ဂရေဘာရဲ့ “မင်းက မင်းမဲ့သမားတစ်ယောက်လား?” ဆောင်းပါးသုံးသပ်ချက်

မတ်လဆန်းက ကျွန်မ ဘာသာပြန်ခဲ့တဲ့ မနုဿဗေဒပညာရှင် ဒေးဗစ်ဂရေဘာရဲ့ “မင်းက မင်းမဲ့သမားတစ်ယောက်လား? မင်းအဖြေက မင်းကိုယ်မင်းတောင် အံ့အားသင့်သွားစေမယ်” ဆောင်းပါးနဲ့ ပတ်သက်ပြီး တွေးမိတဲ့ မှတ်ချက်တွေကို အခုပြန်ချရေးချင်ပါတယ်

အရင်ဆုံး စကားချပ်ခံချင်တာက ဂရေဘာရဲ့စာတွေကို ဒီဆောင်းပါးဘာသာမပြန်ခင်အထိ ကျွန်မသေချာမဖတ်ဖူးခဲ့ပါဘူး ဒါပေမဲ့ အမေရိကန်မနုဿဗေဒနဲ့ မာ့စ်ဝါဒီတွေကြားမှာ သူ့နာမည်ဟာ ဟိုးလေးတကျော်ကျော်ရှိခဲ့တယ်ဆိုတာ သတိထားခဲ့မိတယ် အထူးသဖြင့် မနုဿဗေဒ‌ပါရဂူတန်းတက်နေကြတဲ့ ရာဒီကယ်ကျတယ်ဆိုတဲ့ လူဖြူအသိုင်းအဝိုင်းတွေကြားမှာ ဂရေဘာရဲ့စာတွေဟာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တယ် အကယ်ဒါးမီးယားရပ်ဝန်းတစ်နေရာမှာတောင် တည်ရှိနေဆဲဖြစ်တဲ့ လူတန်းစားမညီမျှမှုတွေကို ဂရေဘာဟာ အကယ်ဒါးမစ်ဖြစ်နေပေမဲ့လည်း ရေရေလည်လည် ပက်ပက်စက်စက်ထောက်ပြဝေဖန်ပြောဆိုတယ်လို့ ကြားခဲ့ရတယ် Yale တက္ကသိုလ်မှာ စာသင်ရင်း tenure မပေးတဲ့အတွက် UK က Goldsmiths College ကို ပြောင်းစာသင်ခဲ့တယ်ဆိုတာကို အကယ်ဒါးမီးယားရဲ့ tenure အထိကရုံးတွေနဲ့ပတ်သက်ပြီး ကြားခဲ့တယ် ဂရေဘာကိုယ်တိုင်ကလည်း လူဖြူဖြစ်နေပေမဲ့ ဆင်းရဲချို့‌တဲ့တဲ့ဂျူးလူမျိုးမိသားစုကနေ ပေါက်ဖွားလာခဲ့တဲ့အတွက် လူတန်းစားပြဿနာနဲ့ မင်းမဲ့သဘောတရားတွေကို စာနဲ့ရေး၊ ဟောပြောပွဲတွေမှာပြော၊ စာသင်ခန်းတွေမှာ ပို့ချပြီး ထောက်ပြခဲ့တယ်လို့ ကိုယ်တိုင် ဂရေဘာနဲ့ လူချင်းမတွေ့ခဲ့ဖူးသည့်တိုင် ကြားခဲ့ရပါတယ်

(စိတ်ဝင်စားစရာကောင်းတာက ဂရေဘာကွယ်လွန်ပြီး သူ့ပထမဇနီးဟောင်း အကယ်ဒါးမစ်ပညာရှင်လည်း ဖြစ်တဲ့ အယ်ရစ်ကာ လာဂယ်လီစ် (Erica Lagalisse) ရဲ့The Elvis of Anthropology ဆိုတဲ့ ဂရေဘာကို မနုဿဗေဒရဲ့ အယ်လ်ဗစ်ပရက်စလေဆိုပြီးနှိုင်းယှဉ်ရေးထားတဲ့ဆောင်းပါးက “a woman like David is not considered a “mad professor” or “package deal” but a “flaky psychobitch”, and a person of colour with his temperament might easily be murdered by police.” (ဒေးဗစ်နေရာမှာ မိန်းမတစ်ယောက်သာဆိုရင် “လန်ထွက်နေတဲ့ ပါမောက္ခ” (သို့) “အကုန်ပြည့်စုံတဲ့သူ” လို့ ခေါ်ဝေါ်မှတ်ယူခံရမှာထက် “စောက်ရူးရူးနေတဲ့ခွေးမ” လို့သာအခေါ်ခံလိမ့်မယ် လူဖြူမဟုတ်တဲ့လူတစ်ယောက်သာဆိုလို့ရှိရင် ဒေးဗစ်လိုစိတ်သ‌ဘောထားနဲ့သာဆိုရင် ရဲအသတ်ခံရတာကြာလှပေါ့) ဆိုပြီး ဖီမီနင့်ရှုထောင့်၊ လူမျိုးရေးရှုထောင့်ကနေ ဂရေဘာနဲ့ သူ့အယူအဆတွေကို ဝေဖန်သွားတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ် ဒီဝေဖန်ချက်ကလည်း စဉ်းစားစရာပါပဲ (လာဂယ်လိစ်ရဲ့ဆောင်းပါးကို ကျွန်မကို ပြန်ဝေမျှပေးတဲ့ မိတ်ဆွေ S ကိုလည်း ကျေးဇူးတင်ပါတယ်)

အဲ့ဒီတော့ ကျွန်မနဲ့ တစ်ခရီးတည်းသွားသူ၊ အရင်က သူ့ဆောင်းပါးတစ်ပုဒ်ကိုလည်း ကျွန်မ ဘာသာပြန်ဖူးတဲ့ ဖိလစ်ပိုင်က မိတ်ဆွေ စီမုန်းမာဂ်စာလင်းက သူ့ရဲ့ ဒီမင်းမဲ့သဘောတရားအကြောင်းမိတ်ဆက် ဆောင်းပါးကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့တဲ့အခါ ဂရေဘာရဲ့အရေးအသားတစ်ခုကို အမြည်းအစမ်းခံစားရမယ်လို့ ယူဆတဲ့အတွက် ဘာသာပြန်ခဲ့တယ်

အရင်ဆုံး ဆောင်းပါးထဲက ဂရေဘာရဲ့ အာဘော်တွေကို ပြန်မဆင်ခြင်ခင် အန်နာခစ်ဇင် (‌anachism) ဆိုတဲ့စကားလုံးသဘောတရားကို ကျွန်မက မင်းမဲ့သဘောတရားလို့ ဘာသာပြန်ခဲ့ပေမဲ့ စာဖတ်သူတစ်ဦးထောက်ပြခဲ့တဲ့ ဗဟိုအုပ်ချုပ်မှုကင်းမဲ့မှုသဘောတရားဆိုတာကိုလည်း ဆက်စပ်စဉ်းစားချင်ပါတယ် မိုနာခီ (monarchy) ဘုရင်ပဒေဿရာဇ်ခေတ်မှာတော့ လူတွေကို ဘုရင်တစ်ပါးက သက်ဦးဆံပိုင်ဘုရင်စနစ်ကိုအသုံးပြုပြီး အုပ်ချုပ်တာကို အန်နာခစ်သဘောတရားတွေက ဝေဖန်ခဲ့တာ၊ လက်ရှိလည်း ဝေဖန်နေဆဲဖြစ်တာ (ဥပမာ ဘုရင်မင်းစနစ်ကျင့်သုံးဆဲနိူင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘူတန်၊ ဗြိတိသျှ) ဖြစ်တဲ့အပြင် မော်ဒန် state ပုံစံတွေအရ လည်ပတ်နေကြတဲ့၊ (ဒီမိုကရေစီ၊ ဖက်ဆစ်၊ စစ်အာဏာရှင်အစရှိသဖြင့်)ဘယ်လိုနိူင်ငံရေးယန္တရား‌တွေကို အသုံးပြုအုပ်ချုပ်နေကြတဲ့ ကျွန်မတို့ မြန်မာနိူင်ငံလို နိူင်ငံတွေအကုန်လုံးက အုပ်ချုပ်သူ/အုပ်ချုပ်ခံလူတန်းစားနှစ်ရပ်ဆိုတဲ့ dichotomy တွေကို ဝေဖန်ပုန်ကန်တော်လှန်တဲ့ သဘောတရားတစ်ရပ်ဖြစ်တယ်လို့ ကျွန်မပြန်သုံးသပ်မိတယ် အန်နာခစ်သဘောတရားဟာ အစိုင်အခဲဖြစ်နေတဲ့ ဘုရင်မင်းစနစ်တင်သာမက၊ ဘုရင်ခေတ်မရှိတော့ပေမဲ့ ဘုရင်သဖွယ် အာဏာကို တစ်ဦးတစ်ယောက်၊ လူတန်းစားတစ်ရပ်ရဲ့လက်ထဲမှာ လက်ကိုင်ထားပြီး အုပ်ချုပ်တာတွေအကုန်လုံးကို ဝေဖန်တယ်လို့ ကျွန်မ ယူဆမိတဲ့အတွက် အန်နာခစ်သဘောတရားကို မင်းမဲ့သဘောတရားပဲဆိုဆို၊ ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးသဘောတရားပဲဆိုဆို အနက်အဓိပ္ပါယ်က တူတူပဲလို့ ကျွန်မ ထင်ပါတယ် ဒီနေရာမှာ ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးလို့ဆိုလိုက်ရင်တော့ အာဏာရှင်တွေ၊ ဘုရင်တွေ၊ မင်းတွေ၊ သမ္မတတွေကို ပုန်ကန်နေကြတဲ့သူတွေ၊ အစုအဖွဲ့တွေ၊ NGO‌ တွေကိုယ်နှိုက်ကိုက ဘယ်လို ဗဟိုအုပ်ချုပ်သူစနစ်ကို ပြန်လက်ကိုင်ထားသလဲဆိုတာတော့ ကွက်ကွက်ကွင်းကွင်း ပိုမြင်မိကောင်းမြင်မိနိူင်ပါတယ်

အခု အန်နာခစ်ဇင်ကို ဘာသာပြန်တာနဲ့ ပတ်သက်ပြီး စဉ်းစားမိပြီးတော့ ဆောင်းပါးထဲက အချက်တွေဘက်ကို ပြန်လှည့်ရရင် ဂရေဘာဟာ မင်းမဲ့ဝါဒီလိုကြားလိုက်ရင် လူတွေက ကစဉ့်ကလျားဖရိုဖရဲဖြစ်ရတာ ကြိုက်တဲ့သူတွေရဲ့ဝါဒီလို အများက ထင်ကြတယ်ဆိုပြီး ဆောင်းပါးကို စထားပါတယ် ဒီအချက်ကို ကျွန်မ အကျယ်ဖွင့်ပြီး သေသေချာချာစဉ်းစားချင်တယ် ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းမှာ ကျွန်မကိုယ်တိုင်လည်း စဉ်းစားတွေးခေါ်မှုရပ်ဝန်းတွေမှာကြားလာရတာက အားလုံးအတူတူတွဲလုပ်ကြဖို့ လိုလာပြီ၊ တော်လှန်ရေးကို ဒီလိုလုပ်တာတော့ မှားနေပြီ၊ ဒီဖီမီနင့်ဇင်ကြီးကတော့ လွဲနေပြီ အစရှိတဲ့ အတွေးအခေါ်အယူအဆ လုပ်ကိုင်ပုံအသွင်သဏ္ဍာန်တွေကြားထဲ မှားတယ်၊ မှန်တယ် အတွင်းကျိတ်သော်လည်းကောင်း၊ အများရှေ့မှာသော်လည်းကောင်း ငြင်းခုံကြတာတွေကို ပိုသတိထားမိလာတယ် ကျွန်မကိုလည်း ဒီလို ဒီလို ဖီမီနင့်ဇင်တွေကတော့ မှားနေလို့ ပြောပေးပါဦး ဒါမှမဟုတ် ကျွန်မပြောနေ၊ ရေးနေတာတွေကလည်း မှားနေတယ် အစရှိသဖြင့် ထိန်းချုပ်ပုံစံသွင်းဖို့ ကြိုးပမ်းမှုတွေနဲ့ လာချဉ်းကပ်ကြတာတွေ ရှိလာတယ် မနုဿဗေဒသမားတစ်ယောက်အနေနဲ့ ကျွန်မအတွက်က ဒီလို မှန်တယ်၊ မှားတယ် ထိန်းချုပ်ချင်စိတ်တွေ ဘယ်ကပေါ်လာတာလဲဆိုတာကိုပဲ ပိုစိတ်ဝင်စားမိတယ်

ဒီလိုပြောလို့ ကျွန်မကိုယ်တိုင် ထိန်းချုင်ချင်စိတ်တွေ မရှိခဲ့ဘူးလားလို့တော့လည်း မဟုတ်ပါဘူး ငယ်စဉ်ကလေးဘဝမှာ ကိုယ့်ခြေကိုယ့်လက်လုပ်ပိုင်ခွင့်မရှိဘဲ ကိုယ်စိတ်ဝင်စားရာကို တစ်ယောက်ယောက်၊ တစ်စုံတစ်ခုက ထိန်းကွပ်ထားခဲ့မှုနဲ့ ကြီးပြင်းလာခဲ့တဲ့ကျွန်မမှာလည်း ထိန်းချုပ်ချင်စိတ်တွေ ပြင်းပြခဲ့တယ်၊ ထိန်းချုပ်ချင်စိတ်တွေ အနည်းအကျဉ်းလည်း ရှိနေတုန်းပဲ ဒါပေမဲ့ အခုနောက်ပိုင်း၊ အထူးသဖြင့် ဂရေဘာ့စာကိုဖတ်ပြီး ပြန်စဉ်းစားလာမိတာက ဘာကြောင့် ကျွန်မတို့က ဒီလိုထိန်းချုပ်ချင်စိတ်တွေရှိနေရတာလဲဆိုတာပဲ ကျွန်မတစ်ကိုယ်ရည်အတွက်ကတော့ ငယ်စဉ်က ကျန်ရှိနေခဲ့တဲ့၊ ထိကျွမ်းပတ်သက်ခဲ့ရတဲ့ သမိုင်းကြောင်းတွေ၊ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကနေ ကျွန်မကို ဒီလိုထိန်းချုပ်ချင်စိတ်တွေပေါက်ဖွားလာစေတယ်လို့ ထင်တယ် ဘုရင်မင်း၊ အစိုးရတွေထိ ပြေးကြည့်စရာတောင်မလိုပါဘူး ငယ်ငယ်ကတည်းက “ဒီအမေသာ မရှိရင် ညည်းတို့ ကြပ်ကြပ်ဒုက္ခရောက်မယ်” “မအေသေမှ သိမယ်” ဆိုတဲ့ ကျွန်မတို့အမေရဲ့ ထိန်းချုပ်မှုတေးကြီးအောက်က ကြီးလာသူတစ်ယောက်အနေနဲ့ ထိန်းချုပ်သူမှ မရှိရင် မနေတတ်ဆိုသလို ဖြစ်နေကြတာမလား? ကိုယ့်ကို ဂျန်ဒါအရသော်လည်းကောင်း၊ ဖြစ်တည်မှုတစ်ခုခုအရသော်လည်းကောင်း (အသံအကျယ်ကြီး မရယ်နဲ့လေ၊ အင်္ကျီဆို ဒီလိုဝတ်ရမယ်၊ ညဆို ဒီအချိန်အိမ်ပြန်ရမယ်၊ ဆံပင်ဆိုတာ စည်းထားရမယ် ချထားရင် သရဲကပ်တတ်တယ် အစရှိသဖြင့်) ခန္ဓာနဲ့စိတ်ကို အမြဲထိန်းချုပ်ခံခဲ့ရတော့ ကိုယ်ကနေ မိမိကိုယ်ကို (သို့) တခြားတစ်ပါးကို ပြန်ထိန်းချုပ်ချင်စိတ်တွေ ပြန်ပေါ်လာတယ်လို့ ထင်တယ် ထိန်းချုပ်မှုတွေနဲ့ပဲ ကြီးပြင်းလာကြတဲ့လူတွေကြားမှာ ထိန်းချုပ်မှုဟာ culture ရိုးရာဓလေ့တစ်ခုဖြစ်လာတယ် တောင်းမှာအကွပ်ဆိုသလို ထိန်းချုပ်မှုမှမရှိရင် အားလုံးဟာ ဖရိုဖရဲ ဗြဲလန်းရမ်းကြီးကို ဖြစ်လို့ပေါ့ ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင်၊ ဂရေဘာဆောင်းပါးအစက ထောက်ပြထားတာနဲ့ ချိတ်ဆက်ရရင် လူတိုင်းဟာ ထိန်းချုပ်မှုမှမရှိရင် မနေတတ်ကြတော့ဘူးဆိုတာ ဟုတ်ရောဟုတ်ရဲ့လား မေးခွန်းပြန်ထုတ်စရာဖြစ်လာတယ်

မင်းမဲ့သဘောတရားလို့ပြောလိုက်ရင် စကားလုံးအကြီးကြီးနဲ့ တံတားအောက်မှာ ကစဉ့်ကလျား ပန့်ခ်သီချင်းတွေ၊ မျက်လုံးမှာ အိုင်းလိုင်နာတွေ ပေပေရေရေဆိုးထားတဲ့သူတွေ၊ ဆံပင်တွေစုတ်ဖွားနဲ့ လူ့ပတ်ဝန်းကျင်ဘောင်အပြင်ရောက်နေတဲ့သူတွေကိုပဲ မျက်စိထဲ ပြေးမြင်ယောင်မိကြလေ့ရှိတယ် ဒါပေမဲ့ ဂရေဘာပြောပုံအရတော့ မင်းမဲ့သဘောတရားဟာ ထိန်းချုပ်မှုတွေအကုန်ကို လွှတ်ချတာထက် စနစ်အရ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လူထုတစ်စုကို ထိန်းကျောင်းတာကို ဆန့်ကျင့်တာလို့ ကျွန်မ မြင်မိတယ် အဲ့ဒီ့တော့ သာမန်လူတွေကရော တစ်ကိုယ်ရည် မိမိကိုယ်ကိုသာ ပြန်ထိန်းကျောင်းတတ်ရင် ထိန်းချုပ်မှုစနစ်ဆိုတာ လိုကိုမလိုတော့ဘူးဆိုတဲ့သဘောပေါ့

ဒီနေရာမှာ ဂရေဘာရဲ့ နံပါတ်တစ်အချက် (ဘတ်စ်ကားမှတ်တိုင်မှာ ရဲတွေက စောင့်မကြည့်နေရင်တောင်မှ သူများကို တံတောင်ဆစ်နဲ့ တွန်းတိုက်ပြီး ဘတ်စ်ကားပေါ် အလုအယက်ကျော်တက်မဲ့အစား မင်းက မင်းအလှည့်ကို မင်းစောင့်လေ့ရှိတဲ့သူလား?) ကို ဘာသာပြန်ရင်း ကျွန်မ တစ်ချက်သွားတွေးမိတာက ကျွန်မတို့ မြန်မာပြည်ကလူတချို့ကတော့ ဒါကို တန်ပြန်ငြင်းဆိုကောင်းငြင်းဆိုနိူင်တယ်ဆိုတာပဲ ဒါကတော့ မြန်မာပြည်ကလူတွေဟာ တခြားနိူင်ငံတွေမှာလိုမဟုတ်ဘူး နိူင်ငံကြီးသားမပီသဘူး၊ စည်းကမ်းမရှိဘူး၊ အမှိုက်တွေလည်း လမ်းပေါ်အလျဉ်းသင့်သလိုပစ်တာပဲ အစရှိတဲ့တန်ပြန်အာဘော်တွေနဲ့ ဂရေဘာပြောနေတဲ့ မိမိကိုယ်ကို ပြန်လည်ထိန်းကျောင်းမှုဆိုတာ မြန်မာပြည်က သာမန်လူတန်းစားဆိုတာမှာ မရှိဘူးလို့ ငြင်းချက်ထုတ်ကောင်းထုတ်နိူင်တယ်ဆိုတဲ့အချက်ပဲ

