းတက္ကသိုလ်မှ ဂျန်ဒါနှင့်လိင်သ‌ဘောတရားဆိုင်ရာလေ့လာသင်ကြားရေးအင်စတီကျု (The Gender and Sexualities Studies Institute) ၏ပူးတွဲဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။

မှတ်ချက် – မူရင်းစာအုပ်မိတ်ဆက်အခန်းကို အပိုင်းခွဲဘာသာပြန်သွားမှာဖြစ်ပြီး ဘာသာပြန်မှတ်ချက်များကို သီးသန့်ဆောင်းပါးအနေနှင့်ရေးသားသွားရန် ကြံရွယ်ထားသည်။ အောက်တွင်ပါရှိသောမှတ်စုများသည် မူရင်းစာရေးသူ၏မှတ်စုများဖြစ်ပြီး ထိုမှတ်စုများကိုပါ အတတ်နိုင်ဆုံးဘာသာပြန်ထားသည်။

အပိုင်း (၁) ဖတ်ရန်

အပိုင်း (၂) ဖတ်ရန်

 

အရေးကြီးသော ဝေါဟာရများ

အန်နာခါ (anacha) – မင်းမဲ့သဘောတရားဆိုင် (မ)။ အန်နာခီ (anarchy) ဆိုသော “မင်းမဲ့သဘောတရား” (သို့) “ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးသဘောတရား”စကားလုံးကို နာမဝိသေသနပြုရာတွင် ပုံမှန်လက်တင်နွယ်ဖွားဘာသာစကားများ၏စည်းမျဥ်းစည်းကမ်းအရ အန်နာခို (anacho) ဟူ၍ “ဖို”နာမဝိသေသနအဖြစ်သာပြောင်းလဲသုံးစွဲကြသည့်ကို ဝေဖန်သုံးသပ်သည့်အနေနှင့် မူရင်းစာရေးသူသည် အန်နာခါ (anacha) ဟူ၍ပြောင်းလဲရေးသားထားသည်။ ဗမာဘာသာစကားတွင် ထိုကဲ့သို့ “ဖို”/”မ” နာမဝိသေသနနှစ်မျိုးမကွဲသော်လည်း မူရင်းစာရေးသူ၏စာလုံးများထဲမှဖိုသဘောတရားကြီးစိုးမှုများကို ပြန်လည်ဝေဖန်ဆင်ခြင်မှုကို ထိန်းသိမ်းလိုသောအနေဖြင့် ဤဘာသာပြန်တွင် “အန်နာခါဖီမီနင့်ဇင်” နှင့် “မင်းမဲ့ဖီမီနင့်ဇင်” ဟူသော စကားလုံးနှစ်မျိုးကို သင့်လျော်သကဲ့သို့ ပြောင်းလဲအသုံးပြုထားသည်။

 

အန်နာခစ် (anarchist) (နာမ်/နာဝိ) – မင်းမဲ့သမား (သို့) မင်းမဲ့သဘောတရားဆိုင်ရာ။

 

အန်နာခီ (anarchy) – မင်းမဲ့ဖြစ်တည်မှု။

 

အန်နာခစ်ဇင် (anarchism) – မင်းမဲ့သဘောတရား။

 

မဟာဖိုဝါဒ (သို့) ပေထရီရာခီ (patriarchy) – “ဖို”သဘောတရားများသည် အခြားသောဂျန်ဒါသဘောတရားများထက် ပိုမိုသာလွန်ကြီးမြတ်သည်ဟုယူဆသောသဘောတရား။ ဤနေရာတွင် “ဖို”သဘောတရားဆိုသည်မှာ ဇီဝဗေဒအရ “ဖို”ဟုသတ်မှတ်ထားသော ယောင်္ကျားများတင်သာမက “ခက်ထန်ခြင်း”၊ “မာကျောခြင်း”၊ “သန်မာခြင်း” အစရှိသော လူ့အဖွဲ့အစည်းများမှသတ်မှတ်လက်ခံထား‌သော အခြားသော “ဖို”သဘောတရားများကိုပါဆိုလိုခြင်းဖြစ်သည်။

 

မိန်းမမုန်းတီးရေးဝါဒ (သို့) မီဆိုဂျနီ (misogyny) – မဟာဖိုဝါဒလွှမ်းမိုးမှုကြောင့် မိန်းမနှင့် မိန်းကလေးများဆိုလျှင် မုန်းတီးရွံရှာစက်ဆုပ်ခြင်း။ မိန်းမမုန်းတီးရေးဝါဒနှင့် မဟာဖိုဝါဒသည် အချင်းချင်းဆက်စပ်ပတ်သက်နေပြီး အချင်းချင်းအပေါ် ပြန်လည်သက်ရောက်နေသောအယူအဆအမူအကျင့်များဖြစ်သည်။

 

အင်တာဆက်ရှင်နယ်လတီ (intersectionality) – နေထိုင်ရာနေရာဒေသ၊ လူမျိုးရေး၊ ဂျန်ဒါ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်ရာဘာသာ၊ လူတန်းစား၊ လိင်စိတ်တိမ်းညွှတ်မှုဖော်ပြချက် အစရှိသောဖြစ်တည်မှုပေါင်းများစွာသည် တစ်သီးတစ်သန့်တည်းတည်ရှိနေသည်မဟုတ်ဘဲ အချင်းချင်းရောယှက်နေသည်ကိုထောက်ပြသောအယူအဆသဘောတရား။

 

မ’ပြုခြင်း – နဂိုမူရင်းတွင် ‘ဖို’သဘောသဘာဝများ၊ အယူအဆများနှင့်ပြည့်နှက်နေသည့်အယူအဆများ၊ ဖြစ်စဥ်များ၊ လုပ်ရပ်များကို ‘မ’သဘောသဘာဝအသွင်ပြောင်းလဲခြင်း။ ဥပမာ – မူရင်းတွင် ‘ဖို’သဘာဝနှင့်သာ ချိတ်ဆက်မြင်ယောင်လေ့ရှိသောဖြစ်စဥ်တစ်ခုဖြစ်သော လက်နက်ကိုင်တော်လှန်ခြင်းကို မိန်းမဟု‌သောလူများပါဝင်လာခြင်းဖြင့် ‘မ’ပြုကြသည်။

 

AFAB (Assigned Female at Birth) – မွေးကင်းစမှာ “မိန်းမ” ဟုသတ်မှတ်ခံလိုက်ရသောသူ။

 

AMAB (Assigned Male at Birth) – မွေးကင်းစမှာ “ယောင်္ကျား” ဟုသတ်မှတ်ခံလိုက်ရသောသူ။

 

ဆစ်ဂျန်ဒါ (Cisgender) – မွေးရာပါလိင် (မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတ) နှင့် မိမိလိင်စိတ်တိမ်းညွှတ်မှုထပ်တူညီနေသောသူ။ ဥပမာ – မွေးကင်းစတွင် “ယောင်္ကျားလေး” ဖြစ်သည်ဟူ၍ တရားဝင်စာရွက်စာတမ်းများတွင် လိင်သတ်မှတ်ပေးခံလိုက်ပြီး ကြီးပြင်းလာပြီနောက် ၄င်းသည်သူ့ဘဝတစ်လျှောက် ယောင်္ကျားလေးတွေသည်သာ ပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့် အံဝင်ခွင်ကျဖြစ်နေပါက ၄င်းကို ဆစ်ဂျန်ဒါ (သို့) ဆစ်ယောင်္ကျားဟုခေါ်ဝေါ်၍ရသည်။ ဆစ်မိန်းမဆိုသည်မှာလည်း မွေးကင်းစတွင် “မိန်းကလေး” ဟုသတ်မှတ်ခံလိုက်ရပြီးနောက် မိန်းကလေးများပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့်အံဝင်ခွင်ကျဖြစ်နေသူကိုဆိုလိုသည်။

 

ထရန်စ်ဂျန်ဒါ (transgender) – မိမိအပေါ်မွေးကင်းစမှ သမုတ်လိုက်သောလိင်မှ မိမိလိင်စိတ်ဖော်ပြမှု၊ တိမ်းညွှတ်မှုနှင့်ကိုက်ညီသောလိင်ကိုပြောင်းလဲထားသောသူ။ ဤပြောင်းလဲခြင်းတွင် အဆင့်ဆင့်ရှိနိူင်သည်။ ဥပမာ – အချို့ ထရန်စ်ဂျန်ဒါများသည် ပြောင်းလဲမှုဖြစ်စဥ်လုံးဝဥဿုံကိုပြောင်းလဲထားပြီး (သို့) ပြောင်းလဲချင်သူများဖြစ်သော်လည်း အခြားထရန်စ်ဂျန်ဒါများသည် ဇီဝဗေဒအရခန္ဓာကိုယ်တစ်ခုလုံးကို မပြုပြင်ဘဲ အစိတ်အပိုင်းအနည်းငယ်မျှကိုသာပြောင်းလဲထားသူများဖြစ်ကောင်းဖြစ်နိူင်သည်။

 

မိန်းမမျိုးတုံးသတ်ဖြတ်မှု (femicide) – မိန်းမများကို ယောင်္ကျားများမှ မိန်းမမုန်းတီးရေဝါဒ (မီဆိုဂျနီ)ကြောင့် မိန်းမဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်း။ ဥပမာ – အိမ်တွင်းအကြမ်းဖက်ခြင်းမှတဆင့် မိမိချစ်သူ၊ လင်ယောင်္ကျားမှသတ်ဖြတ်ခြင်းကိုခံရခြင်း၊ အရှေ့အလယ်ပိုင်းရိုးရာဓလေ့အချို့တွင်ပြုကျင့်လေ့ရှိသော ဂုဏ်သိက္ခာသတ်ဖြတ်မှု (honor killing) ဟုခေါ်သော မိဘ (အထူးသဖြင့် ဖခင်)မှ မိသားစုမျက်နှာအိုးမည်းသုတ်သည်ဟုယူဆပါက ၄င်းတို့၏သမီးကို ၄င်းတို့ကိုယ်တိုင်ပြန်လည်သတ်ဖြတ်ခြင်း။ တောင်အမေရိကတိုက်မှနိုင်ငံအချို့တွင် လက်ရှိ ဂိုဏ်းအဖွဲ့များမှကျူးလွန်နေသော မိန်းမမျိုးတုံးသတ်ဖြတ်မှုများသည် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေသည်။ ယောင်္ကျားဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်းကို ယောင်္ကျားမျိုးတုံးသတ်ဖြတ်မှု (androcide) ဟုခေါ်ဝေါ်ပြီး စစ်ပွဲများတွင် စစ်တိုက်သူအချင်းချင်းပြုကျင့်လေ့ရှိကြသည်။ လိင်အခြေပြုမျိုးတုံးသတ်ဖြတ်ခြင်းကို ဂျန်ဒါမျိုးတုံးသတ်ဖြတ်ခြင်း (gendercide) ဟုခေါ်ဆိုသည်။

