“သူရေးတာတွေက နည်းနည်း negative ဖြစ်တယ်လို့ခံစားရတယ်”
ဒါက လွန်ခဲ့သောတစ်နှစ်လောက်က ကျွန်မရဲ့စာတွေနဲ့ပတ်သက်ပြီးဝေဖန်တုံ့ပြန်ထားတဲ့ကော့မန့်တစ်ခုပါ အဲ့ဒီကော့မန့်ကိုဖတ်ပြီး ကျွန်မအနေနဲ့ စာရေးခြင်းအမှု (အထူးသဖြင့် စနစ်တကျဖြစ်ပျက်နေတဲ့ခွဲခြားဆက်ဆံမှုတွေ၊ စနစ်တွေအကြောင်းရေးကြတဲ့အခါ) တွေမှာ စာရေးသူတွေ၊ content creator တွေ၊ အင်ဖလူရန်ဆာတွေ၊ မိမိကိုယ်ကို ဆရာကြီးတွေ ဆရာမကြီးတွေလိုခံယူထားသူတွေအနေနဲ့ စာဖတ်သူအပေါ်ဘယ်လိုစိတ်ခံစားချက်တွေရရှိအောင်ရည်ရွယ်ပြီးရေးကြသလဲဆိုတဲ့အကြောင်းကို မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုထွန်းကားလာတဲ့ သရပီ (therapy) culture နဲ့ ဒီနေ့ချိတ်ဆက်ပြီး စဉ်းစားချင်တယ်
ကျွန်မစာတွေနဲ့ပတ်သက်ပြီး အပေါ်က ကော့မန့်ကိုပေးခဲ့တဲ့သူရဲ့စိတ်ခံစားချက်ကို ကျွန်မအထူးနားလည်ပါတယ် ကျွန်မဆောင်းပါးတော်တော်များများကလည်း ဝေဖန်ဆင်ခြင်ရေးရှုထောင့်ကရေးလေ့ရှိတာမို့ ကျွန်မစာတွေကဖတ်လိုက်ရင် ဝေဖန်လေကန်နေတာပဲလို့ စာဖတ်သူတွေအနေနဲ့ ခံစားရကောင်းခံစားကြရမှာပါပဲ စနစ်တွေရဲ့မတရားမှုတွေကို တွေ့သိခံစားလာရပြီးတဲ့နောက် ကျွန်မအနေနဲ့ ချီးပုံကြီးကို သကာရည်လောင်းပြီး မစားရဝခမန်းသူများတွေကို ကျွေးရမှာကတော့ လက်တွန့်တဲ့အလုပ်တစ်ခုလိုဖြစ်လာတာပါပဲ အဲ့ဒါကြောင့်လည်း ကျွန်မစာတွေက စာဖတ်သူတွေကို ဘယ်လိုတိုးတက်စေရေး၊ စိတ်ခွန်အားပေးသနားရေးအစရှိတဲ့ “တက်ကျမ်း”တွေရဲ့အာဘော်တွေထက် ပတ်ဝန်းကျင်မှာ စိမ့်ဝင်နေတဲ့ စနစ်တွေရဲ့ ကျွန်မတို့တစ်ယောက်ချင်းစီအပေါ်၊ အစုအဖွဲ့အလိုက်အပေါ်သက်ရောက်နေတာကို မိမိကိုယ်ကိုဆင်ခြင်ဖို့အတွက်၊ ဆင်ခြင်ရင်းနဲ့ရေးမိတာပါပဲ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကျွန်မစာတွေကို (ကိုယ်မဖတ်ချင်ဘဲ) ဖတ်ကြရမယ်လို့ အတင်းတိုက်တွန်းဖို့ ရည်ရွယ်ချက်လည်းမရှိပါဘူး (ဒါတောင်မှ လွန်ခဲ့သော ၂ နှစ်လောက်က “နူးညံ့ပျော့ပြောင်းခြင်းရဲ့ခွန်အား” ဆောင်းပါးရေးဖြစ်တော့ ကျွန်မဆိုလိုချင်တာနဲ့ ဖတ်ဖြစ်တဲ့သူတွေထင်သွားကြတာတွေ တလွဲကြီးဖြစ်နေမလားလို့ ခုထိစဉ်းစားနေမိတုန်းပဲ)
သို့ပေသိ ဒီနေရာမှာ ကျွန်မဆက်ဆင်ခြင်မိတာက ကျွန်မကပဲ လောကကြီးကို negative မျက်လုံးနဲ့ကြည့်တတ်လို့ ကျွန်မစာတွေဟာ negative ဖြစ်နေတာလား? ဒါမှမဟုတ် တဖြည်းဖြည်းဆုတ်ယုတ်နေတဲ့၊ ကျွန်မတို့လို သာမန်လူတန်းစားအဖို့ မျှော်လင့်ချက်ဆိုတာ တံလျှပ်လိုသာကျန်ရှိနေတော့တဲ့ခေတ်ရဲ့ သရုပ်မှန်တွေကို အများစုက (အထူးသဖြင့် အုပ်ချုပ်သူလူတန်းစား၊ အာဏာရှင်၊ သူဌေးတွေက ကျွန်မတို့ကို မသိစေချင်တာတွေ၊ မစဉ်းစားစေချင်တာတွေ၊ မေးခွန်းမထုတ်စေချင်တာတွေကို) စာလုံးနဲ့ချရေးမိလို့ ကျွန်မစာတွေက negative ဖြစ်နေတာလား? ဒီမေးခွန်းတွေကိုတော့ စိတ်ဝင်စားမိတယ်
