မိတ်ဆက် – ဝေဖန်သုံးသပ်ချက်တစ်ခုအသွင် ဖီမီနင့်ဇင် အပိုင်း (၂)

၂၀၂၁ ခုနှစ်တွင် ဘလွန်းစ်ဘယ်ရီ (Bloomsbury) စာတိုက်မှထုတ်ဝေခဲ့သည့် ချီအာရာဘိုတစ်ချီ (Chiara Bottici) ‌အင်္ဂလိပ်လိုရေးသားခဲ့သော အန်နာခါဖီမီနင့်ဇင် (Anachafeminism) စာအုပ်မှ မူရင်းမိတ်ဆက်အခန်းကို မခြင်္သေ့ဘာသာပြန်သည်။ ဖတ်ရှုနိုင်ရန်နှင့် ဘာသာပြန်နိုင်ရန် ဤစာအုပ်ကိုလက်ဆောင်ပေးသော “ကိုလိုနီသဘောတရားများချွတ်ချခြင်းဆိုင်ရာဖီမီနင့်အစုအဝေး” (Decolonial Feminist Collective) မှ မိတ်ဆွေ J ကို ကျေးဇူးအထူးတင်ရှိပါသည်။

ချီအာရာဘိုတစ်ချီ (Chiara Bottici) သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်တည်ရှိသော လူမှုရေးသုတေသနဆိုင်ရာကျောင်းသစ် (The New School for Social Research)မှ ဒဿနိကဆိုင်ရာတွဲဘက်ပါမောက္ခတစ်ဦးဖြစ်ပြီး ၄င်းတက္ကသိုလ်မှ ဂျန်ဒါနှင့်လိင်သ‌ဘောတရားဆိုင်ရာလေ့လာသင်ကြားရေးအင်စတီကျု (The Gender and Sexualities Studies Institute) ၏ပူးတွဲဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။

မှတ်ချက် – မူရင်းစာအုပ်မိတ်ဆက်အခန်းကို အပိုင်းခွဲဘာသာပြန်သွားမှာဖြစ်ပြီး ဘာသာပြန်မှတ်ချက်များကို သီးသန့်ဆောင်းပါးအနေနှင့်ရေးသားသွားရန် ကြံရွယ်ထားသည်။ အောက်တွင်ပါရှိသောမှတ်စုများသည် မူရင်းစာရေးသူ၏မှတ်စုများဖြစ်ပြီး ထိုမှတ်စုများကိုပါ အတတ်နိုင်ဆုံးဘာသာပြန်ထားသည်။

အပိုင်း (၁) ဖတ်ရန်

 

အရေးကြီးသော ဝေါဟာရများ

အန်နာခါ (anacha) – မင်းမဲ့သဘောတရားဆိုင် (မ)။ အန်နာခီ (anarchy) ဆိုသော “မင်းမဲ့သဘောတရား” (သို့) “ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးသဘောတရား”စကားလုံးကို နာမဝိသေသနပြုရာတွင် ပုံမှန်လက်တင်နွယ်ဖွားဘာသာစကားများ၏စည်းမျဥ်းစည်းကမ်းအရ အန်နာခို (anacho) ဟူ၍ “ဖို”နာမဝိသေသနအဖြစ်သာပြောင်းလဲသုံးစွဲကြသည့်ကို ဝေဖန်သုံးသပ်သည့်အနေနှင့် မူရင်းစာရေးသူသည် အန်နာခါ (anacha) ဟူ၍ပြောင်းလဲရေးသားထားသည်။ ဗမာဘာသာစကားတွင် ထိုကဲ့သို့ “ဖို”/”မ” နာမဝိသေသနနှစ်မျိုးမကွဲသော်လည်း မူရင်းစာရေးသူ၏စာလုံးများထဲမှဖိုသဘောတရားကြီးစိုးမှုများကို ပြန်လည်ဝေဖန်ဆင်ခြင်မှုကို ထိန်းသိမ်းလိုသောအနေဖြင့် ဤဘာသာပြန်တွင် “အန်နာခါဖီမီနင့်ဇင်” နှင့် “မင်းမဲ့ဖီမီနင့်ဇင်” ဟူသော စကားလုံးနှစ်မျိုးကို သင့်လျော်သကဲ့သို့ ပြောင်းလဲအသုံးပြုထားသည်။

 

အန်နာခစ် (anarchist) (နာမ်/နာဝိ) – မင်းမဲ့သမား (သို့) မင်းမဲ့သဘောတရားဆိုင်ရာ။

 

အန်နာခီ (anarchy) – မင်းမဲ့ဖြစ်တည်မှု။

အန်နာခစ်ဇင် (anarchism) – မင်းမဲ့သဘောတရား။

မဟာဖိုဝါဒ (သို့) ပေထရီရာခီ (patriarchy) – “ဖို”သဘောတရားများသည် အခြားသောဂျန်ဒါသဘောတရားများထက် ပိုမိုသာလွန်ကြီးမြတ်သည်ဟုယူဆသောသဘောတရား။ ဤနေရာတွင် “ဖို”သဘောတရားဆိုသည်မှာ ဇီဝဗေဒအရ “ဖို”ဟုသတ်မှတ်ထားသော ယောင်္ကျားများတင်သာမက “ခက်ထန်ခြင်း”၊ “မာကျောခြင်း”၊ “သန်မာခြင်း” အစရှိသော လူ့အဖွဲ့အစည်းများမှသတ်မှတ်လက်ခံထား‌သော အခြားသော “ဖို”သဘောတရားများကိုပါဆိုလိုခြင်းဖြစ်သည်။

မိန်းမမုန်းတီးရေးဝါဒ (သို့) မီဆိုဂျနီ (misogyny) – မဟာဖိုဝါဒလွှမ်းမိုးမှုကြောင့် မိန်းမနှင့် မိန်းကလေးများဆိုလျှင် မုန်းတီးရွံရှာစက်ဆုပ်ခြင်း။ မိန်းမမုန်းတီးရေးဝါဒနှင့် မဟာဖိုဝါဒသည် အချင်းချင်းဆက်စပ်ပတ်သက်နေပြီး အချင်းချင်းအပေါ် ပြန်လည်သက်ရောက်နေသောအယူအဆအမူအကျင့်များဖြစ်သည်။

အင်တာဆက်ရှင်နယ်လတီ (intersectionality) – နေထိုင်ရာနေရာဒေသ၊ လူမျိုးရေး၊ ဂျန်ဒါ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်ရာဘာသာ၊ လူတန်းစား၊ လိင်စိတ်တိမ်းညွှတ်မှုဖော်ပြချက် အစရှိသောဖြစ်တည်မှုပေါင်းများစွာသည် တစ်သီးတစ်သန့်တည်းတည်ရှိနေသည်မဟုတ်ဘဲ အချင်းချင်းရောယှက်နေသည်ကိုထောက်ပြသောအယူအဆသဘောတရား။

 ‘မ’ပြုခြင်း – နဂိုမူရင်းတွင် ‘ဖို’သဘောသဘာဝများ၊ အယူအဆများနှင့်ပြည့်နှက်နေသည့်အယူအဆများ၊ ဖြစ်စဥ်များ၊ လုပ်ရပ်များကို ‘မ’သဘောသဘာဝအသွင်ပြောင်းလဲခြင်း။ ဥပမာ – မူရင်းတွင် ‘ဖို’သဘာဝနှင့်သာ ချိတ်ဆက်မြင်ယောင်လေ့ရှိသောဖြစ်စဥ်တစ်ခုဖြစ်သော လက်နက်ကိုင်တော်လှန်ခြင်းကို မိန်းမဟု‌သောလူများပါဝင်လာခြင်းဖြင့် ‘မ’ပြုကြသည်။

AFAB (Assigned Female at Birth) – မွေးကင်းစမှာ “မိန်းမ” ဟုသတ်မှတ်ခံလိုက်ရသောသူ။

AMAB (Assigned Male at Birth) – မွေးကင်းစမှာ “ယောင်္ကျား” ဟုသတ်မှတ်ခံလိုက်ရသောသူ။

ဆစ်ဂျန်ဒါ (Cisgender) – မွေးရာပါလိင် (မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတ) နှင့် မိမိလိင်စိတ်တိမ်းညွှတ်မှုထပ်တူညီနေသောသူ။ ဥပမာ – မွေးကင်းစတွင် “ယောင်္ကျားလေး” ဖြစ်သည်ဟူ၍ တရားဝင်စာရွက်စာတမ်းများတွင် လိင်သတ်မှတ်ပေးခံလိုက်ပြီး ကြီးပြင်းလာပြီနောက် ၄င်းသည်သူ့ဘဝတစ်လျှောက် ယောင်္ကျားလေးတွေသည်သာ ပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့် အံဝင်ခွင်ကျဖြစ်နေပါက ၄င်းကို ဆစ်ဂျန်ဒါ (သို့) ဆစ်ယောင်္ကျားဟုခေါ်ဝေါ်၍ရသည်။ ဆစ်မိန်းမဆိုသည်မှာလည်း မွေးကင်းစတွင် “မိန်းကလေး” ဟုသတ်မှတ်ခံလိုက်ရပြီးနောက် မိန်းကလေးများပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့်အံဝင်ခွင်ကျဖြစ်နေသူကိုဆိုလိုသည်။

ထရန်စ်ဂျန်ဒါ (transgender) – မိမိအပေါ်မွေးကင်းစမှ သမုတ်လိုက်သောလိင်မှ မိမိလိင်စိတ်ဖော်ပြမှု၊ တိမ်းညွှတ်မှုနှင့်ကိုက်ညီသောလိင်ကိုပြောင်းလဲထားသောသူ။ ဤပြောင်းလဲခြင်းတွင် အဆင့်ဆင့်ရှိနိူင်သည်။ ဥပမာ – အချို့ ထရန်စ်ဂျန်ဒါများသည် ပြောင်းလဲမှုဖြစ်စဥ်လုံးဝဥဿုံကိုပြောင်းလဲထားပြီး (သို့) ပြောင်းလဲချင်သူများဖြစ်သော်လည်း အခြားထရန်စ်ဂျန်ဒါများသည် ဇီဝဗေဒအရခန္ဓာကိုယ်တစ်ခုလုံးကို မပြုပြင်ဘဲ အစိတ်အပိုင်းအနည်းငယ်မျှကိုသာပြောင်းလဲထားသူများဖြစ်ကောင်းဖြစ်နိူင်သည်။

မိန်းမမျိုးတုံးသတ်ဖြတ်မှု (femicide) – မိန်းမများကို ယောင်္ကျားများမှ မိန်းမမုန်းတီးရေဝါဒ (မီဆိုဂျနီ)ကြောင့် မိန်းမဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်း။ ဥပမာ – အိမ်တွင်းအကြမ်းဖက်ခြင်းမှတဆင့် မိမိချစ်သူ၊ လင်ယောင်္ကျားမှသတ်ဖြတ်ခြင်းကိုခံရခြင်း၊ အရှေ့အလယ်ပိုင်းရိုးရာဓလေ့အချို့တွင်ပြုကျင့်လေ့ရှိသော ဂုဏ်သိက္ခာသတ်ဖြတ်မှု (honor killing) ဟုခေါ်သော မိဘ (အထူးသဖြင့် ဖခင်)မှ မိသားစုမျက်နှာအိုးမည်းသုတ်သည်ဟုယူဆပါက ၄င်းတို့၏သမီးကို ၄င်းတို့ကိုယ်တိုင်ပြန်လည်သတ်ဖြတ်ခြင်း။ တောင်အမေရိကတိုက်မှနိုင်ငံအချို့တွင် လက်ရှိ ဂိုဏ်းအဖွဲ့များမှကျူးလွန်နေသော မိန်းမမျိုးတုံးသတ်ဖြတ်မှုများသည် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေသည်။ ယောင်္ကျားဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်းကို ယောင်္ကျားမျိုးတုံးသတ်ဖြတ်မှု (androcide) ဟုခေါ်ဝေါ်ပြီး စစ်ပွဲများတွင် စစ်တိုက်သူအချင်းချင်းပြုကျင့်လေ့ရှိကြသည်။ လိင်အခြေပြုမျိုးတုံးသတ်ဖြတ်ခြင်းကို ဂျန်ဒါမျိုးတုံးသတ်ဖြတ်ခြင်း (gendercide) ဟုခေါ်ဆိုသည်။

‘မ’မျိုးတုံးသတ်ဖြတ်မှု (feminicide) – ‘မ’သဘောတရားမှန်သမျှကို နိမ့်ပါးသည်ဟုမှတ်ယူပြီး သတ်ဖြတ်သုတ်သင်ခြင်း။ ဤနေရာတွင် “မိန်းမ”/”ယောင်္ကျား”ဆိုသည်ထက် ‘မ’သဘောတရားအမူအကျင့်များရှိနေသည့်မည်သူ့ကိုမဆို မျိုးတုံးသတ်ဖြတ်ခြင်းဖြစ်သည်။ ဥပမာ – မွေးရာပါ “ယောင်္ကျား”ဟုသတ်မှတ်ခံထားရသောသူများ “မိန်းမ”ဂျန်ဒါသို့ပြောင်းလဲခြင်းကို ‘မ’သဘောတရားလွန်ကဲလာသည်ဟူ၍မနှစ်မြို့၍ ထရန်စ်ဂျန်ဒါမိန်းမများကို တမင်တကာသတ်ဖြတ်ခြင်း။

ဆစ်ဖီမီနင့်ဇင် (cis-feminism) – မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများ၏ဖိနှိပ်ခံရမှုများကို ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

ထရန်စ်ဖီမီနင့်ဇင် (transfeminism) – မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများသာမက လိင်ပြောင်းလဲထားသူများ၏ဖိနှိပ်မှုများကိုပါ ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

အာခိ (archē) – “မူရင်း”၊ “ကနဦး”၊ “အစ” (ဂရိ)။

လိင်ကွဲချစ်ကြိုက်မှုအထူးပြုစံနှုန်း (heteronormativity) – ဇီဝဗေဒအရ လိင်မတူသူများအချင်းချင်းကြား ချစ်ကြိုက်ပေါင်းသင်းဆက်ဆံခြင်း (heterosexuality) ကိုသာ လူတိုင်းကျင့်သုံးသည်၊ ထိုချစ်ကြိုက်ပေါင်းသင်းမှုကသာလျှင် သဘာဝကျသည်၊ လိင်တူချစ်ကြိုက်ပေါင်းသင်းမှု/bi ချစ်ကြိုက်ပေါင်းသင်းမှုများထက် ပိုပြီးအခွင့်ထူးခံစားပိုင်ခွင့်ရှိသည်ဟု မှတ်ယူသော အယူအဆ။