 

‘မ’မျိုးတုံးသတ်ဖြတ်မှု (feminicide) – ‘မ’သဘောတရားမှန်သမျှကို နိမ့်ပါးသည်ဟုမှတ်ယူပြီး သတ်ဖြတ်သုတ်သင်ခြင်း။ ဤနေရာတွင် “မိန်းမ”/”ယောင်္ကျား”ဆိုသည်ထက် ‘မ’သဘောတရားအမူအကျင့်များရှိနေသည့်မည်သူ့ကိုမဆို မျိုးတုံးသတ်ဖြတ်ခြင်းဖြစ်သည်။ ဥပမာ – မွေးရာပါ “ယောင်္ကျား”ဟုသတ်မှတ်ခံထားရသောသူများ “မိန်းမ”ဂျန်ဒါသို့ပြောင်းလဲခြင်းကို ‘မ’သဘောတရားလွန်ကဲလာသည်ဟူ၍မနှစ်မြို့၍ ထရန်စ်ဂျန်ဒါမိန်းမများကို တမင်တကာသတ်ဖြတ်ခြင်း။

 

ဆစ်ဖီမီနင့်ဇင် (cis-feminism) – မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများ၏ဖိနှိပ်ခံရမှုများကို ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

 

ထရန်စ်ဖီမီနင့်ဇင် (transfeminism) – မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများသာမက လိင်ပြောင်းလဲထားသူများ၏ဖိနှိပ်မှုများကိုပါ ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

 

အာခိ (archē) – “မူရင်း”၊ “ကနဦး”၊ “အစ” (ဂရိ)။

 

လိင်ကွဲချစ်ကြိုက်မှုအထူးပြုစံနှုန်း (heteronormativity) – ဇီဝဗေဒအရ လိင်မတူသူများအချင်းချင်းကြား ချစ်ကြိုက်ပေါင်းသင်းဆက်ဆံခြင်း (heterosexuality) ကိုသာ လူတိုင်းကျင့်သုံးသည်၊ ထိုချစ်ကြိုက်ပေါင်းသင်းမှုကသာလျှင် သဘာဝကျသည်၊ လိင်တူချစ်ကြိုက်ပေါင်းသင်းမှု/bi ချစ်ကြိုက်ပေါင်းသင်းမှုများထက် ပိုပြီးအခွင့်ထူးခံစားပိုင်ခွင့်ရှိသည်ဟု မှတ်ယူသော အယူအဆ။

 

ကြိုတင်ပုံဖော်ခြင်းနိူင်ငံရေး (Prefigurative Politics) – တက်ကြွလှုပ်ရှားသူများက ၄င်းတို့၏တက်ကြွလှုပ်ရှားမှုများထဲတွင် ၄င်းတို့ရပ်ရွာပတ်ဝန်းကျင်အတွက်ကျင့်သုံးစေချင်သောအမူအကျင့်များ၊ ပေါင်းကူးဆက်ဆံမှုများကို ကျင့်သုံးခြင်း။ မင်းမဲ့သဘောတရားများတွင် ကြိုတင်ပုံဖော်ခြင်းသည် ပါဝင်မှုကိုအားပေးသောဒီမိုကရေစီ၊ တပြေးတည်းဖြစ်တည်မှု၊ အများပါဝင်ထည့်သွင်းမှုနှင့် တိုက်ရိုက်လုပ်ရပ်များ (direct action) တို့ပါရှိသည်။ (ဂီဟာမေးဖီရန်း (Guilherme Fians) ၏ “ကြိုတင်ပုံဖော်ခြင်းနိူင်ငံ‌ရေး” ဆောင်းပါး (https://www.anthroencyclopedia.com/entry/prefigurative-politics) ကိုကြည့်ပါ။)

 

ဂျန်ဒါအခန်းကဏ္ဍ (gender role) – များသောအားဖြင့် ဇီဝဗေဒလိင်အရ ယောင်္ကျားဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်၊ မိန်းမဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်ဟူ၍သတ်မှတ်ထားခြင်း။ ဂျန်ဒါနေရာများသည် ရိုးရာဓလေ့အသိုင်းအဝိုင်းတစ်ခုချင်းစီအလျောက် အသေးစိတ်ကွာခြားချက်များရှိနေနိူင်သော်လည်း ယေဘုဘျအားဖြင့် ယောင်္ကျားဂျန်ဒါနေရာသည် အိမ်‌ထောင်ဦးစီး၊ အလုပ်လုပ်သူ၊ ပိုက်ဆံရှာသူ၊ ခွန်အားရှိသူ၊ မိန်းမဂျန်ဒါနေရာသည် သားမွေးသူ၊ အိမ်ထောင်ထိန်းသိမ်းသူ၊ သိမ်မွေ့သူ၊ အားနည်းသူ ကမ္ဘာတစ်ဝန်းမှ ရိုးရာဓလေ့များတွင်မှတ်ယူထားကြသည်။ လိင်ကွဲပေါင်းသင်းဆက်ဆံရေးများတွင်လည်း ဤလိင်ကွဲအခြေပြုဂျန်ဒါနေရာများကို ပြန်လည်မွေးမြူကျင့်သုံးခြင်းများရှိကောင်းရှိနိူင်သည်။ ဥပမာ – လက်စဘီယန်စုံတွဲတစ်တွဲတွင် တစ်ယောက်သည် ယောင်္ကျားဂျန်ဒါနေရာကိုယူပြီး ပိုက်ဆံရှာခြင်း၊ အဓိကအလုပ်လုပ်သူအနေဖြင့်ဆောင်ရွက်ခြင်း၊ ယောင်္ကျားကဲ့သို ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများနှင့် အခြားတစ်ယောက်သည် မိန်းမဂျန်ဒါနေရာကိုယူပြီး အိမ်ထောင်ထိန်းသိမ်းခြင်း၊ သားမွေးခြင်း၊ မိန်းမကဲ့သို့ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများလည်း ရှိနိူင်သည်။

 

ဝေဖန်ပိုင်းခြားရေးသီအိုရီ (critical theory) – ဝေဖန်ပိုင်းခြားရေးသီအိုရီဆိုသည်မှာ လူမှုပတ်ဝန်းကျင်နဲ့အဖွဲ့အစည်းထဲတွင်တည်ရှိနေသော အာဏာဖွဲ့စည်းတည်ဆောက်မှုစနစ်များကို ထောက်ပြဆွေးနွေးလေ့လာသောချဥ်းကပ်နည်းတစ်ခုဖြစ်ပြီး လူမှုရေးဆိုင်ရာလေ့လာသောဘာသာရပ်များ (humanities) နှင့် လူမှုရေးဆိုင်ရာဒဿနိက (social philosophy) တို့တွင်အသုံးပြုလေ့ရှိသည်။ အကြမ်းအားဖြင့် လူသားများ၏ဖိနှိပ်ခံရမှုများကို ဖြိုချဖျက်ဆီးရန်ကြံရွယ်သော ဒဿနိကချဥ်းကပ်ပုံမည်သည်ကိုမဆို ဝေဖန်ပိုင်းခြားရေးသီအိုရီဟုမှတ်ခေါ်နိူင်သည်။ ဝေဖန်ပိုင်းခြားရေးသီအိုရီဥပမာအချို့မှာ ဖီမီနင့်သီအိုရီ၊ လူမျိုးရေးဝေဖန်ပိုင်းခြားရေးသီအိုရီ (critical race theory)၊ ကွီယားသီအိုရီ (queer theory)၊ ကိုလိုနီခေတ်လွန်သီအိုရီ (post-colonial theory) အစရှိသည်တို့ဖြစ်သည်။

 

လူမျိုးရေးဆိုင်ရာစီစဥ်မှု (racial schema) – လူမျိုးစုတစ်စုချင်းစီအ‌ပေါ် အများလက်ခံထားသော သွင်ပြင်သဏ္ဍာန်လက္ခဏာများ။ ဥပမာ – ဗြိတိသျှကိုလိုနီလက်ထက်တွင် ကရင်လူမျိုးများသည် ဗမာလူမျိုးများနှင့်ယှဥ်လျှင် တောထဲတောင်ထဲတွင် ကြီးပြင်းနေထိုင်လာသူများဖြစ်သည့်အတွက် တိုက်ရေးခိုက်ရေးစွမ်းအားရှိသောသူများ (“martial race”) ဟု ကိုလိုနီနယ်ချဲ့များကမှတ်ယူခြင်း။ လူမျိုးရေးဆိုင်ရာစီစဥ်မှုအပြင် အခြားသောဖြစ်တည်မှုများအပေါ်မူတည်သော စီစဥ်မှုများလည်းရှိသည်။ ဥပမာ – ဂျန်ဒါဆိုင်ရာစီစဥ်မှု (gender schema)။ ဤနေရာတွင် စီစဥ်မှု (schema) သည် ပုံသေမှတ်ယူမှု (stereotype) နှင့်တိုက်ရိုက်အဓိပ္ပါယ်မတူညီသော်လည်း ချိတ်ဆက်နေမှုများရှိသည်။ လူမျိုးရေးဆိုင်ရာစီစဥ်မှုသည် လူမျိုးစုတစ်စု၏ ပြုမူလေ့ပြုမူထရှိသောအလေ့အကျင့်၊ အသွင်အပြင်များကိုဆိုလိုခြင်းဖြစ်ပြီး လူမျိုးရေးပုံသေမှတ်ယူမှုသည် ထိုလူမျိုးရေးဆိုင်ရာစီစဥ်မှုများ‌ထဲကအချက်များကို အကြွင်းမဲ့ပုံသေမှတ်ယူလိုက်ခြင်းမျိုးဖြစ်သည်။

 