ဒီအချက်ဟာ မနုဿဗေဒပညာရှင်တစ်ယောက်ဖြစ်ပေမဲ့လည်း ဂရေဘာ့ဘက်က လစ်ဟင်းသွားတယ်လို့ ကျွန်မမြင်တယ် ဒါကတော့ မနုဿဗေဒရဲ့ အားသာချက်တစ်ခုဟာ အခြေအနေအရပ်ရပ်တွေကို စုတ်တံအကြီးကြီးနဲ့ရေးခြစ်တာထက် ကိစ္စတစ်ခုခုမှာ ဒေသန္တရအခြေအနေကိုပါ ထည့်သွင်းစဉ်းစားခြင်းပဲ ဂရေဘာပြောတဲ့ မိမိကိုယ်ကိုထိန်းကျောင်းနိူင်မှုဟာ မြန်မာပြည်လိုနိူင်ငံကလူတွေမှာ မရှိဘူးလို့ ကျွန်မတို့ ခဏ ခဏကြားနေရတဲ့စကားတွေကို ပြန်လည်ချေပဖို့ဆိုရင် မြန်မာပြည်ရဲ့ နိူင်ငံရေးသမိုင်းကြောင်း၊ အင်ဒီးဂျနင့်အမူအကျင့်တွေအရ မိမိကိုယ်ကိုထိန်းကျောင်းမှုတွေကို ဆက်စပ်စဉ်းစားရမယ်လို့ ကျွန်မထင်တယ် ဒါကတော့ ဂရေဘာပြောတဲ့ ဘတ်စ်ကားပေါ်တိုးဝှေ့မတက်ဘူးဆိုတဲ့ မိမိကိုယ်ကိုထိန်းကျောင်းမှုဟာ မြန်မာပြည်လိုအခြေအနေက မိမိကိုယ်ကိုထိန်းကျောင်းမှုနဲ့ ထပ်တူမကျနေနိူင်ဘူး ရန်ကုန်က ဘတ်စ်ကားတွေစီးဖူးသူတိုင်း သိကြပါတယ် ဘတ်စ်ကားကို တိုးမှမတက်ရင် အိမ်ပြန်ရောက်ချင်မှရောက်တော့မှာကိုး ဆိုတော့ ဘတ်စ်ကားပေါ်တိုးဝှေ့တက်တိုင်း အုပ်ချုပ်သူကင်းမဲ့သဘောတရားတွေကို ဆန့်ကျင့်သူဖြစ်သွားရောလား? ကျွန်မအမြင်အရတော့ မဟုတ်ပါဘူး ဘယ်အခြေအနေ‌တွေက ဖန်တီးထားတာကြောင့်၊ ဘယ်ဒေသကြောင့် ဘတ်စ်ကားပေါ်တိုးတက်ရတာလဲဆိုတာကိုပါ ပြန်စဉ်းစားရပါမယ် ဘတ်စ်ကားပေါ် တိုးဝှေ့တက်ပြီး ကားပေါ်မှာ အချင်းချင်း ပြန်ညှာတာတာ၊ ဖေးမတာတွေကရော မင်းမဲ့သဘောမရောက်နိူင်ဘူးလား? ဂရေဘာရဲ့ ဒီဥပမာက ကျွန်မအတွက်တော့ အဲကွန်းလေးတဖြူးဖြူးနဲ့ အချိန်ပုံမှန်လာတဲ့ ဘတ်စ်ကားတွေ မရှိတဲ့နေရာတွေကို ထည့်သွင်းမစဉ်းစားထားဘဲ လူဖြူသဘောတရားကနေပဲ ညှစ်ထုတ်ယူထားတဲ့ ဥပမာတစ်ခုလို ကျွန်မမြင်မိတယ် ကျွန်မတို့ မြန်မာပြည်လိုနေရာတစ်ခု (မြန်မာပြည်‌ထဲက နေရာ‌ပေါင်းမြောက်မြားစွာအတွက် ပိုပြီး ထင်သာမြင်သာရှိမဲ့ တခြားသော အန်နာခစ်ဆန်ဆန်ဥပမာတွေက ဘာတွေများဖြစ်မလဲ?)

နောက်တစ်ချက်က ဂရေဘာရဲ့ မိမိကိုယ်ကိုထိန်းကျောင်းမှုဟာ အနောက်လူဖြူရိုးရာဓလေ့ကလာတဲ့ တစ်ကိုယ်ရည်တစ်ကာယဖြစ်တည်မှုနဲ့ အများကြီးဆက်စပ်နေတယ်လို့ ကျွန်မမြင်မိတယ် ဒါကတော့ လူတိုင်းသာ မိမိတစ်ကိုယ်ရည်ကို ထိန်းကွပ်လိုက်ရင် ဘယ်အထက်ကမှ လာပြီးထိန်းချုပ်နေစရာမလိုတော့ဘူးဆိုတဲ့ အမြင်ပေါ့ ဂရေဘာ့ရဲ့ ဒုတိယနဲ့ တတိယဥပမာမှာတော့ အများနဲ့ဆက်စပ်နေတာတွေကို ထောက်ပြထားပါတယ် ဒါပေမဲ့ အများဆိုတာနဲ့ ချိတ်ဆက်ဖို့ မိမိကိုယ်ကို တစ်ကိုယ်ရည်ပြန်လည်ထိန်းကွပ်ရမယ်ဆိုတဲ့ အယူအဆကလည်း မသိမသာပါဝင်နေတုန်းပဲ တစ်နေ့က ကျွန်မ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင် လူဖြူရိုးရာဓလေ့တွေထဲက parenting အကြောင်းရောက်မိတယ် အဲ့မှာ သူထောက်ပြတာက လူဖြူဓလေ့မှာ ကလေးတစ်ယောက်ကို ငယ်ငယ်ကတည်းက တစ်ကိုယ်ရည်တစ်ကာယစိတ်ဓါတ်‌ (individuality) ကို ဘယ်လို socialize လုပ်ထားသလဲဆိုတာပေါ့ ကလေးတစ်ယောက်ကို ထမင်းစားတယ်ဆိုရင်တောင် ဒါက မင်းပန်းကန်၊ ဒါကသူ့ပန်းကန် မနှိုက်ရဘူးနော် အစရှိသဖြင့် တစ်ကိုယ်ရည်တစ်ကာယဘောင်ကို မိဘကနေ ငယ်ငယ်‌လေးကတည်းကနေ သင်ကြားပေးလိုက်တယ်ဆိုတာပဲ စိတ်ဝင်စားဖို့ကောင်းပါတယ် အဲ့ဒါကြောင့်လည်း အနောက်လူဖြူနိူင်ငံတွေမှာ individuality ဟာ ထွန်းကားတယ် ဒါကို ကြိုက်နှစ်သက်လို့ ပြုကျင့်ဖို့ကြိုးစားကြတဲ့ မြန်မာတွေလည်း ကျွန်မတွေ့ဖူးတယ် အင်တာနေရှင်နယ်ကျောင်းတွေမှာ သင်ကြတယ် ပြောချင်တာက ဂရေဘာဆိုလိုချင်တဲ့ မင်းမဲ့သဘောတရားဟာ တစ်ကိုယ်ရည်တစ်ကာယစိတ်ဓါ‌တ်တွေနဲ့ ဘယ်လောက်ထိအောင်များ ယှက်နွှယ်နေဦးမလဲပေါ့ ကျွန်မအတွက်တော့ မင်းမဲ့သဘောတရားဟာ တစ်ကိုယ်ရည်တစ်ကာယဖြစ်မှ လေ့ကျင့်လို့ရတယ်လို့တော့ မထင်မိဘူး မြန်မာပြည်က အင်ဒီးဂျနင့်အမူအကျင့်တွေအရ အတူနေအတူထိုင် အတူစား အင်္ကျီတစ်ထည်တည်းအတူဝတ်အစရှိတာတွေမှာရော မင်းမဲ့သဘောတရားတွေရှိမနေနိူင်ဘူးလား? တချို့ကတော့ ဒီလို လည်ပင်းဖက်ပေါင်းတာတွေဟာ ပဲ့တင်သံအခန်းလိုပဲ ပြန်ဖြစ်ပြီး အဆိပ်အတောက်တွေဖြစ်စေတယ်လို့ ဆိုပါတယ် ဒါကိုလည်း ကျွန်မလက်ခံတယ် ဒီအုပ်စုနဲ့ပေါင်းပြီး ဒီအုပ်စုထဲက လူအချင်းချင်းပဲ ပြန်မြှောက်ပေး၊ လက်ခုပ်တီးပေါ့ ဒါကတော့ မင်းမဲ့သဘောတရားမဟုတ်ဘူး ကျွန်မပြောချင်တာလည်း အဲ့ဒီလိုမျိုးမဟုတ်ဘူး မင်းမဲ့သဘောတရားကို ကျင့်သုံးဖို့ဆိုတာ လူတိုင်းဟာ လွတ်လပ်စွာ မိမိအမြင်ကို ချပြနိူင်ခွင့်ရှိပြီး တစ်ဘက်ကလည်း နားထောင်ခွင့်ရှိရမယ်ဆိုတာပဲ

ဒါကို ဂရေဘာရဲ့ ဒုတိယဥပမာ (မင်းပါဝင်တဲ့ အစုအဖွဲ့တစ်ခုခု၊ ရပ်ရွာပရဟိတအဖွဲ့တစ်ခုခု ဒါမှမဟုတ် အားကစားအဖွဲ့တစ်ခုခုဟာ ခေါင်းဆောင်တစ်ယောက်ကနေပဲ အဖွဲ့အစည်းတစ်ခုနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ရှိတာမျိုးမဟုတ်ဘဲ အများသဘောတူညီချက်နဲ့ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ အဖွဲ့တွေမျိုးလား?)မှာ တွေ့နိူင်တယ် ကျွန်မတို့ မြန်မာပြည်အစုအဖွဲ့ရပ်ဝန်းတွေမှာတော့ အင်ဒီးဂျနင့်လို့အကြောင်းပြပြီး ကိုယ့်အစုအဖွဲ့အတွင်းပဲ ကိုယ့်ဟာကိုယ်လှိုဏ်ခေါင်းသံတွေ ပဲ့တင်ထပ်နေတာဟာ မင်းမဲ့သဘောတရားတော့ မဟုတ်ဘူး လက်ရှိတော်လှန်ရေးခေါင်းစဉ်အောက်မှာ အလုပ်လုပ်နေတဲ့၊ ဂျန်ဒါတန်းတူညီမျှမှုနဲ့အလုပ်လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းတွေကများ ဒီလို အုပ်ချုပ်သူ/အုပ်ချုပ်ခံ၊ ဆုံးဖြတ်ချက်ချသူ/လိုက်နာသူ structure တွေနဲ့ မလည်ပတ်နေဘူးလဲ ကျွန်မ သိချင်စမ်းမိတယ် တကယ်လို့ ဒါတွေမရှိရင် မဖြစ်လို့ ထင်တယ်ဆိုရင် ဘာကြောင့်လဲ? ကျွန်မ တစ်ခါစာသင်ဖူးတဲ့ alternative တက္ကသိုလ်ကြီးလိုပေါ့ ဌာန head မှမရှိရင် အလုပ်မဖြစ်ပါဘူးဆိုလို့ လမ်းခွဲခဲ့တယ် ဌာနမှာ head က ဘာလို့အရေးပါနေတာလဲ? Head မရှိရင် ဘာဖြစ်လဲ? Head ပဲရှိနေရင် ကိုယ်မှမရှိရင်ရော? ဒီမေးခွန်းတွေဟာ တော်လှန်ရေးခေါင်းစဉ်အောက်က အလုပ်လုပ်သူတွေ ပြန်စဉ်းစားစရာလို့ ထင်တယ်

ဂရေဘာရဲ့ အာဘော်တွေဟာ အပေါ်ယံမင်းမဲ့သဘောတရားကို သဘောကျကျင့်သုံးချင်သူတွေအတွက် လွယ်လွယ်ကူကူမျက်စိထဲမြင်ကောင်းမြင်လို့ရတဲ့ အချက်တွေဖြစ်ပေမဲ့ တစ်ချိန်တည်းမှာလည်း ကျွန်မစဉ်းစားမိတာ မင်းမဲ့သဘောတရားတွေဟာ အနောက်ထုတ်ဝါဒအနေနဲ့ ဘယ်လောက်များ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေပြီလဲဆိုတာပဲ ဒါကတော့ အရှင်းပြောရရင် နယ်နိမိတ်တွေကို ကျော်လွန်ပြီးတည်ဆောက်ကြတဲ့ လက်တွဲလုပ်ကိုင်မှုတွေမှာ မင်းလည်း မင်းမဲ့သမား၊ ငါလည်းမင်းမဲ့သမား မင်းနဲ့ငါနဲ့ သဘောတရားတူတူပဲဆိုတာမျိုးတွေကို ရှေ့တန်းတင်လာပြီး တခြားသော ဖြစ်တည်မှုဆုံမှတ်တွေကို ထည့်မစဉ်းစားတော့သလိုမျိုးပဲ အထူးသဖြင့် ကျွန်မတွေ့ဖူးရသလောက် လူဖြူယောင်္ကျားတွေဟာ မင်းမဲ့သဘောတရားကို ကြိုက်နှစ်သက်ကြတယ်၊ ကျင့်သုံးချင်ကြတယ် သူတို့ဟာ လူချမ်းသာအသိုင်းအဝိုင်းကလာတာမဟုတ်ဘဲ ဂရေဘာလိုမျိုး လက်လုပ်တန်းစားကလာတယ်ဆိုရင်ကိုပဲ ပိုပြီး အန်နာခီဆန်ချင်ကြတယ်၊ မာ့စ်ဆန်တယ် ဒါပေမဲ့ တစ်ပြိုင်နက်တည်း သူတို့ရဲ့ အန်နာခီဆန်မှု၊ အပြုအကျင့်တွေဟာ ကမ္ဘာ့တောင်ပိုင်းဒေသက အန်နာခီသဘောတရားတွေနဲ့ ထပ်တူမကျနေနိူင်ဘူးဆိုတာကို မေ့သွားတတ်ကြတယ် မင်းလည်း လက်လုပ်တန်းစား၊ ငါလည်း လက်လုပ်တန်းစားပြောရင်း သူ့ရဲ့ လူဖြူသဘောတရား၊ ဂျန်ဒါအစရှိတဲ့ အခြားသော လှုပ်ရှားနေတဲ့ ဖိနှိပ်မှုသဘောတရားတွေကို မေ့ဖျောက်ပစ်လိုက်ကြတယ်

ပြီးခဲ့တဲ့နှစ်က ထိုင်းမှာလုပ်သွားတဲ့ မြန်မာပြည်က ကျေးလက်အမျိုးသမီးတွေအတွက် ရန်ပုံကောက်ပွဲဆိုတဲ့ပွဲက လူဖြူမတစ်ယောက်က စင်ပေါ်တက်ပြီး သူဟာ မိန်းမတစ်ယောက်အနေနဲ့ ဗီယက်နမ်မှာ တစ်ယောက်တည်း ကျောပိုးလွယ်ခရီးထွက်တုန်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကြုံခဲ့ရတယ် တက်ပြောသလိုပေါ့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ တကယ်မဖြစ်ခဲ့ဘူးလို့ လှောင်ပြောင်ပြီး ပြောချင်တာမဟုတ်ဘူး ကိုယ့်ကျောပိုးအိတ်ကိုယ်လွယ်ပြီး တစ်ယောက်တည်း အရှေ့တောင်အာရှတစ်ခွင် ခရီးလှည့်လည်သွားနိူင်တဲ့ လူဖြူမိန်းမတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကို ကမ္ဘာ့တောင်ပိုင်းက ကျေးလက်‌ဒေသက အင်္ဂလိပ်စကားတောင် မပြောတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တန်းညှိလို့မရလို့ပဲ ဂျန်ဒါအပြင် အခြားသောဖြစ်တည်မှုဆုံမှတ်တွေကိုပါ ထည့်စဉ်းစားရမယ် အဲ့လိုပဲ လူဖြူယောင်္ကျားတွေ ကြိုက်နှစ်သက်တဲ့ မင်းမဲ့သဘောတရားတွေဟာ အခြားသောဒေသက၊ လူဖြူမဟုတ်သောသူတွေရဲ့၊ ယောင်္ကျားမဟုတ်သောသူတွေရဲ့ မင်းမဲ့သဘောတရားတွေနဲ့ တူတူပဲလို့ တန်းညှိလိုက်လို့မရဘူး ကျွန်မထင်တယ် ကျွန်မအတွက်က ဒါကြောင့် မင်းမဲ့သဘောတရားဟာ ပဒေသရာဇ်ဘုရင်နဲ့ အစိုးရအုပ်ချုပ်မှုစနစ်‌တွေကိုသာမက နီရိုကိုလိုနီစနစ်၊ အရင်းရှင်စနစ်၊ လူမျိုးရေးအခြေပြုထိန်းချုပ်မှု၊ ဂျန်ဒါအခြေပြုထိန်းချုပ်မှုအစရှိတဲ့ ခေတ်သစ်ထိန်းချုပ်မှုပုံစံတွေအကုန်ကိုပါ ပြန်စဉ်းစားရမယ် ထင်တယ် ဒါကို ဂရေဘာရဲ့ နောက်ဆုံးဥပမာ (လူတွေဟာ သဘာဝအရ အတွင်းထဲက ခြစားနေတဲ့ မကောင်းဆိုးဝါးတွေလို့ မင်း ထင်သလား? ဒါမှမဟုတ် တချို့လူတွေ (မိန်းမတွေ၊ လူဖြူမဟုတ်တဲ့သူတွေ၊ ပညာမတတ်တဲ့၊ ပိုက်ဆံမချမ်းသာတဲ့ သာမန်လူတွေ)ဟာ သူတို့ထက် ပိုတော် ပိုသိတဲ့သူတွေရဲ့ အအုပ်ချုပ်ကို ခံသင့်တဲ့ ပိုမိုနိမ့်ကျတဲ့သူတွေလို့ မင်း ထင်သလား?) မှာလည်း သေချာမြင်နိူင်ပါတယ်

ဒီနေရာမှာ ကျွန်မအတွက်ကတော့ parallel တစ်ပြိုင်နက်လုပ်ဆောင်မှုတွေကို ပြန်‌မြေတောင်မြှောက်ရမယ်၊ အဲ့လို တစ်ပြိုင်နက်လုပ်ဆောင်မှုတွေနဲ့လည်း သက်တောင့်သက်တာနေတတ်ရမယ်လို့ ထင်တယ် ဒါက ကိစ္စရပ်တစ်ရပ်နဲ့ပတ်သက်ပြီး အလုပ်လုပ်ကြသူတိုင်း တစ်ပုံစံတည်းလုပ်စရာမလိုသလို၊ တစ်အာဘော်တည်းလည်း ဖြစ်နေစရာမလိုဘူးလို့ ထင်တယ် (ကမ္ဘာ့ပေါ်ကလူတွေအကုန် အတူတူပဲတွေးပြီး အတူတူလုပ်ကြမယ်ဆိုရင် ကျွန်မတို့က စက်ရုပ်တွေနဲ့ ဘာကွာသေးသလဲ?) အဲ့ဒါကြောင့် ကျွန်မ ကျောင်းသားကျောင်းသူတွေကို ပြောဖြစ်တာကတော့ မြန်မာပြည်နဲ့ပတ်သက်ပြီး စာရေးတာ၊ သုတေသနလုပ်တာတွေ များများစုံစုံလင်လင်ရှိလာတာ ကောင်းတယ် သူတို့တွေကို လုပ်ဖို့လည်း အားပေးတယ် တစ်ဦးတစ်ယောက် (သို့) လူနည်းစုကနေပဲ မြန်မာပြည်ဖွား မြန်မာပြည်သုတေသနလုပ်သူ၊ တက်ကြွသူတွေဖြစ်နေကြသေးရင် ဒီလူတွေကပဲ မြန်မာပြည်ကိုယ်စားလှယ် တုံကင်အမှတ်အသားတွေ ဖြစ်သွားတတ်လို့လေ (လူညိုတွေထဲမှာလည်း problematic လူညိုတွေရှိနေသေးတုန်းပဲ) တစ်ပြိုင်နက်တည်းလုပ်လို့ ရတယ်ပြောလို့ သူတစ်လူငါတစ်မင်း ဆရာများသားသေမျိုးကိုလည်း မဆိုလိုပါဘူး တစ်ပြိုင်နက်တည်း လုပ်ဆောင်တဲ့နေရာမှာ လက်တွဲလုပ်လို့ရတာတွေ ရှိကောင်းရှိနိူင်တယ် သဘောမကျတာတွေ ပါကောင်းပါနိူင်တယ် အရေးကြီးတာက သဘောမကျတာရှိလို့ သူက သူ့ဘာသာ ဒီရပ်ကွက်မှာ ဆရာကြီးလုပ်၊ ငါက ငါ့ရပ်ကွက်မှာ ဆရာကြီးလုပ်ဆိုတာထက် ကြားထဲမှာ စကားပြောဆိုမှု၊ အင်နဲ့အားနဲ့မဟုတ်တဲ့ညှိနှိုင်းမှုလည်းပါတဲ့ တစ်ပြိုင်နက်လုပ်ဆောင်မှုကို ဆိုလိုတာပါ

ကစဉ့်ကလျားဖရိုဖရဲဖြစ်မှာကို ကြောက်လန့်လို့ တစ်ပြိုင်နက်လုပ်ဆောင်မှုတွေအကုန်ကို ဖရိုဖရဲတန်းထဲ ထည့်လိုက်တာကတော့ ထိန်းချုပ်လိုစိတ်တွေကပဲ ပြန်လာတယ်လို့ ကျွန်မမြင်တယ်

အကျဉ်းချုံးရရင် ဂရေဘာထောက်ပြတဲ့ မင်းမဲ့သဘောတရားဟာ အာဏာနဲ့ အဓိကဆက်စပ်နေတယ် အာဏာသာရရင် ဘယ်သူမဆို အကျင့်ပျက်ခြစားသွားနိူင်တယ်လို့ ဂရေဘာကဆိုထားတယ် အဲ့တော့ အာဏာကို ဘာလို့လူတွေကြိုက်တာလဲ? လူတချို့က အာဏာကိုလိုချင်ပြီး တချို့ကလည်း အာဏာကို လိုလိုချင်ချင် အပ်နှင်းချင်ရတာလဲ?