ကြိုတင်ပုံဖော်ခြင်းနိူင်ငံရေး (Prefigurative Politics) – တက်ကြွလှုပ်ရှားသူများက ၄င်းတို့၏တက်ကြွလှုပ်ရှားမှုများထဲတွင် ၄င်းတို့ရပ်ရွာပတ်ဝန်းကျင်အတွက်ကျင့်သုံးစေချင်သောအမူအကျင့်များ၊ ပေါင်းကူးဆက်ဆံမှုများကို ကျင့်သုံးခြင်း။ မင်းမဲ့သဘောတရားများတွင် ကြိုတင်ပုံဖော်ခြင်းသည် ပါဝင်မှုကိုအားပေးသောဒီမိုကရေစီ၊ တပြေးတည်းဖြစ်တည်မှု၊ အများပါဝင်ထည့်သွင်းမှုနှင့် တိုက်ရိုက်လုပ်ရပ်များ (direct action) တို့ပါရှိသည်။ (ဂီဟာမေးဖီရန်း (Guilherme Fians) ၏ “ကြိုတင်ပုံဖော်ခြင်းနိူင်ငံ‌ရေး” ဆောင်းပါး (https://www.anthroencyclopedia.com/entry/prefigurative-politics) ကိုကြည့်ပါ။)

ဂျန်ဒါအခန်းကဏ္ဍ (gender role) – များသောအားဖြင့် ဇီဝဗေဒလိင်အရ ယောင်္ကျားဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်၊ မိန်းမဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်ဟူ၍သတ်မှတ်ထားခြင်း။ ဂျန်ဒါနေရာများသည် ရိုးရာဓလေ့အသိုင်းအဝိုင်းတစ်ခုချင်းစီအလျောက် အသေးစိတ်ကွာခြားချက်များရှိနေနိူင်သော်လည်း ယေဘုဘျအားဖြင့် ယောင်္ကျားဂျန်ဒါနေရာသည် အိမ်‌ထောင်ဦးစီး၊ အလုပ်လုပ်သူ၊ ပိုက်ဆံရှာသူ၊ ခွန်အားရှိသူ၊ မိန်းမဂျန်ဒါနေရာသည် သားမွေးသူ၊ အိမ်ထောင်ထိန်းသိမ်းသူ၊ သိမ်မွေ့သူ၊ အားနည်းသူ ကမ္ဘာတစ်ဝန်းမှ ရိုးရာဓလေ့များတွင်မှတ်ယူထားကြသည်။ လိင်ကွဲပေါင်းသင်းဆက်ဆံရေးများတွင်လည်း ဤလိင်ကွဲအခြေပြုဂျန်ဒါနေရာများကို ပြန်လည်မွေးမြူကျင့်သုံးခြင်းများရှိကောင်းရှိနိူင်သည်။ ဥပမာ – လက်စဘီယန်စုံတွဲတစ်တွဲတွင် တစ်ယောက်သည် ယောင်္ကျားဂျန်ဒါနေရာကိုယူပြီး ပိုက်ဆံရှာခြင်း၊ အဓိကအလုပ်လုပ်သူအနေဖြင့်ဆောင်ရွက်ခြင်း၊ ယောင်္ကျားကဲ့သို ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများနှင့် အခြားတစ်ယောက်သည် မိန်းမဂျန်ဒါနေရာကိုယူပြီး အိမ်ထောင်ထိန်းသိမ်းခြင်း၊ သားမွေးခြင်း၊ မိန်းမကဲ့သို့ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများလည်း ရှိနိူင်သည်။

အပိုင်း (၂) မူရင်းစာမျက်နှာ (၆) မှ (၁၀) ထိ

 

မေ့ဖျောက်ခံထားရတဲ့ အန်နာခါဖီမီနင့်အသံတွေကို ပြန်လည်တူးဖော်ခြင်းဟာ ဒီခေတ်ကဖီမီနင့်တွေအတွက်အရေးကြီးတဲ့အလုပ်တစ်ခုဆိုပေမဲ့ အဲ့ဒါက ဒီစာအုပ်ရေးရခြင်းအဓိကအကြောင်းရင်းတော့မဟုတ်ပါဘူး။ ဒီစာအုပ်ကိုအန်နာခါဖီမီနင့်ရိုးရာဓလေ့တွေကို ပြန်လည်အောက်မေ့ဖို့အတွက်ဆိုပြီးရည်ရွယ်ခဲ့ပေမဲ့ ရေးရင်းနဲ့ စာအုပ်က အခြားအကြောင်းရင်းတစ်ခုအတွက်ဖြစ်လာခဲ့တယ်။ “အန်နာခါဖီမီနင့်ရိုးရာဓလေ့” ဆိုတာကိုရှာဖွေလေလေ၊ “အန်နာခါဖီမီနင့်ကျမ်းဂန်” ဆိုတာကို အဆိုပြုမိလေလေ ငါတို့ အဲ့ဒီအလုပ်ကို ပိုပြီးစိတ်မဝင်စားလေလေဖြစ်လာတယ်။ ဒီစာအုပ်အတွက် ရှာဖွေလေ့လာရင်း “အန်နာခါဖီမီနင့်ကျမ်းဂန်” နေနေသာသာ၊ “အန်နာခါဖီမီနင့်ရိုးရာဓလေ့” ဆိုတာဟာ အရှေ့အနောက်မညီတာတွေ ထင်ထင်ရှားရှားရှိနေသလို အတွင်းထဲမှာ တင်းမာမှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကို တွေ့ရတယ်။ “ရိုးရာဓလေ့” (tradition) ဆိုတာဟာ မျိုးဆက်တစ်ဆက်ရဲ့ စဥ်းစားတွေးခေါ်မှုအထုအထည်တစ်ခုကို နောက်ထပ်မျိုးဆက်တစ်ဆက်စီ အတွင်းထဲကနေလက်ဆင့်ကမ်းသယ်ပို့ခြင်းလို့အဓိပ္ပါယ်ရတယ်။ အဲ့ဒီ့အဓိပ္ပါယ်နဲ့စဥ်းစားမယ်ဆိုရင် ရိုးရာဓလေ့ဆိုတာဖြစ်ဖို့ အရင်ဆုံး အဲ့လိုသယ်ပို့ဖို့ “တန်းဝင်ပါတယ်” လို့သတ်မှတ်လိုက်ကြတဲ့ သယ်ပို့သင့်ရလောက်တဲ့ စဥ်းစားတွေးခေါ်မှုအထုအထည်အသင့်အတင့်တစ်ခုရှိမှဖြစ်မယ်လေ။ အဲ့ဒီစဥ်းစားတွေးခေါ်မှုအထုအထည်တွေနဲ့ အမူအကျင့်တွေကို ရှားပါးတော်ဝင်တယ်လို့ မသတ်မှတ်ရင်တောင်မှ စစ်မှန်တယ်၊ အခြေခံကျတယ်လို့လက်ခံထားကြတဲ့စာအုပ်တွေကို ကိုးကားထားမှသာလျှင် “ကျမ်းဂန်” (canon) မြောက်မယ်လို့ခံယူကြတယ်။

ဒါပေမဲ့ “မင်းမဲ့သဘောတရား” ဆိုတာ နိုင်ငံရေးအရဖြစ်စေ၊ ကျမ်းဂန်အရဖြစ်စေ၊ တွေးခေါ်မှုအရဖြစ်စေ ဘယ်နေရာကမဆို အထက်အောက်စနစ်တွေကို ချွတ်ချခြင်းကိုဆိုလိုတာလေ။ အဲ့ဒီ့တော့ “ဂန္တဝင်မင်းမဲ့သဘောတရား” ဆိုတဲ့ခေါင်းစဥ်အောက်ကနေ မင်းမဲ့ “ကျမ်းဂန်”တွေကိုထိန်းသိမ်းစောင့်ရှောက်တာတွေကို မကြာခဏလုပ်လာကြတာတွေဟာ နောက်ဆုံးမှာ ဥရောပစံပြု၊ ယောင်္ကျားစံပြုပြီး ဘေးဖယ်ထုတ်နေတာပါပဲ။[i] အန်နာခါဖီမီနင့်ကျမ်းဂန်ဆိုတာကို အသာထား၊ အန်နာခါဖီမီနင့်ရိုးရာဓလေ့တစ်ခုကို တည်ဆောက်ရမယ်လို့ပြောတာဟာ အပေါ်ယံဟန်ပြရှေ့နောက်မညီဖြစ်မနေဘူးလား?

ဒီလောကမှာ ငါတို့ပိုကျင်လည်လေလေ၊ ဒီလောကထဲကတင်းမာမှုတွေကို ပိုပြီးသတိထားမိလာလေလေပါပဲ။ ကျမ်းဂန်တစ်ခုရယ်လို့ သတ်သတ်မှတ်မှတ်ပြလို့မရတဲ့ အမြဲတစေရွေ့လျားပြောင်းလဲနေတဲ့စာအုပ်တွေ၊ လုပ်ရပ်တွေနဲ့ အတွေးအခေါ်တွေကြားမှာ “အန်နာခါဖီမီနင့်ဒဿန”ဟာ ပျံ့နှံ့နေတယ်။ နောက်ပြီးတော့ အန်နာခါဖီမီနင့်စာရေးသူတွေဟာလည်း သူတို့ကိုယ်သူတို့ အန်နာခါဖီမီနင့်စာရေးသူပါလို့ နာမည်တပ်ဖို့စိတ်မဝင်စားကြဘူး။ တချို့က ကိစ္စရပ်တချို့ကို အထူးဦးစားပေးကြပေမဲ့ တချို့ကတော့ တမင်တကာသိသိသာသာမပြတဲ့နည်းလမ်းကို ရွေးချယ်ကြတယ်။ အကျိုးဆက်ကတော့ အန်နာခါဖီမီနင့်လို့ကိုယ့်ကိုကိုယ်ခေါ်ဝေါ်သတ်မှတ်ကြတဲ့အုပ်စုတွေနဲ့ စာအတူတူဖတ်ကြတာ၊ နှီးနှောဖလှယ်ကြတာတွေဟာ အသုံးဝင်ပေမဲ့ အကျိုးရှိလှဆုံး အန်နာခါဖီမီနင့်ဒဿနတွေကို မိမိကိုယ်ကို မင်းမဲ့ဖီမီနင့်လို့မခေါ်တဲ့စာရေးသူတွေ၊ ဒဿနိကသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေမှာ ပိုပြီးတွေ့ရတာပဲ။ ဒီအခြေအနေကို တခြား‌သော မင်းမဲ့သဘောတရားတွေမှာလည်း တွေ့ရတတ်တယ်။ ဥပမာ – အခြားသူတွေထောက်ပြထားတဲ့အတိုင်း[ii] မိမိကိုယ်ကို “လူမည်းမင်းမဲ့သမား” လို့ အမည်တပ်ခေါ်တဲ့သူရှားပေမဲ့ မင်းမဲ့အတွေးအခေါ်တွေနဲ့ ခံစားချက်တွေကို လူမည်းရာဒီကယ်ရိုးရာဓလေ့တွေနဲ့ လူမည်းဖီမီနင့်စာပေတွေမှာ တွေ့ရတတ်တယ်။ ဒါဆို ဒီရှုပ်ထွေးမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ? ဒီသဘောတရားနှစ်ခုက အချင်းချင်းပြန်လည်ဆက်စပ်နိူင်မလဲ?

“မင်းမဲ့ဖြစ်တည်မှု/အန်နာခီ” နဲ့ “မင်းမဲ့သ‌ဘောတရား/အန်နာခစ်ဇင်” ဆိုတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို မင်းမဲ့ဖြစ်တည်မှုရဲ့ဒဿနိကနဲ့ကျင့်ဝတ်တစ်ခုလို့ပဲမှတ်ယူလိုက်ကြမယ်ဆိုရင် ဒီရှုပ်ထွေးမှုတွေကပျောက်သွားပါတယ်။ မင်းမဲ့ဖြစ်တည်မှုဟာ အာခိ (archē)/မူရင်းကနဦးဆိုတာတွေမရှိတော့တာ (ဒါက အလုံးစုံခြုံလွှမ်းနေတဲ့နိယာမတစ်ခုကိုဦးစီးသူဆိုတာမရှိတော့တာ) ဆိုရင် စီမံခန့်ခွဲ့ပေးသူတွေမပါဘဲ လုပ်ရပ်တွေကိုဖွေရှာကြည့်ကြဖို့ ငါတို့ကို တွန်းအားပေးလာနိူင်တယ်။ အဲ့ဒါကြောင့်လည်း မင်းမဲ့သမားတော်တော်များများဟာ မင်းမဲ့”ကျမ်းဂန်”ဆိုတာကို တည်ထောင်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့ ဒီလိုပါ၊ ဟိုလိုပါလို့ ခေါင်းစဥ်တပ်ကြဖို့စိတ်မဝင်စားကြတာပဲ။ မင်းမဲ့စဥ်းစားတွေးခေါ်သူတော်တော်များများဟာ အာခိတွေကိုဖြိုချဖို့စိတ်ဝင်စားကြပြီး (ပညာရှင်လောကမှာပြုလုပ်လေ့ရှိတဲ့) ဘယ်ဟာကတော့ဖြင့် ရိုးရာပါ၊ ကျမ်းဂန်ပါလို့ခေါ်ဆိုခြင်းလေ့ကျင့်ခန်းတွေမှာမပါဘဲ သူတို့ရဲ့ကာလံဒေသံနဲ့ကိုက်ညီတဲ့တိုက်ပွဲတွေမှာသာ တိုက်ခဲ့ကြတာပဲ။ အဲ့ဒါကြောင့် “လူမည်းမင်းမဲ့ရိုးရာ” ဆိုတာကိုဖွေရှာဖို့ထက် “မင်းမဲ့သဘောတရားဆိုင်ရာလူမည်းဖြစ်တည်မှု” ဆိုတာကို တည်ထောင်ဖို့ အဖြစ်နိူင်ဆုံးအခြေအနေပဲ။ အဲ့လိုပဲ မိမိကိုယ်ကို မင်းမဲ့ဖီမီနင့်ပါလို့နာမည်မတပ်ဘဲ၊ မင်းမဲ့ဖီမီနင့်ဇင်ဆိုတာဘာလဲမသိဘဲနဲ့ မင်းမဲ့ဖီမီနင့်အတွေးအခေါ်တွေကိုမွေးမြူနိူင်တာတွေလည်းရှိတယ်။ ဒါက မင်းမဲ့ဖီမီနင့်ဇင်ရဲ့အားသာချက်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ မင်းမဲ့ဖီမီနင့်ဇင်ဆိုတာကို အစိုင်အခဲတစ်ခုအနေကနေ သမရိုးကျကျင့်စဥ်တစ်ခုအနေနဲ့ ပြောင်းလဲခြင်း၊ အဲ့လိုပြောင်းလဲခြင်းရဲ့အားနည်းချက်တွေကနေ ကာကွယ်ပေးနိူင်လို့ပဲ။ (မင်းမဲ့ဖီမီနင့်ဇင်သဘောတရားကိုကျင့်သုံးခဲ့ကြသူတော်တော်များများကလည်း အဲ့ဒီလိုမျက်ကန်းမှုတွေရဲ့သားကောင်တွေ အလွယ်တကူဖြစ်ခဲ့တဲ့သာဓကတွေရှိနေတာကိုး။)