သရပီ (မြန်မာလိုတော့ စိတ်ကုထုံးလို့ဆိုရမလားမသိပါဘူး) တွေရဲ့အရေးပါအရာရောက်မှုကို သရပီရယူဖူးတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မကိုယ်တိုင်လည်း အသိအမှတ်ပြုတယ်ဆိုတာ အရင်စကားခံချင်ပါတယ် ဥပမာ – ကျွန်မအတွက် မိသားစုမျိုးရိုးစဉ်ဆက်အလျောက်ခံစားလာရတဲ့ ထရော်မာတွေဖြစ်တဲ့ ဂျန်ဒါအရဖိနှိပ်မှုတွေ (မိသားစုထဲမှာ မိန်းမတွေရဲ့ပညတ်ခံထားပြီးသားဖြစ်တဲ့အခန်းကဏ္ဍတွေအကြောင်း)၊ လိင်အခြေပြုဖိနှိပ်မှုတွေကနေတဆင့် ချိတ်ဆက်နေတဲ့အခြားသောဖိနှိပ်မှုအသွင်များကို သရပီလုပ်ရင်းကနေ စကားလုံးနဲ့ဖွင့်ဟပြောဆိုရင်း သဘောပေါက်လာရတာပဲ
ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း သရပီရဲ့အကျိုးဟာ တစ်ပိုင်းတစ်စမှာပဲ ရပ်တန့်သွားတယ်ဆိုတာ သရပီယူရင်း ၂ နှစ်လောက်ရှိတဲ့အခါမှာ ကျွန်မသဘောပေါက်လာခဲ့တယ်
အရင်ဆုံး မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာတဲ့သူတစ်ယောက်အနေနဲ့ သရပီဆိုတာ ကျွန်မအတွက် အင်မတန်စိမ်းတဲ့၊ အနောက်တိုင်းဆန်တဲ့အပြုအမူတစ်ခုလို့သာမှတ်ယူခဲ့တယ် အနောက်နိူင်ငံမှာကျောင်းတက်ဖြစ်တော့ တက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေအတွက် အနည်းဆုံး တစ်ပတ်တစ်ခါ သရပီယူလို့ရတဲ့ counselor တွေထားပေးထားတယ်ဆိုတာသိပေမဲ့ မြန်မာပီပီ ကျွန်မဂရုမမူမိခဲ့ဘူး
သရပီကို အရင်ဆုံးရောက်လာခဲ့တာကတော့ လွန်ခဲ့တဲ့ ၇ နှစ်လောက်မှာ ကျွန်မရဲ့အရင်ပါတနာရဲ့ ကျွန်မအပေါ် (ခန္ဓာကိုယ်အရ)အိမ်တွင်းအကြမ်းဖက်မှုကိုကျူးလွန်ခဲ့ရာကနေက စတယ်လို့ဆိုရမှာပဲ အရင်ပါတနာနဲ့ကျွန်မနဲ့ပေါင်းသင်းဆက်ဆံခဲ့ဝာာ စုစုပေါင်း ၆ နှစ်လောက်ကြာခဲ့ပေမဲ့ စစတွဲချင်း ၁ နှစ်ကနေစပြီး ကျွန်မအပေါ် ကိုယ်ထိလက်ရောက်အကြမ်းဖက်တာတွေရှိလာခဲ့တယ် ဒါပေမဲ့ ဗမာထုံးတမ်းအရ မိမိရဲ့ပါတနာဟာ မိမိအပေါ်နိူင်ထက်စီးနင်းကျင့်တာ (အထူးသဖြင့်ကိုယ်ထိလက်ရောက်အကြမ်းဖက်တယ်ဆိုတာ) အင်မတန်ရှက်စရာ၊ ကိုယ့်အိမ်ကအရှုပ် အများအလယ်ထုတ်မပြနဲ့လို့သင်ကြားခံခဲ့ရတဲ့သူပီပီ ဘယ်သူ့ကိုမှ ကျွန်မမပြောပြခဲ့ဘူး ဘာမှမဖြစ်သလိုပဲဟန်ဆောင်နေခဲ့တယ် အဲ့လိုနေရင်းနဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဟာ အင်မတန်ဆိုးဝါးတဲ့အတွက် မြို့ကရဲတွေဘာတွေပါ ဝင်ပါခဲ့တဲ့အထိဖြစ်ခဲ့တယ်
(ဒီနေရာမှာ အခုလက်ရှိ အဘောလစ်ရှင်းသဘောတရားတွေနဲ့ ထိန်းချုပ်ချုပ်နှောင်မှုကိုအားပေးတဲ့ဖီမီနင့်ဇင်အကြောင်းတွေကို ဖတ်ရှုလေ့လာဖြစ်လာတဲ့တောက်လျောက် ဒီလို ရဲတွေပါဝင်ပါလာခဲ့ရတဲ့ကျွန်မရဲ့အိမ်တွင်းအကြမ်းဖက်ခံခဲ့ရမှုအခြေအနေကို အခုချိန်ထိ ကျွန်မပြန်စဉ်းစားသုံးသပ်မိနေတုန်းပဲ ဒီနေရာမှာ ကျွန်မက ကျွန်မပါတနာကို တရားမစွဲခဲ့ပေမဲ့ ကျွန်မအဲ့တုန်းကနေခဲ့တဲ့ပြည်နယ်ရဲ့ဥပဒေအရ အိမ်တွင်းအကြမ်းဖက်မှုရီပို့တင်တာနဲ့တစ်ပြိုင်နက် ရဲဟာ အစွပ်စွဲခံရတဲ့သူကို ချက်ချင်းအချုပ်ထဲသွင်းတယ်ဆိုတဲ့ ထိန်းချုပ်ချုပ်နှောင်မှုလောဂျစ် (carceral logic) ဟာ အင်မတန်ကြီးစိုးတယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ် ဒီအကြောင်းကတော့ နောက်မှသေသေချာချာရေးပါဦးမယ်)