ဘာလို့ ငါအသိကြီး၊ အတတ်ကြီးလုပ်ချင်ကြတာလဲ?

တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို အာဏာအုပ်ချုပ်ခွင့်၊ ထိန်းချုပ်ခွင့်ပေးလိုက်ခြင်းအားဖြင့် မိမိကိုယ်ကိုနဲ့ မိမိပတ်ဝန်းကျင်က လုပ်ရပ်တွေမှာ တာဝန်ယူစရာ၊ ခေါင်းခဲစရာအလုပ်တစ်ခုလျော့သွားလို့လား? အထက်ကရေးခဲ့သလို ငါ့ဖီမီနင့်ဇင်က အမှန်၊ သူ့ဖီမီနင့်ဇင်က အမှား အစရှိတဲ့ ထိန်းချုပ်ချင်စိတ်တွေ ဘယ်ကလာတာလဲ? (တချို့ ဖီမီနင့်ဇင်တွေက လွဲနေတယ်ဆိုရင်တောင် ကိုယ့်ဖီမီနင့်ဇင် ကိုယ်ဆက်မကျင့်သုံးဘဲ၊ သူများကို လမ်းပြလိုချင်စိတ် ဘာကြောင့်ရှိတာလဲ?)

အမှန်တရားစစ်စစ်ဆိုတာ ဘာလဲ? (မနုဿဗေဒမှာတော့ ကျွန်မနားလည်ရသလောက် အမှန်တရားဆိုတာ တစ်ခုတည်းသောပရမ္မတသဘောဆိုတာထက် အမှန်တရားတွေအများကြီးရှိတယ်ဆိုတာပဲ ကိုယ်က လူတန်းစားပြဿနာတွေအကြောင်း သိမှုတွေရလာလို့ တခြားလူတွေက false consciousness နဲ့နေနေကြတယ်လို့ ဘာလို့ထင်ကြရတာလဲ? ဒီနေရာမှာ သိမှုမရှိတာနဲ့ သိမှုအမှားလိုပြောတာကတော့ ကွာပါတယ် ကျွန်မအမြင်မှာက သိမှုမရှိနေတာက ပြဿနာဖြစ်ပြီး သိမှုအမှားဆိုတာက ပြန်ဆန်းစစ်ရမဲ့အချက်တစ်ခုလို့ ထင်တယ်)

ဒီလို ဂရေဘာရဲ့ဆောင်းပါးထဲ စာကြောင်းတွေကို ဘာသာပြန်ရုံတင်မက သူတို့အပြင်ကိုပါ ကျော်ဖတ်ရင်း ဒီမေးခွန်းတွေက ကျွန်မကို ဆက်လက်ပြီး သူ့ရဲ့အာဘော်တွေကိုရော၊ မိမိကိုယ်ကိုပါ ပြန်သုံးသပ်စေရုံသာမက တွေးတောနေဆဲပါပဲလေ မင်းမဲ့သဘောတရားတွေဟာ သီးသန့်တည်ရှိနေတဲ့ ဝါဒီတစ်ခုမဟုတ်ဘဲ အဘောလစ်ရှင်းလိုမျိုး စနစ်‌တွေကို ဖြိုချဖျက်ဆီးခြင်းတွေနဲ့လည်း ဘယ်လောက်ထိ ဆက်စပ်ပတ်သက်နေမလဲ၊ ဖီမီနင့်အမူအကျင့်တွေနဲ့ရော ဘယ်လောက်ထိ ပလဲနံပသင့်နေမလဲ၊ လူဖြူသဘောတရား၊ မဟာဖိုဝါဒတွေရော မင်းမဲ့သဘောတရားကို ကျင့်သုံးတယ်ဆိုတဲ့ရပ်ဝန်းမှာ ပြန်လည်ထွန်းကားနေသေးသလဲဆိုတာ ဂရေဘာ့ဆောင်းပါးကိုဖတ်ရင်း ကျွန်မ‌တော့ ပိုပြီး စိတ်ဝင်စားလာမိပါတယ်လေ

ပုံ – Rebel Riot Band ရဲ့ logo ကို ငှားရမ်းအသုံးပြုထားပါတယ် logo သင်္ကေတအဓိပ္ပါယ်တွေကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိူင်ပါတယ် Rebel Riot Band ရဲ့ logo အကြောင်းအနက်ဖွင့်ခြင်း

https://m.facebook.com/story.php?story_fbid=4283202528363593&id=158831214134099&mibextid=Nif5oz

အယ်ရစ်ကာလာဂယ်လိစ် (Erica Lagalisse) ရဲ့ ဂရေဘာအကြောင်းဆောင်းပါး

https://thesociologicalreview.org/collections/guest-essays/the-elvis-of-anthropology/?fbclid=IwAR0U03FZJG7jmY_wQt2K0hZbbON5kydjNeKjjViuh6PQfmDHVzqARHuuMRs

မောင်မှန်ရေးသားသုံးသပ်တဲ့ အန်နာခစ်သဘောတရားများ

https://www.facebook.com/groups/milliondots/permalink/741765863320269/?mibextid=Nif5oz

ဉာဏ်ဝါသုံးသပ်တဲ့ အန်နာခစ်သဘောတရားများ

https://m.facebook.com/photo.php?fbid=1074061182620338&id=100000494005580&set=a.104617516231381&mibextid=Nif5oz

ကယန်းဒေသလက်ဝဲလူငယ်များရေးသားတဲ့ မင်းမဲ့သဘောတရားအကြောင်းဆောင်းပါး

https://m.facebook.com/story.php?story_fbid=253411556596664&id=100479078556580&mibextid=Nif5oz

အောင်နိူင်စိုး စုစည်းထားသော မင်းမဲ့သဘောတရားနဲ့ပတ်သက်သော မြန်မာလို‌ရေးနဲ့ ဘာသာပြန်ဆောင်းပါးများ

https://m.facebook.com/story.php?story_fbid=464685648900539&id=100060773230524&mibextid=Nif5oz

ပွဲဝင်ဆန့်တဲ့မိန်းမတစ်ယောက်ဖြစ်ဖို့ရယ်

သိပ်မကြာသေးခင်ကမှ ကျင်းပပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ရန်ပုံငွေပွဲတွေနဲ့ ဟိုးလေးတကျော်ကျော်ပြီးဆုံးသွားတဲ့ မတ်လ ၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်းကို အသွင်သဏ္ဍာန်တွေ၊ အတွေးအခေါ်အယူအဆတွေနဲ့ အမူအထတွေကွဲပြားခြားနားနေတဲ့ ဖီမီနင့်သဘောတရားတွေနဲ့ ဆက်စပ်ပြီးကျွန်မ ပြန်လှန်သုံးသပ်ကြည့်ချင်တယ်

IWD (အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို International Women’s Day ရဲ့အတိုကောက် IWD လို့ ဒီနေရာကစပြီးသုံးသွားပါမယ်) website မှာ IWD ပေါ်ပေါက်လာပုံရဲ့ သမိုင်းကြောင်းမှာ IWD ဟာ ၁၉၀၈ ခုနှစ်‌မှာ အမေရိကန်နိူင်ငံ နယူးယောက်မြို့မှာ အထည်ချုပ်စက်ရုံအလုပ်သမအမျိုးသမီး တစ်သောင်းခွဲဟာ အလုပ်ချိန်လျှော့ချရေးနဲ့ လစာတိုးမြှင့်ပေးရေး၊ မဲပေးခွင့်ရှိရေးအစရှိတဲ့အခွင့်အရေးတွေကို လမ်းမတွေပေါ် တောင်းဆိုဆန္ဒပြချီတက်ရာကနေ စတင်ပေါ်ပေါက်ခဲ့တယ်လို့ဆိုထားတယ် ၁၉၀၉ ခုနှစ်မှာတော့ အမေရိကန်ရဲ့ ဆိုရှယ်လစ်ပါတီကနေ ဒီလိုအလုပ်သမားလူတန်းစားအမျိုးသမီးတွေရဲ့ နိူင်ငံရေးပါဝင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကို ပထမဆုံး IWD အဖြစ် ကျင်းပခဲ့တယ်လို့ UN ကဆိုပါတယ် ၁၉၁၀ မှာ‌တော့ ကိုပေဟေဂန်မှာပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမများအစည်းအဝေးမှာ IWD ကိုနှစ်စဉ်ရက်သတ်မှတ်ပြီး ကျင်းပဖို့ သဘောတူညီခဲ့ကြပြီး ၁၉၁၁ ကနေစပြီး ဥရောပနိူင်ငံတွေမှာ စတင်ကျင်းပခဲ့တယ်လို့ သိရတယ် IWD ကျင်းပပွဲတွေမှာ အမျိုးသမီးတွေရဲ့ အလုပ်သမားဖြစ်တည်မှု၊ မဲပေးပိုင်ခွင့်နဲ့ အထူးသဖြင့် ရုရှားက အမျိုးသမီးတွေရဲ့ စစ်ဆန့်ကျင့်မှုဆန္ဒပြပွဲတွေကို ဦးစားပေးကျင်းပခဲ့ကြတယ် IWD ရဲ့ ဒီအကြမ်းဖျင်းသမိုင်းကြောင်းကို လေ့လာကြည့်ရင် အမျိုးသမီးများနေ့ဆိုတာဟာ ဆိုရှယ်လစ်ပါတီ‌တွေထဲက အမျိုးသမီးများရဲ့ တန်းတူညီမျှလစာရရှိရေး၊ နိူင်ငံရေးပါဝင်မှုတွေအတွက်ဆိုတာ မြင်သာကောင်းမြင်သာနိူင်ပါတယ် ဒါပေမဲ့ အခု IWD ကိုနှစ်စဉ် မြန်မာနိူင်ငံအပါအဝင် နိူင်ငံတကာမှာကျင်းပလာကြတဲ့တောက်လျှောက် ဒီမူရင်း IWD စတင်ပေါ်ပေါက်လာခဲ့တဲ့အကြောင်းရင်းနဲ့သမိုင်းကြောင်းဟာ ဘယ်လောက်ထိ လက်ရှိဖွံ့ထွားနေတဲ့ ကမ္ဘာ့အရင်းရှင်ရဲ့ရေစီးကြောင်းထဲမျောပါသွားပြီလဲ ကျွန်မအောက်မေ့မိတယ် (နဂိုကတည်းက ဖိနှိပ်ခံလူတန်းစားတွေအတွက် တစ်နှစ်မှာ တစ်ခါသာ မစို့တပို့ကျင်းပတဲ့ရက်တွေ၊ လတွေ၊ ပွဲတွေဟာ တကယ်တမ်း ကင်းမဲ့နေတဲ့တန်းတူညီမျှမှုတွေအတွက် တစ်ခဏတာ representation politics အရ ကိုယ်စားလှယ်ပြုမီးမောင်းထိုးပြလိုက်ရင်သာ ပြလိုက်မယ် ဘာဆိုဘာမှ‌ အောက်ခြေကနေမြေလှန်ပြီး မပြောင်းလဲပေးဘူးလို့ ခံစားရလို့ သိပ်တော့ စိတ်အားမထက်သန်လှပါဘူး)

ငြိမ်းချမ်းရေးခေါင်းစဉ်အောက်ကနေ အမျိုးသမီးတွေအပါအဝင် အလုပ်သမားလူတန်းစားတစ်ရပ်လုံးကို ဖိနှိပ်နေဆဲဖြစ်တဲ့ NGO နိူင်ငံရေးဟာလည်း IWD လိုမျိုး မူရင်းက ဂျန်ဒါအရသာမက လူတန်းစားပြဿနာကိုပါ မီးမောင်းထိုးပြခဲ့တဲ့လှုပ်ရှားမှုတွေကို ဝါးမျိုလိုက်ပြီလဲ ကျွန်မတွေးမိတယ် ဒီနေရာမှာ UN ဆိုတဲ့ အင်စတီးကျူးရှင်းကို လက်ရှိ “underdeveloped”/”developing” လို့ သူတို့ခေါ်နေတဲ့ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျွန်မတို့ မြန်မာပြည်လို ကမ္ဘာ့မြောက်ပိုင်းက နိူင်ငံတွေဆီ ပညာရေးဆိုင်ရာ၊ ဂျန်ဒါဆိုင်ရာ အစရှိသဖြင့် development projects တွေလုပ်ဖို့ စေလွှတ်ထားတဲ့ NGO အလုပ်သမားများရဲ့ လုပ်ငန်းစဉ်တွေအရ ကျွန်မတို့ဟာ UN ကို ကောင်းမွန်တဲ့ အင်စတီးကျူးရှင်းတစ်ခုလို့ ထင်ကောင်းထင်ကြမယ်

ဒါပေမဲ့တစ်ချိန်တည်းမှာလည်း ဒီဖွံ့ဖြိုးတိုးတက်ရေးပရောဂျက်တွေဟာ ကိုလိုနီဆန်နေဆဲဖြစ်တဲ့ အမြင်တွေနဲ့လက်ခံထားတဲ့ ဖွံ့ဖြိုးရေးအယူအဆတွေကို သွတ်သွင်းဖို့ UN ကနေတဆင့် ကြိုးစားတာတွေ ရှိနေပြန်တယ် ဥပမာ – ကျန်းမာရေးဖွံ့ဖြိုးရေးပရောဂျက်တစ်ခုဟာ ကျေးလက်ဒေသတစ်ခုကိုရောက်လာပြီးရင် အဲ့ဒီဒေသရဲ့ မူရင်းရိုးရာဓလေ့တွေအကုန်လုံးဟာ ခေတ်နောက်ကျနေတဲ့၊ ခေတ်နောက်ပြန်ဆွဲနေတဲ့အလုပ်တွေလို့ လူတွေခေါင်းထဲရိုက်သွင်းလိုက်ပြီး အနောက်လူဖြူနိူင်ငံတွေရဲ့ ကျန်းမာရေးစံနှုန်းတွေကသာလျှင် ပိုမိုကောင်းမွန်တယ်လို့ ဝါဒဖြန့်လိုက်တယ် ဒါကတော့ အရင်ကိုလိုနီခေတ်တွေတုန်းက တောင်အမေရိကတိုက်ကို ကျူးကျော်ခဲ့ကြတဲ့ ဥရောပလူဖြူတွေဟာ သူတို့နဲ့အတူ ငှက်ဖျား၊ တုပ်ကွေးတို့လိုရောဂါပိုးမွှားတွေကို တောင်အမေရိကတိုက်က အင်ဒီးဂျနင့်လူမျိုးစုတွေကို သယ်ယူလာတာကြောင့် အင်ဒီးဂျနင့်လူမျိုးစုတွေ အစုလိုက်အပြုံလိုက်သေခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်တွေနဲ့ ပြန်ချိတ်ဆက်လို့ရတယ် အခု ကိုဗစ်ကပ်ကာလမှာတောင် အမေရိကန်နဲ့ ကနေဒါလိုနိူင်ငံက လူဖြူတွေဟာ ဒီရောဂါပိုးဟာ တရုတ်လိုအာရှသားတွေက သယ်လာတာဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေကြောင့် နယူးယောက်လိုမြို့ကြီးတွေမှာ‌တောင် လူဖြူကြီးစိုးရေးသမားတွေဟာ တရုတ်ဟုတ်ဟုတ် မဟုတ်ဟုတ် အာရှပုံပေါက်သူတွေကို သတ်ဖြတ်တာ၊ ရထားလမ်းထဲတွန်းချတာ အစရှိတဲ့ လူမျိုးရေးအ‌ခြေပြုသတ်ဖြတ်မှုတွေ ပြီးခဲ့တဲ့နှစ်ထဲမှာတင် ဖြစ်ခဲ့တယ်

ဒါပေမဲ့ ဒီ development sector မှာတော့ ဒီလိုသမိုင်းကြောင်းတွေအကြောင်း တိတိလင်းလင်း မပြောကြပါဘူး အကယ်၍ အနောက်လူဖြူနိူင်ငံထုတ် ဆေးဝါးတွေဟာ တချို့သောရောဂါတွေကို ပျောက်ကင်းစေနိူင်တယ်ဆိုရင်တောင်မှ ဒေသန္တာရကျန်းမာရေးစောင့်ရှောက်တဲ့အလေ့အထတွေကတော့ ဘယ်လောက်ထိ တန်ဖိုးရှိနေနိူင်ဦးမလဲ? ဒါတွေကို အနောက်လူဖြူတွေကရော ဘယ်လောက်ထိ ပြန်လည်လေ့လာစရာတွေရှိနေဦးမလဲ? ဒီမေးခွန်း‌တွေကို မေးကြမဲ့အစား UN လို ကမ္ဘာ့ NGO လုပ်ငန်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ခေါင်းစဉ်အောက်ကနေ ခေတ်သစ်ကိုလိုနီစနစ်ကို မသိလိုက်မသိဘာသာ ကျင့်သုံးနေကြတယ် တစ်ဆက်တည်းမှာလည်း လိုကယ်က အလုပ်သမားတွေကို လစာနှစ်ပဲတစ်ပြားပေးပြီး အထက်က ပရောဂျက်မန်နေဂျာဆိုသူ၊ ဒေသန္တာရရိုးရာတွေအကြောင်း လားလားမျှနားမလည်တဲ့ အဖြူတွေကသာ လစာကို ဒေါ်လာထောင်နဲ့ချီယူပြီး ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေကြတယ် ဒီပြဿနာကို ပညာရှင်နဲ့သုံးသပ်ဝေဖန်သူတွေက non profit စက်ရုံထုတ်ပြဿနာ (non profit industrial complex) ဆိုပြီး ဝေဖန်ထောက်ပြလာကြပါပြီ ကျွန်မ ဘာကြောင့် ချော်တော်ငေါ့ပြီး non profit industrial complex အကြောင်းပြောရသလဲဆိုတော့ အခုတလော ကျွန်မတို့မြန်မာနိူင်ငံမှာ IWD ဒါမှမဟုတ် ဂျန်ဒါအခြေပြုဖိနှိပ်မှုတွေအ‌ကြောင်းပြောလာကြတိုင်း IWD ရဲ့ အထက်ကပေါ်ပေါက်လာတဲ့ အလုပ်သမားဖြစ်တည်မှုနဲ့ ဂျန်ဒါချိတ်ဆက်မှုကို ထောက်ပြကြမဲ့အစား NGO တွေက သွတ်သွင်းထားတဲ့ လေသံတွေအတိုင်း “တစ်ကမ္ဘာလုံးမှာ လူဦးရေ ဘယ်နှသန်းရှိရာက တစ်ဝက်သည် မိန်းမများဖြစ်သည်”ဆိုတဲ့ စကားလုံးကိုသာ ထပ်ခါထပ်ခါလက်ကိုင်ပြုပြောဆိုနေကြတာတွေကို တွေ့လာရလို့ပဲ ဖြစ်ပါတယ် တစ်ခါမဟုတ် နှစ်ခါ သုံးခါကြားလာရတဲ့အခါ ဒီမိန်းမလူဦးရေတစ်ဝက်ဆိုတဲ့စကားကို ကျွန်မ စိတ်ဝင်စားလာတယ် တကယ်တစ်ဝက်မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ် sex အရ ကျွန်မတို့ လူ့ဘောင်မှာ ယောင်္ကျားနဲ့ မိန်းမ ၂ မျိုးပဲရှိတယ်လို့ သတ်မှတ်ထားတဲ့အခါ statistics အရ၊ ဖြစ်နိူင်ချေအရက ကလေးတစ်ယောက်မွေးရင် ယောင်္ကျားလေးဟုတ်ရင်ဟုတ်၊ မဟုတ်ရင် မိန်းကလေးဆိုတဲ့အယူအဆအရဆိုရင် ကမ္ဘာ့လူဦးရေ ဘယ်လောက်ပင်တိုးလာပါစေ probability အရ မိန်းမလူဦးရေဟာ ထက်ဝက်ဖြစ်နေဦးမှာပါပဲ

