လုပ်ခြင်းဖြစ်ခြင်း

“ကြီးလာရင် ဘာဖြစ်ချင်လဲ? ဆရာဝန်ကြီးလား? အင်ဂျင်နီယာကြီးလား?”

ဒီမေးခွန်းက ကျွန်မတို့လူ့အဖွဲ့အစည်းတိုင်းမှာ စကားတောင်သေချာပီအောင် မပြောတတ်သေးတဲ့ကလေးတွေကို လူကြီးတွေကမေးလေ့ရှိတဲ့မေးခွန်းတစ်ခုပဲ ကလေးက ရိပ်ဖမ်းသံဖမ်းလေး ဆရာဝန်ဖြစ်ချင်ပုံရရင်၊ ဒါမှမဟုတ်လည်း ပလတ်စတစ်အရုပ်နားကြပ်လေးဝယ်ပေးပြီး “သမီးလေးက ဆရာဝန်မကြီးဖြစ်ချင်တာမလား” အစရှိသဖြင့် ကလေးကို ကိုယ်လိုရာဆွဲပြီး အတင်းကာရော အသက်မွေးဝမ်းကျောင်းအလုပ်လေဘယ်တွေနဲ့ တံဆိပ်ကပ်လိုက်ကြပြန်တယ်

ဒီနေရာမှာ သေချာစဉ်းစားကြည့်ရင် ဒီ‌မေးခွန်းတွေရဲ့နောက်မှာ ပြဿနာကနှစ်မျိုးရှိနိူင်ပါတယ် ပထမက မိဘနဲ့ကလေးဆိုတဲ့မိသားစုတည်ဆောက်ပုံရင်းနှီးဆက်ဆံမှုတွေကြားကနေ ငယ်ရွယ်နုနယ်သေးတဲ့လူသားတစ်ယောက်ကို မိဘလို့ခေါ်တဲ့လူကြီးနှစ်ယောက်ကနေ သူတို့မွေးထုတ်ပျိုးထောင်နေတဲ့လူသားတစ်ယောက်ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒဆိုတာထက် သူတို့ဖြစ်စေချင်တာတွေ မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း ဆွဲယူပြီးအတင်းပုံသွင်းတဲ့ပြဿနာပေါ့ (ဆွေမျိုးတွေ အဖိုးအဖွားတွေပါပေါင်းရင် နှစ်ယောက်ထက်ပိုနိူင်ပါတယ်)

ဒါကို တချို့ကတော့ ကျွန်မတို့မြန်မာပြည်ရဲ့ မိဘစကားနားထောင်ရမယ်ဆိုတဲ့၊ “မိဘမျက်နှာ အိုးမည်းမသုတ်ရဘူး” တို့ဆိုတဲ့ရိုးရာဓလေ့တွေကြောင့် ကျွန်မတို့မြန်မာအသိုင်းအဝိုင်းမှာပဲဖြစ်နေတဲ့ပြဿနာလို့ မှတ်ယူကောင်းမှတ်ယူကြပါလိမ့်မယ် ဒါပေမဲ့ ဗြိတိသျှအဘောလစ်ရှင်းနစ်ဖီမီနင့်စာရေးဆရာမ ဆိုဖီလူးဝစ် (Sophie Lewis) ကတော့ သူ့ရဲ့ ၂၀၂၂ ခုနှစ်မှာထုတ်တဲ့ “မိသားစုကို ဖြိုချဖျက်ဆီး – ဂရုစိုက်မှုနဲ့လွတ်မြောက်ရေးအတွက် ကြေငြာချက် (“Abolish the Family: A Manifesto for Care and Liberation”) ဆိုတဲ့စာအုပ်ထဲမှာတော့ မိသားစုဆိုတဲ့သဘောတရားကိုယ်နှိုက်ကိုက ဘယ်ရိုးရာဓလေ့မှာမဆို အင်မတန်အဆိပ်အတောက်ပြင်းတဲ့သဘောတရားပဲဆိုပြီး ထောက်ပြထားပါတယ် လူးဝစ်ဆိုလိုချင်တာကို ကျွန်မသဘောပေါက်ရသလောက်ရတော့ မိသားစုဆိုတဲ့ခေါင်းစဉ် (မနုဿဗေဒမှာဆိုရင်တော့ kin လို့ခေါ်တဲ့ အမျိုးအနွယ်ပေါ့) အောက်ကနေ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဖြစ်တည်မှု၊ လွတ်မြောက်မှုနဲ့ ဂရုစိုက်မှုတွေကိုပျိုးထောင်ရမဲ့အစား များသောအားဖြင့် မိသားစုခေါင်းစဉ်အောက်နေ ပြန်လည်မွန်းကျပ်အောင်ဖိနှိပ်ထားတယ်ဆိုတဲ့ အဆိုပြုချက်ပဲ

ဒါကို သေချာတွေးကြည့်ရင် ကျွန်မလက်ခံတယ် အရင်ဆုံး အဖေရယ်၊ အမေရယ်၊ ကလေးလေးရယ်ဆိုတဲ့ လူ့မှုအသိုင်းအဝိုင်းကကျွေးထားတဲ့ heteronormative (ကျား/မစံနှုန်းပြု) ဘဝနေထိုင်မှုဂျင်းကြီးအောက်ကနေပဲ တစ်စစီပြန်ခွဲခြမ်းစိတ်ဖြာပြီး စဉ်းစားကြည့်ရင်ကိုပဲ အဖေနဲ့ အမေဆိုတဲ့ မိသားစုဆိုတာဖြစ်တည်လာဖို့အခြေခံအကျဆုံးလူနှစ်ဦးကြားထဲက စံနှုန်းပြုထားတဲ့ အဖေဟာအိမ်ထောင်ဦးစီး၊ အလုပ်လုပ်သူ၊ ပိုက်ဆံရှာသူ၊ အမေဟာ အိမ်ထောင်ရှင်မ၊ ထမင်းဟင်းချက်ကလေးမွေးပြုစုသူဆိုတဲ့ပညတ်ချက်လေဘယ်တွေကိုယ်နှိုက်ကိုက အဆိပ်အတောက်ပြင်းနေတာပဲမဟုတ်ပါဘူးလား? (အခုခေတ်မှာတော့ အိမ်ထောင်တစ်ခုထဲက ဂျန်ဒါ‌တာဝန်တွေကပြောင်းလဲလာပါပြီလို့ဆိုလို့ရကောင်းရပေမဲ့လည်း အနည်းနဲ့အများ ဒီဂျန်ဒါပညတ်ချက်တွေက progressive ဖြစ်ပါတယ်ဆိုတဲ့စုံတွဲတွေဆီမှာတောင် အမြစ်တွယ်ကျန်နေသေးတာပါပဲ)

ဒါက ယောင်္ကျားနဲ့မိန်းမဆိုတဲ့ မိသားစုဖြစ်ဖို့အခြေခံထားတဲ့လူနှစ်ဦးကြားက ပညတ်ချက်ပါ အဲ့ဒီမှာမှ သားသမီးဆိုတဲ့ကလေးဆိုတာကိုပါ ဒီအခြေအနေထဲထပ်ထည့်စဉ်းစားကြည့်ရင် မိသားစုဆိုတာ ကျွန်မတို့မွေး‌ဖွားကြီးပြင်းလာစဉ်ကတည်းက ကျွန်မတို့အခုချိန်ထိသိနေတဲ့အသိတွေ၊ အမူအထတွေ၊ အလေ့အကျင့်တွေကိုအနီးအနားကနေ တစ်စတစ်စချင်းစီ socialize (နှီးနှော)လာပေးခဲ့တဲ့လူတစ်စုအနေနဲ့ သူတို့ရဲ့လွှမ်းမိုးမှုဟာ ကျွန်မတို့အပေါ်မှာတော်တော်ကြီးမားပါတယ် လူမျိုးတစ်မျိုး နိူင်ငံတစ်နိူင်ငံအလျောက် သူ့ရဲ့ရိုးရာဓလေ့ရှိသလို မိသားစုတစ်စုချင်းစီရဲ့ရိုးရာဓလေ့ (family culture) ကလည်း ကျွန်မတို့အပေါ်သက်ရောက်မှုအားကြီးပြန်ပါတယ် ဥပမာ – ကြက်သားဆီပြန်ဟင်းချက်ကြတာချင်းအတူတူ အိမ်ကအမေချက်တဲ့ကြက်သားဟင်းဟာ အဒေါ်ချက်တာနဲ့အရသာမတူနေသလိုပေါ့ ကျွန်မငယ်ငယ်ကဆို အိမ်မှာ အမေက မနက်ကတည်းက တစ်နေလုံးစာ ထမင်းဟင်းအပြီးချက်ထား‌လေ့ရှိတော့ ကျွန်မသူငယ်ချင်းတချို့ရဲ့အိမ်မှာဆို သူတို့အမေက ထမင်းတစ်ခါစားခါနီးမှ အသစ်တစ်ခါချက်တတ်တာမျိုးကြားရတဲ့အခါ ကျွန်မအတွက်အထူးအဆန်းဖြစ်ခဲ့တာမျိုး ဒီလို မိသားစုတစ်စုနဲ့တစ်စုမတူတဲ့ ထမင်းဘယ်လိုချက်တာ၊ ဘယ်အချိန်အိပ်ရာထကြတာ၊ ဘယ်အချိန်ရေချိုးလေ့ရှိတာ အစရှိတဲ့အမူအကျင့်တွေဟာ မိသားစုရိုးရာဓလေ့တွေပဲ