အဲ့အချိန်မှာ တက္ကသိုလ်ရဲ့မူဝါဒအရ အိမ်တွင်းအကြမ်းဖက်မှုတစ်ခုခုကို ရီပို့လုပ်တာနဲ့တစ်ပြိုင်နက် သူတို့ “victim” လို့သတ်မှတ်တဲ့သူ ကျွန်မကို သရပီမယူမနေရဆိုပြီးယူခိုင်းရာကနေ ကျွန်မနဲ့သရပီနဲ့ စတင်ရင်းနှီးကျွမ်းဝင်တယ်လို့ဆိုရမယ် ဒီလိုနဲ့ သရပစ် (therapist) နဲ့စကားတွေပြောရင်းပြောရင်း ကျွန်မတွေ့ကြုံခဲ့ရတဲ့ intimate partner violence လို့ခေါ်တဲ့ မိမိနဲ့ရင်းနှီးကျွမ်းဝင်သူပါတနာကနေကျူးလွန်တဲ့အကြမ်းဖက်မှုဟာ တကယ်တမ်းတော့ ကျွန်မရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝကနေ မိမိမသိလိုက်ဘဲ လက်ဆင့်ကမ်းရယူလာတဲ့ မျိုးရိုးစဉ်ဆက်ထရော်မာတွေနဲ့ အများကြီးချိတ်ဆက်နေတယ်ဆိုတာကို တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ် ပါတနာနဲ့ဖြစ်တဲ့ကိစ္စတွေဟာ ကျွန်မနဲ့ကျွန်မအမေကြားထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ အများကြီးဆင်တူယိုးမှားဖြစ်နေတယ်ဆိုတာတွေကို သဘောပေါက်လာခဲ့တယ်
ဒါပေမဲ့ ၂ နှစ်လောက်ကြာတဲ့အခါ ကျွန်မသရပီယူတာရပ်ပစ်လိုက်တယ် အခုလက်ရှိမှာလည်း ကျွန်မ သရပီမယူဖြစ်တော့ဘူး Talk therapy လို့ခေါ်တဲ့ စကားပြောခြင်းနဲ့ကုသတဲ့သရပီဟာ အထက်ကကျွန်မလိုမျိုး မြန်မာပြည်မှာမွေးဖွားကြီးပြင်းလာပြီး စိတ်ဒဏ်ရာဆိုတာကို အချိန်ယူစကားထဲအရေးတဝင်ထည့်မပြောဖူးခဲ့တဲ့သူတစ်ယောက်အနေနဲ့ တစ်ခုနဲ့တစ်ခုဆက်စပ်ပတ်သက်နေတဲ့ဖြစ်စဉ်တွေကို ကွင်းဆက်တွေမိအောင် ကူညီပေးတဲ့နေရာမှာ အများကြီးအထောက်အကူပြုပေမဲ့ အဲ့လိုကွင်းဆက်တွေလည်းမိပြီးရော ရှေ့ဆက်ဖို့အတွက် ဘာဆက်လုပ်မှာလဲ၊ မျိုးရိုးစဉ်ဆက်အရချိတ်ဆက်နေတဲ့ ဂျန်ဒါဖြစ်စဉ်တွေ၊ တစ်ကိုယ်ရည်တစ်ကာယထက်ကျော်လွန်ပြီး ကမ္ဘာတစ်ဝန်းမှာဖြစ်နေတဲ့ မိသားစုထရော်မာတွေဆိုတာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေတွေကို ခုခေတ်မော်ဒန်သရပီတွေက အဖြေမထုတ်ပေးဘူး၊ ထုတ်ပေးဖို့လည်းစိတ်မဝင်စားဘူးဆိုတာ ကျွန်မသဘောပေါက်လာမိတယ် သရပစ်ရဲ့အကူအညီမလိုဘဲ ဒီလိုစနစ်တကျဖြစ်နေတဲ့ပြဿနာတွေကို ကိုယ်ကိုယ်တိုင်စဉ်းစားလာတတ်ပြီ (သို့) အတူတကွစဉ်းစားလာကြဖို့အစုအဝေးတွေရှိလာပြီဆိုရင် ခေတ်သစ်မော်ဒန်သရပီဆိုတာ မလိုတော့ဘူးလို့ကျွန်မထင်တယ်
၂၀၀၈ ခုနှစ်က လူမှုဗေဒဂျာနယ်ထဲမှာထုတ်ပြန်ခဲ့တဲ့ ကိတ်တီရိုက် (Katie Wright) ရေးခဲ့တဲ့ သရပီဓလေ့အပေါ်သီအိုရီထုတ်ခြင်း (Theorizing Therapeutic Culture)သုတေသနဆောင်းပါးထဲမှာတော့ အနောက်နိူင်ငံတွေမှာ ၂၀ ရာစုဝန်းကျင်မှာထွန်းကားလာတဲ့သရပီဓလေ့တွေ၊ သရပစ်နဲ့စကားပြောတာတွေ အစရှိတဲ့ရိုးရာတွေကိုချိတ်ဆက်စဉ်းစားလို့ရတယ်ဆိုတာတွေ့ရတယ် တစ်ဖက်မှာ သရပီရိုးရာထွန်းကားလာခြင်းဟာ တစ်ကိုယ်ရည်တစ်ကာယ (the self) ကိုပိုမိုဦးစားပေးလာစေတယ်၊ victim culture လို့ခေါ်တဲ့ “ငါဟာ ခံရတဲ့သူပါ”ဆိုတဲ့မိမိကိုယ်ကိုမြင်တဲ့အမြင်တွေပြောင်းလဲလာစေတယ်၊ ရိုးရာဓလေ့တွေကိုပြောင်းလဲလာစေတဲ့အန္တရာယ်ရှိတယ်ဆိုပြီး ၁၉၆၀ ခုနှစ်တွေကတည်းက အတွေးအခေါ်ပညာရှင်တွေက ဝေဖန်ခဲ့ကြတယ်လို့ ရိုက်ကရှင်းပြထားတယ် ရိုက်ကိုယ်တိုင်ကတော့ သရပစ်ရိုးရာကို လုံးဝဥဿုံမကောင်းဘူးလို့တော့ အာဘော်မထုတ်ထားပါဘူး စိတ်ဝင်စားရင်စာတမ်းအစအဆုံးကို အောက်ကလင့်ခ်ကနေဝင်ဖတ်ပါ