အခြေချကိုလိုနီစနစ် (settler colonialism) – ကိုလိုနီပြုကျင့်ပုံအမျိုးမျိုးရှိသည့်ကြားက အခြေချကိုလိုနီပြုကျင့်မှုဆိုသည်မှာ ကိုလိုနီပြုကျင့်ခံရသောနယ်မြေဒေသမှ သယံဇာတများကိုယူဆောင်ရုံတင်သာမက ထိုဒေသတွင်နေထိုင်သော အင်ဒီးဂျနင့်လူမျိုးစုများကို မျိုးတုံးသတ်ဖြတ်သုတ်သင်ကာ ကိုလိုနီပြုကျင့်သူများသည် ထိုနယ်မြေဒေသများတွင် အပြီးပိုင်အခြေချနေထိုင်လိုက်ခြင်းကိုဆိုလိုသည်။ အခြားသောကိုလိုနီပြုကျင့်မှုပုံစံများသည် ကမ္ဘာတစ်ဝှမ်းတွင်မရှိတော့သောကြောင့် လက်ရှိခေတ်ကို ကိုလိုနီခေတ်လွန် (post-colonial) ဟုခေါ်ကြသော်လည်း အခြေချကိုလိုနီစနစ်မှာ လက်ရှိတွင်ဆက်လက်ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ ဥပမာ – လက်ရှိတွင် အခြေချကိုလိုနီစနစ်ကိုကျင့်သုံးပြီး ထိုနယ်မြေဒေသများတွင် နေထိုင်ရှင်သန်ခဲ့ကြသော အင်ဒီးဂျနင့်လူမျိုးစုများနှင့်၄င်းတို့၏ရိုးရာဓလေ့၊ ဘာသာစကား၊ နေထိုင်ပုံများကို အမြစ်ဖြုတ်သတ်ဖြတ်ကာ တည်ထောင်ခဲ့သော လူဖြူကြီးစိုးရာနိူင်ငံများမှာ အမေရိကန်နိူင်ငံ၊ နယူးဇီလန်နိူင်ငံ၊ သြစလေးလျနိူင်ငံနှင့် တောင်အာဖရိကနိူင်ငံတို့ဖြစ်ပြီး လူဖြူမဟုတ်သော ကိုလိုနီအခြေချစနစ်ကိုကျင့်သုံးသော အခြားနိူင်ငံများမှာ (အင်ဒီးဂျနင့်ကပ်ရှမီးဒေသတွင် အခြေချကိုလိုနီပြုကျင့်နေသော) အိန္ဒိယနိူင်ငံနှင့် ပါလက်စတိုင်းလူမျိုးများနေထိုင်ရာဒေသကို ကိုလိုနီအခြေချစနစ်အသုံးပြုတည်ထောင်ခဲ့သော အစ္စရေးနိူင်ငံတို့ဖြစ်သည်။

 

ဥရောပစံပြုခြင်းဝါဒ (Eurocentrism) – အပြုအမူ၊ အလုပ်အကိုင်၊ အတွေးအခေါ်အစရှိသည်တို့၏ မှန်ကန်ခြင်း၊ ကောင်းမွန်ခြင်းစံနှုန်းကို ဥရောပလူဖြူများ၏ အပြုအမူ၊ အလုပ်အကိုင်၊ အတွေးအခေါ်များနှင့်သာ ပေတံပြုနှိုင်းယှဥ်တိုင်းတာခြင်း။

 

ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းသဘောတရား (Cultural Relativism) – ရိုးရာဓလေ့မတူညီသောအုပ်စုများ၏ အမူအကျင့်များကို ၄င်းတို့၏သီးသန့်ဖြစ်တည်မှုများဆိုသည်ထက် အုပ်စုအချင်းချင်းကြားတိုင်းတာနှိုင်းယှဥ်ခြင်း။ ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းသဘောတရားတိုင်းသည် မကောင်းဟုဆိုသည်ထက် ထိုနှိုင်းယှဥ်ချိန်ဆမှုများအပေါ်အခြေခံပြီး လူမျိုးရေး၊ ဘာသာ‌ရေး၊ လူမှုရေးခွဲခြားဆက်ဆံမှုများပေါ်ပေါက်လာခြင်းသည် မ‌ကောင်းဖြစ်သည်။

 

ဟက်ဂျမိုနီ (Hegemony)ဂရိဘာသာစကား hēgemonia (ဟက်ဂျမိုနီရာ – တစ်စုံတစ်ရာအပေါ်ကိုလွှမ်းမိုးခြင်း) ဆိုသောစကားလုံးမှ ဆင်းသက်လာပြီး လက်ရှိတွင် လူမှုရေး၊ စီးပွားရေး၊ နိူင်ငံရေးအစရှိသောနည်းလမ်းနယ်ပယ်တစ်မျိုးမျိုးမှတဆင့် အုပ်စုတစ်စုက နောက်အုပ်စုတစ်စုစုကို လွှမ်းမိုးခြင်း။ (အချို့က “ဟက်ဂမိုနီ” ဟုအသံထွက်သည်။)

အီတာလျံလူမျိုး မာ့စ်ဝါဒီဒဿနိကပညာရှင် အန်တိုနီရိုဂရောမ်ချီ (Antonio Gramsci) ၏အဆိုတွင်တော့ အရင်းရှင်စနစ်ထွန်းကားလာသောနိူင်ငံ၊ လူ့အဖွဲ့အစည်းများတွင် လူတန်းစားတစ်ရပ်မှ အခြားသူများ၏လုပ်အားကို ဖိအားပေးထုတ်လုပ်စေသောလွှမ်းမိုးမှုကို ဟက်ဂျမိုနီဟု ချိတ်ဆက်ထားသည်။ တစ်ဆက်တည်းမှာလည်း အရင်းရှင်စနစ်ဖွံ့ဖြိုးတိုးတက်နေသောလူ့အဖွဲ့အစည်းများထဲက လက်ရှိမှာ ဖိအားပေးလွှမ်းမိုးခြင်းဆိုသည်ထက် အများသဘောတူအလိုတူအလိုပါ၊ ထိုလွှမ်းမိုးမှုများသည် စံနှုန်းပါဟူ၍လက်ခံလာအောင်လွှမ်းမိုးထားသော ဟက်ဂျမိုနီများလည်းရှိနေသည်။ ဥပမာ – လူတိုင်း မနက် ၉မှ ည ၅ နာရီထိအလုပ်လုပ်ကာ ပိုက်ဆံရှာကြရမည်၊ လူသားတိုင်းအသက်ရှင်သန်နေထိုင်ရေးသည် အလုပ်လုပ်ရန်၊ ပိုက်ဆံရှာရန်ဆိုသည်မှာ အများကအလိုတူအလိုပါလက်ခံထားသော ကမ္ဘာတစ်ဝန်းမှလည်ပတ်နေသောအရင်းရှင်စနစ်၏ ဟက်ဂျမိုနီတစ်ခုဖြစ်သည်။ ဟက်ဂျမိုနီရှိသောလူတန်းစားဆိုသည်မှာ ၄င်းတို့၏လွှမ်းမိုးမှုကို အခြားသောလူအုပ်စုများကပါ သဘာဝသဖွယ်လက်ခံထားနိူင်အောင် လွှမ်းမိုးထားနိူင်သောလူတန်းစားဖြစ်သည်။

ဂရောမ်ချီဆိုလိုသော ဟက်ဂျမိုနီအကြောင်း ဆက်လက်ဖတ်ရှုရန် – https://www.marxists.org/history/erol/ncm-7/tr-gramsci.htm

 

အင်ပိုင်ယာသဘောတရား (imperialism) – စစ်အာဏာ၊ လက်နက်အာဏာ၊ စီးပွားရေးအာဏာနှင့် ရိုးရာဓလေ့လွှမ်းမိုးမှုအာဏာတို့ကိုအသုံးပြုပြီး နိူင်ငံတစ်နိူင်ငံမှ နောက်နိူင်ငံတစ်နိူင်ငံသို့လွှမ်းမိုးချုပ်ကိုင်ခြင်း။ အင်ပိုင်ယာစနစ်သည် ကိုလိုနီခေတ်/စနစ်နှင့်တိုက်ရိုက်ချိတ်ဆက်နေပြီး ကိုလိုနီခေတ်တွင် ကိုလိုနီနယ်ချဲ့စနစ်ကိုအသုံးပြုပြီး မိမိကိုယ်ကို “အင်ပိုင်ယာ” (empire) ဟုခေါ်ဆိုကာ အခြားလူမျိုးစု၊ နိူင်ငံများကို ကျူးကျော်အုပ်ချုပ်မှုများရှိခဲ့သည်။ ဥပမာ – ၁၈ ရာစုနှင့် ၂၀ ရာစုကြားတွင် ကမ္ဘာအနှံ့ကို ကိုလိုနီနယ်ချဲ့စနစ်ကိုအသုံးချကျူးကျော်ခဲ့သော ဗြိတိသျှတို့သည် ၄င်းတို့ကျူးကျော်နယ်ချဲ့ရာနယ်မြေဒေသများ ကမ္ဘာ့အနှံ့များပြားလှသောကြောင့် ၄င်းတို့ကိုယ်၄င်းတို့ “နေမဝင်အင်ပိုင်ယာ”ဟုခေါ်ဆိုတင်စားခဲ့သည်။ လက်ရှိခေတ်တွင် နယ်ချဲ့ကိုလိုနီစနစ်မရှိတော့သော်လည်း အခြေချကိုလိုနီစနစ်ကိုအခြေခံ၍တည်ထောင်ထားသော အမေရိကန်ကဲ့သို့နိူင်ငံများနှင့် ရိုးရာဓလေ့နှင့်စီးပွားရေးကိုအသုံးပြုပြီး တစ်ကမ္ဘာလုံးကိုလွှမ်းမိုးနေသော နိူင်ငံများသည် အင်ပိုင်ယာသဘောတရားများနှင့်စနစ်ကိုကျင့်သုံးနေသော ခေတ်သစ်အင်ပိုင်ယာများဟု အင်ပိုင်ယာများကိုလေ့လာသောပညာရှင်များကမှတ်ယူကြသည်။

 

မက်စတီဇာဟေ (mestizaje) – ဥ‌ရောပလူဖြူများနယ်ချဲ့ကျူးကျော်အခြေချမှုကိုခံခဲ့ရသော လက်တင်အမေရိကတိုက်တခွင်မှ ကိုလိုနီခေတ်နောက်ပိုင်းတွင် အင်ဒဂျီးနင့်၊ လူဖြူ၊ လူမည်းအစရှိသောလူမျိုးအများများရောနှောနေကြသောသွေးနှောလူမျိုးများကိုဆိုလိုသည်။ ဥပမာ – မက်ဆီကို၊ ဘရားဇီး၊ ကူးဘား၊ ထရေနေဒတ်အစရှိသော အမေရိကတောင်ပိုင်းမှနိူင်ငံများက ၄င်းတို့နိူင်ငံကို မက်စတီဇာဟေလူမျိုးများနှင့်တည်ဆောက်ထားသော မက်စတီဇာဟေနိူင်ငံများဟုခေါ်ဝေါ်ကြသည်။  နောက်ပိုင်းတွင် သွေးနှောလူမျိုးများကိုသာမက ရိုးရာဓလေ့ထုံးတမ်း၊ ဘာသာစကားအစရှိသည်တို့ဖြင့် တစ်မျိုးထက်ပိုမိုရောစပ်ဖြစ်တည်နေမှုကို မက်စတီဇာဟေဖြစ်တည်မှုဟုမှတ်ယူကြသည်။ ယနေ့ခေတ်တွင် မက်စတီဇာဟေဖြစ်တည်မှုသည် လူသားတိုင်းတွင်တစ်နည်းမဟုတ်တစ်နည်းတည်ရှိနေနိူင်သည်။