ဒီနေရာမှာ လူးဝစ်ရဲ့အာဘော်နောက်ကိုလိုက်ပြီးသုံးသပ်ကြည့်ရရင် ကျွန်မတို့တစ်ယောက်ချင်းစီရဲ့မိသားစုရိုးရာဓလေ့တွေဟာ ကျွန်မတို့ ကျွန်မတို့ဆိုတဲ့ identity (ဖြစ်တည်မှု)ဖြစ်အောင်ပုံဖော်ပေးလိုက်တဲ့ကိရိယာတွေဖြစ်ပေမဲ့လည်း တစ်ပြိုင်နက်တည်းမှာ သူတို့ဟာ ကျွန်မတို့ကို အဲ့ဒီ identity တွေထဲမှာပဲ ပြန်ပြီးအကျဉ်းချထားလေ့ရှိပြန်တယ် မိသားစုကနှာခေါင်းရှုံ့ရတဲ့အလုပ်မျိုးကိုလုပ်ဖို့၊ မိသားစုက မနှစ်မြို့တဲ့ ဘဝနေထိုင်မှုတစ်ခုကို လိုက်စားဖို့၊ မိသားစုကမကြိုက်တဲ့ချစ်သူရည်းစားမျိုးကိုတွဲဖို့ဆိုတာ အနည်းနဲ့အများ ဒီမိသားစုကပုံဖော်ထားတဲ့ identity ကိုပြန်တွန်းလှန်မှရတာမျိုးပါပဲ အဲ့ဒီအခါ ပဋိပက္ခတွေဖြစ်လာတတ်ပြီး ကိုယ်နဲ့သွေးသားတော်စပ်ပါတယ်ဆိုတဲ့လူတစ်စုဆီကနေ ကဲ့ရဲ့ခြင်းတွေခံလာရတဲ့အခါ စိတ်ပိုင်း‌ဆိုင်ရာသောကတွေရောက်တတ်လာပြန်ပါတယ် ဒါကြောင့် လူးဝစ်က မိသားစုဆိုတာ အပေါ်ယံတော့ကျွန်မတို့တွေအတွက် ကောင်းမလိုလိုနဲ့ လူတွေကိုချုပ်နှောင်ထားတဲ့ အဆိပ်အတောက်ပြင်းတဲ့သဘောတရားတစ်ခုလို့ထောက်ပြထားတာပါပဲ (ဒီနေရာမှာ ကျန်းမာတဲ့မိသားစုပေါင်းသင်းဆက်ဆံရေးတွေရှိကောင်းရှိပေမဲ့လည်း လုံးဝဥဿုံခြောက်ပြစ်ကင်းသဲလဲစင်နေတဲ့မိသားစုဆက်ဆံရေးဆိုတာ စနစ်တကျကြည့်ရရင်ရှိမနေပါဘူး တစ်ခုမဟုတ်ရင်တစ်ခုမဟုတ်တော့ မိသားစုဆိုတာ စားရမှာလည်း သဲတရှပ်ရှပ် ပစ်ရမှာလည်းအဆီတဝင်းဝင်းကြီးဖြစ်နေတတ်ပါတယ်)

အထူးသဖြင့် အရင်းရှင်စနစ်အောက်က ကုမ္မဏီတွေကနေ အလုပ်ကို မိသားစုလိုပဲမှတ်ယူပါ (we are like family) အစရှိတဲ့ မိသားစုဆိုတာကောင်းပါတယ်ဆိုတဲ့သဘောတရားကို ပုံပမာပြုပြောဆိုလာတဲ့အခါမျိုး‌မှာ တကယ်တမ်း အလုပ်ရှင်နဲ့အလုပ်သမားကြားက အဆိပ်အတောက်ပြင်းတဲ့၊ မညီမျှတဲ့ပေါင်းသင်းဆက်ဆံရေးကို မိသားစုတံဆိပ်ကပ်ပြီးညာရွှီးလိုက်သလိုပါပဲ (အမှန်တကယ်က သူတို့ကကောင်းတဲ့သဘောတရားကိုညွှန်းဆိုချင်ပေမဲ့ အလုပ်ရှင်ကို အဖေ၊အ‌မေလိုသာဆက်ဆံရမယ်ဆိုရင် အလုပ်သမားအတွက် အလုပ်ဟာ အရမ်းကိုစိတ်ပင်ပန်းရမဲ့ အခြေအနေကြီးတစ်ခုဖြစ်နေမှာပဲမဟုတ်ဘူးလား?) မိသားစုဆိုတာ လူတွေကို ကြိုးပြန်တုပ်ထားတဲ့ အဆိပ်အတောက်ပြင်းတဲ့သဘောတရားလို့နားလည်ထားရင်တော့ ဒီလို slogan တွေကြားရတဲ့အခါ အလုပ်ဆိုတာလည်း အဆိပ်အတောက်ပဲဆိုတာ ကျွန်မတို့ကွက်ကွက်ကွင်းကွင်းမြင်သွားနိူင်ပါတယ်

ပထမပြဿနာကိုထောက်ပြရင်း မိသားစုသဘောတရားတွေဆီ ကျွန်မအတွေးဖြန့်မိပေမဲ့ ဒီနေ့တကယ်တမ်းရေးချင်တဲ့အကြောင်းအရာက ဆောင်းပါးအဖွင့်ရဲ့မေးခွန်းတွေနောက်က ဒုတိယပြဿနာပါ ဒါကတော့ ကျွန်မတို့ရဲ့ လူသားဖြစ်တည်မှုအပေါ် အမြဲတစေ ဘာအလုပ်လုပ်နေသလဲနဲ့သာချိန်ထိုးတိုင်းဆခံထားရတဲ့ပြဿနာပေါ့ လူတစ်ယောက်ဘာလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာ သူနဲ့စကားပြောဆိုပေါင်းသင်းဆက်ဆံကြည့်မဲ့အစား သူဘာအလုပ်လုပ်နေတာလဲဆိုတဲ့မေးခွန်းရဲ့အဖြေပေါ်မူတည်ပြီး သူဘယ်သူပါဆိုပြီး ကောက်ချက်ချတတ်တဲ့ပြဿနာပေါ့ ဒါကလည်း ပထမပြဿနာဖြစ်တဲ့ ငယ်စဉ်တောင်ကျေးကတည်းက မိဘတွေရဲ့ကလေးတွေကို ဘာဖြစ်ချင်တာလဲဆိုပြီး (ကလေးတကယ်လုပ်ချင်တဲ့အလုပ်က သူတို့မကြိုက်တာတာဆိုရင်လည်း ကဲ့ရဲ့ဆုံးမတာခံရပါသေးတယ် ဥပမာ – ကျောင်းမတက်ရင် အမှိုက်ကောက်ရမယ်ဆိုပြီး အမှိုက်ကောက်တဲ့အလုပ်ဟာ နိမ့်ပါးသယောင်ခေါင်းထဲမသိမသာရိုက်သွင်း) socialize လုပ်မှုတွေကြောင့်လည်းဖြစ်နိူင်သလို အဆအင်မတန်ကြီးထွားလာတဲ့ ဓနရှင်စနစ်ကြောင့်လို့လည်း ကျွန်မကတော့ ကောက်ချက်ချချင်တယ်

