သွေးစွန်းနေသော ကျေးဇူးများ

အခုလက်ရှိကာလမှာ ကိုလိုနီစနစ်တွေကို ချွတ်ချတယ် သို့မဟုတ် ဒီကိုလိုနိုက်ဇေးရှင်းအကြောင်း ဆွေးနွေးကြတိုင်း အခြေချကိုလိုနီစနစ်အကြောင်းကို ထည့်မပြောလို့ မရဘူးဆိုတာ ဒီကနေ့ အမေရိကန်နဲ့ ကနေဒါမှာ အကျယ်တဝင့် ကျင်းပကြတဲ့ Thanksgiving ကျေးဇူးတင်ခြင်း အားလပ်ရက်နဲ့ ဆက်စပ်ပြီး စဉ်းစားမိတယ်

ပညာရှင်ရပ်ဝန်းကနေ ကိုလိုနီစနစ်ကို ချွတ်ချဆိုတဲ့ အင်ဒီးဂျနင့်လှုပ်ရှားမှုတွေကို “ဒီဘာသာရပ်၊ ဟိုဘာသာရပ် လေ့လာမှု‌တွေက ကိုလိုနီစနစ်တွေကို ချွတ်ချ” ဆိုပြီး တကယ့် အင်ဒီးဂျနင့်လူမျိုးတွေ ပြောနေတဲ့ Land Back နယ်မြေပြန်ပေးဆိုတဲ့ ကိုလိုနီစနစ်ချွတ်ချမှုအစစ်တွေကို ဝါးမြိုလိုက်ကြတယ် (အမှန်တိုင်း ပြောရရင် ပညာရှင်ရပ်ဝန်းက တကယ် လုပ်တတ်တာဆိုလို့ တကယ့်လူမှုအပြောင်းအလဲရွေ့လျားမှုတွေကို အနာပေါ်ကပ်တဲ့ ပလာစတာသာသာ သာ ဝါးမြို အသွင်ပြောင်းလဲတာပဲ ဖြစ်တယ် အဲ့ဒီ့ထက် ပိုပြီး နေ့စဉ်ဘဝမှာ စိမ့်ဝင်နေတဲ့ စန‌စ်တွေကို ဖြိုချဖျက်ဆီးတာ၊ မေးခွန်းပြန်ထုတ်တာတွေကို လုပ်တတ်တဲ့ ပညာရှင်ဟာ ရှားပါတယ်) ကိုလိုနီစနစ်ကို ချွတ်ချလို့ ဆိုတာတွေမှာ တကယ်တော့ အတိတ်က နယ်မြေကျူးကျော်ခဲ့တဲ့ ကိုလိုနီစနစ်တွေကို ဆိုလိုတာတင်မကဘဲ လက်ရှိတည်ရှိနေဆဲဖြစ်တဲ့ အခြေချကိုလိုနီစနစ်တွေကိုပါ ချွတ်ချရမယ်ဆိုတာပဲ

ကျေးဇူးတင်ခြင်း အားလပ်ရက်ဘက်ကို ပြန်ဆက်ရရင် ဒီအားလပ်ရက်ဟာ အမေရိကန်နဲ့ ကနေဒါမှာ နိူင်ငံတော်အားလပ်ရက်အဖြစ် ‌နှစ်စဉ် နိုဝင်ဘာလနောက်ဆုံးပတ် ကြာသပတေးနေ့တိုင်း လုပ်လေ့ရှိတဲ့ အားလပ်ရက်တစ်ခုဖြစ်တယ် (ကနေဒါမှာတော့ အောက်တိုဘာလဆန်းမှာ ကျင်းပလေ့ရှိတယ်) ဥရောပတိုက်က လူဖြူတွေဟာ အခု အမေရိကန်နဲ့ ကနေဒါဆိုပြီး ဖြစ်လာတဲ့ မြောက်အမေရိကတိုက်ကို စူးစမ်းလေ့လာဖို့ ရောက်ရှိလာပြီး ဒီ‌မြောက်အမေရိကတိုက်မှာ နေထိုင်ကျက်စားနေတဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရာကနေ အဲ့ဒီ လူမျိုးစုတွေက ခရီးပန်းလာတဲ့ သူတို့ကို “ငြိမ်းချမ်းစွာ” ကြိုဆိုကျွေးမွေးခဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ကြက်ဆင်တွေဖုတ်၊ အစားအသောက်အသီးအနှံအလျှံအပယ်နဲ့ ပြန်လည် ကျေးဇူးတင်ကြောင်း ပြသခဲ့တာကို ကျင်းပတဲ့ အားလပ်ရက်ဖြစ်တယ်လို့ နိူင်ငံတော်အစိုးရက ကျောင်းတွေမှာ သင်ကြားတယ် သာမန်လူတန်းစားကို ပုံပြင်‌တွေ ပြောတယ်

ဒါပေမဲ့ မြောက်အမေရိကတိုက်တခွင်မှာ လက်ရှိ အသက်ရှင်ကျန်နေဆဲဖြစ်တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေကတော့ ဒီပုံပြင်ကို ဝါဒဖြန့် မှိုင်းတိုက် အတုအယောင်ပုံပြင်ပါလို့ ထောက်ပြခဲ့တယ် တကယ်တမ်းက ဥရောပက လူဖြူနယ်ချဲ့တွေဟာ မြောက်အမေရိကတိုက်ကို နယ်မြေကျူးကျော်ဖို့ ရောက်လာရာက အင်ဒီးဂျနင့်လူမျိုးတွေနဲ့ တွေ့တဲ့အခါ သူတို့ရဲ့ tribal soverignties လူမျိုးစု အချုပ်အခြာအာဏာကို လေးစားရမဲ့အစား နယ်မြေရယူဖို့အတွက် အစုလိုက်အပြုံလိုက် မျိုးတုံး သတ်ဖြတ်ခဲ့တယ် စစ်ဆင်ခဲ့တယ် အင်ဒီးဂျနင့်မိန်းမတွေကို အဓ္ဓမမုဒိန်းကျင့်ခဲ့တယ် စစ်ပွဲပြီးလို့ အသက်ရှင်ကျန်နေခဲ့တဲ့ အင်ဒီးဂျနင့်လူမျိုးပေါင်းစုံကို reservation လို့ခေါ်တဲ့ သူတို့ရဲ့ နဂိုကျင်လည်ရာ နယ်မြေတွေနဲ့ လားလားမျှ မဆိုင်တဲ့နေရာတွေမှာ သို့မဟုတ် သူတို့အရင်နေထိုင်ရာနေရာထဲက အကွက်အကွင်းအသေးစားတစ်ခုကိုသာ နယ်မြေအစုအကွက်တွေ သတ်မှတ်ပြီး သူတို့ကို အဲ့ဒီနေရာတွေမှာပဲ နေဖို့ ကန့်သတ်ခဲ့တယ် အဲ့ဒီလို ကန့်သတ်ပြီးနောက် လူဖြူဥရောပသားတွေဟာ မြောက်အမေရိကတိုက်ကို အသုတ်လိုက် အသုတ်လိုက် ရွှေ့ပြောင်းအခြေချဖို့ ရောက်လာခဲ့ကြတယ်

အမေရိကန်နိူင်ငံရေးပြောစကားမှာ ခဏ ခဏကြားလေ့ရှိတာက အမေရိကန်သည် ရွှေ့ပြောင်းအခြေချသူများနဲ့ တည်ဆောက်ထားတဲ့ နိူင်ငံဖြစ်သည် (America is a country of immigrants) ဆိုတဲ့ စကားပါပဲ ဒါပေမဲ့ အမေရိကန်နိူင်ငံရယ်ဆိုပြီး ဖြစ်ပေါ်လာဖို့အတွက် ကနဦး ရွှေ့ပြောင်းအခြေချသူတွေရဲ့ လက်မှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ သွေးတွေ စွန်းနေတယ်ဆိုတာကိုတော့ အမေရိကန်နိူင်ငံရေးပြောစကားတွေနဲ့ အမေရိကန် ဖယ်ဒရယ်နိူင်ငံရေးတည်ဆောက်ပုံတွေကို သရေတမျှားမျှားနဲ့ အားကျကြလေ့ရှိတဲ့ (ကျွန်မတို့ မြန်မာနိူင်ငံက အပါအဝင်) နိူင်ငံရေးသမားတွေရဲ့ ပြောစကားတွေထဲမှာ ပါလေ့မရှိပါဘူး ဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်း မသိတာပေပဲလား သိရက်နဲ့ မသိချင်ယောင်ဆောင်ထားတာလား သိပေမဲ့လည်း မော်ဒန်နိူင်ငံတော်တည်ဆောက်ဖို့ လူတွေ အစုလိုက်အပြုံလိုက် သေသင့်ရင် သေရမှာပဲဆိုတဲ့ အယူအဆတွေကြောင့်လားတော့ အဲ့ဒီလူတွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်