 

အပိုင်း (၃) မူရင်းစာမျက်နှာ (၁၀) မှ (၁၆) ထိ

 

စိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းမှန်ဘီလူးနဲ့ ဒိုင်ယာလက်တစ်ရုပ်ဝါဒကို အခြေပြုလေ့လာလေ့ရှိကြတဲ့ ဝေဖန်ပိုင်းခြင်းရေးသီအိုရီပညာရှင်တွေက လွှမ်းမိုးမှုအဆောက်အအုံတွေဟာ ဖိနှိပ်အခံထားရဆုံးဆိုတဲ့သူတွေကိုယ်နှိုက်ထဲမှာပါ ပြန်လည်တည်ရှိနေရုံတင်သာမက ဖိနှိပ်ခံထားရသူတွေကနေတဆင့် ပြန်လည်မွေးမြူနေနိူင်သေးတယ်ဆိုတဲ့အရေးကြီးတဲ့အချက်ကို ထောက်ပြထားပြီးသားဖြစ်တယ်။ အဲရစ်ဖရွန် (Eric Fromm) ရဲ့အဆိုကိုပြန်ကိုးကားရရင် သမိုင်းရုပ်ဝါဒနဲ့ စိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းတွေက “သိမှုဆိုတာကို သူ့ရဲ့စင်ပလ္လင်ပေါ်ကနေတွန်းချတာမို့”[i] ဒီနေရာမှာအရေးကြီးတယ်တဲ့။ တစ်ချိန်တည်းမှာပဲ ဝေဖန်ပိုင်းခြားရေးသီအိုရီတော်တော်များများက ဥရောပစံပြုတဲ့ ဒဿနိကရှုထောင့်တွေနဲ့ ယောင်္ကျားတွေကိုသာစံပြုထားတဲ့လေ့လာမှုတွေကနေ ဆင်းသက်လာတာဖြစ်လို့ ဒီစာအုပ်ထဲမှာ ငါတို့လေ့ကျင့်မဲ့ဝေဖန်ပိုင်းခြားရေးအလုပ်ဆိုတာက “ကမ္ဘာတစ်ဝန်းကြားနေရာဒေသတွေကနေထုတ်လုပ်တဲ့ဝေဖန်ပိုင်းခြားရေးသီအိုရီ”[ii] တစ်ခုဖြစ်တယ်။ ဒီဝေဖန်ပိုင်းခြားရေးနည်းလမ်းမှာ ကမ္ဘာလုံးဆိုင်ရာ (ဂလိုဘယ်)ဆိုတာကိုမိုးကုပ်စက်ဝိုင်းတစ်ခုအနေနဲ့သာမက ကြားနေရာဒေသအသေးအမွှားတွေလို့ပါယူဆတယ်။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းက ကမ္ဘာအနှံ့လို့ဆိုခြင်းဟာ နေရာဒေသ၊ နိူင်ငံနယ်နိမိတ်တွေသာမက အဲ့ဒီနေရာဒေသတွေထဲက ဖိနှိပ်မှုအသွင်အပြင်တွေအမျိုးမျိုးအပေါ်မှာရှိနေတဲ့လွန်စွာသေးငယ်လှတဲ့ဆွဲအားတွေကိုပါ အဓိကထားဦးစားပေးလို့ပဲ။ တစ်‌လောကလုံးဆိုတဲ့အယူအဆ (universalism) နဲ့ အသေးစိတ်အနုစိတ်ဆိုတဲ့အယူအဆ (particularism) လိုမျိုး နှစ်မျိုးပဲရှိတယ်ဆိုတဲ့အတွေးအခေါ်အမူအကျင့်တွေကနေကျော်လွန်ပြီး တစ်ပြိုင်နက်တည်းမှာလည်း ဝေဖန်ပိုင်းခြားရေးသီအိုရီထုတ်သူတွေတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ဥရောပ (သို့) အနောက်ရဲ့အတွေ့အကြုံတွေ၊ အချက်အလက်တွေကိုသာ စံနှုန်းပြုလိုက်ခြင်းအန္တရာယ်ကနေ ရှောင်ရှားနိူင်ဖို့ “ကြားနေရာဒေသ” ဆိုပြီး အလင်္ကာပြုရခြင်းဖြစ်တယ်။ ဥရောပသမိုင်းတွေနဲ့ စဥ်းစားတွေးခေါ်မှုဓလေ့တွေကနေ သင်ခန်းစာတချို့ယူလို့ရတာတွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီသင်ခန်းစာတွေကို ကမ္ဘာနဲ့ချီတဲ့ အနေအထားတစ်ခုမှာပြန်အသုံးချရမယ်။ ဒါမှ ကိုလိုနီစနစ်၊ အင်ပိုင်ယာစနစ်နဲ့ “ဂျန်ဒါရဲ့ကိုလိုနီသဘောတရား”[iii] တွေရဲ့ပတ်သက်မှုတွေကို မျက်ဝါးထင်ထင်မြင်လာမှာဖြစ်တယ်။ နောက်ပြီးသတိထားရမှာက “ကမ္ဘာအနှံ့” (global) လို့ဆိုတာဟာ “တစ်လောကလုံး” (universal) လို့အဓိပ္ပါယ်မပေါက်ဘူး – “ကမ္ဘာတစ်ဝန်းကြားနေရာဒေသတွေကထုတ်လုပ်တဲ့ ဝေဖန်ပိုင်းခြားရေးသီအိုရီ” ဆိုတာက တစ်ကမ္ဘာလုံးကိုခြုံငုံကြည့်တဲ့အမြင် (အရင်းရှင်စနစ်နဲ့ကိုလိုနီစနစ်တို့လိုမျိုး တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ မညီမျှမှုတွေကို မီးမောင်းထိုးပြတဲ့အမြင်) နဲ့ ကြားနေရာဒေသတွေကိုမြင်တဲ့အမြင် (မတူညီတဲ့အကြောင်းအမျိုးမျိုးဟာ တစ်လောကလုံးမှာဖြစ်မနေတဲ့ (သို့) သွင်ပြင်လက္ခဏာတူမနေတဲ့ဖိနှိပ်မှုတွေကြားက အသေးစိတ်အချက်တွေကိုပါမြင်တဲ့အမြင်) နှစ်ခုလုံးကို ရောစပ်နိူင်တယ်ဆိုတာကို ထောက်ပြဖို့ပဲဖြစ်တယ်။ “ကမ္ဘာ့ဝေဖန်ပိုင်းခြားရေးသီအိုရီ” လို့ခေါ်ဝေါ်လိုက်တဲ့အခါ သီအိုရီဆိုတာ ရှုထောင့်အမြင်တစ်နေရာကနေသာထုတ်တယ်ဆိုတဲ့အရည်အချင်းတစ်ခု သတ်မှတ်ထားပြီးရာရောက်တယ်။ ဒါကတော့ ကမ္ဘာဆိုတာ လည်ပတ်ရေးမိုးကုပ်စက်ဝိုင်းကြီးလို့ယူဆပြီး တစ်ပြိုင်နက်တည်းမှာ တစ်လောကလုံးမှာဖြစ်နေတာတွေအတူတူပဲလို့ မသိမသာလက်ခံထားတာမျိုးကို ထောက်ပြတာပဲ။ ဂလိုဘယ်ဟာ “အလုံးစုံ” မဟုတ်ဘူး။ ကမ္ဘာတစ်ဝန်းကြားနေရာဒေသဝေဖန်ပိုင်းခြားရေးသီအိုရီက လက်ရှိဖြစ်နေတဲ့ ဖိနှိပ်မှုအပေါင်းအစုံကို တစ်ပြိုင်နက်တည်းအဖြေထုတ်ပေးမှာတော့မဟုတ်ဘူး။ ဘယ်လွတ်မြောက်ရေးသီအိုရီမဆိုကတော့ အလုံးစုံကိုခြုံငုံမိမှာတော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သီအိုရီဆိုတာ သီအိုရီထုတ်သူရဲ့ဖြစ်တည်မှုတစ်နေရာနဲ့ သူ့ဆီမှာလက်ရှိအဲ့ဒီသီအိုရီထုတ်တဲ့အချိန်နဲ့နေရာကနေတဆင့် ရရှိနေတဲ့အသိပညာအကန့်အသတ်ကနေပဲ ထုတ်လုပ်လို့ရတာမို့လို့ပဲ။

 