(တကယ်တမ်းက လူကြီးတွေက ဘာ”ဖြစ်”ချင်တာလဲလို့သာမေးတာပါ သူတို့လိုချင်တဲ့အဖြေ‌တွေက “သမီးပျော်ချင်တယ်၊ သားစိတ်ကျေနပ်တဲ့ဘဝတစ်ခုနေချင်တယ်” စတဲ့ “ဖြစ်”ချင်တယ်တိုတဲ့အဖြေတွေထက် “ဆရာဝန်ကြီး”၊ “အင်ဂျင်နီယာကြီး” အစရှိတဲ့အ”လုပ်”လေဘယ်တွေပဲမဟုတ်ပါလား? “ဖြစ်”ချင်တာနဲ့ “လုပ်”ချင်တာကြားက မတူညီမှုတွေကို ကျွန်မတို့တွေ ဘယ်လောက်သတိထားမိကြလဲ?)

အရင်းရှင်စနစ်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့လုပ်အားနဲ့သာအဖြေထုတ်လေ့ရှိတယ် ကိုယ်ကာယနဲ့လုပ်တဲ့သူဆို တစ်နေ့ ဘယ်နှနာရီအလုပ်လုပ်နိူင်သလဲပေါ့ အရင်းရှင်စနစ်အစောပိုင်းကာလတွေတော့ ကာယအလုပ်သမားတွေကသာ ဒီလိုမျိုးလုပ်အားအရင်းဖြတ်ခံရပြီး ဉာဏသမား (တွေးခေါ်မှုအပေါ်အခြေခံပြီးအလုပ်လုပ်တဲ့သူတွေ) ကတော့ ဒီလိုမျိုးခေါင်းပုံမဖြတ်ခံရဘူး၊ ကြိုက်တဲ့အချိန်ကြိုက်သလို လွတ်လပ်စွာစဉ်းစားတီထွင်ဖန်တီးနိူင်တယ်လို့ဆိုလို့ရပေမဲ့ အခုကာလမှာတော့ ဘယ်သူမဆို အရင်းရှင်စနစ်ရဲ့ခေါင်းပုံဖြတ်မှုအောက်၊ လူ့အသက်ရဲ့တန်ဖိုးကိုလုပ်အားနဲ့သာ ကြည့်တတ်ပုံမျိုးအောက်‌ကနေမလွတ်တော့ဘူးလို့ ကျွန်မကတော့ ငြင်းချက်ထုတ်ချင်တယ်

ဥပမာပေးရရင် ပြီးခဲ့တဲ့နှစ်ထဲမှာ ကျွန်မစာအခမဲ့လုပ်အားပေးသင်ပေးခဲ့တဲ့ တော်လှန်ရေးခေါင်းစဉ်တပ် online တက္ကသိုလ်တစ်ခုနဲ့လမ်းခွဲခဲ့ရတဲ့အကြောင်းကိုပြန်ပြောပြချင်တယ် တော်လှန်ရေးအတွက်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ကျောင်းစီမံခန့်ခွဲရေးဆိုင်ရာကို မိမိကိုယ်ကိုလစာပေးလုပ်ကိုင်နေကြတဲ့ ကျောင်းသမ္မတ၊ ကျောင်း provost လို့ခေါ်တဲ့လူတွေက တစ်နေ့တော့ ကျွန်မအပါအဝင်တခြားသော လုပ်အားပေးစာသင်ပေးခဲ့ကြတဲ့ ဆရာဆရာမတွေကိုပြောပါတယ် တော်လှန်ရေးတက္ကသိုလ်ကြီး အဓွန့်ရှည်အောင်၊ ဘယ်သူမဆိုအချိန်မရွေး online ကနေ အတန်းလက်ချာတွေကိုကြည့်ပြီးလေ့လာလို့ရအောင် လုပ်အားပေးဆရာဆရာမတွေအနေနဲ့ ကျောင်းသားကျောင်းသူတွေနဲ့ စာသင်ခန်းထဲမှာတိုက်ရိုက်စာသင်မဲ့အစား သင်ခန်းစာတွေကို recording သွင်းပေးပါဆိုပြီး ခွင့်တောင်းလာပါတယ် လက်ရှိမှာအခမဲ့‌သင်နေပေမဲ့ အဲ့ဒီလက်ချာ recording တွေအတွက် တစ်တန်းဘယ်လောက်ဆိုပြီး ဆရာဆရာမတို့ကျေနပ်လောက်မဲ့ဈေးနှုန်းပေးပြီး ဒါမှမဟုတ် ၆ လအတောအတွင်း recording ဘယ်လောက်ပေးမယ်၊ အခကြေးငွေဘယ်လောက်ဆိုပြီး စာချုပ်လက်မှတ်ထိုးစေချင်ပါတယ်ဆိုပြီး ပြောလာပါတယ်

ဒီတောင်းဆိုချက်ကို ကျွန်မကတော့ကြားကြားချင်းလုံးဝကို မလုပ်နိူင်ပါဘူးဆိုပြီးကန့်ကွက်ခဲ့ပါတယ် တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေ လိုရင်ယူ ပိုရင်လှူဆိုတဲ့ mutual aid သဘောတရားအရ ကျွန်မတို့ နည်းနည်းလေးပိုသိတယ်ဆိုတဲ့ဘာသာရပ်တွေကို စစ်တပ်တက္ကသိုလ်တွေကိုသပိတ်မှောက်နေတဲ့၊ နိူင်ငံခြားကျောင်းထွက်မတက်နိူင်တဲ့ကျောင်းသားကျောင်းသူတွေကို အခမဲ့သင်တယ်ဆိုတာ ကျွန်မအတွက်တော့ ဆရာမကြီးနာမည်ခံချင်လို့မဟုတ်သလို ကျွန်မရဲ့စာသင်တဲ့လုပ်အားကိုရောင်းစားဖို့လည်းမဟုတ်ပါဘူး ဒီတောင်းဆိုချက်နောက်ကနေ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတာက မည်သို့ပင် တော်လှန်ရေးခေါင်းစဉ်တပ်ထားပါစေ တချို့သောလုပ်ရပ်တွေဟာ အရင်းရှင်စနစ်ရဲ့အသွင်သဏ္ဍာန်တွေကိုသာ ပြန်လည်မွေးမြူနေဆဲဆိုတဲ့အချက်ပါပဲ အထူးသဖြင့် ကျွန်မသင်တဲ့ မနုဿဗေဒလိုမျိုး ဘာသာရပ်ဆိုတာ အပြန်အလှန်ပြောဆိုဆွေးနွေးမှပိုမိုခရီးရောက်တတ်တဲ့ဘာသာရပ်ဖြစ်တဲ့အတွက် ဆရာမနဲ့တိုက်ရိုက်ပြောဆိုဆွေးနွေးလို့မရဘဲ recording ကိုသာပိုက်ဆံပေးဝယ်ကြည့်ပြီး လေ့လာရတယ်ဆိုတာ စာသင်ကြားမှုကို ဟင်းရွက်ကန်စွန်းရွက်ကုန်ပစ္စည်းရောင်းသလိုရောင်းလို့ ဘယ်လိုမှမဖြစ်နိူင်ပါဘူး (ဒါကတော့ ကျွန်မရဲ့စာသင်ကြားမှုပုံစံကြောင့်လည်းဖြစ်နိူင်ပါတယ် အရင်းရှင်စနစ်အောက်ကနေလုပ်စားနေတဲ့၊ ပညာရေးကို ကုန်ပစ္စည်းသဖွယ်ရောင်းစားနေတဲ့ကျောင်းတွေကလည်း ကမ္ဘာအနှံ့မှာပါပဲ ဒါဟာ ဈေးကွက်စီးပွားရေးကြီးတစ်ခုကိုဖြစ်နေတာပါပဲ)