ဒီလို အင်ဒီးဂျနင့်လူမျိုးစုတွေကို အတင်းအအဓ္ဓမ လူမျိုးတုံးသတ်ဖြတ်ပြီးမှ တည်ထောင်ထားတဲ့ အမေရိကန်နိူင်ငံရဲ့ သမိုင်းကြောင်းအစစ်ကို လိမ်ညာပြီး အတုအယောင်ပုံပြင်တွေနဲ့ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ကျေးဇူးတင်ခြင်း အားလပ်ရက်ကို ကိုလိုနီစနစ်ကို ချွတ်ချခြင်း လှုပ်ရှားမှုတွေကို လှုံ့ဆော်ခဲ့တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေက လက်ရှိမှာ ပြင်းပြင်းထန်ထန် ရှုံ့ချနေဆဲ ဖြစ်တယ် ကနဦး ရွှေ့ပြောင်းအခြေချသူတွေ မဟုတ်ပေမဲ့လည်း နောက်မှ ရောက်ရှိလာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေ၊ နိူင်ငံရေးခိုလှုံသူတွေ အနေနဲ့လည်း အမေရိကန်နိူင်ငံ၊ ကနေဒါနိူင်ငံဆိုပြီး ရှိနေတဲ့ နယ်မြေတွေမှာ နေထိုင်ရင်း အင်ဒီးဂျနင့်လူမျိုးတွေရဲ့ “နယ်မြေပြန်ပေး” (Land Back Movement)အတွက် ဘယ်လို ပါဝင်နေသလဲဆိုတာ အမြဲတစေ စဉ်းစားစရာ ဖြစ်လာတယ်

(အမေရိကန်မှာ နိူင်ငံရေး ခိုလှုံမှု refugee တွေအကြောင်း လေ့လာတဲ့ ဗီယက်နမ် အမေရိကန် လူမှုသိပ္ပံ ပါမောက္ခ ရန်လီ အက်စပရတူကတော့ အမေရိကန်နိူင်ငံဟာ နိူင်ငံရေးခိုလှုံသူတွေကို အမေရိကန်နိူင်ငံရဲ့ တချို့သော နယ်မြေတွေမှာ (အထူးသဖြင့် အမေရိကန်အလယ်က ပြည်နယ်တွေမှာ) နေရာချပေးခြင်းဖြင့် တစ်ဘက်မှာ နိူင်ငံရေး ခိုလှုံသူတွေအတွက် ကယ်တင်ရှင်အသွင်ကို ယူပြီး တစ်ဘက်မှာ‌လည်း တစ်ပြိုင်နက်တည်း နေထိုင်အသက်ရှင်နေဆဲဖြစ်တဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေရဲ့ တည်ရှိမှုကို ဖျောက်ဖျက်လိုက်တယ်လို့ ဆိုတယ် အက်စပရတူကိုယ်တိုင်ဟာ အမေရိကန်-ဗီယက်နမ်စစ်ပွဲအပြီးမှာ အမေရိကန်ကို နိူင်ငံရေးခိုလှုံသူအနေနဲ့ ကလေးဘဝကနေ ရောက်ရှိလာခဲ့တာပဲ ဖြစ်တယ်) ဒီလို အမေရိကန်နဲ့ ကနေဒါတို့ရဲ့ သွေးစွန်းနေတဲ့ ကနဦးသမိုင်းကြောင်းကို မျက်ကွယ်ပြုပြီး ရွှေ့ပြောင်းအခြေချသူတွေရဲ့ အထင်ကြီးစိတ်တွေဟာ လက်ရှိ ဖြစ်နေတဲ့ မိခင်တိုင်းပြည်နေသူတွေနဲ့ ဒိုင်ရာစပရာ diaspora လို့ ခေါ်တဲ့ မိခင်တိုင်းပြည်အပြင် (အထူးသဖြင့် ဒီလို အနောက်နိူင်ငံ “အင်အားကြီး လူအထင်ကြီး” နိူင်ငံတွေ) မှာ နေကြတဲ့သူတွေရဲ့ကြားက ပဋိပက္ခ‌အချင်းပွားမှု၊ ဒိုင်ရာစပရာရဲ့ ကယ်တင်ရှင်အသွင် ယူမှုတွေရဲ့ အကြောင်းရင်းခံတွေလို့ ကျွန်မ သုံးသပ်မိတယ် ဒီအကြောင်းကို နောက်မှ သေချာရေးပါဦးမယ်

“အခြေချကိုလိုနီစနစ်ဆိုတာ အခုမှ ကြားဖူးတာပဲ” ကျွန်မအတန်းထဲက ကျောင်းသားတစ်ယောက်က တစ်ခါပြောဖူးတယ် အခုမှ ခေါင်းစဉ်တပ် ကြားဖူးလို့ ဒီကိစ္စဟာ အရင်ကတည်းက ရှိမနေတာတော့ မဟုတ်ပါဘူး ကျွန်မတို့ မြန်မာနိူင်ငံလို နယ်ချဲ့ကျူးကျော်မှု ခံခဲ့ရတဲ့သူတွေအတွက် ကိုလိုနီစနစ်‌ဆိုတာကို ကောင်းကောင်းသိကြတယ် ဒါပေမဲ့ ဗြိတိသျှတွေ ကျွန်မတို့ကို လွတ်လပ်ရေးပေးပြီးနောက် ကိုလိုနီစနစ်၊ ကိုလိုနီခေတ်ဟာ ပြီးဆုံးသွားပြီလို့ အပေါ်ယံမှတ်ယူလိုက်ကြတယ် အမှန်က ခေတ်ဟာ ပြီးဆုံးချင် ပြီးဆုံးသွားပေမဲ့ စနစ်ဟာ ဆက်တည်ရှိနေတယ် ကျွန်မတို့ မျက်စိနဲ့ အတိအလင်း မမြင်ရနေတဲ့ အခြေချကိုလိုနီစနစ်တွေကတော့ ဘယ်လို ဘယ်ပုံရှိနေနိူင်ဦးမလဲ? ခေါင်းစဉ်တပ်ခေါ်ဝေါ်လိုက်ခြင်းအားဖြင့် အပေါ်ယံ သာမန်ကာလျှံကာ ကျော်ကြည့်နေကြတဲ့ ကိစ္စရပ်တစ်ခုကို တိတိလင်းလင်း ဆွေးနွေးလို့ ရလာတယ်

ကိုလိုနီစနစ်ဟာ အင်ပိုင်ယာသခင်က နယ်မြေ လူမျိုးစုတစ်စုဆီကနေ သယံဇာတအရင်းအမြစ်တွေကို ဂုတ်သွေးစုပ်ယူပြီး သူတို့ရဲ့ နိူင်ငံတွေဆီ ပြန်သယ်သွားတာမျိုး ဖြစ်တယ် ဥပမာ – အရှေ့တောင်အာရှကို ဗြိတိသျှ၊ စပိန်၊ ဒတ်ခ်ျ အစရှိတဲ့ ကိုလိုနီနယ်ချဲ့တွေဟာ ဟင်းခတ်မှုန့်အမွှေးနံ့သာတွေ၊ သစ်သား ကျွန်းတောတွေ အစရှိတဲ့ သယံဇာတတွေ ကြိုင်ကြိုင်လှိုင်လှိုင်ထွက်ရှိတဲ့ နေရာတစ်ခုအနေနဲ့ ရှာဖွေတွေ့ရှိပြီး အဲ့ဒီသယံဇာတတွေကို သူတို့နိူင်ငံတွေဆီ ပြန်တင်သွင်းဖို့ အနုနည်းနဲ့သော်လည်းကောင်း၊ အကြမ်းနည်းနဲ့သော်လည်းကောင်း နယ်ချဲ့ခဲ့ကြတာမျိုးပဲ

အခြေချကိုလိုနီစနစ် (Settler Colonialism) ကတော့ အဲ့ဒီ သယံဇာတနဲ့ အရင်းအမြစ်တွေကို သူတို့နိူင်ငံတွေဆီ ပြန်သယ်ယူသွားမဲ့အစား အဲ့ဒီ‌နယ်မြေမှာ အပြီးအခြေချနေထိုင်လိုက်တာမျိုးပဲ ဥပမာ – ဗြိတိန်က အခွန်မတရားပေးဆောင်ရမှုတွေကို ပုန်ကန်တဲ့အနေနဲ့ ဗြိတိသျှတွေဟာ အင်ဒီးဂျနင့်လူမျိုးစုတွေ နေထိုင်တဲ့ မြောက်အမေရိကတိုက်ကို နယ်မြေသစ်ရှာဖွေပြီး အခြေချဖို့ ရောက်လာတာမျိုးပဲ (ဒီနေရာမှာ ကိုယ်ဟာ ဖိနှိပ်ခံခဲ့ရလို့ သူများကို ပြန်ဖိနှိပ်မယ်ဆိုတဲ့ အမြုံစိတ်တွေ ဘယ်လောက်ပါနေမလဲ ကျွန်မ တွေးမိတယ်)