ဒါကြောင့် ဒီစာအုပ်ထဲက ချဥ်းကပ်ပုံကို “ဝေဖန်ပိုင်းခြားရေးဆိုင်ရာကိုလိုနီသဘောတရား” လို့ခေါ်ယူတာအမှန်ဆုံးဖြစ်မယ်။ ကိုလိုနီသဘောတရားတွေကို ချွတ်ချခြင်း၊ ကိုလိုနီခေတ်လွန်နဲ့ အခြေချကိုလိုနီသဘောတရားဆိုင်ရာလေ့လာမှုတွေကို ထည့်သွင်းမစဥ်းစားဘဲ ဒီခေတ်ကလူမှုအစီအစဥ်တွေကို ဝေဖန်တာမှန်သမျှဟာ အကျိုးသက်ရောက်မှာမဟုတ်ဘူး။[iv] ဝေဖန်ပိုင်းခြားတတ်ခြင်းမှာ သီအိုရီကိုထုတ်လုပ်လိုက်တဲ့အခြေအနေတွေကိုပါ မေးခွန်းပြန်ထုတ်တတ်ခြင်းပါတယ်။ “လူမျိုးရေးဆိုင်ရာစီစဥ်မှု” (“racial schema”) နဲ့ “ကိုလိုနီစနစ်ရဲ့စိတ်ပညာ”[v]ကို သေသေချာချာထောက်ပြထားတဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချခြင်း၊ ကိုလိုနီခေတ်လွန်နဲ့ အခြေချကိုလိုနီသဘောတရားဆိုင်ရာလေ့လာမှုတွေဟာ အင်မတန်အရေးပါလှတယ်။ သီအိုရီထုတ်ခြင်းအမှုမှာ ကိုလိုနီသဘောတရားတွေစိမ့်ဝင်နေတဲ့တွေးခေါ်မှုတွေနဲ့ မသိမသာခံစားချက်တွေရဲ့လွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာကို မထောက်ပြဘဲ ဝေဖန်ပိုင်းခြားရေးသီအိုရီတစ်ခုခုကို တင်ပြတာဟာ ရှေ့နောက်မညီတဲ့သရုပ်ဆောင်မှုတွေသာဖြစ်တယ်။ ပညာရှင်က ဝေဖန်ချက်တစ်ခုကို အဆိုတင်သွင်းတဲ့နေရာမှာ အဲ့ဒီပညာရှင်ရဲ့ကိုယ်ပိုင်သီအိုရီထုတ်မှုတွေအပေါ်မှာ မသိမသာသက်ရောက်နေတဲ့ လူမျိုးရေးဆိုင်ရာစီစဥ်မှု (ဒါကို ဘယ်သူကမှရှောင်ရှားနိူင်ပါဘူး) တွေကို စနစ်တကျမျက်ကွယ်ပြုထားတာကို ရှေ့နောက်မညီတဲ့ သရုပ်ဆောင်မှုလို့ခေါ်ရမှာပဲ။ ဒီအကြောင်းရင်းကြောင့်လည်း ကိုလိုနီစနစ်ကနေချွတ်ချခြင်းဆိုတာ တစ်ပြိုင်နက်တည်း အကုန်လုံးကိုလုပ်လို့ရမှာမဟုတ်ဘဲ အချိန်ကာလအတိုင်းအတာတစ်ခုယူပြီး လွှမ်းမိုးမှုအလွှာအသီးသီးကို စိတ်ရှည်လက်ရှည်နဲ့ပြန်အထုပ်ဖြေတတ်တဲ့ “ကိုလိုနီစနစ်ကိုချွတ်ချခြင်းစိတ်ဓါတ်”[vi]ရှိကြရမှာဖြစ်တယ်။ နောက်ပြီးတော့ ငါတို့လိုမျိုး အမေရိကားတိုက်မှာကျင်လည်နေတဲ့ ဥရောပအနွယ်သီအိုရီပညာရှင်တွေအဖို့ ကိုလိုနီစနစ်ချွတ်ချခြင်းနဲ့ ကိုလိုနီခေတ်လွန်ထောက်ပြချက်တွေမှာ အခြေချကိုလိုနီပြုကျင့်မှုကို ဝေဖန်ပိုင်းခြားကြည့်မြင်တဲ့ရှုထောင့်ကိုလည်း ထည့်သွင်းစဥ်းစားဖို့ အရမ်းလိုအပ်တယ်။ “မော်ဒန်/ကိုလိုနီဆန်ဆန် ဥရောပစံပြုအရင်းရှင်စနစ်”[vii]နဲ့ အခြေချကိုလိုနီသမိုင်းကြောင်းနဲ့ လက်ရှိအခြေအနေတွေ[viii]ကနေ ထုတ်လုပ်ပေးနေတဲ့ “ကိုလိုနီသဘောတရားအာဏာ”နဲ့ ဖွဲ့စည်းတည်ဆောက်ထားရုံသာမက အမေရိကန်နိူင်ငံမှာနေနေတဲ့သူတစ်ယောက်အနေနဲ့ ဒီအခြေအနေတွေကနေထုတ်လုပ်တဲ့ ဝေဖန်ပိုင်းခြားရေးသီအိုရီဆိုတာဟာ အဲ့ဒီအခြေအနေတွေကိုအရင်ဆုံးသုံးသပ်ရမယ်လို့ ယုံကြည်တယ်။ အမေရိကန်နိူင်ငံရဲ့အခြေချကိုလိုနီစနစ်ဟာ အသိပညာထုတ်လုပ်မှုတွေအပေါ်မှာ ဘယ်လောက်ထိသက်ရောက်မှုရှိနေသလဲ? အဲ့ဒီစနစ်က ဘယ်လိုအရာတွေကိုတော့ဖြင့် “ဝေဖန်သုံးသပ်ချက်”[ix]လို့မှတ်ယူပြီး ဘယ်လိုအရာတွေကိုတော့ မမှတ်ယူဘူးလဲ? ဝေဖန်ပိုင်းခြားရေးသီအိုရီတွေမှာ အင်ဒီးဂျနင့်ဒဿနိကတွေကို ဘာလို့စနစ်တကျဘေးဖယ်ထားတာလဲ? ဒီမေးခွန်းတွေဟာ အခြေချကိုလိုနီစနစ်ကိုပြုကျင့်နေတဲ့နေရာဒေသတွေက ဝေဖန်ပိုင်းခြားရေးပညာရှင်မည်သူမဆိုနဲ့ ကမ္ဘာဆိုတာကို ဝေဖန်ပိုင်းခြားရေးစီမံချက်တွေအတွက် မိုးကုပ်စက်ဝိုင်းတစ်ခုလို့လက်ခံတဲ့မည်သူမဆို ဆင်ခြင်သင့်တဲ့မေးခွန်းတွေလို့ထင်တယ်။ အယ်ဒွာဒိုမန်ဒီတာ (Eduardo Mendieta) ပြောခဲ့သလို ဝေဖန်ပိုင်းခြားရေးသီအိုရီကို ကိုလိုနီစနစ်ချွတ်ချရေးအတွေးအခေါ်တွေကနေ ဖယ်ထုတ်လို့မရဘူး၊ ကိုလိုနီစနစ်ချွတ်ချရေးအတွေးအခေါ်ဆိုတာ “အချို့သော အသိပညာထုတ်လုပ်သူတွေကိုသာ အသာစီးပေးပြီး တချို့သော အသိပညာထုတ်လုပ်သူတွေကို ဘေးဖယ်ထားတဲ့ သိမှုဆိုင်ရာအခွင့်ထူးခံစားမှု (epistemic privilege) ကိုစိန်ခေါ်တဲ့ သိမှုဆိုင်ရာနာမ်နှိမ်မှုကိုမနာခံခြင်း (epistemic insubordination) လေ့ကျင့်ခန်း” တစ်ခုလို့ မန်ဒီတာကဆိုခဲ့တယ်။[x]

 

ဒါကြောင့် ကမ္ဘာတစ်ဝန်းကြားနေရာဒေသဝေဖန်ပိုင်းခြားရေးသီအိုရီဟာ ရာဒီကယ်သီအိုရီတွေကိုယ်နှိုက်က ပြန်လည်မြုံထားဆဲဖြစ်တဲ့ ဥရောပစံပြုဘက်လိုက်မှုတွေကိုပါ တစ်ခါတည်းထည့်သွင်းစဥ်းစားကြရမှာဖြစ်တယ်။ အင်နာကာနာ (Ina Kerner) နဲ့အတူအခြားသူတွေ အာဘော်ထုတ်ထားခဲ့တဲ့အတိုင်း ဥရောပစံပြုမှု (သို့ အနောက်တိုင်းဝါဒ) တွေကို နည်းလမ်းတစ်ခုလိုသုံးစွဲခြင်းဟာ ဥရောပ (သို့ အနောက်တိုင်း)ရဲ့ တိုးတက်မှုသမိုင်းကြောင်းတွေကိုသာ အလိုအလျောက် အနည်းနဲ့အများ အလုံးစုံအခြေပြုရာကျပြီး သူတို့ရဲ့သမိုင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေကိုသာ တစ်ကမ္ဘာလုံးရဲ့စံ (သို့) ကမ္ဘာတစ်ဝန်းကအခြားသူတွေတိုင်း တိုင်းတာရမဲ့ပေတံလို့ သတ်မှတ်ရာရောက်တယ်။[xi] ဒီအာဘော်အရဆိုရင် ဥရောပစံပြုခြင်းဟာ တစ်ကမ္ဘာလုံးဥရောပလို့ဖြစ်သွားမယ်လို့ဆိုတာတော့မဟုတ်ဘူး – ဒါက တချို့သောကျင့်ဝတ်တွေအတွက်သာ အဓိပ္ပါယ်ရှိတဲ့အဆိုတွေကို အားလုံးအတွက်မှန်နေသလိုလို တင်သွင်းတာမျိုးပေါ့။ ဒီအာဘော်က သွယ်ဝိုက်ပြီးဆိုလိုချင်တာက လူအုပ်စုတစ်စုကိုစံပြုထားတဲ့ အများအတွက်ဆိုတဲ့ဝါဒဟာ တစ်လောကလုံးအတွက်နဲ့တစ်စုံတစ်ရာအတွက်ဆိုတာကို ဆန့်ကျင့်ဘက်ပြုထားခြင်းအပေါ်မှာ မူတည်နေတယ်ဆိုတာကို လှစ်လျှူရှုထားရာရောက်တယ်ဆိုတာပဲ။ အဲ့လိုလှစ်လျှူရှုထားခြင်းကြောင့် ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းဟာ ဥရောပစံပပြုခြင်းရဲ့ဆန့်ကျင့်ဘက်မဟုတ်၊ အခြားတစ်ဖက်သာဖြစ်တယ်ဆိုတာကို မေ့ဖျောက်ထားရာရောက်တယ်။ ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းရော ဥရောပစံပပြုခြင်းရောမှာပါ ကမ္ဘာကြီးဟာ အနှစ်သာရတစ်ခုခုပြုပုံဖော်ထားတဲ့အုပ်စုတွေရဲ့ (အမျိုးသားရေးအရသော်လည်းကောင်း၊ ပထဝီနိူင်ငံရေးအရသော်လည်းကောင်း) မတူညီမှုတွေရယ်၊ သူတို့ကိုဖွဲ့စည်းတည်ဆောက်ထားတဲ့အစုအဖွဲ့တွေထဲက (တချို့ကိုကျ တစ်လောကလုံးမှာကျင့်သုံးတယ်လို့ယူဆပြီး တချို့ကိုတော့ အဲ့ဒီအုပ်စုရဲ့တစ်သီးတစ်သန့်သွင်ပြင်လို့ယူဆထားတဲ့) အထက်အောက်စနစ်တွေရယ်နဲ့သာ တည်ဆောက်ထားတယ်လို့ မသိမသာတူညီနေစွာလက်ခံထားကြတယ်။[xii] အဲ့ဒါကြောင့်လည်း ဥရောပရဲ့ ဟက်ဂျမိုနီတည်ရှိခဲ့တာ နှစ်ပေါင်း ၅၀၀ ရှိပြီး ဥရောပရဲ့ဖိနှိပ်ခံတွေကိုယ်နှိုက်ကိုက ဥရောပစံပြုစဥ်းစားတွေးခေါ်ခြင်းတွေကို မိမိကိုယ်တွင်းပြန်လည်မွေးမြူထားကြတာမို့ ဥရောပစံပြုသီအိုရီတွေကို ဥရောပမှာ (သို့) အနောက်မှာ (သို့) ဥရောပရဲ့ဘေးအစွန်တစ်နေရာမှာ ထုတ်လုပ်လေ့ရှိတာကိုတွေ့ရတာပဲ။ ဒီလို နည်းလမ်းတစ်ခုသဖွယ်အသုံးပြုနေတဲ့ဥရောပစံပြုခြင်းကို အထုပ်ဖြေခြင်းဟာ (လူဖြူ) မိန်းမတချို့လွတ်မြောက်ရေးသာမက သူတို့ရဲ့ကြားနေရာဒေသမတူညီမှုတွေတွေကို ကျော်လွန်ပြီး ကမ္ဘာတစ်ဝန်းက ဖီမီနာ တွေအကုန်လုံးလွတ်မြောက်ရေးကိုပါ ဦးတည်ထားတဲ့ အန်နာခါဖီမီနင့်ဒဿနိကအတွက် အဓိကကျလှတယ်။