ဒါပေမဲ့ ဒီနေရာမှာ မိန်းမဆိုတဲ့ဝေါဟာရနောက်က ရုပ်ဝတ္တုဆိုင်ရာဖြစ်တည်မှုကို ကျွန်မအနက်ဖွင့်စဉ်းစားချင်တယ် ပြင်သစ်အတွေးအခေါ်ပညာရှင် စမုန်းဒီဘူဘွား (Simone de Beauvoir)ရဲ့ အာဘော်အရဆိုရင်တော့ မိန်းမဖြစ်တည်မှုဆိုတာ သူ့ရဲ့ ဇီဝဗေဒဖြစ်တည်မှုထက် (ဇီဝဗေဒဖြစ်တည်မှုတွေ ကွဲပြားနေသော်လည်း) မိန်းမတစ်ယောက်ဟာ မိန်းမဖြစ်လာတာဟာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကြောင့်လို့ နားလည်ရတယ် (One does not born a woman, but made a woman) ဒါကတော့ မိန်းမရယ်ဆိုပြီး ဖြစ်တည်မှု၊ မိန်းမတစ်ယောက်ဆိုရင် ဆံပင်ရှည်ထားတယ်၊ ထမင်းဟင်းချက်ရမယ်၊ ထမီဝတ်တယ်၊ ရင်သားကို အမြဲဖုံးထားတယ် အစရှိတဲ့ မိန်းမဆိုတဲ့ ပညတ်ချက်နောက်က တွဲပါလာတဲ့အလေ့အထတွေဟာ သူ့ရဲ့ မွေးရာပါလိင်အင်္ဂါကအမိန့်ပေးလိုက်လို့ ပြုကျင့်ရတာမျိုးမဟုတ်ဘဲ သူကြီးပြင်းရာ ရိုးရာဓလေ့ထုံးစံလူ့အသိုင်းအဝိုင်းက သတ်မှတ်လိုက်လို့သာဖြစ်တယ်ဆိုတဲ့သဘောပေါ့

ဒီမိန်းမဖြစ်တည်မှုကို ဇီဝဗေဒနဲ့ခွဲတွေးတာက ကျင့်သားမရရင်တော့ မျက်စိထဲမြင်မိချင်မှမြင်မိမယ် အဲ့လို ခွဲမတွေးနိူင်လို့လည်း အခုချိန်ထိ လိင်အင်္ဂါပြောင်းလဲမှုတွေ၊ အပေါ်ယံအပြင်ပန်းအရ ဂျန်ဒါပညတ်ချက်အသွင်တစ်ခုကို ကျင့်သုံးပေမဲ့ ဇီဝဗေဒအရသတ်မှတ်ထားတဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ ကင်းကွာနေတဲ့သူ၊ အဲ့ဒီထက် ပိုမိုကျယ်ပြန့်တဲ့သူတွေကို လူ့အသိုင်းအဝိုင်းတွေက ဘေးရောက်နေသူတွေလို့ မြင်နေကြတာပဲ (ဒါကိုလည်း ကိုလိုနီသဘောတရားတွေနဲ့ ချိတ်ဆက်စဉ်းစားလို့ရတယ် အာဂျင်တီးနီးယန်းလူမျိုး အတွေးအခေါ်ပညာရှင် မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ Coloniality of Gender ဆောင်းပါးကထဲက သုံးသပ်ချက်အရ ဒီလို binary ဆန်နေတဲ့ ဂျန်ဒါဖြစ်တည်မှုသ‌ဘောတရားတွေကို ကိုလိုနီနယ်ချဲ့တွေက မြောက်အမေရိကတိုက်ကို ကိုလိုနီပြုရင်း သယ်ဆောင်လာတယ်လို့ ဆိုတယ် ကျွန်မတို့ မြန်မာနိူင်ငံအပါအဝင် အာရှက ကမ္ဘာ့မြောက်ပိုင်းဒေသတွေကိုရော ကိုလိုနီစနစ်က ဒီလို binary ဂျန်ဒါအယူအဆတွေ ဘယ်လိုသွတ်သွင်းခဲ့သလဲ? အင်ဒီးဂျနင့်အတွေးအခေါ်တွေအရ ဂျန်ဒါကို ဘယ်လိုမျိုးလက်ခံစဥ်းစားကြသလဲ? စာဖတ်သူဆက်စဉ်းစားလို့ ရနိူင်ပါတယ်) ဒါပေမဲ့ ဘူဘွားရဲ့ အာဘော်ကိုတောင်မှ အခုနောက်ပိုင်းမှာ တခြားသောဖီမီနင့်ပညာရှင်တွေက ပြန်ပြီးစိန်ခေါ်လာကြပါပြီ ဂျန်ဒါဟာ ဇီဝဗေဒဖြစ်တဲ့ ခန္ဓာနဲ့ ထပ်တူမကျပေမဲ့ လူ့အသိုင်းအဝိုင်းက ပညတ်ချက်ထုတ်လိုက်တဲ့ ဇီဝဗေဒနဲ့ရောထွေးနေတဲ့ ဂျန်ဒါဖြစ်တည်မှုတွေကို ခန္ဓာကိုယ်တွေအပေါ်ပြန်ကပ်ညှိပြီး ဖိနှိပ်မှုတွေဆက်လက်ဖြစ်နေစေတယ် ဒါကတော့ သူ့ရဲ့မွေးဖွားရာ ဇီဝဗေဒနဲ့ထပ်တူကျစွာ မိန်းမလို့ မိမိကိုယ်မိမိခံယူထားတဲ့ လူတစ်ယောက်မှာတောင် သူ့ရဲ့ ခန္ဓာဟာ ဘယ်လောက်ထိ မိန်းမဆန်နေသလဲ၊ မဆန်နေသလဲအပေါ်ကိုအခြေခံပြီး ဖိနှိပ်မှုတွေ ဆက်ရှိနေတာကို ဆိုလိုတာပါ

ဥပ‌မာပေးရရင် မြန်မာပြည်ကတက်ကြွလှုပ်ရှားသူယောင်္ကျားတစ်သိုက်နဲ့ ရောက်တတ်ရာရာစကားပြောမိတုန်း သူတို့တွေရဲ့ သမီးရည်းစား dating life အကြောင်းရောက်သွားပါတယ် အဲ့ဒီမှာတစ်ယောက်က သူ့မှာ ရည်းစားမရှိတာ၊ ရှာရတာခက်နေတာက သူကျင်လည်တဲ့ တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းထဲက straight မိန်းမတွေဟာ ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင်မနေကြတာကြောင့် သူစိတ်ဝင်စားစရာ၊ ရင်ခုန်စရာမရှိတော့ဘူးလို့ ကျွန်မကို ပြောပြခဲ့တယ် အကယ်၍ သူကျင်လည်ရာ တက်ကြွလှုပ်ရှားသူရပ်ဝန်းထဲက မိန်းမတွေဟာ ဇီဝဗေဒဖြစ်တည်မှုနဲ့ သူတို့ရဲ့ ဂျန်ဒါဖြစ်တည်မှုထပ်တူကျနေတဲ့သူတွေလို့ဆိုရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်ပြုပြင်ပြင်ဆင်မှုဟာ သူတို့ရဲ့မိန်းမဖြစ်တည်မှုကို ဘယ်လောက်ထိပညတ်ချက်ပြန်ထုတ်ထားသေးလဲ ကျွန်မတို့ ကွက်ကွက်ကွင်းကွင်းမြင်နိူင်ပါတယ် ၎င်းရဲ့လိင်စိတ်တိမ်းညွှတ်မှုဟာ လိင်တူသူချင်းမဟုတ်နေရင်တောင်မှ သူရဲ့ဝတ်စားဆင်ယင်ပုံ (သို့) ဖီမီနင့်ပညာရှင် ဂျူးဒစ်ဘတ်တလာ (Judith Butler) ရဲ့ performativity ပြသဖျော်ဖြေမှု သီအိုရီအရ သူရဲ့ ဂျန်ဒါကိုပြသ‌ဖျော်ဖြေမှုဟာ စံနှုန်းနဲ့ကင်းကွာနေတယ်ဆိုရင် သူဟာ heteronormativity (လိင်ပိုင်းဆိုင်ရာစံနှုန်းဘောင်) တွေထဲဝင်နေရင်တောင်မှ ဆက်လက်ဖိနှိပ်ခံနေရဆဲပဲ ဖြစ်တယ် ဒါကို ကိုလိုနီသဘောတရားနဲ့ ပြန်ချိတ်ဆက်ရင် လူမည်းမိန်းမတွေရဲ့ ခန္ဓာကိုယ်တွေဟာ ညစ်ပတ်တယ် (သို့) လိင်စိတ်မတရားထကြွစေတယ်ဆိုတဲ့ လူဖြူအမြင်အောက်ကသာ ထွင်းထုထားတဲ့ ဝင်ရိုးစွန်းနှစ်စွန်းကြားမှာသာ ပြေးနေတယ်လို့ လူမည်းဖီမီနင့်ပညာရှင်တွေက ဂျန်ဒါကို လူမျိုးရေး၊ လူဖြူကြီးစိုးရေးသဘောတွေနဲ့ ချိတ်ဆက်ပြီး သုံးသပ်ထားပြန်ပါတယ်

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ဗမာစကားမှာ ကျွန်မစဉ်းစားရမိသလောက် sex နဲ့ gender ကိုခွဲခြားပြောဆိုတဲ့စကားလုံးသီးသန့်မရှိဘူးဆိုတာပါပဲ ဗမာစကားမှာ ဇီဝဗေဒလိင်အင်္ဂါကိုလည်း လိင်လို့သုံးသလို ဂျန်ဒါဖြစ်တည်မှုကို ဂျန်ဒါဆိုပြီး အင်္ဂလိပ်စကားက ငှားရမ်းသုံးရင်သုံး၊ မသုံးရင် gender-based violence လိုစကားလုံးမျိုးကို လိင်အခြေပြုအကြမ်းဖက်ရေးလို့သုံးကြတယ် ထုံးစံအတိုင်းဘာသာစကားလုံးတွေကို စိတ်ဝင်စားတဲ့ကျွန်မ လိင်ဆိုတဲ့စကားလုံးပေါ်ပေါက်လာပုံကို လေ့လာကြည့်တဲ့အခါ Sanskrit “linga” ကနေတဆင့် ပါလီကို “lingam” ဆိုတဲ့စကားလုံးကနေမှ ဗမာစကားအပါအဝင်၊ ခမာ၊ ထိုင်း၊ အိန္ဒိယစကားတစ်မျိုးဖြစ်တဲ့ ကာနာဒါတို့ဆီ ရောက်ရှိလာတယ်လို့ ကျွန်မလေ့လာရတယ် မူရင်း Sanskrit မှာတော့ linga ဟာ ကျွန်မတို့လက်ရှိနားလည်ကြတဲ့ လိင်ဆိုတဲ့ဝေါဟာရရဲ့အဓိပ္ပါယ်သာမက sign (သင်္ကေတ)၊ mark (အမှတ်အသား)၊ proof/evidence (သက်သေအထောက်အထား) လို့ ကျွန်မအကြမ်းဖျင်းလေ့လာရတယ် (ကျွန်မ ပါလီနဲ့ Sanskrit အထူးပြုလေ့လာသူမဟုတ်တော့ ထပ်မံဖြည့်စွက်စရာတွေရှိကောင်း‌ရှိနေနိူင်ပါတယ်) အဲ့ဒီတော့ လိင်ဆိုတာကို ကျွန်မတို့က ဇီဝဗေဒအရ ယောင်္ကျားလိင်တံ၊ မိန်းမယောနိတင်သာမက သင်္ကေတအမှတ်အသားတစ်ခုလို့ မှတ်ယူမယ်ဆိုရင် လိင်ဟာ Sanskrit နဲ့ ပါလီအဓိပ္ပါယ်ကနေတဆင့် ဇီဝဗေဒဖြစ်တည်ချက်သာမက performativity သီအိုရီအရ လူတစ်ယောက်က အဝတ်အစားနဲ့သော်လည်းကောင်း၊ အပြောအဆိုဟန်ပန်နဲ့သော်လည်းကောင်း၊ နေပုံထိုင်ပုံနဲ့သော်လည်းကောင်း ပြုမူကျင့်ကြံပြသဖျော်ဖြေတဲ့သင်္တေတအမှတ်အသားတစ်ခုလို့ စဉ်းစားကြည့်လို့ ရလာနိူင်မယ် အဲ့လိုစဉ်းစားရင် ဒီသင်္ကေတဟာ တစ်နေ့ကနေတစ်နေ့ အဲ့ဒီကြားခံနယ်တွေပေါ်အလိုက် ပြောင်းလဲသွားနိူင်တယ်လို့ စဉ်းစားလို့ ရလာမယ်

အထက်က ဂျန်ဒါပြသဖျော်ဖြေမှုနဲ့ ပြန်ဆက်ရရင် Frankfurt ကျောင်းဆင်း ရိုးရာဓလေ့သုံးသပ်သူပညာရှင် ဝေါလ်တာဘန်ရမင်း (Walter Benjamin) ရဲ့ aesthetic theory နဲ့ ချိတ်ဆက်လို့လည်းရတယ် ဘန်ရမင်းပြောတာတော့ လှပမှု၊ မျက်စိပဒေသာဖြစ်မှုတွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်တဲ့ ဥပမာ – ယင်ကောင်တစ်ကောင်ကို သတ်ဖြတ်လိုက်ဖို့ ဝန်မလေးပေမဲ့ ယုန်တစ်ကောင်ကိုတော့ သူ့ရဲ့ချစ်စရာကောင်းမှု၊ သိမ့်မွေ့မှုအစရှိတဲ့ aesthetic တန်ဖိုးတွေကြောင့် သတ်ဖြတ်မှုကို လက်ရွံနေကောင်းနေကြသလိုမျိုးပေါ့ ရွံ့စရာကောင်းတယ်လို့ မှတ်ယူထားခံရတဲ့ ပျော်တော်ဆက်လူမည်းမိန်းမတစ်ယောက်ရဲ့ ခန္ဓာနဲ့ ဂျန်ဒါဖြစ်တည်မှုဟာ တော်ဝင်တဲ့ ဗိုင်းကောင်း‌ကျောက်ဖိမိန်းမတစ်ယောက်ရဲ့ ခန္ဓာနဲ့ ဂျန်ဒါဖြစ်တည်မှုထက် တန်ဖိုးနည်းတယ်လို့ လူတွေခံယူကြသလိုပေါ့ ဒီဥပမာမှာကိုပဲ ဂျန်ဒါဖြစ်တည်မှုဟာ လူတန်းစားဖြစ်တည်မှုနဲ့ လုံးဝဥဿုံဖယ်သွေနေလို့မရဘူးဆိုတာကိုပါ သတိထားမိနိူင်တယ် (လူဆင်းရဲ မိန်းမပျက် vs. လူချမ်းသာ သူဌေးသမီး)

ကျွန်မ လိင်နဲ့ဂျန်ဒါအကြောင်းကို စကားကြောရှည်ပြီးတော့ အခု IWD ကျင်းပပွဲတွေဘက်ပြန်လှည့်ချင်ပါတယ် ဒါကတော့ တစ်ကမ္ဘာလုံးမှာ တစ်ဝက်လို့ပြောကြတဲ့ မိန်းမလူဦးရေထဲက မိန်းမတစ်ယောက်ချင်းစီရဲ့ ဂျန်ဒါဖြစ်တည်မှုကို NGO စစ်တမ်းကောက်သူတွေက ဘယ်လိုကောက်လိုက်ကြသလဲ? စစ်တမ်းတွေမှာ ကျယ်ပြန့်တဲ့ တစ်နေ့တစ်ခါပြောင်းလဲနေနိူင်တဲ့ လိင်သဘောတရားတွေကို ဖော်ပြနိူင်မဲ့အစား လူတစ်ယောက်ဟာ တစ်ဘဝလုံးမှာ လိင်တစ်မျိုးသာရှိတယ်ဆိုတဲ့အယူအဆတွေ ရှိနေသလို စစ်တမ်းဖြည့်တဲ့သူတွေအနေနဲ့လည်း ဇီဝဗေဒကိုအခြေပြုတဲ့လိင်ကိုသာ အပေါ်ယံဖြည့်လိုက်တာဖြစ်နိူင်တယ် ဒီလို လိင်ပညတ်ချက်ကို အပေါ်ယံသာယူပြီး ကျင်းပတဲ့အခါ မိန်းမလို့ခံယူသူတွေကြားထဲက တခြားသော ဖြစ်တည်မှုတွေအကုန်လုံးကို တန်းညှိလိုက်သလိုဖြစ်သွားတယ် မျိုးတုံးသတ်ဖြတ်ရေးအားပေးတဲ့ မိန်းမတွေကိုလည်း IWD မှာ မိန်းမမို့လို့ ကျင်းပမယ်၊ လူမျိုးရေးဖိနှိပ်တဲ့ ပိုက်ဆံရှိအီလစ်မိန်းမတွေကိုလည်း မိန်းမမို့လို့ ကျင်းပမယ်၊ အမျိုးသားရေးဝါဒဇောင်းပေးတဲ့ တစ်ဇောက်ထိုးမိန်းမတွေကိုလည်း မိန်းမမို့လို့ ကျင်းပမယ်တွေဖြစ်ကုန်တယ်