ဒီစာအုပ်ထဲမှာတော့ အဲ့ဒီအားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းကြည့်ချင်တယ်။ မင်းမဲ့ဖီမီနင့်ဒဿနိကရဲ့ ပျော့ပျောင်းနိူင်စွမ်း၊ ပြောင်းလဲနိူင်စွမ်းကို တစ်ခုနဲ့တစ်ခုချိတ်ဆက်နေခြင်းမရှိတဲ့ စာသားတွေ၊ နိူင်ငံရေးစီမံကိန်းတွေနဲ့ ဒဿနိကအတွေးအခေါ်တွေကြားက ဒိုင်ယာလော့ခ်တစ်ခုအနေနဲ့ အသုံးချကြည့်ချင်တယ်။ အဲ့ဒီလိုလုပ်တဲ့အခါ မင်းမဲ့ဖီမီနင့်လို့ မိမိကိုယ်ကိုခေါ်ဝေါ်တဲ့ သီအိုရီပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ကိုးကားရုံသာမက ကိုယ့်ကိုယ်ကို မင်းမဲ့ဖီမီနင့်လိုမခေါ်တဲ့သူတွေကိုပါ ကိုးကားမယ်။ ဒါကြောင့် ဒီစာအုပ်ဟာ မင်းမဲ့ဖီမီနင့်ဇင်သီအိုရီကို သစ္စာရှိရှိ ပြန်လည်တည်ဆောက်ခြင်းဆိုတာထက် ငါတို့လက်ရှိကာလမှာတွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေကို တုံ့ပြန်တဲ့ မင်းမဲ့ဖီမီနင့်ဇင်ဒဿနိကတစ်ခုကို ကောက်ကြောင်းဆွဲကြည့်ခြင်းသာဖြစ်တယ်။ စာသားတွေ၊ လူတွေနဲ့ နိူင်ငံရေးဒဿနအစီအစဥ်တွေရဲ့လေဘယ်တွေထက် မင်းမဲ့သဘောတရားဟာ နည်းနာ[iii] တစ်ခုသာဖြစ်တယ်။ အထက်အောက်စနစ်မှန်သမျှကို မေးခွန်းထုတ်တဲ့နည်းနာတစ်ခု၊ သူတို့အချင်းချင်းကြား ဘယ်လိုပြန်လည်ခွန်အားပေးမှုတွေရှိနေသလဲဆိုတာ စိစစ်တဲ့ဖိတ်ခေါ်ချက်တစ်ခုသာဖြစ်တယ်။ ဖီမီနင့်ဇင်ရဲ့အ‌ရှေ့မှာ မင်းမဲ့လို့ကပ်လိုက်ခြင်းဟာ ဇီဝလိင်၊ လူတန်းစားနဲ့လူမျိုးရေး၊ ဆစ် (သို့) လိင်ကွဲချစ်ကြိုက်ခြင်းကိုစံနှုန်းပြုမှုတွေနဲ့ ငါတို့ရဲ့ဂျန်ဒါစာအုပ်စင်ကနေ ရွေးချယ်ထားတဲ့ အခြားသောကိစ္စရပ်တွေကို အထူးပြုချင်တာမဟုတ်သလို မိန်းမတွေရဲ့ မြောက်မြားလှစွာသော ဖိနှိပ်မှုတွေထဲကနေ သူမတူထူးခြားတဲ့ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားပေးတဲ့မူရင်းကနဦး အာခိကို ဖော်ထုတ်ဖို့စိုင်းပြင်းတာလည်းမဟုတ်ဘူး။

ဒါကတော့ ကိုယ့်ကိုယ်ကို မင်းမဲ့ဖီမီနင့်လို့ခေါ်ခဲ့ကြတဲ့သူတွေရေးခဲ့တဲ့ သမိုင်းထဲကစာတွေထဲမှာရော မင်းမဲ့ဖီမီနင့်ဆိုတဲ့လေဘယ်ကိုမသုံးဘဲ ဒီအတွေးအခေါ်တွေကိုကျင့်သုံးခဲ့ကြတဲ့ သီအိုရီပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့စာတွေထဲမှာပါ တွေ့ရတဲ့ “မင်းမဲ့ဖီမီနင့်သဘောတရား” ရဲ့အဓိပ္ပါယ်ပဲ။ သူတို့ကြားထဲမှာ တူညီနေတာက မိန်းမတွေခံနေရတဲ့ဖိနှိပ်မှုတွေထဲမှာ တစ်စုံတစ်ခုရှိနေတယ်ဆိုတဲ့သိမှုရယ်နဲ့ မတူညီတဲ့ဖိနှိပ်မှုတွေအချင်းချင်း ပြန်လည်တွန်းအားပေးမှုတွေရှိနေတာကြောင့် ဖိနှိပ်မှုတွေအားလုံးကို မညွှန်းဆိုဘဲ ဖိနှိပ်မှုတစ်ခုတည်းကို ပပျောက်ဖို့ကြိုးစားလို့မရဘူးဆိုတဲ့သိမှုတွေပဲ။ တိုတိုပြောရရင် သူတို့တွေအကုန်လုံးကြားထဲကတူညီတဲ့လက်ခံချက်က အားလုံးတန်းတူညီမျှမလွတ်မြောက်သေးသရွေ့ ဘယ်သူမှမလွတ်မြောက်ဘူးဆိုတာပဲ။

ဥပမာ – ဒီမင်းမဲ့ဖီမီနင့်အယူအဆကြောင့်ပဲလည်း (ဒီစာအုပ်ရေးဖို့အကြောင်းဖန်လာစေတဲ့ တိုက်တွန်းချက်တွေထဲကသူတစ်ယောက်ဖြစ်တဲ့) အန်မာဂိုးလ်မန်း (Emma Goldman) ဟာ “ဖီမီနင့်ဇင်” ဆိုတဲ့လေဘယ်ကို ငြင်းချက်ထုတ်ပြီး “မင်းမဲ့သဘောတရား” ဆိုတာကိုသာ ရွေးချယ်ကျင့်သုံးခဲ့တယ်။ သူ့အတွက်ကတော့ မင်းမဲ့သဘောတရားဟာ ဘဝကိုပေါင်းစည်းပေးတဲ့ဆရာတစ်ဆူဖြစ်ပြီး ဖိနှိပ်မှုအပေါင်းဟာ ဆုံမှတ်တစ်ခုမှာလာစုစည်းနေကြတယ်ဆိုတဲ့အချက်ကိုထောက်ပြတာပဲတဲ့။ တစ်ဖက်မှာတော့ ၂၀ ရာစုအစ နယူးယောက်မြို့မှာ “ဖီမီနင့်ဇင်” ဟာ လူတန်းစားအရခေါင်းပုံဖြတ်ခံနေရတာတွေနဲ့ အခြားသောလွှမ်းမိုးမှုတွေကို လားလားမျှစိတ်မဝင်စားတဲ့ လူလတ်တန်းစားမိန်းမတွေသာပါဝင်တဲ့အ‌ရွေ့တစ်ခုနဲ့သာ သက်ဆိုင်နေခဲ့တယ်တဲ့။ ဒါကြောင့် ဂိုးလ်မန်းရဲ့ ဒဿနက “ဖီမီနင့်ဇင်” ဆိုတဲ့လေဘယ်ကိုဆန့်ကျင့်ပြီး မင်းမဲ့သဘောတရားကနေတဆင့် မိန်းမတွေရဲ့လွတ်မြောက်ရေးမေးခွန်းကို အဖြေရှာဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူ့ရဲ့ဒဿနဟာလည်း အန်နာခါဖီမီနင့်သဘောတရားတွေ စိမ့်ဝင်နေသေးတာပဲဆိုတာကို ထင်ထင်ရှားရှား ဒီစာအုပ်ထဲမှာတွေ့ရလိမ့်မယ်။

တကယ်တော့ “အန်နာခါ-ဖီမီနင့်ဇင်” ဆိုတဲ့စကားလုံးကို ၁၉၇၀ ခုနှစ်တွေက ဖီမီနင့်ဇင်အသွင်တစ်မျိုးအောက်ကနေလှုပ်ရှားခဲ့ကြတဲ့ ဖီမီနင့်လူမှုရေးအရွေ့တွေမှာ ပေါ်ပေါ်ထင်ထင်အသုံးပြုခဲ့ကြတယ်ဆိုတာတွေ့ရတယ်။ အဲ့ဒီအရွေ့တွေက သူတို့ကိုယ်ကိုယ် မင်းမဲ့သမားတွေလိုမြင်ခဲ့ကြပြီး မင်းမဲ့သဘောတရားနဲ့ ဖီမီနင့်ဇင်ကြားက အရေးကြီးတဲ့ပေါင်းကူးမှုတွေကို ထောက်ပြခဲ့ကြတယ် — အဲ့ဒီပေါင်းကူးမှုဟာ အ‌ရေးကြီးလွန်းလို့ တချို့တက်ကြွလှုပ်ရှားသူတွေက “မင်းမဲ့သဘောတရားက သင်ပေးတဲ့ဖီမီနင့်ဇင်”[iv] လို့တောင် ခေါ်ဝေါ်ခဲ့ကြတယ်။ ဟုတ်ပါတယ်။ ၁၉၇၀ ခုနှစ်တွေထဲက ဖီမီနင့်တော်တော်များများလိုချင်ခဲ့တာကလည်း အထက်အောက်စနစ်ပေါင်းစုံကို ဖျက်ဆီးခြင်း၊ အရင်းရှင်စနစ်၊ ဂျန်ဒါပုံသေမှတ်ယူမှုများ၊ လူအချင်းချင်းကြားကျူးလွန်တဲ့အကြမ်းဖက်မှုတွေကို ပပျောက်စေလိုခြင်းဆိုတဲ့ မင်းမဲ့ပန်းတိုင်တွေပါပဲ။ သူတို့တွေက မင်းမဲ့သမားတွေ အသုံးပြုလေ့ရှိတဲ့ အလေ့အထ (အကူအညီတောင်းခံခြင်းကနေအစ ရင်းနှီးရာအုပ်စုတွေကြားထဲမှာ အများသ‌ဘောဆန္ဒရရှိရန်တည်ဆောက်ခြင်း) တွေကနေတဆင့် “ပုဂ္ဂိုလ်ရေးသည် နိူင်ငံရေးဖြစ်သည်” (မင်းမဲ့သမားတွေခေါ်တာတော့ “ကြိုတင်ပုံဖော်ခြင်းနိူင်ငံ‌ရေး”[v]) လို့ ကြွေးကြော်ခဲ့ကြတာပဲ။

ဒါပေမဲ့လည်း ဖီမီနင့်ဇင်အမျိုးမျိုးဟာ သမိုင်းအရ မင်းမဲ့သဘောတရားဆန်နေတာကို တွေ့ကြရလိမ့်မယ်။ ကိုယ့်ကိုယ်ကို ဖီမီနင့်လို့ခေါ်ကြသူတွေအတွက်တော့ ဖီမီနင့်ဇင်ဟာ ယောင်္ကျားနဲ့မိန်းမကြား တန်းတူညီမျှမှုတစ်ခုရောက်ရှိရေးကိုဆိုလိုတာဖြစ်ပြီး မိန်းမတွေကလည်း ယောင်္ကျားတွေနည်းတူ အာဏာနေရာတစ်ခုမှာ ပျော်မွေ့နိူင်ရေးအတွက် လိုအပ်တဲ့ ဥပဒေရေးရာနဲ့ နိူင်ငံရေးအခြေအနေတွေကိုရှာဖွေကြတယ်။ ဒါပေမဲ့ ယောင်္ကျားတိုင်းဟာ အာဏာအထက်အောက်စနစ်ထဲမှာ တန်းတူညီမျှနေရာရနေတာတော့ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဖီမီနင့်ဇင်က ယောင်္ကျားတွေနဲ့တန်းတူနေရာရရေးအတွက် ဦးတည်တဲ့အခါ ဆိုလိုရင်းက အနည်းငယ်သောယောင်္ကျားတချို့နဲ့သာတန်းတူနေရာရရေးဖြစ်သွားတယ်။ ဒီလိုနဲ့ ဖီမီနင့်ဇင်ဟာ ယောင်္ကျားတချို့ခံစားရတဲ့အခွင့်ထူးခံစားရမှုတွေကို မိန်းမ (အချို့) ခံစားရရေးဖို့အတွက်သာ အားထုတ်တဲ့ အီလစ်စနစ်တစ်ခုသာ အလွယ်တကူပြန်ဖြစ်သွားနိူင်တယ်။ ဒီစာအုပ်ထဲမှာတော့ ငါတို့နားလည်တာက ဖီမီနင့်ဇင်ဟာ ယောင်္ကျားတချို့နဲ့တန်းတူနေရာရရေးအတွက် ရုန်းကန်ခြင်းမဟုတ်ဘူး – မိန်းမတွေအကုန်လုံးရဲ့ဖိနှိပ်ခံရမှုတွေအတွက် ရုန်းကန်ခြင်းဖြစ်တယ်ဆိုတာပဲ။[vi] အဲ့ဒါအပြင် ကျဥ်းမြောင်းလှတဲ့ “မိန်းမဖြစ်တည်မှု” ဆိုတဲ့နားလည်ချက်အောက်ကနေ ဖိနှိပ်ခံနေရတာတွေပါ ရုန်းကန်ခြင်းဖြစ်တယ်။

 

အဲ့ဒါရဲ့ အကျိုးဆက်အနေနဲ့ ဖီမီနင့်ဇင်ဆိုတာ မိန်းမကိစ္စတွေနဲ့ပဲ လုံးပမ်းနေတဲ့အရွေ့တစ်ခုမဟုတ်တော့ဘဲ လက်ရှိငါတို့အားလုံးကြုံတွေ့နေရတဲ့
ဂျန်ဒါနေရာတွေကို ဇီဝဗေဒအရ နှစ်ခုသာရှိတယ်လို့လျှော့ချမှတ်ယူထားတာတွေ နောက်ပြီး အဲ့ဒီဂျန်ဒါနေရာတွေကနေဖယ်သွေသူတွေကို
ဆေးပညာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း မူမမှန်ဘူးလို့သတ်မှတ်ထားတဲ့ “မော်ဒန်/ကိုလိုနီဂျန်ဒါစနစ်”[vii]
ပြဿနာမှာ ခွဲထုတ်လို့မရတဲ့ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ဝေဖန်သုံးသပ်ခြင်းဖြစ်လာတယ်။ ယောင်္ကျားတွေဟာ ဂျန်ဒါနှစ်မျိုးပဲရှိတယ်လို့
သတ်မှတ်ထားတဲ့စနစ်မှာ မိန်းမတွေထက် အသာစီးရနေတာမှန်ပေမဲ့ “ယောင်္ကျား” vs. “မိန်းမ” ဆိုတဲ့ ဂျန်ဒါစံနှုန်းသတ်မှတ်ချက်တွေနဲ့
ဂျန်ဒါနှစ်မျိုးသာရှိတယ်လို့ယူဆချက်တွေဟာ မွေးကင်းစမှာ မိန်းမလို့ ပညတ်ချက်ထုတ်ခံထားရတဲ့သူတွေအတွက်သာမက လူတိုင်းအပေါ်မှာ
ဖိနှိပ်နေတယ်။ အဲ့ဒါဘာကြောင့်လဲဆိုတော့ လူတိုင်းက ဂျန်ဒါတွေအလိုက်သတ်မှတ်ထားတဲ့ အခန်းကဏ္ဍတွေမွေးမြူရေးနဲ့
ပြန်လည်ထုတ်လုပ်ရေးတွေမှာ ပါဝင်နေကြရလို့ပဲ။

 