ရိုက်ရေးခဲ့သလို အတွေးအခေါ်ပညာရှင်တွေရဲ့ ဟိုးလွန်ခဲ့တဲ့ကာလတွေ၊ မော်ဒန်သရပီဆိုတာ စပေါ်ချိန်ကတည်းက သရပီရိုးရာအပေါ် စိတ်မတင်မကျဖြစ်နေကြသလို ကျွန်မကိုယ်တိုင်လည်း အခုလက်ရှိမြန်မာပြည်စစ်အာဏာသိမ်းပြီးနောက် အင်မတန်ထွန်းကားလာတဲ့ မြန်မာပြည်ရဲ့ သရပီရိုးရာနဲ့မတင်မကျဖြစ်လာလို့ ချိတ်ဆက်ပြီးစဉ်းစားကြည့်ချင်တယ်
စစ်အာဏာသိမ်းပြီးနောက်မှာ လူတိုင်းစိတ်ရောခန္ဓာပိုပြီးတော့တောင် ပင်ပန်းလာကြရတယ်ဆိုတာ ကျွန်မစာနဲ့ထည့်ရေးနေစရာတောင်မလိုပါဘူး လူအများစုက အဲ့လိုခံစားလာရတဲ့အချိန်မှာ ဘာကောင်ဆယ်လင်းတို့၊ ညာကောင်ဆယ်လင်းတို့ မှိုလိုပေါက်လာခဲ့တာ ကျွန်မသတိထားမိတယ် ဥပမာ – သာမန်လူတန်းစားကြားရေပန်းစားတာတော့ ဒေါက်တာဖြိုးသီဟတို့လို တက်ကျမ်းဆန်ဆန်စာတွေ၊ မိမိကိုယ်ကို ဘယ်လိုကောင်းအောင်နေမလဲ၊ ဘယ်လိုစိတ်ချမ်းသာအောင်နေမလဲ၊ အများနဲ့ဘယ်လိုသင့်မြတ်အောင်နေမလဲအစရှိတဲ့စာတွေ ဆိုရှယ်မီဒီယာပေါ်မှာ ရှဲလာ၊ ရေးလာကြတဲ့အင်ဖလူရန်ဆာတွေရဲ့ပို့စ်တွေဟာ တော်တော်ရေပန်းစားလာတယ်ဆိုတာကို ကျွန်မသတိထားလာမိတယ်
အထူးသဖြင့် ဖြိုးသီဟရဲ့ “ဗုဒ္ဓအလိုကျ minimalism” ဆိုတဲ့စာအုပ်နဲ့ဆောင်းပါးစီးရီးတွေဟာ ဗုဒ္ဓဘာသာဆိုတာကို နိူင်ငံတရားဝင်ဘာသာရေးတစ်ခုအနေနဲ့ကျင့်သုံးကြတဲ့သူတွေအဖို့ စစ်အာဏာရှင်ခေတ်စနစ်ရဲ့ထွက်ပေါက်တစ်ခုလိုတောင်ဖြစ်လာတယ် ဖြိုးသီဟရဲ့ minimalism စာတွေထဲက ဆိုရှယ်မီဒီယာလျှော့သုံးဖို့၊ အိမ်မှာပစ္စည်းတွေအများကြီးမထားဖို့အစရှိတဲ့အာဘော်တွေဟာ အမေရိကန်က minimalism ဆိုတာကို စတီထွင်ခဲ့တဲ့ လူဖြူယောင်္ကျား ၂ ယောက်ဖြစ်တဲ့ ဂျာရှုဝါဖီးလ်ဒ်မစ်လ်ဘန်း (Joshua Fields Millburn) နဲ့ ရိုင်ရန်နီကိုဒါမူးစ် (Ryan Nicodemus) တို့ရဲ့အာဘော်တွေကို မြန်မာမှုပြုလိုက်တာပါပဲ (ဒီနေရာမှာ အာတ်လောကက minimalism နဲ့ ဘဝနေထိုင်ရေးကျင့်ဝတ်လောကက minimalism ကတော့မတူပါဘူး အာတ်လောကက visual minimalism ကို ဘဝနေထိုင်ရေးကျင့်ဝတ်နည်းနာအနေနဲ့ အသွင်ပြောင်းမိတ်ဆက်လိုက်တယ်လို့ ကျွန်မတော့အကြမ်းဖျင်းနားလည်မိတယ်)
ဆိုတော့ minimalism ရဲ့မူရင်းပေါ်ပေါက်လာပုံရိုးရာရေခံမြေခံကိုပဲပြန်ကြည့်ရင် အရင်းရှင်စနစ်ထွန်းကားရာ အနောက်နိူင်ငံတွေမှာ အဆမတန်ကြီးမားလာတဲ့ consumer culture လို့ခေါ်တဲ့ စားသုံးသူရိုးရာကို တန်ပြန်တိုက်ခိုက်ဖို့ကြိုးစားရာကနေပေါ်ပေါက်လာတဲ့သီအိုရီသဘောတရားတစ်ခုလို့စဉ်းစားကြည့်လို့ရတယ် အရင်းရှင်စနစ်ကြီးမားလာတာနဲ့တစ်ပြိုင်နက် စားသုံးသူရိုးရာကလည်းထွန်းကားလာတယ် စိတ်ဖိစီးသလား retail therapy (ရှောပင်းထွက်ရင်း စိတ်အပန်းဖြေမယ်) လုပ်မယ်၊ skincare လေးလုပ်မယ်၊ အရင်းရှင်စနစ်ရဲ့မြန်ဆန်လာတဲ့လည်ပတ်မှုတွေကြောင့် နဂိုအကြာကြီးခံမဲ့ကစ္စည်းတွေဟာ ၁ နှစ် ၂ နှစ်လောက်ပဲခံမယ် အဲ့တော့ ထပ်ခါထပ်ခါစားသုံးရင်းနဲ့ပဲ ဘီးပေါ်ကကြွက်တစ်ကောင်လို လည်ပတ်နေကြရတယ် အစရှိတဲ့ အနာကြီးရှိနေတာကို ဆေးမထည့်ဘဲ နောက်ထပ်အနာတစ်ခုနဲ့ပဲပြန်ဖြေတဲ့စနစ်ပေါ့