ဒီနေရာမှာ ဒီ”တော်လှန်ရေး” တက္ကသိုလ်ဟာ ဆရာဆရာမတွေဆီကနေ သင်ခန်းစာတွေကို နေ့စားအလုပ်သမားငှားသလိုပုတ်ပြတ်ဝယ်ပြီး တစ်ဖက်မှာလည်း ကျောင်းသားကျောင်းသူတွေကို တော်လှန်ရေးအတွက်ဆိုပြီး တစ်တန်းဘယ်လောက်ဆိုပြီး ငွေကြေးနဲ့ပြန်ရောင်းစား‌နေတဲ့ကြားခံစီးပွားရေးပလက်ဖောင်းတစ်ခုသာသာပါပဲဆိုတာသိလိုက်ရပြီးနောက် ကျွန်မအဲ့ဒီကျောင်းမှာ လုပ်အားပေးပြီး စာဆက်မသင်ဖြစ်တော့ပါဘူး ကျွန်မထွက်လာပြီးတဲ့နောက်တော့ ဒီစနစ်ကို သူတို့အ‌ကောင်အထည်ဖော်ကျင့်သုံးလိုက်ပြီလားတော့ အတိအကျမသိပါဘူး

ဒီဥပမာကနေထောက်ပြချင်တာက စာသင်တယ်ဆိုတဲ့ ဉာဏနဲ့လုပ်ရတဲ့အလုပ်မျိုးမှာတောင် လုပ်အားကိုသာအခြေခံပြီး (ဘယ်နှတန်းသင်နိူင်မလဲ၊ ကျောင်းသားဘယ်‌နှယောက်သင်နိူင်မလဲအစရှိသဖြင့်) ကျွန်မတို့ရဲ့လူဖြစ်တည်မှုဟာ တန်ဖိုးဖြတ်ခံလိုက်ရတယ်ဆိုတာပါပဲ ဒီနေရာမှာ ကျွန်မကပညာရေးလောကကိုသာ သိကျွမ်းတဲ့သူမို့လို့ ဒီဥပမာကိုပေးရတာပါ နယ်ပယ်အသီးသီးမှာ လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ (ဥပမာ – သူအိုးပိုင်အိမ်ပိုင်ဝယ်နိူင်သလား၊ ကားဝယ်စီးနိူင်သလား၊ ရွှေငွေစုနိူင်သလား ဒါတွေအကုန်လုံးဟာ) သူလုပ်တဲ့အလုပ်နဲ့ ရတဲ့လစာနဲ့သာတန်ဖိုးဖြတ်ခံလိုက်ရတာတယ်ဆိုတာပါပဲ စဉ်းစားတီထွင်မှုပေါ်အခြေခံတဲ့ အနုပညာလို၊ အာတ်လိုနယ်ပယ်မှာတောင် ပန်းချီကားတစ်ချပ်ဈေးဘယ်လောက်ပေးဝယ်ရတဲ့ပန်းချီဆရာကမှ ပိုတန်ဖိုးရှိနေရတာလဲ?

အနောက်နိူင်ငံတွေမှာသုံးလေ့ရှိတာက လူတစ်ယောက်ရဲ့ net worth (အသားတင်တန်ဖိုး) ပေါ့ ငယ်ငယ်က ဒီစကားလုံးစစကြားရခါစက ကျွန်မနားထဲ ကိုးလိုးကန့်လန့်ကြီးဖြစ်ခဲ့တယ် ဘယ်နှယ့် လူတစ်ယောက်မှာ ရွှေတုံးတစ်တုံးကို အလေးချိန်ခွင်ပေါ်တင်ကြည့်သလို အသားတင်တန်ဖိုးဆိုတာ ဘယ်လိုရှိရတာလဲပေါ့ အခုတော့ လူတစ်ယောက်ရဲ့ အသားတင်တန်ဖိုးဆိုတာ သူ့ရဲ့အကျင့်စာရိတ္တ၊ နီတိ၊ တာဝန်ဝတ္တရား၊ သူစိတ်ဝင်စားရာဆိုတာထက် သူပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေရဲ့တန်ဖိုးတွေကို ဆိုလိုတာကိုသဘောပေါက်လာတဲ့အခါ အင်မတန်ကိုအော်ဂလီဆန်စရာပါပဲ

အခုလက်ရှိတော်လှန်ရေးအပြောအဆိုတွေမှာတောင် အလုပ်ဘယ်လောက်ပေါက်မြောက်မှ ဒီလူဟာ တော်လှန်ရေးသူရဲကောင်းပီပြင်မယ်ဆိုတဲ့စကားမျိုးတွေ‌ကြား‌လာနေရပါပြီ ဟိုတလောကတွေ့လိုက်ရတဲ့ “တစ်ရက်မှမနားခဲ့” ဆိုတဲ့ဂရပ်ဖစ်ဒီဇိုင်းပုံထဲကပေးချင်တဲ့မက်ဆေ့လိုမျိုးပေါ့နော် ကျွန်မတို့တွေဟာ တော်လှန်ရေးခေါင်းစဉ်အောက်ကနေ မနားမနေစက်ရုပ်များသဖွယ် နေ့နေ့ညညလုပ်ကိုင်နေကြရမဲ့ တော်လှန်ရေးလုပ်သားများဖြစ်ကြရမယ်ဆိုတဲ့သဘောပေါ့လေ ဒီနေရာမှာ စစ်အာဏာသိမ်းတာကို ဖုတ်လေတဲ့ငပိမရှိသယောင် မျက်ကွယ်ပြုထားတဲ့သူတွေကို စကားထဲထည့်မပြောတော့ပါဘူး ဒါပေမဲ့တော်လှန်ရေးအတွက်ဆိုပြီးလုပ်နေပြောနေကြတဲ့လုပ်ရပ်တွေ၊ စကားတွေမှာကအစ အရင်းရှင်ဆန်လာတာတွေကို ဆင်ခြင်မိတာပါ

တော်လှန်ရေးဟာ ဘယ်လိုလုပ်အရင်းရှင်ဆန်မလဲ ပြန်မေးကောင်းမေးနိူင်ပါတယ် တော်လှန်ရေးဟာ မြန်မာပြည်က မအလဆိုတဲ့ ပြယုဂ်တစ်ခုတည်းကိုပဲ‌ကွက်တိုက်နေတဲ့တော်လှန်ရေးဆိုရင်တော့ အရင်းရှင်လည်းဆန်နိူင်သလို မဟာဖိုဝါဒလည်းကြီးစိုးနေနိူင်ပါတယ်လို့ ကျွန်မကတော့ ပြန်ဖြေချင်တယ် ဘာပစ္စည်းဥစ္စာမှမရှိတဲ့လူတစ်ယောက်ဟာ တန်ဖိုးမဲ့လူတစ်ယောက်၊ စိတ်ပိုင်းဆိုင်ရာအရ၊ ခန္ဓာပိုင်းဆိုင်ရာအရ ဘာလုပ်အားမှမ‌ပေးနိူင်တဲ့လူတစ်ယောက်ဟာ ကျွန်မတို့လူမှုအသိုင်းအဝိုင်းကခေါ်တဲ့ အုတ်ကြားမြက်ပေါက်ဆိုတဲ့လူစားမျိုးလား?

အုတ်ကြားမြက်ပေါက်ဆိုရင်ရော ဘာဖြစ်လို့လဲ? (ဒီနေရာမှာ ကိုးရီးယား thriller ရုပ်ရှင် Parasite (ကပ်ပါးကောင်) ကိုတောင် ကျွန်မသွားတွေးမိပါတယ် လူတန်းစားကွာဟမှုကြားထဲက အဆမတန်ချမ်းသာနေတဲ့သူဌေးမိသားစုကို ဘဝမှာဆုံးရှုံးနေတဲ့မိသားစုက မျှော့တစ်ကောင်သွေးစုပ်သလို ကပ်ပါးကပ်နေတာ တကယ်တော့ဘာမှားလဲ? သူဌေးတွေကသာ ဆင်းရဲသားလက်လုပ်လက်စားလူတန်းစားကို ခေါင်းပြန်မထောင်နိူင်အောင်နင်းရင်းနင်းရင်း သူတို့တစ်မိသားစုတည်းတောင် စားလို့မကုန်လောက်အောင် ချမ်းသာပြီးရင်းချမ်းသာနေတာမဟုတ်ဘူးလား?