အမေရိကန်နဲ့ ကနေဒါဟာ အခြေချကိုလိုနီစနစ်ကို ဥပမာပေးရာမှာ ကွက်ကွက်ကွင်းကွင်း မြင်ရတဲ့ ဥပမာတစ်ခုဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ အင်ဒီးဂျနင့်ပညာရှင်တွေကိုယ်တိုင်က အာဖရိကတိုက်၊ ဥရောပတိုက်၊ ဩစလေးလျတိုက် (အထူးသဖြင့် လူဖြူတွေ အခြေချနေထိုင်နေတဲ့ တောင်အာဖရိကနိူင်ငံ၊ နယူးဇီလန်နိူင်ငံ၊ ဩစတေးလျနိူင်ငံ) တွေနဲ့ အာရှတိုက်က အခြေချကိုလိုနီစနစ်တွေကိုလည်း စတင်ဝေဖန်ထောက်ပြလာကြပြီ ဖြစ်တယ် ဥပမာ – အစ္စရေးနိူင်ငံဆိုတာဟာ ပါလက်စတိုင်းလူမျိုးတွေရဲ့ နယ်မြေတွေကို ကန့်သတ်နယ်ချဲ့ပြီး အခြေချတည်ဆောက်ထားတဲ့ ကိုလိုနီအခြေချစနစ်တစ်ခု ဖြစ်တယ် မွတ်စလင်လူမျိုးစုအများ‌နေထိုင်တဲ့ ကပ်ရှမီး‌ဒေသကို အိန္ဒိယနိူင်ငံက အခြေချကိုလိုနီပြုထားတယ်ဆိုတာကို ထောက်ပြလာကြတယ် (အသေးစိတ်တွေ ဆက်ဖတ်ချင်ရင် အောက်မှာ လင့်ခ်တွေ ထည့်ပေးထားပါတယ်)

အဲ့တော့ အခြေချကိုလိုနီစနစ်ဆိုတာ အခုခေတ်မှာ သယံဇာတအရင်းအမြစ်တွေကို အမြတ်ထုတ်ဖို့တင်မကဘဲ နိူင်ငံတော်ဆိုတဲ့ မော်ဒန်အစုအစည်းတစ်ခု ဖြစ်တည်ဖို့အတွက် အတင်းကာရော အားကြီးသူက အားနည်းသူ လူနည်းစုကို ဖိနှိပ်ကျုးကျော်နယ်ချဲ့ ခြေကုပ်ယူထားတာကို ဆိုလိုတာပဲလို့ ကျွန်မတို့ သဘော‌ပေါက်ကြည့်လို့ ရတယ်

ပါလက်စတိုင်းလူမျိုး သုတေသနပညာရှင် အဘတ်ဒူလာ မိုးဆွက်ရဲ့ “အခြေချကိုလိုနီစနစ် – လူသားဆန်မှုကနေ ချွတ်ချခြင်းနဲ့ အခွံခွာခြင်း” ဆိုတဲ့ ဆောင်းပါးထဲက အခြေချကိုလိုနီစနစ်ရဲ့ အဓိက သတိပြုသင့်တဲ့ အချက် ၃ ချက်ကို ပြန်မျှဝေချင်တယ်

၁) အခြေချကိုလိုနီစနစ်ဟာ တစ်ခါတည်းသာ ဖြစ်တဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ တည်ဆောက်ပုံစနစ်တစ်ခု ဖြစ်တယ်

ဒါကတော့ အခြေချကိုလိုနီစနစ်အဓွန့်ရှည်ဖို့ဆိုတာ စစ်ပွဲတစ်ပွဲတိုက်လိုက်ရုံ၊ လူတစ်အုပ်စုက ရွှေ့ပြောင်းအခြေချလိုက်ရုံနဲ့ ပေါ်ပေါက်လာတာ မဟုတ်လဲ အင်ဒီးဂျနင့်လူမျိုးစုတွေ နေထိုင်ရာ နေရာကို ထပ်တလဲလဲ ကျူးကျော်ရာကနေ သူတို့ရဲ့ နယ်မြေတွေကို သိမ်းပိုက်အခြေချ နေရာယူလိုက်တာမျိုးပဲ ဖြစ်တယ်

၂) အခြေချကိုလိုနီစနစ်မှာ လူတွေကို မျိုးတုံးခြင်း ပါဝင်တယ်

ဒါ‌ကတော့ ကျူးကျော်နယ်ချဲ့ခံရတဲ့သူတွေကို ကျွန်ပြုခိုင်းစေမဲ့အစား (ဒါကတော့ ကိုလိုနီစနစ်က ကျင့်သုံးလေ့ရှိတဲ့ စနစ်တစ်ခုဖြစ်တယ်) တဖြည်းဖြည်းနဲ့ မုဒိန်းကျင့်ခြင်းဖြင့်သော်လည်းကောင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း တစ်စစ ကျူပင်ခုတ် ကျူငုတ်ပါမကျန် သုတ်သင် ရှင်းလင်းပြီး အခြေချခြင်း ဖြစ်တယ် ဒီနေရာမှာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ သုတ်သင်ခြင်းသာမက စိတ်ပိုင်းဆိုင်ရာ သုတ်သင်ခြင်းတွေပါ ပါတယ် ဥပမာ – ကနေဒါနိူင်ငံမှာ အင်ဒီးဂျနင့်ကလေးတွေကို ဘော်ဒါဆောင်ပို့ပြီး အင်ဒီးဂျနင့်ဓလေ့ထုံးတမ်း ဘာသာစကား အမူအကျင့်တွေကို ဖျောက်ဖျက်ပြီး လူဖြူဓလေ့တွေ သွတ်သွင်းတာမျိုးတွေပဲ

၃) အခြေချကိုလိုနီစနစ်ဟာ အင်ဒီးဂျနင့်လူမျိုးစုတွေကို ကြောက်စရာသဖွယ် အသွင်ပြောင်းလိုက်တယ်

ကျွန်မတို့ ငယ်ငယ်တုန်းက ကြားလေ့ရှိတဲ့ လူရိုင်းဆိုတာ ဘာလဲ? ဘယ်သူတွေကို ခေါ်တာလဲ? ဘာလို့ အနောက်လူဖြူတွေရဲ့ အမူအကျင့်တွေကသာ လူယဉ်ကျေးအပြုအမူတွေကို အမည်တပ်ခံရတာလဲ? အင်ဒီးဂျနင့်လူမျိုးတွေနဲ့ သူတို့တွေရဲ့ ရိုးရာဓလေ့တွေကို ရိုင်းစိုင်းတယ်လို့ သတ်မှတ်လိုက်ခြင်းအားဖြင့် အခြေချကိုလိုနီသမားတွေအတွက် သူတို့ရဲ့ အခြေချကျုးကျော်မှုတွေကို တရားပါတယ်လို့ လိမ်ညာလိုက်ကြတယ် ဒီလူတွေဟာ ဘာမှ မသိ ရိုင်းစိုင်းနေတဲ့အတွက် သူတို့ကို ပြုပြင်ပြောင်းလဲ မော်ဒန်ဆန်ဖို့အတွက် အခြေချကိုလိုနီသမားတွေက လုပ်ပေးမှသာလျှင်ရမယ်လို့ ညာလိုက်ကြတယ်