အဲ့ဒီတော့ ဒီတစ်ကမ္ဘာလုံးရဲ့တစ်ဝက်မို့လို့ မိန်းမတွေကို ကျင်းပရမယ်ဆိုတဲ့အဆိုဟာ ‌IWD ရဲ့ဂျန်ဒါတင်သာမက လူတန်းစားပြဿနာနဲ့ပါ ချိတ်ဆက်နေတဲ့ မူရင်းသမိုင်းကြောင်းနဲ့ လွဲချော်နေတဲ့အတွက် အလုပ်သမားအောက်ခြေလူတန်းစားမိန်းမများ၊ ဇီဝဗေဒအရ မိန်းမဖြစ်နေသူများ၊ လူ့ဘောင်ပညတ်ချက်အရ မိန်းမဖြစ်နေသူများ၊ မွေးရာပါ မိန်းမဟု မသတ်မှတ်ခံရသော်လည်း လက်ရှိမိန်းမတစ်ယောက်အဖြစ် ဘဝကိုကျင်လည်နေသူများ၊ မွေးရာပါမိန်းမပညတ်ချက်အရ မွေးဖွားလာပေမဲ့ မိန်းမလိင်စိတ်ဟု မသတ်မှတ်ထားသော လိင်စိတ်ရှိသူများ၊ ရွက်ကြမ်းရေကျိုမို့လို့ ကျင်းပပွဲအလယ် ပွဲမတင့်သော မိန်းမများ၊ လက်နက်ကိုင်အကြမ်းဖက်မှုတွေ၊ မဟာဖိုဝါဒနဲ့ စစ်ပွဲတွေကြား အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သော ကမ္ဘာတစ်ဝှမ်းက အင်ဒီးဂျနင့်မိန်းမများနဲ့ trans မိန်းမများအားလုံးအတွက် မိန်းမလိင်ဆိုတဲ့ ပညတ်ချက်ဘောင်တွေထဲ လုံးဝဥဿုံဝင်မနေတဲ့ ဒါမှမဟုတ် ခြေတစ်ခြမ်းကိုယ်တစ်ဖက်သာဝင်နေတဲ့၊ binary စနစ်ကို ထောက်မခံတဲ့ မိန်းမတစ်ယောက်အနေနဲ့ ခိုးလုခုလုကသိကအောက်စိတ်ပြင်းပြစွာနဲ့ ပွဲသံ‌တွေ တိတ်ဆိတ်သွားကောင်းသွားပေမဲ့လည်း၊ အားရပါးရရောင်းချလိုက်ကြတဲ့ ပူစီပုံဆွဲထားတဲ့စာရွက်လေးတွေ အမှိုက်ပုံးထဲရောက်သွားလောက်ချိန်ရှိပေမဲ့လည်း ဒီစာကို ကျွန်မရေးလိုက်ရပါတယ်လေ

ပုံ – မှန်ရှေ့တွင် သနပ်ခါးလိမ်းပေါင်ဒါရိုက်နေသော မိန်းမတစ်ယောက်

IWD website မှာဖော်ပြထားတဲ့ သမိုင်းကြောင်း

https://www.internationalwomensday.com/Activity/15586/The-history-of-IWD?fbclid=IwAR392UdN_rHCMOotkTVc4Ti1dJn9LNlgaz_uAkS3IfV0rt9Njz9SGPq1NuA

Human Rights Watch က ထုတ်ပြန်တဲ့ ကမ္ဘာ့တစ်ဝှမ်းပျံ့နှံ့လာတဲ့ အာရှမုန်းတီးမှုအခြေပြု လူမျိုးရေးခွဲခြားမှု (anti-Asian racism) အကြောင်းစာတမ်း

https://www.hrw.org/news/2020/05/12/covid-19-fueling-anti-asian-racism-and-xenophobia-worldwide?fbclid=IwAR0Pa9i9BjOqZ7FmqanbMFLNXFDzxsBJF7deFNv-z3xfJ5l6Z7lfVYq7U6k

Teen Vogue မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ Non profit industrial complex အကြောင်းမိတ်ဆက်ဆောင်းပါး

https://www.teenvogue.com/story/non-profit-industrial-complex-what-is?fbclid=IwAR2TcZ1bYKAEnfqIjmrpv1moiWYZTpLESxCytAdc8dxGD9KWwxgPfIF6hkk

ဥရောပလူဖြူများက ၁၅ ရာစုမှာ တောင်အမေရိကတိုက်ကို ကျူးကျော်ရင်း ရောဂါများသယ်လာပုံအကြောင်း

https://www.science.org/content/article/european-diseases-left-genetic-mark-native-americans?fbclid=IwAR1kyCXVSnxnJh16j5Vr0ISiIc27p9GfmaXkGtswFNW-MfTe_4l81grB9U4

မာရီယာလူဂွန်းနဲရဲ့ Coloniality of Gender ဆောင်းပါး pdf

https://globalstudies.trinity.duke.edu/sites/globalstudies.trinity.duke.edu/files/file-attachments/v2d2_Lugones.pdf

စီမုန်းဒီဘူဘွားရဲ့ The Second Sex စာအုပ်အစအဆုံး pdf https://newuniversityinexileconsortium.org/wp-content/uploads/2021/07/Simone-de-Beauvoir-The-Second-Sex-Jonathan-Cape-1956.pdf

ဂျူးဒစ်ဘတ်တလာရဲ့ “Performative Acts and Gender Constitution” ဆောင်းပါး pdf https://www.amherst.edu/system/files/media/1650/butler_performative_acts.pdf

အလက်ဇန်းဒါးဂယ်လီရဲ့ “Contexts of the Aesthetic in Walter Benjamin” ဆောင်းပါး

https://www.researchgate.net/publication/236817012_Contexts_of_the_Aesthetic_in_Walter_Benjamin?fbclid=IwAR392UdN_rHCMOotkTVc4Ti1dJn9LNlgaz_uAkS3IfV0rt9Njz9SGPq1NuA

အမေရိကန်နိူင်ငံမှ အင်ဒီးဂျနင့်မိန်းမများ ပျောက်ဆုံးမှုအကြောင်း

https://www.bia.gov/service/mmu/missing-and-murdered-indigenous-people-crisis?fbclid=IwAR0FP-VEMW85k_MG5YIyv4PA6Of7ycYbSt6WWYDHsZLRhGYG3O34cUhJdC0

ပဋိပက္ခတွေနဲ့ကမ္ဘာ

“ဘုရားစင်ရှေ့လာခဲ့ဦး ပြောစရာရှိတယ်”

ငယ်ငယ်က အမေ ဒီစကားပြောပြီဆို အမေ ငါ့ ဘာများဆူတော့မလဲဆိုပြီး ကျွန်မ နှလုံးတွေ၊ ရင်တွေထဲ တဒိတ်ဒိတ်နဲ့ အမြဲလန့်ခဲ့ရတယ် အဲ့လိုခေါ်ခဲ့တိုင်းလည်း တစ်ခုမဟုတ်တစ်ခုနဲ့ ပတ်သတ်ပြီး အမေဆူတာ ကျွန်မ ခံခဲ့ရတာချည်းပဲဆိုတော့လေ စာဖတ်သူတွေရော ကိုယ့်မိသားစုထဲမှာ သဘာထားမတူတာ ဒါမှမဟုတ် အမြင်မတူတာ၊ တစ်ယောက်ယောက်က အမှားလုပ်မိတာ၊ တစ်ဖက်သားအပေါ် ထိခိုက်စေမိတာ အစရှိတဲ့ ပဋိပက္ခတွေရှိတိုင်း ဘယ်လိုဖြေရှင်းပြောဆိုဆွေးနွေးလေ့ရှိကြသလဲ? ဆွေးရောဆွေးနွေးကြသလား? ဒီတိုင်းပဲ ဖျာအောက်ထိုးထည့်ထားပြီး မေ့ပစ်လိုက်ကြသလား? (ကျွန်မအမေက ဗုဒ္ဓဘာသာစွဲဆိုတော့ ဆူရင် ဘုရားကိုသက်သေတည်ပြီး ဆူတာပေါ့လေ ကျွန်မတို့ခမျာ ပိုရှက်ရတာပေါ့)

ဒီအပတ်ထဲ ကျွန်မ ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့စကားဝိုင်းတစ်ဝိုင်းတက်ရောက်ဖြစ်တယ် မြန်မာပြည်ပညာရေးအကြောင်းဆွေးနွေးရင်း ကျွန်မ တွေးမိတာက ပညာရေးစနစ်၊ စာသင်ခန်းတွေအပြင်ကိုပါကျော်လွန်ပြီး ကျွန်မတို့ ရိုးရာဓလေ့ထုံးတမ်းတွေထဲမှာပါ အမြစ်တွယ်နေတဲ့ ပဋိပက္ခတွေကို အချင်းချင်းကျန်းကျန်းမာမာ ဆွေးနွေးညှိနှိုင်းမှုအလေ့အထဟာ နည်းနေသေးတယ်ဆိုတာပဲ ဒါကို ကျွန်မကတော့ ပဋိပက္ခတွေနဲ့ ပတ်သက်လာရင် အလွန်တော်အလွန်တတ်နေလို့ ဆရာမကြီးလုပ်ပြီး ရှင်းပြဖို့ ဒီဆောင်းပါးကို ရေးတာမဟုတ်ပါဘူးဆိုတာ ကြိုတင်စကားခံချင်တယ် ကျွန်မကိုယ်တိုင် ကြီးပြင်းလာရတဲ့ဘဝမှာရော၊ လက်ရှိ မိမိလွတ်မြောက်ရေး (စစ်တပ်မှတင်မက အခြားသော ကျွန်မတို့ ခန္ဓာနဲ့စိတ်ကို ဖိနှိပ်ထားသော စနစ်တွေအကုန်လုံးမှ လွတ်မြောက်ရေး) အတွက်ကြိုးပမ်းကြရာမှာတင် တွေ့ကြုံလာရတဲ့ ပဋိပက္ခတွေရဲ့ အတွေ့အကြုံတွေအပေါ်မှာပါ မူတည်ပြီး ဒီပဋိပက္ခဖြေရှင်းရေး (conflict resolution) ဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်ထိလိုအပ်လာပြီလဲဆိုတာ သုံးသပ်ကြည့်ချင်ပါတယ်

ဒီစိတ်ဆန္ဒကို လှုံ့ဆော်တာကလည်း လွန်ခဲ့တဲ့လက Twitter ပေါ်က iamswimsoul ဆိုတဲ့ အကောင့်ကတင်ခဲ့တဲ့ tweet ကြောင့်လည်း ပါပါတယ် သူက ရေးခဲ့တယ်

“Everyone keeps calling for community but no one wants to learn conflict resolution. So community dissolves at the slightest conflict.”

“လူတိုင်းက ရပ်ရွာပတ်ဝန်းကျင်အစုအဖွဲ့ထောင်ဖို့သာ ပြောနေကြတယ် ဘယ်သူကမှ ပဋိပက္ခဖြေရှင်းရေးကို မလေ့လာမကျင့်သုံးကြဘူး အဲ့ဒီတော့ ပဋိပက္ခလေးနည်းနည်းဖြစ်တာနဲ့တင် ရပ်ရွာပတ်ဝန်းကျင်အစုအဖွဲ့ဆိုတာ ပျောက်ပျက်ရတယ်”

ဒီ tweet ဟာ ကျွန်မအတွက်တော့ တိုတိုလေးနဲ့ တော်တော်ထိပါတယ် ကျွန်မကျင်လည်နေတဲ့ မြန်မာပြည်နဲ့ဆက်စပ်ပတ်သက်နေတဲ့ ပတ်ဝန်းကျင်မှာရော၊ မြန်မာပြည်နဲ့ မဆက်စပ်တဲ့ ပတ်ဝန်းကျင်မှာရော ဒီပြဿနာကို ကျွန်မ မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရဖူးတယ် ပဋိပက္ခတွေကို မဖြေရှင်းချင်ကြလို့၊ တစ်ယောက်ကိုတစ်ယောက် မိမိထင်မြင်ရာ လေဘယ်တွေ ဘောင်တွေထဲခတ်လိုက်ပြီး ကျင်လိုက်ရာက သူတို့ မူရင်းတည်ထောင်ချင်တဲ့ ရပ်ရွာပတ်ဝန်းကျင်ဆိုတာ ပျက်ဆီးသွားကြရတယ် တချို့ကိစ္စတွေက တော်တော်နှမြောစရာပါ အစုအဖွဲ့တစ်ခု စုစည်းကြပြီး (ဒီနေရာမှာ ခေါင်းဆောင်တစ်ဦးတစ်ယောက်က ဦးဆောင်တဲ့အစုအဖွဲ့မဟုတ်ရင်တောင်မှ) ပါဝင်သူအချင်းချင်းကြားက ပဋိပက္ခဖြေရှင်းရေးဆိုတာကို ပဋိပက္ခမဖြစ်ခင်ကတည်းက ဘယ်လိုပြောဆိုဆွေးနွေးကြမလဲဆိုတာ ကြိုတင်စဉ်းစားကြဖို့ အရေးကြီးလာတယ်လို့ ကျွန်မ ထင်တယ်

ပဋိပက္ခဖြေရှင်းရေးအကြောင်းမပြောခင် ရပ်ရွာပတ်ဝန်းကျင် (community) ဆိုတာအပေါ် ကျွန်မလက်ခံတဲ့အမြင်ကို အရင်သုံးသပ်ချင်တယ် community လို့ခေါ်တဲ့ ကျွန်မ ဘာသာပြန်တဲ့ ရပ်ရွာပတ်ဝန်းကျင်ဆိုတဲ့စကားလုံးသဘောတရားဟာ အပေါ်ယံကြည့်လိုက်ရင် ဘာမှမဆန်းသလိုနဲ့ အမှန်တကယ်က ကျွန်မတို့ လူ့အဖွဲ့အစည်းတွေ ထူထောင်တဲ့နေရာမှာ အလွန်အရေးပါလှပါတယ် ရပ်ရွာပတ်ဝန်းကျင်ဆိုတာဟာ စနစ်တကျစုဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခု (ဥပမာ – ရွာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာကြည့်တိုက်) ကို အခြေခံပြီးဖြစ်‌ပေါ်လာတာ ရှိကောင်းရှိနိူင်သလို၊ စနစ်တကျမဟုတ်ပေမဲ့လည်း ရည်ရွယ်ချက်တူရာ၊ ဦးတည်ချက်တူရာ၊ စိတ်ဝင်စားမှုတူရာတွေ ကြုံသလို လာစုဝေးကြတဲ့ ad hoc ရပ်ဝန်းတစ်ခုလည်း ဖြစ်နိူင်တယ်လို့ ကျွန်မတော့ လက်ခံတယ်

အဲ့ဒီမှာမှ community ရဲ့ အဓိကအရေးကြီးတဲ့ အရည်အသွေးတစ်ခုဟာ ခေါင်းဆောင်မဲ့ခြင်းဖြစ်တယ် community တစ်ခုပေါ်ပေါက်လာဖို့ စတင်မတည်ပေးသူဟာ သူ့ကိုယ်သူ အဲ့ဒီ community ရဲ့ ခေါင်းဆောင်အဖြစ်မှတ်ယူထားလို့ မရဘူး ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တရားဟောဆရာ၊ ဘုန်းကြီးကနေ ခေါင်းဆောင်ထားတာမျိုး ဖြစ်ကောင်းဖြစ်နိူင်တယ် ဒါပေမဲ့ တကယ်တမ်းက ကျန်းမာတဲ့ community တစ်ခုမှာ ခေါင်းဆောင်အစား ရပ်ဝန်းလည်ပတ်ဖို့အတွက် လိုအပ်နေတဲ့အရာတွေကို ကူညီဝိုင်းဝန်းပေးသူတွေသာ ပိုလိုအပ်တယ် ဒီ community ထဲပါဝင်သူတွေတိုင်း တန်းတူညီမျှ မိမိအမြင်ကို ဆွေးနွေးချပြနိူင်ခွင့်ရှိပြီး တစ်ဦးတစ်ယောက်ရဲ့ ဆရာကြီးလုပ်မှု‌နောက်ကိုလိုက်ပြီး တည်ထောင်ထားတာကို community လို့ခေါ်လို့မရဘူးလို့ ကျွန်မမြင်တယ် အဲ့ဒါကြောင့်လည်း community နဲ့ organization ဆိုတာ ကွာနေတာပါပဲ community ဆက်လက်လည်ပတ်နေဖို့ တစ်ယောက်တစ်လှည့်စီ မတည်ပေးလို့ ရတယ် ဒါလိုလုပ်ခြင်းဟာ အုပ်ချုပ်သူမဲ့အမူအကျင့်တွေနဲ့ ကိုက်ညီနေတယ်

Community ဆိုတာကို ဒီလိုသဘောပေါက်တယ်ဆိုရင် အဲ့ဒီရပ်ရွာပတ်ဝန်းကျင်တစ်ခုမှာ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကိုလည်း ခေါင်းဆောင်တစ်ယောက်က တာဝန်ယူအဖြေထုတ်ပေးတာထက် community ထဲ ပါဝင်နေသူတိုင်းက မျှမျှတတဝိုင်းဝန်းစဉ်းစားအဖြေရှာပိုင်ခွင့်ရှိရမယ် မဟုတ်လား?

ကျွန်မတို့ ဗမာရိုးရာဓလေ့ထုံးစံအရ အာဏာဩဇာရှိသူတစ်ယောက်ယောက်က တရားစီရင်ပေးတာကို လက်ခံကြရတာ ကြိုက်နှစ်သက်လေ့ရှိကြတယ် ဒီနေရာမှာ mediator လို့ခေါ်တဲ့ ပဋိပက္ခဖြစ်သူနှစ်ဦးကြားက ကြားနေပြီး ပဋိပက္ခဖြေရှင်းပေးဖို့ ကြိုးပမ်းသူနဲ့ ဘယ်ဟာက အမှန်ဆိုပြီး မဟော်သဓာဆန်ဆန် အမိန့်ချပေးတာကတော့ မတူပါဘူး မနုဿဗေဒလိုက်စားသူဆန်ဆန် ကျွန်မကတော့ ပဋိပက္ခကို ရိုးရာဓလေ့နဲ့ ချိတ်ဆက်စဉ်းစားမိတယ် ဒါက ကျွန်မတို့ ဗမာလူ့အဖွဲ့အစည်းမှာ အထက်အောက် ခေါင်းဆောင်က ဖြေရှင်းပေးမှုဟာ အထက်ကပြောခဲ့သလို ရပ်ရွာပတ်ဝန်းကျင်တစ်ခုထဲ ပါဝင်သူတိုင်း မျှမျှတတဝိုင်းဝန်းဖြေရှင်းမှုထက် ပိုအရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသလဲဆိုတာပဲ (ဗမာလူ့အဖွဲ့အစည်းလို့ပြောရတာက ကျွန်မမှာ ဗမာရိုးရာဓလေ့နဲ့ လည်ပတ်တဲ့ အတွေ့အကြုံက ပိုများလို့ပါ ဒါပေမဲ့ ဗမာရိုးရာလို့ပြောတဲ့အခါ ဗမာလူမျိုးတွေကိုပဲ ပြောချင်တာမဟုတ်ဘဲ ဒီဗမာရိုးရာကို ကျင့်သုံးနေသူတိုင်း၊ အဲ့ဒီဓလေ့နဲ့ ကြီးပြင်းလာသူတိုင်းကို ဆိုလိုချင်တာပါ ဥပမာ ကရင်နီလူမျိုး၊ ချင်းလူမျိုးဖြစ်ပေမဲ့ ဗမာရိုးရာနဲ့ ကြီးပြင်းလာသူဖြစ်ကောင်းဖြစ်နိူင်ပါတယ်)

အခုလက်ရှိနိူင်ငံ‌ရေးအခြေအနေမှာတောင်မှ ရပ်ရွာပတ်ဝန်းကျင်တွေ တည်ဆောက်ကြမဲ့အစား ခေါင်းဆောင်သစ်ပေါ်လာဖို့ကို မျှော်နေကြသေးတဲ့သူတွေရှိတယ် နိူင်ငံနဲ့ချီပြီး ပဋိပက္ခအကြောင်းမပြောခင် ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ မိသားစုရိုးရာဓလေ့ကိုပဲ ပြန်စဉ်းစားကြည့်ပါဦး ဒါက ဒီဆောင်းပါးအဖွင့်မှာ ရေးခဲ့သလိုပဲ ကျွန်မကြီးပြင်းလာတဲ့ မိသားစုဓလေ့ဟာ အမှားတစ်ခုခု၊ ပဋိပက္ခတစ်ခုခုရှိပြီဆိုရင် အမေ့ရဲ့ ခေါင်းဆောင်မှုအောက်ကနေ ဖြေရှင်းတာ၊ အမိန့်ပေးတာကို ခံရ‌‌လေ့ရှိတဲ့ ဓလေ့ပဲ (ကျွန်မအဖေနဲ့ အမေဟာ အိမ်ထောင်ကွဲဖြစ်ပြီး ကျွန်မတို့ဟာ အမေနဲ့ပဲ ကြီးပြင်းလာတော့ အမေဟာ အိမ်ထောင်ဦးစီးလို့ ဆိုလို့ရပါတယ် အမေဟာ သန်းခေါင်စာရင်းမှာလည်း အိမ်ထောင်ဦးစီးပါပဲ) အမေ့ရဲ့ မိသားစုအထက် ပြန်ကြည့်ရင်လည်း အမေ့ပြောစကားအရ ကျွန်မတို့ အဖိုးရဲ့ အုပ်ချုပ်မှုအောက်မှာ အမေတို့ မောင်နှမတွေအပါအဝင် အဖွားကပါ လိုက်နာနေထိုင်ခဲ့ရတယ်လို့ သိရတယ်