ဖီမီနင့်ဇင်ဆိုတာ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ဝေဖန်သုံးသပ်တဲ့မှန်ဘီလူးလို့ အကြမ်းဖျင်းမှတ်ယူမယ်ဆိုရင် ငါတို့ကိုယ်တွင်းထဲမှာ အမြစ်တွယ်နေတဲ့ လွှမ်းမိုးမှုတွေကိုပြန်လည်သုံးသပ်ပြီး ဖိနှိပ်မှုတွေအကြောင်းကို ပိုပြီး ထဲထဲဝင်ဝင်နားလည်လာနိူင်မယ်။ သမိုင်းထဲကဖီမီနင့်တွေးခေါ်ပညာရှင်တွေကလည်း လွှမ်းမိုးအုပ်စိုးမှုယန္တရားတွေကို သိမ်မွေ့စွာနဲ့ အထုပ်ဖြေပြနိူင်ခဲ့ကြတယ်။ မိန်းမတွေကြုံတွေ့ရတဲ့ဖိနှိပ်မှုတွေမှာ တစ်စုံတစ်ရာသူမတူထူးခြားနေတာတွေရှိတယ်ဆိုတာ မှန်ပေမဲ့ တစ်ပြိုင်နက်တည်းမှာ အဲ့ဒီထူးခြားမှုကို ဝေဖန်ပိုင်းခြားခြင်းဟာလည်း လွှမ်းမိုးအုပ်စိုးမှုယန္တရားတွေအကြောင်းကို သေသေချာချာပိုထောက်ပြလာနိူင်တယ်။ ဖီမီနင့်တချို့အတွက်ကတော့ လွှမ်းမိုးအုပ်စိုးမှုတွေရဲ့ ကောက်ကျစ်မှုသဘာဝဟာ ပါဝါရဲ့ညို့ငင်ဆွဲဆောင်မှု (မင်းမဲ့သမားတွေခေါ်တာကတော့ “စိတ်လိုလက်ရအလုပ်အကျွေးပြုခြင်းအကြပ်အတည်း”) ကနေ ဆင်းသက်လာတာဖြစ်တယ်။ အေတီးယန်း ဒီလာဘိုအဲတီ (Étienne de la Boétie) တစ်ခါပြောခဲ့သလို တချို့အုပ်ချုပ်သူတွေ အချိန်အကြာကြီး ပါဝါရှိနေတာဟာ အများက လိုလိုလားလားနာခံနေကြလို့ပဲ။[viii] အဲ့ဒီပါဝါကိုဖြုတ်ချဖို့ဆိုရင် အရှင်းဆုံးအဖြေက လူအများစုအနေနဲ့ နာခံနေတာတွေကို ရပ်လိုက်ဖို့ပဲ။ ဘာလို့လူတွေက အဲ့ဒီပါဝါတွေမှာ ဆက်လက်ဒူးထောက်နေကြသေးတာလဲ? မဟာဖိုဝါဒက ဘာလို့ဆက်ရှင်သန်နေသေးတာလဲ? ဖီမီနင့်စာပေတွေကို ကြည့်ရင် မိန်းမတွေကိုယ်တိုင် သူတို့ကို အချိန်ကာလကြာမြင့်စွာ ဖိနှိပ်ထားတာဖြစ်တဲ့ ဂျန်ဒါအခန်းကဏ္ဍတွေနဲ့ ဂျန်ဒါပုံသေမှတ်ယူမှုယန္တရားတွေကို လိုလိုလားလား ပြန်လည်မွေးမြူနေသေးတာတွေကို ထဲထဲဝင်ဝင်မြင်ရတယ်။ ဥပမာပေးရရင် စီမုန်းဒီဘူဘွား (Simone de Beauvoir) က လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်ကတည်းက ဒီပြဿနာကိုထောက်ပြခဲ့ထားပြီးသားဖြစ်တယ် — အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ လူသားမျိုးစိတ်တစ်ခုကနေ နောက်ထပ်တစ်ခုအပေါ်ကို လွှမ်းမိုးနိူင်စွမ်းရှိခဲ့တဲ့ တခြားသာဓကတွေ၊ များသောအားဖြင့် နံပါတ်အရမညီမျှတာတွေကြောင့် ဒီလိုအခွင့်ထူးခံစားမှုတွေဖြစ်ပေါ်လာတာ အခုချိန်ထိတည်ရှိနေတဲ့သာဓကတွေရှိခဲ့ပေမဲ့ မိန်းမတွေအတွက်တော့ ဒီလိုမဖြစ်ခဲ့ဘူး။ မိန်းမတွေဟာ နံပါတ်အရနိမ့်ပါးနေတာ၊ ဖိနှိပ်ခံနေရတာမဟုတ်ဘူး။ တကယ်တမ်းတော့ အဲ့ဒါနဲ့ပြောင်းပြန်ပဲ — ‘မ’သဘောတရားများမျိုးတုံးသတ်ဖြတ်မှုနဲ့ မညီမျှမှုတွေကြောင့် ကမ္ဘာ့လူဦးရေကနေ မိန်းမတွေအများကြီးပျောက်နေတယ်။ အဲ့ဒါကြောင့် ဖိနှိပ်မှုတွေဆက်ရှိနေရခြင်းရဲ့အကြောင်းရင်းဟာ အခြားတစ်ခုခုဖြစ်နိူင်တယ်။ စီမုန်းဒီဘူဘွားအတွက်တော့ အဲ့ဒါဘာကြောင့်လဲဆိုတော့ “မိန်းမကို အခြားတစ်ပါး (Other) လို့ပြုကျင့်လိုက်တဲ့ယောင်္ကျားဟာ သူ(မိန်းမ)ရဲ့ နက်နက်ရှိုင်းရှိုင်း သိလျက်နဲ့ပါဝင်နေမှုတွေထဲမှာ ရှာတွေ့မဲ့” “အခြားတစ်ပါးပြုကျင့်မှုကို ဆန့်ကျင့်ခြင်း၊ ယောင်္ကျားနဲ့အတူ သိလျက်နဲ့ရေငုံနှုတ်ပိတ်ပါဝင်နေမှုတွေကို ဆန့်ကျင့်ခြင်းဟာ သူတို့ထက် ပိုမြင့်မြတ်ပါတယ်ဆိုတဲ့ဇာတ်အတန်းအစားနဲ့ အလိုတူအလိုပါပြုခြင်းကနေရရှိမဲ့ အခွင့်အရေးတွေကိုအကုန်လုံးကို ငြင်းဆိုရာရောက်လို့ပဲ” တဲ့။[ix] ဂျန်ဒါလွှမ်းမိုးအုပ်ချုပ်မှုတွေမှာ ထူးဆန်းတဲ့ကောက်ကျစ်ယုတ်မာမှုတစ်ခုရှိတယ်။ အဲ့ဒီတော့ သူ့ကိုအဖြေရှာဖို့ကြိုးစားတာကလည်း လွှမ်းမိုးအုပ်ချုပ်မှုယန္တရားတွေ ဘယ်လိုလည်ပတ်သလဲဆိုတာကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်မြင်လာစေပြီး သူတို့တွေပျက်စီးဖို့အတွက်အဆင့်သင့်ပြင်ထားပြီးသားဖြစ်တယ်။ ဖီမီနင့်ဇင်ဟာ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ယေဘုယျဝေဖန်ပိုင်းခြားချက်တစ်ခုရဲ့နောက်ဆက်တွဲပဲတော့ မဖြစ်သင့်ဘူး။ ဖီမီနင့်ဇင်ဟာ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ယေဘုယျဝေဖန်ပိုင်းခြားချက်တစ်ခုရဲ့ အစတစ်နေရာဖြစ်ရမယ်။[x]

ဆက်ရန်

ပုံ – ၁၉၁၁ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှစက်မှုလုပ်သားများ (The Industrial Workers of the World or IWW) မှထုတ်ပြန်သော အရင်းရှင်စနစ်ပိရမစ်ပိုစတာ။

 

[i] ဥပမာ – ‌ဂျော့ချ်ခရိုဒါ (George Crowder) ရဲ့ “ဂန္ထဝင်မင်းမဲ့သဘောတရား” ဆိုတဲ့စကားလုံးမှာ “ဂန္ထဝင်” ဆိုတဲ့စကားလုံးစကားလုံးဟာ သူ့ရဲ့ မင်းမဲ့သဘောတရားကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ ဂေါ့ဒ်ဝင် (Godwin)၊ ပရုဒုန် (Proudhon)၊ ဘာကူနင် (Bakunin) နဲ့ ခရောပေါ့တ်ကင် (Kropotkin) အစရှိတဲ့ ယောင်္ကျားလေးယောက်ရဲ့အတွေးအခေါ်တွေမှာပဲ ကန့်သတ်လိုက်သလိုပဲ။ အဲ့လိုလုပ်ခြင်းကြောင့် မင်းမဲ့သဘောတရားနဲ့ပတ်သက်ပြီး ပါဝင်ခဲ့ကြတဲ့ အခြားသောဂျန်ဒါတွေကို ဖျောက်ဖျက်လိုက်ရာရောက်တယ်။ ဂျော့ချ်ခရိုဒါရဲ့  ဂန္ထဝင်မင်းမဲ့သဘောတရား – ဂေါ့ဒ်ဝင်၊ ပရုဒုန်၊ ဘာကူနင်နှင့် ခရောပေါ့တ်ကင်တို့၏နိူင်ငံရေးအတွေးအခေါ် (Classical Anarchism – The Political Thought of Godwin, Proudhon, Bakunin, and Kropotkin) စာအုပ်ကိုကြည့်ပါ။ မကြာခဏမေ့နေတတ်ကြတာက ဂန္ထဝင် (classical) နဲ့ လူတန်းစား (class) ဆိုတဲ့စာလုံးတွေဟာ လက်တင်စာလုံးမူရင်း classis ကနေဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ လူတန်းစားလို့ရိုးရိုးရှင်းရှင်းဆိုရပေမဲ့ ပြင်သစ်လို classique လို့ခေါ်တဲ့စကားလုံးကတော့ ကြီးကျယ်မြင့်မြတ်ကောင်းမွန်လှသော (par excellence) အတန်းအစားလို့လည်း တွင်တွင်ကျယ်ကျယ် လူအများသဘောပေါက်ကြတယ်ဆိုတာပဲ။ (ဘာသာပြန်မှတ်ချက် – မြန်မာစကားလုံးမှာလည်း ပါဠိကနေ မွေးစားထားသော “ဂန္ထဝင်” ဆိုသောစကားလုံးသည် အလွန်ရှေးကျသော၊ နန်းထိုက်သောဟူသည့်အဓိပ္ပါယ်သက်ရောက်သည်။ “နန်း” ဟူသည်မှာ ဘုရင်၊ မင်းအစရှိသည့် အုပ်ချုပ်သူတို့စံမြန်းသည့်နေရာဖြစ်သဖြင့် “ဂန္ထဝင်ဆန်သော မင်းမဲ့သဘောတရား”၊ “နန်းထိုက်သော မင်းမဲ့သ‌ဘောတရား” ဆိုသည်မှာ ဆိုလိုရင်းသဘောတရားရှေ့နောက်မညီဖြစ်နေသည်။)

 

[ii] မာကစ်စ်ဘေး (Marquis Bey) လေ့လာထားသလို လူမည်းမင်းမဲ့သဘောတရားအတွက်ဆိုရင်လည်း ဒီအဆိုကမှန်ပါတယ်။ မာကစ်စ်ဘေးရဲ့ မင်းမဲ့လူမည်းသဘောတရား – လူမည်းမင်းမဲ့သဘောတရားဆီသို့ မှတ်စုများ (Anarcho-Blackness: Notes towards a Black Anarchism) စာအုပ်ကိုကြည့်ပါ။

 

[iii] အယ်ရီကိုမာလက်တက်စတာ (Errico Malatesta) ရဲ့ မင်းမဲ့သဘောတရား (မ) L’anachia ဆိုတဲ့စာအုပ်ကိုကြည့်ပါ။

 

[iv] အမြင်များအစုအစည်း (Perspectives Collective) က ထုတ်ပြန်သော မင်းမဲ့ဖီမီနင့်ဇင် – မင်းမဲ့သီအိုရီ၏အမြင်များအထူးပေါင်းချုပ် Anarchafeminism – A Special Issue of Perspectives on Anarchist Theory” စာအုပ်ထဲက ဂျူလီယာတန်နန်ဘော (Julia Tanenbaum) ရဲ့ “လွှမ်းမိုးမှုအားလုံးကို ဖျက်ဆီးရန် – မင်းမဲ့ဖီမီနင့်သီအိုရီ၊ စည်းရုံခြင်းနှင့် လုပ်ရပ် ၁၉၇၀-၁၉၇၈” (“To Destroy Domination in All Its Form: Anarchafeminist Theory, Organization, and Action, 1970-1978” ကိုကြည့်ပါ။

 

[v] ဂျူလီယာတန်နန်ဘော (Julia Tanenbaum) ရဲ့ “လွှမ်းမိုးမှုအားလုံးကို ဖျက်ဆီးရန် – မင်းမဲ့ဖီမီနင့်သီအိုရီ၊ စည်းရုံခြင်းနှင့် လုပ်ရပ် ၁၉၇၀-၁၉၇၈” (“To Destroy Domination in All Its Form: Anarchafeminist Theory, Organization, and Action, 1970-1978” ကိုကြည့်ပါ။

 

[vi] ဇီဝအခြေပြုဖိနှိပ်မှုတွေလှုပ်ရှားတဲ့အရွေ့တစ်ခုအနေနဲ့ ဖီမီနင့်ဇင်အဓိပ္ပါယ်ကိုတော့ ဘယ်လ်ဟွတ်ခ် (bell hooks) ရဲ့ မာဂျင်ကနေအလယ်တည့်တည့်နေရာမှထုတ်ဖော်သောဖီမီနင့်သီအိုရီ (Feminist Theory from Margin to Center) မှ စာမျက်နှာ ၁၇-၃၁ ကိုကိုးကားပါတယ်။

 

[vii] မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ “ဂျန်ဒါ၏ကိုလိုနီသဘောတရား” (“The Coloniality of Gender”) ကိုကြည့်ပါ။

 

[viii] အေတီးယန်း ဒီလာဘိုအဲတီ (Étienne de la Boétie) ရဲ့ နာခံမှုနိူင်ငံရေး – စိတ်လိုလက်ရအလုပ်အကျွေးပြုခြင်းဆိုင်ရာဟောပြောချက် (The Politics of Obedience: The Discourse of Voluntary Servitude) စာအုပ်ကိုကြည့်ပါ။

 

[ix] စီမုန်းဒီဘူဘွား (Simone de Beauvoir) ရဲ့ ဒုတိယလိင် (The Second Sex) စာအုပ်ကိုကြည့်ပါ။

 