ဒီအချက်တွေကို ကြည့်ပြီး ကိုလိုနီစနစ်နောက်ပိုင်း ကျွန်မတို့ မြန်မာနိူင်ငံကိုရော ဘယ်နေရာမှာ ဘယ်လို အခြေချကိုလိုနီစနစ်ကို ကျင့်သုံးနေသလဲ စဉ်းစားစရာ ဖြစ်လာတယ် လက်ရှိဖြစ်နေတဲ့ လူမျိုးစု ပဋိပက္ခတွေဟာ ဗြိတိသျှတွေရဲ့ နယ်ချဲ့ကျူးကျော်မှု အမွေအနှစ်တွေလို့ ဆိုလိုရကောင်းရပေမဲ့ တချို့နေရာတွေမှာတော့ မော်ဒန်မြန်မာနိူင်ငံတော်ကတော့ အခြေချကိုလိုနီစနစ်ကို ပြန်ကျင့်သုံးနေသေးသလဲ? ကချင်ပြည်နယ် မြစ်ကြီးနားမှာ စစ်တပ်ကို အသုံးချပြီး စစ်သားနဲ့ မိသားစုတွေကို ရွှေ့ပြောင်းနေရာချပြီး အာဏာကို ထိန်းသိမ်းထားတွေက အိန္ဒိယနိူင်ငံရဲ့ ကပ်ရှမီးကို လက်နက်ကိုင် ထိန်းချုပ်တဲ့ အခြေချကိုလိုနီစနစ်နဲ့ ဘာကွာသလဲ? ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ ရခိုင်တွေကြား နယ်မြေအကြောင်းပြ သွေးထိုး သွေးခွဲတာတွေကရော အစ္စရေးနိူင်ငံရဲ့ ပါလက်စတိုင်းလူမျိုးတွေကို အစီအစဉ်လိုက် ခွဲခြားပြီး နိူင်ငံသားခံစားခွင့်ပေးတာတွေနဲ့ ဘာကွာနေသလဲ? ကော့သူးလေဆိုပြီး ကရင်လူမျိုး‌တွေရဲ့ မိခင်နယ်မြေကို မြန်မာနိူင်ငံတော်ကနေ ဖယ်ခွာဖို့ တောင်းဆို လှုပ်ရှားနေတာတွေကရော အမေရိကန်နဲ့ ကနေဒါက အင်ဒီးဂျနင့်လူမျိုးစုတွေရဲ့ နယ်မြေပြန်ပေးဆိုတဲ့ အရွေ့တွေနဲ့ ဘယ်နေရာမှာ ဆင်တူနေမလဲ?

အတ်ဘဒူလာမိုးဆွက်က သူ့ဆောင်းပါးထဲမှာ ရေးခဲ့တယ်

“Settler-colonialism does not happen in a vacuum. It is interlinked with other oppressive structures and processes. It uses the same weapons wielded by genocidal autocrats, the same technology used by a surveillance state. It is a paradigm that requires the consent of the powerful and the support of the insecure. The effects of settler-colonialism in Palestine are felt in Ferguson. The effects of settler-colonialism in Kashmir will be felt far beyond its extremities.”

“အခြေချကိုလိုနီစနစ်ဟာ တသီးပုဂ္ဂလ ပေါ်ပေါက်လာတာ မဟုတ်ဘူး သူဟာ တခြားသော ဖိနှိပ်မှု စနစ်တွေ၊ ဖြစ်စဉ်တွေနဲ့ ချိတ်ဆက်နေတယ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သူ အော်တိုခရပ် အာဏာရှင်တွေနဲ့ အမြဲတစေ‌ စောင့်ကြည့်နေတဲ့ နိူင်ငံရဲ့ လက်ထဲက အာဏာနည်းပညာတွေကို အားကိုးနေတယ် အခြေချကိုလိုနီစနစ်ဟာ သူ့ရဲ့ အင်အားပိုမိုကြီးမားဖို့ အင်အားကြီးသူတွေရဲ့ သဘောတူညီမှုကို လက်ခံပြီး အားနည်းသူတွေရဲ့ မလုံခြုံမှုတွေကနေတဆင့် ပေါ်ပေါက်လာတဲ့ လက်သင့်ခံမှုတွေကို လိုအပ်နေတယ် ပါလက်စတိုင်းက အခြေချကိုလိုနီစနစ်‌ရဲ့ သက်ရောက်မှုတွေကို [အမေရိကန်က ရဲတွေရဲ့ မတရားသတ်ဖြတ်မှုကို ခံခဲ့ရတဲ့ လူမည်း] ဖာဂူဆန်ကိစ္စမှာ တွေ့ရနိူင်သလို ကပ်ရှမီးရဲ့ အခြေချကိုလိုနီစနစ်ကို သူရဲ့ နယ်မြေစွန်းတစ်ဘက်ခြမ်းတွေမှာပါ ခံစားရနိူင်တယ်”

အတ်ဘဒူလာ မိုးဆွက်ရဲ့ အာဘော်ဟာ လက်ရှိ မော်ဒန်နိူင်ငံတွေပေါ်မှာ အခြေတည်ထားတဲ့ အခြေချကိုလိုနီစနစ်ကို မေးခွန်းထုတ်လာစေတယ် အထက်က ရေးခဲ့သလို အမေရိကန်လို၊ ကနေဒါလို၊ ဩစတေးလျနိူင်ငံလို အခြေချကိုလိုနီနိူင်ငံတွေရဲ့ နိူင်ငံရေးခိုလှုံခွင့်၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ ဘဝတွေဟာ ထပ်တလဲလဲ တည်ရှိနေတဲ့ အခြေချကိုလိုနီစနစ်ကို ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ ဖိနှိပ်ခံတွေရဲ့ စိတ်မလုံခြုံမှုကနေ လက်သင့်ခံနေသေးသရွေ့ ပြန်အားမွေးပေးနေတယ်ဆိုတာ သိသာလာတယ်

ဒီနှစ် ကျေးဇူးတင်ခြင်း အားလပ်ရက်ကို ဘုမသိ ဘမသိ ကျင်းပနေကြတဲ့ ရွှေ့ပြောင်းအခြေချ မြန်မာတွေ အပါအဝင် လူဖြူအမေရိကန်တွေရဲ့ မျက်နှာတွေ၊ အမေကျော် ဒွေးတော်လွမ်းပြီး တစ်ချိန်က ဖိနှိပ်ခံတွေဖြစ်ခဲ့သူ‌တွေက တစ်ဖန် ဖိနှိပ်မှုစနစ်တွေကို ပြန်မြုံအားကိုးကျင့်သုံးချင်ကြတဲ့သူတွေရဲ့ အရှက်မရှိမျက်နှာ‌တွေကို တင်္ဒဂ လှောင်ပြောင်ရယ်မောရင်း ကိုလိုနီစနစ်ကို ချွတ်ချလို့ ဆိုတာဟာ အရင်အတိတ်က နယ်ချဲ့ကျုးကျော်မှုတစ်ခုကို ဦးတည်တန်ပြန်နေတာထက် လက်ရှိတည်ရှိနေဆဲ ဖြစ်တဲ့ အခြေချကိုလိုနီစနစ်တွေကိုပါ ဆိုလိုတယ်ဆိုတာကို ကျွန်မ တစ်သက်စာ အောက်မေ့ဆင်ခြင်မိတယ်

ပုံ – မြောက်အမေရိကတိုက်မှ ကျေးဇူးတင်ခြင်း အားလပ်ရက်ပုံပြင်ကို ချေပထားသော ပုံကို အင်ဒီးဂျနင့်လူမျိုးစုတစ်စု ဖြစ်တဲ့ လက်ကိုတာ လူမျိုးစုရဲ့ လက်ကိုတာလူမျိူးများ၏ ဥပဒေပရောဂျက် Instagram မှ ကူးယူဖော်ပြပါတယ်

အိန္ဒိယနိူင်ငံရဲ့ ကပ်ရှမီးဒေသက အခြေချကိုလိုနီစနစ်‌အကြောင်း

Let’s Talk Palestine Instagram Account က ရေးသားတဲ့ ပါလက်စတိုင်း အပါထိုင်း (လူမျိုးရေး ခွဲခြားမှု) အကြောင်းမိတ်ဆက်

အတ်ဘဒူလာမိုးဆွက်ရဲ့ “အခြေချကိုလိုနီစနစ် – လူသားဆန်မှုကနေ ချွတ်ချခြင်းနဲ့ အခွံခွာခြင်း” ဆောင်းပါး

 

 

အိမ်မက် စီးရီး ၁

မျက်နှာဟာ အိပ်ရာက ထရင် စီးကပ်ကပ်ဖြစ်နေတယ်

တစ်ခါတစ်လေ အိမ်မက်ထဲမှာ ငိုရင်းနဲ့ အပြင်မှာပါ ငိုချမိတယ်

ဂျိုင်းက အနံ့မရပေမဲ့ ချွေးတွေ ထွက်နေသလိုပဲ

အခုတလော နိုးနိုးချင်း မျက်နှာလည်း မသစ်ဖြစ် သွားလည်း မတိုက်ဖြစ်

နေမမြင့်ခင်တော့ တံမြက်စည်းလှဲ ဟင်းချက်ပါဦးမယ်

 

လေထဲမှာ ဝဲ ဝဲ သွားပြီး ဖမ်းရခက်တဲ့ အဖြူရောင် ဖုန်မွှေးတွေက ဘယ်က ရောက်လာတာလဲ တံမြက်စည်းလှဲတိုင်း တွေးမိတယ်