 

လူ့အဖွဲ့အစည်းတစ်ခုမှာ လက်တစ်ဆုပ်စာ လူတစ်စုကသာလျှင် အဆမတန်ချမ်းသာနေသင့်ရဲ့လား?) ဘယ်ကနေဘယ်လို လူသား‌တစ်ယောက်ချင်းစီရဲ့တန်ဖိုးဆိုတာကို သူ့ရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာ၊ ငွေကြေး၊ အလုပ်နဲ့တန်ဖိုးဖြတ်လိုက်တဲ့အဆင့်ကို ကျွန်မတို့လူ့အသိုင်းအဝိုင်းကြီးက ဘယ်တုန်းကရောက်ရှိသွားရတာလဲ?

အသက်အရွယ်အလယ်အလတ်ပိုင်းရောက်လာတဲ့လူတစ်ယောက်အနေနဲ့ ကျွန်မဒီလူ့တန်ဖိုးကို လုပ်အားနဲ့သာသတ်မှတ်တဲ့အဖြစ်ကြီးကိုသဘောပေါက်လာတဲ့အခါ ငယ်ငယ်က လူကြီးတွေက‌ မသိမသာကျွန်မခေါင်းထဲကိုရိုက်သွင်းခဲ့တဲ့ ဆရာဝန်မှ ဂုဏ်ရှိမယ်၊ အင်ဂျင်နီယာကြီးဆို ပိုက်ဆံချမ်းသာမယ်အစရှိတဲ့လိမ်လုံးတွေကို ပြန်တွေးမိလာတယ် ကျွန်မတို့ကလေးတွေကို ကြီးလာရင် ဘာကြီးဖြစ်ချင်တာလဲ၊ ညာကြီးဖြစ်ချင်တာလဲမေးပြီး ဘာလို့ သူတို့ရဲ့ခေါင်းထဲကို သူတို့ရဲ့အသက်ရှင်သန်မှုဟာ သူတို့ဘာအလုပ်လုပ်တယ်ဆိုတာနဲ့တိုက်ရိုက်ပတ်သက်နေတယ်လို့ မသိမသာမက်ဆေ့တွေပေးကြရတာလဲ? ကလေးတွေက ဘာမှမဖြစ်ချင်တဲ့သူတွေဆိုရင် ဘာဖြစ်လဲ? သူတို့ကို ငပျင်းလေးတွေလို့ ကျွန်မတို့မှတ်ယူကြမှာမို့လို့လား? ဒါမှမဟုတ် လူတစ်ယောက်ဟာ ဘဝသက်တမ်းတစ်လျှောက်မှာ တစ်ခုထက်ပိုတဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းတွေ လျှောက်လုပ်ကြည့်လို့မရဘူးလား? အဲ့လိုဆိုရင် သူတို့ကို စိတ်ဂဏမငြိမ်တဲ့သူတွေလို့ ကျွန်မတို့မှတ်ယူကြမလို့လား? မှတ်ယူကြတာလား?

မွေးဖွားလာချိန်ကနေ အသက်သေဆုံးတဲ့အထိ ငွေရှာဖို့၊ ဂုဏ်ရှိအောင်နေဖို့ဆိုတဲ့ ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့ လူ့တန်ဖိုးသိက္ခာ‌ဆိုတာနောက်လိုက်ရင်း ကျွန်မတို့အပေါ်ကျွန်မတို့ပြန်ထားရှိသင့်တဲ့ အသားတင်ချိန်ခွင်တင်မထိုးအပ်တဲ့ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုတွေသာရှိပြီး ရွေ့လျားရုန်းကန်မှုတွေမပါတဲ့ ရိုးရိုးရှင်းရှင်းလေးပဲဖြစ်တည်ပိုင်ခွင့်တွေ ဘယ်ရောက်သွားပြီလဲ? ဒါတွေကမှ လူဖြစ်ရခြင်းအနှစ်သာရတွေမဟုတ်ဘူးလား? မိသားစုရဲ့အဆိပ်အတောက်ပြင်းထန်မှုကို ကျွန်မကြီးပြင်းလာတဲ့မိသားစုကနေပဲ ကျွန်မနားလည်သဘောပေါက်ပါတယ် ကျွန်မတစ်သက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖို့အစီအစဉ်စိတ်ကူးစိတ်ဆန္ဒမရှိတဲ့သူတစ်ယောက်အနေနဲ့လည်း မိသားစုရဲ့အဆိပ်အတောက်ဆိုတာက မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကိုဆက်လက်လက်ဆင့်ကမ်းသယ်ယူသွားနိူင်တယ်ဆိုတာကို သဘောပေါက်ဆင်ခြင်မိတဲ့အတွက်လည်း ကျွန်မမွေးမဲ့ကလေးဆိုတာတွေကို ကျွန်မကြီးပြင်းလာတဲ့အဆိပ်အတောက်တွေ လက်ဆင့်ကမ်းစရာအကြောင်းမရှိတဲ့အတွက် တစ်ကိုယ်ရည်တော့စိတ်သက်သာရာရမိပါတယ်

တစ်ပြိုင်နက်တည်းမှာလည်း ကျွန်မရဲ့လူ့တန်ဖိုးဆိုတာကို မိန်းမဖြစ်တည်မှု (မဖိတ်ခေါ်ဘဲရောက်ရှိလာတဲ့ မိန်းမဆန်မဆန်အကဲဖြတ်မှုတွေ)၊ မိခင်ဖြစ်တည်မှု (ကလေးမယူသေးဘူးလားဆိုတဲ့မေးခွန်းတွေ)၊ ကျွန်မလက်ရှိလုပ်ကိုင်တဲ့အလုပ်(ဆရာမ ဆရာမဆိုပြီး ချဉ်းကပ်လာတာတွေ၊ သူက အကယ်ဒါးမစ်ပါပဲလေဆိုပြီး ဝါးလုံးရှည်နဲ့သိမ်းဝေဖန်လာတာတွေ) နဲ့သာ အပေါ်ယံရှပ်ချိန်ခွင်ထိုးဆက်ဆံကြလေ့ရှိတဲ့ ပေါ့ရွှတ်ရွှတ်လူသားဆက်ဆံရေး‌ကြီးတွေနဲ့ ‌နိစ္စဒူဝလည်ပတ်နေရတဲ့ဘဝကြီးကို ဆန့်ကျင့်ဘက်ပြုရင်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်မအပါအဝင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ကိုယ်စိတ်ဝင်စားရာ၊ ကိုယ့်အာရုံကိုနိုးဆွရာနဲ့သာလျှင် မိမိကိုယ်မိမိဖြစ်တည်ရတဲ့သူ၊ ဒီစနစ်တွေရဲ့ပညတ်ချက်အကျဉ်းထောင်ထဲကနေ လွတ်မြောက်ရသူတွေဖြစ်ရပါစေလို၏လို့သာ မျှော်မှန်းတမ်းတမိရပါတော့တယ်လေ

ပုံ – လေအဝှေ့‌တွင် ကတ္တရာလမ်းမပေါ်ပြိုက်ခနဲကြွေကျလာသော ငုဝါဝတ်ဆံများ

ဆိုဖီလူးဝစ်ရဲ့ “မိသားစုကိုဖြိုချဖျက်ဆီး” စာအုပ် pdf

https://archive.org/download/tfsr-20230102-AbolishTheFamily/family-abolition-zine.pdf

Reddit တွင်စတင်ခဲ့သော anti work (အလုပ်ဆိုတာဆန့်ကျင့်ရေး) အရွေ့

https://www.reddit.com/r/antiwork/

Anti work movement စတင်ရာအကြောင်း

https://www.bbc.com/worklife/article/20220126-the-rise-of-the-anti-work-movement

Chang Liu ရေးတဲ့ Parasite ရုပ်ရှင်အခြေပြု လူမှုမညီမျှမှုများသုံးသပ်ချက်စာတမ်း

https://www.atlantis-press.com/proceedings/iclahd-20/125949420

မှိုပွင့်များ

အဆုံးသတ်မှမရှိရင် အစတွေဟာ အဓိပ္ပါယ်ရှိပါ့ဦးမလား?