[x] ဒီနေရာမှာ ကာလ်မာ့စ် (Karl Marx) ရဲ့ ဝေဖန်ပိုင်းခြင်းမှုသီအိုရီ (critical theory) ကို ၁၈၄၃ ခုနှစ်မှာ ဖွင့်ဆိုထားတဲ့ “ရုန်းကန်မှုတွေကို မိမိကိုယ်ကိုရှင်းလင်းခြင်းနှင့် ထိုခေတ်၏ဆန္ဒများ” ဆိုတဲ့အဓိအပ္ပါယ်ဖွင့်ဆိုချက်ကို ကိုးကားပါတယ်။ ဒါပေမဲ့ နန်စီဖရေစာ (Nancy Fraser) ပြောခဲ့သလို ဖီမီနင့်ရုန်းကန်မှုဟာ အဲ့ဒီမာ့စ်ပြောခဲ့တဲ့ရုန်းကန်မှုတွေရဲ့ အဓိကကျလှတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ မှတ်ယူပြီး ယေဘုယျသီအိုရီထုတ်ပြီးမှ နောက်ကနေအပိုထပ်ထည့်လို့ရတဲ့အရာတစ်ခုလို့တော့ လက်မခံပါဘူး။ နန်စီဖရေစာရဲ့ ဖီမီနင့်ဇင်ရဲ့ကံကောင်းမှုများ – နိူင်ငံတော်မှကြီးကြပ်ကွပ်ကဲသော အရင်းရှင်စနစ်မှ နီရိုလစ်ဘရယ်အကြပ်အတည်းပြဿနာ The Fortunes of Feminism: From State-Managed Capitalism to Neoliberal Crisis ဆိုတဲ့စာအုပ်ထဲက စာမျက်နှာ ၁၉ မှ ၅၁ကိုကြည့်ပါ။

သေခြင်းရှင်ခြင်းစစ်တုရင်

 

နောက်မှနောင်တရမိမှာစိုးလို့ ‌ချက်ချင်းဖျိုးခနဲဖျတ်ခနဲပေါ်လာမိတဲ့ခံစားချက်တွေကို သေသေချာချာမခံစားကြည့်ရ‌သေးဘဲနဲ့ ကျွန်မတော်ရုံတန်ရုံစာမရေးမိအောင် ကိုယ့်ကိုယ်ကိုပြန်လည်သတိပေးမိပါတယ် အချိန်အတိုင်းအတာတစ်ခုရောက်ပြီးရင် ပိုမိုထင်သာမြင်သာဖြစ်လာတတ်တာတွေကိုလည်း သတိထားမိဖူးတာကိုး ဒါပေမဲ့ ခံစားချက်တွေကနေပဲ ကျွန်မကို လူအဖြစ်အသွင်ဖန်ဆင်းပေးနေတာပါပဲ

 
 

ဒီနေ့တော့ မနေ့ညက ကျွန်မမိတ်ဆွေတစ်ယောက်လှမ်းပို့ပေးတဲ့ စစ်အာဏာရှင်မအလရဲ့ ၂၀၁၀ ခုနှစ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အတည်ပြုတဲ့သတင်းဟာ သိသိချင်းမှာရော မနက်အိပ်ရာနိုးတဲ့အချိန်ထိပါ စိတ်ထဲ ကသိကအောက်ဖြစ်နေလို့ ထွက်ပေါက်တစ်ခုအနေနဲ့ စာချရေးပါရစေ

 
 

မြန်မာပြည်စစ်တပ်ရဲ့အကြောင်းကို ကျွန်မထက်ပိုပြီး သေသေချာချာဂဃဏန ပညာရှင်သဖွယ် လေ့လာထားတဲ့သူတွေရှိမှာပါ သာမန်လူတစ်ဦးအနေနဲ့ စစ်တပ်နဲ့ ဒီပြည်သူ့စစ်မှုထမ်းဥပ‌ဒေဆိုတာကို အကြမ်းဖျင်းရှာဖတ်ကြည့်တဲ့အခါမှာ ၂၀၁၀ မတိုင်ခင် ၁၉၅၉ ခုနှစ်ကတည်းက Conscription Act လို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုတာရှိခဲ့တာကို ကျွန်မသွားတွေ့ရတယ် အဲ့ဒီအက်ဥပဒေဟာ အခု ၂၀၁၀ ဥပဒေထဲက ဘာသာစကားနဲ့ဆင်ဆင်ပါပဲ “ယောင်္ကျားလေးဆိုရင် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ မိန်းကလေးဆို အသက် ၁၈ နှစ်နဲ့ ၂၇ ခုနှစ်ကြား ၂ နှစ်တာမျှစစ်မှုထမ်းရမည်” ဆိုတဲ့စာသားပါတယ်ဆိုတာ တွေ့ရတယ်

 
 

၂၀၁၀ ဥပဒေထဲမှာပါတဲ့စာသားတွေအရတော့ ဒီသာမန်အခြေခံတပ်သား/သမီး စု‌ေဆာင်းရုံတင်မက တခြားအရည်အချင်းတွေရှိတဲ့သူတွေဆိုရင် (ဘွဲ့ဒီဂရီအရပညာတတ်တွေဆိုရင်) “ယောင်္ကျားဆိုရင် အသက် ၄၅ နှစ်အောက်၊ မိန်းမဆို အသက် ၃၅ နှစ်အောက်ထိ” စစ်မှုထမ်းရမယ်လို့ထပ်ပြီး စိစစ်ထားတာကိုပါ တွေ့ရတယ်

 
 

၁၉၅၉ ခုနှစ်ဟာ ကျွန်မတို့အဘိုးအဘွားလက်ထက်ဖြစ်ပြီး ၂၀၁၀ မှာတော့ ကျွန်မကိုယ်တိုင် မြန်မာပြည်တွင်းထဲမှာ နေနေခဲ့တုန်းအချိန်ဖြစ်တဲ့အတွက် ကိုယ်တွေ့နဲ့ရင်းပြီး ပြောရရင် သာမန်လူတန်းစားအတွက် ဒီဥပဒေ‌တွေကို အင်တိုက်အားတိုက်အသုံးပြုခဲ့တာတွေတော့ သိပ်မရှိခဲ့ပါဘူး (တကယ်လို့ ၂၀၁၀ ဥပဒေက အကျုံးသာဝင်ခဲ့ရင် ကျွန်မလည်း အဲ့တုန်းက အသက်မီနေတဲ့မိန်းမတစ်ယောက်အနေနဲ့ ပေါ်တာဆွဲခံခဲ့ရမှာပဲ ဒါကလည်း မြို့ပေါ်မှာရှိနေခဲ့တာမို့ မျက်ဝါးထင်ထင်မတွေ့ကြုံခဲ့ရတာလည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ် နယ်စပ်ဒေသတွေကသူတွေအဖို့တော့ ဒါကိုကြုံတွေ့ခံစားခဲ့ရကောင်းခံစားခဲ့ရနိူင်ပါတယ်) ဒီနေရာမှာ Human Rights Watch ရဲ့အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ဟာ အတင်းအဓ္ဓမစစ်သားစုဆောင်းခြင်းထက် မိမိကိုယ်တိုင်စစ်တပ်ကိုပါဝင်လိုသူတွေက လုပ်အားပေးအနေနဲ့သာ ဝင်ရောက်ကြတဲ့ volunteer army လို့ ကိုယ့်ကိုယ်ကိုကြေငြာထားခဲ့တယ်လို့ဖတ်ရပါတယ် (အဲ့လိုခေါင်းစဉ်တပ်ပေမဲ့လည်း အတင်းအဓ္ဓမ စစ်သားစုဆောင်းတာတွေ၊ အသက်မပြည့်သူတွေကိုပါ စစ်သားစုဆောင်းတာတွေရှိခဲ့ပါတယ်)

 
 

အခုလက်ရှိမှာတော့ ချင်းပြည်၊ ရှမ်းပြည်နဲ့ မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်းတခွင်မှာဖြစ်နေတဲ့ တန်ပြန်တိုက်ခိုက်မှုတွေ၊ စစ်သားတွေ ဘက်ပြောင်းလာမှု၊ တပ်ထွက်လာမှု တချို့ကြောင့် စစ်တပ်မှာ လူအင်အားကျဆင်းလာမှုတွေကြောင့် စစ်တပ်ဟာ ဒီဥပဒေကို အတည်ပြန်ပြုလာတယ်လို့ သတင်းမီဒီယာတွေကဆိုကြတယ် (ဒီနေရာမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ “တပ်ပျက်နေပြီ”ဆိုတဲ့စကားဟာ တချို့တွေအတွက်ကတော့ false hope လို့ဆိုကြပါတယ် အဲ့ဒါ ဟုတ်လားမဟုတ်လား ကျွန်မတော့ မပြောတတ်ပါဘူး)

 
 

၂၀၁၀ ဥပ‌ဒေနဲ့ပတ်သက်ပြီး ကျွန်မစဉ်းစားဆင်ခြင်ချင်တဲ့အပိုင်းအဓိကကတော့

 

စစ်တပ်ဆိုတဲ့ဝေါဟာရအယူအဆနဲ့ ချိတ်ဆက်နေတဲ့ (ဒီနေရာမှာ မြန်မာပြည်စစ်တပ်မှမဟုတ် ဘယ်စစ်တပ်/တပ်မဆိုဖွဲ့စည်းတည်ထောင်ခြင်းနဲ့ ချိတ်ဆက်နေတဲ့) လူသားရင်းမြစ်ကို ကျည်ဆန်ခဲယမ်းသဖွယ် ကုန်ပစ္စည်းအနေနဲ့ပြောင်းလဲခြင်းဆိုတဲ့အချက်ပါပဲ ဒီသဘောတရားကို necropolitics လို့ခေါ်တဲ့ သေခြင်းရှင်ခြင်းနိူင်ငံရေးရှုထောင့်ကနေ ချိတ်ဆက်စဉ်းစားကြည့်တဲ့အခါ လူသားတွေရဲ့ အသက်ရှင်သန်မှုဆိုတာ “နိူင်ငံတော်”လို့ခေါ်တဲ့ State ပါဝါစနစ်တစ်ခုက (ဒီနေရာမှာ မအလဆိုတဲ့လူတစ်ယောက်ထက်‌ကျော်လွန်ပြီးတည်ရှိနေတဲ့စနစ်) အချိန်မရွေးအဆုံးအဖြတ်ပေးနိူင်စွမ်းရှိခြင်းလို့ ကျွန်မတို့ သဘောပေါက်လို့ရတယ်

 
 

Necropolitics ဆိုတဲ့အယူအဆကို ကမ်မရွန်းလူမျိုးသမိုင်းပညာရှင် အခေးလီးမမ်ဘေး (Achille Membe) က ထောက်ပြခဲ့တာဖြစ်ပြီး သူက ဖူးကိုးလ်ရဲ့ Biopolitics/biopower (ဇီဝပါဝါ/ဇီဝနိူင်ငံရေး)ဆိုတဲ့သဘောတရားအောက်ကနေ ထပ်မံလိုအပ်နေတာကို ဖြည့်စွက်ပြထားခဲ့တာပါပဲ မမ်ဘေးက သေခြင်းရှင်ခြင်းနိူင်ငံရေးကို

 
 

“the capacity to define who matters and who does not, who is disposable and who is not”

 
 

“ဘယ်သူကတော့ဖြင့် တန်ဖိုးရှိပြီး ဘယ်သူကတော့ဖြင့်တန်ဖိုးမရှိဘူး၊ ဘယ်သူ့ကိုတော့ အလွယ်တကူစွန့်ပစ်လို့ရပြီး ဘယ်သူ့ကိုတော့ အလွယ်တကူစွန့်ပစ်လို့မရဘူးဆိုတာကို ဆုံးဖြတ်နိူင်စွမ်းရှိခြင်း” လို့ အဓိပ္ပါယ်ဖွင့်ထားတယ်

 
 

(ဒီနေရာမှာ သေခြင်းရှင်ခြင်းနိူင်ငံရေးနဲ့ချိတ်ဆက်နေတဲ့ ဇီဝပါဝါကိုတော့ အကြမ်းဖျင်းအနေနဲ့ ခန္ဓာနဲ့အသက်ကို လက်နက်အင်အားပါဝါအဖြစ်ပြောင်းလဲအသုံးပြုခြင်းလို့ နားလည်သဘောပေါက်လို့ရပါတယ် ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်တပ်က ကာမီကာဇေလို့ခေါ်တဲ့ မိမိကိုယ်ကိုသတ်ဖြတ်တိုက်ပွဲဝင်တဲ့ suicide စစ်သားတပ်စုတွေထားရှိသလိုပေါ့နော် လက်ရှိ‌ခေတ်မှာလည်း အသေခံဗုံးခွဲသူတွေအစရှိသဖြင့်ပေါ့နော် ဒီနေရာမှာ အဲ့ဒီစစ်သားတွေရဲ့ စိတ်ဆန္ဒဆိုတာထက် “နိူင်ငံတော်” ဆိုတာကနေ လူသားအသက်ဖြစ်တည်မှုကို စစ်လက်နက်အသွင် စနစ်တကျအသုံးချခြင်းကို ဒီသဘောတရားက ထင်သာမြင်သာထောက်ပြထားတာဖြစ်တယ်)

 
 

မမ်ဘေးရဲ့ necropolitics ဆိုတဲ့သဘောတရားမှာတော့ ဇီဝပါဝါလိုမျိုး “နိူင်ငံတော်” ဆိုတာကနေ လူသားအသက်တွေကို စစ်လက်နက်ပြောင်းတာကို ထည့်သွင်းစဉ်းစားရုံသာမက စစ်တပ်တင်သာမက အဲ့ဒီစစ်တပ်ကို တော်လှန်ပုန်ကန်သူတွေ၊ တန်ပြန်တိုက်ခိုက်မှုတွေအတွက်ပါ လူသားအသက်ဆိုတာဟာ အရင်းအမြစ်တစ်ခုဖြစ်လာတယ်လို့ထောက်ပြခဲ့တယ်

 
 

ဒါကြောင့်လည်း ဥပမာ အောင်ဖုန်းမော် ၂၀၂၀ ခုနှစ်ကရေးခဲ့တဲ့ “လွတ်လပ်ခြင်းရဲ့အဖိုးအခဟာ သေခြင်း” ဆိုတဲ့ဆောင်းပါးကို မမ်ဘေးရဲ့ necropolitics နဲ့ချိတ်ဆက်ကြည့်တဲ့အခါ စစ်တပ်ကိုတန်ပြန်ပုန်ကန်သူတွေကြားမှာပါ သေခြင်းရှင်ခြင်းဟာ အစိုင်အခဲလက်နက်တစ်ခုဖြစ်လာတာကိုတွေ့ရတယ် အရိုးကြေကြေအရေခမ်းခမ်းတိုက်ဖျက်ကြမှသာလျှင် ပုန်ကန်သူစစ်စစ်မြောက်မယ်ဖြစ်လာတယ် အဲ့လိုလုပ်နေကြတဲ့သူတွေကို fetishize တန်ဆာပလာသူရဲကောင်းပြုလာကြတယ် (ဥပမာ – တော်လှန်ရေးတပ်သား၊ သူရဲကောင်းကြီး၊ ရာဒီကယ်ကြီးဆိုရင် တချို့ကောင်မလေးတွေက အထင်ကြီးတယ်၊ တွဲချင်တယ်၊ အတူတူအိပ်ကြည့်ဖူးချင်တယ် ဘယ်လောက်ပင် ဖိုဆန်နေပါစေ ချစ်ချင်တယ် ဒီစိတ်ဆန္ဒတွေရဲ့အခြေအမြစ်တွေဟာ ဘယ်သူဟာ တန်ဖိုးရှိအထင်ကြီးစရာလို့ သတ်မှတ်လိုက်ရာကနေ မြစ်ဖျားခံတာပဲ)

 
 

တစ်ဖက်က စစ်တပ်တင်သာမက တော်လှန်ရေးလို့ခေါ်တဲ့အင်အားစုတပ်တွေအတွက်ပါ လူသားအသက်ဟာ လက်နက်သဖွယ်အရေးပါလာတယ် အခု ဒီဥပဒေအကြောင်းသတင်းထွက်ပြီးတော့တောင် တချို့က ဒါဆို စစ်တပ်ထဲဆွဲခံရမဲ့အစား PDF ထဲဝင်ကြလို့ပြောဆိုလာကြတာတွေ ကျွန်မသတိထားမိတယ်

 
 

စစ်တပ်က သူ့ရဲ့တပ်ထဲကစစ်သားတွေရဲ့ လူဖြစ်တည်မှုကို လားလားမျှစိတ်မဝင်စား၊ စတေးမဲ့နံပါတ်တစ်ခုအနေနဲ့သာ တွေးမြင်တယ်ဆိုရင် ပုန်ကန်သူတပ်တွေဘက်ကရော တပ်သားတစ်ယောက်ချင်းစီရဲ့ လူဖြစ်တည်မှုကို ဘယ်လိုမှတ်ယူသလဲ?