သူတို့ကို မရမက လိုက် လိုက် ဖမ်းရင်း ကလေးတစ်ယောက်လို မြူးရမဲ့အစား စိတ်မရှည်ဘူး

မနက်နေက ထမင်းစားစားပွဲနောက်ကနေ မျက်နှာကို လာထိုးတယ်

၃ လက်မ သာသာလောက်ရှိတဲ့ ကန္တာရ သစ်ဆူးပင်လေးက နေရောင်အောက်မှာ လှလိုက်တာ

ရေမသောက်ဘဲ နေပဲသောက်တဲ့ အပင်တွေကို အားကျမိတယ်

ဝမ်းစာတွေ ဘယ်လောက်တောင် ကြိုစုထားလဲလို့

လှုပ်လှုပ် လှုပ်လှုပ် လုပ်လိုက်တိုင်း မောတတ်တဲ့ ကျွန်မလို မဟုတ်ကြဘူးနော်

 

ဆန်အဖြူတွေကို ဆန်ရိုင်းနဲ့ ၂ လုံး ၁ လုံးအချိုးထည့်ပြီး အိုးထဲမှာ နာနာဆေးတယ်

ဆန်စေ့တွေ လက်ကြားထဲ ပွတ်ပွတ်သွားတဲ့ အရသာက တရားထိုင်ရသလိုပဲ

အသားမာတက်ခါစ လက်တွေက ဆန်ဆေးဖို့အတွက် အကောင်းဆုံး တန်ဆာပလာဖြစ်နေပြန်တယ်

ဘေစင်နောက်နားကနေ နောက်ဖေးက အပင်ရိုင်းတွေကို ကြည့်မိတယ်

ခုတ်ပစ်ရမယ် ခုတ်ပစ်ရမယ် တွေးရင်း လူအရပ်ကျော်သွားကြပြီ

ခုတ်ပစ်သင့်သေးသလား

‌ဖြည်းဖြည်းချင်းစီ နယ်ရင်းဆေးရင်း ထွက်လာတဲ့ အဖြူညစ်ရောင်အရည်တွေက သစ်ပင်တွေအတွက် နေ့လည်စာ ရတယ်

တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့

 

ထမင်းအိုးတည်ထားတုန်း အိမ်ရှေ့မှာ ခဏထိုင်တော့ ခွေးလေးက အနားလာတယ်

နေရာတွေ အကျယ်ကြီး ရှိနေတာတောင်မှ ဘာလို့ အသားချင်းကပ်ချင်ရတာလဲနော်

သူ့အမွှေးတွေကို ပွတ်သပ်ပေးရင်း ကျွန်မလည်း စိတ်သက်သာရာရတယ်

တမင်တကာ ဗီဇပြုပြင်ခံထားရတဲ့ သူကလည်း ကြိုက်တဲ့ပုံပဲ

ညနေကျရင် ဘောလုံးကို လေထဲ မြှောက်ပစ် ပစ်ပေးရင်း ဆော့ကြဦးမယ် ကြည့်

စ တယ်ဆိုတာ ချစ်လို့လည်း ပါတယ်နော်

ဒါပေမဲ့ ကျွန်မအချစ်တွေက တစ်ခါတစ်လေ ရိုင်းတယ်

နိူင်ထက်စီးနင်း နာမည်တွေကို ချစ်စနိုးလို့ တပ်ခေါ်ရတာ ပါးစပ်ထဲ နားထဲ တစ်တစ်ခွခွပဲ

 

ခဏနေရင် ဧည့်ခန်းထဲအထိ လှိုင်လာတဲ့ ထမင်းနံ့တွေကို မျက်စိမှိတ်ပြီး သေချာရှုမိတယ်

ဘာအရသာမှ မယ်မယ်ရရ မရှိတာတွေကို ဘာလို့ ကြိုက်ရတာလဲ ကျွန်မ မသိဘူး

နေ့လည်စာ လက်ဆုံစားဖို့ မရှိတဲ့ ဧည့်သည်တွေကို ပြတင်းက မျှော်မိတယ်

နောက်တော့လည်း ငပိရည်ကို ထမင်းနဲ့နယ်ပြီး သခွားသီးစိမ်းနဲ့ တစ်ယောက်တည်း တို့စားရတာပါပဲ

ဘေးနားမှာ စိတ်ရှည်လက်ရှည်စောင့်နေတဲ့ ခွေးလေးကို သခွားသီး တစ်ဖတ် နှစ်ဖတ် ကျွေးဦးမယ်

ဘဲဥချက်တဲ့နေ့တွေဆို အကာသားကို လျှာနဲ့ သေချာစုပ်ပြီးမှ သူ့ကို ကျွေးတယ်

ဒါပေမဲ့လည်း အရိုးတွေစားပြီး ပြန်အန်ထုတ်တဲ့ နေ့တွေ ရှိတာပဲ

ဒီနေ့က ခေါင်းအုံးစွပ်တွေ လဲရမဲ့နေ့လေ

လက်သည်းတွေ ကျိုးကောင်းကျိုးနိူင်တယ်

ခေါင်းအုံးစွပ်ဆို အရောင်တောက်တောက်ကလေးတွေ ပိုကြိုက်တယ်

ငယ်တုန်းပဲ အရောင်တောက်တောက်ကလေးတွေ ဝတ်ရတာလို့ အမေက ပြောဖူးတယ်

အနီရောင်တွေ၊ ပန်းရောင်တွေ ဗီဒိုထဲ အပြည့်ပဲ

နောက်တော့ အမေ သူများ ပေးလိုက်တယ်

ကျွန်မ မငယ်တော့ဘူး

 

နေ့မြင့်လာရင် ကျွန်မ စာထိုင်ရေးမိတယ်

အရည်မရ အဖတ်မရ ပေါက်တတ်က‌ရတွေရော

ပေါက်ပေါက်စစတွေရော

အို ဘာဖြစ်လဲ

ကိုယ့်အတွက်ကိုယ် ရေးတာပဲ

ဘာလို့ သူများကြိုက်မှာ မကြိုက်မှာ စိတ်ပူကြတာလဲဟင် 

ဦးနှောက်ညောင်းလာရင်တော့ အိပ်ခန်းကို ဆေးသုတ်ဦးမယ်

အစိမ်းနုရောင်လေးဆို မျက်စိအေးမယ် တွေးပေမဲ့ ဆေးဆိုင်ထဲက လိမ္မော်ရောင်‌အတန်းနားမှာ တဝဲလည်လည် ဖြစ်ရပြန်တယ်

စိတ်ထဲမကောင်းရင် ဆေးသုတ်ရတာလည်း ခက်တယ်

အနားစတွေ သတ်ဖို့ လက်မညီဘူး

အဲ့ဒါကြောင့် ပန်းချီကားတွေ ဆွဲတိုင်း တိတိပပ ပုံတွေ မဆွဲဖြစ်ဘူး

ဖြစ်ကတတ်ဆန်းပဲ ဆေးတွေ ပက်မိတယ်

 

ညနေ‌စောင်းရင်တော့ ကျနေက ပုဇွန်ဆီရောင် ကာနေးရှင်းတွေကို လာဟပ်တယ်

အိမ်က ပြန်စည်လာတယ်

ဧည့်ခန်းက ဆက်တီခုံတွေကြား ခွေးလေးနဲ့ ပြေးဆော့မိတယ်

ကျွန်မ မောလိုက်တာ

ထမီဝတ်ထားရင် သူကိုက်မိလွယ်လို့ ဘောင်းဘီပြောင်းဝတ်ပြီး ပြေးတယ်

ငယ်ငယ်တုန်းက အိမ်လို တံခါးတွေ အစေ့ ပြန် မပိတ်တတ်တဲ့ နှလုံးက ပြီးရင် လှိုက်နေတာပဲ

တစ်နေ့‌နေ့ အဲ့တံခါးက ဝုန်းခနဲ ပွင့်ထွက်ဦးမှာပါပဲ

 

တစ်နေကုန် ဖိနပ်မစီးဖြစ်ဘူး

ခြေစွပ်တွေလည်း ပေးပစ်လိုက်သင့်ပြီ ထင်တယ်

ဖုန်တွေ တက်နေတဲ့ ခြေထောက်ကို သူ့နားရွက်နှစ်ဖက်ဆွဲပြီး နဖူးကို နမ်းမိသလို လျှာနဲ့ အယက်ခံရဦးမှာပဲ

ခြေထောက်တွေက ဘယ်တော့မှ မအေးပါဘူး

 