အဲ့ဒီတော့ မိသားစုရဲ့ခေါင်းဆောင်အမေက ကျွန်မတို့ကို စကားပြောဖို့ခေါ်ပြီးဆိုရင် အဆူခံရတော့မယ်ဆိုတာနဲ့ပဲ တွဲတွေးမိပြီး ကျွန်မတို့ ကြီးပြင်းလာရပါတယ် အခုချိန်ထိပါပဲ ဒီစကားဝိုင်းမှာ ကျွန်မတို့ရဲ့ အမြင်ကို ချပြပိုင်ခွင့်မရှိသလို အမေပြောတဲ့စကား၊ အမေမှန်တယ်ထင်တဲ့ အမြင်ကိုသာ ကျွန်မတို့ နားထောင်ရလိမ့်မယ်ဆိုတာ တွေးသားကျနေတယ် စာသင်ခန်းတွေမှာလည်း ဒီလိုပါပဲ ဆရာ/ဆရာမရဲ့ အမိန့်ချ‌မှတ်ပေးမှု‌အပေါ်ပဲ အခြေခံပြီး အမှန်ဆိုတာကို ခွဲခြားရမယ်လို့ လက်ခံထားကြတယ် အဲ့တော့ ဒီလို မိသားစုဓလေ့တစ်ခုက ပေါက်ဖွားလာကြတဲ့ ကျွန်မတို့အတွက် မိမိတို့ကိုယ်တိုင် တန်းတူညီမျှအမြင်ကို ချပြပိုင်ခွင့်ရှိတဲ့ ပတ်ဝန်းကျင်ဆိုတာကို မြင်ယောင်လေ့ကျင့်တတ်ဖို့ ခက်နေတတ်တယ် တစ်ယောက်ယောက်က ပြောစရာရှိတယ်ဆိုရင်ကိုပဲ အဆူပဲခံရတော့မလား ကြောက်နေတတ်ကြပြီး သူတို့ဘာမှမပြောခင် အရင် မိမိကိုယ်ကို ကာကွယ်ဖို့ ကြိုးစားတတ်ကြတယ် ဒါတွေက ဒီလိုလုပ်တဲ့သူတွေကို အပြစ်တင်ဖို့ထက် ကလေးဘဝထရော်မာရဲ့ နောက်ဆက်တွဲအကြွင်းအကျန်တွေလို့ပဲ ကျွန်မကတော့ ယူဆပါတယ် ကျွန်မကိုယ်တိုင်လည်း ဒီမိသားစုဓလေ့ကို ပြန်သုံးသပ်လာနိူင်အောင် စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေ၊ counselor တွေနဲ့ စကားအကြာကြီးပြောခဲ့ရတယ် ကျောင်းက ဆရာမက မီတင်လာပါခေါ်တိုင်း ဘာများဆူခံရမလဲ ကြောက်တတ်ခဲ့ဖူးတဲ့ ကျွန်မကို ဒီအကြောက်တရား ဘယ်ကလာသလဲ ပြန်‌တွေးတောတတ်အောင် counselor တွေကမေးတော့မှ စဉ်းစားမိလာတာပဲ

အခုလက်ရှိ ကျွန်မအလုပ်အတူတွဲလုပ်ဖူးတဲ့၊ လုပ်ဖို့ကြိုးစားခဲ့ဖူးတဲ့သူတွေမှာလည်း ဒီလို ပဋိပက္ခကို ဖြေရှင်းဖို့ အရည်အသွေးတွေ အလေ့အကျင့်တွေ လိုနေတယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ် လွန်ခဲ့သောနှစ်က ကျွန်မနဲ့အလုပ်တွဲလုပ်ခဲ့တဲ့သူတစ်ယောက်နဲ့ သဘောထားမတူညီမှုတစ်ခုပေါ်ပေါက်ခဲ့တယ် ဒီကိစ္စကို ကျွန်မက အများအရှေ့မှာ ဆူငေါက်သလိုပြောမဲ့အစား သီးသန့်အစည်းအဝေးခေါ်ပြီး စကားပြောဖို့ ၃ ကြိမ်လောက်ကြိုးစားခဲ့တယ် ၃ ကြိမ်လုံးလုံး သူ့ဘက်က ရှောင်ထွက်ခဲ့တယ် ဒါဟာ avoidant ရှောင်ခွာခြင်းနဲ့ ပဋိပက္ခကိုဖြေရှင်းတာမျိုးပေါ့ သဘောမတူဘူး ဒါပေမဲ့ ဒါကို မိမိရဲ့အမြင်ကို ချပြဆွေးနွေးမဲ့အစား သဘောမတူတဲ့သူနဲ့ လုံးဝရှောင်လိုက်တယ် ဒီလိုရှောင်လိုက်ခြင်းကြောင့် ခက်ခဲလှတဲ့စကားတွေ မပြောရတော့ပေမဲ့ ပဋိပက္ခကြီးဟာ မပျောက်ပျက်သွားတဲ့အပြင် ပိုပြီးတော့တောင် အစိုင်အခဲအနေနဲ့ ရှိသွားတယ် အဲ့ဒီလိုရှောင်လိုက်ပြီးသကာလ အချင်းချင်းကြားက လူမှုဆက်ဆံရေးတွေပါ အမ်းသွားကြတယ် စကားပြောကြတဲ့နေရာမှာ ရိုးရိုးသားသား ရင်ထဲကလာတာတွေ မဟုတ်တော့ဘူး သူငါ့ကို ဘယ်လို‌ထင်နေမလဲဆိုတဲ့ အတွေးက ပေါင်းသင်းဆက်ဆံရေး‌တွေအပေါ် ဖုံးသွားတယ် ၃ ကြိမ်ထက်တော့ ကျွန်မလည်း မကြိုးစားနိူင်တော့ ဒီပေါင်းသင်းဆက်ဆံရေးဟာ ပျက်ပြားခဲ့ရတယ်

နောက်ထပ်အတွေ့အကြုံတစ်ခုမှာဆိုရင်လည်း ကျွန်မမိတ်ဆွေရဲ့ အယူအဆတစ်ခုကို ရာခိုင်နှုန်းပြည့် ကျွန်မက သဘောမတူပါဘူးဆိုရာကနေ ပဋိပက္ခက စတယ် သူ့အမြင်ကို ၁၀၀ ရာနှုန်းလက်မခံနိူင်တဲ့အတွက် ကျွန်မဟာ သူ့ရဲ့ မိတ်ဖော်မဟုတ်တော့ဘူးဆိုတဲ့သဘောပေါ့ (ကျွန်မဘဝမှာ ဒီလိုမျိုးပဋိပက္ခကို ဖြေရှင်းဖို့ကြိုးပမ်းသည့်တိုင် ဘလော့လုပ်ခံလိုက်ရတာတွေ၊ ဘေးထုတ်လိုက်တာတွေ အများကြီး အလုပ်ခံရဖူးပါတယ် ဒါတွေဟာ နှမြောစရာတွေပါပဲ) အလုပ်အတူတူလုပ်သူ၊ လွတ်မြောက်ရေးရပ်ဝန်းမှာတော့ တစ်ခရီးတည်းသွားသူပေါ့နော်၊ အဲ့ဒီလိုလူက ငါ့ယုံကြည်ချက်အတိုင်း ထပ်တူမယုံတာဟာ၊ အချင်းချင်း မေးခွန်းပြန်ထုတ်တာဟာ မိတ်ဆွေပေါင်းသင်းဆက်ဆံရေးမရှိသင့်စေတဲ့အကြောင်းရင်းလား? တစ်နည်းပြောရရင် အရာအားလုံးကို အလုံးစုံတူနေမှ လက်တွဲအလုပ်လုပ်ကြမလားဆိုတဲ့ မေးခွန်းပေါ့ ဘယ်နေရာတွေ မတူနေတာကိုတော့ ကျွန်မတို့ ညှိနှိုင်းနားလည်ပေးလို့ရပြီး ဘယ်အရာတွေကတော့ ကျွန်မတို့အတွက် လုံးဝအလျှော့ပေးလို့မရတဲ့ ကိစ္စတွေလဲ? ဥပမာ ဖီမီနင့်ရပ်ဝန်းတစ်ခုမှာ မိန်းမခန္ဓာမရှိသူ၊ လိင်အင်္ဂါပြောင်းထားသူ ဖီမီနင့်အဖွဲ့ဝင်တွေနဲ့ လက်တွဲလုပ်လို့ရနိူင်ပြီး မဟာဖိုဝါဒလက်ကိုင်ထားသူတွေကိုတော့ ညှိနှိုင်းဖို့ မကြိုးစားနိူင်ဘူးလဲဆိုတာမျိုးပေါ့ ကျွန်မတို့ရဲ့ ညှိနှိုင်းရေးလုပ်အားကို ဘယ်နေရာအတွက် အချိန်ပိုသုံးမလဲဆိုတာကလည်း အရေးကြီးတဲ့ ကိစ္စပါပဲ ကျွန်မလုပ်အားကြောင့် တချို့သောနေရာတွေမှာ လက်လွှတ်လိုက်တာတွေလည်း ရှိပါတယ် ဒါပေမဲ့ တစ်သွေးတည်းတစ်သားတည်းကျနေမှ အလုပ်အတူတူလုပ်လို့ရမယ်ဆိုရင် ကျွန်မတို့လည်း ဘယ်လောက်ပဲ လွတ်မြောက်ရေးအတွက်လုပ်နေပါစေ အာဏာရှင်ဆန်နေဦးမှာပဲ

ဒီဆောင်းပါးမှာ ကန်းဆက်ပြည်နယ်တက္ကသိုလ် ရပ်ရွာပတ်ဝန်းကျင်လက်စွဲက ထုတ်ပြန်ထားတဲ့ လူတစ်ဦးတစ်ယောက်ချင်းကြားက ပဋိပက္ခဖြေရှင်းရေးနည်းနာတချို့ကို ကျွန်မ ကောက်နုတ်ဖော်ပြလိုက်ပါတယ် အုပ်စုတွေကြားက ပဋိပက္ခကို‌ဖြေရှင်းဖို့ကတော့ ထပ်ဖြည့်ရမဲ့နည်းနာတွေ ရှိကောင်းရှိပါလိမ့်မယ် ပဋိပက္ခဖြေရှင်းရေးနဲ့ ပတ်သက်ပြီး သေသေချာချာဖတ်ချင်တဲ့သူတွေ အောက်မှာ လင့်ခ်ထည့်ပေးထားပါတယ် ဒီလက်စွဲအရ ပဋိပက္ခဖြေရှင်းရေးကို အဆင့် ၇ ဆင့်အလိုက်လုပ်ဆောင်လို့ ရတယ်လို့ ဆိုပါတယ် အချက်တစ်ချက်ချင်းစီကို ဥပမာနဲ့တကွ လင့်ခ်ထဲမှာ သေသေချာချာ ရှင်းပြထားပါတယ်

1. Understand the conflict ပဋိပက္ခကို နားလည်ခြင်း

အကြမ်းဖျင်းအားဖြင့် ဒီအချက်က ပဋိပက္ခဖြစ်ရခြင်းနောက်က မိမိယုံကြည်ရာဟာ ဘာလဲဆိုတာကို ‌သေသေချာချာ နားလည်အောင်ကြိုးစားခိုင်းတာပါ တချို့က ပဋိပက္ခသာဖြစ်တာပါ ငါ့သူငယ်ချင်းနဲ့ မတည့်လို့ ငါလည်းမခေါ်ဘူးဆိုသလိုမျိုး သူ့ရဲ့ ယုံကြည်ချက်ကြောင့် ပဋိပက္ခဖြစ်တာမျိုးမဟုတ်ဘဲ ဘုမသိဘမသိ ပဋိပက္ခမျိုးလည်း ရှိတတ်ပါတယ်

2. Communicate with the opposition တစ်ဖက်လူနဲ့ ဆက်သွယ်ခြင်း

ဒီလို မိမိယုံကြည်ရာကို သဲကွဲပြီဆိုရင် ပဋိပက္ခရှိနေသူတစ်ဖက်လူကို ဆက်သွယ်ပါ မိမိရဲ့ ယုံကြည်ချက်ကို ပြောပြပြီး သူ့ရဲ့ ယုံကြည်ချက်ကိုလည်း နားထောင်ရပါမယ် မိမိယုံကြည်ချက်ကိုပဲပြောပြီး ကဲ နင်အဖြေထုတ်လို့တော့ ပြောလို့မရပါဘူး အတူတူဝိုင်းပြီး အဖြေရှာရပါမယ်

3. Brainstorm possible resolutions ဖြေနိူင်ချေရှိမဲ့ အဖြေများကို စဉ်းစားခြင်း

နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေမဲ့အဖြေတွေကို ရှာပါ ဒီအဆင့်မှာတော့ လုပ်နိူင်ချေရှိတဲ့ အဖြေတွေကို အရေအတွက်မကန့်သတ်ဘဲ ထွက်ရင် ထွက်လာသလောက်ရှာပါ

4. Choose the best resolution အကောင်းဆုံးအဖြေကို ရွေးချယ်ခြင်း

ပြီးတော့မှ အဲ့ဒီအဖြေတွေအကုန်လုံးထဲက အားလုံးအတွက်ကောင်းမဲ့အဖြေကိုရှာပါ

5. Use a third party mediator ကြားခံဖြေရှင်းပေးသူကို အသုံးပြုခြင်း

အဖြေရှာနေချိန်မှာ ဘယ်သူဘက်မှမလိုက်တဲ့ ကြားနေသူကို အကူအညီတောင်းနိူင်ပါတယ် ဒီလူက နှစ်ဦးလုံးရဲ့ အဖွဲ့သား၊ သူငယ်ချင်းတော့ ဖြစ်နေလို့ မရပါဘူး သူကနေမှ ဖြစ်နိူင်ချေရှိတဲ့ အဖြေတွေကို ဝိုင်းဝန်းစဉ်းစားပေးနိူင်ပါတယ် နှစ်ယောက်လုံးကို ခံစားချက်တွေကို မျှမျှတတနားထောင်ပေးနိူင်ပြီး နှစ်ယောက်လုံးအတွက်လည်း လိုက်နာသင့်တဲ့ အကြမ်းဖျင်းစည်းမျဉ်းစည်းကမ်းတွေကို ကြားနေသူက ကူညီသတ်မှတ်ပေးနိူင်ပါတယ်

6. Explore alternatives တခြားသောနည်းလမ်းများကို ရှာခြင်း

တကယ်လို့ ကောင်းတဲ့အဖြေ ဘယ်လိုမှ ထွက်မလာဘူး၊ ထွက်လာနိူင်ချေမရှိဘူးဆိုရင် တခြားနည်းလမ်းတွေကို စစဉ်းစားပါ ဘယ်အချိန်မှာ ဒီပဋိပက္ခညှိနှိုင်းရေးကနေ သင် ထွက်ခွာမလဲ ဘယ်အချိန်ထိ ကြိုးစားမလဲ အစရှိတဲ့ မေးခွန်းတွေကိုမေးပြီး တခြားနည်းလမ်းတွေကို ရှာပါ

7. Cope with stressful situations and pressure tactics စိတ်ဖိစီးစေတဲ့ အခြေအနေများနဲ့ ဖိအားပေးတဲ့ နည်းလမ်းများကို ကိုင်တွယ်ဖြေရှင်းခြင်း

ပဋိပက္ခဆိုတာ စိတ်ပင်ပန်းစေတဲ့အရာတွေဖြစ်တဲ့အတွက် စိတ်လိုက်မာန်ပါဆုံးဖြတ်ချက်ချမဲ့အစား အချိန်ယူပြီး ဖြည်းဖြည်းချင်းစီစဉ်းစားပြီးမှ လုပ်ပါ မိမိရဲ့ စိတ်ခံစားချက်တွေကို ပြန်ဆင်ခြင်ပြီး ဂရုပြုပါ

ကျွန်မအမြင်မှာတော့ လွတ်မြောက်ရေးဟာ တစ်ဦးတစ်ယောက်တည်းက ဒီကွေ့ဒီတက်နဲ့လှော် ဟိုကွေ့ဟိုတက်နဲ့လှော်နေရုံတော့ မရဘူးလို့ ထင်ပါတယ် ဒီလိုပြောလို့ မြန်မာနိူင်ငံရေးသမားတွေလေသံလို အားလုံးစည်းလုံးကြလို့ မဆိုချင်ဘူး စည်းလုံးဖို့ထက် အလုပ်အတူတူတွဲလုပ်တတ်ကြဖို့ ပိုလိုလာတယ် လူသားအဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ဆိုတာ လူသားတွေနဲ့ အလုပ်လုပ်မှ ရမှာပါပဲ ပေါက်ဖွားရာ၊ ကြီးပြင်းရာမတူညီတဲ့ နောက်ခံတွေကလာကြတဲ့ လူတွေနဲ့၊ လူတွေအတွက် အလုပ်လုပ်ရတိုင်းမှာ ပဋိပက္ခဆိုတာ တစ်နည်းမဟုတ် တစ်နည်းပေါ်လာမှာပါပဲ ပဋိပက္ခမပေါ်စေချင်ရင် လူတွေနဲ့ အလုပ်လုပ်လို့ကို မရပါဘူး အဲ့ဒါကြောင့် မိမိတစ်ကိုယ်ရည်ခေါင်းဆောင်ကြီးဆိုပြီး နာမည်ကြီးဖို့အတွက်မဟုတ်ဘဲ တကယ့်လွတ်မြောက်ရေးအတွက် community တစ်ခုကို ကျွန်မတို့ ထူထောင်ချင်ရင် ပဋိပက္ခ‌ဖြေရှင်းရေးအနုပညာကို ကျွန်မတို့ အချိန်ပေးလေ့ကျင့်ကြဖို့ လိုအပ်လာပါပြီ

ကျွန်မတို့ တကယ်နေထိုင်ချင်တဲ့၊ ပျော်စရာကောင်းတဲ့၊ ကျန်းမာတဲ့ ရပ်ရွာပတ်ဝန်းကျင်ထူထောင်ဖို့ ကျွန်မတို့ကို ဖိနှိပ်ထားတဲ့စနစ်တွေကိုသာ ကျွန်မတို့ မုန်းတီးလို့ ရမယ် လူတွေကိုတော့ ကျွန်မတို့ ချစ်တတ်မှ ရမယ် ကျန်းမာတဲ့ရပ်ရွာပတ်ဝန်းကျင်ထူထောင်ချင်သူတစ်ယောက်အနေနဲ့ လူတွေဟာ ဘယ်လောက်ပဲ ရှုပ်ထွေးဆန်းပြားနေပါစေ လူတွေနဲ့ လူသားဆန်မှုတွေကို တတ်နိူင်‌သလောက် ချစ်တတ်ဖို့ ကျွန်မကိုယ်ကျွန်မ သတိအမြဲပေးနေမိတယ် စနစ်တွေရဲ့ ခြစားမှုတွေကြောင့် အရောင်တွေပြောင်းသွားကြတဲ့သူတွေကိုလည်း သူတို့ကို မုန်းတီးမဲ့အစား သူတို့မှမဟုတ် ဘယ်သူမဆို အခြေအနေပေးရင် အာဏာရူး၊ ဥစ္စာရူး၊ ပါဝါရူးဖြစ်သွားနိူင်တယ်ဆိုတာ သတိမူရင်း ယန္တရားကိုပဲ မုန်းတီးတတ်အောင် ကြိုးစားနေတယ် ဘာလို့လဲဆိုတော့ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေ၊ မိသားစုတွေ၊ ချစ်သူခင်သူတွေနဲ့မှ ဝေမျှလို့မရတဲ့၊ တစ်ဦးတစ်ယောက်တည်းကောင်းစားစေတဲ့ လွတ်မြောက်ခြင်းပျော်ရွှင်မှုဟာ စစ်မှန်တဲ့ပျော်ရွှင်မှု မဟုတ်နေလို့ပဲ