ဒါပေမဲ့ ဒီစားသုံးသူရိုးရာကိုတန်ပြန်တိုက်ခိုက်ဖို့ပေါ်လာတဲ့ minimalism ဟာလည်းနောက်ဆုံးမှာ အရင်းရှင်စနစ်ရဲ့သားကောင်ပဲပြန်ဖြစ်သွားတယ်ဆိုတာ အနောက်နိူင်ငံတွေမှာ ကျွန်မတို့တွေ့လာရပြီးသားဖြစ်တယ် (အောက်မှာ The New Yorker ကဆောင်းပါးတစ်ပုဒ်ထည့်ပေးထားပါတယ်) minimalism ကိုစပြီး ဘရန်းတစ်ခုလိုတည်ထောင်ခဲ့တဲ့သူတွေဟာ လူဖြူယောင်္ကျား ၂ ယောက်ပီပီ minimalism ဆိုတာကို ဘဝနေထိုင်ရေးကျင့်ဝတ်နည်းနာဆိုတာထက် အရင်းရှင်စနစ်ထဲက ဘရန်းတစ်ခုလိုပဲပြန်လည်တီထွင်ပြီး ၎င်းတို့ကိုယ်တိုင် အဲ့ဘရန်းကနေတဆင့် ပိုက်ဆံပြန်ရှာတဲ့ (ပြီးတော့အင်မတန်ချမ်းသာသွားတဲ့) အရင်းရှင်ကြီးတွေပဲပြန်ဖြစ်သွားကြတယ် (သူတို့ရဲ့ ပိုက်ဆံတွေကို ဘာလို့ မရှိတဲ့သူတွေဆီဝေမျှပေးပြီး minimalist မလုပ်ကြလဲစဉ်းစားစရာပါပဲ)
ဖြိုးသီဟရဲ့ “ဗုဒ္ဓအလိုကျ minimalism” မှာတော့ ဒီလူဖြူယောင်္ကျား ၂ ယောက်ရဲ့အာဘော်တွေကိုသေချာပေါ်ပေါ်ထင်ထင်မကိုးကားထားပေမဲ့ ဒီလိုအနောက်နိူင်ငံက အရင်းရှင်စနစ်ဝါးမြိုခံထားရပြီးသားဖြစ်တဲ့၊ အပေါ်ယံကြည့်ရင် ဟုတ်သယောင်ယောင်ဖြစ်နေတဲ့ဝါဒတစ်ခုကို မြန်မာလူထုရဲ့ခံတွင်းနဲ့တွေ့အောင် ပြုပြင်ပြင်ဆင်ပြီး သူ့ရဲ့ဘရန်းကို သူလည်းတည်ဆောက်တယ်လို့ ကျွန်မတော့သုံးသပ်ရတယ် အဲ့စာအုပ်နဲ့အတူ အခကြေးငွေကောက်ပြီးသင်တန်းတွေတောင်ဖွင့်လိုက်ပါသေးတယ် ထားပါတော့ ဒီဆောင်းပါးက သူ့ကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုတာထက် အနောက်နိူင်ငံမှာတော့ အရင်းရှင်စနစ်၊ မြန်မာပြည်မှာတော့ စစ်အာဏာရှင်စနစ်တွေရဲ့ပြဿနာတွေကို ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ သွယ်ဝိုက်သောနည်းနဲ့ ဒဏ်ရာကို ဆေးမထည့်ဘဲပတ်တီးစီးဖို့ကြံစည်ကြတဲ့အလုပ်တွေဆိုတာကို စနစ်တကျထောက်ပြရတာပါပဲ
တကယ်တမ်း အိမ်တိုင်းအိမ်တိုင်းမှာပစ္စည်းပစ္စယတွေပုံနေတတ်တယ်၊ ပလတ်စတစ်အိတ်တွေဆိုရင် သုံးပြီးပြန်သိမ်းထားတတ်တယ်၊ ဘူးအခွံတွေဆို ပြန်သုံးတတ်တယ်/ပြန်သုံးဖို့သိမ်းထားတတ်တယ်ဆိုတဲ့ (မြန်မာမှမဟုတ်) အရှေ့တောင်အာရှနဲ့ ကမ္ဘာ့တောင်ပိုင်းကရိုးရာတွေဟာ minimalism ရဲ့မျက်လုံးနဲ့ကြည့်ရင်တော့ အင်မတန်ရှုပ်ပွနေတဲ့အိမ်ကြီးလို့ထင်ရပေမဲ့ တစ်ကမ္ဘာလုံးမှာ အခု အဖြူတွေပဲဦးဆောင်လာတဲ့ Reuse, repurpose, recycle ဆိုတဲ့သဘာဝပတ်ဝန်းကျင်အရွေ့တွေရဲ့ credit အပေးခြင်းမခံရတဲ့ကနဦးအလေ့အထတွေပဲဖြစ်မနေဘူးလား?
အော်ဂန်းနစ်အစားအသောက်ကို ပိုက်ဆံရှိတဲ့သူတွေသာစားနိူင်သလို Minimalism လုပ်နိူင်တဲ့သူတွေက ဘာလို့ သူဌေးတွေဖြစ်နေကြတာလဲ?
ဘာပစ္စည်းမှမကျန်တော့ဘဲ တစ်ကိုယ်ရည်တစ်ကာယရွှေ့ပြောင်းနေထိုင်နေရတဲ့ အိမ်ခြေယာမဲ့သူတွေကိုကျ ဘာလို့ minimalist တွေလို့မခေါ်တာလဲ?
Minimalism ဆိုပြီး အိမ်မှာရှိသမျှလွှင့်ပစ်ပြီး ကိုယ့်အိမ်မှာမရှိတော့တဲ့ “အမှိုက်” တွေက ကမ္ဘာ့တောင်ပိုင်းကပင်လယ်တွေ၊ မြေပြင်တွေမှာ တောင်လိုပုံနေတာကျ ဒီ minimalism တရားဟောကြတဲ့ယောင်္ကျားပုဂ္ဂိုလ်ဆရာကြီးတွေက ဘာလို့ထည့်မပြောကြတာလဲ?