 
 

ကျွန်မဟာ တပ်ဆိုရင် ဘယ်လိုတပ်ကိုမဆိုမနှစ်မြို့သူတစ်ဦးဖြစ်တယ် ဘာလို့လဲဆိုတော့ လွတ်မြောက်ရေးပဲဆိုဆို၊ အာဏာသိမ်းပိုက်ရေးပဲဆိုဆို မွန်မြတ်တဲ့ခေါင်းစဉ်ဖြစ်ပါစေ၊ စက်ဆုပ်ရွံရှာဖွယ်ခေါင်းစဉ်ဖြစ်ပါစေ ဘယ်ခေါင်းစဉ်အောက်ကနေမဆို လူသားတည်ရှိမှုတွေကို အက်ဘ်စတြတ်လုပ်လိုက်ခြင်းကို မနှစ်မြို့လို့ပဲဖြစ်တယ် ဒီနေရာမှာ မြန်မာပြည်ကိစ္စမှာတော့ စစ်တပ်ပြဿနာဟာ ကနဦးထင်ထင်ရှားရှားမြင်နေရပြီး ကမ္ဘာတစ်ဝှမ်းမှာတော့ အရင်းရှင်စနစ်ဟာ သေခြင်းရှင်ခြင်းနိူင်ငံရေးကိစ္စဖြစ်နေတာပါပဲ ဖီမီနင့်တွေးခေါ်ပညာရှင် လောရန်ဘာလန့် (Lauren Berlant) ကတော့ ဒါကို slow death ဖြေးညှင်းစွာသေခြင်းလို့ ဆိုပါတယ် အိန္ဒိယမျိုးနွယ်ပညာရှင် ဂျစဘီယားပူအား (Jasbir Paur) ကတော့ ဒါကို ကွီးယားဖြစ်တည်မှုနဲ့ချိတ်ဆက်တယ် (သေသင့်တယ်၊ သေလို့ရတယ်လို့သတ်မှတ်ခံရတဲ့သူတွေဟာ စည်းဘောင်မဝင်တဲ့သူတွေ၊ ကွီးယားတွေပေါ့လေ)

 
 

အခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာဟာလည်း မြန်မာပြည်က သေခြင်းရှင်ခြင်းနိူင်ငံရေး နောက်ထပ်ဥပမာတစ်ခုသာဖြစ်တယ် ဥပဒေထဲက စစ်မှုထမ်းခွင့်က ကင်းလွတ်ခြင်းဆိုတဲ့အခန်းမှာ အိမ်ထောင်ရှိတဲ့အမျိုးသမီး‌တွေ၊ အိမ်ထောင်ပျက်သော်လည်း သားသမီးရှိတဲ့အမျိုးသမီးတွေဟာ စစ်မှုထမ်းခြင်းက ကင်းလွတ်မယ်လို့ဆိုထားတာဟာလည်း ဂျန်ဒါနဲ့ heteronormativity (လိင်ကွဲချစ်ကြိုက်ခြင်းကိုသာ စံနှုန်းပြုခြင်း) နဲ့ သေခြင်းရှင်ခြင်းနိူင်ငံရေးကိုချိတ်ဆက်လိုက်တာပါပဲ

 
 

ဒါက အသက်ရှင်သန်ခွင့်ရှိတဲ့မိန်းမတွေဟာ အိမ်ထောင်သည်တွေ၊ သားမွေးခြင်းလုပ်အားကို “နိူင်ငံတော်” အတွက်လုပ်ပေးနေသူများသာဖြစ်တယ်လို့ တန်ဖိုးဖြတ်ပေးလိုက်ဝာာပဲမဟုတ်ဘူးလား?

 
 

အိမ်ထောင်မှမကျရင်၊ ကလေးမှမရှိရင် “နိူင်ငံတော်”အတွက် တန်ဖိုးမရှိဘူးလို့ဆိုလိုက်တာနဲ့ အတူတူပဲမဟုတ်လား?

 
 

အဲ့ဒီမိန်းမတွေမွေးမြူပေးလိုက်တဲ့သားသမီးတွေဟာ ‌တစ်နေ့နေ့မှာလည်း ကျည်ဆန်ခဲယမ်းတွေပဲ ပြန်ဖြစ်သွားမှာပဲမဟုတ်ဘူးလား?

 
 

ယောင်္ကျားလေးဆို စစ်မြေပြင်မှာ သေပြီး မိန်းကလေးဆို အဲ့ဒီသေသွားတဲ့ ယောင်္ကျားလေးအစားနေရာယူဖို့ နောက်ထပ်ကလေးတစ်ယောက်ကို မွေးမြူပေးရတာပဲ

 
 

ဒါ‌တွေဟာ သေခြင်းရှင်ခြင်းနိူင်ငံရေးပဲ

 
 

အာဏာသိမ်းပြီး တစ်လအတွင်းမှာ ကျွန်မမြန်မာပြည်မှာ ဟိုးလေးတကျော်ကျော်နာမည်ကြီးတဲ့ (အမေရိကားက) ဖီမီနင့်ဆရာမကြီးရဲ့ဖိတ်ခေါ်မှုကြောင့် မြန်မာပြည်ကတက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့တက္ကသိုလ်တစ်ခုကိစ္စအတွက် အစည်းအဝေးတစ်ခုတက်ဖြစ်ခဲ့တယ် အဲ့တုန်းက ဆရာမကြီးက မြန်မာပြည်က လူငယ်တွေဟာ ပြည်ပကို တိမ်းရှောင်ထွက်ခွာကြမဲ့အစား ပြည်တွင်းထဲမှာပဲနေပြီး စစ်အာဏာရှင်ကို တိုက်ကြသင့်တယ်လို့ ပြောခဲ့တယ် အဲ့ဒီအဆိုကို ကျွန်မ ကြားကြားချင်းကတည်းက သဘောမတူ စိတ်ကသိကအောက်ဖြစ်ခဲ့တယ် အဲ့ဒါကြောင့်ရော၊ အဲ့ဒီအစည်းအဝေးမှာ တကယ်တမ်းမြန်မာကျောင်းသားကျောင်းသူတွေနဲ့ တွေ့ရမဲ့အစား အမေရိကားအခြေစိုက်လူဖြူပညာရှင်မိန်းမတွေနဲ့သာ ကျွန်မက တဆင့်ကြားခံစကားပြောခဲ့ရတာတွေကြောင့် အဲ့ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီး အဲ့ဒီ့မီတင်ပြီးတော့ ကျွန်မဆက်လက်လက်တွဲအလုပ်မလုပ်ဖြစ်ခဲ့ဘူး

 
 

(NGO ဆန်ဆန် တကယ်တမ်း သူတို့ကူညီပေးနေတယ်ဆိုတဲ့လူတွေနဲ့ တိုက်ရိုက်ထိတွေ့ရမဲ့အစား ကြားထဲက ဗျူရိုကရေစီတွေအဆင့်ဆင့်နဲ့အရင်ဖြတ်သန်းနေရတာ စိတ်မရှည်လို့ပဲ အဲ့ဒီမီတင်ကို ကျောင်းသားကျောင်းသူတွေနဲ့တိုက်ရိုက်တွေ့ရမယ်ထင်လို့သွားခဲ့ပေမဲ့ အဲ့ဒီအဖြူတွေနဲ့သာ စကားပြောခဲ့ရတာ ပြန်တွေးကြည့်ရင် ရယ်စရာပါပဲ မြန်မာတွေက မြန်မာလိုအချင်းချင်းပြောဆိုဖလှယ်ကြရမဲ့အစားကြားထဲက အမေရိကန်တွေနဲ့ အင်္ဂလိပ်လို ပညာရှင်ဆန်ဆန်ပြောဆိုဆွေးနွေးခဲ့ရတာကိုး ဒါ့အပြင် အဲ့ဒီအဖြူပညာရှင်မိန်းမတွေကို ကျွန်မက ဒီကျောင်းပရောဂျက်ကို သူတို့ဘယ်လိုလည်ပတ်ဖို့ စဉ်းစားထားလဲမေးတဲ့အခါ သူတို့က ဒီပရောဂျက်ဟာ နှစ်ရှည်လများကြာချင်မှလည်းကြာမယ် သူတို့မသိဘူးဆိုတဲ့လေသံတွေဟာ ဒီကျောင်းကိစ္စကိုကူညီတာ တကယ်တမ်း မြန်မာပြည်ကကျောင်းသားကျောင်းသူတွေ လွတ်မြောက်ရေးဆိုတာထက် သူတို့ရဲ့ CV တွေထဲ စာကြောင်းတစ်ကြောင်းထပ်ထည့်ဖို့များလား ကျွန်မသံသယဝင်မိတယ် အဲ့တက္ကသိုလ်ကလုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်မလက်ရှိ ထဲထဲဝင်ဝင်လည်းမသိသလို ဘာမှလည်းဝေဖန်စရာမရှိပါဘူး)

 
 

အဲ့ဆရာမကြီးရဲ့အာဘော်ဘက်ကို ပြန်လှည့်ရရင် သူကိုယ်တိုင်က ပြည်ပမှာရှိနေပြီး မြန်မာပြည်လူငယ်တွေကတော့ဖြင့် ပြည်ပကို လွတ်ရာလွတ်ကြောင်း ကိုယ်လွတ်ရုန်းပြေးမဲ့အစား ပြည်တွင်းထဲနေပြီး တန်ပြန်တိုက်ခိုက်ရမယ်ဆိုတာ မမ်ဘေးပြောခဲ့သလို

 
 

“under the conditions of necropower, the lines between resistance and suicide, sacrifice and redemption, martyrdom and freedom are blurred”

 
 

“သေခြင်းတရားပါဝါအခြေအနေမှာတော့ ခုခံခြင်းနဲ့ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊ စတေးခြင်းနဲ့ ပြန်လည်ကယ်တင်ခံရခြင်း၊ သူရဲကောင်းပြုခြင်းနဲ့ လွတ်လပ်ခြင်းဆိုတာတွေကြားက စည်းတွေဟာ ဝါးတားတားဖြစ်လာတယ်” ဆိုသလိုပါပဲ (ဒီလိုပြောလို့ ပြည်ပက လွတ်မြောက်နေသလားဆိုတော့လည်း မဟုတ်ပါဘူး အထက်ကပြောခဲ့သလို အမေရိကန်လို ဒီမိုကရေစီနိူင်ငံလို့ခေါ်ကြတဲ့နေရာမှာတောင် စစ်သားစစ်သမီးအနေနဲ့ တိုက်ပွဲမှာ မသေတာရှိမယ်၊ အရင်းရှင်စနစ်အောက်မှာ ညှင်းပြီး စိတ်တွေအသတ်ခံထားရတဲ့သူတွေ အများကြီး ကျွန်မတွေ့ဖူးတယ်)

 
 

ဒါက တစ်ဖက်က “နိူင်ငံတော်” ဆိုတဲ့ State ရဲ့ အာဏာပါဝါနဲ့ ခုခံသူတွေရဲ့ အဲ့ဒီအာဏာကိုပြန်လည်တိုက်ခိုက်မှုတွေကြားမှာ လူသားတွေရဲ့သေခြင်းရှင်ခြင်းတွေဟာ ဘယ်ဘက်ကကြည့်ကြည့် လက်နက်ခဲယမ်းတွေအ‌နေနဲ့သာကျန်‌တော့တယ်ဆိုတဲ့သ‌ဘောပါပဲ ဒီနေရာမှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက် အမှန်တရားဘက်ကနေနေ၊ အင်အားကြီးသူဘက်ကနေနေ ကျွန်မတို့မှာ ရွေးစရာလမ်းဟာ နောက်ဆုံးမှာ သေဆုံးခြင်းပဲရှိတယ်ဆိုတာပဲ

 
 

သေဆုံးခြင်းကို နှစ်ဖက်လုံးက အရောင်တောက်တောက်ပပခြယ်သပြီး ကျွန်မတို့ကို အပြိုင်အဆိုင် “ရဲ‌သော်မသေ သေသော်ငရဲမလား” “တော်လှန်ရေးသူရဲကောင်း” အစရှိတဲ့ခေါင်းစီးကနား‌တွေနဲ့ မျက်လှည့်ပြ‌ရောင်းစားဖို့ကြိုးစားနေကြတာပါပဲ

 
 

ဒီလို ပျစ်ပျစ်နှစ်နှစ်ပြောလို့ ကျွန်မကို “ဘောမ’၊ “ကြားနေ” အစရှိသလို ခေါ်ချင်လည်း ခေါ်လို့ရပါတယ် (ဒီနေရာမှာ ကြားထဲကနေ တကယ်တမ်းရွှေပြည်အေးတရားဟောနေတာတော့ မဟုတ်ပါဘူး ဟောဖို့လည်း စိတ်မဝင်စားပါဘူး) အဲ့ဒါဆို ဘာလုပ်ကြရမှာလဲဆိုတဲ့ မေးခွန်းကိုလည်း scenario ၁ scenario ၂ ဆိုပြီး armchair နိူင်ငံရေးသုတေသီတွေလို ကျွန်မဟောကိန်းမထုတ်တတ်ဘူး ‌ထုတ်ဖို့လည်း စိတ်မဝင်စားဘူး

 
 

မိန်းမယောင်္ကျားသူရဲကောင်းအစရှိတဲ့လေဘယ်တွေမတိုင်ခင်မှာ ကျွန်မဟာ လူသားတစ်ယောက်သာအရင်ဖြစ်တယ်

 
 