၇ နာရီလောက်ဆို အိပ်ရာထဲရောက်နေပြီ

သတင်းတွေ ဖတ်တယ်

နမ်းတယ်

အိပ်ရာဘေးမှာ ရေတစ်ခွက်တော့ အမြဲထားရတယ်

ညသန်းခေါင် လည်ချောင်းတွေ ခြောက်ပြီး နိုးလာတတ်လို့လေ

အိမ်မက်ထဲမှာ စံပယ်ပန်းကုံးတွေအပြည့်နဲ့ ဂူထဲ ရောက်ရောက်သွားပြန်တယ်

ဖျင်ကြမ်းအင်္ကျီနဲ့ ဦးလေးကြီးက လာလာခေါ်တယ်

ဘုရား သွားဖူးရအောင်တဲ့

ကလေးလေး ဖြစ် ဖြစ်သွားပြန်တယ်

မနက်နိုးရင်တော့ အနံ့မရပေမဲ့လည်း ကျွန်မကိုယ် ချွေးတွေနဲ့ စီးကပ်ကပ် ဖြစ်နေလိမ့်ဦးမယ်

လူပြိန်းကြိုက်

လူပြိန်းကြိုက်ဆိုတဲ့ စကားလုံးဟာ ကျွန်မစိတ်ကို ကသိကအောက်ဖြစ်နေစေခဲ့တာ ကြာပါပြီ လူမှုကွန်ယက်‌တွေပေါ်မှာ အလွယ်တကူ သုံးကြ‌တဲ့ အရပ်သုံး/ဗန်းစကားတစ်ခုအနေနဲ့သာမက တော်လှန်ရေးသမားတွေ၊ အတွေးအခေါ်ပညာရှင်တွေ စုကြတဲ့ ရပ်ဝန်းတွေ၊ နေရာတွေမှာ တစ်ခါတစ်ခါ စကားပြောကြရင်း မသိမသာ (ဒါမှမဟုတ် သိသိသာသာ) ထွက်ထွက်ကျလာတဲ့ စကားစုတစ်ခုအနေနဲ့ ကျွန်မ သတိထားလာမိတယ်

ခဏ ခဏကြားလာရတော့ လူပြိန်းဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာလဲဆိုတာ တွေးမိတယ် ပိန်းနေတဲ့ လူတွေ ဖတ်တဲ့ စာ၊ စကားတွေက ဘယ်လိုမျိုးလဲ တွေးမိတယ် စိတ်ဝင်စားမိတာက လူပြိုန်းကြိုက်လို့ ပြောလိုက်တာနဲ့ နားထောင်နေတဲ့၊ ကြားလိုက်တဲ့ လူတိုင်းဟာ ဒီစကားလုံးကို လက်သင့်ခံလိုက်ကြတယ်ဆိုတာပဲ ဘာကြောင့်လဲ?

အဲ့ဒါကြောင့် လွန်ခဲ့သောအပတ်တွေထဲမှာ ကျွန်မ စာသင်ခန်းထဲမှာ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေနဲ့ ဆွေးနွေးဖြစ်ခဲ့တယ် ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ကတော့ ဘာသာစကားကို အွန်လိုင်းပေါ်မှာ သုံးပုံ သုံးနည်းတွေအကြောင်းပါ လူပြိန်းကြိုက်ဆိုတာကလည်း Facebook ဟာ မြန်မာပြည်ရဲ့ အင်တာနက်ပမာ ဖြစ်မလာခင်ကတည်းက ရှိခဲ့တဲ့ စကားစုတစ်ခု ဖြစ်ကောင်းဖြစ်ပေမဲ့ အခုလက်ရှိမှာတော့ Facebook ပေါ်က အရေးအသားတချို့ကို ဝေဖန်တဲ့နေရာမှာ သုံးတယ်ဆိုတာ ပို သတိထားမိလာတယ် လူပြိန်းကြိုက်အပြင် တစ်ရာဖိုး သုံးပုဒ်တို့လိုမျိုး စကားလုံး အသစ်တွေနဲ့ “အရည်မရ အဖတ်မရ” ဆိုတဲ့ စာအရေးအသားတွေကို ညွှန်းဆိုလာကြတယ်

ဒီနေရာမှာ ကျွန်မ စကားချပ်ခံချင်တာက လူပြိန်းကြိုက်လို့ လူတွေ ပြောလေ့ရှိတဲ့၊ တစ်ရာဖိုး သုံးပုဒ်လို့ လူတွေ ခေါ်လေ့ရှိတဲ့ စာတွေ စာရေးသူတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မဲ့အစား ကျွန်မ စိတ်ဝင်စားမိတာက ဘယ်လို စာအရေးအသားမျိုးကို စာဖတ်သူက လူပြိန်းကြိုက်လို့ မှတ်ယူလေ့ရှိသလဲ၊ အဲ့လို စာတွေ ဖတ်ခြင်း၊ ကြိုက်နှစ်သက်ခြင်းဟာ အဲ့ဒီ စာဖတ်သူကို လူပြိန်းလို့ ဘယ်လိုအသွင်ပြောင်းလိုက်သလဲ (တစ်ဆက်တည်းမှာပဲ ဘယ်လိုစာတွေ ဖတ်တဲ့သူကိုတော့ လူတော် ‌လူထက် လူနက်နဲလို့ မှတ်ယူလိုက်သလဲ) ဆိုတဲ့ မေးခွန်းတွေပဲ

အတန်းထဲက ဆွေးနွေးချက်မှာ လူအများကြိုက်တယ်ဆိုရင် အဲ့ဒီစာဟာ လူပြိန်းကြိုက် ဖြစ်ကောင်းဖြစ်နိူင်တယ်ဆိုတဲ့ အချက်ကို ကျောင်းသားတစ်‌ယောက်က ထောက်ပြခဲ့တယ် ဟိုတလောကလည်း ကျွန်မ မိတ်ဆွေတစ်ယောက်က သူရဲ့ တွေးခေါ်ယူဆချက်တွေဟာ တော်လှန်ရေးနောက်ပိုင်းမှာ လူအများနဲ့ တူလာတော့ ကိုယ့်ကိုယ်ကို ဟုတ်ရော ဟုတ်သေးရဲ့လား ပြန်မေးခွန်းထုတ်မိတယ်ဆိုပြီး ရေးထားတာကို ဖတ်ခဲ့ရတယ် ဒီအချက်တွေနဲ့ လူပြိန်းကြိုက်ဆိုတာကို ကောက်ချက်ချရရင် လူပြိုန်းကြိုက်စာပေဆိုတာ အများကြိုက်တဲ့ စာပေကို ဆိုလိုတာလို့ ကျွန်မ နားလည်ကြည့်လို့ရတယ် ဒါဆို ဘာလို့ အများကြိုက်လာရင် မကောင်းတော့တာလဲ? အများက လူပြိန်းတွေ ဖြစ်နေလို့လား?

ဒီနေရာမှာ စဉ်းစားတွေးခေါ်ချင်သူတွေ/စဉ်းစားတွေးခေါ်တတ်သူတွေအနေနဲ့ group think လို့ ခေါ်တဲ့ အုပ်စုလိုက်တွေးခေါ်ခြင်း ဒါမှမဟုတ် populist လို့ ခေါ်တဲ့ လူအများကြိုက် ဖြစ်အောင် ပြောဆို သုံးနှုန်းတဲ့ စကားလုံးဝေါဟာရ၊ အပြောအဆို၊ အယူအဆတွေကို ဝေဖန်သုံးသပ်ချင်လို့လို့ မှတ်ယူလို့ ရသလို အဲ့ဒီလို အများကြိုက်ဆိုတာတွေကို ဝေဖန်ရင်းနဲ့ စာဖတ်သူအသိုင်းအဝိုင်းကြားမှာ အထက်အောက်စနစ်တွေ ဘယ်လို ပြန်ထုတ်လုပ်မိနေသလဲဆိုတာကို ကျွန်မ မေးခွန်းထုတ်ချင်တယ် ရှင်းအောင် ပြောရရင် လူပြိန်းကြိုက်ဆိုတဲ့ စကားလုံးဟာ အဲ့ဒီ အများကြိုက်စာပေတွေထဲက အပေါစားဆန်နေတဲ့ အတွေးအခေါ်တွေကို ဝေဖန်နေသလား? ဒါမှမဟုတ် အဲ့ဒီလို စာပေမျိုးကို ဖတ်တဲ့၊ ကြိုက်တဲ့၊ နားလည်လွယ်တဲ့ စာပေမျိုးကိုပဲ ဖတ်တတ်တဲ့ လူတန်းစားတစ်မျိုးကို လူပြိန်း ဆိုပြီး ပြန်ခွဲခြားလိုက်သလား?