ဖြိုးသီဟတို့၊ လင်းသိုက်ညွန့်တို့၊ ဖြိုးဖြိုးအောင်တို့လို တက်ကျမ်းစကားတွေ၊ “တိုးတက်ရာတိုးတက်ကြောင်း” ပြောကြဟောကြတဲ့သူတွေဟာ တကယ်တမ်းလူထုရဲ့ ဘာလို့စိတ်ပင်ပန်းနေကြရတာလဲ၊ ဘာလို့စိတ်ထွက်ပေါက်ရှာနေကြရတာလဲ၊ ဘာလို့ (သူဌေးတွေနည်းတူ) မတိုးတက်ကြရတာလဲဆိုတဲ့မေးခွန်းတွေရဲ့အဓိကအဖြေကို ကျွန်မတို့မျက်စိရှေ့လေးမှာတင်ဖျောက်ထားကြတယ် အဲ့လိုဖျောက်ထားပြီး ဆင်းရဲတဲ့၊ သာမန်အောက်ခြေလူတန်းစားကို မင်းလည်း အိမ်ကပလတ်စတစ်တွေရှင်းထုတ်ပလိုက်၊ ဆိုရှယ်မီဒီယာတွေလျှော့သုံးလိုက်၊ ညနေညစာမစားဘဲ ဥပုသ်စောင့်လိုက်အစရှိတဲ့အောက်ခြေနဲ့လွတ်နေတဲ့စကားကြီးတွေပြောပြီး သူတို့ကိုယ်နှိုက်ကတော့ ချမ်းသာကြွယ်ဝမှုဆိုတာကို အဆမတန်စုဆောင်းနေကြတယ်
တက်ကျမ်းတွေနဲ့နည်းတူ အခုမြန်မာပြည်မှာထွန်းကားလာတဲ့ သရပီရိုးရာကိုကြည့်မယ်ဆိုရင်လည်း တရားမှတ်ခြင်း၊ resilience (ခုခံအား)ပိုကောင်းလာအောင်လေ့ကျင့်ခြင်းအစရှိတဲ့စကားတွေဟာ ကျွန်မတို့တွေ ဘာကြောင့် တရားမှတ်ဖို့လိုနေတာလဲ၊ ဘာကြောင့် ခုခံအားကောင်းရမှာလဲ၊ ကျွန်မတို့ ခုခံအားကောင်းရမဲ့အစား ကျွန်မတို့အပေါ်လာတိုက်ခိုက်နေတဲ့၊ ဖိနှိပ်နေတဲ့စနစ်တွေကို ပပျောက်အောင်ကြိုးစားကြရမှာမဟုတ်ဘူးလားဆိုတဲ့မေးခွန်းတွေဆီ လူတွေမရောက်နိူင်အောင် ကြားထဲမှာ ကန့်လန့်ကန့်လန့်ခံထားသလိုဖြစ်လာကြတာကိုတွေ့ရတယ်
ဥပမာတစ်ခုအနေနဲ့ လွန်ခဲ့သောရက်ပိုင်းကလေးကတင်တွေ့လိုက်ရတဲ့ Citta Consultancy Facebook page မှာ ကြေငြာထားတဲ့ပို့စ်တစ်ခုကိုထောက်ပြချင်တယ် (ဒီနေရာမှာ မြန်မာပြည်က သရပီစင်တာတော်တော်များများကလည်း စိတ္တဆိုတဲ့ စိတ်နဲ့ပတ်သက်တဲ့နာမည်ကိုပေးကြတာတွေ့ရတယ် စိတ္တသုခဆိုတဲ့နောက်ထပ်သရပီစင်တာတစ်ခုရှိပါတယ် ဦးဆောင်သူတွေမတူပါဘူး Citta Consultancy ကတည်ထောင်သူကတော့ အမေရိကန်အခြေစိုက်မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး စိတ္တသုခတည်ထောင်သူကတော့ မြန်မာပြည်ရန်ကုန်အခြေစိုက်ယောင်္ကျားတစ်ဦးဖြစ်ပါတယ် ဒီနေရာမှာ ကိတ်တီရိုက်စာထဲကလို့ စိတ်မချမ်းသာမှုတွေဟာ လူမှုပတ်ဝန်းကျင်နဲ့ချိတ်ဆက်နေတယ်ဆိုတာထက် တစ်ကိုယ်ရည်တစ်ကာယသဘောပေါက်တဲ့စိတ် (the self) ဆိုတာကိုသာ မော်ဒန်သရပီဟာ မသိမသာ pathologize လုပ်အဖြေရှာဖို့ရည်ရွယ်ထားကြတာကို ချိတ်ဆက်စဉ်းစားကြည့်လို့ရတယ်)
စိတ္တရဲ့ပို့စ်ဟာ career counselling လို့ခေါ်တဲ့အသက်မွေးဝမ်းကျောင်းပြုခြင်းကို အဓိကထားပြီး သရပီပေးတဲ့သဘောပေါ့လေ ဒါကတော့ မြန်မာပြည်အပြင် အခြားနိူင်ငံတွေမှာလည်း ရှိနေတဲ့မော်ဒန်သရပီတစ်ခုပါပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်၊ မိမိရဲ့ career ဆိုတာဘာမှန်းမသိဝိုးတိုးဝါးတားဖြစ်နေတဲ့အချိန်မှာ သရပစ်တွေနဲ့စကားပြောပြီး တိုင်ပင်ဆွေးနွေးရတဲ့သဘောပေါ့ အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုလိုပါပဲ
ဒါပေမဲ့ အရင်းရှင်စနစ်အောက်မှာနေနေကြတဲ့ကျွန်မတို့အဖို့ career ဆိုတာရှိရောရှိသေးရဲ့လား?
အထူးသဖြင့် မြန်မာပြည်လို စစ်အာဏာရှင်စနစ်အောက်မှာ ကျောင်းတောင်တက်သင့်မတက်သင့် ဝိဝါဒမကွဲပြားတဲ့အချိန်မှာ ကျွန်မတို့က ဘယ် career လုပ်ကြမှာလဲဆိုတဲ့မေးခွန်းက tone deaf (ခေတ်ကာလနဲ့မစပ်ဟပ်တာကြီး) ဖြစ်မနေဘူးလား?