 

ပျက်သုဉ်းခြင်းရဲ့ကတိကဝတ်မှမရှိရင် တည်ရှိခြင်းတွေဟာ ဘာကိုသ‌င်္ကေတပြုနေဦးမလဲ?

 

သေဆုံးခြင်းမှမရှိရင် ရှင်သန်ခြင်းတွေကို ကျွန်မတို့ တန်ဖိုးထားကြဦးမလား?

 

တဝုန်းဝုန်းနဲ့ အသက်နဲ့အိုးစာကွဲရလောက်အောင်ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးသံလေသံတွေ ပယ်ပျောက်သွားတဲ့အချိန် ကျွန်မ အိမ်နောက်ဖေးကို ခဏထွက်လာခဲ့မိတယ် ခြံထောင့်ကသစ်ပင်ကြီးဟာ မုန်တိုင်းအတောအတွင်း မြေကြီးကနေအမြစ်ဆွဲနှုတ်ကျွတ်ထွက်ရလောက်အောင် ယမ်းခါနေခဲ့တဲ့သူမဟုတ်သယောင် တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မကိုငုံ့ကြည့်နေတယ် သစ်ရွယ်ငယ်တွေမှာ ခိုသီးနေတဲ့မိုးရေစက်တွေကသာလျှင် သက်သေအဖြစ် မော်ကြည့်မိတဲ့ကျွန်မမျက်နှာပေါ်ခုန်ချလာကြတယ် ဒါပေမဲ့လည်း သူတို့တွေဟာ မုန်တိုင်းရဲ့မိုးစက်ဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရအောင် ခဏနေ ပျောက်ပျက်သွားကြပါဦးမယ်

 

ဘယ်နေရာမှာ မုန်တိုင်းခိုနေခဲ့မှန်းမသိရတဲ့ငှက်ငယ်ကလေးတွေကလည်း အစာပြန်ရှာထွက်ဖို့ တတီတီတတာတာမြည်တွန်နေကြပြန်တယ် သူတို့ရဲ့‌ ရေစိုကောင်းစိုနေမယ်ဖြစ်တဲ့ အမွေးအတောင်တွေဟာလည်း ခဏနေခြောက်သွေ့သွားကြဦးမယ်ဖြစ်တယ် လွန်ခဲ့သောနာရီပိုင်းလေးတင်ကမှ ကမ္ဘာပျက်နေပုံသဖွယ် ဩကာသလောကကြီးဟာ သူမဟုတ်သလို ငြိမ်သက်တည်ရှိနေပြန်တယ် မုန်တိုင်းရဲ့အရိပ်အယောင်ဆိုလို့ ဖိနပ်မစီးထားတဲ့ကျွန်မရဲ့ခြေဖဝါးအောက်က စိုစွတ်နေတဲ့ မြေသားရယ်၊ စာလုံးတွေနဲ့ရေးသားဖော်ပြခြင်းမပြနိူင်တဲ့၊ ပြလည်းမပြဝံ့တဲ့ မြေသားနံ့သင်းသင်း‌တွေရယ်နဲ့ လှုပ်ရှားခြင်းမရှိတဲ့ခြေဖမိုးရပ်နေရာ မြေကြီးပတ်ဝန်းကျင်ကနေ ရွစိရွစိနဲ့တွန့်လိမ်ကောက်ကွေးတက်လာကြတဲ့ တီကောင်လေးတွေသာရှိတယ်

 

မုန်တိုင်းဟာ သူတို့တွေအတွက်တော့ ကမ္ဘာပျက်ရာမဟုတ်၊ ကမ္ဘာပြုရာအခြေအနေတစ်ခုသာဖြစ်တယ်

 

အခုတလော ကျွန်မ အသက်ရှင်ခြင်းသဘောတရားရဲ့အဓိပ္ပါယ်နောက်က ပြီးဆုံးခြင်းအနားသတ်တွေအကြောင်းတွေးနေမိတယ် မွေးဖွားခြင်းနောက်က ဖြစ်တည်လာတဲ့ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုတွေနဲ့ ဒွန်တွဲနေတဲ့မတည်မြဲမှုတွေ၊ အဆုံးသတ်မှုတွေ၊ ပျက်သုဉ်းခြင်းတွေအကြောင်းပေါ့ လူ့ဘောင်လောကကြီးထဲက အဖြူအမည်းဒွိဟတွေကို ကျွန်မမနှစ်သက်လှပေမဲ့ အဖြူဆိုတာကိုအဓိပ္ပါယ်ပြုဖို့ ဘာလို့အမည်းဆိုတာတွေ အမြဲလိုအပ်နေရတာလဲ ကျွန်မမချင့်မရဲဖြစ်မိတယ်

 

မိန်းမဆိုတာဖြစ်ဖို့ မိန်းမမဟုတ်သူဆိုတဲ့ အခြားတစ်ဖက်ကအမည်းရောင်

 

လူဆင်းရဲလို့သတ်မှတ်ဖို့ လူ့ချမ်းသာစာရင်းဝင်ဆိုတဲ့ အခြားတစ်ဖက်က ပညတ်ချက်အမည်းရောင်

 

ရှင်သန်ခြင်းဆိုတာရဲ့ အခြားတစ်ဖက်ခြမ်းက သေဆုံးခြင်းအမည်းရောင်

 

ဒါပေမဲ့ အဆုံးသတ်တစ်ခြမ်းဆိုတာမှမရှိရင် ကျွန်မတို့ဘဝတွေကို ကျွန်မတို့ ဘယ်လောက်များတန်ဖိုးထားကြဦးမလဲ? သိပ္ပံရုပ်ရှင်ကားတွေထဲမှာတွေ့ရလေ့ရှိတဲ့ တမင်တကာဆွဲဆန့်ပြုပြင်ပုံဖော်ထားတဲ့အဆုံးသတ်မရှိတဲ့ဘဝ‌တွေဟာ ကျွန်မအတွက်တော့ ပျင်းရိစရာ‌ကောင်းလှသဖွယ် တန်ဖိုးမဲ့နေသလိုပဲ

 

တစ်ပြိုင်နက်တည်းမှာလည်း မွေးဖွားလာချိန်ကနေ ‌ဘယ်တော့အဆုံးသတ်မယ်မှန်းမသိတဲ့အဆုံးသတ်မှုဝင်ရိုးစွန်းနှစ်ခုကြားက မျက်စိတစ်မှိတ်စာအတောအတွင်း လူသားတွေရဲ့ နုနယ်လှတဲ့အသက်ရှင်သန်မှု၊ အချိန်မရွေး တစ်စုံတစ်ခုကြောင့်ချက်ချင်းလက်ငင်းဝဇီ‌ချုပ်ငြိမ်းသွားနိူင်ပေမဲ့လည်း အဲ့ဒီလိုကြိုတင်မမြင်ရတဲ့ကံအပေါ် နေ့စဉ်လောင်းကစားရင်း နေထိုင်လုံးပမ်းရှာဖွေကျင့်ကြံနေကြတဲ့ပျော်ရွှင်မှုတွေ၊ ကြေကွဲမှုတွေ၊ မျှော်လင့်ချက်‌တွေ၊ တည်ဆောက်မှုတွေကိုလည်း အံ့အားသင့်မိရပြန်တယ်

 

အင်္ဂလိပ်လို precarious၊ မြန်မာလို‌တော့ အတိအကျအလုံးအခဲဘာသာမပြန်တတ်တဲ့စကားလုံးတစ်လုံးရဲ့သ‌ဘောတရားကို ကျွန်မတွေးနေမိတယ် သူ့အဓိပ္ပါယ်ကို Google မှာတော့ ဒီလိုဖွင့်ဆိုထားတယ်

 

pre·car·i·ous (‌adjective)

– not securely held or in position; – dangerously likely to fall or collapse.

– dependent on chance; uncertain.