ပုံ – ဓာတ်တိုင်နှစ်တိုင်ကြားက ရှုပ်ယှက်ခတ်နေသော ဓာတ်ကြိုးများ

ကန်းဆက်ပြည်နယ်တက္ကသိုလ်မှ ထုတ်ပြန်သော ပဋိပက္ခဖြေရှင်းရေးလက်စွဲ

မင်းက မင်းမဲ့သမားတစ်ယောက်လား? မင်းအဖြေက မင်းကိုယ်မင်းတောင် အံ့အားသင့်သွားစေမယ်

David Graeber (ဒေးဗစ်ဂရေဘာ) မူရင်းရေးသားပြီး မခြင်္သေ့ ဘာသာပြန်သည်။ မူရင်းကို မင်းမဲ့သမားများ စာကြည့်တိုက် (The Anarchist Library) တွင် အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုနိူင်သည်။ ဤဆောင်းပါးနှင့် ပတ်သက်ပြီး ဘာသာပြန်သူအနေနှင့် သုံးသပ်မိသောမှတ်ချက်များစွာကို ဤဘာသာပြန်နှင့်အတူ ထည့်သွင်းဖော်ပြရန် နေရာမလုံလောက်သောကြောင့် သီးသန့်ဆောင်းပါးအနေဖြင့် ရေးသားဖော်ပြသွားရန် ကြံရွယ်ထားပါသည်။ ဤဆောင်းပါးကို မြန်မာဘာသာပြန်ရန် တိုက်တွန်းသော အတူတူခရီးသွားသူ စီမုန်းမာဂ်စာလင်းကို ကျေးဇူးတင်ပါသည်။

David Graeber သည် အမေရိကန် ဂျူးလူမျိုး စာရေးသူ၊ မနုဿဗေဒပညာရှင်နှင့် မင်းမဲ့ဝါဒီလက်ကိုင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကမ္ဘာတစ်လွှားမှ စစ်မှန်သော ဒီမိုကရေစီပျောက်ဆုံးလာမှုကို ဆန့်ကျင့်သော လှုပ်ရှားမှုတစ်ခုဖြစ်သည့် Occupy Movement (နေရာယူ လှုပ်ရှားမှု)တွင် ပါဝင်ခဲ့မှုနှင့် ပတ်သက်ပြီး နာမည်ကျော်ကြားခဲ့သော လက်ဝဲအတွေးအခေါ်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ၄င်းရေးသားခဲ့သော စာပေများစွာထဲမှ ၂၀၁၁ ခုနှစ်ထုတ် အကြွေး – ပထမနှစ် ၅၀၀၀ (Debt: First 5000 Years)နှင့် ၂၀၁၈ ခုနှစ်ထုတ် ချီးထုပ်အလုပ်များ (Bullshit Jobs) မှာ နာမည်ကျော်ကြားခဲ့သည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် အီတလီနိူင်ငံ ဗင်းနစ်မြို့တွင် ပန်ကရိယရောဂါနှင့် ရုတ်တရက် ကွယ်လွန်သည်။

 

အရေးကြီးသော ဝေါဟာရများ

Anarchism – မင်းမဲ့ဝါဒီ/ အယူအဆ/ အမူအကျင့် (သို့) ဘုရင်/မင်း မရှိတော့သောခေတ်ကာလတစ်ခုအတောအတွင်းတွင် အုပ်ချုပ်သူအစိုးရအစုအဖွဲ့၊ လူပုဂ္ဂိုလ်မည်သူကိုမဆို ဆန့်ကျင်သော အယူအဆ/ အမူအကျင့်

Anarchist – မင်းမဲ့ဝါဒီလက်ကိုင်ထားသူ/ မင်းမဲ့သမား/ အုပ်ချုပ်သူမဲ့ဝါဒီလက်ကိုင်ထားသူ/ အုပ်ချုပ်သူမဲ့သမား

Nihilism – ကိုယ်ကျင့်တရား၊ စာရိတ္တ၊ နီတိ၊ ဘာသာရေးအစရှိသည့် လူ့ဘောင်အတွင်း ဖန်ဆင်းထားသော အရာများသည် အခြေအမြစ်မရှိဟူသော အတွေးအခေါ်ဝါဒ

Nihilist – ကိုယ်ကျင့်တရား၊ စာရိတ္တ၊ နီတိ၊ ဘာသာရေးအစရှိသည့် လူ့ဘောင်အတွင်း ဖန်ဆင်းထားသော အရာများသည် အခြေအမြစ်မရှိဟူသော ဝါဒကို လက်ခံကျင့်သုံးသူ

 

ဖြစ်နိူင်တာတစ်ခုကတော့ မင်းမဲ့သမားတွေက ဘယ်သူတွေလဲ၊ ဘာလုပ်ကြတာလဲဆိုတာ မင်းကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဖြစ်နိူင်တာနောက်တစ်ခုကလည်း မင်းကြားဖူးသမျှက အဓိပ္ပါယ်မရှိတာတွေချည်းပဲလည်း ဖြစ်နိူင်တယ်။ လူတော်တော်များများက မင်းမဲ့သမားတွေဟာ အကြမ်းဖက်မှုတွေ၊ ကစဥ့်ကလျား ဖရိုဖရဲဖြစ်မှုတွေနဲ့ ဖျက်ဆီးမှုတွေကို ကြိုက်ကြတဲ့သူတွေ၊ မင်းမဲ့သမားတွေက စည်းကမ်းတွေ၊ အစုအဖွဲ့တွေအားလုံးကို ဆန့်ကျင့်ကြတဲ့သူတွေလို့ ထင်လေ့ရှိကြတယ်။ ဒါမှမဟုတ်ရင်လည်း မင်းမဲ့သမားတွေက လူ့ဘောင်ထဲက စာရိတ္တ ကျင့်ဝတ်နီတိတွေအားလုံးဟာ အခြေအမြစ်မရှိဘူးလို့ ထင်ပြီး အားလုံးကို ပေါက်ခွဲပစ်ချင်ကြတဲ့သူတွေပဲလို့ လူတွေက ထင်ကြတယ်။ အမှန်တရားနဲ့ မင်းမဲ့သမားတွေ ထင်နေတာတွေ အားလုံး လွဲနေတယ်လို့ ထင်ကြတယ်။ တကယ်တမ်းက မင်းမဲ့အယူအဆကို လက်ကိုင်ထားသူတွေဟာ အားနဲ့အင်နဲ့ တိုက်တွန်းစရာမလိုဘဲ လူသားတိုင်းဟာ ကိုယ့်ဘာသာကိုယ် သင့်တော်တဲ့ အပြုအမူနဲ့ ကျင့်ကြံနေထိုင်နိူင်စွမ်းရှိတယ်လို့ လက်ခံထားတဲ့သူတွေသာ ဖြစ်တယ်။ ဒါက တကယ့်ကို ရှင်းရှင်းလေးပါပဲ။ ဒါပေမဲ့ လူချမ်းသာတွေနဲ့ အင်အားကြီးတွေက ဒီအယူအဆကို တော်တော် အန္တရာယ်ကြီးတယ်လို့ မြင်ကြတယ်။

 

အရိုးရှင်းဆုံးပြောရရင် မင်းမဲ့အယူအဆတွေထဲမှာ အဓိကအခြေခံအကျဆုံး အချက် ၂ ချက်ပဲ ရှိတယ်။ ပထမအချက်က လူသားတိုင်းသာ သာမန်အခြေအနေတွေမှာ သူတို့ကို ခွင့်ပြုထားသလောက် သင့်တော်အောင် နေတတ်ကြပြီး သူတို့ရဲ့ ရပ်ရွာပတ်ဝန်းကျင်နဲ့ သူတို့ကိုယ်ကို သူတို့ဘာသာ ဘယ်သူကမှ ပြောစရာမလိုဘဲ စီမံခန့်ခွဲ့နိူင်ကြတယ်ဆိုတာပဲ။ ဒုတိယအချက်က ပါဝါဟာ အကျင့်ပျက်ခြစားရိုးထုံးစံရှိတယ်ဆိုတဲ့အချက်။ ဆုံးဆုံးပြောရရင် မင်းမဲ့အယူအဆဆိုတာဟာ ငါတို့အားလုံးနေထိုင်ကျင့်သုံးကြတဲ့ သင့်တော်လျောက်ပတ်တဲ့ အပြုအမူတွေကို သတ္တိရှိရှိ ကျင့်သုံးနေထိုင်ကြပြီး ဓမ္မဓိဌာန်ကျတဲ့ အဆုံးသတ်တွေထိ နေထိုင်ခြင်းအယူအဆကို ဆိုလိုတာပဲ။ ဒါကထူးဆန်းတယ်လို့ ထင်ရပေမဲ့ မင်းကိုယ်တိုင်ကိုယ်က မသိလိုက် မသိဘာသာနဲ့ မင်းမဲ့အမူအကျင့်ကို ကျင့်သုံးနေတဲ့သူ ဖြစ်ကောင်းဖြစ်နေနိူင်တယ်။

 

ငါတို့ နေ့စဥ်ဘဝထဲက ဥပမာတချို့ကိုပဲ ကြည့်ကြည့်ကြရအောင်။

 

ဘတ်စ်ကားမှတ်တိုင်မှာ ရဲတွေက စောင့်မကြည့်နေရင်တောင်မှ သူများကို တံတောင်ဆစ်နဲ့ တွန်းတိုက်ပြီး ဘတ်စ်ကားပေါ် အလုအယက်ကျော်တက်မဲ့အစား မင်းက မင်းအလှည့်ကို မင်းစောင့်လေ့ရှိတဲ့သူလား?

 

မင်းအဖြေက “မင်းအလှည့်ကို မင်းစောင့်တယ်” ဆိုရင် မင်းဟာ မင်းမဲ့အမူအကျင့်ကို ကျင့်သုံးရတာ အသားကျနေတဲ့သူတစ်ယောက်ပဲ! မင်းမဲ့အယူအဆရဲ့ အဓိကအကျဆုံး နိယာမက မိမိကိုယ်ကို စီမံဖွဲ့စည်းခြင်းပဲ – ဆိုလိုချင်တာက လူသားတွေဟာ တရားစွဲဆို ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်စရာမလိုဘဲနဲ့ မိမိကိုယ်ကို အချင်းချင်းကြား သင့်တင့်လျောက်ပတ်အောင်နေနိူင်တယ်၊ ဒါမှမဟုတ် အချင်းချင်း သိက္ခာနဲ့ လေးလေးစားစားဆက်ဆံနိူင်စွမ်းရှိတယ်ဆိုတာကို ယုံကြည်တာပဲ။

လူတိုင်းက မိမိကိုယ်ကိုတော့ သင့်တင့်လျောက်ပတ်အောင် နေထိုင်နိူင်စွမ်းရှိတယ်လို့ ထင်ကြတာပဲ။ ဥပဒေတွေနဲ့ ရဲတွေ လိုအပ်တယ်လို့ သူတို့ထင်ရတာက တခြားလူတွေက သူတို့ကိုယ်သူတို့ သင့်တင့်လျောက်ပတ်အောင် နေထိုင်နိူင်စွမ်း မရှိဘူးလို့ ထင်လို့ပဲ။ ဒါပေမဲ့ မင်း သေချာတွေးကြည့်ရင် အဲ့ဒီလူတွေကလည်း မင်းဟာ မင်းကိုယ်မင်း သင့်တင့်လျောက်ပတ်အောင် နေထိုင်နိူင်စွမ်းမရှိဘူးလို့ ထင်နေကြလို့ပဲ အုပ်ချုပ်ကြဖို့ ကြိုးစားနေကြတာ မဟုတ်ဘူးလား? မင်းမဲ့သမားတွေ ပြောတာကတော့ လူမှုရေးပေါင်းသင်းဆက်ဆံမှုတွေကို ဆန့်ကျင့်တဲ့ အပြုအမူတွေကနေ ငါတို့ဟာ ငါတို့ဘဝတွေကို ထိန်းချုပ်ဖို့ တပ်တွေ၊ ရဲတွေ၊ ထောင်တွေ၊ အစိုးရအစုအဖွဲ့တွေ လိုအပ်တယ်လို့ ငါတို့ထင်နေကြတယ်။ တကယ်တော့ လူမှုရေးပေါင်းသင်းဆက်ဆံမှုတွေကို ဆန့်ကျင့်တဲ့ အပြုအမူတွေဟာ တပ်တွေ၊ ရဲတွေ၊ ထောင်တွေ၊ အစိုးရအစုအဖွဲ့တွေကနေ စနစ်တကျပြုလုပ်ထားတဲ့ တရားမမျှတမှုတွေ၊ တန်းတူညီမျှမရှိမှုတွေကကြောင့် ဖြစ်လာတာပဲ။ ဒါဟာ ရက်စက်တဲ့ သံသရာစက်ဝိုင်းတစ်ခုပဲ။ လူတွေဟာ သူတို့ရဲ့ အမြင်တွေဟာ အရေးမပါပါဘူးလို့ ဆက်ဆံခံရတာနဲ့ နေသားကျလာတဲ့အခါ သူတို့ဟာ ဒေါသတွေထွက်လာတယ်၊ ဘာကိုမှ အကောင်းမြင်စိတ် မရှိတော့ဘူး၊ နောက်ဆုံးမှာ အကြမ်းဖက်စိတ်တွေတောင် ဝင်လာတယ်။ အဲ့ဒါကလည်း အင်အားကြီးတဲ့သူတွေအတွက် “တွေ့လား သူတို့ရဲ့ အမြင်က အရေးမကြီးပါဘူး” ဆိုပြီး ခုတုံးပြန်လုပ်စရာဖြစ်လာတယ်။ လူတစ်ယောက်ဟာ သူတို့ရဲ့ အမြင်တွေဟာ တခြားလူတွေရဲ့ အမြင်တွေလိုပဲ အရေးပါတယ်ဆိုတာ သိလာတဲ့အခါ သူ့မှာ သူများအပေါ် နားလည်နိူင်စွမ်း ရှိလာတယ်။ တိုတိုပြောရရင် မင်းမဲ့သမားတွေက ပါဝါ/အာဏာနဲ့ ပါဝါ/အာဏာရဲ့ သက်ရောက်မှုတွေ‌ကြောင့်သာ လူတွေကို ထုံထိုင်းညံ့ဖျင်းလာပြီး တာဝန်မဲ့စိတ်တွေပေါ်လာတယ်လို့ ယုံကြည်ကြတယ်။

 

မင်းပါဝင်တဲ့ အစုအဖွဲ့တစ်ခုခု၊ ရပ်ရွာပရဟိတအဖွဲ့တစ်ခုခု ဒါမှမဟုတ် အားကစားအဖွဲ့တစ်ခုခုဟာ ခေါင်းဆောင်တစ်ယောက်ကနေပဲ အဖွဲ့အစည်းတစ်ခုနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ရှိတာမျိုးမဟုတ်ဘဲ အများသဘောတူညီချက်နဲ့ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ အဖွဲ့တွေမျိုးလား?

 

မင်းအဖြေက “ဟုတ်တယ်” ဆိုရင် မင်းမဲ့အမူအကျင့်တွေနဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်းတစ်ခုခုမှာ မင်း ပါဝင်နေတာပဲ! မင်းမဲ့အယူအဆရဲ့ နောက်ထပ်အခြေခံကျတဲ့ နိယာမတစ်ခုက မိမိကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ရှိရှိနဲ့ ပေါင်းဖက်ခြင်းပဲ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး နိယာမတွေကို သာမန်ဘဝတစ်ခုမှာ ပြုကျင့်ခြင်းပဲ။ မတူတာတစ်ခုက မင်းမဲ့သမားတွေကတော့ ဘယ်အရာကိုမဆို စစ်တပ်စနစ်အဖွဲ့အစည်းလိုမျိုး တပ်ဖွဲ့တွေ၊ ဗျုရိုကရေစီနည်းလမ်းတွေ၊ ကော်ပရေရှင်းအကြီးစားကြီးတွေလို အထက်အောက် အာဏာလက်ဆင့်ကမ်း (chain of command) စနစ်တွေ မလိုတော့ဘဲ လူ့အဖွဲ့အစည်းတစ်ခုကို အဖွဲ့သားတိုင်းရဲ့ သဘောတူညီချက်နဲ့အညီ တည်ဆောက်နိူင်တယ်ဆိုတာကို ယုံကြည်တာပဲ။ မင်းက ဒီလိုလူ့အဖွဲ့အစည်းတစ်ခု ဖြစ်နိူင်ချေရှိတယ်ဆိုတာကို ယုံချင်မှယုံမယ်။ ဒါမှမဟုတ် ဖြစ်နိူင်တယ်လို့ ထင်ချင်လည်း ထင်မယ်။ ဒါပေမဲ့ ခြိမ်းခြောက်ပြီးထွက်တဲ့ အဖြေအစား အများသဘောတူညီမှုနဲ့ အဖြေတစ်ခုထွက်တိုင်း၊ တခြားလူတစ်ယောက်နဲ့ အခြေအနေကိစ္စတစ်ခုခုကို ညှိနှိုင်းအဖြေထုတ်တိုင်းမှာ မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပဲ – မင်းကိုယ်မင်း သတိထားမိချင်မှ ထားမိမယ်။

 

မင်းမဲ့အမူအကျင့်ဆိုတာ လူတွေဟာ သူတို့မှာသာ လွတ်လပ်စွာ‌ရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် ပြုကျင့်လေ့ရှိတဲ့ အမူအကျင့်တွေကို ဆိုလိုတာပဲ။ နောက်ပြီးတော့ လူတိုင်းဟာ တူညီတယ်လို့ ယူဆထားပြီးနောက် အချင်းချင်းဆက်ဆံလေ့ရှိတဲ့ ပေါင်းသင်းဆက်ဆံရေးမျိုးကို ပြောချင်တာ။ အဲ့ဒါကြောင့် မင်းမဲ့အမူအကျင့်မှာ အများအပေါ် သတိထားတာဝန်ယူတဲ့ စိတ်ဓါတ်တွေ စိမ့်ဝင်နေပြီးသားဖြစ်တယ်။ လူတွေဟာ အချင်းချင်းတန်းတူညီမျှဖြစ်တယ်လို့ ယူဆထားရင် အချင်းချင်းအပေါ် ဘယ်လိုစာနာပေးကြမလဲဆိုတဲ့အချက်ရယ်၊ လူ့သဘာဝကိုက တစ်ယောက်‌ယောက်ကို အာဏာပါဝါပိုပေးထားရင် အချင်းချင်းကြားက ယုံကြည်မှုတွေ ပျောက်ပျက်လာတတ်တယ်ဆိုတဲ့အချက် အစရှိတဲ့ အဓိကအရေးကြီးတဲ့အချက်တွေကို ဆင်ခြင်လာစေတယ်။ တစ်ဦးတစ်ယောက်ကို အာဏာပိုပေးကြည့်ပါလား – သူတို့က အဲ့ဒီအာဏာကို နင့်ပဲငဆအသုံးချလိမ့်မယ်။

 

နိူင်ငံ‌ရေးသမားတော်တော်များများဟာ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့ အများပြည်သူကောင်းစားရေးကို နည်းနည်းလေးမှ စိတ်မဝင်စားတဲ့ လူလိမ်လူကောက်တွေလို့ မင်းယုံကြည်သလား? ငါတို့တွေအကုန်လုံးဟာ မျှတမှုလုံးဝမရှိတဲ့ စုတ်ပြတ်သတ်နေတဲ့ စီးပွားရေးစနစ်ထဲမှာ နေနေကြရတယ်လို့ မင်း ထင်သလား?