ဒီနေရာမှာ စိတ္တတစ်ခုတည်းမှမဟုတ်ပါဘူး မော်ဒန်သရပီရဲ့ အရင်းရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို မျက်နှာလွှဲခဲပစ်လုပ်ပြီး တကယ့်အောက်ခြေအမြစ်ကို ဆွဲမကိုင်မိကြတာ၊ ဆွဲကိုင်ဖို့မကြိုးစားကြတော့တာတွေကို ထောက်ပြရတာပါပဲ သရပီယူတယ်ဆိုတာ အထက်ကရေးခဲ့သလို တကယ်နာကျင်နေတဲ့သူတွေ၊ နာကျင်နေတဲ့လူတန်းစားတစ်ရပ်ဆိုတာကို ပေါ်ပေါက်လာအောင်လုပ်ပေးလိုက်တဲ့စနစ်ကို တန်ပြန်တိုက်ခိုက်ရာကျကြောင်းကျနိူင်တဲ့အခွင့်အလမ်းတွေရှိပါရက်နဲ့ အဲ့ဒီ့သရပီကိုယ်တိုင်ကိုက စနစ်ကိုဝါးမျိုမှုကို ပြန်လည်လက်ခံမွေးမြူလိုက်တာဟာ မချိတင်ကဲဖြစ်စရာပါပဲ
ဒီနေရာမှာ ကျွန်မက talk therapy ကိုပဲဦးစားပေးပြီး ဝေဖန်သွားတာပါ ဆေးနဲ့ပါတိုက်ကျွေးတဲ့သရပီမျိုးကလည်း သေသေချာချာထပ်စဉ်းစားစရာတွေပေါ်လာပါတယ် ဒုတိယကမ္ဘာစစ်တုန်းက စစ်ပန်းလာတဲ့အမေရိကန်စစ်သားတွေကို စစ်ဆက်တိုက်နိူင်အောင် တမင်ကျွေးတဲ့ Blue 88 ဆေးတွေလို လူ့ဘောင်ထဲမဝင်ဘူး၊ ဘေးထွက်နေတယ်ဆိုတဲ့သူတွေ၊ စိတ်ဓာတ်ကျနေတဲ့သူတွေကို anti-depressant (စိတ်မကျရေး) ဆေးတွေတိုက်ပြီး အလုပ်ဆက်လုပ်ခိုင်းတာ၊ ဒီအရင်းရှင်ကမ္ဘာကြီးထဲမှာ ဆက်လက်လည်ပတ်ခိုင်းတာဟာ တကယ်တမ်း “ကုထုံး” လို့တောင် နာမည်တပ်လို့ရသေးရဲ့လား?
(စိတ္တရဲ့ အဲ့ကြော်ငြာနောက်ဆုံးမှာ “ကိုယ့်ရဲ့ personal branding ကို Citta Consultancy နဲ့ အတူတူတည်ဆောက်လိုက်ပါ” ဆိုပြီးတော့တောင် ထည့်သွင်းရေးသားထားပါသေးတယ် သရပီယူတယ်ဆိုတာလည်း နောက်ဆုံးမှာ ကိုယ်ပိုင်ဘရန်းတည်ဆောက်ဖို့ပဲဖြစ်သွားရတာတော့ အင်မတန်နှမြောစရာကောင်းလှပါတယ် ဒီနေရာမှာ အရင်းရှင်စနစ်မှာ လူတိုင်းတစ်ယောက်ချင်းစီဟာလည်း မိမိရဲ့ လူသားဖြစ်တည်မှု (humanity) ဆိုတာထက် ကုန်ပစ္စည်းတစ်ခုလို့ အမြတ်ဘယ်လောက်ရသလဲ၊ ထုတ်လုပ်နိူင်စွမ်းဘယ်လောက်ရှိသလဲ၊ တစ်ပတ် ဘယ်နှာရီအလုပ်လုပ်နိူင်သလဲအစရှိတဲ့ ဘရန်းတွေအသွင်ပြောင်းလဲလာရတာဟာ ရင်နာစရာပါပဲ)
အနှစ်ချုပ်ပြီးပြောရရင် သရပီဟာ မကောင်းဘူးလို့ဆိုတာထက် သရပီဟာ ဖိနှိပ်မှုသိန်းသန်းကုဋေကြောင့် အဆမတန်ကြီးထွားလာတဲ့ လူမှုရေးပြဿနာတွေကို တစ်ကိုယ်ရည်တစ်ကာယပြဿနာလို့ အသွင်ကူးပြောင်းပေးလိုက်ကြတယ် အဲ့လိုကူးပြောင်းလိုက်တဲ့အခါ ကျွန်မတို့စိတ်ဖိစီးတာ၊ သောကရောက်နေတာတွေဟာ စနစ်ရဲ့မတရားမှုတွေဆိုတာထက် ငါတုံးလို့/ငါညံ့လို့ဆိုပြီးဖြစ်လာတယ် သရပီကြောင့် ကျွန်မကိုယ်တိုင် ကျွန်မမိသားစုထဲကလက်ဆင့်ကမ်းထရော်မာတွေကို သဘောပေါက်လာခဲ့ရပေမဲ့ သရပီဟာ တကယ်တမ်း ကျွန်မတို့အားလုံးအစစ်အမှန်လွတ်မြောက်ဖို့ဆို အကန့်အသတ်တွေရှိနေတယ် (တစ်ခါတစ်လေ ကျွန်မတို့ကိုဖိနှိပ်နေတဲ့စနစ်ကိုတောင်ပြန်လည်အားပေးနေသေးတယ်)ဆိုတာ ကျွန်မဆင်ခြင်မိတယ်
အခုတလော လူတိုင်းပြောကြလေ့ရှိတဲ့ အကြည်ဓာတ် အကြည်ဓာတ်ဆိုတာ ကျွန်မတို့အားလုံးခံစားချင်ကြတာပဲမဟုတ်လား? ဘယ်သူက ဘဝမှာ အမှောင်ဓာတ်ကြီးနဲ့နေချင်ပါ့မလဲ ဒါပေမဲ့ ကျွန်မတို့လိုချင်တဲ့ အကြည်ဓာတ်ဆိုတာ မှန်ပေါ်မှာသုတ်ထားတဲ့ပြဒါးရည်လို ကြည့်လိုက်ရင်ကြည်ပေမဲ့ ဟိုးဘက်တစ်ခြမ်းကို ဖောက်ထွက်လို့မရတဲ့အကြည်ဓာတ်မျိုးလား? ဒါမှမဟုတ် လုံးဝဥဿုံ စစ်မှန်တဲ့လွတ်မြောက်ရေးပန်းတိုင်ကိုပြတ်ပြတ်သားသားမြင်လာစေတဲ့ အကြည်ဓာတ်မျိုးလား? ဒါကိုတော့ အမှုန်အမွှားတွေ ကြားထဲပက်ဖြန်းပြီး ကျွန်မတို့အာရုံတွေဝေဝါးအောင် တမင်လမ်းကြောင်းလွှဲနေကြတဲ့စကားတွေ၊ စာတွေကိုကျော်ဖြတ်ပြီးတော့ ပြက်ပြက်ထင်ထင်မြင်အောင်ကြည့်ကြရမှာပဲဖြစ်တယ်