 

မတည်မငြိမ် ကြိုတင်ခန့်မှန်းလို့မရတဲ့မသေချာမရေရာတဲ့သဘောတရားတစ်ခုပေါ့ ဒီနေရာမှာ လူမှုဗေဒသီအိုရီတွေမှာတော့ precarity (precarious ရဲ့ နာမ်) သဘောတရားကို ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းအရင်းရှင်စနစ်ကြီးထွားလာချိန် ကမ္ဘာတစ်ဝှမ်းလုံးကလူတွေရဲ့ သေချာမှုမရှိတော့တဲ့အလုပ်အကိုင်အခြေပြုအသက်ရှင်ရုန်းကန်ရမှုတွေအပေါ်အခြေခံပြီး သုံးသပ်လာကြတယ် ဒုတိယကမ္ဘာစစ်ပြီးကာစကာလမှာမွေးဖွားခဲ့ကြတဲ့ မျိုးဆက်တွေလို ကျောင်းတက်၊ ဘွဲ့ရ၊ အိမ်ထောင်ပြု၊ အိမ်ဝယ်၊ ကလေးမွေး၊ အချိန်တန် ပင်စင်စားအငြိမ်းစားယူ အစရှိတဲ့ပုံသေကားချပ် လူလတ်တန်းစားအားလုံးလိုလိုနေထိုင်နိူင်တဲ့ အသက်ရှင်ခြင်း template တစ်ခုဟာ ကျွန်မတို့ generation တွေနဲ့ ရှေ့အနာဂတ် generation တွေအတွက် အသေအချာရှိမနေတော့ဘူးဆိုတာကို precarity ကို အရင်းရှင်စနစ်ရဲ့ဘေးထွက်ဆိုးကျိုးသီအိုရီသဘောတရားတစ်ခုအနေနဲ့ ပြောဆိုထောက်ပြလာကြတယ် အခုကာလမှာ ယာယီအလုပ်တွေသာ တွင်တွင်ကျယ်လာတဲ့အပြင် မိမိရှင်သန်ရေးအတွက် မိမိကိုယ်ကိုသာအားကိုးရေးနီရိုလစ်ဘရယ်ဂျင်းတွေကြောင့် ကျန်းမာရေး၊ လူမှုရေးထောက်ပံ့မှုတွေမရှိတော့တဲ့ Freelance industry တွေ၊ gig economy (gig အပေါ်မူတည်ပြီးဝင်ငွေရှာရသောအလုပ်များ ဒါကတော့ နယ်ပယ်အစုံမှာရှိနေပါတယ် ပရောဂျက်တစ်ခုဘယ်လောက်ဆိုတဲ့ consulting industry တွေ၊ ပန်းချီကားတစ်ကားဘယ်‌လောက်ဆိုတဲ့ အနုပညာ industry တွေသာမက ပညာရေး/စာသင်ကြားရေးနယ်ပယ်တွေမှာပါ အတန်းတစ်တန်းသင် ဘယ်လောက်နှုန်းဆိုတာမျိုးနဲ့ ပုတ်ပြတ်ငှားကြတဲ့ gig economy ပေါ့)

 

ဒီခေတ်ကာလကြီးမှာ လူချမ်းသာလူတန်းစား၊ ငွေကုံထံမိသားစုကနေပေါက်ဖွားလာတဲ့သူမဟုတ်ရင် လူဦးရေအများစုဟာ ပုတ်ပြတ်လူတန်းစားတွေသာဖြစ်လာနေတော့တယ် ဘယ်အချိန်မှာ အလုပ်ကဖြုတ်ခံရမှန်းမသိ၊ လစာဟာ လုပ်အားကိုပြန်လည်ထုတ်လုပ်ပေးဖို့ ကာယစွမ်းအင်ဖြည့်ဆည်းဖို့သာသာ အစားအသောက်ရယ်၊ နေစရာအိမ်ငှားခရယ်သာ ကာမိကြတာမို့ ရုတ်တရက်အလုပ်သာပြုတ်ရင် ဘယ်သူမဆိုအိမ်ခြေယာမဲ့ဖြစ်သွားနိူင်တဲ့ precarious အခြေအနေမျိုးကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ဘဝ လို့ခေါ်နေကြရတယ် မဟုတ်ပါလား

 

(မနုဿဗေဒပညာရှင်တချို့ကတော့ တချို့အာရှ၊ တောင်အမေရိက၊ အာဖရိက (လူဖြူမဟုတ်တဲ့) culture တွေရဲ့ မိသားစုကိုအဓိကထားတဲ့ဓလေ့တွေကြောင့် individualistic အရမ်းဆန်တဲ့အနောက်လူဖြူနိူင်ငံတွေမှာလိုမျိုး အလုပ်ပြုတ်ရင်တောင်မှ မိဘ၊ မောင်နှမ၊ မိသားစုကပြန်လည်ထောက်ပံ့ထားတာမျိုးတွေလည်း ရှိကောင်းရှိတယ်ဆိုတဲ့ဥပမာမျိုး‌တွေတော့ ထောက်ပြထားကြပါတယ် individualism ကိုအားပေးအားမြှောက်ပြုလာကြတဲ့ခေတ်ကြီးမှာ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနား၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီစတဲ့ ဆိုစကားတွေလို collective အများဝိုင်းဝန်းမှုတွေမပါဘဲ လူတစ်ယောက်အသက်ရှင်သန်ဖို့ဆိုတာ မလွယ်ဘူးဆိုတာကို မီးမောင်းထိုးပြနေသလိုပါပဲ)

 

လူနေမှုစီးပွားရေးတွေကြောင့် ရှိ‌နေတဲ့ ဒီမသေချာမရေရာမှုတွေအပြင် အသက်တစ်ချောင်းဆိုတာရှိလာပြီးရင်ကို ဆက်လက်တည်မြဲဖို့ အချိန်မရွေးမသေချာမရေရာနေတယ်ဆိုတာကိုလည်း ကျွန်မနှလုံးသွင်းမိပြန်တယ် အချိန်မရွေး လမ်းထောင့်ကမုန့်ဆိုင်လေးမှာ မုန့်သွားဝယ်တုန်း ကားအတိုက်ခံရနိူင်သလို မမျှော်လင့်ထားတဲ့အချိန် ရဲအမေးအမြန်းအစစ်အဆေးခံရပြီး လည်ပင်းညှစ်ချုပ်နှောင်ထားရာက‌နေ အသက်ထွက်သွားနိူင်တာပဲ ကျောင်းစာသင်ခန်းထဲမှာထိုင်နေတုန်း၊ ရှော့ပင်းထွက်နေတုန်း စိတ်ရောဂါသည် လူသတ်သမားတစ်ယောက် ရုတ်တရက်သေနတ်နဲ့ဝင်ပစ်တာခံရလို့ သေသွားနိူင်တာပဲ (ဒါတွေကတော့ အမေရိကန်နိူင်ငံမှာ လက်ရှိဖြစ်နေတဲ့ဥပမာတွေပါပဲ ဘယ်နေရာကြည့်ကြည့် အကြမ်းဖက်မှုပေါင်းစုံနဲ့ ဘဝဟာ အချိန်မရွေးပျက်သုဉ်းသွားနိူင်တဲ့ ဖက်နဲ့ထုပ်ထားရတဲ့ နုနုနယ်နယ်ဖြစ်တည်မှုတစ်ခုပဲမဟုတ်နေဘူးလား) ဒါအပြင် လူသားတွေရဲ့ဖျက်ဆီးမှုတွေကြောင့် နောက်လူသားမျိုးဆက်ဘယ်လောက်ထိသာခံတော့မယ်မှန်းမသိတဲ့ တဖြည်းဖြည်းပျက်သုဉ်းလာတဲ့ကမ္ဘာကြီးရဲ့သယံဇာတတွေ၊ အရင်းအမြစ်တွေနဲ့ ကမ္ဘာကြီးကို မှီခိုနေထိုင်အသက်ရှင်နေရတဲ့ ကျွန်မတို့လိုသက်ရှိသတ္တဝါတွေ၊ အပင်တွေ၊ အကောင်တွေရဲ့ မသေချာမရေရာမှုတွေဟာ ကျွန်မမျက်စိထဲ ကွက်ကွက်ကွင်းကွင်းထင်လာတယ်

 

အဲ့ဒီတော့ ရှင်သန်နေထိုင်ခြင်းဆိုတာကို အဲ့ဒီရှင်သန်ခြင်းတည်ရှိနေအောင်ပံ့ပိုးပေးထားတဲ့မရေရာမသေချာမှုတွေနဲ့ခွဲပြီးကြည့်လို့မရတော့သလိုပဲ မွေးဖွားလာကတည်းက ကျွန်မတို့က မရေရာမသေချာတဲ့နေရာတစ်ခုကိုဝင်ရောက်လာကြတာပဲမဟုတ်ဘူးလား?