ကိုယ်နှိုက်ကလူသားတစ်ယောက်ဖြစ်တဲ့သူအနေနဲ့ ကျွန်မအတွက်ကတော့ ကျွန်မရဲ့အသက်ရှင်မှု၊ လူသားတွေအားလုံးရဲ့အသက်ရှင်မှု၊ အသက် ၁၈ နှစ်ပြည့်ပြီးသွားသော ကျွန်မရဲ့တူလေး၊ ပြည့်ခါနီးဆဲဆဲတူလေးတွေ၊ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကြား မျက်ဝါးထင်ထင်ကြီးပြင်းလာရသူမို့ အိမ်ထောင်ပြုလိုစိတ်မရှိတဲ့ ကျွန်မတူမလေးရဲ့အသက်ရှင်မှုတွေ (ဒီနေရာမှာ အခြားသောသက်ရှိတွေကိုပါ ထည့်သွင်းစဉ်းစားကြည့်လို့ရကောင်းရနိူင်ပါတယ်) ကို ပြယုဂ်တစ်ခုသာသာသာ မဖြစ်စေချင်ဘူး ကျွန်မရဲ့အသက်ရှင်မှုတန်ဖိုးဟာ ကျွန်မဘယ်လောက်စတေးနိူင်သလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျ‌မနေစေချင်ဘူး

 
 

စစ်တိုက်ပွဲတွေအတွက် မိမိသိလျက်၊ လိုချင်လျက်နဲ့ဖြစ်စေ၊ မသိလိုက်မသိဘာနဲ့ဖြစ်စေ စတေးခံလိုက်ရတဲ့အသက်တွေ၊ အရင်းရှင်စနစ်ရဲ့ တိတ်တဆိတ် နိစ္စဒူဝညှင်းညှင်းပြီးသတ်ဖြတ်ခံနေရတဲ့အသက်တွေ၊ “နိူင်ငံတော်”ဆိုတာရဲ့ ဖိအားပေးမှုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ သိက္ခာအခြေပြုပြီး အသက်စတေးနိူင်သလား၊ မနိူင်သလားဆိုတာပေါ်မှာသာ မူတည်ပြီး တန်ဖိုးသတ်မှတ်ခံလိုက်ရတဲ့အသက်တွေအပေါ်မှာသာ ကျွန်မရှင်သန်လိုသူတစ်ဦးအနေနဲ့သာ ယူကြုံးမရဖြစ်မိတယ် ကျွန်မရဲ့အသက်ရှင်သန်လိုမှုဟာ ကျွန်မကို သူရဲဘောကြောင်တယ်၊ သတ္တိမဲ့တယ်၊ တန်ဖိုးမရှိဘူး၊ သေသင့်တယ်လို့ ဆိုမယ်ဆိုလည်း ဆိုကြရုံပဲရှိတော့တာပေါ့လေ

 

ပုံ – ထိုင်းနိူင်ငံတစ်နေရာ လူသွားလမ်း‌ဘေးတစ်နေရာတွင် ညဘက် ရုတ်တရက်ဘွားခနဲတွေ့လိုက်ရသော “လက်နက်ခဲယမ်းများတပ်ဆင်ထား၍” ဟူသော ထိုင်းဘာသာစာတန်းနှင့် လူ့အရွယ်အစား အမေရိကန်စစ်သားပုံကတ်ထူပြား

 

Helene Maria Kyed နဲ့ Ah Lynn တို့ ၂၀၂၁ ခုနှစ်ကရေးသားသော မြန်မာပြည်စစ်တပ်မှ စစ်သားများ ဘက်ပြောင်းခြင်းအကြောင်းအစီရင်ခံစာတမ်း

အခေးလီးမမ်ဘေး (Achille Membe) ရဲ့ ၂၀၀၃ ခုနှစ်ထုတ် သေခြင်းရှင်ခြင်းနိူင်ငံရေးအကြောင်းစာတမ်း

အမ်မလီ ဒေါက်ဂလပ်စ် (Emily Douglas) ရေးတဲ့ ဂျစဘီယားပူအား (Jasbir Paur) ရဲ့ The Right to Maim စာအုပ်အကြောင်း

လောရန်ဘာလန့် (Lauren Berlant) ၂၀၀၇ ခုနှစ်ကရေးသားသော Slow Death ဆောင်းပါး

Human Rights Watch မှ ၂၀၀၇ ခုနှစ်တွင်ထုတ်ပြန်သော မြန်မာပြည်စစ်တပ်မှ ကလေးစစ်သားများစုဆောင်းမှုအစီရင်ခံစာ

 

ချုပ်ရိုးများ၏တန်ဖိုး

 

အခုတလော ကျွန်မ မြန်မာလိုစာအရေးကျဲနေမိတယ် တာဝန်နဲ့ဝတ္တရားအရရေးရမဲ့/တဲ့စာတွေရှိနေတော့ လွတ်လပ်စွာစာရေးသားခြင်းဘက်ကို ကျွန်မစိတ်ရှိပေမဲ့အာရုံမပေးနိူင်ဘူးဖြစ်နေတယ် အဲ့တော့ ဒီလို ကိုယ့်စိတ်နှစ်ခြိုက်တာရှိနေရက်နဲ့ လုပ်ဖို့၊ အကောင်အထည်ဖော်ဖို့ အခြေ‌အနေမပေးတဲ့ဘဝတွေထဲက ထုတ်လုပ်မှုဦးစားပေးဝိသေသနသွင်ပြင်တစ်ခုအကြောင်းကို ကျွန်မဒီနေ့တော့ လုပ်စရာတွေရှိနေရက်နဲ့ အချိန်ယူပြီးချရေးပါရစေ

 
 

ပြီးခဲ့တဲ့နှစ်ထဲကဖြစ်မယ် ထင်ပါတယ် ကျွန်မရဲ့ပုဂ္ဂလိဂအကောင့်ကနေတဆင့် ပညာရှင်ရပ်ဝန်းထဲကမိတ်ဆွေတစ်ယောက်ကနေတင်ထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်ရတယ် ပုံကတော့ သိပ်အထူးအဆန်းကြီးမဟုတ်ပါဘူး သူ့ပညာရပ်ဆွေးနွေးပွဲတစ်ခုတက်တုန်း လူချင်းဆုံခဲ့ရတဲ့ပါမောက္ခတစ်ယောက်နဲ့တွဲရိုက်ထားတဲ့ပုံပါ ဒါပေမဲ့ ပုံရဲ့ခေါင်းစီးဟာ ကျွန်မစိတ်ထဲအခုထိ တနုံ့နုံ့ဖြစ်နေစေခဲ့တယ် မြန်မာလိုပြန်ရရင်တော့ “အင်မတန်မှ ထုတ်လုပ်မှုအားကောင်းသော ဆရာမကြီးနှင့်” လို့အဓိပ္ပါယ်ပေါက်မယ်ထင်တယ် ဒီနေရာမှာ productivity ဆိုတဲ့အင်္ဂလိပ်စကားလုံးကို ထုတ်လုပ်မှုလို့ ကျွန်မပြန်လိုက်တာပေါ့နော်

 
 

ကျွန်မလည်း အဲ့ဒီဆရာမကို လူချင်းမတွေ့ဖူးပေမဲ့ မျက်မှန်းတန်းနေမိပါတယ် သူဟာ ပညာရပ်ဆိုင်ရာစာတမ်းတွေ၊ ပေပါတွေ တစ်နှစ်ကို ဒါဇင်နဲ့ချီပြီးရေးနိူင်၊ ထုတ်နိူင်တဲ့အပြင် စာအုပ်တွေလည်း ထုတ်ထားတာ အခုဆို ၂ အုပ်လောက်တော့ ရှိပြီထင်ပါတယ် အဲ့ဒါအပြင် သူ့ရဲ့ဌာနမှာလည်း ဌာနမှူးတာဝန်ကိုယူထားပါသေးတယ် ကျွန်မတို့လို အပြင်ကနေကြည့်ကြတဲ့သူတွေအဖို့တော့ အင်မတန်လုပ်ဆောင်နိူင်တဲ့သူပေါ့နော်

 
 

ဒါပေမဲ့ ဘာလို့ ဒီကျွန်မမိတ်ဆွေရဲ့ခေါင်းစီးဟာ ကျွန်မစိတ်ကို တနုံ့နုံ့ဖြစ်နေစေခဲ့ရခြင်းအကြောင်းရင်းကတော့ အဲ့ဒီဆရာမကြီးရဲ့တန်ဖိုး၊ နာမည်ကျော်ကြားမှု၊ လူသိထင်ရှားဖြစ်မှုဟာ သူ့ရဲ့ထုတ်လုပ်မှုနဲ့ ဘာကြောင့်၊ ဘယ်လောက်တောင် တိုက်ရိုက်အချိုးကျနေရတာလဲဆိုတာ ကျွန်မစိတ်ထဲ ကသိကအောက်ဖြစ်မိလို့ပဲဖြစ်တယ်

 
 

လူတစ်ယောက်ရဲ့ (ဒီနေရာမှာ ဒီဆရာမကြီးလို ပညာရှင်သုတေသီမဟုတ်ဘဲ သာမန်လူဆိုရင်တောင်မှ) တန်ဖိုးဟာ သူ့ရဲ့ တစ်စုံတစ်ရာထုတ်လုပ်နိူင်စွမ်းပဲလား?

 
 

ဘာဆိုဘာမှထုတ်လုပ်မှုမရှိတဲ့သူတွေဟာ ကျွန်မတို့လူ့ဘောင်မှာ တန်ဖိုးမရှိတော့တဲ့သူတွေလား?

 
 

တန်ဖိုးထိုက်တယ်လို့မှတ်ယူလေ့ရှိကြတဲ့ ထုတ်လုပ်နိူင်စွမ်းတွေကတော့ ဘာတွေဖြစ်မလဲ?

 
 

ဒီမေးခွန်းတွေကို ကျွန်မဆက်စဉ်းစားဖြစ်မိတယ် အမေရိကန်နိူင်ငံရဲ့ လုပ်အားဝန်ကြီးဌာနကတော့ productivity ကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ထားတယ် (အမေရိကန်လုပ်အားဝန်ကြီးဌာနကို ကိုးကားတာက သူ့ကိုထောက်ခံတယ်ဆိုတာထက် နိူင်ငံတော်ဆိုတဲ့လက်အောက်က ယန္တရားတွေရဲ့ လူတွေအပေါ် ယေဘုယျမြင်ယောင်ထားတာတွေကို မသိမသာဝေဖန်ချင်လို့ပဲဖြစ်တယ်)

 
 

“Productivity is a measure of economic performance that compares the amount of goods and services produced (output) with the amount of inputs used to produce those goods and services.”

 
 

“ထုတ်လုပ်နိူင်စွမ်း‌ဆိုသည်မှာ ထွက်ရှိလာသောအရာဟုခေါ်သော ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုပမာဏကို ထိုကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုထွက်ရှိရန်အသုံးချရသော ထည့်သွင်းရသောအရာကို နှိုင်းယှဉ်တိုင်းထွာသော စီးပွားရေးလုပ်ဆောင်မှုဖြစ်သည်” တဲ့

 
 

ဆိုလိုတာက တစ်စုံတစ်ရာထွက်ရှိလာဖို့အတွက် ဘယ်လောက်ခွန်အားစိုက်ထုတ်လိုက်ရသလဲ၊ အဲ့ဒီခွန်အားစိုက်ထုတ်မှုဟာ ထွက်ရှိလာတဲ့အရာရဲ့တန်ဖိုးထက် ပိုများသလား၊ ပိုနည်းသလားပေါ့လေ

 
 

ကျွန်မဟာ စီးပွားရေးပညာရှင်တစ်ယောက်လည်းမဟုတ်သလို စီးပွားရေးရာတွေလည်း သိပ်ထဲထဲဝင်ဝင်နားလည်တဲ့သူတော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြည့်မဲ့ဆိုရင်ပဲ အရင်းနည်းနည်းစိုက်ပြီး အမြတ်များများရလေလေ ဒါကို ထုတ်လုပ်နိူင်စွမ်းအားကောင်းတယ်လို့ မှတ်ယူကြမယ်လို့ အကြမ်းဖျင်းသဘောပေါက်ကြည့်လို့ရပါတယ်

 
 

ဒါကတော့ ကျွန်မတို့ပတ်ဝန်းကျင်မှာ သုံးစွဲနေကြတဲ့စက်ပစ္စည်းတွေ၊ ကိရိယာတွေကို သူတို့ရဲ့ထုတ်လုပ်မှုအားဘယ်လောက်ကောင်းမလဲဆိုတာ ဒီအမြင်နဲ့ဆန်းစစ်ကြည့်ကြလို့ရမယ်ထင်ပါတယ် ဆန်းစစ်ကြည့်ကြတာပဲမဟုတ်လား?

 
 

ဒါပေမဲ့ ဒီနေရာမှာ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဘာလို့ လူသားတစ်ယောက်(ဒါမှမဟုတ် သက်ရှိသတ္တဝါတစ်ကောင်)ရဲ့အရင်းအမြစ်တန်ဖိုးအတွက် စဉ်းစားကြည့်ကြတာလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာတယ်

 
 

ဥပမာပေးရရင် သိုးမွေးထိုးခြင်းအလုပ်ဖြစ်မယ် အခုတလောခေါင်းနဲ့စဉ်းစားရတာတွေများလို့ ကိုယ်လက်အထိအတွေ့ကိုပြန်ဦးစားပေးတဲ့အနေနဲ့ ကျွန်မ တစ်ချောင်းထိုး (crochet) တွေပြန်ထိုးဖြစ်တယ် ဆောင်းရာသီလည်းဖြစ်တော့ ခင်မင်တဲ့မိတ်ဆွေတွေကို ဦးထုပ်တွေ၊ ပုဝါတွေထိုးပေးဖြစ်တယ် ဒီနေရာမှာ သိုးမွေးထိုးရင်း သတိထားမိတာက အင်မတန်သေးငယ်လှတဲ့သိုးမွေးဦးထုပ်တစ်လုံးကို ထိုးဖို့ဆိုရင်တောင် တစ်ရက်ထက်ပိုပြီး ကျွန်မအချိန်ယူရတယ်ဆိုတာပဲ နေ့နေ့ညညထိုးရင်တောင်မှ လူရဲ့လက်ဟာ စက်လောက်မမြန်နေဘူးလေ သိုးမွေးထိုးကြတဲ့အသိုင်းအဝိုင်းမှာလည်း ကျွန်မလေ့လာရသလောက် အဲ့ဒါကြောင့် သူတို့လက်နဲ့ထိုးထားတဲ့ဆွယ်တာတွေ၊ ပစ္စည်းတွေ၊ ဦးထုပ်တွေကို ရောင်းချလေ့မရှိဘူးဆိုတာပဲ ဒီ community မှာတော့ အဓိကရောင်းချလေ့ရှိတာ pattern လို့ခေါ်တဲ့ ဒီဇိုင်းတွေပေါ့နော် ထိုးချင်တဲ့သူက ကိုယ်ထိုးချင်တဲ့ pattern ကို ဝယ်ပြီး ကိုယ်ထိုးချင်တဲ့သိုးမွေးလုံးအရောင်အမျိုးအစားနဲ့ထိုးကြတာပေါ့ ခန္ဓာလုပ်အားထက် ဉာဏလုပ်အားကို ပြန်ရောင်းတာပေါ့ (ဒီနေရာမှာ အကြမ်းဖျင်းအနေနဲ့ သိုးမွေးလို့သာသုံးတာပါ တကယ်တမ်းက သိုးကနေမဟုတ်ဘဲ ချည်ကနေထွက်တဲ့၊ ဝါးကနေထွက်တဲ့အမွေးတွေနဲ့လည်း သိုးမွေးထိုးလို့ရပါတယ်)