အဲ့ဒီ့တော့ ဟုတ်ပါတယ် ကျွန်မရေးတဲ့စာတွေဟာ negative တွေများတယ် အီးတုံးကို သကာရည်လောင်းပြီး ကျွန်မကိုယ်ကျွန်မမကျွေးချင်သလို ဘယ်သူ့ကိုမှလည်း မစားစေချင်ဘူး အီးတုံးကြီးဟာ ပုပ်ဟောင်နံ့စော်နေတဲ့အီးတုံးကြီးပါပဲလို့ တစ်တစ်ခွခွရေးမိသူအဖို့ သတင်းဆိုးလာပို့တဲ့စာတမန်လို သတင်းဆိုးအပေါ်ဒေါသထွက်ရမဲ့အစား စာလာပို့သူကို သတ်ချင်တယ်ဆိုလည်း ကျွန်မအသေခံရုံကလွဲလို့ တခြားဘာမှမလုပ်တတ်တော့ပါဘူးလေ
ပုံ – အိုးခွက်ဘူးဝါယာကြိုးများပလုံစီနေသော တိုက်ခန်းမီးဖိုချောင်ထဲတွင် တံမြက်စည်းလှဲနေသောမိန်းမတစ်ယောက်
ကိတ်တီရိုက် (Katie Wright) ရေးသားသော သရပီဓလေ့အပေါ်သီအိုရီထုတ်ခြင်း (Theorizing Therapeutic Culture) ဆောင်းပါး
https://www.academia.edu/2034383/Theorizing_Therapeutic_Culture_Past_Influences_Future_Directions?fbclid=IwZXh0bgNhZW0CMTAAAR0DNdspJGSSRH8b2Pn8c0KeJzwdyQI8gdoqD97GIyNKeQMcU-8wVk-OLJY_aem_AXRiLy0YyRy93JjkulDmcKBEPqdK850prXoah6zoP2REso3n8g1uUNouL0N0RjRJqI_7nV5sVOWrQOTGkyKodGa_
ဂျီရာတိုလန်တီးနို (Jia Tolentino) ရေးသော The Pitfalls and the Potential of the New Minimalism ဆောင်းပါး
https://www.newyorker.com/magazine/2020/02/03/the-pitfalls-and-the-potential-of-the-new-minimalism?fbclid=IwZXh0bgNhZW0CMTAAAR2ZsN_Mb3mR674rVIxFfJq4Tfo7AJAWlHQaDVagz6NzfCyB_yfD1x2VaxY_aem_AXTwlYln99w6mL-SH68Cpybi9d-ksp5yQmMJL01602k6NgJiB0tk8JWF3BzGyCvOTW3i-_Ax01vSnFKYP51wRbHB
ဒုတိယကမ္ဘာစစ်က စစ်ပန်းနေတဲ့အမေရိကန်စစ်သားတွေကို ဆေးတိုက်ပြီး ရှေ့တန်းပြန်ပို့တဲ့အကြောင်းပါရှိတဲ့ ဟူးကိုးလ် (Hugh Cole) ရေးသော The Ardennes: Battle of the Bugle စာအုပ်
https://web.archive.org/web/20081113094810/http://www.history.army.mil/books/wwii/7-8/7-8_CONT.HTM
Gay Men & Blog ရေးသော Therapists Need to Be Capitalism-Informed Just as We Are Trauma-Informed ဆောင်းပါး
https://gaymenandblog.medium.com/therapists-need-to-be-capitalism-informed-just-as-we-are-trauma-informed-d87f7db215d2
ဇီနိုဘီယားမိုရယ်လ် (Zenobia Morrill) ရေးသော Does Psychotherapy Reproduce or Disrupt Neoliberal Capitalism? ဆောင်းပါး
https://www.madinamerica.com/2018/11/psychotherapy-reproduce-disrupt-neoliberal-capitalism/?fbclid=IwZXh0bgNhZW0CMTAAAR14hJAPM2GAE-A4T-FvUZVNO9aC4Ivoo_Cbkg8Vb2fyj2sxTNRk1RB_8XE_aem_AXQi0hxcIq0wAMd_E_kKTW_sGf1ywNg3wmkzsmWcawHx5G2OXUyxEl0Hni4LHuq0Lbt5oP7eOmS1Nicy1T1IS2TR
The MIT Reader Press တွင်ထုတ်ပြန်သော A Brief History of Consumer Culture ဆောင်းပါး
Citta Consultancy ရဲ့ career counselling အကြောင်းကြော်ငြာစာပို့စ်
https://m.facebook.com/story.php?story_fbid=833840572102859&id=100064307727273&mibextid=Nif5oz