 

အန်နာခါဖီမီနင့်မှန်ဘီလူးကိုအသုံးပြုခြင်းဟာ မိန်းမတွေရဲ့လွတ်မြောက်ရေးအတွက် တစ်ကမ္ဘာလုံးကို စဥ်းစားစရာဘောင်တစ်ခုလို့သတ်မှတ်လိုက်တာဖြစ်တဲ့အပြင် နည်းလမ်းတကျဖြစ်နေတဲ့ဥရောပစံပြုခြင်းသွင်သဏ္ဍာန်မည်သည် (အမျိုးသားရေး ဒါမှမဟုတ် နေရာဒေသအခြေအနေတစ်ခုမှာ တချို့သောမိန်းမတွေကို အခွင့်ထူးခံဦးစား‌ပေးခြင်း) ကိုမဆို မေးခွန်းထုတ်တာမျိုးပဲ။ မိန်းမတွေတွေ့ကြုံနေရတဲ့ဖိနှိပ်မှုတွေကို တိုက်ဖျက်ဖို့ဆိုတာ ဖိနှိပ်မှုပုံစံမျိုးစုံကိုတိုက်ဖျက်ရမယ်လို့ဆိုလိုတာနဲ့အတူတူပဲ။ ဒါဆို နိူင်ငံတော်ဝါဒ၊ အမျိုးသားရေးဝါဒနဲ့ ဥရောပစံပြုခြင်းဝါဒတွေကိုလည်း ခြွင်းချက်ထားလို့မရဘူး။ နိူင်ငံတော် (သို့) ပထဝီနိူင်ငံရေးစည်းဘောင်တွေကို မေးခွန်းထုတ်လို့မရတဲ့အချက်တွေလို့ယူဆပြီး ခေါင်းပုံဖြတ်ခြင်းအသွားအလာတွေကိုကြည့်မယ်ဆိုရင် ငါတို့မေးခွန်းထုတ်ချင်တဲ့ ဖိနှိပ်မှုတွေပေါ်ပေါက်လာအောင်လှုံ့ဆော်ပေးနေတဲ့အရာတွေကို ခွန်အားပြန်ပေးသလိုပဲဖြစ်နေလိမ့်မယ်။ ဒီခေတ်ကာလမှာတော့ တစ်ကမ္ဘာလုံးနဲ့ခြုံငုံမကြည့်ဘူးဆိုရင် လျှော့လျှော့ပေါ့ပေါ့ပြောရရင် အင်မတန်နုံအတဲ့ ပြည်နယ်တစ်ခုတည်းကိုသာကွက်ကြည့်ခြင်းမျိုးဖြစ်ပြီး ပျစ်ပျစ်နှစ်နှစ်ပြောရရင် ကြွားလုံးကြီးကြီးနဲ့လူမျိုးစုစံပြုခြင်းမျိုးသာသာပဲဖြစ်လိမ့်မယ်။ တစ်ချိန်တည်းမှာလည်း တစ်ကမ္ဘာလုံးကိုခြုံကြည့်တဲ့အကြည့်ဟာ ကိုလိုနီသဘောတရားတွေကိုချွတ်ချလိုခြင်း၊ အင်ပိုင်ယာသဘောတရားတွေကိုချွတ်ချလိုခြင်း[xiii]သဘောထားတွေပါမှဖြစ်မယ်။ ဒီသဘောထားတွေက မတူညီမှုတွေကို ဘယ်လိုတည်ဆောက်ထားသလဲ၊ တစ်လောကလုံးဆိုတဲ့တင်သွင်းချက်တွေဟာ အပေါ်ယံဟန်‌ဆောင်ပန်ဆောင်နဲ့ “ဥရောပစံပြုခြင်းဝါဒ”အတွက်သာ  ဘယ်လိုအကျိုးပြန်ပြုနေသလဲ၊ အဲ့ဒါတွေကြောင့် “လူဖြူယောင်္ကျားတစ်ယောက်သယ်ပိုးရတဲ့ဝန်ထုပ်ဝန်ပိုး” ဆိုပြီး ခရစ်ယာန်သာသနာပြုဘုန်းတော်ကြီးနေရာမှာတင် ပိတ်မိနေသေးတဲ့သူတွေရဲ့ မိမိကိုယ်ကိုအာသာဖြေလိုမှုတွေအတွက် အကြောင်းပြချက်ကြီးဖြစ်နေသေးပါလားဆိုတာတွေကို ထည့်သွင်းစဥ်းစားကြရမယ်။

 

ကမ္ဘာ့မြောက်ပိုင်းကနေထုတ်လုပ်တဲ့ ဖီမီနင့်သီအိုရီတော်တော်များများဟာ လူဖြူမဟုတ်တဲ့ လက်လုပ်တန်းစားလူတန်းစားတွေအပေါ် ထပ်ခါဖိနှိပ်ပြီးမှ လူဖြူ၊ လူလတ်တန်းစားမိန်းမတွေရဲ့လွတ်မြောက်ရေးဆိုတာ ရရှိလာတယ်ဆိုတာကို နားမလည်သဘောမပေါက်ခဲ့ကြဘူး။ အဲ့လိုနားမလည်ခဲ့ကြလို့လည်း မော်ဒန်/ကိုလိုနီဂျန်ဒါစနစ်ရဲ့ ဘေးသားတွေမှာတည်ရှိနေကြတဲ့သူတွေရဲ့အသံတွေကို နေရာမပေးဘဲ မိန်းမတွေအတွက်လွတ်မြောက်ရေးဆိုတဲ့ မော်ဒယ်အသစ်တွေ သူတို့ဘာသာထပ်တီထွင်ခဲ့ကြတာပဲ။ အန်နာခါဖီမီနင့်တွေကတော့ အားလုံးပါဝင်စေတဲ့ရှုထောင့်ကိုလေ့ကျင့်ဖို့ နှိုးဆော်ကြတယ်။ တချို့သော မိမိကိုယ်ကို “မင်းမဲ့သမား” ပါလို့ခေါ်တဲ့သူတွေ မလုပ်ဖြစ်ခဲ့ကြပေမဲ့ “မင်းမဲ့သဘောတရား”ဆိုတာ ဖြစ်စဥ်အရ‌ရော၊ နည်းလမ်းအရပါ လူမျိုးရေးနဲ့ ကိုလိုနီဆန်ဆန်ခွဲခြမ်းစိတ်ဖြာခံထားရတဲ့ အစိုးရနယ်နိမိတ်တွေအပါအဝင် ဘယ်လိုအထက်အောက်စနစ်တွေမဆို ကင်းကွာတဲ့ ဘဝထုတ်လုပ်ခြင်းနဲ့ ပြန်လည်ထုတ်လုပ်ခြင်းတွေကို ဦးစားပေးတိုက်တွန်းကြတယ်။

 

ကြားဖြတ်ပြောရရင် လူတစ်ဦးက မိမိကိုယ်ကို လက်တင်အမေရိကန် (သို့) တရုတ်အန်နာခါဖီမီနင့်လို့ ခေါ်ဝေါ်လို့ရပေမဲ့ အဲ့ဒီလေဘယ်တွေကို လှေကားတစ်ခုလိုပြန်သုံးပြီး  အဲ့ဒီလေဘယ်တွေကနေတဆင့်သာစဥ်းစားတွေးခေါ်တတ်ခြင်းကို ဖြိုချတတ်ရမယ်လို့ ငါတို့ယုံကြည်တယ်။ အန်နာခါဖီမီနင့်ရိုးရာရဲ့ရှင်သန်မှုဟာ နိူင်ငံတော်နယ်နိမိတ်တွေ၊ နည်းလမ်းတကျဖြစ်နေတဲ့ အမျိုးသားရေးဝါဒတွေ၊ ကမ္ဘာ့မြောက်ပိုင်းက ရာဒီကယ်သီအိုရီတွေထဲမှာတောင် ဆက်လက်ရှင်သန်နေဆဲဖြစ်တဲ့ ဥရောပစံပြုဘက်လိုက်မှုတွေကိုပါ ကျော်လွန်နိူင်မနိူင်ဆိုတာအပေါ်မှာ အများကြီးမူတည်နေတယ်။ ထင်သာမြင်သာဖြစ်စေတဲ့ဥပမာကတော့ (post-structuralist ဖီမီနင့်ဇင်ဖြစ်စေ၊ ရာဒီကယ်ဖီမီနင့်ဇင်ဖြစ်စေ၊ ဒါမှမဟုတ် ဆိုရှယ်လစ်ဖီမီနင့်ဇင်ဖြစ်စေ) အနောက်ပညာရှင်ရပ်ဝန်းမှာလည်ပတ်နေတဲ့ ဖီမီနင့်ကိရိယာတချို့ဟာ နိူင်ငံအနည်းငယ်ကနေသာထွက်ပေါ်လာတဲ့သီအိုရီတွေအပေါ်မှာသာ အခြေခံထားတဲ့ဖီမီနင့်ဇင်တွေဖြစ်နေတာပဲ။ ဒီ ဥရောပစံပြုရေစီးကြောင်းကို တိုက်ဖျက်ဖို့ဆိုရင် ကမ္ဘာတစ်ဝန်းက မင်းမဲ့သမားတွေရဲ့စာတွေကို ဆွေးနွေးဝိုင်းတွေရဲ့အလယ်ကောင်ကို ခေါ်ဆောင်လာမှဖြစ်မယ်။ ဒါမှသာလျှင် ဥရောပစံပြုခြင်းကိုကျော်လွန်တဲ့၊ လူမျိုးစုစံပြုခြင်းကိုကျော်လွန်တဲ့ ဖီမီနင့်ဇင်တစ်မျိုးဆိုတာကို ကတိပြုနိူင်မယ်ဖြစ်တယ်။