 
 

ထားပါတော့ ဒီနေ့ရေးချင်တာ သိုးမွေးထိုးခြင်းအကြောင်းမဟုတ်ပေမဲ့ ထုတ်လုပ်နိူင်စွမ်းနဲ့စဉ်းစားမယ်ဆိုလို့ရှိရင် အခုချိန်မှာ စက်နဲ့ထိုးတဲ့သိုးမွေးအဝတ်အထည်တွေ၊ ပစ္စည်းတွေပေါ်လာချိန်၊ သူတို့ကိုလည်း ဈေးအတော်အသင့်နဲ့လူတိုင်းဝယ်လို့ရလာတဲ့အချိန်မှာ လက်နဲ့နှစ်ရှည်လများထိုးရတဲ့၊ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် စိုက်ရတဲ့အချိန်နဲ့လုပ်အားအရင်း၊ သိုးမွေးထိုးသူရဲ့အချိန်နဲ့သာ လစာတွက်လိုက်မယ်ဆိုရင် အဲ့ဒီဆွယ်တာဟာ သိန်းသောင်းနဲ့မကချီနေနိူင်တာမို့ အထက်က ထုတ်လုပ်နိူင်စွမ်းအဓိပ္ပါယ်နဲ့တွက်တဲ့အခါ ဈေးတွက်မကိုက်တော့ဘူး

 
 

ဒါပေမဲ့ ကျွန်မတို့လူတွေအနေနဲ့ ဒါဆိုဘာတွေ ဒီလိုထုတ်လုပ်နိူင်စွမ်းနဲ့ တွက်ခြေမကိုက်တဲ့အလုပ်တွေကို ဘာကြောင့်လုပ်နေကြသလဲ? လူသားဖြစ်တည်မှုမှာ ထုတ်လုပ်နိူင်စွမ်းရဲ့စည်းဘောင်အပြင်မှာရောက်နေတာတွေရှိနေနိူင်မလား? ရှိနေတော့ရော ဘာဖြစ်လဲ ဆိုတာ ကျွန်မစဉ်းစားမိတယ်

 
 

သိုးမွေးထိုးကြတဲ့ရပ်ဝန်းရဲ့သမိုင်းကိုပြန်ကြည့်ရင် များသောအားဖြင့် ဒီလိုအချိန်ကြာရှည်ယူပြီးစိမ်ပြေနပြေလုပ်ရတဲ့အလုပ်ကို အိမ်မှာ အပြင်အလုပ်မလုပ်‌တဲ့အဘွားတွေ၊ မိန်းမတွေကသာ pastime အချိန်ကုန်မြန်အောင် (ဒါမှမဟုတ်) အားယားနေတုန်း လုပ်ကြတဲ့ဝါသနာလို့မြင်ယောင်လေ့ရှိကြတယ် (ကျွန်မတောင် သိုးမွေးထိုးတာကို အရင်ဆုံးသင်ယူမိတာက လွန်ခဲ့သော ၁၀ နှစ်က ကျွန်မကျောင်းမှာ ညပိုင်းပြုလုပ်တဲ့ stitch & bitch (ချုပ်ကြောင်းနဲ့ အတင်းချ) ဆိုတဲ့မိန်းမတွေစုစည်းရာရပ်ဝန်းတစ်ခုကို မျက်စိလည်လမ်းမှားရောက်ရာက အဲ့က အန်တီကြီးတွေသင်ပေးလိုက်လို့ပဲဖြစ်တယ် ဒီနေရာမှာ bitch ဆိုတာတော့ မိန်းမတွေကသာ ပွစိပွစိကွန်ပလိန်းတက်တယ် (bitching) ဆိုတဲ့ မိန်းမတွေကို နှိမ်ချခေါ်ဝေါ်တဲ့အသုံးအနှုန်းကို အန်တီကြီးတွေက တမင်တကာပြန်လည်သုံးထားတာဖြစ်ပါတယ် မြန်မာလိုဆိုရင်တော့ သန်းရှာရင်းအတင်းချဆိုတဲ့သဘောပေါ့နော် အခုတော့ ယောင်္ကျားတချို့နဲ့ မိန်းမမဟုတ်သူတွေလည်း သိုးမွေးထိုးကြပါတယ် ဒါပေမဲ့ အခုချိန်ထိ သိုးမွေးထိုးခြင်းလို လက်မှုပညာရပ်တော်တော်များများကို မိန်းမတွေရဲ့အလုပ် (သို့) မိန်းမဆန်တဲ့အလုပ်တွေလို့သတ်မှတ်ထားကြပါသေးတယ် သိုးမွေးထိုးတဲ့ယောင်္ကျားတွေရှိရင်တောင် သူတို့ကိုမိန်းမဆန်တယ်လို့ မြင်ယောင်တတ်ကြတယ်)

 
 

အဲ့ဒီတော့ ကျွန်မစဉ်းစားမိတာက သိုးမွေးထိုးခြင်းလိုဈေးတွက်မကိုက်တဲ့အလုပ်တွေဟာ မိမိဝါသနာအလျောက်အားလပ်ချိန်လုပ်တဲ့အလုပ်တွေဖြစ်သွားပြီး အများအားကျလက်ခံရ‌လောက်တဲ့ရလဒ်တစ်စုံတစ်ရာ (ငွေကြေး၊ ပစ္စည်း၊ ဒီနေရာမှာ အထက်က ဆရာမကြီးလို intellectual output ဉာဏ်ပညာနဲ့ထုတ်လုပ်တဲ့အရာတွေ) ရှိမှသာလျှင် ကျွန်မတို့လူ့ပတ်ဝန်းကျင်က ဘာလို့ပိုတန်ဖိုးထားကြတာလဲဆိုတာပဲ

 
 

လူသားတွေအနေနဲ့ ဘာဆိုဘာမှမထုတ်လုပ်ဘဲမနေနိူင်ဘူးဆိုရင် ဘာလို့ တချို့သောထုတ်လုပ်မှုတွေက ပိုပြီးမြင့်မြတ်တယ်၊ တန်ဖိုးရှိတယ်လို့ယူဆကြရတာလဲ? ဒီနေရာမှာ လူမှုထုတ်လုပ်ရေးလို့ခေါ်ကြတဲ့ မျိုးဆက်ပွားသားဖွားရေးတွေကိုပဲကြည့်မယ်ဆိုရင် သားဖွားခြင်းဟာ မိန်းမတွေရဲ့ဇီဝဗေဒသမိုင်းပေးတာဝန်ဆိုပြီး အခကြေးငွေချီးမြှင့်မဲ့အစား ပေါ့ပေါ့တန်တန်မှတ်ယူလိုက်ကြတယ်မလား? မိမိရဲ့သားဥကိုပါ ရောင်းချလို့ရလာတဲ့ခေတ်ကြီးမှာတော့ မျိုးဆက်ပွားရေးကလည်း ငွေကြေးတန်ဖိုးဖြတ်လို့ရတဲ့အလုပ်တစ်ခုတော့ဖြစ်နေပါပြီလေ ဒီနေရာမှာတောင် မိမိသားဥရဲ့တန်ဖိုးဟာ မိမိပညာဘယ်လောက်တတ်သလဲ၊ ရုပ်ချောသလား၊ မိဘမျိုးရိုးကောင်းသလားဆိုတာတွေအပေါ်မှာ ပြန်မူတည်နေပြန်တယ် ဒီနေရာမှာ မာ့စ်ရဲ့လုပ်အားရေးရာရှုထောင့်ကနေရေးသားထားတဲ့ လူမှုပြန်လည်ထုတ်လုပ်‌ရေးဆိုင်ရာဖီမီနင့်ဇင်အကြောင်းအတွက် တစ်နေ့က ဒို့အရေးစာမျက်နှာမှာတင်ထားတဲ့ မချယ်ရီယာရေးတဲ့ Social Reproduction of Feminism ဆိုတဲ့ဆောင်းပါးကိုညွှန်းချင်ပါတယ် (ဆောင်းပါးရှဲပေးတဲ့ မိတ်ဆွေ H ကို ကျေးဇူးတင်ပါတယ်)

 
 

ကျွန်မရဲ့”ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း” ဆိုတဲ့ဆောင်းပါးထဲမှာ သုံးသပ်ခဲ့သလိုပဲ ဆန်ကုန်မြေလေးလို့သတ်မှတ်ခံလိုက်ရတဲ့သူတွေကို ကျွန်မတို့လူ့အဖွဲ့အစည်းအတွက် အသုံးမဝင်ဘူးလို့မှတ်ယူလိုက်ကြတဲ့အရင်းရှင်‌ခေတ်မှာတော့ လူသားဖြစ်တည်မှုဟာ function (၎င်းရဲ့လုပ်ဆောင်ချက်) အပေါ်မှာသာ မူတည်နေတော့တယ် လူတစ်‌ယောက်/သက်ရှိတစ်စုံတစ်ရာရဲ့တန်ဖိုးကို ၎င်းရဲ့လုပ်ဆောင်ချက်သက်သက်နဲ့သာမကြည့်ဘဲ ၎င်းရဲ့ဖြစ်တည်မှု၊ ၎င်းဖြစ်တည်မှုကနေတဆင့်သူ့ရဲ့ဘေးပတ်ဝန်းကျင်အပေါ်သက်ရောက်သွားမှုတွေကနေရော ဆုံးဖြတ်လို့မရနိူင်ဘူးလား?

 
 

သိုးမွေးထိုးတာနဲ့ပဲပြန်ဆက်ရရင် ဦးထုပ်တစ်လုံးကို ၃-၄-၅၀၀၀ ပေးပြီးဝယ်လို့ရနေတဲ့အချိန်မှာ အချိန် ၃/၄ ရက်ယူပြီး မိတ်ဆွေတစ်ယောက်က ကိုယ်တိုင်အချိန်ယူ၊ ချုပ်ရိုးတစ်ချက်ချင်းစီတိုင်း သူ့လက်နဲ့ထိတွေ့ပြီး ထိုးပေးလိုက်တဲ့ သိုးမွေးဦးထုပ်တစ်လုံးဟာ ထိုးပေးလိုက်သူရဲ့ကိန်းဂဏာန်းတွေနဲ့ တန်ဖိုးဖြတ်လို့မရတဲ့အကြင်နာမေတ္တာတွေဟာ လူဖြစ်တည်မှုရဲ့တကယ့်တန်ဖိုးတွေဟုတ်မနေဘူးလား?

 
 

လူဖြစ်တည်မှုရဲ့တန်ဖိုးကဘာလဲ?

 

အဆုံးစွန်ထိပြောရရင် “တန်ဖိုး”ဆိုတဲ့သဘောတရားက ရှိရောရှိသင့်သေးရဲ့လား? (ဥပမာ – တချို့ဖီမီနင့်တွေအတွက် လစာတန်ဖိုးမပေးခံရတဲ့အလုပ်တွေ သားမွေး၊ ထမင်းချက်အစရှိတာကို ထိုက်သင့်တဲ့ညီတူညီမျှပိုက်ဆံပေးသင့်တယ်လို့ဆိုကြပေမဲ့ တချို့တွေကတော့ အဲ့လိုပိုက်ဆံပေးလိုက်တာဟာလည်း တန်ဖိုးဖြတ်လိုက်တာပါပဲလို့ ဆိုကြပြန်တယ်)

 
 

အရင်းရှင်စနစ်ရဲ့ကြီးစိုးမှုဟာ ကုန်ပစ္စည်းထုတ်လုပ်‌မှုတွေမှာသာမက အဲ့ဒီအရင်းရှင်စနစ်ကို ပြန်လည်ဝေဖန်ကြတဲ့ဆိုတဲ့ အသိပညာထုတ်လုပ်မှုရပ်ဝန်းဆိုတဲ့နေရာမှာတောင် နေရာယူလို့လာပါပြီ ကိုယ်ရေးတဲ့စာတွေ၊ အသိပညာ‌ဆိုတာတွေရဲ့ ဘေးပတ်ဝန်းကျင်ကိုပြန်လည်သက်ရောက်မှု၊ ကိုယ်ရေးချင်လို့ရေးတယ်ဆိုတာထက် တစ်နှစ်ကို စာတမ်းဘယ်နှစောင်ရေးနိူင်သလဲ၊ ထုတ်နိူင်သလဲ၊ စာအုပ်ဘယ်နှအုပ်ထုတ်နိူင်သလဲဆိုတဲ့ (ဒီနေရာမှာ အသိပညာထုတ်လုပ်မှုလုပ်အားကို alienated (ထုတ်လုပ်သူကနေ သူစိမ်းပြုလိုက်တယ်) လို့ဆိုချင်မှဆိုကြပေမဲ့ (ဒါကတော့ အသိပညာထုတ်လုပ်မှုဟာ ထုတ်လုပ်သူရဲ့ identity နဲ့ အနည်းအများညှိတွယ်ပတ်သက်နေသေးတာကိုး) နောက်ဆုံးမှာ‌တော့ ထွက်ကုန်ကိုသာကြည့်ပြီး တန်ဖိုးဖြတ်ခံလိုက်ရတာပါပဲ)

 
 

အရေအတွက်ကိန်းဂဏာန်းနံပါတ်တွေကိုသာ ဦးစားပေးတတ်တဲ့၊ အပေါ်ယံအထင်ကြီးတတ်ကြတဲ့လောကကြီးထဲမှာ ကျွန်မရဲ့ဖြစ်တည်မှုဟာ အပေါင်းအနှုတ်သင်္ကေတသာသာလောက်သာကျန်သွားခဲ့နိူင်ပါလားဆိုတာ ရောင်းစားလို့ ပိုက်ဆံတစ်ပြားသားမှမရလောက်တဲ့၊ ဝတ်မဲ့သူလည်း ရှိချင်မှရှိမဲ့ဦးထုပ်တွေ၊ လည်စည်းတွေကို အားအားယားယားသိုးမွေးထိုးရင်း ကျွန်မစဉ်းစားဘဝင်မကျစက်ဆုပ်ရွံရှာဖြစ်မိရပါတော့တယ်

 

ပုံ – လွန်ခဲ့သောလထဲက ရောက်တတ်ရာရာထိုးပြီးခါမှ အိမ်ရှိလူမည်သူနှင့်မှမတော်သောကြောင့် ထိုအတိုင်းသိမ်းထားလိုက်ရသော ကျွန်မ၏လက်ထိုးစွပ်ကျယ်တစ်ထည်

 

အမေရိကန် လုပ်အားဝန်ကြီးဌာနရဲ့ ထုတ်လုပ်နိူင်စွမ်းအဓိပ္ပါယ်ဖွင့်ဆိုချက်

 

မချယ်ရီယာရဲ့ Social Reproduction of Feminism ဆောင်းပါး

 

စူဇန်ဖာဂူဆန် (Susan Ferguson) သုံးသပ်ခဲ့တဲ့ လူမှုပြန်လည်ထုတ်လုပ်ရေးသီအိုရီပေါက်ဖွားပြောင်းလဲလာပုံ ဆောင်းပါး

 

ကျွန်မရဲ့ ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း ဆောင်းပါး

ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း