လူပြိန်းကြိုက်နဲ့ ပတ်သက်ပြီး တောင်အမေရိကတိုက်ရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ တယ်လီနိုဗယ်လာ (telenovela) လို့ခေါ်တဲ့ မယ်လိုဒရာမာ melodrama (ဒါမှမဟုတ်) soap opera ဇာတ်လမ်းတွဲတွေအကြောင်းကို ကျွန်မ ဆက်စပ်စဉ်းစားမိတယ် (ဒရာမာလို့ ခေါ်မဲ့အစား မယ်လိုဒရာမာကတော့ စိတ်ခံစားချက်တွေကို သိသိသာသာ ချဲ့ကားဦးစားပေးထားတဲ့ ဒရာမာမျိုးကို ဆိုလိုတာပါ) ဘရားဇီး၊ မက်ဆီကို၊ အာဂျင်တီးနား အစရှိတဲ့ တောင်အမေရိကနိူင်ငံတွေမှာ melodrama လို့ ခေါ်တဲ့ ဖော်မြူလာဆန်ဆန် ချစ်ကွဲညား ဇာတ်လမ်းတွဲတွေဟာ အဲ့ဒီ့နိူင်ငံတွေရဲ့ မီဒီယာ ရိုးရာဓလေ့တစ်ခု ဘယ်လို ဖြစ်လာသလဲဆိုတာ မီဒီယာတွေကို လေ့လာတဲ့ မနုဿဗေဒပညာရှင်တွေက စိတ်ဝင်စားခဲ့တယ် အဲ့ဒီလို soap opera တွေဟာ တစ်ခါလာလည်း ချစ်ကွဲညား၊ ဆင်းရဲသူ ဇာတ်လိုက်သရုပ်ဆောင်က သူဌေးသားနဲ့ ကြိုက်၊ သူဌေးသားမိဘတွေက ဆန့်ကျင့်၊ နောက်ဆုံးမှာ ကွဲရင်ကွဲ မကွဲရင် ညား အစရှိသဖြင့် ဇာတ်လမ်းတွေဟာ သံတူကြောင်းကွဲ ဖော်မြူလာတွေ များတယ် တချို့သော ကိုးရီးယား ဒရာမာတွေနဲ့ ခပ်ဆင်ဆင်ပေါ့ soap opera တွေထဲက သရုပ်ဆောင်ချက်တွေဟာလည်း သရုပ်ဆောင် တော်တယ်ဆိုတာထက် လိုတာထက် ပိုချဲ့ကားထားတဲ့ သရုပ်ဆောင်ချက်တွေ ဖြစ်နေတယ် ဒါကို အချိန်ကုန်ခံ ကြည့်တဲ့သူတွေက ဘယ်သူတွေလည်းဆိုတာ မနုဿဗေဒပညာရှင်တွေက ဆန်းစစ်ကြည့်လိုက်တော့ အိမ်ထောင်သည် လက်လုပ်လက်စား အမျိုးသမီးတွေ ဖြစ်နေတာကို သွားတွေ့ရတယ် သူတို့ဟာ အိမ်အလုပ်တွေ လုပ်ရင်း soap opera ကြီးကို ဖွင့်ထားပြီး နားထောင်လေ့ရှိတယ် နက်နဲတဲ့၊ အနုပညာဆန်တဲ့ ရုပ်ရှင်တစ်ကားကို သေချာ အာရုံစိုက်ပြီး အဖြေထုတ်ဖို့ ကြည့်ကြတဲ့အစား ဒီ အိမ်ထောင်ရှင်မတွေက အလုပ်တစ်ဖက်ကနေ သူတို့ အာရုံကို ဖျော်ဖြေလို ဖျော်ဖြေငြား ဒီ soap opera တွေကို ကြည့်ကြတယ်ဆိုတာ သွားတွေ့ရတယ် အဲ့ဒီတော့ အဲ့ဒီလို ဘာမှ အကျိုးမယ်မယ်ရရ မရှိတဲ့ soap opera တွေကို အချိန်ကုန်ခံကြည့်ကြတဲ့သူတွေကို ငတုံးတွေ၊ ငအတွေလို့ အပေါ်ယံ အဖြေထုတ်လိုက်မဲ့အစား ဘာလို့ အိမ်ထောင်သည် လက်လုပ်လက်စား မိန်းမတွေဟာ ဒီလို ရုပ်ရှင်မျိုးတွေကို ကြည့်ကြသလဲ? အဲ့ဒီလို ကြည့်ဖြစ်အောင် လူမှုအနေအထားတစ်ခုက သူတို့ကို ဘယ်လို တွန်းအားတွေ ပေးနေသလဲဆိုတာကို ထောက်ပြခဲ့ကြတယ် မျက်စိနဲ့ မမြင်ရအောင် လုပ်ထားတဲ့ အလုပ်တွေ၊ တန်ဖိုးတစ်ခုမပေးထားတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတဲ့ လူတန်းစားတစ်ခု ဖြစ်တဲ့ အိမ်ထောင်သည် လက်လုပ်လက်စားမိန်းမတွေမှာ နက်နက်နဲနဲ စဉ်းစားတွေးခေါ်တာတွေ လုပ်ဖို့ အခွင့်အရေးရှိသလား? အဲ့လို လုပ်ဖို့ရော သူတို့မှာ ပြင်ဆင်မှုတွေ လုပ်ဖို့ အခြေအနေရှိခဲ့ရဲ့လား? အချိန်ရော ရှိသလား?

အားလုံးသိတဲ့အတိုင်းပဲ ကျွန်မလည်း အရင်က ရေးဖူးသလိုပဲ စဉ်းစားတွေးခေါ်မှုဆိုတာဟာ ဖိုဝါဒနဲ့ အများကြီး ချိတ်ဆက်နေတယ် စဉ်းစားတွေးခေါ်ဖို့ အားလပ်ချိန်ဆိုတာ လိုအပ်တယ် စဉ်းစားတွေးခေါ်လာတတ်အောင် ‌တိုက်တွန်းထောက်ပံ့ပေးတဲ့ နေရာတွေ၊ ရပ်ဝန်းတွေ လိုအပ်တယ် အဲ့ဒီလိုမျိုးတွေဟာ လူမှုဘောင်‌တွေထဲမှာ ဂျန်ဒါအရသော်လည်းကောင်း၊ လူတန်းစားအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ဘယ်သူတွေမှာ ပိုအခွင့်အရေးရှိနေသလဲ? မြန်မာပြည်မှာဆို လေထန်ကုန်းလို နေရာမျိုးမှာ ဘယ်သူတွေကျက်စားလေ့ ပိုရှိသလဲ? လက်ဖက်ရည်ဆိုင်တွေမှာ မနက်ဆို သတင်းစာ အေးအေးဆေးဆေး ထိုင်ဖတ်ခွင့်ရှိတာ ဘယ်သူ‌တွေလဲ? ဒီ‌အောက်ခြေက မေးခွန်းတွေကို မမေးဘဲ ဒီလိုလူတွေကတော့ လူပြိန်းတွေပါ ငတုံးတွေပါလို့ ပြောတာ ဟုတ်ရောဟုတ်ရဲ့လား? လူပြိန်းကြိုက်လို့ ပြောနေကြတဲ့ အသုံးအနှုန်းမှာ ဘယ်သူတွေကို ရည်မှန်းပြောဆိုချင်သလဲဆိုတာ ကျွန်မ အတိအကျပြောလို့ မရပေမဲ့ ဘာသာစကား/စာပေလေ့လာမှုအရ လူပြိန်းကြိုက်စာပေရဲ့ အသွင်အပြင်တွေကို လက်ဆုပ်လက်ကိုင်ပြဖို့ ခက်နေတယ် (ဒီနေရာမှာ lingusitic အသွင်အပြင်တွေကို ဆိုလိုတာပါ ဥပမာ – လူပြိန်းကြိုက်စာပေမှာ သုံးလေ့ သုံးထရှိတဲ့ စာလုံးတွေက ဘာတွေလဲ ဘယ်လို ကာရန်တွေ ပါလဲ ဘယ်လို အင်္လကာတွေ ပါသလဲ အစရှိသဖြင့်ပေါ့) လူပြိန်းကြိုက်စာပေတွေမှာရော စိတ်ခံစားချက်တွေကို melodrama လိုမျိုး ဘယ်လိုချဲ့ကား ဦးစားပေးထားသလဲ? ဒါပေမဲ့ လူပြိန်းကြိုက်လို့ပြောလိုက်ဝာာနဲ့ ကျွန်မတို့က အဲ့ဒီစာကို ကြိုက်တဲ့လူတွေကို တစ်မျိုးတစ်ဖုံ မြင်ယောင်ခံစားလိုက်ကြတယ် သူတို့နဲ့ မတူ တမူထူးချင်ကြတယ် ငါဟာ နက်နက်နဲနဲတွေကို နားလည်တဲ့သူ၊ စဉ်းစားတဲ့သူလို့ ကိုယ့်ကိုယ်ကို မြင်ချင်ကြတယ်၊ မြင်မိကြတယ် နက်နက်နဲနဲ တွေးခေါ်တတ်တာ ကောင်းပါတယ် ဒါပေမဲ့ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်မှုဟာ သူတစ်ပါးကို မကောင်းပြုပြီးမှ ရလာတဲ့ ဂုဏ်ပုဒ်တစ်ခုဆိုလို့ရှိရင် ဒီလူဟာ တကယ်ရော စဉ်းစားတွေး‌ခေါ်တတ်ရဲ့လား? သူတစ်ပါးနဲ့ အမြဲတမ်း ဆက်စပ်ပြီးမှ ရလာတဲ့ နာမဝိသေသနတစ်ခုလား? ကျွန်မအတွက်တော့ စဉ်းစားစရာ ဖြစ်လာတယ်