 

ချန်ဒရာတိုလ်ပါဒေမိုဟန်တီ (Chandra Tolpade Mohanty) ‌ပြောခဲ့သလို ကမ္ဘာ့အရင်းရှင်စနစ်ထဲမှာကျင်လည်နေတဲ့ ဘေးဖယ်ခံထားရတဲ့အစုအဝေးတွေနဲ့ ချမ်းသာလှပါတယ်ဆိုတဲ့ နီရိုကိုလိုနီနိူင်ငံတွေက ဆင်းရဲမွဲတေနေဆဲဖြစ်တဲ့ အသားအရောင်အမျိုးမျိုးရှိနေတဲ့မိန်းမတွေရဲ့ အတွေ့အကြုံတွေ၊ စာတွေ၊ ရုန်းကန်မှုတွေကို သိသာထင်ရှားအောင်ပြဖို့ အင်မတန်အရေးကြီးတယ်။[xiv] ဖိနှိပ်ခံထားရသူတွေကိုယ်တိုင်က ဖိနှိပ်မှုတွေကိုပြန်လည်မွေးမြူတတ်ကြပေမဲ့ ဘေးအဖယ်ခံအထားရဆုံးသူတွေရဲ့အသံတွေကလည်း စနစ်တကျဖြစ်နေတဲ့အာဏာတွေကို စေ့စေ့စပ်စပ်ကြည့်ရှုမိနိူင်စေတဲ့ “သိမှုအခွင့်ထူးခံစားမှု” ကိုလည်းရရှိသင့်တယ်။[xv] အဲ့ဒီသူတွေကို “အောက်ကိုငုံ့ကြည့်လေ့လာသလို” မဟုတ်ဘဲ ကမ္ဘာ့အာဏာတည်ဆောက်မှုပုံစံတွေကို “ပြန်လှန်လေ့လာဖို့အတွက်” ရှုထောင့်အမျိုးမျိုးလိုအပ်နေတယ်။ ဘေးဖယ်ခံထားရတဲ့မိန်းမတွေရဲ့ အရင်းရှင်စနစ်တွေကိုဆန့်ကျင်တဲ့ရုန်းကန်မှု အသေးစိတ်နိူင်ငံရေးတွေကိုဦးစားပေးခြင်းဖြင့် ကမ္ဘာ့အရင်းရှင်စနစ်ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့နိူင်ငံရေးကို အောက်ခြေကနေ၊ ကြားနေရာဒေသတွေကနေပြန်တွန်းလှန်နိူင်ရာရောက်တယ်။

 

ဒီလိုတွန်းလှန်တဲ့နေရာမှာ အနောက်ပြင်ပကထုတ်လုပ်ထားတဲ့သီအိုရီတွေ၊ နည်းနာတွေကိုဖတ်ရှုလေ့လာဆည်းပူးခြင်းတွေပါတယ်ဆိုပေမဲ့ သီအိုရီစုံလင်ကွဲပြားမှုတစ်ခုတည်းအပေါ်မှာပဲ မှီခိုလို့တော့မရဘူး။ ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ “အသွင်မတူကွဲပြား”တဲ့လူတွေကိုပဲ ထမင်းစားပွဲကိုဖိတ်တာမျိုးမဟုတ်ဘူး။ ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ ထမင်းစားပွဲအစီအစဥ်တွေအကုန်လုံးကို ပြောင်းလဲပစ်ခြင်းမျိုးကိုဆိုလိုတာ။[xvi] နောက်တစ်နည်းနဲ့ထပ်ပြောရရင် ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ တည်ရှိပြီးသား သီအိုရီရှာဖွေထုတ်လုပ်မှုတွေထဲကို “ရိုးရာဓလေ့စုံစုံလင်လင်ထပ်ထည့်ခြင်း”မျိုးမဟုတ်ဘဲ “အောက်ခြေကစတဲ့ သိမှုသဘောတရား”တွေနောက်ကိုလိုက်ပြီး အသံပေါင်းစုံကို စားပွဲမှာထိုင်ဖို့ခေါ်ရုံတင်မက သူတို့တွေကိုပါ မတူညီတဲ့မီနျူးအသစ်တွေ ထုတ်လုပ်ဖို့အခွင့်အရေးပေးတာမျိုးကိုဆိုလိုတာဖြစ်တယ်။ “အောက်ခြေကစတဲ့ သိမှုသဘောတရား”ဆိုတာကို အလယ်နဲ့ဘေး၊ မြောက်နဲ့တောင်၊ ချမ်းသာတဲ့နိူင်ငံတွေနဲ့မချမ်းသာတဲ့နိူင်ငံတွေကြားက အထက်အောက်စနစ်တွေထဲက မတူညီမှုတွေကိုပါ တောင်ပိုင်းကသိမှုတွေဟာလည်း ထပ်မံပံ့ပိုးပေးနေနိူင်သေးတယ်ဆိုတာကို ထောက်ပြခဲ့တဲ့ ဘိုရာဗန်တူရာ ဒေဆူဆာဆန်တိုစ် (Boaventura de Sousa Santos) ဆီကနေ ငှားရမ်းသုံးထားတာပါ။ “အောက်ခြေကစတဲ့ သိမှုသဘောတရား”ဆိုတာကို ယူနီဗာဆယ်အတ်ဘစတြတ်တစ်ခုအနေနဲ့မှတ်ယူမဲ့အစား ကိုလိုနီသဘောတရားတွေကိုချွတ်ချနိူင်မဲ့၊ အသွင်တစ်ခုထက်ပိုပြီးရောနှောနေတဲ့၊ ဒါမှမဟုတ် ရိုးရာဓလေ့တွေကိုကျော်လွန်ပြီး ဘာသာပြန်တဲ့ မက်စတီဇာဟေ (mestizaje) သဘောတရားဆောင်တဲ့ “ပလူရယ်ဗာစီတီ” (pluriversality) တစ်ခုအနေနဲ့မြင်ယောင်ကြည့်စေချင်တယ်။ ဒီပလူရယ်ဗာစီတီဟာ တစ်‌လောကလုံးဆိုတဲ့အယူအဆ (universalism) နဲ့ အသေးစိတ်အနုစိတ်ဆိုတဲ့အယူအဆ (particularism)ဆိုတဲ့ နှစ်မျိုးပဲရှိသယောင်ဖြစ်နေတဲ့သဘောတရားတွေကိုမေးခွန်းပြန်ထုတ်လာစေတယ်။[xvii]

 

ကမ္ဘာကြီးဆိုတာကို ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်မွေးမြူရေးအတွက်ငြမ်းတစ်ခုလို့ယူဆမယ်ဆိုရင် အရင်ဆုံးတွေ့ရမှာက တစ်ကမ္ဘာလုံးကလူတွေက ဂျန်ဒါဆိုတာကို အမြဲတမ်းအသုံးပြုနေခဲ့ကြတာမဟုတ်ဘူးဆိုတာပဲ။ တကယ်လို့ လူတွေက ဂျန်ဒါဆိုတာကိုသုံးနေခဲ့တယ်ဆိုရင်တောင်မှ မတူညီတဲ့ပုံစံတွေနဲ့သုံးနေခဲ့တာပဲ။ တစ်ကမ္ဘာလုံးမှာကြီးထွားလာတဲ့ အရင်းရှင်စနစ်ကြောင့် (ဖို) ယောင်္ကျား vs. (မ) မိန်းမဆိုတဲ့ ဂျန်ဒါနှစ်မျိုးနှစ်စားဆိုတာက ကမ္ဘာ့ဟက်ဂျမိုနီတစ်ခုအနေနဲ့ပေါ်လာတာပဲ။ ဒီလိုပြောလို့ အရင်းရှင်စနစ်မတိုင်ခင်မှာ လိင်ပိုင်းဆိုင်ရာမတူညီမှုတွေမရှိဘူး၊ ဒါမှမဟုတ် ဂျန်ဒါတွေလွတ်လပ်နေတဲ့အတိတ်တစ်နေရာကိုပဲ အောက်မေ့တသကြလို့ပြောတာမဟုတ်ပါဘူး။ သမိုင်းကြောင်းနဲ့ချိတ်ဆက်နေတဲ့ လက်ရှိဂျန်ဒါတည်‌ဆောက်မှုစနစ်၊ အထူးသဖြင့် အခုချိန်မှာ နှစ်မျိုးပဲရှိတယ်ဆိုတဲ့ဂျန်ဒါအခန်းကဏ္ဍတွေကို အခြေခံအကျဆုံးသဘောတရားဆိုပြီး လူ့ခန္ဓာကိုယ်တွေကိုသတ်မှတ်ပေးနေတာတွေကို တစ်လောကလုံးက ဟိုးအရင်ကတည်းကလက်ခံခဲ့တာမဟုတ်ဘူး။ ယောင်္ကျားတစ်ယောက်၊ မိန်းမတစ်ယောက်၊ ကလေးတွေပါတယ်ဆိုတဲ့ ဘူဇွာနူကလီးယားမိသားစုပုံစံကို မော်ဒန်ကိုလိုနီစနစ်နဲ့ အရင်းရှင်စနစ်ကတီထွင်ခဲ့တာဖြစ်တယ်။ ပြီးတော့ ဂျန်ဒါနှစ်မျိုးဆိုတာနဲ့ငါတို့ကိုအုပ်ချုပ်ရအောင် နိူင်ငံသားကဒ်တွေ၊ နိူင်ငံကူးလက်မှတ်တွေ၊ နိူင်ငံသားပုံဖော်မှုတွေ၊ ကျန်းမာရေးပြုစုစောင့်ရှောက်ရေးစနစ်တွေနဲ့ အခြားသော အင်မတန်တန်ဖိုးထားမြတ်နိုးစရာကောင်းလှပါတယ်လို့ထင်မှတ်ရလောက်တဲ့ ဗျူရိုကရေစီယန္တရားမော်ဒန်နိူင်ငံတော်ဆိုတာကို မော်ဒန်ကိုလိုနီစနစ်နဲ့ အရင်းရှင်စနစ်ကပဲ တီထွင်ခဲ့တာပဲ။

 

 

ဆက်ရန်

 

 