 

“အင်း ဟုတ်တယ်” လို့ မင်းဖြေရင် မင်းဟာ အခုခေတ်လူ့ဘောင်ကို မင်းမဲ့အယူအဆတွေနဲ့ သုံးသပ်နေတဲ့သူတစ်ယောက်ပဲ – အနည်းဆုံးတော့ ယေဘုယျအားဖြင့်ပေါ့။ မင်းမဲ့သမားတွေက အာဏာဟာ လူတွေကို ဖျက်ဆီးစေပြီး သူတို့တစ်ဘဝလုံး အာဏာရယူဖို့ ကြိုးစားနေတဲ့သူတွေဟာ အာဏာပိုလိုတောင် မရသင့်တဲ့သူတွေလို့ ယုံကြည်ကြတဲ့သူတွေဖြစ်တယ်။ မင်းမဲ့သမားတွေဟာ ငါတို့ရဲ့ လက်ရှိစီးပွားရေးစနစ်ဟာ သူများကို ကြိုးစားပြီးဂရုစိုက်တတ်တဲ့သူတွေထက် တစ်ကိုယ်ကောင်းဆန်ပြီး ဘာကျင့်ဝတ်မှ မရှိတဲ့သူတွေကိုသာ ဆုချပေးနေတယ်လို့ ယုံကြည်ကြတယ်။ လူတော်တော်များများကလည်း ဒီယုံကြည်ချက်ကို လက်ခံကြပါတယ်။ ဒါပေမဲ့ မတူတာက လူတော်တော်များများက ဒီကိစ္စနဲ့ ပတ်သက်လာရင် ဘာမှလုပ်လို့ မရဘူးလို့ ထင်ကြတယ်၊ ဘာပဲလုပ်လုပ် ဒီစနစ်ကို ပြောင်းဖို့ အရာထင်မှာမဟုတ်ဘူးလို့ လက်ခံထားကြတယ် – ဒီလိုထင်အောင်လည်း အာဏာရှိသူတွေရဲ့ သစ္စာရှိတဲ့ အစေခံတွေက မှိုင်းတိုက်ထားတယ်လေ။

 

ဒါပေမဲ့ တကယ်လို့ ငါတို့ ဒီအခြေအနေကို ပြောင်းလို့ ရတယ်ဆိုရင်ရော?

 

ဘာလုပ်လုပ် အရာမထင်ဘူးလို့ ထင်နေကြဖို့ အကြောင်းရင်းက ခိုင်ရောခိုင်လုံလို့လား? အရင်းရှင်စနစ်နဲ့ နိူင်ငံတော် (state) ဆိုတာတွေသာ မရှိရင်တော့ရင် ဘာတွေဖြစ်မလဲဆိုတဲ့ ခန့်မှန်းချက်တွေကို တကယ်တမ်းဆန်းစစ်ကြည့်ရင် မှားနေတာကို တွေ့ရတယ်။ နှစ်ထောင်ပေါင်းများစွာ လူတွေဟာ အစိုးရမရှိဘဲ နေခဲ့ကြတယ်။ ကမ္ဘာတစ်ဝန်းမှာ အခုထိ အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကနေ ဖယ်ခွာပြီးနေထိုင်နေကြတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေသေးတယ်။ သူတို့က အချင်းချင်း သတ်ဖြတ်မနေကြဘူး။ များသောအားဖြင့် တစ်နေ့တစ်နေ့ တခြားလူတွေလိုပဲ သူတို့လုပ်စရာရှိတာ လုပ်ပြီး နေကြတယ်။ ရှုပ်ထွေးလှတဲ့ နည်းပညာတွေ ထွန်းကားတဲ့ မြို့ပြမှာတော့ ဒီလိုနေဖို့က ပိုရှုပ်ထွေးကောင်း ရှုပ်ထွေးနိူင်တယ်။ ဒါပေမဲ့ နည်းပညာကလည်း ဒီပြဿနာတွေကို ကူညီပြီး ဖြေရှင်းပေးကောင်းပေးနိူင်တယ်။ အမှန်တိုင်းပြောရရင် နည်းပညာကို လူသားတွေ လိုအပ်နေတာတွေအတွက် တကယ် ဘယ်လိုအသုံးချမလဲဆိုတာ ငါတို့ စတောင် မစဥ်းစားရသေးဘူး – ပြောချင်တာက တယ်လီစျေးရောင်းသူတွေ (telemarketers)၊ ရှေ့နေတွေ၊ ထောင်စောင့်တွေ၊ ငွေရေးကြေးရေးသုံးသပ်စိစစ်သူတွေ (financial analysts)၊ အများပြည်သူဆိုင်ရာဆက်ဆံရေးသမားတွေ (public relations experts)၊ ဗျူရိုကရက်တွေနဲ့ နိူင်ငံရေးသမားတွေဆိုတဲ့ အသုံးမဝင်တဲ့၊ ဖျက်လိုဖျက်ဆီးအလုပ်တွေကို ရှင်းပစ်လိုက်ပြီး ငါတို့တွေထဲက အကောင်းဆုံး သိပ္ပံနည်းကျအတွေးအခေါ်တွေစဥ်းစားတွေးခေါ်နိူင်သူတွေကို လက်နက်ထုတ်လုပ်ဖို့သာ၊ စတော့ရှယ်ယာစျေးကစားဖို့သာ၊ အန္တရာယ်များလွန်းလှတဲ့ အလုပ်တွေဖြစ်တဲ့ မီးသွေးတူးတာ၊ ငြီးငွေ့စရာကောင်းတဲ့ အလုပ်တွေဖြစ်တဲ့ အိမ်သာဆေးတဲ့ အလုပ်တွေကိုသာ လုပ်ခိုင်းနေကြမဲ့အစား ကျန်တဲ့အလုပ်တွေကို အားလုံးကို မျှမျှတတ ဝေခွဲပေးလိုက်ရင်ရော? တစ်နေ့မှာ ၅ နာရီလောက်? ၄ နာရီ? ၃ နာရီ? ၂ နာရီ? အဖြေကို ဘယ်သူမှ မသိဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ဒီမေးခွန်းကို မေးဖို့ စိတ်မဝင်စားကြဘူး။ မင်းမဲ့သမားတွေကတော့ ဒီမေးခွန်းတွေဟာ ငါတို့ မေးသင့်တဲ့မေးခွန်းတွေလို့ ယူဆကြတယ်။

 

မင်း မိဘတွေက မင်းကို ပြောခဲ့တာတွေ ဒါမှမဟုတ် မင်း ကလေးတွေကို မင်းပြောနေတာတွေကို မင်းကိုယ်တိုင်ရော တကယ်ယုံရဲ့လား?

“ဘယ်သူ စခဲ့သလဲဆိုတာ အရေးမကြီးပါဘူး” “၂ ယောက်မှားတာ အမှန်မဖြစ်သွားဘူး” “ကိုယ့်ပြဿနာ ကိုယ်ရှင်း” “သူများကို ဒီလို ဆက်ဆံ….” “သူတို့က ကိုယ်နဲ့မတူတာနဲ့ မရိုင်းစိုင်းရဘူးလေ” ငါတို့ကလေးတွေကို ပြောနေတဲ့စကားတွေဟာ ကလေးတွေကို အမှန်တရားနဲ့ အမှားအကြောင်းပြောတိုင်း ငါတို့ သူတို့ကို ညာနေတာလား၊ ငါတို့ဟောပြောနေတာတွေကို ငါတို့ကိုယ်တိုင် တကယ်ကျင့်ကြံမှာလားဆိုတာ စဥ်းစားသင့်တယ်။ ဘာလို့လဲဆိုတော့ ဒီစာရိတ္တသင်ခန်းစာတွေကို ဓမ္မဓိဌာန်ကျကျသာ လုပ်ကြမယ်ဆိုရင် ငါတို့အားလုံး မင်းမဲ့သမားတွေပဲ။

 

၂ ယောက်မှားတာက အမှန်မဖြစ်ဘူးဆိုတဲ့ အဆိုကိုပဲကြည့်။ (ဘာသာပြန်မှတ်ချက် – ဤအဆိုသည် အနောက်တိုင်းအဆိုတစ်ခုဖြစ်ပြီး အဓိပ္ပါယ်က လူတစ်ယောက်က တခြားလူတစ်ယောက်ကို နာကျင်အောင်ပြုမူတာကို သူ့ကို နာကျင်အောင်ပြန်လုပ်မယ်ဆိုသော ကလဲ့စားချေချင်သောစိတ်ဓါတ်သည် မည်သူအတွက်မှ အကျိုးမရှိဟု ဆိုလိုခြင်းဖြစ်ပါသည်။ မြန်မာမှုပြုရလျှင် ကလဲ့စားချေချင်စိတ်များသည် မည်သူကိုမှ အကျိုးမပြုနေဘူးဟု ဆိုရပါမည်။ ဤအဆိုကို ထောင်နှင့်ရဲစနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားများနှင့် ချိတ်ဆက်စဥ်းစားနိူင်သည်။) ဒါကို သေသေချာချာကျင့်ကြံမယ်ဆိုရင် ဒီအယူအဆတစ်ခုတည်းကနေ စစ်ပွဲတွေနဲ့ တရားဥပဒေစနစ်ရဲ့ အခြေခံဇစ်မြစ်ကို မြေလှန်ပြီးသားဖြစ်သွားမယ်။ မျှဝေကြလို့ ပြောတာကလည်း တူတူပဲ – ကလေးတွေကို ငါတို့က အချင်းချင်းဝေမျှကြ၊ သူများကို ထည့်စဥ်းစား၊ အချင်းချင်းကူညီကြလို့ အမြဲပြောကြတယ်။ ပြီးလည်းပြီးတော့ တကယ့်ကမ္ဘာကြီးထဲမှာတော့ ငါတို့အားလုံးဟာ တစ်ကိုယ်ကောင်းဆန်ပြီး ပြိုင်ဆိုင်နေကြတဲ့သူတွေပဲလို့ အချင်းချင်းသတ်မှတ်ထားကြတယ်။ ဒါပေမဲ့ မင်းမဲ့သမားတစ်ယောက်က ပြောပါလိမ့်မယ် – ငါတို့ ကလေးတွေကို ပြောနေတာတွေက အမှန်တွေပဲ။ လူသားသမိုင်းတစ်လျှောက်လုံးက အောင်မြင်ခဲ့တာတွေအကုန်လုံးကို ပြန်ကြည့်ရရင် အချင်းချင်းပူးပေါင်းပြီး လိုရင်ယူ ပိုရင်လှူဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့ ကူညီရိုင်းပင်းကြလို့ ဖြစ်လာခဲ့တာတွေချည်းပဲလေ။ အခုလက်ရှိမှာတောင်မှာ ငါတို့ဟာ ငါတို့မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ငါတို့ကိုယ့်ကိုယ်ကိုအတွက်ထက်တောင် ပိုက်ဆံပိုသုံးနေကြတာပဲ မဟုတ်ဘူးလား။ ဒီလိုပြောလို့ အပြိုင်အဆိုင်တွေကို လိုက်စားတဲ့သူတွေ မရှိတော့ဘူးလို့ ပြောတာတော့ မဟုတ်ဘူး။ သူတို့တွေရှိနေလို့လည်း ငါတို့အကုန်လုံးက အဲ့ဒီစိတ်ဓါတ်တွေ၊ အမူအကျင့်တွေကိုအားပေးတဲ့ လူ့အဖွဲ့အစည်းမှာပဲ၊ အခြေခံလိုအပ်ချက်တွေအတွက် လူအချင်းချင်း ပြိုင်ဆိုင်ခိုင်းတဲ့ လူ့အဖွဲ့အစည်းမှာပဲ နေရတော့မယ်ဆိုတာကလည်း မဟုတ်သေးဘူး။ အဲ့ဒီလိုသာဆိုရင် ငါတို့အချင်းချင်းကြား ကြောက်ရွံ့မှုတွေနဲ့သာ နေစေချင်တဲ့ အာဏာရူးတွေ အကြိုက်ပေါ့။ အဲ့ဒါကြောင့် မင်းမဲ့သမားတွေက အချင်းချင်းထိန်းကွပ်မှုကင်းရုံသာမက အချင်းချင်း လိုတာယူ၊ ပိုတာလှူဆိုသလိုမျိုး ဗြဟ္မစိုရ်တရားထွန်းကားတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ဆော်အောနေရတာပဲ။ အခုအဖြစ်က ကလေးတွေက မင်းမဲ့အယူအဆတွေနဲ့ ကြီးပြင်းလာရပြီး တဖြည်းဖြည်းနဲ့ လူကြီးတွေက ဒီလိုလည်း မဟုတ်ပါလားဆိုတာကို သဘောပေါက်လာကြရရှာတယ်။ အဲ့ဒါကြောင့် တော်တော်များများက ဆယ်ကျော်သက်အရွယ်လောက်ရောက်ရော ပုန်ကန်သူတွေ၊ ပတ်ဝန်းကျင်က ကျင်ခံထားရသူတွေ၊ မိမိကိုယ်ကို သတ်သေချင်စိတ်ရှိသူတွေ ဖြစ်လာတယ်။ နောက်ဆုံးမှာ လူကြီးဘဝမှာ အရာအားလုံးကို ခါးသီးရွံရှာနေသူတွေအဖြစ် အသက်ဆက်ရှင်သွားရတယ်။ နောက်ဆုံးမှာ သူတို့ကိုယ်တိုင်က ကလေးတွေမွေးပြီး အဲ့ဒီကလေးတွေကို ကမ္ဘာကြီးက မျှတပါတယ်ဆိုပြီး အယောင်ဆောင်ပုံပြင်တွေ ပြောပြီး ဖြေသိမ့်စရာရှာကြရတယ်။ ဒါပေမဲ့ တရားမျှတမှုတွေအပေါ် အနည်းဆုံးအခြေခံထားတဲ့ ကမ္ဘာတစ်ခုကို ငါတို့ တကယ်စတင်တည်ဆောက်ကြည့်ကြမယ်ဆိုရင်ရော? ဒါက ကလေးတစ်ယောက်ကို ငါတို့ပေးနိူင်တဲ့ အကောင်းဆုံးလက်ဆောင်မဟုတ်ဘူးလား?

 

လူတွေဟာ သဘာဝအရ အတွင်းထဲက ခြစားနေတဲ့ မကောင်းဆိုးဝါးတွေလို့ မင်း ထင်သလား? ဒါမှမဟုတ် တချို့လူတွေ (မိန်းမတွေ၊ လူဖြူမဟုတ်တဲ့သူတွေ၊ ပညာမတတ်တဲ့၊ ပိုက်ဆံမချမ်းသာတဲ့ သာမန်လူတွေ)ဟာ သူတို့ထက် ပိုတော် ပိုသိတဲ့သူတွေရဲ့ အအုပ်ချုပ်ကို ခံသင့်တဲ့ ပိုမိုနိမ့်ကျတဲ့သူတွေလို့ မင်း ထင်သလား?

 

“အင်း ထင်တယ်” လို့ မင်းဖြေရင်တော့ မင်းဟာ မင်းမဲ့သမားတစ်ယောက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ “မထင်ဘူး” လို့ မင်းဖြေရင်တော့ မင်းက အနည်းဆုံး မင်းမဲ့အယူအဆတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို လိုက်နာသူဖြစ်ကောင်းဖြစ်နိူင်တယ်။ ဒါပေမဲ့ မင်းမဲ့အမူအကျင့်တွေအတိုင်း မင်းဘဝကို နေထိုင်နေချင်မှတော့ နေလိမ့်မယ်။ တခြားလူတစ်ယောက်ကို လေးလေးစားစားနဲ့ ဆက်ဆံလိုက်တိုင်းမှာ မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပါပဲ။ မင်းနဲ့ တခြားလူတစ်ယောက်ကြားက မတူညီမှုတွေကို တစ်ဦးတစ်ယောက်ကပဲ ဦးဆောင်ပြီး အဖြေထုတ်ပေးမဲ့အစား အားလုံးပြောတာကို သေချာနားထောင်ပြီး ကျိုးကြောင်းဆီလျော်စွာနဲ့ အဖြေရှာဖို့ ကြိုးစားတိုင်း မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပါပဲ။ သူများကို အင်နဲ့အားနဲ့ ခိုင်းဖို့ အခွင့်အလမ်းပေါ်လာတိုင်း မင်းက တရားမျှတမှု ဒါမှမဟုတ် ကျိုးကြောင်းဆီလျော်မှုကို ဦးစားပေးတယ်ဆိုရင် မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပါပဲ။ အဲ့လိုပဲ မင်း သူငယ်ချင်းတစ်ယောက်နဲ့ တစ်ခုခုမျှဝေတိုင်း၊ ထမင်းစားပြီး ဘယ်သူက ပန်းကန်ဆေးမလဲဆိုတာ ဆုံးဖြတ်တိုင်း၊ ကိစ္စတစ်ခုခုကို မျှတမှုကို ဦးစားပေးတဲ့ မျက်လုံးနဲ့ လုပ်တိုင်း မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပါပဲ။

 

ကဲ အခု ငါပြောတာတွေအကုန်လုံးကို မင်းက လူအုပ်စုအသေးတစ်ခုအတွက်တော့ လုပ်လို့ရကောင်းရမဲ့အရာတွေပါလို့ ငြင်းချက်ထုတ်ကောင်းထုတ်နိူင်တယ်။ ဒါပေမဲ့ မြို့တစ်မြို့၊ နိူင်ငံတစ်နိူင်ငံကို စီမံခန့်ခွဲတာကတော့ တစ်မျိုးတစ်ဖုံလုပ်ရမယ်လို့ ထင်ကောင်းထင်နိူင်တယ်။ ဒီငြင်းချက်ကလည်း အဓိပ္ပါယ်တော့ ရှိပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုကို အထက်အောက်အုပ်ချုပ်မှုနဲ့ မခန့်ခွဲဘဲ အာဏာကို ရပ်ရွာပတ်ဝန်းကျင်တစ်ခုစီရဲ့လက်ထဲကို ထည့်မယ်ဆိုရင်တောင်မှ မီးရထားလမ်းဖောက်တာကအစ ဆေးဝါးသုတေသနလုပ်တာအထိကို အချင်းချင်းကြား ညှိနှိုင်းပြီး လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ ဒီလို ရှုပ်ထွေးနေလို့ ဒီမိုကရေစီနည်းလမ်းကျကျ မလုပ်သင့်ဘူးလားဆိုတော့လည်း မဟုတ်ဘူးလေ။ ရှုပ်ထွေးတာကတော့ ရှုပ်ထွေးမှာပဲလေ။ တကယ်တမ်းက မင်းမဲ့သမားတွေမှာ ဒီလိုရှုပ်ထွေးလှတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ သူ့ကိုယ်ဟာကိုယ် ဘယ်လိုစီမံခန့်ခွဲ့မလဲဆိုတဲ့ အတွေးအမြင်ပေါင်းစုံ ရှိပြီးသား။ အဲ့ဒီအတွေးအမြင်တွေအကုန်လုံးကို ဒီလို မိတ်ဆက်စာမှာ ထည့်‌ရေးပြဖို့ နေရာမရှိတော့ မရေးတော့ပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ လူတော်တော်များများက တကယ့်ကို ကျန်းမာတဲ့၊ ဒီမိုကရေစီနည်းကျတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ အချိန်တော်တော်ယူပြီး စဥ်းစားခဲ့တယ်ဆိုတာရယ်၊ အရေးကြီးဆုံးက မင်းမဲ့အမူအကျင့်တစ်ခုမှာ ဘယ်ဟာမှအမှန်ဆိုတဲ့ စည်းမျဥ်းတွေ မရှိဘူးဆိုတာရယ်ပါပဲ။ ငါတို့ မလိုချင်ဆုံးက အဆင့်သင့် စက်ရုံထုတ် လူ့အဖွဲ့အစည်းတစ်ခုပဲ မဟုတ်ဘူးလား။ အမှန်တကယ်က ဒီမိုကရေစီနည်းကျတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားကြည့်ရင် ထွက်လာမဲ့ ပြဿနာတွေရဲ့ ထက်ဝက်ကိုတောင်မှ ငါတို့ ကြိုတင်မခန့်မှန်းနိူင်သေးပါဘူး။ ဒါပေမဲ့လည်း ငါတို့ရဲ့ ကုန်ကုန်ပြောရရင် အခြေခံကျတဲ့ လူသားကျင့်ဝတ်တွေပဲ ဖြစ်တဲ့ မင်းမဲ့အယူအဆရဲ့ အဓိကနိယာမတွေအောက်ကသာ မဖယ်ခွာရင် အဲ့ဒီပြဿနာတွေအကုန်လုံးကို ငါတို့ ဖြေရှင်းနိူင်လိမ့်မယ်ဆိုတာ ငါ ယုံကြည်တယ်။

 

ပုံ – ဝါးခမောက် Facebook page မှ သခင်ဘမောင်ရေးသားခဲ့သော “ဘယ်မအေရိုးမှ မကောင်းပါဘူး” ဆောင်းပါးနှင့်အတူ ဖော်ပြထားသောပုံကို ကူးယူဖော်ပြပါတယ်။ ဆောင်းပါးကို ဒီ လင့်ခ် မှာ ဝင်ဖတ်နိူင်ပါတယ်။