ကျွန်မအတွက်ကတော့ ဖော်မြူလာတွေကလည်း ကျွန်မတို့ စိတ်နဲ့ ခန္ဓာကို သက်တောင့်သက်သာပြုစေတဲ့ အရာတွေ ဖြစ်တယ် ကိုယ်သိပြီးသား၊ ရင်းနှီးကျွမ်းဝင်ပြီးသားဟာ အစိမ်းသက်သက်ထက် ပိုပြီး သက်တောင့်သက်သာရှိစေတယ် တောင်အမေရိကက အိမ်ထောင်ရှင်မတွေ soap opera ကြည့်ရခြင်းဟာ ဇာတ်လမ်းအသစ်တစ်ခုကို သိဖို့ထက် သူတို့ သိပြီးသား ရုပ်ရှင်ဇာတ်ကွက်တစ်ခုကို ပုံစံအမျိုးမျိုး သရုပ်ဆောင်အမျိုးမျိုးနဲ့ ကြည့်ချင်ကြလို့ပဲ ဖြစ်တယ် အပြင်ပန်းက ကိုယ်ထိန်းချုပ်လို့ မရတဲ့ အခြေအနေတွေကို မလွှဲရှောင်သာနိူင်တဲ့ အချိန်မှာ ကိုယ်စိတ်ချရတဲ့၊ ယုံကြည်ရတဲ့၊ ကိုယ့်စိတ်တွေကို လွှတ်ချလိုက်လို့ ရတဲ့ နေရာတစ်ခုကို ပြန်လာရတာ ကျွန်မတို့ စိတ်ကို သက်သာရာရစေတယ် ကျွန်မတောင်မှ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်တဲ့အခါ သိပြီးသား ရင်းနှီးပြီးသား ဇာတ်ကွက်တစ်ခုကိုပဲ ပြန်ကြည့်ချင်မိတယ် အသစ်တွေ စဉ်းစားရမှာတွေကို မကြည့်ချင်ဘူး အမြဲတမ်း စက္ကန့်နဲ့အမျှ စဉ်းစားနေပါတယ် ပြောတာဟာ ဖိုသဘောဆန်တဲ့ ကြွေးကြော်မှုအတုတွေပဲ ဒီလို “အရည်မရ အဖတ်မရ”တွေကို ကြည့်မိတာ၊ ကြိုက်မိတာကို ရှက်တာတွေကလည်း ဖိုသဘောတရားတွေပဲ (ကျွန်မအတွက်ကတော့ အရည်မရ အဖတ်မရတွေက လူမှုပေါင်းသင်းဆက်ဆံမှုတွေကြားထဲမှာ လွယ်လင့်တကူ ရွေ့လျားလှုပ်ရှားလို့ရအောင် လုပ်ပေးထားတဲ့ ချောဆီတွေပဲ ဖြစ်တယ် ရုပ်ဝတ္တုအစိုင်အခဲတွေသာ ရှိတဲ့ လောကကြီးက အဓိပ္ပါယ်ရော ရှိဦးမလား ကျွန်မ မရေမရာ ဖြစ်မိတယ်) ဒီလို သက်တောင့်သက်သာ တစ်ခုမှာ ခဏတာဖြစ်ဖြစ် ကိန်းအောင်းချင်တာဟာ လူ့သဘောသဘာဝပဲ ဒါကြောင့်လည်း ကျွန်မတို့ဟာ ကိုယ်သိပြီးသားတွေက ခွာထွက်ဖို့ ခက်ခဲနေတတ်ကြတယ် စနစ်တွေကို ဖြိုချဖျက်ဆီးတာကို အားပေးတဲ့သူတစ်ယောက်အနေနဲ့ အဲ့ဒီလို အရည်မရအဖတ်မရတွေကို ဖြိုချမယ်လို့ ဆိုလို့ရှိရင်တောင်မှ တစ်ချိန်တည်းမှာလည်း လူတစ်ယောက် (သို့) တစ်အုပ်စုချင်းစီမှာ ရှိနေနိူင်တဲ့ စနစ်‌တွေရဲ့ ဖိနှိပ်မှုတွေကနေ တင်္ဒဂ ထွက်ပြေးစရာ သက်တောင့်သက်သာပြုမှုတွေကို ဖီမီနင့်ဆန်ဆန် ကျွန်မ စာနာကြည့်ချင်မိတယ်

လူတိုင်းဟာ စဉ်းစားတွေးခေါ်နိူင်တဲ့ အရည်အသွေးတွေ ရှိတယ်ဆိုတာ ကျွန်မ ယုံပါတယ် ဒါပေမဲ့ စဉ်းစားတွေးခေါ်သူတိုင်းမှာလည်း သူတို့အတွက် သက်တောင့်သက်သာဖြစ်စေတဲ့ ဖော်မြူလာဆန်တဲ့ လုပ်ရပ်တွေ၊ အမူအကျင့်တွေရှိနေတုန်းပဲဆိုတာ ကျွန်မ နားလည်မိတယ် စဉ်းစားတွေးခေါ်ဖို့ အခြေအနေက လူတိုင်းအတွက် ရှိမနေဘူးဆိုတာလည်း ကျွန်မ သဘောပေါက်မိတယ် ဒါတွေကို နွားချည်တိုင်မှာ ချည်ခံထားရတဲ့ နွားလိုမျိုး ချုပ်နှောင်မှုတွေထဲ ရုန်းမထွက်နိူင်တဲ့လူလို့ ယူဆလို့ ယူ‌ဆကောင်းရပေမဲ့ ရုန်းကန်နေရင်းနဲ့၊ ဖိနှိပ်ခံရင်းနဲ့ စိတ်နဲ့ကိုယ်ကို တတ်နိူင်သလောက် ကုစားနေကြတဲ့ (ကျွန်မအပါအဝင်) လူတွေကို လူပြိန်းတွေလို့ အကန့်သတ်လိုက်မဲ့အစား သူတို့ရဲ့ ကုစား‌ချက်နောက်ကွယ်က တွန်းအားတွေ ပေးနေတဲ့ ထိန်းချုပ်မှု၊ ဖိနှိပ်မှုစနစ်တွေကိုသာ ဝေဖန်ပုတ်ခတ်ကြမလား စဉ်းစားကြည့်စေချင်မိတယ်

ပုံ – နေရောင်မလုံ့တလုံ ကျိုးတိုးကျဲတဲသစ်ရိပ်အောက်က မြေလမ်းသွယ်လေးတစ်ခု

Melodrama Research Consortium

https://melodramaresearchconsortium.org/?fbclid=IwAR10sn0XyyE9-57vUO1XjyY9V7Q0hI8HgtNSXEhMaBI96IRyaMdnuWk4nso (melodrama နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ ဘာသာရပ်ပေါင်းစုံက စာတမ်းများကို ဒီ website မှာ ဝင်ရောက် ဖတ်ရှုနိူင်ပါတယ်)

မနုဿဗေဒပညာရှင် ဖေးဂင်းစဘတ်ဂ် (Faye Ginsburg)၊ လိုင်လာအာဘူလပ်ဂေါ့ (Lila Abu-Lughod) နဲ့ ဘရိုင်ယန်လာကင် (Brian Larkin) တို့ တည်းဖြတ်သော “မီဒီယာ ကမ္ဘာ” (Media World) စာတမ်းပေါင်းချုပ် (ဒီစာအုပ်ထဲမှာ ညွှန်းချင်တာက အီဂျစ်လူမျိုး အမေရိကန် မနုဿဗေဒပညာရှင် လိုင်လာ အာဘူလပ်ဂေါ့ ရေးခဲ့တဲ့ “Egyptian Melodrama – The Technology of the Modern Subject?” “အီဂျစ်က melodrama – မော်ဒန်တွေရဲ့ နည်းပညာတစ်ခုလား”ဆိုတဲ့ ပေပါပဲ ဖြစ်ပါတယ်)

https://monoskop.org/images/9/95/Ginsburg_Abu-Lughod_Larkin_Media_Worlds_Anthropology_on_New_Terrain.pdf