ပုံ – အယ်လ်ဆာဗေးဒိုးလူမျိုး ဗစ်တာအင်တာရီအာနို (Víctor Interiano) ရေးဆွဲသော အမေရိကန်အင်ပိုင်ယာစနစ်ကိုဆန့်ကျင့်သောပိုစတာ။ အင်တာရီအာနို၏ ပြည်ပရောက်အယ်လ်ဆာဗေးဒိုးလူမျိုးများအကြောင်းရေးသားသော Dichos de un Bicho (ပိုးကောင်တစ်ကောင်၏စကားများ) blog မှ ကူးယူဖော်ပြပါတယ်။ (https://dichosdeunbicho.com/1933-2/)

 

 

[i] အဲရစ်ဖရွန် (Eric Fromm) ရဲ့ ဝေဖန်ပိုင်းခြားရေးသီအိုရီနှင့်လူမှုအသိုင်းအဝိုင်းဖတ်စာ Critical Theory and Society: A Reader ထဲက “စိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းနှင့်လူမှုဗေဒ” (“Psychoanalysis and Sociology”) နှင့် “နိူင်ငံရေးနှင့်စိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း” (“Politics and Psychoanalysis”) ဆောင်းပါးတွေကိုကြည့်ပါ။

[ii] ဒီနည်းလမ်းအသေးစိတ်ကို စာရေးသူနဲ့ ဘက်နွက်ရှလန်ဒ် (Benoît Challand) ရေးသားတဲ့ “ကမ္ဘာတစ်ဝန်းက ကြားနေရာဒေသတွေက ဝေဖန်ပိုင်းခြားရေးသီအိုရီဆီသို့” ဆိုတဲ့ဆောင်းပါးကိုကြည့်ပါ။

[iii] မာရီယာလူဂွန်နဲ (Maria Lugones) ရဲ့ “ဂျန်ဒါနဲ့ကိုလိုနီသဘောတရား” (“The Coloniality of Gender”) ဆောင်းပါးကိုကြည့်ပါ။

[iv] “ဝေဖန်ပိုင်းခြားရေးဆိုင်ရာကိုလိုနီသဘောတရားချဥ်းကပ်မှု” အသေးစိတ်ကို စာရေးသူနဲ့ ဘက်နွက်ရှလန်ဒ် (Benoît Challand) ရေးသားတဲ့ “ဥရောပစံပြုခြင်းအလွန် ဥရောပ?” (“Europe beyond Eurocentrism?”) ဆောင်းပါးမှာကြည့်ပါ။

[v] အရှီနန်ဒီ (Ashis Nandy) ရဲ့ ရင်နှီးကျွမ်းဝင်လှသောရန်သူ – ကိုလိုနီစနစ်အောက်တွင် ‌ဆုံးရှုံးသွားသော မိမိကိုယ်ပိုင်ဖြစ်တည်မှုနှင့် ထိုဖြစ်တည်မှုကို ပြန်လည်ရှာဖွေခြင်း (The Intimate Enemy: Loss and Recovery of Self Under Colonialism) စာအုပ်ကိုကြည့်ပါ။

[vi] နယ်လ်ဆင်မယ်ဒိုနာဒိုတောရပ် (Nelson Maldonado-Torres) ရဲ့ “ကိုလိုနီသဘောတရားနှင့် ကိုလိုနီစနစ်ချွတ်ချခြင်းဆိုင်ရာသဘောတရားဆိုင်ရာ စာတမ်း ၁၀ ချက်” (“Outline of Ten Theses on Coloniality and Decoloniality”) ဆောင်းပါးကိုကြည့်ပါ။

[vii] အနီဘယ်လ်ကီဟာနို (Aníbal Quijano) ရဲ့ “ကိုလိုနီသဘောတရားရဲ့အာဏာ၊ ဥရောပစံပြုမှုနှင့် လက်တင်အမေရိက” (“Coloniality of Power, Eurocentrism, and Latin America”) ဆိုတဲ့ဆောင်းပါးကိုကြည့်ပါ။

[viii] ရိုဇန်ဒန်းဘားအော်တီစ် (Roxanne Dunbar-Ortiz) ရဲ့ အမေရိကန်နိူင်ငံက အင်ဒီးဂျနင့်လူမျိုးစုများ၏သမိုင်း (An Indigenous Peoples’ History of the United States) စာအုပ်ကိုကြည့်ပါ။

[ix] နယ်လ်ဆင်မယ်ဒိုနာဒိုတောရစ် (Nelson Maldonado-Torres) ထောက်ပြထားတာတော့ ကမ္ဘာမြေကြီးပေါ်က ပင်ပန်းဆင်းရဲကြသူများ The Wretched of the Earth စာအုပ်ထဲမှာ ဖရန့်ဖာနွန် (Franz Fanon) က မိမိကိုယ်ကိုဝေဖန်ပိုင်းခြားခြင်းအာဖရိကန်ရိုးရာအကြောင်းရေးခဲ့ပေမဲ့ ဝေဖန်ပိုင်းခြားရေးသီအိုရီကျမ်းဂန်တွေမှာတော့ ဖာနွန့်ကို ဖော်ပြတာရှားပါးနေတဲ့အချက်ပါပဲ။ နယ်လ်ဆင်မယ်ဒိုနာဒိုတောရစ် (Nelson Maldonado-Torres)ရဲ့ “ကိုလိုနီစနစ်ကိုချွတ်ချခြင်းဆိုင်ရာဝေဖန်ချက်ဆိုတာဘာလဲ?” (“What is a Decolonial Critique?”) ဆောင်းပါးကိုကြည့်ပါ။

[x] အယ်ဒွာဒိုမန်ဒီတာ (Eduardo Mendieta) ရဲ့ “ကိုလိုနီစနစ်ချွတ်ချခြင်းဆိုင်ရာဆင်ခြင်မှုကိုဝေဖန်ခြင်း – ကာလီဘန်များ၏ဒဿနိက” (“Critiques of Decolonial Reason: On the Philosophy of the Calibans”) ဆောင်းပါးကိုကြည့်ပါ။

[xi] အင်နာကာနာ (Ina Kerner) ရဲ့ “ဂလိုဘယ်ဝေဖန်ပိုင်းခြားရေးသီအိုရီများအနေနှင့် ကိုလိုနီခေတ်လွန်သီအိုရီများ” (“Post-Colonial Theories as Global Critical Theories”) ဆောင်းပါးကိုကြည့်ပါ။

[xii] အင်နာကာနာ (Ina Kerner) ရဲ့ “ဂလိုဘယ်ဝေဖန်ပိုင်းခြားရေးသီအိုရီများအနေနှင့် ကိုလိုနီခေတ်လွန်သီအိုရီများ” (“Post-Colonial Theories as Global Critical Theories”) ဆောင်းပါးမှ စာမျက်နှာ ၆၁၅ ကိုကြည့်ပါ။

[xiii] ငါတို့က “အင်ပိုင်ယာမရှိခြင်း” (non-imperial)၊ “အင်ပိုင်ယာကိုဆန့်ကျင်ခြင်း” (anti-imperial) ဆိုတဲ့စကားလုံးတွေထက် “အင်ပိုင်ယာသဘောတရားတွေကိုချွတ်ချခြင်း” (deimperial) လို့သုံးရခြင်းရည်ရွယ်ချက်က ဒီစာအုပ်တောက်လျှောက်မှာ ပိုထင်သာလာပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ “ကိုလိုနီသဘောတရားတွေကိုချွတ်ချခြင်း” (decolonial) ဆိုတဲ့စကားလုံးလိုပဲ “အင်ပိုင်ယာသဘောတရားတွေကိုချွတ်ချခြင်း”ဆိုတာက အင်ပိုင်ယာကနေ စိတ်ပိုင်းဆိုင်ရာအရ ကိုယ်တွင်းထဲမှာပြန်လည်ပြုကျင့်မွေးမြူနေအောင် လေ့ကျင့်‌ပေးထားတဲ့အစီအစဥ်အကွက်တွေကနေ ဖယ်သွေခြင်းလို့အဓိပ္ပါယ်ယူလို့ရပါတယ်။

[xiv] ချန်ဒရာတိုလ်ပါဒေမိုဟန်တီ (Chandra Tolpade Mohanty) ရဲ့ နယ်နိမိတ်များမရှိသောဖီမီနင့်ဇင် – သီအိုရီထဲက ကိုလိုနီသဘောတရားများကိုချွတ်ချခြင်း၊ အတူတကွလက်တွဲလုပ်ဆောင်မှုကိုလေ့ကျင့်ခြင်း (Feminism Without Borders: Decolonizing Theory, Practicing Solidarity) စာအုပ်ကိုကြည့်ပါ။

[xv] ချန်ဒရာတိုလ်ပါဒေမိုဟန်တီ (Chandra Tolpade Mohanty) ရဲ့ နယ်နိမိတ်များမရှိသောဖီမီနင့်ဇင် – သီအိုရီထဲက ကိုလိုနီသဘောတရားများကိုချွတ်ချခြင်း၊ အတူတကွလက်တွဲလုပ်ဆောင်မှုကိုလေ့ကျင့်ခြင်း (Feminism Without Borders: Decolonizing Theory, Practicing Solidarity) စာအုပ်ကိုကြည့်ပါ။

[xvi] နယ်လ်ဆင်မယ်ဒိုနာဒိုတောရစ် (Nelson Maldonado-Torres) က “ကိုလိုနီသဘောတရားနှင့် ကိုလိုနီစနစ်ချွတ်ချခြင်းဆိုင်ရာသဘောတရားဆိုင်ရာ စာတမ်း ၁၀ ချက်” (“Outline of Ten Theses on Coloniality and Decoloniality”) ဆောင်းပါးထဲမှာ “အသိပညာလို့သတ်မှတ်ခံရတဲ့အရာတွေအကုန်လုံးကိုပါ ကိုလိုနီသဘောတရားတွေကနေချွတ်ချရမယ်”လို့နှိုးဆော်ထားတယ်။ “ကိုလိုနီသဘောတရားဆိုင်ရာဝေဖန်ပိုင်းခြင်းဆိုတာဘာလဲ?” ဆောင်းပါးထဲမှာလည်း သူက အကယ်ဒါးမီးယားထဲက နီရိုလစ်ဘရယ်ဆန်နေတဲ့ စုံလင်ကွဲပြားရေးပြဿနာကိုလည်း ဝေဖန်ထားပါတယ်။

[xvii] ဘိုရာဗန်တူရာ ဒေဆူဆာဆန်တိုစ် (Boaventura de Sousa Santos) ရဲ့ သိစိတ်ရှိသောအင်ပိုင်ယာ၏ဇာတ်သိမ်း – တောင်ပိုင်းမှသိမှုများ အရွယ်ရောက်ကြီးပြင်းလာခြင်း The End of the Cognitive Empire: The Coming of Age of Epistemologies of the South စာအုပ်ကိုကြည့်ပါ။