 

ဒါပေမဲ့လည်း ဒီမရေရာမသေချာမှုတွေကြားထဲအသက်ရှင်နေကြတဲ့လူသားတစ်ယောက်အနေနဲ့လည်း တစ်ချိန်ချိန်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် အပြီးသတ်မယ်ဆိုတာသိရက်နဲ့လည်း ရှင်သန်နေချိန်မှာ အဆုံးသတ်ဆိုတာတွေမရှိသလို သိရက်နဲ့မသိချင်ဟန်ဆောင်ပြီး ကိုယ်ယုံကြည်ရာကို လုပ်ကိုင်နေကြရင်း တဒင်္ဂပျော်ရွှင်မှုတွေကို ဖွေရှာလုံးပမ်းနေကြတဲ့ ကျွန်မအပါအဝင်လူသားတွေရဲ့ စိတ်ဝိညာဉ်ကို ကျွန်မအောက်မေ့ဆင်ခြင်မိပြန်တယ်

 

မိုးမှမရွာရင် မြေရနံ့သင်းပါ့ဦးမလားလေ

 

ပင်လယ်သောင်ခုံမှာ ဘာလို့သဲအိမ်တွေဆောက်နေကြသေးတာလဲလေ

 

တစ်ပြိုင်နက်တည်းမှာလည်း တဒင်္ဂပျော်ရွှင်မှုတွေဟာ တဒင်္ဂဆိုတဲ့အရည်အသွေးမှမရှိရင် သူတို့ကို ကျွန်မတို့ တန်ဖိုးထားပါ့ဦးမလားလည်း တွေးမိပြန်တယ် ထာဝရပျော်ရွှင်ခြင်းတွေ၊ ထာဝရနုပျိုခြင်းတွေ၊ ထာဝရရှင်သန်ခြင်းတွေ…ထာဝရဖြစ်တည်ခြင်းတွေဟာ တဒင်္ဂတွေထက် ကျွန်မတို့ကိုစိတ်အင်အားပိုမိုပြည့်ဝစေမလား? ကျွန်မမသိဘူး တဒင်္ဂတွေကို ခါးသီးလို့ မသေချာမရေရာမှုတွေကြားကနေ ‌ခေတ္တထာဝရတွေကို ကိုယ်တတ်နိူင်သလောက် ဖန်တီးနေထိုင်နေကြတယ်၊ နေထိုင်ဖို့ကြိုးစားနေကြတယ်ဆိုတာတော့ ကျွန်မခန္ဓာနဲ့ရင်းပြီး နက်နက်ရှိုင်းရှိုင်းသိကျွမ်းမိပြန်တယ်

 

လျှာသွားပေါ်ကပျားရည်တစ်စက်လိုမျိုး ဘဝရဲ့ချိုမြိန်ခြင်းတွေဟာ လည်မျိုထဲမကျခင်ထိသာ ချိုမြိန်နေတတ်တာမို့လို့ ထပ်ခါထပ်ခါကျွန်မတို့စွဲနေကြတာများပဲလား?

 

စပ်ဖျင်းမှုတွေကို သည်းညည်းခံနိူင်ကြတာဟာလည်း မကြာခင် အစပ်လျော့သွားမယ်ဆိုတဲ့ ခမ်းနားလှတဲ့ဘဝရဲ့တဒင်္ဂအရည်အသွေးတွေရဲ့ကတိပြုချက်ကို ကျွန်မတို့ယုံကြည်ချက်ရှိနေကြလို့လား?

 

တကယ်တမ်းတော့ ကျွန်မတို့ရဲ့ရှင်သန်မှုတွေဟာ တောမီးလောင်ပြီးနောက်ပျက်ဆီးဆွေးမြေ့သွားကြတဲ့ တုံးလုံးလှဲသစ်ပင်တွေရဲ့ပင်စည်တွေမှာ အုံလိုက်ကျင်းလိုက်ပေါက်လာကြတဲ့မှိုတွေလိုပါပဲ

 

ပျက်သုဉ်းခြင်းဟာ ကျွန်မတို့ရဲ့ရှင်သန်ခြင်းဝမ်းစာ

 

တဒင်္ဂဖြစ်တည်မှုပဲဆိုတာကိုယ်နှိုက်ကိုက ဘဝရဲ့မပျက်ပြယ်တဲ့ထာဝရသစ္စာ

 

ထာဝရဆိုတာကို ကျွန်မတို့အမြဲတ‌စေမျှော်ကိုးတမ်းတတတ်ဖို့ တဒင်္ဂဆိုတာတွေက မရှိမဖြစ်လိုအပ်‌နေတဲ့တစ်ဖက်ခြမ်းကအမည်းရောင်တွေပဲဆိုတာ ဆင်ခြင်မိရင်း လွန်ခဲ့သောအပတ်ထဲရေးဖြစ်ခဲ့တဲ့ ခေါင်းစဉ်မဲ့စာတိုကဗျာတိုလေးတစ်ပုဒ်ကိုပြန်လည်ဝေမျှရင်း အမျှင်မပြတ်သေးတဲ့အတွေးတွေကို ဒီနေရာမှာ ခေတ္တခဏရပ်တန့်ခွင့်ပြုပါဦးတော့လေ

.

.

.

ငါဟာ သေဖို့အဆင့်သင့်ဖြစ်နေတဲ့သူတစ်ယောက်

 

သေမင်းဟာ ပင်လယ်ရဲ့လှိုင်းလုံးတွေလိုပဲ

မျက်နှာချင်းဆိုင်ရဖို့

သည်းထိတ်ရင်ဖိုစရာကောင်းလှပေမဲ့လည်း

တစ်ပြိုင်နက်တည်း သူ့ရဲ့အပွေ့အဖက်ကို တောင်းတမိနေပြန်တယ်

 

အရိပ်အမြွက်မပြတတ်ဘဲ

ရုတ်တရက်ဇောက်မတ်ကျသွားတဲ့

သဲမျက်နှာပြင်ကုန်းမို့‌တွေထက်

အသေအချာတိုင်းထွာ စာကပ်ထားတဲ့ ရေကန်ရဲ့အတိမ်အနက်တွေကို ငါပိုကြောက်တယ်

 

ရေမကူးတတ်တဲ့ငါ

ပြင်းပြတဲ့အပုတ်အခတ်မှာ

စိတ်လျှော့လက်လျှော့အနားယူရမယ်ဆိုတာ

ဗေဒင်ဆရာ နားချစရာမလိုအောင်

ကြိုသိနေတယ်

 

ဆပ်ပြာပူဖောင်းတွေကို ပါးစပ်ကမှုတ်ထုတ်ရင်း

အလမ္မာယ်လှိုင်းခေါ်ရာ

အုန်းလက်တံတွေ ကမ်းငင့်သလို

‌မြွေတစ်ကောင်ငါ

အညို့မိနေတယ်

 

ပူဖောင်းဟာ မျက်စိတစ်မှိတ်စာလေး

ရေလှိုင်းဟာ တစ်ဖွာရာလေး

ဘဝဟာ လက်တစ်ဖျောက်စာလေး

ဒါပေမဲ့

ရှင်သန်ခြင်းမှာ သစ္စာရှိဖို့ဆို

ငါ သေဆုံးဖို့လိုအပ်တယ်

မေ ၃၀ ၂၀၂၃

ကာရေဘီယန်သမုဒ္ဒရာစံတော်ချိန် ည ၉:၃၁

 

ပုံ – သမုဒ္ဒရာ၌နေဝင်ခိုက်